← Chapters

အခန်း (၂၈၃-၂၈၄)

Vol. 15 Ch. 283-284

အခန်း (၂၈၃-၂၈၄)

Vol. 15 Ch. 283-284

အပိုင်း(၂၈၃) ထူးဆန်းလှသော စိတ်စွမ်းအင်စက်ကွင်း

လင်းယွမ်၏ စကားကို ကြားပြီးနောက် သူတို့နှစ်ယောက် မျက်နှာပေါ်ရှိ ဒေါသထွက်နေသည့် အရိပ်အယောင်များက တဖြည်းဖြည်း ထိတ်လန့်ဖြူရော်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။

ကျဲ့ဆစ် စာသင်ကျောင်းထဲတွင် သာမန်လူများစွာနှင့် သူတို့၏ မိသားစုဝင်များ ရှိနေသေးသည်။ မျက်မှောက်ရှိ ဤလူက သူတို့ တွေးထင်ထားသည်ထက် ပို၍ အစွမ်းထက်နေသည်။

တစ်ဖက်လူက ဘာလုပ်လိုက်မှန်းကိုပင် သူတို့ သေသေချာချာ မသိလိုက်ခင်မှာပဲ သူတို့ကိုယ်သူတို့ လှုပ်ရှား၍မရတော့အောင် ဖြစ်သွားရသည်။ လီရှန်ယန်ဆိုလျှင်တောင် ဤအဆင့်အထိ လုပ်နိုင်မည် မဟုတ်ပေ။

တစ်ဖက်လူ ပြောသွားသော လီခွေရုံအဖွဲ့ကို ရှင်းလင်းလိုက်ပြီဆိုသည့် ကိစ္စနှင့် ပတ်သက်၍ သူတို့ မယုံကြည်သော်ငြား ဤလူက သူတို့ လုံးဝ ခုခံနိုင်မည့်သူ မဟုတ်ကြောင်းကိုတော့ သိနေသည်။

ဤလူ့ကို ဒေါသထွက်အောင် လုပ်မိပါက ကျဲ့ဆစ် စာသင်ကျောင်းဆီသို့ ကြီးမားသော ဘေးအန္တရာယ်များသာ ဆိုက်ရောက်လာပေလိမ့်မည်။

သူတို့နှစ်ယောက်လုံး မျက်နှာများ ဖြူရော်နေပြီး ခွန်အားဆုတ်ယုတ်နေသည့်ပုံ ပေါက်နေသည်။

လင်းယွမ်က သူတို့၏ အမူအရာများကို မြင်သောအခါမှသာ ပြုံးလိုက်ပြီး ရုပ်သေးကြိုးမျှင် ထိန်းချုပ်မှုကို ဖြေလျှော့ပေးလိုက်သည်။

လွတ်လပ်ခွင့် ရသွားသည်နှင့် သူတို့နှစ်ဦးက မသိစိတ်၏ စေ့ဆော်မှုအရ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး လင်းယွမ်ကို စူးစိုက်ကြည့်လိုက်သည်။

ရန်ဟိုင်က အသံနှိမ့်ကာ ဒေါသတကြီးဖြင့် "မင်းက ဘယ်သူလဲ... မင်း ဘာလုပ်ချင်တာလဲ"

ရန်ကျဲကလည်း မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် "ဒီက လူတစ်ယောက်ကိုများ မင်း ထိရဲထိကြည့်... ငါ မင်းနဲ့ အသေခံချမယ်"

လင်းယွမ်က ပြုံးလိုက်ပြီး သူတို့၏ ခြိမ်းခြောက်မှုကို ဂရုမစိုက်ပေ။

"ငါ ပြောပြီးပြီလေ... ငါက ရန်မေ သူ့အဖေကို ရှာဖို့ အဖော်လိုက်လာပေးတာ... သူ့အဖေ ဘယ်မှာလဲဆိုတာကိုသာ ငါ့ကို ပြော... ဒီကလူတွေကို ငါ တစ်ယောက်မှ မထိဘူး"

သူတို့နှစ်ယောက်က ဇဝေဇဝါ ဖြစ်နေပြီး မျက်နှာအမူအရာများကလည်း အဆက်မပြတ် ပြောင်းလဲနေသည်။

လင်းယွမ်၏ စကားကို ယုံကြည်သင့် မယုံကြည်သင့် သူတို့ မဝေခွဲတတ်အောင် ဖြစ်နေသည်။

သို့သော် လောလောဆယ်တွင် မယုံကြည်လျှင်ကော ဘာလုပ်နိုင်မည်နည်း။ ဤလူက အရမ်းကို အစွမ်းထက်လွန်းနေသည်။

ကျဲ့ဆစ် စာသင်ကျောင်းမှ မိသားစုဝင်များကို သူတို့ လုံးဝ အကာအကွယ်မပေးနိုင်တော့လောက်အောင်ကို အစွမ်းထက်နေခြင်း ဖြစ်သည်။

ရန်ကျဲက အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး "သူတို့ ဘယ်သွားလဲဆိုတာကိုတော့ ငါ ပြောပြလို့ မရဘူး... ဦးလေးရုံဝေနဲ့ အစ်ကိုရှန်ယန်တို့ တာဝန်တစ်ခု သွားထမ်းဆောင်နေတယ်ဆိုတာကိုပဲ ငါ ပြောပြနိုင်မယ်... မင်းသာ ငါတို့ကို ယုံရင် ဒီမှာပဲ စောင့်နေလိုက်"

ရန်ဟိုင်ကလည်း "ဟုတ်တယ်... မင်း ယုံရင် ဒီမှာပဲ စောင့်နေ... ဘာပဲဖြစ်ဖြစ် ငါတို့လည်း ဒီမှာပဲ ရှိနေမှာ... ထွက်ပြေးမှာ မဟုတ်ဘူး"

"မင်းမှာ တကယ်ပဲ မကောင်းတဲ့ ရည်ရွယ်ချက် မရှိဘူးဆိုရင် သူတို့ ပြန်လာတာကို စောင့်နေလိုက်ပါ"

လင်းယွမ်က သူတို့နှစ်ယောက်ကို ကြည့်လိုက်ပြီး ရုတ်တရက် မေးလိုက်သည်။

"မင်းတို့ ပြောတဲ့ တာဝန်ဆိုတာက အန္တရာယ်ရှိလား"

သူတို့နှစ်ယောက်လုံး ကြောင်အမ်းသွားကြသည်။ ရန်ဟိုင်က ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ခေါင်းညိတ်ကာ

"ရှိတယ်"

လင်းယွမ်က ချက်ချင်းပင် ခေါင်းယမ်းလိုက်သည်။

"ဒါဆိုရင်တော့ ငါ ဒီမှာ ထိုင်စောင့်နေလို့ မဖြစ်တော့ဘူး... ရန်မေ့အမေက ဆုံးသွားပြီ... ဒီအဖေ တစ်ယောက်ပဲ ကျန်တော့တာ... သူ့ကို ထပ်ပြီး ဝမ်းနည်းအောင် ငါ မလုပ်ချင်ဘူး"

"အန္တရာယ်ရှိတယ်ဆိုမှတော့ သူ့ကို အမြန်ဆုံးရှာပြီး ရန်မေ့ရှေ့ကို ဘေးကင်းကင်းနဲ့ ခေါ်လာပေးမှ ဖြစ်မယ်"

"သူတို့ ဘယ်သွားလဲဆိုတာကိုသာ ငါ့ကို ပြောစမ်းပါ"

ရန်ကျဲနှင့် ရန်ဟိုင်တို့က ချက်ချင်းပင် ပါးစပ်ပိတ်သွားကြပြီး မည်သူကမျှ ထပ်မပြောရဲကြတော့ပေ။

လင်းယွမ်က သူတို့နှစ်ယောက်ကို ကြည့်ပြီး ရယ်မောလိုက်သည်။

"မင်းတို့မှာလည်း ဂရုစိုက်ရမယ့်သူတွေ ရှိတယ်မလား... ဒီခြံထဲမှာပဲလား"

"ပွင့်ပွင့်လင်းလင်း ပြောရရင် အထင်လွဲစရာကောင်းတဲ့ နည်းလမ်းတွေကို ငါ မသုံးချင်ဘူး... မင်းတို့ထဲက တစ်ယောက်ယောက် ငါ့ကို လမ်းပြပေးရုံနဲ့တင် ရပြီ"

သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေပြီး ဖော်ရွေစွာ ညှိနှိုင်းလိုသည့် လေသံမျိုး ပါဝင်နေသော်လည်း စကားလုံးများကမူ ရန်ကျဲနှင့် ရန်ဟိုင်တို့နှစ်ဦး၏ ရင်ထဲကို အေးစက်သွားစေသည်။

ရန်ဟိုင်က လက်သီးကို ဆုပ်လိုက်ပြီး ခြံဝန်းထဲရှိ လူအားလုံးကို ကြည့်လိုက်သည်။ နောက်ဆုံးတွင်တော့ လင်းယွမ်ကို ဒေါသထွက်အောင် သူ မလုပ်ရဲပေ။

"ငါ မင်းကို လမ်းပြပေးမယ်... ဒါပေမဲ့ မင်း ဘယ်သူ့ကိုမှ အန္တရာယ်မပေးဘူးလို့ ကတိပေးရမယ်"

လင်းယွမ်က ပြုံး၍ ခေါင်းညိတ်လိုက်သည်။ "ဒါပေါ့... ငါက လူလာရှာတာ... လူလာသတ်တာမှ မဟုတ်တာ"

ရန်ဟိုင်က လင်းယွမ်ကို ကြည့်လိုက်သော်လည်း အမှန်လော အမှားလောဆိုသည်ကို မခွဲခြားနိုင်သဖြင့် ခေါင်းသာ ညိတ်လိုက်ရသည်။

"ကောင်းပြီ... ငါ့နောက်လိုက်ခဲ့"

လင်းယွမ်က "ခဏစောင့်ဦး... ရန်မေကိုပါ ခေါ်သွားရမယ်" ထိုသို့ပြောပြီးနောက် သူက လှည့်ကာ ဟိုဘက်ရှိ ရန်မေကို လှမ်းခေါ်လိုက်သည်။

"အမမေ... ဒီက မောင်လေး ရန်ဟိုင်က ကျွန်တော်တို့ကို အမအဖေဆီ လိုက်ပို့ပေးမယ်တဲ့"

ရန်မေက ထိုစကားကို ကြားသောအခါ ချက်ချင်းပင် ဝမ်းသာသွားပြီး ဘေးနားရှိ စကားစမြည်ပြောနေသူများကို အမြန်နှုတ်ဆက်ကာ အပြေးအလွှား ရောက်လာသည်။

"ရန်ဟိုင်... ကျေးဇူးပါပဲဟယ်... တကယ်ကို ကျေးဇူးတင်ပါတယ်"

ရန်ဟိုင်က အားတင်း ပြုံးပြလိုက်သည်။ သို့သော် လင်းယွမ်သည် တကယ်ပဲ လူရှာရန် လာခြင်းဖြစ်ကြောင်းကိုတော့ သူ အနည်းငယ် ယုံကြည်သွားသည်။

အကယ်၍ မကောင်းသည့် အကြံအစည်များ တကယ်ပဲ ရှိနေမည်ဆိုလျှင် ရန်မေကဲ့သို့ ဝန်ထုပ်ဝန်ပိုးတစ်ခုကို ခေါ်လာစရာ အကြောင်းမရှိပေ။

ထို့ကြောင့် သူ၏ စိတ်ထဲတွင် အနည်းငယ် သက်သာရာရသွားပြီး ရန်ကျဲဘက်သို့ လှည့်ကာ "ရှောင်ကျဲ... ဒီနေရာကို မင်းပဲ တာဝန်ယူလိုက်တော့... ဦးလေးရုံဝေဆီ ငါ သူတို့ကို လမ်းပြပေးလိုက်ဦးမယ်"

ရန်ကျဲက မနေနိုင်ဘဲ "အစ်ကိုဟိုင်... ဒါမှမဟုတ် ကျွန်တော်ပဲ သွားလိုက်မယ်လေ... အစ်ကို နေခဲ့လိုက်" ထိုသို့ပြောနေစဉ် သူက ရန်မေကို ခိုးကြည့်လိုက်သည်။

ငယ်စဉ်ကတည်းက စွဲလမ်းနှစ်သက်ခဲ့ရသော နတ်သမီးလေး၏ ရှေ့မှောက်တွင် သူ အကြာကြီး မကြည့်ရဲသော်လည်း သူမနှင့် အချိန်ပို၍ အတူရှိနေချင်သေးသည်။

ရန်ဟိုင်က ခေါင်းယမ်းလိုက်သည်။ "ငါပဲ သွားလိုက်ပါ့မယ်" ရန်ကျဲက ရိုးအလွန်းသဖြင့် လင်းယွမ်တို့ နှစ်ယောက်၏ လှည့်စားခြင်းကို အလွယ်တကူ ခံရမည်ကို သူ စိုးရိမ်နေသည်။

ရန်ဟိုင်က လင်းယွမ်ကို ချက်ချင်းပင် "သွားရအောင်... ငါ လမ်းပြပေးမယ်" ဟုပြောကာ ခြံထဲမှ ဦးဆောင်၍ ထွက်သွားသည်။

လင်းယွမ်ကလည်း ရန်မေကို ခေါ်ကာ နောက်မှ လိုက်သွားလေသည်။

လင်းယွမ်က ဦးလေးရန်နှင့် ကောင်းချန်လင်းတို့ကို ခေါ်မသွားသည်ကို မြင်သောအခါ ရန်ဟိုင်၏ စိတ်ထဲတွင် ပို၍ စိတ်သက်သာရာရသွားသည်။

တစ်ဖက်လူက အဖော်များကို ဤနေရာတွင် စိတ်ချလက်ချ ထားရစ်ခဲ့နိုင်ခြင်းက သူ၏ ရိုးသားမှုကို အတိုင်းအတာတစ်ခုအထိ ဖော်ပြနေသည်။

သူက သတိထားနေမှုကို အနည်းငယ် လျှော့ချလိုက်ပြီး လမ်းတစ်လျှောက် ခြေလှမ်းသွက်သွက်ဖြင့် သူတို့နှစ်ဦးကို ခေါ်ဆောင်ကာ ကျဲ့ဆစ် စာသင်ကျောင်းမှ ခပ်ဝေးဝေးသို့ ရောက်လာသောအခါမှသာ ခြေလှမ်းများကို နှေးလိုက်သည်။

"လီခွေရုံတို့လို တိရစ္ဆာန်တွေ တကယ်ပဲ သေသွားပြီလား"

နောက်ဆုံးတွင်တော့ သူ မနေနိုင်တော့ဘဲ လင်းယွမ်နှင့် ရန်မေတို့ကို စကားစမြည် စတင်ပြောဆိုလာသည်။ ဤကိစ္စက အလွန် ကြီးမားလှသဖြင့် သူ အမှန်တကယ် သိချင်နေခြင်း ဖြစ်သည်။

လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်လိုက်သည်။ "သေပြီ"

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... မင်း ဘယ်လိုလုပ်လိုက်တာလဲ... လီခွေရုံ ညီအစ်ကို ငါးယောက်လုံးက အစွမ်းပိုင်ရှင်တွေချည်းပဲလေ... လီခွေရုံက အရိပ်ထဲကို ဝင်နိုင်ပြီး ခြေရာဖျောက်နိုင်တယ်... လီခွေဟွာက အင်အားကြီးမားလွန်းပြီး ခွန်အားအမျိုးအစား အစွမ်းပိုင်ရှင်တွေထဲမှာ ထိပ်တန်းပဲ... လီခွေဖူကျတော့ မျက်စိနဲ့တောင် လိုက်မမီနိုင်တဲ့ တိုက်ခိုက်မှုအလျင် ရှိပြီး အလွန် မြန်ဆန်တယ်..."

သူက လီခွေရုံနှင့် သူ့ဘေးနားရှိ လူများ၏ ကြောက်မက်ဖွယ်ကောင်းသော အစွမ်းများကို တစ်ခုချင်းစီ ထုတ်ဖော်ပြောဆိုကာ လူဤမျှလောက်ကို လင်းယွမ် မည်သို့ သတ်ဖြတ်နိုင်ခဲ့သနည်းဟု မေးမြန်းချင်နေသည်။

လင်းယွမ်က သူ၏ စကားကို ဖြတ်ပြောလိုက်သည်။ "ဒီလူတွေမှာ ဘာအစွမ်းတွေ ရှိလဲဆိုတာကို ငါ မသိဘူး"

"ဟင်... မင်း မသိဘူးလား... ဒါဆို မင်းက ဘယ်လိုလုပ်ပြီး..." ရန်ဟိုင်မှာ ချက်ချင်းပင် ကြောင်အမ်းသွားပြီး မနေနိုင်ဘဲ သံသယဝင်လာသည်။

သူ သံသယဝင်နေသည်ကို ရန်မေ မြင်သောအခါ "ရန်ဟိုင်... နင်ပြောတဲ့ ဒီလူတွေရဲ့ အစွမ်းတွေကို သူတို့ သုံးတာကို ငါတို့ တကယ်ပဲ မမြင်လိုက်ရဘူး... အစ်ကိုလင်းယွမ် လက်စွမ်းပြလိုက်တာနဲ့တင် သူတို့တွေ သေတဲ့လူက သေ ဒဏ်ရာရတဲ့လူက ရကုန်တာပဲ" ဟု ဝင်ပြောလိုက်သည်။

"ဘာ..."

ရန်ဟိုင်က လင်းယွမ်ကို ထိတ်လန့်တကြား ကြည့်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများ အပြည့်အနှက် ရှိနေသည်။

လီခွေရုံတို့လို တိရစ္ဆာန်တွေက ဤလူ့ရှေ့တွင် လက်တုံ့ပြန်ရန် အချိန်တောင် မရလိုက်ဘူးလား။

ဤလူက ဒီလောက်အထိ အစွမ်းထက်နေတာလား။ သူက တစ်ခဏမျှ တိတ်ဆိတ်သွားပြီး ဘာပြောရမှန်း မသိအောင် ဖြစ်သွားသည်။

လမ်းလျှောက်နေရင်း ရုတ်တရက် သူ၏ ပခုံးကို လူတစ်ယောက်က ဆွဲကိုင်လိုက်သဖြင့် သူ၏ တစ်ကိုယ်လုံး လှုပ်ရှား၍မရတော့ဘဲ နေရာမှာတင် ရပ်တန့်သွားသည်။

ရန်ဟိုင်က ချက်ချင်းပင် လန့်ဖြန့်သွားပြီး မိမိအနီးသို့ လူတစ်ယောက် ရောက်လာသည်ကိုပင် မသိလိုက်ရသဖြင့် ရင်ထဲတွင် ထိတ်လန့်သွားသည်။

သူ အနောက်သို့ လှည့်ကြည့်လိုက်သောအခါ လင်းယွမ်က သူ၏ ပခုံးကို ဖိထားသည်ကို တွေ့လိုက်ရပြီး တည်ငြိမ်သော အမူအရာဖြင့် "နေဦး... ဒီနေရာက တစ်ခုခု မှားနေတယ်"

ရန်ဟိုင်က ကြောင်အမ်းသွားပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း အန္တရာယ်ရှိသော အရာ မည်သည့်အရာကိုမျှ မတွေ့ရပေ။

သူက သံသယဖြစ်စွာဖြင့် "ဘာမှားနေလို့လဲ... ဒီနေရာကို ငါတို့ ခဏခဏ လာလေ့မရှိပေမယ့် အကြိမ်ပေါင်းများစွာတော့ ဖြတ်သွားဖူးပါတယ်"

လင်းယွမ်က သူ့ကို ဂရုမစိုက်ဘဲ ပတ်ဝန်းကျင်ကိုသာ ကြည့်နေသည်။ ရန်မေ၏ မျက်နှာအမူအရာကလည်း တဖြည်းဖြည်း လေးနက်လာပြီး "မောင်လေး... ဒီနေရာက ခေါင်းမူးချင်စရာ ကောင်းတယ်နော်"

"ခေါင်းမူးတယ်..." ရန်ဟိုင်က အံ့သြသွားသည်။ သူကတော့ ဘာမှ မခံစားရပေ။ လင်းယွမ်က ရန်မေ၏ လက်ကို ဆွဲကိုင်ထားရင်း အနည်းငယ် အံ့သြသွားသည့်ပုံဖြင့် ရန်မေကို ကြည့်ကာ ရယ်မောလိုက်သည်။ "အမ ခေါင်းမူးတာကို ခံစားမိတယ်ပေါ့"

"အင်း... ခေါင်းထဲမှာ မကြည်မလင် ဖြစ်နေတယ်" ဟု ရန်မေက ပြောသည်။

"ကြည့်ရတာ အမမေရဲ့ စိတ်စွမ်းအင်တွေ တိုးလာပုံရတယ်"

"ဟင်... ဘာအဓိပ္ပာယ်လဲ" ရန်မေက အံ့သြစွာ မေးလိုက်သည်။

"ဒီနေရာမှာ စိတ်စွမ်းအင်စက်ကွင်းတစ်ခု ရှိနေတယ်... စိတ်စွမ်းအင် မပြည့်ဝတဲ့သူတွေ ဝင်လာတာနဲ့ ချက်ချင်း မျက်စိလည်လမ်းမှား ဖြစ်ပြီး စိတ်စွမ်းအင်စက်ကွင်းရဲ့ စိတ်ကူးယဉ် ထင်ယောင်ထင်မှားမှုတွေကြားမှာ ပိတ်မိသွားလိမ့်မယ်"

"စိတ်စွမ်းအင် ပြည့်ဝတဲ့သူတွေဆိုရင်တော့ စိတ်စွမ်းအင်စက်ကွင်း ရှိနေတာကို ခံစားသိရှိနိုင်ပြီး ဦးနှောက်ထဲမှာ မကြည်မလင်ဖြစ်ပြီး လမ်းရှာလို့မရအောင် ဖြစ်သွားတတ်တယ်"

လင်းယွမ်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး သူ၏ စိတ်ထဲတွင်လည်း အံ့သြနေမိသည်။ သူက အနီးအနားတွင် လူသားများ ရှိနေခြင်းကို မခံစားမိပေ။

သို့ဆိုလျှင် ဤစိတ်စွမ်းအင်စက်ကွင်းက မည်သို့ လည်ပတ်နေသနည်း။

ပိုင်ရှင်မရှိဘူးဆိုသည်မှာ တစ်ဖက်လူ၏ စိတ်စွမ်းအင် ပြင်းအားသည် သူ၏ အာရုံခံနိုင်စွမ်းထက် ကျော်လွန်နေသောကြောင့် သူ မခံစားမိခြင်းလော။

ဒါက မဖြစ်နိုင်ပေ။ စိတ်စွမ်းအင် အမှတ် (၅၀) သည် လက်ရှိ ဆင့်ကဲပြောင်းလဲမှု၏ အမြင့်ဆုံး အကန့်အသတ် ဖြစ်နေပြီ ဖြစ်သည်။

ထပ်မံမြှင့်တင်လိုပါက မျိုးရိုးဗီဇမြေပုံကို ဖွင့်နိုင်မှသာ ရပေမည်။ မိမိ၏ စိတ်စွမ်းအင်သည် လက်ရှိအချိန်တွင် အပြင်းထန်ဆုံးဟု ဆိုရပေမည်။

တစ်ဖက်လူ၏ စိတ်စွမ်းအင် အစွမ်း ဖွံ့ဖြိုးတိုးတက်မှု ဦးတည်ချက်က မတူညီဘူးဆိုလျှင်တော့ တစ်မျိုး၊ ဥပမာ တုံယန်၏ အစွမ်းကဲ့သို့ဖြစ်သည်။

သူမ၏ စိတ်စွမ်းအင်သည် အဆင့်မမြင့်သော်လည်း စိတ်ချင်း ဆက်သွယ်မှု အတိုင်းအတာက ပေတစ်ရာ့ခြောက်ဆယ်ကျော်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

၎င်းသည် စိတ်စွမ်းအင် အစွမ်း၏ နိုးထမှု ဦးတည်ချက် မတူညီခြင်းသာ ဖြစ်ပြီး စိတ်စွမ်းအင် အားကောင်းခြင်း သို့မဟုတ် အားနည်းခြင်းကို ကိုယ်စားမပြုပေ။

အလျင်အမျိုးအစား အစွမ်းပိုင်ရှင်များကဲ့သို့ပင် အချို့က ခြေလှမ်းမြန်ကြပြီး အချို့က ခြေလှမ်းကျဲကြသည်။ အချို့ကမူ အာရုံကြော တုံ့ပြန်မှုအလျင် မြန်ဆန်ကြသည်။

၎င်းတို့အားလုံးကို အလျင်အမျိုးအစား အစွမ်းပိုင်ရှင်များအဖြစ် ယေဘုယျအားဖြင့် သတ်မှတ်နိုင်သည်။ စိတ်စွမ်းအင် အစွမ်းပိုင်ရှင်များတွင်လည်း ထိုနည်းတူပင် ဖြစ်သည်။

စိတ်စွမ်းအင်မှ ရုပ်လုံးပေါ်လာသော စိတ်စွမ်းအင်များ ရှိသကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုများနှင့် စိတ်ကူးယဉ် ထင်ယောင်ထင်မှားမှုများ စသည်တို့လည်း ရှိသည်။

ထို့ကြောင့် လင်းယွမ်က ဤအနီးအနားရှိ စိတ်စွမ်းအင်စက်ကွင်းသည် စိတ်စွမ်းအင်အမျိုးအစား အစွမ်းပိုင်ရှင်တစ်ဦးဦးက လှုံ့ဆော်ထားခြင်း ဖြစ်နိုင်သလားဟု ခန့်မှန်းလိုက်မိသည်။

သူက စဉ်းစားပြီးနောက် ချက်ချင်းပင် "လျှောက်မသွားနဲ့... ငါ့နောက်ကနေ လိုက်ခဲ့"

ထိုသို့ပြောပြီးနောက် သူက စိတ်စွမ်းအင်များကို ထုတ်လွှတ်လိုက်ရာ ချက်ချင်းပင် ပတ်ဝန်းကျင်၌ လိပ်ခွံစွမ်းအင်အကာအကွယ် တစ်လွှာ ဖုံးလွှမ်းသွားသည်။

