အခန်း (၂၈၉-၂၉၀)
Vol. 15 Ch. 289-290
အပိုင်း(၂၈၉) ထိုက်ယန်တောင် ခိုလှုံရေးစခန်းက ပေးစွမ်းသော အံ့မခန်းမှု
လင်းယွမ်က ချက်ချင်းပင် စိတ်အားထက်သန်သွားပြီး ကမန်းကတန်း မေးလိုက်သည် "နေရောင်ခြည်ဇုန် တည်ဆောက်လို့ ပြီးသွားပြီလား"
သူ ထွက်သွားသည်မှာ နှစ်ရက်ပင် မပြည့်သေးပေ။ ဆုန့်ဝမ်နှင့် အဒေါ်ကြီးလီတို့က လုပ်ငန်းစဉ်ကို အပြီးသတ်ကာ နေရောင်ခြည်ဇုန်ကိုပါ တည်ဆောက်နိုင်ခဲ့ကြပြီ ဖြစ်သဖြင့် သူ့ကို အမှန်တကယ်ပင် အံ့သြဝမ်းသာဖြစ်စေခဲ့သည်။
ဆုန့်ဝမ်က ပြောလာသည်။ "အောင်မြင်သွားပြီ... ရှင်မှာထားတဲ့အတိုင်း သန္ဓေပြောင်း နေကြာပန်း တစ်ဝက်ကို ဂူထဲမှာ စိုက်ပြီး ကျန်တစ်ဝက်ကို အပြင်ဘက်မှာ စိုက်ပြီး တဲထိုးထားလိုက်တယ်"
"အခုတော့ အဲဒီဂူထဲမှာ နေ့ညမရွေး နေရောင်ခြည် အမြဲရနေပြီ... အပူချိန်ကလည်း လုံလောက်တဲ့အထိ မြင့်မားနေတော့ ကျွန်မတို့ အခု အခြောက်ခံဇုန်နဲ့ ဖန်လုံအိမ်ဇုန် ဖန်တီးဖို့တောင် စီစဉ်နေကြပြီ"
"ဒါ့အပြင် ရှင်ပြောခဲ့တဲ့ ကြမ်းပြင်အပူပေးစနစ် စီမံကိန်းကိုလည်း ကျွန်မတို့ ပြင်ဆင်နေကြတယ်... ဒါပေမဲ့ နေရောင်ခြည်စွမ်းအင်သုံး ရေပူပေးစက်တော့ လိုအပ်နေသေးတယ်"
ထိုစကားကို ကြားသောအခါ လင်းယွမ်က မနေနိုင်ဘဲ ဝမ်းသာအားရ ပြုံးလိုက်ကာ ချက်ချင်းပင် ပြောလိုက်သည် "ငါတို့ အခုချက်ချင်း သွားကြည့်ရအောင်"
"ဟင်... အခုချက်ချင်းလား... ကျွန်မ သိပ်ပြီး မထနိုင်သေးဘူး" ဆုန့်ဝမ်က မျက်နှာလေး နီမြန်းသွားသည်။ စောစောက အလွန်အမင်း ကြမ်းတမ်းခဲ့သဖြင့် သူမ အနည်းငယ် မခံနိုင်ဖြစ်နေဆဲပင်။
လင်းယွမ်က ရယ်မောကာ ပြောလိုက်သည် "နင့်မှာ အစွမ်းတွေ ရှိနေတာပဲ မဟုတ်ဘူးလား"
ဆုန့်ဝမ်က ချက်ချင်းပင် ရယ်မောလိုက်သည် "ဒါဆိုလည်း ခဏလေး စောင့်ဦး... ကျွန်မကို နည်းနည်းလေး အနားယူခွင့်ပေးဦး"
သူတို့နှစ်ဦးက အတူတကွ ပွေ့ဖက်ထားရင်း ချိုမြိန်သော ချစ်စကားလေးများ ပြောဆိုနေကြသည်။ မကြာမီမှာပင် ဆုန့်ဝမ်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့၏။
ချက်ချင်းပင် သူတို့နှစ်ဦး အဝတ်အစားများ ဝတ်ဆင်လိုက်ကြပြီး ဆုန့်ဝမ်က လမ်းပြကာ ဝါးတောကို ဖြတ်သန်းပြီး တောင်ကြားဘက်သို့ လျှောက်သွားကြသည်။
တောင်ကြားဘက်တွင် အမှန်ပင် ကြီးမားသော တဲအကြီးကြီးများကို တည်ဆောက်ထားပြီး နေကြာပန်းလေးများက တဲအောက်တွင် ယိမ်းနွဲ့ကာ နွေးထွေးသော နေရောင်ခြည်ကို ဖြာထွက်နေကြသည်။
သက်ကြီးရွယ်အိုများနှင့် ကလေးငယ် အများအပြားက နေရောင်ခြည်ဇုန် တဲအောက်တွင် နေပူဆာလှုံနေကြ၏။
တဲ၏ ပတ်ပတ်လည်တွင် ဂူဘက်သို့ မျက်နှာမူထားသော နေရာမှလွဲ၍ ကျန်နေရာအားလုံးကို လွတ်လပ်သော နေရာများအဖြစ် တိုးချဲ့တည်ဆောက်ထားသည်။
ထိုနေရာများတွင် ဝါးလုံးများကို စိုက်ထူထားပြီး လူအများအပြားက စိုစွတ်နေသော အဝတ်အစားများနှင့် စောင်များကို လှန်းထားကြကာ နေကြာပန်းများ၏ နေရောင်ခြည်ကို ရယူနေကြသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လင်းယွမ်က မနေနိုင်ဘဲ ပြုံးလိုက်သည် "ဒီအခြောက်ခံဇုန်လေးက တော်တော်လေး ကောင်းတာပဲ... အခု လူတိုင်း အလိုအပ်ဆုံးက နေရောင်ခြည်ပဲလေ... လူတော်တော်များများရဲ့ အိမ်တွေမှာ အဝတ်အစားတွေ စောင်တွေ စိုရွှဲနေပြီး မှိုတောင် တက်နေကြပြီ... ဒါပေမဲ့ မီးနဲ့ပဲ အခြောက်ခံနေရတာ"
"အခု အခြောက်ခံဇုန် ရှိလာပြီဆိုတော့ လူတိုင်း ခြောက်သွေ့တဲ့ အဝတ်အစားတွေကို ဝတ်ဆင်နိုင်ပြီပေါ့"
ဆုန့်ဝမ်က ရယ်မောလိုက်သည်။ "ဒါက အခု နေကြာပန်း အရေအတွက် မလုံလောက်သေးလို့... နေကြာပန်း အရေအတွက် လုံလောက်လာတဲ့အခါကျရင် အပြင်ကိုတောင် ရောင်းချလို့ ရတယ်"
"နောင်ကျရင် အိမ်တိုင်း ကိုယ်ပိုင် နေရောင်ခြည်ခန်းလေးတွေ ဆောက်နိုင်အောင် ကြိုးစားရမယ်... ဒါဆိုရင် လူတိုင်းရဲ့ နေထိုင်မှု ပတ်ဝန်းကျင်က ပိုကောင်းလာလိမ့်မယ်"
"အအေးလှိုင်း ဝင်လာရင်တောင် လူတိုင်း အေးခဲသွားမှာကို စိုးရိမ်စရာ မလိုတော့ဘူးပေါ့"
လင်းယွမ်က ခေါင်းတညိတ်ညိတ်နှင့် သဘောတူလိုက်သည်။ ယခုတစ်ကြိမ် သန္ဓေပြောင်း နေကြာပန်းများကို မဲဖောက်ရယူခဲ့ခြင်းက အမှန်တကယ်ပင် မှန်ကန်လွန်းသည်ဟု ခံစားလိုက်ရ၏။
ဤသန္ဓေပြောင်း နေကြာပန်းများ ရှိနေခြင်းက ကိစ္စရပ်များစွာကို အမှန်တကယ် ဖြေရှင်းပေးနိုင်ပေသည်။
သူတို့က နေကြာပန်းတဲထဲသို့ ဝင်ရောက်ကာ ဂူထဲသို့ တောက်လျှောက် လျှောက်သွားကြသည်။
ဂူထဲတွင်လည်း နေကြာပန်း အမြောက်အမြားကို စိုက်ပျိုးထားပြီး နူးညံ့သော အလင်းရောင်များက ဂူတစ်ခုလုံးကို နေ့လယ်ခင်းပမာ လင်းထိန်နေစေသည်။
ထို့အတူ ဂူတွင်းရှိ အပူချိန်ကလည်း အပြင်ဘက်ထက် အနည်းငယ် ပိုမြင့်မားနေကာ ဤနေရာသည် သိသိသာသာ ပိုမို ခြောက်သွေ့ပြီး နွေးထွေးနေကြောင်း ခံစားရစေသည်။
မလှမ်းမကမ်းတွင် အဒေါ်ကြီးလီက လူအချို့ကို ဦးဆောင်ကာ ပေါင်းသင်မြေသြဇာ ကျွေးနေသည်ကို လင်းယွမ်က မြင်လိုက်ရသည်။ ထို့ပြင် သက်ကြီးရွယ်အို အချို့ကလည်း ဂူထောင့်တွင် တဲလေးတစ်လုံးထိုးကာ နေဆာလှုံနေကြ၏။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လင်းယွမ်က ရင်ထဲမှလှိုက်၍ ရယ်မောလိုက်သည်။
သက်ကြီးရွယ်အိုများသည် မူလကတည်းက အအေးဒဏ်နှင့် စိုစွတ်မှုကို ကြောက်ရွံ့ကြပြီး စိုထိုင်းဆများသော ပတ်ဝန်းကျင်တွင် အချိန်ကြာမြင့်စွာ နေထိုင်ရပါက အဆစ်အမြစ်ရောင်ရောဂါ ကဲ့သို့သော ရောဂါများ အလွယ်တကူ ဖြစ်ပွားနိုင်ပေသည်။
ယခု ဤနေရောင်ခြည်ခန်းလေး ရှိလာပြီဖြစ်ရာ သက်ကြီးရွယ်အိုများ စုဝေးရတာကို နှစ်သက်ကြသော ရတနာမြေလေး တစ်ခု ဖြစ်လာခဲ့ပြီဖြစ်သည်။
လင်းယွမ်ကို မြင်သောအခါ အဒေါ်ကြီးလီကလည်း လက်ထဲရှိ အလုပ်များကို ကမန်းကတန်း ရပ်တန့်လိုက်ပြီး လျှောက်လာခဲ့သည်။
သူမ၏ မျက်နှာပေါ်တွင် အပြုံးများ အပြည့်ဖုံးလွှမ်းနေ၏။ သန္ဓေပြောင်းစွမ်းရည်ကို ရရှိခဲ့ပြီးနောက် ဆီးချိုရောဂါ ပျောက်ကင်းသွားသဖြင့် မူလက ဝါဖျော့နေသော မျက်နှာလေးသည်လည်း ပြန်လည် နီမြန်းလာကာ ခန္ဓာကိုယ်သည်လည်း ပိုမို သန်စွမ်းလာခဲ့သည်။
"မောင်လင်းယွမ်... ပြန်ရောက်လာပြီလား... မိန်တောင်ဘက်က အခြေအနေက ဘယ်လိုနေလဲ"
အဒေါ်ကြီးလီက ပါးစပ်ဟလိုက်သည်နှင့် အလုပ်အကြောင်းကိုသာ ပြောဆိုကာ မိန်တောင်၏ အခြေအနေကို မေးမြန်းလိုက်သည်။
လင်းယွမ်က ရယ်မောကာ ပြန်ဖြေလိုက်သည် "ကျွန်တော်လည်း အဒေါ်ကြီးကို ရှာမလို့ပဲ... မိန်တောင်ရဲ့ အခြေအနေက ကျွန်တော်တို့ဆီထက် အများကြီး ပိုကောင်းနေတယ်"
"အို... ဘယ်လို အခြေအနေမျိုးလဲ" အဒေါ်ကြီးလီက ကမန်းကတန်း မေးလိုက်သည်။
လင်းယွမ်က ပြောလိုက်သည် "မိန်တောင်ဘက်မှာ သန္ဓေပြောင်းသွားတဲ့ စိုက်ပျိုးရေးသီးနှံတွေ အများကြီး ရှိရုံတင်မကဘူး... အရမ်းကိုလည်း ဖြစ်ထွန်းနေကြတယ်"
"ဘယ်လို သီးနှံတွေ ရှိတာလဲ" အဒေါ်ကြီးလီ၏ မျက်လုံးများက အရောင်လက်သွားကာ အလျင်စလို မေးလိုက်သည်။
လင်းယွမ်က ပြန်ဖြေသည်။ "ကျွန်တော် အကြမ်းဖျင်း လေ့လာကြည့်သလောက်တော့ ကန်စွန်းဥ၊ ပဲပိစပ်၊ ပြောင်းဖူး၊ စပါး စတာတွေ ရှိတယ်... တကယ်လို့ အကြီးအကျယ် စိုက်ပျိုးနိုင်မယ်ဆိုရင် ခိုလှုံရေးစခန်းရဲ့ စားနပ်ရိက္ခာ ပြဿနာကို ဖြေရှင်းနိုင်လောက်တယ်"
"ဒါဆိုအရမ်းကောင်းတာပေါ့... တခြားဟာတွေ မပြောနဲ့ဦး... ဒီကန်စွန်းဥ၊ ပဲပိစပ်နဲ့ ပြောင်းဖူးတွေက အရည်အသွေးမြင့် ကစီဓာတ်တွေချည်းပဲ... အထူးသဖြင့် ကန်စွန်းဥနဲ့ ပဲပိစပ်ဆိုတာ အထွက်နှုန်း အရမ်းကောင်းတဲ့ ရိက္ခာတွေလေ"
"လင်းယွမ်... နင် မျိုးစေ့ နည်းနည်းပါးပါး ယူလာခဲ့သေးလား" အဒေါ်ကြီးလီက ကမန်းကတန်း မေးလိုက်သည်။
လင်းယွမ်က ရယ်မောလိုက်သည် "ဒါကတော့ သေချာပေါက် ယူလာခဲ့ရမှာပေါ့ဗျ"
သူက ယွင်ချွမ်ဘုရားကျောင်းမှ ရှာဖွေရရှိခဲ့သော စိုက်ပျိုးရေးသီးနှံများကို ပစ္စည်းသိုလှောင်ခန်းထဲမှ တိုက်ရိုက် ထုတ်ယူလိုက်သည်။
ကန်စွန်းဥ၊ ပဲပိစပ်တို့သာမက ပြောင်းဖူး၊ စပါး၊ ဂျုံ စသည်တို့လည်း ပါဝင်ပေသည်။
တစ်မျိုးချင်းစီ၏ အရေအတွက်က မများသော်လည်း အလေးချိန် ပေါင်အနည်းငယ်စီ ရှိသဖြင့် မျိုးစေ့အဖြစ် အသုံးပြုရန် လုံးဝ ပြဿနာမရှိပေ။
အဒေါ်ကြီးလီက ထိုမျိုးစေ့များကို မျက်လုံးများ အရောင်လက်ကာ ကြည့်နေပြီး မျက်နှာပေါ်တွင်လည်း အပြုံးများ ပြည့်နှက်နေ၏။
"ကောင်းလိုက်တာ... ကောင်းလိုက်တာ... ဒါတွေက ရတနာတွေပဲ... လင်းယွမ်ရယ်... တို့ခိုလှုံရေးစခန်းကသာ ဒါတွေကို အကြီးအကျယ် စိုက်ပျိုးနိုင်မယ်ဆိုရင် စားဝတ်နေရေး ပြဿနာအတွက် တကယ်ကို ပူပန်စရာ မလိုတော့ဘူး"
ထိုစားနပ်ရိက္ခာ မျိုးစေ့များကို ကြည့်ရင်း အဒေါ်ကြီးလီ၏ မျက်လုံးများထဲတွင် မျက်ရည်များပင် ကျလာလုမတတ် ဖြစ်နေသည်။
လူကြီးသူမများသာလျှင် စားနပ်ရိက္ခာ မည်မျှ တန်ဖိုးရှိကြောင်းကို သိရှိကြပေသည်။
အစားအစာ ချွေတာရေးကို သက်ကြီးရွယ်အိုများက တစ်သက်လုံး လုပ်ဆောင်ခဲ့ကြသော်လည်း လူငယ်တော်တော်များများကတော့ ဂရုမစိုက်ခဲ့ကြပေ။
သို့သော် ယခု ရေကြီးရေလျှံမှုကြီး၏ အောက်တွင်တော့ ဆာလောင်မွတ်သိပ်ခြင်းက မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို လူတိုင်း သိရှိသွားခဲ့ကြပြီဖြစ်သည်။
အရင်တုန်းက အဆောက်အအုံထဲမှာဆိုလျှင် လူအချို့က ထမင်းတစ်လုပ်အတွက် ဇနီးနှင့် သားသမီးများကိုပင် စွန့်ပစ်ခဲ့ကြပြီး ဇနီးနှင့် သမီးများကို အစားအစာနဲ့ လဲလှယ်ရန် ခန္ဓာကိုယ်ကို ရောင်းစားဖို့ပင် ဖိအားပေးခဲ့ကြသည်။
ထို့ကြောင့်လည်း အဒေါ်ကြီးလီက ယခုလောက်အထိ စိတ်လှုပ်ရှားနေရခြင်း ဖြစ်သည်။
လင်းယွမ်က တိုးညှင်းသော အသံဖြင့် ပြောလိုက်သည် "အဒေါ်ကြီးလီ... ဒီလောက်ထိ စိတ်လှုပ်ရှားနေဖို့ မလိုပါဘူး... နောင်ကျရင် ကျွန်တော်တို့ဆီမှာ စားနပ်ရိက္ခာ ပြတ်လပ်မှာ မဟုတ်တော့ပါဘူး"
"ဒီတစ်ခေါက် ကျွန်တော် မိန်တောင်ကို သွားကြည့်ခဲ့တယ်... အဲဒီဘက်က သယံဇာတ အခြေအနေက ကျွန်တော်တို့ ထိုက်ယန်တောင်ထက် အများကြီး ပိုကောင်းတယ်... မူလ မိန်တောင်ရွာသားတွေ ဖော်ထုတ်ထားပြီးသား အသင့်ရှိနေတဲ့ လယ်ကွင်းတွေ အများကြီး ရှိတယ်"
"ကျွန်တော် မိန်တောင်ကိုပါ ထိုက်ယန်တောင် ခိုလှုံရေးစခန်းထဲမှာ ထည့်သွင်းဖို့ စီစဉ်ထားတယ်... မိန်တောင်ကို ကျွန်တော်တို့ ထိုက်ယန်တောင်ရဲ့ ရိက္ခာအရင်းအမြစ်အဖြစ် သတ်မှတ်ပြီး အဲဒီဘက်မှာ စားနပ်ရိက္ခာနဲ့ ဟင်းသီးဟင်းရွက်တွေ သီးသန့်စိုက်ပျိုးဖို့ လူတွေကို စီစဉ်ပေးမယ်"
ထိုစကားကို ကြားသောအခါ ဆုန့်ဝမ်နှင့် အဒေါ်ကြီးလီတို့က ခေါင်းမော့လာကြပြီး အံ့သြဝမ်းသာဖြစ်သွားသော အမူအရာများ ပေါ်လွင်လာသည်။
"မိန်တောင်ပေါ်မှာ တခြား ခိုလှုံရေးစခန်းတွေ မရှိဘူးလား... သူတို့က သဘောတူပါ့မလား" ဆုန့်ဝမ်က အံ့သြဝမ်းသာစွာဖြင့် မေးလိုက်သည်။
လင်းယွမ်က ပြန်ဖြေသည်။ "ရှိတယ်... ဒါပေမဲ့ ကိစ္စမရှိတော့ပါဘူး... ကျွန်တော် သူတို့ကို နားချခဲ့ပြီးပြီ... နောက်ပိုင်း မိန်တောင်ကလည်း ကျွန်တော်တို့ရဲ့ စီမံခန့်ခွဲမှုအောက်မှာပဲ ရှိနေမှာပါ"
အဒေါ်ကြီးလီက ကမန်းကတန်း ပြောလိုက်သည် "ဒါပေမဲ့ တောင်နှစ်လုံးကြားမှာ ရေတွေ လွှမ်းနေတာ မဟုတ်ဘူးလား... ဒေါ်ကြီးတို့ သွားဖို့ မလွယ်ဘူးမလား"
လင်းယွမ်က ရယ်မောလိုက်သည်။ "ကျွန်တော် နောက်တစ်ဆင့်အနေနဲ့ တောင်နှစ်လုံးကြားမှာ ဗောတံတား ဆောက်ဖို့ စီစဉ်ထားတယ်... ဒီကိစ္စက နောက်ပိုင်း ထိုက်ယန်တောင်ရဲ့ အဓိက စီမံကိန်း ဖြစ်လာနိုင်တယ်"
"ဒါ့အပြင် တောင်ကို ဝိုင်းရံပြီး အမဲလိုက်တာတို့... မိန်တောင်ရဲ့ သန္ဓေပြောင်း သတ္တဝါအုပ်စု ကြီးထွားလာမှာကို ထိန်းချုပ်တာတို့နဲ့ ရေလွှမ်းမိုး တားမြစ်နယ်မြေကို ရှင်းလင်းတာတွေကိုပါ တစ်ပါတည်း လုပ်ဆောင်သွားရမယ်"
"ဒီကိစ္စတွေကို အချိန်ကျရင် ကျွန်တော် တစ်ခုချင်းစီ သေချာ စီစဉ်ပေးမယ်... ခင်ဗျားတို့ ဒါတွေကို စိတ်ပူစရာ မလိုပါဘူး... ခင်ဗျားတို့ရဲ့ တာဝန်က ဒီသန္ဓေပြောင်း စိုက်ပျိုးရေးသီးနှံတွေကို အတတ်နိုင်ဆုံး ပြုစုပျိုးထောင်ပေးဖို့ပဲ"
ဆုန့်ဝမ်နှင့် အဒေါ်ကြီးလီတို့က ကမန်းကတန်း ခေါင်းညိတ်လိုက်ကြပြီး ထိုက်ယန်တောင်၏ နောက်ထပ် တာဝန်များအတွက် လက်နှစ်ဖက်စလုံး မြှောက်ကာ သဘောတူလိုက်ကြသည်။
သူတို့နှင့်အတူ နေရောင်ခြည်ဇုန်ထဲတွင် တစ်ပတ်လှည့်ပတ် ကြည့်ရှုပြီးနောက် လင်းယွမ်က သားသတ်ရုံဘက်သို့ သွားကာ ပြီးခဲ့သည့် နှစ်ရက်အတွင်း စုဆောင်းထားသော သားကောင်များနှင့် ငါးများကို ရှင်းလင်းစီမံလိုက်သည်။
စုစုပေါင်း အမှတ် နှစ်သောင်းနီးပါး ရရှိခဲ့သဖြင့် သူ၏ မျက်နှာပေါ်တွင် အပြုံးများ ပြည့်နှက်သွားစေသည်။
ယခင်က မိန်တုဥယျာဉ်တွင် သူတစ်ယောက်တည်း ရှိနေစဉ်က လူအားလုံးကို ခေါ်ယူပြီး ငါးဖမ်းခိုင်းလျှင်ပင် တစ်နေ့တာအတွက် အမှတ် တစ်ထောင်ရလျှင်ပင် များနေပြီဟု ဆိုရမည်ဖြစ်သည်။
ယခုတော့ တစ်နေ့လျှင် အမှတ် တစ်သောင်းကို လွယ်လွယ်ကူကူ ရရှိနေပြီဖြစ်ရာ အမှန်ပင် လူများလျှင် ခွန်အားကြီးမားကြောင်း သက်သေပြနေသည်။
သူ ရွေးချယ်ခဲ့သော ဤလမ်းကြောင်းက မှန်ကန်ခဲ့သည်ဟု ဆိုရမည်ပင်။
သားသတ်ရုံတွင် လင်းယွမ်က ပစ္စည်းသိုလှောင်ခန်းထဲရှိ သန္ဓေပြောင်း အမွေးဝါမိစ္ဆာကောင်ကိုပါ တစ်ပါတည်း ခွဲစိတ်ကြည့်လိုက်သည်။ သို့သော် ကံမကောင်းစွာဖြင့် ဤတစ်ကြိမ်တွင် မည်သည့် သင်္ကေတအရိုးကိုမျှ မတွေ့ရပေ။
သဘောတရားအရဆိုလျှင် စိတ်စွမ်းအင် ၅၀ မှတ်နီးပါးအထိ ရှိသော ဤသန္ဓေပြောင်း ဘီလူးမျိုးထံမှ ဘာတစ်ခုမှ ထွက်မလာခြင်းက အနည်းငယ်တော့ ယုတ္တိမတန်ပေ။
သို့သော်လည်း တိုက်တိုက်ဆိုင်ဆိုင် ဤသန္ဓေပြောင်း အမွေးဝါမိစ္ဆာကောင်ထံမှ မည်သည့်အရာမှ ထွက်မလာခဲ့ပေ။
ဤသန္ဓေပြောင်း အမွေးဝါမိစ္ဆာကောင်သည် ကံကောင်းစွာဖြင့် သင်္ချိုင်းထဲတွင် မွေးဖွားလာပြီး ထိုနေရာရှိ စိတ်စွမ်းအင်ဆိုင်ရာ စွမ်းအင်ကျောက်တုံး၏ စွမ်းအင်များကို စုပ်ယူကာ ဉာဏ်ရည် ပွင့်လင်းလာခြင်း ဖြစ်နိုင်သော်လည်း မည်သည့် အစွမ်းကိုမျှ နားလည်သဘောပေါက်ခြင်း မရှိခဲ့ကြောင်း လင်းယွမ်က သံသယဖြစ်မိသည်။
သူကိုယ်တိုင်လည်း အစက စိတ်စွမ်းအင်များ မြင့်တက်လာပြီးနောက် အစောဆုံး တတ်မြောက်ခဲ့သည်မှာ စိတ်ဝိညာဉ်ရိုက်ခတ်အစွမ်း ဖြစ်ကြောင်း လင်းယွမ် မှတ်မိနေသည်။
စိတ်ဝိညာဉ်ရိုက်ခတ်အစွမ်းသည် စိတ်စွမ်းအင် ကြီးမားလာသည်နှင့်အမျှ အလိုအလျောက် နားလည်သဘောပေါက်လာနိုင်ပြီး အစွမ်းတစ်ခုအနေဖြင့်ပင် သတ်မှတ်၍ မရနိုင်ပုံပေါ်သည်။
စိတ်စွမ်းအင် ထင်ယောင်ထင်မှားဖြစ်စေခြင်း၊ စိတ်စွမ်းအင် ဝင်္ကပါ၊ စိတ်စွမ်းအင် စိတ်ကူးယဉ်ကမ္ဘာ စသည်တို့ကသာလျှင် အမှန်တကယ် စိတ်စွမ်းအင်ဆိုင်ရာ အစွမ်းများအဖြစ် သတ်မှတ်နိုင်ပေသည်။
အမွေးဝါမိစ္ဆာကောင်ကို သားသတ်ရုံ အလုပ်သမားများအား ရှင်းလင်းရန် ပေးအပ်လိုက်ပြီးနောက် လင်းယွမ်က ရေပြင်တွင် သတ်ဖြတ်ခဲ့သော သန္ဓေပြောင်း မိကျောင်းကိုပါ ထပ်မံ ခွဲစိတ်ကြည့်လိုက်သော်လည်း အတူတူပင် ဘာမှ မရရှိခဲ့ပေ။
သို့သော် သူက ဂရုမစိုက်။ ခြေထောက်နှစ်ချောင်းကို ဖြတ်ယူလိုက်ပြီး ကျန်သည်များကို သားသတ်ရုံသို့ ပေးအပ်ကာ နောက်ပိုင်းတွင် စားသောက်ဆိုင်သို့ ထောက်ပံ့ရန် စီစဉ်လိုက်သည်။
ထို့နောက် လင်းယွမ်က သားသတ်ရုံမှ ထွက်ခွာလာပြီး မွေးမြူရေးဇုန်ဘက်သို့ ထပ်မံ သွားကြည့်လိုက်သည်။
မီးဝါးကြွက်များ၊ ကြက်နီများ၊ မိန်ဟွာဝက်များ စသည့် တိရစ္ဆာန်များကို အတော်လေး ကောင်းမွန်စွာ မွေးမြူထားနိုင်ပေသည်။
လင်းယွမ်က တာဝန်ခံကို မေးမြန်းကြည့်ရာ သူတို့ မွေးမြူရေးခြံသည် မိန်ဟိုင်ဥယျာဉ်၊ သိုင်းဘုရင်ဂေဟာ စသည့် နေရာများတွင် နေရာသစ်များ ဖန်တီးထားကြောင်း သိလိုက်ရသည်။ ကူးစက်ရောဂါ ကဲ့သို့သော အရာများ ဖြစ်ပွားလာပါက တစ်ကောင်သေလျှင် တစ်သိုက်လုံး သေကုန်မည်ကို စိုးရိမ်သောကြောင့်ဟု ဆို၏။
ဤလုပ်ဆောင်ချက်အပေါ် လင်းယွမ်က အတော်လေး ချီးကျူးမိပြီး စုံစမ်းကြည့်လိုက်သောအခါမှ ထိုနည်းလမ်းမှာ ရေကြီးရေလျှံမှု မတိုင်မီက ကြက်မွေးမြူရေးခြံ ဖွင့်ခဲ့သော ဇနီးမောင်နှံက စဉ်းစားပေးခဲ့ခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။
လင်းယွမ်က စကားအနည်းငယ်ဖြင့် ချီးမွမ်းလိုက်ပြီး ထိုလူများကို အတော်လေး အလေးထားလိုက်သည်။
မိန်တောင်ဘက်တွင် နောက်ပိုင်း အကြီးအကျယ် တည်ဆောက်ရတော့မည်ဖြစ်ရာ ဤအရည်အချင်းရှိသူများသည် အလွန် အရေးကြီးလှသည်။ အချိန်ကျလာပါက သူတို့ကို ထိုဘက်သို့ ခေါ်ဆောင်သွားပြီး သက်ဆိုင်ရာ ကိစ္စရပ်များကို တာဝန်ယူစေရန် လိုအပ်နိုင်ပေသည်။
……
လင်းယွမ်တစ်ယောက် ခိုလှုံရေးစခန်း အနှံ့အပြားကို လိုက်လံ စစ်ဆေးနေချိန်တွင် ရန်မေနှင့် ဦးလေးရန်တို့က ရန်ရုံဝေ၊ လီရှန်ယန်တို့ကို ခေါ်ဆောင်ကာ ဝါးအိမ်များကို ဖြတ်သန်းပြီး မီးဝါးတောဘက်သို့ ရောက်ရှိလာကြသည်။
မီးဝါးတောထဲတွင် သက်ကြီးရွယ်အိုများနှင့် ကလေးငယ် အများအပြားက အနီးနားတွင် ဝါးနုများကို ခုတ်ထစ်နေကြသည်။
ရန်ရုံဝေက ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ မေးလိုက်သည်။ "ဒီလူတွေက ဝါးတွေ ခုတ်ပြီး ဘာလုပ်ကြမလို့လဲ"
လီရှန်ယန်ကလည်း ထူးဆန်းသည်ဟု ထင်မှတ်ကာ ပြောလိုက်သည်။ "သူတို့က ဝါးအိမ် ဆောက်ဖို့ ဝါးတွေ ခုတ်နေကြတာလား... အဲဒါဆိုရင် ဝါးရင့်တွေကို ခုတ်ရမှာ မဟုတ်ဘူးလား... ဘာလို့ ဝါးနုတွေကိုပဲ ရွေးခုတ်နေကြတာလဲ"
ဦးလေးရန်က တစ်ချက်လှမ်းကြည့်လိုက်ပြီး ချက်ချင်းပင် ရယ်မောလိုက်သည်။ "သူတို့က မွေးမြူရေးစခန်းက အလုပ်သမားတွေလေ... ဝါးခုတ်တာက ပြန်ယူသွားပြီး မီးဝါးကြွက်တွေကို ကျွေးဖို့အတွက်ပေါ့"
"မွေးမြူရေးခြံ"
လူတိုင်းက အံ့သြသွားကြပြီး ဦးလေးရန်ကို ကြည့်လိုက်ကြသည်။
ဦးလေးရန်က တတဟားဟား ရယ်မောကာ ပြောလိုက်သည်။ "မင်းတို့တွေ သိပ်အံ့သြမနေကြပါနဲ့... ဝါးကြွက်ရဲ့ အရသာက အရမ်းကို ကောင်းတာကွ... စားသောက်တန်းမှာ နာမည်ကြီးတဲ့ ဝါးကြွက်သားနှပ် ဟင်းတစ်ခွက် ရှိတယ်... စားလို့ အရမ်းကောင်းတာကွ"
ရန်မေက ရယ်မောလိုက်သည်။ "မီးဝါးကြွက်က အရမ်းကောင်းတဲ့ အသားအရင်းအမြစ်လေ... သမီးတို့ ထိုက်ယန်တောင်ဘက်မှာ သူတို့ကို တွေ့ပြီးကတည်းက မွေးမြူရေးခြံ တည်ဆောက်ပြီး သီးသန့် မွေးမြူဖို့ သတိထားမိခဲ့တာ"
လီရှန်ယန်တို့ လူစုက မနေနိုင်ဘဲ အချင်းချင်း ကြည့်လိုက်ကြကာ အလွန်အမင်း အံ့သြသွားကြသည်။
ထိုက်ယန်တောင် ခိုလှုံရေးစခန်းက လူကိုယ်တိုင် မွေးမြူရေးကိုပင် စတင်နေပြီ ဖြစ်သော်လည်း သူတို့ ကျဲ့ဆစ် စာသင်ကျောင်းဘက်တွင်တော့ အသားစားရရန် တောရိုင်း သန္ဓေပြောင်း သတ္တဝါများကို အမဲလိုက်ခြင်းအပေါ်တွင်သာ မှီခိုနေရဆဲဖြစ်သည်။
ဤနှစ်ခုကို နှိုင်းယှဉ်ကြည့်လိုက်ပါက တကယ်ကို မိုးနှင့် မြေလိုပင် ကွာခြားလှပေသည်။
ထိုအချိန်တွင် ဦးလေးရန်က မီးဝါးတော အပြင်ဘက်ရှိ မြေနေရာ အကျယ်အဝန်း မသေးလှသော မွေးမြူရေးခြံကို လက်ညှိုးထိုးပြကာ အော်ပြောလိုက်သည်။ "ဟော... အဲဒါက မွေးမြူရေးခြံပဲ... အကျယ်ကြီးပဲ... အထဲမှာ မီးဝါးကြွက်တွေတင်မဟုတ်ဘူး ကြက်နီတွေ၊ မိန်ဟွာဝက်တွေ စတာတွေကိုပါ မွေးမြူထားတယ်... ငါတို့ဆီက အသားတွေ အကုန်လုံးက ဒီအကောင်တွေကို အားထားနေရတာ"
"မင်းတို့ မိန်တောင်ကို ပြန်တဲ့အခါကျရင် နည်းနည်းပါးပါး ဝယ်သွားပြီး ရွာကလူတွေကို မြည်းစမ်းကြည့်ခိုင်းလို့ ရတယ်"
လီရှန်ယန်တို့က ကြီးမားလှသော မွေးမြူရေးခြံကို ကြည့်ကာ မျက်နှာပေါ်တွင် အားကျသော အမူအရာများ ပေါ်လွင်နေ၏။
ဤမွေးမြူရေးခြံတွင် တိရစ္ဆာန် ဘယ်လောက်တောင် မွေးမြူထားရမလဲ...
