အခန်း (၂၈၇-၂၈၈)
Vol. 15 Ch. 287-288
အပိုင်း (၂၈၇) လီရှန်ယန်ကို သတိပေးခြင်းနှင့် ထိုက်ယန်တောင်ကို တမ်းတခြင်း
လင်းယွမ်၏ အေးစက်မှုက တမင်သက်သက် လုပ်ယူထားခြင်း ဖြစ်သည်။
သူ၏ အစွမ်းထက်သော အာရုံခံနိုင်စွမ်းဖြင့် လီရှန်ယန်၏ စိတ်ထဲတွင် ရိုးသားမှု မရှိသည်ကို အလိုအလျောက် ရိပ်မိနေပြီး သူ့ကို စတင်တွေ့ရှိစဉ်က ရှိခဲ့သည့် ရိုသေလေးစားမှုမျိုး သိသိသာသာ လျော့ကျသွားကြောင်းကိုလည်း သိနေသည်။
လီခွေရုံ ဂိုဏ်းသားများ အားလုံး သေဆုံးသွားသောကြောင့် လီရှန်ယန်က စိတ်အေးသွားကာ ယခု မိန်တောင်တွင် သူတစ်ဦးတည်းသာ ဩဇာအကြီးမားဆုံး ဖြစ်သွားပြီဟု ခံစားနေရကြောင်းကိုလည်း သူက ခန့်မှန်းမိသည်။
ထို့ကြောင့် သူက ဟန်ရေးပြလာပြီး သူ့ကိုယ်သူ အရေးပါသူတစ်ဦးအဖြစ် နေရာယူနိုင်ပြီဟု ထင်မှတ်နေခြင်း ဖြစ်သည်။
သူ့ရှေ့တွင်တောင်မှ လူမိုက်ဂိုဏ်းစတိုင်မျိုး လာဖမ်းရဲနေသေးသည်။
လင်းယွမ်က အလိုအလျောက်ပင် သူ့ကို မျက်နှာသာပေးမည် မဟုတ်ဘဲ အေးစက်စက် တုံ့ပြန်လိုက်ကာ စိတ်စွမ်းအင်မှ ထွက်ပေါ်လာသော အစွမ်းထက်သည့် ဖိအားကိုပါ ထုတ်လွှတ်လိုက်သည်။
ချက်ချင်းပင် လီရှန်ယန်ကို သတိပြန်ဝင်လာစေပြီး ခေါင်းထဲတွင် လုံးဝကို ရှင်းလင်းသွားစေသည်။
သူ့ရှေ့မှ လူက တစ်ကိုယ်တော် စွမ်းရည်ဖြင့် လီခွေရုံ ဂိုဏ်းတစ်ခုလုံးကို သတ်ဖြတ်ခဲ့ပြီး ယွင်ချွမ်ဘုရားကျောင်းရှိ အစွမ်းပိုင်ရှင် အားလုံးကို မျိုးဖြုတ်ခဲ့သည့် ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
ဤလူက မျက်နှာချိုပြီး သဘောကောင်းမည့်သူမျိုး မဟုတ်ရာ ဤသို့သော လူမျိုးနှင့် ရင်းနှီးအောင် လုပ်ကာ လူမိုက်ဟန် ဖမ်းနေခြင်းက တကယ့်ကို အရူးလုပ်ရပ်ပင် ဖြစ်သည်။
ထို့ကြောင့် သူက ချက်ချင်းပင် စိတ်နေသဘောထားကို ပြင်ဆင်လိုက်ပြီး မတ်တတ်ရပ်ကာ ရိုရိုသေသေ နေလိုက်သည်။
ဘေးနားရှိ ကျန်းရုံရုံကလည်း ထိုအချက်ကို တွေးမိသွားသဖြင့် မျက်နှာ အနည်းငယ် ဖြူရော်သွားကာ စိုးရိမ်တကြီးဖြင့် မတ်တတ်ရပ်၍ လီရှန်ယန်၏ နောက်တွင် ဝင်ရပ်လိုက်သည်။
လင်းယွမ်က တားဆီးခြင်း မပြုဘဲ သူတို့ ထွက်သွားသည်ကိုသာ အေးတိအေးစက် ကြည့်နေလိုက်သည်။
ရန်ရုံဝေက ဤမြင်ကွင်းကို မြင်သောအခါ လင်းယွမ်ကို စိတ်ထဲမှ ထပ်မံ၍ အထင်ကြီး လေးစားသွားရပြန်သည်။
စောစောက လင်းယွမ်က သူနှင့်အတူ အရက်သောက်ရင်း ထွေရာလေးပါး စကားတွေ ပြောနေချိန်တွင် အလွန် သဘောကောင်းပြီး ယဉ်ကျေးသိမ်မွေ့လွန်းလှသည်။
သို့သော် ဤမြင်ကွင်းကတော့ ထိုက်ယန်တောင် ခိုလှုံရေးစခန်း၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် လင်းယွမ်ထံတွင် ရှိနေသော ခေါင်းဆောင်တစ်ဦး၏ ဩဇာတိက္ကမနှင့် ထိပ်တန်း အစွမ်းပိုင်ရှင်တစ်ဦး၏ ကြောက်မက်ဖွယ် ဖိအားကို မြင်တွေ့လိုက်ရခြင်းပင် ဖြစ်သည်။
သူက သမီးဖြစ်သူကို ထပ်မံ ကြည့်လိုက်ရင်း ဤမျှ ကောင်းမွန်သော လူစွမ်းကောင်း တစ်ယောက်နှင့် ဆုံတွေ့ရသည့် မိမိသမီး၏ ကံတရားက တကယ့်ကို ကောင်းမွန်လှပါလားဟု မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်ရသည်။
သူက အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် မေးလိုက်သည်။ "လီရှန်ယန်တို့ အုပ်စုကို... မင်း ဘယ်လို ကိုင်တွယ်ဖို့ စဉ်းစားထားလဲ"
လင်းယွမ်က အေးစက်သော အမူအရာကို ရုပ်သိမ်းလိုက်ပြီး အပြုံးတစ်ခု ပေါ်လာကာ ပြောလိုက်သည်။ "ဦးလေးရုံဝေ... အဲဒါအတွက် စိတ်ပူစရာမလိုပါဘူး... အချိန်တန်ရင် ကျွန်တော့်လူတွေ လာပြီး ရှင်းလိမ့်မယ်"
လီရှန်ယန်၏ အစွမ်းက မဆိုးလှသလို တိုက်ခိုက်ရေး စွမ်းရည်တွင်လည်း ချီးကျူးစရာ ကောင်းသည်။
သို့သော် ထိုက်ယန်တောင်ဘက်တွင် သူ့ထက် သာလွန်သူတွေက အများကြီး ရှိနေသည်။
လီရှန်ယန်၏ အစွမ်းက အလင်းဓာတ် ဖြစ်ပုံရပြီး သူ့တွင် စိတ်စွမ်းအင်ကို တန်ပြန်နိုင်မည့် နည်းလမ်း မရှိပေ။
ထို့ကြောင့် လျှိုဖေးဖေးပဲ ဖြစ်ဖြစ်... ကောကျဲပဲ ဖြစ်ဖြစ်... လူတစ်စုလောက် ခေါ်သွားရုံဖြင့် သူ့ကို အလွယ်တကူ ထိန်းချုပ်နိုင်လိမ့်မည်။
၎င်းအပြင် ကျောက်ခိုင်... တင်းယန်... ချန်ဖုန်ဖေး... ရှီဟိုင်ကျူး စသည့် အနီးကပ် တိုက်ခိုက်ရေး သိုင်းသမားတွေလည်း ရှိနေသေးရာ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဤမိန်တောင်ပေါ်ရှိ အစွမ်းပိုင်ရှင်များက တိုက်ခိုက်နိုင်စွမ်း လုံးဝ မရှိသလောက်ပင် ဖြစ်သည်။
ထို့ကြောင့် လီရှန်ယန်သာ မိမိရှေ့တွင် သဘောထားကို မှန်မှန်ကန်ကန် မထားတတ်ပါက လင်းယွမ်က သူ့ကို နည်းနည်းလေးမှ ဂရုစိုက်နေမည် မဟုတ်ပေ။
လီရှန်ယန်က ကျန်းရုံရုံကို ခေါ်ကာ အဝေးသို့ ဆုတ်ခွာသွားပြီး နှစ်ယောက်စလုံး၏ မျက်နှာများက အနည်းငယ် ဖြူရော်နေကြသည်။
စောစောက လင်းယွမ်၏ ဖိအားလွှမ်းခြုံမှုကို ခံလိုက်ရစဉ်တွင် ကြောက်မက်ဖွယ် သန္ဓေပြောင်း သတ္တဝါကြီးတစ်ကောင်နှင့် ရင်ဆိုင်နေရသကဲ့သို့ တကယ့်ကို ခံစားလိုက်ရသည်။
ကျန်းရုံရုံက မနေနိုင်တော့ဘဲ ပြောလိုက်သည်။ "အစ်ကိုရှန်ယန်... သူက... ကျွန်မတို့အပေါ် သိပ်ပြီး သဘောကျပုံ မရဘူးနော်"
လီရှန်ယန်က လေကို ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး စိတ်ထဲမှ ကြောက်ရွံ့မှုကို ဖိနှိပ်ကာ ပြောလိုက်သည်။ "စောစောက ငါ တွေးတာ မှားသွားတယ်... လီခွေရုံတို့ သေသွားတော့ ငါ နည်းနည်း စိတ်လွတ်သွားမိတာ"
"လီခွေရုံတို့ကို သူ ကိုယ်တိုင် သတ်ခဲ့တာ မေ့သွားတယ်"
"သူ့ရဲ့ အစွမ်းက ငါတို့အားလုံးထက် အများကြီး သာလွန်နေတာ... ငါတို့က သူ့အပေါ် ရိုသေလေးစားမှု လျော့နည်းသွားခဲ့တယ်"
ကျန်းရုံရုံက မျက်မှောင်ကြုတ်လိုက်ပြီး မနေနိုင်စွာဖြင့် ညည်းတွားလိုက်သည်။ "သူက လူကောင်းတစ်ယောက်လို့ ထင်ထားတာ... ဒီလောက်ထိ လုပ်စရာ လိုလို့လား"
လီရှန်ယန်က ခါးသီးစွာ ပြုံးရင်း ခေါင်းခါလိုက်သည်။ ယခုလို ခေတ်ပျက်ကြီးထဲမှာ ရိုးသားတဲ့ လူကောင်းဆိုတာ ရှိသေးလို့လား။
ရိုးသားတဲ့ လူကောင်းတွေဆိုတာ အစောကြီးကတည်းက သေကုန်လောက်ပြီ။
သူက လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "ထပ်မပြောနဲ့တော့... ဘာပဲဖြစ်ဖြစ် သူက ငါတို့ကို ကယ်ခဲ့ဖူးတယ်... ပြီးတော့ သူနဲ့ ငါတို့က အရင်ကတည်းက ရင်းနှီးတာမှ မဟုတ်တာ"
"ဒါဆို ဖီးနစ်သင်္ဘောကိစ္စကရော"
"လောလောဆယ်တော့ ငါတို့ စုံစမ်းကြည့်ကြတာပေါ့... မနက်ဖြန် မနက်ကျရင် သူ့ကို ငါ သီးသန့် သွားတွေ့ပြီး ငါတို့ကို ကူညီပေးဖို့ ဖျောင်းဖျကြည့်မယ်"
ကျန်းရုံရုံက ကြားသောအခါ ခေါင်းညိတ်ရုံသာ တတ်နိုင်တော့သည်။
......
နောက်တစ်နေ့ နံနက်ခင်းတွင် လင်းယွမ်က ကုတင်ပေါ်မှ ထလာခဲ့ပြီး ဘေးနားရှိ ရန်မေကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲ ဖြစ်သည်။
သူက ထလာပြီး ခြံဝင်းထဲသို့ ထွက်လာခဲ့ရာ ကောင်းကင်ထက်တွင် မိုးဖွဲဖွဲလေးများက ရွာသွန်းနေဆဲ ဖြစ်သည်။
လေထုထဲတွင် အေးစိမ့်သော အငွေ့အသက်များ ရောယှက်နေသည်။
လင်းယွမ်က ကောင်းကင်ကို ကြည့်လိုက်ရာ တိမ်တိုက်များက ထူထပ်နေဆဲဖြစ်ပြီး မည်းမှောင်နေသော တိမ်လိပ်များက တစ်ဆက်တည်း ဖြစ်နေသည်။
သူ၏ အကြည့်များတွင် စူးစမ်းလိုစိတ်များ ပါဝင်နေပြီး တိမ်တိုက်များ၏ အထက်တွင် အမှန်တကယ် ဘာရှိနေသနည်း ဆိုသည်ကို ရှင်းရှင်းလင်းလင်း မြင်ချင်နေသည်။
ကံမကောင်းစွာဖြင့် တိမ်တိုက်များပေါ်ရှိ ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးမုန်တိုင်းများက သူ့ကို နောက်ဆုတ်သွားစေပြီး ထိုအရာများကြားကို ဖြတ်သန်းသွားရန် မဖြစ်နိုင်ပေ။
"မောင်လင်းယွမ်... စောစောစီးစီး ထလာတာလား"
ခြေဆွံ့ အဘိုးကြီးက ခြံဝင်းကို ဖြတ်၍ မလှမ်းမကမ်းရှိ တဲအောက်မှနေကာ လင်းယွမ်ကို နှုတ်ဆက်လိုက်သည်။
တဲအောက်တွင်လည်း လူအတော်များများ နိုးလာကြပြီး ထမင်းဟင်းများ စတင် ချက်ပြုတ်နေကြပြီ ဖြစ်သည်။
လင်းယွမ်က အနည်းငယ် ပြုံးလိုက်ပြီး ခြေဆွံ့ အဘိုးကြီးကို ခေါင်းတစ်ချက် ညိတ်ပြကာ ပြောလိုက်သည် "မင်္ဂလာနံနက်ခင်းပါ"
ထိုအချိန်တွင် ဘေးခန်းမှ လီရှန်ယန်က တံခါးကို တွန်းဖွင့်ကာ ထွက်လာပြီး လင်းယွမ်ကို ကြည့်ကာ ချက်ချင်းပင် အပြုံးတစ်ခု ဖန်တီးလိုက်ပြီး ရိုသေစွာဖြင့် နှုတ်ဆက်လိုက်သည် "ဆရာလင်းယွမ်... မင်္ဂလာနံနက်ခင်းပါ"
လင်းယွမ်က သူ့ကို တစ်ချက် ကြည့်လိုက်ပြီး ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်သည်။ "အင်း"
လင်းယွမ်က သူ့ကို တုံ့ပြန်လိုက်သည်ကို မြင်သောအခါ လီရှန်ယန်၏ စိတ်ထဲတွင် ဝမ်းသာသွားပြီး အလျင်အမြန် ပြောလိုက်သည်။
"ဆရာလင်းယွမ်... မနေ့က ကိစ္စအတွက် ခွင့်လွှတ်ပေးပါ... ကျွန်တော်လည်း လီခွေရုံ ဂိုဏ်းကြီး ပျက်စီးသွားလို့ စိတ်ထဲမှာ အရမ်း ဝမ်းသာသွားပြီး နည်းနည်း စိတ်လွတ်သွားမိတာပါ"
"ဆရာ့ရှေ့မှာ မရိုမသေ လုပ်မိသလို ဖြစ်သွားတယ်... တကယ်ပဲ တောင်းပန်ပါတယ်"
လင်းယွမ်က အေးအေးဆေးဆေးပင် ပြောလိုက်သည် "မင်းက ငါ့လူမှ မဟုတ်တာ... ငါ့ကို ဆရာခေါ်ဖို့ မလိုပါဘူး"
လီရှန်ယန်က ကမန်းကတန်း ပြောလိုက်သည် "ဆရာလင်းယွမ်... ကျွန်တော့်ကို စိတ်ဆိုးနေတုန်းပဲလား... ကျွန်တော် မှားမှန်း သိပါပြီ... လူကြီးလူကောင်း ပီပီ သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးပါဦး"
လင်းယွမ်က သူ့ကို တစ်ချက် ကြည့်လိုက်သည်... ဤကောင်က အခြေအနေအရ တင်းသင့်ရင် တင်းပြီး လျှော့သင့်ရင် လျှော့တတ်ကာ ခေါင်းငုံ့တာလည်း တကယ့်ကို မြန်ဆန်လှသည်။
သူက ချက်ချင်းပင် မေးလိုက်သည် "ပြော... ဘာကိစ္စလဲ"
လီရှန်ယန်က ကြားသောအခါ ရုတ်တရက် စိတ်ထဲတွင် ဝမ်းသာသွားပြီး ညက ကိစ္စ ပြီးဆုံးသွားပြီ ဖြစ်ကြောင်းကို သိလိုက်သည်။
ချက်ချင်းပင် အလျင်စလို ပြောလိုက်သည် "ဆရာလင်းယွမ်... မနေ့က ကျွန်တော်တို့ လူတချို့ကို ဖမ်းမိထားပြီး ခြံဝင်းထဲမှာ စစ်ဆေးမေးမြန်းနေတာ ဆရာလည်း မြင်မှာပဲ"
လင်းယွမ်က အနည်းငယ် ခေါင်းညိတ်ပြလိုက်သည် "အင်း... သူတို့က ဘယ်သူတွေလဲ"
"ကျွန်းပေါ်က ခိုလှုံရေးစခန်း အသေးလေးတွေရဲ့ ခေါင်းဆောင်တွေပါ... ယွင်ချွမ်ဘုရားကျောင်းက လူတွေရဲ့ ပါးစပ်ကနေ ကြားရတာကတော့ လီခွေရုံက ဒီလူတွေကို ဆက်သွယ်ပြီး သူတို့နဲ့ ပေါင်းပြီး ကျွန်တော်တို့ကို တိုက်ခိုက်ဖို့ ပြင်ဆင်နေခဲ့တာတဲ့"
"တကယ်လို့ ဆရာသာ လီခွေရုံတို့ကို ဝင်မသတ်ပေးခဲ့ရင်... ကျွန်တော်တို့ ကျဲ့ဆစ် စာသင်ကျောင်းက ကပ်ဘေးကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"
"ဒီနေရာကနေပဲ ကျဲ့ဆစ် စာသင်ကျောင်းက လူအားလုံး ကိုယ်စား... ဆရာ့ရဲ့ ကူညီမှုအတွက် ထပ်ပြီး ကျေးဇူးတင်ပါရစေ"
ပြောရင်းနှင့် လီရှန်ယန်က လင်းယွမ်ကို အလွန် ရိုးသားစွာဖြင့် ခါးညွှတ်၍ အရိုအသေ ပေးလိုက်သည်။
လင်းယွမ်က သူ့ကို တစ်ချက် ကြည့်လိုက်သည်... ဤကောင်က တကယ့်ကို နေရာမှန်ကို ပြန်ရောက်သွားပြီ ဖြစ်သည်။
မိမိရှေ့တွင် မည်သည့် လှည့်ကွက်မှ ထပ်မသုံးရဲတော့ဘဲ မရှိသင့်သော စိတ်ကူးများကိုလည်း မိမိအပေါ်တွင် မကြံစည်ရဲတော့ပေ။
သူက ချက်ချင်းပင် မေးလိုက်သည်။ "လီခွေရုံက အခု သေသွားပြီပဲ... ဒီ ခိုလှုံရေးစခန်း အသေးလေးတွေက လူတွေကို ဘာများ ကြောက်နေစရာ ရှိသေးလို့လဲ... မင်းဘာသာမင်း ရှင်းလိုက်ရင် ပြီးတာပဲကို ငါ့ကို လာရှာပြီး ဘာလုပ်မလို့လဲ"
လီရှန်ယန်က ကမန်းကတန်း ပြောလိုက်သည်။ "ဆရာ မသိသေးလို့ပါ... မနေ့ညက ကျွန်တော်တို့ စစ်ဆေးကြည့်မှ ဒီခွေးကောင်တွေက လီခွေရုံနဲ့ ပူးပေါင်းပြီး ကျွန်တော်တို့ ကျဲ့ဆစ် စာသင်ကျောင်းကို တိုက်ခိုက်ဖို့ ပြင်နေတာတင် မကဘူး... တကယ်တော့ သူတို့ဆီမှာ တခြား နောက်ကွယ်က အင်အားတစ်ခု ရှိနေသေးတာကို သိလိုက်ရတယ်"
"မနေ့က မြင်းမျက်နှာနဲ့ လူ... မြန်မြန်သေဖို့လောက်ပဲ တောင်းဆိုနေတဲ့ တစ်ယောက်လေ... သူ့နာမည်က ကျန်းတုန်တဲ့... သူက အရှေ့ဘက်က ခိုလှုံရေးစခန်း အသေးလေးတစ်ခုရဲ့ ခေါင်းဆောင်ပဲ... သူ့လက်အောက်မှာ လူဆယ်ယောက်ကျော်လောက် ရှိပြီး အစွမ်းပိုင်ရှင်ကတော့ နှစ်ယောက် သုံးယောက်လောက်ပဲ ရှိတယ်"
"သူ့ဆီကနေ သတင်း တစ်ခု စစ်ဆေး သိရှိခဲ့ရတယ်... သူတို့က တကယ်တော့ လီခွေရုံနဲ့ ပူးပေါင်းတာက ဟန်ပြဖြစ်ပြီး တကယ်တမ်းကျတော့ တိတ်တဆိတ်နဲ့ ဖီးနစ် လို့ ခေါ်တဲ့ သင်္ဘောတစ်စင်းနဲ့ စောစောကတည်းက အဆက်အသွယ် ရှိနေခဲ့ကြတာတဲ့"
"သူတို့က လီခွေရုံတို့နဲ့ ကျွန်တော်တို့ ကျဲ့ဆစ် စာသင်ကျောင်း တိုက်ပွဲဖြစ်မယ့် အချိန်ကို စောင့်နေကြတာ... အဲဒီအချိန်ကျရင် နှစ်ဖက်စလုံး အထိနာသွားတဲ့ အခါကျမှ ဖီးနစ် သင်္ဘောပေါ်က လူတွေကို မိန်တောင်ပေါ် ဖိတ်ခေါ်လာကြမှာတဲ့"
"အဲဒီအချိန်ရောက်ရင် ယွင်ချွမ်ဘုရားကျောင်းတင် မကဘူး... ကျွန်တော်တို့ ကျဲ့ဆစ် စာသင်ကျောင်းပါ ကြီးမားတဲ့ အကျပ်အတည်းနဲ့ ရင်ဆိုင်ရမယ့်သဘောရှိတယ်"
လင်းယွမ်က နားထောင်ပြီးနောက် အတော်လေး အံ့အားသင့်သွားသည်။
"ဖီးနစ်သင်္ဘော... အဲဒါက ဘာကြီးလဲ"
လီရှန်ယန်က ကမန်းကတန်း ပြန်ဖြေလိုက်သည်။ "သင်္ဘောတစ်စင်းပဲ... ကျွန်တော်တို့ စစ်ဆေးသိရှိရတဲ့ သတင်းတွေအရ အဲဒီသင်္ဘောက သာမန် လှေငယ်လေးတော့ မဖြစ်နိုင်ဘူး... အနည်းဆုံး ကုန်တင်သင်္ဘော အဆင့်လောက်တော့ ရှိမှာပဲ... ရေကြီးရေလျှံမှုနဲ့ လှိုင်းလုံးကြီးတွေကို ခံနိုင်ရည်ရှိပြီး တချို့ အစွမ်းထက်တဲ့ သန္ဓေပြောင်း သတ္တဝါတွေကိုတောင် ခုခံနိုင်စွမ်း ရှိတယ်တဲ့"
"အဲဒီသင်္ဘောပေါ်မှာ အတိအကျ ဘယ်လို အခြေအနေ ရှိနေလဲ ဆိုတာကိုတော့ ကျန်းတုန်လည်း သေချာ မသိဘူး... ကျွန်တော်တို့ သေချာ စစ်ဆေးမေးမြန်းကြည့်ပေမယ့် သူက အဲဒီသင်္ဘောပေါ်က လူတွေနဲ့ တိုက်ရိုက် တစ်လိုင်းတည်းပဲ အဆက်အသွယ် ရှိပြီး... သိရတဲ့ အချက်အလက်ကတော့ သိပ်မများဘူး"
လင်းယွမ်က ကြားသောအခါ မေးလိုက်သည်။ "သူက ဒီ ဖီးနစ်သင်္ဘောပေါ်က လူတွေကို ဒီလောက် လွယ်လွယ်ကူကူကြီး ယုံကြည်လိုက်တာလား"
လီရှန်ယန်က "သူ့မှာ ရွေးစရာ မရှိဘူးလေ... သူ့အပြောအရဆိုရင် သူတို့က လီခွေရုံရဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရမှာမို့ လီခွေရုံနဲ့ ပူးပေါင်းရင် ပူးပေါင်း... မပူးပေါင်းရင် လီခွေရုံရဲ့ စောစောစီးစီး သတ်ဖြတ်တာကို ခံရမှာတဲ့"
"သူတို့က မျှော်လင့်ချက်ကို... ဒီ ဖီးနစ် ဆိုတဲ့ အုပ်စုအပေါ်မှာပဲ ပုံအပ်ထားရုံကလွဲလို့ တခြား မရှိတော့ဘူး"
"သူတို့အတွက်တော့ ဒါက မတတ်နိုင်လို့ ရွေးရတဲ့... ရွေးချယ်မှု တစ်ခုသက်သက်ပါပဲ"
လင်းယွမ်က ချက်ချင်း သဘောပေါက်သွားသည်... ဤသည်ကမှ လက်တွေ့ အခြေအနေနှင့် ကိုက်ညီပေသည်။
သူက စဉ်းစားလိုက်ပြီး ပြောလိုက်သည်။ "ဒါဆို မင်း ငါ့ကို လာရှာတာက ဒီ ဖီးနစ် သင်္ဘောကို ရင်ဆိုင်ဖို့ ငါ့ကို အကူအညီတောင်းဖို့ပေါ့"
လီရှန်ယန်က ခေါင်းငုံ့ကာ ပြောလိုက်သည်။ "ဟုတ်ပါတယ်... ကျွန်တော့် အရည်အချင်းကို ကျွန်တော် သိတယ်... အကယ်လို့ ရေထဲမှာ သင်္ဘောတစ်စင်းနဲ့ အတားအဆီးမရှိ သွားလာနိုင်တဲ့ အင်အားစုမျိုး တကယ် ရှိနေတယ်ဆိုရင်။ အဲဒီလူတွေကို ကျွန်တော် လုံးဝ ခုခံနိုင်မှာ မဟုတ်ဘူး... ဒါကြောင့် ဆရာ့ကို ကူညီပေးဖို့ တောင်းဆိုချင်တာပါ"
လင်းယွမ်က သူ့ကို ကြည့်လိုက်သည်။ ဤတစ်ကြိမ်တွင် လီရှန်ယန်က ရင်ထဲမှ စကားများကို ပြောနေခြင်း ဖြစ်ပြီး သူ့အပေါ် မည်သည့် လှည့်ကွက်မှ မသုံးသလို ဆင်ခြေလည်း မပေးတော့ပေ။
သူက ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ "ဒါဆို မင်းပြောကြည့်... ငါက ဘာလို့ မင်းကို ကူညီပေးရမှာလဲ"
လီရှန်ယန်က ချက်ချင်း ကြောင်အမ်းသွားပြီး ခေါင်းမော့ကာ လင်းယွမ်ကို ကြည့်လိုက်သည်။
လင်းယွမ်ကလည်း သူ့ကို ကြည့်နေပြီး အကြည့်များက စူးရှနေကာ စမ်းသပ်လိုသော သဘောမျိုး ပါဝင်နေသည်ကို မြင်လိုက်ရသည်။
လီရှန်ယန်၏ စိတ်ထဲတွင် လျင်မြန်စွာ တွေးတောလိုက်ပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် ဘာလုပ်ရမည်ကို သိရှိသွားသည်။
