← Chapters

အခန်း (၂၉၁-၂၉၂)

Vol. 15 Ch. 291-292

အခန်း (၂၉၁-၂၉၂)

Vol. 15 Ch. 291-292

အပိုင်း(၂၉၁) တားမြစ်နယ်မြေကို ရှင်းလင်းခြင်းနှင့် ရေပေါ်တံတား တည်ဆောက်ခြင်း

နောက်တစ်နေ့ နံနက်ခင်းတွင် လင်းယွမ်က ဆုန့်ဝမ်၏ နူးညံ့အိစက်သော ရင်ခွင်ထဲမှ နိုးထလာခဲ့သည်။

သူက လက်ကို ဖြည်းညှင်းစွာ ရုပ်လိုက်ပြီး ဆုန့်ဝမ်ကို အကြင်နာပေးကာ အသံမမြည်စေဘဲ ထလိုက်၏။

ဧည့်ခန်းထဲရှိ စားပွဲပေါ်တွင် နံနက်စာများ ပြင်ဆင်ထားပြီးဖြစ်ကာ မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသော ရန်မေက နောက်ဆုံးဟင်းပွဲကို ယူဆောင်လာသည်။

သူမက ဟင်းပွဲကို ချလိုက်ပြီး ခါးစည်းကို ဖြုတ်ရင်း ပြောလိုက်သည် "မောင်လေး... နင်တို့ အရင်စားနှင့်ကြ... အဖေ့ဆီ အမ သွားကြည့်လိုက်ဦးမယ်... သူ ခိုလှုံရေးစခန်းကို ရောက်တာ မကြာသေးတော့ အသားမကျသေးမှာ စိုးလို့"

ရန်ရုံဝေ အနေရခက်မည်ကို စိုးရိမ်သဖြင့် ရန်မေက သူ့ကို အိမ်တွင် အတူနေရန် စီစဉ်မပေးခဲ့ဘဲ နေရောင်ခြည်ဇုန်ဘက်တွင် အိမ်တစ်လုံး ရှာပေးထားခဲ့၏။

သက်ကြီးရွယ်အိုများအတွက်မူ နေရောင်ခြည်ဇုန်နှင့် နီးနီးကပ်ကပ် နေရသည်က ပို၍ သက်တောင့်သက်သာ ရှိပေလိမ့်မည်။

သေချာသည်က ရန်ရုံဝေသည်လည်း ဤအိမ်သို့ ရောက်ဖူးပြီးဖြစ်သည်။

သူက အိမ်တွင် အတူနေထိုင်ကြသော ဆုန့်ဝမ်၊ တင်းယန်နှင့် တုံယန်တို့ကိုလည်း တွေ့မြင်ခဲ့ရပြီးဖြစ်သည်။

မိန်းကလေးများက လင်းယွမ်အပေါ် ရင်းနှီးကြင်နာစွာ ဆက်ဆံကြသည်ကို မြင်သောအခါ အခြေအနေကို သူ သဘောပေါက်သွားခဲ့၏။

သို့သော် သူက သက်ပြင်းတစ်ချက်သာ ချလိုက်ပြီး မည်သည့်စကားမှ မဆိုခဲ့ဘဲ ဤအိမ်တွင် အတူမနေရန် သူကိုယ်တိုင်ပင် တောင်းဆိုခဲ့သည်။

ရန်မေကလည်း ဖခင်ဖြစ်သူ၏ အတွေးကို နားလည်သဖြင့် မတားဆီးတော့ဘဲ နေရောင်ခြည်ဇုန်ဘက်တွင်သာ နေထိုင်ရန် စီစဉ်ပေးလိုက်သည်။

ယနေ့တွင် သူမက ရန်ရုံဝေထံ သွားရောက်ကာ စိတ်အခြေအနေကို ဖြေရှင်းပြောဆိုပေးရမည် ဖြစ်သည်။

လင်းယွမ်က ထိုစကားကို ကြားသောအခါ သူမ၏ သေးသွယ်သော ခါးလေးကို ဖက်လိုက်ရင်း မေးလိုက်သည် "ကျွန်တော် လိုက်ခဲ့ပေးရမလား... ဦးလေးကို သေချာ ရှင်းပြပေးရမလား"

ရန်မေက ကြားသောအခါ ပြုံးလိုက်ပြီး သူ၏ ပါးပြင်ကို နမ်းကာ ပြောလိုက်သည် "မောင်လေးမှာ အလုပ်လုပ်စရာ အရေးကြီးကိစ္စတွေ အများကြီး ရှိသေးတယ်လေ... အမပဲ သွားလိုက်ပါ့မယ်"

"အဖေ ဒေါသထွက်စရာရှိရင် ကျွန်တော့်ဆီပဲ လာပုံချခိုင်းလိုက်... ကြားလား" လင်းယွမ်က ယုယကြင်နာစွာဖြင့် ဆိုလိုက်၏။

ရန်မေက လှပသော မျက်ဝန်းများဖြင့် ကြည့်ကာ ပြုံးရင်း ပြန်ပြောသည် "အမက သူ့ရဲ့ တစ်ဦးတည်းသော သမီးလေ... သူ ဘာဒေါသထွက်စရာ ရှိတော့မှာလဲ... စိတ်ချပါ အမ သူ့ကို နားချလိုက်ပါ့မယ်... အမအတွက် စိတ်မပူပါနဲ့... ခဏနေရင် ဆုန့်ဝမ်ကို ထမင်းစားဖို့ ခေါ်လိုက်ဦး... အေးကုန်လိမ့်မယ်"

သူမက ပြောရင်း ခါးစည်းကို ချကာ အိမ်ရှေ့ခန်းသို့ သွား၍ ဖိနပ်လဲနေစဉ် ထပ်ပြောလိုက်သည် "ဒါနဲ့ တင်းယန်ကတော့ စားပြီးသွားပြီ... သူက ကင်းလှည့်တပ်ဖွဲ့ဝင်တွေကို စုစည်းဖို့ စောစောစီးစီး ထွက်သွားပြီ... မောင်လေးကို ပြောပြပေးဖို့ အမကို မှာသွားတယ်... အမ သွားပြီနော်"

လင်းယွမ်က သူမ၏ လှုပ်ရှားသွားလာနေသော ကျောပြင်လေးကို ကြည့်ရင်း မိမိတကယ်ပင် မိန်းမကောင်းတစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရခဲ့ပြီဟု ရင်ထဲမှ လှိုက်လှဲစွာ တွေးမိလိုက်သည်။

အစပိုင်းတွင် အမမေကို ကယ်တင်ခဲ့ခြင်းမှာ သူမ၏ ရုပ်ရည်အဆင်းသဏ္ဌာန်ကြောင့် ဖြစ်သော်လည်း နောက်ပိုင်းတွင် အမမေ ပေးစွမ်းသော စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုများက ရုပ်ပိုင်းဆိုင်ရာ သာယာမှုများထက်ပင် ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။

သူက သူမကို တကယ့် မိသားစုဝင် တစ်ယောက်လို သဘောထားခဲ့ပြီ ဖြစ်၏။

လင်းယွမ်၏ မျက်ဝန်းများ အရောင်လက်သွားသည်၊ ရန်ရုံဝေ မည်သို့ပင် သဘောထားပါစေ ရန်မေက သူ၏ မိန်းမဖြစ်သည်ဟူသော အမှန်တရားကို မည်သူမှ ပြောင်းလဲပစ်နိုင်မည် မဟုတ်ပေ။

သူက အိပ်ခန်းထဲသို့ ပြန်ဝင်ကာ ဆုန့်ဝမ်ကို အရင် နှိုးလိုက်ပြီးနောက် တုံယန်၏ အခန်းရှေ့သို့ သွား၍ တံခါးကို ခပ်ဖွဖွ ခေါက်လိုက်သည်။

သို့သော် တံခါးက အလိုအလျောက် ပွင့်သွားလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

ဒီကောင်မလေးက အိပ်တာတောင် တံခါးလော့ခ်မချထားဘူးပဲ... လင်းယွမ်က စပ်စုလိုစိတ်ဖြင့် အထဲသို့ ကြည့်လိုက်မိ၏။

ထိုသို့ ကြည့်လိုက်မိချိန်တွင် သူ၏ သွေးကြောများကို ဆူပွက်သွားစေမည့် မြင်ကွင်းတစ်ခုကို ချက်ချင်း မြင်လိုက်ရသည်။

တုံယန်က အိပ်စက်ရာတွင် ငြိမ်ငြိမ်သက်သက် မရှိဘဲ စောင်ကို တစ်ဖက်သို့ ကန်ထုတ်ထားရာ သူမ၏ နုပျိုလတ်ဆတ်သော ခန္ဓာကိုယ်လေးက အပြင်ဘက်တွင် အကာအကွယ်မဲ့စွာ ပေါ်လွင်နေ၏။

သွယ်လျဖြူဝင်းသော ခြေတံရှည်များ၊ ပြန့်ပြူးချောမွေ့သော ဝမ်းဗိုက်ကလေးနှင့် မို့မောက်နေသော ရင်သားများကို ပါးလွှာသော ကြိုးတစ်ချောင်းအင်္ကျီလေးက ဖုံးကွယ်ထားသော်လည်း သူမ၏ နုပျိုလှပမှုကိုမူ အပြည့်အဝ မဖုံးကွယ်နိုင်ပေ။

လင်းယွမ်က အမြန်ဆုံး တံခါးကို ပြန်ပိတ်လိုက်ပြီး သက်ပြင်းတစ်ချက်ချကာ ခြောက်သွေ့နေသော နှုတ်ခမ်းများကို သပ်ရင်း ခါးသီးစွာ ပြုံးလိုက်မိသည်။

ဒီကောင်မလေးက တကယ့်ကို နည်းနည်းလေးမှ ရှောင်ကြဉ်ရကောင်းမှန်း မသိဘူးပဲ။

......

ရေလွှမ်းမိုး တားမြစ်နယ်မြေတွင် ထိုက်ယန်တောင် ခိုလှုံရေးစခန်း၏ ကင်းလှည့်တပ်ဖွဲ့ တိုက်ခိုက်ရေးသမားများ နေရာယူပြီးနေပြီ ဖြစ်သည်။

လူတိုင်း၏ မျက်နှာတွင် သတိဝီရိယရှိမှုများ ပေါ်လွင်နေပြီး ကိုယ်ပေါ်တွင်လည်း အကာအကွယ်ဝတ်စုံနှင့် လက်နက်ကိရိယာများကို တပ်ဆင်ထားကြသည်။

အချို့ကမူ မနက်စောစောကတည်းက ကုန်တိုက်သို့ သွားကာ ကျွမ်းရှုယွမ်တို့ မိန်းမသုံးယောက် ဖွင့်လှစ်ထားသော "ကောင်းပိုင်ကျွမ်း" ဆိုင်မှ အာဟာရဖြည့်စွက်စာများကို သွားရောက် ဝယ်ယူခဲ့ကြ၏။

ဝမ်အန်း၏ အစားအစာဆေးဘက်ဝင်ဆိုင်ရှေ့တွင်လည်း လူအများအပြား ဝိုင်းအုံနေကာ ကုသရေးအာနိသင်ရှိသော အစားအစာများကို ဝယ်ယူနေကြသည်။

ယခုတာဝန်၏ အန္တရာယ်ကြီးမားပုံကို အားလုံးက သိရှိထားကြသည်မှာ ထင်ရှားပြီး အပြည့်အဝ ပြင်ဆင်မှုများ ပြုလုပ်ထားကြသည်။

ဟန်ရှန်းမန်က အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ အနောက်မြောက်ဘက်ထောင့်တွင် ရပ်နေသည်၊ သူမ၏ အဖွဲ့ထဲတွင် ယခင်က ရင်းနှီးခဲ့သော ဦးလေးကော တစ်ယောက်သာ ပါဝင်ပြီး ကျန်လူများကို အခြားအဖွဲ့များသို့ ခွဲဝေပေးထားခဲ့သည်။

သို့သော် အဖွဲ့အသစ် ဖြစ်လင့်ကစား အချိန်အတိုင်းအတာတစ်ခုအထိ အတူတကွ လှုပ်ရှားခဲ့ကြသဖြင့် အချင်းချင်း နားလည်မှု ရှိနေပြီ ဖြစ်၏။

ဟန်ရှန်းမန်က အဝေးရှိ ရေလွှမ်းမိုး တားမြစ်နယ်မြေထဲသို့ ကြည့်လိုက်ရာ ထိုနေရာတွင် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များစွာ ရှိနေကြောင်း သူမ၏ ထက်မြက်သော အာရုံခံစားမှုဖြင့် သိရှိနေသည်။

ဦးလေးကောကလည်း ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ရှုရင်း ပြောလိုက်သည် "ဒီက သတ္တဝါတွေက သာမန်မဟုတ်ဘူးနော်"

ဘေးနားရှိ လူငယ်တစ်ဦးက တိုးတိုးလေး ပြောလိုက်သည် "ဦးလေးကော... ဒီအထဲက သန္ဓေပြောင်း သတ္တဝါတွေ အကုန်လုံးက တအားကြမ်းတာ... အရင်က လူတွေပြောတာ ကြားဖူးတယ်... အထဲက သန္ဓေပြောင်း ဖားတွေ၊ သန္ဓေပြောင်း အဆိပ်မြွေတွေ၊ သန္ဓေပြောင်း ဖားပြုတ်တွေ အများစုက အဆိပ်ရှိကြတယ်တဲ့"

"နည်းနည်းလေး သတိလက်လွတ်ဖြစ်သွားတာနဲ့ ဒုက္ခလှလှ တွေ့သွားနိုင်တယ်"

အခြားတစ်ယောက်က ချက်ချင်း ဝင်ပြောလိုက်သည် "တွမ့်ချုံး... ဒါက သာမန် ရေမြောင်းလေး မဟုတ်ဘူးကွ... သောက်ရမ်း အန္တရာယ်များတဲ့ ရေလွှမ်းမိုး တားမြစ်နယ်မြေကွ... ခဏနေ အထဲဝင်ပြီး တိုက်ခိုက်ရတဲ့အခါ အရမ်းသတိထားဦး... မင်းက စိတ်စွမ်းအင် အစွမ်းပိုင်ရှင်ဆိုတော့ ခန္ဓာကိုယ်က သိပ်မမာဘူးလေ"

တွမ့်ချုံးက ကပျာကယာ ပြန်ဖြေသည် "အစ်ကိုရှောင်... ကျွန်တော် အကာအကွယ် သင်္ကေတကျောက်တုံးတွေကို စောစောကတည်းက ဝယ်ထားပြီးပါပြီ... ကျောက်အကြေးခွံ အကာအကွယ်ရော လိပ်ခွံစွမ်းအင်အကာအကွယ်ရော အကုန်ရှိတယ်... အထဲရောက်တာနဲ့ ကျောက်အကြေးခွံ အကာအကွယ်ကို အရင် သုံးလိုက်မယ်"

အစ်ကိုရှောင်က လက်မထောင်ပြလိုက်မိသည် "မင်းကတော့ မိုက်ချက်ပဲ"

ဦးလေးကောက လူငယ်နှစ်ယောက်ကို တစ်ချက်ကြည့်ကာ ပြုံးလိုက်၏။

ဟန်ရှန်းမန်က ပြုံးရင်း ဝင်ပြောလိုက်သည် "ငါတို့က အပြီးသတ် ရှင်းလင်းရေးအတွက် သွားရမှာပါ... အရမ်းကြီး စိတ်မလှုပ်ရှားကြပါနဲ့"

"အပြီးသတ် ရှင်းလင်းရေး... ဒါဆို အဓိက တိုက်ခိုက်မယ့်လူက ဘယ်သူလဲ" တွမ့်ချုံးက မနေနိုင်ဘဲ မေးလိုက်သည်။

ဟန်ရှန်းမန်က ဖြေလိုက်သည် "ကိုလင်းယွမ်လေ"

"ဟာ... ဆရာလင်းယွမ် ကိုယ်တိုင် ပါဝင်မှာလား... ဆရာလင်းယွမ် တိုက်ခိုက်တာကို ကျွန်တော် တစ်ခါမှ မမြင်ဖူးသေးဘူး"

"အရင်က ဆရာလင်းယွမ်ဟာ ကိုးဝူမျှော်စင် တိုက်ပွဲမှာ ခိုလှုံရေးစခန်း သုံးခုရဲ့ ခေါင်းဆောင်တွေကို နှိမ်နင်းနိုင်ခဲ့တယ်လို့ ကြားဖူးတယ်... အဲဒီတုန်းက တိုက်ပွဲက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲ မသိဘူးနော်"

"ငါ ကိုးဝူမျှော်စင်ကို ကင်းလှည့်သွားဖူးတယ်... အဲဒီဘက်က အိမ်တွေ အကုန်လုံး ပြိုကျပျက်စီးနေတာပဲ"

"လျှောက်ပြောမနေနဲ့... ကိုးဝူမျှော်စင်က အိမ်တွေက ပြိုကျနေတာ ကြာပြီ... အရင်က ကိုးဝူမျှော်စင် ဈေးရောင်းပွဲတော် ရှိကတည်းက ပြိုကျနေတာကွ"

......

