အခန်း (၂၂၀)
Vol. 22 Ch. 220
ထိုဝတ်ရုံနက်ဝတ်ဆင်ထားသောဆန်းကြယ်သည့်မိစ္ဆာ၏ ခန္ဓာကိုယ်မှ မည်သည့်အရှိန်အဝါမျှ ယိုစိမ့်ထွက်လာခြင်း မရှိပေ။
သူသည် အလွန်အစွမ်းထက်သော ထိပ်တန်း မဟာမိစ္ဆာအရှင်သခင်ကြီး တစ်ပါး သို့မဟုတ် အလွန် အစွမ်းထက်သော အရှိန်အဝါဖုံးကွယ်ခြင်း ရတနာတစ်ခုကို အသုံးပြုထားသူ ဖြစ်နိုင်သည်။
မည်သို့ပင်ဖြစ်စေ ဤမျှ အရေးကြီးသော လေလံပွဲကြီးကို ဦးစီးကျင်းပနိုင်သူ ဖြစ်သည်ကို ကြည့်ရုံဖြင့် သူ၏ အဆင့်အတန်း မြင့်မားမှုကို ခန့်မှန်းနိုင်သည်။
"ကျုပ်တို့ရဲ့ ကျောက်လေလံအိမ်က ကျင်းပတဲ့ ၂၀၇၈၉ ကြိမ်မြောက် လေလံပွဲကြီးကို တက်ရောက်လာကြတဲ့ ဧည့်သည်တော်များ အားလုံးကို နှုတ်ဆက်ပါတယ်..."
"ကျုပ်ကတော့ ဒီလေလံပွဲရဲ့ အဓိက ကြီးကြပ်သူပဲဖြစ်ပြီး...အားလုံးလဲ ကျုပ်နာမည်ကို ကြားဖူးကြမှာပါ..."
"ကျုပ်က ကျောက်လေလံအိမ်ရဲ့ တည်ထောင်သူ ရွှံ့နွံ မဟာမိစ္ဆာအရှင်သခင်ကြီးပါပဲ..."
ဤတစ်ကြိမ် လေလံပွဲကို ရွှံ့နွံ မဟာမိစ္ဆာအရှင်သခင်ကြီး ကိုယ်တိုင် ဦးစီးကျင်းပနေခြင်းပင်ဖြစ်သည်။
ရွှံ့နွံမိစ္ဆာမျိုးနွယ်၏ အထွတ်အထိပ် ခေါင်းဆောင်၏ကိုယ်တိုင်ထွက်ပေါ်လာပြီး အခမ်းနားမှုးအဖြစ်ဆောင်ရွက်ခြင်းသည် ဤလေလံပွဲ၏အရေးပါမှုကို ပြသနေသည်။
"အခု လေလံပွဲရဲ့ စည်းမျဉ်းတွေကို ကြေညာပါ့မယ်..."
"အဓိက စည်းမျဉ်းတွေကတော့ အရင်ပွဲတွေနဲ့ အတူတူပါပဲ... ဈေးနှုန်း သုံးကြိမ်ကြေညာပြီး... တူတစ်ချက်ခေါက် အတည်ပြုမယ်... လေလံအများဆုံးပေးသူ ရရှိမှာပဲဖြစ်တယ်..."
"လေလံဆွဲရာမှာ ဝင်နှောင့်ယှက်သူဖြစ်စေ...လေလံအောင်ပြီး ငွေချေခြင်းမျိုးမရှိသည်ဖြစ်စေ ပြုလုပ်လာရင်တော့ ပြင်းထန်စွာ အပြစ်ပေးသွားပါ့မယ်..."
"အားလုံးပဲ သတိထားပြီး လေလံဆွဲကြဖို့ မျှော်လင့်ပါတယ်..."
"ဒါ့အပြင်... ဒီတစ်ခေါက် လေလံပွဲမှာ ငွေအများဆုံး သုံးစွဲပြီးဝယ်ယူသူကို အထူးလက်ဆောင်ကြီးတစ်ခု ပေးအပ်သွားမှာပဲဖြစ်ပါတယ်..."
"အဲဒီလက်ဆောင်ကလည်း ကောင်းကင်တက်လှမ်းမျှော်စင်နဲ့ သက်ဆိုင်နေပါတယ်..."
ရွှံ့နွံ မဟာမိစ္ဆာအရှင်သခင်ကြီးသည် ဖြည်းညှင်းစွာ ပြောကြားလိုက်လျှင်သူ၏ အသံသည် ဧည့်သည်တော်တိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွားလေသည်။
"ဒုန်း..."
အချိန်ကျရောက်သည်နှင့် ရွှံ့နွံ မဟာမိစ္ဆာအရှင်သခင်ကြီးသည် သစ်သားတူကို ကိုင်ကာ စားပွဲကို ဖြည်းညှင်းစွာ တစ်ချက်ထုလိုက်သည်။
"ကဲ... လေလံပွဲ တရားဝင် စတင်ပါပြီ..."