မျက်မှောက်ရှိ စိတ်စွမ်းအင်စက်ကွင်းကို သူက ကာကွယ်လိုက်သောကြောင့် ရန်မေက ဦးနှောက်ထဲမှ မကြည်မလင်ဖြစ်နေသော ခံစားချက်များ လျင်မြန်စွာ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရပြီး သူမ၏ ခေါင်းက ပြန်လည် ကြည်လင်လာသည်။

ရန်ဟိုင်၏ စိတ်ထဲတွင်တော့ ဘာမှ မခံစားရသော်လည်း မျက်မှောက်ရှိ မြင်ကွင်းက ရုတ်တရက် ပြောင်းလဲသွားသည်ကိုတော့ သူ ခံစားလိုက်ရသည်။

ပတ်ဝန်းကျင်ရှိ တောတောင်သည် ယခင်တောတောင်ပင် ဖြစ်သော်လည်း သစ်ပင်များ ပေါက်ရောက်နေသည့် နေရာ၊ မြက်ခင်းများနှင့် ဆူးခြုံများ၏ အနိမ့်အမြင့်တို့သည် ပြောင်းလဲမှု အချို့ ရှိနေသည်။

စောစောက အလွန် ရင်းနှီးကျွမ်းဝင်နေခဲ့သော တောအုပ်သည် ချက်ချင်းပင် သူ့အတွက် အလွန် သူစိမ်းဆန်သွားစေသည်။

လင်းယွမ်က လေးနက်သော လေသံဖြင့် "ငါ့နောက်လိုက်ခဲ့"

သူက ရန်မေ၏ လက်ကို ဆွဲကာ ဤစိတ်စွမ်းအင်စက်ကွင်း၏ သိပ်သည်းမှုအတိုင်း အရင်းအမြစ်ရှိရာ အရပ်ဆီသို့ လျှောက်သွားလိုက်သည်။

သစ်ပင်တောအုပ်များကို ဖြတ်သန်းသွားပြီးနောက် အရှေ့ဘက်တွင် လူသားတို့၏ ခြေရာအချို့နှင့် မြက်ခင်းများကို နင်းမိထားသော ခြေရာများကို တွေ့လိုက်ရသည်။

မကြာမီမှာပင် အရှေ့ဘက်တွင် ကွန်ကရစ်လမ်းတစ်ခု ပေါ်လာသည်။ လင်းယွမ်က မျက်မှောင်ကြုတ်လိုက်ပြီး ရန်မေကို ကြည့်ကာ "မိန်တောင်ပေါ်မှာ ကားလမ်းလည်း ရှိတာလား"

ရန်မေက ပြန်လည်စဉ်းစားလိုက်ပြီး "ကားလမ်းရှိတယ်လို့ အမ မမှတ်မိပါဘူး... မိန်တောင်ပေါ်မှာ မြေလမ်းတွေက ပိုများတာပါ"

ဘေးနားရှိ ရန်ဟိုင်က ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး အလျင်စလို ပြောလိုက်သည်။

"ရှိတယ် အမမေ... အမ မှတ်မိလား... နှစ်တိုင်း ဘိုးဘွားကန်တော့ပွဲ လုပ်တဲ့အချိန် အဲဒီသင်္ချိုင်းကုန်းကို တက်သွားတဲ့ တောင်ပေါ်လမ်းက ကားလမ်းလေ"

"သင်္ချိုင်းကုန်း..." ရန်မေက သေသေချာချာ ပြန်လည်စဉ်းစားလိုက်ပြီးနောက် ချက်ချင်းပင် သတိရသွားသည်။

"ဟုတ်တယ်... သင်္ချိုင်းကုန်းဘက်မှာ ကွန်ကရစ်လမ်း တစ်ပိုင်း ရှိတယ်... အမ မှတ်မိပြီ... အမတို့က သင်္ချိုင်းကုန်းဘက်ကို ရောက်လာတာလား"

ရန်ဟိုင်၏ အသံက တုန်ယင်နေပြီး တီးတိုးရေရွတ်လိုက်သည်။

"မဖြစ်နိုင်ဘူး... ဒါ မဖြစ်နိုင်ဘူး"

"ရန်ဟိုင်... နင် ဘာဖြစ်သွားတာလဲ" ရန်မေက အလျင်အမြန် မေးလိုက်သည်။

ရန်ဟိုင်၏ မျက်နှာက ဖြူရော်နေပြီး မယုံကြည်နိုင်မှုများ အပြည့်အနှက် ရှိနေသည်။ သူက အနည်းငယ် ထိတ်လန့်နေပြီး "ဒီလမ်းကို ကျွန်တော် အကြိမ်ကြိမ် သွားဖူးတယ်... တစ်ခါမှ သင်္ချိုင်းကုန်းဘက်ကို မရောက်ခဲ့ဘူး"

"နင်က ငါတို့ကို လမ်းမှားခေါ်လာတာလို့ ပြောချင်တာလား" ဟု ရန်မေက မေးလိုက်သည်။

"မဟုတ်ဘူး... မမှားဘူး... ကျွန်တော် သေချာပေါက် မမှားဘူး... ဒါပေမဲ့... ဒါပေမဲ့ ဒီနေရာကို... ကျွန်တော် တကယ် မရောက်ဖူးဘူး... ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ"

လင်းယွမ်က မအံ့သြဘဲ ပြောလိုက်သည်။ "မလန့်နဲ့... ဒီနေရာကို စိတ်စွမ်းအင်စက်ကွင်းက လွှမ်းမိုးထားတာ... မင်းအရင်က မှတ်မိနေတဲ့ လျှောက်ခဲ့တဲ့လမ်းက တကယ်တော့ အစစ်အမှန် မဟုတ်ဘူး"

"မင်းရဲ့ မှတ်ဉာဏ်နဲ့ အမြင်အာရုံခံစားမှုတွေက စိတ်စွမ်းအင်စက်ကွင်းရဲ့ လွှမ်းမိုးမှုကို ခံထားရတာ"

"ငါ့ကို ပြောစမ်းပါ... ရန်မေ့အဖေတို့က တကယ်တော့ ဘာသွားလုပ်ကြတာလဲ... ဘာလို့ ဒီနေရာကို လာရတာလဲ"

ရန်ဟိုင်က ပါးစပ်ကို လှုပ်ရှားလိုက်သော်လည်း ပြောဖို့ ဝန်လေးနေဆဲပင်။ သန္ဓေပြောင်း အသီးအနှံများနှင့် ပတ်သက်နေသဖြင့် သူ ထုတ်မပြောရဲပေ။

လင်းယွမ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး "ဒီနေရာက အရမ်း အန္တရာယ်များတယ်... မင်း မြင်တဲ့အတိုင်းပဲ... ဒီနေရာမှာ စိတ်စွမ်းအင်သုံးတဲ့ သန္ဓေပြောင်း သတ္တဝါ ဒါမှမဟုတ် ရန်သူတွေ ပုန်းအောင်းနေနိုင်တယ်... မင်းရဲ့ အစ်ကိုရှန်ယန်ဆိုတဲ့သူက လူတွေကို ခေါ်ပြီး တစ်ဖက်လူရဲ့ ထောင်ချောက်ထဲကို ဝင်သွားလောက်ပြီ"

"မင်း ဆက်မပြောဘူးဆိုရင် သူတို့ အဲဒီမှာ သေသွားရင်တောင် ဘယ်သူမှ သိမှာ မဟုတ်ဘူး"

ရန်ဟိုင်၏ မျက်နှာက ပြောင်းလဲသွားပြီး အလျင်အမြန် ပြောလိုက်သည်။

"မဖြစ်နိုင်ဘူး... အဲဒီနေရာကို အရင်ကလည်း ငါတို့ သွားဖူးတယ်... ပြီးတော့ ဘေးကင်းကင်းနဲ့ ပြန်လာခဲ့တာချည်းပဲ... ဘယ်လိုလုပ် အန္တရာယ်ရှိနိုင်မှာလဲ..."

လင်းယွမ်က ခပ်အေးအေး လေသံဖြင့် "အဲဒီနေရာက ခုတလောမှ ကြီးကြီးမားမား ပြောင်းလဲမှု တစ်ခု ရှိခဲ့သေးလား"

ရန်ဟိုင်က ကြောင်အမ်းသွားပြီး ချက်ချင်းပင် တစ်ခုခုကို သတိရသွားကာ သူ၏ မျက်နှာက ချက်ချင်း ထိတ်လန့်သွားသည်။

ရန်မေကလည်း တစ်စုံတစ်ခုကို ရိပ်မိသွားပြီး မနေနိုင်ဘဲ စိုးရိမ်တကြီး ပြောလိုက်သည်။

"ရန်ဟိုင်... ငါ့အဖေလည်း နင်ပြောတဲ့ အဲဒီနေရာမှာ ရှိနေတာနော်... ငါတို့မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး... နင်သာ ငါတို့ကို မြန်မြန်ပြောပြ... အခုချိန်မှာ အစ်ကိုလင်းယွမ်ကလွဲလို့ သူတို့ကို ဘယ်သူမှ သွားမကယ်နိုင်တော့ဘူး"

ရန်ဟိုင်က နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး အလွန် သူစိမ်းဆန်နေသော ပတ်ဝန်းကျင်ရှိ သင်္ချိုင်းကုန်းကို ကြည့်ကာ တံတွေးမြိုချလိုက်ပြီး အသံနှိမ့်၍ ပြောလိုက်သည်။

"အဲဒါက ဂူတစ်ခုပဲ... ဂူအပေါ်မှာ တည်သီးပင်တစ်ပင် ပေါက်နေပြီး အပင်ပေါ်မှာ တည်သီးနှစ်လုံး သီးနေတယ်"

"အစ်ကိုရှန်ယန်တို့က အဲဒီတည်သီးတွေကို သွားခူးကြတာ"

ရန်မေက အံ့သြသွားသည်။ "တည်သီးသွားခူးတာများ ဘာများ ဖုံးကွယ်စရာ ရှိလို့လဲ"

မိန်တောင်ပေါ်တွင် တောရိုင်း သစ်သီးပင်များစွာ ရှိကြောင်း သူမ သိထားသည်။ ရန်မေ အပင်များအပြင် တည်သီးပင်များ၊ ရှန်းကျာပင်များ၊ ပန်းသီးပင်များ၊ သစ်တော်သီးပင်များ စသည့် အတွေ့ရများသော သစ်သီးပင်များ တကယ်ပဲ ရှိသည်။

လင်းယွမ်ကတော့ သဘောပေါက်သွားသည်။ သူက "အဲဒီတည်သီးနှစ်လုံးက သန္ဓေပြောင်း အသီးတွေလား" ဟု မေးလိုက်သည်။

ရန်ဟိုင်က တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ပြီး "အင်း" ဟု အသံပြုလိုက်သည်။

ရန်မေက ချက်ချင်းပင် နားလည်သွားသည်။ တစ်ဖက်လူက လမ်းတစ်လျှောက်လုံး အထစ်ထစ်အငေါ့ငေါ့ဖြစ်နေပြီး ဘာမှ မပြောချင်သည်မှာ မဆန်းတော့ပေ။

တကယ်တော့ သန္ဓေပြောင်း အသီးအနှံများနှင့် ပတ်သက်နေခြင်း ဖြစ်သည်။ သန္ဓေပြောင်း အသီးတစ်လုံးသည် အစွမ်းပိုင်ရှင် တစ်ဦးကို တိုက်ရိုက် မွေးထုတ်ပေးနိုင်သည်။

ဤမျှ တန်ဖိုးကြီးသော အရာမျိုးကို မည်သူမဆို ဖုံးကွယ်ထားချင်ကြမည်သာ ဖြစ်သည်။

သူမက တစ်ဖက်လူ၏ လုပ်ရပ်ကို နားလည်သွားပြီး မေးလိုက်သည်။ "နင် အခု အဲဒီနေရာကို မှတ်မိသေးလား"

"ကျွန်တော်... ကျွန်တော်... မမှတ်မိတော့ဘူး" မျက်စိရှေ့ရှိ ပတ်ဝန်းကျင် အခြေအနေက အကြီးအကျယ် ပြောင်းလဲသွားသဖြင့် အရင်က လျှောက်ခဲ့သောလမ်းကို လုံးဝ ခွဲခြား၍ မရတော့ပေ။ ထို့ကြောင့်လည်း ရန်ဟိုင်က ထိတ်လန့်သွားခြင်း ဖြစ်သည်။

လင်းယွမ်က လေးနက်သော လေသံဖြင့် "တောင်ပေါ်က သန္ဓေပြောင်း အသီးတွေက သန္ဓေပြောင်း သတ္တဝါအချို့ကို လုယက်ဖို့ ဆွဲဆောင်နိုင်ခြေ အရမ်းများတယ်... ဒီစိတ်စွမ်းအင်စက်ကွင်းက အစွမ်းထက်တဲ့ သန္ဓေပြောင်း သတ္တဝါအချို့ ထုတ်လွှတ်ထားတာလည်း ဖြစ်နိုင်တယ်"

"မင်းတို့ အရင်က ဒီနေရာကို ဖြတ်သွားတုန်းက အဲဒီသန္ဓေပြောင်း သတ္တဝါရဲ့ အာရုံစိုက်တာကို ခံခဲ့ရလောက်ပြီ... သူက ဒီမှာ အမြဲတမ်း စောင့်နေခဲ့တာပဲ"

"မောင်လေး... အခု ဘယ်လိုလုပ်ကြမလဲ... အမအဖေ အန္တရာယ် ရှိနိုင်မလား"

လင်းယွမ်က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး လေးနက်သော လေသံဖြင့် "ကျွန်တော့်နောက်လိုက်ခဲ့"

ထိုသို့ပြောပြီးနောက် သူက သင်္ချိုင်းကုန်းဆီသို့ တိုက်ရိုက် လျှောက်သွားလိုက်သည်။ ဤစိတ်စွမ်းအင်စက်ကွင်း၏ အရင်းအမြစ်က သင်္ချိုင်းကုန်းဘက်တွင် ရှိနေသည်ကို သူ အာရုံခံမိသည်။

ဤသင်္ချိုင်းကုန်းက သိပ်မကြီးလှပေ။ ခုနစ်ပေ ရှစ်ပေခန့် အကွာတိုင်းတွင် သင်္ချိုင်းဂူ တစ်ခုစီ ရှိသည်။ သင်္ချိုင်းမှတ်တိုင်များပေါ်တွင် နွယ်ပင်များ တွယ်တက်နေပြီး နေရာအနှံ့တွင် ပေါင်းပင်များ ပေါက်ရောက်နေသည်။ လူမလာသည်မှာ အလွန်ကြာပြီဖြစ်ကြောင်း သိသာထင်ရှားနေသည်။

မြေကြီးပေါ်တွင် ခြေရာတစ်တန်း ရှိနေပြီး လင်းယွမ်က ချက်ချင်းပင် သဘောပေါက်သွားသည်။

မကြာသေးမီကမှ လူတစ်ယောက် ဖြတ်လျှောက်သွားခဲ့ခြင်း ဖြစ်ရမည်။

မိုးရေကပင် ဤခြေရာများကို မဆေးကြောနိုင်ခဲ့ပေ။

"ခြေရာတွေနောက်ကို လိုက်ခဲ့"

လင်းယွမ်က တစ်ခွန်းပြောလိုက်ပြီး ရန်မေ၏ လက်ဖဝါးကို ဆွဲကာ အရှေ့သို့ လျင်မြန်စွာ လျှောက်သွားလိုက်သည်။

ရန်ဟိုင်ကလည်း အလျင်အမြန် လိုက်ပါသွားသည်။ လှေကားထစ်များအတိုင်း သင်္ချိုင်းကုန်း အနောက်ဘက်သို့ တစ်လျှောက်လုံး လျှောက်သွားကြသည်။

မကြာမီမှာပင် အရှေ့ဘက်၌ ဂူတစ်ခု ပေါ်လာသည်။

ဂူပတ်လည်တွင် လူများစွာ ရပ်နေကြသည်။ ဂူဝအတွင်း၌မူ မီးအိမ်ကဲ့သို့ ကြီးမားသော အလုံးနှစ်လုံးက အနီရောင်အလင်းတန်းများ တလက်လက် တောက်ပနေသည်။

ထိုအလုံးများ၏ အပေါ်ဘက်တွင် တည်သီးပင်တစ်ပင် ရှိနေပြီး ၎င်းအပေါ်တွင် မီးတောက်ကဲ့သို့ နီရဲနေသော တည်သီးများ တကယ်ပဲ သီးနေသည်။

ထိုလူများအားလုံးက နေရာမှာတင် ရပ်နေကြပြီး ခေါင်းမော့ကာ တည်သီးများကို ကြည့်နေကြသည်။ သူတို့၏ မျက်နှာပေါ်တွင် မိန်းမောတွေဝေနေသော အမူအရာများ ရှိနေပြီး အားလုံးက မလှုပ်မယှက် ရှိနေကြသည်။

"အစ်ကိုရှန်ယန်"

ရန်ဟိုင်က လူအုပ်ထဲရှိ လီရှန်ယန်ကို မြင်သောအခါ ချက်ချင်းပင် အံ့သြဝမ်းသာဖြစ်သွားပြီး မသိစိတ်အရ အနီးသို့ လျှောက်သွားရန် ပြင်လိုက်သည်။

သို့သော် သူ၏ ပခုံးက လေးလံသွားပြီး လင်းယွမ်၏ ဆွဲထားခြင်းကို ခံလိုက်ရသည်။

"မင်း ဘာလုပ်တာလဲ" ရန်ဟိုင်က နောက်သို့ လှည့်ကာ ထိတ်လန့်ဒေါသတကြီး ပြောလိုက်သည်။

လင်းယွမ်က ခပ်အေးအေး လေသံဖြင့် "အဲဒါ အတုတွေ... မင်း သူတို့ခြေအောက်ကို ကြည့်လိုက်ဦး"

ရန်ဟိုင်က ကြောင်အမ်းသွားပြီး အလျင်အမြန် ခြေအောက်သို့ ကြည့်လိုက်ရာ တစ်ချက်ကြည့်ရုံဖြင့် ချက်ချင်းပင် ဦးရေပြားများ ထုံကျင်သွားသည်။

ခြေအောက်တွင် ဘယ်အချိန်ကတည်းက တွင်းနက်ကြီးတစ်ခု ပေါ်လာမှန်းမသိပေ။ တွင်းထဲတွင် ရေများ ပြည့်နေပြီး အမျိုးမျိုးသော အရိုးစုများ ပေါ်လောပေါလော ဖြစ်နေသည်။

အချို့က အသွေးနှင့် အသားများ အရည်ပျော်သွားပြီဖြစ်ပြီး အချို့က အဝတ်အစားများ ဝတ်ဆင်ထားဆဲ ဖြစ်သည်။ သန္ဓေပြောင်း သတ္တဝါအချို့၏ အရိုးစုများလည်း ရှိနေသည်။

သူက ချက်ချင်းပင် ချွေးစေးများ ထွက်လာပြီး ခေါင်းပြန်မော့ကြည့်လိုက်ရာ အရှေ့ဘက်တွင် မည်သည့်လူရိပ်မျှ မရှိတော့ဘဲ ထိုဂူနှင့် တလက်လက် တောက်ပနေသော မီးအိမ်နှစ်လုံးသာ ရှိတော့သည်။

ထိုတည်သီးပင်ကတော့ ရှိနေသေးပြီး မီးတောက်ကဲ့သို့ နီရဲနေသော အလင်းတန်းများ ဖြာထွက်နေသည်။

"ဒါ... ဒါ ဘယ်လိုဖြစ်တာလဲ"

"သူတို့ လူတွေကော" ရန်ဟိုင်က ထိတ်လန့်တကြား မေးလိုက်သည်။

လင်းယွမ်က စိတ်စွမ်းအင် အကာအကွယ်ကို ထိန်းသိမ်းထားရင်း ရင်ထဲတွင်လည်း တိတ်တဆိတ် ထိတ်လန့်နေမိသည်။

စိတ်စွမ်းအင်စက်ကွင်း၏ အရင်းအမြစ်က ဟိုဘက်ရှိ ဂူထဲတွင် ရှိနေကြောင်းကို သူ ခံစားမိသည်။ သို့သော် ဤစိတ်စွမ်းအင်စက်ကွင်းက အရမ်း အစွမ်းထက်လွန်းနေသည်။

လိပ်ခွံစွမ်းအင်အကာအကွယ်၏ ကာကွယ်မှုကိုပင် ဖောက်ထွင်းပြီး ဝင်ရောက်လာကာ အကာအကွယ်ပေးခံထားရသော ရန်ဟိုင်နှင့် ရန်မေတို့ကို လွှမ်းမိုးနိုင်စွမ်း ရှိနေသည်။

အကယ်၍ သူ၏ စိတ်စွမ်းအင်က အမှတ်များ ပြည့်လျှံနေသည့် အဆင့်အထိ အစွမ်းထက်မနေဘူးဆိုလျှင် သူကိုယ်တိုင်လည်း ထောင်ချောက်ထဲ သက်ဆင်းသွားရနိုင်သည်။

ဂူထဲတွင် စိတ်စွမ်းအင် အမှတ် (၅၀) အထိ တူညီစွာ ရောက်ရှိနေသော ကြောက်မက်ဖွယ် သန္ဓေပြောင်း သတ္တဝါတစ်ကောင် သေချာပေါက် ရှိနေမည်မှာ အလွန် သိသာထင်ရှားနေသည်။

မြေပြင်ပေါ်ရှိ တွင်းနက်ကြီးကို ရှောင်ကွင်းပြီး လင်းယွမ်က ရန်မေနှင့် ရန်ဟိုင်တို့ကို ခေါ်ကာ ထိုဂူဆီသို့ လျှောက်သွားလိုက်သည်။

ပို၍ နီးကပ်လာသည်နှင့်အမျှ ထိုစိတ်စွမ်းအင် ရိုက်ခတ်မှုများက ပို၍ ကြောက်မက်ဖွယ် ကောင်းလာသည်။

လင်းယွမ်ကတော့ ကိစ္စမရှိသော်လည်း ရန်မေနှင့် ရန်ဟိုင်တို့က သိသိသာသာကို တောင့်ခံနိုင်စွမ်း မရှိတော့ပေ။

အထူးသဖြင့် ရန်ဟိုင်မှာ ခေါင်းမူးခေါင်းကိုက်ဖြစ်ပြီး မိန်းမောနေသည့် အခြေအနေသို့ ရောက်နေပြီ ဖြစ်သည်။

ရန်မေမှာလည်း နားထင်ကြောများ တုန်လှုပ်နေပြီး မျက်မှောင်ကြုတ်ထားကာ ခေါင်းထဲတွင် မြူခိုးများ ဖုံးလွှမ်းနေသကဲ့သို့ ဖြစ်နေပြီး သူမ၏ တွေးခေါ်နိုင်စွမ်းများကို ဆုံးရှုံးသွားစေသည်။

လင်းယွမ်က လေးနက်သော လေသံဖြင့် "အမမေ... အဆောင်ကျောက်တုံးကို သုံးလိုက်"

ရန်မေက မသိစိတ်ဖြင့် လင်းယွမ် ပေးထားသော လိပ်ခွံစွမ်းအင်အကာအကွယ် အဆောင်ကျောက်တုံးကို ထုတ်ယူကာ ညင်သာစွာ ညှစ်လိုက်ရာ ချက်ချင်းပင် ပတ်ဝန်းကျင်၌ လိပ်ခွံစွမ်းအင်အကာအကွယ် အသစ်တစ်ခု ပေါ်လာပြီး သူမ၏ ခန္ဓာကိုယ်ကို ရစ်ပတ်သွားသည်။

ချက်ချင်းပင် ခေါင်းထဲမှ မကြည်မလင်ဖြစ်နေသော ခံစားချက်များ ပျောက်ကွယ်သွားပြီး သူမက သက်ပြင်းတစ်ချက်ချကာ လင်းယွမ်ကို ကြည့်လိုက်သည်။

"မောင်လေး... ဒါက ဘယ်လိုဖြစ်ရတာလဲ"

"ဂူထဲမှာ သန္ဓေပြောင်း သတ္တဝါ ရှိတယ်... အမမေ ဒီမှာပဲ ကျွန်တော့်ကို စောင့်နေ... ကျွန်တော် အထဲဝင်ကြည့်လိုက်ဦးမယ်"

"ဒါဆိုလည်း ဂရုစိုက်ဦးနော်" ရန်မေက အလျင်အမြန် ပြောလိုက်သည်။

လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို လှုပ်ရှားကာ မြေလျှိုးအစွမ်းဖြင့် မြေအောက်သို့ တိုက်ရိုက် ပျောက်ကွယ်သွားသည်။

သူက မြေအောက်သို့ ငုပ်လျှိုးသွားပြီး အထဲရှိ သတ္တဝါကို အနှောင့်အယှက် မဖြစ်စေရန် မိမိ၏ စိတ်စွမ်းအင်များဖြင့် ကိုယ့်ကိုယ်ကိုယ် တင်းကြပ်စွာ ရစ်ပတ်ထားကာ မိမိ၏ အငွေ့အသက်များကို မပျံ့လွင့်စေရန် လုပ်ဆောင်ထားသည်။

မိမိနှင့် အဆင့်တူလောက်ရှိမည့် စိတ်စွမ်းအင်သုံး သန္ဓေပြောင်း သတ္တဝါနှင့် ရင်ဆိုင်ရချိန်တွင် သူက ဂရုတစိုက်နှင့် သတိထားသည့် နည်းလမ်းကို ရွေးချယ်ခဲ့သည်။

ဂူနားသို့ နီးကပ်လာသည်နှင့်အမျှ လင်းယွမ်က ထိုစိတ်စွမ်းအင်စက်ကွင်း၏ အရင်းအမြစ်ကို ခံစားမိသွားသည်။

သူက မြေအောက်မှ ဖြည်းညင်းစွာ ပေါ်ထွက်လာပြီး ပတ်ဝန်းကျင်ကို မျက်လုံးဝေ့ကြည့်လိုက်သည်။

၎င်းက တကယ်ပဲ ဂူတစ်ခု ဖြစ်ပြီး ဂူထဲတွင် လူအတော်များများက မြေပြင်ပေါ်၌ ခွေယိုင်ကျနေကြသည်။

လူများသာမက မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော ပစ္စည်းများစွာလည်း ရှိနေပြီး ဤနေရာတွင် ယခင်က လူနေခဲ့ဖူးပုံရသည်။