ပတ်ဝန်းကျင်မှ ဆွေးနွေးသံများ ဆက်တိုက် ထွက်ပေါ်နေသည်၊ တရားဝင် မစတင်ရသေးသဖြင့် လူတိုင်းက စကားပြောခြင်းဖြင့်သာ တင်းမာနေသော စိတ်များကို ဖြေလျှော့နေကြရသည်။

ဝါရင့် ကင်းလှည့်တပ်ဖွဲ့ဝင်များကမူ စိတ်ဓာတ်ခိုင်မာကြသဖြင့် မတ်မတ်ရပ်ကာ တပ်ဖွဲ့ပုံစံကို သေသေချာချာ ထိန်းသိမ်းထားကြ၏။

တင်းယန်နှင့် ကျောက်ခိုင်တို့ အတူတကွ ရပ်နေပြီး ကြီးမားကျယ်ပြန့်သော ရေလွှမ်းမိုး တားမြစ်နယ်မြေကို ကြည့်နေကြသည်၊ အထဲတွင် တစ်ခါတစ်ရံ ဧရာမ သတ္တဝါကြီးများက ရေထဲမှ ခုန်တက်လာပြီး ဝုန်းခနဲ အသံကြီးနှင့်အတူ ပြန်လည်ကျဆင်းသွားကာ ကြီးမားသော ရေလှိုင်းကြီးများကို ဖြစ်ပေါ်စေသည်။

ကမ်းစပ်တွင် လဲလျောင်းနေသော မိကျောင်းများ၊ သန္ဓေပြောင်း ဖားပြုတ်များ စသည့် ဧရာမ သန္ဓေပြောင်း သတ္တဝါကြီးများကို ကြည့်ရုံဖြင့်ပင် ကြက်သီးထဖွယ် ကောင်းလှ၏။

ကျောက်ခိုင်က ကိုယ်ပေါ်ရှိ ကျောက်အကြေးခွံ အကာအကွယ်ကို တင်းကြပ်စွာ ဆွဲဆန့်လိုက်ရင်း မနေနိုင်ဘဲ ခါးသီးစွာ ပြုံးကာ ပြောလိုက်သည် "ဒီ သန္ဓေပြောင်း သတ္တဝါတွေကို တစ်ကောင်ချင်းစီဆိုရင်တော့ ငါ ချနိုင်သေးတယ်... ဒီလောက် အများကြီးကို ဘယ်လိုလုပ် ချရမလဲ"

တင်းယန်၏ ကိုယ်ပေါ်တွင်လည်း သူမ၏ မူလ ကျောပိုးအိတ်နေရာတွင် ကျောက်အကြေးခွံ အကာအကွယ် တစ်စုံကို ဝတ်ဆင်ထားသည်။

သူတို့နှစ်ဦး ဝတ်ဆင်ထားသော ကျောက်အကြေးခွံ အကာအကွယ်သည် အကာအကွယ် သင်္ကေတကျောက်တုံးများဖြင့် ဖန်တီးထားသော စွမ်းအင်ဝတ်စုံ မဟုတ်ဘဲ အစောပိုင်းက လင်းယွမ် သတ်ဖြတ်ခဲ့သော သင်းခွေချပ်၏ သားရေဖြင့် ပြုလုပ်ထားသည့် အစစ်အမှန် သံချပ်ကာ ဝတ်စုံပင် ဖြစ်သည်။

ထိုစဉ်က သင်းခွေချပ်၏ အရွယ်အစားမှာ မသေးငယ်သဖြင့် အရေခွံတစ်ခုလုံးကို ခွာယူလိုက်ပါက သံချပ်ကာဝတ်စုံ နှစ်စုံ ပြုလုပ်ရန် လုံလောက်ခဲ့သည်။

ရန်မေက လက်မှုပညာ ကျွမ်းကျင်သူပီပီ တင်းယန်နှင့် ဆုန့်ဝမ်တို့အတွက် တစ်စုံစီ ချုပ်လုပ်ပေးခဲ့၏။

မူလက လင်းယွမ်အတွက် တစ်စုံ ချုပ်လုပ်ပေးရန် ရည်ရွယ်ခဲ့သော်လည်း လင်းယွမ်က ငြင်းဆန်ခဲ့သည်။

အကြောင်းမှာ လင်းယွမ်၏ လက်ရှိ ခုခံကာကွယ်နိုင်စွမ်းအရ ဤကျောက်အကြေးခွံ အကာအကွယ်ကို ဝတ်ဆင်သည်ဖြစ်စေ မဝတ်ဆင်သည်ဖြစ်စေ ကြီးကြီးမားမား ကွာခြားမှု မရှိသောကြောင့်ပင်။

မိမိအတွက် အလဟဿ အသုံးပြုမည့်အစား မိမိ၏ မိန်းမများအတွက် ချန်ထားပေးခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။

ထို့ကြောင့် ရန်မေက တင်းယန်နှင့် ဆုန့်ဝမ်တို့အတွက် တစ်စုံစီ ချုပ်လုပ်ပေးခဲ့ခြင်း ဖြစ်သည်။

ယခု အပြင်ထွက်လာချိန်တွင် တင်းယန်က ကင်းလှည့်တပ်ဖွဲ့၏ ခေါင်းဆောင်တစ်ဦး အနေဖြင့် ဤကျောက်အကြေးခွံ အကာအကွယ်ကို ဝတ်ဆင်လာခဲ့ခြင်းမှာ သဘာဝပင် ဖြစ်၏။

လျှိုဖိန်ဖိန်ကမူ တင်းယန် ဝတ်ဆင်ထားသော ကျောက်အကြေးခွံ အကာအကွယ်ကို မြင်သောအခါ အလွန် သဘောကျသွားပြီး ဆုန့်ဝမ်ထံတွင်လည်း နောက်ထပ်တစ်စုံ ရှိနေကြောင်းနှင့် ဆုန့်ဝမ်အနေဖြင့် ရေလွှမ်းမိုး တားမြစ်နယ်မြေ ရှင်းလင်းရေး လုပ်ငန်းတွင် ပါဝင်ရန် မလိုအပ်ကြောင်းကို စုံစမ်းသိရှိခဲ့သည်။

ထို့ကြောင့် လျှိုဖိန်ဖိန်က မျက်နှာပြောင်တိုက်ကာ အတင်းအကြပ် ဂျီကျတောင်းဆိုခဲ့သဖြင့် နောက်ဆုံးတွင် ဆုန့်ဝမ်ထံမှ ဤကျောက်အကြေးခွံ အကာအကွယ်ကို ငှားရမ်းနိုင်ခဲ့သည်။

ထို့ကြောင့် ဤကျောက်အကြေးခွံ အကာအကွယ်မှာ ယခု ကျောက်ခိုင်၏ ကိုယ်ပေါ်သို့ ရောက်ရှိနေခြင်း ဖြစ်သည်။

တင်းယန်ကလည်း သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည် "အတိအကျ ပြောရရင် ငါတို့က အရမ်း အားနည်းနေသေးလို့ပဲ"

ကျောက်ခိုင်က စိတ်ပျက်လက်ပျက်ဖြင့် ဆိုသည် "အစ်ကိုလင်းယွမ်နဲ့ ယှဉ်လိုက်ရင်တော့ ကျွန်တော်တို့က တကယ်ကို အားနည်းလွန်းနေတာအမှန်ပဲ"

"လင်းယွမ်နဲ့ ယှဉ်စရာ မလိုပါဘူး... ဒီ သန္ဓေပြောင်း သတ္တဝါတွေနဲ့ ယှဉ်ရင်တောင် ငါတို့က နည်းနည်း အားနည်းနေသေးတယ်" တင်းယန်က မျက်မှောင်ကြုတ်ရင်း ပြောလိုက်၏။

ကျောက်ခိုင်မှာ ပို၍ပင် စိတ်ဓာတ်ကျသွားရတော့သည်။

စကားပြောနေကြစဉ်မှာပင် လူအုပ်ကြီးက ဟိန်းညံသော အသံကြီးတစ်ခုကို ကြားလိုက်ရသည်။

မြေပြင်တစ်ခုလုံး တုန်ခါသွားပြီး သစ်တောထဲမှ ရှဲရှဲမြည်သော အသံများ ထွက်ပေါ်လာ၏။

အားလုံးက တိုက်ဆိုင်စွာပင် အနောက်ဘက်သို့ ပြိုင်တူ လှည့်ကြည့်လိုက်ကြသည်။

ထိုသို့ ကြည့်လိုက်ချိန်တွင် အားလုံး၏ မျက်နှာများ ချက်ချင်း ပြောင်းလဲသွားပြီး အချို့ဆိုလျှင် အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့သော အမူအရာများပင် ပေါ်လွင်လာကြသည်။

အဝေးရှိ သစ်တောထဲမှ ဧရာမ မျောက်ဝံမည်းကြီး တစ်ကောင်က ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာနေသည်ကို တွေ့လိုက်ရသောကြောင့်ပင်... ၎င်း၏ အရပ်မှာ ပေ ၄၀ ကျော်ခန့် ရှိပေမည်။

၎င်း၏ ခြေဖဝါးကြီးများက ကျောက်တိုင်ကြီးများအလား ဝုန်းခနဲ ကျဆင်းလာပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို တုန်လှုပ်သွားစေသည်။

သစ်ပင် ပန်းမန်များ ပြိုလဲကုန်ပြီး သစ်ပင်ကြီးများပင် ဖိညှစ်ခံရသဖြင့် ပုံပျက်ပန်းပျက် ဖြစ်ကုန်၏။

၎င်း၏ ဧရာမ ခန္ဓာကိုယ်ကြီးက သစ်ပင်အများစုနှင့် အရပ်အမောင်း ယှဉ်နိုင်လုနီးပါး ရှိနေသည်။

အမွေးထူထပ်သော အနက်ရောင် အမွေးအမျှင်များနှင့် မာကျောသော ကြွက်သားများ စသည့် အရာအားလုံးက ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားနှင့် ခုခံကာကွယ်နိုင်စွမ်းကို ဖော်ပြနေကြသည်။

"ရွှေနက်မျောက်ဝံကြီး"

"ဟိုက်... ဒုက္ခပဲ... ရွှေနက်မျောက်ဝံကြီးကွ"

"ရွှေနက်မျောက်ဝံကြီးက ဘာလို့ ဒီကို ရောက်နေတာလဲ"

"သွားပါပြီ... သွားပါပြီ... ရွှေနက်မျောက်ဝံကြီး လာနေပြီ"

လူတိုင်းက အလန့်တကြား အော်ဟစ်လိုက်ကြပြီး အချို့ကမူ အလိုအလျောက် နောက်ဆုတ်ကာ ပုန်းကွယ်စရာ နေရာများကို ရှာဖွေနေကြသည်။

ရွှေနက်မျောက်ဝံကြီး ကဲ့သို့သော ထိပ်တန်းအဆင့် သန္ဓေပြောင်း သတ္တဝါကြီးကို ရင်ဆိုင်ရချိန်တွင် သူတို့အနေဖြင့် မျက်နှာချင်းဆိုင် တိုက်ခိုက်ရန် မည်သည့် အတွေးမှ မရှိကြပေ။

အဘယ်ကြောင့်ဆိုသော် ဤသတ္တဝါကြီးမှာ တစ်ချိန်က ခိုလှုံရေးစခန်း လေးခု၏ ခေါင်းဆောင်များပင် ရှောင်ရှားရသည့် ကြောက်မက်ဖွယ်ကောင်းသော သန္ဓေပြောင်း သတ္တဝါကြီး ဖြစ်နေသောကြောင့်ပင်။

တင်းယန်နှင့် ကျောက်ခိုင်တို့၏ မျက်နှာအမူအရာများလည်း ပြောင်းလဲသွားကြ၏။

သို့သော် တင်းယန်က တစ်စုံတစ်ခုကို သတိရသွားပြီး ရွှေနက်မျောက်ဝံကြီး၏ ပခုံးဆီသို့ အမြန် လှမ်းကြည့်လိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း ရွှေနက်မျောက်ဝံကြီး၏ ပခုံးပေါ်တွင် လူတစ်ယောက် ထိုင်နေသည်ကို သူမ တွေ့လိုက်ရ၏။

ထိုလူကို မြင်လိုက်ရချိန်တွင် တင်းယန်က ချက်ချင်း ပြုံးလိုက်ပြီး အော်ပြောလိုက်သည် "ဘာတွေ လန့်နေကြတာလဲ... သူ့ပခုံးပေါ်မှာ ဘယ်သူလဲဆိုတာ သေချာကြည့်ကြဦး"

ကျောက်ခိုင်က ရွှေနက်မျောက်ဝံကြီးကို လှမ်းကြည့်လိုက်ရာ ချက်ချင်း မျက်လုံးပြူးသွားပြီး အံ့ဩတုန်လှုပ်စွာ အော်လိုက်သည် "အစ်ကိုလင်း"

ဟန်ရှန်းမန်ကလည်း မော့ကြည့်လိုက်ရာ ရွှေနက်မျောက်ဝံကြီး၏ ဧရာမ ဘယ်ဘက်ပခုံးပေါ်တွင် လူတစ်ယောက် ရပ်နေကြောင်း သတိပြုမိသွားသည်။

သူမ၏ မျက်ဝန်းအစုံ ပြူးကျယ်သွားပြီး အံ့ဩစွာ အော်လိုက်သည် "ကိုလင်းယွမ်"

ဟွမ်ဟန်၊ ဝူယင်၊ ကောင်းကျဲ၊ ချန်ကျန်ဖုန်း...

