အခန်း (၂၈၁-၂၈၂)
Vol. 15 Ch. 281-282
အပိုင်း(၂၈၁) မိန်တောင်ရွာ၏ အတိတ်
ဂူထဲတွင် စိုထိုင်းစက အလွန်များပြားနေပြီး ဂူမျက်နှာကျက်မှ ရေများ စိမ့်ကျနေ၏။
သို့သော်လည်း ရန်မင်ကျဲတို့အဖွဲ့က ထိုအရာများကို ဂရုမစိုက်နိုင်အားဘဲ ဂူထဲရှိ ကျောက်တုံးများပေါ်တွင် ပင်ပန်းနွမ်းနယ်စွာ ထိုင်ချလိုက်ကြသည်။
"အာယ... မီးသွားမွှေး"
ရန်မင်ကျဲက လှမ်းအော်လိုက်သည်။
ရန်အာယက ပြန်မပြောရဲဘဲ ခြေကျင်းဝတ်မှ နာကျင်မှုကို အံကြိတ်ခံကာ အနီးနားရှိ စိုထိုင်းနေသော သစ်သားတချို့ကို လိုက်ကောက်လိုက်၏။
ထို့နောက် ကျောပိုးအိတ်ထဲမှ အနီရောင် ကျောက်တုံးတစ်တုံးကို ထုတ်ယူလိုက်သည်။
ထိုအရာက မီးဓာတ် စွမ်းအင်ကျောက်တုံးပင် ဖြစ်သည်။
သူမက စွမ်းအင်ကျောက်တုံးမှ အမှုန့်အနည်းငယ်ကို ခြစ်ချလိုက်ပြီး ဓားမြှောင်ဖြင့် ကျောက်တုံးကို ခပ်ပြင်းပြင်း ခေါက်ချလိုက်ရာ ရုတ်တရက် မီးပွားများ ပွင့်ထွက်သွား၏။
ဝုန်းခနဲ မြည်သံနှင့်အတူ မီးဓာတ် စွမ်းအင်ကျောက်တုံး အမှုန့်များက ချက်ချင်း မီးတောက်သွားပြီး ပြင်းထန်သော အပူချိန် ထွက်ပေါ်လာကာ စိုထိုင်းနေသော သစ်သားများမှ ရေငွေ့များကို ချက်ချင်း အငွေ့ပျံသွားစေပြီး မီးစွဲလောင်သွားစေသည်။
မီးတောက်လင်းထိန်လာသည်ကို ကြည့်ရင်း လူတိုင်း၏ စိတ်ထဲတွင် အနည်းငယ် သက်သာရာရသွားကြသည်။
သူတို့က ကျောပိုးအိတ်ထဲမှ အသားခြောက်တချို့ကို အသီးသီးထုတ်ယူကာ မီးပေါ်တွင် အနည်းငယ်ကင်ပြီး အငမ်းမရ စားသောက်လိုက်ကြ၏။
စားသောက်နေရင်းနှင့်ပင် ယနေ့ဖြစ်ပျက်ခဲ့သော ကိစ္စများကို စတင်ဆွေးနွေးလာကြသည်။
"တောက်... ရန်မေဆိုတဲ့ နွားမကြီးက ဒီလောက်စွမ်းတဲ့ အစွမ်းပိုင်ရှင် ယောက်ျားတစ်ယောက်ကိုတောင် ရထားတာကိုး" ရန်ခိုင်က ဒေါသတကြီး ပြောလိုက်သည်။
ရန်မင်ကျဲက ငနွားတို့အဖွဲ့ကို ကြည့်ကာ မေးလိုက်သည် "ယွင်ချွမ်ဘုရားကျောင်းဘက်မှာ ဘာတွေဖြစ်ခဲ့တာလဲ... ငါ့ကို အတိအကျ ပြောပြကြစမ်း"
ငနွားက ကမန်းကတန်း ပြန်ဖြေလိုက်သည် "အဲ့ဒီအချိန်က ကျွန်တော်တို့က အဝေးမှာ ရောက်နေတာ... ရွာသူကြီးက သွေးသံရဲရဲနဲ့ ဘုရားကျောင်းတံခါးပေါက်ကနေ ထွက်လာတာကိုပဲ မြင်လိုက်ရတယ်... ပြီးတော့ တခြားလူတွေအကုန်လုံးက ဝိုင်းသွားကြပြီး အဲ့ဒီလူကို ရွာသူကြီးကို လွှတ်ပေးဖို့ ခြိမ်းခြောက်ကြတာပေါ့"
"အဲ့ဒီလူက ဒီအတိုင်း လက်ဖျစ်လေး တစ်ချက်တီးလိုက်ရုံပဲ... ပြီးတော့ လူတိုင်းရဲ့ ခေါင်းတွေက ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး အကုန်လုံး သေကုန်ကြရော"
"ဟုတ်တယ်... သောက်ရမ်းကို ကြောက်ဖို့ကောင်းတာ... အဲ့ဒီလို ထူးဆန်းတဲ့ တိုက်ခိုက်ပုံမျိုးကို ကျွန်တော် တစ်ခါမှ မမြင်ဖူးဘူး"
"သောက်ကျိုးနည်း... သေချာပေါက် စိတ်စွမ်းအင်သုံးတဲ့ အစွမ်းပိုင်ရှင်ပဲ ဖြစ်ရမယ်"
"ဒါပေါ့... မဟုတ်ရင် ဘာလို့ ဦးနှောက်တွေကိုချည်း လိုက်တိုက်ခိုက်နေပါ့မလဲ"
"ဒီလူက တကယ်တော့ ဘယ်သူလဲ... ရန်မေက ဒီလိုလူမျိုးကိုတောင် မြူဆွယ်ပြီး ကပ်ထားနိုင်တယ်ဆိုတော့... တောက်... ပြီးတော့ သူ့ကို မိန်တောင်ပေါ်အထိတောင် ခေါ်လာသေးတယ်"
"မင်းတို့ ပြောကြည့်... လီကျစ်ချန်ကို ဒီဖောက်ပြန်နေတဲ့ မိန်းမနဲ့ သူ့ရဲ့လင်ငယ်ကများ သတ်ပစ်လိုက်တာလား"
"ဒါက မေးနေစရာ လိုသေးလို့လား... လီကျစ်ချန်က နာမည်ကျော် ငကြောက်လေ... ဟိုတုန်းက ရန်မေနဲ့ မင်္ဂလာဆောင်တော့ လူတွေအများကြီးက အခန်းထဲဝင်ပြီး နောက်ပြောင်ကြတာ... တစ်ယောက်က အခွင့်ကောင်းယူပြီး သူ့မိန်းမ ပေါင်ကို ကိုင်တာတောင် သူက တစ်ခွန်းမှ မဟရဲဘူး... နောက်ဆုံး ရန်မေဆိုတဲ့ နွားမကြီး ဒေါသထွက်ပေါက်ကွဲသွားမှပဲ အဲ့ဒီကိစ္စက ပြီးသွားတာ"
လူအများ ဆွေးနွေးနေကြသည်ကို ကြားလိုက်ရသဖြင့် ရန်မင်ကျဲ၊ ရန်ခိုင်နှင့် ရန်အာယတို့ သုံးယောက်စလုံးမှာ အသက်ရှူမှားမတတ် ဖြစ်သွားကြ၏။
အရင်က သူတို့ ဟန်ဆောင်ကောင်းခဲ့၍ တော်သေးသည်။ ရန်မေ၏ ယောက်ျားသစ်ရှေ့တွင် မရိုင်းစိုင်းရဲခဲ့ကြပေ။
မဟုတ်ပါက ယခုအချိန်တွင် ခေါင်းပေါက်ကွဲသွားသူများမှာ ရွာသူကြီးတို့အဖွဲ့ မဟုတ်ဘဲ သူတို့သုံးယောက် ဖြစ်နေပေလိမ့်မည်။
ရန်အာယက ရန်မေ အသစ်ရှာထားသော ထိုယောက်ျားအကြောင်းကို ပြန်တွေးကြည့်မိသည်။ ထိုစဉ်က သူ၏ အမူအရာက တည်ငြိမ်နေပြီး စကားတစ်ခွန်းမှ မပြောသောကြောင့် အနိုင်ကျင့်ရ လွယ်ကူမည်ဟုပင် သူမက ထင်မှတ်ထားခဲ့မိ၏။
ဤမျှအထိ ရက်စက်လိမ့်မည်ဟု ထင်မထားခဲ့ပေ...
သူမ၏ စိတ်ထဲတွင် ကြောက်ရွံ့မှုနှင့် မနာလိုမှုတို့က ရောယှက်နေသည်။
ကောင်းတဲ့ကိစ္စ မှန်သမျှကို ဘာကြောင့် ရန်မေလို အရှက်မရှိတဲ့ မိန်းမယုတ်ကချည်း သိမ်းပိုက်သွားရသနည်း။
"အစ်ကိုကျဲ... ကျွန်တော်တို့ အခု ဘယ်လိုလုပ်ကြမလဲ... ဒီလူက ဒီလောက်တောင် စွမ်းနေတာ ရွာသူကြီးတို့တောင် မရင်ဆိုင်နိုင်ဘူး... အခုဆို ရွာသူကြီးတို့ သေရွာတောင် ရောက်နေလောက်ပြီ" ရန်ခိုင်က မနေနိုင်ဘဲ ညည်းတွားလိုက်ပြီး ယွင်ချွမ်ဘုရားကျောင်းရှိ အခြေအနေနှင့် ပတ်သက်၍ အလွန်အမင်း စိတ်ပျက်အားငယ်နေ၏။
ငနွား ဟုခေါ်သော မျက်နှာဝိုင်းဝိုင်းနှင့် လူငယ်က ပြောလိုက်သည်။ "ဒါမှမဟုတ်ရင်လည်း ကျွန်တော်တို့ ကျဲ့ဆစ် စာသင်ကျောင်းဆီ သွားပူးပေါင်းကြမလား"
သူ စကားပြောပြီးသည်နှင့် ရန်ခိုင်က ချက်ချင်း ဆဲဆိုလိုက်သည်။ "မင်းက သောက်ရူးလား... ကျဲ့ဆစ် စာသင်ကျောင်းဘက်က ရွာသူကြီးနဲ့ အမြဲတမ်း အဆင်မပြေဘူး... လီရှန်ယန်ဆိုရင် ရွာသူကြီးလက်ချက်နဲ့ သေမလိုတောင် ဖြစ်ဖူးတာ... နှစ်ဖက်စလုံးက သွေးကြွေးရှိနေတာကို သူတို့က ငါတို့ကို လက်ခံပါ့မလား"
"ငနွား... မင်း ဦးနှောက်ပျက်နေပြီလား... ရန်မေရဲ့ အဖေ ရန်ရုံဝေက ကျဲ့ဆစ် စာသင်ကျောင်းမှာ ရှိနေတာ... ရန်မေနဲ့ အဲ့ဒီလူက အနှေးနဲ့အမြန် ကျဲ့ဆစ် စာသင်ကျောင်းကို သွားမှာပဲ... ဟိုဘက်ကို သွားတာက ကိုယ့်သေတွင်း ကိုယ်တူးနေတာနဲ့ မတူဘူးလား"
ငနွားက ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်သည်။ "ရန်မေနဲ့ အဲ့ဒီလူက ကျွန်တော်တို့ သုံးယောက်ကို မြင်ဖူးတာမှ မဟုတ်တာ... ကျွန်တော်တို့ ကျဲ့ဆစ် စာသင်ကျောင်းကို သွားပူးပေါင်းရင်တောင် တစ်ဖက်လူက ကျွန်တော်တို့ကို မှတ်မိချင်မှ မှတ်မိမှာပေါ့"
"နောက်ပြီးတော့ အရင်က ရွာသူကြီးတို့ လုပ်ခဲ့တဲ့ ကိစ္စတွေမှာ ကျွန်တော်တို့က အောက်ခြေက တပည့်လေးတွေလေ... ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ကို အပြစ်လာတင်လို့မှ မရတာ"
ငနွား၏ ဘေးရှိ လူနှစ်ယောက်က ထိုစကားကို ကြားသောအခါ မနေနိုင်ဘဲ စဉ်းစားခန်း ဝင်သွားကြပြီး ငနွား၏ စကားက အနည်းငယ်တော့ အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရသည်။
ယခု ဤမိန်တောင်ပေါ်တွင် ကျဲ့ဆစ် စာသင်ကျောင်း တစ်နေရာသာလျှင် သူတို့အတွက် ခြေချစရာ နေရာကျန်တော့သည်။
မိန်တောင်၏ တခြားနေရာများတွင်လည်း အစွမ်းပိုင်ရှင် အချို့ စုဝေးနေသော နေရာငယ်လေးများ ရှိသည်ဟု ကြားဖူးသည်။
သို့သော်လည်း ထိုသူများမှာ အပြင်ဘက်မှ တောင်ပေါ်သို့ ထွက်ပြေးလာကြသူများ ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်ပင် ခက်ခဲနေကြသဖြင့် သူတို့ ထိုနေရာသို့ သွားလည်း အဓိပ္ပာယ်မရှိပေ။ တစ်ခါတရံ ထိုသူများအတွက် အစောင့်ပင် လုပ်ပေးရနိုင်သေးသည်။
သို့သော်လည်း ရန်မင်ကျဲတို့ သုံးယောက်၏ မျက်နှာများမှာမူ အနည်းငယ် ပျက်ယွင်းသွားကြ၏။
ရန်မေနှင့် ထိုလူက ငနွားတို့ သုံးယောက်ကို မမြင်ဖူးသော်လည်း သူတို့ကိုမူ မြင်ဖူးထားသည်လေ။
ထိုစဉ်က ရန်အာယသည် လီကောရှန်ဘက်လိုက်ပြီး ရန်ရုံဝေက ယွင်ချွမ်ဘုရားကျောင်းထဲတွင် ရှိနေသည်ဟု လိမ်ညာပြောဆိုခဲ့သေးသည်။
သူတို့သုံးယောက်သာ ထိုလူနှင့် ထပ်ဆုံမိပါက ထိုလူ၏ လုပ်ဟန်ကို ထောက်ရှု၍ သူတို့ကို အရှင်ထားပါတော့မည်လား။
ရန်မင်ကျဲ၏ မျက်နှာက အနည်းငယ် မှုန်ကုပ်သွားပြီး ငနွားတို့ သုံးယောက်ကို မည်သို့ ဆက်လက်ခေါ်ထားရမည်ကို စတင်စဉ်းစားနေမိသည်။
သူတို့ ခြောက်ယောက် အတူတူရှိနေပါမှ သန္ဓေပြောင်း သားရဲများ ပြည့်နှက်နေသော ဤတောင်တောထဲတွင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း အနည်းငယ် ရှိမည်ဖြစ်သည်။
အကယ်၍ ငနွားတို့ သုံးယောက်သာ ထွက်ပြေးသွားပြီး သူတို့ သုံးယောက်တည်းသာ ကျန်ရစ်ခဲ့ပါက အန္တရာယ်ဖြစ်နိုင်ခြေက အလွန်တရာ မြင့်မားသွားပေလိမ့်မည်။
ခဏတာမျှ သူ၏ မျက်ဝန်းများက တလက်လက် တောက်ပသွား၏။
... ... ...