ဤဂူထဲတွင် အတော်အသင့် ခြောက်သွေ့နေပြီး စိုထိုင်းဆများစွာ မရှိကြောင်းကို လင်းယွမ် ခံစားမိသည်။

သူက မျက်လုံးဝေ့ကြည့်လိုက်ရာ ရုတ်တရက် အကြည့်များ စူးရှသွားပြီး ဂူအလယ်တွင် လူတစ်ဖက်စာမျှ တုတ်ခိုင်သော ကြီးမားသည့် သစ်ပင်ပင်စည်တစ်ခု ပေါက်ရောက်နေသည်ကို မြင်လိုက်ရသည်။

ပင်စည်က အလွန် တုတ်ခိုင်သော်လည်း အရပ်က အလွန်ပုပြီး ခုနစ်ပေ ရှစ်ပေခန့်သာ မြင့်သည်။

သစ်ရွက်များက ခြောက်သွေ့၍ ဝါကြင်ကြင်ဖြစ်နေပြီး ၎င်းအပေါ်တွင် နီရဲနေသော တည်သီးနှစ်လုံး သီးနေသည်။

ထိုတည်သီးများက သိပ်မကြီးဘဲ လက်သီးဆုပ်အရွယ်အစားသာ ရှိကာ မီးအိမ်ငယ်လေးများကဲ့သို့ မီးတောက်အလား နီရဲနေပြီး အနီရောင်အလင်းတန်းများ ဖြာထွက်နေသည်။

အဝေးမှနေ၍ပင် ချိုအီနေသော သစ်သီးရနံ့ကို ရနေသည်။

လင်းယွမ်မှာ မနေနိုင်ဘဲ ရင်ထဲတွင် လှုပ်ရှားသွားသည်။

"သန္ဓေပြောင်း အသီးတွေ"

သူက သန္ဓေပြောင်း အသီးများကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း မဟုတ်ပေ။

ယခင်က အမိုးပေါ်တွင် သူကိုယ်တိုင် တစ်လုံးခူးပြီး ကျောက်ခိုင်ကို ပေးခဲ့သေးသည်။

သို့သော် မျက်မှောက်ရှိ အပင်တစ်ပင်ပေါ်တွင် သန္ဓေပြောင်း အသီးနှစ်လုံး သီးနေသည်ကိုတော့ သူ တကယ် မမြင်ဖူးခဲ့ပေ။

ဤသည်မှာ မည်သည့်အပင်ဖြစ်၍ သန္ဓေပြောင်း အသီးနှစ်လုံးကို တစ်ပြိုင်နက်တည်း သီးနိုင်သနည်းဆိုသည်ကိုတော့ သူ မသိပေ။

အသီးကို ကြည့်ရသည်မှာ တကယ်ပဲ တည်သီးနှင့် အနည်းငယ် တူသည်။ သို့သော် အပင်ကတော့ တည်သီးပင်နှင့် သိပ်မတူပေ။

အပြင်ဘက်မှ မြင်ရသော ဂူအမိုးပေါ်တွင် ပေါက်နေသည့် တည်သီးပင်ဆိုသည်မှာ တကယ်တော့ စိတ်ကူးယဉ် ထင်ယောင်ထင်မှားမှုသာ ဖြစ်သည်။

ထိုအနီရောင် အလင်းတန်းနှစ်ခုမှာမူ ဤသန္ဓေပြောင်း တည်သီးနှစ်လုံးမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး ဂူအပြင်ဘက်ရှိ ရေငွေ့များကြောင့် အလင်းယိုင်သွားကာ အများကြီး ပိုကြီးသွားသကဲ့သို့ ထင်ရခြင်း ဖြစ်သည်။

လင်းယွမ်က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ရာ မြေပြင်ပေါ်တွင် သတိလစ်နေသော လူများအပြင် သန္ဓေပြောင်း သတ္တဝါ အမြောက်အမြားလည်း လဲလျောင်းနေသည်ကို သတိထားမိလိုက်သည်။

စိတ်စွမ်းအင်စက်ကွင်း၏ ပိုင်ရှင်က ဤဂူထဲတွင် ရှိနေကြောင်းကို သူ အာရုံခံမိသည်။ သို့သော် တစ်ဖက်လူ၏ ပုံပန်းသဏ္ဌာန်ကို သူ မမြင်ရပေ။

"ပုန်းနေတာများလား"

လင်းယွမ်က သံသယဖြစ်သွားပြီး သူက ဇွတ်မဝင်ဘဲ မြေပြင်ပေါ်ရှိ သတိလစ်နေသော လူများကို ဦးစွာ ကြည့်လိုက်သည်။

တစ်ပတ်လောက် ရှာကြည့်လိုက်ပြီးနောက် လက်တစ်ဖက် ပြတ်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားကြီး တစ်ဦးကို ချက်ချင်း မြင်လိုက်ရသည်။

ဤလူက ဆံပင်များ မီးခိုးရောင်သန်းနေပြီး ခန္ဓာကိုယ်ပိန်ပါးကာ အသက် ခြောက်ဆယ်ဝန်းကျင်ခန့် ရှိပြီး မျက်နှာသွင်ပြင်က ရန်မေနှင့် အနည်းငယ် ဆင်တူသည်။

သူအထင်မမှားဘူးဆိုလျှင် ဤလူက ရန်ရုံဝေပင် ဖြစ်ရမည်။

လင်းယွမ်၏ အကြည့်များက အနည်းငယ် တောက်ပသွားပြီး ခန္ဓာကိုယ်ကို အသံတိတ် လှုပ်ရှားကာ ရန်ရုံဝေအနီးသို့ ချဉ်းကပ်သွားလိုက်သည်။

ထို့နောက် သူက 'ရုပ်သေးကြိုးမျှင်' အစွမ်းကို အသက်သွင်းလိုက်ရာ စိတ်စွမ်းအင်ဖြင့် စုစည်းထားသော ရုပ်သေးကြိုးမျှင် တစ်ချောင်းစီက ရန်ရုံဝေ၏ ခန္ဓာကိုယ်အတွင်းသို့ လျင်မြန်စွာ ဝင်ရောက်သွားသည်။

လင်းယွမ်က ယောက္ခမလောင်း၏ ခန္ဓာကိုယ်ကို တိုက်ရိုက် လွှဲပြောင်းရယူလိုက်သည်။ ထို့နောက် သူက ယောက္ခမလောင်း၏ အာရုံကြောများကို ညင်သာစွာ ဆွပေးလိုက်သည်။

ရန်ရုံဝေ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွားပြီးနောက် သတိလစ်နေသော လူအုပ်ကြားထဲမှ ချက်ချင်းပင် ထိုင်လျက်သား ဖြစ်လာသည်ကို တွေ့လိုက်ရသည်။

ရန်ရုံဝေက ထိုင်လျက်သားဖြစ်လာပြီး တည့်မတ်စွာ ရပ်လိုက်ကာ လင်းယွမ်၏ ခြယ်လှယ်မှုအောက်တွင် ခြေကုန်သုတ်၍ ဂူအပြင်ဘက်သို့ လျင်မြန်စွာ ပြေးထွက်သွားလေသည်။

ဂူထဲမှ ရုတ်တရက် ထူးဆန်းသော စူးရှရှ အော်သံတစ်ခု ထွက်ပေါ်လာပြီး ထိုအော်သံထဲတွင် သံသယဖြစ်နေသည့် အရိပ်အယောင် အချို့ ပါဝင်နေသည်။

နောက်တစ်ခဏတွင် ဂူဝ၌ မျက်စိဖြင့် မမြင်နိုင်သော နံရံတစ်ခု ရုတ်တရက် ပုံပေါ်လာသည်ကို တွေ့လိုက်ရသည်။

ရန်ရုံဝေက ခြေလှမ်းများကို မထိန်းနိုင်တော့ဘဲ ထိုမျက်စိဖြင့် မမြင်နိုင်သော နံရံကို ဒိုင်းခနဲ ဝင်တိုက်မိသွားသည်။

"ဒုန်း"

ရန်ရုံဝေ၏ ခန္ဓာကိုယ်က ချက်ချင်းပင် အနောက်သို့ လဲကျသွားပြီး ချက်ချင်းဆိုသလိုပင် အစွမ်းထက်သော စိတ်စွမ်းအင်တစ်ခုက သူ့ကို ရစ်ပတ်လွှမ်းမိုးသွားကာ သူ့ကို အရှင်လတ်လတ် ဖိချေပစ်တော့မည့်အလားပင်။

လင်းယွမ်က အကြည့်များကို လွှဲလိုက်ပြီး နောက်ဆုံးတွင်တော့ ဤအစွမ်းထက်သော စိတ်စွမ်းအင်၏ အရင်းအမြစ်ကို ရှာတွေ့သွားလေပြီ။ ထိုတည်သီးပင်ပေါ်မှာပင်တည်း။

"တွေ့ပြီ"

လင်းယွမ်က ရင်ထဲတွင် အေးစက်စွာ ရယ်မောလိုက်ပြီး ယန်ရှန်းမင်၏ 'ထက်မြက်ခြင်း' အစွမ်းဖြင့် အားဖြည့်ထားသော ဓားမြှောင်တစ်လက်ကို အားကုန် ပစ်လွှတ်လိုက်သည်။

"ဝှစ်"

စူးရှသောအသံကြီး ထွက်ပေါ်လာပြီး ထိုဓားမြှောင်က အလွန်လျင်မြန်စွာ ပစ်လွှတ်ခံရကာ မျက်စိတစ်မှိတ်အတွင်း လေထုကို ဆုတ်ဖြဲသွားပြီး ဘုန်းခနဲ အသံနှင့်အတူ ခြောက်သွေ့နေသော သစ်ရွက်များကို တိုက်ရိုက် ထိုးဖောက်ကာ အထဲသို့ စိုက်ဝင်သွားသည်။

"ကျီ"

သစ်ရွက်များကြားမှ ရုတ်တရက် ထူးဆန်းသော အော်သံတစ်ခု ထွက်ပေါ်လာသည်။ ချက်ချင်းဆိုသလိုပင် အဝါရောင် အရိပ်တစ်ခုက ခြောက်သွေ့နေသော သစ်ရွက်များကြားမှ ချက်ချင်း ထွက်ပေါ်လာသည်။

ထိုပုံရိပ်က သိပ်မကြီးဘဲ သုံးပေကျော်ခန့်သာ ရှည်လျားပြီး တစ်ကိုယ်လုံး အဝါရောင် တောက်ပနေသော သားမွေးများ ဖုံးလွှမ်းနေကာ နားရွက်နှစ်ဖက်က ယုန်နားရွက်ကဲ့သို့ ဖြစ်နေပြီး ခြေလက်လေးဖက်၏ ဆုပ်ကိုင်နိုင်စွမ်းက အလွန် အားကောင်းကာ အလွန် သွက်လက်သည်။

၎င်းက ခုန်ထွက်လာပြီး မြေခွေးကဲ့သို့ ချွန်ထက်သော ပါးစပ်ဖြင့် ပတ်ဝန်းကျင်ကို အနံ့ခံလိုက်ပြီး တစ်ချိန်တည်းမှာပင် မှိုင်းနေသော အဝါရောင် မျက်လုံးတစ်စုံဖြင့် ပတ်ဝန်းကျင်ကို လျင်မြန်စွာ မျက်လုံးဝေ့ကြည့်လိုက်သည်။

ရုတ်တရက် ၎င်း၏ အကြည့်များက စူးရှသွားပြီး ဂူထောင့်တစ်နေရာသို့ ကြည့်လိုက်သည်။ နောက်တစ်ခဏတွင် ၎င်း၏ ခန္ဓာကိုယ်က လှုပ်ရှားသွားပြီး လေထဲမှ လေတိုက်သံများ ထွက်ပေါ်လာသည်။

ချက်ချင်းဆိုသလိုပင် ထိုနံရံထောင့်မှ အားကောင်းသော အလင်းတန်းတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာသည်ကို တွေ့လိုက်ရသည်။

တစ်ချိန်တည်းမှာပင် လူရိပ်တစ်ခုက "မင်းတို့ မြန်မြန်သွားကြ" ဟု အော်ဟစ်လိုက်သည်။

အားကောင်းသော အလင်းတန်းအောက်တွင် ထိုအဝါရောင် သတ္တဝါပင် မနေနိုင်ဘဲ ထူးဆန်းစွာ အော်ဟစ်လိုက်ပြီး အလျင်အမြန် မျက်စိမှိတ်လိုက်ရသည်။

တစ်ချိန်တည်းမှာပင် လူရိပ်နှစ်ခုက အားကောင်းသော အလင်းတန်းအောက်မှ အားကုန် ခုန်ထွက်သွားကြသည်။

ထိုလူရိပ်နှစ်ခုက အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဖြစ်ပြီး အလွန် မြန်ဆန်ကာ အကြိမ်အနည်းငယ် ခုန်ပေါက်လိုက်ရုံဖြင့် ဂူပေါက်ဝသို့ ရောက်သွားကြသည်။

ထို့နောက် ရန်ရုံဝေကို ဂရုမစိုက်ဘဲ သူ့ကို တိုက်ရိုက် ကျော်ခွကာ အလျင်အမြန် ထွက်ပြေးသွားကြသည်။

လင်းယွမ် အံ့သြသွားသည်။ ဤဂူထဲတွင် လူများ ပုန်းအောင်းနေသေးသည်ပေါ့။

သူက ရုပ်သေးကြိုးမျှင်ကို အသက်သွင်းလိုက်ပြီး ဤအခွင့်အရေးကို အသုံးချကာ ယောက္ခမလောင်း ရန်ရုံဝေကို ထိန်းချုပ်ပြီး ချက်ချင်း ခုန်ထစေကာ အလျင်အမြန် ပြေးထွက်သွားစေလိုက်သည်။ ချက်ချင်းပင် ဂူထဲတွင် လူနှစ်ယောက်နှင့် သတ္တဝါတစ်ကောင်သာ ကျန်တော့သည်။

သတ္တဝါ၏ မျက်လုံးနှစ်လုံးသည် အားကောင်းသော အလင်းတန်းကြောင့် ထိခိုက်သွားသဖြင့် မျက်စိမဖွင့်နိုင်သော်လည်း ၎င်းကိုယ်တိုင်က စိတ်စွမ်းအင်ကို အားသန်သူဖြစ်ရာ မျက်လုံးမပါလျှင်တောင် အပြင်လောကကို အာရုံခံနိုင်စွမ်း ရှိသည်။

၎င်း၏ အာရုံခံနိုင်စွမ်းထဲတွင် ထိုအားကောင်းသော အလင်းတန်း၏ အလယ်ဗဟိုမှ လူရိပ်တစ်ခုက မျက်စိတစ်မှိတ်အတွင်း ပြေးဝင်လာသည်။

လာသူက ဓားမြှောင်ကဲ့သို့ အရာတစ်ခုကို ကိုင်ဆောင်ထားပြီး အားကုန် ခုတ်ပိုင်းချလိုက်သည်။

"ရွှမ်း"

အားကောင်းသော အလင်းတန်းက စုစည်းသွားပြီး အပူချိန်မြင့်မားသော အလင်းဓားအဖြစ် ပြောင်းလဲသွားကာ ဖောင်းခနဲ အသံနှင့်အတူ ဧရာမ ပုံရိပ်ယောင်တစ်ခုကို ခုတ်ပိုင်းလိုက်ရာ လေထုတစ်ခုလုံး ဆုတ်ဖြဲခံရပြီး လေတိုက်သံများနှင့်အတူ ရောက်လာသည်။

အဝါရောင် သတ္တဝါက ယင်းကို မြင်သောအခါ ချက်ချင်းပင် စူးရှရှ အော်ဟစ်လိုက်ပြီး စိတ်စွမ်းအင်များကို ချက်ချင်း တုံ့ပြန်လိုက်သည်။

မြေပြင်ပေါ်မှ ခန္ဓာကိုယ် လေးငါးခု ရုတ်တရက် ခုန်ထလာပြီး ၎င်း၏ ရှေ့တွင် တစ်ခုပြီးတစ်ခု ဝင်ကာလိုက်ကြသည်။

"ရွှပ် ရွှပ် ရွှပ်"

ထိုအလင်းဓားက မရပ်တန့်ဘဲ ထိုခန္ဓာကိုယ်များကို တိုက်ရိုက် ခုတ်ပိုင်းလိုက်ရာ ချက်ချင်းပင် သွေးများ ပန်းထွက်လာပြီး ထိုခန္ဓာကိုယ်များမှာ အပိုင်းပိုင်း ပြတ်တောက်သွားကာ မြေပြင်ပေါ်သို့ ဘန်းခနဲ ကျသွားကြသည်။

ချက်ချင်းဆိုသလိုပင် အသားနှင့် သွေးများ ကျလာပြီး သွေးများ စီးကျလာသည်။ သို့သော် တစ်ချိန်တည်းမှာပင် တူးခြစ်နေသော အနံ့တစ်ခုလည်း ရလာသည်။

တကယ်တော့ ထိုအလင်းဓားသည် အားကောင်းသော အလင်းတန်း၏ ဂုဏ်သတ္တိများ ပါဝင်လာပြီးနောက် အပူချိန်မြင့်မားမှုကိုလည်း သယ်ဆောင်လာခြင်း ဖြစ်သည်။

ထိုအလောင်းများကို မခုတ်ပိုင်းမီတွင် အသားကို တိုက်ရိုက် ပူလောင်သွားစေပြီး တူးခြစ်သွားစေသည်။ ဤကဲ့သို့သော အလင်းဓားသည် အလွန် ထက်မြက်ရုံသာမက အပူချိန်မြင့်မားသော တိုက်ခိုက်မှုကိုလည်း ပူးတွဲပါဝင်နေသည်။

အဝါရောင် သတ္တဝါက အလောင်းများ၏ ကာကွယ်မှုကို အသုံးချကာ ၎င်း၏ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး မျက်စိတစ်မှိတ်အတွင်း ရှောင်တိမ်းသွားသည်။

တစ်ချိန်တည်းမှာပင် ကြီးမားသော စိတ်စွမ်းအင်ကို မောင်းနှင်လိုက်ရာ ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော ကျောက်ခဲအသေးလေးများ အားကုန် ပေါက်ကွဲထွက်လာသည်။

"ဝုန်း... ဝုန်း... ဝုန်း"

မရေမတွက်နိုင်သော ကျောက်ခဲများက သေနတ်ပြောင်းဝမှ ထွက်လာသော ကျည်ဆန်များကဲ့သို့ လေတိုက်သံများနှင့်အတူ အပြင်းအထန် ပစ်လွှတ်ခံရသည်။

အလင်းတန်းထဲရှိ လူက သူ၏ လက်ထဲမှ ဓားမြှောင်ကဲ့သို့ အရာကို အလျင်အမြန် ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် အားကောင်းသော အလင်းတန်းက ဓားလှိုင်းအဖြစ် ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။

ထိုကျောက်ခဲများက ဓားအလင်းကြောင့် ပေါက်ကွဲထွက်သွားသော်လည်း အဝါရောင် သတ္တဝါ၏ စိတ်စွမ်းအင်က ကြီးမားလွန်းသဖြင့် ကျောက်ခဲများကို သိပ်သည်းအောင် ထိန်းချုပ်ထားသည်။

အလင်းတန်းထဲရှိ အမျိုးသားက ကျောက်ခဲမိုးကို ဖောက်ထွက်ရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း အမြဲတမ်း မအောင်မြင်ခဲ့ပေ။

အဝါရောင် သတ္တဝါ၏ ထိန်းချုပ်မှုအောက်တွင် ဤကျောက်ခဲများက သေနတ်ကျည်ဆန်များကဲ့သို့ ဖောက်ခနဲ ရိုက်ခတ်လာသည်။

သူ ထွက်ပြေးချင်သော်လည်း ဤကျောက်ခဲများက သွက်လက်စွာ နောက်ယောင်ခံလိုက်ပြီး အလွန် လျင်မြန်စွာ ပစ်လွှတ်ခံရသည်။

အကြိမ်ကြိမ် ညည်းတွားသံများနှင့်အတူ အလင်းတန်းထဲရှိ အမျိုးသားမှာ ကျောက်ခဲများ ထိမှန်ပြီး သိသိသာသာ ဒဏ်ရာရသွားသည်။

သူ၏ လက်ထဲရှိ အလင်းဓား ဝှေ့ယမ်းမှုက တဖြည်းဖြည်း နှေးကွေးလာသည်။

"မိတ်ဆွေ... မင်း ဒီတိုင်းကြည့်နေမယ်ဆိုရင် ငါ ခံနိုင်တော့မှာ မဟုတ်ဘူး... မင်းလည်း ပြေးလွတ်မှာ မဟုတ်ဘူး" အလင်းတန်းထဲရှိ လူက ရုတ်တရက် ဒေါသတကြီး အော်ဟစ်လိုက်သည်။

လင်းယွမ် ဘယ်မှာရှိနေမှန်း သူ မသိသော်လည်း ဤနေရာတွင် အခြားသူတစ်ယောက် သေချာပေါက် ရှိနေမည်ကို သူ သိသည်။

အဘယ်ကြောင့်ဆိုသော် ထိုဓားမြှောင်က သူ ပစ်လွှတ်လိုက်ခြင်း မဟုတ်သောကြောင့်ပင်။

မြေလျှိုးအစွမ်းဖြင့် မြေအောက်ရောက်နေသော လင်းယွမ်က အသံမထွက်ဘဲ လူတစ်ယောက်နှင့် သတ္တဝါတစ်ကောင်၏ ပြင်းထန်သော တိုက်ပွဲကို ဆက်လက် စောင့်ကြည့်နေသည်။

ထိုလူက အရေးနိမ့်နေသော်လည်း တိုက်ခိုက်နိုင်စွမ်းကို လုံးဝ ဆုံးရှုံးသွားခြင်း မရှိသေးပေ။ အဓိကအချက်မှာ ထိုလူက အဝါရောင် သတ္တဝါကို ဒဏ်ရာရအောင်ပင် မလုပ်နိုင်သေးခြင်း ဖြစ်သည်။

ဤလူက ဂူထဲတွင် ဤမျှကြာအောင် မပေါ်လွင်ဘဲ ပုန်းအောင်းနေနိုင်ခြင်းမှာ သေချာပေါက် အစွမ်းအစ အချို့ ရှိနေမည် ဖြစ်ရာ ဘယ်လိုလုပ် ဤသို့ လွယ်လွယ်ကူကူ အသတ်ခံရမည်နည်း။

ထို့ကြောင့် လင်းယွမ်က ထွက်လာရန် မလောဘဲ သူ၏ ခန္ဓာကိုယ်ကို ဆက်လက် ဖုံးကွယ်ထားကာ သူတို့နှစ်ဦး၏ တိုက်ပွဲကို စောင့်ကြည့်နေလိုက်သည်။

ဤလူ၏ အကူအညီတောင်းသံကို သူ မကြားဟန် ဆောင်နေလိုက်သည်။

သူက အကြည့်ကို မော့ကာ ထိုအပင်ပေါ်ရှိ တည်သီးနှစ်လုံးကို ကြည့်လိုက်သည်။

"အပင်တစ်ပင်ပေါ်မှာ သန္ဓေပြောင်း အသီးနှစ်လုံးဆိုတာ တကယ်ကို ရှားတယ်... ဒီသန္ဓေပြောင်း အသီးတွေက ဘယ်လို အစွမ်းမျိုးကို နိုးထစေနိုင်မလဲ မသိဘူး"

လင်းယွမ်က ယန်တောင်ဘက်တွင် သူ ယုံကြည်စိတ်ချရသော လူယုံများစွာ ရှိနေသေးပြီး ယခုအချိန်အထိ အစွမ်းများကို မနိုးထနိုင်သေးကြောင်း တွေးမိလိုက်သည်။

အခြားသူများကို မဆိုထားနှင့် မာကောချိုင်နှင့် ချိုင်ကြည်တို့ နှစ်ဦးသည် သူနှင့် အစောဆုံး လိုက်ပါလာသော အဖွဲ့ဝင်များ ဖြစ်ကြသည်။

အကျိုးအကြောင်းအရ ကြည့်လျှင် သူတို့နှစ်ဦးအတွက် သန္ဓေပြောင်း အသီးများကို စီစဉ်ပေးသင့်နေပြီ ဖြစ်သည်။

ဤနေရာသို့ တွေးမိသောအခါ လင်းယွမ်က အငွေ့အသက်များကို သိမ်းဆည်းလိုက်ပြီး ဟိုဘက်ရှိ ဖြစ်ပွားနေသော လူတစ်ယောက်နှင့် သတ္တဝါတစ်ကောင်၏ တိုက်ပွဲကို ကြည့်နေလိုက်သည်။

ယခုအချိန်တွင် အားကောင်းသော အလင်းတန်းထဲ၌ ပုန်းနေသော လူရိပ်က လျင်မြန်စွာ လှုပ်ရှားနေပြီး နှေးကွေးသွားသော ဓားမြန်နှုန်းက ပို၍ပို၍ နှေးကွေးလာသည်။

ရုတ်တရက် အဝါရောင် သတ္တဝါက ကျောက်တုံးကြီးတစ်ခုကို ထိန်းချုပ်ပစ်လွှတ်လိုက်ရာ ဘုန်းခနဲ အသံနှင့်အတူ အလင်းတန်းထဲရှိ လူရိပ်ကို ထိမှန်သွားသည်။

ထိုလူက ချက်ချင်းပင် "အား" ဟု အော်ဟစ်လိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အလင်းရောင်များ ပြယ်လွင့်သွားကာ တစ်ကိုယ်လုံး ချက်ချင်း လွင့်စင်ထွက်သွားပြီး ထိုတည်သီးပင်ကို တိုက်ရိုက် ဝင်တိုက်မိသွားသည်။

လင်းယွမ်က ဤမြင်ကွင်းကို မြင်သောအခါ ချက်ချင်းပင် မျက်လုံးမှေးလိုက်သည်။ ဘုန်းခနဲ အသံနှင့်အတူ ထိုလူက တည်သီးပင်ကို ဝင်တိုက်မိသွားသည်။

သို့သော် သွေးအန်ပြီး ဒဏ်ရာရသင့်သော သူက ဤအချိန်တွင် ရုတ်တရက် တည်သီးပင်ကို အားကုန် ကန်လိုက်သည်။