ကင်းလှည့်တပ်ဖွဲ့၏ အဓိက အင်အားစုများအားလုံး မျက်လုံးပြူးသွားကြပြီး အလွန်အမင်း အံ့ဩတုန်လှုပ်သွားကြ၏။

"ဆရာလင်းယွမ်"

"ဆရာလင်းယွမ်... ဖြစ်နေတာပဲ"

"ရွှေနက်မျောက်ဝံကြီးက ဆရာလင်းယွမ်ရဲ့ စီးတော်ယာဉ် ဖြစ်နေတာလား"

"ဟိုက်... ဆရာလင်းယွမ်က သောက်ရမ်း ကြမ်းတာပဲ... ရွှေနက်မျောက်ဝံကြီးကိုတောင် ယဉ်ပါးအောင် ဆုံးမနိုင်ခဲ့တာလား"

အံ့ဩအော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်၊ အချို့က တုန်လှုပ်နေကြပြီး အချို့က အံ့မခန်း ဖြစ်နေကြကာ အချို့ကမူ အခြေအနေကို သဘောပေါက်သွားကြ၏။

လင်းယွမ်၏ ပေါ်ထွက်လာမှုက တကယ့်ကို ဟိုးလေးတကျော် ဖြစ်သွားစေခဲ့သည်။

ခဏချင်းမှာပင် လူတိုင်းက အကျယ်ကြီး အော်ဟစ်လိုက်ကြပြီး အချင်းချင်း တီးတိုး ပြောဆိုနေကြသည်။

ပြီးနောက် ရုတ်တရက် လူတစ်ယောက်က စိတ်အားထက်သန်စွာဖြင့် အော်ဟစ်လိုက်၏။

"ဆရာလင်းယွမ်"

"ဆရာလင်းယွမ်"

အသံလှိုင်းများက ဒီရေအလား ရိုက်ခတ်လာပြီး ထိုနေရာရှိ လူအများစု၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုနှင့် လေးစားယုံကြည်မှုများ ပေါ်လွင်နေကြသည်။

ရွှေနက်မျောက်ဝံကြီး ကဲ့သို့သော ကြောက်မက်ဖွယ် ဧရာမ သတ္တဝါကြီးကိုပင် အညံ့ခံစေနိုင်သော ဆရာလင်းယွမ်က တကယ့်ကို အစွမ်းထက်လွန်းလှပေသည်။

ဤမျှ အစွမ်းထက်သော ခေါင်းဆောင်တစ်ဦး ရှိနေခြင်းအတွက် သူတို့အားလုံး ဂုဏ်ယူဝင့်ကြွားနေကြပြီး အလွန်အမင်း စိတ်လှုပ်ရှားနေကြ၏။

လင်းယွမ်က ရွှေနက်မျောက်ဝံကြီး၏ ပခုံးပေါ်တွင် ရပ်နေရင်း လူအုပ်ကြီး၏ အော်ဟစ်သံများကို ကြားသောအခါ ပြုံးလိုက်ပြီး လေထဲသို့ လက်လှမ်းကာ တိတ်တိတ်နေရန် အချက်ပြလိုက်သည်။

ချက်ချင်းပင် ရွှေနက်မျောက်ဝံကြီးက ရပ်တန့်သွားပြီး အောက်ဘက်ရှိ ကင်းလှည့်တပ်ဖွဲ့ဝင်များကလည်း အော်ဟစ်နေခြင်းကို ရပ်တန့်ကာ လင်းယွမ်ကို ရိုသေလေးစားသော မျက်နှာများဖြင့် ကြည့်နေကြသည်။

"အားလုံးပဲ... ထိုက်ယန်တောင်က ကျွန်တော်တို့ရဲ့ အိမ်ပါ... ကျွန်တော်တို့ အခက်အခဲ အကျပ်အတည်းများစွာကို ကျော်ဖြတ်ပြီးမှ ယခု ထိုက်ယန်တောင် ခိုလှုံရေးစခန်းကို တည်ဆောက်နိုင်ခဲ့ကြတာပါ"

"ဘာမှမရှိတဲ့ အခြေအနေကနေ အခုလို ဖြစ်လာဖို့အတွက် ကျွန်တော်တို့ ဘယ်လောက်တောင် အခက်အခဲတွေနဲ့ အတားအဆီးတွေကို ကျော်ဖြတ်ခဲ့ရလဲဆိုတာ ဒီမှာရှိနေတဲ့ အားလုံး အသိဆုံးဖြစ်မှာပါ"

"အခု ကျွန်တော်တို့ နေထိုင်နေတဲ့ ဒီမြေပေါ်မှာ သန္ဓေပြောင်း သတ္တဝါတွေ သိမ်းပိုက်ထားတဲ့ တားမြစ်နယ်မြေ တစ်ခု ရှိနေသေးတယ်ဗျာ"

"ပြောရမယ်ဆိုရင် ရယ်စရာတောင် ကောင်းသေးတယ်... ဒီ သန္ဓေပြောင်း သတ္တဝါတွေက ရေကြီးမှုနဲ့အတူ ကုန်းမြေ အများစုကို သိမ်းပိုက်ခဲ့ပြီးပြီ... အခု ကျွန်တော်တို့ရဲ့ အိမ်ကိုပါ သိမ်းပိုက်ချင်နေကြသေးတယ်"

"ဒီနေ့ ကျွန်တော်တို့မှာ ရည်ရွယ်ချက် တစ်ခုတည်းပဲ ရှိတယ်... အဲဒါက ဒီသတ္တဝါတွေကို မောင်းထုတ်ဖို့ပဲ... လိုအပ်ရင် မျိုးတုံးသတ်ဖြတ်ပြီး သူတို့ကို ရေထဲ ပြန်မောင်းထုတ်ပစ်မယ်"

"ဒီရေပြင်ပေါ်မှာ ရေပေါ်တံတားကို တည်ဆောက်မယ်... မိန်တောင်ကို သွားနိုင်တဲ့ တံတားကို တည်ဆောက်ကြမယ်"

"အားလုံးပဲ... မိန်တောင်ဘက်မှာ စနစ်တကျ ဖော်ထုတ်ထားတဲ့ လယ်ယာမြေတွေ အများကြီး ရှိတယ်... သန္ဓေပြောင်း စိုက်ပျိုးရေးသီးနှံတွေ အများကြီး ရှိတယ်... ခင်ဗျားတို့ အကြိုက်ဆုံး ဆန်တွေ၊ ဂျုံမှုန့်တွေ၊ ပဲပိစပ်တွေ၊ ပြောင်းဖူးတွေ ရှိတယ်... ကျွန်တော်တို့ လိုအပ်တဲ့ ကစီဓာတ် အစားအစာတွေ အများကြီး ရှိတယ်"

"မိန်တောင်ကို သိမ်းပိုက်နိုင်တာဟာ ကျွန်တော်တို့ ထိုက်ယန်တောင် ခိုလှုံရေးစခန်းအတွက် ကိုယ်ပိုင် စပါးကျီ တစ်ခုကို ပိုင်ဆိုင်နိုင်လိုက်တာနဲ့ အတူတူပဲ"

"အခု လက်ရှိ တစ်ခုတည်းသော ပြဿနာကတော့ ကျွန်တော်တို့ရဲ့ ရှေ့မှာ ပိတ်ဆို့နေတဲ့ ဒီသတ္တဝါတွေပဲ"

"ကျွန်တော်တို့ရဲ့ အိမ်အတွက်... ကျွန်တော်တို့ရဲ့ အနောက်မှာ ကျန်ခဲ့တဲ့ မိသားစုတွေအတွက်... သူတို့ကို သတ်ပစ်ကြ... သူတို့ကို မောင်းထုတ်ပစ်ကြ"

လင်းယွမ် ပြောအပြီးတွင် ကျောက်ခိုင်က ချက်ချင်း စိတ်လှုပ်ရှားစွာဖြင့် လိုက်လံ အော်ဟစ်လိုက်သည်။

"သတ္တဝါတွေကို မောင်းထုတ်ကြ... သူတို့ကို သတ်ပစ်ကြ"

"ငါတို့ရဲ့အိမ်အတွက်... မိသားစုအတွက်"

"သတ္တဝါတွေကို မောင်းထုတ်ကြ... သတ္တဝါတွေကို သတ်ပစ်ကြ"

......

လူတိုင်းကလည်း စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြပြီး စိတ်အားထက်သန်စွာ ဟစ်ကြွေးနေကြ၏။

စိတ်ဓာတ်ခွန်အားများ ချက်ချင်း နိုးကြားလာပြီး လူတိုင်း၏ မျက်နှာပေါ်တွင် အပြုံးများ ပေါ်လွင်လာသည်။

လင်းယွမ်က လူအုပ်ကြီးကို ပြောလိုက်သည် "နောက်တစ်ဆင့် အနေနဲ့ ကျွန်တော်က ဦးဆောင်ပြီး ရေလွှမ်းမိုး တားမြစ်နယ်မြေထဲက သတ္တဝါတွေကို အရင်ဆုံး အကြီးအကျယ် ရှင်းလင်းပေးမယ်... ကျန်တဲ့သူတွေက အပြီးသတ် ရှင်းလင်းရေး အပိုင်းကို တာဝန်ယူပေးကြပါ"

"ဟုတ်ပြီ... အခုပဲ စတင်လိုက်ကြရအောင်"

သူက ရွှေနက်မျောက်ဝံကြီး၏ ခေါင်းကို ပုတ်လိုက်ရာ ချက်ချင်းပင် ရွှေနက်မျောက်ဝံကြီးက ကောင်းကင်သို့ မော့ကာ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး ရင်ဘတ်ကို ထုကာ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားတော့သည်။

"ဒုန်း... ဒုန်း"

မြေပြင်ကြီး တုန်ခါသွားပြီး ၎င်းက ရေလွှမ်းမိုး တားမြစ်နယ်မြေထဲသို့ တိုက်ရိုက် ပြေးဝင်သွား၏။

လမ်းတစ်လျှောက်ရှိ ရေအိုင်ထဲမှ သန္ဓေပြောင်း ဖားတစ်ကောင်ကို တွေ့သောအခါ ခြေထောက်ဖြင့် တိုက်ရိုက် နင်းချလိုက်သည်။

"ဝုန်း"

မျက်စိတစ်မှိတ်အတွင်း ထိုရေအိုင်လေးမှာ ပြိုကျပျက်စီးသွားပြီး ရွှံ့ရေများ လွင့်စင်လာကာ အရိုးနှင့် အသားများ ပေါက်ကွဲသွားသော အသံများ ရောယှက်ထွက်ပေါ်လာပြီး ၎င်း၏ ခြေချောင်းကြားများမှ သွေးများ စီးကျလာ၏။

သာမန် အစွမ်းပိုင်ရှင်များ၏ မျက်လုံးထဲတွင် အလွန်အန္တရာယ်ကြီးမားလှသော ဤသန္ဓေပြောင်း သတ္တဝါများမှာ ရွှေနက်မျောက်ဝံကြီး၏ ခြေဖဝါးအောက်တွင်မူ ရွှံ့ဗွက်များနှင့် ဘာမှ မကွာခြားလှပေ။

လင်းယွမ်က ရွှေနက်မျောက်ဝံကြီး၏ ပခုံးပေါ်တွင် မြင့်မားစွာ ထိုင်နေရင်း မျက်နှာပေါ်တွင် အပြုံးတစ်ပွင့် ပေါ်လွင်နေသည်။

ရွှေနက်မျောက်ဝံကြီးက သေချာပေါက် ထိပ်တန်းအဆင့် တိုက်ခိုက်ရေးသမား ဖြစ်ပြီး ၎င်း၏ အကူအညီ ရှိနေသဖြင့် ဤသန္ဓေပြောင်း သတ္တဝါများကို သူကိုယ်တိုင် ကိုင်တွယ်စရာပင် မလိုတော့ပေ။

"ဘုန်း"

ရွှေနက်မျောက်ဝံကြီးက လက်နှစ်ဖက်ဖြင့် မြေပြင်ကို အားကုန် ရိုက်ချလိုက်သည်။

မျက်စိတစ်မှိတ်အတွင်း မြစ်ကမ်းဘေးရှိ သန္ဓေပြောင်း ဖားပြုတ် လေးငါးကောင်ခန့်မှာ ချက်ချင်း ပေါက်ကွဲသွားပြီး အသားစများ အဖြစ် ပြောင်းလဲသွား၏။

အဝေးမှ အဆိပ်ဖား အချို့က ထိုမြင်ကွင်းကို မြင်သောအခါ ပါးစပ်များကို ဟကာ လျှာများဖြင့် ပစ်ခတ် တိုက်ခိုက်ကြသည်။

သို့သော် အလွန် လျင်မြန်ပြင်းထန်ပုံရသော လျှာများက ရွှေနက်မျောက်ဝံကြီး၏ ခြေထောက်များကို ရိုက်ခတ်မိချိန်တွင် ၎င်းအတွက် ယားယံမှုကို ဖြေဖျောက်ပေးနေသကဲ့သို့သာ ရှိနေ၏။

အဆိပ်ဖားများအနေဖြင့် သံမဏိအပ်များကဲ့သို့ မာကျောသော မျောက်ဝံကြီး၏ အနက်ရောင် အမွေးအချို့ကိုသာ ဆွဲနုတ်နိုင်ခဲ့ကြသည်။

ပြီးနောက် ဒေါသထွက်သွားသော ရွှေနက်မျောက်ဝံကြီး၏ လက်သီးတစ်ချက်ဖြင့် အသားပြားများအဖြစ် အထုခံလိုက်ရတော့သည်။

မြေပြင်ကြီး ဆက်တိုက် တုန်ခါနေပြီး မြေကျင်းများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာ၏။

ရွှေနက်မျောက်ဝံကြီးက ကြွက်ရိုက်ကစားနေသကဲ့သို့ ခြေဖြင့် နင်းကာ လက်သီးဖြင့် ထိုးနှက်နေပြီး သာမန် တိုက်ခိုက်မှု တစ်ချက်ဖြင့်ပင် သန္ဓေပြောင်း သတ္တဝါ အမြောက်အမြားကို သတ်ဖြတ်နိုင်နေသည်။

ဤမျှ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကြောင့် မူလက ကမ်းစပ်တွင် ရှိနေကြသော သန္ဓေပြောင်း သတ္တဝါများ အားလုံး အလန့်တကြားဖြစ်ကာ ရေထဲသို့ အလုအယက် ထွက်ပြေးကုန်ကြသည်။

ဝုန်း... ဗွမ်း... ခနဲ ရေပက်ဖြန်းသံများနှင့်အတူ အဆိပ်ဖားများ၊ ဖားပြုတ်များ၊ အဆိပ်မြွေများ၊ ထူးဆန်းသော ငါးများ၊ ဧရာမ ငါးရှဉ့်များ၊ သန္ဓေပြောင်း ဂဏန်းများ စသည့် ထောင်သောင်းချီသော သတ္တဝါများက ဖက်ထုပ်များကို အိုးထဲ ထည့်ပြုတ်နေသည့်အလား ရေထဲသို့ အရူးအမူး ထွက်ပြေးနေကြ၏။