ထိုက်ယန်တောင် ခိုလှုံရေးစခန်းက တကယ်ကို အသားစားခွင့် လွတ်လပ်မှုကို အကောင်အထည် ဖော်နိုင်ခဲ့ပြီပဲ...
"ဟေး... ဟေး... မွေးမြူရေးခြံကိုချည်းပဲ ကြည့်မနေကြနဲ့ဦး... ဟိုဘက်ကို ကြည့်စမ်း... တို့ ထိုက်ယန်တောင်ရဲ့ အဓိက အကျဆုံး နေရာဖြစ်တဲ့ ထိုက်ယန်တောင် ဈေးဝယ်စင်တာကြီးပဲ"
ဦးလေးရန်က သူတို့၏ စိတ်ကူးယဉ်မှုများကို ဖြတ်တောက်လိုက်ပြီး အဝေးရှိ တောင်ကြားကို လက်ညှိုးထိုးကာ စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။
ရန်ရုံဝေတို့က ခေါင်းလှည့်ကြည့်လိုက်ရာ ချက်ချင်းပင် မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားကြသည်။
ကြီးမားလှသော တောင်ကြားအတွင်း၌ ကျယ်ပြန့်သော ရင်ပြင်ကြီး တစ်ခုရှိနေပြီး ရင်ပြင်ပေါ်တွင် ကျောက်ပြားများ ခင်းထားကာ လူလုပ် ရေကန်တစ်ခုလည်း ရှိနေသည်ကို မြင်လိုက်ရသည်။
စင်္ကြံများကဲ့သို့သော အဆောက်အအုံများက ရင်ပြင်ကို ဝိုင်းရံထားပြီး အရပ်မျက်နှာ အနှံ့အပြားသို့ ဆက်သွယ်ထားသည်။
လူအများအပြားက စင်္ကြံများတွင် လမ်းလျှောက်နေကြပြီး အပြင်ဘက်ရှိ မိုးသည်းထန်စွာ ရွာသွန်းနေမှုကို ကြည့်ရှုနေကြ၏။
ရင်ပြင်၏ ဘယ်ညာတွင် ကြီးမားသော တဲအကြီးကြီးများ ပေါ်ထွက်လာပြီး ထိုတဲများက မိုးရေကို ကာကွယ်ပေးထားသလို အမြင်အာရုံကိုလည်း ပိတ်ဆို့ထားသည်။
သို့သော် ထိုတဲများ၏ အက်ကြောင်းများမှတစ်ဆင့် အတွင်းဘက်ရှိ ကြီးမားလှသော ဟင်းသီးဟင်းရွက်များနှင့် စိုက်ပျိုးရေးသီးနှံများ ရှင်သန်ကြီးထွားနေသည်ကို မပီဝိုးတဝါး မြင်တွေ့နေရသည်။
ထိုရင်ပြင်၏ အဆုံးတွင် မြင့်မားသော ဝါးအိမ်တစ်ခု ရှိနေသည်။
ဝါးအိမ်က တောင်ကမ်းပါးကို မှီခိုထားပြီး ပေ ၄၀ ခန့် မြင့်မားသော ဝါးအိမ်၏ အထက်တွင် ကြီးမားသော ဆိုင်းဘုတ်ကြီး တစ်ခုကို ချိတ်ဆွဲထားသည်။
"ထိုက်ယန်တောင် ဈေးဝယ်စင်တာ"
လီရှန်ယန်က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပြည့်နှက်နေ၏။
ရန်ရုံဝေက မျက်လုံးပြူးကာ ရေကြီးရေလျှံမှု မတိုင်မီ အချိန်သို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။
ကျန်းရုံရုံက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး ဝါးအိမ်အတွင်း ဝင်ထွက်သွားလာနေသော အမျိုးသား၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များကို ကြည့်ကာ သူမ၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။
ရန်ဝေက ပါးစပ်အဟောင်းသားဖြစ်ကာ ရေရွတ်လိုက်သည်။ "တကယ်ကြီး ဈေးဝယ်စင်တာ ရှိနေတာပဲ... တကယ်ကြီးပဲ"
ရန်မေက ရယ်မောလိုက်သည်။ "အဖေ... ဒါက မောင်လေးလင်းယွမ်တို့ တည်ဆောက်ထားတဲ့ ထိုက်ယန်တောင် ဈေးဝယ်စင်တာပဲ... အထဲမှာ စားစရာ သောက်စရာတွေ အများကြီး ရှိတယ်... သွားရအောင်... သမီး အဖေ့အတွက် အဝတ်အစား နည်းနည်းပါးပါး ဝယ်ပေးမယ်"
သူမက အံ့အားသင့်နေသော ရန်ရုံဝေကို ဆွဲခေါ်ကာ ဈေးဝယ်စင်တာဘက်သို့ တောက်လျှောက် လျှောက်သွားလိုက်သည်။
ဦးလေးရန်က လီရှန်ယန်တို့ လူစုကို အော်ပြောလိုက်သည်။ "ရှန်ယန်... မင်းတို့ ဘာငေးကြည့်နေကြတာလဲ... မြန်မြန် လိုက်ခဲ့ကြလေ... မွန်းတည့်ချိန်လည်း ရောက်နေပြီဆိုတော့ ဦးလေးလင်းက မင်းတို့ကို ပထမထပ်က စားသောက်တန်းက အရသာရှိတဲ့ အစားအစာတွေ မြည်းစမ်းကြည့်ဖို့ ခေါ်သွားမယ်... ဟားဟား"
သူက စိတ်လှုပ်ရှားစွာဖြင့် လက်ကို ပွတ်သပ်လိုက်ပြီး တံတွေးမျိုချလိုက်ရာ ထိုက်ယန်တောင် ဈေးဝယ်စင်တာ၏ ပထမထပ်မှ အစားအစာများကို လွမ်းဆွတ်နေကြောင်း သိသာလှပေသည်။
ရန်မေက ပြုံးကာ ပြောလိုက်သည်။ "စိတ်ကြိုက်သာ စားကြပါ... အဖေ... အဖေ ဘာစားချင်လဲဆိုတာ ဦးလေးလင်းကိုသာ ပြောလိုက်... နောက်မှ သမီး ဆင်းလာပြီး အမှတ် လာရှင်းပေးမယ်"
ရန်ရုံဝေက ပါးစပ်ဟလိုက်သော်လည်း ဘာပြောရမှန်း မသိဖြစ်နေသည်။ ဤထိုက်ယန်တောင် ခိုလှုံရေးစခန်းက သူတို့ကို အမှန်တကယ်ပင် အံ့အားသင့်သွားစေခဲ့ပြီ ဖြစ်သည်။
ရေကြီးရေလျှံမှု ဘေးအန္တရာယ်ကို ကြုံတွေ့ပြီးနောက် လူရိုင်းဘဝဖြင့် ခြောက်လကြာ နေထိုင်ခဲ့ရပြီးမှ ထိုက်ယန်တောင် ခိုလှုံရေးစခန်းသို့ ထပ်မံရောက်ရှိလာသောအခါ ခေတ်မီ ယဉ်ကျေးမှု လူ့အဖွဲ့အစည်းဆီသို့ ပြန်လည် ရောက်ရှိသွားသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရသည်။
ဦးလေးရန်က ရန်ရုံဝေကို ဆွဲကာ ပြောလိုက်သည်။ "ရုံဝေ... ငေးမနေနဲ့တော့... မြန်မြန်သွားရအောင်... ငါ မင်းတို့ကို အထဲဝင်ကြည့်ဖို့ ခေါ်သွားပေးမယ်"
ဦးလေးရန်၏ ဦးဆောင်မှုအောက်တွင် လီရှန်ယန်တို့ လူစုက လူရိုင်းများ မြို့တွင်းသို့ ဝင်ရောက်လာသကဲ့သို့ ဘယ်ညာကို ကြည့်ရှုရင်း အတူတကွ ဝင်ရောက်သွားကြသည်။
ပထမထပ် ဝါးအိမ်၏ တံခါးပေါက်ကို ဖြတ်သန်းပြီး ပထမထပ်ရှိ စားသောက်တန်း အတွင်းပိုင်းသို့ ဝင်ရောက်သွားကြသည်။
ချက်ချင်းပင် လတ်ဆတ်မွှေးကြိုင်ပြီး စပ်ရှရှဖြစ်သော အစားအစာ ရနံ့အမျိုးမျိုးက သူတို့ဆီသို့ ရိုက်ခတ်လာသည်။
ထိုရနံ့များက ရန်ရုံဝေတို့၏ သွားရည်များကို အရူးအမူး ထွက်ကျလာစေရန် လှုံ့ဆော်ပေးနေ၏။
ရန်ဝေက ခေါင်းမော့ကြည့်လိုက်ရာ ချက်ချင်းပင် မျက်လုံးပြူးသွားပြီး တံခါးဝရှိ ဆိုင်တစ်ဆိုင်ကို လက်ညှိုးထိုးကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "ပေါက်စီ... ပေါက်စီ ရှိတယ်ကွ... အစ်ကိုရှန်ယန်... အစ်မရုံ... ဒီမှာ အငွေ့တထောင်းထောင်း ထနေတဲ့ ပေါက်စီတွေတောင် ရှိတယ်"
ဦးလေးရန်က ခေါင်းမော့ကြည့်လိုက်ရာ [ဦးလေးဟူ ပေါက်စီဆိုင်] ဟူသော ဆိုင်းဘုတ်ကို မြင်လိုက်ရသည်။ ၎င်းမှာ ဟူဝေမင်၏ ဇနီး လျှိုရှုချင်း ဖွင့်လှစ်ထားသော ပေါက်စီဆိုင် ဖြစ်သည်။ နှစ်ရက်ခန့် မတွေ့ရသေးသည့် အချိန်အတွင်း သူတို့က လုံလောက်သော အမှတ်များကို စုဆောင်းနိုင်ခဲ့ရုံသာမက ဆိုင်ခန်းငှားရမ်းနိုင်ခဲ့ပြီး တရားဝင် စတင်ဖွင့်လှစ်နေပြီ ဖြစ်သည်။
ဦးလေးရန်က ကမန်းကတန်း လျှောက်သွားကာ အတွင်းဘက်ရှိ လျှိုရှုချင်းကို လှမ်းအော်လိုက်သည် "ရှုချင်း... မင်းတို့ ဆိုင်ဖွင့်လိုက်ပြီလား"
လျှိုရှုချင်းက ဦးလေးရန်ကို မြင်သောအခါ ချက်ချင်းပင် ပြုံးရွှင်သွားပြီး ပြောလိုက်သည် "ဟုတ်တယ်... ဦးလေးရန်... ဘာစားမလဲ... ကျွန်မ ပေါက်စီ နည်းနည်း ယူပေးမယ်... အလကား ကျွေးမှာပါ"
ဦးလေးရန်က ချက်ချင်းပင် အသံကျယ်ကြီးဖြင့် ရယ်မောလိုက်သည်။ "ဘာ အသားတွေနဲ့ရလဲ"
"အသားနီ ပေါက်စီမှာတော့ ဝါးကြွက်သား ပေါက်စီ၊ မိန်ဟွာဝက်သား ပေါက်စီ ရှိတယ်... အသားဖြူ ပေါက်စီမှာတော့ ငါးပေါက်စီ၊ ကဏန်းပေါက်စီ၊ ပုစွန်ပေါက်စီ ရှိတယ်... ဟင်းသီးဟင်းရွက် ပေါက်စီမှာတော့ ဖမ်မင်သီး ပေါက်စီ၊ ဟင်းနုနွယ် ပေါက်စီ ရှိတယ်"
လျှိုရှုချင်းက တစ်ထိုင်တည်းနှင့် အမျိုးအစား အတော်များများကို ပြောပြလိုက်ရာ ဦးလေးရန်က ကမန်းကတန်း ပြောလိုက်သည်။ "ပေး... ပေး... ပေး... တစ်မျိုးကို တစ်လုံးစီ ပေး... ဒါနဲ့ တစ်လုံးကို ဘယ်နှမှတ်လဲ"
"ဦးလေးရဲ့ အမှတ်ကို ဘယ်ယူလို့ ဖြစ်ပါ့မလဲ" လျှိုရှုချင်းက ဦးလေးရန်နှင့် ရန်မေတို့ ဆွေမျိုးစပ်ကြောင်းကို သိထားသဖြင့် အလိုက်သိစွာဖြင့် အခမဲ့ ပေးရန် လုပ်ဆောင်လိုက်သည်။
ဦးလေးရန်က ချက်ချင်းပင် ရယ်မောကာ ခေါင်းခါလိုက်ပြီးနောက် ပြောလိုက်သည်။ "ရှုချင်းရယ်... မင်း အဲဒီလိုတော့ မလုပ်နဲ့နော်... သံယောဇဉ်က သံယောဇဉ်ပဲ... ဒါပေမဲ့ လင်းယွမ်ရဲ့ စည်းမျဉ်းတွေကို ဖျက်ဆီးလို့ မရဘူးလေ"
"ငါတို့ လူကြီးတွေကတော့ စည်းမျဉ်းကို သိတယ်... အကောင်းအဆိုးကို သိတယ်... ဒါပေမဲ့ နောက်ပိုင်းကျရင် လူအချို့က အခွင့်အရေးယူပြီး ဒီမှာ လာပြီး အလကား လာစား လာယူကြရင် မင်းက သူတို့ကို အလိုလိုက်ရာ ကျသွားလိမ့်မယ်"
"နောင်ကျလို့ ပြဿနာတွေ ဖြစ်လာပြီး လင်းယွမ်က အရေးယူဖို့ လုပ်လာရင် ငါလည်း ဒုက္ခရောက်ရလိမ့်မယ်... မြန်မြန် ပြောစမ်းပါ... အမှတ် ဘယ်လောက်လဲ... တစ်မှတ်မှ အလျော့မပေးနိုင်ဘူးနော်"
လျှိုရှုချင်းက အံ့အားသင့်သွားပြီး အကြောင်းရင်းကို နားမလည်နိုင်သော်လည်း သူက ဤသို့ ပြောနေပြီး ပေါက်စီ အများအပြားကိုလည်း တောင်းဆိုနေသဖြင့် အကယ်၍ အလကား ပေးရမည်ဆိုပါက အနည်းငယ် နှမြောသွားကာ ရှက်ရွံ့စွာ ပြောလိုက်သည် "တစ်လုံးကို တစ်မှတ်ပါ"
ဦးလေးရန်က တဟားဟား ရယ်မောလိုက်ပြီး မိမိ၏ ကတ်ကို ထုတ်ကာ သူမ၏ စက်ပေါ်တွင် တစ်ချက် ပွတ်ဆွဲလိုက်သည်။
"ဒင်" ခနဲ အသံနှင့်အတူ အမှတ် ဆယ်မှတ် နှုတ်သွားခဲ့သည်။
သူက ပေါက်စီများကို ကိုင်ကာ ရန်ရုံဝေတို့ လူစုကို လှည့်ခေါ်လိုက်သည်။ "လာ လာ လာ... သူ့ဆိုင်က ပေါက်စီတွေကို လာမြည်းကြည့်ကြ... ငါလည်း သူ့ဆိုင်က ပေါက်စီတွေ မစားရတာ တော်တော်ကြာပြီ... သူတို့ဆိုင်က ပေါက်စီတွေက အရမ်း စားလို့ကောင်းတာ"
ရန်ရုံဝေတို့ လူစုက ပေါက်စီများကို လှမ်းယူလိုက်ပြီး တံတွေးမျိုချလိုက်ကြသည်။
လီရှန်ယန်က အားနာချင်သေးသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ရန်ဝေနှင့် ကျန်းရုံရုံတို့က ပေါက်စီများကို ပါးစပ်ထဲသို့ ထည့်နေကြပြီကို မြင်လိုက်ရသည်။
ကျန်းရုံရုံက တစ်ကိုက် ကိုက်လိုက်သည်နှင့် အငွေ့တထောင်းထောင်း ထနေသော ဂျုံမှုန့်က သူမ၏ ပါးစပ်ထဲတွင် ပြင်းထန်သော ဂျုံမှုန့်ရနံ့ကို ချက်ချင်း ထုတ်လွှတ်ပေးလိုက်သည်ကို မြင်လိုက်ရသည်။
ထို့နောက် အသားရနံ့က ပျံ့လွင့်လာသည်။ မိန်ဟွာဝက်သားကို အသားစဉ်းကာ အမွှေးအကြိုင်များ ထည့်ထားပြီး အသားနှင့် ဂျုံမှုန့်တို့ ရောနှောသွားကာ ခံတွင်းထဲရှိ တံတွေးအင်ဇိုင်းများ၏ အကူးအပြောင်းအောက်တွင် ရပ်တန့်၍ မရနိုင်လောက်အောင် အရသာရှိလှပေသည်။
ကျန်းရုံရုံက မရပ်မနား ဝါးနေရင်း စားနေရင်းဖြင့် ရုတ်တရက် မျက်ကွင်းများ နီလာကာ မျက်ရည်များ မရပ်မနား ကျဆင်းလာခဲ့သည်။
ရန်ဝေက အငမ်းမရ စားသောက်နေပြီး နှစ်ကိုက်သုံးကိုက်ဖြင့် ပေါက်စီတစ်လုံးကို မျိုချလိုက်သည်။
သူက အားမရသေးဘဲ လက်ချောင်းထိပ်တွင် ကျန်နေသော ဂျုံအနှစ်ကို လျှာဖြင့် လျက်လိုက်သည်။
"အရမ်းကောင်းတယ်... အရမ်းကောင်းတာပဲ... ပေါက်စီ အရသာ ဘယ်လိုနေလဲဆိုတာတောင် ကျွန်တော် မေ့လုမတတ် ဖြစ်နေပြီ"
လီရှန်ယန်ကလည်း မနေနိုင်တော့ဘဲ အားနာသော စကားများကို အဆုံးတိုင် မပြောနိုင်တော့ဘဲ သူ့အလိုလို ဂျုံပေါက်စီကို တစ်ကိုက် ကိုက်လိုက်သည်။
သူ၏ ပေါက်စီသည် ငါးသားပေါက်စီ ဖြစ်သည်။ ထိုငါးသားများကို အသားစဉ်းကာ ဝက်ဆီနှင့် ရောနှောပြီး အမွှေးအကြိုင် အချို့ ထည့်ထားသဖြင့် လတ်ဆတ်မွှေးကြိုင်နေသည်။
လီရှန်ယန်သည် မိန်တောင်တွင် ရှိနေစဉ်က သန္ဓေပြောင်း ငါးများကို စားရတာ ရိုးအီနေပြီ ဖြစ်သည်။ သို့သော် သန္ဓေပြောင်း ငါးသားဖြင့် ပြုလုပ်ထားသော ပေါက်စီက စကားပင် မပြောနိုင်လောက်အောင် အရသာရှိလိမ့်မည်ဟု သူ တစ်ခါမှ မတွေးဖူးခဲ့ပေ။
ရန်ရုံဝေက ပေါက်စီကို ကိုင်ကာ တစ်ကိုက်သာ စားလိုက်ရုံဖြင့် မနေနိုင်ဘဲ အားပါးတရ ဝါးစားတော့သည်။
ဘေးနားရှိ ဦးလေးရန်က မရပ်မနား ဟူးဟူးမှုတ်ရင်း စားနေရင်းဖြင့် အော်ပြောလိုက်သည်။ "အမယ်လေး... ဒီပေါက်စီက အရမ်း စားလို့ကောင်းတာပဲ... ဒီပေါက်စီ တစ်ကိုက်ကို လွမ်းလွန်းလို့ သေတော့မယ်"
"ဟေ... ရုံဝေ... ရှန်ယန်... ပေါက်စီ အရသာ မဆိုးဘူးမလား... ပေါက်စီ တစ်လုံးကို တစ်မှတ်ဆိုတော့ ဈေးက သိပ်မချိုပေမယ့် သူတို့ဆိုင်က အသားတွေ တော်တော် များများ ထည့်ပေးထားတယ်နော်"
"မင်းတို့ ပေါက်စီ မစားရတာ ဘယ်လောက်တောင် ကြာပြီလဲ... စားကောင်းတယ်မလား"
လီရှန်ယန်က လက်ထဲရှိ ပေါက်စီကို စားပြီးသွားသောအခါ တကယ်ကို မနေနိုင်တော့ဘဲ လေချဉ်တက်လိုက်ရာ နင်သွားခဲ့သည်။
သူက ကမန်းကတန်း အိတ်ထဲမှ ရေဘူးကို ထုတ်ကာ ဂလုဂလု မြည်အောင် နှစ်ကျိုက်ခန့် သောက်လိုက်သည်။
ထို့နောက်မှ သူက ရင်ဖွင့်လိုက်သည်။ "အရမ်းကောင်းတယ်... တကယ်ကို စားလို့ကောင်းတယ်... ရေကြီးရေလျှံမှု ဖြစ်ပြီးကတည်းက ကျွန်တော် ပေါက်စီ မစားဖူးတော့ဘူး"
ရန်ဝေက မနေနိုင်ဘဲ ပြောလိုက်သည်။ "ဒါတင် ဘယ်ကမလဲ... အစ်ကိုရှန်ယန်... ပေါက်စီကို မပြောနဲ့ဦး... ကျွန်တော် ခေါက်ဆွဲတောင် မစားရတာ ခြောက်လနီးပါး ရှိနေပြီ"
"စာသင်ကျောင်းမှာ နေရတဲ့ နေ့ရက်တွေတုန်းက ကျွန်တော်တို့ နေ့တိုင်း ဆန်ပြုတ်နဲ့ ကန်စွန်းဥကိုပဲ ဟိုဘက်ဒီဘက် လှည့်စားနေရတာ... ကျွန်တော်ဆို စားရတာ ရိုးအီနေပြီ"
ကျန်းရုံရုံကလည်း ခေါင်းတညိတ်ညိတ်နှင့် ထောက်ခံလိုက်သည်။ ရေကြီးရေလျှံမှု မတိုင်မီက သူမ၏ မိသားစု အခြေအနေသည် အလွန်ကောင်းမွန်ခဲ့သည်။
ရေကြီးရေလျှံမှု ဖြစ်ပွားပြီးနောက်တွင်တော့ သူမ အခက်အခဲမျိုးစုံကို ခံစားခဲ့ရသည်။ သို့သော် ဤပေါက်စီ တစ်လုံးက ယခင်က မရေမတွက်နိုင်သော အရသာရှိလှသည့် အစားအစာများအပေါ် သူမ၏ တောင့်တမှုများနှင့် အမှတ်ရစရာများကို ချက်ချင်းပင် နှိုးဆွပေးလိုက်သည်။
စောစောက စားရင်း သောက်ရင်း ငိုချလိုက်ရခြင်းသည် အရသာရှိလွန်း၍ ငိုရခြင်း တစ်ခုတည်းကြောင့် မဟုတ်ဘဲ ယခင်က ဖြတ်သန်းခဲ့ရသော သာယာလှပသည့် ဘဝလေးကို ပြန်လည် သတိရမိခြင်းကြောင့်လည်း ဖြစ်သည်။
သူတို့၏ ပုံစံကို မြင်သောအခါ ဦးလေးရန်က တဟားဟား ရယ်မောကာ ပြောလိုက်သည်။ "မလောပါနဲ့... ဒီဘက်မှာ စားစရာတွေ အများကြီး ရှိသေးတယ်... ဟိုဘက်ကို ကြည့်စမ်း... အဲဒါက စားသောက်တန်းက စားသောက်ဆိုင်ပဲ"
"လုံလောက်တဲ့ အမှတ်တွေ ရှိနေသရွေ့ အထဲဝင်ပြီး ဟင်းမှာလို့ ရတယ်... အလုပ်ရှုပ်ခံရမှာ ကြောက်ရင် အသင့်လုပ်ထားတာကို မှာလို့ ရတယ်"
ဦးလေးရန်က သူတို့ကို စားသောက်ဆိုင်ဘက်သို့ ခေါ်ဆောင်သွားသည်။ စားသောက်ဆိုင်၏ ကောင်တာသည် ရေကြီးရေလျှံမှု မတိုင်မီက ကျောင်းကန်တင်း ကောင်တာများနှင့် တူညီပေသည်။
ကောင်တာတိုင်းကို သစ်မာဖြင့် ပြုလုပ်ထားသော သစ်သားခုံများဖြင့် ဖွဲ့စည်းထားပြီး အပေါ်တွင် ဒယ်အိုးကြီးများကို သပ်ရပ်စွာ စီရီထားကာ အတွင်း၌ ဟင်းလျာ အမျိုးမျိုး ရှိနေသည်။
ဝက်သားသုံးထပ်သားနှပ်၊ ဝက်နံရိုးနှပ်၊ ငါးနှပ်၊ ဝက်သားနှစ်ပြန်ကြော်...