ကျဲ့ဆစ် စာသင်ကျောင်းသည် မိန်တောင် သစ်သားလမ်းစင်္ကြံ၏ သုံးပုံနှစ်ပုံ အကွာအဝေးတွင် တည်ရှိပြီး မိန်တောင်၏ ရှားပါးသော အထင်ကရ နေရာများထဲမှ တစ်ခုဖြစ်သည်။
စာသင်ကျောင်း တစ်ခုလုံးက မကြီးမားလှဘဲ ယွင်ချွမ်ဘုရားကျောင်းလောက်ပင် မကျယ်ဝန်းပေ။
ယခု ကျဲ့ဆစ် စာသင်ကျောင်းသည် ရေကြီးမှုကြီး မဖြစ်ပွားမီ အချိန်ကနှင့် ကြီးမားသော အပြောင်းအလဲများ ရှိနေပြီ ဖြစ်သည်။
စာသင်ကျောင်းအပြင်ဘက်သည် ယခင်ကလို ဖုန်တစ်စက်မျှ မရှိဘဲ သန့်ရှင်းနေခြင်းမျိုး မဟုတ်တော့ဘဲ ရေညှိများ ဖုံးလွှမ်းနေ၏။
ခြံစည်းရိုး နံရံပေါ်ရှိ နွယ်ပင်ကဲ့သို့သော အပင်များကိုလည်း ရှင်းလင်းထားသည်။
အနီးနားရှိ သစ်တောများကိုလည်း အတော်များများ ခုတ်ထွင်ထားသဖြင့် ယေဘုယျအားဖြင့် ကြည့်လျှင် အနည်းငယ် ပြောင်ရှင်းနေသည့် ခံစားချက်ကိုပင် ပေးစွမ်းနေသည်။
ခြံဝန်းထဲတွင်လည်း ယခင်ကလောက် မကျယ်ဝန်းတော့ဘဲ အိမ်များစွာကို ထပ်မံဆောက်လုပ်ထား၏။
ဤအချိန်တွင် စာသင်ကျောင်း၏ ဧည့်ခန်းမထဲ၌ အရပ်ရှည်ရှည်နှင့် အသက်နှစ်ဆယ်ကျော်အရွယ် လူငယ်တစ်ဦး ထိုင်နေပြီး သူ၏ လက်ထဲတွင် ပေတံ တစ်ချောင်းကို ကိုင်ထားကာ ပေတံပေါ်ရှိ ရှုပ်ထွေးသော သင်္ကေတများကို သေချာစွာ လေ့လာကြည့်ရှုနေသည်။
ထိုစဉ် တံခါးအပြင်ဘက်မှ တံခါးခေါက်သံ ထွက်ပေါ်လာရာ လူငယ်က ခေါင်းမော့ကြည့်လိုက်သောအခါ လှပစွာ ပြင်ဆင်ထားသော မိန်းကလေးတစ်ဦး ဝင်လာသည်ကို မြင်လိုက်ရ၏။
ထိုမိန်းကလေးက အရပ်ငါးပေသုံးလက်မခန့် ရှိပြီး အသားအရေက ဖြူဖွေးကာ ချိုသာသော ရုပ်ဆင်းသွင်ပြင် ရှိသည်။
သူမက လူငယ်၏ အနားသို့ ပြေးသွားကာ ချွဲနွဲ့သောလေသံဖြင့် ပြောလိုက်သည် "အစ်ကိုရှန်ယန်... အစ်ကိုက ဒီပေတံကို လေ့လာနေပြန်ပြီလားလို့"
လီရှန်ယန်က ကြားသောအခါ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည် "အင်း... ဒီပေတံသာ မရှိခဲ့ရင် ငါက လီခွေရုံတို့ လက်ထဲမှာ သေသွားတာ ကြာလောက်ပြီ... ငါ ဒီပေတံရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ဖို့ နည်းလမ်းရှာရမယ်"
"ရုံရုံ... ငါ့ဆီ လာတာ ဘာကိစ္စရှိလို့လဲ"
"ကိစ္စကြီးကြီးမားမားတော့ မရှိပါဘူး... ဟိုလက်ပြတ်နေတဲ့ အဘိုးကြီးလေ... သူ့မိန်းမကို သွားရှာချင်လို့ဆိုပြီး ထပ်အော်ဟစ်နေပြန်ပြီ... ညီမပြောရရင်တော့ ဒီအရူးအိုကြီးကို ဘာလို့ ဆက်ထားနေမှာလဲ... သူ့ကို ထွက်သွားခိုင်းလိုက်ပေါ့" ကျန်းရုံရုံက မနေနိုင်ဘဲ ညည်းတွားလိုက်သည်။
လီရှန်ယန်က ခေါင်းခါလိုက်သည်။ "ဦးလေးရုံဝေက အလျင်အစွမ်းပိုင်ရှင်လေ... ငါတို့ဆီမှာ အစွမ်းပိုင်ရှင်တွေက အရမ်းနည်းနေတာ... သူက လီခွေရုံနဲ့လည်း သွေးကြွေးရှိနေတော့ ငါတို့အတွက် သဘာဝ မိတ်ဆွေပဲပေါ့... သူ့ကို ဆက်ထားတာက ယွင်ချွမ်ဘုရားကျောင်းကို ခုခံဖို့ အင်အားတစ်စိတ်တစ်ပိုင်း ပိုများလာတာပဲ"
"ဒါပေမဲ့ သူက ခဏခဏ သူ့မိန်းမကို သွားရှာချင်နေတာလေ... ဘယ်လို ဖျောင်းဖျဖျောင်းဖျ နားမထောင်ဘူး... ပြီးခဲ့တဲ့ အကြိမ်က ခိုးထွက်သွားလို့ ယွင်ချွမ်ဘုရားကျောင်းက လူတွေကို ဆွဲခေါ်လာသလိုတောင် ဖြစ်သွားပြီး ညီမတို့ဆီက လူအတော်များများ အသက်ပေးလိုက်ရသေးတယ်"
လီရှန်ယန်က ခဏစဉ်းစားလိုက်ပြီး ပြောလိုက်သည် "မီးအိမ်တည်သီးဘက်က အခြေအနေက ဘယ်လိုရှိလဲ"
ကျန်းရုံရုံက ကြားသောအခါ ကမန်းကတန်း ပြန်ဖြေလိုက်သည် "ညီမ လူလွှတ်ပြီး အမြဲ စောင့်ကြည့်ခိုင်းထားပါတယ်... ဒီတစ်ရက် နှစ်ရက်အတွင်း မှည့်တော့မယ်လို့ ညီမ ခံစားရတယ်... မကြာသေးခင်က အဲ့ဒီဘက်မှာ သန္ဓေပြောင်း သားရဲတွေ အများကြီး ပေါ်လာပြီး အဲ့ဒီ သန္ဓေပြောင်း အသီးကို မျက်စိကျနေကြတယ်"
လီရှန်ယန်၏ အမူအရာက ချက်ချင်း အနည်းငယ် လေးနက်သွားပြီး သတိပေးလိုက်သည်။ "ထိုက်ယန်တောင်မှာ အသီးတွေ မနည်းပေမဲ့ သန္ဓေပြောင်း အသီးတွေကတော့ အဲ့ဒီလောက် မပေါများဘူး... ဒီသန္ဓေပြောင်း မီးအိမ်တည်သီးက ငါတို့အတွက် အရမ်းအရေးကြီးတယ်... တကယ်လို့သာ ဒါကို ရလိုက်ရင် အဖွဲ့သား တစ်ယောက်ယောက်ကို အစွမ်းနိုးထလာအောင် လုပ်ပေးနိုင်ရင် လုပ်ပေးနိုင်မှာ"
"ဦးလေးရုံဝေက အပြင်ထွက်ဖို့ချည်းပဲ လုပ်နေမှတော့ ဒီလိုလုပ်ကြတာပေါ့... တခြားနေ့ကို ရွေးနေမယ့်အစား ဒီနေ့ပဲ အဲ့ဒီ မီးအိမ်တည်သီးကို သွားခူးကြတာပေါ့"
"နင် သွားပြီး သူ့ကို ပြောလိုက်... သူသာ ငါတို့ကို ဒီမီးအိမ်တည်သီး ခူးတဲ့နေရာမှာ ကူညီပေးနိုင်ရင် နောက်ကျရင် သူ့ကို ဆက်မတားတော့ဘူးလို့"
ကျန်းရုံရုံက ကြားသောအခါ မျက်လုံးများ တောက်ပသွားပြီး ပြောလိုက်သည်။ "သိပြီ... ညီမ အခုပဲ သူ့ကို သွားရှာလိုက်မယ်"
ကျန်းရုံရုံက အခန်းထဲမှ လျင်မြန်စွာ ထွက်ခွာသွားပြီး ခြံဝန်းထဲသို့ ရောက်လာ၏။
လူတစ်စုက လက်ပြတ်နေသော အဘိုးကြီးတစ်ဦးကို ဝိုင်းရံကာ ဖျောင်းဖျနေကြသည်။
အဘိုးကြီး၏ ဆံပင်များက ဖြူဖွေးနေပြီး မျက်နှာက အိုမင်းရင့်ရော်နေကာ နာကျင်မှုများ ပါဝင်နေသော်လည်း အမူအရာကမူ ခေါင်းမာနေဆဲပင် ဖြစ်သည်။
သူ၏ ဘေးတွင် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးက သူ့ကို ဆွဲထားကာ အသနားခံသော လေသံဖြင့် ပြောနေသည် "အပြင်ဘက်က အခြေအနေ ဘယ်လိုရှိလဲဆိုတာ ရှင်လည်း သိသားပဲ... ယွင်ချွမ်ဘုရားကျောင်းက လူတွေက ကျွန်မတို့ဘက်ကို စောင့်ကြည့်နေတာ ကြာပြီ... ရှင်သာ မဆင်မချင် တစ်ယောက်ထဲထွက်သွားရင် သေချာပေါက် သူတို့ရဲ့ ဝိုင်းတိုက်ခိုက်တာကို ခံရမှာပဲ"
"ရုံဝေရယ်... ရှင်လည်း အသက်အရွယ်ရနေပြီပဲ... ဘာလို့ ဒီလောက်တောင် စိတ်လိုက်မာပါ လုပ်ချင်နေရတာလဲ"
ရန်ရုံဝေ၏ နှုတ်ခမ်းများက လှုပ်ရှားသွားသည်။ "ငါတို့က ဒီစာသင်ကျောင်းထဲမှာပဲ တစ်သက်လုံး ပုန်းနေကြတော့မှာလား... သန္ဓေပြောင်း သားရဲတချို့ရယ်... ဒီသစ်နွယ်ပင်တွေ မြက်ပင်အမြစ်တွေကိုပဲ စားပြီး အသက်ဆက်နေကြတော့မှာလား"
"ဟူး... ရှင်က ဘာလို့ ပြောစကား နားမထောင်ရတာလဲ... ကျွန်မ ရှင့်ကို မေးမယ်... ရှင် အပြင်ထွက်သွားလို့ အဲ့လူတွေဖမ်းတာ ခံလိုက်ရရင် ရှင် နောက်ကျ ရှင့်မိန်းမကို ဘယ်လိုဆက်ရှာတော့မလဲ"
"ကျွန်မစကားကို နားထောင်ပါ... မိုးချုပ်သွားတဲ့အထိ စောင့်ပါဦး... အဲ့ကျ ကျွန်မနဲ့လူတစ်ချို့ ရှင်နဲ့အဖော်လိုက်ပေးမယ်"
"ရှင်ကိုယ်တိုင်လည်း ပြောခဲ့တာပဲ... ယွင်ချွမ်ဘုရားကျောင်းဘက်မှာ ရှင် အကြိမ်ပေါင်းများစွာ ရှာခဲ့ပြီးပြီလို့... ရှင့်မိန်းမက အဲ့ဒီမှာ မရှိလောက်တော့ဘူး... တခြားတစ်နေရာရာကို ထွက်ပြေးသွားတာလည်း ဖြစ်နိုင်တယ်လေ..."