ရေပြင်ပေါ်ရှိ ကြီးမားသော ဗေဒါပင်များမှာ ရေလှိုင်းများကြောင့် လူးလွန့်နေပြီး ဆက်တိုက် ယိမ်းနွဲ့နေကြသည်။

ရေလွှမ်းမိုး တားမြစ်နယ်မြေ အပြင်ဘက်တွင် ရပ်နေကြသော ကင်းလှည့်တပ်ဖွဲ့ဝင်များက ဤမြင်ကွင်းကို ကြည့်ရင်း တစ်ယောက်ပြီးတစ်ယောက် မျက်လုံးပြူး ပါးစပ်ဟ ဖြစ်ကုန်ကြပြီး မျက်နှာများမှာ မှင်တက်သွားကြသည်။

သူတို့၏ မျက်လုံးထဲတွင် အလွန် ခက်ခဲကြမ်းတမ်းသော တာဝန်တစ်ခု ဖြစ်နေခဲ့သည်။

လင်းယွမ် ထိန်းချုပ်ထားသော ရွှေနက်မျောက်ဝံကြီး၏ ရှေ့မှောက်တွင်မူ ကလေးကလား ကစားပွဲ တစ်ခုလိုပင် လွယ်ကူလွန်းနေ၏။

တင်းယန်က ငိုရခက် ရယ်ရခက် ဖြစ်နေပြီး ပြောလိုက်သည် "ငါ သဘောပေါက်သွားပြီ... ငါတို့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား သူ့ကို မှီနိုင်ဖို့ ဆိုတာ မဖြစ်နိုင်တော့ဘူး"

ကျောက်ခိုင်က ပို၍ပင် ခါးသီးစွာ ပြုံးရင်း ဆိုလိုက်သည် "အစ်ကိုလင်းယွမ်က ဘယ်အချိန်ကတည်းက ဒီရွှေနက်မျောက်ဝံကြီးကို ယဉ်ပါးအောင် ဆုံးမလိုက်တာလဲ... ဒီရွှေနက်မျောက်ဝံကြီးရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို ကြည့်ရတာ အစ်ကိုလင်းယွမ် ဘယ်လောက်တောင် အစွမ်းထက်နေပြီလဲ ဆိုတာကို ငါ စိတ်ကူးတောင် မယဉ်ရဲတော့ဘူး"

အဝေးရှိ ဟန်ရှန်းမန်လည်း အံ့ဩတုန်လှုပ်မှုထဲမှ သတိပြန်ဝင်လာပြီး သူမနှင့် အဖွဲ့ထဲရှိ ဦးလေးကောတို့ အချင်းချင်း ကြည့်လိုက်ကြသည်။

ဦးလေးကော၏ အိုမင်းနေသော မျက်နှာပေါ်တွင်လည်း အံ့ဩမှုများ ပြည့်နှက်နေပြီး ဟန်ရှန်းမန်ကို ပြောလိုက်သည် "သမီးလေးဟန်... ငါတို့ရဲ့ ခေါင်းဆောင်က လွန်လွန်းနေပြီနော်... ဒီလို အကောင်ကြီးကိုတောင် သူက ဆုံးမထားနိုင်တယ်ဆိုတော့ သူ တကယ် ဘယ်လောက်တောင် အစွမ်းထက်နေပြီလဲ"

ဟန်ရှန်းမန်က ပြုံးလိုက်ပြီး ရွှေနက်မျောက်ဝံကြီး၏ ပခုံးပေါ်ရှိ လူရိပ်ကို လှမ်းကြည့်ကာ မျက်ဝန်းထဲတွင် လေးစားမှုများ အပြည့်ဖြင့် ပြောလိုက်သည် "သူ့လို အစွမ်းထက်တဲ့လူမျိုးမှပဲ အားလုံးကို အသက်ရှင်သန်အောင် ဦးဆောင်ပေးနိုင်မှာလေ"

သူမက ဦးလေးကောကို လှည့်ကြည့်ကာ ရုတ်တရက် ပြုံးရင်း မေးလိုက်သည် "ဦးလေးကော... ကျွန်မ အဖွဲ့ကို ဆက်မဦးဆောင်တော့တာက မှားယွင်းတဲ့ ဆုံးဖြတ်ချက်လို့ ထင်သေးလား"

ဦးလေးကောက ခါးသီးစွာ ပြုံးလိုက်သည်၊ အစောပိုင်းက ဟန်ရှန်းမန်၏ အဖွဲ့ကို သိမ်းသွင်းခံရချိန်တွင် ဦးလေးကောက ပြင်းထန်သော ဆန့်ကျင်လိုသည့် သဘောထား ရှိခဲ့သည်။

သူက အခက်အခဲများစွာဖြင့် ဖွဲ့စည်းထားသော အဖွဲ့ကို ဤကဲ့သို့ ဖျက်သိမ်းလိုက်ခြင်းမှာ တကယ်ကို မသင့်တော်ဟု အမြဲတွေးခဲ့၏။

အဓိက အချက်မှာ မိန်းကလေးဟန်တို့က သိပ်မသိကျွမ်းသော လူတစ်ယောက်ကို အလွယ်တကူ ယုံကြည်လိုက်ခြင်း ဖြစ်ပြီး ထိုကိစ္စကို သူ လုံးဝ လက်မခံနိုင်ခဲ့ပေ။

သို့သော် အချိန်များ ကုန်လွန်လာသည်နှင့်အမျှ သူက လင်းယွမ်နှင့် အဆက်မပြတ် ဆက်ဆံလာရပြီး အခြားလူများထံမှ လင်းယွမ်၏ အတိတ်အကြောင်းကို နားလည်လာခဲ့သည်။

ယခု ထိုက်ယန်တောင် တစ်ခုလုံး၏ တိုးတက်ပြောင်းလဲမှုများအထိ ရောက်လာသောအခါ သူက လင်းယွမ်တို့အဖွဲ့ကို တဖြည်းဖြည်း အသိအမှတ်ပြုလာပြီး သူ့ကိုယ်သူ ထိုက်ယန်တောင် ခိုလှုံရေးစခန်း၏ အစိတ်အပိုင်း တစ်ခုအဖြစ် တဖြည်းဖြည်း ခံယူလာခဲ့၏။

ကင်းလှည့်တပ်ဖွဲ့သို့ ဝင်ရောက်စက အလုပ်ကို စိတ်မပါ့တပါ လုပ်ကိုင်ခဲ့ရာမှ တဖြည်းဖြည်း ဟန်ရှန်းမန်၏ အဖွဲ့တွင် အဓိက အင်အားစု တစ်ခု ဖြစ်လာသည်အထိ သူ၏ သဘောထားများက တစ်စစ ပြောင်းလဲလာခဲ့သည်။

ယခုအချိန်သို့ ရောက်သောအခါ လင်းယွမ်၏ အစွမ်းထက်သော ကိုယ်ပိုင် တိုက်ခိုက်ရေး စွမ်းရည်ကို ကိုယ်တိုင်ကိုယ်ကျ မျက်မြင်တွေ့ရှိလိုက်ရပြီ ဖြစ်သည်။

ဤအချိန်တွင်မူ သူက အကြွင်းမဲ့ အရှုံးပေးလိုက်ပြီ ဖြစ်၏။

ယခု မိန်းကလေးဟန်၏ စကားကို ကြားသောအခါ သူက မနေနိုင်ဘဲ ခါးသီးစွာ ပြုံးရင်း ပြောလိုက်သည် "ဒီတစ်ခါတော့ ငါ အမြင်မှားသွားတယ်လို့ ဆိုရမှာပေါ့... ဆရာလင်းယွမ်က တကယ့် လူစွမ်းကောင်း တစ်ယောက်ပဲ... သူရှိနေမှ ထိုက်ယန်တောင် ခိုလှုံရေးစခန်းက စိတ်အေးလက်အေး နေနိုင်မှာ"

ဟန်ရှန်းမန်ကလည်း ပြုံးလိုက်ပြီး ပေါ့ပါးစွာ ပြောလိုက်သည် "ဦးလေးကော... တကယ်တော့ အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ရတာ ဘယ်လောက် ပင်ပန်းလဲဆိုတာ ဦးလေး မသိပါဘူး... လူအများကြီးက ကိုယ့်အပေါ် မျှော်လင့်ချက်တွေ ထားထားကြတာလေ... အဲဒီလို ဖိအားမျိုးက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲ သိလား"

"တကယ်တော့ အားလုံးကို သူ့ဆီ အပ်လိုက်ကတည်းက ကျွန်မ ပိုပြီး ပေါ့ပါးသွားတယ်... အခုဆို ညဘက် အိပ်ရင် ဟောက်တောင် ဟောက်နိုင်နေပြီ... ဟီးဟီး"

ဦးလေးကော အနည်းငယ် တိတ်ဆိတ်သွားသည်၊ မိန်းကလေးဟန်က ဒီလောက် ကြီးမားတဲ့ ဖိအားတွေကို ထမ်းပိုးထားခဲ့ရတာလား။

သူက ပါးစပ်ဟလိုက်ပြီး "သမီးဟန်..." ဟု ခေါ်လိုက်၏။

ဟန်ရှန်းမန်က လက်ကာပြလိုက်သည် "ဦးလေးကော... ပြီးသွားတဲ့ ကိစ္စတွေကို မပြောပါနဲ့တော့... ဆရာလင်းယွမ်က ကျွန်မ မြင်ဖူးသမျှထဲမှာ အစွမ်းအထက်ဆုံး လူတစ်ယောက်ပါ... နောက်ပြီး ဒီရေလွှမ်းမိုးနေတဲ့ ကမ္ဘာပျက်ကပ်ကြီးထဲမှာ ကျွန်မတို့ အားလုံးကို အသက်ရှင်သန်အောင် ဦးဆောင်ပေးနိုင်မယ့် အသေချာဆုံး လူတစ်ယောက်လို့ ကျွန်မ ထင်တယ်"

"ကျွန်မကို ယုံပါ... သူ့ကိုလည်း ယုံကြည်ပေးပါ... ဟုတ်ပြီလား"

ဦးလေးကောက ဟန်ရှန်းမန်ကို ကြည့်ကာ ရုတ်တရက် ပြုံးလိုက်ပြီး ခေါင်းကို လေးလေးနက်နက် ညိတ်ပြရင်း ဖြေလိုက်သည် "ငါ ယုံပါတယ်"

တစ်ချိန်တည်းမှာပင် လူအုပ်ထဲတွင် ဟွမ်ဟန်၊ ဝူယင်၊ ရှီဟိုင်ကျူး၊ ကုဖုန်း၊ ကောက်လီ၊ ရှမင်၊ လော်ဟုန်မြန်... အားလုံးက စိတ်လှုပ်ရှားစွာဖြင့် လက်သီးများကို တင်းကြပ်စွာ ဆုပ်ထားကြသည်။

ဒါက သူတို့ ရွေးချယ်ခဲ့တဲ့ ခေါင်းဆောင်ပဲ... ဒါက သူတို့ ထိုက်ယန်တောင် ခိုလှုံရေးစခန်းရဲ့ ခေါင်းဆောင်ပဲ။

ဒီလို အစွမ်းထက်တဲ့ လူနောက်ကို လိုက်မှသာ ဒီရေလွှမ်းမိုးနေတဲ့ ကမ္ဘာပျက်ကပ်ကြီးထဲမှာ အသက်ရှင်သန်နိုင်မှာလေ။

ဤအချိန်တွင် လူတိုင်းက လင်းယွမ်၏ အစွမ်းထက်မှုကို ခံစားမိကြပြီး တစ်ချိန်တည်းမှာပင် တစ်ခါမှ မခံစားဖူးသော လုံခြုံမှုမျိုးကိုလည်း ရရှိလိုက်ကြ၏။

ရွှေနက်မျောက်ဝံကြီး ယူဆောင်လာသော တုန်လှုပ်မှုနှင့် ဩဇာလွှမ်းမိုးမှုတို့က ဆက်တိုက် မြင့်တက်နေဆဲပင်။

လင်းယွမ်၏ ကိုယ်ပိုင် ဩဇာအာဏာသည်လည်း ရွှေနက်မျောက်ဝံကြီး၏ ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများကြားတွင် အဆုံးအစမဲ့ မြင့်တက်လာခဲ့သည်။

တစ်နာရီမပြည့်မီအချိန်အတွင်း ရေလွှမ်းမိုး တားမြစ်နယ်မြေ အနီးရှိ ကမ်းစပ်တွင် သစ်တောများ ပြိုကျကုန်ပြီး မြေပြင်ပေါ်ရှိ နေရာအနှံ့တွင် ဧရာမ ခြေရာများနှင့် လက်သီးရာများ ပြည့်နှက်နေ၏။

ရွှေနက်မျောက်ဝံကြီး နင်းဖြတ်သွားသော မြေပြင်မှာ ရှုပ်ပွနေသည်။

မျိုးစုံသော သတ္တဝါအလောင်းများက မြေပြင်နှင့် မြက်ခင်းများထဲတွင် ပြန့်ကျဲနေကြ၏။

အနည်းအကျဉ်းမျှသာ ရှိသော သေးငယ်သည့် သန္ဓေပြောင်း သတ္တဝါလေးများသာ ဤဘေးအန္တရာယ်မှ လွတ်မြောက်သွားနိုင်ကြသည်။

သန္ဓေပြောင်း သတ္တဝါ အများစုမှာ ကြောက်လန့်တကြားဖြင့် ရေထဲသို့ အလုအယက် ထွက်ပြေးကုန်ကြသည်။

ဤအချိန်တွင် လင်းယွမ်က ရွှေနက်မျောက်ဝံကြီးကို ခေါ်ဆောင်ကာ မြစ်ကမ်းဘေးသို့ ရောက်ရှိနေပြီ ဖြစ်၏။

ရွှေနက်မျောက်ဝံကြီးက ရေထဲတွင် ရပ်နေပြီး ရေက ၎င်း၏ ခါးအထိ နစ်မြုပ်နေကာ ၎င်း၏ ယပ်တောင်ကြီးများအလား ဧရာမ လက်နှစ်ဖက်ဖြင့် ရေအောက်ခြေကို ဆက်တိုက် ထုနှက်ပြီး ရေထဲတွင် စိတ်တိုင်းကျ မွှေနှောက်နေသည်။

၎င်း ဖန်တီးလိုက်သော လှုပ်ရှားမှုများက မသေးငယ်သဖြင့် သေရမည်ကို မကြောက်သော သန္ဓေပြောင်း ငါးအချို့ကို ချက်ချင်း ဆွဲဆောင်နိုင်ခဲ့ပြီး ၎င်း၏ လက်မောင်းများနှင့် ပေါင်များကို လာရောက် ကိုက်ဖြတ်ကြ၏။

ထိုအခွင့်အရေးကို အသုံးချကာ လင်းယွမ်က စိတ်ဝိညာဉ်ရိုက်ခတ်အစွမ်း တစ်ချက်ကို တိုက်ရိုက် ထုတ်လွှတ်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်း သေးငယ်သော သန္ဓေပြောင်း ငါးအမြောက်အမြား ချက်ချင်း သေဆုံးသွားကြ၏။