သူက ခေါင်းကို ငုံ့လိုက်ရာ မျက်နှာအမူအရာများက ပြောင်းလဲသွားပြီး ခဏတာ တုံ့ဆိုင်းသွားပြီးမှ စကားစလိုက်သည်။ "တကယ်လို့ ဆရာသာ ကျွန်တော်တို့ကို ကူညီပေးနိုင်မယ်ဆိုရင်... ကျွန်တော် လူတိုင်းကို ဦးဆောင်ပြီး ဆရာ့ကို ခေါင်းဆောင်အဖြစ် သတ်မှတ်ပြီး လက်အောက်ခံဖို့ ဆန္ဒရှိပါတယ်"
သူက ထက်မြက်သူ တစ်ယောက် ဖြစ်ရာ လင်းယွမ်၏ ရည်ရွယ်ချက်ကို သေချာပေါက် နားလည်နေသည်။
သိတော့ သိသော်လည်း သူက အနည်းငယ်တော့ တုံ့ဆိုင်းနေသေးသည်။
အကယ်၍ ထို ဖီးနစ် ဆိုသည့် သင်္ဘောက သာမန် ကုန်တင်သင်္ဘောလေး တစ်စင်းသာ ဖြစ်နေပြီး ၎င်းအပေါ်တွင်လည်း ထူးထူးခြားခြား အစွမ်းထက်သူများ မရှိခဲ့လျှင်ရော။
တကယ်တမ်း လင်းယွမ် ပါဝင်စရာ မလိုဘဲ မိမိတို့ဘာသာ ဤပြဿနာများကို ဖြေရှင်းနိုင်ခဲ့လျှင်ရော။
ထိုသို့ဆိုလျှင် မိမိတို့၏ အသက်ကို အလကား ပေးလိုက်သလို ဖြစ်သွားပြီး အာဏာကို လက်လွှတ်လိုက်ရတာမျိုး မဖြစ်သွားဘူးလား။
သို့သော် လီရှန်ယန်က ယခုအချိန်အထိ အသက်ရှင်နိုင်ခဲ့ရာ ဉာဏ်ရည်က အလွန် မြန်ဆန်လှသည်။
သူက ရုတ်တရက် ကိစ္စတစ်ခုကို သတိပြုမိသွားသည်... အကယ်၍ လင်းယွမ်က တကယ်သာ မိန်တောင်ကို ထိန်းချုပ်ချင်နေပါက သူတို့အုပ်စုတွင် ရွေးချယ်စရာ နှစ်ခုသာ ရှိသည်။
သူ့ခေါင်းဆောင်မှုကို နာခံမည်လား... သို့မဟုတ် မိန်တောင်အပြင်သို့ နှင်ထုတ်ခံရမည်လား ဆိုသည်ပင်။
တကယ်တော့ သူတို့တွင် ရွေးချယ်စရာ လုံးဝ မရှိခဲ့ဘဲ အဖြေက တစ်ခုတည်းသာ ကျန်ရှိနေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။
ယခုအချိန်တွင် ထို ဖီးနစ် ၏ ခြိမ်းခြောက်မှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူတို့က လင်းယွမ်ထံတွင် အညံ့ခံရုံမှလွဲ၍ တခြား မရှိပေ။
ထို့ကြောင့် ဤသို့ တုံ့ဆိုင်းနေသော အခိုက်အတန့်လေး အတွင်းမှာပင် သူက ဤအရာအားလုံးကို သဘောပေါက် နားလည်သွားခဲ့သည်။
စကားပြောဆိုရာတွင် လေယူလေသိမ်းကလည်း မကျေနပ်မှုမှသည် ပြတ်သားမှုဆီသို့ လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့သည်။
"ဆရာလင်းယွမ်... ကျေးဇူးပြုပြီး ကူညီပေးပါ... ကျွန်တော် မိန်တောင်က လူအားလုံးကို ခေါ်ဆောင်ပြီး ဆရာ့နောက်ကို လိုက်ပြီး ဆရာ့ကို ခေါင်းဆောင်အဖြစ် တင်မြှောက်ချင်ပါတယ်"
လင်းယွမ်က ရယ်မောလိုက်ပြီး လီရှန်ယန်၏ ပခုံးကို လှမ်းပုတ်ကာ ပြောလိုက်သည်။ "မင်းက ငါ ထင်ထားတာထက် အများကြီး ပိုပြီး ထက်မြက်တာပဲ"
လီရှန်ယန်၏ စိတ်ထဲတွင် ရုတ်တရက် ရင်တဒိတ်ဒိတ် ခုန်သွားသည်။ တကယ်ပဲ ဒီ ဆရာလင်းယွမ်က စောစောကတည်းက မိန်တောင်နဲ့ ပတ်သက်ပြီး ရည်ရွယ်ချက် တစ်ခုခု ရှိနေခဲ့တာပဲ။
မိမိ ခေါင်းငုံ့သည် ဖြစ်စေ၊ မငုံ့သည် ဖြစ်စေ တစ်ဖက်လူက မိန်တောင်ကို သိမ်းပိုက်မှာ အသေအချာပင်။
တစ်ဖက်လူ၏ ကြောက်မက်ဖွယ် အစွမ်းကို တွေးမိသောအခါ သူက မနေနိုင်ဘဲ ခါးကို ပို၍ ညွှတ်လိုက်မိသည်။
လင်းယွမ်က မြင်သောအခါ အပြုံးလေးဖြင့် မေးလိုက်သည်။ "သူတို့ ဘယ်တော့ အချိန်းအချက် လုပ်ကြမှာလဲ"
"ဒီနှစ်ရက် အတွင်းမှာပဲ" လီရှန်ယန်က ကမန်းကတန်း ပြန်ဖြေလိုက်သည်။
လင်းယွမ်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ... ငါ ရှင်းသွားပြီ... ငါ ဒီနေ့ ထိုက်ယန်တောင်ကို တစ်ခေါက် ပြန်သွားမယ်... ညနေကျရင် ငါ လူခေါ်ပြီး ပြန်လာခဲ့မယ်"
"ဒီအချိန်အတွင်း မင်း ငါ့အတွက် ကိစ္စတစ်ခု လုပ်ပေးရမယ်"
"ပြောပါ ဆရာ"
"မိန်တောင်ပေါ်မှာ အသက်ရှင်နေတဲ့ လူအားလုံးကို ယွင်ချွမ်ဘုရားကျောင်းမှာ စုဝေးခိုင်းထားလိုက်"
"သူတို့ ဘယ် ခိုလှုံရေးစခန်းကပဲ ဖြစ်ဖြစ် ဂရုမစိုက်ဘူး... အားလုံး အရောက်လာခဲ့ရမယ်"
"ညနေကျရင် ဒီလူတွေကို ငါ ပြန် စုစည်းမယ်... ငါ့လူတွေ ရောက်လာပြီး မိန်တောင်ရဲ့ အရာအားလုံးကို လွှဲပြောင်းယူမယ်"
လီရှန်ယန်၏ ရင်ထဲတွင် တုန်လှုပ်သွားပြီး မနေနိုင်ဘဲ ခေါင်းမော့ကာ လင်းယွမ်ကို ကြည့်လိုက်မိသည်။
လင်းယွမ်၏ မျက်နှာအမူအရာက အေးစက်နေပြီး မည်သည့် တိုင်ပင်ဆွေးနွေးလိုသော သဘောမှ မပါဝင်ပေ။
သူက အမိန့်ပေးနေခြင်း ဖြစ်ပြီး သူ့ကို လာရောက် ဆွေးနွေးနေခြင်း မဟုတ်ပေ။
လီရှန်ယန်က လေကို ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး တစ်ဖက်လူ၏ အာဏာရှင်ဆန်မှုကို ခံစားလိုက်ရသည်။
သူက ခေါင်းငုံ့ကာ ပြောလိုက်သည်။ "ဟုတ်ကဲ့ပါ ဆရာလင်းယွမ်"
လင်းယွမ်က သူ့ကို တစ်ချက် ကြည့်လိုက်ပြီး လေးနက်သော အဓိပ္ပာယ်ဖြင့် ပြောလိုက်သည်။ "မင်းရဲ့ ဒီနေ့ ရွေးချယ်မှုအတွက်... နောက်ကျရင် မင်း ဝမ်းသာရပါလိမ့်မယ်"
လီရှန်ယန်က ခေါင်းငုံ့ထားပြီး သမုဒ္ဒရာကဲ့သို့ နက်ရှိုင်းသော တစ်ဖက်လူ၏ အငွေ့အသက်ကို ခံစားနေရကာ စိတ်ထဲတွင် မြင့်မားလှသော ထိုက်စန်းတောင်ကြီးကို မော့ကြည့်နေရသကဲ့သို့ အားနည်းချက် ခံစားချက်မျိုး ပေါ်ထွက်လာသည်။
ဤသို့သော ပုဂ္ဂိုလ်မျိုးနှင့် ရင်ဆိုင်ရချိန်တွင် သူက အနည်းငယ်မျှပင် ခုခံနိုင်စွမ်း မရှိခဲ့ပေ။
လင်းယွမ်က စကားဆက်မပြောတော့ဘဲ ပြောလိုက်သည်။ "ရပြီ... သွားတော့ မင်းအလုပ် မင်းသွားလုပ်တော့"
"ဟုတ်ကဲ့ပါ" လီရှန်ယန်က ဘေးခန်းဆီသို့ ပြန်လည် ဆုတ်ခွာသွားသည်။
လင်းယွမ်ကလည်း လှည့်ကာ အခန်းထဲသို့ ပြန်ဝင်လာရာ ရန်မေလည်း နိုးနေပြီ ဖြစ်သည်ကို တွေ့လိုက်ရသည်။
သူမက အပြင်ဘက်ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။ "မိုးတောင် လင်းနေပြီပဲ"
လင်းယွမ်က ပြုံးကာ ပြောလိုက်သည်။ "လင်းနေတာ ကြာပြီ... အိပ်လို့ကောင်းရဲ့လား"
ရန်မေက ရှေ့တိုးလာပြီး သူ့ကို ဖက်ကာ ပါးကို တစ်ချက် နမ်းလိုက်ပြီး ပြောလိုက်သည်။ "မောင်လေးက အမဘေးမှာ ရှိနေမှတော့ အိပ်လို့ ကောင်းတာပေါ့"
လင်းယွမ်က ပြုံးလိုက်သည်။ "ဒီနေရာက နည်းနည်းတော့ ချို့တဲ့တယ်... ထိုက်ယန်တောင်ဘက်က အခန်းတွေလောက် မကျယ်သလို သက်တောင့်သက်သာလည်း မရှိဘူး... ဒီနေ့ ကျွန်တော်တို့ ပြန်ကြတာပေါ့"
"အင်း... အမတို့ ထွက်လာတာလည်း နှစ်ရက်ရှိပြီ... ဈေးဝယ်စင်တာ ဘက်မှာရော ဘာပြဿနာတွေ ရှိနေမလဲ မသိဘူး... အခု အမ မနက်စာ သွားလုပ်လိုက်မယ်... အမတို့ စားပြီးတာနဲ့ အဖေ့ကို ခေါ်ပြီး မြန်မြန် ပြန်ကြတာပေါ့" ရန်မေက ကမန်းကတန်း ခေါင်းညိတ်ကာ ပြောလိုက်သည်။
ချက်ချင်းပင် သူမက မိမိကိုယ်ကို သွက်လက်စွာ သန့်စင်လိုက်ပြီးနောက် နံနက်စာကို ချက်ချင်း စတင် ပြင်ဆင်တော့သည်။
ဦးလေးရန်ကလည်း မနက်အစောကြီး လင်းယွမ်ကို လာရှာပြီး မျက်နှာအမူအရာက အနည်းငယ် ရှက်ရွံ့နေကာ တစ်ခုခု ပြောချင်နေသော်လည်း ဘယ်လို ပြောရမှန်း မသိဖြစ်နေပုံရသည်။
လင်းယွမ်က ပြုံးကာ မေးလိုက်သည် "ဦးလေးရန်... ကိစ္စများ ရှိလို့လား"
ဦးလေးရန်က ကမန်းကတန်း ပြောလိုက်သည်။ "ဟိုလေ... မောင်လင်းယွမ်... ငါ မေးချင်တာက ငါတို့ ထိုက်ယန်တောင်ကို ဘယ်တော့လောက် ပြန်ကြမလဲ"
လင်းယွမ်က အံ့ဩသွားပြီး မေးလိုက်သည် "ဦးလေးက မိန်တောင်ကို ပြန်ချင်တယ်ချည်း ပြောနေတာ မဟုတ်ဘူးလား... ဘယ်လိုဖြစ်လို့ ဒီမှာ နှစ်ရက်လောက်ပဲ နေရသေးတယ် ထိုက်ယန်တောင်ကို ပြန်ချင်နေရတာလဲ"
မလှမ်းမကမ်းရှိ ရန်ရုံဝေကလည်း မနေနိုင်ဘဲ လှည့်ကြည့်လာပြီး ဤဘက်ရှိ ဦးလေးရန်ကို ကြည့်ကာ ပြောလိုက်သည်။ "အစ်ကိုရန်လင်း... ခင်ဗျားက ဘာလို့ ဒီလောက် အလောတကြီး ပြန်ချင်နေရတာလဲ... နောက်ထပ် နှစ်ရက်လောက် မနေတော့ဘူးလား"
ဦးလေးရန်က ရှက်ရွံ့စွာ ပြုံးလိုက်ပြီး တီးတိုး ပြောလိုက်သည်။ "မင်းတို့ ရယ်မှာကိုတောင် မကြောက်တော့ပါဘူး... ဒီ မိန်တောင်ပေါ်မှာ သိတဲ့လူတွေ မနည်းဘူးဆိုပေမယ့် အားလုံးကလည်း စကားပြောလို့တော့ အဆင်ပြေကြပါတယ်... ဒါပေမယ့် ဒီဘက်က နေထိုင်မှု အခြေအနေက ထိုက်ယန်တောင်နဲ့ ယှဉ်ရင် တကယ့်ကို ကွာခြားလွန်းတယ်"
"မောင်လင်းယွမ်... မောင်ရင်လည်း သိတဲ့အတိုင်းပဲ ငါက ထိုက်ယန်တောင်မှာ အလုပ်တွေ ရှိသေးတယ်လေ... ဒီ မိန်တောင်မှာကျတော့ ငါ့အတွက် ဘာအလုပ်မှလည်း မရှိဘူး... ထိုက်ယန်တောင်ကို စောစောလေး ပြန်တာက ပိုကောင်းပါတယ်"
"ပွင့်ပွင့်လင်းလင်း ပြောရရင် ဈေးဝယ်စင်တာ ပထမထပ်က... အရသာရှိတဲ့ အစားအသောက်တွေကိုတောင် လွမ်းနေပြီ"
လင်းယွမ်က ချက်ချင်း သဘောပေါက်သွားသည်။ ဦးလေးရန်က မိန်တောင်ဘက်ရှိ နေထိုင်မှု အခြေအနေများကို သည်းမခံနိုင်တော့ခြင်း ဖြစ်သည်။
အမှန်ပင်... ထိုက်ယန်တောင်ဘက်နှင့် ယှဉ်လိုက်လျှင် မိန်တောင်ဘက်တွင် တကယ့်ကို ဘာဆိုဘာမှ မရှိပေ။
ရန်ရုံဝေက မနေနိုင်ဘဲ ပြောလိုက်သည်။ "အစ်ကိုရန်လင်း... အစားအသောက်လေး နည်းနည်းကြောင့်တော့ မဟုတ်ဘူးမလား... ကျွန်တော်တို့ဆီမှာလည်း မနက်ပိုင်းဆို ကန်စွန်းဥ ဆန်ပြုတ် ရှိပါတယ်ဗျာ"
ဦးလေးရန်က စိတ်လောသွားပြီး ပြောလိုက်သည်။ "ဒါက အစားအသောက် ပြဿနာမှ မဟုတ်တာ... အစားအသောက်ပိုင်း ဆိုရင်တောင် ငါက သည်းခံလိုက်လို့ ရပါတယ်"
"ဒီဘက်မှာ အိမ်သာတက်ဖို့တောင် အိမ်သာကျင်း မရှိတာ မပြောနဲ့ဦး... တစ်ရှူးတောင် မရှိဘူးလေ"
"ဒါ့အပြင် ဒီလို မိုးရာသီမှာ အပြင်တစ်ခေါက် ထွက်တာနဲ့ စိုရွှဲသွားတာပဲ... တစ်နေ့လုံး နေပြီးရင် ရေတစ်ခေါက်လောက် ချိုးရမယ် မဟုတ်လား... ဆပ်ပြာလေး တစ်တုံးတောင် မရှိဘူး... ငါ့ကိုယ်ပေါ်က လူအိုနံ့တွေတောင် ထွက်လာတော့မယ်"
ထိုက်ယန်တောင်ဘက်ရှိ ကောင်းမွန်သော နေ့ရက်များကို ဖြတ်သန်းရသည်မှာ အကျင့်ပါနေပြီ ဖြစ်ရာ ဤမိန်တောင်ဘက်ရှိ ချို့တဲ့လှသော ဘဝကို သူက တကယ့်ကို နည်းနည်းလေးမှ ဖြတ်သန်းနိုင်စွမ်း မရှိတော့ပေ။
ဤမိန်တောင်ဘက်တွင် စားဝတ်နေရေးနှင့် သွားလာရေး အစစအရာရာတွင် ခေတ်မီမှုနှင့် လုံးဝ ကင်းကွာနေသော တောရိုင်းဘဝနှင့် တူညီနေသည်။
သန့်ရှင်းရေး အခြေအနေက ညံ့ဖျင်းသည်ကို ထားလိုက်ဦး... စားသောက်ရေး ပိုင်းတွင်လည်း စိတ်တိုင်းကျ မဖြစ်လှပေ။
ကန်စွန်းဥနှင့် ဆန်ပြုတ် ရှိသည် ဆိုသော်လည်း အားရပါးရ စား၍ မရဘဲ နေ့တိုင်း အနည်းငယ်သာ ရရှိသဖြင့် ချွေတာစားသောက်နေရသည်။
ပြီးတော့ အသားဟင်း ဆိုသည်က အခြေခံအားဖြင့် မရှိသလောက်ပင် ဖြစ်သည်... ကျဲ့ဆစ် စာသင်ကျောင်းဘက်တွင် အရင်ကတည်းက လီခွေရုံ၏ လူများ ဝိုင်းရံထားခြင်း ခံခဲ့ရသဖြင့် အပြင်သို့ လုံးဝ မထွက်ရဲခဲ့ရာ စားနပ်ရိက္ခာ အပိုအလျှံက လုံးဝကို မရှိသလောက်ပင်။
အပြင်ထွက်ပြီး အမဲလိုက် ငါးဖမ်းရန် ဆိုသည်ကိုတော့ ပြောမနေနှင့်တော့... တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်နှင့် ယွင်ချွမ်ဘုရားကျောင်းမှ လူများ၏ ဖမ်းဆီးခြင်းကို ခံရနိုင်ခြေ ရှိသည်။
ထို့ကြောင့် ဤဘက်ရှိ နေထိုင်မှု အခြေအနေက သာမန် ညံ့ဖျင်းရုံမျှ မကပေ။
ပြီးတော့ စောင်များနှင့် အဝတ်အစားများ ဆိုလျှင်လည်း နေရောင် မရသည်မှာ ကြာပြီ ဖြစ်သောကြောင့် စိုစွတ်သွားပါက လှန်းစရာ နေရာ မရှိပေ... ကျဲ့ဆစ် စာသင်ကျောင်းမှ လူများကလည်း ထင်းကို ချွေတာကြသေးရာ ထိုက်ယန်တောင်ဘက်တွင် လူတိုင်းက မီးဝါးတောကို အသုံးပြုကာ မီးလှုံရင်း အဝတ်အစားများကို အခြောက်ခံနိုင်သည်နှင့် မတူညီပေ။
အချုပ်အားဖြင့် ဆိုရလျှင် ဤဘက်ရှိ နေထိုင်မှု ဘဝက တကယ့်ကို စကားနှင့် ဖော်ပြရန်ပင် ခက်ခဲလှသည်။
ဦးလေးရန်က သေချာပေါက် ထိုက်ယန်တောင်ရှိ ဘဝကို လွမ်းဆွတ်နေမိသည်... လင်းယွမ်တို့ ပြန်သွားပါက သူ့ကို ခေါ်မသွားမည်ကို စိုးရိမ်သဖြင့် ယခုလို မနက်အစောကြီး မျက်နှာပြောင်တိုက်ကာ လင်းယွမ်နှင့်အတူ ထိုက်ယန်တောင်သို့ လိုက်ပြန်ချင်နေခြင်း ဖြစ်သည်။
ဦးလေးရန်က ရန်ရုံဝေကို ဤသို့ ညည်းတွားလိုက်ရာ အသံမကျယ်သော်လည်း မလှမ်းမကမ်းရှိ ကျန်းရုံရုံတို့က ကြားသွားခဲ့သေးသည်။
ကျန်းရုံရုံက မနေနိုင်ဘဲ မိမိကိုယ်ပေါ်ရှိ အဝတ်အစားများနှင့် ဆံပင်များကို အလိုအလျောက် နမ်းရှိုက်ကြည့်မိရာ ချက်ချင်းပင် မျက်နှာတစ်ခုလုံးက အနည်းငယ် ရှက်ရွံ့ပြီး နီရဲသွားသည်။
သူမ ကိုယ်တိုင်လည်း သူမ၏ ကိုယ်ပေါ်တွင် ချဉ်စုတ်စုတ်နံ့များ ထွက်နေသည်ကို ရလိုက်သည်။
မိန်တောင်ပေါ်တွင် ဤမျှလောက် ကြာအောင် နေခဲ့ရရာ သူမကလည်း တခြားသူများနည်းတူ ခေါင်းလျှော်ရည် မရှိသလို ဆပ်ပြာလည်း မရှိသလို အဝတ်လျှော်ဆပ်ပြာမှုန့်လည်း မရှိခဲ့ပေ။
ဤသို့ဖြင့် နေ့ရက်များကို ဖြတ်သန်းလာခဲ့ရာ လူတွေတောင် ချဉ်စော်နံနေပြီ ဖြစ်သည်။
ဘေးနားရှိ ရန်ဝေက မနေနိုင်ဘဲ တီးတိုး မေးလိုက်သည်။ "ဦးလေးရန် ပြောတာ တကယ်လား... ထိုက်ယန်တောင်ဘက်က အခြေအနေတွေက အဲဒီလောက်တောင် ကောင်းတာလား"
"မနေ့က ဦးလေးရန် ပြောတာ ကြားလိုက်တာတော့ ထိုက်ယန်တောင်ဘက်မှာ အသက်ရှင်ကျန်ရစ်သူတွေလည်း မနည်းဘူးဆို... လူ တစ်ထောင်ကျော်လောက် ရှိတယ် ထင်တယ်... အဲဒီလောက် များတဲ့ အိမ်သုံး ပစ္စည်းတွေက ဘယ်ကများ ရလာတာလဲ"
"ဟုတ်တယ်နော်... အဲဒီလောက် လူအများကြီးကို အိမ်သုံး ပစ္စည်းတွေက လောက်ငပါ့မလား... သူတို့က နေ့တိုင်း ရေချိုးနိုင်ပြီး အဝတ်အစားတွေကိုပါ အခြောက်ခံနိုင်တာလား"
"ဦးလေးရန် ဒီလောက် ပြာပြာသလဲ ပြန်ချင်နေတာကို ကြည့်ရရင် အတုအယောင်တော့ မဖြစ်နိုင်ဘူး"
"အင်း... ခေါင်းလျှော်ရည် တစ်ဘူးလောက် တကယ်ရှိရင် ကောင်းမှာပဲ... ငါ့ ဦးရေပြားက တကယ်ကို ဆီတွေထွက်ပြီး ယားလွန်းလို့ သေတော့မယ်... ငါတောင် နင်တို့ ယောက်ျားတွေလို ဆံပင်တိုတို ညှပ်တာပဲ ဖြစ်ဖြစ် ကတုံးတုံးပစ်တာပဲ ဖြစ်ဖြစ် လုပ်ချင်နေပြီ" လူလတ်ပိုင်း အမျိုးသမီး တစ်ဦးက တီးတိုး ပြောလိုက်သည်။
"ခေါင်းလျှော်ရည်ကိုတော့ ထားလိုက်ပါတော့... ဆပ်ပြာ တစ်ခဲလောက် ရှိရင်တောင် ရပါတယ်... ဒီ ဦးရေပြားက ယားလွန်းလို့ မခံနိုင်တော့ဘူး"
"ဟူး... ငါ့ ကိုယ်ပေါ်ကလည်း အတူတူပဲ... ငါ့ယောက်ျားက ညဘက်ဆို ငါ့ကိုတောင် လာမထိချင်တော့ဘူး"
အမျိုးသမီး တချို့က တစ်ကိုယ်ရေ သန့်ရှင်းရေး အကြောင်းကို တီးတိုး ပြောဆိုနေကြပြီး တစ်ယောက်ပြီး တစ်ယောက် သက်ပြင်းချနေကြသည်။
ကျန်းရုံရုံက ကြားသောအခါ အကြည့်များ လှုပ်ခတ်သွားရသည်... မိမိနှင့် အစ်ကိုရှန်ယန်က ဒီလောက် နီးကပ်နေတာတောင် အစ်ကိုရှန်ယန်က မိမိအပေါ် အမြဲတမ်း ခပ်ခွာခွာ နေခဲ့တာက မိမိရဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး မကောင်းလို့များလား။
သူမ ရုတ်တရက် အနည်းငယ် စိတ်ဓာတ်ကျသွားသည်... ဆပ်ပြာနှင့် ခေါင်းလျှော်ရည်မှ မရှိတာ သူမ ကိုယ်တိုင်လည်း ရန်မေကဲ့သို့ မွှေးပျံ့နေအောင် ဘယ်လိုလုပ် လုပ်နိုင်ပါ့မလဲ။
သူမက လင်းယွမ်၏ ဘေးနားရှိ ရန်မေကို လှမ်းကြည့်လိုက်ရာ တစ်ဖက်လူ၏ ဆံပင်အသားက နူးညံ့ပျော့ပျောင်းကာ တောက်ပြောင်နေပြီး ဆီပြန်နေသည့် လက္ခဏာ လုံးဝ မရှိဘဲ တစ်ချက်ကြည့်ရုံဖြင့် အမြဲတမ်း ထိန်းသိမ်းထားမှန်း သိသာလှသည်။
ရန်မေ၏ မျက်နှာနှင့် လည်ပင်းရှိ အသားအရေကလည်း ချောမွေ့နေပြီး အမြဲတမ်း ပြုစုပျိုးထောင်ထားပုံ ပေါ်ကာ မိမိ၏ အသားအရေကို ပြန်ကြည့်လိုက်ရာ နေရာတော်တော်များများတွင် ခြောက်သွေ့ကာ အရေပြားများ ကွာကျနေပြီ ဖြစ်သည်။
ဤသို့ နှိုင်းယှဉ်ကြည့်လိုက်ရာ တကယ့်ကို မိုးနှင့် မြေလို ကွာခြားနေသည်။
သူမက လေကို ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး ထိုက်ယန်တောင်ဘက်က ဘာ ဈေးဝယ်စင်တာ ဆိုသည်ကို ပို၍ သိချင်စိတ် ပြင်းပြလာကာ ကိုယ်တိုင်ကိုယ်ကျ သွားရောက် ကြည့်ရှုချင်လာသည်။
ရန်ရုံဝေက ဦးလေးရန်၏ ညည်းတွားသံများကို နားထောင်ရင်း မနေနိုင်ဘဲ မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားရသည်။
တစ်ဖက်လူ ပြောနေသော ဈေးဝယ်စင်တာ တို့၊ စားသောက်ဆိုင်နှင့် စူပါမားကတ် တို့ကို နားထောင်ရင်း သူက အိပ်မက်မက်နေသကဲ့သို့ ဖြစ်သွားသည်။
"နေပါဦး... အစ်ကိုရန်လင်း ပြောနေတာက ထိုက်ယန်တောင် အကြောင်းလား... ကျွန်တော် ကြားနေရတာ မြို့ထဲက စီးပွားရေး ဗဟိုချက်မကြီးနဲ့ တူနေပါလား"