သက်လတ်ပိုင်း အမျိုးသမီးက ဤစကားကို ပြောလိုက်သော်လည်း ပတ်ဝန်းကျင်ရှိ အခြားသူများကမူ သက်ပြင်းတစ်ချက် ချလိုက်ကြ၏။
တခြားတစ်နေရာရာကို ထွက်ပြေးသွားတယ် ဆိုတာက လူကို နှစ်သိမ့်ပေးတဲ့ စကားတွေချည်းသာ ဖြစ်သည်။
ရန်ရုံဝေ၏ မိန်းအမှာ သေဆုံးသွားသည်မှာ ကြာလောက်ပြီ ဖြစ်ကြောင်းကို သူတို့ စိတ်ထဲတွင် ရှင်းလင်းစွာ သိနေကြသည်။
သို့သော်လည်း လူတိုင်းက နှုတ်မှ ဖွင့်မပြောကြဘဲ ရန်ရုံဝေကို စိတ်ဒဏ်ရာ ရသွားစေမည်ကို စိုးရိမ်နေကြ၏။
ထိုစဉ် ကျန်းရုံရုံက လျှောက်လာပြီး အော်ပြောလိုက်သည်။ "ဒေါ်လေးဟုန်... ဒေါ်လေးလည်း ဆက်မဖျောင်းဖျနေနဲ့တော့... ဦးလေးရုံဝေ... ခုနက အစ်ကိုရှန်ယန် ပြောလိုက်တယ်... ကျွန်မတို့ အဲ့ဒီ မီးအိမ်တည်သီးကို သွားခူးမလို့တဲ့... ဦးလေးသာ ကျွန်မတို့ကို အဲ့ဒီ မီးအိမ်တည်သီး ရအောင် ကူညီပေးရင် အဲ့ဒီအချိန်ကျ ဦးလေး သွားချင်တဲ့နေရာသွား... ကျွန်မတို့ ဆက်မတားတော့ဘူး"
ရန်ရုံဝေက မျက်ခွံကို အနည်းငယ် ပင့်လိုက်ပြီး ပြောလိုက်သည်။ "မသွားဘူး"
ကျန်းရုံရုံ၏ မျက်နှာက ချက်ချင်း တင်းမာသွားပြီး ပြောလိုက်သည်။ "ဦးလေးရုံဝေ... ဦးလေးက ဘာသဘောလဲ... အရင်တုန်းက ကျွန်မတို့ ဦးလေးကို ကယ်တင်ခဲ့ပြီး ဦးလေးက ကျွန်မတို့ဆီမှာ နေတယ်... ကျွန်မတို့ဆီမှာ စားတယ်... ကျွန်မတို့ဆီမှာ သောက်တယ်... အခု ဦးလေးကို အလုပ်လေးတစ်ခု လုပ်ခိုင်းတာကို ငြင်းနေတာလား"
"ဦးလေးက ဒီလို ကျေးဇူးကန်းနေမယ်ဆိုရင် ကျွန်မတို့ မျက်နှာပြောင်တိုက်တာကိုတော့ အပြစ်မတင်နဲ့နော်"
ရန်ရုံဝေ၏ မျက်နှာကြွက်သားများ လှုပ်ရှားသွားပြီး ကျန်းရုံရုံကို ကြည့်လိုက်သည် "မျက်နှာပြောင်တိုက်မယ်... နင်က ဘာလုပ်ချင်လို့လဲ"
"ဘာလုပ်ရမလဲ... သေချာပေါက် ဦးလေးကို ထွက်သွားခိုင်းရမှာပေါ့... ကျွန်မတို့ဆီမှာ အချောင်နှိုက်စားတဲ့သူတွေကို အလိုမရှိဘူး"
"ငါက အစကတည်းက ထွက်သွားမလို့ပဲ... နင်တို့ကသာ ငါ့ကို ပေးမသွားတာ" ရန်ရုံဝေက အေးစက်သော လေသံဖြင့် ပြောလိုက်၏။
ကျန်းရုံရုံက ဒေါသတကြီး ပြောလိုက်သည်။ "ဦးလေး သွားချင်ရင် ရတယ်လေ... ဒီရက်ပိုင်းအတွင်း ကျွန်မတို့ဆီမှာ စားသောက်ထားတဲ့ ဟာတွေကို ပြန်အန်ထုတ်ပေး... လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဦးလေးကို ကယ်ဖို့အတွက် သေသွားရတဲ့ ရှောင်မာနဲ့ ရှောင်လင်တို့ရဲ့ အသက်တွေကို ပြန်ပေး"
ရန်ရုံဝေမှာ ချက်ချင်း စကားဆွံ့အသွားပြီး သူ၏ မျက်လုံးများကို မှိတ်လိုက်ကာ ခဏအကြာတွင် ပြောလိုက်သည်။ "ရတယ်... ငါ နင်တို့နဲ့ လိုက်ခဲ့မယ်... မီးအိမ်တည်သီးကို ပြန်ယူလာပေးရင် နင်တို့ ငါ့ကို ဆက်မတားရတော့ဘူး"
ထိုအခါမှသာ ကျန်းရုံရုံ၏ နှုတ်ခမ်းထောင့်က တွန့်ကွေးသွားပြီး ပြောလိုက်သည်။ "စကားတည်ပါစေနော်"
ထို့နောက် ကျဲ့ဆစ် စာသင်ကျောင်းမှ လူအများ စုဝေးလိုက်ကြပြီး လီရှန်ယန်၏ ဦးဆောင်မှုဖြင့် ခြံစည်းရိုး ထောင့်မှနေ၍ အသံတိတ် ကိုယ်ရောင်ဖျောက်ကာ ထွက်ခွာသွားကြ၏။
စာသင်ကျောင်းမှ ထွက်လာပြီးနောက် လီရှန်ယန်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ မနေနိုင်ဘဲ မျက်မှောင်ကြုတ်သွားသည်။
"ရုံရုံ... ပတ်ဝန်းကျင်ကို ကြည့်လိုက်စမ်း"
ကျန်းရုံရုံက ခေါင်းညိတ်လိုက်ပြီး မျက်လုံးများကို မှိတ်လိုက်ရာ မျက်မြင်မရသော စိတ်စွမ်းအင် လှိုင်းတစ်ခုက လျင်မြန်စွာ ရိုက်ခတ်သွားပြီး အရပ်မျက်နှာ အနှံ့အပြားသို့ ဖုံးလွှမ်းသွား၏။
ခဏအကြာတွင် သူမ၏ မျက်နှာပေါ်၌ အံ့ဩသွားသော အရိပ်အယောင် ပေါ်လာသည် "အယ်... ဒီနေ့တော့ စောင့်ကြည့်နေတဲ့သူတွေ မရှိပါလား"
လီရှန်ယန်က ကြောင်အသွားသည် "စောင့်ကြည့်နေတဲ့သူတွေ မရှိဘူးလား"
ယခင်က ကျဲ့ဆစ် စာသင်ကျောင်း၏ အပြင်ဘက်တွင် ယွင်ချွမ်ဘုရားကျောင်းမှ အလျင်အစွမ်းပိုင်ရှင်များက အမြဲတမ်း အနီးနား၌ စောင့်ကြည့်နေလေ့ရှိသည်။ ယနေ့တွင် မည်သို့ဖြစ်၍ မရှိရသနည်း။
"သိပ်ကောင်းတာပေါ့... ဒီနေ့ သူတို့ စောင့်ကြည့်နေတဲ့လူ မရှိတုန်း အခွင့်ကောင်းယူပြီး ကျွန်တော်တို့ အဲ့ဒီ မီးအိမ်တည်သီးကို လုယူကြတာပေါ့" လူတစ်ဦးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
အခြားသူများကလည်း ဝမ်းသာသွားသော အမူအရာများ အသီးသီး ပေါ်ထွက်လာကြပြီး ယနေ့က အခွင့်ကောင်း တစ်ခုဖြစ်သည်ဟု ခံစားလိုက်ရ၏။
လီရှန်ယန်က ခဏစဉ်းစားလိုက်ပြီး ချက်ချင်း ခေါင်းညိတ်ကာ ပြောလိုက်သည်။ "မဆိုးဘူး... ဒီနေ့က တကယ်ကို အခွင့်ကောင်းပဲ... အားလုံး ငါ့နောက်က လိုက်ခဲ့ကြ"
ပြောပြီးသည်နှင့် လူအနည်းငယ်မှာ ချုံတောထဲသို့ လျင်မြန်စွာ တိုးဝင်သွားကြပြီး မကြာမီမှာပင် ပျောက်ကွယ်သွားကြသည်။
....
ယွင်ချွမ်ဘုရားကျောင်း အတွင်း၌ ရန်မေက မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး ဇဝေဇဝါဖြစ်နေသော အမူအရာ ပေါ်လာ၏။
လင်းယွမ်က သူမ၏ လက်ဖဝါးကို လျင်မြန်စွာ ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်သည်။ "နိုးပြီလား"
သတိလစ်မသွားမီက မှတ်ဉာဏ်များ ဝင်ရောက်လာရာ ချက်ချင်းပင် ရန်မေ၏ မျက်ဆန်များက ထပ်မံ နီရဲလာသည်။
"မောင်လေး... အမ... အမရဲ့ အမေက..."
လင်းယွမ်က လက်လှမ်းကာ သူမကို ဖက်လိုက်ပြီး ညင်သာသော လေသံဖြင့် နှစ်သိမ့်ပေးလိုက်သည်။ "မငိုနဲ့တော့နော်... ခဏနေရင် ကျွန်တော် အမရဲ့အဖေကို သွားရှာပေးမယ်"
ရန်မေက သူမ၏ ဖခင်ကို သတိရသွားပြီး ချက်ချင်း ကမန်းကတန်း ထိုင်လိုက်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "ဟုတ်တယ်... အမအဖေ အသက်ရှင်နေသေးတယ်... အမ သူ့ကို အမြန်သွားရှာမှ ဖြစ်မယ်"
သူမက ဖခင်ဖြစ်သူ ထပ်မံ အန္တရာယ်ကြုံမည်ကို စိုးရိမ်နေသဖြင့် အမြန်ဆုံး ရှာတွေ့နိုင်လျှင် အကောင်းဆုံး ဖြစ်ပေမည်။
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည် "အဲ့ဒါဆိုလည်း ကောင်းပြီလေ... ကျွန်တော်တို့ အခုပဲ ကျဲ့ဆစ် စာသင်ကျောင်းကို သွားကြတာပေါ့"
ရန်မေက ကမန်းကတန်း ထလိုက်ပြီး ဖိနပ်စီးကာ လင်းယွမ်၏ နောက်မှလိုက်၍ အခန်းထဲမှ ထွက်လာခဲ့သည်။
ဘုရားကျောင်း ခန်းမထဲရှိ အလောင်းများကို ဖယ်ရှားပြီးဖြစ်ကာ ပြတ်တောက်နေသော ခြေလက်များကိုလည်း ရှင်းလင်းပြီး ဖြစ်သော်လည်း သွေးညှီနံ့ အချို့ကမူ အခန်းထဲတွင် ကျန်ရစ်နေဆဲပင် ဖြစ်၏။
ဦးလေးရန်နှင့် အခြား အသက်ကြီးကြီး အဘိုးကြီးတစ်ဦးတို့က ခန်းမထဲတွင် ရပ်နေကြပြီး လင်းယွမ်ကို စောင့်ဆိုင်းနေပုံရသည်။
လင်းယွမ်နှင့် ရန်မေတို့ ထွက်လာသည်ကို မြင်သောအခါ ဦးလေးရန်က ထိုအဘိုးကြီးကို ခေါ်ကာ ကမန်းကတန်း ပြေးလာခဲ့သည်။
ဦးလေးရန်က ပြောလိုက်သည်။ "ဆရာလင်း... ဒီတစ်ယောက်ကတော့ ကျန်ရစ်သူတွေထဲမှာ မိန်တောင်ပေါ်က ကိစ္စတွေကို ပိုသိတဲ့ အဘိုးကြီးကောင်း... ကောင်းချန်လင်းပါ"
လင်းယွမ်က ကောင်းချန်လင်းကို ကြည့်ကာ မေးလိုက်သည်။ "ခင်ဗျား ကျဲ့ဆစ် စာသင်ကျောင်းကို သိလား"
ကောင်းချန်လင်းက ကမန်းကတန်း ပြန်ဖြေလိုက်သည်။ "သိပါတယ်... သိပါတယ်"
"ဒါဆိုရင် ကျွန်တော့်ကို အဲ့ဒီကို လိုက်ပို့ပေးပါ... အဆင်သင့်ရင် လမ်းမှာ မိန်တောင်မှာ ရေကြီးနေတဲ့ အချိန်အတွင်း ဘာတွေဖြစ်ခဲ့လဲ ဆိုတာကိုပါ တစ်ခါတည်း ပြောပြပေးပါ"
"ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ... ကျွန်တော် လမ်းပြပေးပါ့မယ်... ကျွန်တော်တို့ သွားရင်းနဲ့ပဲ ပြောကြတာပေါ့"
ထို့နောက် ကောင်းချန်လင်းက လင်းယွမ်တို့ကို ခေါ်ဆောင်ကာ ခြံတံခါးအပြင်ဘက်သို့ လျင်မြန်စွာ ထွက်လာခဲ့၏။
အပြင်ဘက်တွင် လူတစ်စုက တံခါးပေါက်၌ ဝိုင်းရံနေကြပြီး လင်းယွမ်တို့ကို တောင်းပန်တိုးလျှိုးနေသော မျက်ဝန်းများဖြင့် ကြည့်နေကြသည်။
လင်းယွမ်က တစ်ချက်ဝေ့ကြည့်လိုက်ပြီး ဘာမှမပြောဘဲ စကားတစ်ခွန်းသာ ဆိုလိုက်သည် "ခင်ဗျားတို့ ဒီမှာပဲ အရင်နေကြဦး... ကျွန်တော် နောက်မှ စီစဉ်ပေးမယ်"
လူတိုင်းမှာ ချက်ချင်း ဝမ်းသာသွားသော အမူအရာများ ပေါ်လာကြပြီး ဤအစွမ်းပိုင်ရှင်က သူတို့ကို စွန့်လွှတ်ရန် အစီအစဉ်မရှိကြောင်း သိလိုက်ကြ၏။
ကောင်းချန်လင်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "ကျေးဇူးပါပဲ ဆရာလင်းရယ်... ကျွန်တော်တို့တွေက သာမန်လူတွေချည်းပဲလေ... တကယ်လို့ စွမ်းအားကြီးတဲ့ အစွမ်းပိုင်ရှင်သာ ကြီးကြပ်ပေးမထားရင် တစ်ညတောင် အသက်ရှင်နိုင်မှာ မဟုတ်ဘူး"
လင်းယွမ်က "အင်း" ဟု အသံပြုလိုက်ပြီး ပြောလိုက်သည်။ "လမ်းပြတော့"
"ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ"
ထို့နောက် သူက လင်းယွမ်ကို ခေါ်ဆောင်ကာ ဘုရားကျောင်း ရင်ပြင်မှ ထွက်လာပြီး ဘုရားကျောင်း၏ အပြင်ဘက်သို့ ဦးတည်သွားလိုက်သည်။
သစ်သားလမ်းစင်္ကြံပေါ်သို့ ရောက်သောအခါ ရေကြီးမှုကြီး အပြီးတွင် မိန်တောင်၌ ဖြစ်ပျက်ခဲ့သော ကိစ္စများကို စတင်ပြောပြတော့၏။