ရင်းနှီးကျွမ်းဝင်နေသော ဟင်းလျာ တစ်ခုချင်းစီက သူတို့၏ ရှေ့မှောက်တွင် ပေါ်လာသောအခါ ရင့်ကျက်တည်ငြိမ်သော ရန်ရုံဝေပင် မနေနိုင်ဘဲ တံတွေးများကို အရူးအမူး မျိုချနေမိသည်။
ဤဟင်းလျာများသည် ရေကြီးရေလျှံမှု မတိုင်မီကဆိုလျှင် အမှန်တကယ်ပင် သာမန်အရာများ ဖြစ်ပြီး လူအချို့က ဆီးချိုရောဂါ သို့မဟုတ် ဝိတ်ချခြင်း ကဲ့သို့သော အကြောင်းပြချက်များကြောင့် ဤအသားဟင်းများကို ထိပင် မထိကြပေ။
သို့သော် ဤခြောက်လတာ ကာလအတွင်း အသားဟင်းကို မဆိုထားနှင့် ထမင်းပင် မစားရသော သူတို့သည် ဆီပြန်နေပြီး အသားနံ့ သင်းပျံ့နေသော ဟင်းလျာများကို မြင်လိုက်ရသောအခါ တကယ်ကို သွားရည်များ မရပ်မနား ကျဆင်းလာခဲ့သည်။
ဦးလေးရန်ကလည်း ပါးစပ်ကို သပ်ကာ ပြောလိုက်သည်။ "ကိုယွီ... ငါ့ကို ဝက်သားသုံးထပ်သားနှပ် တစ်တုံးလောက် ပေးပါ... ပြီးတော့ ဒီဝက်သားနှပ်၊ ဝက်သားနှစ်ပြန်ကြော်... ဟို... ဟို ဝက်အသည်းကြော်... ဟင်းသီးဟင်းရွက်လည်း နှစ်မျိုးလောက် ပေး... ဟုတ်ပြီ ဟုတ်ပြီ... အစိမ်းရောင်လေး... ဒါက ဘာဟင်းလဲ"
"အော် အော်... ဟင်းပွဲ အသစ်လား... သန္ဓေပြောင်း ဟင်းသီးဟင်းရွက်လား... လာ လာ... နည်းနည်းလောက် ပေး"
ဦးလေးရန်က စားသောက်ဆိုင် ကောင်တာရှိ လူများနှင့် ရင်းနှီးကျွမ်းဝင်စွာ နှုတ်ဆက်လိုက်သည်။
သူသည် ယခင်က ခိုလှုံရေးစခန်းတွင် မရှိသလောက် အမြဲတမ်း ကိုယ်တိုင် ထမင်း မချက်ခဲ့ပေ။
ထမင်းစားချိန် ရောက်လျှင် စားသောက်ဆိုင်သို့ လာစားတတ်သဖြင့် ဤနေရာရှိ လူများနှင့် ရင်းနှီးနေပြီ ဖြစ်သည်။
ကောင်တာရှိ ကိုယွီဟု ခေါ်သော အဘိုးအိုက ပြုံးရွှင်စွာဖြင့် သူ့ကို ဟင်းခပ်ပေးလိုက်သော်လည်း အကျင့်ပါနေသဖြင့် ဇွန်းကို တစ်ချက် လှုပ်ခါလိုက်ရာ ဦးလေးရန် တစ်ယောက် မျက်စောင်းထိုးလုမတတ် ဖြစ်သွားသည်။
"မင်းကတော့လေ ကိုယွီ... ငါ ဟင်းလာဝယ်တာတောင် မင်းက ဇွန်းကို လှုပ်နေသေးတယ်ပေါ့"
ကိုယွီက ဟားဟား ရယ်မောလိုက်ပြီး ပြောလိုက်သည်။ "အကျင့်ပါနေလို့ပါ... အကျင့်ပါနေလို့... မင်းလည်း သိသားပဲ... ဒီဟင်းတွေက ဈေးမချိုဘူးလေ... ဒီလူတွေက မင်းရဲ့ သူငယ်ချင်းတွေလား"
ဦးလေးရန်က တဟီးဟီး ရယ်မောလိုက်ပြီး ရန်ရုံဝေကို ဆွဲခေါ်လာကာ ပြောလိုက်သည်။ "ဒါက ဘယ်သူလဲ သိလား... ရန်မေရဲ့ အဖေလေ"
ကိုယွီက ချက်ချင်းပင် အံ့သြသွားသည်။ "အမလေး ရန်မေရဲ့ အဖေလား... အမယ်လေး... မင်္ဂလာပါ မင်္ဂလာပါ"
ကိုယွီက ကမန်းကတန်း လက်ကို သုတ်လိုက်ပြီး ကောင်တာမှ လက်လှမ်းကာ ရန်ရုံဝေနှင့် လက်ဆွဲနှုတ်ဆက်ရန် ပြင်လိုက်သည်။
ရန်ရုံဝေက ကမန်းကတန်း လက်ကမ်းပေးကာ တစ်ဖက်လူနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။
ထို့နောက် ကိုယွီက ဇွန်းကို ပြန်ယူကာ ဝက်သားနှစ်ပြန်ကြော် နောက်တစ်ဇွန်းကို ထပ်ခပ်ပြီး ဝါးပန်းကန်လုံးထဲသို့ လောင်းထည့်လိုက်ကာ ရယ်မောပြောလိုက်သည်။ "များများ စားပါဦး... မလောက်ရင် နောက်ထပ် လာပြောပါ"
သူက အခြား ကောင်တာများရှိ လူများကို အော်ပြောလိုက်သည်။ "ကိုရန်တို့ကို အပြည့် ထည့်ပေးကြနော်... ဒါက အမလေး ရန်မေရဲ့ အဖေပဲ"
လူတိုင်းက ထိုစကားကို ကြားသောအခါ ချက်ချင်းပင် နွေးထွေးပျူငှာလာကြသည်။
ထို့နောက် ရန်ရုံဝေ ဟင်းဝယ်သောအခါ အလုပ်သမားတိုင်းက သူ့ကို နောက်ထပ် တစ်ဇွန်း ပိုထည့်ပေးကြသည်။
ဦးလေးရန်က တဟီးဟီး ရယ်မောကာ ပြောလိုက်သည်။ "ဒီကောင်တွေက နည်းနည်းပါးပါးတော့ အကဲခတ်တတ်သားပဲ"
ရန်ရုံဝေက ဆက်တိုက် ပြောလိုက်သည်။ "တော်ပြီ တော်ပြီ... အမယ်လေး... များနေပြီ... မကုန်နိုင်တော့ဘူး... မကုန်နိုင်တော့ဘူး"
သူက ကမန်းကတန်း ပန်းကန်ကို မ,လိုက်ပြီး ဦးလေးရန်ကို ပြောလိုက်သည်။ "ကိုလင်း... ဒီလိုလုပ်တာ မကောင်းဘူး ထင်တယ်နော်... မင်း ခုနလေးတင် ပေါက်စီဆိုင်မှာ ဒီလိုလုပ်ရပ်က အကျိုးသက်ရောက်မှု မကောင်းဘူးလို့ ပြောနေသေးတယ်မလား"
ဦးလေးရန်က တဟီးဟီး ရယ်မောလိုက်သည်။ "ဒါကို မင်း နားမလည်သေးတာပါ... အဲဒီ ပေါက်စီဆိုင်က ပုဂ္ဂလိကပိုင်လေ... ငါတို့ သူများကို အနိုင်ကျင့်လို့ မရဘူး... ဒါမှမဟုတ်ရင် လင်းယွမ် သိသွားရင် မင်းရဲ့ သားမက်ကို သေချာပေါက် ဒေါသထွက်စေလိမ့်မယ်"
"ဒါပေမဲ့ ဒီစားသောက်ဆိုင်က မင်းရဲ့ သားမက် ဖွင့်ထားတာကွ... မင်းက သူ့ရဲ့ ယောက္ခမပဲ... တစ်လုတ်လောက် ပိုစားလိုက်လို့ ဘာမှမဖြစ်ဘူး"
ရန်ရုံဝေက ချက်ချင်းပင် ဘာပြန်ပြောရမှန်း မသိဖြစ်သွားသည်။
ရန်ရုံဝေ၏ အဆင့်အတန်း ပြဿနာကြောင့် အတူပါလာသော ရန်ဝေ၊ လီရှန်ယန်တို့ လူစုပါ အခွင့်အရေးများ ရရှိသွားခဲ့ကြသည်။
လူအချို့၏ ပန်းကန်များထဲတွင် စုံလင်လှသော ဟင်းလျာများ ပြည့်နှက်နေ၏။
သူတို့ လေးယောက်က ဘေးနားရှိ ထမင်းစားပွဲသို့ ရောက်ရှိလာပြီး ခြောက်လကြာ မစားခဲ့ရသော ကြီးကျယ်ခမ်းနားသည့် စားသောက်ပွဲကြီးကို စတင် မြည်းစမ်းကြသည်။
"အရမ်းကောင်းတယ်... အရမ်းကောင်းတာပဲ"
"ဒီအသားက အရမ်း မွှေးလွန်းနေပြီ... ပဲငံပြာရည် အရသာကို မစားရတာ ဘယ်လောက်တောင် ကြာပြီလဲဆိုတာ ကျွန်တော်တောင် မသိတော့ဘူး"
"အမလေး... ဒီဝက်သားသုံးထပ်သားနှပ်က တကယ်ကို နူးအိပြီး မွှေးနေတာပဲ... ပါးစပ်ထဲ ရောက်တာနဲ့ အရည်ပျော်သွားတာပဲ"
"နေပါဦး... ဒီမှာ ကုန်ပစ္စည်းတွေ ဒီလောက်တောင် ပေါများနေတာလား... ဒီဝက်သားနှပ်ထဲမှာ အချိုအရသာတောင် ပါနေသေးတယ်... မင်းတို့ဆီမှာ သကြားတောင် ရှိနေသေးတာလား"
……
လူအချို့က စားရင်း သောက်ရင်း အံ့သြတကြီး ရေရွတ်နေကြသည်။
ထိုက်ယန်တောင် ခိုလှုံရေးစခန်း၏ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အခြေအနေများကြောင့် အမှန်တကယ်ပင် လုံးလုံးလျားလျား အံ့အားသင့်သွားခဲ့ရသည်။
ဤခိုလှုံရေးစခန်းတွင် အသားနီနှင့် အသားဖြူ အမြောက်အမြား ရှိနေခြင်းကို သူတို့ အံ့သြခြင်း မဟုတ်ဘဲ လုံလောက်သော အမွှေးအကြိုင်များ ရှိနေခြင်းကို အံ့အားသင့်နေခြင်း ဖြစ်သည်။
ကျဲ့ဆစ် စာသင်ကျောင်းဘက်တွင် ဆားပင် ပြတ်လပ်နေပြီး ပုံမှန် ထမင်းချက်ရာတွင် ဆားထည့်ရန်ပင် မဝံ့မရဲ ဖြစ်နေရကာ နည်းနည်း သုံးလိုက်တိုင်း နည်းနည်း လျော့သွားခြင်း ဖြစ်ကြောင်း သိထားရပေမည်။
ပဲငံပြာရည်၊ သကြား ကဲ့သို့သော အမွှေးအကြိုင်များဆိုလျှင် ပို၍ပင် ပြောစရာ မလိုတော့ပေ။
ကျန်းရုံရုံ၏ မှတ်ဉာဏ်ထဲတွင် ရေကြီးရေလျှံမှု ဖြစ်ပွားပြီးကတည်းက သူမကိုယ်တိုင် သကြားကို ထပ်မစားခဲ့ရတော့ပေ။
သို့သော် ထိုက်ယန်တောင်ဘက်တွင် သကြားကို အမွှေးအကြိုင်အဖြစ် ဟင်းချက်ရာတွင် အသုံးပြုရန် အထိ ဇိမ်ကျနေသည်ပေါ့...
ဦးလေးရန်က သူတို့၏ အံ့ဩသံများကို ကြားသောအခါ ထိုက်ယန်တောင် ခိုလှုံရေးစခန်း၏ အစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်ခွင့်ရသည့်အတွက် မိမိကိုယ်ကို ဂုဏ်ယူဝင့်ကြွားမှုများ ရင်ထဲတွင် ပေါ်လာမိသည်။
သူက တဟီးဟီး ရယ်မောကာ ပြောလိုက်သည်။ "မင်းတို့ သိပ်ပြီး အံ့သြမနေကြပါနဲ့... မင်းတို့ မသိလောက်ဘူး... ထိုက်ယန်တောင်ဘက်မှာ သိုင်းဘုရင်ဂေဟာနားမှာ ကြံတွေ အများကြီး စိုက်ထားတယ်... သကြားက အဲဒီကြံတွေကို ပြုပြင်ထုတ်လုပ်ထားတာလေ"
"ကြံခင်း... မင်းတို့ဆီမှာ ကြံတောင် ရှိသေးတာလား"
"ရှိတာပေါ့... အဲဒီဘက်မှာ သကြားစက်ရုံ အလုပ်ရုံတွေတောင် လုပ်ထားပြီး ဒါတွေကို အထူး တာဝန်ယူ လုပ်ဆောင်နေတယ်လို့ ငါ ကြားထားတယ်" ဦးလေးရန်က ပြောလိုက်သည်။
ယနေ့ခေတ်တွင် သိုင်းဘုရင်ဂေဟာ၊ မိန်ဟိုင်ဥယျာဉ်နှင့် ကျောက်တွင်းနယ်မြေတို့သည် ကိုယ့်တာဝန်ကိုယ် ယူထားကြပြီး အလုပ်ရုံ အများအပြားကို တည်ဆောက်ထားကြသည်။
သေချာပေါက်ပင် အလုပ်ရုံဟု ပြောသော်လည်း တကယ်တမ်းတွင် အသေးစား အလုပ်ရုံလေးများသာ ဖြစ်သည်။ မည်သို့ပင်ဆိုစေ ထိုက်ယန်တောင် ခိုလှုံရေးစခန်းတွင် လူအရေအတွက်က ဤမျှသာ ရှိသည်မဟုတ်ပါလော။
ထမင်းတစ်နပ် စားပြီးသွားသောအခါ လီရှန်ယန်က ထပင် မထနိုင်တော့ပေ။
တကယ်ကို အလွန်အမင်း ဗိုက်တင်းသွားခဲ့ပြီ ဖြစ်သည်။
ကျန်းရုံရုံ အပါအဝင် လူတိုင်းက သိသိသာသာကို အလွန်အမင်း စားသောက်ထားကြသည်။ သူတို့ ဤမျှ အရသာရှိသော ဟင်းလျာများကို မစားရသည်မှာ အချိန်အတော်ကြာမြင့်နေပြီ ဖြစ်သည်။
ဦးလေးရန်က အမှတ် ရှင်းလိုက်ပြီး ခေါင်းလှည့်ကာ အော်ပြောလိုက်သည်။ "သွားရအောင်... ငါ မင်းတို့ကို အပေါ်ထပ်က စူပါမားကတ်ကို ခေါ်သွားပြီး လျှောက်ကြည့်ခိုင်းမယ်... ငါ မင်းတို့ကို ပြောမယ်နော်... တို့ ထိုက်ယန်တောင် ဈေးဝယ်စင်တာရဲ့ ဒုတိယထပ်နဲ့ တတိယထပ်က စူပါမားကတ်တွေကမှ အဓိကပဲ"
လူအချို့က သိသိသာသာ စိတ်ဝင်စားမှု မြင့်တက်လာပြီး ဤထမင်းတစ်နပ် စားပြီးနောက်တွင် သူတို့သည် ထိုက်ယန်တောင် ဈေးဝယ်စင်တာအပေါ် ပို၍ပို၍ မျှော်လင့်ချက် ကြီးမားလာကြသည်။
သူတို့ အပေါ်ထပ်သို့ တက်သွားသောအခါ တံခါးဝသို့ ဝင်လိုက်သည်နှင့် နံရံပေါ်တွင် စုံလင်လှသော ကုန်ပစ္စည်း အသေးစား အမျိုးမျိုးကို မြင်လိုက်ရသည်။
အတွင်းဘက်သို့ ပိုမို ဝင်ရောက်သွားလေလေ အတွင်းဘက်ရှိ ကောင်တာများက ပိုမို များပြားလာလေလေ ဖြစ်ပြီး အဝတ်အစားများ၊ ဖိနပ်များ၊ ခြေအိတ်များ စသည်ဖြင့် အမျိုးမျိုးသော အရာများ ပြည့်စုံစွာ ရှိနေပေသည်။
ဒုတိယထပ် တစ်ထပ်လုံး၏ ဧရိယာ ဖွဲ့စည်းပုံမှာ အလွန် သင့်လျော်လှပြီး နေ့စဉ်သုံး ပစ္စည်း ဧရိယာ၊ အဝတ်အထည်နှင့် ဖိနပ် ဧရိယာ၊ မီးဖိုချောင်သုံး ပစ္စည်း ဧရိယာ စသည်ဖြင့် အမျိုးအစားအလိုက် ခွဲခြားထားသည်။
ကျန်းရုံရုံကို အဆွဲဆောင်နိုင်ဆုံး အရာမှာ သေချာပေါက် နေ့စဉ်သုံး ပစ္စည်းများပင် ဖြစ်သည်။
သူမက စင်ပေါ်ရှိ အမျိုးသမီးလစဉ်သုံးပစ္စည်း၊ သန့်စင်ခန်းသုံး စက္ကူ ကဲ့သို့သော အရာများကို တစ်ချက်ကြည့်လိုက်ရုံဖြင့် မြင်လိုက်ရပြီး ချက်ချင်းပင် မျက်လုံးပြူးကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည် "ရှင်တို့ဆီမှာ သန့်စင်ခန်းသုံး စက္ကူတောင် ရှိသေးတာလား... ပြီးတော့ အမျိုးသမီးလစဉ်သုံးပစ္စည်းလည်း ရှိသေးတယ်ပေါ့"
သူမက ဦးလေးရန်ကို ကမန်းကတန်း ကြည့်ကာ မေးလိုက်သည်။ "ဒါတွေက အမှတ် ဘယ်လောက် ပေးရလဲ"
ဦးလေးရန်က ပြောလိုက်သည်။ "ဟိုဘက်က ပစ္စည်းတွေရဲ့ အောက်မှာ ဈေးနှုန်းတွေ ရှိတယ်လေ... ဒါပေမဲ့ ငါ ကြိုပြောထားမယ်နော်... ဒီမှာ ပစ္စည်းဝယ်ရင် မင်းတို့ဘာသာ ရှင်းရမှာ... ငါ မင်းတို့ကို ထမင်းကျွေးပြီးသွားပြီ"
ကျန်းရုံရုံက တုံ့ဆိုင်းခြင်း အလျဉ်းမရှိဘဲ ပြောလိုက်သည်။ "အမှတ်တွေကို ဘယ်လို လဲလှယ်ရမှာလဲ... ဦးလေးရန်... ကျွန်မ ပစ္စည်း တချို့ ဝယ်ချင်လို့"
လီရှန်ယန်က သွားတိုက်တံနှင့် သွားတိုက်ဆေး အချို့ကို ကြည့်ကာ စိတ်ဝင်စားသော အမူအရာ ပေါ်လွင်လာသည်။ သူ၏ သွားတိုက်တံသည် အမွှေးများ ကျွတ်နေသည်မှာ ကြာပြီဖြစ်ရာ သွားတိုက်တံ တစ်ချောင်း အရေးတကြီး လိုအပ်နေသည်။
ဤပစ္စည်းများကို အထင်မသေးပါနှင့်။ သန့်ရှင်းရေး လုပ်ရန် ဤပစ္စည်းများ မရှိပါက ပါးစပ်ဟလိုက်သည်နှင့် ခံတွင်းနံ့ နံနေမည်ဖြစ်ရာ မည်သူက ခံနိုင်ရည် ရှိမည်နည်း။
ရန်ဝေ၏ အကြည့်များကတော့ မုတ်ဆိတ်ရိတ်ဓားဆီသို့ ရောက်သွားခဲ့သည်။ သူ နေ့တိုင်း တံစဉ်ဖြင့် မုတ်ဆိတ်ရိတ်ရသည်မှာ မည်မျှ နာကျင်ကြောင်း ဘုရားသာ သိပေလိမ့်မည်။
သို့သော် သူတို့ လူစုတွင် လက်ရှိအချိန်အထိ အမှတ် မရှိကြသေးပေ။
အသင်းဝင်ကတ်ကိုပင် မလုပ်ရသေးချေ။
ဦးလေးရန်က တဟားဟား ရယ်မောကာ ပြောလိုက်သည်။ "မလောပါနဲ့ မလောပါနဲ့... ဘာပဲဖြစ်ဖြစ် ပစ္စည်းတွေက ဒီမှာ ရှိနေတာပဲ... မင်းတို့ရဲ့ အသင်းဝင်ကတ်ကို ရန်မေက လုပ်ပေးထားပြီ... ခဏနေရင် ရပြီလို့ ငါ ထင်တယ်... အချိန်ကျရင် မင်းတို့ ပထမထပ် စားသောက်တန်းဘက်က ဘားနားမှာ အမှတ်ရနိုင်တဲ့ တာဝန်တွေ ရှိမရှိ သွားကြည့်လို့ ရတယ်"
"တကယ်လို့ အဆင်မပြေရင် ကျောက်တွင်းနယ်မြေမှာ သွားပြီး ကျောက်တူးလို့ ရတာပဲလေ... ထိုက်ယန်တောင်ဘက်မှာ အမှတ်ရှာနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိတယ်... စိတ်ချလက်ချ နေစမ်းပါ"
"ငါ မင်းတို့ကို အရင်ဆုံး ပတ်ကြည့်ခိုင်းမယ်... မင်းတို့ ဘာလိုချင်လဲဆိုတာ ကြည့်ပြီး အရင် မှတ်ထားလိုက်... အမှတ် ဘယ်လောက် လိုလဲဆိုတာ အချိန်ကျမှ ရှာတာပေါ့"
ထို့နောက် ဈေးဝယ်စင်တာ လှည့်ပတ်ကြည့်ရှုသည့် အချိန် ရောက်လာခဲ့သည်။
ကျန်းရုံရုံ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး မိတ်ကပ်များ၊ အသားအရေ ထိန်းသိမ်းရေး ပစ္စည်းများ၊ အဝတ်အစားများ၊ ဘောင်းဘီများ စသည့် ကောင်တာများတွင် အချိန်အတော်ကြာ လျှောက်ကြည့်နေခဲ့သည်။
အမျိုးသားများကတော့ လက်တွေ့ကျသော အရာများကို ပိုမို အာရုံစိုက်ကြသည်။ လီရှန်ယန်က အစားအသောက် ဧရိယာသို့ ချက်ချင်း ရောက်ရှိသွားပြီး ဆန်၊ ဂျုံမှုန့်၊ ဆီ၊ ဆား၊ ပဲငံပြာရည်၊ ရှာလကာရည် စသည့် မရှိမဖြစ် လိုအပ်သော ပစ္စည်းများ၏ ဈေးနှုန်းများကို တစ်ခုချင်းစီ မှတ်သားထားလိုက်သည်။
ရန်ဝေကလည်း ထိုပစ္စည်းများကို အာရုံစိုက်နေသည်။ မည်သို့ပင်ဆိုစေ သူတို့က အနည်းငယ် စုတ်ပြတ်နေသော အဝတ်အစားများကို ဝတ်ဆင်နိုင်သော်လည်း ထမင်းမစားဘဲ နေ၍တော့ တကယ်ကို မရနိုင်ပါချေ။
ရန်ဝေက ကြည့်ရှုရင်း လီရှန်ယန်ကို ပြောလိုက်သည်။ "အစ်ကိုရှန်ယန်... ဒီထိုက်ယန်တောင် ခိုလှုံရေးစခန်းက တကယ်ကို နတ်ပြည်ပဲ... ကျွန်တော်တို့ဆီက ဒီနေရာနဲ့ ယှဉ်လိုက်ရင် ခိုလှုံရေးစခန်းလို့တောင် ခေါ်လို့ မရဘူး... ဒုက္ခသည်စခန်းပဲ"
လီရှန်ယန်ကလည်း သက်ပြင်းချကာ ပြောလိုက်သည်။ "ဒီနေရာမှာ လင်းယွမ်ရဲ့ အဆင့်အတန်းက ဘာကြောင့် ဒီလောက် မြင့်မားနေရလဲဆိုတာကို အခု ငါသဘောပေါက်သွားပြီ"
"သူက စွမ်းအား ကြီးမားလို့ လူတွေရဲ့ လေးစားမှုကို ခံရတာ တစ်ခုတည်းကြောင့် မဟုတ်ဘူး... ပိုများတဲ့ အကြောင်းရင်းက သူကိုယ်တိုင် ဒီထိုက်ယန်တောင် ခိုလှုံရေးစခန်းကို ဖန်တီးပြီး ထိုက်ယန်တောင် ဈေးဝယ်စင်တာကို တည်ဆောက်ခဲ့လို့ပဲ"
"သူက ဒီလူတွေကို ဘေးကင်းလုံခြုံမှုပေးရုံတင်မကဘူး... ဆက်လက်ရှင်သန်ဖို့ မျှော်လင့်ချက်တွေပါ ပေးခဲ့တာလေ"
ရန်ဝေက မနေနိုင်ဘဲ ပြောလိုက်သည်။ "အစ်ကိုရှန်ယန်... ကျွန်တော်တို့ ကျဲ့ဆစ် စာသင်ကျောင်းကရော ဒီလို ခိုလှုံရေးစခန်းမျိုး ဖြစ်လာအောင် တိုးတက်လာနိုင်မယ်လို့ ထင်လား"
လီရှန်ယန်က ထိုစကားကို ကြားသောအခါ ခါးသီးစွာ ပြုံးကာ ခေါင်းခါလိုက်သည်။ "မဖြစ်နိုင်ဘူး"
"ဟင်... ဘာလို့လဲ" ရန်ဝေက မေးလိုက်သည်။
လီရှန်ယန်က ရှေ့မှောက်ရှိ စုံလင်လှသော စူပါမားကတ်ကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။ "တခြားဟာတွေကို မပြောနဲ့ဦး... ဒီကုန်ပစ္စည်းတွေချည်းပဲ ငါတို့ ဘယ်က သွားရှာမှာလဲ"
"လင်းယွမ်မှာက ဟင်းလင်းပြင် အစွမ်း ရှိနေလို့ ဟင်းလင်းပြင်ကို ဖွင့်ပြီး ကုန်ပစ္စည်းတွေကို သိမ်းဆည်းနိုင်တာလေ... သယ်ယူပို့ဆောင်ရတာလည်း လွယ်ကူတယ်"
"ငါတို့ကျတော့ရော... ဒီလောက်များတဲ့ ကုန်ပစ္စည်းတွေကို ရှာတွေ့နိုင်မလား မတွေ့နိုင်ဘူးလားဆိုတာ ထားလိုက်ဦး... တကယ်လို့ ရှာတွေ့ခဲ့ရင်တောင် ဘယ်လို ပြန်သယ်လာရမလဲဆိုတာက ပြဿနာတစ်ခုပဲ"
"ပြီးတော့ လူအင်အား... ငါတို့ ကျဲ့ဆစ် စာသင်ကျောင်းမှာ လူဘယ်နှယောက် ရှိလို့လဲ... မဟုတ်ဘူး... မိန်တောင် တစ်တောင်လုံးမှာ လူဘယ်နှယောက် ရှိလို့လဲ"
"ဒီလူတွေထဲမှာ သန္ဓေပြောင်းရှင် ဘယ်နှယောက် ရှိလဲ... သန္ဓေပြောင်း မိစ္ဆာတွေရဲ့ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တာကို ကာကွယ်ဖို့ ငါတို့ကိုယ်တိုင်တောင် ညဘက်ဆိုရင် စာသင်ကျောင်းထဲမှာ ပုန်းနေရတာ... ဘာနဲ့ သွားပြီး လူတိုင်းကို ကာကွယ်ပေးမှာလဲ"
"သူတို့ ထိုက်ယန်တောင်ဘက်မှာကျတော့ ခိုလှုံရေးစခန်း ရှိရုံတင်မကဘူး... သန္ဓေပြောင်းရှင်တွေ၊ ကင်းလှည့်အဖွဲ့တွေ အများကြီး ရှိတယ်... ငါ ခုနလေးတင် ကြားလိုက်ရတယ်... ထိုက်ယန်တောင်က သန္ဓေပြောင်း သတ္တဝါတွေက ကင်းလှည့်အဖွဲ့တွေနဲ့ မုဆိုးတွေရဲ့ အကြီးအကျယ် ဝိုင်းဝန်း တိုက်ခိုက် သတ်ဖြတ်မှုကြောင့် အခုဆို မျိုးသုဉ်းတော့မလို့တောင် ဖြစ်နေပြီတဲ့"
"လင်းယွမ်က သတ္တဝါ မျိုးစုံရဲ့ မျိုးကွဲတွေကို ထိန်းသိမ်းထားဖို့နဲ့ အလွန်အကျွံ အမဲလိုက် သတ်ဖြတ်တာတွေ မလုပ်ဖို့ အမိန့်ပေးမထားဘူးဆိုရင် ဒီထိုက်ယန်တောင်က သန္ဓေပြောင်း သတ္တဝါတွေ မရှိတဲ့ နတ်ပြည် ဖြစ်နေတာ ကြာပြီ"
လီရှန်ယန်၏ ဤစကားများက ရန်ဝေကိုလည်း ချက်ချင်းပင် စကားမပြောနိုင်အောင် ဖြစ်သွားစေသည်။
အမှန်တကယ်ပင် သူတို့သည် မိန်တောင်ဘက်တွင် မနက်မိုးလင်းလျှင် ညမိုးချုပ်မည့်အချိန်ကိုပင် အာမမခံနိုင်ဘဲ သန္ဓေပြောင်း သတ္တဝါများ၏ တိုက်ခိုက်မှုကို အချိန်မရွေး သတိထားနေရဆဲဖြစ်သည်။
သူတို့ ထိုက်ယန်တောင်ဘက်တွင်တော့ သန္ဓေပြောင်း သတ္တဝါများကို လူတွေထံမှ စတင် ကာကွယ်ပေးနေရပြီ ဖြစ်သည်။
ဒီလိုဆိုမှတော့ ဘယ်လို သွားပြီး ယှဉ်နိုင်တော့မှာလဲ...