နောက်တစ်ခဏတွင် သူက သွက်လက်သော မျောက်တစ်ကောင်ကဲ့သို့ သစ်ကိုင်းပေါ်သို့ လျင်မြန်စွာ ခုန်တက်သွားပြီး သန္ဓေပြောင်း တည်သီးတစ်လုံးကို လှမ်းဆွဲလိုက်သည်။

ဤလုပ်ရပ်က ဟိုဘက်ရှိ အဝါရောင် သတ္တဝါကို ချက်ချင်း ဒေါသထွက်သွားစေပြီး ၎င်း၏ တစ်ကိုယ်လုံးရှိ အမွေးအမှင်များ ထောင်ထလာကာ ပြင်းထန်သော စူးရှရှ အော်သံများကို ထုတ်လွှတ်လိုက်သည်။

ပြင်းထန်သော စိတ်စွမ်းအင်များ အပြင်းအထန် ဝင်ရောက်လာသည်ကိုသာ မြင်လိုက်ရပြီး သစ်ပင်တစ်ပင်လုံးရှိ သစ်ကိုင်းများအားလုံးက အလင်းရောင်ထဲရှိ လူရိပ်ကို အားကုန် ရိုက်နှက်နေကြသည်။

သို့သော် ထိုအလင်းတန်းက ရုတ်တရက် အစစ်အမှန်တစ်ခုကဲ့သို့ အလင်းဒိုင်းတစ်ခုအဖြစ် စုစည်းသွားသည်။ လူရိပ်က သန္ဓေပြောင်း တည်သီးကို လှမ်းဆွဲလိုက်ပြီး ပေါ့ပါးစွာ ခူးယူလိုက်ကာ သစ်ကိုင်းကို အားကုန် ကန်လိုက်ပြီး ဂူပေါက်ဝဆီသို့ ချက်ချင်း ခုန်ထွက်သွားသည်။

"ဝုန်း"

ဂူပေါက်ဝရှိ ကျောက်တုံးကြီးနှစ်တုံးက ရုတ်တရက် ပေါင်းစပ်သွားပြီး ဂူပေါက်ဝကို ချက်ချင်း ပိတ်ဆို့လိုက်သည်။

အဝါရောင် သတ္တဝါသည် ဒေါသအထွတ်အထိပ်သို့ ရောက်နေပြီဖြစ်ပြီး အစွမ်းထက်သော စိတ်စွမ်းအင်များကို အသက်သွင်းကာ ကျောက်တုံးကြီးများကို တိုက်ရိုက် ခြယ်လှယ်ပြီး တံခါးကို ပိတ်ဆို့လိုက်ခြင်း ဖြစ်သည်။

သို့သော် ၎င်း၏ ခန္ဓာကိုယ်က ခုန်တက်သွားပြီး လူရိပ်ဆီသို့ အလွန် လျင်မြန်စွာ ခုန်အုပ်လိုက်သည်။ လူရိပ်ကမူ ထိတ်လန့်ခြင်း မရှိဘဲ သူ၏ တစ်ကိုယ်လုံးတွင် အလင်းရောင်များ တောက်ပသွားကာ မျက်စိတစ်မှိတ်အတွင်း ကျောက်တုံးများကြားရှိ အလင်းရောင်များထဲမှ ဖြတ်ထွက်သွားသည်ကို တွေ့လိုက်ရသည်။

လင်းယွမ်က ဤမြင်ကွင်းကို မြင်သောအခါ ဝူယင်၏ "အရိပ်" အစွမ်းကို ချက်ချင်း သတိရသွားသည်။ ဤလူနှင့် ဝူယင်၏ အစွမ်းသည် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။

သူက အရိပ်ထဲသို့ ဝင်ရောက်ခြင်း မဟုတ်ဘဲ အလင်းရောင်ထဲသို့ ဝင်ရောက်သွားခြင်း ဖြစ်သည်။

အဝါရောင် သတ္တဝါက ဤမြင်ကွင်းကို မြင်သောအခါ ချက်ချင်းပင် ဒေါသထွက်ပြီး စူးရှရှ အော်ဟစ်လိုက်သည်။

၎င်းက ကျောက်တုံးကြီးများကို အလျင်အမြန် ဖယ်ရှားလိုက်ပြီး လျင်မြန်စွာ နောက်မှ လိုက်သွားသည်။

အဝါရောင် သတ္တဝါ ထွက်ခွာသွားသည့် မျက်စိတစ်မှိတ်အတွင်း လင်းယွမ်က မြေအောက်မှ တိုက်ရိုက် ခုန်ထွက်လာပြီး လက်တစ်ဖက်ဖြင့် လှမ်းဆွဲကာ ကျန်ရှိနေသော မီးတောက်ကဲ့သို့ နီရဲနေသည့် သန္ဓေပြောင်း တည်သီးကို ယူဆောင်လိုက်သည်။

ထို့နောက် သူ၏ ခန္ဓာကိုယ်က ချက်ချင်းပင် မြေအောက်သို့ ဝင်ရောက်သွားပြီး အသက်ရှူကြိမ် အနည်းငယ်အတွင်း ဂူထဲမှ တိုက်ရိုက် ထွက်လာခဲ့သည်။

ဂူထဲမှ ထွက်လာသည်နှင့် လင်းယွမ်က ပတ်ဝန်းကျင်ရှိ မတူညီသော လေထုကို ချက်ချင်း ခံစားလိုက်ရသည်။

မူလက ပတ်ဝန်းကျင်ကို လွှမ်းခြုံထားသော အစွမ်းထက်သည့် စိတ်စွမ်းအင်စက်ကွင်းသည် ယခုအချိန်တွင် ပို၍ သိပ်သည်းလာသည်။

လင်းယွမ်၏ မျက်နှာအမူအရာက မနေနိုင်ဘဲ ပြောင်းလဲသွားသည်။

"မဟုတ်သေးဘူး... ဒီစိတ်စွမ်းအင်စက်ကွင်းက အဲဒီအဝါရောင် သတ္တဝါဆီက မဟုတ်ဘူး"

လင်းယွမ်က အလျင်အမြန် နောက်လှည့်ကြည့်လိုက်ရာ ထိုဂူထဲတွင် မီးအိမ်အရွယ်အစားရှိသော အနီရောင် အလင်းတန်းနှစ်ခုက တလက်လက် တောက်ပနေဆဲ ဖြစ်သည်ကို တွေ့လိုက်ရသည်။

သို့သော် ထိုတည်သီးနှစ်လုံးကို ခူးယူသွားခဲ့ပြီမှာ ထင်ရှားနေသည် မဟုတ်ပါလား။ သို့ဆိုလျှင် ဤအလင်းတန်းနှစ်ခုက ဘယ်က ရောက်လာသနည်း။

ကိစ္စများ၏ ထူးဆန်းမှုကို သူ ခံစားမိသွားပြီး မနေနိုင်ဘဲ လေအေးတစ်ချက်ကို ရှူသွင်းလိုက်မိသည်။ ယခုအချိန်တွင် သင်္ချိုင်းကုန်း အနီးအနားရှိ မိုးနှင့် မြေကြားတွင် မှုန်ဝါးဝါး အရိပ်တစ်ခု ဖုံးလွှမ်းသွားသကဲ့သို့ ဖြစ်နေပြီး စိတ်စွမ်းအင် အမှတ် (၅၀) အထိ မြင့်မားသော သူပင်လျှင် တစ်ခုခု မှားယွင်းနေကြောင်းကို အနည်းငယ် ခံစားလိုက်ရသည်။

"ငါ့ရဲ့ စိတ်စွမ်းအင်က လက်ရှိအဆင့်ရဲ့ အမြင့်ဆုံး အထွတ်အထိပ်ကို ရောက်နေပြီလေ... ဘယ်လိုလုပ် ငါ့ကို အနှောင့်အယှက်ပေးနိုင်တဲ့ စိတ်စွမ်းအင်စက်ကွင်း ရှိနေသေးတာလဲ"

လင်းယွမ်က ရင်ထဲတွင် တိတ်တဆိတ် ထိတ်လန့်သွားပြီး ချက်ချင်းပင် ဖြစ်နိုင်ခြေ တစ်ခုကို တွေးမိသွားသည်။

"သန္ဓေပြောင်း သတ္တဝါလား"

"လူသား အစွမ်းပိုင်ရှင်တွေမှာ စိတ်စွမ်းအင် အရည်အသွေးမှတ် (၅၀) ဆိုတာ သန္ဓေပြောင်း ဆင့်ကဲပြောင်းလဲမှုရဲ့ အထွတ်အထိပ်ပဲ... မျိုးရိုးဗီဇမြေပုံကို မဖွင့်နိုင်ရင် ပိုမြင့်တဲ့အဆင့်ကို တက်လှမ်းလို့မရဘူး"

"အဲဒီသန္ဓေပြောင်း သတ္တဝါတွေမှာရော အဲဒီလို အကန့်အသတ်မျိုး ရှိလား"

ဒါမှမဟုတ် ဤသင်္ချိုင်းကုန်းထဲတွင် မျိုးရိုးဗီဇမြေပုံကို ဖွင့်ထားပြီးသော ကြောက်မက်ဖွယ် သန္ဓေပြောင်း သတ္တဝါတစ်ကောင် ပုန်းအောင်းနေတာများလား။

လင်းယွမ်၏ နှလုံးသားက ချက်ချင်းပင် ဒိတ်ဒိတ်ကြဲ ခုန်လာသည်။ အချိန်ကြာမြင့်စွာ ပြိုင်ဘက်ကင်းနေသော စိတ်နေသဘောထားက သူ့ကို ပေါ့ဆမှုနှင့် မာနကြီးမှုကို ဖြစ်ပေါ်စေခဲ့ပြီး အချက်တစ်ချက်ကို လျစ်လျူရှုမိသွားစေသည်။

အရည်အသွေးမှတ် ငါးဆယ်ဆိုသည်မှာ တကယ်ပဲ ပြိုင်ဘက်ကင်းနေခြင်း မဟုတ်ပေ။

သူက လက်ရှိအဆင့်၏ ဆင့်ကဲပြောင်းလဲမှုကို ပြီးမြောက်သွားခြင်းသာ ဖြစ်ပြီး ပိုမို မြင့်မားသော ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်း ရှိနေသေးသည်။

သူက ထိုဆင့်ကဲပြောင်းလဲမှု အဆင့်၏ တံခါးပေါက်သို့ မဝင်ရောက်ရသေးခြင်းသာ ဖြစ်သည်။

လင်းယွမ်က စိတ်စွမ်းအင်များကို အလျင်အမြန် ထုတ်လွှတ်လိုက်ပြီး ရန်မေ၏ ပုံရိပ်ကို လျင်မြန်စွာ ရှာဖွေလိုက်သည်။

သူက သင်္ချိုင်းကုန်းထဲတွင် အဝေးမှ မြင်ကွင်းများကို မမြင်ရသော်လည်း မျက်မှောက်ရှိ အနီးကပ် မြင်ကွင်းများကိုမူ ရှင်းလင်းစွာ မြင်နိုင်ဆဲ ဖြစ်သည်။

သူက အနီးအနားရှိ သင်္ချိုင်းဂူများကြားတွင် အလျင်အမြန် ပြေးလွှားကာ နေရာအနှံ့ ရှာဖွေလိုက်သည်။ ရုတ်တရက် အရှေ့ဘက်မှ ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

လင်းယွမ်က ချက်ချင်း သွားကြည့်လိုက်ရာ ထိုအလင်းဓာတ် အစွမ်းပိုင်ရှင်က အချောင်းပုံသဏ္ဌာန် လက်နက်တစ်ခုကို ကိုင်ဆောင်ထားပြီး ပတ်ဝန်းကျင်မှ အပြင်းအထန် ပစ်လွှတ်လာသော အမျိုးမျိုးသော ကျောက်ခဲများနှင့် သစ်သားတုတ်များကို အားကုန် ခုခံနေသည်ကို အဝေးမှ မြင်လိုက်ရသည်။

ဤကျောက်ခဲများနှင့် သစ်သားတုတ်များအားလုံးသည် အစွမ်းထက်သော စိတ်စွမ်းအင်၏ ခြယ်လှယ်မှုအောက်တွင် လေတိုက်သံများနှင့်အတူ ရိုက်ခတ်လာခြင်း ဖြစ်သည်။

ဤအရာများကို ခြယ်လှယ်နေသူမှာ သေချာပေါက် ထိုအဝါရောင် မြွေပါပင် ဖြစ်သည်။

မျက်စိရှေ့ရှိ အဝါရောင် မြွေပါက ဒေါသထွက်နေပြီ ဖြစ်သည်။

၎င်းက ခက်ခက်ခဲခဲ စောင့်ဆိုင်းခဲ့ရသော သန္ဓေပြောင်း အသီးကို ဤကဲ့သို့ မျက်မြင်ကိုယ်တွေ့ လုယူခံလိုက်ရသဖြင့် သဘာဝကျစွာပင် ဒေါသထွက်သွားခြင်း ဖြစ်သည်။

ယခုအချိန်တွင် ၎င်းက ပတ်ဝန်းကျင်ရှိ ထူးဆန်းသော ပြောင်းလဲမှုများကို လုံးဝ ဂရုမစိုက်ဘဲ အလင်းဓာတ် အစွမ်းပိုင်ရှင်ကို ရူးသွပ်စွာ တိုက်ခိုက်နေသည်။

လင်းယွမ်က သူတို့၏ တိုက်ပွဲကို ဂရုမစိုက်ဘဲ စိတ်စွမ်းအင်များကို ထုတ်လွှတ်လိုက်ရာ မကြာမီမှာပင် အဝေးမဟုတ်သော နေရာ၌ သင်္ချိုင်းမှတ်တိုင် အနည်းငယ်ကြားတွင် ပိတ်မိပြီး ချာချာလည်နေသော ရန်မေ၊ ရန်ဟိုင်နှင့် ရန်ရုံဝေတို့ သုံးဦးကို ရှာတွေ့သွားသည်။

သူတို့ သုံးဦးအပြင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးလည်း သူတို့နှင့်အတူ ရပ်နေကြသည်။

ဤအမျိုးသားနှင့် အမျိုးသမီးသည် စောစောက အလင်းဓာတ် အစွမ်းပိုင်ရှင်၏ နောက်ကွယ်မှ ထွက်ပြေးသွားခဲ့သော သူနှစ်ဦးပင် ဖြစ်သည်။

ယခုအချိန်တွင် ရန်မေက လက်တစ်ဖက် ပြတ်နေသော ရန်ရုံဝေကို တွဲထားပြီး သူမ၏ မျက်လုံးထဲတွင် မျက်ရည်များ ရှိနေသည်။

"အဖေ... ဖြည်းဖြည်း လျှောက်ပါ"

ရန်ရုံဝေ၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျနေပြီး သူ၏ မျက်ဝန်းများကလည်း နီရဲနေသည်။

မိမိ၏ ဇနီးသည် သေဆုံးသွားပြီဆိုသည်ကို သူက ရန်မေထံမှ သိထားပြီးဖြစ်ရာ သမီးဖြစ်သူကို မြင်တွေ့ရ၍ ဝမ်းသာနေမှုမှာလည်း အများကြီး လျော့နည်းသွားခဲ့သည်။

ယခုအချိန်တွင် သူက မျက်ရည်များကို သုတ်လိုက်ပြီး အက်ကွဲနေသော အသံဖြင့် "ရန်မေ... အဖေကလည်း အစွမ်းပိုင်ရှင်ပဲ... အလျင်အမျိုးအစား အစွမ်းပိုင်ရှင်တောင် ဖြစ်သေးတယ်... သမီး စိတ်မပူနဲ့... အဖေ သေသွားရင်တောင် သမီးကို အပြင်ရောက်အောင် တစ်နည်းနည်းနဲ့ ပို့ပေးမယ်"

"အဖေ... မပြောပါနဲ့တော့... အစ်ကိုလင်းယွမ်ကိုသာ သမီးတို့ ရှာတွေ့မယ်ဆိုရင် သူက သမီးတို့ကို ဒီကနေ ထွက်သွားနိုင်အောင် သေချာပေါက် ကူညီပေးနိုင်မှာ" ဟု ရန်မေက အလျင်အမြန် ပြောလိုက်သည်။

သူမ၏ ခန္ဓာကိုယ်ပေါ်တွင် လိပ်ခွံစွမ်းအင်အကာအကွယ် ဖုံးလွှမ်းနေဆဲ ဖြစ်ပြီး ထိုလိပ်ခွံစွမ်းအင်အကာအကွယ်ကပင် သူမနှင့် အခြားသူများကို ဤနေရာရှိ စိတ်စွမ်းအင်စက်ကွင်း၏ ကျူးကျော်နှောင့်ယှက်မှုမှ မဖြစ်မနေ လွတ်ကင်းအောင် ကူညီပေးနေခြင်း ဖြစ်သည်။

ဘေးနားတွင် ကျန်းရုံရုံဟု ခေါ်သော အမျိုးသမီးလည်း ရှိသေးသည်။ ဤအမျိုးသမီးသည်လည်း စိတ်စွမ်းအင် အစွမ်းပိုင်ရှင် ဖြစ်ပြီး စိတ်စွမ်းအင် အတားအဆီး အစွမ်းကို ကျွမ်းကျင်သည်။

သူမဘေးနားရှိ အမျိုးသား၏ နာမည်က ရန်ဝေ ဖြစ်ပြီး "ပုတ်သင်ညို" အစွမ်းကို ပိုင်ဆိုင်ကာ အလွန် အားကောင်းသော အတိုင်းအတာတစ်ခုအထိ ပုန်းအောင်းနိုင်စွမ်း ရှိသည်။

ရန်ဝေ၏ အစွမ်းသည် ကြားရသည်မှာ သာမန်မျှသာ ဖြစ်သော်လည်း တကယ်တမ်းတွင်မူ ဤ "ပုတ်သင်ညို" အစွမ်းသည် သူ၏ ဖော်ဆောင်မှုအောက်တွင် သူကိုယ်တိုင်၏ ခန္ဓာကိုယ် အခြေအနေနှင့် အရောင်ကို ပြောင်းလဲနိုင်ရုံသာမက ပတ်ဝန်းကျင်ကို အတိုင်းအတာတစ်ခုအထိ ပြောင်းလဲနိုင်စွမ်းကိုပါ ပိုင်ဆိုင်နေပြီ ဖြစ်သည်။

ကျန်းရုံရုံနှင့် လီရှန်ယန်တို့ ဂူထဲတွင် ပုန်းအောင်းနေနိုင်ခဲ့ခြင်းမှာ တစ်ချက်က ကျန်းရုံရုံ၏ အစွမ်းထက်သော စိတ်စွမ်းအင် အတားအဆီးကို အားကိုးကာ ထိုအဝါရောင် မြွေပါ၏ စိတ်စွမ်းအင်ကို တားဆီးထားနိုင်ခြင်းကြောင့် ဖြစ်ပြီး ဒုတိယအချက်မှာ ရန်ဝေ၏ ထူးချွန်သော "ပုတ်သင်ညို" အစွမ်းကို အားကိုးကာ သူတို့၏ ပုံပန်းသဏ္ဌာန်များကို ဖုံးကွယ်ထားနိုင်ခြင်းကြောင့် ဖြစ်သည်။

သူတို့ ဤတစ်ကြိမ်တွင် လူဆယ်ဂဏန်းခန့် လာခဲ့သော်လည်း နောက်ဆုံးတွင် ထွက်ပြေးလွတ်မြောက်လာနိုင်သူမှာ သူတို့ အနည်းငယ်သာ ရှိတော့သည်။

"အစ်ကိုရှန်ယန်တို့ဘက်က ဘယ်လိုနေလဲ မသိဘူး"

ကျန်းရုံရုံက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး သူမ၏ မျက်နှာအမူအရာက အနည်းငယ် စိုးရိမ်နေသည်။

ရန်ဝေက လေးနက်သော လေသံဖြင့် "အစ်ကိုရှန်ယန်က အရမ်း တော်တာ... သူ့ရဲ့ အစွမ်းကလည်း ထူးခြားတယ်... သူ ထွက်ပြေးလွတ်မြောက်နိုင်မယ့် နည်းလမ်း ရှိလောက်ပါတယ်... အဓိကက ဒီအပြင်ဘက်က ပုံရိပ်ယောင်တွေကို ဘယ်လို ဖြေရှင်းမလဲ ဆိုတာပဲ"

"ငါတို့ ဒီမှာ လည်နေတာ အကြိမ်ပေါင်းများစွာ ရှိနေပြီ... ဒီသင်္ချိုင်းကုန်းထဲကနေ မထွက်နိုင်သေးဘူး"

ကျန်းရုံရုံက ထိုစကားကို ကြားသောအခါ သူမ၏ မျက်နှာကလည်း လေးနက်လာသည်။

"ဒီစိတ်စွမ်းအင် ပုံရိပ်ယောင်က တကယ့် ပုံရိပ်ယောင်အစွမ်း မဟုတ်ဘူး... ပတ်ဝန်းကျင်နဲ့ ပေါင်းစပ်ပြီးမှ မျက်စိမှောက်တာနဲ့ ဆင်တူတဲ့ ပုံရိပ်ယောင်မျိုးကို ဖန်တီးထားတာ"

"ဒီစိတ်စွမ်းအင်စက်ကွင်းရဲ့ ပိုင်ရှင်က အရမ်း အစွမ်းထက်တယ်... အဲဒီမြွေပါထက်တောင် ပိုအစွမ်းထက်သေးတယ်"

"မင်း ဆိုလိုတာက ပုံရိပ်ယောင်က အဲဒီမြွေပါ လုပ်ထားတာ မဟုတ်ဘူးပေါ့"

ရန်ဝေ၏ မျက်နှာအမူအရာက ပြောင်းလဲသွားပြီး အံ့သြသံသယဖြစ်စွာဖြင့် မေးလိုက်သည်။

ကျန်းရုံရုံက ခေါင်းယမ်းလိုက်သည်။

"မဟုတ်ဘူး... အဲဒီမြွေပါက အစ်ကိုရှန်ယန်နဲ့ တိုက်ခိုက်နေတာလေ... ဒီလောက် အစွမ်းထက်တဲ့ စိတ်စွမ်းအင်စက်ကွင်းကို ထပ်ပြီး ဖန်တီးဖို့ သူ့မှာ အင်အားကျန်နေဖို့ မဖြစ်နိုင်ဘူး"

"ဘာ... ဒါဆို ဒီနေရာမှာ တခြား သတ္တဝါ ရှိသေးတယ်လို့ ပြောချင်တာလား"

"အင်း... သေချာပေါက် ရှိတယ်... အဲဒီမြွေပါထက် ပိုပြီး ကြောက်စရာကောင်းတဲ့ သတ္တဝါပဲ... ပြီးတော့ အဲဒီမြွေပါတောင် အဲဒီသတ္တဝါရဲ့ ပိတ်လှောင်တာကို ခံထားရတာ... သူက သဘောမပေါက်သေးလို့" ကျန်းရုံရုံ၏ မျက်နှာအမူအရာက လေးနက်နေပြီး မျက်နှာက ကြည့်ရဆိုးနေသည်။

ဘေးနားရှိ ရန်ဟိုင်က မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။

"အမရုံရုံ... ဒါဆို ဘာလို့ အရင်အကြိမ်တွေတုန်းက ငါတို့ ဒီနေရာကို လာပြီး အန္တရာယ်ကင်းကင်း ပြန်ထွက်သွားနိုင်ခဲ့တာလဲ"

ရန်ရုံဝေကလည်း လေးနက်သော လေသံဖြင့် "ပြီးတော့ ငါတို့ အရင်အကြိမ်တွေ လာတုန်းက ဒီနေရာက သင်္ချိုင်းကုန်း မဟုတ်ဘူးလေ... ဒါက ဒီနေရာကို အဲဒီသတ္တဝါက အစောကြီးကတည်းက သိမ်းပိုက်ထားတယ်ဆိုတာကို ပြနေတာပဲ... ဒါပေမဲ့ သူက ငါတို့ကို မတိုက်ခိုက်ခဲ့ဘဲ အခုမှ ငါတို့ကို ဒီမှာ ပိတ်လှောင်ထားတာ... ဒီတစ်ကြိမ်ကျမှ ဘာလို့ အဲဒီလို လုပ်ရတာလဲ"

ကျန်းရုံရုံက ခေါင်းအနည်းငယ် ယမ်းလိုက်သည်။ "ငါလည်း မသိဘူး... ငါတို့က အဲဒီသတ္တဝါကိုတောင် မမြင်ရသေးဘူး"

သူတို့ အနည်းငယ် စကားပြောနေစဉ် ရုတ်တရက် မြေပြင်က အနည်းငယ် တုန်ခါသွားပြီး ချက်ချင်းဆိုသလိုပင် ခန္ဓာကိုယ်တစ်ခုက မြေအောက်မှ ထွက်ပေါ်လာသည်။

လူတိုင်းက အလွန် အံ့သြသွားကြပြီး အလျင်အမြန် ခုခံကာကွယ်သည့် အနေအထားသို့ ရောက်သွားကြသည်။

ထိုကျန်းရုံရုံ၊ ရန်ဟိုင်နှင့် ရန်ရုံဝေတို့က ပထမဆုံး အချိန်မှာပင် ဓားမကြီးများကဲ့သို့ လက်နက်များကို ဆွဲထုတ်လိုက်ကြသည်။

သို့သော် လာသူကို ရန်မေ မြင်သောအခါ ချက်ချင်းပင် ဝမ်းသာသွားသည်။

"မောင်လေး"

လင်းယွမ်က သူမကို ပြုံးပြလိုက်ပြီး "အမမေ... ကျွန်တော့်နောက်လိုက်ခဲ့" ထိုသို့ပြောပြီးနောက် သူက ရှေ့တစ်လှမ်း တိုးကာ ရန်မေ၏ လက်ကို ဆွဲရန် ပြင်လိုက်သည်။

ရန်ရုံဝေက မသိစိတ်အရ သမီးဖြစ်သူကို အနောက်တွင် ကာကွယ်ထားလိုက်ပြီး လင်းယွမ်ကို သတိထားကာ ကြည့်လိုက်သည်။

ရန်မေက ရန်ရုံဝေ၏ လက်ကို အလျင်အမြန် ဖိထားလိုက်ပြီး "အဖေ... သူက လင်းယွမ်ဆိုတာပဲ"