"အစပိုင်းတုန်းကတော့ လူတိုင်းက ဒါဟာ သာမန် မိုးရာသီတစ်ခုလို့ပဲ ထင်ခဲ့ကြတာ... မိုးကလည်း တောက်လျှောက် ရွာနေခဲ့တာလေ"
"အစပိုင်းမှာ လူတိုင်းက အရမ်းဝမ်းသာနေကြတာ... ဘာလို့လဲဆိုတော့ နွေရာသီတုန်းက မိုးခေါင်တာ အတော်ကြာနေပြီလေ... လယ်ထဲက အပင်ပေါက်လေးတွေ အားလုံးကို ကျွန်တော်တို့ ကိုယ်တိုင် ရေလောင်းပေးနေရတာ"
"နောက်ပိုင်း ဒီမိုးကြီးက ဆယ်ရက်လောက် ဆက်တိုက် ရွာလာတော့ လူတိုင်းက တစ်ခုခုတော့ မှားနေပြီလို့ စတင်ခံစားလာရတယ်"
"ဒါပေမဲ့ ကျွန်တော်တို့က တောင်ခြေမှာ ရောက်နေတာမလား... နှစ်ပေါင်း ဘယ်လောက်ကြာကြာ ရေကြီးတာမျိုး တစ်ခါမှ မဖြစ်ဖူးတော့ လူတိုင်းက အဲ့ဒီဘက်ကို တွေးမထားခဲ့ကြဘူး"
"လူတိုင်း ပိုပြီး စိုးရိမ်ခဲ့တာက ဒီနှစ် စိုက်ပျိုးထားတဲ့ ကောက်ပဲသီးနှံတွေ ရေမြုပ်သွားရင် အထွက်နှုန်းကို ထိခိုက်လာနိုင်မှာကိုပဲ"
"ဒါပေမဲ့ ဒီမိုးက တစ်လတိတိ ဆက်တိုက် ရွာချလိုက်တယ်"
"အိမ်ရှေ့က ငါးကန်တွေ ရေမြုပ်သွားပြီး ငါးတွေ အများကြီး ထွက်ပြေးကုန်ကြတယ်... အချောင်လိုချင်တဲ့ လူတချို့က ငါးသွားဖမ်းရင်း ရေစီးနဲ့ မျောပါသွားတဲ့ လူတွေတောင် ရှိသေးတယ်"
"ကျွန်တော်တို့ ရဲစခန်းကို ဖုန်းဆက်တိုင်ကြတယ်... ဒါပေမဲ့ ရဲတွေလည်း လာလို့မရတော့ဘူး... အဲ့ဒီအချိန်ကျမှ လူတိုင်းက နည်းနည်း ထိတ်လန့်လာကြတာ"
"အဲ့ဒီနောက် ရေမျက်နှာပြင်က စတင်မြင့်တက်လာပြီး ကျွန်တော်တို့အိမ်ရဲ့ တံခါးဝအထိတောင် ရေလွှမ်းသွားတယ်"
"အိမ်ထဲမှာ နေရာတိုင်း ရေတွေချည်းပဲ ဖြစ်နေတော့ ကျွန်တော်တို့ အပေါ်ထပ်ကို ပြောင်းနေရုံပဲ တတ်နိုင်တော့တယ်"
"အဲ့ဒီအချိန်တုန်းက တောင်ပေါ်ကို ပြေးမယ်လို့ ဘယ်သူမှ မစဉ်းစားခဲ့ကြသေးဘူး... ဒီမိုးသက်မုန်တိုင်းက မကြာခင် တိတ်တော့မယ်လို့ပဲ ထင်ထားခဲ့ကြတာ"
"ဒါပေမဲ့ သည်းသည်းမဲမဲ ရွာနေတဲ့မိုးက ရပ်မသွားဘဲ ဒုတိယထပ်ကိုတောင် ရေလွှမ်းဖို့ စတင်လာခဲ့တယ်"
"ဒီတစ်ခေါက်တော့ တကယ်ကို ပြာယာခတ်သွားကြပြီလေ... အိမ်တိုင်းက အပြင်ဘက်ကို စပြီးဆက်သွယ်ကြတယ်"
"ဒါပေမဲ့ အဲ့ဒီအချိန်မှာ မီးပျက်သွားပြီး ဖုန်းလိုင်းတွေလည်း ပြတ်တောက်သွားတယ်"
"ဒါတွေအားလုံးက ဒုတိယလရောက်မှ စတင်ခဲ့တာပဲ"
"ဉာဏ်ကောင်းတဲ့ လူတွေကတော့ တောင်ပေါ်ပြေးဖို့ တွေးမိနေကြပြီ"
"လူတချို့က သစ်သားစည်ပိုင်းတွေထဲ ဝင်ထိုင်ပြီး ရေလွှမ်းနေတဲ့ အထဲကနေ တောင်ပေါ်ကို ရေကူးသွားတာကို ကျွန်တော် မြင်ခဲ့ရတယ်"
"လူတချို့က ကုတင်ပျဉ်ပြားတွေကို ဖြုတ် ဖောင်ဖွဲ့ပြီး တောင်ပေါ်ကို လှော်သွားကြတယ်"
"ကျွန်တော်တို့လည်း သူတို့ကိုကြည့်ပြီး အသီးသီး အတုခိုးကြတာပေါ့"
"ကျွန်တော်တို့အဖွဲ့က တောင်ပေါ်ကို အစောဆုံးရောက်လာတဲ့ အဖွဲ့လို့ ဆိုရမှာပဲ"
"အဲ့ဒီတုန်းက လီချန်ဟော်က ဦးဆောင်ခဲ့ပြီး ကျွန်တော်တို့ ယွင်ချွမ်ဘုရားကျောင်းမှာ ယာယီနေထိုင်ခဲ့ကြတယ်"
"နောက်ပိုင်း ကျွန်တော်တို့ တခြားလူတွေကို တောင်ပေါ်ခေါ်ဖို့ သွားကူညီပေးကြတယ်... ဒီလိုနဲ့ပဲ ရွာထဲက လူတော်တော်များများ ထွက်ပြေးလွတ်မြောက်လာခဲ့ကြတာ"
"လီခွေရုံတို့ တစ်မိသားစုလုံးကိုလည်း ကျွန်တော်တို့ ကယ်တင်ခဲ့တာပဲ... ဒါပေမဲ့ ဒီတိရစ္ဆာန်အုပ်စုက နောက်ပိုင်းကျရင် ဒီလိုလုပ်လာလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး..."
ကောင်းချန်လင်းက နာကျင်စရာကောင်းသော အတိတ်ကို ပြန်လည်အမှတ်ရနေပုံ ပေါ်သည်။
ကိစ္စရပ်များ၏ တိုးတက်မှုပြောင်းလဲမှုက အသစ်အဆန်းတော့ မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ လီခွေရုံတို့မှာ ရွာတာဝန်ခံများ ဖြစ်ကြသဖြင့် တောင်ပေါ်သို့ ကယ်တင်ခံရပြီးနောက် မကြာမီမှာပင် ဩဇာပြန်လည်ထူထောင်ကာ လူအင်အားကို စတင်စီစဉ်လာကြသည်။
ရေဘေးကယ်ဆယ်ရေးဟု အမည်တပ်ထားသော်လည်း အမှန်တကယ်တွင်မူ ထိုလုပ်ငန်းစဉ်များမှတစ်ဆင့် ပစ္စည်းများကို သိမ်းဆည်းကာ ပြန်လည်ခွဲဝေမှုများ ပြုလုပ်လာကြ၏။
ထိုလုပ်ငန်းစဉ်အတွင်း လူတချို့က မကျေမနပ်ဖြစ်ကြပြီး လူတချို့က ပြဿနာရှာလာကြသဖြင့် စိတ်ခံစားမှုပြင်းထန်သော ကိစ္စများက ပို၍ ပို၍ များပြားလာသည်။
လီခွေရုံ ညီအစ်ကို ငါးယောက်နှင့် ရွာတာဝန်ခံ အချို့ ပေါင်းစည်းကာ အတော်အတန် စည်းလုံးသော အဖွဲ့ငယ်လေး တစ်ခုကို ဖွဲ့စည်းလိုက်ပြီး ဩဇာကြီးမားသော နေရာကို ခိုင်မာစွာ ထိန်းချုပ်ထားနိုင်ခဲ့၏။
ထို့နောက်တွင်တော့ သန္ဓေပြောင်း အစွမ်းနိုးထလာသည့် ကိစ္စရပ်များ ဖြစ်ပေါ်လာခဲ့တော့သည်။
လီချန်ဟော်ဟုခေါ်သော ထိုအမျိုးသားက အစွမ်းကို အစောဆုံး နိုးထလာခဲ့သူ ဖြစ်သည်။
သူက ကိုယ်တိုင် ဦးဆောင်ကာ လီခွေရုံတို့နှင့် အကြီးအကျယ် စကားများ ရန်ဖြစ်ခဲ့၏။
ထို့နောက် လူတစ်စုက လီချန်ဟော်နောက်သို့ လိုက်ကာ ပြောင်းရွှေ့သွားကြပြီး ကျဲ့ဆစ် စာသင်ကျောင်းတွင် နေထိုင်ခဲ့ကြသည်။
ကျဲ့ဆစ် စာသင်ကျောင်းကိုလည်း ထိုအချိန်ကတည်းက သူတို့ သိမ်းပိုက်ခဲ့ခြင်း ဖြစ်၏။
လီခွေရုံတို့က အစွမ်းပိုင်ရှင်ဖြစ်သော လီချန်ဟော်ကို လက်မပါရဲသဖြင့် ဒေါသကို မြိုသိပ်ထားကာ သူက လူတစ်စုကို ခေါ်ဆောင်သွားသည်ကိုသာ ကြည့်နေခဲ့ရသည်။
ထို့နောက် အချိန်ကြာလာသည်နှင့်အမျှ စားစရာ သောက်စရာများက တဖြည်းဖြည်း နည်းပါးလာပြီး လူတွေကြားထဲတွင် အငြင်းပွားမှုများ မရပ်မနား ဖြစ်ပေါ်လာကာ စားစရာ အနည်းငယ်အတွက် စတင်လုယက်လာကြတော့၏။
ထိုကာလအတွင်း လူတချို့က တောင်ပေါ်တွင် သန္ဓေပြောင်း အသီးများကို မတော်တဆ ရှာဖွေတွေ့ရှိခဲ့ပြီး အစွမ်းများ နိုးထလာခဲ့ကြသည်။
လီခွေရုံ ညီအစ်ကို ငါးယောက်ထဲတွင် လီခွေရုံက ပထမဆုံး အစွမ်းနိုးထလာသူ ဖြစ်၏။
သူက မိမိ၏ အစွမ်းကို အသုံးပြုကာ နောက်လိုက်များကို လျင်မြန်စွာ စည်းရုံးလိုက်ပြီး လီချန်ဟော်ကို ရင်ဆိုင်ရန် အင်အားရှိလာခဲ့သည်။
သို့သော်လည်း ဤကောင်က အတော်လေး ကောက်ကျစ်ပြီး လီချန်ဟော်နှင့် မျက်နှာချင်းဆိုင် ရန်မဖြစ်ဘဲ တစ်ရွာတည်းသား သံယောဇဉ်ကို အသုံးချကာ စားသောက်ပွဲ တစ်ခုကို ကျင်းပခဲ့ပြီး တောင်းပန်စေ့စပ်ကာ အတူတကွ ရေဘေးကယ်ဆယ်ရေး လုပ်မည်ဟု ဆိုခဲ့၏။
လီချန်ဟော်က အများကြီး မစဉ်းစားဘဲ ဤစေ့စပ်ရေး စားသောက်ပွဲကို လက်ခံကာ ယွင်ချွမ်ဘုရားကျောင်းသို့ သွားခဲ့ပြီးနောက် တစ်ခါမှ ပြန်မလာတော့ပေ။
ထိုအချိန်မှစ၍ လီခွေရုံက တိရစ္ဆာန်အသွင်ကို အပြည့်အဝ ဖော်ပြလာတော့သည်။
ရွာသူများကို အတင်းအဓမ္မ လုယူခြင်း၊ လူသတ်ကာ စားစရာလုခြင်း စသည်ဖြင့် မလုပ်ရဲသည့် မကောင်းမှုဟူ၍ မရှိတော့ပေ။
ထိုအချိန်တွင် လီချန်ဟော်၏ သားဖြစ်သူ လီရှန်ယန်က အပြင်ဘက်မှ ပြန်ရောက်လာပြီး မိန်တောင်သို့ ရောက်ရှိလာခဲ့၏။
စေတနာရှင် တစ်ဦးက လီရှန်ယန်ကို ကြိုတင်သတိပေးခဲ့သဖြင့်သာ လီရှန်ယန်က ကံကောင်းထောက်မစွာဖြင့် အသက်ဘေးမှ လွတ်မြောက်သွားခဲ့ရသည်။
ဤလီရှန်ယန်ကလည်း သာမန်လူမဟုတ်ပေ။ သူကိုယ်တိုင် ထွက်ပြေးလွတ်မြောက်သွားရုံသာမက လီခွေရုံနှင့် ရန်ငြိုးရှိနေသော အစွမ်းပိုင်ရှင် တစ်စုကိုပါ သွေးထိုးလှုံ့ဆော်ကာ ကျဲ့ဆစ် စာသင်ကျောင်းသို့ အတူတကွ ထွက်ပြေးလာခဲ့ကြသည်။
ထို့နောက် လီရှန်ယန် ဦးဆောင်သော အဖွဲ့က ကျဲ့ဆစ် စာသင်ကျောင်းတွင် အခြေချ နေထိုင်ခဲ့ကြတော့၏။
နောက်ပိုင်းတွင် အဖွဲ့နှစ်ဖွဲ့ကြား အချင်းပွားမှုများ မရပ်မနား ရှိခဲ့သော်လည်း တောင်ပေါ်တွင် သန္ဓေပြောင်း သားရဲများ သောင်းကျန်းနေခြင်းနှင့် လစဉ် ကြုံတွေ့ရသော ပင်လယ်ဒီရေ အန္တရာယ်များကြောင့် အခက်အခဲများ ရှိနေခဲ့သည်။
သူတို့က ယာယီအတွင်း တစ်ဦးနှင့်တစ်ဦး ရန်ငြိုးများကို ဂရုမစိုက်နိုင်အားဘဲ ကိုယ့်နယ်မြေလေးထဲတွင်သာ ကိုယ် ကျုံ့ကျုံ့လေး နေခဲ့ကြရ၏။
လင်းယွမ်က နားထောင်ပြီးနောက် ခံစားချက် သိပ်မရှိလှပေ။
ရေဘေးအန္တရာယ်အောက်တွင် လူသားများအပေါ် ခြိမ်းခြောက်မှုက သန္ဓေပြောင်း သားရဲများထံမှ လာသည်သာမက လူသားအချင်းချင်းထံမှလည်း လာပေသည်။
မိန်တောင်ပေါ်တွင် ဖြစ်ပျက်ခဲ့သော ယုတ်မာမှုများနှင့် ပတ်သက်၍ သူက အံ့ဩမနေခဲ့ပေ။
ထိုက်ယန်တောင် တစ်ခုတည်းမှာပင် ခိုလှုံရေးစခန်း လေးခုအထိ ဖန်တီးနိုင်သေးသည်လေ။
ဤမိန်တောင်က ထိုက်ယန်တောင်လောက်ပင် မကြီးမားဘဲ ရွာတစ်ရွာတည်းတွင် ဤသို့ဖြစ်နေခြင်းက အနည်းငယ်မျှ ဆန်းကြယ်မနေပေ။
ရွာတစ်ရွာဖြစ်၍ စည်းလုံးညီညွတ်ကြမည်ဟု မထင်လိုက်နှင့်။ လူရှိသော နေရာတိုင်းတွင် တိုက်ပွဲများ ရှိစမြဲပင် ဖြစ်သည်။
လူတချို့က အမြဲတမ်း မိမိကိုယ်ကို ဗဟိုပြုတတ်ကြပြီး ကိုယ်ကျိုးလောဘကို ဖြည့်ဆည်းရင်း တစ်ချိန်တည်းမှာပင် အခြားသူများကို အနိုင်ကျင့်ချင်နေတတ်ကြ၏။
လူ့သဘာဝက မူလကတည်းက ဆိုးယုတ်ပြီး ကိုယ်ကျိုးရှာတတ်ခြင်းကသာလျှင် အခြေခံ သဘောတရား ဖြစ်ပေသည်။
ဆက်ရန်...