ကြီးမားသော သန္ဓေပြောင်း ငါးအချို့က ထိုစိတ်ဝိညာဉ် ရိုက်ခတ်မှုကို ခုခံနိုင်ခဲ့သော်လည်း တိုက်ရိုက် သတိလစ်သွားကြပြီး ရေပြင်ပေါ်သို့ ပေါ်လာကြသည်။

ရွှေနက်မျောက်ဝံကြီးက ချက်ချင်း အခွင့်အရေးကို အသုံးချကာ ထိုသန္ဓေပြောင်း ငါးများကို ဖမ်းဆုပ်ပြီး ပါးစပ်ဖြင့် တစ်ကိုက်တည်း ကိုက်ကာ တစ်ဝက်ကို မျိုချလိုက်ပြီးနောက် တစ်ကောင်ကို လွှင့်ပစ်ကာ နောက်တစ်ကောင်ကို ဆက်ဖမ်းနေ၏။

ဤသို့သော ပူးပေါင်းဆောင်ရွက်မှုဖြင့် လူတစ်ယောက်နှင့် မျောက်ဝံတစ်ကောင်က မြစ်ကမ်းအနီးတွင် အရူးအမူး အမဲလိုက် ငါးဖမ်းနေကြသည်။

အနောက်ဘက်ရှိ တင်းယန်၊ ကျောက်ခိုင်နှင့် အခြားလူများက ထိုမြင်ကွင်းကို တွေ့သောအခါ ချက်ချင်း လက်ဝှေ့ယမ်းပြလိုက်ကြ၏။

"အဖွဲ့(၁)... ငါ့နောက်က လိုက်ခဲ့" တင်းယန်က အော်ပြောလိုက်သည်။

ကျောက်ခိုင်ကလည်း အမိန့်ပေး အော်ဟစ်လိုက်သည် "အဖွဲ့(၂)... ငါနဲ့ လိုက်ခဲ့"

ထို့နောက် ဟွမ်ဟန်၊ ဝူယင်၊ ရှီဟိုင်ကျူး၊ ဟန်ရှန်းမန် အစရှိသော အဖွဲ့ခေါင်းဆောင် ဆယ်ဦးကျော်က တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြပြီး အသီးသီး၏ အဖွဲ့များကို ဦးဆောင်ကာ အခင်းဖြစ်ပွားရာသို့ အလျင်အမြန် ဝင်ရောက်လာကြပြီး အပြီးသတ် ရှင်းလင်းရေး အပိုင်းကို စတင်ကြတော့သည်။

လင်းယွမ်ဘက်တွင်မူ ရေတိမ်ပိုင်းရှိ သန္ဓေပြောင်း သတ္တဝါများကို ဆက်တိုက် သတ်ဖြတ်နေပြီး မကြာမီ အနီးတစ်ဝိုက်ရှိ ရေပြင်မှ သတ္တဝါများ အားလုံး ရှင်းလင်းသွားတော့သည်။

သတ္တဝါအများစုမှာ ပိုမိုနက်ရှိုင်းသော နေရာများသို့ ကူးခတ်သွားကြ၏။

လင်းယွမ်က ခေတ္တမျှ ရပ်နားလိုက်ပြီး ရွှေနက်မျောက်ဝံကြီးကို ဘေးဘက်သို့ သွားရောက် နားနေကာ ငါးစားစေလိုက်သည်။

သူက အလွန်ခိုင်မာသော သတ္တုစပ် သံမဏိကြိုးများကို အလျင်အမြန် ထုတ်ယူလိုက်ပြီး မြင့်မားသော နေရာသို့ တိုက်ရိုက် လျှောက်သွားလိုက်၏။

ပေ တစ်ရာခန့် မြင့်သော တောင်ကုန်းပေါ်တွင် သင့်တော်သော နေရာတစ်ခုကို ရှာတွေ့သွားသည်။

ထို့နောက် တောင်ကုန်းအောက်သို့ တိုက်ရိုက် မြေလျှိုးဝင်သွားကာ မြေအောက်ရှိ ဧရာမ ကျောက်တုံးကြီး တစ်တုံးကို ရွေးချယ်လိုက်ပြီး သတ္တုစပ် သံမဏိကြိုးများကို ၎င်းထဲသို့ အလျင်အမြန် ရိုက်သွင်းလိုက်ကာ အစောပိုင်းက ကံစမ်းမဲပေါက်ထားသော သတ္တုစပ် တိုးချဲ့သံမှိုများ စသည့် ပစ္စည်းများကိုပါ အသုံးပြုလိုက်သည်။

ထို့နောက် တောင်ကုန်းထဲမှ ပြန်ထွက်လာကာ သတ္တုစပ် သံမဏိကြိုးများကို မြေအောက်မှ မြေပြင်ပေါ်သို့ တစ်လျှောက်လုံး ဆွဲယူလာပြီး အောက်ဘက် မြစ်ကမ်းဆီသို့ ဦးတည်သွားစေ၏။

ဤသို့ ပြုလုပ်ရခြင်းမှာ ရေမျက်နှာပြင် မြင့်တက်လာပါက နောက်ပိုင်းတွင် သံမဏိကြိုးများကို နေရာရွှေ့ပြောင်းရန် လိုအပ်လာမည်ဖြစ်ပြီး ထိုသို့ လုပ်ဆောင်ရသည်မှာ အတော်လေး အလုပ်ရှုပ်သောကြောင့် ဖြစ်သည်။

ထို့ကြောင့် အစောပိုင်းကတည်းက မြင့်မားသော နေရာတွင် တိုက်ရိုက် ရိုက်သွင်းထားပြီးမှ အောက်ဘက်သို့ တစ်ပိုင်း ဆွဲချထားခြင်း ဖြစ်၏။

နောင်တွင် ရေမျက်နှာပြင် မြင့်တက်လာပါက တစ်ပိုင်းကို ပြန်လည် သိမ်းဆည်းလိုက်ရုံဖြင့် ရေပေါ်တံတား အထက်သို့ ပေါ်လောပေါလော ဖြစ်လာခြင်းအပေါ် မည်သို့မျှ ထိခိုက်မှု ရှိမည်မဟုတ်ပေ။

လင်းယွမ်က သေးသွယ်ရှည်လျားသော သံမဏိကြိုးကို ဆွဲကာ ရေဖြတ်ကူးရန် စတင်လိုက်သည်။

၂ မိုင်ခွဲခန့် ကျယ်ဝန်းသော ရေပြင်မှာ သူ့အတွက် သိပ်မဝေးလှပေ။

သူက ရေအောက် ငုပ်လျှိုးသွားရင်း လမ်းတစ်လျှောက်ရှိ သန္ဓေပြောင်း သတ္တဝါများကို သတ်ဖြတ်ကာ သံမဏိကြိုးကို ချသွား၏။

ပေ သုံးသောင်းကျော် ရှည်လျားသော သံမဏိကြိုးမှာ တစ်ဖက်ကမ်းရှိ မိန်တောင်ပေါ်သို့ လျင်မြန်စွာ ရောက်ရှိသွားတော့သည်။

ထို့နောက် မိန်တောင်ပေါ်တွင်လည်း မြင့်မားသော နေရာတစ်ခုကို ရှာဖွေကာ တောင်ကုန်းထဲသို့ မြေလျှိုးဝင်သွားပြီး ရိုက်သွင်း ခိုင်ခံ့စေသည့် လုပ်ငန်းကို လုပ်ဆောင်လိုက်သည်။

ထို့နောက် နောက်ထပ် နေရာတစ်ခုကို ရွေးချယ်ကာ နောက်ထပ် ကြိုးတစ်ချောင်းကို အနောက်သို့ ပြန်ဆွဲလာခဲ့၏။

သံမဏိကြိုး နှစ်ချောင်းကြား အကွာအဝေးမှာ ပေ ၄၀ ခန့် ရှိသဖြင့် လုံးဝကို ကျယ်ဝန်းနေပြီ ဖြစ်သည်။

သံမဏိကြိုး နှစ်ချောင်း ဆွဲပြီးသွားသည်နှင့် ရေပေါ်တံတား၏ အခြေခံ တည်ဆောက်ပုံ အပြီးသတ်သွားပြီဟု ဆိုနိုင်ပေသည်။

သူက ထိုက်ယန်တောင် ကမ်းစပ်သို့ ပြန်ရောက်လာချိန်တွင် ဤဘက်ကမ်းရှိ ကင်းလှည့်တပ်ဖွဲ့ဝင်များက အပြီးသတ် ရှင်းလင်းရေး အပိုင်းကို လုပ်ဆောင်နေကြဆဲ ဖြစ်၏။

စိုက်ပျိုးရေးခြံ၊ မွေးမြူရေးခြံ၊ သားသတ်ရုံ စသည့် နေရာများမှ လူများလည်း ရောက်လာကြပြီး သန္ဓေပြောင်း သတ္တဝါ အလောင်းများကို ကူညီ သယ်ယူပေးနေကြသည်။

ဤအချိန်တွင် ဆုန့်ဝမ်၊ အဒေါ်ကြီးလီ၊ တင်းယန်၊ ကျောက်ခိုင် အစရှိသူများကို လင်းယွမ်က ခေါ်ယူလိုက်သည်။

တင်းယန်က ချွေးများကို သုတ်ရင်း ပြောလိုက်သည် "ရေလွှမ်းမိုး တားမြစ်နယ်မြေက အခု အခြေခံအားဖြင့်တော့ ရှင်းလင်းပြီးသလောက် ဖြစ်နေပြီ... ကမ်းစပ် အနီးတစ်ဝိုက်မှာ အန္တရာယ်ရှိတဲ့ သန္ဓေပြောင်း သတ္တဝါတွေ သိပ်မရှိတော့ဘူး... ဒါပေမဲ့ နောက်ပိုင်း ရေထဲကနေ သန္ဓေပြောင်း သတ္တဝါတွေ ထပ်တက်မလာဘူးလို့တော့ ကျွန်မ အာမမခံရဲဘူး"

လင်းယွမ်က ပြုံးလိုက်သည် "နောက်ပိုင်း ငါ ရွှေနက်မျောက်ဝံကြီးကို ဒီအနားမှာ ထားခဲ့မယ်... အချိန်တစ်ခုကြာတိုင်း သူ့ကို အမဲလိုက် ငါးဖမ်းထွက်ဖို့ စီစဉ်ပေးမယ်"

"ဒါ့အပြင် နောက်ပိုင်း ကင်းလှည့်တပ်ဖွဲ့ အနေနဲ့လည်း ဒီနေရာမှာ စခန်းတစ်ခု တည်ဆောက်ဖို့ လိုအပ်တယ်... ရေပေါ်တံတား လုံခြုံရေး ကိစ္စတွေကို သီးသန့် တာဝန်ယူပေးရမယ်"

တင်းယန်တို့က ခေါင်းညိတ်ကာ မေးလိုက်သည် "ရှင် စီစဉ်ပြီးသား ဆိုရင်လည်း ကောင်းတာပေါ့... နောက်တစ်ဆင့် ကျွန်မတို့ ဘာလုပ်ကြမလဲ"

လင်းယွမ်က ရေပြင်ပေါ်ရှိ သတ္တုစပ် သံမဏိကြိုး နှစ်ချောင်းကို လက်ညှိုးထိုးပြကာ ရှင်းပြသည် "ရေပေါ်တံတားရဲ့ ကြိုးဆိုင်း တည်ဆောက်ပုံကို ငါ လုပ်ပြီးသွားပြီ... နောက်တစ်ဆင့် ခင်းကျင်းဖို့ အရာတွေ လိုအပ်တယ်"

ကျောက်ခိုင်က ရေပြင်ကို ကြည့်လိုက်ရာ ပေ ၄၀ ခန့် ကျယ်ဝန်းသော ကြိုးဆိုင်းကြား လွတ်နေသည့် နေရာမှာ ဟာလာဟင်းလင်း ဖြစ်နေပြီး ရေလှိုင်းများသာ ရှိနေသည်။

သူက မနေနိုင်ဘဲ မေးလိုက်သည် "အစ်ကိုလင်း... ဒီရေပေါ်တံတားက အရမ်း ကျယ်လွန်းနေမလား... ဒီလောက်ကျယ်တဲ့ သစ်တုံးတွေကို ဘယ်ကနေ သွားရှာပြီး ခင်းရမှာလဲ"

တင်းယန်က လင်းယွမ်ကို ကြည့်ကာ မေးသည် "လင်းယွမ်... အရင်က ရှင် သစ်သားနဲ့ ခင်းဖို့ မရည်ရွယ်ဘူးလို့ ပြောခဲ့တယ်လေ... ရှင့်မှာ ဘာအကြံအစည် ရှိလို့လဲ"

လင်းယွမ်က ပြုံးလိုက်ပြီး ဆုန့်ဝမ်ကို ကြည့်ကာ ပြောလိုက်သည် "နောက်တစ်ဆင့် တာဝန်ကတော့ ဆုန့်ဝမ်ကို အားကိုးရတော့မယ်"

ဆုန့်ဝမ်က တောင်နှစ်လုံးကြားရှိ ရေပြင်ကို ကြည့်နေရင်း သူမ၏ အကြည့်များက ရေပြင်ပေါ်တွင် ပေါလောပေါ်နေသော စိမ်းလန်းစိုပြည်နေသည့် ဗေဒါပင်များဆီသို့ ရုတ်တရက် ရောက်သွား၏။

ထိုဗေဒါပင်များမှာ အကြီးအသေး အမျိုးမျိုး ရှိပြီး သေးငယ်သောအရာများမှာ လက်သီးဆုပ်ခန့် ရှိကာ ကြီးမားသောအရာများမှာ စားပွဲဝိုင်းကြီးခန့် ရှိသည်။

ရေပြင်ပေါ်တွင် လူးလွန့် ပေါလောပေါ်နေကြပြီး ပေ ထောင်ဂဏန်းခန့် အထိ ရှည်လျားစွာ ဖြန့်ကျက်ထား၏။

သူမ၏ မျက်ဝန်းများ အရောင်လက်သွားပြီး ချက်ချင်း သဘောပေါက်သွားကာ အလွန်ဝမ်းသာ အံ့ဩသော အမူအရာဖြင့် လင်းယွမ်ကို ကြည့်လိုက်သည်။

"အစ်ကိုလင်းယွမ်... အစ်ကိုက ဒီဗေဒါပင်တွေကို အသုံးပြုပြီး ရေပေါ်တံတား တည်ဆောက်ချင်တာလား"

ထိုစကား ထွက်လာသည်နှင့် တင်းယန်၊ ကျောက်ခိုင်၊ အဒေါ်ကြီးလီနှင့် အခြားလူများက တစ်ယောက်ပြီးတစ်ယောက် ခေါင်းလှည့်ကာ ရေထဲရှိ ရေတွက်၍မရနိုင်သော ဗေဒါပင်များကို ကြည့်လိုက်ကြပြီး အံ့ဩသော အမူအရာများ ပေါ်လွင်လာကြ၏။

ကျောက်ခိုင်က အံ့အားသင့်စွာ မေးလိုက်သည် "ဒီဗေဒါပင်တွေက အဆင်ပြေပါ့မလား... ခိုင်ခံ့မှု ရှိပါ့မလား"