သူတို့နှစ်ဦးက တစ်ခဏမျှ သက်ပြင်းချ ရင်ဖွင့်နေကြပြီး မကြာမီမှာပင် ရန်မေက အသင်းဝင်ကတ်များ လာပို့ပေးသည်။
လူအချို့က တစ်ယောက်တစ်ကတ်စီ ရရှိသွားကြပြီး မိုက်ခရိုချစ်ပ် ပါသော ဤကတ်ကို ကြည့်ကာ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပြည့်နှက်နေ၏။
ထိုအချိန်တွင် လီရှန်ယန်က ရုတ်တရက် ပြဿနာတစ်ခုကို သတိထားမိသွားပြီး စူပါမားကတ်၏ အပေါ်ဘက်ကို ခေါင်းမော့ကြည့်လိုက်ရာ လင်းထိန်နေသော မီးသီးများကို မြင်လိုက်ရသဖြင့် ရုတ်တရက် အံ့သြတကြီး အော်ပြောလိုက်သည်။ "တောက်... မင်းတို့ဆီမှာ လျှပ်စစ်မီးပါ ရှိနေတာလား"
ရန်ရုံဝေ၊ ရန်ဝေနှင့် ကျန်းရုံရုံတို့ကလည်း ရုတ်တရက် သတိဝင်လာကြပြီး အားလုံးက ပတ်ဝန်းကျင်ရှိ မီးသီးများကို ခေါင်းမော့ကြည့်ကာ ချက်ချင်းပင် အံ့အားသင့်သွားသော အမူအရာများ ပေါ်လွင်လာသည်။
သူတို့ စောစောက ဝင်လာစဉ်က ဤပြဿနာကို သတိမပြုမိခဲ့ကြပေ။
ယခု လက်ထဲရှိ မိုက်ခရိုချစ်ပ် ပါသော ခေတ်မီ ကတ်ပြားကို မြင်လိုက်ရချိန်မှသာ ရုတ်တရက် သတိဝင်လာခဲ့ခြင်း ဖြစ်သည်။
ထိုက်ယန်တောင် ခိုလှုံရေးစခန်းမှာ လျှပ်စစ်မီး ရှိနေတယ်ပေါ့...
ရေကြီးရေလျှံမှု ဖြစ်ပွားပြီး မကြာမီမှာပင် ရေပြတ်၊ မီးပြတ်၊ ဂတ်စ်ပြတ် ဖြစ်သွားခဲ့သည်။
သူတို့ မိန်တောင်တွင် ရှိနေစဉ်က လျှပ်စစ်မီး မရှိသော ဘဝနှင့် အသားကျနေပြီ ဖြစ်ပြီး ညဘက် မီးထွန်းရန် အခြေခံအားဖြင့် မီးပုံများကိုသာ အားကိုးနေရသည်။
သို့သော် ထိုက်ယန်တောင်ဘက်တွင် လျှပ်စစ်မီး ရှိနေရုံသာမက နည်းပညာ အငွေ့အသက်များ ပါဝင်သော ဤကဲ့သို့ စမတ်ကတ်များကိုပင် ဖန်တီးနိုင်စွမ်း ရှိနေသည်။
တစ်ခဏအတွင်း လူအချို့ အားလုံး အံ့အားသင့်သွားခဲ့ကြသည်။
ဦးလေးရန်က တဟားဟား ရယ်မောကာ ပြောလိုက်သည်။ "ဘာလဲ... မင်းတို့ အခုမှ သတိထားမိတာလား"
"ငါတို့ ထိုက်ယန်တောင် ခိုလှုံရေးစခန်းမှာ မီးစက် ရှိတယ်လေ"
"မီးစက် တစ်ခုတည်း ရှိတာ မဟုတ်ဘူး... စတုတ္ထထပ်မှာ ဖျော်ဖြေရေးခန်း ရှိတယ်... ရုပ်ရှင်ရုံ၊ ဗီဒီယိုရုံ၊ ဂိမ်းရုံတွေ အကုန်ရှိတယ်"
"ဘာ... ရုပ်ရှင်ရုံတောင် ရှိသေးတယ်"
"ဟိုက်... ဂိမ်းရုံ"
လီရှန်ယန်၊ ကျန်းရုံရုံ၊ ရန်ဝေတို့ လူစုသည် လုံးလုံးလျားလျား အံ့အားသင့်သွားခဲ့ကြပြီ ဖြစ်သည်။
မီးစက် ရှိတာက ထားလိုက်ပါတော့... သို့သော် ဘယ်သူ့အိမ်က မီးစက်မှာ ရုပ်ရှင်ပြသရန် အစရှိသည်တို့အတွက် ပိုလျှံသော လျှပ်စစ်စွမ်းအင်တွေ ရှိနေမှာလဲ...
ဒီလောက်များတဲ့ လောင်စာဆီတွေက ဘယ်က ရလာတာလဲ...
တစ်ခဏအတွင်း လူအချို့က အိပ်မက်မက်နေသကဲ့သို့ ခံစားလိုက်ရသည်။ ဤထိုက်ယန်တောင် ဈေးဝယ်စင်တာသည် အမှန်တကယ်ပင် အကြီးစား စီးပွားရေး ဈေးဝယ်စင်တာကြီး တစ်ခုနှင့် တူညီပြီး လုံးဝကို ဘာမဆို ရှိနေပေသည်။
သူတို့ လျှောက်ကြည့်လေလေ သူတို့လူစုသည် တောသူတောင်သားများ မြို့ထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်လာသကဲ့သို့ ခံစားရလေလေ ဖြစ်ပြီး တကယ်ကို မျက်စိပွင့်သွားခဲ့ရသည်။
ကျန်းရုံရုံက မနေနိုင်ဘဲ ပြောလိုက်သည်။ "အစ်ကိုရှန်ယန်... ကျွန်မတို့ ထိုက်ယန်တောင်ကို ပြောင်းလာကြရင် မကောင်းဘူးလား"
သူမ၏ စကားထွက်ပေါ်လာသည်နှင့် ရန်ဝေကလည်း မနေနိုင်ဘဲ လီရှန်ယန်ကို ကြည့်လိုက်သည်။
လီရှန်ယန်၏ ရင်ထဲတွင် ချက်ချင်းပင် ခါးသီးသွားခဲ့သည်။
တကယ်ပဲ... သူ့ရဲ့ အရင်းနှီးဆုံး လူတွေတောင်မှ ဒီလို စိတ်ကူးတွေ ရှိလာခဲ့ပြီပေါ့...
မိန်တောင်၏ နေထိုင်မှု အခြေအနေက တကယ်ကို ဆိုးရွားလွန်းလှပေသည်။
သူက သက်ပြင်းချကာ တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။ "လာမယ်ဆိုရင်လည်း လူအားလုံးကို ခေါ်လာမှ ရမှာပေါ့"
ကျန်းရုံရုံက ချက်ချင်းပင် ဝမ်းသာသွားသော အမူအရာ ပေါ်လွင်လာပြီး ပြောလိုက်သည်။ "အားလုံးက ဒီဘက်က အခြေအနေကို သိသွားရင် သေချာပေါက် လာချင်ကြမှာပဲ"
ရန်ဝေကလည်း ချက်ချင်းပင် စိတ်လှုပ်ရှားသွားသော အမူအရာ ပေါ်လွင်လာသည်။ "အစ်ကိုရှန်ယန်... တကယ် ရပါ့မလား... ကျွန်တော်တို့ တကယ် ပြောင်းလာလို့ ရပါ့မလား"
လီရှန်ယန်က သက်ပြင်းချလိုက်သည်။ "မသိသေးပါဘူး... အတိအကျကိုတော့ ငါတို့ လင်းယွမ်ကို မေးကြည့်ရဦးမယ်"
"ဒီအကြောင်းတွေကို ခဏထားလိုက်ပါဦး... ငါတို့ အပေါ်ထပ်ကို ဆက်သွားကြည့်ရအောင်"
လီရှန်ယန်က ဤအကြောင်းကို ယာယီ ဆွေးနွေးချင်စိတ် မရှိသဖြင့် လူတိုင်းကို အပေါ်ထပ်သို့ သွားကြည့်ရန် ခေါ်ဆောင်လိုက်သည်။
ထိုက်ယန်တောင် ခိုလှုံရေးစခန်းကို ပိုမို နက်ရှိုင်းစွာ စူးစမ်းလေ့လာလေလေ လီရှန်ယန်၏ ရင်ထဲတွင် ပိုမို အားကျလာလေလေ ဖြစ်ပြီး တစ်ချိန်တည်းမှာပင် လင်းယွမ်၏ ကြီးမားလှသော စွမ်းအားကိုလည်း အမှန်တကယ် ခံစားလိုက်ရသည်။
ဤစွမ်းအားသည် တစ်ကိုယ်တော် စွမ်းရည် တစ်ခုတည်းတင် မဟုတ်ဘဲ တစ်ဖက်လူ၏ အင်အားစုလည်း ပါဝင်ပေသည်။
ဤလမ်းတစ်လျှောက် လာခဲ့ရာတွင် လီရှန်ယန် မြင်တွေ့ခဲ့ရသော သန္ဓေပြောင်းရှင် အရေအတွက်မှာ အနည်းဆုံး လက်နှစ်ဖက်စာထက် ပိုများပြားပြီး ၎င်းတို့ထဲတွင် အလျင်သန္ဓေပြောင်းရှင်နှင့် ခွန်အားသန္ဓေပြောင်းရှင်တို့က အများစု နေရာယူထားကြသည်။
လင်းယွမ်၏ လက်အောက်ရှိ ထိုက်ယန်တောင် သိုင်းဘုရင်ဂေဟာနှင့် မိန်ဟိုင်ဥယျာဉ်ဘက်တွင်လည်း အဖွဲ့များ ရှိနေသေးကြောင်း သူ ကြားထားသေးသည်။ ဤသည်မှာ လင်းယွမ်၏ လက်အောက်တွင် သန္ဓေပြောင်းရှင်များ အမှန်တကယ် များပြားစွာ ရှိနေကြောင်းကို ဖော်ပြနေပေသည်။
ဒါကမှ တကယ့်အရည်အချင်းပဲ...
တစ်ခဏအတွင်း လင်းယွမ်အပေါ် သူ၏ ရိုသေကြောက်ရွံ့စိတ်က အကန့်အသတ်မရှိ ကြီးမားလာခဲ့သည်။
ယခင်က သူကိုယ်သူ ဒေသခံ ခေါင်းဆောင်တစ်ယောက် ဖြစ်သည်ဟု ယူဆကာ မိမိကိုယ်ကိုယ် ဂုဏ်ယူမှု အနည်းငယ် ရှိခဲ့သည်။
နောက်ပိုင်းတွင် လင်းယွမ်၏ လက်အောက်သို့ ကျရောက်သွားခဲ့သော်လည်း ရင်ထဲတွင် အနည်းငယ်တော့ မကျေနပ်မှုများ ရှိနေသေးပြီး သူကိုယ်တိုင် နိုးထလာသော အစွမ်းက မလုံလောက်သောကြောင့်သာ ဖြစ်သည်ဟု ထင်မှတ်ခဲ့သည်။
သို့သော် ယခု ထိုက်ယန်တောင်သို့ ကိုယ်တိုင် ကိုယ်ကျ ရောက်ရှိလာပြီး ထိုက်ယန်တောင် ခိုလှုံရေးစခန်း၏ ဖွံ့ဖြိုးတိုးတက်မှုကို ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရသောအခါ...
ယခု သူ လုံးလုံးလျားလျား စိတ်ပျက်သွားခဲ့ပြီ ဖြစ်ပြီး သူနှင့် လင်းယွမ်ကြားရှိ ကွာဟချက်ကိုလည်း အပြည့်အဝ နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။
ဤအချိန်တွင် လင်းယွမ်နှင့် ယှဉ်ပြိုင်လိုသော စိတ်ကူးမျိုး သူ့ထံတွင် လုံးဝ ပေါ်ပေါက်မလာတော့ပေ။
လူဆိုတာ ဒီလိုပါပဲ... ကိုယ့်ထက် အနည်းငယ်သာလွန်တဲ့ သူနဲ့ ရင်ဆိုင်ရတဲ့အခါ မနာလိုဖြစ်မယ်... မကျေမနပ်ဖြစ်မယ်... လိုက်မီအောင် ကြိုးစားချင်စိတ်တွေ ဖြစ်လာတတ်တယ်။
သို့သော် ထိုသူက ကိုယ့်ထက် မိုးနှင့် မြေလို ကွာခြားနေသည့်အထိ သာလွန်နေသောအခါတွင်တော့ အဆိုပါ ခံစားချက်များက လုံးဝ ရှိလာတော့မည် မဟုတ်ပေ။
ထိုကဲ့သို့သော လူမျိုးကို မော့ကြည့်ရုံသာ ရှိတော့မည်ဖြစ်ပြီး ထိုကဲ့သို့သော လူမျိုးကို ရင်ထဲမှလှိုက်၍ ရိုသေလေးစားရုံသာ ရှိတော့မည်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူသည် သင်နှင့် လုံးဝ အဆင့်တူ မဟုတ်ကြောင်း သင် ရှင်းလင်းစွာ သိထားသောကြောင့်ပင် ဖြစ်သည်။
သင်သည် တစ်သက်လုံး ထိုသူ၏ အမြင်အာရုံထဲသို့ ဝင်ရောက်နိုင်မည် မဟုတ်ကြောင်းပင် ဖြစ်နိုင်ချေ ရှိပေသည်။
လက်ရှိ လီရှန်ယန်မှာလည်း ဤကဲ့သို့သော စိတ်နေသဘောထားမျိုး ဖြစ်နေပြီ ဖြစ်သည်။
လင်းယွမ်သည် သူ ဤတစ်သက်တွင် မည်သို့မျှ လိုက်မမီနိုင်သော အမြင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းကို သူ နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်နေပြီ ဖြစ်သည်။
……
"လင်းယွမ်... ဒါကတော့ ကျွန်တော်တို့ အခုတလော သုတေသန လုပ်ပြီး ရှာဖွေတွေ့ရှိထားတဲ့ သန္ဓေပြောင်း ဆေးရည်ပဲ"
လင်းယွမ်က ရန်ဆန်းမင်၏ နေအိမ်တွင် ရှိနေပြီး သူနှင့် ထန်ယင်းတို့ အသစ် ရှာဖွေတွေ့ရှိထားသော သန္ဓေပြောင်း ဆေးရည်ကို ကြည့်ရှုနေသည်။
ရန်ဆန်းမင်သည် တိုင်းရင်းဆေးပညာရှင် တစ်ယောက်အနေဖြင့် ထိုက်ယန်တောင် ခိုလှုံရေးစခန်းတွင် ကိုယ်ပိုင် သုတေသနခန်း ရှိရုံသာမက ကိုယ်ပိုင် လက်ထောက် တစ်စုလည်း ရှိနေသည်။
ထိုအထဲတွင် ထန်ယင်း၊ ဝမ်အန်းနှင့် အခြားသူများလည်း ပါဝင်ပေသည်။
ဆုန့်ဝမ်ပင် တစ်ခါတစ်ရံ သူတို့နှင့်အတူ သန္ဓေပြောင်း အပင်များကို လာရောက် လေ့လာ သုတေသန ပြုလုပ်လေ့ရှိသည်။
ရန်ဆန်းမင်၏ သုတေသန ဦးတည်ချက်များစွာ ရှိသော်လည်း သူ အဓိက သုတေသန ပြုလုပ်သည်မှာ ကုသရေး ဆေးရည်များပင် ဖြစ်သည်။
သူက ဝမ်အန်းနှင့် ဆုန့်ဝမ်တို့ကို အကြိမ်ကြိမ် ခေါ်ယူကာ သူတို့၏ အစွမ်းများမှတစ်ဆင့် အပင်များနှင့် တိရစ္ဆာန်များကို ကြီးထွားစေခြင်း သို့မဟုတ် ကုသပေးခြင်းများကို ပြုလုပ်စေပြီး ထိုမှတစ်ဆင့် အပင်များနှင့် တိရစ္ဆာန်များ၏ အပြောင်းအလဲများကို လေ့လာ သုတေသန ပြုလုပ်ခဲ့သည်။
ဤလုပ်ငန်းစဉ်အတွင်း သန္ဓေပြောင်း အပင်အချို့၏ ထူးခြားချက်များကို သူ တဖြည်းဖြည်း ရှာဖွေတွေ့ရှိလာခဲ့သည်။
များပြားလှသော သန္ဓေပြောင်း အပင်များထဲမှ ကုသရေးနှင့် သက်ဆိုင်သော သန္ဓေပြောင်း အပင်အချက်အလက်များကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။
ဥပမာအားဖြင့် ယခု မျက်စိရှေ့ရှိ အစိမ်းရောင် အရည်ပုလင်း ကဲ့သို့ပင် ဖြစ်သည်။
လင်းယွမ်က ထိုအရည်ပုလင်းကို အံ့သြတကြီး ကြည့်ရှုရင်း မေးလိုက်သည် "ဒါက ဘာဆေးရည်လဲ"
ရန်ဆန်းမင်က ရယ်မောလိုက်သည်။ "ကျွန်တော် ဒါကို အသားဆက်ဆေးရည်လို့ နာမည်ပေးထားတယ်"
လင်းယွမ်က အံ့အားသင့်သွားပြီး မေးလိုက်သည် "ဒါက ဘာသဘောလဲ"
"အသားတက်စေပြီး အနာကျက်စေတဲ့ သဘောပေါ့"
ရန်ဆန်းမင်က ရှင်းပြရင်း ဆေးရည်ကို ယူလာကာ ထန်ယင်းဘက်သို့ လှည့်ပြောလိုက်သည် "ယင်းယင်း... စမ်းသပ်မယ့် အကောင်တစ်ကောင်လောက် သွားရှာလာခဲ့ပါဦး"
"ဟုတ်ကဲ့ပါ" ထန်ယင်းက အနီးနားရှိ လှောင်အိမ်များဆီသို့ ချက်ချင်း လျှောက်သွားကာ မီးဝါးကြွက် တစ်ကောင်ကို ယူလာခဲ့သည်။
ရန်ဆန်းမင်က လင်းယွမ်ကို ပြောလိုက်သည်။ "ဒီဆေးရည်ကို သောက်ပြီးသွားရင် ဒဏ်ရာပျောက်ကင်းတဲ့နှုန်းကို မြန်ဆန်စေပြီး ကြွက်သားတစ်သျှူးတွေ ပြန်ကောင်းလာအောင် အားပေးတယ်... ပြီးတော့ သွေးလေကိုလည်း ဖြည့်ဆည်းပေးတယ်"
"ဒီဆေးရည် တစ်ခုလုံးမှာ သွေးတန်းခွဲမြစ်၊ မြေဟွမ်လျန်၊ လန်ကန်းချောင်ဆိုတဲ့ သန္ဓေပြောင်း အပင်သုံးမျိုးကို အဓိက ပါဝင်ပစ္စည်းတွေ အဖြစ် သုံးထားတယ်"
"ဒီသန္ဓေပြောင်း အပင်တွေရဲ့ မူလ အပင်တွေကတော့ တန်းခွဲမြစ်၊ ဟွမ်လျန်မြစ်နဲ့ ကန်းချောင် (နွယ်ချို) တွေပဲ... သန္ဓေပြောင်းသွားပြီးတဲ့နောက် သူတို့က ကပ်ဘေးခေတ် ပတ်ဝန်းကျင်နဲ့ အသားကျသွားရုံတင်မကဘူး... သူတို့ရဲ့ မူလ အာနိသင်တွေကလည်း သိသိသာသာ မြင့်တက်လာတယ်... အရောင်အသွေးနဲ့ ပုံပန်းသဏ္ဌာန်တွေပါ အပြောင်းအလဲသစ်တွေ ဖြစ်ပေါ်လာပြီး မတူညီတဲ့ မျိုးစိတ်တွေအဖြစ်ပါ ခွဲထွက်လာတယ်"
"ကျွန်တော်တို့ မတူညီတဲ့ မျိုးစိတ်တွေရဲ့ ဆေးဘက်ဝင်စွမ်းရည်တွေကို စမ်းသပ်ကြည့်ခဲ့ပြီး အကြိမ်ကြိမ် အမှားရှာ နှိုင်းယှဉ်စမ်းသပ်မှုတွေ လုပ်ပြီးတော့မှ နောက်ဆုံး ဒီအသားဆက်ဆေးရည် ပုလင်းကို ဖန်တီးနိုင်ခဲ့တာပဲ"
ဆက်ရန်...