အပိုင်း (၂၈၂) ကျဲ့ဆစ် စာသင်ကျောင်း
ကလေးငယ်တစ်ယောက်က မွေးကင်းစအရွယ်မှာတင် သူလိုချင်တာကိုရဖို့ ငိုယိုတတ်ကြသည်။ မရလျှင် ပူဆာငိုယိုမည်... ကြီးလာလျှင်တော့ လုယက်တိုက်ခိုက်တတ်လာကြသည်။
လူသားတွေ၏လောဘတရားက အဆုံးအစမရှိပေ။ အကယ်၍သာ ထိန်းချုပ်မှုမရှိတော့လျှင် အရာအားလုံးကို ဝါးမျိုသွားမည့် ဧရာမရေဝဲကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။
လူဆိုသည်က တစ်ကိုယ်ကောင်းဆန်တတ်ပြီး လူ့သဘာဝက မူလကတည်းက ယုတ်မာသည်ဆိုသော စကားက အလကားပြောနေခြင်း မဟုတ်ပေ။
လူအတော်များများက သူတစ်ပါး၏ နာကျင်ခံစားရမှုတွေအပေါ်မှာ သူတို့၏ ပျော်ရွှင်မှုကို တည်ဆောက်တတ်ကြသည်။
သူများတွေ မိမိထက် ပို၍ ဒုက္ခရောက်နေသည်ကို မြင်ရလျှင် သူတို့၏ ကိုယ်ပိုင်နာကျင်မှုများက သိပ်ပြီး မပြင်းထန်တော့သကဲ့သို့ ခံစားရတတ်သည်။
ဤသည်ကပင် အသိပညာသင်ကြားဖူးပြီး စိတ်ပိုင်းဆိုင်ရာ ကိုယ်ကျင့်တရား စည်းမျဉ်းအချို့၏ ကန့်သတ်ထိန်းချုပ်မှုအောက်တွင် ရှိနေသေးသည့် လူ့အဖွဲ့အစည်း ဖြစ်သည်။
အကယ်၍သာ ကိုယ်ကျင့်တရားတွေ ပျက်သုဉ်းပြီး ဥပဒေသတ်မှတ်ချက်တွေ ပြိုလဲသွားချိန်မှာဆိုလျှင် လူသားတွေ၏ ယုတ်မာရက်စက်မှုက မည်မျှထိ ကြီးထွားလာနိုင်မည်နည်းဆိုတာ တွေးကြည့်ရုံနှင့်ပင် သိနိုင်သည်။
မိန်တောင်ပေါ်က အဖြစ်ဆိုးက ဤကမ္ဘာပျက်ရေကြီးမှုကြီးအတွင်းက ပုံရိပ်ငယ်တစ်ခုမျှသာ ဖြစ်သည်။ အလားတူအဖြစ်အပျက်မျိုးကို လင်းယွမ်က ကိုယ်တိုင်ကြုံတွေ့ခဲ့ဖူးသည်။
ဤအချိန်၌ ရေလွှမ်းမိုးနေသော အဆောက်အအုံများကြားထဲတွင်လည်း စိတ်ကူးနှင့်ပင် မှန်းဆ၍မရနိုင်လောက်အောင် ဆိုးရွားလှသည့် အဖြစ်အပျက်ပေါင်းများစွာက နေရာအနှံ့ ဖြစ်ပွားနေလောက်ပေပြီ။
ဦးလေးရန်က အားလုံးကို နားထောင်ပြီးနောက် သူ၏မျက်နှာထားက အလွန်ပင် လေးနက်သွားသည်။ သူ၏ အိုမင်းနေသော မျက်နှာပေါ်တွင် နာကျင်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။
တစ်ချိန်က ရွာသူရွာသားများ၊ အိမ်နီးချင်းများက ဤကဲ့သို့ အခြေအနေထိ ပြောင်းလဲသွားကြလိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။
ရန်မေက မျက်ရည်များ ဝဲနေသော်လည်း ယခုအချိန်တွင်မူ ဝမ်းနည်းမှုက အတော်လေး လျော့ပါးသွားခဲ့ပြီ ဖြစ်သည်။
သူမတွေးမိသည်က အစပိုင်းတုန်းက မိန်တုဥယျာဉ် အဆောက်အအုံထဲတွင် သူမ ကြုံတွေ့ခဲ့ရသမျှ အရာအားလုံးကို ဖြစ်သည်။
အကယ်၍သာ မောင်လေးနှင့် မတွေ့ခဲ့ရလျှင် ယခုအချိန်၌ သူမ အသက်ရှင်နေဦးမည်လား ဆိုသည်ကိုပင် တွေးမကြည့်ဝံ့ပေ။
သူမအနေဖြင့် မည်မျှ ကြောက်မက်ဖွယ်ကောင်းသည့် အရာများကို ကြုံတွေ့ရနိုင်သလဲ ဆိုသည်ကိုတော့ ပို၍ပင် မတွေးဝံ့တော့ချေ။
ဤအချက်ကို တွေးမိလိုက်သည်နှင့် သူမက မသိစိတ်၏ စေ့ဆော်မှုအရ လင်းယွမ်၏ လက်ဖဝါးကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်မိသည်။
လင်းယွမ်က သူမ၏ ခံစားချက်ကို နားလည်သွားသဖြင့် သူမ၏ နူးညံ့သော လက်ဖဝါးလေးကို ပြန်လည် ဆုပ်ကိုင်ပေးလိုက်ကာ သူမအား လုံခြုံနွေးထွေးမှုနှင့် ခွန်အားများ ပေးစွမ်းလိုက်သည်။
"ဒါဆို အခု ကျဲ့ဆစ် စာသင်ကျောင်းရဲ့ ခေါင်းဆောင်က လီရှန်ယန်ပေါ့"
"ဟုတ်တယ်"
"သူက အဲ့လောက်တောင် စွမ်းတာလား... လီခွေရုံ လက်အောက်မှာ အစွမ်းပိုင်ရှင်တွေ အများကြီးရှိတာတောင် ကျဲ့ဆစ် စာသင်ကျောင်းကို မသိမ်းနိုင်ဘူးလား" လင်းယွမ်က မေးလိုက်သည်။
ကောင်းချန်လင်းက ဖြေလာသည်။ "တော်တော်လေး စွမ်းတယ်... လီခွေရုံရဲ့ တပည့်တွေ ပြောတာကို ကျွန်တော် ကြားဖူးတယ်... အဲ့ဒီ လီရှန်ယန်ရဲ့ အစွမ်းက တခြားလူတွေနဲ့ မတူဘူးတဲ့... ပြီးတော့ သူ့လက်ထဲမှာ ထူးဆန်းတဲ့ လက်နက်တစ်ခုရှိတယ်... အဲ့ဒီလက်နက်က စွမ်းအားအရမ်းကြီးလို့ လီခွေရုံတို့က သူ့ကို တော်တော်လေး လန့်ကြတယ်"
"လက်နက်" လင်းယွမ်က အံ့သြသွားပြီး မေးလိုက်သည်။
"သေနတ်လား"
"မဟုတ်ဘူး... စာသင်ကျောင်းတွေမှာသုံးတဲ့ ပေတံ တစ်ချောင်းပဲ... ကျဲ့ဆစ် စာသင်ကျောင်းထဲကနေ ရှာတွေ့ခဲ့တာလို့ ကြားတယ်"
"ပေတံ"
လင်းယွမ်က အံ့သြသွားသည်။ ခေတ်မီ မီးယမ်းလက်နက်တစ်ခုခုဟု သူ ထင်မှတ်ထားခဲ့သော်လည်း ရိုးရိုးလက်နက်တစ်ခု ဖြစ်နေမည်ဟု မထင်ထားခဲ့ပေ။
သူ၏ မျက်လုံးများက တလက်လက် တောက်ပသွားပြီး တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသည်။
"ရိုးရိုးလက်နက်တစ်ခုက စွမ်းအားကြီးတယ်ဆိုတော့... ဒါက... သန္ဓေပြောင်းလက်နက်များ ဖြစ်နေမလား"
ထိုအခါမှ သူက ချက်ချင်း သဘောပေါက်သွားသည်။ သန္ဓေပြောင်း အစွမ်းလက်နက်များက တကယ်ပဲ ရှိနေနိုင်သည်။
အဘယ်ကြောင့်ဆိုသော် သူ၏ စနစ်ကံစမ်းမဲဘီးထဲတွင် ထိုအရာများ ပါဝင်နေသောကြောင့် ဖြစ်သည်။
ထို့အပြင် ၎င်းတို့အားလုံးက တန်ဖိုးကြီးမားသည့် အရာများချည်းသာ ဖြစ်သည်။
ထို သန္ဓေပြောင်းလက်နက် အတော်များများက တကယ်တမ်းတွင် သန္ဓေပြောင်း သတ္တဝါများ၏ အရိုးစုများနှင့် ပြုလုပ်ထားခြင်းဖြစ်ပြီး အလွန်တရာ မာကျောခိုင်ခံ့မှုနှင့် ပျော့ပျောင်းမှုတို့ကို ပိုင်ဆိုင်ထားကြသည်။
အချို့သော လက်နက်များဆိုလျှင် ထူးခြားသည့် သန္ဓေပြောင်းစွမ်းအင်များကိုပင် သယ်ဆောင်ထားတတ်ကြသည်။
အခြားသော သန္ဓေပြောင်းလက်နက် အချို့ကမူ ခေတ်မီ သေနတ်များကဲ့သို့ ပြုပြင်ဖန်တီးထားပြီး သန္ဓေပြောင်း သတ္တဝါများ မသေဆုံးမီက ပိုင်ဆိုင်ခဲ့သော အစွမ်းများအပေါ် မူတည်၍ ထူးခြားသော စွမ်းအင်များကို ထုတ်လွှတ်ပေးနိုင်သည်။
သို့သော်လည်း ယခုအချိန်အထိ လင်းယွမ်က ထိုကဲ့သို့သော လက်နက်မျိုးကို တကယ်တမ်း မတွေ့ကြုံခဲ့ဖူးသေးချေ။ စနစ်၏ ကံစမ်းမဲဘီးထဲတွင်သာ မြင်တွေ့ခဲ့ဖူးခြင်း ဖြစ်သည်။
ယခုလိုမျိုး ထိုကဲ့သို့သော လက်နက်တစ်ခုအကြောင်းကို ရုတ်တရက်ကြီး ကြားလိုက်ရသဖြင့် သူ အတော်လေး အံ့သြသွားမိသည်။
"နေဦး... တကယ်လို့ ဒီလိုလက်နက်မျိုးတွေက အစွမ်းပိုင်ရှင်တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ပေးနိုင်တယ်ဆိုရင်... စစ်တပ်ဘက်က သေချာပေါက် သုတေသန လုပ်နေလောက်ပြီ"
သူ၏ မျက်နှာထားက အနည်းငယ် တည်ကြည်သွားသည်။ အကယ်၍ စိတ်စွမ်းအင် အမှတ် ၅၀ ရှိသော လူတစ်ယောက်က စိတ်စွမ်းအင် အမျိုးအစား သန္ဓေပြောင်းလက်နက် တစ်ခုကို ကိုင်ဆောင်ထားမည်ဆိုပါက သူထုတ်လွှတ်မည့် တိုက်ခိုက်မှု စွမ်းအားက မိမိထက် ပိုများနေနိုင်မလား။
ယခုအခြေအနေအရ မည်သူကမျှ သူ၏ အရည်အသွေးမှတ်ထက် ပိုမြင့်နိုင်မည် မဟုတ်ဟု သူ ခံစားရသော်လည်း ထိုဖြစ်နိုင်ခြေက ရှိနေဆဲပင် ဖြစ်သည်။
အချိန်တွေ ကုန်လွန်လာသည်နှင့်အမျှ ထိုဖြစ်နိုင်ခြေက ပို၍ပို၍ ကြီးမားလာလိမ့်မည်။
အကယ်၍ သူသာ ပေါ့ဆသွားပြီး ခြေလှမ်းတွေ နှေးကွေးသွားခဲ့လျှင် နောက်မှလိုက်လာသူများက သူ့ကို သေချာပေါက် ကျော်တက်သွားကြပေလိမ့်မည်။
ထို့ကြောင့် လင်းယွမ်က ထို ပေတံ ဆိုသည့်အရာအပေါ် ချက်ချင်းပင် စိတ်ဝင်စားသွားသည်။
"သူ့လက်အောက်မှာ အစွမ်းပိုင်ရှင် ဘယ်လောက်ရှိလဲ"
"သိပ်မများဘူး... အစတုန်းက သူက လူငါးယောက် ခြောက်ယောက်လောက်ပဲ ခေါ်သွားတာ... ကျဲ့ဆစ် စာသင်ကျောင်းမှာ အစထဲက ရှိနေတဲ့ ဆယ်ဂဏန်းလောက်နဲ့ ပေါင်းလိုက်ရင် အကြမ်းဖျင်း အယောက် နှစ်ဆယ်လောက်ပဲ ရှိမယ်... ဒါက သာမန်လူတွေကို ထည့်မတွက်ထားဘူး... သာမန်လူတွေကိုပါ ထည့်တွက်မယ်ဆိုရင်တော့ အယောက် တစ်ရာကျော်လောက် ရှိနိုင်တယ်"
လင်းယွမ်က ခေါင်းညိတ်လိုက်သည်။ အမှန်တွင် လူတစ်ရာကျော်ဆိုသည်က နည်းပါးလှသည်တော့ မဟုတ်ပေ။
အစပိုင်းတုန်းက ယန်တောင်ကို သူ စတင်ရောက်ရှိချိန်က သူ၏လက်အောက်ရှိ လူဦးရေနှင့် သိပ်မကွာလှချေ။
"သွားကြစို့... ဟိုရောက်မှပဲ ဆက်ပြောကြတာပေါ့"
သူတို့ လေးယောက်က အလွန်မြန်ဆန်စွာ လျှောက်သွားကြပြီး မကြာမီမှာပင် ကျဲ့ဆစ် စာသင်ကျောင်းသို့ ရောက်ရှိသွားကြသည်။
အဝေးမှ လှမ်းကြည့်လိုက်လျှင် ကျဲ့ဆစ် စာသင်ကျောင်း၏ ပတ်ပတ်လည်ရှိ သစ်ပင်များ အတော်များများကို ခုတ်လှဲထားသဖြင့် မြင်ကွင်းက အတော်လေး ရှင်းလင်းကျယ်ပြန့်နေသည်။
ကျဲ့ဆစ် စာသင်ကျောင်း အပြင်ဘက်တွင်လည်း ကင်းလှည့်နေသော အဖွဲ့အချို့ ရှိနေပြီး သူတို့ လေးယောက်ကို အဝေးမှနေ၍ မြင်သွားကြသည်။