ရန်ရုံဝေက ကြောင်အမ်းသွားပြီး ချက်ချင်းပင် လင်းယွမ်ကို အထက်အောက် အကဲခတ်လိုက်ရာ သူ၏ မျက်လုံးထဲတွင် စူးစမ်းနေသည့် အရိပ်အယောင်များ ပေါ်လာသည်။

လင်းယွမ်က ပြုံးလိုက်ပြီး "မင်္ဂလာပါ ဦးလေးရန်... အမမေက ဦးလေးအကြောင်း ကျွန်တော့်ကို ခဏခဏ ပြောပြတယ်"

"မင်္ဂလာပါ"

ရန်ရုံဝေက ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး လင်းယွမ်၏ ရုပ်ရည်နှင့် အခြားသော အသွင်အပြင်များကို အတော်လေး သဘောကျသွားသည်။

ထို့နောက် လင်းယွမ်က မြေအောက်မှ ထွက်လာနိုင်သည်ကို သူ ပြန်တွေးမိလိုက်ရာ တစ်ချက်ကြည့်ရုံဖြင့် အတော်လေး ထူးခြားသော အစွမ်းပိုင်ရှင် အမျိုးအစားဖြစ်ကြောင်း သိနိုင်သဖြင့် သူ၏ စိတ်ထဲတွင် လင်းယွမ်အပေါ် အကဲဖြတ်မှုကို အနည်းငယ် မြှင့်တင်လိုက်မိသည်။

ဤကမ္ဘာကြီးက မငြိမ်းချမ်းတော့ကြောင်းကို သူ သိသည်။ နောင်တွင် ဤကမ္ဘာကြီးသည် အစွမ်းပိုင်ရှင်များ၏ စင်မြင့်သာ ဖြစ်လာပေမည်။

သမီးဖြစ်သူအား လီကျစ်ချန် ဘယ်ရောက်သွားလဲဟု သူ မမေးခဲ့သော်လည်း သူ၏ အတွေ့အကြုံအရ ဘာတွေဖြစ်ခဲ့သည်ကို သူ သဘာဝကျကျ ခန့်မှန်းနိုင်သည်။

ထို့ကြောင့် သူက သမီးဖြစ်သူကို အများကြီး မမေးတော့ဘဲ သမီးဖြစ်သူ ပြန်လည်ရွေးချယ်ထားသော အမျိုးသားအပေါ်တွင် သူက သဘာဝကျကျ ပိုမို လေ့လာစောင့်ကြည့်ရပေမည်။

လင်းယွမ်က "ဒီနေရာက စကားပြောရမယ့် နေရာမဟုတ်ဘူး... ကျွန်တော် ခင်ဗျားတို့ကို အရင် ခေါ်သွားပေးမယ်" ထိုသို့ပြောပြီးနောက် လင်းယွမ်က ရှေ့သို့တက်ကာ ရန်ရုံဝေ၏ မျက်စိရှေ့တွင်ပင် ရန်မေ၏ လက်ကို ဆွဲလိုက်သည်။

ရန်မေ၏ မျက်နှာက အနည်းငယ် နီရဲသွားပြီး ဖခင်ဖြစ်သူကို တစ်ချက်ကြည့်လိုက်သော်လည်း လိမ္မာရေးခြားရှိစွာဖြင့် လင်းယွမ်နှင့်အတူ လျှောက်သွားလိုက်သည်။

ရန်ရုံဝေက အနည်းငယ် ကြောင်အမ်းသွားပြီး ချက်ချင်းပင် အနည်းငယ် တိတ်ဆိတ်သွားကာ ချက်ချင်း နောက်မှ လိုက်သွားလေသည်။

"ဟေ့... ရှင်က ဘယ်သူလဲ" ကျန်းရုံရုံက မနေနိုင်ဘဲ နှုတ်ဟ၍ မေးမြန်းလိုက်သည်။

ရန်ဝေကလည်း သတိထားနေမှုကို မလျှော့ချဘဲ လင်းယွမ်ကို စူးစိုက်ကြည့်နေသည်။ ရန်ဟိုင်က အလျင်အမြန် ရှင်းပြလိုက်သည်။

"အမရုံရုံ... အစ်ကိုဝေ... ဒီလူက အမမေနဲ့ အတူပြန်လာတဲ့ လင်းယွမ်တဲ့"

သူက မိတ်ဆက်ပေးလိုက်ပြီး ချက်ချင်းပင် အသံနှိမ့်ကာ "သူက အရမ်း အစွမ်းထက်တယ်... သူ ပြောပုံအရ ယွင်ချွမ်ဘုရားကျောင်းက တိရစ္ဆာန်တွေကို သူ သတ်ပစ်လိုက်ပြီတဲ့"

"ဘာ"

"လီခွေရုံတို့ သေသွားပြီလား" ကျန်းရုံရုံနှင့် ရန်ဝေတို့က ချက်ချင်းပင် အံ့သြသွားကြသည်။

ချက်ချင်းပင် ကျန်းရုံရုံက ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး လင်းယွမ်ကို ချက်ချင်း စူးစိုက်ကြည့်ကာ မေးလိုက်သည်။

"စောစောက ဂူထဲမှာ အဲဒီသန္ဓေပြောင်း မြွေပါကို ဓားမြှောင်နဲ့ ပစ်လိုက်တာ ရှင်လား"

ရန်ဝေက ထိုစကားကို ကြားသောအခါ ချက်ချင်းပင် မျက်နှာပြောင်းလဲသွားပြီး လင်းယွမ်ကို ကြည့်လိုက်သည်။

ဆက်ရန်...

အပိုင်း(၂၈၄) လီရှန်းယန်နှင့် စွမ်းအင်စက်ကွင်း ဖြစ်တည်လာရသည့် အကြောင်းရင်း

လင်းယွမ်က သူတို့နှစ်ဦးကို ကြည့်လိုက်ပြီး ခေါင်းညိတ်ပြကာ ဆိုလာသည်။

"ငါပဲ"

ကျန်းရုံရုံနှင့် ရန်ဝေတို့၏ မျက်နှာများ အဆက်မပြတ် ပြောင်းလဲသွားသည်။

ဒီလူက သင်္ချိုင်းထဲက စိတ်စွမ်းအင်စက်ကွင်းထဲမှာတင် လိုဏ်ဂူထဲကို ဝင်ရောက်နိုင်ရုံသာမက တိုက်ခိုက်မှုတွေပါ လုပ်နိုင်သေးတာပဲ။

ဒါက ဒီလူရဲ့ အစွမ်းအစကို လုံလောက်စွာ သက်သေပြနေပြီ ဖြစ်သည်။

ယခုလည်း သူက လိုဏ်ဂူထဲမှ ဘေးကင်းစွာ ထွက်လာနိုင်ပြန်ရာ လိုဏ်ဂူထဲက အခြေအနေကို သေချာပေါက် သိနေမည်မှာ အသေအချာပင်။

ကျန်းရုံရုံက အလောတကြီး မေးလိုက်သည်။ "ရှင် အစ်ကိုရှန်းယန်ကို တွေ့ခဲ့သေးလား... လိုဏ်ဂူထဲမှာ အခု ဘာတွေဖြစ်နေတာလဲ"

လင်းယွမ်က ရန်မေကို ဆွဲခေါ်ကာ သင်္ချိုင်းပြင်ပသို့ လျှောက်သွားရင်း ပြန်ဖြေလိုက်သည်။ "မင်းမေးနေတာ အလင်းဓာတ် အစွမ်းပိုင်ရှင်ကိုလား"

"ဟုတ်တယ်... သူပဲ... သူက ကျွန်မတို့ ကျဲ့ဆစ် စာသင်ကျောင်းရဲ့ ခေါင်းဆောင် လီရှန်းယန်ပဲ" ကျန်းရုံရုံက အမြန် ပြန်ဖြေသည်။

"သူ ဟိုဘက်နားမှာ အဝါရောင်အမွေးရှိတဲ့ မိစ္ဆာကောင်တစ်ကောင်နဲ့ တိုက်ခိုက်နေတယ်"

လင်းယွမ်က အပေ ၁၀၀ ကျော်ခန့် ကွာဝေးသော နေရာတစ်ခုဆီသို့ လက်ညှိုးထိုးပြလိုက်သည်။

သို့သော် ကျန်းရုံရုံဖြစ်စေ၊ ရန်ဝေဖြစ်စေ သူ လက်ညှိုးထိုးပြရာဆီသို့ လိုက်ကြည့်လိုက်သော်လည်း ဘာကိုမှ မမြင်ရသလို ဘာသံကိုမှလည်း မကြားရပေ။

ထိုနေရာတွင် သာမန် သင်္ချိုင်းဂူများမှလွဲ၍ အခြား ဘာမှမရှိချေ။

"ဘယ်မှာလဲ... ကျွန်မ ဘာမှမမြင်ရဘူး" ကျန်းရုံရုံက စိုးရိမ်တကြီး ပြောလာသည်။

ရန်ဝေကလည်း လင်းယွမ်ကို သံသယဝင်စွာဖြင့် ကြည့်လိုက်သည်။

လင်းယွမ်က အသံကို နှိမ့်ကာ ပြောလိုက်သည်။

"မင်းတို့ရဲ့ စိတ်စွမ်းအင်က သိပ်အားနည်းလွန်းတယ်... ဒီနေရာမှာ စိတ်စွမ်းအင်စက်ကွင်းရဲ့ ပုံရိပ်ယောင်တွေ ရှိနေလို့ မင်းတို့ မြင်ရမှာ မဟုတ်ဘူး... ငါ့နောက်ကိုသာ အရင်လိုက်ခဲ့... မင်းတို့ကို ဒီပုံရိပ်ယောင်ထဲကနေ အရင် ခေါ်ထုတ်သွားပေးမယ်"

သူက ဆက်မပြောတော့ဘဲ ရန်မေကို ဆွဲကာ ခြေလှမ်းများကို ခပ်သွက်သွက် လျှောက်လိုက်သည်။ အခြားသူများကလည်း အခြေအနေကို ရိပ်မိကာ အမြန် လိုက်ပါသွားကြသည်။

ရှေ့တွင် သင်္ချိုင်းဂူတစ်ခု ရှိနေသော်လည်း လင်းယွမ်က ထိုအပေါ်သို့ တိုက်ရိုက် တက်နင်းလိုက်သည်ကို အားလုံး မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသည်။

ချက်ချင်းပင် သင်္ချိုင်းဂူမှာ "ဖွတ်" ခနဲ ပျောက်ကွယ်သွားပြီး လင်းယွမ်နှင့် ရန်မေတို့၏ ပုံရိပ်များလည်း ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။

နောက်မှ လိုက်လာသော ရန်ရုံဝေမှာ ခေါင်းနပန်းကြီးသွားပြီး အမြန် ပြေးလိုက်သွားကာ အော်ခေါ်လိုက်သည်။

"ရန်မေ"

သူ ခြေလှမ်းတစ်လှမ်း နင်းချလိုက်သည်နှင့် မျက်စိရှေ့တွင် ဝေဝါးသွားပြီး ရန်မေနှင့် လင်းယွမ်တို့၏ ပုံရိပ်များ ပြန်ပေါ်လာသည်။

ယခု သူတို့ ရပ်နေသော နေရာတွင် မည်သည့် သင်္ချိုင်းဂူမှ မရှိတော့ဘဲ ကွန်ကရစ်လမ်းမတစ်ခုသာ ရှိနေလေသည်။

ထို့နောက် ရန်ဟိုင်၊ ရန်ဝေနှင့် ကျန်းရုံရုံတို့လည်း ချက်ချင်း လိုက်ထွက်လာကြသည်။ သူတို့လည်း ပုံရိပ်ယောင်ထဲမှ လွတ်မြောက်သွားပြီးနောက် နောက်သို့ လှည့်ကြည့်လိုက်ကြသည်။

နောက်ဘက်တွင် တောင်ပေါ်သင်္ချိုင်းဆီသို့ သွားရာ ကွန်ကရစ်လမ်းမကြီး တစ်လျှောက်လုံးကို တွေ့လိုက်ရသည်။

ပေတစ်ရာခန့် အကွာရှိ သင်္ချိုင်းအတွင်း၌ ပြင်းထန်သော အလင်းရောင်များ ဖုံးလွှမ်းနေသည့် လူရိပ်တစ်ခုမှာ အပြင်းအထန် ပြေးလွှားနေသည်။

ထိုလူရိပ်၏ နောက်တွင်မူ မရေမတွက်နိုင်သော သဲများ၊ ကျောက်ခဲများက လေထဲတွင် လွင့်စင်နေပြီး အဆက်မပြတ် ပစ်ခတ် တိုက်ခိုက်နေလေသည်။

"အစ်ကိုရှန်းယန်ပဲ" ကျန်းရုံရုံမှာ အထိတ်တလန့်ဖြစ်သွားပြီး အသံကုန် အော်ဟစ်လိုက်သည်။

"အစ်ကိုရှန်းယန်... ဒီဘက်မှာ... ဒီဘက်ကို လာခဲ့"

သူမက အလောတကြီး အော်ခေါ်နေသော်လည်း ပေရာဂဏန်းခန့်မျှသာ ကွာဝေးသော နေရာမှ လီရှန်းယန်မှာ သူမ၏ အော်ခေါ်သံကို လုံးဝ မကြားရပေ။

သူကိုယ်တိုင်ကပင် မျက်ကန်းတစ်ယောက်လို သင်္ချိုင်းထဲတွင် အပြင်းအထန် ပြေးလွှားနေသော်လည်း တစ်နေရာတည်းတွင်သာ လှည့်ပတ်ပြေးနေပြီး အပြင်သို့ လုံးဝ ထွက်မလာနိုင်ချေ။

ထိုသန္ဓေပြောင်း အဝါရောင်မိစ္ဆာကောင်ကလည်း အနောက်မှ ထပ်ကြပ်မကွာ လိုက်နေပြီး သူတို့လူစုကို သတိပြုမိပုံ မရပေ။

လင်းယွမ်က ဝင်ပြောလိုက်သည်။ "ဆက်မအော်နေနဲ့တော့... သူက စိတ်စွမ်းအင်စက်ကွင်းထဲ ရောက်နေတာဆိုတော့ ကြားရမှာ မဟုတ်ဘူး"

ကျန်းရုံရုံက ချက်ချင်း လှည့်လာပြီး လင်းယွမ်ကို ကြည့်ကာ အပူတပြင်း ပြောလာသည်။

"ကိုလင်းယွမ်... ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး အစ်ကိုရှန်းယန်ကို ကူညီပေးပါ... တောင်းပန်ပါတယ်"

သူမ၏ မျက်လုံးများ နီရဲနေပြီး မျက်နှာတွင်လည်း စိုးရိမ်ပူပန်မှုများ အပြည့်ဖြင့် တောင်းဆိုလာသည်။

ရန်ဝေနှင့် ရန်ဟိုင်တို့ကလည်း လင်းယွမ်ကို အကူအညီတောင်းသည့် အကြည့်များဖြင့် ကြည့်လာကြသည်။

လင်းယွမ်က ဘာမှမပြောဘဲ ရန်ရုံဝေကို ကြည့်ကာ မေးလိုက်သည်။

"ဦးလေးရန်... ကျွန်တော် ဒီတစ်ခေါက် လာတာ ရန်မေနဲ့အတူ ဦးလေးကို ထိုက်ယန်တောင်ကို ပြန်ခေါ်သွားဖို့ပဲ... ဦးလေး ကျဲ့ဆစ် စာသင်ကျောင်းမှာ နေရတာ အနိုင်ကျင့် ခံရတာမျိုး ရှိလား"

ရန်ရုံဝေမှာ ကြောင်အမ်းသွားပြီးနောက် ခေတ္တမျှ တိတ်ဆိတ်သွားသည်။

ကျန်းရုံရုံက အလောတကြီးဖြင့် ရန်ရုံဝေကို ကြည့်ကာ စိတ်လှုပ်ရှားစွာ ပြောလာသည်။

"ဦးလေးရုံဝေ... ကျွန်မတို့ ကျဲ့ဆစ် စာသင်ကျောင်းက ဦးလေးအပေါ် မကောင်းတာမျိုး တစ်ခုမှ မလုပ်ခဲ့ဘူးနော်... အဲ့ဒီတုန်းက အစ်ကိုရှန်းယန်သာ ယွင်ချွမ်ဘုရားကျောင်းက လူတွေလက်ထဲကနေ ဦးလေးကို မကယ်ခဲ့ရင်..."

"ပြီးတော့ ဒီရက်ပိုင်းအတွင်း ဦးလေး နေ့တိုင်း အပြင်ထွက်ပြီး မိန်းမကို လိုက်ရှာတုန်းက အန္တရာယ်တွေနဲ့ ကြုံရတိုင်း ကျွန်မတို့လူတွေပဲ ကယ်ခဲ့ရတာလေ... ကျေးဇူးပြုပြီး... အစ်ကိုရှန်းယန်ကို ကူညီပေးဖို့ ကိုလင်းယွမ်ကိုပြောပေးပါ"

ကျန်းရုံရုံ၏ မျက်လုံးများ နီရဲလာကာ မျက်ရည်များပင် ကျဆင်းလာသည်။

ရန်ရုံဝေက သက်ပြင်းချကာ ပြောလိုက်သည်။

"ကျဲ့ဆစ် စာသင်ကျောင်းက ငါ့အပေါ် မကောင်းတာ ဘာမှမလုပ်ခဲ့တာမှန်ပေမယ့်... ဒီရက်ပိုင်းအတွင်း ငါလည်း ကျဲ့ဆစ် စာသင်ကျောင်းအတွက် သန္ဓေပြောင်း အသီး အနည်းဆုံး နှစ်လုံးလောက် ရှာပေးခဲ့တယ်မလား"

ကျန်းရုံရုံမှာ ချက်ချင်း စကားဆွံ့အသွားတော့သည်။

ရန်ရုံဝေသည် ဇနီးဖြစ်သူကို အပြင်ထွက်ရှာရင်း သန္ဓေပြောင်း အသီးများကို တစ်ခါတစ်ရံ တွေ့ရှိခဲ့သည်။

သူက အတ္တဆန်စွာ ဖုံးကွယ်မထားဘဲ လီရှန်းယန်ထံသို့ ယူဆောင်လာကာ စီမံခန့်ခွဲခိုင်းခဲ့သည်။

ထို့ကြောင့်ပင် ကျဲ့ဆစ် စာသင်ကျောင်းတွင် အစွမ်းပိုင်ရှင် နှစ်ယောက် ထပ်တိုးလာခဲ့ခြင်း ဖြစ်သည်။

ရန်ရုံဝေက သူသည် လီရှန်းယန်တို့၏ စောင့်ရှောက်မှုအောက်တွင် အမြဲ နေထိုင်ခဲ့ရသည်ဟု မခံစားရပေ။ သူလည်း ကျဲ့ဆစ် စာသင်ကျောင်းအတွက် အကျိုးပြုခဲ့သည်။

ရုတ်တရက် သင်္ချိုင်းဘက်မှ စူးရှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ ကျန်းရုံရုံတို့ လူစုက အမြန် လှည့်ကြည့်လိုက်ကြသည်။

လီရှန်းယန်၏ ခန္ဓာကိုယ်ကို ကျောက်ခဲတစ်လုံး လာမှန်သွားပြီး သူ၏ တစ်ကိုယ်လုံး နောက်သို့ လွင့်စင်သွားကာ ကျောက်တုံးကြီးတစ်ခုနှင့် ဝင်တိုက်မိသွားသည်ကို တွေ့လိုက်ရသည်။

သူ့တစ်ကိုယ်လုံးမှ အလင်းရောင်များ ပေါက်ကွဲထွက်သွားပြီး တစ်ခဏအတွင်း မှေးမှိန်သွားကာ သူ၏ မူလရုပ်သွင် ပေါ်လာသည်။

ထိုအချိန်တွင် သန္ဓေပြောင်း အဝါရောင်မိစ္ဆာကောင်က ထပ်မံ လိုက်မီလာပြီး သွားများကို ဖြဲပြကာ ရက်စက်ကြမ်းကြုတ်သော အမူအရာကို ပြသလိုက်သည်။

၎င်းက စိတ်စွမ်းအင်များကို အသုံးပြုလိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ သင်္ချိုင်းဂူများမှာ ဝုန်းဒိုင်းကြဲကာ ရူးသွပ်စွာ ပြိုကျလာသည်။

လီရှန်းယန်၏ ဖြူရော်နေသော မျက်နှာပေါ်တွင် မျှော်လင့်ချက်မဲ့နေသော အရိပ်အယောင်များ ပေါ်လာပြီး သူ၏ လက်ထဲရှိ ပေတံကို အမြန် မြှောက်ထားလိုက်သည်။

ထိုပေတံမှ အလင်းရောင်များ တောက်ပလာပြီးနောက် အလွန် ခိုင်မာသော အလင်းတန်း အကာအကွယ်တစ်ခု ဖြစ်ပေါ်လာကာ ပတ်ဝန်းကျင်ရှိ သင်္ချိုင်းဂူများကို အသေအလဲ ကာကွယ်ထားလေသည်။

"ဝုန်း... ဝုန်း... ဝုန်း"

သန္ဓေပြောင်း အဝါရောင်မိစ္ဆာကောင်က သင်္ချိုင်းဂူများကို ထိန်းချုပ်ကာ ယင်ကောင်ရိုက်တံကဲ့သို့ အလင်းတန်း အကာအကွယ်ကို ရူးသွပ်စွာ ရိုက်ချနေသဖြင့် ကျယ်လောင်သော အသံကြီးများ ထွက်ပေါ်နေသည်။

လီရှန်းယန်မှာ ဆက်၍ မတောင့်ခံနိုင်တော့သည်ကို မြင်လိုက်ရသဖြင့် ကျန်းရုံရုံမှာ စိုးရိမ်တကြီး မျက်ရည်များ စီးကျလာပြီး လင်းယွမ်၏ ရှေ့တွင် "ဒူးထောက်" ချလိုက်သည်။

"တောင်းပန်ပါတယ်... ကိုလင်းယွမ်... ကျေးဇူးပြုပြီး အစ်ကိုရှန်းယန်ကို ကယ်ပေးပါ... ရှင် သူ့ကို ကယ်ပေးနိုင်မယ်ဆိုရင် ကျွန်မကို ဘာလုပ်ခိုင်းလုပ်ခိုင်း အကုန်လုပ်ပါ့မယ်... တောင်းပန်ပါတယ်... တောင်းပန်ပါတယ်"

သူမက အသည်းအသန် ခေါင်းဘယ်နှစ်ခါမှန်းမသိ ဆောင့်ချနေသဖြင့် မာကျောသော ကွန်ကရစ်လမ်းမပေါ်တွင် နဖူးမှ သွေးများပင် ထွက်လာသည်။

ရန်မေက မကြည့်ရက်တော့သဖြင့် လင်းယွမ်ကို ကြည့်ကာ တစ်ခုခု ပြောချင်နေသော်လည်း မျိုသိပ်ထားလိုက်သည်။ သူမက အခြေအနေကို သိတတ်သူ တစ်ယောက်ဖြစ်သည်။ တစ်ဖက်လူကို သနားမိသော်လည်း လင်းယွမ်၏ ဆုံးဖြတ်ချက်ကိုတော့ ဝင်မစွက်ဖက်ချင်ပေ။

ထိုအချိန်တွင် လင်းယွမ်က စကားစပြောလာသည်။ "သူ့လက်ထဲက အဲ့ဒီပေတံကို ငါ လိုချင်တယ်ဆိုရင်ရော"

ကျန်းရုံရုံက ခေတ္တမျှ တန့်သွားပြီး လင်းယွမ်ကို မော့ကြည့်ကာ အံကြိတ်ပြီး ပြောလိုက်သည်။

"ရပါတယ်"

လင်းယွမ်က ပြုံးလိုက်သည်။

"မင်းက ဆုံးဖြတ်ပိုင်ခွင့် ရှိလို့လား"

"ကျွန်မ ဆုံးဖြတ်ပိုင်ခွင့် ရှိပါတယ်... အဲ့ဒီပေတံက ကျွန်မ ကျဲ့ဆစ် စာသင်ကျောင်းမှာ ရှာတွေ့ခဲ့တာပါ... ရှင်သာ အစ်ကိုရှန်းယန်ကို ကယ်ပေးမယ်ဆိုရင် ဒီပေတံက ရှင့်အတွက်ပါပဲ"

လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်ကာ ပြောလိုက်သည်။

"သဘောတူတယ်"

နောက်တစ်စက္ကန့်တွင် လင်းယွမ်၏ ပုံရိပ်မှာ မူလနေရာမှ ပျောက်ကွယ်သွားရာ မည်သို့ ထွက်သွားမှန်းပင် အားလုံး မသိလိုက်ကြချေ။

ကျန်းရုံရုံက သင်္ချိုင်းဘက်သို့ အမြန် လှည့်ကြည့်လိုက်သည်။ သင်္ချိုင်းထဲတွင် လီရှန်းယန်မှာ သိသိသာသာကို မခံနိုင်တော့ချေ။

ပေတံမှ ထောက်ပံ့ပေးထားသော အလင်းတန်း အကာအကွယ်မှာ အက်ကွဲကြောင်းများ အပြည့်ဖြစ်နေပြီ ဖြစ်သည်။

ထိုအဝါရောင်မိစ္ဆာကောင်က လေထဲတွင် ဝဲပျံနေကာ လက်သည်းများ ထုတ်ကာ ပတ်ဝန်းကျင်ရှိ သင်္ချိုင်းဂူများကို ထိန်းချုပ်ပြီး ရူးသွပ်စွာ တိုက်ခိုက်နေဆဲပင်။

"ဝုန်း"

ကျယ်လောင်သော အသံကြီး ထပ်မံ ထွက်ပေါ်လာပြီး လီရှန်းယန်၏ ပတ်ပတ်လည်ရှိ အလင်းတန်း အကာအကွယ်မှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားတော့သည်။ ထိုဧရာမ သင်္ချိုင်းဂူကြီးက ပြင်းထန်စွာ ပြိုကျလာသည်။

လီရှန်းယန်၏ အပေါ်သို့ ကျရောက်တော့မည့် ဆဲဆဲတွင် ရုတ်တရက် သူ၏ ရှေ့၌ ဖောက်ထွင်းမြင်ရသော စိတ်စွမ်းအင် လိပ်ခွံတစ်ခု ထပ်မံ ပေါ်ပေါက်လာသည်။