အပိုင်း(၂၉၀) ဆေးရည်သုတေသနနှင့် ဖီးနစ်သင်္ဘော
"လင်းယွမ်... ဒီမှာကြည့်ပါဦး"
ရန်ဆန်းမင်က ဘေးနားရှိ တန်ယင်းကို ခေါင်းညိတ်ပြလိုက်သည်။
တန်ယင်းက ချက်ချင်းပင် လက်လှမ်းကာ မီးဝါးကြွက်၏ ဝမ်းဗိုက်ပေါ်သို့ ဖြည်းညင်းစွာ ပွတ်ဆွဲလိုက်သည်။
ကြိမ်နှုန်းမြင့် တုန်ခါနေသော လက်သည်းက မီးဝါးကြွက်၏ ဝမ်းဗိုက်ကို အလွယ်တကူ ခွဲစိတ်လိုက်ရာ ချက်ချင်းပင် သွေးများ စီးကျလာခဲ့သည်။
သို့သော် မီးဝါးကြွက်ကတော့ လုံးဝ မလှုပ်ရှားဘဲ မျက်နှာကျက်ကိုသာ ငေးကြောင်စွာ ကြည့်နေခဲ့သည်။
လင်းယွမ်က အံ့အားသင့်သွားပြီး မေးလိုက်သည် "ဘာလို့ မရုန်းကန်တာလဲ"
တန်ယင်းက ပြုံး၍ ပြောသည် "လင်းယွမ်... ကျွန်မ သူ့ကို မေ့ဆေး တိုက်ထားလို့ပါ"
"မေ့ဆေး..." လင်းယွမ်က အံ့ဩတကြီးဖြင့် ထပ်မေးလိုက်သည်။
တန်ယင်းက ရှင်းပြသည် "ရှင် မေ့သွားပြီလား... အရင်တုန်းက လိပ်ကျွန်းမှာ ကျွန်မတို့ ဖမ်းလာခဲ့တဲ့ ခရုကြီးတွေကိုလေ"
ထိုအခါမှ လင်းယွမ်က သဘောပေါက်သွားပြီး မေးလိုက်သည် "သူတို့ ထုတ်လွှတ်တဲ့ မေ့ဆေး အဆိပ်ကို ထုတ်ယူနိုင်ခဲ့တာလား"
"ဟုတ်တယ်... စမ်းသပ်မှု လုပ်ငန်းစဉ်မှာ စမ်းသပ်ခံ သတ္တဝါတွေ ငြိမ်ငြိမ်သက်သက် ရှိနေဖို့ လိုအပ်တဲ့အတွက် မေ့ဆေးက ကျွန်မတို့ အစောဆုံး အသုံးပြုနိုင်ခဲ့တဲ့ ဆေးရည်ပါပဲ"
"လောလောဆယ် ကျွန်မတို့က ခရုကြီးတွေရဲ့ အကျိအချွဲတွေကနေ မေ့ဆေး ထုတ်ယူနိုင်ရုံသာမကဘဲ ဒီရေတက်တုန်းက ကောက်ရခဲ့တဲ့ ကမာကောင် သတ္တဝါတွေရဲ့ ခန္ဓာကိုယ်ထဲကနေလည်း အလားတူ မေ့ဆေး အဆိပ်ကို ရှာတွေ့ခဲ့တယ်"
"ဒါ့အပြင် ဖားပြုတ်တွေရဲ့ ခြောက်သွေ့နေတဲ့ အရည်တွေကနေလည်း ဒီလို အဆိပ်မျိုးကို ရရှိခဲ့သေးတယ်"
"ပမာဏ အချိုးအစား မှန်ကန်မယ်ဆိုရင် မေ့ဆေး အဖြစ် ဖန်တီးလို့ ရနေပါပြီ"
လင်းယွမ်က ခေါင်းတညိတ်ညိတ် ဖြစ်သွားခဲ့သည်။ တိုင်းရင်းဆေးပညာက အမှန်တကယ်ပင် ကြီးကျယ်ခမ်းနားသော ဆေးပညာတစ်ရပ် ဖြစ်ကြောင်း သူ ဝန်ခံရမည် ဖြစ်သည်။ ဤမျှ ချို့တဲ့သော ပတ်ဝန်းကျင် အခြေအနေမျိုးတွင်ပင် သူတို့က ရောဂါအမျိုးမျိုးကို ကုသနိုင်မည့် ဆေးဝါးများကို ရှာဖွေနိုင်သေးသည်။
ရန်ဆန်းမင်က အစိမ်းရောင် အသားဆက်ဆေးရည်ကို ကိုင်ကာ မီးဝါးကြွက်ကို စတင် တိုက်ကျွေးရင်း ပြောလိုက်သည် "အသားဆက်ဆေးရည် သုသေသနက လောလောဆယ် ပထမအဆင့် ပြီးသွားပြီ... ဒါက ကျွန်တော်တို့ရဲ့ ပထမအဆင့် သုတေသန ရလဒ်ဖြစ်ပြီး သောက်ဆေး အမျိုးအစားပဲ"
ဆေးရည်ကို တိုက်ကျွေးလိုက်သည်နှင့် မီးဝါးကြွက်၏ ဝမ်းဗိုက် ဒဏ်ရာနေရာမှ မှေးမှိန်သော အစိမ်းရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး စောစောက သွေးထွက်နေသော ဒဏ်ရာမှာ မျက်စိဖြင့် မြင်တွေ့နိုင်သော အမြန်နှုန်းဖြင့် သွေးတိတ်သွားခဲ့သည်။
ဝမ်းဗိုက်ပေါ်ရှိ ဒဏ်ရာမှာ ချက်ချင်း ပြန်မကောင်းသွားသော်လည်း သိသိသာသာ အနာဖေး တက်လာခဲ့ပြီ ဖြစ်သည်။
လင်းယွမ်က ချက်ချင်းပင် စိတ်စွမ်းအင်ကို ထုတ်လွှတ်လိုက်ပြီး ဒဏ်ရာ၏ ပိုမို နက်ရှိုင်းသော အလွှာများအတွင်းသို့ ဝင်ရောက်ကာ အနီးကပ် လေ့လာကြည့်လိုက်သည်။
သူ၏ စိတ်စွမ်းအင် အမြင်အောက်တွင် မရေမတွက်နိုင်သော အစိမ်းရောင် စွမ်းအင်များက မီးဝါးကြွက်၏ ဝမ်းဗိုက်ဒဏ်ရာ တစ်ဝိုက်တွင် လှည့်ပတ်နေပြီး ၎င်း၏ ဒဏ်ရာ မျက်နှာပြင်ကို လျင်မြန်စွာ ပြုပြင်ပေးနေသည်ကို ရှင်းလင်းစွာ "မြင်" လိုက်ရသည်။
ထိုလုပ်ငန်းစဉ်၏ အမြန်နှုန်းမှာ မမြန်ဆန်လှသော်လည်း လူ့ခန္ဓာကိုယ်၏ သဘာဝ အနာကျက်နှုန်းထက်မူ များစွာ သာလွန်နေသည်။
စက္ကန့်အနည်းငယ် အချိန်အတွင်းမှာပင် မီးဝါးကြွက်၏ ဝမ်းဗိုက်ဒဏ်ရာက လုံးဝ အနာဖေး တက်သွားပြီး သွေးဆက်မထွက်တော့ပေ။
လင်းယွမ်က မျက်နှာအပြည့် ပြုံးရွှင်သွားပြီး ပြောလိုက်သည် "အရမ်း အစွမ်းထက်တဲ့ အသားတက်ဆေးပဲ... ဒီလို အနာကျက်နှုန်းက ဆုန့်ဝမ် တခြားသူတွေကို ကုသပေးတာထက် မညံ့လောက်ဘူး"
ရန်ဆန်းမင်က ပြုံး၍ ပြန်ပြောသည် "ဝမ်အန်းရဲ့ ကုသရေး အစွမ်းနဲ့ ယှဉ်ရင်တော့ အများကြီး ကွာပါသေးတယ်"
"ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ ဒုတိယအဆင့် သုတေသန ဦးတည်ချက် ရှိနေပြီမို့ မကြာခင် တိုးတက်မှုတွေ ရှိလာမှာပါ"
လင်းယွမ်က မေးလိုက်သည် "ဘယ်လို ဦးတည်ချက်မျိုးလဲ"
ရန်ဆန်းမင်က ဖြေသည် "ဒုတိယအဆင့် အသားတက်ဆေးကို ကျွန်တော် အပြင်က လိမ်းရမယ့် ဆေးအဖြစ် ဖန်တီးဖို့ ရည်ရွယ်ထားတယ်... အတွင်းက သောက် အပြင်က လိမ်းဆိုတဲ့ နည်းလမ်း နှစ်သွယ်နဲ့ ဒဏ်ရာကို မြန်မြန်ဆန်ဆန် ကုသပေးနိုင်ပြီး အနာကျက်မြန်အောင် ကူညီပေးနိုင်လိမ့်မယ်"
"ကင်းလှည့်အဖွဲ့တွေ နောင်မှာ ရင်ဆိုင်ရမယ့် အကြီးမားဆုံး ရန်သူက သန္ဓေပြောင်း သားရဲတွေ အပြင် လူအချင်းချင်းလည်း ပါတယ်"
"တိုက်ပွဲတွေ အတွင်းမှာ အများဆုံး ရနိုင်တဲ့ ဒဏ်ရာတွေက ဒီလို အရေပြားနဲ့ အသားစတွေ ပေါက်ပြဲတဲ့ ပြင်ပဒဏ်ရာတွေချည်းပဲ"
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်ပြကာ ပြုံး၍ ပြောလိုက်သည် "ကောင်းတယ်... ဒါက တကယ်ကို အလိုအပ်ဆုံး ဆေးရည်ပဲ... ကင်းလှည့်အဖွဲ့ဝင်တွေ အပြင်ထွက်တဲ့ အခါ ရှင်သန်နိုင်စွမ်းကို အများကြီး မြှင့်တင်ပေးနိုင်တယ်"
"တခြား ဆေးရည်တွေရော ရှိသေးလား"
ရန်ဆန်းမင်က ပြုံး၍ ပြောသည် "တခြား ဆေးရည် သုသေသနတွေကိုလည်း စတင်ဖို့ ပြင်ဆင်နေပါပြီ... လောလောဆယ် သွေးမတိတ်တဲ့ အခြေအနေမျိုးတွေကို ချက်ချင်း ဖြေရှင်းဖို့ အအေးခံ အေးခဲဆေးရည်လည်း ရှိသေးတယ်"
"အကြံဉာဏ်တော့ ရှိနေပြီ... ဒါပေမဲ့ အဓိက ပါဝင်ပစ္စည်း လိုအပ်နေလို့ ဆက်ရှာရဦးမယ်"
"ဘယ်လို အဓိက ပါဝင်ပစ္စည်းလဲ" လင်းယွမ်က မေးလိုက်သည်။
ရန်ဆန်းမင်က ရှင်းပြသည် "အေးခဲဆေးရည်ရဲ့ ကုသမှု သဘောတရားက တကယ်တော့ ကျောက်ခိုင်ရဲ့ အစွမ်းဆီကနေ အကြံဉာဏ် ရထားတာပါ... ကျွန်တော်က အေးခဲတဲ့ နည်းလမ်းနဲ့ သွေးလွှတ်ကြောမကြီး ပေါက်ပြဲပြီး သွေးမတိတ်တာမျိုးတွေကို ချက်ချင်း ကုသပေးချင်တာ"
"ဒဏ်ရာကို အေးခဲထားပြီး သွေးအလွန်အကျွံ ထွက်တာကို ယာယီ တားဆီးထားမယ်... အဲဒီနောက် အသားတက်ဆေးနဲ့ တွဲဖက် အသုံးပြုလိုက်ရင် ပိုပြင်းထန်တဲ့ ဒဏ်ရာတချို့ကိုတောင် ဆေးရည်က တစ်ဆင့် ချက်ချင်း ကယ်တင်နိုင်ကောင်း ကယ်တင်နိုင်လိမ့်မယ်"
"ဒါပေမဲ့ အခုချိန်ထိ အေးခဲစွမ်းအင် ပါတဲ့ သန္ဓေပြောင်း အပင်မျိုးကို ကျွန်တော် ရှာမတွေ့သေးဘူး... ဒါကြောင့် ရှေ့ဆက်ဖို့ နှောင့်နှေးနေရတာ"
လင်းယွမ်က သဘောပေါက်သွားပြီး ခေတ္တမျှ စဉ်းစားကာ ပြောလိုက်သည် "ဒီဆေးရည်အတွက် အလျင်လိုစရာမလိုဘူး... မကြာခင် အအေးလှိုင်း ဝင်လာတော့မယ်... ထိုက်ယန်တောင်က သန္ဓေပြောင်း အပင်တွေက မကြာခင်မှာ အအေးလှိုင်းဒဏ်ကို ကြုံတွေ့ရတော့မှာ... အပင် အများစုက ခံနိုင်ရည် ရှိမှာ မဟုတ်ပေမဲ့ အအေးလှိုင်းဒဏ်ကို ခံနိုင်ရည်ရှိအောင် ဆင့်ကဲပြောင်းလဲလာမယ့် အပင်တချို့တော့ သေချာပေါက် ရှိလာမယ်လို့ ငါ ယုံကြည်တယ်"
"ခင်ဗျား လိုအပ်တဲ့ အဓိက ပါဝင်ပစ္စည်းကို အဲဒီအချိန်ကျမှ ရှာကြည့်လို့ ရနိုင်တယ်"
ရန်ဆန်းမင်က ထိုစကားကို ကြားသောအခါ ချက်ချင်းပင် မျက်လုံးများ အရောင်လက်သွားပြီး လက်ခုပ်တီးကာ ပြောလိုက်သည် "ကိုလင်းယွမ် ပြောတာ မှန်တယ်... အအေးလှိုင်း ဝင်လာရင် သဘာဝတရားကြီးထဲမှာ ဒီလို ပတ်ဝန်းကျင် အပြောင်းအလဲနဲ့ လိုက်လျောညီထွေ နေနိုင်တဲ့ သက်ရှိတွေ သေချာပေါက် ရှိလာမှာပဲ... သူတို့က သင့်တော်တဲ့ အစွမ်းတွေအဖြစ် ဆင့်ကဲပြောင်းလဲလာလိမ့်မယ်... အေးခဲစွမ်းအင်ပါတဲ့ အပင်တွေကို ရှာတွေ့နိုင်ကောင်း ရှာတွေ့နိုင်တယ်"
လင်းယွမ်ကလည်း ရယ်မောလိုက်ပြီး ရန်ဆန်းမင် သုတေသန ပြုလုပ်နေသော အပင်တချို့ကို ထပ်မံ ကြည့်ရှုလိုက်သည်။
အပင်အများစုမှာ အဆိပ်အတောက် မရှိကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် အရသာ ကောင်းမွန်ပါက သူက ရုက္ခဗေဒ ဥယျာဉ်မှ လူများကို ခေါ်ယူကာ အဓိကထား စိုက်ပျိုးစေမည် ဖြစ်သည်။ ယင်းတို့ကို ဟင်းသီးဟင်းရွက် အစားအစာများအဖြစ် ပြုစုပျိုးထောင် စိုက်ပျိုးနိုင်သည်။
ယခုအခါ သန္ဓေပြောင်း အပင်များကို စားသုံးရန် သင့်မသင့် စစ်ဆေးခြင်းမှာ ဘေးထွက် အလုပ်တစ်ခုသာ ဖြစ်နေပြီ ဖြစ်ပြီး သူ၏ အဓိက အလုပ်တာဝန်များမှာ ဆေးဝါးဗေဒ သုတေသနပေါ်တွင်သာ အလုံးစုံ ကျရောက်နေပြီ ဖြစ်သည်။
တန်ယင်းက ညာလက်ရုံး အကူတစ်ဦး အနေဖြင့် ဆေးဘက်ဆိုင်ရာ ဗဟုသုတများကို ရန်ဆန်းမင်နှင့် ရင်ပေါင်တန်းနိုင်ရုံသာမက သူတို့နှစ်ဦး ရေရှည် အတူတကွ အလုပ်လုပ်ရင်း သံယောဇဉ်များပင် တွယ်ငြိလာခဲ့ကြပြီး လင်နဲ့မယား အလား သဟဇာတ ဖြစ်နေကြသည်။
လင်းယွမ်က ပြုံးရွှင်စွာဖြင့် သူတို့ကို အားပေးစကား ဆိုလိုက်ပြီးနောက် သုတေသနခန်းထဲမှ ထွက်ခွာလာခဲ့သည်။
သုတေသနခန်းအတွင်းရှိ စိုထိုင်းမှုကို ခံစားမိသောအခါ သူ ခေတ္တမျှ တွေးလိုက်သည် "နောက်မှ ဆုန့်ဝမ်ကို သန္ဓေပြောင်း နေကြာပန်းတချို့ ရွှေ့စိုက်ခိုင်းမှ ရမယ်... ဒီလောက် စိုထိုင်းနေတဲ့ ပတ်ဝန်းကျင်က သုတေသန စမ်းသပ်မှုတွေ အတွက် မကောင်းဘူး"
သန္ဓေပြောင်း နေကြာပန်း စုစုပေါင်း အပင်တစ်ရာ ရှိသော်လည်း နည်းလွန်းနေသေးသည်။
ဆုန့်ဝမ်နှင့် အဒေါ်ကြီးလီတို့က နောက်မျိုးဆက် အပင်များကို စောစောစီးစီး ပျိုးထောင်နိုင်ပါစေဟုသာ မျှော်လင့်ရမည်။
ဆေးဘက်ဆိုင်ရာ သုတေသနခန်းမှ ထွက်လာသည်နှင့် လင်းယွမ်က မလှမ်းမကမ်းရှိ နေရောင်ခြည်ရရှိသော နေရာ၌ လူရိပ်တချို့ စုရုံးနေသည်ကို မြင်လိုက်ရပြီး သူတို့က သူ့ကို ကြည့်ကာ ပြုံးနေကြသည်။
တင်းယန်၊ လျှိုဖိန်ဖိန်၊ တုံယန်နှင့် ဆုန့်ဝမ်တို့ အားလုံး ရှိနေကြသည်။
ကျောက်ခိုင်လည်း ထိုနေရာတွင် ရှိနေပြီး အားလုံးက နေရောင်ခြည်ရရှိသော နေရာတွင် ခိုအောင်းကာ နေပူဆာလှုံနေကြသည်။
လင်းယွမ်က ပြုံးကာ လျှောက်သွားလိုက်စဉ် ကျောက်ခိုင်က ရှေ့သို့ ထွက်လာပြီး အော်ပြောလိုက်သည် "အစ်ကိုလင်း... ဒီနေရောင်ခြည်ရတဲ့ နေရာလေး လုပ်ထားတာ တကယ်ကို အချိန်ကိုက်ပဲ... အစ်ကို မသိလို့... အခုဆို ကျွန်တော်တို့ အားတာနဲ့ ဒီဘက်ကိုချည်း ပြေးလာကြတာ... ဒီမှာ လာပြီး နေပူဆာလှုံရတာ တကယ် အရသာရှိတယ်"
လင်းယွမ်က ပြုံး၍ ပြောသည် "ဒီ သန္ဓေပြောင်း နေကြာပန်းတွေ နောက်မျိုးဆက် အပင်တွေ ပျိုးထောင်ပြီးသွားရင် မင်းတို့ အိမ်တွေမှာပါ တချို့ စိုက်ပေးမယ်... နောက်ဆို အိမ်ထဲက အိမ်ပြင် ထွက်စရာ မလိုဘဲ နေပူဆာလှုံလို့ ရသွားပြီ"
"တကယ်လား... ဟားဟား ဒါဆို အရမ်းကောင်းတာပေါ့" ကျောက်ခိုင်က ဟားတိုက် ရယ်မောလိုက်သည်။
တင်းယန်က လျှောက်လာပြီး လင်းယွမ်ကို ကြည့်ကာ ပြောလိုက်သည် "ရှင် ပြန်ရောက်ပြီလို့ ကင်းလှည့်အဖွဲ့က လူတွေ ပြောတာနဲ့ ကျွန်မ ချက်ချင်း မိန်ဟိုင်ဥယျာဉ်ဘက်ကနေ လာခဲ့တာ... မိန်တောင်ဘက်က ဘယ်လိုနေလဲ... ရန်မေရော နေကောင်းရဲ့လား"
လင်းယွမ်က ခေါင်းညိတ်လိုက်သည် "အမမေကတော့ အဆင်ပြေပါတယ်... သူ့အဖေကိုတော့ ရှာတွေ့သွားပြီ... ဒါပေမဲ့ သူ့အမေကတော့..."
သူ သက်ပြင်းတစ်ချက် ချလိုက်သောအခါ အားလုံးက ချက်ချင်း နားလည်သွားကြသည်။ ရန်မေ၏ မိခင်မှာ မမျှော်လင့်ထားသော ဘေးဒုက္ခနှင့် ကြုံတွေ့သွားခဲ့ရပြီ ဖြစ်မည်။
လင်းယွမ်က ပြောလိုက်သည် "နင်တို့ ရောက်လာတာ အတော်ပဲ... ကျောက်ခိုင်... ကင်းလှည့်အဖွဲ့ ခေါင်းဆောင် တချို့ရယ် မွေးမြူရေးဇုန်နဲ့ သားသတ်ရုံက တာဝန်ခံတွေပါ လာခဲ့ဖို့ လူလွှတ်ပြီး ခေါ်လိုက်... ငါတို့ အစည်းအဝေးလေး တစ်ခု လုပ်ကြမယ်... ငါ ကြေညာစရာ ကိစ္စလေး ရှိလို့"
ကျောက်ခိုင်က ထိုစကားကို ကြားသောအခါ ချက်ချင်း လေးနက်သွားပြီး ပြန်ပြောသည် "ကျွန်တော် အခုပဲ လူလွှတ်လိုက်မယ်"
သူက မလှမ်းမကမ်းရှိ ကင်းလှည့်အဖွဲ့ဝင် တစ်ဦးကို ချက်ချင်း လက်လှမ်းခေါ်လိုက်ပြီးနောက် ထိုလူကို စကားအနည်းငယ် ပြောလိုက်သည်။
ထိုလူက ချက်ချင်း ပြေးထွက်သွားပြီး သက်ဆိုင်ရာ လူများကို လာရောက်ရန် စတင် အကြောင်းကြားလေသည်။
မကြာမီမှာပင် သက်ဆိုင်ရာ လူများက တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။
ထိုက်ယန်တောင် ခိုလှုံရေးစခန်းက အဓိက ခိုလှုံရေးစခန်း လေးခုမှ လူများကို လက်ခံရယူလိုက်သည်နှင့် အမျှ ယခုအခါ အဖွဲ့အစည်း တည်ဆောက်ပုံကလည်း အပြောင်းအလဲသစ်များ ရှိလာခဲ့သည်။
လက်ရှိအချိန်တွင် အဆင့်မြင့် ခေါင်းဆောင်များအဖြစ် တာဝန်ယူထားသူများမှာ လင်းယွမ်နှင့် အစောပိုင်းကတည်းက အတူရှိခဲ့သော ကင်းလှည့်အဖွဲ့ဝင်များကိုသာ အဓိကထား ခန့်အပ်ထားသည်။
မွေးမြူရေးခြံဘက်တွင်မူ ဟွမ်ဟန်က အဓိက တာဝန်ယူထားသည်။
သူမ၏ ရွှေရောင် စပါးအုံးမြွေက အစာစားရန် လိုအပ်သဖြင့် မီးဝါးကြွက် မွေးမြူရေးခြံကို စီမံခန့်ခွဲသည့်အခါတွင် သူမက လျှော့ဈေးဖြင့် ယူကာ ကိုယ်ပိုင် ရွှေရောင် စပါးအုံးမြွေကို အစာကျွေးနိုင်သည်။
သေချာသည်ကတော့ အချိန်အများစုတွင် သူမက ချိုင်ကြည်နှင့် ဦးလေးမာတို့ တာဝန်ယူထားသော သားသတ်ရုံဘက်သို့ သွားကာ ရွှေရောင် စပါးအုံးမြွေ စားရန်အတွက် ငါးတချို့ကို ဝယ်ယူလေ့ရှိသည်။ မည်သို့ပင်ဆိုစေ ထိုဘက်မှ ငါးများက မီးဝါးကြွက်များထက် များစွာ ပိုမို ဈေးသက်သာပေသည်။
ကြက်နီ၊ မိန်ဟွာဝက် စသည့် မွေးမြူရေး လုပ်ငန်းများကို သိုင်းဘုရင်ဂေဟာမှ ယွဲ့ယာဝေကို တာဝန်ယူရန် လွှဲပြောင်းပေးထားသည်။ သူမ၏ သွေးသားဆန္ဒ နှိုးဆွနိုင်သော အစွမ်းကို မွေးမြူရေးကဏ္ဍတွင် အသုံးပြုပါက အလွန် အကျိုးရှိပေသည်။
စိုက်ပျိုးရေးဇုန်ကို ဆုန့်ဝမ်နှင့် အဒေါ်ကြီးလီတို့က တာဝန်ယူထားသည်။
ဆေးဘက်ဆိုင်ရာအပိုင်းကိုမူ ရန်ဆန်းမင်က တာဝန်ယူထားသည်။
ကင်းလှည့်အဖွဲ့ဘက်ရှိ ကိစ္စရပ်များကိုမူ အခြေခံအားဖြင့် တင်းယန်နှင့် ကျောက်ခိုင်တို့က တာဝန်ယူထားကြသည်။
တုံယန်နှင့် ရန်မေတို့က ဈေးဝယ်စင်တာဘက်ရှိ ကိစ္စရပ်များကို တာဝန်ယူထားသည်။
ခြုံငုံကြည့်ရလျှင် လုပ်ငန်းခွင် ကျယ်ပြန့်လာသော်လည်း အဓိက အမာခံအဖွဲ့မှာ အမှန်တကယ်တွင် လင်းယွမ်နောက်သို့ အစောဆုံး လိုက်ပါခဲ့သော ဤလူစုသာ ဖြစ်သည်။
ဤလူစု၏ အောက်တွင်မူ မကြာသေးမီက စွမ်းဆောင်ရည် ကောင်းမွန်ခဲ့သော အဓိက စခန်းလေးခုနှင့် ဟန်ရှန်းမန် အဖွဲ့မှ လူများကို အရေးကြီးသော ရာထူးများစွာ ခွဲဝေပေးထားသည်။
ယခုအချိန်တွင် စောစောက လူများအပြင် ရှီဟိုင်ကျူး၊ ကုဖုန်း၊ ဝမ်အန်းနှင့် ဝူယင်တို့လည်း ရောက်ရှိနေကြပြီ ဖြစ်သည်။
ဟန်ရှန်းမန်နှင့် သူမအဖွဲ့ထဲမှ ဦးလေးကော၊ ကောက်လီ၊ ရှမင် တို့လည်း လာရောက်ကြသည်။
ယခုအခါ ဟန်ရှန်းမန်အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ပြီး ကျောက်ခိုင်တို့ လက်အောက်တွင် ကင်းလှည့်အဖွဲ့ငယ် ခေါင်းဆောင်များအဖြစ် အသီးသီး တာဝန်ပေးအပ်ထားသည်။
ယခုအချိန်တွင် နေရောင်ခြည်ရရှိသော နေရာ၌ လူအများအပြား စုရုံးနေကြသဖြင့် အစည်းအဝေးကြီး တစ်ခု ကျင်းပမည့် အတိုင်းအတာမျိုး ဖြစ်နေပြီ ဖြစ်သည်။
လူတိုင်းက လင်းယွမ်ကို ကြည့်ကာ သူ စကားပြောမည့် အချိန်ကို စောင့်ဆိုင်းနေကြသည်။
ကျောက်ခိုင်က တစ်ချက် ဝေ့ကြည့်လိုက်ပြီး ခေါင်းလှည့်ကာ လင်းယွမ်ကို ပြောလိုက်သည် "အစ်ကိုလင်း... လူတွေလည်း တော်တော်စုံနေပါပြီ"
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး လူတိုင်းကို ဝေ့ကြည့်လိုက်သည်။
သူ၏ အကြည့်များက တည်ငြိမ်နေသော်လည်း သူ့ခန္ဓာကိုယ်တွင် သဘာဝအလျောက် အရှိန်အဝါ တစ်ခု ရှိနေသည်။
ချက်ချင်းပင် မူလက စကားပြောနေကြသော လူများက စကားစကို အသီးသီး ရပ်တန့်လိုက်ကြပြီး လင်းယွမ်ကို ကြည့်ကာ နောက်ပြောင်မှုများကို ရပ်တန်းက ရပ်လိုက်ကြသည်။
ထိုအခါမှသာ လင်းယွမ်က စကားစလိုက်သည် "ဒီနှစ်ရက်အတွင်း ကျွန်တော် ဘယ်သွားနေလဲ ဆိုတာ အားလုံးလည်း သိကြမှာပါ"
"ဟုတ်ပါတယ်... ကျွန်တော် မိန်တောင်ကို တစ်ခေါက် သွားခဲ့တယ်"
"ဒီတစ်ခေါက် မိန်တောင်ကို သွားတော့ အင်မတန် အရေးကြီးတဲ့ တွေ့ရှိမှုတွေ ရှိခဲ့တယ်"
"မိန်တောင်က ကျွန်တော်တို့ ထိုက်ယန်တောင်နဲ့ မတူဘူး... အဲဒီမှာ အရည်အသွေးမြင့် အရင်းအမြစ်တွေ ရှိတယ်... အစကတည်းက မိန်တောင်ရွာက ရွာသားတွေ စိုက်ပျိုးရေး လုပ်တဲ့ တောင်ဖြစ်လို့ အပေါ်မှာ အသင့်သုံးလို့ရတဲ့ လှေကားထစ် စိုက်ခင်းတွေ ရှိတဲ့အပြင် ရေကြီးပြီးတဲ့နောက် တောင်ပေါ်မှာ ကျန်ရစ်ခဲ့တဲ့ စိုက်ပျိုးရေး သီးနှံတွေလည်း အများကြီး ရှိတယ်"
"ဒီစိုက်ပျိုးရေး သီးနှံတွေက ကြီးမားတဲ့ ရေဘေးကြီးကို ဖြတ်သန်းပြီးတဲ့နောက် တချို့က ညှိုးနွမ်း သေဆုံးမသွားတဲ့ အပြင် သန္ဓေပြောင်းသွားပြီး ပိုလို့တောင် သန်စွမ်းကြီးထွားလာကြသေးတယ်"
"ကျွန်တော် ကန်စွန်းဥ၊ စပါး စတဲ့ မျိုးစေ့တချို့ ယူလာခဲ့ပြီး ဆုန့်ဝမ်နဲ့ အဒေါ်ကြီးလီကို ပေးထားတယ်... ဘာမတော်တဆမှ မဖြစ်ဘူးဆိုရင် ကျွန်တော်တို့ ထိုက်ယန်တောင်မှာ အရည်အသွေးမြင့် ကစီဓာတ်တွေကို မကြာခင် စားရတော့မယ်"
ဤစကား ထွက်ပေါ်လာသည်နှင့် လူတိုင်းက ချက်ချင်းပင် အံ့ဩဝမ်းသာသော အမူအရာများ ထွက်ပေါ်လာကြပြီး အချင်းချင်း တီးတိုး စကားပြောဆိုလာကြသည်။
"ကန်စွန်းဥနဲ့ စပါး ရှိတယ် ဟုတ်လား"
"အိုး... ဒါတွေကိုသာ အကြီးအကျယ် စိုက်ပျိုးနိုင်မယ် ဆိုရင် ငါတို့တွေ နောက်ဆို စားစရာ တကယ် မရှားတော့ဘူးပေါ့"
"ကန်စွန်းဥရဲ့ အထွက်နှုန်းကို ငါ သိတယ်... တကယ် အံ့မခန်းပဲ... တကယ်လို့သာ စိုက်ပျိုးနိုင်မယ်ဆိုရင် ငါတို့ ထိုက်ယန်တောင် ခိုလှုံရေးစခန်းက ဒီလောက်များတဲ့ လူတွေကို ကျွေးမွေးနိုင်ဖို့ သေချာပေါက် လုံလောက်တယ်"
"အရမ်း ကောင်းတာပဲ... ဒါက သတင်းကောင်းကြီးပဲ"
...