ဦးလေးရန်က ကြားသောအခါ ပေါင်ကို ဖြန်းခနဲ ရိုက်လိုက်ပြီး ပြောလိုက်သည်။ "စီးပွားရေး ဗဟိုချက်မ မဟုတ်လို့ ဘာလဲ... မောင်လင်းယွမ်က တကယ် တော်တာကွ... သူက တကယ်ပဲ ထိုက်ယန်တောင်ပေါ်မှာ စီးပွားရေး ဗဟိုချက်မကြီး တစ်ခု ဖွင့်ထားတာ"
"မင်းက မရောက်ဖူးသေးလို့ပါ... မင်း ရောက်သွားတဲ့ အခါကျရင် အကုန် သိလာလိမ့်မယ်"
ရန်ရုံဝေ၏ မျက်နှာပေါ်တွင် သံသယများ ပြည့်နှက်နေပြီး တောင်တစ်တောင်လုံး အပင်များ ဖုံးလွှမ်းနေသော ထိုက်ယန်တောင်ပေါ်တွင် စီးပွားရေး ဗဟိုချက်မကြီး တစ်ခုကို ဘယ်လိုများ ဖန်တီးထားနိုင်မည်ကို ယုံကြည်ရန် ခက်ခဲနေသည်။
လင်းယွမ်က ပန်းကန်နှင့် တူကို ချလိုက်ပြီး နံနက်စာ စားသောက်ပြီးသွားရာ ပြောလိုက်သည်။ "ဦးလေးရုံဝေ... သိမ်းစရာ ပစ္စည်းတွေ ရှိသေးလား... မရှိရင်တော့ ကျွန်တော်တို့ သွားဖို့ ပြင်ကြတာပေါ့"
ရန်ရုံဝေနှင့် ရန်မေတို့ကလည်း ထမင်းစားပြီးသွားကြပြီ ဖြစ်ကာ ရန်ရုံဝေက သူ၏ ခရီးဆောင်အိတ်ကို စောစောကတည်းက ထုပ်ပိုးထားပြီး ဖြစ်သည်။
အဝတ်ဟောင်း အချို့နှင့် ပန်းကန်၊ တူ စသည်တို့ကို မြင်သောအခါ ရန်မေက မနေနိုင်ဘဲ ဤပစ္စည်းများကို သယ်မသွားရန်နှင့် ထိုက်ယန်တောင်ကို ရောက်သောအခါ အသစ် ဝယ်ပေးမည်ဟု အဆက်မပြတ် ဖျောင်းဖျနေသည်။
ရန်ရုံဝေက ဂရုမစိုက်ဘဲ ပြောလိုက်သည် "ဒီ ရေလွှမ်းမိုးမှုကြီး အောက်မှာ နောက်ဆိုရင် အဝတ်အစားတွေက ရှာရခက်သွားလိမ့်မယ်... ဒီအဝတ်တွေက ဝတ်လိုက်တိုင်း တစ်ထည် လျော့သွားမှာမို့ လွှင့်ပစ်လို့ မရဘူး"
ရန်မေက ကြားသောအခါ အတော်လေး လက်မြှောက်သွားရသည်။
လင်းယွမ်ကလည်း ဝင်မဖျောင်းဖျတော့ဘဲ ပြောလိုက်သည် "ရန်မေ... အဲဒါဆိုလည်း ဦးလေးရုံဝေကို ယူခဲ့ခိုင်းလိုက်ပါ"
"သိပြီ... အဖေ အဲဒါဆို သမီး ကိုင်ပေးမယ်"
ရန်ရုံဝေက ခေါင်းခါလိုက်ပြီး ကျောပိုးအိတ်ကို လက်တစ်ဖက်တည်းဖြင့် ထမ်းလိုက်ကာ ပြောလိုက်သည်။ "အဖေ့မှာ လက်တစ်ဖက် ကျန်သေးတယ်လေ... ဒုက္ခိတမှ မဟုတ်တာ"
ရန်မေ၏ နှုတ်ခမ်းများ လှုပ်စိလှုပ်စိ ဖြစ်သွားသော်လည်း လက်တစ်ဖက် ပြတ်နေသော ရန်ရုံဝေကို စိတ်ထိခိုက်သွားစေမည်ကို စိုးရိမ်သဖြင့် ဘာမှ မပြောရဲတော့ပေ။
လူဆိုတာ တစ်ခုခု ချို့ယွင်းနေလေလေ၊ တစ်ခုခုကို သက်သေပြချင်လေလေ ဖြစ်တတ်သည်။
ရန်ရုံဝေမှာ လက်တစ်ဖက် ဆုံးရှုံးသွားရာ သူက တခြားသူများကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေမည်ကို အလွန် စိုးရိမ်သဖြင့် နေရာတိုင်းတွင် ခေါင်းမာနေခြင်း ဖြစ်သည်။
ရန်မေက အကူအညီ တောင်းသကဲ့သို့ လင်းယွမ်ကို ကြည့်လိုက်ရာ လင်းယွမ်ကတော့ ပြုံးလိုက်ပြီး သူမ၏ လက်ကို ဖွဖွလေး ကိုင်ကာ တီးတိုး ပြောလိုက်သည် "သိပ်လည်း မလေးပါဘူး... သူက သူ့ကိုယ်သူ နည်းနည်းချင်းစီ လက်ခံသွားဖို့ လိုတယ်"
ရန်မေက မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် အနည်းငယ် ခေါင်းညိတ်လိုက်သည်။
ထိုအချိန်တွင် လီရှန်ယန်တို့ကလည်း အလျင်စလို ထလာကြပြီး ရန်ဝေ၊ ကျန်းရုံရုံတို့ကို ခေါ်ကာ လင်းယွမ်ကို လာရောက် နှုတ်ဆက်ကြသည်။
ကျန်းရုံရုံက ရန်မေကို ကြည့်လိုက်ပြီး စကားပြောရန် ကြိုးစားလိုက်တိုင်း ပြန်မြိုချသွားခဲ့ရာ ရန်မေက သူမ၏ အမူအရာကို မြင်သော်လည်း မေးမြန်းခြင်း မပြုခဲ့ပေ။
သူမက လင်းယွမ် အနေဖြင့် ဤလူများကို တရားဝင် လက်ခံခြင်း မရှိသေးကြောင်းကို သိထားရာ ရန်မေ အတွက်တော့ ဤလူများက လောလောဆယ်တွင် မိမိလူများ အဖြစ် သတ်မှတ်၍ မရသေးပေ။
သူမက အလိုအလျောက်ပင် အရင် စတင်၍ ဖော်ရွေမှု မပြဘဲ ခပ်ခွာခွာသာ နေမည် ဖြစ်သည်။
လင်းယွမ်က ဤလူများကို လုံးဝ အညံ့ခံစေပြီး မိန်တောင်ကို ထိန်းချုပ်နိုင်သည့် အချိန်ကျမှသာ သူမက ခေါင်းဆောင် ကတော်တစ်ဦး၏ ဟန်အမူအရာဖြင့် ဤလူများ၏ မိသားစု ဆွေမျိုးများကို သိမ်းသွင်းသင့်သည်။
"ဆရာလင်းယွမ်... ကျွန်တော်လည်း ဒီနေ့ အတော်ပဲ ဘာအလုပ်မှ မရှိတာနဲ့ ဆရာ့ကို ထိုက်ယန်တောင်အထိ လိုက်ပို့ပေးပါရစေ"
လီရှန်ယန်က အနည်းငယ် တုံ့ဆိုင်းသွားပြီး ကျန်းရုံရုံ၏ အကြိမ်ကြိမ် စိုးရိမ်တကြီး အချက်ပြမှုများ အောက်တွင် စကားစလိုက်ခြင်း ဖြစ်သည်။
သူ၏ စိတ်ထဲတွင်လည်း ထိုက်ယန်တောင် ခိုလှုံရေးစခန်းကို သွားကြည့်ချင်နေပြီး ကျန်းရုံရုံတို့ ကြားထားသလောက် တကယ်ပဲ ကောင်းမကောင်းကို သိချင်နေသည်။
လင်းယွမ် လက်အောက်ရှိ အင်အားကလည်း ထိုမျှလောက် အစွမ်းထက်သလား ဆိုသည်ကိုလည်း ကြည့်ရှုချင်နေသည်။
လင်းယွမ်က သူ့ကို တစ်ချက် ကြည့်လိုက်ရာ အလိုအလျောက်ပင် သူ၏ စိတ်ထဲမှ အတွေးများကို တစ်ချက်တည်းဖြင့် နားလည်သွားသည်။
သို့သော် သူက ဖွင့်မပြောဘဲ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။ "ဟုတ်ပြီ... ဒါဆိုအတော်ပဲ ငါ နောက်ထပ် လူတွေကို စီစဉ်ပြီး ခေါ်လာမှာဆိုတော့ မင်း လိုက်တွေ့ထားတာ နောက်ပိုင်း အစီအစဉ်ဆွဲဖို့လည်း အဆင်ပြေတာပေါ့"
သူက သဘောတူလိုက်သည်... နောက်ထပ် ဖောင်တံတားများ ဆောက်လုပ်ရန် လိုအပ်သလို ရေလွှမ်းမိုး တားမြစ်နယ်မြေရှိ သန္ဓေပြောင်း သတ္တဝါများကိုလည်း ရှင်းလင်းရမည် ဖြစ်သည်။
၎င်းအတွက် ထိုက်ယန်တောင်နှင့် မိန်တောင် နှစ်ဖက်စလုံး၏ ပူးပေါင်း ကူညီမှု လိုအပ်ပြီး နောက်ပိုင်းတွင်လည်း မိန်တောင်ပေါ်၌ စခန်းချကာ ကျောက်တူးဖော်ခြင်းနှင့် စိုက်ပျိုးခြင်းများ လုပ်ဆောင်ရန် လိုအပ်ရာ ဤအရာများ အားလုံးက မိန်တောင်ပေါ်ရှိ လူများ၏ ကူညီမှုကို လိုအပ်သည်။
လီရှန်ယန်က ဤဘက်ရှိ ခေါင်းဆောင် တစ်ဦးအနေဖြင့် ကျောက်ခိုင်၊ တင်းယန် တို့နှင့် ရင်းနှီးအောင် သွားလုပ်ထားသင့်သည်မှာ သဘာဝပင်။
လီရှန်ယန်၏ အသေးအမွှား စိတ်ကူးများကိုတော့ လင်းယွမ်က ဂရုမစိုက်တော့ပေ။
ထိုက်ယန်တောင်ကို ရောက်သွားပြီး မိန်တောင်နှင့် ထိုက်ယန်တောင်ကြားက ကွာဟချက်များကို မြင်တွေ့သွားပါက၊ မိမိ လက်အောက်တွင် အစွမ်းပိုင်ရှင် ဘယ်လောက်များများ ရှိနေသည်ကို မြင်တွေ့သွားပါက။
လီရှန်ယန်၏ ဤအသေးအမွှား စိတ်ကူးများကလည်း အငွေ့ပျံ ပျောက်ကွယ်သွားမည်ဖြစ်ပြီး သူက ပို၍ပင် အသက်စွန့် အမှုထမ်းလာလိမ့်မည်။
လင်းယွမ် အတွက်တော့ ထူလုံလို လူကိုတောင် ထိန်းချုပ်နိုင်ခဲ့တာပဲ လီရှန်ယန် တစ်ယောက်က ဘာများ အရေးပါလို့လဲ။
လီရှန်ယန်က ကမန်းကတန်း ပြောလိုက်သည်။ "ကျွန်တော်လည်း အဲဒီသဘောပါပဲ... ဒါဆို ရုံရုံနဲ့ ရန်ဝေကိုပါ ခေါ်သွားလိုက်မယ်... အချိန်တန်ရင် ဆရာ ခိုင်းရတာလည်း ပိုလွယ်သွားအောင်လို့ပါ"
ကျန်းရုံရုံနှင့် ရန်ဝေတို့က ရုတ်တရက် အနည်းငယ် စိုးရိမ်တကြီးဖြင့် လင်းယွမ်ကို ကြည့်လိုက်ကြပြီး သူ ငြင်းပယ်မည်ကို စိုးရိမ်နေကြသည်။
လင်းယွမ်က အေးအေးဆေးဆေးပင် ခေါင်းညိတ်လိုက်သည်။ "အင်း... အချိန်လည်း မစောတော့ဘူး ထွက်ကြတာပေါ့"
ချက်ချင်းပင် လီရှန်ယန်တို့က အပြင်ထွက်မည့် ပစ္စည်းကိရိယာ အချို့ကို အလျင်အမြန် ယူဆောင်ကာ လင်းယွမ်တို့နောက်သို့ လိုက်ပါသွားကြသည်။
လမ်းတစ်လျှောက် တောင်တက်လမ်းအတိုင်း လူအများက ယခင် လာခဲ့စဉ်က လမ်းကြောင်းအတိုင်း ပြန်လည် ထွက်ခွာလာကြသည်။
လီခွေရုံ၏ ဖခင် သင်္ချိုင်းနားသို့ ဖြတ်သွားချိန်တွင် လင်းယွမ်က ခဏ ရပ်လိုက်ပြီး ဟိုဘက်ရှိ ကွယ်နေသော တဲကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
"အဲဒီမှာ တဲတစ်ခု ရှိတယ်... အောက်မှာ မြေအောက်ခန်း တစ်ခုရှိပြီး အထဲမှာ အလောင်းတချို့ ရှိတယ်... ဘယ်သူတွေက အဲဒီမှာ သွားချုပ်ထားမှန်းတော့ မသိဘူး သေတာတော့ အတော်လေး ကြာနေပြီ"
လီရှန်ယန်၊ ရန်ရုံဝေတို့ ကြားသောအခါ ချက်ချင်း ခြေလှမ်းများကို ရပ်တန့်လိုက်ကြသည်။
ရန်ရုံဝေက လေကို ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး ပြောလိုက်သည်။ "ငါ သွားကြည့်လိုက်ဦးမယ်"
ထိုအထဲတွင် ပျောက်ဆုံးနေသော မိမိ၏ ဇနီး ဖြစ်နေမည်လား ဆိုသည်ကို သူ ကြည့်ရှုချင်နေသည်။
လီခွေရုံက သူ၏ ဇနီး အသတ်ခံလိုက်ရပြီး ယွင်ချွမ်ဘုရားကျောင်း၏ နောက်ဘက်တောင်ရှိ အလောင်းစွန့်ပစ်သည့် တွင်းထဲသို့ လွှင့်ပစ်ခံရကြောင်း ပြောခဲ့သော်လည်း သူက အလိုအလျောက်ပင် ဤတဲအောက်သို့ သွားရောက် ကြည့်ရှုချင်နေမိသည်။
လီရှန်ယန်ကလည်း ရန်ဝေဝေကို သတိရသွားသည်။ သူမက မိမိအပေါ် လွမ်းဆွတ်မှုများကို အမြဲတမ်း ဒိုင်ယာရီထဲတွင် ရေးမှတ်ထားခဲ့သည့် ငယ်သူငယ်ချင်း ဖြစ်သည်။
သူက ချက်ချင်းပင် ပြောလိုက်သည်။ "ကျွန်တော်လည်း သွားကြည့်လိုက်မယ်"
သူတို့ နှစ်ယောက်က ရှေ့ဆင့်နောက်ဆင့် တဲထဲသို့ ပြေးဝင်သွားကြပြီး မြေအောက်ခန်းထဲတွင် စိမ်ခံထားရကာ ဖောင်းပွနေသော အလောင်းများကို ကြည့်လိုက်ကြသော်လည်း မူလ ရုပ်သွင်ကို လုံးဝ ခွဲခြား၍ မရတော့ပေ။
ကိုယ်ပေါ်တွင် ဘာအဝတ်အစားမှ မဝတ်ဆင်ထားသောကြောင့် ပို၍ပင် မည်သည့် လက္ခဏာကိုမျှ ခွဲခြား၍ မရပေ။
သူတို့ နှစ်ယောက်စလုံး အနည်းငယ် တိတ်ဆိတ်သွားကြပြီး ရန်ရုံဝေက ရုတ်တရက် တစ်ခုခုကို တွေးမိသွားကာ တဲထဲတွင် မွှေနှောက် ရှာဖွေတော့သည်။
လီရှန်ယန်လည်း ရုတ်တရက် သတိဝင်လာသည်။ ဤကျူးလွန်ခံရသူများက ဤနေရာတွင် သေဆုံးသွားခဲ့ရာ သူတို့၏ အိတ်များနှင့် အဝတ်အစားများက ဤတဲထဲတွင် ကျန်နေခဲ့နိုင်ပြီး မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေ အထောက်အထား အချို့ကို ရှာတွေ့နိုင်ပေမည်။
သူတို့ နှစ်ယောက် ရှာဖွေကြည့်လိုက်ရာ တကယ်ပင် ဗီရိုထဲမှ အမျိုးသမီး ဝတ်ဆင်သော အဝတ်အစားများနှင့် ဖိနပ် ခြေအိတ် အချို့ကို ရှာတွေ့သွားသည်။
သို့သော် ဤအရာများက သူတို့နှင့် ရင်းနှီးသော တစ်စုံတစ်ယောက်၏ ပစ္စည်းများ မဟုတ်ဘဲ မည်သူ့ဟာမှန်းလည်း ခွဲခြား၍ မရပေ။
သူတို့ နှစ်ယောက်စလုံး မနေနိုင်ဘဲ သက်ပြင်းချလိုက်မိသော်လည်း ရန်ရုံဝေက မျက်နှာပျက်ကာ ဆဲရေးလိုက်သည်။
"ဒီနေရာက လီခွေရုံတို့ အိမ်က မြေကွက် မဟုတ်လား... ဒီ တိရစ္ဆာန်ကောင်တွေ အစောကြီးကတည်းက ဒီနေရာမှာ မကောင်းမှုတွေ လုပ်နေခဲ့ကြတာများလား"
လီရှန်ယန်က ကြားသောအခါ အနည်းငယ် ခေါင်းခါလိုက်သည်။ "မဖြစ်နိုင်ပါဘူး... ဒီအလောင်းတွေရဲ့ ပုပ်သိုးနေတဲ့ အခြေအနေက အဲဒီလောက် မဆိုးရွားသေးဘူး... လွန်ခဲ့တဲ့ လေးငါး ခြောက်လလောက်က ဟာနဲ့ မတူဘူး သိပ်မကြာခင် အချိန်က ဟာတွေနဲ့ ပိုတူတယ်"
"ယွင်ချွမ်ဘုရားကျောင်းက ကင်းလှည့်အဖွဲ့ထဲက လူတချို့ ဒီနေရာမှာ စခန်းငယ်လေး တစ်ခု လုပ်ပြီး ဒီတိရစ္ဆာန် လုပ်ရပ်တွေကို လုပ်ခဲ့ကြတာ ဖြစ်မယ်"
ရန်ရုံဝေက ကြားသောအခါ ဆဲရေးလိုက်သည် "အဲ့ တိရစ္ဆာန် အုပ်စု"
လီရှန်ယန်လည်း လေကို ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး ပြောလိုက်သည်။ "သွားကြစို့... ကံကောင်းလို့ ဒီ တိရစ္ဆာန်အုပ်စုကို ဆရာလင်းယွမ်က သတ်ပစ်လိုက်လို့ပေါ့"
သူတို့ နှစ်ယောက် ပြန်ရောက်လာပြီးနောက် ရန်ရုံဝေက ဒေါသမပြေနိုင်ဘဲ လီခွေရုံ၏ အဖေ လီချွမ်၏ သင်္ချိုင်းကို သွားရှာကာ တစ်ဝကြီး ဆဲရေးလိုက်ပြီး နောက်ဆုံးတွင် ရန်မေ၏ ဖျောင်းဖျမှု အောက်တွင် မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် ခရီးဆက်လာခဲ့ကြသည်။
လမ်းတွင် သန္ဓေပြောင်း သတ္တဝါ အချို့ကို ရံဖန်ရံခါ တွေ့ရသော်လည်း လင်းယွမ် ပါဝင်စရာ မလိုဘဲ လီရှန်ယန်၊ ကျန်းရုံရုံနှင့် ရန်ဝေ သုံးယောက်ကပင် ဖြေရှင်းလိုက်ကြသည်။
မကြာမီတွင် သူတို့က ရေလွှမ်းမိုး တားမြစ်နယ်မြေသို့ ရောက်ရှိလာကြသည်။
ရေလွှမ်းမိုး တားမြစ်နယ်မြေသို့ နီးကပ်လာသည်နှင့် ကြောက်မက်ဖွယ်ကောင်းသော သန္ဓေပြောင်း သတ္တဝါ တစ်ကောင်နှင့် ဆုံတွေ့လိုက်ရသည်။
၎င်းက ကဏန်းနှင့် ဆင်တူသော ဧရာမ သန္ဓေပြောင်း သတ္တဝါကြီး တစ်ကောင် ဖြစ်သည်။
ကဏန်းဟု ဆိုသော်လည်း အနီရောင် ပင့်ကူနှင့်လည်း အနည်းငယ် တူညီပြီး မာကျောသော အခွံများ၊ ကြောက်မက်ဖွယ်ကောင်းသော ပါးစပ်ပေါက်နှင့် တစ်ကိုယ်လုံးတွင် ဆူးချွန်များကဲ့သို့သော အစွယ်များ ပြည့်နှက်နေသည်။
၎င်း၏ ခန္ဓာကိုယ် အရွယ်အစားက အကျယ် ခြောက်ပေခွဲခန့် ရှိပြီး အမြင့်က လေးပေခန့် ရှိသည်။
သို့သော် ၎င်း၏ ခြေချောင်း ရှစ်ချောင်းက အလွန် ရှည်လျားပြီး တစ်ချောင်းလျှင် ခြောက်ပေခွဲခန့် ရှည်လျားကာ ရှေ့တွင်လည်း ကတ်ကြေးပုံစံ အစွယ် နှစ်ချောင်း ရှိသေးရာ ကြည့်ရုံဖြင့် အလွန် ကြမ်းကြုတ်မည့်ပုံ ပေါ်သည်။
"သန္ဓေပြောင်း ကဏန်းပဲ" ရန်ရုံဝေ၏ မျက်နှာက ရုတ်တရက် အနည်းငယ် ပြောင်းလဲသွားပြီး ချက်ချင်း သတိပေးလိုက်သည်။
လီရှန်ယန်ကလည်း ကမန်းကတန်း ဓားကို ဆွဲထုတ်လိုက်ပြီး ပြောလိုက်သည်။ "ဒီလို အရွယ်အစားမျိုး ရှိတဲ့ သန္ဓေပြောင်း ကဏန်းတွေက ပင်လယ်ရေလှိုင်းကြီးတွေ လာမှပဲ ပေါ်လာတတ်တာ... ဒီနေရာမှာ ဘယ်လိုလုပ် ရှိနေတာလဲ"
ကျန်းရုံရုံက ကမန်းကတန်း ပြောလိုက်သည်။ "အစ်ကိုရှန်ယန်... သတိထားနော် ဒီလို အခွံမာ သန္ဓေပြောင်း သတ္တဝါတွေက ခုခံနိုင်စွမ်း အရမ်း မြင့်တယ်... ကျွန်မ အရင်ဆုံး စိတ်စွမ်းအင်နဲ့ တိုက်ခိုက်ပြီး စမ်းသပ်ကြည့်လိုက်မယ်"
ကျန်းရုံရုံ၏ အစွမ်းက စိတ်စွမ်းအင် အကာအကွယ် ဖြစ်ပြီး သူမက ထိရောက်သော စိတ်စွမ်းအင် အကာအကွယ် စက်ကွင်း တစ်ခုကို ဖန်တီးနိုင်ကာ တစ်ဖက်လူ၏ မြင်ကွင်းကို အဟန့်အတား ဖြစ်စေရုံသာမက အာရုံခံနိုင်စွမ်းကိုပါ တစ်ပါတည်း ကန့်သတ် ပိတ်ဆို့ထားနိုင်သည်။
သို့သော် ဤကဲ့သို့သော စိတ်စွမ်းအင် ပညာရပ်က တိုက်ခိုက်ရာတွင် မကျွမ်းကျင်ဘဲ ရန်သူကို ထိန်းချုပ်ရန်သာ အသုံးပြုနိုင်ပြီး ကောကျဲ၊ လျှိုဖေးဖေး တို့၏ စိတ်ကူးယဉ် ကမ္ဘာ ဖန်တီးမှုလောက် သွက်လက်မှုနှင့် ပါးနပ်မှု မရှိပေ။
သို့သော် အားသာချက်လည်း ရှိသည်... အနည်းဆုံးတော့ သူမ၏ စိတ်စွမ်းအင် အကာအကွယ်က အတိုင်းအတာ တစ်ခုအထိ ခုခံကာကွယ်နိုင်စွမ်း ရှိသည်။
အထူးသဖြင့် စိတ်စွမ်းအင် တိုက်ခိုက်မှုများကို ရင်ဆိုင်ရာတွင် ဤအကာအကွယ်က အလွန် မြင့်မားသော ခုခံနိုင်စွမ်းကို ပိုင်ဆိုင်ထားသည်။
သူမက ညာဘက် လက်ညှိုးဖြင့် မိမိ၏ နားထင်ကို ဖိလိုက်ရာ ရုတ်တရက် စိတ်စွမ်းအင် တစ်ခု ထွက်ပေါ်လာပြီး ထိုကဏန်း၏ ပတ်လည်တွင် စိတ်စွမ်းအင် အကာအကွယ် တစ်လွှာကို လျင်မြန်စွာ ဖန်တီးလိုက်သည်။
ဘေးနားရှိ ရန်ဝေကလည်း လျင်မြန်စွာ ပျောက်ကွယ်သွားပြီး အရောင်ပြောင်း ကိုယ်ပျောက် အခြေအနေသို့ ဝင်ရောက်သွားသည်။
လီရှန်ယန်ကလည်း အလားတူပင် အလင်းနှင့် အရိပ်ထဲသို့ ဝင်ရောက်သွားကာ တစ်ကိုယ်လုံးက ဖောက်ထွင်းမြင်ရသကဲ့သို့ ဖြစ်သွားပြီး အလင်းတန်းများကြားတွင် လျင်မြန်စွာ ရှေ့တိုးသွားသည်။
လင်းယွမ်က လှုပ်ရှားခြင်း မပြုဘဲ သူတို့ကြားရှိ အပြန်အလှန် ပူးပေါင်း တိုက်ခိုက်သည့် ပုံစံကိုသာ ကြည့်နေလိုက်သည်။
ကျန်းရုံရုံက အဝေးမှနေ၍ တိုက်ခိုက်သူ အဖြစ် သတ္တဝါကို ထိန်းချုပ်ရန် တာဝန်ယူပြီး လီရှန်ယန်က အနီးကပ် တိုက်ခိုက်နိုင်စွမ်းနှင့် မဆိုးလှသော ပြန်လည် ကုသနိုင်စွမ်းကို ပိုင်ဆိုင်ထားရာ ထိပ်တိုက် ရင်ဆိုင်ရမည့် ဇာတ်ကောင် ဖြစ်သည်မှာ သိသာထင်ရှားလှသည်။
ရန်ဝေကတော့ အဓိကအားဖြင့် အလစ်တိုက်ခိုက်ရန် တာဝန်ယူရသည်။
ဤအဖွဲ့အစည်းက မဆိုးလှပေ။ ထိုစဉ်က လိုဏ်ဂူထဲတွင် သူတို့ သုံးယောက်က သတိလစ် မသွားခဲ့သည်မှာလည်း မဆန်းတော့ပေ။ ဤသည်က လီရှန်ယန် တမင်သက်သက် ရွေးချယ်ထားသော နည်းဗျူဟာ အဖွဲ့အစည်း ဖြစ်သင့်ပြီး တိုက်ခိုက်ရေး စွမ်းရည်ကို အတိုင်းအတာ တစ်ခုအထိ ထိန်းသိမ်းထားနိုင်သလို သတိလစ်နေသော တခြားသူများကို စွန့်ပစ်ကာ ဘေးတွင် ပုန်းအောင်း၍ လိုဏ်ဂူထဲမှ လွတ်မြောက်ရန် အခွင့်အရေးကို ရှာဖွေနိုင်ခဲ့ခြင်း ဖြစ်သည်။
"ဝုန်း"
ပထမဆုံး တိုက်ခိုက်မှုက လီရှန်ယန်၏ အားကောင်းသော အလင်းတန်း ပေါက်ကွဲမှုနှင့်အတူ တရားဝင် စတင်သွားသည်။
ဟိန်းဟောက်သံများ ပေါက်ကွဲထွက်လာပြီး ပြင်းထန်သော အလင်းတန်းများကြားတွင် အလင်းပေါက်ကွဲမှုများ လင်းလက်လာရာ ကျန်းရုံရုံနှင့် ရန်ဝေတို့ နှစ်ယောက်က ကြိုတင် မျှော်လင့်ထားပြီး ဖြစ်သဖြင့် ချက်ချင်း မျက်လုံးကို မှိတ်လိုက်ကြသည်။