လိပ်ခွံစွမ်းအင်အကာအကွယ်ပင်။

သန္ဓေပြောင်း အဝါရောင်မိစ္ဆာကောင်မှာ အလွန် အံ့အားသင့်သွားပြီး ၎င်း၏ မျက်လုံးများတွင် အံ့သြထိတ်လန့်မှုများ ပေါ်လွင်နေသည်။

ရုတ်တရက် ၎င်း၏ ခြေအောက်မှ လူရိပ်တစ်ခု ပေါ်လာသည်။ ထို့နောက် မီးတောက်နှစ်ခု ပြင်းထန်စွာ ပေါက်ကွဲထွက်လာသည်ကို တွေ့လိုက်ရသည်။

"ဝုန်း... ဝုန်း"

ပြင်းထန်သော မီးတောက်များက မီးနဂါးနှစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး သန္ဓေပြောင်း အဝါရောင်မိစ္ဆာကောင်၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ဝင်တိုက်သွားသည်။

တစ်ခဏအတွင်း ထိုသန္ဓေပြောင်း အဝါရောင်မိစ္ဆာကောင်၏ တစ်ကိုယ်လုံးရှိ အမွေးများ မီးစွဲလောင်သွားတော့သည်။

သုံးပေကျော် ရှည်လျားသော ခန္ဓာကိုယ်ကြီး မီးစွဲလောင်သွားရာ ၎င်းမှာ ရူးသွပ်စွာ အော်ဟစ်နေတော့သည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ မီးတောက်များကို ငြိမ်းသတ်ရန် အနီးအနားရှိ ရေအိုင်တစ်ခုထဲသို့ ခုန်ဆင်းသွားသည်။

သို့သော် ၎င်း ရေအိုင်ထဲသို့ မရောက်မီတွင် ရေအိုင်၏ အထက်၌ လူရိပ်တစ်ခုက ကြိုတင် ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။

လင်းယွမ်ပင် ဖြစ်သည်။

လင်းယွမ်က လေဟာနယ်ကို လှမ်းဆွဲလိုက်သည်နှင့် မျက်မြင်မရသော စိတ်စွမ်းအင်များက သန္ဓေပြောင်း အဝါရောင်မိစ္ဆာကောင်ကို ပြင်းထန်စွာ လွှမ်းခြုံသွားသည်ကို မြင်လိုက်ရသည်။

ချက်ချင်းပင် သန္ဓေပြောင်း အဝါရောင်မိစ္ဆာကောင်မှာ လေထဲတွင် ရပ်တန့်သွားပြီး လှုပ်ရှား၍ မရတော့ချေ။ ပြင်းထန်သော မီးတောက်များ လောင်ကျွမ်းနေမှုကြောင့် ၎င်းက နာကျင်စွာ အော်ဟစ်နေရင်း အားကောင်းလှသော စိတ်စွမ်းအင်များကို ပေါက်ကွဲထွက်လာစေသည်။

"ဝုန်း"

စိတ်စွမ်းအင်များ ပေါက်ကွဲထွက်သွားပြီး လင်းယွမ်၏ စိတ်စွမ်းအင် ချုပ်နှောင်ထားမှုကို ရုန်းထွက်သွားသည်။

လင်းယွမ်က မအံ့သြပေ။ ဤအဝါရောင်မိစ္ဆာကောင်၏ စိတ်စွမ်းအင်ကလည်း အမှတ် ၅၀ ခန့် ရှိကာ သူ့ထက် သိပ်မအားနည်းလှချေ။

သူ၏ စိတ်စွမ်းအင် ချုပ်နှောင်ထားမှုကို ရုန်းထွက်နိုင်သည်မှာ အဆန်းမဟုတ်ပေ။

သို့သော် လင်းယွမ်၏ ခြေနှစ်ဖက်ပေါ်တွင် မီးတောက်များ လောင်ကျွမ်းလာသည်ကို မြင်လိုက်ရသည်။

မီးစင်္ကြာ အစွမ်းကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။ သူ၏ ပုံရိပ်မှာ မူလနေရာမှ ချက်ချင်း ပျောက်ကွယ်သွားသည်။

မျက်စိဖြင့်ပင် သူ၏ လှုပ်ရှားမှုကို မမြင်နိုင်တော့ချေ။ နောက်တစ်စက္ကန့်တွင် သူက အဝါရောင်မိစ္ဆာကောင်၏ အနောက်ဘက်သို့ ရောက်ရှိသွားသည်။

သူ၏ လက်ဖဝါးပေါ်တွင် မြေဝါရောင် အကြေးခွံများ ဖုံးလွှမ်းနေသည်။

လက်ချောင်းငါးချောင်းက သံညှပ်တစ်ခုလို အဝါရောင်မိစ္ဆာကောင်၏ လည်ကုပ်ကို ဆုပ်ကိုင်လိုက်သည်။

"ဂျွတ်"

ဧရာမ အင်အားကြီး ပေါက်ကွဲထွက်လာပြီး လက်ချောင်းငါးချောင်းဖြင့် အားကုန် ညှစ်လိုက်ရာ အရိုးများ ကျိုးကြေသွားသံ ထွက်ပေါ်လာသည်။ အဝါရောင်မိစ္ဆာကောင်၏ ကျောရိုးမှာ ချက်ချင်း ကျိုးကြေသွားသည်။

လင်းယွမ်က လက်တစ်ဖက်ဖြင့် ထိုမိစ္ဆာကောင်ကို အပေါ်သို့ မြှောက်ကာ အောက်သို့ အားကုန် ဆောင့်ချလိုက်သည်။

"ဝုန်း"

အောက်ရှိ သင်္ချိုင်းဂူ ပေါက်ကွဲထွက်သွားပြီး အဝါရောင်မိစ္ဆာကောင်မှာ သွေးသံတရဲရဲ ဖြစ်သွားတော့သည်။ လင်းယွမ်၏ ပုံရိပ် ထပ်မံ ပျောက်ကွယ်သွားပြီး လေထဲတွင် မီးတောက်မျဉ်း နှစ်ကြောင်းသာ ကျန်ရစ်ခဲ့သည်။

သူက လေထဲမှ ဆင်းသက်ကာ ထိုအဝါရောင်မိစ္ဆာကောင်၏ ခေါင်းကို ခြေထောက်ဖြင့် အားကုန် နင်းချလိုက်သည်ကို တွေ့လိုက်ရသည်။

"ဝုန်း"

မီးတောက်များ ပေါက်ကွဲထွက်လာပြီး သွေးသားများကို လောင်ကျွမ်းသွားစေသည်။ ထိုအချိန်တွင် အဝါရောင်မိစ္ဆာကောင်၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး စိတ်စွမ်းအင်များလည်း အတက်အကျ ဖြစ်ကာ တဖြည်းဖြည်း ငြိမ်သက်သွားတော့သည်။

လင်းယွမ်က လက်လှမ်းကာ သန္ဓေပြောင်း အဝါရောင်မိစ္ဆာကောင်၏ အလောင်းကို ကောက်ယူလိုက်ပြီးနောက် လီရှန်းယန်ကို မော့ကြည့်လိုက်သည်။

လီရှန်းယန်မှာ အားအင်ကုန်ခမ်းနေပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ကို လိပ်ခွံစွမ်းအင်အကာအကွယ်ဖြင့် ကာကွယ်ထားသော်လည်း ထိုသင်္ချိုင်းဂူကျောက်တိုင်က သူ့ကို အသေအလဲ ဖိထားသည်။ ယခုအခြေအနေဖြင့် သူက ထိုသင်္ချိုင်းဂူကို ဖယ်ရှားနိုင်စွမ်း မရှိတော့ပေ။

လင်းယွမ်က ရှေ့သို့ တိုးသွားကာ လီရှန်းယန်ကို ကြည့်လိုက်သည်။

သူသည် အသက် နှစ်ဆယ့်ခြောက်နှစ်ခန့် ရှိပြီး ရုပ်ရည်သန့်သန့်နှင့် ဆံပင်တိုတို ညှပ်ထားသော လူငယ်တစ်ယောက် ဖြစ်သည်။

ယခုအချိန်တွင် သူ၏ တစ်ကိုယ်လုံး သွေးများ ပေကျံနေပြီး သန္ဓေပြောင်း အဝါရောင်မိစ္ဆာကောင်၏ စိတ်စွမ်းအင်ဖြင့် ထိန်းချုပ်ထားသော ကျောက်ခဲများ လာမှန်ထားသည့် ဒဏ်ရာများမှာ အထင်အရှားပင်။

သို့သော် လင်းယွမ်ကို အံ့သြစေသည်မှာ ထိုသူ၏ ဒဏ်ရာများပေါ်တွင် အဖြူရောင် အလင်းတန်းများ လှုပ်ရှားနေပြီး သူ၏ ဒဏ်ရာများကို ကုသပေးနေခြင်း ဖြစ်သည်။

လင်းယွမ်၏ မျက်နှာပေါ်တွင် အံ့သြသည့် အရိပ်အယောင်များ ပေါ်လာသည်။ တစ်ဖက်လူ၏ အစွမ်းက တိုက်ခိုက်ရေးအတွက် အသုံးပြုနိုင်ရုံသာမက ကုသနိုင်စွမ်းပါ ရှိနေသည်လား... ဆုန့်ဝမ်၏ သစ်သားဓာတ် အစွမ်းကို သူ တွေးမိသွားသည်။

"ဒါက အစွမ်းရဲ့ ထူးခြားချက်လား... အလင်းဓာတ် အစွမ်းတွေက ကုသနိုင်စွမ်း ပါလာတာလား"

လင်းယွမ်က တွေးတောနေရင်း ရှေ့သို့ တိုးသွားကာ တစ်ဖက်လူ ကျကျန်ခဲ့သော ပေတံကို ကောက်ယူလိုက်သည်။

လီရှန်းယန်က ခက်ခဲစွာဖြင့် စကားစလာသည်။

"ဝင်ကူပေးလို့ ကျေးဇူးတင်ပါတယ်... ကျွန်တော့်ကို နည်းနည်းလောက် ကူညီပေးပါလား... ကျွန်တော် ထလို့မရတော့လို့"

လင်းယွမ်က လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် သင်္ချိုင်းဂူမှာ လွင့်စင်သွားတော့သည်။ တစ်ချိန်တည်းမှာပင် သူက မြေပြင်ပေါ်ရှိ လိပ်ခွံစွမ်းအင်အကာအကွယ် သင်္ကေတကျောက်တုံးကို ပြန်သိမ်းလိုက်သည်။

လီရှန်းယန်၏ မျက်စိရှေ့တွင် အမြင်အာရုံများ ဝေဝါးသွားပြီး ပတ်ဝန်းကျင်ရှိ စိတ်စွမ်းအင်စက်ကွင်း၏ လွှမ်းမိုးမှုကို ထပ်မံ ခံစားလိုက်ရသည်။

လင်းယွမ်က ပြောလိုက်သည်။ "ဒီမှာ စိတ်စွမ်းအင်စက်ကွင်းရဲ့ အနှောင့်အယှက်တွေ ရှိတယ်... ငါ့နောက်က လိုက်ခဲ့"

လီရှန်းယန်က ခက်ခက်ခဲခဲ ထရပ်လိုက်ပြီး လင်းယွမ်ကို ကြည့်ကာ ပြောလိုက်သည်။ "မင်္ဂလာပါ... ကျွန်တော်က လီရှန်းယန်ပါ... ဘယ်လို ခေါ်ရမလဲ မသိဘူး"

"လင်းယွမ်"

"ကိုလင်းယွမ်... ခင်ဗျားက... ဘယ်ကနေ လာတာလဲ" လီရှန်းယန်က မနေနိုင်ဘဲ မေးလိုက်သည်။

သူက မိန်တောင်ရွာမှ လူတစ်ယောက် ဖြစ်သဖြင့် ရွာထဲရှိ လူငယ်အများစုကို သိသည်။ သူ့ရှေ့ရှိ ကိုလင်းယွမ်ဆိုသူမှာ ယွင်ချွမ်ဘုရားကျောင်းမှ လူမဟုတ်သည်မှာ သေချာသည်။

မိန်တောင်ပေါ်ရှိ အခြားသော ခိုလှုံရေးစခန်း အသေးလေးများကို သူ ရောက်ဖူးသော်လည်း ဤကဲ့သို့ လူမျိုးကို မတွေ့ဖူးချေ။

တစ်ဖက်လူက စိတ်စွမ်းအင်ကို ကျွမ်းကျင်ရုံသာမက စောစောက သန္ဓေပြောင်း အဝါရောင်မိစ္ဆာကောင်ကို တိုက်ခိုက်ရာတွင် မီးဓာတ် အစွမ်းနှင့် မြေလျှိုးအစွမ်းများကိုလည်း ပိုင်ဆိုင်ထားကြောင်း သိသာထင်ရှားသည်။

ဒါက သူ့ကို အံ့သြသွားစေသည်။ လူတစ်ယောက်က ဘယ်လိုလုပ်ပြီး အစွမ်းမျိုးစုံကို ပိုင်ဆိုင်နိုင်ရတာလဲ... အနည်းဆုံးတော့ ယခုအချိန်အထိ ဤကဲ့သို့ အခြေအနေမျိုးကို သူ တစ်ခါမှ မမြင်ဖူးခဲ့ချေ။

ရုတ်တရက် ပေါ်လာသော စွမ်းအားကြီးမားသည့် ဤအစွမ်းပိုင်ရှင်ကို သူ အလိုလို သတိထားသွားမိသည်။

လင်းယွမ်က လမ်းလျှောက်ရင်း ပြောလိုက်သည်။ "ငါက ထိုက်ယန်တောင်ကနေ လာတာ"

"ထိုက်ယန်တောင်လား"

လီရှန်းယန်၏ မျက်နှာပေါ်တွင် တုန်လှုပ်သွားသည့် အရိပ်အယောင်များ ပေါ်လာပြီး မယုံကြည်နိုင်စွာဖြင့် အမြန် မေးလိုက်သည်။

"ထိုက်ယန်တောင်မှာလည်း အသက်ရှင်ကျန်ရစ်သူတွေ ရှိသေးတာလား... ဟုတ်သားပဲ... မိန်တောင်မှာတောင် အသက်ရှင်ကျန်ရစ်သူတွေ ရှိသေးတာပဲ... ထိုက်ယန်တောင်မှာ မရှိစရာ အကြောင်းမှ မရှိတာ... ကိုလင်းယွမ်... ထိုက်ယန်တောင်ဘက်က အခြေအနေက ဘယ်လိုရှိလဲ... အဲ့ဒီမှာ အသက်ရှင်ကျန်ရစ်သူ ဘယ်လောက်ရှိလဲ"

လင်းယွမ်က မဖြေဘဲ ပြန်မေးလိုက်သည်။ "မင်းနာမည် လီရှန်းယန်လား"

"အာ... ဟုတ်ပါတယ်"

လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်ကာ ပြောလိုက်သည်။

"ငါ ထိုက်ယန်တောင်နဲ့ မိန်တောင် ကြားက ရေကြီးနေတဲ့ နေရာနားမှာ အလောင်းတစ်လောင်း တွေ့ခဲ့တယ်... သူ့ရဲ့ ကျောပိုးအိတ်ထဲကနေ ဒိုင်ယာရီစာအုပ်တစ်အုပ် တွေ့ခဲ့ပြီး အဲ့ဒီဒိုင်ယာရီပိုင်ရှင်က အစ်ကိုရှန်းယန်ဆိုတဲ့ နာမည်ကို ခဏခဏ ရေးထားတာ တွေ့ခဲ့တယ်"

"ဘာ"

လီရှန်းယန်က ခြေလှမ်းများကို ရုတ်တရက် ရပ်တန့်လိုက်ပြီး နေရာမှာတင် ကြောင်အမ်းသွားသည်။ ထို့နောက် သူ သတိဝင်လာပြီး လင်းယွမ်နောက်သို့ အမြန် လိုက်သွားကာ ပြောလိုက်သည်။

"ကိုလင်းယွမ်... အဲ့ဒီဒိုင်ယာရီကို ကျွန်တော် ကြည့်လို့ရမလား"

"အပြင်ရောက်မှ ပြောကြတာပေါ့... ဒီနေရာက စကားပြောဖို့ မကောင်းဘူး"

လီရှန်းယန်က အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ခေါင်းအမြန် ညိတ်ကာ လင်းယွမ်အပေါ် ထားရှိသော သတိထားမှုများလည်း အတော်လေး လျော့ကျသွားသည်။

လင်းယွမ်၏ လက်ထဲရှိ ပေတံကို ကြည့်ကာ သူ ပါးစပ်ဟလိုက်သော်လည်း ပြန်တောင်းချင်သော်လည်း နှုတ်မှ ထုတ်မပြောရဲပေ။

သူတို့ နှစ်ယောက်က ရှေ့တစ်ယောက် နောက်တစ်ယောက်ဖြင့် စိတ်စွမ်းအင်စက်ကွင်း လွှမ်းမိုးထားသော ဧရိယာထဲမှ အမြန် ထွက်လာပြီး ကွန်ကရစ်လမ်းမပေါ်သို့ ရောက်ရှိလာသည်။

ကျန်းရုံရုံ၊ ရန်ဝေ၊ ရန်ဟိုင်တို့ သုံးယောက်က အမြန် ကြိုဆိုလိုက်ကြသည်။

ကျန်းရုံရုံက လီရှန်းယန်ကို အမြန် တွဲပေးလိုက်ပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ "အစ်ကိုရှန်းယန်... ဘာမှမဖြစ်ဘူးမလား"

လီရှန်းယန်က ခေါင်းရမ်းလိုက်သည်။ ဒဏ်ရာများမှ သွေးများ ထွက်မနေတော့ဘဲ အလင်းရောင်၏ ကုသမှုအောက်တွင် အတော်လေး သက်သာလာသည်ကို တွေ့ရသည်။

"ငါ ဘာမှမဖြစ်ပါဘူး... ကျန်တဲ့လူတွေ အားလုံး လိုဏ်ဂူထဲမှာ ပိတ်မိနေတယ်" သူ၏ မျက်နှာမှာ အနည်းငယ် ညှိုးနွမ်းသွားပြီး လေးနက်နေသည်။

ထို့နောက် သူက မျက်လုံးဝေ့ကြည့်လိုက်ရာ ရန်မေကို မြင်သွားသဖြင့် အံ့အားသင့်သွားသည်။

"ရန်မေ"

ရန်မေက လီရှန်းယန်ကို ခေါင်းညိတ်ပြလိုက်သည်။ တစ်ရွာတည်းသားများ ဖြစ်သော်လည်း အချင်းချင်း သိပ်မရင်းနှီးလှသဖြင့် ရန်မေက ဤလီရှန်းယန်အကြောင်းကို သိပ်မသိလှပေ။

လီရှန်းယန်က အမြန် မေးလိုက်သည်။ "ရန်မေ... နင် ဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ"

ရန်မေက ပြန်ဖြေသည်။ "ငါ လင်းယွမ်နဲ့ အတူတူ လာတာ... ငါ့မိဘတွေကို လာရှာတာလေ"

လီရှန်းယန်က ကြောင်သွားပြီး လင်းယွမ်ကို ကြည့်ကာ မေးလိုက်သည်။ "ခင်ဗျားတို့ အားလုံးက ထိုက်ယန်တောင်ကနေ လာကြတာလား"

"အင်း" ရန်မေက ခေါင်းညိတ်လိုက်ပြီး လင်းယွမ်အနီးသို့ သွားကာ ဂရုတစိုက် မေးလိုက်သည်။ "မောင်လေး... ဒဏ်ရာ မရဘူးမလား"

လင်းယွမ်က ခေါင်းရမ်းလိုက်ပြီး လက်ထဲရှိ ပေတံကို ကစားနေသည်။

ဤပေတံထဲတွင် ပြည့်နှက်နေသော အစွမ်းစွမ်းအင်များကို ခံစားမိသဖြင့် သူ စိတ်ထဲတွင် အံ့သြနေမိသည်။

"တကယ်ပဲ အစွမ်း လက်နက်တစ်ခု ဖြစ်နေတာလား... ဒါပေမဲ့ ဒီထဲက စွမ်းအင်တွေက ဘယ်ကလာတာလဲ"

ပေတံထဲရှိ စွမ်းအင်များကို သေချာ ခံစားကြည့်လိုက်ရာ ၎င်းက အပြင်မှ လွင့်မျောနေသော စွမ်းအင်များကို အချိန်နှင့်အမျှ စုပ်ယူနေကြောင်း တွေ့ရှိလိုက်ရသည်။

လင်းယွမ်က စူးစမ်းလိုစိတ်ဖြင့် ဤပေတံကို သေချာ ကြည့်ရှုလိုက်မှသာ ဤပေတံသည် ကျောက်သားဖြင့် ပြုလုပ်ထားသော်လည်း အရောင်မှာ ကျောက်စိမ်းဖြူရောင် ထွက်နေကြောင်း တွေ့လိုက်ရသည်။

၎င်း၏ အတွင်းပိုင်းတွင် ထူးဆန်းသော မျဉ်းကြောင်းများ အစီအရီ ပါရှိပြီး အစွမ်းသင်္ကေတနှင့် ဆင်တူနေသည်။

လင်းယွမ်က တိတ်တဆိတ် အံ့အားသင့်သွားသည်။ "ဒီမျဉ်းကြောင်းတွေကြောင့် အပြင်က သန္ဓေပြောင်း စွမ်းအင်တွေကို စုပ်ယူ သိုလှောင်နိုင်တာလား"

သူ၏ အတွေးများ မြန်ဆန်စွာ လည်ပတ်သွားသည်။ တိရစ္ဆာန်များက သန္ဓေပြောင်း စွမ်းအင်များကို စုပ်ယူပါက ဦးနှောက်ထဲတွင် သင်္ကေတ အရိုးများ ဖြစ်ပေါ်လာပြီး အံ့ဖွယ် ကျွမ်းကျင်မှုများကို ထုတ်ဖော်နိုင်ကြသည်။ အပင်များက ထိုပြင်ပ သန္ဓေပြောင်း စွမ်းအင်များကို စုပ်ယူပါက သန္ဓေပြောင်း အသီးများကို သီးလာနိုင်သည်။

ယခုတွင်မူ သာမန် ကျောက်တုံးပင်လျှင် ဤစွမ်းအင်များ၏ စိမ့်ဝင်မှုကြောင့် အစွမ်း လက်နက်တစ်ခု ဖြစ်လာနိုင်သည်လား... ဒီကမ္ဘာကြီးက တကယ်ကို လျင်မြန်စွာ ပြောင်းလဲနေတာပဲ... ကိုယ်မသိသေးတဲ့ အရာတွေ အများကြီး ရှိနေသေးတာပဲ...