လင်းယွမ်က လက်ခုပ်တီးလိုက်ရာ လူတိုင်းက အလျင်အမြန် ရပ်တန့်သွားကြပြီး လင်းယွမ်ကို ထပ်မံ ကြည့်လိုက်ကြသည်။
"ဒီလို အံ့ဩဝမ်းသာစရာ တွေ့ရှိမှုတွေ အပြင် မိန်တောင်မှာ သန္ဓေပြောင်း သက်ရှိတွေ အများကြီးကိုလည်း ကျွန်တော် တွေ့ခဲ့သေးတယ်... တချို့ မျိုးစိတ်တွေက ကျွန်တော်တို့ ထိုက်ယန်တောင်မှာ မရှိဘူး"
"အချိန်ကျရင် ဒီမျိုးစိတ်တွေကို ဖမ်းဆီးပြီး မွေးမြူရေးတွေ လုပ်နိုင်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ အစားအစာ အမျိုးအစားတွေ ပိုစုံလင်လာလိမ့်မယ်"
"ပိုအရေးကြီးတာက မိန်တောင်မှာ စွမ်းအင်ကျောက်တုံး သတ္တုတွင်း အများကြီး ရှိနေတာကို ကျွန်တော် တွေ့ခဲ့တယ်"
လူတိုင်းက ထိုစကားကို ကြားသောအခါ ချက်ချင်း အံ့အားသင့်သွားကြသည်။
ရောက်ရှိနေသူတိုင်းက အတွေ့အကြုံ မရှိသူများ မဟုတ်တော့သဖြင့် စွမ်းအင်ကျောက်တုံး သတ္တုတွင်း၏ တန်ဖိုးကို သဘာဝကျကျပင် သိရှိကြသည်။
ထိုစွမ်းအင်ကျောက်တုံးများကို သင်္ကေတကျောက်တုံးများအဖြစ် ဖန်တီးနိုင်ရုံသာမက တိုက်ပွဲများတွင်ပါ အသုံးပြုနိုင်သည်။
ထို့အပြင် ဈေးဝယ်စင်တာမှ ထောက်ပံ့ရေး ပစ္စည်းမျိုးစုံ ဝယ်ယူရန် အမှတ်များနှင့်လည်း လဲလှယ်နိုင်သည်။
ယခုအချိန်အထိ လူတိုင်းက စွမ်းအင်ကျောက်တုံးများကို သင်္ကေတကျောက်တုံးများအဖြစ် ဖန်တီးနိုင်သည်ကိုသာ သိရှိကြပြီး အခြား အသုံးဝင်မှုများ ရှိမရှိ ဆိုသည်ကိုမူ မသိကြသေးပေ။
သို့သော် အစွမ်းများနှင့် ပတ်သက်ဆက်နွှယ်နေသော စွမ်းအင်ကျောက်တုံး သတ္တုတွင်းက အလွန် အရေးကြီးသည့် မဟာဗျူဟာမြောက် အရင်းအမြစ် တစ်ခု ဖြစ်သည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။
"လင်းယွမ်... ဒါဆို ဘာစောင့်နေဦးမှာလဲ... ငါတို့တွေ မိန်တောင်ကို သိမ်းပိုက်လိုက်ကြတာပေါ့"
"လင်းယွမ်... မိန်တောင်မှာ တခြား ခိုလှုံရေးစခန်းတွေရော ရှိလား"
"လင်းယွမ်... မိန်တောင်မှာ အသက်ရှင်နေသေးတဲ့ သူတွေရဲ့ အခြေအနေကို မပြောပြရသေးဘူးနော်"
လူတိုင်းက တစ်ယောက်တစ်ပေါက်ဖြင့် အသီးသီး မေးမြန်းလာကြသည်။
လင်းယွမ်က ပြုံးလိုက်ပြီး ချက်ချင်း ပြောလိုက်သည် "မိန်တောင်က အသက်ရှင်နေသေးတဲ့သူတွေရဲ့ အခြေအနေကို ခင်ဗျားတို့ စိုးရိမ်စရာ မလိုပါဘူး... ကျွန်တော် ဖြေရှင်းခဲ့ပြီးပြီ"
"လောလောဆယ် တစ်ခုတည်းသော ပြဿနာက ထိုက်ယန်တောင်ကနေ မိန်တောင်ကို ဘယ်လို သွားမလဲ ဆိုတာပဲ"
လူတိုင်းက ထိုစကားကို ကြားသောအခါ ချက်ချင်း မျက်နှာ အနည်းငယ် ပြောင်းလဲသွားကြသည်။
ကျောက်ခိုင်က ပြောလိုက်သည် "မေ့တော့မလို့ပဲ... မိန်တောင်ကို သွားဖို့ဆို ရေလွှမ်းမိုး တားမြစ်နယ်မြေကနေ သွားရမှာ"
ဟွမ်ဟန်ကလည်း အခက်တွေ့နေသော အမူအရာဖြင့် ပြောသည် "ရေလွှမ်းမိုး တားမြစ်နယ်မြေကို ဖြတ်သန်းဖို့က မလွယ်ဘူး... အဲဒီမှာ သန္ဓေပြောင်း သားရဲတွေ အရမ်းများတယ်"
တင်းယန်ကလည်း မျက်မှောင်ကြုတ်သွားသည် "အဓိကက ရေလွှမ်းမိုး တားမြစ်နယ်မြေရဲ့ နယ်နိမိတ်က မသေးဘူး... ထိုက်ယန်တောင်ကနေ မိန်တောင်ကို တည့်တည့်သွားမယ် ဆိုရင်တောင် ခန့်မှန်းခြေ မိုင်(၃)မိုင်လောက် ရေပြင် ရှိတယ်... လှေ ဒါမှမဟုတ် ဖောင်နဲ့ သွားမယ်ဆိုရင်တောင် အချိန်တစ်ခု ပေးရမယ်... အဲဒီလို သွားနေတဲ့ အချိန်မှာ ရေအောက်က သတ္တဝါတွေရဲ့ တိုက်ခိုက်တာကို အလွယ်တကူ ခံရနိုင်တယ်"
လူတိုင်းက စိတ်ညစ်နေသော အမူအရာများ ထွက်ပေါ်လာကြသည်။
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်လိုက်သည်။ ကျောက်ခိုင်နှင့် တင်းယန်တို့မှာ ကင်းလှည့်အဖွဲ့မှ ဖြစ်သဖြင့် ထိုဘက်ကို မကြာခဏ ဖြတ်သန်းသွားလာဖူးသောကြောင့် ထိုနေရာရှိ အခြေအနေများကို သဘာဝကျကျပင် ရှင်းရှင်းလင်းလင်း သိရှိထားကြသည်။
လင်းယွမ်က ပြောလိုက်သည် "ကျွန်တော် အပြန်တုန်းက ရေလွှမ်းမိုး တားမြစ်နယ်မြေ အနီးတစ်ဝိုက်ကို တမင်တကာ တစ်ပတ် ပတ်ကြည့်ခဲ့သေးတယ်... တောင်နှစ်လုံးကြား အကျဉ်းဆုံး နေရာက တကယ်တော့ မိုင်(၃)မိုင် မရှိဘူး... ခန့်မှန်းခြေ (၂.၅)မိုင် လောက်ပဲ ရှိတယ်"
"ဒါပေမဲ့ ရေလွှမ်းမိုး တားမြစ်နယ်မြေထဲက သန္ဓေပြောင်း သားရဲတွေကတော့ တကယ်ကို များပြားလွန်းတယ်... ကပ်ဘေးတစ်ခုလိုကို လွှမ်းမိုးနေတယ်လို့တောင် ပြောလို့ရတယ်"
"မိန်တောင်ကို ဘယ်လို ဝင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော့် အစီအစဉ်ကတော့ တံတားထိုးပြီး သွားဖို့ပဲ"
ဤစကား ထွက်ပေါ်လာသည်နှင့် ချက်ချင်း အံ့အားသင့်သွားသော လူတိုင်းက ခေါင်းမော့ကာ လင်းယွမ်ကို အသီးသီး ကြည့်လိုက်ကြသည်။
"တံတားထိုးမယ်" ကျောက်ခိုင်က ချက်ချင်း မျက်လုံးပြူးသွားပြီး ပြောလိုက်သည် "မလုပ်ပါနဲ့ အစ်ကိုလင်းရယ်... တံတားကို ဘယ်လို ထိုးမှာလဲ"
လင်ကျောင်းတက္ကသိုလ်၏ ပါမောက္ခ တစ်ဦး ဖြစ်သော တင်းယန်ကလည်း မျက်မှောင်ကြုတ်သွားသည် "လင်းယွမ်... ဒီတံတားထိုးတဲ့ ကိစ္စက ကလေးကစားစရာ မဟုတ်ဘူးနော်... (၂.၅)မိုင် အရှည်ရှိတဲ့ တံတားကြီး တစ်စင်းက အင်မတန် ကြီးမားတဲ့ အလုပ်ကြီး တစ်ခု ဖြစ်နေပြီ... ရေကြီးမှုကြီး မဖြစ်ခင်က နိုင်ငံတော်အဆင့် ကျွမ်းကျင် ဆောက်လုပ်ရေး အဖွဲ့တွေ လုပ်မယ် ဆိုရင်တောင် နေ့ချင်းညချင်း ပြီးနိုင်တဲ့ အရာ မဟုတ်ဘူး"
အားလုံးကလည်း လင်းယွမ်၏ အကြံအစည်ကြောင့် အံ့အားသင့်သွားကြသည်။
(၂.၅)မိုင် အရှည်ရှိသည့် တံတားကြီး တစ်စင်းကို တည်ဆောက်မည် ဆိုသည်မှာ မည်သို့ နားထောင်ကြည့်စေကာမူ လက်တွေ့မကျပေ။
လင်းယွမ်က ပြုံးလိုက်ပြီး ပြောသည် "ကျွန်တော် ပြောတာက အခိုင်အမာ ဖွဲ့စည်းတည်ဆောက်ထားတဲ့ တံတားမျိုး မဟုတ်ဘူး... ရေပေါ်တံတား တစ်စင်းကို ပြောတာ"
"လေထဲကနေ ဖြတ်သန်းသွားရတဲ့ အခိုင်အမာ ဖွဲ့စည်းတည်ဆောက်ထားတဲ့ တံတားမျိုးကို ကျွန်တော်တို့ မလိုအပ်ဘူး... အဲဒီလို တံတားမျိုးက တည်ဆောက်ပြီးသွားရင် အမြင့်က အသေဖြစ်သွားပြီ"
"အကယ်လို့ ရေကြီးတာ ဆက်ပြီး မြင့်တက်လာရင် အဲဒီလို အခိုင်အမာ တံတားမျိုးက အနှေးနဲ့အမြန် ရေမြုပ်သွားမှာပဲ... အဲဒီလိုဆိုရင် ကျွန်တော်တို့ အပင်ပန်းခံရတာ အလကား ဖြစ်မသွားဘူးလား"
လူတိုင်းက ချက်ချင်းပင် အံ့ဩသွားကြသည်။
"ရေပေါ်တံတား"
"ဒါက..."
လင်းယွမ်က ခေါင်းညိတ်လိုက်သည် "ဟုတ်တယ်... ရေပေါ်တံတား"
"ရေပေါ်တံတားကမှ လက်ရှိ အခြေအနေနဲ့ အသင့်တော်ဆုံးပဲ"
"ရေ တစ်လက်မ တက်ရင် ရေပေါ်တံတားကလည်း တစ်လက်မ လိုက်တက်လာမှာမို့ ရေမြုပ်သွားမှာ မဟုတ်ဘူး"
"ကျွန်တော်တို့ လုပ်ဖို့ လိုအပ်တာက တောင်နှစ်လုံးကြားမှာ ကြိုးတန်းတွေ ဆွဲဖို့ နည်းလမ်းရှာပြီး တံတားကိုယ်ထည်ကို တည်ဆောက်ဖို့ပဲ"
ရန်မေက မနေနိုင်ဘဲ မေးလိုက်သည် "အမတို့ဆီမှာ အဲဒီလောက် ရှည်တဲ့ ကြိုးတွေ ရှိလို့လား"
ကျောက်ခိုင်က စဉ်းစားကာ ပြောသည် "အမဝမ်ကို အပင်တွေရဲ့ နွယ်ပင်တွေနဲ့ ကြိုးလုပ်ပေးဖို့ အကူအညီ တောင်းရင်ရော"
တင်းယန်က စဉ်းစားခန်း ဝင်သွားသည် "ရေပေါ်တံတား ဆိုရင်တော့ နည်းလမ်းကောင်း တစ်ခုပဲ... ဒါပေမဲ့ အဲဒီအထဲမှာ ပြဿနာ တော်တော်များများ ရှိနေသေးတယ်... ပထမဆုံးက ကြိုးတန်းပဲ... သာမန် ကြိုးတွေဆို ရေထဲမှာ အကြာကြီး စိမ်ထားရင် အလွယ်တကူ ဆွေးမြည့်သွားနိုင်တယ်"
"ဒါ့အပြင် ရေပေါ်တံတားရဲ့ ကိုယ်ထည်ဖြစ်တဲ့ သစ်သားပြားတွေကိုလည်း လုပ်ဖို့ လိုအပ်သေးတယ်... ဒီအလုပ် ပမာဏကလည်း သေးသေးလေး မဟုတ်ဘူး"
"အရေးအကြီးဆုံး ပြဿနာက ရေလွှမ်းမိုး တားမြစ်နယ်မြေထဲမှာ သန္ဓေပြောင်း မိစ္ဆာတွေ အများကြီး ရှိနေတာပဲ... ရေပေါ်တံတားကို တည်ဆောက်လိုက်ရင်တောင် လုံးဝ လုံခြုံမယ်လို့ မသေချာဘူး... သန္ဓေပြောင်း သားရဲတွေရဲ့ တိုက်ခိုက်ဖျက်ဆီးတာကိုတောင် ခံရနိုင်ခြေ များတယ်"
လင်းယွမ်က ပြုံးလိုက်ပြီး ပြောသည် "ရေပေါ်တံတားအတွက် ကြိုးတွေကို ကျွန်တော် နည်းလမ်းရှာမယ်... တံတားကိုယ်ထည် အတွက်လည်း သစ်သားကို မသုံးဘူး... ရေလွှမ်းမိုး တားမြစ်နယ်မြေရဲ့ ရေပြင်ထဲမှာ ခင်းကျင်းဖို့ အောက်ခံ အဖြစ် အသုံးပြုလို့ရတဲ့ အသင့်ရှိနေတဲ့ တံတားကိုယ်ထည်တွေ ရှိတယ်"
"အခု တစ်ခုတည်းသော ပြဿနာက ရေလွှမ်းမိုး တားမြစ်နယ်မြေထဲက သန္ဓေပြောင်း သားရဲတွေပဲ"
"ကျွန်တော်က ရေလွှမ်းမိုး တားမြစ်နယ်မြေကို တရားဝင် ရှင်းလင်းဖို့ ရည်ရွယ်ထားတယ်"
လူတိုင်းက ချက်ချင်းပင် အံ့ဩတကြီး အော်ဟစ်လိုက်ကြသည်။
ရေလွှမ်းမိုး တားမြစ်နယ်မြေကို ရှင်းလင်းမည်။
၎င်းမှာ သေးငယ်သော အလုပ်တစ်ခု မဟုတ်ပေ။ ရေလွှမ်းမိုး တားမြစ်နယ်မြေထဲတွင် ကြောက်မက်ဖွယ်ကောင်းသော သန္ဓေပြောင်း သားရဲများ များပြားလွန်းလှသည်။
သန္ဓေပြောင်း သားရဲ အများအပြား၏ စွမ်းအားက အစောပိုင်းက ဝူမုန့်၊ ထူလုံ၊ လီယွဲ့ဖုန်း ကဲ့သို့သော အဆင့်အတန်းရှိသည့် သန္ဓေပြောင်း အစွမ်းပိုင်ရှင်များနှင့်ပင် ယှဉ်နိုင်ပေသည်။
၎င်းမှာ ရေပြင်ပေါ်ရှိ သားရဲများသာ ဖြစ်သေးသည်။ ရေအောက်တွင် မည်မျှ ကြောက်မက်ဖွယ်ကောင်းသော သန္ဓေပြောင်း သားရဲများ ရှိနေမည်ကို မသိနိုင်ပေ။
ဤကိစ္စက နောက်ပြောင်စရာ မဟုတ်ပေ။
တင်းယန်က မနေနိုင်ဘဲ ဖျောင်းဖျလိုက်သည် "လင်းယွမ်... ရေလွှမ်းမိုး တားမြစ်နယ်မြေကို ရှင်းလင်းတာက အရမ်း အန္တရာယ်များတယ်... လောလောဆယ် ကင်းလှည့်အဖွဲ့ထဲက လူအများစုက ဒီတာဝန်ကို ထမ်းဆောင်နိုင်မှာ မဟုတ်ဘူးလို့ ငါ ထင်တယ်"
သူမက ကင်းလှည့်အဖွဲ့၏ ခေါင်းဆောင် တစ်ဦး ဖြစ်သောကြောင့် ကင်းလှည့်အဖွဲ့ဝင်များ၏ အစွမ်းအစကို သိရှိထားသည်။
သာမန် သန္ဓေပြောင်း ကြောင်များ၊ သန္ဓေပြောင်း ခွေးများ၊ သန္ဓေပြောင်း တောဝက်များ စသည်တို့ကို ရင်ဆိုင်ရန်အတွက် အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုအပေါ် အားကိုးကာ သန္ဓေပြောင်း မိစ္ဆာ တစ်ကောင်တည်းကိုသာ သတ်ဖြတ်နိုင်သည်။
သို့သော် ရေလွှမ်းမိုး တားမြစ်နယ်မြေတွင် မိစ္ဆာများ မည်မျှရှိမည်ကို မသိနိုင်ပေ။
ထိုမိစ္ဆာများက သန္ဓေပြောင်း ကြောင်နှင့် ခွေးများ မဟုတ်ဘဲ အလွန် ပြင်းထန်သော တိုက်ခိုက်နိုင်စွမ်း ရှိသည့် သန္ဓေပြောင်း ဖားများ၊ သန္ဓေပြောင်း အဆိပ်ပြင်းမြွေများ စသည်တို့ ဖြစ်ကြသည်။
သာမန် အစွမ်းပိုင်ရှင် ကင်းလှည့်အဖွဲ့ဝင်များ အနေဖြင့် အဖွဲ့လိုက် သွားမည်ဆိုလျှင်တောင်မှ ဒဏ်ရာရနိုင်ခြေ သို့မဟုတ် သေဆုံးနိုင်ခြေ အန္တရာယ် ရှိပေသည်။
လင်းယွမ်က ခေတ္တမျှ စဉ်းစားကာ ပြောလိုက်သည် "ဒီလိုလုပ်... အချိန်ကျရင် ရေလွှမ်းမိုး တားမြစ်နယ်မြေထဲက မိစ္ဆာတွေကို ပထမအချီ အနေနဲ့ ကျွန်တော် ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းရေး လုပ်မယ်"
"အန္တရာယ်များတဲ့ သန္ဓေပြောင်း မိစ္ဆာ အများစုကို အရင် ရှင်းထုတ်ပစ်မယ်... အဲဒီနောက် ခင်ဗျားတို့က ကင်းလှည့်အဖွဲ့ကို ခေါ်လာပြီး ဝင်ရောက် ရှင်းလင်းရေး လုပ်ကြ"
ဤစကားကို ပြောလိုက်သောအခါ နေရာတွင် ရှိနေသော ကင်းလှည့်အဖွဲ့ တာဝန်ခံများ ဖြစ်သည့် တင်းယန်နှင့် ကျောက်ခိုင်တို့ ချက်ချင်းပင် အနည်းငယ် ရှက်ရွံ့သွားကြသည်။
သိသာထင်ရှားစွာပင် သူတို့၏ စွမ်းအားက အဟန့်အတား ဖြစ်နေခဲ့ပြီ ဖြစ်သည်။
လင်းယွမ်က ပြောလိုက်သည် "ဒီကိစ္စကို ဒီလိုပဲ ဆုံးဖြတ်လိုက်ကြတာပေါ့... မနက်ဖြန် ကျွန်တော် ရွှေနက်မျောက်ဝံကြီးကို ဦးဆောင်ပြီး ရေလွှမ်းမိုး တားမြစ်နယ်မြေထဲ ဝင်ပြီး သန္ဓေပြောင်း သက်ရှိတွေကို စတင် ရှင်းလင်းမယ်... ခင်ဗျားတို့က အချိန်ကျရင် အပြင်ဘက်ကနေ အကူအညီပေးကြ"
"အချိန်ကျရင် သားသတ်ရုံက လူတွေလည်း သွားရမယ်... သန္ဓေပြောင်း သားရဲ အလောင်းတွေကို အချိန်မီ သယ်ယူပြီး သားသတ်ဖို့ တာဝန်ယူရမယ်"
"မွေးမြူရေးခြံက လူတွေက သားသတ်ရုံကနေ ဖယ်ထုတ်လိုက်တဲ့ ကလီစာတွေလိုမျိုး အရာတွေကို အချိန်မီ ရှင်းလင်းဖို့ မှတ်ထားကြ"
သားသတ်ရုံတွင် သန္ဓေပြောင်း သားရဲများကို သတ်ဖြတ်ပြီးနောက် ထိုငါးအူများ၊ ငါးအကြေးခွံများ စသည်တို့မှာ အလွန် ကောင်းမွန်သော သဘာဝမြေဩဇာများ ဖြစ်ကြပြီး မွေးမြူရေးခြံမှ လူများက အမြဲတမ်း ရှင်းလင်း သယ်ယူရန် တာဝန်ယူခဲ့ကြသည်။
နေရာတွင် ရှိနေသူတိုင်းက ကိုယ်စီ တာဝန်များ ရရှိသွားကြပြီး မျက်နှာထား လေးနက်စွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။
"ဟုတ်ပြီ... အားလုံး ကိုယ့်နေရာကိုယ် ပြန်ပြီး အသိပေးလိုက်ကြတော့... မနက်ဖြန်အတွက် ပြင်ဆင်ထားကြ... မနက်ကိုးနာရီ စထွက်မယ်"
လင်းယွမ်က ဤအရာများကို ဆုံးဖြတ်ချက် ချလိုက်ပြီးနောက် ချက်ချင်းပင် အားလုံးက လူစုခွဲကာ အသီးသီး ထွက်ခွာသွားကြသည်။
ကျောက်ခိုင်နှင့် တင်းယန်တို့မှာ မထွက်သွားဘဲ သူတို့နှစ်ဦးစလုံးက အနည်းငယ် အပြစ်ရှိသလို ခံစားနေရသော အမူအရာဖြင့် လင်းယွမ်၏ အနီးတွင် ရပ်နေကြသည်။
လင်းယွမ်က သူတို့ကို တစ်ချက် ကြည့်ကာ ပြုံး၍ ပြောလိုက်သည် "ဘာဖြစ်လို့လဲ... ဘာလို့ ဒီလို မျက်နှာတွေ ဖြစ်နေကြတာလဲ"
ကျောက်ခိုင်က အနည်းငယ် အပြစ်ရှိသလို ခံစားရစွာဖြင့် ပြောသည် "တောင်းပန်ပါတယ် အစ်ကိုလင်း... ကျွန်တော်တို့ အစွမ်းက တိုးတက်တာ အရမ်း နှေးနေလို့... အခု ရေလွှမ်းမိုး တားမြစ်နယ်မြေကို ရှင်းလင်းရမယ့် ကိစ္စမှာ ဘာမှတောင် မကူညီပေးနိုင်ဘူး ဖြစ်နေတယ်"
တင်းယန်ကလည်း သက်ပြင်းတစ်ချက် ချလိုက်ပြီး ပြောသည် "ရှင် ဘယ်လို လေ့ကျင့်နေလဲ ဆိုတာ တကယ်မသိတော့ဘူး... ပုံမှန်ဆို ရှင် လေ့ကျင့်နေတာကိုတောင် မမြင်ရဘဲနဲ့ ဘယ်လိုလုပ်ပြီး ပိုပို အစွမ်းထက်လာရတာလဲ"
လင်းယွမ်က ပြုံးလိုက်ပြီး တင်းယန်၏ လက်ကို ဆွဲကိုင်ကာ ပြောလိုက်သည် "လူနဲ့လူကြားမှာ ကွာခြားချက်တွေ ရှိပါတယ်... နင်နဲ့ နင့်ယောက်ျားကြားက ကွာဟချက်ကို နင် မျက်ကွယ်ပြုထားလို့ မရဘူး"
တင်းယန်၏ မျက်နှာက ချက်ချင်း နီမြန်းသွားပြီး သူမ၏ အေးစက်သော စရိုက်က ချက်ချင်းပင် ပျက်စီးသွားကာ ပြောလိုက်သည် "လူတွေ အများကြီး ရှိနေတာကို... ရှင်က ခိုလှုံရေးစခန်းရဲ့ ခေါင်းဆောင်ကြီးနော်..."