လင်းယွမ်တို့ ဘက်တွင်လည်း စိတ်စွမ်းအင် အကာအကွယ်ဖြင့် ဖုံးကွယ်ထားသောကြောင့် အလင်းပေါက်ကွဲမှု၏ သက်ရောက်မှုကို မခံရပေ။
သို့သော် လင်းယွမ်၏ စိတ်စွမ်းအင်က ဤနယ်မြေ တစ်ခုလုံးကို စောစောကတည်းက လွှမ်းခြုံထားပြီး သူတို့၏ တိုက်ပွဲ အခြေအနေကို စောင့်ကြည့်နေခဲ့သည်။
လီရှန်ယန်၏ အလင်းပေါက်ကွဲမှုက အလင်းဗုံး တစ်ခုကဲ့သို့ပင် ပြင်းထန်သော အလင်းတန်း ပေါက်ကွဲမှု သတ္တိကို ပိုင်ဆိုင်ထားသော်လည်း မကြည့်ပါက တကယ်တမ်းတွင် ထိခိုက်ဒဏ်ရာ ရလိမ့်မည် မဟုတ်ပေ။
သို့သော် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခြင်း ဖြစ်သောကြောင့် ထို သန္ဓေပြောင်း ကဏန်းက လုံးဝ တုံ့ပြန်နိုင်စွမ်း မရှိခဲ့ပေ။
ချက်ချင်းပင် အမြစ်ပါသော ဘောလုံးငယ်များကဲ့သို့သော မျက်လုံးတစ်စုံက အလင်းပေါက်ကွဲမှု၏ လှုံ့ဆော်မှုကြောင့် ရုတ်တရက် ကွဲအက်သွားပြီး ၎င်း၏ မျက်လုံးထဲမှ ကြည်လင်သော အရည်များစွာ ထွက်ကျလာသည်။
မျက်ရည်လား၊ သွေးလား ဆိုသည်ကိုတော့ မသိရပေ။
သို့သော် ၎င်း၏ ကတ်ကြေးလက် နှစ်ချောင်းကို ပြင်းပြင်းထန်ထန် ဝှေ့ယမ်းနေသည့် လှုပ်ရှားမှုကို ကြည့်ခြင်းအားဖြင့် တကယ့်ကို ကြီးမားသော လှုံ့ဆော်မှုကို ခံလိုက်ရသည်မှာ သေချာလှသည်။
တစ်ကွက် အောင်မြင်သွားသည်နှင့် လီရှန်ယန်၏ ခန္ဓာကိုယ်က ပေါ်လာပြီး ပြင်းထန်သော တိုက်ခိုက်မှု အခြေအနေသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။
ဓားဖြင့် ပြင်းပြင်းထန်ထန် တစ်ချက် ခုတ်ချလိုက်ရာ သူ၏ ဓားသွားပေါ်မှ မရေမတွက်နိုင်သော အလင်းတန်းများ စုစည်းထွက်ပေါ်လာပြီး ထက်မြက်သော အလင်းဓားသွား တစ်ခု အဖြစ် ဖန်တီးလိုက်သည်။
"ဝှီး"
အလင်းဓားသွားက လေထုကို ခွဲထုတ်သွားပြီး ငိုကြွေးသံကဲ့သို့ အသံများ ထွက်ပေါ်လာကာ တကယ့် ဓားသွား တစ်ခု အလားပင်။
ကြောက်မက်ဖွယ်ကောင်းသော ဟိန်းဟောက်သံများ လျင်မြန်စွာ ဝင်ရောက်လာပြီး သန္ဓေပြောင်း ကဏန်း၏ အခွံဆီသို့ ခုတ်ချလိုက်သည်။
သန္ဓေပြောင်း ကဏန်းက မျက်လုံး ဒဏ်ရာရသွားသဖြင့် အပြင်ဘက် အခြေအနေကို မမြင်ရတော့ဘဲ မြေပြင်ပေါ်တွင် ဟိုဟိုဒီဒီ လှည့်ပတ်ကာ ကတ်ကြေး တစ်စုံကို အသေအလဲ ဝှေ့ယမ်းနေသည်။
"ဖုန်း"
ခပ်အုပ်အုပ် အသံတစ်ခု ပေါက်ကွဲသွားပြီး ရုတ်တရက် ၎င်း၏ အခွံက ပြင်းထန်စွာ တုန်ခါသွားကာ ထိုအလင်းဓားသွားက ၎င်း၏ ခေါင်းနှင့် ရင်ဘတ် အခွံပေါ်သို့ ခုတ်ချမိပြီး ပြင်းပြင်းထန်ထန် ပေါက်ကွဲသွားသည်။
ထိုရင်ဘတ် အခွံပေါ်တွင် အနီရဲရဲ ဒဏ်ရာ တစ်ခု ချက်ချင်း ပေါ်လာပြီး အခွံကို ခွဲမချနိုင်ခဲ့သော်လည်း ထိုသန္ဓေပြောင်း ကဏန်း၏ ကျောဘက် အခွံကို တိုက်ရိုက် နီရဲသွားစေလောက်အောင် ပူလောင်သွားစေသည်။
လီရှန်ယန် ဖန်တီးထားသော အလင်းဓားသွားက ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက် ခုတ်ထစ်နိုင်စွမ်း ရှိရုံသာမက ပြင်းထန်သော အလင်းနှင့် အပူချိန်မြင့်မားသည့် သတ္တိကိုပါ ပိုင်ဆိုင်ထားသည်။
ဤဓားချက်က ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုနှင့် ဓာတ်ပိုင်းဆိုင်ရာ ထိခိုက်မှု နှစ်ခုစလုံး ပါဝင်သည်ဟု ဆိုနိုင်သည်။
လီရှန်ယန်က တစ်ကွက် အောင်မြင်သွားသည်နှင့် ခန္ဓာကိုယ်ကို လှိမ့်လိုက်ပြီး ဤသန္ဓေပြောင်း ကဏန်း၏ မတော်တဆ တိုက်ခိုက်မှုကို ကာကွယ်ရန် အလျင်အမြန် အကွာအဝေးကို ဆုတ်ခွာလိုက်သည်။
သန္ဓေပြောင်း ကဏန်းက ပြင်းထန်သော နာကျင်မှု အောက်တွင် ခြေချောင်း ရှစ်ချောင်းဖြင့် ကန့်လန့်ဖြတ် အပြေးအလွှား သွားလာကာ ရေထဲသို့ အသေအလဲ ထွက်ပြေးတော့သည်။
ထိုအချိန်တွင် မြေပြင်ပေါ်၌ ၎င်း ဆုတ်ခွာမည့် လမ်းကြောင်းပေါ်တွင် ကြိုးကွင်း တစ်ကွင်းကို ဘယ်အချိန်ကတည်းက ချထားမှန်း မသိရပေ။
သန္ဓေပြောင်း ကဏန်း၏ ခြေထောက် တစ်ချောင်းက ထိုအထဲသို့ နင်းမိသွားသည်။
နောက်တစ်စက္ကန့်တွင် ချုံပုတ်များကြားမှ ရန်ဝေ၏ ခန္ဓာကိုယ်က ရုတ်တရက် ခုန်ထွက်လာပြီး ထိုကြိုးကို ဆွဲတင်းလိုက်သည်။
ထိုကြိုးကွင်းက ရုတ်တရက် ကျဉ်းသွားပြီး "ရွစ်" ခနဲ အသံနှင့်အတူ သန္ဓေပြောင်း ကဏန်း၏ ခြေထောက်ကို တင်းတင်းကြပ်ကြပ် ချည်နှောင်လိုက်သည်။
သန္ဓေပြောင်း ကဏန်း၏ ဧရာမ ခန္ဓာကိုယ်ကြီးက ရုတ်တရက် ရွေ့လျား၍ မရတော့ဘဲ ယိမ်းယိုင်သွားကာ တစ်ကိုယ်လုံး မြေပြင်ပေါ်သို့ မှောက်ကျသွားသည်။
သို့သော် ၎င်းက အရမ်း ကြီးမားလွန်းပြီး ကိုယ်အလေးချိန်ကလည်း အလွန် အံ့ဩစရာ ကောင်းလှရာ ဤသို့ ဆွဲငင်လိုက်မှုကြောင့် ရန်ဝေကို ချုံပုတ်ထဲမှ အရှင်လတ်လတ် ဆွဲထုတ်လိုက်သလို ဖြစ်သွားသည်။
ရန်ဝေပင်လျှင် ရွှံ့ဗွက်ထူသော မြေပြင်ပေါ်တွင် အနည်းငယ် လျှောတိုက်သွားရသေးသည်။
သန္ဓေပြောင်း ကဏန်းက ဧရာမ ခန္ဓာကိုယ်ကြီးကို လှုပ်ရမ်းကာ ချွန်ထက်သော ခြေချောင်း ရှစ်ချောင်းဖြင့် မြေပြင်ပေါ်မှ ပြန်လည် ထောက်မလိုက်ပြီး ခြေထောက်ပေါ်ရှိ ကြိုးကို အားကုန် ဆွဲလိုက်သည်။
မြေပြင်ပေါ်ရှိ ရန်ဝေ၏ မျက်နှာတွင် ရွှံ့များ ပေကျံနေပြီး ချက်ချင်းပင် ကြိုးကို ဘေးနားရှိ သစ်ပင်ပေါ်သို့ လှမ်းပစ်လိုက်သည်။
ထို့နောက် တစ်ကိုယ်လုံး ခုန်တက်ကာ သစ်ပင်ပေါ်သို့ ရောက်သွားပြီး ကြိုးကို ဆွဲကိုင်ကာ အောက်သို့ အတင်း ဆွဲချလိုက်သည်။
သူက မိမိ၏ ကိုယ်အလေးချိန်ကို အသုံးပြုကာ သန္ဓေပြောင်း ကဏန်းကို အပေါ်သို့ ဆွဲတင်ခြင်းဖြစ်သည်။
သို့သော် သူက သန္ဓေပြောင်း ကဏန်း၏ အရွယ်အစားနှင့် ကိုယ်အလေးချိန်ကို သိသိသာသာ အထင်သေးသွားခဲ့သည်။
ရန်ဝေ တစ်ယောက်လုံး လေထဲတွင် တွဲလောင်း ဖြစ်နေပြီး သူ ခန္ဓာကိုယ်ကို မည်မျှပင် လှုပ်ရမ်းပါစေ ကြိုးက တင်းတောင်နေသော်လည်း သန္ဓေပြောင်း ကဏန်းကို အပေါ်သို့ ဆွဲတင်နိုင်စွမ်း လုံးဝ မရှိခဲ့ပေ။
သန္ဓေပြောင်း ကဏန်းက ရုန်းကန်ကာ ရေထဲသို့ ပြေးသွားရာ ရန်ဝေသာ သစ်ပင်အောက်မှ အရှင်လတ်လတ် ဆွဲချခံလိုက်ရပြီး သစ်ကိုင်းပေါ်မှ တစ်ပတ်လည်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
ရန်ဝေက အကျယ်ကြီး အော်လိုက်သည်။ "အစ်ကိုရှန်ယန်... လုပ်တော့လေ"
လီရှန်ယန်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ချက်ချင်း ပြေးတက်သွားကာ အရှေ့မှနေ၍ အလင်းဓားသွားဖြင့် ပြင်းပြင်းထန်ထန် ခုတ်ချလိုက်သည်။
"ဝုန်း"
ပြင်းထန်သော လေကို ခွဲထုတ်သံများ ထွက်ပေါ်လာပြီး အလင်းဓားသွားက ဟိန်းဟောက်ကာ သန္ဓေပြောင်း ကဏန်း၏ ခြေထောက် တစ်ချောင်းပေါ်သို့ ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။
"ဖုန်း" ခနဲ အသံနှင့်အတူ ထိုသန္ဓေပြောင်း ကဏန်း၏ ညာဘက်ရှိ ဒုတိယမြောက် ခြေထောက်က ပြင်းထန်စွာ ရိုက်ချခံလိုက်ရပြီး တုန်ခါသွားသည်။
ချက်ချင်းပင် အလင်းဓားသွားတွင် ပါလာသော အပူချိန်မြင့် စွမ်းအင်ကြောင့် နီရဲသွားအောင် ပူလောင်သွားသည်။
ဤသန္ဓေပြောင်း ကဏန်း၏ အခွံက ပူလောင်သွားသည့်တိုင် အလွယ်တကူ ကျိုးပဲ့မသွားသောကြောင့် ၎င်း၏ ခြေထောက်ပေါ်တွင် အနီရောင် အမှတ်တစ်ခု ပေါ်လာသည်မှလွဲ၍ ကြီးကြီးမားမား ဒဏ်ရာရသွားပုံ မပေါ်ပေ။
သို့သော် ၎င်း လှုပ်ရှားလိုက်ချိန်တွင် ဒဏ်ရာရသွားသော ခြေထောက်က သိသိသာသာ နှေးကွေးသွားသည်။
တိုက်ခိုက်မှု နှစ်ကြိမ်ကို ခံလိုက်ရပြီးနောက် သန္ဓေပြောင်း ကဏန်းကလည်း သိသိသာသာ ဒေါသထွက်သွားသည်။
ကတ်ကြေးကြီး နှစ်ခုက ရုတ်တရက် ဘေးတိုက် ယမ်းလိုက်ရာ ညာဘက်ရှိ ကတ်ကြေးက ထိုကြိုးကို ချက်ချင်း ညှပ်ဖြတ်လိုက်ပြီးနောက် ၎င်း၏ ခြေချောင်း ရှစ်ချောင်းက ဘေးတိုက် လှုပ်ရှားကာ လီရှန်ယန်ဆီသို့ လျင်မြန်စွာ ခုန်အုပ်သွားသည်။
လီရှန်ယန်က ရုတ်တရက် လန့်သွားပြီး ဓားကို ဆက်တိုက် ဝှေ့ယမ်းကာ အလင်းဓားသွား အများအပြားကို ခုတ်ချလိုက်သည်။
သို့သော် အကျိုးသက်ရောက်မှုက အလွန် နည်းပါးလှပြီး ထိုသန္ဓေပြောင်း ကဏန်း၏ ကတ်ကြေးကြီး နှစ်ခုက အလွယ်တကူ ပူလောင်မသွားသည်မှာ သိသာလှကာ အပေါ်ရှိ အနက်ရောင် အမွေးအမှင်များက အပူချိန်မြင့်မားမှုကို ထိရောက်စွာ ကာကွယ်ပေးနိုင်စွမ်း ရှိနေသည်။
အလင်းဓားသွား တိုက်ကွက်များစွာကို ၎င်းက ကတ်ကြေးလက်ကြီးဖြင့် ကာကွယ်လိုက်သည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ၎င်းက နီးကပ်လာပြီးနောက် ကတ်ကြေးလက် နှစ်ခုက လီရှန်ယန်ဆီသို့ ပြင်းပြင်းထန်ထန် ညှပ်ချလိုက်သည်။
လီရှန်ယန်၏ မျက်နှာက ပြောင်းလဲသွားပြီး ချက်ချင်း မြေပြင်ပေါ်တွင် လှိမ့်လိုက်ကာ ကတ်ကြေးကို ရှောင်တိမ်းလိုက်ရင်း စိတ်ထဲတွင် အံ့ဩဒေါသထွက်သွားသည်။
ဤသန္ဓေပြောင်း ကဏန်း၏ မျက်လုံးများက မိမိ၏ ပြင်းထန်သော အလင်းပေါက်ကွဲမှုကြောင့် ပူလောင်သွားခဲ့ပြီ ဖြစ်ရာ မိမိ၏ နေရာကို ဘယ်လိုများ ခွဲခြားသိမြင်နေသေးသနည်း။
သူက မြေပြင်ပေါ်တွင် ဆက်တိုက် လှိမ့်ကာ သန္ဓေပြောင်း ကဏန်း၏ တိုက်ခိုက်မှု အကွာအဝေးထဲမှ လျင်မြန်စွာ လိမ့်ထွက်သွားသည်။
သန္ဓေပြောင်း ကဏန်းက ကတ်ကြေးကို ဝှေ့ယမ်းနေပြီး တဖုန်းဖုန်း အသံများက နားထဲတွင် မပြတ်ထွက်ပေါ်နေသည်။
ပတ်ဝန်းကျင်ရှိ သစ်ပင်များ၊ ကျောက်တုံးများကလည်း တစ်သီတစ်တန်းကြီး ပေါက်ကွဲ ကွဲအက်ကုန်ကြသည်။
ထိုကတ်ကြေးက တကယ့်ကို ကြောက်မက်ဖွယ် ကောင်းလှပြီး အင်အား ကြီးမားရုံသာမက ထက်မြက်မှုကိုပါ ပိုင်ဆိုင်ထားရာ တစ်ခုခုကို ညှပ်မိသည်နှင့် တိုက်ရိုက် နှစ်ပိုင်းပြတ်သွားစေနိုင်သည်။
၎င်း၏ ခြေထောက်များက မြေပြင်ပေါ်တွင် အဆက်မပြတ် ရွေ့လျားကာ လီရှန်ယန်ကို လိုက်လံ ဖမ်းဆီးတော့သည်။
မျက်လုံးများ ဒဏ်ရာရသွားသည်ကို သိသိကြီးနှင့် လီရှန်ယန်၏ နေရာကို ခွဲခြားနိုင်သေးရာ လီရှန်ယန်နှင့် ရန်ဝေတို့ နှစ်ယောက်စလုံး အံ့ဩဒေါသထွက်သော မျက်နှာများ ပေါ်လာကြသည်။
ဦးလေးရန်နှင့် ရန်ရုံဝေတို့က လင်းယွမ်၏ ဘေးတွင် ရပ်နေကြပြီး ဤမြင်ကွင်းကို မြင်သောအခါ အားလုံးက အံ့ဩသော မျက်နှာများ ပေါ်လာကြသည်။
ဦးလေးရန်က ပြောလိုက်သည် "ဒီ သန္ဓေပြောင်း ကဏန်းရဲ့ မျက်လုံးက ဒီလောက် ဒဏ်ရာရသွားတာ... ရှန်ယန် ဆိုတဲ့ ကောင်လေးကို ဘယ်လိုလုပ် ရှာတွေ့နိုင်သေးတာလဲ"
ရန်ရုံဝေကလည်း မျက်မှောင်ကြုတ်ထားသည်။ သူတို့က ပင်လယ်မှာ နေထိုင်သူများ မဟုတ်ဘဲ တောင်ခြေတွင် အချိန်ကြာမြင့်စွာ နေထိုင်လာကြသူများ ဖြစ်ရာ ကဏန်းကဲ့သို့သော ပင်လယ် သတ္တဝါများနှင့် ပတ်သက်ပြီး သိပ်မသိကြပေ။
မလှမ်းမကမ်းရှိ ကျန်းရုံရုံက ဤဘက်သို့ အကြိမ်ကြိမ် လှမ်းကြည့်နေပြီး မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေကာ လင်းယွမ်ကို ဝင်ရောက် ကူညီပေးရန် တောင်းဆိုချင်သော်လည်း မည်သို့ စကားစရမှန်း မသိဖြစ်နေသည်။
ရန်ရုံဝေကလည်း ဤမြင်ကွင်းကို သတိထားမိသွားပြီး မနေနိုင်ဘဲ လင်းယွမ်ကို မေးလိုက်သည်။ "မောင်လင်းယွမ်... ဒီ သန္ဓေပြောင်း ကဏန်းက ဘယ်လိုဖြစ်တာလဲ... သူ့မှာများ စိတ်စွမ်းအင် ရှိနေလို့လား"
လင်းယွမ်က ကြားသောအခါ အနည်းငယ် ခေါင်းခါလိုက်သည်။ "နေရာကို ခွဲခြားတာက မျက်လုံးကိုချည်း အားကိုးရတာမှ မဟုတ်တာ... နက်ရှိုင်းတဲ့ ပင်လယ်ထဲမှာက မှောင်မိုက်နေတာဆိုတော့ တချို့ ပင်လယ် သတ္တဝါတွေက မျက်လုံး ပါတယ်လို့ ထင်ရပေမယ့် တကယ်တမ်းကျတော့ မျက်လုံးရဲ့ အသုံးဝင်မှုက သိပ်မကြီးမားလှဘူး"
"သူတို့ တော်တော်များများက အနံ့ခံအာရုံ၊ အကြားအာရုံ၊ အထိအတွေ့ အာရုံတွေကို အားကိုးပြီး အာရုံခံကြတာ"
ရန်ရုံဝေက အလွန် အံ့ဩသွားပြီး ကမန်းကတန်း မေးလိုက်သည်။ "ဒီ ကဏန်းမှာ နှာခေါင်း နားရွက်မှ မရှိတာ... အကြားအာရုံ အနံ့ခံအာရုံ ရှိသေးလို့လား"
လင်းယွမ်က ရုတ်တရက် ပြုံးလိုက်သည်။ "သေချာပေါက် ရှိတာပေါ့... အကြားအာရုံ အနံ့ခံအာရုံ မရှိဘဲ အမြင်အာရုံ တစ်ခုတည်းကိုပဲ အားကိုးမယ်ဆိုရင်... သူတို့က ပင်လယ်ထဲမှာ အရှင်လတ်လတ် ပစ်မှတ် ဖြစ်မသွားဘူးလား"
"ဒီကဏန်းက မျက်လုံး ဒဏ်ရာရသွားတော့... အခုချိန်မှာ နေရာကို ခွဲခြားဖို့ သူ့ရဲ့ အကြားအာရုံကို အားကိုးနေတာပဲ"
"ဘယ်လို ဖြစ်နိုင်မှာလဲ... သူ့မှာ အကြားအာရုံက ဘယ်ကလာတာလဲ" ဦးလေးရန်ကလည်း မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပြည့်နှက်နေသည်။
လင်းယွမ်က သန္ဓေပြောင်း ကဏန်း၏ ခြေချောင်း ရှစ်ချောင်းကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။ "ကဏန်းဆိုတဲ့ သတ္တဝါရဲ့ အကြားအာရုံက တကယ်တော့ သူတို့ရဲ့ ခြေချောင်းတွေ အားကိုးနဲ့ ပတ်ဝန်းကျင်က တုန်ခါမှုတွေကို ခံစားပြီး ရေစီးကြောင်းနဲ့ မြေပြင်မှာ တစ်ခုခု နီးကပ်လာတာ ရှိမရှိကို ခွဲခြားကြတာပဲ"
"ဒါကြောင့် ခြေချောင်းတွေက သူတို့ရဲ့ အကြားအာရုံ စနစ်တွေပဲ"
မလှမ်းမကမ်းရှိ ကျန်းရုံရုံက ဤစကားကို ကြားသောအခါ ရုတ်တရက် မျက်လုံးများ အရောင်လင်းသွားပြီး အကျယ်ကြီး အော်လိုက်သည်။ "အစ်ကိုရှန်ယန်... သန္ဓေပြောင်း ကဏန်းရဲ့ ခြေချောင်းတွေကို တိုက်ခိုက်လိုက်... သူက ခြေချောင်းတွေကို အားကိုးပြီး နေရာကို ခွဲခြားနိုင်တာ"
လီရှန်ယန်က ဤစကားကို ကြားသောအခါ ရုတ်တရက် စိတ်ဓာတ် တက်ကြွသွားပြီး ရှောင်တိမ်းနေရန် ဂရုမစိုက်နိုင်တော့ဘဲ ဓားကို ဆက်တိုက် ဝှေ့ယမ်းကာ သန္ဓေပြောင်း ကဏန်း၏ ဧရာမ ခြေချောင်းများကို ချိန်ရွယ်လိုက်သည်။
"ဖုန်း... ဖုန်း... ဖုန်း"
ဆက်တိုက် ပေါက်ကွဲသံ သုံးချက် ထွက်ပေါ်လာပြီး အလင်းတန်းများ ပေါက်ကွဲသွားကာ သန္ဓေပြောင်း ကဏန်း၏ ခြေချောင်း သုံးချောင်းက အလင်းဓားသွားဖြင့် ထိမှန်သွားသည်။
အလင်းဓားသွား ပေါက်ကွဲသွားသည်နှင့် အပူချိန်မြင့်မားမှု ချက်ချင်း ထွက်ပေါ်လာရာ ရုတ်တရက် သန္ဓေပြောင်း ကဏန်း၏ ခန္ဓာကိုယ်က ရပ်တန့်သွားပြီး ခြေချောင်းများပေါ်တွင် အနီရဲရဲ ဓားရာများ ပေါ်လာသည်။
၎င်း၏ ခန္ဓာကိုယ်က ယိမ်းယိုင်သွားပြီး ရုတ်တရက် တိုက်ခိုက်မှုကို ရပ်တန့်လိုက်ကာ နောက်တစ်စက္ကန့်တွင် လှည့်ပြေးသွားတော့သည်။
လီရှန်ယန်က ဤတစ်ကြိမ်တွင် လိုက်မသွားတော့ဘဲ မူလနေရာတွင် မောကြီးပန်းကြီး ရပ်နေလိုက်သည်။
ဤသန္ဓေပြောင်း ကဏန်းကို ဆုတ်ခွာသွားအောင် လုပ်နိုင်ခဲ့သည်ကပင် လုံးဝ မလွယ်ကူလှရာ ဤသန္ဓေပြောင်း သတ္တဝါကို ထပ်ပြီး ရန်စနေရန် မလိုအပ်တော့ဟု သူက ယူဆလိုက်သည်။
အဓိကအားဖြင့် သူ၏ ခန္ဓာကိုယ်ထဲရှိ အစွမ်းများကလည်း အတော်လေး ကုန်ဆုံးသွားပြီ ဖြစ်ရာ ထပ်ပြီး ရစ်တွယ်နေပါက အသက်ရှင်လျက် လွတ်မြောက်နိုင်မည်ဟု သူက မသေချာတော့ပေ။
ရေထဲသို့ ဆုတ်ခွာဝင်ရောက်တော့မည့် သန္ဓေပြောင်း ကဏန်းကို ကြည့်ရင်း လီရှန်ယန်က အနည်းငယ် သက်ပြင်းချလိုက်သည်။
အကယ်၍ ဤသန္ဓေပြောင်း ကဏန်းကိုသာ ရခဲ့လျှင် သူတို့ အနေဖြင့် အနည်းဆုံး ရက်အတော်ကြာ အသားစားရန် မခက်ခဲတော့ပေ။
သူ တွေးနေစဉ်မှာပင် ရုတ်တရက် ထိုသန္ဓေပြောင်း ကဏန်းက ဖုန်းခနဲ အသံနှင့်အတူ မြေပြင်ပေါ်သို့ ခေါင်းစိုက်ကျသွားသည်။
ခြေချောင်း ရှစ်ချောင်းနှင့်အတူ ကတ်ကြေးကြီး နှစ်ခုကပါ ပြင်းပြင်းထန်ထန် တုန်ခါ လှုပ်ရမ်းနေသည်။
မကြာမီမှာပင် ပါးစပ်မှ ပူဖောင်းများ ထွက်လာပြီး ဂလုဂလု မြည်ကာ ငြိမ်သက်သွားတော့သည်။
လီရှန်ယန်က ကြောင်အမ်းသွားပြီး မျက်နှာတွင် အံ့အားသင့်မှုများ ပြည့်နှက်သွားကာ အံ့ဩစွာ ပြောလိုက်သည် "စောစောက ငါ့တိုက်ကွက်က အခုမှ အာနိသင် ပြတာများလား"
သူ တွေးနေစဉ်မှာပင် လင်းယွမ်က လူများကို ခေါ်ကာ လျှောက်လာသည်ကို မြင်လိုက်ရသည်။
လင်းယွမ်က သန္ဓေပြောင်း ကဏန်းကို လက်တစ်ဖက်တည်းဖြင့် ဆွဲမလိုက်ပြီး ပစ္စည်းသိုလှောင်ခန်းထဲသို့ ထည့်လိုက်ကာ တစ်ချိန်တည်းမှာပင် သစ်သားဖောင် တစ်ခုကို ထုတ်ယူလိုက်သည်ကို မြင်လိုက်ရသည်။
သူက ရန်မေကို ပွေ့ချီကာ တစ်ချက် ခုန်လိုက်ပြီး သစ်သားဖောင်ပေါ်သို့ တက်သွားသည်။
လူအများက ဤမြင်ကွင်းကို ကြည့်ရင်း မျက်လုံးပြူး မျက်ဆံပြု ဖြစ်ကုန်ကြပြီး တစ်ခဏမျှ ဘာမှ မတုံ့ပြန်နိုင်အောင် ဖြစ်သွားကြသည်။
ဆက်ရန်...