ထို့နောက် သစ်သားစားပွဲပေါ်တွင် နက်မှောင်သော အစိမ်းရောင်သန်းနေသည့် ဓားရှည်တစ်လက် ပေါ်ထွက်လာသည်။
"ပထမဆုံး လေလံပစ္စည်းကတော့... သူတော်စင်အဆင့် မိစ္ဆာလက်နက်... အဆိပ် မိစ္ဆာဓား ပါ..."
"ဒီဓားကို ငရဲဘုံရဲ့ မိစ္ဆာသံမဏိ နဲ့ နှစ်ပေါင်းတစ်သောင်းကြာအောင် ထုလုပ်ထားပြီးတော့ သူတော်စင်အဆင့် လက်နက်ပန်းပဲဆရာ ၁၀၀ ကျော်က ထပ်ခါတလဲလဲ သန့်စင်ထားပါတယ်..."
"လက်နက်အတွင်းပိုင်းမှာ ငရဲဘုံအဆိပ်မြက်ပင် ဖြစ်တဲ့ နှလုံးခြောက်မြက်ပင် ရဲ့ အဆိပ်ကို ထည့်သွင်းထားပြီး ဓားသွားတစ်လျှောက် အဆိပ်တွေ စီးဆင်းနေတဲ့အတွက်... သူတော်စင်အဆင့် မိစ္ဆာတစ်ကောင် သာ ဒီဓားချက်ထိမှန်ရင် ချက်ချင်း အဆိပ်သင့် သေဆုံးသွားနိုင်ပါတယ်..."
"နတ်ဘုရားအဆင့် မိစ္ဆာအရှင်သခင်တွေတောင်မှ ဒီအဆိပ်မိရင် ကုသဖို့ အချိန်ယူရမှာ ဖြစ်ပြီး စွမ်းအားတွေ လျော့နည်းသွားမှာပဲဖြစ်တယ်..."
ရွှံ့နွံ မဟာမိစ္ဆာအရှင်သခင်ကြီး၏ မိတ်ဆက်စကားကို ကြားပြီးနောက် ပထမအဆင့် နေရာတွင် ထိုင်နေသော မိစ္ဆာများ အုတ်အော်သောင်းတင်း ဖြစ်သွားကြသည်။
"ဒီတစ်ခေါက် ကျောက်လေလံအိမ်က တကယ်ကြီး လုပ်တာပဲ..."
"ပထမဆုံး ပစ္စည်းကတင် သူတော်စင်အဆင့် မိစ္ဆာလက်နက် ဖြစ်နေပြီ..."
"ဟုတ်ပါ့... နောက်ပိုင်းပစ္စည်းတွေဆို ဘယ်လောက်တောင် ကောင်းမလဲ တွေးတောင် မတွေးရဲဘူး..."
မိစ္ဆာများ ဝေဖန်ပြောဆိုနေကြသည်။
သို့သော် ပထမအဆင့် နေရာတွင် ထိုင်နေသူ အများစုသည် ပွဲလာကြည့်သူများသာ ဖြစ်ပြီး အဓိက ဝယ်ယူအားပေးမည့်သူများ မဟုတ်ကြပေ။
"ဒီ အဆိပ်သွင်း မိစ္ဆာဓားရဲ့ ကြမ်းခင်းဈေးက အထက်တန်းစား မိစ္ဆာကျောက်တုံး ၁ သောင်းပါ... ဈေးခေါ်တိုင်း အနည်းဆုံး ၃ ထောင် တိုးပေးရပါမယ်..."
"လေလံ စတင်ပါပြီ..."