လင်းယွမ်က ဟားတိုက် ရယ်မောလိုက်သည်။ ပတ်ဝန်းကျင်တွင် အဝေး၌ နေပူဆာလှုံနေကြသော အဘိုးအဘွား တချို့သာ ရှိတော့သည်။
"သွားမယ်" သူက တင်းယန်၏ လက်ကို ဆွဲကာ အိမ်ဘက်သို့ ခေါ်သွားလိုက်သည်။
တင်းယန်က အလျင်အမြန် မေးလိုက်သည် "အို... ရှင်... ဘယ်သွားမလို့လဲ"
"အိမ်ပြန်မလို့"
"အိမ်ပြန်ပြီး ဘာလုပ်မှာလဲ"
"လုပ်စရာရှိလို့ပေါ့ဟ"
...
ခွဲခွာပြီးမှ ပြန်လည်ဆုံတွေ့ရခြင်းက ကြင်စဦး ဇနီးမောင်နှံထက်ပင် သာလွန်သေးသည်။ ဆုန့်ဝမ်နှင့် လင်းယွမ်တို့က ကြင်စဦး ဇနီးမောင်နှံ ဖြစ်ရုံသာမက တင်းယန်နှင့် သူကလည်း ကြင်စဦး ဇနီးမောင်နှံများပင် ဖြစ်ကြသည်။
နှစ်ရက်တာ ခွဲခွာနေရချိန်တွင် ကြံ့ခိုင်သော စရိုက်ရှိသည့် တင်းယန်ပင်လျှင် သူ့ကို အစောကြီးကတည်းက လွမ်းဆွတ်နေခဲ့ပြီ ဖြစ်သည်။
ဝါးအိမ်ရှိ တင်းယန်၏ အိပ်ခန်းထဲတွင် သူမက အရင်ကအတိုင်း ကြမ်းတမ်း ပြင်းထန်နေဆဲ ဖြစ်သည်။
အစပိုင်းတွင် မည်မျှပင် တက်ကြွနေစေကာမူ နောက်ပိုင်းတွင်မူ သနားစရာ ကောင်းလောက်အောင် အရှုံးပေးရလေသည်။
သို့သော် ယခုတစ်ကြိမ်တွင် သူမက အစွမ်းကို အသုံးပြုကာ တိုက်ပွဲနယ်မြေကို ပိတ်ဆို့ထားခြင်း မပြုဘဲ အံကြိတ်ခံကာ လင်းယွမ်ကို စိတ်တိုင်းကျ ခွင့်ပြုထားခဲ့သည်။
သူမ၏ ရည်ရွယ်ချက်ကို ရိပ်မိသောအခါ လင်းယွမ်၏ ရင်ထဲတွင် ချက်ချင်းပင် နူးညံ့ကြင်နာမှုများ ပြည့်နှက်သွားပြီး အရှိန်ကို လျှော့ချပေးလိုက်သည်။
အချိန်အတန်ကြာပြီးနောက် မုန်တိုင်း ငြိမ်သက်သွားခဲ့သည်။
တင်းယန်က လင်းယွမ်၏ ရင်ခွင်ထဲတွင် လှဲလျောင်းနေပြီး ရရှိခဲသော မိန်းမငယ်လေး တစ်ဦး၏ အချိန်ကို ခံစားနေသည်။
အပြင်ဘက်တွင် သူမက ကင်းလှည့်အဖွဲ့၏ မဏ္ဍိုင်၊ တိုက်ပွဲဘုရင်မ၊ အစွမ်းထက်သော အနီးကပ် တိုက်ခိုက်ရေး ပါရမီရှင် တစ်ဦး ဖြစ်သည်။
သို့သော် အိမ်တွင်၊ လင်းယွမ်၏ ရှေ့တွင်မူ သူမက တံဆိပ်များ အားလုံးကို ချွတ်ချထားကာ သူ၏ ရင်ခွင်ထဲမှ မိန်းမငယ်လေး တစ်ဦးသာ ဖြစ်ချင်ခဲ့သည်။
လင်းယွမ်က ဤနှစ်ရက်အတွင်း ကင်းလှည့်အဖွဲ့တွင် ဖြစ်ပျက်ခဲ့သော ကိစ္စရပ်တချို့နှင့် ခိုလှုံရေးစခန်း၏ အပြောင်းအလဲများ အကြောင်းကို သူမက ပြောပြနေသည်ကို နားထောင်နေသည်။
သူမ၏ ဆံနွယ်များကို ညင်သာစွာ ပွတ်သပ်ပေးရင်း မေးလိုက်သည် "လူအင်အား စီစဉ်တဲ့ နေရာမှာ ဘာပြဿနာမှ မရှိဘူးမလား"
တင်းယန်က ခေါင်းညိတ်လိုက်သည် "အဓိက ခိုလှုံရေးစခန်း လေးခုက စစ်သုံ့ပန်းတွေ အားလုံးက တည်ငြိမ်သွားကြပါပြီ... တစ်လတိတိ အလုပ်ကြမ်း လုပ်ပြီး ပြုပြင်ပြောင်းလဲရေး လုပ်ပြီးတဲ့ နောက်မှာ သူတို့လည်း ခိုလှုံရေးစခန်း အပေါ်မှာ လုံးဝကို သံယောဇဉ် တွယ်သွားကြပြီ"
"အခု သူတို့တွေက သိုင်းဘုရင်ဂေဟာ၊ မိန်ဟိုင်ဥယျာဉ်၊ ဖုန်းဟွမ်ဘုရားကျောင်း စတဲ့ ခိုလှုံရေးစခန်းတွေက ကျန်ရစ်သူတွေ အနေနဲ့ သတ်မှတ်မထားကြတော့ဘဲ ကိုယ့်ကိုယ်ကိုယ် ထိုက်ယန်တောင် ခိုလှုံရေးစခန်းရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ပဲ သတ်မှတ်ထားကြပြီ"
"ဒါ့အပြင် သူတို့ရဲ့ မူလ အဖွဲ့ငယ်တွေကို ခွဲထုတ်ပြီး... အခု အားလုံးက ကိုယ့်တာဝန် ကိုယ်ယူပြီး အဖွဲ့သစ်တွေ ပြန်ဖွဲ့လိုက်တာမို့... အရင်က အချင်းများခဲ့တာလေးတွေ လည်း အားလုံး ပျောက်သွားကြပြီ"
"သူတို့တွေက လက်ရှိ ဘဝကို အရမ်း ကျေနပ်နေကြပြီး အရမ်းလည်း တန်ဖိုးထားကြတယ်... ပုံမှန်ဆို လက်ရှိ ခိုလှုံရေးစခန်းရဲ့ အပြောင်းအလဲတွေ အပေါ် သူတို့ ဝမ်းသာပီတိ ဖြစ်နေကြတာကို ကျွန်မ ခဏခဏ မြင်ရတယ်... ရှင့်ရဲ့ ကျေးဇူးကိုလည်း ခဏခဏ ပြောနေကြတာ"
"အခုဆို ထိုက်ယန်တောင် ခိုလှုံရေးစခန်းကို ကျူးကျော်ရဲတဲ့ သူသာ ရှိရင် သူတို့က အသက်ပေးပြီး သေချာပေါက် တိုက်ခိုက်ကြလိမ့်မယ်လို့ ကျွန်မ ခန့်မှန်းတယ်"
လင်းယွမ်က ရယ်မောလိုက်ပြီး ပြောသည် "လူတွေရဲ့ စိတ်နှလုံးကို အသုံးချလို့ ရသွားပြီပဲ"
တင်းယန်က ပြောသည် "ဒါကတော့ သေချာတာပေါ့... အရင်တုန်းက သူတို့ ဘယ်လို ဘဝမျိုးနဲ့ ဖြတ်သန်းခဲ့ရလဲ ဆိုတာကို ရှင် မသိလို့ပါ... အရင်က သူတို့ဆို အိမ်သာတက်ဖို့ အိမ်သာသုံးစက္ကူတောင် မရှိခဲ့ဘူးလေ"
"ဝမ်းဝအောင် စားရဖို့ ဆိုတာ ဝေလာဝေး... ဖုန်းဟွမ်ဘုရားကျောင်းရဲ့ အစောပိုင်းက အစားအစာတွေ အားလုံးကို ထူလုံ ဆိုတဲ့ ခေါင်းဆောင်ကပဲ အပြင်ထွက်ရှာပေးရတာ... ဝူမုန့်တို့ဆို ကျောက်ခေတ်လူသားတွေလို လိုဏ်ဂူထဲမှာ နေခဲ့ကြရတာ"
"အခု ကျွန်မတို့ဆီမှာ ဝမ်းဝအောင် စားသောက်နိုင်ရုံသာမက မျက်နှာသစ် သွားတိုက်ဖို့ ပစ္စည်းမျိုးစုံလည်း ရှိတယ်... ဈေးဝယ်စင်တာတောင် ရှိသေးတယ်... လျှပ်စစ်မီးလည်း ရနေပြီ... ဒါတွေက ရှင့်ရဲ့ ကျေးဇူး ဆိုတာကို ဘယ်သူက မသိဘဲ နေမလဲ"
"သူတို့ကို သွားမေးကြည့်လိုက်... အရင်က ဘဝမျိုးကို ဘယ်သူက ပြန်သွားချင်တော့မှာလဲ"
လင်းယွမ်က ရယ်မောလိုက်သည်။ မှန်ပေသည်။ ယခုလက်ရှိ ထိုက်ယန်တောင်က အခြားသူများ ဝင်ရောက်လာရန်အတွက် အင်အားသုံး ခြိမ်းခြောက်ရန် လုံးဝ မလိုအပ်တော့ပေ။
ကြီးမားသော ရေကြီးမှု ကပ်ဘေးကြီး၏ အစောပိုင်း ကာလကို ဖြတ်သန်းခဲ့ဖူးသူတိုင်း ထိုက်ယန်တောင် ခိုလှုံရေးစခန်း၏ သာလွန်ကောင်းမွန်သော အခြေအနေများကို မြင်တွေ့ရပါက ဝင်ရောက်ရန် ငြင်းဆန်လိမ့်မည် မဟုတ်သည်မှာ လုံးဝ သေချာပေ။
"ဒါနဲ့ ပြောရဦးမယ်... ဒီတစ်ခေါက် အပြန်မှာ မိန်တောင်က ခိုလှုံရေးစခန်းငယ်လေး တစ်ခုရဲ့ ခေါင်းဆောင်လည်း အတူ ပါလာတယ်... အခုလောက်ဆို ငါတို့ ထိုက်ယန်တောင် ခိုလှုံရေးစခန်းကို လိုက်လည်တာ တော်တော်လေး ပြီးလောက်ပြီ ထင်တယ်"
တင်းယန်က ထိုစကားကို ကြားသောအခါ မေးလိုက်သည် "ကျွန်မ သူတို့ကို နည်းနည်း ပညာပေးလိုက်ရမလား"
လင်းယွမ်က ပြုံးလိုက်သည် "မလိုပါဘူး... ငါ ပေးပြီးသွားပါပြီ... အခု သူတို့ မျက်စိမကန်းဘူး ဆိုရင် ထိုက်ယန်တောင် ခိုလှုံရေးစခန်းရဲ့ အခြေအနေကို မြင်တာနဲ့ ဘယ်လို လုပ်ရမလဲ ဆိုတာကို သိသင့်နေပါပြီ"
တင်းယန်က ပြုံးရွှင်စွာဖြင့် ပြောသည် "ဒါလည်း ဟုတ်တာပါပဲ... ဒါနဲ့ မိန်တောင်ဘက်ကို နောက်ပိုင်းမှာ ဖွံ့ဖြိုးတိုးတက်အောင် လုပ်မယ်ဆိုရင် အဲဒီဘက်ကို ဘယ်သူ့ကို သွားပြီး ကြီးကြပ်ခိုင်းဖို့ ရည်ရွယ်ထားလဲ"
လင်းယွမ်က မေးလိုက်သည် "နင့်ဆီမှာ အကြံကောင်း တစ်ခုခု ရှိလို့လား"
တင်းယန်က ပြောသည် "ကျွန်မ ထင်တာတော့ ရှင် ကိုယ်တိုင် အဲဒီမှာ တစ်ခဏလောက် သွားနေဖို့ လိုမယ် ထင်တယ်"
လင်းယွမ်က ထိုစကားကို ကြားသောအခါ မေးလိုက်သည် "ဘာဖြစ်လို့လဲ"
"နယ်မြေသစ် တစ်ခုမှာ အရာအားလုံးကို အစကနေ ပြန်စရမှာလေ... ရှင့်လို ခေါင်းဆောင် မရှိရင် ဘယ်သူမှ ယုံကြည်မှု ရှိမှာ မဟုတ်ဘူး"
"ကျွန်မတို့ရဲ့ ဒီအဖွဲ့က နေရာပြောင်းလိုက်ရင်လည်း မကြာခင်မှာ ပြန်လည် တည်ဆောက်နိုင်မှာပါ"
"ကျွန်မ အကြံကတော့ လူသစ်တွေကို မြန်မြန် ပျိုးထောင်ပြီး ထိုက်ယန်တောင်ဘက်ကို လူသစ်တွေဆီ တဖြည်းဖြည်း လွှဲပြောင်းပေးလို့ ရတယ်"
"အဲဒီနောက် ကျွန်မတို့ လူဟောင်းတွေက မိန်တောင်ကို သွားပြီး ခိုလှုံရေးစခန်း အသစ်ကို ထူထောင်ကြမယ်"
"ရှင် ပြောသလိုပဲ အဲဒီဘက်မှာ အရင်းအမြစ်တွေ ပေါများတယ်... လှေကားထစ် စိုက်ခင်းတွေလည်း ဖော်ထုတ်ပြီးသား ဆိုတော့ တကယ်တော့ ထောက်ပံ့ရေး စခန်း အဖြစ် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ ပိုသင့်တော်တယ်"
"ကျွန်မ ထင်တာတော့ အဲဒီဘက်က နောင်ပိုင်း ကျွန်မတို့ အဓိက ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမယ့် နေရာ ဖြစ်လာနိုင်တယ်"
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်လိုက်သည်။ ဤပြောဆိုချက်ကို သူက ထောက်ခံပေသည်။
ထိုက်ယန်တောင်နှင့် နှိုင်းယှဉ်ပါက အမှန်တကယ်တွင် မိန်တောင်က စိုက်ပျိုးရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် ပို၍ သင့်တော်ပေသည်။
"လူသစ်တွေကို မပျိုးထောင်ရသေးခင်မှာ ထိုက်ယန်တောင်ဘက်ကို ကျွန်မတို့က လျစ်လျူရှုထားလို့ မရတဲ့ အချက်ကို စိတ်ပူတာ" တင်းယန်က သက်ပြင်းချကာ ပြောလိုက်သည်။
လင်းယွမ်ကလည်း သက်ပြင်းချကာ ပြောသည် "လူအင်အားက အရမ်းနည်းနေသေးတာကိုး"
တင်းယန်ကလည်း အတော်လေး သဘောတူသွားပြီး ရုတ်တရက် မေးလိုက်သည် "အရင်က ရှင် ပြောတာ ငါ ကြားတယ်... ထူလုံကို ရေထဲမှာ ပိတ်မိနေတဲ့ လူတွေကို ကယ်ဆယ်ဖို့ အပြင်လွှတ်လိုက်တယ် ဆို... ဒီရက်ပိုင်း ထူလုံကို မတွေ့မိဘူး... သူ့ဆီက သတင်း မရသေးဘူးလား"
လင်းယွမ်က ထိုစကားကို ကြားသောအခါ ရက်ကို တွက်ကြည့်လိုက်ပြီး ပြောသည် "ထူလုံ အပြင်ထွက်သွားတာ (၇)ရက် (၈)ရက်လောက် ရှိနေပြီ... ခုထိ ပြန်မရောက်သေးတာ တကယ်တော့ နည်းနည်း ထူးဆန်းနေတယ်"
"ဒါပေမဲ့ လောစရာမလိုပါဘူး... သူ့ရဲ့ တက်တူးဝိညာဉ်အစွမ်းက အရမ်း ထူးခြားတယ်... ဘာပြဿနာမှ ကြီးကြီးမားမား မရှိလောက်ဘူး... နောက်ထပ် နှစ်ရက်လောက် စောင့်ကြည့်ပြီး သတင်း မရသေးဘူးဆိုရင် ငါ လီယွဲ့ကျင်းကို ခေါ်ပြီး အပြင်ထွက်ရှာကြည့်မယ်"
လီယွဲ့ကျင်းက ထူလုံ၏ ခန္ဓာကိုယ်ပေါ်တွင် အစောကြီးကတည်းက စိတ်ဝိညာဉ်အမှတ်အသား ချန်ထားခဲ့ပြီး ဖြစ်သည်။ ထူလုံ၏ အငွေ့အသက်က သတ်မှတ်ထားသော အကွာအဝေး တစ်ခုအတွင်း ချဉ်းကပ်လာသည်နှင့် သူ ချန်ထားခဲ့သော စိတ်ဝိညာဉ်အမှတ်အသားကို သူ ရှင်းလင်းစွာ အာရုံခံနိုင်ပေသည်။
ထူလုံကို အပြင်ထွက်ရှာမည် ဆိုပါက လီယွဲ့ကျင်းကို သေချာပေါက် ခေါ်သွားရမည် ဖြစ်သည်။
တင်းယန်က ခေါင်းညိတ်လိုက်ပြီး သူတို့နှစ်ဦးက ရေပေါ်တံတား တည်ဆောက်ရေး ပြဿနာများကို ထပ်မံ၍ အသေးစိတ် ဆွေးနွေးလိုက်ကြသည်။
လင်းယွမ်တွင် အမှန်တကယ်ပင် အစီအစဉ်များ ကြိုတင် ရှိနေပြီ ဖြစ်သည်ကို တင်းယန် မြင်တွေ့ရမှသာ စိတ်အေးသွားပြီး သူ၏ ရင်ခွင်ထဲတွင် ပင်ပန်းနွမ်းနယ်စွာ အိပ်ပျော်သွားခဲ့သည်။
...
"ဝုန်း... ဝုန်း..."
လှိုင်းတံပိုးများ အကြားတွင် ထူလုံက စုတ်ပြတ်နေသော သစ်သားပြား တစ်ခုပေါ်၌ လှဲလျောင်းနေပြီး ဖြူရော်နေသော မျက်နှာဖြင့် သူ၏ ခန္ဓာကိုယ်ပေါ်တွင် ကြီးမားသော ပွန်းပဲ့ဒဏ်ရာများနှင့် မီးလောင်ဒဏ်ရာများ စသည်တို့ ရှိနေသည်။
အထိတ်လန့်ဆုံး အရာမှာ သူ၏ ရင်ဘတ်ရှိ ထိုးဖောက်ဝင်ရောက်သွားသော ဒဏ်ရာပင် ဖြစ်ပြီး ယခုအချိန်အထိ သွေးများ အဆက်မပြတ် ယိုစိမ့်ထွက်နေဆဲ ဖြစ်သည်။
သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုဖြင့်ပင် တောင့်ခံထားနိုင်စွမ်း မရှိတော့ပေ။
သူ၏ အနီးတွင်မူ အသက်နှစ်ဆယ်ကျော်အရွယ် မိန်းကလေး တစ်ဦး ရှိနေပြီး ယခုအချိန်တွင် ကြောက်လန့်တကြားဖြင့် သူ၏ ဒဏ်ရာမှ သွေးများကို အတင်းအကြပ် သုတ်ပေးနေသော်လည်း မည်သို့မျှ သုတ်၍ မရနိုင်ဘဲ သွေးမတိတ်နိုင် ဖြစ်နေသည်။
သူမ၏ မျက်ရည်များ အဆက်မပြတ် ကျဆင်းနေပြီး ငိုကြွေးကာ ပြောသည် "အစ်ကိုကြီးထူလုံ... မသေပါနဲ့နော်... တောင်းပန်ပါတယ်... မသေပါနဲ့... အီးဟီး... အစ်ကို သေသွားရင် ညီမလေး ဘယ်လို လုပ်ရမလဲ... ညီမလေးကို တစ်ယောက်တည်း ထားမသွားပါနဲ့... အီးဟီး..."