မကြာမီမှာပင် ကင်းလှည့်နေသူ တစ်ယောက်က သူတို့ကို အသံကျယ်ကျယ်ဖြင့် လှမ်းမေးလိုက်သည်။
"ရပ်လိုက်စမ်း... မင်းတို့က ဘယ်သူတွေလဲ"
ကောင်းချန်လင်းက အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ကျွန်တော် သွားပြောလိုက်မယ်... သူတို့ထဲက တချို့လူတွေနဲ့ ကျွန်တော် ရင်းနှီးတယ်... သူတို့က ယွင်ချွမ်ဘုရားကျောင်းဘက်က အခြေအနေတွေကို မသိကြသေးဘူး"
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီး ဦးလေးရန်ကို ပြောလိုက်သည်။
"ဦးလေးလင်း... ခင်ဗျားလည်း တစ်ခေါက်လောက် လိုက်သွားလိုက်ပါ"
ဦးလေးရန်က ကမန်းကတန်း ပြန်ဖြေလိုက်သည်။ "သိပြီ... ငါ ကိုကောင်းနဲ့ အတူသွားလိုက်မယ်... လီရှန်ယန် ဆိုတဲ့ကောင်လေးကို ငါလည်း မြင်ဖူးတယ်... သူက ငါ့ကို သိတယ်"
ဦးလေးရန်နှင့် ကောင်းချန်လင်းတို့က ကမန်းကတန်း ပြေးသွားကြသည်။
"ရန်ကျဲ မဟုတ်လား... ဟာ... တကယ်ပဲ ရန်ကျဲကိုး... ငါလေ... ဦးလေးလင်းလေ"
ဦးလေးရန်က အနီးသို့ ရောက်သွားပြီး ကြည့်လိုက်ချိန်တွင် ထိုကင်းလှည့်နေသူကို ချက်ချင်း မှတ်မိသွားကာ စိတ်လှုပ်ရှားစွာဖြင့် အော်ခေါ်လိုက်ခြင်း ဖြစ်သည်။
ထိုလူငယ်လေးကို သူ သိသည်။ သူ၏ အိမ်နီးချင်းဖြစ်သူ၏ ကလေး ရန်ကျဲ ဖြစ်သည်။
ရန်ကျဲက ဦးလေးရန်ကို မြင်လိုက်ရချိန်တွင် ရုတ်တရက် ကြက်သေ သေသွားပြီးနောက် ချက်ချင်းပင် အံ့အားသင့် ဝမ်းသာသွားသည်။
"ဦးလေးလင်းလား"
သူ အနားသို့ သွားရန် ပြင်လိုက်ချိန်တွင် ဘေးရှိ လူတစ်ယောက်က သူ့ကို ဆွဲထားလိုက်သည်။
သူ၏ ဘေးရှိ လူငယ်က ပြောလိုက်သည်ကို ကြားလိုက်ရသည်။
"သတိထားဦး... လီခွေရုံတို့ လွှတ်လိုက်တဲ့သူတွေ ဖြစ်နေဦးမယ်"
ရန်ကျဲက ထိုစကားကို ကြားလိုက်ရချိန်တွင် သူ၏ ခြေလှမ်းများက ရုတ်တရက် ရပ်တန့်သွားပြီး ဦးလေးရန်ကို ကြည့်ကာ မေးလိုက်သည်။
"ဦးလေးလင်း... ဘယ်လိုလုပ် ဒီရောက်နေတာလဲ"
ထိုသို့ပြောရင်း သူက ဘေးရှိ ကောင်းချန်လင်းကို ကြည့်လိုက်ရာ သူ၏ မျက်နှာထားက ရုတ်တရက် တည်တင်းသွားသည်။
"ဦးလေးကောင်း... ကျွန်တော် သိသလောက်ဆိုရင် ခင်ဗျားက ယွင်ချွမ်ဘုရားကျောင်းမှာ နေတာမလား"
ကောင်းချန်လင်းက ကမန်းကတန်း ရှင်းပြလိုက်သည်။
"ယွင်ချွမ်ဘုရားကျောင်းမှာ ပြဿနာ တက်သွားပြီ... မင်းရဲ့ ဦးလေးလင်းနဲ့ ရန်မေတို့ ပြန်ရောက်လာတယ်... ရန်မေက သူ့အဖေ ဒီမှာရှိတယ်လို့ ကြားတော့ ငါ့ကို လမ်းပြခိုင်းပြီး လာခဲ့တာ"
"အမမေ"
ရန်ကျဲက ထိုသို့ ကြားလိုက်ရချိန်တွင် နောက်ဘက်ရှိ ရန်မေနှင့် လင်းယွမ်တို့ကို အမြန်လှမ်းကြည့်လိုက်သည်။
ထိုအခါမှသာ ထိုကိုယ်လုံးကိုယ်ပေါက် အလွန်လှပသော မိန်းမပျိုက သူ ငယ်စဉ်ကတည်းက တိတ်တခိုး ချစ်ခင်နှစ်သက်ခဲ့ရသည့် အိမ်နီးချင်းဖြစ်သူ အမမေ ဖြစ်နေကြောင်းကို သူ မှတ်မိသွားတော့သည်။
သူက ရုတ်တရက် စိတ်လှုပ်ရှားလာပြီး အော်ခေါ်လိုက်သည်။
"အမမေ... အမ... အမ ဘာမှမဖြစ်ဘူးမလား... တော်သေးတာပေါ့... တော်သေးတာပေါ့ဗျာ"
"ရန်ကျဲ... စိတ်လိုက်မာန်ပါ မလုပ်နဲ့" ဘေးရှိလူက တားဆီးလိုက်သည်။
ရန်ကျဲက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ "ရန်ဟိုင်... သေချာကြည့်စမ်းပါ... အမမေလေ... သူနဲ့ ဦးလေးလင်းက ယွင်ချွမ်ဘုရားကျောင်းက လူတွေ မဟုတ်ဘူး... အစတုန်းက တောင်ပေါ်တက်လာကြတဲ့ အချိန်မှာ သူတို့က မိန်တောင်ရွာမှာ လုံးဝ မရှိကြဘူး"
ရန်ဟိုင်ဟု ခေါ်သော လူငယ်ကလည်း အနည်းငယ် သံသယဝင်သွားကာ ပြောလိုက်သည်။
"သေချာအောင် အရင်မေးကြည့်ဦး"
"ဦးလေးလင်း... ဦးလေးကောင်း... ခုနက ခင်ဗျားတို့ ပြောတဲ့ ယွင်ချွမ်ဘုရားကျောင်းမှာ ပြဿနာ တက်သွားပြီဆိုတာ... ဘာသဘောလဲ"
ရန်ဟိုင်က အဘိုးအို နှစ်ယောက်ကို စိုက်ကြည့်လိုက်ပြီး လင်းယွမ်နှင့် ရန်မေတို့ကို မျက်လုံးထောင့်မှ အကဲခတ်ကာ သတိကြီးစွာဖြင့် မေးလိုက်သည်။
ဦးလေးရန်က အမြန်ရှင်းပြလိုက်သည်။
"ငါတို့ တောင်ပေါ်ကို ရောက်ရောက်ချင်းပဲ လီကောရှန်တို့နဲ့ ဆုံခဲ့တယ်... သူတို့က ငါတို့ကို လိမ်ပြီး ရန်မေရဲ့အဖေက ယွင်ချွမ်ဘုရားကျောင်းမှာ ရှိတယ်ဆိုလို့ ငါတို့လည်း ယုံမိပြီး ယွင်ချွမ်ဘုရားကျောင်းကို အလိမ်ခံပြီး ပါသွားတာ"
ရန်ဟိုင်က ထိုစကားကို ကြားသောအခါ မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်ပြီး မေးလိုက်သည်။
"ဒါဆို ခင်ဗျားတို့က ထွက်ပြေးလာတာပေါ့"
"အင်း... ထွက်ပြေးလာတာလို့တော့လည်း မဆိုနိုင်ပါဘူး" ရန်ဟိုင်၏ စကားလုံး အသုံးပြုမှုက မမှန်ကန်ဟု ဦးလေးရန်က ခံစားလိုက်ရသည်။
ရန်ဟိုင်က မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်သည်။
"ခင်ဗျားတို့ ဘယ်လိုပဲ ထွက်လာခဲ့ပါစေ... ယွင်ချွမ်ဘုရားကျောင်းကို ရောက်ဖူးတယ် ဆိုကတည်းက ယွင်ချွမ်ဘုရားကျောင်းနဲ့ ကျွန်တော်တို့ ကျဲ့ဆစ် စာသင်ကျောင်းက ရေနဲ့မီးလို ဖြစ်နေတယ်ဆိုတာ ခင်ဗျားတို့ သိမှာပါ... ခင်ဗျားတို့ကို ကျွန်တော် ဒီအတိုင်း ပေးဝင်လို့မရဘူး"
ဦးလေးရန်က ထိုသို့ကြားလျှင် အနည်းငယ် တုံ့ဆိုင်းသွားပြီး ပြောလိုက်သည်။
"ဒါဆို... အထဲကို မဝင်လည်း ရပါတယ်... ရန်ရုံဝေကို အပြင်ခေါ်ထုတ်ပေးလို့ ရမလား... သူ့သမီးက သူ့ကိုလာရှာတာကို မင်းတို့က ပေးမတွေ့ဘဲတော့ မနေလောက်ပါဘူးနော်"
ရန်ဟိုင်က အနည်းငယ် တိတ်ဆိတ်သွားသည်။ ယခုတစ်ကြိမ်တွင်မူ သူ တကယ်ကို ပြောစရာစကား မရှိတော့ချေ။
တစ်ပါးသူက မိမိ၏ ဖခင်ကို လာရှာခြင်းဖြစ်ရာ အကြောင်းပြချက် မည်သို့ပင်ရှိစေကာမူ သူ တားဆီးရန် မသင့်တော်ပေ။
ရန်ကျဲက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ရန်ဟိုင်ကို ပြောလိုက်သည်။
"ရန်ဟိုင်... သူတို့က လူဒီလောက်လေးပဲဟာ... ဘာပြဿနာမှ မရှိလောက်ပါဘူး... ယွင်ချွမ်ဘုရားကျောင်းက လွှတ်လိုက်တာလည်း မဖြစ်နိုင်ပါဘူး"
ရန်ဟိုင်က သတိကြီးစွာဖြင့် ခေါင်းယမ်းလိုက်သည်။
"မရဘူး... အခုချိန်မှာ သူတို့ကို ပေးဝင်လို့ မဖြစ်ဘူး"
သူက ရန်ကျဲကို မျက်ရိပ်ပြလိုက်ရာ ရန်ကျဲက သူ၏ ဆိုလိုရင်းကို နားလည်သွားသည်။ လီရှန်ယန်က လူအင်အား အများစုကို ခေါ်ဆောင်သွားခဲ့သဖြင့် ယခုအခါ ကျဲ့ဆစ် စာသင်ကျောင်းက အခွံလွတ်ကြီးသာ ဖြစ်နေသည်။ အထဲက အခြေအနေကို အပြင်လူများအား လုံးဝ ပေးသိ၍ မဖြစ်ပေ။
ထို့ကြောင့် ယခုအချိန်တွင် သူတို့ကို အထဲသို့ အဝင်ခံ၍ လုံးဝ (လုံးဝ) မဖြစ်ချေ။
ရန်ကျဲက ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး သူ၏ စိတ်လှုပ်ရှားနေမှုကို ဖိနှိပ်လိုက်ကာ မလှမ်းမကမ်းတွင်ရှိသော သူ ငယ်စဉ်ကတည်းက တိတ်တခိုး ချစ်ခဲ့ရသည့် နတ်သမီးလေးကို လှမ်းကြည့်လိုက်သည်။ သူက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ပြောလိုက်သည်။
"ဦးလေးရုံဝေက ကျဲ့ဆစ် စာသင်ကျောင်းမှာ မရှိဘူး"
ဦးလေးရန်က ကမန်းကတန်း မေးလိုက်သည်။
"မရှိဘူးဟုတ်လား"
သူက ကောင်းချန်လင်းကို ကြည့်လိုက်သည်။
"ကိုကောင်း... ရုံဝေက ဒီဘက်မှာ ရှိတယ်ဆို"
ကောင်းချန်လင်းက ရန်ကျဲကို ကြည့်ကာ ပြောလိုက်သည်။
"ရှောင်ကျဲ... ရှောင်ဟိုင်... ငါ မှတ်မိသလောက် အစတုန်းက ရန်ရုံဝေကို လီရှန်ယန် ကယ်သွားတာ မဟုတ်ဘူးလား... သူက ဘယ်လိုလုပ် ဒီမှာ မရှိရတာလဲ... ပြီးတော့ လီခွေရုံတို့ လူစုက သူ့ကို ဖမ်းမိဖို့ နီးစပ်ခဲ့တာ အကြိမ်ကြိမ်ပဲ ဆိုတာကိုလည်း ငါ ကြားဖူးတယ်... အဲ့ဒါကို မင်းတို့လူတွေကပဲ ကယ်ထုတ်လာခဲ့တာ မဟုတ်လား"
ရန်ကျဲက ပြောလိုက်သည်။ "ကျွန်တော် ဆိုလိုတာက သူက လောလောဆယ် ဒီမှာ မရှိတာ... ဒီနေ့က သူ ကင်းလှည့်ထွက်ရမယ့် အလှည့်လေ... ခင်ဗျားတို့ လာတာ အချိန်မကိုက် ဖြစ်သွားတယ်"
ကောင်းချန်လင်းက အနည်းငယ် တိတ်ဆိတ်သွားပြီး ဦးလေးရန်က ဆက်မေးလိုက်သည်။
"ဒါဆို သူ ဘယ်တော့လောက် ပြန်လာမလဲ"
"မသိဘူး"
"ဒါဆို ငါတို့ အထဲဝင်ပြီး သူ့ကို စောင့်နေလို့ ရမလား" ဦးလေးရန်က ထပ်မေးလိုက်သည်။
ရန်ကျဲက ချက်ချင်း ပြန်ဖြေလိုက်သည်။