ဤဈေးနှုန်းသည် လူတိုင်း၏ စိတ်အားထက်သန်မှုကို ပေါက်ကွဲထွက်သွားစေသည်။
သူတော်စင်အဆင့် မိစ္ဆာလက်နက်များတွင် အဆင့်အတန်း ကွဲပြားမှု ရှိ၏။
ပထမအမျိုးအစားမှာ နာမည်ကျော်ကြားပြီး ရှေးဟောင်းအမွေအနှစ် လက်နက်များ ဖြစ်ကာ လူကြိုက်အများဆုံး ဖြစ်သည်။
ဒုတိယအမျိုးအစားသည်ကား ယခုဓားကဲ့သို့ ရှားပါးကုန်ကြမ်းများဖြင့် အသစ်ထုလုပ်ထားသော လက်နက်များ ဖြစ်ကာတတိယအမျိုးအစားမှာမူ ပျက်စီးနေသော လက်နက်များ သို့မဟုတ် မိစ္ဆာများကိုယ်တိုင် ပြုစုပျိုးထောင်ထားသော လက်နက်များ ဖြစ်ကြပြီး စွမ်းအားအနည်းဆုံး အမျိုးအစားဖြစ်သည်။
ဒုတိယအမျိုးအစားဖြစ်သည့် အဆိပ်မိစ္ဆာဓားသည် ရှေးဟောင်းအမွေအနှစ် လက်နက်များကို မယှဉ်နိုင်သော်လည်း အသုံးပြုရန် အလွယ်ကူဆုံး ဖြစ်သည်။
အကြောင်းမှာ ယင်းသည် မကြာသေးမီကမှ ထုလုပ်ထားသော လက်နက်သစ် ဖြစ်သဖြင့် မည်သည့် သခင်၏ ဝိညာဉ်အမှတ်အသားမျှ မရှိသေးဘဲ အသုံးပြုသူ၏ စိတ်ဆန္ဒနှင့် လျင်မြန်စွာ ပေါင်းစပ်နိုင်ပြီး စွမ်းရည်အပြည့်အဝ ထုတ်ဖော်နိုင်သည်။
အထူးသဖြင့် ကြမ်းခင်းဈေး ၁ သောင်းဆိုသည်မှာ အလွန် သက်သာလွန်းနေရာ ဤဓား ထွက်ပေါ်လာသည်နှင့် မိစ္ဆာများ၏ စိတ်အားထက်သန်မှု ချက်ခြင်းမြင့်တက်လာခြင်း ဖြစ်သည်။
ပုံမှန်ဈေးကွက်တွင် ဤဓားမျိုးသည် အထက်တန်းစား မိစ္ဆာကျောက်တုံး ၁ သန်း သို့မဟုတ် အထွတ်အထိပ်အဆင့် နတ်ဘုရားမိစ္ဆာကျောက်တုံး ၁ တုံး တန်ဖိုးရှိသည်။
၁ သောင်းဆိုသော ပမာဏကို ဒုတိယ၊ တတိယ၊ စတုတ္ထအတန်းရှိပရိတ်သတ်များ မဆိုထားနှင့်ပထမအဆင့်ရှိ သာမန် ပွဲကြည့်ပရိသတ်များပင် တတ်နိုင်ကြလေသည်။
လေလံကွင်းတစ်ခုလုံးတွင်။
ပထမအဆင့် နေရာ - ၁ သန်း။
ဒုတိယအဆင့် နေရာ - ၅ သိန်း။
တတိယအဆင့် နေရာ - ၁ ထောင်။
စတုတ္ထအဆင့် နေရာ - ၁၀၀။
နေရာအလိုက် ကုဒ်နံပါတ်များ သတ်မှတ်ထားကာ ပထမအဆင့်မှ စတုတ္ထအဆင့်အထိ ကျာ၊ ရီ၊ ပင်၊ တင်း ဟူ၍ သတ်မှတ်ထားသည်။
ယခုအခါ ပုံရိပ်ယောင်ဖန်သားပြင်ပေါ်တွင် ဈေးနှုန်းများ လျင်မြန်စွာ ပြောင်းလဲနေ၏။
"ကျာ-၀၀၇၈၉၈၇ ၁ သောင်း ၃ ထောင်..."
"ရီ-၀၁၂၂၂၃၂ ၂ သောင်း..."
"ရီ-၀၃၇၈၇၁၄ ၂ သောင်း ၆ ထောင်..."
"ပင်-၀၀၀၉ ၅ သောင်း..."
"..."
သို့သော် လောလောဆယ်တွင် ပထမအဆင့်မှ တတိယအဆင့်အထိ လူများသာ ယှဉ်ပြိုင်နေကြသည်။
စတုတ္ထအဆင့်ရှိ မဟာမိစ္ဆာအရှင်သခင်ကြီးများမှာမူ စိတ်ဝင်စားပုံ မရပေ။
လက်ရှိဈေးနှုန်းသည် ဓား၏ အစစ်အမှန်တန်ဖိုးဖြစ်သော ၁ သန်းနှင့် ဝေးကွာနေသေးသဖြင့် ဈေးပေါပေါနှင့်ရလိုသော စိတ်ကူးယဉ်သူများ ပါဝင်ယှဉ်ပြိုင်နေကြခြင်း ဖြစ်သည်။
"ပင်-၀၀၁၇ ၇ သိန်း ၈ သောင်း..."
"ပင်-၀၆၂၇ မှ ၇ သိန်း ၈ သောင်း ၃ ထောင်..."
"ပင်-၀၈၉၄ မှ ၇ သိန်း ၈ သောင်း ၆ ထောင်..."