သစ်သားပြားပေါ်တွင် လှဲလျောင်းနေသော ထူလုံက ဤငိုသံကို ကြားသောအခါ အလွန် ခဲယဉ်းစွာဖြင့် မျက်လုံးများကို ဖွင့်လိုက်သည်။
သူ၏ မျက်စိရှေ့တွင် အနည်းငယ် ဝေဝါးနေပြီး သူ ပါးစပ်ဟလိုက်သည်နှင့် ချက်ချင်းပင် သွေးခဲကြီး တစ်ခုကို ချောင်းဆိုးကာ ထွေးထုတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ပြင်းထန်သော ချောင်းဆိုးမှုကြောင့် ဒဏ်ရာကို ချက်ချင်း ပြန်ကွဲသွားစေပြီး ဒဏ်ရာမှ သွေးများ နောက်တစ်ကြိမ် ထပ်မံ စိမ့်ထွက်လာခဲ့သည်။
သွေးများ စီးဆင်းမှု မြန်ဆန်လွန်းသဖြင့် သစ်သားပြားထဲသို့ စိမ့်ဝင်သွားပြီး ရေကြီးနေသော ရေပြင်ထဲသို့ တစ်စက်စက် ကျဆင်းသွားခဲ့သည်။
ထူလုံက ခက်ခဲစွာဖြင့် စကားစလိုက်သည် "ကောင်မလေး... မငို... မငိုနဲ့တော့... မြန်မြန်... မြန်မြန် သွားရအောင်... သွေးတွေ... သွေးတွေ ရေထဲ မကျစေနဲ့... ရေထဲက သန္ဓေပြောင်း မိစ္ဆာတွေကို ဆွဲဆောင်မိလိမ့်မယ်"
ဝမ်ရှောင်ယာက ထိုစကားကို ကြားသောအခါ အလျင်အမြန်ပင် သူမ၏ လက်နှစ်ဖက်ကို ရေထဲသို့ ဖိချလိုက်ရာ ချက်ချင်းပင် ကြီးမားသော ရေလှိုင်းများ ဆူပွက်လာခဲ့သည်။
ရေစီးကြောင်းက သူတို့အောက်ရှိ သစ်သားပြားကို အလျင်အမြန် တွန်းပို့လိုက်ပြီး အဝေးဆီသို့ အလွန် လျင်မြန်သော အလျင်ဖြင့် ပြေးထွက်သွားခဲ့သည်။
သူမက ရေဓာတ် အစွမ်းပိုင်ရှင် တစ်ဦး ဖြစ်နေသည်။
သစ်သားပြားက အတော်လေး ဝေးသော နေရာအထိ ခရီးနှင်ပြီးနောက် ထူလုံ၏ ဒဏ်ရာမှာ တစ်ကျော့ပြန် သွေးတိတ်သွားခဲ့သော်လည်း သွေးများက အပြင်သို့ စိမ့်ထွက်နေဆဲ ဖြစ်သည်။
သူ အံကြိတ်ကာ ရင်ခွင်ထဲမှ တစ်ပတ်လှည့် ရှာဖွေလိုက်ရာ နောက်ဆုံးတွင် ရေသန့် ထည့်ထားသော ပုလင်းငယ်လေး တစ်လုံးကို ရှာတွေ့သွားခဲ့သည်။
ထို့နောက် သူက ခက်ခဲစွာဖြင့် ပြောလိုက်သည် "ကောင်မလေး... ငါ့ကို ဖွင့်ပေးပါဦး"
ဝမ်ရှောင်ယာက အလျင်အမြန်ပင် ရေစီးကြောင်းကို ထိန်းချုပ်နေခြင်းကို ရပ်တန့်လိုက်ပြီး ပုလင်းအဖုံးကို အမြန် ဖွင့်ကာ ပုလင်းဝကို ထူလုံ၏ ပါးစပ်နားသို့ တေ့ပေးလိုက်သည်။
ထူလုံက ဂလု ဂလု မြည်အောင် အငုံကြီး အနည်းငယ် သောက်လိုက်သည်။
ထိုရေများကို သောက်လိုက်သည်နှင့် သူ၏ မျက်နှာသွေးရောင်မှာ မျက်စိဖြင့် မြင်တွေ့နိုင်လောက်အောင် အနည်းငယ် ပြန်လည် ရွှန်းစိုလာခဲ့သည်။
သူ၏ ရင်ဘတ်မှ ဒဏ်ရာကလည်း ထိုအချိန်တွင် တဖြည်းဖြည်း အနာကျက်လာပြီး သွေးများလည်း ဖြည်းညင်းစွာ ခဲသွားကာ အပြင်သို့ ဆက်လက် စီးကျခြင်း မရှိတော့ပေ။
ခေတ္တမျှ အနားယူပြီးနောက် ထူလုံက နောက်ထပ် နှစ်ငုံ သောက်လိုက်ပြီးမှသာ ပုလင်းအဖုံးကို သတိတရဖြင့် သေချာ ပိတ်ကာ ထိုရေပုလင်းကို ရင်ခွင်ထဲသို့ ပြန်သိမ်းလိုက်သည်။
ဝမ်ရှောင်ယာက မျက်လုံးများ နီရဲလျက် ဤမြင်ကွင်းကို မြင်သောအခါ မျက်နှာပေါ်တွင် အံ့ဩဝမ်းသာသော အမူအရာများ ထွက်ပေါ်လာခဲ့သည်။
"အစ်ကိုကြီးထူလုံ... အစ်ကို ဘာမှမဖြစ်တော့ဘူးလား"
ထူလုံက သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး ပြောသည် "ဒီတစ်ခေါက် ဒဏ်ရာက နည်းနည်း ပြင်းတယ်... ငါ့ကိုယ်ငါ အားကိုးမယ် ဆိုရင်တော့ အဲဒီလောက် အလွယ်တကူ ပြန်ကောင်းဖို့ မလွယ်ဘူး... ကံကောင်းလို့ အာဟာရဖြည့်ရည် တစ်ပုလင်း ယူလာခဲ့လို့ပေါ့"
ဝမ်ရှောင်ယာက ကြောင်အသွားသည် "အာဟာရဖြည့်ရည်... အစ်ကို ပြောတာ အဲဒီ ရေပုလင်းကို ပြောတာလား"
ထူလုံက ခေါင်းအနည်းငယ် ညိတ်လိုက်သည် "အင်း... ငါတို့ ခိုလှုံရေးစခန်းက ဆေးဆရာ သုတေသန လုပ်ပြီး ထုတ်ထားတာ... အရင်က ငါစားခဲ့တဲ့ ဒဏ်ရာကို ကုသပေးနိုင်တဲ့ အစားအစာတွေနဲ့ အတူတူလောက်ပါပဲ"
ဝမ်ရှောင်ယာက ချက်ချင်း ဝမ်းသာသွားသည် "ဒါဆို အစ်ကို အကုန်သောက်လိုက်ရင် ပြန်ကောင်းသွားပြီ မဟုတ်ဘူးလား"
ထူလုံက ခေါင်းအနည်းငယ် ခါယမ်းလိုက်သည် "အဲဒီလောက် မလွယ်ဘူး... ဒီတစ်ခေါက် ဒဏ်ရာရတာ အရမ်းပြင်းတယ်... ငါက စားစရာတွေ အားလုံးကို အသုံးပြုခဲ့ရုံတင်မဟုတ်ဘူး အခု အာဟာရဖြည့်ရည်ပါ ကုန်တော့မယ်... လောလောဆယ် ထိုက်ယန်တောင်ကို မရောက်သေးတော့ အကုန် သောက်လိုက်လို့ မရသေးဘူး... အရေးပေါ် အခြေအနေ အတွက် နည်းနည်း ချန်ထားရဦးမယ်"
သူက ကိုယ့်ကိုယ်ကိုယ် တစ်ကိုယ်လုံးရှိ ဒဏ်ရာများကို ကြည့်လိုက်ရာ အဆိုးရွားဆုံးမှာ ရင်ဘတ်မှ ထိုးဖောက်ဝင်ရောက်သွားသော ဒဏ်ရာသာ ဖြစ်သည်။
ဒုတိယ အဆိုးရွားဆုံးမှာ ကြီးမားသော မီးလောင်ဒဏ်ရာများ ဖြစ်သည်။
ဤဒဏ်ရာများကို မြင်သောအခါ သူ၏ ဦးနှောက်ထဲတွင် ထိုသင်္ဘောပေါ်မှ တိရစ္ဆာန်ကောင်များ အကြောင်း ပေါ်လာခဲ့သည်။
အထူးသဖြင့် တစ်ကိုယ်လုံး မီးတောက်များ လွှမ်းခြုံနေပြီး မီးဖီးနစ်ငှက် အဖြစ်သို့ပင် ပြောင်းလဲနိုင်သည့် အမျိုးသား ဖြစ်သည်။
သူက သတ္တုတွင်းနယ်မြေ၏ အရင်က ခေါင်းဆောင် ဖြစ်ခဲ့ဖူးသော ထျန်ဝေကို အလိုအလျောက် သတိရသွားခဲ့သည်။
အစောပိုင်းက ထျန်ဝေသည်လည်း ကြောက်မက်ဖွယ်ကောင်းသော မီးတောက်များဖြင့် ပြည့်နှက်နေပြီး ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်ကာ သတ္တုတွင်းနယ်မြေကို ကြီးစိုးထားခဲ့သည်။ သူ ဖြစ်စေ၊ လီယွဲ့ဖုန်း သို့မဟုတ် ဝူမုန့် ဖြစ်စေ တစ်ဖက်လူကို မည်သို့မျှ မတတ်နိုင်ခဲ့ကြပေ။
"အစ်ကိုကြီးထူလုံ... ညီမတို့ ထိုက်ယန်တောင်ကို ရောက်ရင် တကယ်ပဲ လုံခြုံသွားမှာလား... ဖီးနစ်သင်္ဘောက လူတွေ ထိုက်ယန်တောင် အထိ လိုက်သတ်မှာလား" ဝမ်ရှောင်ယာက ကြောက်ရွံ့နေသော အမူအရာဖြင့် မေးလိုက်ပြီး ဖီးနစ်သင်္ဘော အကြောင်း ပြောလိုက်သည့် အချိန်တွင် သူမ၏ ခန္ဓာကိုယ်က သိသိသာသာ တုန်ယင်သွားခဲ့သည်။
ထူလုံက ချက်ချင်းပင် အေးစက်စက် အပြုံးတစ်ခု ထွက်ပေါ်လာပြီး ပြောလိုက်သည် "သူတို့သာ ထိုက်ယန်တောင်ကို တကယ် လိုက်လာရဲရင်တော့ အရမ်း ကောင်းတာပေါ့"
"ဟင်..." ဝမ်ရှောင်ယာက ထူလုံကို အံ့ဩတကြီး ကြည့်လိုက်သည်။
ထူလုံက သူမကို တစ်ချက် ကြည့်ကာ ပြုံးလိုက်ပြီး ပြောသည် "ထိုက်ယန်တောင်မှာ သာမန်မဟုတ်တဲ့ လူတစ်ယောက် ရှိတယ်... သူ ရှိနေရင် ဖီးနစ်သင်္ဘောက လူတွေ သွားလို့ကတော့ အဆုံးသတ် တစ်ခုပဲ ရှိမယ်"
"ဘယ်လို အဆုံးသတ်မျိုးလဲ" ဝမ်ရှောင်ယာက အလိုအလျောက် မေးလိုက်သည်။
"ဟက်ဟက်... သေရတာတောင် သက်သာသေးတယ်လို့ မှတ်ရလိမ့်မယ်"
သူ၏ ဦးနှောက်ထဲတွင် လင်းယွမ်၏ မျက်နှာက ဖြတ်ပြေးသွားပြီး ကိုးဝူမျှော်စင်ရှိ တိုက်ပွဲကို သတိရသွားခဲ့သည်။
ယနေ့တိုင်အောင် ထိုအမျိုးသား၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို သူ မေ့ဖျောက်ရန် ခက်ခဲနေဆဲ ဖြစ်သည်။
အလျင်၊ ခွန်အား၊ ကာကွယ်မှု၊ ပြန်လည်ကုသနိုင်စွမ်း မှသည် စိတ်စွမ်းအင် အထိ မည်သည့်အရာကိုမဆို ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော ပြိုင်ဘက်မျိုးကို သူ တစ်ခါမှ မမြင်ဖူးခဲ့ပေ။
ဖီးနစ်သင်္ဘောပေါ်မှ လူများက အလွန် အစွမ်းထက်ကြသော်လည်း ဤလူများက လင်းယွမ်ကို မည်သည့် ခြိမ်းခြောက်မှုမျှ ပေးနိုင်မည်ဟု သူ မထင်ပေ။
ဝမ်ရှောင်ယာက ထိုစကားကို ကြားသောအခါ မျက်လုံးများထဲတွင် စပ်စုလိုသော အမူအရာများ ထွက်ပေါ်လာခဲ့သည်။
အစ်ကိုကြီးထူလုံ ပြောပြနေသော ထိုလူနှင့် ပတ်သက်၍ သူမ အနည်းငယ် စပ်စုလိုစိတ် ဖြစ်ပေါ်လာသည်။
"ပေါ်"
ရုတ်တရက် အဝေးမှ ဩရှရှ ဥဩဆွဲသံ တစ်ခု ထွက်ပေါ်လာခဲ့သည်။
ဤအသံကို ကြားသောအခါ ဝမ်ရှောင်ယာနှင့် ထူလုံတို့က ချက်ချင်း မျက်နှာပျက်သွားကြသည်။
ထူလုံက အလျင်အမြန် ပြောလိုက်သည် "ဒုက္ခပဲ... သူတို့ လိုက်လာပြီ... မြန်မြန်... မြန်မြန် သွားရအောင်"
ဝမ်ရှောင်ယာက အလျင်အမြန်ပင် သူမ၏ အစွမ်းကို လှုံ့ဆော်ကာ ရေစီးကြောင်းကို ထိန်းချုပ်ပြီး သစ်သားပြားကို တွန်းပို့လိုက်သည်။
"ဝှစ်"
သူတို့နှစ်ဦးက ရေလှိုင်းများကို လျင်မြန်စွာ ခွဲထွက်ကာ အလွန် လျင်မြန်သော အလျင်ဖြင့် ရှေ့သို့ ချီတက်သွားကြသည်။
မကြာမီ သူတို့ရှေ့တွင် ရေမြုပ်နေသော လူနေရပ်ကွက် အဆောက်အအုံ အစုအဝေး တစ်ခု ပေါ်လာခဲ့သည်။
ဤမြင်ကွင်းကို မြင်သောအခါ ဝမ်ရှောင်ယာက ဝမ်းသာသွားပြီး အလျင်အမြန် ပြောလိုက်သည် "ညီမတို့ အဲ့ဒီအိမ်ရာထဲကို သွားကြမယ်... ဖီးနစ်သင်္ဘောရဲ့ ကိုယ်ထည်က ကြီးတော့ ရပ်ကွက်ထဲကို ဝင်လို့ မရဘူး"
ထူလုံက ပြောလိုက်သည် "ကောင်းပြီ... ဒီအဆောက်အအုံတွေထဲ အရင် ပုန်းနေကြမယ်... ငါ့ ဒဏ်ရာတွေ ပျောက်သွားရင် သူတို့ ငါ့ကို တားနိုင်မှာ မဟုတ်တော့ဘူး"
"အင်း အင်း"
သူတို့နှစ်ဦးက ဟိုဘက်ရှိ လူနေရပ်ကွက် အဆောက်အအုံများဆီသို့ သစ်သားပြားကို အလျင်အမြန် လှော်ခတ်သွားကြသည်။
သူတို့နှစ်ဦးက သစ်သားပြားကို လျင်မြန်စွာ လှော်ခတ်ကာ ထိုလူနေရပ်ကွက် အဆောက်အအုံများဆီသို့ အလျင်အမြန် ချဉ်းကပ်သွားချိန်တွင် အဝေးရှိ ရေပြင်ပေါ်၌ ကုန်တင်သင်္ဘောကြီး တစ်စင်းက လေနှင့် လှိုင်းများကို ခွဲထွက်ကာ ဖြည်းညင်းစွာ ရှေ့သို့ တိုးလာနေသည်။
၎င်းက သံမဏိ သားရဲကြီး တစ်ကောင် အလား သံချေးတက်နေသော်လည်း ကြောက်မက်ဖွယ်ကောင်းပြီး ရက်စက်ကြမ်းကြုတ်သည့် အသွင်အပြင် ရှိနေဆဲ ဖြစ်သည်။
ချွန်ထက်နေသော သင်္ဘောဦးပိုင်းက ပုဆိန် တစ်လက် အလား ရေလှိုင်းများကို ခွဲထုတ်ကာ ဤအဆောက်အအုံ အစုအဝေးဆီသို့ ချဉ်းကပ်လာနေသည်။
သင်္ဘောဦးပိုင်း ကုန်းပတ်ပေါ်တွင် သစ်သားဖြင့် ပြုလုပ်ထားသော ကင်းစင် တစ်ခုကို တည်ဆောက်ထားသည်။
ကင်းစင် အတွင်းတွင် အနီရောင် တီရှပ် ဝတ်ဆင်ထားသော လူငယ် တစ်ဦးက လက်ထဲတွင် မှန်ပြောင်းကို ကိုင်ကာ ဤရေကြီးနေသော နယ်မြေကို ကြည့်နေသည်။
သူ၏ ဘေးတွင် အစွမ်းပိုင်ရှင် အနည်းငယ်လည်း ရပ်နေကြသည်။
ထိုအထဲမှ တစ်ဦး၏ ခန္ဓာကိုယ် အရွယ်အစားက မမြင့်မားသော်လည်း သူ၏ အမူအရာက တည်ငြိမ်နေပြီး သူ၏ ခန္ဓာကိုယ်တွင် အနည်းငယ် လွတ်လပ်ပေါ့ပါးသော အငွေ့အသက်များ ပါရှိနေသည်။
သူ၏ ဘေးရှိ လူအနည်းငယ်၏ ရပ်တည်ချက်ကို ကြည့်ရလျှင် သူ၏ အဆင့်အတန်းက မနိမ့်ကျလှကြောင်း သိသာသည်။
သူက စကားပြောလိုက်သည်ကို ကြားလိုက်ရသည် "အစ်ကိုဟော်... အဲဒီ နှစ်ယောက်က ဟိုဘက် အဆောက်အအုံတွေဆီကို သွားတာလား"
အနီရောင် တီရှပ်နှင့် လူငယ်က လက်ထဲမှ မှန်ပြောင်းကို ချလိုက်ပြီး အေးစက်စက် အပြုံးတစ်ခု ထွက်ပေါ်လာသည် "အင်း... ကြည့်ရတာ ဉာဏ်များတဲ့ ကြွက်ပေါက်လေး နှစ်ကောင်ပဲ... ငါတို့ သင်္ဘောက ရပ်ကွက်ထဲ ဝင်လို့ မရဘူး ဆိုတာကို သူတို့ သိတယ်"
"လီချင်းဟွာ... မင်းလူတွေကို ဖုန်းလိန် နောက်ကို လိုက်ခိုင်းပြီး ဒီအဆောက်အအုံတွေကို တစ်လုံးချင်းစီ ဝင်မွှေဖို့ ပြင်ခိုင်းလိုက်"
"မင်းလည်း ပြင်ဆင်ထား... ဒီအဆောက်အအုံတွေထဲမှာ ထောက်ပံ့ရေး ပစ္စည်းတချို့ ရှိလောက်သေးတယ်... အချိန်ကျရင် မင်းက သိမ်းဆည်းပေးဖို့ လိုတယ်"
လီချင်းဟွာက ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး ပြောသည် "ပစ္စည်းတွေ သိမ်းဆည်းရမယ့် ကိစ္စကို ငါ့ဆီ လွှဲထားလိုက်"
ထိုသို့ ပြောပြီးနောက် သူက ခေါင်းလှည့်ကာ ဘေးရှိ အမျိုးသား တစ်ဦးကို ကြည့်ပြီး ပြောလိုက်သည် "အစ်ကိုကျိုး... ခင်ဗျား လူတချို့ ခေါ်ပြီး ဖုန်းလိန်နဲ့ အတူ သွားလိုက်ပါ"
အစ်ကိုကျိုးက အစ်ကိုဟော်၏ အနောက်တွင် ရှိနေသော ဖုန်းလိန် ဆိုသည့် လူငယ်ကို တစ်ချက် ကြည့်လိုက်သည်။
ထိုလူငယ်က သူ့ကို သွားဖြဲပြလိုက်ပြီး ဟီးဟီးဟားဟား ရယ်မောကာ ပြောသည် "အစ်ကိုကျိုး... ခဏနေရင် ကျွန်တော့်ကို သေချာ ဂရုစိုက်ပေးဖို့ အပူကပ်ရဦးမယ်"
ကျိုးချင်းမင်၏ မျက်လုံးများထဲတွင် ရွံရှာသော အမူအရာ တစ်ခု ဖြတ်ပြေးသွားသော်လည်း ခေါင်းညိတ်ရုံသာ ညိတ်ပြလိုက်ပြီး လှည့်ထွက်ကာ လူစတင် ရွေးချယ်လေသည်။
ဖုန်းလိန်ကလည်း ဂရုမစိုက်ဘဲ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး လူခေါ်ကာ စတင် ပြင်ဆင်လေသည်။
အစ်ကိုဟော်က ဤမြင်ကွင်းကို ကြည့်နေသော်လည်း သိပ်ပြီး ဂရုမစိုက်ပေ။
သူက လက်ထဲမှ မီးတောက်လို နီရဲနေသော စွမ်းအင်ကျောက်တုံး တစ်တုံးကို ညင်သာစွာ ဆော့ကစားနေပြီး မျက်လုံးများထဲတွင် စူးရှသော အလင်းရောင် တစ်ချက် လက်သွားကာ ဘေးရှိ လူငယ် တစ်ဦးကို လှည့်မေးလိုက်သည် "ဖုန်းဖေးယွီ... အရင်တစ်ခေါက် မင်း ပြောတဲ့ မိန်တောင်ပေါ်က လူတွေဆီက သတင်း ရပြီလား"
ဖုန်းဖေးယွီက အလျင်အမြန် ပြောလိုက်သည် "အစ်ကိုဟော်... ကျွန်တော့်ရဲ့ သဝဏ်လွှာ ခိုလေး ပြန်ရောက်လာပြီ... အဲဒီလူတွေ စာထဲမှာ ပြောတာကတော့ မိန်တောင်ပေါ်မှာ အရင်းအမြစ်တွေ ပေါများတယ်တဲ့... စိုက်ပျိုးရေး သီးနှံတွေ အများကြီး ရှိတဲ့အပြင် စားလို့ရတဲ့ ဟင်းသီးဟင်းရွက်တွေလည်း အများကြီး ရှိတယ်တဲ့"
"အဲဒီလူတွေ ပြောပြချက် အရဆိုရင် အဲဒီနေရာက ခိုလှုံရေးစခန်း တည်ဆောက်ဖို့ အရမ်း သင့်တော်တဲ့ နေရာကောင်း တစ်ခုပဲလို့ ကျွန်တော် ခံစားရတယ်"
အစ်ကိုဟော်က ထိုစကားကို ကြားသောအခါ ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး ပြောသည် "အရမ်းကောင်းတယ်... ဒါဆို ငါတို့ နောက်တစ်မှတ်တိုင်ကို မိန်တောင်ကို သွားကြမယ်"
"လီချင်းဟွာ... မင်းကရော ဘယ်လို ထင်လဲ" အစ်ကိုဟော်က လီချင်းဟွာကို ခေါင်းလှည့်ကာ မေးလိုက်သည်။
လီချင်းဟွာက ပြုံးလိုက်သည် "ငါ အစောကြီးကတည်းက ပြောပြီးသားလေ... ငါတို့တွေ ရေပေါ်မှာ အမြဲတမ်း မျောပါနေဖို့ မဖြစ်နိုင်ဘူးလို့"
"ဒီကုန်တင်သင်္ဘောက တကယ် မဆိုးပါဘူး... ဒါပေမဲ့ ငါတို့မှာ လောင်စာ မလုံလောက်တော့ဘူး... လောင်စာ ကုန်သွားတာနဲ့ တစ်ပြိုင်နက် ကုန်တင်သင်္ဘောက လုံးဝ ရပ်တန့်သွားလိမ့်မယ်... အဲဒီနောက်မှာ ရေစီးကြောင်း အတိုင်း မျောပါသွားရုံကလွဲပြီး ဘာမှ လုပ်လို့ ရမှာ မဟုတ်ဘူး"
"တောင်မြင့် ကုန်းမြေတွေကမှ ငါတို့ ရပ်တန့်ပြီး အခြေချဖို့ တကယ် လုပ်နိုင်မယ့် နေရာတွေပဲ"
"မြင့်မားတဲ့ နေရာတစ်ခုကို သိမ်းပိုက်နိုင်တာနဲ့ ငါတို့ စိုက်ခင်းတွေ ဖော်ထုတ်ပြီး စိုက်ပျိုးရေး သီးနှံတွေ စိုက်ပျိုးနိုင်မယ်... အဲဒီအခါ ကိုယ့်ဘာသာ ဖူလုံအောင် လုပ်နိုင်ပြီမို့ အစားအစာ အတွက် နေရာအနှံ့ လိုက်ပြီး ပင်ပန်းခံနေစရာ မလိုတော့ဘူး"
"အဓိကက အစ်ကိုဟော် လက်ထဲက မီးကျောက်တုံးပဲ... ဒီအရာက အရမ်း အရေးကြီးတယ်"
"လောင်စာဆီ အစားထိုး အနေနဲ့တောင် လောင်စာအဖြစ် အသုံးပြုလို့ ရတယ်"
"ဖုန်းဖေးယွီ ရလာတဲ့ သတင်း အတိုင်းသာ တကယ် မှန်တယ်ဆိုရင်... မိန်တောင်ပေါ်မှာ ဒီလို မီးကျောက်တုံးတွေ အများကြီး ရှိနေတယ်ဆိုရင်... အဲဒီနေရာကို ငါတို့ မဖြစ်မနေ သိမ်းပိုက်ရမယ်"
အစ်ကိုဟော်က ထိုစကားကို ကြားသောအခါ ရယ်မောလိုက်ပြီး ပြောသည် "ပြောတာ ကောင်းတယ်"
"ဒီသင်္ဘောက ဘာပဲဖြစ်ဖြစ် အရမ်း စုတ်ပြတ်နေပြီ... အနှေးနဲ့အမြန် ဆွေးမြည့် သံချေးတက်သွားမှာကို စိုးရိမ်ရတယ်... စောစောစီးစီး ကုန်းမြေ တစ်ခု ရှာပြီး ကုန်းပေါ်တက်တာ ပိုကောင်းတယ်"
"အစ်ကိုဟော်ရဲ့ အမြင်က သိပ်မြင့်မားတာပဲ"
"အစ်ကိုဟော် အမြင်ကျယ်လို့ပေါ့... ဒီကုန်တင်သင်္ဘောကြီးကို စောစောစီးစီး လုယူနိုင်ခဲ့တာ"
"ခွေးမသားတွေ... အရင်တုန်းက လင်ကျောင်းတက္ကသိုလ်မှာ ကုန်တင်သင်္ဘောတွေ အများကြီး ရှိခဲ့တာ... အဲဒီ ခွေးမတွေသာ မရှိခဲ့ရင် ငါတို့ အသစ်ဆုံး သင်္ဘောကို လုနိုင်ခဲ့မှာ"
"ဘုရင်မသင်္ဘောပေါ်က မိန်းမတွေ အကြောင်း ပြောရရင်တော့ တကယ်ကို သွားရည်ကျစရာ ကောင်းတာကွာ"
"သောက်ကျိုးနည်း... ငါ့ တစ်သက်မှာ ဘုရင်မသင်္ဘောပေါ်ကိုသာ တက်သတ်နိုင်မယ်ဆိုရင် အဲဒီ ခွေးမတွေ အားလုံးကို စိတ်ကြိုက် ကစားပစ်မယ်"
...
လူတိုင်းက ခေါင်းအသီးသီး ညိတ်လိုက်ကြပြီး အစ်ကိုဟော်ကို မြှောက်ပင့်ပေးနေကြကာ တစ်ချိန်တည်းမှာပင် လင်ကျောင်းတက္ကသိုလ်တွင် သင်္ဘောကို လုယူခဲ့သော ပြိုင်ဘက်များကိုပါ ဆဲရေးတိုင်းထွာ နေကြသည်။
အစ်ကိုဟော်က "ဘုရင်မသင်္ဘော" ဆိုသည့် စကားလုံးကို ကြားသောအခါ မျက်နှာက ချက်ချင်း အနည်းငယ် မှုန်ကုပ်သွားပြီး သူ၏ လက်ခုံပေါ်မှ ထိုးဖောက်ဝင်ရောက်သွားသော ဒဏ်ရာကို အလိုအလျောက် တစ်ချက် ကြည့်လိုက်သည်။
သူ၏ ဦးနှောက်ထဲတွင် လန်ယွဲ့ဟွာ ဟုခေါ်သော မိန်းမ၏ မျက်နှာက ဖြတ်ပြေးသွားခဲ့သည်။
ဤဒဏ်ရာက တစ်ဖက်လူ ချန်ထားရစ်ခဲ့ခြင်းပင် ဖြစ်သည်။
သူ၏ မျက်လုံးများထဲတွင် နက်ရှိုင်းသော မုန်းတီးမှုများ ထွက်ပေါ်လာခဲ့သည်။
အစွမ်း နိုးထလာပြီးနောက်ပိုင်း သူက ကြီးမားသော အရှုံး နှစ်ကြိမ်သာ ကြုံတွေ့ခဲ့ဖူးသည်။
တစ်ကြိမ်က ရပ်ကွက်တစ်ခုတည်းက ခွေးကောင် တစ်ကောင်၏ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။ တစ်ဖက်လူ၏ ခွန်အားက အံ့မခန်း ဖြစ်ရုံသာမက စိတ်စွမ်းအင်ကိုပါ ကျွမ်းကျင်ပြီး ကျောဘက်မှ လင်းနို့တောင်ပံနှင့် တူသော တြိဂံပုံ ကျောကြွက်သားများပင် ပေါက်လာကာ အကွာအဝေး တိုတိုအတွင်း လျှောတိုက် ပျံသန်းနိုင်သေးသည်။
ထိုတစ်ကြိမ်က အဆောက်အအုံထဲတွင် ပုန်းအောင်းနေခြင်းကလည်း မလုံခြုံကြောင်း သူ့ကို သဘောပေါက်သွားစေခဲ့သည်။
နောက်ပိုင်းတွင် ထိုလူက လူတစ်စုကို ခေါ်ကာ သစ်သားဖောင် စီးပြီး မိန်တုဥယျာဉ် မှ ထွက်ခွာသွားသည်ကို သူ မြင်တွေ့ခဲ့ရသည်။
ထိုလူ ထွက်ခွာသွားသော မြင်ကွင်းကပင် အဆောက်အအုံထဲတွင် ပိတ်မိမနေနိုင်ကြောင်း သူ့ကို ဆုံးဖြတ်ချက် ချရန် လှုံ့ဆော်ပေးခဲ့ခြင်း ဖြစ်သည်။
နောက်ပိုင်းတွင် ဘေးအိမ်မှ မိန်းမတစ်စုကလည်း သစ်သားဖောင်များ ပြုလုပ်ကာ လူနေရပ်ကွက်ထဲမှ ထွက်ခွာသွားကြသည်ကို သူ တွေ့လိုက်ရသည်။
သူက ဤတစ်ကြိမ်တွင် ပြတ်ပြတ်သားသားပင် နောက်မှ လိုက်သွားခဲ့ပြီး တစ်ဖက်လူ၏ နောက်သို့ တစ်လျှောက်လုံး လိုက်ပါလာရာ လင်ကျောင်းတက္ကသိုလ် အနီးသို့ ရောက်ရှိလာပြီး ဤသင်္ဘောကြီးများကို ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်က ၎င်းတို့အနက်မှ သင်္ဘောနှစ်စင်းတွင် လူများ ရှိနေနှင့်ပြီး ဖြစ်ကာ ကျောင်းအိပ်ကျောင်းစား တက္ကသိုလ်ကျောင်းသားများနှင့် ဆရာတချို့က ထိုသင်္ဘောများကို သိမ်းပိုက်ထားခဲ့ကြသည်။
သူတို့ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ချက်ချင်းပင် ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။
ရှုပ်ထွေးနေမှုများ အကြားတွင် ထိုမိန်းမတစ်စုက (၅၀) ရာခိုင်နှုန်းခန့် သစ်လွင်သော သင်္ဘောတစ်စင်းကို လုယူနိုင်ခဲ့ကြသည်။
သူ၏ လူများကမူ သံချေးတက်နေသော သင်္ဘောတစ်စင်းကိုသာ လုယူနိုင်ခဲ့ကြသည်။
၎င်းမှာ ယခု သူ၏ ခြေအောက်တွင် ရှိနေသော ဖီးနစ်သင်္ဘောပင် ဖြစ်လေသည်။
ဆက်ရန်...