အပိုင်း(၂၈၈) ထိုက်ယန်တောင်ရှိ ဆရာလင်း၏ အရှိန်အဝါ
လီရှန်ယန်က မျက်လုံးပြူးကာ စောစောက ဖြစ်ပျက်သွားသည့် မြင်ကွင်းကို ကြည့်နေမိသည်။
"ငါ... ငါ မျက်စိများ မှားသွားတာလား... အစ်ကိုရှန်ယန်... ညီမ မျက်စိမှားသွားတာလား"
ကျန်းရုံရုံက ပြေးလာပြီး ပျောက်ကွယ်သွားသော ကဏန်းနှင့် ရုတ်တရက် ပေါ်လာသည့် သစ်သားဖောင်ကို အံ့ဩတကြီး ကြည့်နေသည်။
ထိုစဉ် ရန်ဝေကလည်း ပြေးလာပြီး မျက်လုံးပြူးလျက် "ကဏန်းရော... သန္ဓေပြောင်း ကဏန်းက ဘယ်လိုလုပ် သစ်သားဖောင် ဖြစ်သွားတာလဲ" ဟု အော်မေးလိုက်သည်။
"ဘာဖြစ်သွားတာလဲ... ဒါ ဘယ်လိုအခြေအနေကြီးလဲ"
လီရှန်ယန်က ခက်ခက်ခဲခဲ ခေါင်းမော့ကာ လင်းယွမ်ကို ကြည့်လိုက်ပြီး လည်ချောင်းများ ခြောက်သွေ့နေသည်ဟုသာ ခံစားရကာ တစ်ခုခု ပြောချင်နေသော်လည်း နှုတ်မဟရဲဖြစ်နေသည်။
သူ၏ ခေါင်းထဲတွင် အတွေးတစ်ခုက ရူးသွပ်မတတ် ထကြွလှုပ်ရှားလာသည်။
ဆရာလင်း... သူက လေထဲကနေ သစ်သားဖောင်တစ်ခုကို ဖန်ဆင်းလိုက်ပြီး သန္ဓေပြောင်း ကဏန်းအလောင်းကို သိမ်းဆည်းသွားတာလား။
ဒါ... ဒါက ဘယ်လို စွမ်းရည်မျိုးလဲ... အစွမ်းတစ်ခုခုများလား။
ဦးလေးရန်နှင့် ရန်ရုံဝေတို့ကလည်း အံ့ဩထိတ်လန့်နေသော မျက်နှာများဖြင့် လင်းယွမ်ကို တအံ့တဩ ကြည့်လိုက်ကြသည်။
ဦးလေးရန်ပင်လျှင် လင်းယွမ်က ပစ္စည်းသိုလှောင်ခန်းကို အသုံးပြုသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
ထိုနေရာရှိ လူများထဲတွင် ရန်မေ တစ်ယောက်သာလျှင် လင်းယွမ်၌ ဟင်းလင်းပြင်အစွမ်း ရှိသေးကြောင်းကို သိထားသည်။
တကယ်တမ်းတွင် တစ်ခုလုံးရှိ ထိုက်ယန်တောင် ခိုလှုံရေးစခန်းတွင်လည်း လင်းယွမ်၏ဘေး၌ အစောဆုံး ရှိနေခဲ့သော လူတစ်စုသာလျှင် သူ၏ ဤအစွမ်းကို သိကြသည်။
လင်းယွမ်က သူ၏ ဤအစွမ်းကို အပြင်လူများအား မဖွင့်ဟရန် သူတို့ကို သတိပေးထားဖူးသည်။
ပထမအချက်အနေဖြင့် ထိုအချိန်က သူကိုယ်တိုင်မှာ မစွမ်းဆောင်နိုင်သေးသဖြင့် ဤအစွမ်းကို ပိုင်ဆိုင်ထားပါက အခြားသူများ၏ မျက်စိကျခြင်းကို ခံရနိုင်ခြေ များသောကြောင့် ဖြစ်သည်။
ဒုတိယအချက်မှာ သူ၏ အစစ်အမှန် အစွမ်းသည် ဟင်းလင်းပြင်အစွမ်း မဟုတ်သဖြင့် အကြီးအကျယ် ကြေညာနေခြင်းက သူ၏အတွက် မည်သည့် အကျိုးကျေးဇူးမျှ မရှိသောကြောင့် ဖြစ်သည်။
အချိန်တွေ ကုန်လွန်လာသည်နှင့်အမျှ ယခုအခါ လင်းယွမ်က ထိုက်ယန်တောင်တွင် ထိပ်တန်း အစွမ်းပိုင်ရှင် တစ်ဦးဟုပင် ဆိုနိုင်နေပြီ ဖြစ်သည်။
သူက သူ၏ ဤအစွမ်းရှိသည်ဟူသော အချက်ကို တကူးတက ဖုံးကွယ်ထားရန် မလိုအပ်တော့ဘဲ အချိန်ကြာလာသည်နှင့်အမျှ သူ၏ ဤအစွမ်းကို သိလာမည့်သူများသာ ပိုပို၍ များလာမည် ဖြစ်သည်။
နောက်တစ်ချက်မှာ လိပ်ကျွန်း၌ အခြားသော ဟင်းလင်းပြင် အစွမ်းပိုင်ရှင် တစ်ဦးနှင့် တွေ့ဆုံခဲ့ရပြီးကတည်းက သူ၏ ဤအစွမ်းသည် တစ်ဦးတည်းမူပိုင် မဟုတ်နိုင်တော့ကြောင်းကို သူ နားလည်သွားခဲ့သည်။
အပြင်လောကတွင်လည်း သူကဲ့သို့ပင် အတိုင်းအတာတစ်ခုရှိသော ဟင်းလင်းပြင်ကို ပိုင်ဆိုင်ထားနိုင်သည့် အစွမ်းပိုင်ရှင်များ ရှိနေနိုင်ပြီ ဖြစ်သည်။
ထို့ကြောင့် သူက ထပ်မံ ဖုံးကွယ်ထားရန် မလိုအပ်တော့ဘဲ လီရှန်ယန်တို့ကဲ့သို့ မိမိလူဟု မသတ်မှတ်ရသေးသော အစွမ်းပိုင်ရှင်များ၏ ရှေ့တွင်ပင် ဤအစွမ်းကို ထုတ်ဖော်ပြသရန် ဝန်လေးမနေတော့ပေ။
တကယ်တမ်းတွင် ယခု အဆင့်အထိ ရောက်လာချိန်၌ သူက အစွမ်းများကို ပို၍ ထုတ်ဖော်ပြသလေလေ ထိုသူများက မထားသင့်သော စိတ်ကူးများကို ပို၍ ရုပ်သိမ်းသွားလေလေ ဖြစ်မည်။
၎င်းက အခြားသော ခြိမ်းခြောက်မှု တစ်မျိုးနှင့် ညီမျှပေသည်။
ရန်ရုံဝေက လင်းယွမ်ကို ကြည့်ကာ မနေနိုင်ဘဲ "မောင်လင်းယွမ်... မင်း ဒါကို... ဘယ်လိုလုပ်လိုက်တာလဲ" ဟု မေးလိုက်သည်။
သူက ဦးလေးရန်နှင့်အတူ သစ်သားဖောင်ပေါ် တက်လာပြီးနောက် တကယ်ကို မအောင့်နိုင်တော့သဖြင့် မေးချလိုက်ခြင်း ဖြစ်သည်။
လီရှန်ယန်တို့ သုံးယောက်ကလည်း သစ်သားဖောင်ပေါ်သို့ အမြန် ခုန်တက်လာပြီး နားစွင့်လိုက်ကြသည်။
လင်းယွမ်က ပြုံးလိုက်ပြီး "ဟင်းလင်းပြင် အစွမ်းလေ" ဟု ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
လူတိုင်း၏ ရင်ထဲတွင် ပြင်းထန်စွာ တုန်လှုပ်သွားကြပြီး အားလုံး၏ မျက်နှာပေါ်တွင် အံ့ဩတကြီး ဖြစ်နေသော အရိပ်အယောင်များ ပေါ်လာကြသည်။
ဟင်းလင်းပြင် အစွမ်း။
၎င်းက လူတိုင်း ပထမဆုံးအကြိမ် ကြားဖူးသော အစွမ်း ဖြစ်သည်။
ရန်မေက လင်းယွမ်က သူ၏ အစွမ်းကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်သည်ကို မြင်သောအခါ သူက ဤအစွမ်းကို ဖုံးကွယ်ထားရန် ဆန္ဒမရှိတော့ကြောင်းကို သိလိုက်သည်။
ထို့ကြောင့် သူမက ရန်ရုံဝေကို ပြုံးကာ "အဖေ... လင်းယွမ်က အစောဆုံး နိုးထလာတာက ဟင်းလင်းပြင် အမျိုးအစား အစွမ်းလေ... သူက သီးသန့် ဟင်းလင်းပြင်တစ်ခုကို ဖွင့်ပြီး ပစ္စည်းတွေကို အဲဒီထဲမှာ သိမ်းဆည်းထားနိုင်တယ်" ဟု ပြောပြလိုက်သည်။
"ပြီးတော့ အဲဒီ သီးသန့် ဟင်းလင်းပြင်ထဲမှာ လေမရှိဘူး... အပူချိန်လည်း မရှိဘူး... ပစ္စည်းတွေ အကုန်လုံးကို အဲဒီထဲမှာ ထည့်ထားရင် ပုပ်သိုးပျက်စီးသွားတာမျိုး မရှိဘူး"
"သမီးတို့ ထိုက်ယန်တောင်က ပစ္စည်း အတော်များများက လင်းယွမ် ရှာဖွေစုဆောင်းထားတာတွေချည်းပဲ... ဒါမှမဟုတ်ရင် သိမ်းဆည်းဖို့ဆိုတာ ပြဿနာကြီး တစ်ခုပဲလေ"
သူမ၏ ဤစကားက ရန်ရုံဝေကို ပြောပြခြင်း ဖြစ်သလို လီရှန်ယန်တို့ကိုပါ ကြားစေရန် ပြောလိုက်ခြင်း ဖြစ်သည်။
သူမက ကျဲ့ဆစ် စာသင်ကျောင်း၏ နေ့ရက်များ မည်မျှ ကျပ်တည်းခက်ခဲကြောင်းကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသဖြင့် ယခု လင်းယွမ်က သီးသန့် ဟင်းလင်းပြင်ဆိုသည့် အကြီးမားဆုံး လက်နက်ကြီးကို ထုတ်ပြလိုက်ခြင်းက လီရှန်ယန်တို့ကို ချက်ချင်းပင် ခိုလှုံလိုစိတ်များ ဖြစ်ပေါ်လာစေမည်ကို ပို၍ ရှင်းရှင်းလင်းလင်း သိနေသည်။
ယခုကဲ့သို့ ရိက္ခာပစ္စည်းများ ရှားပါးနေချိန်တွင် ရွေ့လျားဂိုဒေါင် ပိုင်ဆိုင်ထားသော အဖွဲ့တစ်ဖွဲ့ကို မည်သူကမျှ ငြင်းပယ်မည် မဟုတ်ပေ။
ထင်သည့်အတိုင်းပင် သူမ စကားပြောပြီးသည်နှင့် လီရှန်ယန်၏ မျက်နှာက သိသိသာသာ ပြောင်းလဲသွားပြီး စိတ်လှုပ်ရှားကာ ထိတ်လန့်တကြားဖြင့် လင်းယွမ်ကို ကြည့်လိုက်သည်။
ဘေးရှိ ကျန်းရုံရုံနှင့် ရန်ဝေတို့ကလည်း မျက်ဆန်များ ကျဉ်းမြောင်းသွားကာ လင်းယွမ်ကို တအံ့တဩ ကြည့်လိုက်ကြသည်။
ဤအချိန်တွင် သူတို့ သုံးယောက်၏ ရင်ထဲ၌ မိုးကုတ်စက်ဝိုင်းအထိ မြင့်မားသော လှိုင်းလုံးကြီးများ ရိုက်ခတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ရန်ရုံဝေကလည်း အလားတူပင် တအံ့တဩဖြင့် လင်းယွမ်ကို ကြည့်လိုက်ပြီး ပါးစပ်ဟသွားကာ တစ်ခဏမျှ ဘာပြောရမှန်း မသိဖြစ်သွားသည်။
ဦးလေးရန်ကမူ အံ့ဩသွားသည့် တစ်ချိန်တည်းမှာပင် မနေနိုင်ဘဲ "ဒါကြောင့်ကိုး... ဒါကြောင့်ကိုး... ဈေးဝယ်စင်တာမှာ ဘယ်လိုလုပ် ပစ္စည်းတွေ ဒီလောက် အများကြီး ရှိနေတာလဲလို့ ငါ တွေးနေတာ... ခိုလှုံရေးစခန်းက လူတွေ ပစ္စည်းထွက်ရှာတာကိုလည်း ငါ မတွေ့ရပါလားလို့... ဆရာလင်းက စောစောကတည်းက သိုလှောင်ထားတာ ဖြစ်မယ်လို့ ငါ မထင်ထားဘူး" ဟု အော်ပြောလိုက်သည်။
ထို့နောက် သူက အံ့ဩဝမ်းသာစွာဖြင့် "ငါတို့ ထိုက်ယန်တောင်မှာ ဆရာလင်း ရှိနေတာဆိုတော့ ပစ္စည်းတွေ သိမ်းဆည်းဖို့ ပြဿနာကို စိတ်ပူစရာ မလိုတော့ဘူးပေါ့"
"သိပ်ကောင်းတာပေါ့... ဒါ တကယ့်ကို ဝမ်းသာစရာ သတင်းကြီးပဲ... ဒီ မကောင်းတဲ့ ကောင်းကင်ကြီးက မိုးတွေ အဆက်မပြတ် ရွာနေတာ... အစားအစာတွေ ရှိရင်တောင် အလွယ်တကူ မှိုတက်ပြီး ပုပ်သိုးပျက်စီးသွားနိုင်တယ်... ဆရာလင်းလို ဟင်းလင်းပြင် အစွမ်းပိုင်ရှင် တစ်ယောက် ရှိနေတာဆိုတော့ သိပ်ကို ကောင်းသွားပြီ"
ရန်ရုံဝေကလည်း သတိပြန်ဝင်လာပြီး မျက်နှာပေါ်တွင် ခံစားချက်မျိုးစုံ ပြည့်နှက်နေလျက် လင်းယွမ်အား "မင်းက တကယ်တော့ ဟင်းလင်းပြင် အစွမ်းပိုင်ရှင်လား" ဟု မေးလိုက်သည်။
လင်းယွမ်က ပြုံးကာ ခေါင်းညိတ်ပြလိုက်ပြီး "ဟုတ်တယ်... ဦးလေးရန်... ခင်ဗျားရဲ့ ကျောပိုးအိတ်ကို ကျွန်တော့်ကို ပေးလိုက်လေ" ဟု ပြောလိုက်သည်။
ရန်ရုံဝေက ပါးစပ်ဟကာ ငြင်းဆန်ချင်သော်လည်း နောက်ဆုံးတွင်တော့ မတတ်သာဘဲ ခါးသက်သက် ပြုံးလိုက်ပြီး ကျောပိုးအိတ်ကို လင်းယွမ်ထံ ကမ်းပေးလိုက်သည်။
လင်းယွမ်က ခပ်ဖွဖွ ပြုံးလိုက်ပြီး ၎င်းကို ပစ္စည်းသိုလှောင်ခန်းထဲသို့ ထည့်လိုက်သည်။
အခြားသူများက ကြည့်ရင်း တအံ့တဩ ဖြစ်သွားကြပြီး လင်းယွမ်က မည်ကဲ့သို့ အစွမ်းကို လှုံ့ဆော်ကာ သီးသန့် ဟင်းလင်းပြင်ကို ဖွင့်လိုက်သည်ကို သူတို့ နည်းနည်းလေးမျှ မခံစားလိုက်ရပေ။
လင်းယွမ်က လက်ကို အပေါ်တင်လိုက်သည်နှင့် တိုက်ရိုက် သိမ်းဆည်းသွားသကဲ့သို့ ပင်။
လီရှန်ယန်တို့က အားကျသည့် အရိပ်အယောင်များ ပြသလာကြသည်။
ဤကမ္ဘာပျက်ကပ် ကပ်ဘေးကြီးထဲတွင် ရိက္ခာများကို သိုလှောင်ထားနိုင်သော ဟင်းလင်းပြင် အစွမ်းတစ်မျိုး ရှိနေခြင်းက လူတိုင်း အိပ်မက်မက်နေရသည့် အရာပင် ဖြစ်သည်။
"ဆရာလင်း... ကျွန်တော် သစ်သားဖောင် လှော်ပေးမယ်"
လီရှန်ယန်က ကိုယ်တိုင်ကိုယ်ကျ လှော်တက်ကို ယူလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် ရင်းနှီးသော အပြုံးတစ်ခု ပေါ်နေသည်။
ထိုသို့ပြောရင်း သူက ရန်ဝေဘက်သို့ လှည့်ကြည့်ကာ "ရန်ဝေ... ကြောင်ကြည့်မနေနဲ့လေ... လာကူအုံး" ဟု အော်ပြောလိုက်သည်။
"ဟင်... အော်... ဟုတ်ပြီ... ဟုတ်ပြီ... ဆရာလင်း... ကျွန်တော် လာပြီ... ကျွန်တော် လာပြီ" ရန်ဝေကလည်း အလျင်အမြန် သစ်သားလှော်တက်ကို ကောက်ကိုင်ကာ သစ်သားဖောင်ကို ကူလှော်ပေးလိုက်သည်။
ကျန်နေသည့် ကျန်းရုံရုံကလည်း တိတ်ဆိတ်စွာပင် သစ်သားလှော်တက်ကို ကောက်ယူကာ ကူညီပေးလိုက်သည်။
လီရှန်ယန်က "ရုံရုံ... ငါနဲ့ ရန်ဝေ လှော်လိုက်မယ်... နင် ဟိုဘက်သွားပြီး ရန်မေကို အဖော်လုပ်ပေးလိုက်လေ" ဟု ပြောလိုက်သည်။
"ဒီ ရေပေါ်မှာက သိပ်မလုံခြုံဘူး... နင့် စိတ်စွမ်းအင်က မဆိုးဘူးဆိုတော့ နည်းနည်း ပိုသတိထားကြည့်ပေး"
ကျန်းရုံရုံက ထိုစကားကို ကြားသောအခါ ကြောင်အသွားပြီးနောက် အလျင်အမြန် ခေါင်းညိတ်ပြကာ "အော်... ဟုတ်တာပေါ့... ဟုတ်ကဲ့ပါ" ဟု ပြန်ဖြေလိုက်သည်။
ဤလူသုံးယောက်သည် ယခုအခါတွင် ပုံမှန်မဟုတ်ဘဲ တက်ကြွလှုပ်ရှားနေကြသည်။
လင်းယွမ်နှင့် ရန်မေတို့ အချင်းချင်း အကြည့်ဖလှယ်လိုက်ကြပြီး အသံတိတ် ပြုံးလိုက်ကြသည်။
သစ်သားဖောင်က ရွေ့လျားသွားပြီး မကြာမီ ရေထဲမှ သန္ဓေပြောင်း ဖားတစ်ကောင်က သူတို့ကို မျက်စိကျလာသည်။
လီရှန်ယန်၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားပြီး သတိပေးရန် ပြင်လိုက်စဉ် သန္ဓေပြောင်း ဖား၏ ခေါင်းက ရုတ်တရက် "ဖောင်း" ခနဲ အသံနှင့်အတူ ပေါက်ကွဲသွားသည်ကို မြင်လိုက်ရပြီး ခေါင်းက ချိုင့်ဝင်သွားကာ မျက်လုံးများနှင့် ပါးစပ်ကြီးထဲမှ မည်သည့်အရည်မှန်း မသိသော အရည်များ စီးကျလာသည်။
သူက ချက်ချင်းပင် "ဟင်" ခနဲ အသံထွက်သွားပြီး လင်းယွမ်ကို လှည့်ကြည့်လိုက်သည်။
သို့သော် လင်းယွမ်က လက်နှစ်ဖက်ကို နောက်ပစ်ထားကာ ဘာမှ မလုပ်ထားသကဲ့သို့ ပုံပေါက်နေသည်ကို တွေ့လိုက်ရသည်။
သို့သော် လီရှန်ယန်က ဤသစ်သားဖောင် တစ်ခုလုံးပေါ်တွင် ထိုသန္ဓေပြောင်း ဖားကို အသံတိတ် သတ်ဖြတ်နိုင်သူမှာ ဤဆရာလင်း တစ်ဦးတည်းသာ ရှိကြောင်းကို သိထားသည်။
သူ၏ ရင်ထဲတွင် ထိတ်လန့်သွားသည်... ဤဆရာလင်းက ဟင်းလင်းပြင် အစွမ်းပိုင်ရှင် မဟုတ်ဘူးလား။
ဘာကြောင့် မြေလျှိုးအစွမ်းကို ကျွမ်းကျင်ရုံသာမက အရမ်းအားကောင်းတဲ့ စိတ်စွမ်းအင်ပါ ရှိနေရတာလဲ။
ဟင်းလင်းပြင် အစွမ်းပိုင်ရှင်တွေမှာလည်း စိတ်စွမ်းအင် တိုက်ခိုက်မှု စွမ်းရည်တွေ ရှိနေတာများလား။
သူ့ရဲ့ မြေလျှိုးတဲ့ နည်းလမ်းကလည်း မြေဓာတ် အစွမ်း မဟုတ်ဘဲ တစ်စုံတစ်ရာသော ဟင်းလင်းပြင် စွမ်းရည်ကို အသုံးပြုထားတာများလား။
သူ၏ ခေါင်းထဲတွင် သံသယများ ပြည့်နှက်နေပြီး ဤအရာများက သူ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသဖြင့် သူက ခန့်မှန်း၍ပင် မရနိုင်ပေ။
သို့သော် ယုံမှားသံသယဖြစ်ဖွယ် မရှိသည်မှာ လင်းယွမ်၏ စွမ်းဆောင်ရည်က သူ၏ တွေးထင်ထားမှုထက် အများကြီး သာလွန်နေခြင်းပင် ဖြစ်သည်။
ယခု တစ်ဖက်လူက မိန်တောင်ကို ထိန်းချုပ်တော့မည် ဖြစ်ရာ မိမိကိုယ်တိုင်က မိန်တောင်တွင် ရှိနေသဖြင့် ခေါင်းငုံ့ကာ အညံ့ခံရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပေ။
ထိုအချက်ကို တွေးမိပြီးနောက် သူက အတွေးစများကို ရုပ်သိမ်းလိုက်ကာ သစ်သားဖောင်ကို လှော်ရန်သာ အာရုံစိုက်လိုက်ပြီး ထပ်မတွေးတော့ပေ။
သစ်သားဖောင်က ရေကန်ထဲတွင် အလျင်အမြန် ရွေ့လျားသွားပြီး ဘေးပတ်ဝန်းကျင်မှ မကြာခဏဆိုသလို သန္ဓေပြောင်း ငါးမိစ္ဆာများက ရေပြင်ထက်သို့ ခုန်တက်လာကာ ဝင်ရောက် တိုက်ခိုက်လာကြသည်။
သို့သော် ထိုမိစ္ဆာများ အနားသို့ မရောက်လာခင်မှာပင် တစ်ကောင်ပြီး တစ်ကောင် ခန္ဓာကိုယ်များ ပေါက်ကွဲကာ သေဆုံးသွားကြသည်။
တစ်လမ်းလုံးတွင် လင်းယွမ် လက်လှုပ်လိုက်သည်ကို မတွေ့ရဘဲ အများအားဖြင့် အကြည့်တစ်ချက် ပို့လိုက်ရုံဖြင့် ထိုမိစ္ဆာများ၏ ခေါင်းများ ပေါက်ကွဲသွားကာ ရေကန်ထဲသို့ ပြုတ်ကျသွားကြသည်။
ယုံမှားသံသယဖြစ်ဖွယ် မရှိသည်မှာ ၎င်းက သေချာပေါက် အားကောင်းသော စိတ်စွမ်းအင်ကို အသုံးပြုလိုက်ခြင်းပင် ဖြစ်သည်။
ကျန်းရုံရုံက ရန်မေ၏ ဘေးတွင် ရပ်နေသဖြင့် အရှင်းလင်းဆုံး ခံစားနေရသည်။
လင်းယွမ်၏ ကိုယ်ပေါ်မှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသည့် စိတ်စွမ်းအင်များက ကြောက်မက်ဖွယ်ကောင်းသော စိတ်စွမ်းအင် ရိုက်ခတ်မှု လှိုင်းများကို ဖြစ်ပေါ်စေသည်။
အကယ်၍ မိမိတို့ကို တမင်သက်သက် ရှောင်ကွင်းပေးမထားပါက မိမိတို့ လူစုလည်း ချက်ချင်းပင် ခေါင်းများ ပေါက်ကွဲသွားမည်ကို စိုးရိမ်ရသည်။
ယခုတော့ ယွင်ချွမ်ဘုရားကျောင်းမှ အစွမ်းပိုင်ရှင်များ မည်သို့ သေဆုံးသွားသည်ကို သူမ သိသွားလေပြီ။
ယခင်က ယွင်ချွမ်ဘုရားကျောင်းမှ အသက်ရှင်ကျန်ရစ်သူများ ပြောပြသည်မှာ အလွန် ချဲ့ကားလွန်းသည်ဟုပင် ထင်နေခဲ့သေးသည်။
သို့သော် ယခု ကိုယ်တိုင်ကိုယ်ကျ လင်းယွမ်၏ စိတ်စွမ်းအင် ရိုက်ခတ်မှုကို ခံစားလိုက်ရသောအခါ သူမ၏ လည်ချောင်းများ ခြောက်သွေ့သွားသလို ခံစားရကာ တံတွေးများကို အကြိမ်ကြိမ် မျိုချနေမိသည်။
မိမိ၏ စိတ်စွမ်းအင် အကာအကွယ်ကို ဖွင့်ထားလျှင်တောင် ဤအဆင့်ရှိသော စိတ်စွမ်းအင် ရိုက်ခတ်မှုကို လုံးဝ တားဆီးနိုင်မည် မဟုတ်ဟု သူမ ခံစားလိုက်ရသည်။
လင်းယွမ်၏ စိတ်စွမ်းအင် ပြင်းအားက တကယ်ကို ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
တစ်ဖက်လူ၏ ရှေ့တွင် သူမ၏ စိတ်စွမ်းအင် အကာအကွယ်က စက္ကူဖြင့် လုပ်ထားသည်နှင့် ဘာမှ မကွာခြားလှဟု သူမ ခံစားရသည်။
ထိုအချက်ကို တွေးမိပြီးနောက် သူမက မျက်လွှာချလိုက်ကာ စိတ်နေသဘောထားကို အလုံးစုံ လျှော့ချလိုက်လေတော့သည်။
"ရောက်တော့မယ်... ရောက်တော့မယ်" ဦးလေးရန်က စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်သည်။
၃ မိုင်ခန့်သာ ဝေးသော ရေကန်ပြင်က သိပ်မဝေးလှပေ။
အစွမ်းပိုင်ရှင် နှစ်ဦးက အစွမ်းကုန် လှော်ခတ်နေသဖြင့် အလွန် လျင်မြန်ကာ မကြာမီပင် တစ်ဖက်ကမ်းရှိ ထိုက်ယန်တောင်သို့ ရောက်ရှိသွားသည်။
"ဒုန်း"
သစ်သားဖောင်က မြစ်ကမ်းပါးကို ဝင်တိုက်သွားပြီးနောက် လင်းယွမ်က "ဆင်းကြတော့" ဟု ပြောလိုက်သည်။
သူက ရန်မေကို ပွေ့ချီကာ ကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်ရုံဖြင့် ကမ်းစပ်သို့ ပေါ့ပေါ့ပါးပါး ခုန်တက်သွားလေပြီ။
ကမ်းပေါ်သို့ တက်လိုက်သည်နှင့် ရွှံ့ဗွက်ထနေသော မြက်ခင်းပြင်ထဲမှ မီးခိုးရောင် မြွေတုတ်တုတ်ကြီး တစ်ကောင် ရုတ်တရက် ထွက်လာသည်ကို မြင်လိုက်ရသည်။
ထိုမြွေက လက်ကောက်ဝတ်ခန့် တုတ်ပြီး ချွန်ထက်သော ပါးစပ်နှင့် အစွယ်များ ရှိကာ အလွန် ကြမ်းကြုတ်ခက်ထန်လှသည်။
လင်းယွမ်က လက်ကို ခပ်ဆတ်ဆတ် တစ်ချက် ခေါက်လိုက်ရာ ချက်ချင်းပင် လက်ချောင်းထိပ်မှ လေပြင်းများ ပေါက်ကွဲထွက်လာသည်။
"ဖောင်း"
ထိုမြွေက ချက်ချင်းပင် လက်ချောင်းမှ လေပြင်းများကြောင့် သွေးမြူများအဖြစ် ပေါက်ကွဲသွားပြီး "ဘိုင်း" ခနဲ အသံနှင့်အတူ ကျန်နေသည့် မြွေကိုယ်လုံး တစ်ဝက်က မြေကြီးပေါ်သို့ ကျသွားကာ ဆက်လက် လူးလွန့်နေသေးသည်။
လင်းယွမ်က စိတ်စွမ်းအင်ကို ထုတ်လွှတ်လိုက်ရာ ပေ ၁၆၀ အတွင်း အားလုံးကို ချက်ချင်း အသေးစိတ်ကအစ ရှင်းလင်းစွာ သိမြင်သွားသည်။
အကြီးအသေး စုစုပေါင်း သန္ဓေပြောင်း သတ္တဝါ အကောင်သုံးဆယ်ကျော်ကို အာရုံခံမိလိုက်သည်။
သူ ထွက်သွားသည်မှာ နှစ်ရက်သာ ရှိသေးသော်လည်း ဤနေရာကို သန္ဓေပြောင်း သတ္တဝါများက ထပ်မံ သိမ်းပိုက်သွားပြီ ဖြစ်ပုံရသည်။
သူက ချက်ချင်းပင် စိတ်စွမ်းအင် ရိုက်ခတ်မှုကို တစ်ကြိမ် ထုတ်လွှတ်လိုက်သည်။
"ဝုန်း"
ချက်ချင်းပင် ပေ ၁၆၀ အကွာအဝေး အတွင်း၌ "ဖောင်း... ဖောင်း" ဟူသော တုံးတိတိ အသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။
သန္ဓေပြောင်း သတ္တဝါ တစ်ကောင်ပြီး တစ်ကောင်သည် မျက်နှာပင် မပြရသေးဘဲ ထိုနေရာမှာပင် သေဆုံးသွားကြသည်။
လီရှန်ယန်တို့ ကမ်းပေါ်သို့ ခုန်တက်လာချိန်အထိပင် ခံစားနေကြရဆဲ ဖြစ်သည်။
"ထိုက်ယန်တောင်ရဲ့ ဂေဟစနစ်က မိန်တောင်ဘက်ထက် အများကြီး ပိုကောင်းနေသလိုပဲ... ကမ်းပေါ်တက်လာတာတောင် သန္ဓေပြောင်း သားရဲတွေ သိပ်မရှိဘူး"
"ဟုတ်တယ်... သန္ဓေပြောင်း မြွေဟောက် တစ်ကောင်ပဲ ရှိတာ" ရန်ဝေက မနေနိုင်ဘဲ ပြောလိုက်သည်။
ဘေးရှိ ကျန်းရုံရုံက ဆက်နားမထောင်နိုင်တော့ဘဲ လင်းယွမ်ကို အားနာပါးနာ တစ်ချက် ကြည့်လိုက်ပြီးနောက် လီရှန်ယန်နှင့် ရန်ဝေတို့ကို အမြန် တိုးတိုးလေး ဆွဲလိုက်ကာ "မရှိတာ မဟုတ်ဘူး... စောစောက ဆရာလင်း လက်စွမ်းပြလိုက်လို့" ဟု ခပ်သွက်သွက် ပြောလိုက်သည်။
"စောစောက အနီးအနားမှာ အနည်းဆုံး သန္ဓေပြောင်း သတ္တဝါ ခုနစ်ကောင် ရှစ်ကောင်လောက်ရဲ့ သက်ရှိလှိုင်းတွေကို ငါ အာရုံခံမိတယ်... ဒါပေမဲ့ ဆရာလင်းရဲ့ စိတ်စွမ်းအင် ဖြတ်သွားပြီးတဲ့နောက်မှာ ဘာလှုပ်ရှားမှုမှ မရှိတော့ဘူး"
လီရှန်ယန်က ချက်ချင်း ကြောင်သွားပြီးနောက် ရှက်ကိုးရှက်ကန်း ပြုံးလိုက်ကာ "ဪ... ဒီလိုကိုး... ဆရာလင်းပီသပါပေတယ်... ဟားဟား" ဟု ပြောလိုက်သည်။
ရန်ဝေကလည်း ဟက်ဟက်ပက်ပက်ဖြင့် နှစ်ချက်မျှ ရယ်မောလိုက်သည်။
လင်းယွမ်က ဤမျှ အသေးအဖွဲ ကိစ္စလေးကို ဂရုမစိုက်ဘဲ ရှေ့သို့သာ ဆက်လျှောက်သွားကာ "သွားရအောင်" ဟု ပြောလိုက်သည်။
လူတိုင်းက သူ၏ ခြေလှမ်းများနောက်သို့ အလျင်အမြန် လိုက်သွားကြသည်။
ခန့်မှန်းခြေ ပေ ၆၀ ကျော် ရှေ့သို့ လျှောက်သွားပြီးနောက် လင်းယွမ်၏ ခြေလှမ်းများက ရုတ်တရက် ရပ်တန့်သွားသည်။
လီရှန်ယန်တို့လည်း အလျင်အမြန် ရပ်လိုက်ကြပြီး သံသယဖြစ်နေသော မျက်နှာထားများ ပေါ်လာကြသည်။
"ဘာဖြစ်လို့လဲ ဆရာလင်း"
လင်းယွမ်က လီရှန်ယန်ကို တစ်ချက် ကြည့်လိုက်ပြီး မလှမ်းမကမ်းရှိ ရွှံ့ဗွက်အိုင် တစ်ခုကို လက်ညှိုးထိုးပြကာ "ဟိုတစ်ခေါက်က အဲဒီ ရွှံ့ဗွက်အိုင်ဘေးက မြက်ခင်းထဲမှာ ကျောပိုးအိတ်နဲ့ အလောင်းကို တွေ့ခဲ့တာ... ခင်ဗျား သွားကြည့်ဦးမလား" ဟု မေးလိုက်သည်။
လီရှန်ယန်က ထိုစကားကို ကြားသောအခါ ချက်ချင်းပင် မျက်နှာ အသွင်အပြင် ပြောင်းလဲသွားသည်။
ထို့နောက် သူက ရွှံ့ဗွက်အိုင်ဘက်သို့ ခြေလှမ်းကျဲကြီးများဖြင့် ပြေးသွားကာ အနီးအနားတွင် အမြန် ရှာဖွေလေတော့သည်။
ရန်ဝေက ထိုအခြေအနေကို မြင်သောအခါ "ဆရာလင်း... ကျွန်တော် သွားကူလိုက်ဦးမယ်" ဟု ပြောလိုက်သည်။
လင်းယွမ်က ခေါင်း အနည်းငယ် ညိတ်ပြလိုက်မှ ရန်ဝေကလည်း အမြန် ပြေးသွားလေသည်။
ကျန်းရုံရုံက မြင်သောအခါ နှုတ်ခမ်းကို ကိုက်လိုက်ပြီး လင်းယွမ်ကို ကြည့်ကာ "ဆရာလင်း... ကျွန်မလည်း သွားကူလိုက်ဦးမယ်" ဟု ပြောလိုက်သည်။
"အင်း"
သူတို့ သုံးယောက် အတူတူ ရှာဖွေကြရာ မကြာမီမှာပင် ရန်ဝေက ရုတ်တရက် "အစ်ကိုရှန်ယန်... ကျွန်တော် တွေ့ပြီ" ဟု အော်ပြောလိုက်သည်။
လီရှန်ယန်က ကြားသောအခါ မြက်တောထဲမှ ရုတ်တရက် ထွက်လာပြီး အမြန် ပြေးလာသည်။
ထို့နောက် ကျောပိုးအိတ် တစ်လုံး မြက်တောထဲတွင် ပစ်ချခံထားရသည်ကို မြင်လိုက်ရပြီး ကျောပိုးအိတ်ထဲမှ ပစ္စည်းများကို တစ်ယောက်ယောက်က မွှေနှောက် ရှာဖွေထားပုံရသည်။
သူက ကျောပိုးအိတ်ကို ကြည့်လိုက်ပြီး မျက်လုံးအစုံက ချက်ချင်း နီရဲလာသည်။
"ဝေဝေ..."