အခြားတစ်ဖက်တွင် လီရှန်းယန်က အပြင်ဘက်တွင် ဖြစ်ပျက်ခဲ့သမျှကို အားလုံးကို မေးမြန်းနေသည်။ လီခွေရုံ ခေါင်းဆောင်သော ယွင်ချွမ်ဘုရားကျောင်းမှ လူဆိုးဂိုဏ်းကို လင်းယွမ် တစ်ယောက်တည်းက ရှင်းလင်းပစ်ခဲ့ကြောင်း သိလိုက်ရသောအခါ သူ အလွန် အံ့အားသင့်သွားသည်။ သူ၏ မျက်လုံးများ ကျုံ့ဝင်သွားပြီး လင်းယွမ်ကို မယုံကြည်နိုင်စွာဖြင့် လှည့်ကြည့်လိုက်သည်။

"လီခွေရုံတို့... သေသွားပြီလား"

ရန်မေက ခေါင်းညိတ်လိုက်သည်။ "အင်း... အကုန်သေသွားပြီ... အခု ယွင်ချွမ်ဘုရားကျောင်းမှာ သာမန်လူတွေပဲ ကျန်တော့တယ်... ပြီးတော့ အဲ့ဒီအချိန်က အပြင်ထွက် ကင်းလှည့်နေတဲ့ လီခွေရုံရဲ့ တပည့်တချို့ ပြန်မလာကြတော့ဘူး... တောင်ပေါ်ကို ထွက်ပြေးသွားကြလောက်ပြီ"

"ကောင်းလိုက်တာ... တကယ်ကို ကောင်းတာပဲ... ဒီတိရစ္ဆာန်အုပ်စုတွေ နောက်ဆုံးတော့ သေသွားပြီပေါ့... နောက်ဆုံးတော့ သေသွားကြပြီပဲ" လီရှန်းယန်၏ မျက်လုံးများ နီရဲလာပြီး စိတ်လှုပ်ရှားလာသည်။

သူက အသက်ပြင်းပြင်း ရှူသွင်းကာ ရင်ထဲမှ စိတ်လှုပ်ရှားမှုကို ဖိနှိပ်ထားပြီး လင်းယွမ်ကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။

"ကိုလင်းယွမ်... လီခွေရုံ ဂိုဏ်းနဲ့ ကျွန်တော်တို့က ရန်သူကြီးတွေပါ... ဒီလူတွေကို ရှင်းပေးတဲ့အတွက် တကယ်ကို ကျေးဇူးတင်ပါတယ်"

လင်းယွမ်က မော့ကြည့်ကာ ပြုံးလိုက်သည်။ "ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး... သူတို့က သေသင့်လို့ သေသွားတာပါ... ဒါနဲ့... ဒီပေတံကို မင်းရဲ့လူက မင်းကိုယ်စား ငါ့ကို ပေးထားတယ်"

လီရှန်းယန်က ထိုစကားကို ကြားသောအခါ ပေတံကို နှမြောတသစွာဖြင့် တစ်ချက်ကြည့်လိုက်သော်လည်း ပြောလိုက်သည်။

"ကိုလင်းယွမ်က ကျွန်တော့်အသက်ကို ကယ်ခဲ့တာပဲ... ဒီပေတံ ကိုလင်းယွမ်ကို လက်ဆောင်ပေးပါတယ်... ဒါပေမဲ့ ကျွန်တော့်မှာ နောက်ထပ် တောင်းဆိုစရာ တစ်ခုရှိသေးတယ်... ကိုလင်းယွမ် ကျွန်တော်တို့ကို ကူညီပေးနိုင်မလား"

လင်းယွမ်က သူ့ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။ "လိုဏ်ဂူထဲက မင်းရဲ့ အပေါင်းအသင်းတွေကို ကယ်ဖို့လား"

"ဟုတ်တယ်... သူတို့က သတိမေ့နေရုံပဲ... ကယ်လို့ရသေးတယ်... ကျွန်တော် သူတို့ကို ဒီတိုင်း ပစ်မထားနိုင်ဘူး... အခု သန္ဓေပြောင်း အဝါရောင်မိစ္ဆာကောင်ကို ကိုလင်းယွမ် သတ်လိုက်ပြီဆိုတော့ လိုဏ်ဂူထဲမှာ အန္တရာယ် မရှိတော့လောက်ဘူး... ကိုလင်းယွမ်က ကျွန်တော့်ကို အထဲဝင်ဖို့ ခေါ်သွားပေးနိုင်မလား... ကျွန်တော် သူတို့ကို ကယ်ထုတ်ချင်လို့ပါ"

လင်းယွမ်က ခေါင်းရမ်းလိုက်သည်။ "လိုဏ်ဂူထဲမှာ အန္တရာယ် မရှိတော့ဘူးလို့ ဘယ်သူပြောလဲ... ဒီက စိတ်စွမ်းအင်စက်ကွင်းကို မင်း မမြင်ဘူးလား... ဒီစိတ်စွမ်းအင်စက်ကွင်းက လက်တွေ့ကမ္ဘာနဲ့ တစ်သားတည်း ဖြစ်လုနီးပါး အားကောင်းတယ်... စိတ်စွမ်းအင် အမှတ် ၅၀ မပြည့်ရင် ဒီကနေ ဘယ်လိုမှ ထွက်နိုင်မှာ မဟုတ်ဘူး"

လီရှန်းယန်၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားပြီး ပြောလိုက်သည်။ "ကိုလင်းယွမ် စကားအရဆို လိုဏ်ဂူထဲမှာ ပိုကြောက်စရာကောင်းတဲ့ အရာတွေ ရှိနေသေးတယ်ဆိုတဲ့ သဘောလား"

လင်းယွမ်က လိုဏ်ဂူဘက်ကို လှမ်းကြည့်လိုက်ရာ အထဲတွင် မီးအိမ်လို ကြီးမားသော အလင်းရောင်နှစ်ခုက တောက်ပနေဆဲဖြစ်ပြီး သစ်ပင်၏ အရိပ်ကလည်း လိုဏ်ဂူအမိုးတွင် လှုပ်ရှားနေသည်။

သူက အသံကို နှိမ့်ကာ ပြောလိုက်သည်။ "ဒီလိုဏ်ဂူက သေချာပေါက် ထူးဆန်းတယ်... ဘာတွေ ထူးဆန်းနေလဲဆိုတာတော့ ငါလည်း မသိသေးဘူး"

"ကိုလင်းယွမ်... ဒါပေမဲ့ သူတို့ မသေသေးဘူးလေ... တကယ်လို့ သူတို့ကို အပြင်ခေါ်ထုတ်လာနိုင်ရင် သူတို့ အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိပါသေးတယ်... ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ကူညီပေးပါ" လီရှန်းယန်က မနေနိုင်ဘဲ တောင်းဆိုလိုက်သည်။

လင်းယွမ်က တွေးတောလိုက်ပြီး ပြောလိုက်သည်။ "ကူညီလို့တော့ ရတယ်... ဒါပေမဲ့ ငါ တောင်းဆိုချင်တာ ရှိတယ်"

"ပြောပါ... ကျွန်တော် လုပ်ပေးနိုင်သမျှ အကုန်သဘောတူပါတယ်" လီရှန်းယန်က အမြန် ပြောလိုက်သည်။

"နောက်ပိုင်း မိန်တောင်နဲ့ ထိုက်ယန်တောင် ကြားမှာ တံတားဆောက်ပြီး တောင်နှစ်လုံးကို ဆက်သွယ်ဖို့ ငါ စီစဉ်ထားတယ်... အဲ့ဒီအချိန်ကျရင် ငါ့လူတွေကို မိန်တောင်မှာ လာအခြေချခိုင်းမယ်... အဲ့ဒီနောက်ပိုင်း မိန်တောင်နဲ့ ထိုက်ယန်တောင်က တစ်သားတည်း ဖြစ်သွားလိမ့်မယ်..."

"ရေကြီးတဲ့အထဲမှာ ပိတ်မိနေတဲ့ လူတွေကို တတ်နိုင်သမျှ ကယ်တင်ရမယ်... ကျဲ့ဆစ် စာသင်ကျောင်းကို ငါ မထိပါဘူး... မင်းတို့ပဲ ဆက်ယူထား... ယွင်ချွမ်ဘုရားကျောင်းအတွက်တော့ နောက်ပိုင်း ငါ့အစီအစဉ်နဲ့ငါ ရှိတယ်... အဲ့ဒီနေရာကိုတော့ ငါ ယူမယ်"

လီရှန်းယန်က ကြားသောအခါ သက်ပြင်းချလိုက်မိသည်။ မိန်တောင်က ဤမျှ ကြီးမားလှရာ သူ၏ လက်အောက်ရှိ လူအနည်းငယ်ဖြင့် မိန်တောင် တစ်ခုလုံးကို သိမ်းပိုက်ထားရန် မဖြစ်နိုင်ပေ။

ထို့ပြင် လင်းယွမ်က ကျဲ့ဆစ် စာသင်ကျောင်းကို မတောင်းဆိုဘဲ ယွင်ချွမ်ဘုရားကျောင်း နေရာကိုသာ တောင်းဆိုခြင်း ဖြစ်သည်။

ထိုနေရာက လင်းယွမ် ကိုယ်တိုင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်ပြီး လီခွေရုံတို့လည်း လင်းယွမ်၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။

ထို့ကြောင့် အကြောင်းအကျိုးအရ သူ လီရှန်းယန်နှင့် လုံးဝ မသက်ဆိုင်ပေ။

ဒါက ပြဿနာကြီး တစ်ခုမဟုတ်ပေ။

ထို့ကြောင့် လီရှန်းယန်က ချက်ချင်း ပြောလိုက်သည်။ "ဒါက ပြဿနာမရှိပါဘူး... မိန်တောင်က ကျွန်တော့်အပိုင်မှ မဟုတ်တာ... ဘယ်သူမဆို လာပြီး ခိုလှုံလို့ ရပါတယ်"

လင်းယွမ်က ပြုံးလိုက်သည်။ ဤလီရှန်းယန်သည် တိုက်ခိုက်ရာတွင် အတော်လေး ဉာဏ်ကောင်းသော်လည်း ဟုန်ဖူ၊ လီယွဲ့ဖုန်း တို့ကဲ့သို့ ဉာဏ်နီဉာဏ်နက် မများပေ။

တစ်ဖက်လူက မိန်တောင်ကို သူ၏ ပိုင်နက်အဖြစ် မသတ်မှတ်ထားဘဲ အပြင်လူများ လာရောက် ခိုလှုံခြင်းကို ငြင်းဆန်ခြင်း မရှိပေ။

အကယ်၍ သူသာ အစကတည်းက မိန်တောင်သို့ လာရောက် ခိုလှုံရန် ရွေးချယ်ခဲ့ပါက တောင်ပေါ်တက်ရသည့် လုပ်ငန်းစဉ်က များစွာ လွယ်ကူသွားမည် ဖြစ်သည်။

သူက ချက်ချင်း ပြောလိုက်သည်။ "ကောင်းပြီ... မင်းတို့ အားလုံး အပြင်မှာပဲ နေခဲ့... အထဲမဝင်နဲ့... ငါ အထဲဝင်ပြီး လူသွားကယ်မယ်"

လီရှန်းယန်က အမြန် ပြောလိုက်သည်။ "ကိုလင်းယွမ်... ကျွန်တော် ကိုလင်းယွမ်နဲ့ အတူ လိုက်ခဲ့မယ်လေ"

လင်းယွမ်က လက်ကာပြလိုက်သည်။ "ဒီစိတ်စွမ်းအင်စက်ကွင်းက ဘယ်လိုဖြစ်လာတာလဲဆိုတာ သေချာ မသိရသေးခင် မင်းတို့ မဝင်နဲ့"

ထို့နောက် သူက ရန်ရုံဝေကို ကြည့်ကာ ပြောလိုက်သည်။ "ဦးလေးရန်... ရန်မေကို သေချာ ကြည့်ထားပေးဦး"

ရန်ရုံဝေက ချက်ချင်း ပြောလိုက်သည်။ "စိတ်ချပါ"

ရန်မေကလည်း ပြောလိုက်သည်။ "မောင်လေး သတိထားနော်"

လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်ပြကာ သူ၏ ပုံရိပ်က တစ်ခဏအတွင်း သင်္ချိုင်းထဲသို့ ဝင်ရောက်သွားတော့သည်။

သူ၏ စိတ်စွမ်းအင်က အားကောင်းသဖြင့် ဤစိတ်စွမ်းအင်စက်ကွင်း၏ အနှောင့်အယှက်များကို ဖယ်ရှားနိုင်ပြီး လိုဏ်ဂူထဲသို့ ဝင်ရန် လမ်းမှန်ကို အမြန် ရှာတွေ့ခဲ့သည်။

"ဒီစိတ်စွမ်းအင်စက်ကွင်းက တကယ်ကို ထူးဆန်းတယ်... ဒီလောက်ကြီးတဲ့ စိတ်စွမ်းအင်စက်ကွင်းကြီးက ဘယ်ကနေ ရောက်လာတာလဲ"

လင်းယွမ်၏ စိတ်ထဲတွင် သိချင်စိတ်များ ဖြစ်ပေါ်လာသည်။ သူက လီရှန်းယန်ကို ကူညီပြီး လူကယ်ရန် ရည်ရွယ်သလို ဤစိတ်စွမ်းအင်စက်ကွင်း ဖြစ်ပေါ်လာရသည့် အကြောင်းရင်းကို ရှာဖွေရန် ဤလိုဏ်ဂူကို သေချာစွာ စူးစမ်းလေ့လာချင်နေသည်။

"ဒီစက်ကွင်းက သင်္ချိုင်းတစ်ခုလုံးကို လွှမ်းခြုံထားတဲ့ပုံပဲ... လိုဏ်ဂူထဲမှာ ပိုပြီး သိပ်သည်းနေတယ်... ဒီလူတွေက စိတ်စွမ်းအင် အားနည်းလွန်းလို့ ဒီစိတ်စွမ်းအင်စက်ကွင်းရဲ့ အနှောင့်အယှက်ကို မခံနိုင်ဘဲ ဦးနှောက်က အလိုအလျောက် ပိတ်ချလိုက်တာပဲ"

ဒါက လူတွေ ဒဏ်မဖြစ်စေရန် ဦးနှောက်၏ အကာအကွယ် စနစ်တစ်ခုဖြစ်ပြီး အလိုအလျောက် အိပ်စက်သည့် အခြေအနေသို့ ရောက်သွားခြင်း ဖြစ်သည်။

လင်းယွမ်၏ စိတ်စွမ်းအင်က လုံလောက်စွာ အားကောင်းသဖြင့် ဤစိတ်စွမ်းအင်စက်ကွင်းများ၏ အနှောင့်အယှက်ကို ခုခံနိုင်စွမ်း ရှိသည်။

သူက လိုဏ်ဂူထဲတွင် တစ်ပတ် လှည့်ပတ်ကြည့်လိုက်ရာ ဤလိုဏ်ဂူက သိပ်မနက်လှဘဲ လိုဏ်ဂူခန်းမ တစ်ခုလုံးမှာ ပေ ၆၀ မှ ၁၀၀ ခန့်သာ ကျယ်ဝန်းသည်။

လင်းယွမ် တစ်ပတ် လှည့်ပတ်ကြည့်သော်လည်း ထူးခြားမှု တစ်စုံတစ်ရာ မတွေ့ရပေ။ သူက ထိုတည်သီးပင်ရှေ့သို့ ပြန်လာပြီး တည်သီးပင်ကို သေချာ ကြည့်ရှုလိုက်သည်။

ဤတည်သီးပင်မှာ ညှိုးနွမ်းနေသည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ပြီး အသက်စွမ်းအင်များ အားလုံးက ထိုမီးအိမ်လို တည်သီးနှစ်လုံးကို ဖြစ်တည်စေရန် အသုံးပြုလိုက်ပုံရသည်။

လင်းယွမ်က တည်သီးပင်ကို ခေါက်ကြည့်လိုက်ရာ ဒေါက်... ဒေါက်... ဟူသော အသံများ ထွက်ပေါ်လာပြီး ရေဓာတ် ခန်းခြောက်ခါနီး သစ်ပင်ခြောက် တစ်ပင်ကဲ့သို့ ခံစားရသည်။

လင်းယွမ်က အလိုအလျောက်ပင် ဤသစ်ပင်ပေါ်တွင် မျက်စိဖြင့် မမြင်နိုင်သော နေရာများ ရှိမရှိ သိရန် စိတ်စွမ်းအင်ဖြင့် စူးစမ်းကြည့်လိုက်သည်။ သို့သော် စိတ်စွမ်းအင်များ ထုတ်လွှတ်လိုက်ပြီး ဤသစ်ပင်နှင့် ထိတွေ့လိုက်သည်နှင့် သူ၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။

"ဟင်"

စိတ်စွမ်းအင်က တည်သီးပင်နှင့် ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ စိတ်စွမ်းအင်များကို သစ်ပင်၏ ပင်စည်က တားဆီးလိုက်ကြောင်း လင်းယွမ် ချက်ချင်း သိလိုက်ရသည်။ သစ်ပင်အတွင်းပိုင်း အခြေအနေကို သူ မစူးစမ်းနိုင်ပေ။

ဤတွေ့ရှိချက်ကြောင့် လင်းယွမ်၏ စိတ်ထဲတွင် လှုပ်ရှားသွားပြီး အနည်းငယ် အံ့အားသင့်သွားသည်။ သူ၏ အမှတ် ၅၀ ရှိသော စိတ်စွမ်းအင် အားကောင်းမှုဖြင့် သစ်ပင်တစ်ပင်ကို ဖောက်ထွင်း မစူးစမ်းနိုင်ဘူးလား... ဤသစ်ပင်က လုံးဝ မရိုးရှင်းကြောင်း သူ ချက်ချင်း သဘောပေါက်လိုက်သည်။

ထိုသို့တွေးမိသည်နှင့် လင်းယွမ်က ချက်ချင်း ခုန်တက်ကာ သစ်ကိုင်းပေါ်သို့ တက်သွားပြီး သစ်ကိုင်းတစ်ကိုင်းကို ချိုးလိုက်သည်။

"ဂျွတ်"

သစ်ကိုင်းက ကျိုးသွားပြီး ကျိုးသွားသော နေရာမှာ အနည်းငယ် ခြောက်သွေ့နေသည်။ လင်းယွမ်က သစ်ကိုင်းအတွင်းပိုင်းကို ကြည့်လိုက်ရာ သစ်ကိုင်း၏ မျက်နှာပြင်တွင် ရှုပ်ထွေးသော မျဉ်းကြောင်းများ ရှိနေကြောင်း တွေ့လိုက်ရသည်။ သစ်ပင်၏ သက်တမ်းအရစ်များ မဟုတ်ဘဲ သင်္ကေတများနှင့် ဆင်တူနေသည်။

လင်းယွမ်က အံ့အားသင့်သွားသည်။ "ဒါက... ဒါက... အစွမ်း ပစ္စည်းလား"

သူက ချက်ချင်းပင် ဤသစ်ပင်ကို စိတ်စွမ်းအင်ဖြင့် ထိတွေ့ရန် ကြိုးစားလိုက်ရာ သစ်ကိုင်းများက စိတ်စွမ်းအင်ကို အားနည်းစေသည့် အာနိသင် ရှိသော်လည်း လင်းယွမ်၏ စိတ်စွမ်းအင်ကို လုံးဝ မတားဆီးနိုင်ကြောင်း တွေ့လိုက်ရသည်။

လင်းယွမ်က ချက်ချင်း နားလည်သွားသည်။ "ဒါက သစ်ကိုင်းအဖျားတွေမို့လို့ စိတ်စွမ်းအင် ဝင်ရောက်မှုကို ခုခံနိုင်တဲ့ စွမ်းရည် သိပ်မပြင်းထန်တာလား"

သူက ပင်စည်ကို ကြည့်လိုက်ရာ ထိုပင်စည်မှာ အလွန် တုတ်ခိုင်သဖြင့် စိတ်စွမ်းအင် ဝင်ရောက်မှုကို လုံးဝ တားဆီးနိုင်ခြင်း ဖြစ်မည်လား...

လင်းယွမ်၏ စိတ်ထဲတွင် ချက်ချင်း အကြံဉာဏ်များ ပေါ်လာသည်။

"ဒီလို စိတ်စွမ်းအင်ကို တားဆီးနိုင်တဲ့ သစ်ပင်ကို ခမောက်လိုမျိုး ပစ္စည်းတွေ ထုဆစ်ပြီး ခေါင်းမှာ ဆောင်းထားမယ်ဆိုရင် စိတ်စွမ်းအင် တိုက်ခိုက်မှုတွေကို အပြည့်အဝ ကာကွယ်နိုင်ပြီပေါ့"

ထိုသို့တွေးမိသည်နှင့် လင်းယွမ်က ချက်ချင်း ခုန်ဆင်းလာပြီး ပစ္စည်းသိုလှောင်ခန်းထဲမှ ပေါက်ပြားကို ထုတ်ကာ သစ်ပင်ကို ချက်ချင်း စတူးတော့သည်။

"ဒုတ်... ဒုတ်... ဒုတ်"

မြေပြင်ပေါ်တွင် ပါးလွှာသော မြေကြီးအလွှာသာ ရှိပြီး အောက်ဘက်တွင်မူ ဧရာမ ကျောက်တုံးကြီးများ ရှိနေသည်။

ဤတည်သီးပင်မှာ အောက်ဘက်ရှိ ကျောက်တုံးများကြားရှိ အက်ကွဲကြောင်းများထဲမှ ခက်ခက်ခဲခဲ ကြီးထွားလာခြင်း ဖြစ်သည်။

လင်းယွမ်၏ စိတ်ထဲတွင် ၎င်း၏ ကြီးမားသောအသက်စွမ်းအင်ကို တိတ်တဆိတ် ချီးကျူးမိလိုက်သည်။

သို့သော် သူ၏ လက်များက လုံးဝ အားမနာဘဲ အောက်ဘက်ရှိ ဧရာမ ကျောက်တုံးကြီးများကို တစ်တုံးပြီးတစ်တုံး ကော်ထုတ်ကာ သစ်မြစ်များကို အောက်ခြေအထိ တူးဆွနေတော့သည်။

ကျောက်တွင်းကြီးမှာ တဖြည်းဖြည်း ကြီးလာပြီးနောက်ဆုံးတွင် ဤတည်သီးပင်၏ သစ်မြစ်ဖျားများကို တွေ့လိုက်ရသည်။

ဤသစ်မြစ်ဖျားများမှာ အလွန် တုတ်ခိုင်ပြီး ကျောက်တုံးများ၏ အက်ကွဲကြောင်းများကြားတွင် ဖြတ်သန်းသွားကာ နည်းပါးလှသော မြေဆီလွှာကို စုပ်ယူနေကြသည်။

"ဒုန်း"

ရုတ်တရက် လင်းယွမ်က ပေါက်ပြားဖြင့် တစ်ချက် ပေါက်ချလိုက်ရာ တုံးတိတိ အသံတစ်သံ ထွက်ပေါ်လာသည်။

ဧရာမ ကျောက်တုံးကြီးတစ်ခု ကွဲထွက်သွားပြီးနောက် အတွင်း၌ အဖြူရောင် သလင်းကျောက်တုံး တစ်တုံး ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

လင်းယွမ်မှာ အံ့အားသင့်သွားပြီးနောက် သူ၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။

သူက ဤသလင်းကျောက်တုံးကို အမြန် ကောက်ယူကာ သေချာ ခံစားကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် ဝမ်းသာအားရ ဖြစ်နေသည့် အရိပ်အယောင်များ ပေါ်လာသည်။

"စွမ်းအင်ကျောက်တုံး... ပြီးတော့ စိတ်စွမ်းအင် အမျိုးအစား စွမ်းအင်ကျောက်တုံးပဲ"

လင်းယွမ်၏ မျက်နှာတွင် ဝမ်းသာမှုများ အပြည့်ဖြစ်နေသည်။ ၎င်းမှာ စိတ်စွမ်းအင် အမျိုးအစား စွမ်းအင်ကျောက်တုံးကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

ထိုက်ယန်တောင် ကျောက်တွင်းဧရိယာတွင် တူးဖော်ရရှိသော အများစုမှာ မီးဓာတ်နှင့် မြေဓာတ် စွမ်းအင်ကျောက်တုံး အနည်းငယ်သာ ဖြစ်သည်။

သို့သော် လင်းယွမ်က စိတ်စွမ်းအင် အမျိုးအစား စွမ်းအင်ကျောက်တုံးကို တစ်ခါမှ မမြင်ဖူးချေ။

ဒီလိုဏ်ဂူထဲမှာ စိတ်စွမ်းအင် အရည်အသွေးရှိသော စွမ်းအင်ကျောက်တုံးကို တူးရလိမ့်မယ်လို့ သူ တကယ်ကို မထင်ထားခဲ့ပေ။

"နေဦး... ဒီမှာ စိတ်စွမ်းအင် အရည်အသွေးရှိတဲ့ စွမ်းအင်ကျောက်တုံး ရှိတယ်ဆိုရင် တစ်တုံးတည်း ရှိတာ မဖြစ်နိုင်ဘူး... ဒီမှာ စွမ်းအင်ကျောက်တုံး ကျောက်တွင်း ရှိနေနိုင်တယ်"

လင်းယွမ်က ရုတ်တရက် သဘောပေါက်သွားပြီးနောက် ဤသင်္ချိုင်းရှိ စိတ်စွမ်းအင်စက်ကွင်းကို တွေးမိသွားသည်။

"ဒီဧရိယာမှာ ဒီလောက်ကြီးတဲ့ စိတ်စွမ်းအင်စက်ကွင်း ပေါ်လာရတဲ့ အကြောင်းရင်းက ဒီမှာ စိတ်စွမ်းအင် အရည်အသွေးရှိတဲ့ စွမ်းအင်ကျောက်တုံး ကျောက်တွင်း ရှိနေလို့ ဖြစ်နိုင်မလား..."

"ပြီးတော့ ဟိုသန္ဓေပြောင်း အဝါရောင်မိစ္ဆာကောင်ရောပဲ... သာမန် သန္ဓေပြောင်း တိရစ္ဆာန် တစ်ကောင်က ဘယ်လိုလုပ်ပြီး စိတ်စွမ်းအင် အမှတ် ၅၀ နီးပါးလောက်အထိ မြန်မြန်ဆန်ဆန် ဆင့်ကဲပြောင်းလဲလာနိုင်မှာလဲ..."