"မရဘူး... ဦးလေးလင်း... ခင်ဗျားက ယွင်ချွမ်ဘုရားကျောင်းကနေ လာတာဖြစ်တဲ့အတွက် ကျွန်တော်တို့နဲ့ ယွင်ချွမ်ဘုရားကျောင်းက လူတွေနဲ့ သွေးကြွေးရှိတယ်ဆိုတာ ခင်ဗျား သိမှာပါ... ကျွန်တော်တို့ သတိမထားလို့ မရဘူး... ခင်ဗျားတို့ စောင့်ချင်တယ်ဆိုရင် ဟိုဘက်က သစ်ပင်အောက်မှာ သွားစောင့်ကြပါ"
သူက မလှမ်းမကမ်းရှိ သစ်ပင်ကြီး တစ်ပင်ကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
ဦးလေးရန်က ဘာမှမတတ်နိုင်တော့သဖြင့် ကောင်းချန်လင်းနှင့် အကြည့်ချင်း ဖလှယ်လိုက်ပြီး လင်းယွမ်နှင့် ရန်မေတို့ အနီးသို့ သွားကာ အကြောင်းစုံကို အကျဉ်းချုပ် ပြောပြလိုက်သည်။
လင်းယွမ်က နားထောင်ပြီးနောက် သူ၏ မျက်လုံးများက တလက်လက် တောက်ပသွားကာ ပြောလိုက်သည်။
"ဒီလောက် တိုက်ဆိုင်နေတာလား... ငါတို့ လာတာနဲ့ပဲ ရန်မေရဲ့ အဖေက အပြင်ကို ကင်းလှည့်ထွက်သွားတယ်ပေါ့"
ကောင်းချန်လင်းက ဝင်ပြောလိုက်သည်။
"ကျဲ့ဆစ် စာသင်ကျောင်းဘက်က ယွင်ချွမ်ဘုရားကျောင်းက လာတဲ့လူတွေကို စိတ်မချတာလေ... ဒါကြောင့် သူတို့က ငါတို့ကို နည်းနည်း သတိထားနေတာ ဖြစ်နိုင်တယ်"
ဦးလေးရန်က မနေနိုင်ဘဲ ပြောလိုက်သည်။
"သူတို့က ငါတို့ကို ယွင်ချွမ်ဘုရားကျောင်းက သူလျှိုတွေလို့ သံသယ ဝင်နေတာလို့ မင်းက ဆိုလိုချင်တာလား"
ကောင်းချန်လင်းက ဘာမှပြန်မပြောသော်လည်း သူ၏ မျက်နှာအမူအရာက အားလုံးကို ပြောပြနေသည်။
ရန်မေက အတော်လေး စိုးရိမ်ပူပန်သွားပြီး ရန်ဟိုင်နှင့် ရန်ကျဲတို့၏ အရှေ့သို့ ကမန်းကတန်း လျှောက်သွားလိုက်သည်။
"ရန်ကျဲ... ရန်ဟိုင်... အမက ရန်မေပါ... အမတို့က ယွင်ချွမ်ဘုရားကျောင်းက သူလျှိုတွေ တကယ် မဟုတ်ပါဘူး... ရွာသူကြီး ဦးဆောင်တဲ့ အဲ့ဒီလူတွေ အကုန်လုံး မောင်လေးလင်းယွမ် သတ်တာကို ခံလိုက်ရပြီ... သူတို့က အမတို့ကို ဒုက္ခပေးချင်နေခဲ့တာ... အမတို့က သူလျှို လုံးဝ မဖြစ်နိုင်ပါဘူး... အမကို ယုံပါ... အမရဲ့ အဖေ ဘယ်မှာလဲဆိုတာ ပြောပြပါနော်"
ရန်ကျဲနှင့် ရန်ဟိုင်တို့က ထိုစကားကို ကြားသောအခါ ရုတ်တရက် အံ့သြသံသယဖြစ်သွားသည့် မျက်နှာထားများ ပေါ်လာသည်။
သူတို့ နှစ်ယောက်က အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ရန်ကျဲက မနေနိုင်ဘဲ မေးလိုက်သည်။
"အမမေ... အမ ဘာပြောလိုက်တယ်... လီခွေရုံ ဆိုတဲ့ တိရစ္ဆာန်ကောင် သေသွားပြီဟုတ်လား"
ရန်ဟိုင်ကလည်း သံသယအပြည့်ပါသော မျက်နှာဖြင့် မေးလိုက်သည်။
"အမမေ... အမတို့ဆီမှာ လူဘယ်လောက်ရှိလို့လဲ... လီခွေရုံ ဆိုတဲ့ကောင်က ယွင်ချွမ်ဘုရားကျောင်းမှာ သြဇာအာဏာ မသေးဘူးနော်... သူ့လက်အောက်မှာ အစွမ်းပိုင်ရှင် သုံးလေးဆယ်လောက်တောင် ရှိတာ"
ရန်မေက ရှင်းပြလိုက်သည်။ "အမတို့က သုံးယောက်တည်းပါ... အဓိကကတော့ လင်းယွမ် ဝင်တိုက်ခိုက်ခဲ့တာပါ... ရန်ဟိုင်... စိတ်ချပါ... အမတို့က တကယ်ပဲ ပြဿနာလာရှာတာ မဟုတ်ပါဘူး... အမ့အဖေ ဘယ်မှာလဲဆိုတာကိုပဲ ပြောပြပေးပါ... အမလည်း အထဲကို မဝင်တော့ပါဘူး... အမအဖေကိုပဲ သွားရှာလိုက်ပါ့မယ်"
သူမက ဖခင်ဖြစ်သူကို တွေ့ချင်ဇောဖြင့် စိတ်လောနေကာ ဤနေရာတွင် ဒီအတိုင်း ထိုင်မစောင့်ချင်ပေ။
ရန်ဟိုင်က ထိုစကားကို ကြားပြီးနောက် ပို၍ပင် မယုံကြည်နိုင်ဖြစ်သွားသည်။
"အမတို့ သုံးယောက်တည်းနဲ့လား"
သူ၏ အကြည့်များက လင်းယွမ်ဆီသို့ ရောက်သွားသည်။ ဤလူလေးယောက်ထဲတွင် ဤတစ်ယောက်ကိုသာ သူ မသိခြင်း ဖြစ်ပြီး ကျန်သောသူများကို သူ သိသည်။
ထို့ကြောင့် ထိုလူက လင်းယွမ် ဆိုသူ ဖြစ်မည်မှာ သေချာလှသည်။
ရန်မေ ပြောစကားအရဆိုလျှင် ဤလူက လီခွေရုံတို့ လူစုကို သတ်ပစ်ခဲ့သည်ပေါ့လေ။ ဒါက အဓိပ္ပာယ်မရှိတဲ့ စကားတွေ မဟုတ်ဘူးလား။
လူတစ်ယောက်တည်းက အစွမ်းပိုင်ရှင် တစ်အုပ်စုလုံးကို သတ်ပစ်နိုင်တယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
လင်းယွမ်က သူတို့ အချိန်အတော်ကြာ စကားပြောနေသော်လည်း ရန်မေ၏ ဖခင် ဘယ်ရောက်နေသည်ကို ထုတ်မပြောသည်ကို မြင်သောအခါ မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။
ထို့ကြောင့် သူက အနားသို့ လျှောက်သွားကာ ပြောလိုက်သည်။
"မင်းတို့ နှစ်ယောက်... ငါတို့က ပြဿနာ လာရှာတာ မဟုတ်ပါဘူး... ရန်မေရဲ့အဖေကို လာရှာရုံသက်သက်ပဲ... အကယ်လို့ သူက မင်းတို့ဆီမှာ ရှိနေရင် သူ့ကို သွားပြောပေးပါ... မရှိဘူးဆိုရင်လည်း သူ ဘယ်မှာရှိလဲဆိုတာကို ပြောပြပါ... ငါတို့ဘာသာ သွားရှာလိုက်ပါ့မယ်"
ရန်ဟိုင်နှင့် ရန်ကျဲတို့က အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အလွန်အမင်း အခက်တွေ့သွားကြသည်။
ယခုအခါ လီရှန်ယန်က အစွမ်းပိုင်ရှင် အများစုကို ခေါ်ဆောင်သွားခဲ့သဖြင့် ကျဲ့ဆစ် စာသင်ကျောင်း အတွင်းတွင် လူသူကင်းမဲ့နေသည်။ ထို့ကြောင့် ဤလူများကို အထဲသို့ ဝင်ခွင့်ပေးပြီး အတွင်းပိုင်း အခြေအနေကို ပေးမြင်၍ လုံးဝ မဖြစ်ပေ။
သို့သော်လည်း ရန်ရုံဝေ ဘယ်သွားသည်ကိုလည်း တစ်ဖက်လူအား သူတို့ ပြောပြ၍ မဖြစ်သေးချေ။ အဘယ်ကြောင့်ဆိုသော် ရန်ရုံဝေက လီရှန်ယန်နှင့်အတူ သန္ဓေပြောင်း သစ်သီးဖြစ်သော သန္ဓေပြောင်း တည်သီးကို သွားရောက်ယူဆောင်ခြင်း ဖြစ်သောကြောင့်တည်း။ ဤသတင်းက သန္ဓေပြောင်း သစ်သီးနှင့် သက်ဆိုင်နေသဖြင့် ပို၍ပင် ပေါက်ကြားခံ၍ မဖြစ်ချေ။
သူတို့ နှစ်ယောက်က အနည်းငယ် တိတ်ဆိတ်သွားပြီးနောက် ရန်ကျဲက စကားစလိုက်သည်။
"အမမေ... ကျွန်တော်တို့ မပြောချင်လို့ မဟုတ်ပါဘူး... တကယ်တော့ ဦးလေးရုံဝေက အရေးကြီးတဲ့ တာဝန်တစ်ခုနဲ့ အပြင်ထွက်သွားလို့ပါ... ကျွန်တော်တို့ ပြောပြလို့ မရဘူး"
ရန်ဟိုင်ကလည်း ပြောလိုက်သည်။ "တောင်းပန်ပါတယ် အမမေ"
ရန်မေက စိတ်လောသွားသည်။ "ခုနကတင် နင်တို့က အမအဖေ ကင်းလှည့်ထွက်သွားတယ်လို့ ပြောတယ်လေ... ဘယ်လိုလုပ် အခုကျတော့ အရေးကြီးတဲ့ တာဝန်ကို သွားလုပ်ပြန်တာလဲ... နင်တို့စကားတွေထဲက ဘယ်စကားက အမှန်လဲ"
ထိုလူငယ် နှစ်ယောက်က ဘာမှဆက်မပြောတော့ပေ။ ရန်ကျဲက ဘာမှမတတ်နိုင်တော့သလို ပြောလိုက်သည်။ "အမမေ... အမ အဲ့ဒီဘက်မှာပဲ သွားစောင့်နေလိုက်ပါလား"
ရန်မေ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ အပြည့်ရှိနေသည်။ ယွင်ချွမ်ဘုရားကျောင်း၏ လှည့်စားမှုကို ခံခဲ့ရပြီးနောက် ကျဲ့ဆစ် စာသင်ကျောင်းအပေါ်၌လည်း သူမ သိပ်ပြီး ယုံကြည်မှု မရှိတော့ချေ။ ထို့ကြောင့် သူမက လင်းယွမ်ကို မနေနိုင်ဘဲ လှမ်းကြည့်လိုက်ပြီး အကူအညီတောင်းသည့် အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။
လင်းယွမ်က သူမနှင့် အကြည့်ချင်း ဆုံလိုက်ပြီး သူမ၏ အတွေးကို နားလည်သွားသည်။ ထို့ကြောင့် သူက ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး ရှေ့သို့ လျှောက်သွားကာ ပြောလိုက်သည်။ "ဒီလိုဆိုမှတော့... ငါတို့ဘာသာ အထဲဝင်ပြီး လူရှာရတော့မှာပေါ့"
"မင်း ဘာလုပ်မလို့လဲ"
"ရပ်လိုက်စမ်း... ရှေ့ထပ်မတိုးနဲ့နော်... မဟုတ်ရင် ငါတို့လည်း အားနာနေမှာ မဟုတ်ဘူး"
ရန်ဟိုင်နှင့် ရန်ကျဲတို့က လင်းယွမ် တည့်တည့်မတ်မတ် လျှောက်လာသည်ကို မြင်သောအခါ ရုတ်တရက် မျက်နှာပျက်သွားကြပြီး ချက်ချင်းပင် အော်ဟစ် ဟန့်တားလိုက်ကြသည်။
တချိန်တည်းမှာပင် သူတို့ နှစ်ယောက်က ခါးတွင်ထိုးထားသော ဓားမြှောင်များကို ဆွဲထုတ်လိုက်ကြပြီး တိုက်ခိုက်မည့် ဟန်ပြင်လိုက်ကြသည်။
သို့သော် လင်းယွမ်က ရပ်တန့်မသွားဘဲ ခြေလှမ်းများကိုပင် ပို၍ အရှိန်တင်လိုက်သေးသည်။
ထိုလူ နှစ်ယောက်က အကြီးအကျယ် ဒေါသထွက်သွားကြပြီး အကြည့်ချင်း ဖလှယ်လိုက်ကာ ဘယ်နှင့်ညာ ခွဲ၍ လင်းယွမ်ထံသို့ အရှိန်အဟုန်ဖြင့် ချက်ချင်း ပြေးဝင်တိုက်ခိုက်လာကြသည်။
သို့သော် သူတို့က လင်းယွမ်၏ အရှေ့သို့ ရောက်သွားချိန်၌ သူတို့၏ ကိုယ်ခန္ဓာများက ရုတ်တရက် ထူးဆန်းစွာ ရပ်တန့်သွားကြသည်။
ထို့နောက် တစ်ကိုယ်လုံးက ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားပြီး မတ်မတ်ကြီး ရပ်နေလျက်သား ဖြစ်သွားကြသည်။
လင်းယွမ်က ရုပ်သေးကြိုးမျှင်ကို အသာအယာ လှုပ်ရှားလိုက်ပြီး ထိုနှစ်ယောက်၏ ခေါင်းအထက်ပိုင်းကို ထိန်းချုပ်ထားခြင်းမှ လွှတ်ပေးလိုက်သည်။
ထိုလူ နှစ်ယောက်၏ မျက်နှာများက ရုတ်တရက် အကြီးအကျယ် ပြောင်းလဲသွားပြီး ထိတ်လန့်ဒေါသထွက်စွာဖြင့် အော်ဟစ်လိုက်ကြသည်။