ကျန်းရုံရုံလည်း ပြေးလာပြီး "အစ်ကိုရှန်ယန်... သေချာလား" ဟု မနေနိုင်ဘဲ မေးလိုက်သည်။
လီရှန်ယန်က ကျောပိုးအိတ်ကို ကောက်ယူကာ "သူ့အိတ်ပဲ... ငါ သူ့အိတ်ကို မှတ်မိတယ်... ဒါက သူ အကြိုက်ဆုံး ဒီဇိုင်းပဲ" ဟု တိုးတိုးလေး ပြောလိုက်သည်။
သူက ကျောပိုးအိတ်ပေါ်မှ လီနာဘဲလ် ချိတ်ဆွဲလေး တစ်ခုကို ဖြုတ်ယူလိုက်ပြီး မျက်ရည်ဝဲကာ "ဒါက ငါနဲ့သူ ဒစ္စနေလန်း သွားတုန်းက ငါ သူ့ကို ဝယ်ပေးခဲ့တဲ့ လက်ဆောင်လေးလေ" ဟု ပြောလိုက်သည်။
ထိုနေရာသို့ ရောက်သောအခါ သူ၏ မျက်ရည်များက နောက်ဆုံးတွင်တော့ တားဆီးမရအောင် စီးကျလာပြီး သူ၏ မျက်နှာပေါ်တွင် နာကျင်ခံစားနေရသော အရိပ်အယောင်များ အပြည့်အဝ ပေါ်လွင်နေသည်။
အထဲရှိ အဝတ်အစားများကို လှန်ကြည့်လိုက်ရာ အားလုံးက ကလေးဘဝကတည်းက အတူကြီးပြင်းလာခဲ့သူ ဝတ်ဆင်ဖူးသော အဝတ်အစားများချည်း ဖြစ်နေသည်။
သူ၏ မျက်ဝန်းထဲတွင် မျက်ရည်များ ပြည့်လျှံနေသည်။
ရန်ဝေက ခေါင်းငုံ့လိုက်ပြီး ရန်ဝေဝေဟု ခေါ်သော ထိုမိန်းကလေးကို သတိရသွားကာ မျက်ရည်ဝဲလာမိသည်။
သူတို့အားလုံးက ရွာတစ်ရွာတည်းမှ ဖြစ်ကြပြီး ငယ်စဉ်ကတည်းက သိကျွမ်းခဲ့ကြခြင်း ဖြစ်သည်။
ကျန်းရုံရုံက ကြည့်ရင်း ရင်ထဲတွင် မကောင်းသဖြင့် "အစ်ကိုရှန်ယန်... အနီးအနားမှာ အလောင်းကို ရှာကြည့်ဦးမလား... သူ့ကို မြေမြှုပ်သင်္ဂြိုဟ်ပေးလိုက်ရအောင်လေ" ဟု တိုးတိုးလေး ပြောလိုက်သည်။
လီရှန်ယန်က ထိုစကားကို ကြားသောအခါ မနေနိုင်ဘဲ ခေါင်းမော့ကာ ကျန်းရုံရုံကို ကြည့်လိုက်သည်။
ကျန်းရုံရုံက သူ့ကို ခေါင်းညိတ်ပြလိုက်သဖြင့် သူက လေကို ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး "နင်ပြောတာ မှန်တယ်... သူ သက်ရှိထင်ရှား ရှိနေတုန်းက ငါ သူ့ဘေးမှာ နေပြီး သူ့ကို မကာကွယ်ပေးနိုင်ခဲ့ဘူး" ဟု ပြောလိုက်သည်။
"အခု သူ သေသွားပြီဆိုတော့ တောထဲမှာ သူ့အလောင်းကို ဒီအတိုင်း ပစ်မထားနိုင်ဘူး"
ရန်ဝေက ချက်ချင်းပင် "အစ်ကိုရှန်ယန်... ကျွန်တော် အစ်ကိုနဲ့ အတူတူ ရှာပေးမယ်" ဟု ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်ကွာ"
ထို့နောက် သူတို့ သုံးယောက်က ချက်ချင်းပင် လူစုခွဲကာ အရိုးများကို ရှာဖွေကြလေတော့သည်။
ရန်မေက ဤမြင်ကွင်းကို မြင်သောအခါ မနေနိုင်ဘဲ လင်းယွမ်ကို ကြည့်ကာ "မောင်လေး... အဲဒီ ကျောပိုးအိတ် ပိုင်ရှင်ရဲ့ အရိုးတွေ ဘယ်မှာရှိလဲဆိုတာ မောင်လေး သိလား" ဟု မေးလိုက်သည်။
လင်းယွမ်က ခေါင်း အနည်းငယ် ခါယမ်းလိုက်ပြီး "မသိဘူး... အဲဒီတုန်းက ကျောပိုးအိတ်ကို ရွှံ့ဗွက်အိုင် အနီးအနားမှာ တွေ့ခဲ့တာ... အဲဒီ ရွှံ့ဗွက်အိုင်ထဲမှာတော့ အရိုးစု တချို့ ရှိပေမဲ့ အားလုံးက ပုပ်သိုးပြီး အရိုးတွေပဲ ကျန်တော့တာဆိုတော့ ကျောပိုးအိတ် ပိုင်ရှင် ဟုတ်မဟုတ် မသိနိုင်တော့ဘူး" ဟု ဖြေလိုက်သည်။
ရန်မေက ထိုစကားကို ကြားသောအခါ သက်ပြင်း တစ်ချက် ချလိုက်မိသည်။
ဘေးရှိ ရန်ရုံဝေကလည်း မိမိ၏ ဇနီးကို သတိရသွားသည်။
မရေမတွက်နိုင်သော အရိုးစုများ ပုံနေသည့် အလောင်းပုံကြီးထဲတွင် မည်သည့် အရိုးစုက သူ၏ ဇနီး ဖြစ်သည်ကိုလည်း ခွဲခြား၍ မရနိုင်တော့ပေ။
သူက လီရှန်ယန်၏ ယခုအချိန်ရှိ ခံစားချက်ကို ကိုယ်ချင်းစာနိုင်ပြီး မျက်ဝန်းထဲတွင် ဝမ်းနည်းရိပ်များ ပေါ်လာသည်။
လင်းယွမ်က အခြေအနေ မကောင်းသည်ကို မြင်သောအခါ "တကယ်တော့ ရှာမတွေ့တာလည်း ကောင်းပါတယ်... ဒီ ရန်ဝေဝေက သေမသွားဘဲ ထွက်ပြေးနေရင်းနဲ့ ကမန်းကတန်း ကျောပိုးအိတ်ကို ပစ်ချသွားတာလည်း ဖြစ်နိုင်တာပဲလေ" ဟု ပြောလိုက်သည်။
"အလောင်းကို ရှာမတွေ့သရွေ့တော့ သူ့ကို အသက်ရှင်လျက် ပြန်တွေ့ဖို့ မျှော်လင့်ချက် ရှိသေးတယ် မဟုတ်လား"
ရန်မေက ထိုစကားကို ကြားသောအခါ ခေါင်းညိတ်လိုက်မိသည်။
ဦးလေးရန်က ဘေးမှနေ၍ "ဟုတ်တယ်... ကမ္ဘာပျက်ကပ်ကြီးက လုံလောက်အောင် ခက်ခဲနေပြီ... လူတွေကလေ မျှော်လင့်ချက်လေး တစ်စက်လေးမှ မရှိတော့ဘူးဆိုရင် အသက်ဆက်ရှင်ချင်စိတ်တောင် ပျောက်သွားမှာပဲ" ဟု သက်ပြင်းချကာ ပြောလိုက်သည်။
ရန်ရုံဝေ၏ စိတ်ထဲတွင် တုန်လှုပ်သွားပြီး မိမိကိုယ်ကိုယ် သတိရသွားမိသည်။
အစက ဇနီးကို ရှာရန် မဟုတ်ခဲ့လျှင် သူက စောစောကတည်းက အသက်မရှင်ချင်တော့ပေ။
နောက်ပိုင်း ဇနီး သေဆုံးသွားနိုင်ကြောင်းကို သိလိုက်ရချိန်တွင် သူက တကယ်ကို အကြိမ်ကြိမ် အရူးတစ်ယောက်လို အပြင်ထွက်ချင်နေခဲ့ပြီး တကယ်တမ်းတွင်မူ မိမိကိုယ်ကို သေကြောင်းကြံကာ လီခွေရုံတို့နှင့်အတူ သေပွဲဝင်ရန် စိတ်ကူး ရှိနေခဲ့ခြင်း ဖြစ်သည်။
သမီးဖြစ်သူ ရန်မေ ပြန်ရောက်လာချိန်မှ သူက အသက်ဆက်ရှင်ရမည့် မျှော်လင့်ချက်နှင့် အဓိပ္ပာယ်ကို ပြန်လည် တွေ့ရှိသွားသကဲ့သို့ ဖြစ်သွားသည်။
ဇနီးသည် သေဆုံးမှု သတင်းကို တကယ်တမ်း သိလိုက်ရလျှင်ပင် သူက တောင့်ခံထားနိုင်ခဲ့သည်။
လူဆိုသည်မှာ တကယ်ကို ထူးဆန်းအံ့သြဖွယ်ကောင်းသော သတ္တဝါများ ဖြစ်ပြီး အသက်ရှင်သန်ရန်အတွက် အစားအစာနှင့် ရေ အရင်းအမြစ်များ လိုအပ်ရုံသာမက တကယ်တမ်းတွင် မျှော်လင့်ချက်နှင့် ယုံကြည်ချက်လည်း လိုအပ်ပေသည်။
ထိုအချက်ကို တွေးမိပြီးနောက် ရန်ရုံဝေ၏ အမြဲတမ်း စိတ်ကျနေခဲ့သော စိတ်အခြေအနေက ရုတ်တရက် အနည်းငယ် သက်သာသွားပြီး တစ်ခုခုကို ချက်ချင်း တွေးပေါက်သွားသကဲ့သို့ ဖြစ်သွားသည်။
သူက သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပြီး မျက်နှာပေါ်ရှိ နာကြည်းမုန်းတီးမှုများ ပြည့်နှက်နေသော မျက်မှောင်ကြုတ်မှုများက အနည်းငယ် ပြေလျော့သွားကာ လင်းယွမ်ဘက်သို့ လှည့်၍ "ငါ သွားပြီး သူတို့နဲ့ အတူတူ ကူရှာပေးလိုက်ဦးမယ်" ဟု ပြောလိုက်သည်။
လင်းယွမ်က သူ၏ မျက်နှာသွင်ပြင်ကို သေချာ ကြည့်လိုက်ပြီးနောက် ရုတ်တရက် ပြုံးလိုက်ကာ ခေါင်းညိတ်၍ "ကျွန်တော်တို့ အတူ သွားကြတာပေါ့" ဟု ပြောလိုက်သည်။
ရန်မေက မြင်သောအခါ ဘာဖြစ်သွားမှန်း နားမလည်သော်လည်း ဖခင်၏ ထူးခြားချက်ကို သူမက သိသာစွာ ခံစားလိုက်ရသည်။
သူမက ဖခင်ကို သံသယဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက် လင်းယွမ်ကိုလည်း တစ်ချက် ကြည့်လိုက်သည်။
လင်းယွမ်က သူမ၏ ခါးလေးကို ပုတ်လိုက်ပြီး "သွားရအောင်... အတူတူ သွားရှာကြမယ်" ဟု ပြောလိုက်သည်။
ရန်မေက ခေါင်းညိတ်ပြကာ "အင်း" ဟု ပြန်ဖြေလိုက်သည်။
ထို့နောက် လူအနည်းငယ်ကလည်း ရှာဖွေရေးအဖွဲ့ထဲသို့ ဝင်ရောက်လာကြသည်။
ရန်မေနှင့် လင်းယွမ်တို့ လူစုမခွဲဘဲ အတူတူ ရှာဖွေနေကြပြီး ရန်ရုံဝေ အဝေးသို့ ထွက်သွားသည်ကို မြင်သောအခါ သူမက သံသယဖြင့် "အဖေက ဘာဖြစ်သွားတာလဲ" ဟု မေးလိုက်သည်။
လင်းယွမ်က ပြုံးကာ "အတွေးပေါက်သွားတာ ဖြစ်မှာပါ" ဟု ဖြေလိုက်သည်။
"အတွေးပေါက်သွားတာ"
"ဟုတ်တယ်... သူက အမ အမေ ကိစ္စကြောင့် အမြဲတမ်း စိတ်ထဲမှာ မငြိမ်းချမ်းဖြစ်နေတာ... ရင်ထဲမှာ အဖုအထစ်တစ်ခု ဖြစ်နေပြီး ဖြေဖျောက်လို့ မရဖြစ်နေခဲ့တာ"
ရန်မေက ထိုစကားကို ကြားသောအခါ ထူးဆန်းသလိုဖြင့် "ဒါပေမဲ့ စောစောက သူက ဘယ်လိုလုပ် ရုတ်တရက်ကြီး ဖြေဖျောက်သွားနိုင်တာလဲ" ဟု မေးလိုက်သည်။
"ဘာဖြစ်လို့လဲဆိုတော့ အသက်ရှင်နေတဲ့သူတွေက အမြဲတမ်း ဆက်ရှင်သန်နေရမှာမို့လို့လေ"
လင်းယွမ်က ကောင်းကင်ကြီးကို မော့ကြည့်ကာ "မိုးက အဆက်မပြတ် ရွာနေပေမဲ့ အချိန်တွေက ဆက်သွားနေတာပဲ... ငါတို့လည်း အမြဲတမ်း ရှေ့ဆက်နေရမှာပဲ" ဟု ပြောလိုက်သည်။
"ငါတို့မှာ ဂရုစိုက်ရမယ့်သူတွေ၊ ဂရုစိုက်ရမယ့် ကိစ္စတွေ ရှိနေသေးတယ်ဆိုရင် ဘဝက ဒါကြောင့်ကို အဓိပ္ပာယ် ရှိနေဦးမှာပဲ"
"အဓိပ္ပာယ်ရှိတဲ့ ဘဝကမှ တကယ် ရှင်သန်နေတာလို့ ခေါ်တာပေါ့"
ရန်မေက တွေးတောနေပုံရပြီး ဖခင်၏ လက်တစ်ဖက်တည်း ကျန်တော့သော ကျောပြင်ကို ကြည့်လိုက်ကာ ရုတ်တရက် လင်းယွမ်ဘက်သို့ လှည့်ကြည့်ပြီး သူ၏ လက်မောင်းကို ဖက်တွယ်ကာ "အမ ဘဝရဲ့ အဓိပ္ပာယ်က အများကြီး ရှိတယ်နော်" ဟု ပြောလိုက်သည်။
လင်းယွမ်က ရယ်မောလိုက်ပြီး "ဟုတ်လား... ပြောပြပါဦး" ဟု မေးလိုက်သည်။
"အရင်က အဖေ့ကို ရှာမတွေ့ခင်တုန်းကဆိုရင် အမက မောင်လေးနဲ့ အတူတူ အမြဲတမ်း နေသွားချင်တာ... အမတို့ ချစ်စရာ ကလေးလေး တစ်ယောက် ယူကြမယ်... ဘယ်လောက် ကြီးမားတဲ့ ကပ်ဘေးကြီးပဲ လာလာ အမ ရင်ဆိုင်ရဲတဲ့ သတ္တိ ရှိတယ်"
"အခု အဖေ့ကို ရှာတွေ့သွားပြီဆိုတော့ အမမှာ နောက်ထပ် မျှော်လင့်ချက် တစ်ခု တိုးလာပြီ... အဲဒါက သူ့ကို ပြုစုစောင့်ရှောက်ပေးဖို့ပဲ"
"နောက်ကျရင် ကလေး ရလာပြီဆိုရင် အမရဲ့ မျှော်လင့်ချက်တွေက ပိုပိုပြီး များလာတော့မှာ... သူ ကြီးပြင်းလာမယ့် အချိန်ကို စောင့်မျှော်ချင်တယ်... သူ ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာတာကို ကြည့်ချင်တယ်"
"သူ သဘောကျတဲ့ ကောင်မလေးကို ရှာတွေ့ပြီး အမကို ခေါ်လာပြတာကိုလည်း ကြည့်ချင်သေးတယ်"
"ဒီ ကမ္ဘာကြီးက နောက်ဆုံး ဘယ်လို ဖြစ်သွားမလဲဆိုတာကိုလည်း ကြည့်ချင်သေးတယ်... ဒီ မိုးကရော ဘယ်အချိန်အထိ ရွာနေဦးမလဲဆိုတာကိုပေါ့"
"အို... အမ ရုတ်တရက် ခံစားမိသွားတယ်... အမက နည်းနည်းလေးတောင် မသေချင်ဘူး ထင်ပါရဲ့... အမြဲတမ်း အသက်ရှင်ချင်တယ်... မောင်လေးနဲ့ အတူတူ ပျော်ပျော်ရွှင်ရွှင် အသက်ရှင်သွားချင်တယ်"
လင်းယွမ်က သူမ တီးတိုးရေရွတ်နေသည်ကို ကြားသောအခါ မျက်နှာပေါ်တွင် အပြုံးများ ပြည့်နှက်နေသည်။
၎င်းက လူသားများပင် ဖြစ်ပေလိမ့်မည်။
ရှင်သန်ခြင်းက တစ်ခုတည်းသော အရာ မဟုတ်ဘဲ အသက်မဲ့နေသော ရုပ်အလောင်းများကဲ့သို့ အသက်ရှင်နေခြင်းမျိုး မဟုတ်ပေ။
မိမိတို့ လူတိုင်းတွင် ကိုယ်ပိုင် မျှော်လင့်ချက်များ ရှိနေမှသာ အဓိပ္ပာယ်ရှိစွာ အသက်ရှင်သန်နိုင်မည် ဖြစ်သည်။
လူအနည်းငယ်က တောအုပ်ထဲတွင် တစ်ပတ်မျှ ရှာဖွေလိုက်ကြပြီးနောက် အရိုးစု အနည်းငယ်ကို ရှာတွေ့ခဲ့သော်လည်း မည်သူမည်ဝါမှန်း လုံးဝ ခွဲခြား၍ မရနိုင်တော့ပေ။
လီရှန်ယန်က ထိုအရိုးစုများ အားလုံးကို တစ်ပေါင်းတည်း မြေမြှုပ်သင်္ဂြိုဟ်ပေးလိုက်သည်။
မည်သည့် အရိုးစုက ရန်ဝေဝေ ဖြစ်ကြောင်းကို သူ ခွဲခြားမသိနိုင်သော်လည်း ထိုအထဲမှ တစ်ခုခုက ရန်ဝေဝေ ဖြစ်နေမည်ကိုလည်း စိုးရိမ်နေမိသည်။
ထို့ကြောင့် ဤနည်းလမ်းကိုသာ အသုံးပြုနိုင်တော့ပြီး အားလုံးကို ဤနေရာတွင် အတူတကွ သင်္ဂြိုဟ်ပေးလိုက်ခြင်း ဖြစ်သည်။
ရိုးရှင်းသော သင်္ချိုင်းဂူ တစ်ခုကို ပြုလုပ်ပြီးနောက် လီရှန်ယန်က သင်္ချိုင်းဂူများဘက်သို့ လှည့်ကာ အရိုအသေပေးလိုက်ပြီး မျက်ရည်ဝဲကာ "ကွယ်လွန်သွားသူ အပေါင်းတို့... ခင်ဗျားတို့က ဘယ်သူတွေလဲဆိုတာ ကျွန်တော် မသိပါဘူး... ဒီနေ့ ခင်ဗျားတို့ရဲ့ အရိုးတွေကို ကောက်ယူ သင်္ဂြိုဟ်ပေးလိုက်တာက ခင်ဗျားတို့ဆီက ကျေးဇူးဆပ်ဖို့ မျှော်လင့်လို့ မဟုတ်ပါဘူး... တကယ်လို့ တမလွန်ကိုရောက်တဲ့အခါ ရန်ဝေဝေဆိုတဲ့ မိန်းကလေး တစ်ယောက်နဲ့ တွေ့ခဲ့ရင် သူ့ကို များများ စောင့်ရှောက်ပေးဖို့ပဲ တောင်းဆိုချင်ပါတယ်" ဟု ပြောလိုက်သည်။
"ကျွန်တော် လီရှန်ယန် အသက်ရှင်နေသရွေ့ နှစ်တိုင်း ခင်ဗျားတို့ကို လာရောက် ကန်တော့ပါ့မယ်"
ကျန်းရုံရုံနှင့် ရန်ဝေတို့ကလည်း ဘေးတွင် ရပ်လျက် မျက်ရည်များ သုတ်နေကြသည်။
သူတို့ ကန်တော့ပြီးသွားသောအခါမှ လင်းယွမ်က "သွားကြရအောင်... အချိန် မစောတော့ဘူး" ဟု ပြောလိုက်သည်။
လီရှန်ယန်တို့က ခေါင်းညိတ်လိုက်ကြပြီး မျက်ရည်များကို သုတ်ကာ လင်းယွမ်နောက်သို့ လိုက်၍ ထိုက်ယန်တောင် ခိုလှုံရေးစခန်းသို့ ဆက်လက် ထွက်ခွာသွားကြသည်။
တစ်လမ်းလုံး ရှေ့သို့ ဆက်သွားကြရာ ထိုက်ယန်တောင် ခိုလှုံရေးစခန်းဘက်သို့ သွားလေလေ အနီးအနားတွင် သန္ဓေပြောင်း သားရဲများ တွေ့ရနည်းလေလေ ဖြစ်သည်။
ဤအချက်က ရန်ရုံဝေတို့ကို အနည်းငယ် ထူးဆန်းအံ့သြဖွယ်ကောင်းသည်ဟု ခံစားရစေသည်။
ရန်ရုံဝေက မနေနိုင်ဘဲ "ဒီနားမှာ ဘာဖြစ်လို့ သန္ဓေပြောင်း သားရဲတွေ မတွေ့ရတာလဲ" ဟု မေးလိုက်သည်။
လီရှန်ယန်ကလည်း ထူးဆန်းသလိုဖြင့် "ဟုတ်တယ်... ထိုက်ယန်တောင်ဘက်က သန္ဓေပြောင်း သားရဲတွေက မိန်တောင်ဘက်ထက် အများကြီး ပိုနည်းနေသလိုပဲ" ဟု ပြောလိုက်သည်။
လင်းယွမ်က စကားမပြောသော်လည်း ဦးလေးရန်က တဟားဟား ရယ်မောလိုက်လေပြီ။
"မင်းတို့က မသိလို့... ထိုက်ယန်တောင်ဘက်မှာ ကင်းလှည့်အဖွဲ့တွေက နေ့တိုင်း တောင်ကို ကင်းလှည့်ပြီး သန္ဓေပြောင်း သားရဲတွေကို မောင်းထုတ်ကြရုံတင် မကဘူး... ခိုလှုံရေးစခန်းမှာ မုဆိုးအဖွဲ့တွေလည်း ရှိတယ်... သူတို့က အဖွဲ့လိုက် ဖွဲ့ပြီး အမှတ်တွေ ရဖို့ အမဲလိုက် ထွက်ကြတာလေ"
"ဒီ ထိုက်ယန်တောင်ပေါ်မှာ ဆရာလင်းက တချို့ မျိုးစိတ်တွေကို ချန်ထားဖို့ တကူးတက သတိပေးမထားဘူးဆိုရင် သန္ဓေပြောင်း သားရဲတွေ အကုန်လုံး သုတ်သင်ခံလိုက်ရလောက်ပြီ"
လူတိုင်းက ချက်ချင်းပင် အံ့ဩသွားသည့် အရိပ်အယောင်များ ပေါ်လာကြသည်။
ထိုက်ယန်တောင် ခိုလှုံရေးစခန်းက ဒီလောက် ကြီးမားတဲ့ စနစ် ရှိတာလား... တောင်ကို ကင်းလှည့်ပြီး အမဲလိုက်ဖို့ဆိုတာ လူဘယ်လောက်တောင် လိုအပ်မှာလဲ။
လီရှန်ယန်က အလွန် အရေးကြီးသော စကားလုံး တစ်လုံးကို ဖမ်းမိသွားပြီး အလျင်အမြန် "အမှတ်ဆိုတာ ဘာလဲ... ထိုက်ယန်တောင်က လူတွေက အမှတ်တွေ လဲဖို့အတွက် အမဲလိုက်ကြတာလား" ဟု မေးလိုက်သည်။
ဦးလေးရန်က ပြုံးကာ "အမှတ်ဆိုတာ ငါတို့ ထိုက်ယန်တောင် ခိုလှုံရေးစခန်းရဲ့ ငွေကြေး စနစ်လေ... ထိုက်ယန်တောင် ခိုလှုံရေးစခန်းမှာ ဘာလုပ်လုပ် အမှတ်တွေ လိုတယ်" ဟု ဖြေလိုက်သည်။
"ပစ္စည်းဝယ်တာ၊ ထမင်းစားတာ၊ ဖျော်ဖြေရေး၊ တည်းခိုတာ အားလုံး အမှတ်တွေ လိုတယ်"
"ငါတို့ ဒီမှာက အမှတ်ကိုပဲ အသိအမှတ်ပြုတာ"
"ဒါနဲ့... မင်းတို့ နောက်ကျရင် ဈေးဝယ်စင်တာကို သွားချင်တယ်ဆိုရင် လက်ထဲမှာ အမှတ် မရှိရင် မရဘူးနော်... အမှတ် နည်းနည်း သွားလဲဖို့ သေချာ မှတ်ထား... မဟုတ်ရင် မင်းတို့ ကြည့်ပဲ ကြည့်နေရပြီး ဘာမှ ဝယ်လို့ရမှာ မဟုတ်ဘူး"
လီရှန်ယန်တို့ လူအနည်းငယ်က အလွန် အံ့ဩသွားကြပြီး ဤဈေးဝယ်စင်တာဆိုသည်ကို အလွန် စူးစမ်းချင်စိတ် ဖြစ်ပေါ်လာကြသည်။
ကျန်းရုံရုံက မနေနိုင်ဘဲ "ဆရာလင်း... ဈေးဝယ်စင်တာထဲမှာ တကယ်ပဲ ရေကြီးတဲ့ ကပ်ဘေးမတိုင်ခင်က စူပါမားကတ်တွေလိုပဲလား... ဘာပစ္စည်းမဆို ရှိတာလား" ဟု မေးလိုက်သည်။
လင်းယွမ်က သူမကို တစ်ချက် ကြည့်လိုက်ပြီး "မင်း ဘာလိုချင်လို့လဲ" ဟု မေးလိုက်သည်။
"ခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာရည်၊ ဆပ်ပြာ၊ မျက်နှာသစ်ဆေး၊ ပြီးတော့... ပြီးတော့ အသားအရေ ထိန်းသိမ်းတဲ့ ပစ္စည်းတွေရော..."