"သူက ဒီသင်္ချိုင်းထဲမှာ နှစ်ရှည်လများ နေထိုင်ပြီး စွမ်းအင်ကျောက်တုံး စွမ်းအင် အများအပြားကို မသိမသာ စုပ်ယူခဲ့လို့သာ ဒီလို အားကောင်းတဲ့ စိတ်စွမ်းအင် အရည်အသွေးကို ပိုင်ဆိုင်လာပြီး စိတ်ဝိညာဉ်ရိုက်ခတ်အစွမ်းတွေတောင် ဖြစ်ပေါ်လာတာ သေချာတယ်"

တစ်ခဏအတွင်း လင်းယွမ်က ဒီအရာအားလုံးကို ချက်ချင်း သဘောပေါက်သွားသည်။ သူက ချက်ချင်း စိတ်လှုပ်ရှားသွားပြီး အောက်သို့ အားကုန် တူးတော့သည်။

"ဒုန်း... ဒုန်း... ဒုန်း"

ကျောက်တုံးများ အဆက်မပြတ် ကွဲအက်သွားပြီး တောက်ပနေသော စိတ်စွမ်းအင် အမျိုးအစား စွမ်းအင်ကျောက်တုံး အများအပြား ထွက်ပေါ်လာသည်။

လင်းယွမ်က ပြုံးရွှင်စွာဖြင့် ဤစွမ်းအင်ကျောက်တုံးများကို ပစ္စည်းသိုလှောင်ခန်းထဲသို့ အမြန် ထည့်လိုက်သည်။

မကြာမီ လိုဏ်ဂူထဲတွင် ဧရာမ တွင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ဤတည်သီးပင်ကိုလည်း လင်းယွမ်၏ အားထုတ်မှုအောက်တွင် အမြစ်ပါမကျန် တူးထုတ်လိုက်နိုင်သည်။

လင်းယွမ်က ဤသစ်ပင်ကို တစ်ပင်လုံး ပစ္စည်းသိုလှောင်ခန်းထဲသို့ ထည့်လိုက်ပြီးနောက် သစ်ပင်တွင်း အောက်ခြေကို ကြည့်လိုက်သည်။

သစ်ပင်တွင်းထဲတွင် အလွန် တောက်ပပြီး ကြီးမားသော စိတ်စွမ်းအင် အရည်အသွေး စွမ်းအင်ကျောက်တုံး ဆယ်တုံးကျော် ထွက်ပေါ်နေသည်ကို တွေ့လိုက်ရသည်။

သူက ချက်ချင်း ရယ်မောလိုက်သည်။ "ပွပြီဟေ့... ဟားဟားဟား... တကယ် ပွတာပဲ... ဒီစွမ်းအင်ကျောက်တုံး ကျောက်တွင်းက ဘယ်လောက်ကြီးပြီး စွမ်းအင်ကျောက်တုံးတွေ ဘယ်လောက်တောင် ရမလဲ မသိဘူး"

ပေါ်နေသော စွမ်းအင်ကျောက်တုံးများ အားလုံးကို သူ အမြန် တူးထုတ်လိုက်သည်။

"ဒီနေရာက ခဏလေးနဲ့ တူးလို့ပြီးမှာ မဟုတ်ဘူး... ငါတစ်ယောက်တည်း ဆိုရင်လည်း အားကုန်တယ်"

လင်းယွမ်က ခဏ နားလိုက်ပြီး ဤကျောက်တွင်း တူးဖော်ခြင်းက အချိန်တိုအတွင်း ပြီးစီးနိုင်မည် မဟုတ်ကြောင်း ချက်ချင်း သိလိုက်သည်။

သို့သော် ဤကျောက်တွင်း ဧရိယာက သိပ်မကြီးနိုင်ဘူးလို့ လင်းယွမ် ခန့်မှန်းမိသည်။ အဘယ့်ကြောင့်ဆိုသော် စိတ်စွမ်းအင်စက်ကွင်း လွှမ်းမိုးထားသည့် ဧရိယာက သင်္ချိုင်းဧရိယာလောက်သာ ရှိလို့ဖြစ်သည်။ အလွန်ဆုံး အပြင်ဘက်တွင် မသန့်စင်သော စိတ်စွမ်းအင်အမျိုးအစား စွမ်းအင်ကျောက်တုံးတွင်း တချို့ ရှိနေနိုင်သေးသည်။

"ငါ နောက်ရက်အနည်းငယ်အတွင်း လူတွေ မြန်မြန် ခေါ်လာမှ ရတော့မယ်... အရေးတကြီး လုပ်ရမှာက တောင်နှစ်လုံးကြားမှာ တံတား အရင်ဆောက်ဖို့ပဲ"

ထိုသို့တွေးမိသည်နှင့် လင်းယွမ်က ပေါက်ပြားကို ချထားလိုက်ပြီး လိုဏ်ဂူထဲမှ ချက်ချင်း ပြန်ထွက်လာခဲ့သည်။ ဤစိတ်စွမ်းအင်စက်ကွင်း ဖြစ်ပေါ်လာရသည့် အကြောင်းရင်းကို သိသွားသောအခါ သူ ပို၍ စိတ်သက်သာရာ ရသွားသည်။

သန္ဓေပြောင်း မိစ္ဆာကောင်တွေကြောင့် မဟုတ်ဘူးဆိုလျှင်တော့ ပိုလွယ်သွားချေပြီ။ ဤနေရာရှိ စိတ်စွမ်းအင်စက်ကွင်းက အပြင်လူများ ဝင်ရောက်ခြင်းကို တားဆီးရန် သဘာဝအတိုင်း အကာအကွယ် တစ်ခု ဖြစ်နေသဖြင့် မိမိကိုယ်တိုင် တူးဖော်ရန် ပို၍ အဆင်ပြေသည်။

သူက လိုဏ်ဂူထဲမှ အမြန် ထွက်လာပြီးနောက် အပြင်ဘက်တွင် စောင့်နေသော ရန်မေ၊ လီရှန်းယန်တို့နှင့် ပြန်လည် ပူးပေါင်းလိုက်သည်။

လင်းယွမ် ထွက်လာသည်ကို မြင်သည်နှင့် လီရှန်းယန်က အမြန် လျှောက်လာပြီး မေးလိုက်သည်။ "ကိုလင်းယွမ်... အထဲက အခြေအနေ ဘယ်လိုရှိလဲ... သေချာ စုံစမ်းပြီးပြီလား"

လင်းယွမ်က ခေါင်းအနည်းငယ် ရမ်းလိုက်သည်။ "လောလောဆယ်တော့ သေချာ မသိရသေးဘူး... ဒီနေရာကို လောလောဆယ် ထပ်မလာကြနဲ့ဦး... မင်းလူတွေကို သေချာ ပြောထားလိုက်"

လီရှန်းယန်က အမြန် ခေါင်းညိတ်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ အတွင်းရှိ သန္ဓေပြောင်း တည်သီးများကို သူတို့ ရရှိပြီးပြီ ဖြစ်သည်။

လင်းယွမ်က သူတို့လူစုကို ကြည့်ရင်း စိတ်ထဲတွင် သံသယတစ်ခု ထပ်မံ ဖြစ်ပေါ်လာသည်။

ဒီလူတွေက အရင်အကြိမ်တွေ လိုဏ်ဂူထဲ ဝင်တုန်းက ဘာလို့ ဘေးကင်းကင်းနဲ့ ထွက်လာနိုင်ကြတာလဲ... ဒါပေမဲ့ ဒီတစ်ခေါက် ဝင်တဲ့အခါကျမှ ဘာလို့ အားလုံး ဒုက္ခရောက်ကုန်ကြတာလဲ...

ထိုသန္ဓေပြောင်း အဝါရောင်မိစ္ဆာကောင်ကို သူ ချက်ချင်း တွေးမိသွားသည်။ သူတို့ အရင်အကြိမ်တွေ လိုဏ်ဂူထဲ ဝင်တုန်းက ထိုသန္ဓေပြောင်း အဝါရောင်မိစ္ဆာကောင် မရှိလို့များလား... ဒီတစ်ခေါက် ဝင်မှ အဲ့ဒီသန္ဓေပြောင်း အဝါရောင်မိစ္ဆာကောင်နဲ့ ပက်ပင်းတိုးပြီး ဒုက္ခရောက်ကုန်ကြတာလား...

"အဲ့ဒီသန္ဓေပြောင်း အဝါရောင်မိစ္ဆာကောင်က ဒီက စိတ်စွမ်းအင်စက်ကွင်းကို အသုံးပြုပြီး ပတ်ဝန်းကျင်ကို ပြောင်းလဲနိုင်တာများလား... မဖြစ်နိုင်ဘူး... ဒီသန္ဓေပြောင်း အဝါရောင်မိစ္ဆာကောင် သေသွားပြီလေ... ဒီနေရာရဲ့ စိတ်စွမ်းအင်စက်ကွင်းက သင်္ချိုင်းကို လွှမ်းခြုံထားတုန်းပဲ... ဝင်္ကပါလို ပုံရိပ်ယောင်တွေလည်း ဖြစ်ပေါ်နေတုန်းပဲ"

သူက စိတ်ထဲတွင် တွေးတောကာ ကောက်ချက်ချလိုက်သည်။

တစ်နည်းအားဖြင့် ထိုသန္ဓေပြောင်း အဝါရောင်မိစ္ဆာကောင်က ဤစွမ်းအင်ကျောက်တုံး ကျောက်တွင်း ဧရိယာအတွင်း တစ်ခုခု လုပ်ခဲ့သဖြင့် ဤပတ်ဝန်းကျင် ဧရိယာကို ပြန်လည် မကုစားနိုင်သော သက်ရောက်မှုများ ဖြစ်ပေါ်စေကာ ဤဝင်္ကပါ ဧရိယာ ဖြစ်ပေါ်လာခြင်း ဖြစ်နိုင်သည်။

သို့မဟုတ်ပါက ဤလိုဏ်ဂူအောက်တွင် အခြားသော သန္ဓေပြောင်း သတ္တဝါများ ရှိနေခြင်း ဖြစ်နိုင်သည်။

လင်းယွမ်၏ မျက်လုံးများက အရောင်လက်သွားသည်။ မည်သည့် အခြေအနေဖြစ်ပါစေ သူ့အတွက်တော့ သတင်းကောင်းများသာ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဤဝင်္ကပါကဲ့သို့ တည်ရှိမှုက သဘာဝ အကာအကွယ် တစ်ခုနှင့် တူပြီး ဤစိတ်စွမ်းအင် ကျောက်တွင်း ဧရိယာကို လွှမ်းခြုံထားကာ အခြားသူများ ဝင်ရောက် တူးဖော်ခြင်း မပြုနိုင်ရန် တားဆီးထားသည်။

ဤနေရာတွင် သူ၏ ဦးဆောင်မှုဖြင့်သာ လိုဏ်ဂူထဲသို့ ဝင်ရောက်ကာ တူးဖော်နိုင်မည် ဖြစ်သည်။

"ပြန်ရောက်ရင် ကျောက်ခိုင်ကို လူတစ်စု ခေါ်လာခိုင်းပြီး ကျောက် လာတူးခိုင်းရမယ်"

လင်းယွမ်က စိတ်ထဲတွင် တွေးလိုက်ပြီးနောက် ဆက်မတွေးတော့ဘဲ စာသင်ကျောင်းဘက်သို့ အားလုံးနှင့်အတူ ပြန်လာခဲ့သည်။

လာတုန်းက သူတို့ သုံးယောက်သာ ရှိသော်လည်း ယခု ပြန်လာချိန်တွင် လူနှစ်ဆယ်၊ သုံးဆယ်ခန့် ရှိနေပြီ ဖြစ်သည်။

ကျဲ့ဆစ် စာသင်ကျောင်းမှ အစွမ်းပိုင်ရှင်များက လင်းယွမ်ကို ကြည့်သည့် အကြည့်များတွင် စူးစမ်းမှုနှင့် ကြောက်ရွံ့ရိုသေမှုများ ပါဝင်နေသည်။

သူတို့အားလုံး လင်းယွမ်၏ ကယ်တင်ခြင်းကို ခံခဲ့ရပြီး အဖြစ်အပျက်များကို ရန်ဝေတို့ထံမှ သိခဲ့ရပြီး ဖြစ်သည်။

လင်းယွမ်၏ စွမ်းအားကို သူတို့ သဘာဝကျကျပင် လေးစားသွားကြပြီး စကားပြောဆိုရာတွင် အလွန် ရိုသေကြသည်။

လင်းယွမ် တစ်ယောက်တည်း ယွင်ချွမ်ဘုရားကျောင်းကို ရှင်းလင်းပစ်ခဲ့ကြောင်း သိလိုက်ရသောအခါ လူတိုင်းမှာ အံ့အားသင့်သွားပြီး မယုံကြည်နိုင် ဖြစ်သွားကြသည်။

သို့သော် မျက်နှာချင်းဆိုင်တွင် မေးခွန်းထုတ်ရန် မဝံ့ရဲကြဘဲ တိုးတိုးတိတ်တိတ်သာ ဆွေးနွေးနေကြသည်။

"ကိုလင်းယွမ် ပြောတာ အမှန်ပဲလို့ မင်းတို့ ထင်လား... သူ တကယ်ပဲ ယွင်ချွမ်ဘုရားကျောင်းကို ရှင်းလင်းပစ်ခဲ့တာလား"

"လီခွေရုံတို့ လူစုက ရင်ဆိုင်ဖို့ သိပ်မလွယ်ဘူး... ကောက်ကျစ်စဉ်းလဲရုံတင်မဟုတ်ဘူး သူတို့ဘက်မှာ အစွမ်းပိုင်ရှင်တွေလည်း အများကြီး ရှိတယ်လေ"

"ဒီလတွေထဲမှာ ငါတို့တောင် သူတို့ကြောင့် အပြင်မထွက်နိုင်တဲ့အထိ ဖြစ်ခဲ့တာ... အပြင်ထွက် ကင်းလှည့်တဲ့ ညီအစ်ကိုတွေလည်း သူတို့ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တာကို ခဏခဏ ခံရတယ်... ကိုလင်းယွမ် တစ်ယောက်တည်းနဲ့ သူတို့ကို အကုန်သတ်ပစ်နိုင်တယ်ဆိုတာ... ငါလည်း နည်းနည်းတော့ မယုံနိုင်ဘူး"

"ရှူး... တိုးတိုးလုပ်ပါ... စာသင်ကျောင်း ပြန်ရောက်ရင် အခွင့်အရေးရှာပြီး ယွင်ချွမ်ဘုရားကျောင်းကို သွားကြည့်လိုက်ရင် သိရမှာပေါ့"

"ဟုတ်တယ်... ဒီလိုကိစ္စမျိုးက လိမ်လို့မရဘူးလေ... လိမ်ပြောလို့ ဘာအကျိုးရှိမှာလဲ"

"အေးလေ... ကိုလင်းယွမ်က ဒီလိုကိစ္စမျိုးကို နောက်ပြောင်မှာ မဟုတ်ပါဘူး"

"အားလုံး အသံတိုးတိုးလုပ်ကြ... ကိုလင်းယွမ်လို အဆင့်မြင့် အစွမ်းပိုင်ရှင်မျိုးက မင်းတို့ ဘယ်လောက်ပဲ အသံတိုးတိုး ပြောပြော ကြားနိုင်တယ်ကွ"

ထိုအချိန်တွင် ရန်ဝေက လျှောက်လာပြီး တိုးတိုးလေး ဝင်ပြောလိုက်သည်။

လူတိုင်းမှာ လန့်သွားပြီး ချက်ချင်း ပါးစပ်ပိတ်သွားကာ ဘာမှဆက်မပြောရဲကြတော့ချေ။

လင်းယွမ်က ရန်မေ၊ ရန်ရုံဝေတို့နှင့်အတူ လီရှန်းယန်၊ ကျန်းရုံရုံတို့နှင့် အရှေ့ဆုံးမှ လျှောက်လာသည်။

ယခုအချိန်တွင် လီရှန်းယန်မှာ သူ၏ အစွမ်းဖြင့် ကုသပြီးနောက် ဒဏ်ရာများမှ သွေးထွက်မနေတော့ဘဲ အနာဖေးပင် တက်နေပြီ ဖြစ်သည်။

သူ၏ အနာကျက်နှုန်းမှာ ဝူမုန့်လောက် မမြန်သော်လည်း အာနိသင်က အတော်လေး ကောင်းမွန်သည်။

သူ၏ ပြန်လည်သက်သာလာနှုန်းက ဆုန့်ဝမ်နှင့် မတိမ်းမယိမ်း ရှိမည်ဟု လင်းယွမ် ခန့်မှန်းမိသည်။

"ကိုလင်းယွမ်... ထိုက်ယန်တောင်ဘက်က အခြေအနေလေး ပြောပြပေးလို့ ရမလား... ကျွန်တော့်ရဲ့ ဆွေမျိုးတချို့လည်း ထိုက်ယန်တောင် အိမ်ရာမှာ နေကြတယ်... သူတို့ တောင်ပေါ် ပြောင်းသွားကြလား မသိဘူး" လီရှန်းယန်က မနေနိုင်ဘဲ မေးလိုက်သည်။

လင်းယွမ်က ပြောလိုက်သည်။ "မင်းဆွေမျိုးတွေ နာမည်က ဘယ်သူတွေလဲ"

လီရှန်းယန်က နာမည်အချို့ကို အမြန် ပြောပြလိုက်ရာ လင်းယွမ်က ပြန်စဉ်းစားကြည့်လိုက်သည်။ အနည်းငယ် ရင်းနှီးသလို ရှိသော်လည်း သူ သိပ်ဂရုမစိုက်ခဲ့ပေ။ သာမန်လူများသာ ဖြစ်မည်ဟု ထင်သည်။

ရန်မေက ဝင်ပြောလိုက်သည်။ "ကုမေကျွမ်းကိုတော့ ငါ သိတယ်... သူက ဒေါ်လေးလီတို့နဲ့ အတူတူ ရုက္ခဗေဒဥယျာဉ်မှာ အလုပ်လုပ်နေတယ်... ကျန်တဲ့သူတွေကိုတော့ ငါ မကြားဖူးဘူး"

လီရှန်းယန်က ကြားသောအခါ ကုမေကျွမ်း၏ ရုပ်ရည်သွင်ပြင်ကို အမြန် မေးမြန်းလိုက်သည်။

ရန်မေက ပြန်ပြောပြလိုက်ရာ သူ၏ မျက်နှာပေါ်တွင် ဝမ်းသာသွားသည့် အရိပ်အယောင်များ ပေါ်လာသည်။

"ဒေါ်လေး အသက်ရှင်နေသေးတာပဲ... တကယ် ဝမ်းသာစရာပဲ... ရန်မေ... သူ့ယောကျ်ားနဲ့ ကလေးတွေရော ရှိသေးလား"

ရန်မေက ခေါင်းညိတ်လိုက်သည်။ "အကုန်ရှိတယ်"

"ကောင်းလိုက်တာ... တကယ်ကို ကောင်းလိုက်တာ" ဆွေမျိုးများ အသက်ရှင်နေသေးကြောင်း ကြားရသဖြင့် လီရှန်းယန်မှာ စိတ်လှုပ်ရှားသွားသည်။

ထို့နောက် သူက လင်းယွမ်ကို ကြည့်ကာ ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် မေးလိုက်သည်။

"ကိုလင်းယွမ်ပြောတဲ့ အဲ့ဒီဒိုင်ယာရီကို ကျွန်တော် ကြည့်လို့ရမလား"

လင်းယွမ်က ဘာမှမပြောဘဲ ပစ္စည်းသိုလှောင်ခန်းထဲမှ ထိုဒိုင်ယာရီကို ထုတ်ကာ ကမ်းပေးလိုက်သည်။

လီရှန်းယန်က ဒိုင်ယာရီကို အမြန် လှမ်းယူလိုက်ပြီး စိုစွတ်ကာ မှိုတက်နေသော မှတ်စုစာအုပ်ကို ကြည့်ရင်း နေရာမှာတင် ငေးကြောင်သွားသည်။

သူ၏ လက်များက အနည်းငယ် တုန်ယင်စွာဖြင့် မျက်နှာဖုံးကို ဖွင့်ကာ အတွင်းရှိ စာများကို ကြည့်လိုက်သည်။

"ဇွန်လ ၃၁ ရက်... မိုးသည်းထန်စွာရွာသည်"

"အစ်ကိုရှန်းယန်... ညီမတို့နဲ့ ဖေဖေမေမေတို့ ထွက်ပြေးလွတ်မြောက်လာပြီ... အစ်ကိုရော အဆင်ပြေရဲ့လား... ညီမတို့ အခု မိန်တောင်ပေါ် ရောက်နေပြီ... ရေကြီးတာက ညီမတို့အိမ်ကို ချက်ချင်း လွှမ်းမိုးတော့မှာ... ညီမတို့ သွားစရာ နေရာမရှိတော့လို့ တောင်ပေါ် တက်လာခဲ့ရတယ်"

…

စက္ကူပေါ်တွင် ရင်းနှီးနေသော လှပသည့် လက်ရေးစာလုံးလေးများ တစ်ကြောင်းပြီးတစ်ကြောင်း ပေါ်လွင်နေသည်။

လီရှန်းယန်၏ မျက်စိရှေ့တွင် တက်ကြွလန်းဆန်းသော ကောင်မလေး၏ ပုံရိပ်က ပေါ်လာသည်။

လူငယ်ဘဝကတည်းက သူ၏ နောက်သို့ တစ်ကောက်ကောက် လိုက်ကာ "အစ်ကိုရှန်းယန်" ဟု အသံစာစာလေးဖြင့် အော်ခေါ်တတ်သော ကောင်မလေးပင်။

မျက်ရည်များ ချက်ချင်း ကျဆင်းလာပြီး သူ၏ အမြင်အာရုံကို ဝေဝါးသွားစေသည်။

"ဝေဝေ"

လင်းယွမ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး သူသည် ဒိုင်ယာရီထဲတွင် ခဏခဏ ရေးထားသော "အစ်ကိုရှန်းယန်" ဖြစ်ကြောင်း သိလိုက်သည်။

ဒီဒိုင်ယာရီ ပိုင်ရှင်က ဝေဝေလို့ ခေါ်တာလား...

လင်းယွမ်က ရှေ့သို့ ဆက်လျှောက်သွားစဉ် ကျန်းရုံရုံက လီရှန်းယန်ကို စိုးရိမ်တကြီး ကြည့်နေသည်ကို ကြားလိုက်ရသည်။

"အစ်ကိုရှန်းယန်... ဘာမှမဖြစ်ဘူးမလား"

လီရှန်းယန်မှာ မျက်ရည်များ စီးကျနေပြီး ဒိုင်ယာရီကို ဆက်မဖတ်တော့ဘဲ လင်းယွမ်၏ ကျောပြင်ကို စိတ်လှုပ်ရှားစွာ ကြည့်ကာ အော်လိုက်သည်။

"ကိုလင်းယွမ်... ဝေဝေက... သူ... သူ"

သူဘာမေးချင်သည်ကို လင်းယွမ် သိသဖြင့် နောက်သို့ လှည့်မကြည့်ဘဲ ပြန်ဖြေလိုက်သည်။

"ငါ ကျောပိုးအိတ်ကိုပဲ တွေ့ခဲ့တာ... အနီးအနားမှာ အရိုးစု တချို့လည်း တွေ့ခဲ့တယ်... အဲ့ဒါ ကျောပိုးအိတ် ပိုင်ရှင် ဟုတ်မဟုတ်တော့ ငါမသိဘူး"

လီရှန်းယန်မှာ မိုးကြိုးပစ်ခံရသလို ဖြစ်သွားပြီး နေရာမှာတင် ရပ်ကျန်ခဲ့ကာ မျက်ရည်များ အဆက်မပြတ် စီးကျလာတော့သည်။

ကျန်းရုံရုံက အမြန် ပြောလိုက်သည်။

"အစ်ကိုရှန်းယန်... အဲ့ဒါ အစ်ကိုပြောတဲ့ အစ်မဝေဝေလား... အစ်ကိုရှန်းယန်... ကျွန်မကို မခြောက်ပါနဲ့... ကျွန်မတို့ ထိုက်ယန်တောင်ကို သွားပြီး အဲ့ဒီအရိုးစုကို ရှာလို့ရပါတယ်... ကျွန်မတို့ သွားကြည့်လို့ ရပါတယ်"

လီရှန်းယန်က သတိပြန်ဝင်လာပြီး နှုတ်ခမ်းကို ကိုက်လိုက်သည်။ မျှော်လင့်ချက် နည်းပါးကြောင်း သိသော်လည်း သူက ခေါင်းညိတ်ကာ ပြောလိုက်သည်။

"ဟုတ်တယ်... အဲ့ဒါ ဝေဝေလို့ သေချာ မပြောနိုင်သေးဘူး... ကိုလင်းယွမ်... ကိုလင်းယွမ်"

သူက အမြန် လိုက်သွားပြီး လင်းယွမ် ထိုကျောပိုးအိတ်ကို တွေ့ခဲ့စဉ်က တိကျသော နေရာကို မေးမြန်းလိုက်သည်။

လင်းယွမ်ကလည်း ဖုံးကွယ်မထားဘဲ ထိုစဉ်က သန္ဓေပြောင်း အဆိပ်ဖားပြုတ်နှင့် တွေ့ခဲ့သည့် နေရာကို ပြောပြလိုက်သည်။

သူတို့အဖွဲ့ စကားပြောနေရင်းဖြင့် ကျဲ့ဆစ် စာသင်ကျောင်းသို့ ရောက်ရှိလာကြသည်။ အဝေးမှပင် ကျဲ့ဆစ် စာသင်ကျောင်းမှ လူတစ်ယောက် ကြိုဆိုရန် ထွက်လာသည်ကို တွေ့လိုက်ရသည်။ ထိုသူမှာ ရန်ကျဲ ဆိုသော အစွမ်းပိုင်ရှင် ဖြစ်သည်။

"အစ်ကိုရှန်းယန်... အစ်ကိုဟိုင်... အစ်မရုံရုံ" သူက အမြန် အော်ခေါ်လိုက်သည်။

ထို့နောက် သူက စာသင်ကျောင်းထဲသို့ ဝမ်းသာအားရဖြင့် အော်ပြောလိုက်သည်။ "ပြန်လာပြီ... အစ်ကိုရှန်းယန်တို့ ပြန်လာပြီ"

ချက်ချင်းပင် စာသင်ကျောင်းထဲမှ လူအများအပြား ပြေးထွက်လာကြသည်။ လူတိုင်း၏ မျက်နှာပေါ်တွင် ဝမ်းသာသည့် အရိပ်အယောင်များ ပေါ်လွင်နေသည်။

လီရှန်းယန်သည် ဤကျဲ့ဆစ် စာသင်ကျောင်းတွင် သြဇာညောင်းပြီး လူတိုင်း၏ ချစ်ခင်လေးစားမှုကို အတော်လေး ရရှိထားကြောင်း သိသာထင်ရှားသည်။

လင်းယွမ်က ဤအရာအားလုံးကို အကဲခတ်နေရင်း စိတ်ထဲတွင် တွေးတောနေမိသည်။

သူက ရန်မေကို ခေါ်ကာ စာသင်ကျောင်းထဲသို့ ဝင်သွားသည်။

ရန်ရုံဝေက လင်းယွမ်ကို ပြောလိုက်သည်။ "လင်းယွမ်... ငါ... ငါ့သမီးနဲ့ သီးသန့် စကားနည်းနည်းလောက် ပြောလို့ရမလား"

ရန်မေသည် ယခုအချိန်တွင် လင်းယွမ်၏ စကားကိုသာ နားထောင်ပြီး လင်းယွမ်ကိုသာ ဗဟိုပြုနေကြောင်း သူ မြင်နိုင်သည်။

လင်းယွမ်က ပြုံးလိုက်သည်။ "ရတာပေါ့... ဦးလေးတို့ စကားပြောကြလေ... ကျွန်တော် အပြင်ထွက် လမ်းလျှောက်လိုက်ဦးမယ်"

သူက အခန်းထဲမှ ထွက်လာပြီး တိတ်ဆိတ်သော နေရာတစ်ခုသို့ ရောက်သောအခါ ထိုအစွမ်းလက်နက် ပေတံကို ထုတ်ကာ လေ့လာတော့သည်။

စောစောက လမ်းတွင် သာမန်မျှသာ ကိုင်တွယ်ကြည့်ခဲ့ခြင်း ဖြစ်ပြီး ပေတံ၏ ကျောက်စိမ်းဖွဲ့စည်းပုံ အတွင်းရှိ မျဉ်းကြောင်းများက သူ့ကို သင်္ကေတ နည်းပညာများနှင့် ဆင်တူကြောင်း ခံစားမိစေသည်။

ဤကဲ့သို့သော သင်္ကေတများမှာ သဘာဝအတိုင်း ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး ကောင်းကင်နှင့် မြေကြီးကြားရှိ သန္ဓေပြောင်း စွမ်းအင်များ၏ ပျိုးထောင်မှုကြောင့် ဖြစ်လာခြင်း ဖြစ်နိုင်သည်။

ယခု ပတ်ဝန်းကျင်တွင် လူမရှိသဖြင့် လင်းယွမ်က ၎င်း၏ လုပ်ဆောင်ချက်များကို စမ်းသပ်ကြည့်တော့မည်။

ဤပေတံ၏ တကယ့် အသုံးဝင်မှုက ဘယ်အရာနည်း... တိုက်ခိုက်ရေးတွင် မည်သို့သော တိုးတက်မှုများ ပေးနိုင်မည်နည်း...

ဆက်ရန်...

All Chapters