တင်းယန်က ဘာမှ မပြောတော့ဘဲ မြစ်ကမ်းဘေးသို့ တိုက်ရိုက် ပြေးသွားကာ ခုန်တက်လိုက်ပြီး အနည်းငယ် ကြီးမားသော ဗေဒါပင်တစ်ခုပေါ်သို့ ခုန်ချလိုက်သည်။

ဝုန်းခနဲ အသံနှင့်အတူ ဗေဒါပင်မှာ အနည်းငယ်သာ နစ်မြုပ်သွားပြီးနောက် ချက်ချင်းပင် အပေါ်သို့ ပြန်ပေါ်လာ၏။

အစွမ်းထက်သော ပင့်တင်အားကြောင့် တင်းယန်မှာ မျက်လုံးပြူးသွားပြီး ဝမ်းသာအားရ အော်လိုက်သည် "တကယ်ရတယ်ဟ... ဒီဗေဒါပင်ရဲ့ ပင့်တင်အားက သောက်ရမ်း ကောင်းတာပဲ"

ကျောက်ခိုင်၊ ဆုန့်ဝမ်၊ ဟန်ရှန်းမန်နှင့် အခြားလူများက ထိုစကားကို ကြားသောအခါ ချက်ချင်း မြစ်ကမ်းဘေးသို့ အလုအယက် ပြေးသွားကြပြီး ထိုဗေဒါပင်များကို စောင့်ကြည့်ကြသည်။

ဟန်ရှန်းမန်နှင့် ကျောက်ခိုင်တို့ကလည်း ဗေဒါပင်ပေါ်သို့ ခုန်တက်လိုက်ကြရာ ဗေဒါပင်များက သူတို့နှစ်ဦးကို တည်ငြိမ်စွာ ပင့်တင်ပေးထားပြီး ရေအောက်သို့ နစ်မြုပ်သွားခြင်း မရှိပေ။

ဆုန့်ဝမ်က ထိုမြင်ကွင်းကို မြင်သောအခါ မျက်ဝန်းထဲတွင် အံ့ဩမှုများ ပြည့်နှက်သွားပြီး ပြောလိုက်သည် "ဒီဗေဒါပင်တွေလည်း ဆင့်ကဲ သန္ဓေပြောင်းလဲမှု ဖြစ်စဉ်ကို ဖြတ်သန်းခဲ့ရတာပဲ... အဲဒါကြောင့် သူတို့ရဲ့ ပင့်တင်အားက အများကြီး ပိုအားကောင်းလာတာ"

လင်းယွမ်က လူများကို ပင့်တင်ထားသော ဗေဒါပင်များကို ကြည့်ရင်း ရှင်းပြသည် "ဒီဗေဒါပင်တွေက ရေကြီးမှုနဲ့ လိုက်လျောညီထွေ ဖြစ်အောင်လို့ ဧရာမ အရွယ်အစား အဖြစ် ပြောင်းလဲလာကြပြီး ပိုမို နက်ရှိုင်းတဲ့ ရေပြင်မှာ ရှင်သန်နိုင်အောင် ကြိုးစားနေကြတာ"

"ဒါ့အပြင် သူတို့ရဲ့ ပင့်တင်အား ပိုကြီးလာတာက ပိုဝေးတဲ့ နေရာတွေကို မျောပါသွားဖို့ ပိုအဆင်ပြေစေတယ်... သူတို့ အမဲလိုက်တဲ့ ပစ်မှတ်တွေကလည်း သာမန် ရေပေါ်မှာ ပေါလောပေါ်နေတဲ့ သက်ရှိတွေ မဟုတ်တော့ဘူး... သန္ဓေပြောင်း ဖားဥတွေ၊ သန္ဓေပြောင်း ငါးဥတွေ၊ သေးငယ်တဲ့ ငါးပေါက်စလေးတွေ အကုန်လုံးက အခု သူတို့ရဲ့ အစားအစာတွေ ဖြစ်နေလောက်ပြီ"

အဒေါ်ကြီးလီက မေးလိုက်သည် "ဒီဗေဒါပင်ရဲ့ ပင့်တင်အားကို စမ်းသပ်ဖူးလား... အများဆုံး အလေးချိန် ဘယ်လောက်အထိ ခံနိုင်ရည် ရှိလဲ"

လင်းယွမ်က ခေါင်းခါပြသည် "တိတိကျကျတော့ မစမ်းသပ်ဖူးသေးဘူး... ဒါပေမဲ့ ဗေဒါပင် တစ်ခုပေါ်မှာ လူအနည်းငယ် ရပ်နေတာလောက်ကတော့ ဘာပြဿနာမှ မရှိပါဘူး"

လင်းယွမ် ပြောအပြီးတွင် ဟိုဘက်ရှိ တင်းယန်က ဟန်ရှန်းမန်ကို လက်ယပ်ခေါ်လိုက်သည် "ရှန်းမန်... ငါ့ဘက်ကို လာခဲ့... ဒီဗေဒါပင်ရဲ့ ပင့်တင်အားကို စမ်းကြည့်ရအောင်"

ဟန်ရှန်းမန်က ကြားသောအခါ ခေါင်းညိတ်ပြပြီး ခန္ဓာကိုယ်ကို ခုန်ပျံလိုက်ကာ ဗေဒါပင် အနည်းငယ်ကြားမှ ခုန်ဖြတ်၍ တင်းယန်၏ ခြေအောက်ရှိ ဗေဒါပင်ပေါ်သို့ တိုက်ရိုက် ကျဆင်းသွား၏။

လူတစ်ယောက်၏ အလေးချိန် တိုးလာသည်နှင့် ဤဗေဒါပင်မှာ အနည်းငယ် နစ်မြုပ်သွားသော်လည်း ချက်ချင်းပင် အပေါ်သို့ ပြန်ပေါ်လာကာ ယခင်ကထက် နစ်မြုပ်သွားသည့် ပမာဏမှာ လက်မဝက်ခန့်ပင် မရှိသည်ကို တွေ့ရသည်။

ဤမျှ ကောင်းမွန်သော ပင့်တင်အားကြောင့် ထိုနေရာရှိ လူအားလုံး အံ့ဩသွားကြသည်။

ဆုန့်ဝမ်က အော်ပြောလိုက်သည် "ငါလည်း သွားရပ်ကြည့်ဦးမယ်"

သူမက ချက်ချင်း အရှိန်ယူ ပြေးသွားပြီး တစ်ဟုန်ထိုး ခုန်တက်လိုက်၏။

ဝုန်းခနဲ အသံနှင့်အတူ ဗေဒါပင်ပေါ်သို့ ကျဆင်းသွားသည်၊ သို့သော် ဤဗေဒါပင်မှာ ကျေးလက်ရှိ ရွှံ့မီးဖိုမှ ဒယ်အိုးအဖုံး အရွယ်အစားခန့်သာ ရှိသဖြင့် လူသုံးယောက် ရပ်နေရသည်မှာ မလွဲမသွေ ကျပ်တည်းနေပေသည်။

ဆုန့်ဝမ်က အရှိန်ယူ ပြေးခုန်လာသဖြင့် တင်းယန်နှင့် ဟန်ရှန်းမန် ကြားသို့ ချက်ချင်း ဝင်တိုက်မိသွားသည်။

ကံကောင်းစွာဖြင့် တင်းယန်၏ ရင်အုပ်မှာ ကြီးမားကျယ်ပြန့်ပြီး ဆုန့်ဝမ်၏ ရင်အုပ်မှာလည်း မသေးငယ်သဖြင့် ဧရာမ စပါးကျီကြီး နှစ်ခု ပွတ်တိုက်မိကာ အနည်းငယ် ပုံပျက်သွားသော်လည်း အနည်းဆုံးတော့ တိုးဝှေ့ တက်လာနိုင်ခဲ့၏။

ဟန်ရှန်းမန်မှာ မိန်းကလေး နှစ်ယောက်ကြားတွင် ရပ်နေရသဖြင့် မျက်နှာပေါ်တွင် အနည်းငယ် အနေရခက်မှုများ ပေါ်လွင်နေသည်။

သူမ၏ အရပ်အမောင်းမှာ ရှည်လျားသော်လည်း ရင်သားမှာမူ ထိုနှစ်ယောက်နှင့် ယှဉ်လိုက်ပါက အနည်းငယ် သေးငယ်နေပေသည်။

သူမက မျက်နှာ အနည်းငယ် နီရဲသွားပြီး ခေါင်းကို လွှဲကာ ခြေအောက်ရှိ ဗေဒါပင်ကို ကြည့်ရင်း ပြောလိုက်သည် "ဒီလောက် သေးငယ်တဲ့ ဗေဒါပင်လေးက ငါတို့ သုံးယောက်ရဲ့ အလေးချိန်ကို ခံနိုင်ရည် ရှိနေတာက တကယ်ကို မယုံနိုင်စရာပဲ"

ဆုန့်ဝမ်က ခြေကို အားကုန် ဆောင့်လိုက်ပြီး ဗေဒါပင်၏ ခိုင်ခံ့မှုနှင့် ပင့်တင်အားကို ခံစားကြည့်ကာ မျက်နှာပေါ်တွင် ဝမ်းသာမှုများ ပြည့်နှက်နေပြီး ပြောလိုက်သည် "ဒီပင့်တင်အားက အရမ်းမိုက်တာပဲ... ရေပေါ်တံတားရဲ့ ကြမ်းပြင်အဖြစ် ခင်းဖို့ တကယ်ကို အသုံးပြုနိုင်တယ်"

သူမက ခြေဆောင့်လိုက်ချိန်တွင် ရင်သားများ လှုပ်ခါသွားပြီး လှိုင်းတွန့်လေးများ အဖြစ် ဖြစ်ပေါ်သွား၏။

တင်းယန်မှာ သူမ၏ တွန်းတိုက်မှုကြောင့် ပို၍ပင် သိသာထင်ရှားလာသော်လည်း ကာယကံရှင် နှစ်ဦးစလုံးက ထိုအရာများကို သတိမထားမိကြသည်မှာ ထင်ရှားသည်။

တင်းယန်က ဆွဲထားပြီးသော ကြိုးဆိုင်းကို ကြည့်ကာ မေးလိုက်သည် "လင်းယွမ်... ဒီဗေဒါပင်တွေကို ဘယ်လို ခင်းဖို့ စီစဉ်ထားလဲ"

လင်းယွမ်က မိန်းကလေး သုံးဦး၏ လှပသော ကိုယ်နေဟန်ထားကို ခံစားကြည့်နေရာမှ ထိုစကားကို ကြားသောအခါ သတိပြန်ဝင်လာပြီး ပြုံးရင်း ဖြေလိုက်သည် "ငါ့ အကြံအစည်က ကြိုးဆိုင်းတစ်လျှောက် တတ်နိုင်သမျှ ဗေဒါပင်တွေကို ကြိုးဆိုင်းအတွင်းမှာ တပ်ဆင်ပြီး ကြိုးဆိုင်းအတွင်းမှာပဲ ကြီးထွားလာစေပြီး ဗေဒါပင်တံတား တစ်စင်း အဖြစ် ဖန်တီးဖို့ပဲ"

"ဆုန့်ဝမ် ရှိနေတော့ ဒီအလုပ်က သိပ်မခက်ဘူး"

လင်းယွမ်က ပစ္စည်းသိုလှောင်ခန်းထဲမှ သံချေးမတက်သော သံကြိုးကွင်းများစွာကို ထုတ်ယူလိုက်ပြီး ဆက်ပြောသည် "ဗေဒါပင်တွေ ရေလှိုင်းနဲ့ မျောပါသွားတာကို ကာကွယ်ဖို့ သူတို့ကို သတ္တုစပ် သံမဏိကြိုးဆိုင်းတွေပေါ်မှာ ချည်နှောင်ထားဖို့ လိုအပ်တယ်"

"ငါတို့ လူဒီလောက် အများကြီး ရှိတာပဲ... အစွမ်းကုန် ကြိုးစားလိုက်ရင် ဒီနေ့လောက်ဆို ပြီးလောက်မှာပါ" ကျောက်ခိုင်က ချက်ချင်း ဝင်ပြောလိုက်၏။

ဟိုဘက်ရှိ တင်းယန်တို့ သုံးယောက်လည်း ဗေဒါပင်ပေါ်မှ ဆင်းလာကြပြီး ဆုန့်ဝမ်က ပြောလိုက်သည် "အဲဒီအချိန်ကျရင် ကျွန်မက အစွမ်းကို သုံးပြီး ဒီဗေဒါပင်တွေကို လှုံ့ဆော်ပေးမယ်... သူတို့ကို ပိုကြီးလာအောင် လုပ်လိုက်ရင် ဖုံးလွှမ်းနိုင်တဲ့ ဧရိယာက အများကြီး တိုးလာလိမ့်မယ်"

လင်းယွမ်က ခေါင်းညိတ်ကာ ပြုံးလိုက်သည် "ဒါဆိုရင်လည်း ဒီအစီအစဉ်အတိုင်းပဲ... အားလုံး စလိုက်ကြရအောင်"

ကျောက်ခိုင်က အော်ပြောလိုက်သည် "အတော်ပဲ ဟိုဘက်က အပြီးသတ် ရှင်းလင်းရေး အပိုင်းလည်း ပြီးသလောက် ဖြစ်နေပြီ... ကင်းလှည့်တပ်ဖွဲ့ဝင်တွေ အကုန်လုံး ဝိုင်းကူကြရင် မြန်မြန် ပြီးလောက်မှာပါ"

လင်းယွမ်က ခေါင်းညိတ်ကာ ပြုံးလိုက်သည် "ကောင်းပြီလေ... ဒါဆို ရေပေါ်တံတား ကိစ္စကို မင်းတို့ဆီ အပ်ခဲ့ပြီ... ငါက နောက်တစ်ဆင့် အနေနဲ့ ရေအောက်ကို တစ်ခေါက်သွားပြီး ရေအောက်က အကောင်ကြီးကြီးတချို့ကို ပိုပြီး နက်နက်ရှိုင်းရှိုင်း ရှင်းလင်းဖို့ လိုအပ်သေးတယ်"

လက်ရှိ တာဝန်များကို ခွဲဝေချထားပြီးနောက် ကင်းလှည့်တပ်ဖွဲ့ဝင် တစ်ယောက်စီက ဗေဒါပင်များကို အသုံးပြု၍ ရေပေါ်တံတား တည်ဆောက်မည်ဟူသော သတင်းကို ကြားသောအခါ ချက်ချင်း အလွန်အမင်း အံ့ဩသွားကြ၏။

လူအများအပြားက အချင်းချင်း ဆွေးနွေးပြောဆိုနေကြသည်။

"ဒီဗေဒါပင်တွေကို ရေပေါ်တံတား တည်ဆောက်ဖို့ သုံးမယ်... ဒါ အဆင်ပြေပါ့မလား"

"ငါ ခုနက ပြေးသွားပြီး စမ်းကြည့်သေးတယ်... မပြောနဲ့တော့... ဒီဗေဒါပင်တွေရဲ့ ပင့်တင်အားက တကယ်ကို လွန်လွန်းတယ်"

"သောက်ကျိုးနဲ... ငါလည်း ခုနက စမ်းကြည့်လိုက်တယ်... တကယ် ပင့်တင်အား ကောင်းတာကွ"

"မင်းတို့က အခုမှ သိကြတာလား... ငါ ခုနက အပြီးသတ် ရှင်းလင်းရေး အပိုင်း လုပ်နေတုန်းက ကားတစ်စီးစာလောက် ရှိတဲ့ သန္ဓေပြောင်း ဖားပြုတ်ကြီး တစ်ကောင် ဗေဒါပင်ပေါ်ကို တိုက်ရိုက် ခုန်တက်သွားတာကို မြင်လိုက်တယ်... အဲဒီလောက် လေးတဲ့ သတ္တဝါတောင် ဗေဒါပင်ကို နစ်သွားအောင် ဖိမချနိုင်တာကို မြင်ကတည်းက ဒီဗေဒါပင်တွေရဲ့ ပင့်တင်အားက သောက်ရမ်း ကောင်းမှန်း ငါ သိပြီးသား"

"ဒါကို ဘယ်သူ တွေးလိုက်တာလဲ... တကယ့်ကို ထူးဆန်းတဲ့ အကြံအစည်ပဲနော်... ဒီဗေဒါပင်တွေကို သုံးပြီး ရေပေါ်တံတား တည်ဆောက်ဖို့ တွေးမိတယ်ဆိုတာကလေ... ငါ့ရဲ့ ဒီဦးနှောက်တုံးကြီးနဲ့ဆိုရင် ခေါင်းကွဲမတတ် စဉ်းစားရင်တောင် တွေးမိမှာ မဟုတ်ဘူး"

"ဒါများ မေးနေစရာ လိုသေးလို့လား... သေချာပေါက် ဆရာလင်းယွမ်ပေါ့"

......