သူမက အလျင်အမြန် မေးမြန်းလိုက်ပြီး ပြောနေရင်းနှင့် အားလုံးက မိမိကို ကြည့်နေသည်ကို မြင်သောအခါ ချက်ချင်း အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားကာ အသံကလည်း ပိုပို၍ တိုးဝင်သွားသည်။
လင်းယွမ်က ပြုံးလိုက်ပြီး "မင်း ပြောတာတွေ အကုန်ရှိတယ်... နည်းနည်းနောနောတောင် မဟုတ်ဘူး" ဟု ပြောလိုက်သည်။
ရန်မေကလည်း ပြုံးကာ "ရုံရုံ... နင်က အသားအရေ ထိန်းသိမ်းတဲ့ ပစ္စည်းတွေ လိုချင်တာလား... အဲဒီအချိန်ကျရင် ငါ နင့်ကို လျှော့ဈေးနဲ့ ပေးပါ့မယ်... အဲဒီဟာတွေကို ဝယ်တဲ့သူ သိပ်မရှိဘူးလေ... အားလုံးက ဆန်၊ ဂျုံ၊ ဆီ၊ စားနပ်ရိက္ခာတွေကို ပိုပြီး သုံးစွဲကြတာဆိုတော့" ဟု ပြောလိုက်သည်။
ထိုစကားက မမှားပေ။ ထိုက်ယန်တောင် ခိုလှုံရေးစခန်းတွင် အမျိုးသားများသာ အများစု ဖြစ်သည်။
အသားအရေ ထိန်းသိမ်းသည့် ပစ္စည်းမျိုးက အဓိကအားဖြင့် လူငယ် အမျိုးသမီးများသာ အသုံးပြုကြခြင်း ဖြစ်သည်။
ကျွမ်းရှုယွမ်၊ ဟွမ်ဟန်၊ ကောက်ကျဲ၊ ဟန်ရှန်းမန် တို့ကဲ့သို့ လူများက အနည်းငယ် ဝယ်ယူကြသည်။
ထို့ပြင် သူတို့က အစွမ်းပိုင်ရှင်များ ဖြစ်ကြသဖြင့် အသားအရေ အခြေအနေက သာမန်လူများထက် အများကြီး ပိုကောင်းနေပြီး ဤဘက်ပိုင်း လိုအပ်ချက်က တကယ်တမ်းတွင် သိပ်မမြင့်မားလှပေ။
ဟွမ်ဟန်၊ ဟန်ရှန်းမန်၊ ကောက်ကျဲတို့ပင်လျှင် မကြာခဏ ကင်းလှည့်ကာ တာဝန်ထမ်းဆောင်ရန် ထွက်ရသဖြင့် ပြင်းထန်သော ရနံ့များ ပါဝင်သည့် မိတ်ကပ်ကဲ့သို့သော ပစ္စည်းများကို လိမ်းကျံ၍ မရနိုင်ပေ။
ထို့ကြောင့် အမြဲတမ်းလိုလို ဈေးဝယ်စင်တာထဲရှိ မိတ်ကပ်များ၊ အသားအရေ ထိန်းသိမ်းသည့် ပစ္စည်းများက သိပ်ရောင်းမကောင်းလှပေ။
ဆန့်ကျင်ဘက်အနေဖြင့် ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ သွားတိုက်ဆေး ကဲ့သို့သော တစ်ကိုယ်ရေ သန့်ရှင်းရေး သုံးစွဲသည့် ပစ္စည်းများကိုမူ လူအများအပြား ဝယ်ယူကြဆဲ ဖြစ်သည်။
ကျန်းရုံရုံက မနေနိုင်ဘဲ "ဟင်... အားလုံးက အဲဒါတွေကို မဝယ်ကြဘူးလား... ဘာဖြစ်လို့လဲ" ဟု မေးလိုက်သည်။
ရန်မေက သူမကို ရှင်းပြလိုက်မှ ကျန်းရုံရုံက သဘောပေါက်သွားလေသည်။
သူမက အလျင်အမြန် "ဒါဆို ကျွန်မလည်း ရနံ့မွှေးဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ မျက်နှာသစ်ဆေး ဘာညာ နည်းနည်း ဝယ်လိုက်ပါ့မယ်" ဟု ပြောလိုက်သည်။
ရန်မေက ပြုံးကာ "ကောင်းပြီလေ... နေရာရောက်ရင် နင်ကိုယ်တိုင် ရွေးလိုက်ပေါ့" ဟု ပြောလိုက်သည်။
လီရှန်ယန်က မနေနိုင်ဘဲ "အမှတ်တွေကို ဘယ်လို လဲရတာလဲ... ဘာပစ္စည်းနဲ့ အမှတ် လဲလို့ရတာလဲ" ဟု မေးလိုက်သည်။
ဦးလေးရန်က "အဲဒီ ပစ္စည်းတွေက အများကြီးပဲ... ငါတို့ ထိုက်ယန်တောင် ခိုလှုံရေးစခန်းမှာ အမြဲတမ်း အလုပ်ရှိတဲ့အပြင် လစဉ် အမှတ်တွေ ထုတ်ပေးတာကလွဲလို့ အမဲလိုက်တာ၊ ငါးဖမ်းတာ၊ သားသတ်ရုံကို ရောင်းတာတွေကနေတစ်ဆင့် အမှတ်တွေ ရနိုင်တယ်" ဟု ပြောလိုက်သည်။
"ကျောက်တွင်းနယ်မြေဘက်ကို သွားပြီး ကျောက်တူးဖော်ပြီးတော့လည်း အမှတ်တွေ ရနိုင်သေးတယ်"
"အင်းပေါ့... မင်းမှာ လက်မှုပညာ တစ်ခုခု ရှိပြီး ကောင်းတဲ့ ပစ္စည်း တစ်ခုခု ဖန်တီးနိုင်ရင်လည်း အခြားသူတွေနဲ့ အမှတ် လဲလှယ်လို့ ရနိုင်တယ်"
"ဒါနဲ့... မင်းတို့ ထိုက်ယန်တောင် ခိုလှုံရေးစခန်းကို ရောက်ရင် ဈေးဝယ်စင်တာရဲ့ လေးလွှာကို သွားပြီး ဝန်ထမ်းတွေဆီမှာ အမှတ်ကတ် တစ်ကတ် အရင် လုပ်ထားတာ အကောင်းဆုံးပဲ... ဒါမှ နောက်ကျရင် အမှတ်ကတ်နဲ့ တိုက်ရိုက် အရောင်းအဝယ် လုပ်လို့ရမှာ"
လီရှန်ယန်တို့က ကြားသောအခါ အလွန် အံ့ဩသွားကြပြီး ရှေးခေတ် လူ့အဖွဲ့အစည်းမှ ခေတ်သစ် လူ့အဖွဲ့အစည်းသို့ ရုတ်တရက် ပြန်ရောက်သွားသကဲ့သို့ ထင်ယောင်ထင်မှား ဖြစ်သွားကြသည်။
လူတိုင်းက ဤသို့ဖြင့် တစ်လမ်းလုံး စကားပြောရင်း လျှောက်လာကြရာ တစ်လမ်းလုံး လင်းယွမ်က သူတို့ကို ဘာမှ များများစားစား မပြောခဲ့ဘဲ အခြေခံအားဖြင့် ဦးလေးရန်က လမ်းပြအဖြစ် တာဝန်ယူကာ ထိုက်ယန်တောင် ခိုလှုံရေးစခန်း၏ အခြေအနေကို မိတ်ဆက်ပေးနေခဲ့သည်။
မကြာမီ အနောက်ဘက် ကျောက်တွင်းနယ်မြေ အနီးသို့ ရောက်ခါနီးတွင် တောအုပ်ထဲမှ ကင်းလှည့်အဖွဲ့၏ ကင်းစောင့်က သူတို့ကို တွေ့သွားသည်ကို မြင်လိုက်ရသည်။
ချက်ချင်းပင် အစွမ်းပိုင်ရှင် ခြောက်ယောက် ခုနစ်ယောက်ခန့်က ဝိုင်းရံလာကြသည်။
အနားသို့ ရောက်လာသောအခါမှ လင်းယွမ်တို့ လူအနည်းငယ် ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် ချက်ချင်းပင် အားလုံးက ပြုံးပြလိုက်ကြသည်။
ဦးဆောင်သူက ပို၍ပင် အလျင်အမြန် ပြေးလာကာ "မင်္ဂလာပါ ဆရာလင်း" ဟု အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
လင်းယွမ်က ပြုံးကာ ခေါင်းညိတ်လိုက်ပြီး "ငါ မင်းကို မှတ်မိတယ်... မင်းက ရှန်းမန် လက်အောက်က ကျိုးကျင်း မဟုတ်လား" ဟု မေးလိုက်သည်။
ကျိုးကျင်းက ချက်ချင်းပင် စိတ်လှုပ်ရှားသွားသည့် အရိပ်အယောင်များ ပေါ်လာကာ "ဆရာလင်းက ကျွန်တော့်ကို မှတ်မိသေးတာလား... ကျွန်တော် ကျိုးကျင်းပါ... အရင်တုန်းက အစ်မရှန်းမန်နောက်ကို လိုက်ခဲ့တာ... ဒါပေမဲ့ အခု ကျွန်တော်က ကပ္ပတိန် ဝူယင်ရဲ့ ကင်းလှည့်အဖွဲ့ထဲကို ဝင်သွားပြီလေ" ဟု ပြောလိုက်သည်။
လင်းယွမ်က ပြုံးကာ "ဒီနေ့ ကျောက်တွင်းနယ်မြေကို ဝူယင်တို့ စောင့်ကြပ်နေတာလား" ဟု မေးလိုက်သည်။
"ဟုတ်ပါတယ် ဆရာလင်း... ကျွန်တော် ခေါ်သွားပေးရမလား" ကျိုးကျင်းက အလျင်အမြန် ပြောလိုက်သည်။
လင်းယွမ်က ပြုံးကာ ခေါင်း အနည်းငယ် ခါယမ်းလိုက်ပြီး "မသွားတော့ဘူး... ငါ ကိစ္စလေး နည်းနည်း ရှိလို့ ထိုက်ယန်တောင် ခိုလှုံရေးစခန်းကို ပြန်ရမှာ... မင်းတို့ ဆက်ပြီး ကင်းလှည့်နေလိုက်ကြပါ" ဟု ပြောလိုက်သည်။
ကျိုးကျင်းက အလျင်အမြန် ရိုသေစွာဖြင့် "ဟုတ်ကဲ့ပါ ဆရာလင်း" ဟု ဖြေလိုက်သည်။
လီရှန်ယန်တို့ လူအနည်းငယ်က တစ်လမ်းလုံး ဤမြင်ကွင်းကို ကြည့်နေကြပြီး အသီးသီး၏ မျက်နှာပေါ်တွင် ရိုသေလေးစားကာ ကြောက်ရွံ့နေသည့် အရိပ်အယောင်များ ပေါ်လာကြသည်။
ဤအဖွဲ့က လူခုနစ်ယောက် ရှစ်ယောက်ခန့်သာ ရှိသော်လည်း သူတို့ ပေါ်လာသည်မှစ၍ နောက်ပိုင်း နေရာယူပုံအထိ တိုက်ခိုက်မှုနှင့် ကာကွယ်မှု ရှိနေကာ ကြည့်လိုက်သည်နှင့် လေ့ကျင့်မှု ကောင်းကောင်း ရထားကြောင်း သိသာလှသည်။
၎င်းက လင်းယွမ်၏ လက်အောက်ရှိ ကင်းလှည့်အဖွဲ့ အများအပြားထဲမှ တစ်ဖွဲ့သာ ရှိသေးပြီး ထိုက်ယန်တောင် ခိုလှုံရေးစခန်း၏ အင်အားကြီးမားမှုက သူတို့၏ တွေးထင်ထားမှုထက် အများကြီး သာလွန်နေပုံရသည်။
သူတို့က လင်းယွမ်အပေါ် နားလည်မှု ပိုမို နက်ရှိုင်းလာပြီး ရိုသေလေးစားကာ ကြောက်ရွံ့စိတ်ကလည်း ပိုမို နက်ရှိုင်းလာသည်။
လင်းယွမ်က လူတိုင်းကို ခေါ်ဆောင်ကာ ကျောက်တွင်းနယ်မြေကို ဖြတ်သွားခဲ့ရာ အထဲသို့ မဝင်ခဲ့သော်လည်း ကျောက်တွင်းနယ်မြေဘက်ရှိ စည်ကားနေသော အခြေအနေကို လီရှန်ယန်တို့က မျက်စိထဲသို့ ထည့်သွင်းထားဆဲ ဖြစ်သည်။
လီရှန်ယန်က မနေနိုင်ဘဲ ဦးလေးရန်ကို တိုးတိုးလေး "ဦးလေးရန်... ဒီ ကျောက်တွင်းနယ်မြေမှာ ဘာဖြစ်လို့ လူတွေ ဒီလောက် များနေတာလဲ... ပြီးတော့ တော်တော် စည်ကားနေတာပဲ" ဟု မေးလိုက်သည်။
ဦးလေးရန်က ပြုံးရွှင်စွာဖြင့် "ကျောက်တွင်းနယ်မြေက အစွမ်းကျောက်တုံးတွေကို အမှတ်တွေနဲ့ လဲလို့ရတယ်လေ... တန်ဖိုးကလည်း မနည်းဘူး... သာမန်လူ အတော်များများက မြစ်ကမ်းဘေးသွားပြီး ငါးမဖမ်းချင်ကြဘူး၊ တောထဲသွားပြီးလည်း အမဲမလိုက်ရဲကြတော့ ကျောက်တွင်းနယ်မြေလာပြီး ကျောက်တူးတာက သူတို့ရဲ့ ပထမဆုံး ရွေးချယ်စရာ ဖြစ်လာတာပေါ့" ဟု ဖြေလိုက်သည်။
"ဒီဘက်မှာ ကျောက်တူးတဲ့သူတွေ များလာတော့ စီးပွားရေး တွေးခေါ်တတ်တဲ့ လူအတော်များများက ဒီဘက်လာပြီး စီးပွားရေး လာလုပ်ကြတယ်... စားစရာ သောက်စရာ နည်းနည်းပါးပါး ရောင်းတော့ အမှတ်တွေ ရနိုင်တာပေါ့"
"ကြာလာတော့ အလိုအလျောက်ပဲ စည်ကားလာတာလေ"
လီရှန်ယန်နှင့် ကျန်းရုံရုံတို့ လူအနည်းငယ်က မျက်နှာပေါ်တွင် အံ့ဩထိတ်လန့်မှုများ ပြည့်နှက်နေကြသည်။
စီးပွားရေးလုပ်တာ။
ဤစကားလုံးက ကြားရသည်မှာ အလွန် ရင်းနှီးနေသော်လည်း ဝေးကွာနေသကဲ့သို့ ပင်။
ရေကြီးသည့် ကပ်ဘေးကြီး ပြီးနောက် သူတို့ ပထမဆုံးအကြိမ် ဤစကားလုံးကို ကြားဖူးခြင်း ဖြစ်သည်။
ကျန်းရုံရုံနှင့် ရန်ဝေ နှစ်ယောက်ကလည်း ခေါင်းကို ဆန့်ထုတ်ကာ ဟိုဘက်သို့ ကြည့်လိုက်ကြရာ သက်ဝင်လှုပ်ရှားနေသော ကျောက်တွင်းနယ်မြေကို မြင်လိုက်ရပြီး လူတိုင်း၏ မျက်နှာပေါ်တွင် အပြုံးများ ရှိနေကာ ရွှင်လန်းတက်ကြွသော ရယ်မောသံများကလည်း အဆက်မပြတ် ထွက်ပေါ်လာသည်။
သူတို့အားလုံးက မနေနိုင်ဘဲ မျက်လုံးများ ပြူးကျယ်သွားကြပြီး မျက်စိရှေ့ရှိ မြင်ကွင်းကို အနည်းငယ်မျှပင် စိတ်ကူးမယဉ်ရဲဖြစ်နေကြသည်။
ဤနေရာရှိ လူများ၏ စိတ်ဓာတ်ခွန်အား အခြေအနေက မိန်တောင်ဘက်ရှိ အားလုံး၏ စိတ်ဓာတ်ခွန်အားနှင့် လုံးဝ ကွာခြားနေသည်။
ဤလူများ၏ မျက်နှာပေါ်တွင် ကမ္ဘာပျက်ကပ်အတွက် စိုးရိမ်ပူပန်မှုများကို မတွေ့ရဘဲ မျက်မှောင်ကြုတ်ကာ ညည်းတွားနေခြင်းများ၊ သက်ပြင်းချနေခြင်းများ မရှိသည့်အပြင် ငိုကြွေးကာ ကြောက်ရွံ့တုန်လှုပ်နေခြင်းများလည်း မရှိပေ။
ဆန့်ကျင်ဘက်အနေဖြင့် လူတိုင်း၏ မျက်နှာပေါ်တွင် အပြုံးများ ရှိနေကာ တက်ကြွလန်းဆန်းသော ခွန်အားများ ပါရှိနေသည်။
လီရှန်ယန်က ဤနေရာရှိ လေထုက တကယ်ကို မတူညီကြောင်းကို သိသာစွာ ခံစားလိုက်ရသည်။
သူက မနေနိုင်ဘဲ လင်းယွမ်နှင့် ရန်မေတို့ဘက်သို့ လှည့်ကြည့်လိုက်ရာ ထိုနှစ်ယောက်က အသားကျနေပြီ ဖြစ်ပြီး ဤနေရာရှိ အခြေအနေကို အံ့ဩနေပုံ မပေါ်ကြောင်းကို တွေ့လိုက်ရသည်။
ကျောက်တွင်းနယ်မြေထဲရှိ လူများက ဒီနေ့မှ ဤမျှ ပျော်ရွှင်နေကြခြင်း မဟုတ်ဘဲ အမြဲတမ်း ဤသို့ ဖြစ်နေခဲ့ခြင်း ဖြစ်ကြောင်း သိသာလှသည်။
လီရှန်ယန်က ထိုက်ယန်တောင် ခိုလှုံရေးစခန်းတွင် မည်သို့သော မှော်အစွမ်း ရှိနေသဖြင့် ရေကြီးသည့် ကပ်ဘေးကြီးထဲတွင် အိမ်ရာများ ဆုံးရှုံးကာ ဆွေမျိုးများ ဆုံးရှုံးခဲ့ရသော အသက်ရှင်ကျန်ရစ်သူများကို ဘဝအတွက် မျှော်လင့်ချက်များ ပြန်လည် ရှင်သန်လာစေနိုင်ရသနည်း ဟု ပို၍ပင် သိချင်စိတ် ဖြစ်ပေါ်လာမိသည်။
သူတို့အဖွဲ့က ထိုက်ယန်တောင် ခိုလှုံရေးစခန်းဘက်သို့ တစ်လမ်းလုံး ဆက်လျှောက်သွားကြသည်။
လမ်းတွင် ကျောက်တွင်းနယ်မြေသို့ စားစရာ သောက်စရာများ လာပို့ကြသော မိသားစုဝင် ဈေးသည် တချို့ကို မကြာခဏ တွေ့ရသည်။
နောက်ကျမှ ထလာပြီး တစ်ညလုံး ကျောက်တူးရန် ပြင်ဆင်နေကြသဖြင့် ယခုအချိန်မှ လာကြသူ တချို့လည်း ရှိသေးသည်။
သိပ်မကြာခင်မှာပင် ကင်းလှည့်အဖွဲ့ နှစ်ဖွဲ့နှင့် ထပ်မံ ဆုံတွေ့လိုက်ရသည်။
ကင်းလှည့်အဖွဲ့မှ လူများက သိုင်းဘုရင်ဂေဟာဘက်မှ လာကြခြင်း ဖြစ်ပြီး လင်းယွမ်ကို မြင်သောအခါ အလျင်အမြန် အရှေ့တက်လာကာ နှုတ်ဆက်ကြသည်။
လင်းယွမ်က ပြုံးကာ ခေါင်းညိတ်ပြလိုက်ပြီး အားလုံးနှင့် စကားနည်းနည်းပါးပါး ပြောပြီးနောက် ခရီးဆက်လိုက်သည်။
လီရှန်ယန်၏ ရင်ထဲတွင် လေးစားစိတ်များ ဖြစ်ပေါ်လာပြီး ဤထိုက်ယန်တောင်၏ ကင်းလှည့်အဖွဲ့များက သူတို့ မိန်တောင်ဘက်ထက် အများကြီး ပို၍ အားကောင်းလှသည်။
အခြေခံအားဖြင့် အားလုံးက အစွမ်းပိုင်ရှင်များချည်း ဖြစ်ကြပြီး ငါးယောက် ခြောက်ယောက် တစ်ဖွဲ့ ဖြစ်ကာ စုစုပေါင်း အဖွဲ့ မည်မျှ ရှိသည်ကိုလည်း မသိရသော်လည်း မည်သို့ပင်ဆိုစေ သူတို့ ဤတစ်လမ်းလုံးတွင် ကင်းလှည့်အဖွဲ့ နှစ်ဖွဲ့ သုံးဖွဲ့ခန့်နှင့် ဆုံတွေ့ခဲ့ပြီး ဖြစ်သည်။
ဤကင်းလှည့်အဖွဲ့မှ လူများ၏ လင်းယွမ်အပေါ် ဆက်ဆံပုံကို ကြည့်ခြင်းအားဖြင့် လင်းယွမ်၏ ဤနေရာရှိ အဆင့်အတန်းက မည်မျှ မြင့်မားကြောင်းကို သိမြင်နိုင်သည်။
ထို့ကြောင့် သူက လင်းယွမ်အပေါ် ပို၍ပင် လေးစားကာ ကြောက်ရွံ့လာသည်။
လီရှန်ယန်ပင် ဤသို့ ဖြစ်နေလျှင် ကျန်းရုံရုံနှင့် ရန်ဝေ နှစ်ယောက်ဆိုလျှင် ပြောစရာပင် မလိုတော့ပေ။
ယခုအချိန်တွင် လူနှစ်ယောက်က သတိမထားမိဘဲ လင်းယွမ်၏ နောက်မှသာ လိုက်ရဲတော့ပြီး ဤကဲ့သို့ သတိမထားမိဘဲ နောက်တစ်လှမ်း ဆုတ်ကာ လင်းယွမ်ကို အရင် သွားခိုင်းသည့် လုပ်ရပ်က သူတို့ ရင်ထဲရှိ ကြောက်ရွံ့ရိုသေမှုကို ပေါ်လွင်စေသည်။
ဤအရာအားလုံးကို ရန်ရုံဝေက မျက်စိထဲတွင် မြင်တွေ့နေရပြီး သူ၏ ရင်ထဲတွင် မနေနိုင်ဘဲ မိမိ၏ သမီးက ဒီတစ်ခေါက် ဘယ်လို လူမျိုးကို ရှာတွေ့ခဲ့တာလဲဟု ထပ်မံ၍ ခံစားလိုက်ရသည်။
မကြာမီ လူတစ်စုက မီးဝါးတော အနီးသို့ ရောက်ရှိသွားကြသည်။
အဝေးမှ လှမ်းကြည့်လိုက်ရာ လီရှန်ယန်တို့က တောင်ထဲတွင် တည်ရှိနေသော စိမ်းလန်းစိုပြည်သည့် ဝါးတောကို မြင်လိုက်ရသည်။
ထိုဝါးတော အနီးတွင် အပြင်သို့ ထွက်နေသော တောင်နံရံ တစ်ခု ရှိပြီး တောင်နံရံအပြင်ဘက်တွင် မြင့်မားသော ဝါးအိမ်များကို တည်ဆောက်ထားသည်။
အဝေးမှ လှမ်းကြည့်လိုက်လျှင် လူအတော်များများက ဝါးအိမ်ထဲသို့ အဝင်အထွက် အတက်အဆင်း လုပ်နေကြသည်ကို မြင်နိုင်သည်။
ဝါးတောမှ အပြင်ဘက်သို့ ကွေ့ကောက်နေသော တောင်ပတ်လမ်း တစ်လမ်း ရှိပြီး ညီညာကာ သန့်ရှင်းသပ်ရပ်နေသည့်အပြင် ကားပါကင် အကြီးကြီးများလည်း ရှိသေးသည်။
ဤတောင်ပတ်လမ်းဘေးတွင် မြင့်မားသော တံတိုင်းကြီး တစ်ခု မတ်မတ်ရပ်နေကာ တောင်လမ်းတစ်လျှောက် တည်ဆောက်ထားပြီး ဝါးတော တစ်ခုလုံး၏ ဤတစ်ဖက်ကို ဝိုင်းရံထားသည်။
မြင့်မားသော တံတိုင်းပေါ်တွင် ကင်းစောင့်စင် ဝါးအိမ်များကို မြင်နိုင်ပြီး အပေါ်တွင် လူများက ကင်းလှည့်ကာ အကဲခတ်နေကြသည်။
တံတိုင်းထိပ်တွင် ဆောက်လုပ်ထားသော ဧရာမ ဒူးလေးစင်ကြီးများပင် ရှိသေးသည်။
လင်းယွမ်က ဤမြင်ကွင်းကို မြင်သောအခါ မျက်ခုံးကို အနည်းငယ် ပင့်လိုက်မိသည်။
ရန်မေက မနေနိုင်ဘဲ ပြုံးကာ "ဒီနှစ်ရက်အတွင်း ဦးလေးမာတို့လည်း မနားကြဘူး ထင်တယ့်... မြို့ရိုး စီမံကိန်းက ပြီးလုနီးပါး ဖြစ်နေပြီပဲ" ဟု ပြောလိုက်သည်။
လင်းယွမ်က ပြုံးကာ ခေါင်းညိတ်လိုက်ပြီး "ဒီအပေါ်က ဒူးလေးစင်တွေက တင်းယန်တို့ လုပ်ထားတာ ဖြစ်ရမယ်... ဒါကတော့ ကာကွယ်ရေး လက်နက်ကောင်းပဲ" ဟု ပြောလိုက်သည်။