အတော်ကြာ ယှဉ်ပြိုင်ပြီးနောက်တွင် ဈေးနှုန်းသည် ၇ သိန်း ၈ သောင်းသို့ ရောက်ရှိသွားရာ ပထမအဆင့်နှင့် ဒုတိယအဆင့်မှ မိစ္ဆာများသည် လက်လျှော့သွားကြလေသည်။
ဈေးနှုန်းသည်လည်း အစစ်အမှန်ပေါက်ဈေးတန်ဖိုးနှင့် နီးစပ်လာပြီ ဖြစ်သည်။
ထိုအချိန်တွင် ရှီမင်သည် အချိန်ကိုက်ပြီဟု ယူဆလိုက်ကာ ပြတ်သားစွာပင် ဈေးခေါ်လိုက်၏။
"တင်း-၀၇၀ ၈ သိန်း ၅ သောင်း..."
စတုတ္ထအဆင့်ရှိ ပုဂ္ဂိုလ်ကြီးတစ်ဦး ဝင်ရောက်လာလေသည်။
ထိုအချက်က တတိယအဆင့်မှ ယှဉ်ပြိုင်နေသူများကို တိတ်ဆိတ်သွားစေကာ ဈေးခေါ်သံများ ရပ်တန့်သွားကြသည်။
"၈ သိန်း ၅ သောင်း... ပထမအကြိမ်..."
"၈ သိန်း ၅ သောင်း... ဒုတိယအကြိမ်..."
ရွှံ့နွံ မဟာမိစ္ဆာအရှင်သခင်ကြီး၏ ခံစားချက်မဲ့သော အသံသည် လေလံကွင်းတစ်ခုလုံး ပဲ့တင်ထပ်နေသည်။
လူတိုင်းက တင်း-၀၇၀ ရရှိသွားပြီဟု ထင်မှတ်နေချိန်တွင် ဖန်သားပြင်ပေါ်တွင် စာတန်းအသစ် ပေါ်လာသည်။
"ပင်-၀၆၈၈ မှ ၁ သန်း..."
"ဟူး..."
ကွင်းတစ်ခုလုံး ကျွတ်စုပ်သံများ ထွက်ပေါ်လာသည်။
တတိယအဆင့်မှ လူတစ်ယောက်က စတုတ္ထအဆင့် ပုဂ္ဂိုလ်ကြီးကို စိန်ခေါ်လိုက်ခြင်းလော။
ထိုအချိန်တွင် တတိယအဆင့်ရှိ ၀၆၈၈ နံပါတ် လေပျံမိစ္ဆာအိမ်ထဲ၌ အမှောင်နတ်ဘုရားငယ်သည် နောက်လိုက်များနှင့်အတူ ထိုင်နေသည်။
သူသည် ခန္ဓာကိုယ်မှ အမှောင်ထုများကို ပြန်လည်သိမ်းဆည်းထားပြီးဖြစ်သည်။ အမှောင်နတ်ဘုရားငယ်သည် ဖြူဖပ်ဖြူရော် မျက်နှာနှင့် လူငယ်တစ်ယောက်ပုံစံအဖြစ်ပေါ်လာပြီး မျက်နှာပေါ်တွင် ယုတ်မာသော အပြုံးတစ်ခု ဆင်မြန်းထားသည်။
"ဟမ့်... မင်းမှာ ပိုက်ဆံဘယ်လောက်ရှိလဲ ကြည့်ကြသေးတာပေါ့..."
သူ၏ စိန်ခေါ်မှုကို တုံ့ပြန်သည့်အနေဖြင့် ဖန်သားပြင်ပေါ်တွင် ဈေးနှုန်းအသစ် ပေါ်လာသည်။
"တင်း-၀၇၀ မှ ၁ သန်း ၂ သိန်း..."
"ပင်-၀၆၈၈ မှ ၁ သန်း ၅ သိန်း..."
အမှောင်နတ်ဘုရားငယ်သည် ချက်ချင်းပင် ဈေးထပ်တိုးလိုက်သည်။
သူ့တွင် ဝယ်ယူရန် ရည်ရွယ်ချက် မရှိဘဲ ရှီမင်တစ်ယောက် စိတ်ဒုက္ခရောက်စေရန်အတွက်သာ ဈေးကိုမြှင့်တင်နေခြင်း ဖြစ်သည်။
ကွင်းထဲရှိ မိစ္ဆာများ ဝေဖန်ဆွေးနွေးကုန်ကြသည်။
ဤဓားသည် ကောင်းမွန်သော်လည်း အစစ်အမှန်ပေါက်ဈေးတန်ဖိုးသည် ၁ သန်းဝန်းကျင်သာ ရှိ၏။ ယခုဈေးနှုန်းသည် တန်ဖိုးထက် များစွာ ကျော်လွန်နေပြီ ဖြစ်ရာစိတ်လိုက်မာန်ပါ လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း ထင်ရှားလှသည်။
ကျောက်လေလံပွဲတွင် စိတ်ဝင်စားစရာပွဲကောင်းတစ်ပွဲ စတင်တော့မည် ဖြစ်သည်။