ဆွေးနွေးပြောဆိုမှုများ ကြားတွင် အားလုံးက ဆရာလင်းယွမ်အပေါ် ပို၍ပင် လေးစားအားကျလာကြပြီး လူအများအပြားက မျက်ကန်းယုံကြည်မှု ဘက်သို့ပင် ရောက်ရှိနေကြပြီ ဖြစ်သည်။

အားလုံးက ရေထဲ ဆင်းကာ ဗေဒါပင်များကို စတင် ဆယ်ယူကြပြီး ကြိုးဆိုင်းဘက်သို့ ပို့ဆောင်ပေးနေကြ၏။

ရေဓာတ် အစွမ်းပိုင်ရှင် အချို့က ဟန်ရှန်းမန်၊ ခွန်ဆန်းနှင့် အခြားလူများကို ဦးဆောင်စေကာ ရေထဲသို့ အလျင်အမြန် ဆင်းသွားကြပြီး ဗေဒါပင်များကို သတ္တုစပ် သံမဏိကြိုးများပေါ်တွင် စတင် တပ်ဆင်ကြသည်။

ယခင် မိန်ဟိုင်ဥယျာဉ်၏ ရေဓာတ် အစွမ်းပိုင်ရှင် တစ်ဦး ဖြစ်ခဲ့သော ခွန်ဆန်းမှာ ထိုက်ယန်တောင် ခိုလှုံရေးစခန်း တည်ဆောက်ရေးနှင့် ပြုပြင်မွမ်းမံရေး လုပ်ငန်းများတွင် တစ်လကြာ ပါဝင်ခဲ့ရစဉ်အတွင်း စွမ်းဆောင်ရည် အလွန်ကောင်းမွန်ခဲ့သည်။

ယခုအခါ ဝူယင်၏ လက်အောက်ရှိ အဖွဲ့ငယ်ခေါင်းဆောင် တစ်ဦး ဖြစ်နေပြီ ဖြစ်ပြီး ခွန်အားနှင့် အလျင် အစွမ်းပိုင်ရှင် အချို့ကို ဦးဆောင်နေ၏။

အစောပိုင်းက ချင်ရှောင်ယန်၏ လေဓားဖြင့် ဆုံးမခံခဲ့ရသော ဒဏ်ရာမှာလည်း ပျောက်ကင်းသွားခဲ့ပြီ ဖြစ်ပြီး ဤဒဏ်ရာက လီယွဲ့ဖုန်း၏ အဖွဲ့နှင့် သူ၏ အတိတ်ကို ကိုယ်စားပြုနေကာ မိန်ဟိုင်ဥယျာဉ်မှ လီယွဲ့ဖုန်း၊ ချွီမုန့်ကျူ အစရှိသော သူများ၏ ပုံမှန်မဟုတ်သော အပြုအမူများကို အချိန်တိုင်း သတိရစေရန် သတိပေးနေသည်။

ဤအရာများက သူ့ကိုယ်သူ အမြဲတမ်း သတိပေးနေသည်မှာ လက်ရှိ ထိုက်ယန်တောင် ခိုလှုံရေးစခန်းက ဘယ်လောက်တောင် ကောင်းမွန်လဲ ဆိုသည်နှင့် ယခု ခက်ခက်ခဲခဲ ရရှိထားသော ပျော်ရွှင်မှုကို သူ နှစ်ဆတိုး၍ တန်ဖိုးထားသင့်ကြောင်းပင် ဖြစ်၏။

ထို့ကြောင့် ရေဓာတ် အစွမ်းပိုင်ရှင် တစ်ဦး အနေဖြင့် နောက်ဆုံးတွင် သူက ဤရေလွှမ်းမိုး တားမြစ်နယ်မြေ တာဝန်တွင် သူ၏ အစွမ်းအစများကို အပြည့်အဝ ပြသခွင့် ရရှိသွားတော့သည်။

ခုနက အပြီးသတ် ရှင်းလင်းရေး အပိုင်းတွင် သူ၏ စွမ်းဆောင်ရည်မှာ ထူးထူးခြားခြား ပေါ်လွင်ခဲ့ပြီး ယခုတွင် ဝူယင်က အဓိက ခေါ်ယူကာ ဟန်ရှန်းမန်နှင့် အတူတကွ ရေပေါ်တံတား တည်ဆောက်ရေးကို ကူညီရန် စေလွှတ်လိုက်ခြင်း ဖြစ်သည်။

ဤဘက်တွင် ရေပေါ်တံတား တည်ဆောက်ရေး လုပ်ငန်းများမှာ မီးကုန်ယမ်းကုန် ဖြစ်နေပြီး လင်းယွမ်ကမူ ရေအောက် အနက်ပိုင်းသို့ ဝင်ရောက်သွားပြီ ဖြစ်၏။

ရေအောက် ပေ ၄၀ ခန့် သို့ ရောက်ရှိသွားချိန်တွင် အလင်းရောင်များက မှေးမှိန်သွားခဲ့ပြီ ဖြစ်သည်။

လင်းယွမ်က ဂရုမစိုက်ပေ... ဆင့်ကဲပြောင်းလဲခြင်း အစွမ်းကို အသက်သွင်းထားပြီး သူ၏ နားအနောက်တွင် ငါးပါးဟက်ကဲ့သို့သော အင်္ဂါအစိတ်အပိုင်းတစ်ခု အလိုအလျောက် ဆင့်ကဲပြောင်းလဲ ဖြစ်ပေါ်လာကာ ရေအောက်တွင် အသက်ရှူနိုင်ရန် လုံလောက်နေပြီ ဖြစ်သည်။

သူ၏ အမြင်အာရုံမှာလည်း ဆင့်ကဲပြောင်းလဲသွားပြီး ရေအောက် ပတ်ဝန်းကျင်နှင့် တဖြည်းဖြည်း လိုက်လျောညီထွေ ဖြစ်လာကာ ပတ်ဝန်းကျင်ရှိ အခြေအနေ အားလုံးကို ရှင်းလင်းစွာ မြင်တွေ့နိုင်နေ၏။

တကယ်တမ်းတွင် သူက မျက်လုံးဖြင့် ကြည့်ရှုရန်ပင် မလိုအပ်ဘဲ စိတ်စွမ်းအင်များကို တိုက်ရိုက် ထုတ်လွှတ်လိုက်ပါက ပတ်ဝန်းကျင် အခြေအနေကို ထိုနည်းတူစွာ အာရုံခံနိုင်ပေသည်။

ရေနက်ပိုင်းတွင် လင်းယွမ်က အကြည့်များကို လှည့်လည်ကြည့်ရှုလိုက်ရာ မျက်နှာပေါ်တွင် အံ့ဩသော အမူအရာများ ပေါ်လွင်လာသည်။

ဤရေအောက် ဧရိယာတွင် သန္ဓေပြောင်း ငါးများ၊ ဂဏန်းများ အများအပြား ပုန်းအောင်းနေကြ၏။

သို့သော် လင်းယွမ်ကို တကယ်တမ်း အံ့အားသင့်စေသည်မှာ ဤသန္ဓေပြောင်း ငါးများနှင့် ဂဏန်းများ မဟုတ်ဘဲ ရေအောက် ပတ်ဝန်းကျင်ပင် ဖြစ်သည်။

မူလက ရေကြီးမှုကြောင့် နစ်မြုပ်သွားသော တောင်ကုန်းပေါ်တွင် ပုပ်သိုးသွားသင့်သော သစ်ပင် ပန်းမန်များမှာ ရေကြီးမှုကြောင့် သေဆုံးသွားခြင်း မရှိဘဲ ပိုမို ကြီးထွားလာကြသည်ကို မြင်လိုက်ရသောကြောင့်ပင်။

ဤသစ်ပင်များနှင့် ဆူးခြုံများမှာ အသစ်တဖန် ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်မှာ သိသာထင်ရှားလှ၏။

၎င်းတို့၏ သစ်ကိုင်းများက ဗေဒါပင်များကဲ့သို့ နူးညံ့သွားပြီး ရေစီးကြောင်းနှင့်အတူ ညင်သာစွာ ယိမ်းနွဲ့နိုင်ကြသည်။

၎င်းတို့၏ သစ်ရွက်များမှာလည်း အများကြီး သေးငယ်သွားပြီး ဆန့်ကျင်ဘက်အနေဖြင့် အမြစ်များက အလွန်တရာ ကြီးမားခိုင်မာလာကြ၏။

"ရေအောက်မှာ အလင်းရောင် အားနည်းသွားလို့ သူတို့က အလင်းမှီစုဖွဲ့ခြင်း လုပ်ငန်းစဉ်ကို မမှီခိုတော့လို့များလား"

"ပြီးတော့ သူတို့ရဲ့ သစ်ကိုင်းတွေ နူးညံ့သွားတာက ရေစီးကြောင်းရဲ့ တိုက်စားမှုကို လိုက်လျောညီထွေ ဖြစ်အောင်လို့၊ ရေအောက်ရေစီးကြောင်းရဲ့ အားကို အချိန်မီ ဖယ်ရှားပစ်နိုင်အောင်လို့များလား"

လင်းယွမ်က ဤအပင်များ မည်သို့မည်ပုံ ဤကဲ့သို့သော အဆင့်မျိုးကို ဆင့်ကဲပြောင်းလဲလာသနည်း ဆိုသည်ကို တိတိကျကျ နားမလည်သော်လည်း ဤအပင်များ ယခုကဲ့သို့သော ပုံစံမျိုး ဆင့်ကဲပြောင်းလဲလာသည့် အကြောင်းရင်းကို အကြမ်းဖျင်း ခန့်မှန်းမိလေသည်။

လင်းယွမ်က မနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည် "ထင်ထားတဲ့အတိုင်းပဲ... ဒီကမ္ဘာကြီးမှာ လူသားတွေတင် လိုက်လျောညီထွေဖြစ်အောင် ဆင့်ကဲပြောင်းလဲနေကြတာ မဟုတ်ဘူး... သက်ရှိ အားလုံးက အဆက်မပြတ် ဆင့်ကဲ သန္ဓေပြောင်းလဲနေကြတာပဲ"

သို့သော် ဤသစ်ပင်များ သန္ဓေပြောင်းသွားပြီးနောက်တွင် အညစ်အကြေးများကို ဖုံးကွယ်ရန် ပိုမို လွယ်ကူသွားတော့သည်။

သန္ဓေပြောင်း ငါးအချို့၊ သန္ဓေပြောင်း ဂဏန်းများ၊ သန္ဓေပြောင်း ခရုများ အားလုံးက ဤသန္ဓေပြောင်း အပင်များထဲတွင် ပုန်းအောင်းနေကြသဖြင့် သာမန် မျက်လုံးဖြင့် ရှာဖွေရန်မှာ တကယ်ကို ခက်ခဲလှ၏။

ကံကောင်းစွာဖြင့် လင်းယွမ်တွင် စိတ်စွမ်းအင် ရှိနေသဖြင့် အမြင်အာရုံကိုသာ အားကိုး၍ တစ်ခုချင်းစီ စစ်ဆေးရန် မလိုအပ်ပေ။

"ရေပေါ်တံတား အောက်က ဒီသန္ဓေပြောင်း အပင်တွေကို ရှင်းလင်းပစ်မှ ရမယ်... မဟုတ်ရင် သန္ဓေပြောင်း သတ္တဝါတွေကို ဒီမှာ ပုန်းအောင်းဖို့ အလွယ်တကူ ဆွဲဆောင်နိုင်လိမ့်မယ်"

လင်းယွမ်က ရေအောက်သို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်သွားပြီး ဤနေရာတွင် ရေအောက် တောအုပ်များ ပြည့်နှက်နေသည်ကို မြင်သောအခါ ရေလွှမ်းမိုး တားမြစ်နယ်မြေတွင် အဘယ်ကြောင့် သန္ဓေပြောင်း သတ္တဝါများ အများအပြား ရှိနေရသနည်း ဆိုသည်ကို သဘောပေါက်သွား၏။

ဤသန္ဓေပြောင်း သတ္တဝါများက ကမ်းပေါ်တက်၍ နားနေနိုင်သလို ရေအောက် တောအုပ်များထဲသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ကာ အမဲလိုက်နိုင်ကြသည်။

ဒါက အလွန် ပြီးပြည့်စုံတဲ့ ဂေဟစနစ်တစ်ခု မဟုတ်ပါလား။

မိမိအနေဖြင့် ရေပေါ်တံတား အနီးရှိ ရေအောက် တောအုပ်များကို ရှင်းလင်းပစ်ပြီး ဤနေရာ၏ ဂေဟစနစ်ကို တိုက်ရိုက် ဖျက်ဆီးပစ်ရမည်... သို့မှသာ ရေပေါ်တံတား အနီးရှိ ရေအောက် သန္ဓေပြောင်း သတ္တဝါ အရေအတွက်ကို အလျင်အမြန် လျှော့ချနိုင်မည် ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် သန္ဓေပြောင်း သတ္တဝါ ဖြစ်စေ မဖြစ်စေ ၎င်းတို့က မွေးရာပါ ဗီဇအရ မိမိကိုယ်ကို ပုန်းကွယ်နေရသည်ကို နှစ်သက်ကြသောကြောင့်ပင်။

အကယ်၍ ရေပေါ်တံတား အောက်တွင် ရေအောက် တောအုပ်များ မရှိပါက ၎င်းတို့အနေဖြင့် ရေအောက် တောအုပ် ရှိသော နေရာများသို့ သေချာပေါက် ပြောင်းရွှေ့သွားကြမည် ဖြစ်သည်။

ဤသို့ဖြင့် ရေပေါ်တံတား နေရာမှာ သဘာဝအလျောက် အများကြီး လုံခြုံသွားပေလိမ့်မည်။

လင်းယွမ်က စိတ်ထဲရှိ အတွေးများကို ဖိနှိပ်လိုက်ပြီး မူလ အစီအစဉ်အတိုင်း ရေအောက်ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းရေး တစ်ကြိမ် အရင်လုပ်ကာ အမှတ်များ တစ်ပတ်လည် ယူဦးမည်ဟု တွေးလိုက်သည်။

နောက်ပိုင်းမှ ရေအောက် တောအုပ်ကို ရှင်းလင်းလိုက်မည်။

"နေဦး... ရေအောက် တောအုပ်ကို ဘာလို့ ရှင်းလင်းရမှာလဲ... ဒီအတိုင်း ထားလိုက်ပြီး တစ်ပတ် တစ်ခါ ငါလာပြီး အမှတ်တွေ ယူလိုက်ရင် ပိုမကောင်းဘူးလား"

လင်းယွမ်၏ မျက်လုံးများ အရောင်လက်သွားသည်၊ မိမိ လမ်းကြောင်းလွဲသွားပြီဟု ခံစားလိုက်ရသည်... မိမိ ရေပေါ်တံတား တည်ဆောက်ခြင်းမှာ တောင်နှစ်လုံးမှ လူများ အဆင်ပြေပြေ သွားလာနိုင်စေရန် ဖြစ်သော်လည်း...