"မင်း ဘာလုပ်လိုက်တာလဲ"
"ငါ့ကို လွှတ်စမ်း"
လင်းယွမ်က ဂရုမစိုက်ဘဲ ထိုနှစ်ယောက်ကို ထိန်းချုပ်ကာ ကျဲ့ဆစ် စာသင်ကျောင်းဆီသို့ လျှောက်သွားလိုက်သည်။
ဤကဲ့သို့ စွမ်းအားနိမ့်ကျသော အစွမ်းပိုင်ရှင်များကို ရင်ဆိုင်ရာတွင် သူ၏ ရုပ်သေးကြိုးမျှင် အစွမ်းက အလွန်အသုံးဝင်ကြောင်း သူ တွေ့ရှိသွားသည်။
ဤလူများ၏ စိတ်စွမ်းအင်က သူနှင့် အလွန် ကွာဟလှသဖြင့် သူက တစ်ဖက်လူ၏ အာရုံကြောကွန်ရက်ထဲသို့ လွယ်ကူစွာ ဝင်ရောက်နိုင်ပြီး သူတို့ကို ထိန်းချုပ်နိုင်ခြင်း ဖြစ်သည်။
ယခင်တုန်းက ဟန်လုံစင်တာထဲတွင် ခေါင်းကြီးကလေးက သူတို့ တစ်အုပ်စုလုံးကို အလွယ်တကူ ထိန်းချုပ်ခဲ့သလိုမျိုးပင် ဖြစ်သည်။
လင်းယွမ်၏ ထိန်းချုပ်မှုအောက်တွင် ထိုလူနှစ်ယောက်က ဧည့်သည်များကို ကြိုဆိုနေသကဲ့သို့ အရှေ့မှ လမ်းပြကာ လင်းယွမ်၊ ရန်မေနှင့် အခြားသူများကို ကျဲ့ဆစ် စာသင်ကျောင်းဆီသို့ ခေါ်ဆောင်သွားကြသည်။
စာသင်ကျောင်းထဲသို့ ဝင်ဝင်ချင်းမှာပင် စာသင်ကျောင်း ကွင်းပြင်ထဲတွင် သစ်သားအိမ်ငယ်လေးများ အများအပြား ဆောက်လုပ်ထားသည်ကို လင်းယွမ် မြင်လိုက်ရပြီး မိန်းမများ၊ ကလေးများနှင့် သက်ကြီးရွယ်အို အတော်များများက ထိုနေရာတွင် အလုပ်များနေကြသည်။
လူငယ်ပိုင်း အချို့က ရန်ကျဲနှင့် ရန်ဟိုင်တို့ ဝင်လာသည်ကို မြင်သောအခါ အနည်းငယ် အံ့သြသွားကြသည်။
ထိုအထဲမှ တစ်ယောက်က ကမန်းကတန်း မတ်တတ်ရပ်လိုက်ပြီး အော်မေးလိုက်သည်။ "ရန်ကျဲ... ရန်ဟိုင်... မင်းတို့က အပြင်လူတွေကို ဘယ်လိုလုပ် ခေါ်လာတာလဲ"
ရန်ကျဲက စကားပြောချင်သော်လည်း လင်းယွမ်က သူတို့ နှစ်ယောက်၏ စကားပြော အာရုံကြောများကို ပြန်လည် ထိန်းချုပ်လိုက်ပြီ ဖြစ်သည်။
လင်းယွမ်က စကားစလိုက်သည်။ "မင်္ဂလာပါ... ကျွန်တော်တို့က ရန်ရုံဝေကို လာရှာတာပါ... ဒါက ရန်မေတဲ့... ရန်ရုံဝေရဲ့ သမီးပါ"
ရန်မေကလည်း မိမိ သိကျွမ်းသူများကို ရှာဖွေရန် ပတ်ဝန်းကျင်ကို အမြန်လှည့်ပတ် ကြည့်ရှုလိုက်သည်။
ဦးလေးရန်က အပြင်ဘက်မှ ဝင်လာပြီး မျက်လုံးတစ်ချက် ဝေ့ကြည့်လိုက်ရာ ရင်းနှီးနေသော လူအချို့ကို ချက်ချင်း မြင်တွေ့လိုက်ရသည်။
"ဟေး... ရန်ဖူကွေ့... ရန်ကောဝေ"
နာမည်အခေါ်ခံရသော အဘိုးအို နှစ်ယောက်က ခေါင်းမော့ကြည့်လိုက်ရာ ရုတ်တရက် အံ့အားသင့်သွားသည့် မျက်နှာထားများ ပေါ်လာသည်။
"ရန်လင်း"
"ကိုလင်း"
သူတို့ နှစ်ယောက်က အံ့သြဝမ်းသာစွာဖြင့် ကမန်းကတန်း လျှောက်လာကြသည်။ လူငယ် အချို့က ဤမြင်ကွင်းကို မြင်သောအခါ သူတို့၏ လူများ ဖြစ်မည်ဟု ထင်မှတ်သွားကြသဖြင့် သတိထားနေမှုများကို ရုတ်တရက် လျှော့ချလိုက်ကြသည်။
ထိုအထဲမှ တစ်ယောက်က လျှောက်လာပြီး ပြောလိုက်သည်။ "ရန်ဟိုင်... ရန်ကျဲ... ဒီလို အရေးကြီးတဲ့ အချိန်မျိုးမှာ ရင်းနှီးတဲ့သူတွေ ဆိုရင်တောင်မှ မင်းတို့က ဒီအတိုင်း အလွယ်တကူ ခေါ်လာလို့ မဖြစ်ဘူးလေ... အကယ်လို့ ယွင်ချွမ်ဘုရားကျောင်းက လူတွေ ပါလာခဲ့ရင် ဘယ်လိုလုပ်မလဲ"
"ရန်မေ... ရန်မေ... အာ... အမမေပဲ... ကျွန်တော် မှတ်မိပြီ... ဦးလေးရုံဝေရဲ့ သမီးပဲ" လူတစ်ယောက်က ရုတ်တရက် အံ့သြဝမ်းသာစွာ ပြောလိုက်သည်။
မလှမ်းမကမ်းရှိ လူလတ်ပိုင်းအရွယ် အမျိုးသမီး တစ်ဦးကလည်း ရန်မေကို မှတ်မိသွားပြီး အံ့သြဝမ်းသာစွာ ပြောလိုက်သည်။
"ရုံဝေရဲ့ သမီးလေးလား... ရန်မေ... တကယ်ပဲ သမီးရန်မေလား"
ရန်မေက ထိုအမျိုးသမီးကို မှတ်မိသွားပြီး ချက်ချင်းပင် မျက်ရည်များ ဝဲလာကာ အော်ခေါ်လိုက်သည်။
"ဒေါ်လေးလျှို"
ထို့နောက် ရင်းနှီးကျွမ်းဝင်သူ အချို့က ထပ်မံ ဝိုင်းအုံလာကြပြီး အားလုံးက စိတ်လှုပ်ရှားစွာဖြင့် ရန်မေကို ဝိုင်းဝန်းကာ ဘာတွေဖြစ်ခဲ့သလဲ ဆိုသည်ကို မေးမြန်းကြတော့သည်။
အခြားတစ်ဖက်တွင်လည်း လူအတော်များများက ဦးလေးရန်ကို ဝိုင်းရံကာ အခြေအနေများကို မေးမြန်းနေကြသည်။
ထိုအချိန်တွင် လင်းယွမ်က လူငယ် အနည်းငယ်၏ အရှေ့သို့ လျှောက်သွားကာ ပြုံးလျက် ပြောလိုက်သည်။
"ညီအစ်ကိုတို့... ကျွန်တော်တို့က ကမ္ဘာပျက် ရေဘေးကြီးထဲကနေ မိန်တောင်ကို ထွက်ပြေးလာကြတာပါ... တောင်ပေါ်ကို ခက်ခက်ခဲခဲ တက်လာရတာ... ရန်မေက သူ့အဖေ ရန်ရုံဝေကို လာရှာချင်လို့ပါ... သူ ဒီမှာရှိပါသလားဗျ"
ထိုလူငယ်က ကြားသောအခါ ပြန်ဖြေလိုက်သည်။ "ဦးလေးရုံဝေက အစ်ကိုရှန်ယန်တို့နဲ့အတူ အပြင်ထွက်သွားတယ်လေ... ရန်ဟိုင်နဲ့ ရန်ကျဲတို့က ခင်ဗျားတို့ကို မပြောပြဘူးလား"
လင်းယွမ်က ကြားပြီးနောက် သူ၏ စိတ်ထဲတွင် ခန့်မှန်းမိသွားသည်။ ကြည့်ရသည်မှာ ရန်ရုံဝေက တကယ်ပဲ ဒီမှာ မရှိတာ ဖြစ်ရမည်။
ထို့ကြောင့် သူက မေးလိုက်သည်။ "သူတို့က ပြောဖို့ အချိန်မရလိုက်ဘူး ဖြစ်သွားတယ်... ကျွန်တော် တစ်ခုလောက် မေးလို့ရမလား... သူတို့ ဘယ်သွားကြတာလဲ... ဘယ်တော့လောက် ပြန်လာမလဲ... ရန်မေက သူ့အဖေကို အရမ်း လွမ်းနေလို့ပါ"
ထိုလူငယ်က မသိစိတ်မှ ဖြေလိုက်သည်။ "ကျွန်တော်လည်း ဘယ်သွားကြလဲဆိုတာ မသိဘူး... ဒီတစ်ခေါက်က လူအင်အား အများကြီး ထွက်သွားကြတာဆိုတော့ ကိစ္စအကြီးကြီး တစ်ခုခု ရှိလို့ဖြစ်မယ်... အတိအကျ ဘယ်တော့ပြန်လာမလဲ ဆိုတာလည်း မသေချာဘူး... ခင်ဗျားတို့ အရင် နေခဲ့ကြ... ဟင်... ရန်ဟိုင်... မင်းတို့က ကင်းလှည့်အဖွဲ့က မဟုတ်လား... မင်းတို့ သိလောက်မှာပါ... ဟုတ်တယ်... ရန်ကျဲ... မင်းတို့ နှစ်ယောက်က အစွမ်းပိုင်ရှင်တွေလေ... အစ်ကိုရှန်ယန်က မင်းတို့ နှစ်ယောက်ကို မှာသွားလောက်ပါတယ်... သူတို့ ဘယ်သွားကြလဲဆိုတာကို မင်းတို့ သေချာ သိမှာပါ... မင်းတို့ နှစ်ယောက် ဘာလို့ စကားမပြောကြတာလဲ"
ထိုလူငယ် အချို့က သံသယဝင်စွာဖြင့် ရန်ဟိုင်နှင့် ရန်ကျဲတို့ကို လှမ်းကြည့်လိုက်ကြသည်။
ရန်ဟိုင်နှင့် ရန်ကျဲတို့က မျက်လုံးများကို ပြူးကျယ်ထားကြပြီး သူတို့၏ မျက်လုံးထဲတွင် ထိတ်လန့်မှုနှင့် စိုးရိမ်ပူပန်မှုများက အပြည့်ရှိနေသည်။
သို့သော်လည်း သူတို့ နှစ်ယောက်က စကားတစ်ခွန်းမှ ထွက်မလာသည့်အပြင် လှုပ်ရှားမှု တစ်ခုလေးကိုပင် လုပ်၍ မရဖြစ်နေကြသည်။
လင်းယွမ်က သူတို့ နှစ်ယောက်ကို ကြည့်ကာ ပြုံးလိုက်ပြီး လက်လှမ်းကာ သူတို့ နှစ်ယောက်၏ ပခုံးများကို ဖက်လိုက်သည်။
"မင်းတို့ နှစ်ယောက် ငါနဲ့လိုက်ခဲ့... ငါ မင်းတို့နဲ့ သီးသန့် ပြောစရာလေးတွေ ရှိလို့"
ရန်ဟိုင်၏ ခေါင်းက ထိန်းချုပ်၍မရဘဲ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူ၏ ခြေလှမ်းများကလည်း ထိန်းချုပ်၍မရဘဲ လင်းယွမ်၏ နောက်သို့ လိုက်ပါကာ မလှမ်းမကမ်းရှိ ထောင့်တစ်နေရာဆီသို့ လျှောက်သွားလိုက်သည်။
လူငယ် အချို့က ထိုမြင်ကွင်းကို မြင်သောအခါ အနည်းငယ် သံသယ ဝင်သွားကြသော်လည်း နောက်မှ လိုက်သွားရန် အဆင်မပြေပေ။
ဒီနေ့မှ ရန်ဟိုင်နှင့် ရန်ကျဲတို့ နှစ်ယောက်လုံး တစ်ကိုယ်လုံး ထူးဆန်းနေသည်ဟုသာ ခံစားနေကြရသည်။
သို့သော် ဦးလေးရန်နှင့် ရန်မေတို့က ရင်းနှီးသူများနှင့် စကားပြောနေကြသည်ကို ကြည့်ပြီး သူတို့က သိပ်ပြီး မသင်္ကာစရာ မရှိဘူးဟု ထင်ကာ မိန်တောင် အပြင်ဘက်က အခြေအနေများကို သိရရန်အတွက် ထိုအုပ်စုဆီသို့ ပြေးသွားကာ မေးမြန်းကြတော့သည်။
မိန်တောင်ပေါ်တွင် ပိတ်မိနေကြသဖြင့် အပြင်လူများက တောင်ပေါ်သို့ တက်ကာ ရေလွှမ်းမိုးမှုကို ရှောင်ရှားလိုကြသကဲ့သို့ တောင်ပေါ်ရှိ လူများကလည်း အပြင်ဘက် အခြေအနေများကို မသိချင်ဘဲ နေပါမည်လော။
လင်းယွမ်က ရန်ဟိုင်နှင့် ရန်ကျဲတို့ကို ခေါ်ဆောင်ကာ ထောင့်တစ်နေရာဆီသို့ ရောက်လာခဲ့သည်။ သူက ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။
"အခု မင်းတို့ ငါ့ရဲ့ အစွမ်းအစကို သိလောက်ပြီမလား... ယွင်ချွမ်ဘုရားကျောင်းက လီခွေရုံတို့ လူစုကို ငါ ရှင်းလင်းပစ်လိုက်ပြီ... ဒီနေ့ ငါ လာခဲ့တာက ရန်မေ သူ့အဖေကို လာရှာတာကို အဖော်လိုက်လာပေးတာပဲ... အခု ငါ မင်းတို့ကို လွှတ်ပေးမယ်... အော်ဟစ်တာတွေ မလုပ်နဲ့... နားလည်မှုလွဲစေမယ့် ကိစ္စတွေကိုလည်း မလုပ်နဲ့... ငါ့ကို ယုံစမ်းပါ... ငါ အစွမ်းသုံးပြီး တိုက်ခိုက်တာမျိုးကို မင်းတို့ မြင်ချင်ကြမှာ မဟုတ်ဘူး"
ဆက်ရန်...