"ဘယ်လို ခံစားရလဲဆိုတော့ နှစ်ရက်လောက် ပြန်မလာတာနဲ့ ငါတို့ ခိုလှုံရေးစခန်းက ကြီးကြီးမားမား ပြောင်းလဲသွားသလိုပဲ" ဦးလေးရန်ကလည်း မနေနိုင်ဘဲ ခံစားချက်ဖြင့် ပြောလိုက်သည်။
လင်းယွမ်က ပြုံးကာ "အခု ထိုက်ယန်တောင် ခိုလှုံရေးစခန်းက ပျက်စီးယိုယွင်းနေတာတွေကို ပြန်လည် တည်ဆောက်ရမှာလေ... စီမံကိန်း အသီးသီးကလည်း ရှေ့ဆက်နေတာဆိုတော့ တစ်နေ့တခြား ပြောင်းလဲနေတဲ့ အချိန်ပဲပေါ့... သေချာပေါက် တစ်နေ့ကို တစ်မျိုး ဖြစ်နေမှာပဲ" ဟု ပြောလိုက်သည်။
"သွားရအောင်... ဝင်ကြည့်ကြတာပေါ့"
သူက လူများကို ခေါ်ဆောင်ကာ မြို့ရိုးအောက်ရှိ တံခါးပေါက်ဆီသို့ လျှောက်သွားသည်။
မြို့တံခါးပေါက်က မကြီးလှဘဲ အကျယ် ပေ ၁၆ ခန့် ရှိသော တံခါးပေါက်သာ ချန်ထားကာ တစ်ဖက်တစ်ချက်စီတွင် ကျောက်တုံး တစ်တုံးလုံးဖြင့် ပြုလုပ်ထားသော ကျောက်တံခါးများ ရှိပြီး တံခါးပေါက်တွင် အစွမ်းပိုင်ရှင်များလည်း စောင့်ကြပ်နေကြသည်။
လင်းယွမ်ကို မြင်သောအခါ စောင့်ကြပ်နေသူများက အလျင်အမြန် ထလာပြီး ပြေးလာကာ နှုတ်ဆက်ကြသည်။
"ဆရာလင်း ပြန်လာပြီ"
"ဆရာလင်း ပြန်လာပြီဟေ့"
မြို့တံခါးပေါက်ရှိ လူတိုင်းက လက်ထဲရှိ အလုပ်များကို ရပ်လိုက်ကြပြီး ထလာကာ လင်းယွမ်ကို နှုတ်ဆက်ကြသည်။
လင်းယွမ်က ပြုံးကာ ခေါင်းညိတ်ပြလိုက်ပြီး "ပင်ပန်းသွားကြပြီ... အားလုံးပဲ ပင်ပန်းသွားကြပြီ" ဟု ပြောလိုက်သည်။
လူတစ်ယောက်က "မပင်ပန်းပါဘူး... ဆရာလင်းကမှ ပိုပင်ပန်းတာပါ" ဟု အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။
"ဆရာလင်းသာ မရှိရင် ကျွန်တော်တို့ အခု ဘယ်နေရာမှာ ခက်ခက်ခဲခဲ အသက်ဆက်ရှင်နေရမလဲဆိုတာတောင် မသိနိုင်ဘူး"
"ဟုတ်တယ် ဆရာလင်း... ထိုက်ယန်တောင် ခိုလှုံရေးစခန်းက ကျွန်တော်တို့ရဲ့ အိမ်လေ... ကျွန်တော်တို့ ကိုယ့်အိမ်ကိုယ် စောင့်ရတာ နည်းနည်းလေးမှ မပင်ပန်းပါဘူး"
လင်းယွမ်က သူတို့ အော်ဟစ်နေသည်ကို ကြားသောအခါ အပြုံးက ပို၍ပင် တောက်ပလာသည်။
လီရှန်ယန်က ဤလူများ၏ မျက်နှာပေါ်ရှိ အပြုံးများနှင့် သူတို့၏ စကားများကို ကြည့်ကာ ရင်ထဲတွင် ပြင်းထန်စွာ တုန်လှုပ်သွားသည်။
အိမ်... စိမ်းသက်နေသော်လည်း ရင်းနှီးကျွမ်းဝင်နေသည့် စကားလုံး တစ်လုံး။
သူတို့ ဤလူစုက မူလက ရေကြီးသည့် ကပ်ဘေးထဲတွင် အိုးအိမ်မဲ့ဖြစ်ကာ လမ်းဘေးခွေးများကဲ့သို့ ဖြစ်နေသင့်သူများ ဖြစ်သည်။
သို့သော် ဤလူများက ထိုက်ယန်တောင် ခိုလှုံရေးစခန်းတွင် အိမ်တစ်ခု ထပ်မံ ရရှိသွားကြပြီ ဖြစ်သည်။
ဒါကြောင့်ကိုး... ဒါကြောင့် သူတို့ရဲ့ မျက်နှာပေါ်မှာ အပြုံးတွေ လွှမ်းခြုံနေပြီး လူတိုင်းက အဲဒီလောက် စိတ်ဓာတ်ခွန်အားတွေ တက်ကြွနေပုံ ပေါက်နေတာကိုး။
မြို့ရိုးကို ကျော်လွန်သွားပြီးနောက် အထဲတွင် ဧရာမ ညီညာသော ဆင်ခြေလျှော ပြင်ကြီး တစ်ခုကို မြင်လိုက်ရသည်။
အိမ်များစွာက နေရာယူထားပြီး သေသပ်ညီညာလှသည်။
ယခင်က ရှိခဲ့သော ပေါင်းပင်များနှင့် သစ်ပင်များကိုလည်း စောစောကတည်းက တူးဖော်ကာ ညီညာအောင် ညှိထားပြီး ကျောက်ပြားများ ခင်းထားသည်။
မိုးရေများ ရိုက်ခတ်လျှင်ပင် ရွှံ့စက်များ သိပ်မလွင့်စဉ်နိုင်ဘဲ သန့်ရှင်းသပ်ရပ်နေပုံရသည်။
လီရှန်ယန်က ဤခိုလှုံရေးစခန်းနှင့် ကျဲ့ဆစ် စာသင်ကျောင်းတို့၏ ကွာခြားချက်ကို ထပ်မံ တွေ့ရှိသွားပြန်သည်။
ဤနေရာတွင် အမျိုးသမီးများစွာ ရှိပြီး သက်ကြီးရွယ်အိုများနှင့် ကလေးများလည်း အများအပြား ရှိသည်။
သူတို့က မြို့ရိုးအထဲတွင် နေထိုင်ကြပြီး လူတိုင်းတွင် ကိုယ်ပိုင် အလုပ်များ ရှိကြသည်။
သက်ကြီးရွယ်အိုများက ချုပ်လုပ်ဆေးကြောကြပြီး ကလေးများက ထင်းခွဲ၊ ဝါးခုတ် ကူညီပေးကြသည်။
ကျောက်ပြားလမ်းပေါ်တွင် လူတိုင်းက လင်းယွမ်ကို မြင်သည်နှင့် လက်ထဲရှိ အလုပ်များကို ရပ်လိုက်ကြပြီး ပြုံးကာ နှုတ်ဆက်ကြသည်။
လီရှန်ယန်က လင်းယွမ်၏ ဤနေရာရှိ အဆင့်အတန်း မြင့်မားမှုကို ထပ်မံ၍ ခံစားလိုက်ရသည်။
ဤနေရာနှင့် ယှဉ်လိုက်လျှင် ကျဲ့ဆစ် စာသင်ကျောင်းက တကယ်ကို ဆင်းရဲသားရပ်ကွက်ကဲ့သို့ပင် ဖြစ်ပြီး ကြမ်းတမ်းကာ စနစ်တကျ မရှိပေ။
ကျဲ့ဆစ် စာသင်ကျောင်း၏ အိမ်များက အလွန်ဆုံး သစ်သားပျဉ်ထောင်အိမ်များသာ ဖြစ်ပြီး စာသင်ကျောင်း၏ နံရံကို မှီကာ တည်ဆောက်ထားခြင်း ဖြစ်သည်။
သို့သော် ဤနေရာရှိ အိမ်များက တချို့က တောင်နံရံကို အားပြုကာ ဖောက်လုပ်ထားပြီး တချို့က ကျောက်တုံးများဖြင့် စီထားကာ တချို့က ဝါးများဖြင့် တည်ဆောက်ထားပြီး အထဲတွင် သစ်သားပြားများ မြှုပ်နှံထားသည်။
အချုပ်အားဖြင့်ဆိုရလျှင် ဤနေရာက သူတို့၏ ကျဲ့ဆစ် စာသင်ကျောင်းထက် ရွာတစ်ရွာနှင့် ပိုတူပေသည်။
ကျန်းရုံရုံ၊ ရန်ဝေ၊ ရန်ရုံဝေ သုံးယောက်က နေရာအနှံ့ လိုက်ကြည့်နေကြပြီး မျက်ဝန်းထဲတွင် အားကျမှုများနှင့် ဝမ်းသာအံ့ဩမှုများ ပြည့်နှက်နေသည်။
ရေကြီးသည့် ကပ်ဘေးကြီးမှ ယခုအထိ လူသားများက အချို့ဆိုလျှင် အဆောက်အအုံထဲမှပင် ထွက်မလာနိုင်ဘဲ ရေကြီးမှုထဲတွင် ပိတ်မိနေကြသည်။
သို့သော် ဤတောင်ပေါ်တွင် ရွာတစ်ရွာကဲ့သို့သော ခိုလှုံရေးစခန်း တစ်ခုကို တည်ဆောက်ထားသူများ ရှိနေပြီဟု မထင်မှတ်ထားခဲ့ပေ။
ကျန်းရုံရုံက မနေနိုင်ဘဲ "ဒါက ထိုက်ယန်တောင် ခိုလှုံရေးစခန်းလား... တကယ်ကို စည်ကားတာပဲ" ဟု ပြောလိုက်သည်။
ရန်ဝေကလည်း မနေနိုင်ဘဲ "အားလုံးက သိပ်ပျော်နေတဲ့ ပုံစံပဲ... တကယ်ကို မတူဘူးနော်" ဟု ပြောလိုက်သည်။
လီရှန်ယန်ကလည်း လေကို ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး အကယ်၍ သူသာ သာမန် အသက်ရှင်ကျန်ရစ်သူ တစ်ဦး ဖြစ်ပါက ဤနေရာတွင် တကယ်ကို ဝင်ရောက် လိုက်ချင်မိမည်ဟု တွေးလိုက်မိသည်။
ဦးလေးရန်က သူတို့၏ စကားကို ကြားသောအခါ ပြုံးကာ "ဒါက ဘာမှ မဟုတ်သေးဘူး... ဒါက ငါတို့ ထိုက်ယန်တောင် ခိုလှုံရေးစခန်းရဲ့ အပြင်ဘက်ပိုင်းပဲ ရှိသေးတာ... တကယ့် အချက်အချာကျတဲ့ နေရာက ဒီမှာ မဟုတ်ဘူး" ဟု ပြောလိုက်သည်။
"ဘာ... ဒါက အချက်အချာကျတဲ့ နေရာ မဟုတ်သေးဘူးလား" လီရှန်ယန်က အလွန် အံ့ဩသွားသည်။
ကျန်းရုံရုံကလည်း မျက်စောင်းထိုး ကြည့်ကာ အံ့ဩသွားပြီး "ဒီလောက် စည်ကားနေတဲ့ နေရာက အချက်အချာကျတဲ့ နေရာ မဟုတ်သေးဘူးလား" ဟု မေးလိုက်သည်။
ဦးလေးရန်က တဟားဟား ရယ်မောလိုက်ပြီး "အချက်အချာကျတဲ့ နေရာက မီးဝါးတော အနောက်ဘက်မှာ ရှိတာ... အဲဒီနေရာကမှ ဈေးဝယ်စင်တာလေ... ထိုက်ယန်တောင် ခိုလှုံရေးစခန်းရဲ့ အစည်ကားဆုံး နေရာပေါ့" ဟု ဖြေလိုက်သည်။
ဤအချိန်တွင် လင်းယွမ်က ခေါင်းလှည့်ကာ ရန်မေကို ပြုံး၍ "အမမေ... အမနဲ့ ဦးလေးရန်တို့ ဦးလေးရုံဝေတို့ကို ခေါ်ပြီး အနီးအနားမှာ လိုက်ပြလိုက်ပါ" ဟု ပြောလိုက်သည်။
ရန်မေက ခေါင်းညိတ်လိုက်ပြီး လင်းယွမ် နှစ်ရက်ကြာ ပြန်မလာသဖြင့် သေချာပေါက် လုပ်စရာ ကိစ္စများစွာ ရှိနေမည်ကို သူမ သိထားသည်။
"မောင်လေး သွားလုပ်စရာရှိတာ လုပ်လေ... အမ သူတို့ကို ဧည့်ခံလိုက်ပါ့မယ်" ရန်မေက နူးညံ့စွာ ပြောလိုက်သည်။
လင်းယွမ်က ပြုံးလိုက်ပြီး ရန်ရုံဝေတို့ကို "ဦးလေးရုံဝေ... အမမေက ဦးလေးကို ပတ်ဝန်းကျင်ကို လိုက်ပြပေးလိမ့်မယ်... ကျွန်တော် အရင် ပြန်ပြီး ကိစ္စတချို့ ဖြေရှင်းလိုက်ဦးမယ်" ဟု ပြောလိုက်သည်။
ရန်ရုံဝေက အလျင်အမြန် ခေါင်းညိတ်ကာ "ကောင်းပြီ... ကောင်းပြီ... မင်း သွားလုပ်စရာရှိတာ လုပ်ပါ... ငါတို့ကို ဂရုစိုက်နေစရာ မလိုပါဘူး" ဟု ဖြေလိုက်သည်။
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး ဝါးအိမ်ရှိရာဘက်သို့ လျှောက်သွားသည်။
ရန်မေက ခေါင်းလှည့်ကာ ပြုံး၍ "အဖေ... ပြီးတော့ ရှန်ယန်၊ ရုံရုံ၊ ရန်ဝေ... ကျွန်မနဲ့ ဦးလေးရန်က ရှင်တို့ကို ပတ်ဝန်းကျင် လိုက်ပြပေးမယ်" ဟု ပြောလိုက်သည်။
ဦးလေးရန်က နောက်ပြောင်ကာ "မင်းတို့ ခဏနေ ဈေးဝယ်စင်တာ စားသောက်ဆိုင်ကို တွေ့ရင် သွားရည်မယိုမိစေနဲ့နော်... ဟားဟားဟား" ဟု ပြောလိုက်သည်။
လီရှန်ယန်တို့ လူအနည်းငယ်က အချင်းချင်း အကြည့်ဖလှယ်လိုက်ကြပြီး အားလုံး၏ မျက်နှာပေါ်တွင် ပြင်းပြသော စူးစမ်းချင်စိတ်များ ပေါ်လာကြသည်။
......
လင်းယွမ်က တစ်လမ်းလုံး ဝါးအိမ်၏ အပေါ်ဆုံးထပ်သို့ ပြန်ရောက်လာရာ အိမ်ထဲတွင် လူတစ်ယောက်မှ မရှိပေ။
သူက မအံ့ဩဘဲ ရေအရင်ချိုးလိုက်ပြီး အဝတ်အစား လဲလိုက်သည်။
ထိုအချိန်တွင် အပြင်မှ ခြေသံများ ထွက်ပေါ်လာသည်ကို ကြားလိုက်ရပြီး လင်းယွမ်က ရေချိုးခန်းထဲမှ ထွက်လာသည်နှင့် မျက်နှာချင်းဆိုင်မှ လူရိပ်တစ်ခုက သူ့ထံသို့ ခုန်အုပ်လာသည်။
မွှေးပျံ့သော ရနံ့တစ်ခု ရိုက်ခတ်လာပြီးနောက် ဆုန့်ဝမ်၏ ဝမ်းသာအားရ ရယ်မောသံကို ကြားလိုက်ရသည်။
"အစ်ကိုလင်း... အစ်ကို နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့... ညီမ အစ်ကို့ကို အရမ်းလွမ်းနေတာ"
လင်းယွမ်က လက်နှစ်ဖက်ဖြင့် သူမကို ပွေ့ချီလိုက်ရာ ရှည်လျားလှပသော ခြေတံနှစ်ချောင်းက သူ၏ ခါးပေါ်တွင် ရစ်ပတ်သွားသည်။
ဆုန့်ဝမ်၏ မွှေးပျံ့နေသော ခန္ဓာကိုယ်က သူ၏ ရင်ဘတ်ကို ဖိကပ်ထားသဖြင့် သူလည်း မနေနိုင်ဘဲ ပြုံးလိုက်မိသည်။
"ဘယ်လောက်တောင် လွမ်းနေလို့လဲ"
ဆုန့်ဝမ်က တုံ့ဆိုင်းခြင်း အလျဉ်းမရှိဘဲ "အိပ်မက်ထဲထိတောင် လွမ်းနေတာ" ဟု ဖြေလိုက်သည်။
"အစ်ကို ပြန်ရောက်လာပြီလို့ လူတွေ ပြောတာ ကြားတာနဲ့ ညီမ အိမ်အမြန် ပြန်လာတာ"
လင်းယွမ်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး သူမကို ပွေ့ချီကာ အိပ်ခန်းဆီသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။
"ဒါဆိုရင် တကယ် လွမ်းမလွမ်းဆိုတာကို ငါ ကြည့်ရသေးတာပေါ့"
"အို..."
ဆုန့်ဝမ်က ရှက်ကိုးရှက်ကန်းဖြင့် အော်လိုက်ပြီး အိပ်ခန်းထဲမှ မကြာမီမှာပင် ထူးဆန်းသော အသံများ ထွက်ပေါ်လာလေတော့သည်။
အချိန်အတော်ကြာပြီးနောက် ဆုန့်ဝမ်က ခွန်အားမဲ့စွာဖြင့် ခုတင်ပေါ်တွင် ပျော့ခွေကျသွားသည်။
လင်းယွမ်က သူမ၏ ပခုံးကို ခပ်ဖွဖွ ပွတ်သပ်ပေးလိုက်ပြီး ခွဲပြီးမှ ပြန်တွေ့ရခြင်းက အိမ်ထောင်သစ်ထက်ပင် သာသည်ဆိုသော စကားက နည်းနည်းလေးမျှ မမှားပေ။
စောစောက ဆုန့်ဝမ်က တကယ်ကို သူ့ကို စားမတတ် ဝါးမတတ်ဖြစ်နေခဲ့ပြီး နှစ်ကြိမ် သုံးကြိမ် ပြီးသည်အထိ မလုံလောက်သေးပေ။
သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုက အလွန် အားကောင်းနေသဖြင့်သာ တော်တော့သည်၊ နောက်ဆုံးတွင်တော့ ဤတိုက်ရိုက်ထုတ်လွှင့်သူ ကောင်မလေးကို အရှုံးပေးသွားစေခဲ့သည်။
"အစ်ကိုလင်း... ရှင်တို့ ဒီတစ်ခေါက် မိန်တောင်ကို သွားတာ အမမေရဲ့ မိသားစုဝင်တွေကို ရှာတွေ့ခဲ့လား"
လင်းယွမ်က ခေါင်း အနည်းငယ် ညိတ်လိုက်ပြီး "အင်း... ဒါပေမဲ့ မထင်မှတ်ထားတာလေး နည်းနည်း ဖြစ်သွားတယ်... နင့်အမမေရဲ့ အမေကတော့ အသက်မရှင်နိုင်ခဲ့ဘူး" ဟု ဖြေလိုက်သည်။
ဆုန့်ဝမ်က ထိုစကားကို ကြားသောအခါ ချက်ချင်း မျက်နှာ အနည်းငယ် ပြောင်းလဲသွားပြီး အလျင်အမြန် အကြောင်းစုံကို မေးမြန်းလေတော့သည်။
လင်းယွမ်က မိန်တောင်တွင် ဖြစ်ပျက်ခဲ့သော ကိစ္စများကို ရိုးရှင်းစွာ တစ်ခေါက် ပြန်ပြောပြလိုက်သည်။
ဆုန့်ဝမ်က ချက်ချင်းပင် ဒေါသထွက်ကာ မျက်နှာတစ်ခုလုံး နီရဲသွားပြီး "ဒီ တိရစ္ဆာန်အုပ်စုက ဘယ်လိုလုပ် ဒီလိုကိစ္စမျိုးကို လုပ်ရဲရတာလဲ... အားလုံးက ရွာတစ်ရွာတည်းသားတွေချည်းပဲကို ဘယ်လိုလုပ် ရက်ရက်စက်စက် လုပ်ရက်ကြတာလဲ" ဟု ပြောလိုက်သည်။
လင်းယွမ်က ခေါင်း အနည်းငယ် ခါယမ်းလိုက်ပြီး "မိန်တုဥယျာဉ်ထဲမှာတုန်းကလည်း အားလုံးက အဆောက်အအုံ တစ်ခုတည်းက အိမ်နီးချင်းတွေချည်းပဲလေ... အရင်တုန်းက အိမ်ပိုင်ရှင် ဂရုထဲမှာ စကားတွေလည်း အများကြီး ပြောခဲ့ကြတာပဲ... နောက်ဆုံးကျတော့ အားလုံးက အရူးတွေလို ဖြစ်သွားပြီး အချင်းချင်း သတ်ဖြတ်ကြတာပဲ မဟုတ်လား" ဟု ပြောလိုက်သည်။
ဆုန့်ဝမ်က မျက်ရည်ဝဲကာ "ဒါဆို အမမေက ဘာမှ မဖြစ်ဘူးမလား" ဟု မေးလိုက်သည်။
လင်းယွမ်က ခေါင်းခါယမ်းလိုက်ပြီး "ဘာမှ ကြီးကြီးမားမား မဖြစ်ပါဘူး... သူ့အဖေက အသက်ရှင်နေသေးတယ်လေ... သူ့စိတ်ထဲမှာလည်း အားကိုးရာ ရှိနေပါသေးတယ်... အနည်းဆုံးတော့ ဆွေမျိုး ပြန်ရှာတွေ့ခဲ့တာပဲလေ" ဟု ဖြေလိုက်သည်။
ဆုန့်ဝမ်က ကြားသောအခါ သက်ပြင်းချလိုက်ပြီးနောက် တစ်ခုခုကို ပြန်သတိရသွားကာ မျက်ရည်ဝဲလာပြီး "ကျွန်မအဖေနဲ့ အမေရော ဘယ်လိုနေလဲ မသိဘူး" ဟု ပြောလိုက်သည်။
သူမက လင်ကျန်းမြို့ ဒေသခံ မဟုတ်ဘဲ မူလဇာတိမှာ ဆန်းတုန်းပြည်နယ် ဟဲကျယ်မြို့မှ ဖြစ်ရာ လင်ကျန်းနှင့် မိုင်ပေါင်း သောင်းသိန်းချီ ဝေးကွာသဖြင့် မိဘများကို ပြန်ရှာရန်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သော ကိစ္စပင် ဖြစ်သည်။
လင်းယွမ်က သူမ၏ ကျောပြင်ကို ခပ်ဖွဖွ ပုတ်ပေးလိုက်ပြီး နူးညံ့စွာဖြင့် "ဆန်းတုန်းပြည်နယ်ရဲ့ မြေမျက်နှာသွင်ပြင်က ငါတို့ ဒီထက် အများကြီး ပိုမြင့်တယ်... အန္တရာယ် ဖြစ်ချင်မှ ဖြစ်မှာပါ" ဟု ပြောလိုက်သည်။
ဆုန့်ဝမ်က မျက်ရည်ဝဲကာ "အင်း" ဟုသာ ပြန်ဖြေလိုက်သော်လည်း ယခုအချိန်တွင် မိဘများကို ဆက်သွယ်ရန် မည်သည့် နည်းလမ်းမှ မရှိကြောင်းကိုလည်း သိထားသည်။
လင်းယွမ်က သူမ စိတ်ဓာတ်ကျနေသည်ကို မြင်သောအခါ စကားလမ်းကြောင်း လွှဲလိုက်ပြီး "ဒါနဲ့... ငါ မသွားခင်က နင့်ကို သန္ဓေပြောင်း နေကြာပန်းမျိုးစေ့ အများကြီး ပေးခဲ့တယ်လေ... အခု ဘယ်လိုနေပြီလဲ" ဟု မေးလိုက်သည်။
ဆုန့်ဝမ်က တကယ်ကိုပင် အာရုံလွှဲသွားပြီး မျက်ဝန်းထဲတွင် ဝမ်းသာသည့် အရိပ်အယောင်များ ပေါ်လာကာ "ကျွန်မ အဲဒါ ရှင်နဲ့ ပြောမလို့... အဲဒီ သန္ဓေပြောင်း နေကြာပန်းမျိုးစေ့တွေက အရင်တုန်းက ရှင် ပေးခဲ့တဲ့ ဟာတွေထက် အများကြီး ပိုကောင်းတယ်... တစ်စေ့ချင်းစီက အညှောက်ထွက်လာတယ်" ဟု ပြောလိုက်သည်။
"ကျွန်မနဲ့ အဒေါ်ကြီးလီတို့ အချင်းချင်း ပူးပေါင်းပြီး အဲဒီ သန္ဓေပြောင်း နေကြာပန်းတွေကို အမြန် ကြီးထွားအောင် လုပ်လိုက်တာ... အခုဆိုရင် အားလုံး ပန်းပွင့်နေကြပြီ... လောလောဆယ် အားလုံးက နေရောင်ခြည် ထုတ်လွှတ်ပေးနိုင်နေပြီ"
"ကျွန်မတို့က အဲဒီ နေကြာပန်းတွေ အကုန်လုံးကို စိုက်ခင်းအနီးအနားမှာ စိုက်ထားတယ်... ရှင့်ရဲ့ စိတ်ကူးအတိုင်း နေရောင်ခြည်ဇုန် တစ်ခု လုပ်ထားတယ်"
ဆက်ရန်...