သို့သော် အနှစ်သာရအားဖြင့် မိမိ ခိုလှုံရေးစခန်းကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်နေခြင်းမှာ အမှတ်များ ရှာဖွေရန် မဟုတ်ပါလော။

ဒီနေရာက အမှတ်တွေ ရှာဖို့အတွက် နေရာကောင်းတစ်ခုပဲ... ဘာလို့ ဒီနေရာရဲ့ ပတ်ဝန်းကျင်ကို ဖျက်ဆီးပစ်ရမှာလဲ။

ဒါ့အပြင် ကိုယ်ကိုယ်တိုင် အလုပ်များလို့ မလာနိုင်ရင်တောင် ကင်းလှည့်တပ်ဖွဲ့က လူတွေ ဒီအနီးတစ်ဝိုက်မှာ တိုက်ပွဲဝင်ပြီး သန္ဓေပြောင်း သတ္တဝါတွေကို ဖမ်းပြီး သားသတ်ရုံကို ပို့ပေးရင် မိမိက အမှတ်တွေ ထပ်ရနိုင်သေးတာပဲ။

ဤသို့ တွေးမိသောအခါ လင်းယွမ်က ချက်ချင်း သွားဖြီးကာ ရယ်မောလိုက်၏။

"ဒီရေပြင်က သန္ဓေပြောင်း သတ္တဝါတွေရဲ့ အရေအတွက်ကို ထိန်းသိမ်းထားနိုင်မယ်ဆိုရင် သူတို့က ရေပေါ်တံတားနဲ့ တံတားဖြတ်ကူးမယ့် လူတွေကို ခြိမ်းခြောက်နိုင်လောက်တဲ့အထိ မဖြစ်စေဘဲ ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်တဲ့ တိုက်ပွဲနယ်မြေတစ်ခု အဖြစ် လုံးဝ အသုံးပြုနိုင်တာပဲ"

လင်းယွမ်က ထိုအချက်ကို တွေးမိသွားပြီးနောက် ရေအောက် တောအုပ်ကို ရှင်းလင်းရန် မပြင်ဆင်တော့ဘဲ တောအုပ်ထဲရှိ သန္ဓေပြောင်း သတ္တဝါများကို အာရုံစိုက် ရှင်းလင်းကာ အမှတ်များကို အလျင်အမြန် စုဆောင်းတော့သည်။

ဆက်တိုက် နက်နက်ရှိုင်းရှိုင်း ဝင်ရောက်သွားသည်နှင့်အမျှ လင်းယွမ် သတ်ဖြတ်သော သန္ဓေပြောင်း ငါးများမှာ ပိုမို များပြားလာပြီး ဤအနီးတစ်ဝိုက်ရှိ သန္ဓေပြောင်း သတ္တဝါများကလည်း ဤနေရာတွင် လူပုံစံ သတ္တဝါတစ်ကောင် ရှိနေကြောင်းကို သိရှိသွားသည့်အလား ဤရေပြင်ကို ရှောင်ရှားကာ အခြား ရေပြင်များသို့ ထွက်ပြေးကုန်ကြ၏။

လင်းယွမ်က ထိုပြောင်းလဲမှုကို သတိပြုမိသွားပြီး ရင်ထဲတွင် ချက်ချင်း အနည်းငယ် စိတ်ပျက်သွားသည်။

ဒီသန္ဓေပြောင်း သတ္တဝါတွေကလည်း အရူးတွေမှ မဟုတ်တာ... မိမိ အမဲလိုက်တာကို စောင့်ပြီး ဒီနေရာမှာ အသေခံ နေကြမှာမှ မဟုတ်တာ။

အန္တရာယ်ကို သတိပြုမိသွားပြီးနောက် ဒီသန္ဓေပြောင်း သတ္တဝါတွေက ဒီနေရာကနေ အလျင်အမြန် ထွက်ပြေးသွားကြတာပဲ။

ထို့ကြောင့် ဤရေပြင်မှာ မသေးငယ်ဟု ထင်ရသော်လည်း လင်းယွမ်က နှစ်ခေါက်ခန့်သာ လှည့်လည်လိုက်ချိန်တွင် အခြေခံအားဖြင့် သန္ဓေပြောင်း သတ္တဝါများကို သိပ်မတွေ့ရတော့ပေ။

မတတ်သာသည့်အဆုံး လင်းယွမ်က အောက်ဘက်ရှိ ရေအောက် တောအုပ်ထဲသို့ တိုးဝင်သွားပြီး ဤရေအောက် တောအုပ်ထဲတွင် ပုန်းအောင်းနေသော သန္ဓေပြောင်း သတ္တဝါများ ရှိနေမည်လား ဆိုသည်ကို ကြည့်ရှုလို၏။

သူက ရေအောက် တောအုပ်ထဲသို့ တိုးဝင်သွားသည်နှင့် တစ်ချိန်က ထိုက်ယန်တောင်၏ အဆောက်အအုံ အချို့ကို မြင်တွေ့လိုက်ရတော့သည်။

ဆက်ရန်...

အပိုင်း(၂၉၂) ထိုက်ယန်တောင်ရေအောက်နှင့် စည်ကားနေသောအရက်ဘား

ဤအဆောက်အအုံများက ထိုက်ယန်တောင်ခြေတွင် တည်ဆောက်ထားခြင်းဖြစ်ပြီး ယခုအခါ ရေလွှမ်းမိုးမှုအောက်တွင် လုံးဝနစ်မြုပ်သွားခဲ့လေပြီ။

လင်းယွမ်က အနီးအနားရှိ အဆောက်အအုံများကြားတွင် တစ်ပတ်ခန့်လှည့်လည်ကြည့်ရှုလိုက်ရာ ထိုက်ယန်တောင်ခြေရှိ ခရီးသွားစင်တာ၊ လက်ဖက်ရည်ဆိုင်နှင့် သရေစာဆိုင်စသည့် နေရာများကို လျင်မြန်စွာ တွေ့ရှိသွားခဲ့သည်။

တစ်ချိန်က အလွန်ရင်းနှီးကျွမ်းဝင်ခဲ့သော ဤအဆောက်အအုံများကို မြင်လိုက်ရသောအခါ လင်းယွမ်၏ရင်ထဲတွင် လှုပ်ရှားသွားပြီး ချက်ချင်းပင် ထိုနေရာသို့ ကူးခတ်သွားခဲ့သည်။

သူ ပထမဆုံးရောက်ရှိသွားသည့်နေရာက လက်ဖက်ရည်ဆိုင်တစ်ဆိုင် ဖြစ်သည်။

ရေအောက်ရှိ ထိုလက်ဖက်ရည်ဆိုင်၏ ဆိုင်းဘုတ်မှာ ရေမကြီးမီက တော်တော်လေးနာမည်ကြီးခဲ့သော ဆိုင်တစ်ဆိုင်ဖြစ်သော်လည်း ယခုအခါတွင်မူ 'ရေခဲမြို့တော်' ဟူသော စာလုံးနှစ်လုံးသာ ချိတ်ဆွဲကျန်ရစ်တော့ပြီး ကျန်စာလုံးများအားလုံး ပြုတ်ကျပျက်စီးနေခဲ့ပြီဖြစ်သည်။

မှန်တံခါးများကလည်း ပြင်းထန်လှသော ရေဖိအားကြောင့် အစအနများအဖြစ် ကြေမွနေသည်ကို လင်းယွမ် မြင်တွေ့လိုက်ရသည်။

ကြမ်းပြင်ပေါ်တွင် ရွှံ့နွံများ ထူထပ်စွာဖုံးလွှမ်းနေပြီး နဂိုက တောက်ပချောမွေ့နေခဲ့မည့် ကြမ်းခင်းကြွေပြားများကိုပင် မမြင်ရတော့ချေ။

လင်းယွမ်က လက်ဖက်ရည်ဆိုင်အတွင်းသို့ ဆက်လက်ကူးခတ်သွားခဲ့သည်။

အထဲတွင် မှောင်မိုက်နေပြီး ဖရိုဖရဲဖြစ်နေသော လက်ဖက်ရည်ဖျော်သည့် ကိရိယာများနှင့် စက်ပစ္စည်းများကိုသာ တန်းစီလျက် တွေ့ရသည်။

သူက ထိုကိရိယာများကို လက်လှမ်းလိုက်ပြီး ပစ္စည်းသိုလှောင်ခန်းအတွင်းသို့ အကုန်လုံးကို သိမ်းဆည်းလိုက်သည်။

ထိုက်ယန်တောင် ဈေးဝယ်စင်တာဘက်တွင် လောလောဆယ်အထိ လက်ဖက်ရည်ဆိုင် မရှိသေးပေ။

ဤကိရိယာများကို ယူဆောင်သွားပြီး လက်ဖက်ရည်ဆိုင်ဖွင့်ရန် ဝယ်ယူလိုသူ ရှိမရှိကို အချိန်ကျလျှင် စောင့်ကြည့်ရမည်ဖြစ်သည်။

သိုင်းဘုရင်ဂေဟာတွင် 'နို့နှစ်လေး' ဟု ချစ်စနိုးခေါ်ကြသော ပိုင်ကျစ်လဲ့အမည်ရှိ မိန်းကလေးတစ်ဦးရှိပြီး သူမက 'အာဟာရဖြည့်ရည်' ကုသရေးဆေးရည်ကို ဖော်စပ်ရာတွင် ကျွမ်းကျင်ကြောင်း သူ မှတ်မိနေသည်။

သူမက ကျွမ်းရှုယွမ်၊ ကောကျဲတို့နှင့်အတူ ဆိုင်ဖွင့်ရန် ရည်ရွယ်ထားပုံရပြီး သူတို့၏ လျှောက်လွှာစာရွက်စာတမ်းများကို ရန်မေ၏ စားပွဲပေါ်တွင် သူ တွေ့ခဲ့ဖူးသည်။

ထိုလူများက ဤစက်ပစ္စည်းများကို စိတ်ဝင်စားကြလိမ့်မည်ဟု သူ ခန့်မှန်းမိသည်။

လင်းယွမ်၏ခေါင်းထဲတွင် အတွေးများဖြတ်ပြေးသွားပြီးနောက် လက်ဖက်ရည်ဆိုင်အတွင်း ဆက်လက်ရှာဖွေလိုက်သည်။

ဆိုင်အတွင်းရှိ ကော်ခွက်များနှင့် ကော်ပန်းကန်ပြားများက ရေပေါ်ပေါ်နေသည့်သဘောတရားကြောင့် မျက်နှာကြက်ပေါ်တွင် မျောပါနေကြသည်။

အချို့မှာလည်း မျက်နှာကြက်ထောင့်များတွင် ညပ်နေကြသည်။

တော်တော်များများကတော့ ရေစီးကြောင်းများ၏ ရိုက်ခတ်မှုကြောင့် ဆိုင်အပြင်ဘက်သို့ လွင့်စင်သွားကြပုံရသည်။

အဘယ်ကြောင့်ဆိုသော် စောစောက ရေငုပ်ဆင်းလာစဉ်က သစ်ကိုင်းများပေါ်တွင် ငြိနေသော ပန်းကန်ပြားများနှင့် လက်ဖက်ရည်ခွက်အချို့ကို လင်းယွမ် မြင်တွေ့ခဲ့ရသောကြောင့်ဖြစ်သည်။

လင်းယွမ်က ကော်ခွက်များနှင့် ပန်းကန်ပြားအချို့ကို လက်တန်းသိမ်းဆည်းလိုက်ပြီးနောက် ဗီရိုအချို့ကို ဖွင့်လှန်ရှာဖွေရာ လက်ဖက်ရည်ဖျော်ရာတွင်သုံးသော ကုန်ကြမ်းပစ္စည်းများကို အတော်များများ တွေ့ရှိခဲ့သည်။

၎င်းတို့ထဲတွင် လက်ဖက်ခြောက်များ၊ ပုလဲလုံးများနှင့် ကန်စွန်းဥလုံးလေးများစသည်တို့ ပါဝင်သည်။

သို့ရာတွင် ဖောက်ထားပြီးသား အချို့ပစ္စည်းများမှာမူ စောစောစီးစီးပင် ပုပ်သိုးပျက်စီးနေခဲ့ပြီဖြစ်သည်။

ရုတ်တရက် လင်းယွမ် သတိပြုမိလိုက်သည်မှာ ဖောက်ထားသော လက်ဖက်ရည်ကုန်ကြမ်းအချို့က တစ်စုံတစ်ရာ၏ ကိုက်ဖြတ်စားသောက်ထားခြင်းကို သိသာစွာ ခံထားရခြင်းပင်ဖြစ်သည်။

လင်းယွမ်က မျက်ခုံးပင့်လိုက်ပြီး "ဒီနေရာမှာ သန္ဓေပြောင်း ငါးတွေ ပုစွန်တွေလို မိစ္ဆာကောင်တချို့ ပုန်းအောင်းနေတဲ့ပုံပဲ"

သူက စိတ်စွမ်းအင်ကို လျင်မြန်စွာ ထုတ်လွှတ်လိုက်ပြီး ဧရိယာမကျယ်ဝန်းလှသော ဤလက်ဖက်ရည်ဆိုင်ကို လွှမ်းခြုံလိုက်သည်။

တကယ်ပင် အထဲရှိ အခန်းတစ်ခန်းထဲတွင် ဧရာမ သန္ဓေပြောင်းကဏန်းကြီးတစ်ကောင်ကို သူ မြင်တွေ့လိုက်ရသည်။

ဤသန္ဓေပြောင်းကဏန်းကြီးက ပုံမှန် မြစ်ကဏန်းကြီးတစ်ကောင်၏ ပုံစံမျိုးဖြစ်ပြီး ၎င်း၏ ကြီးမားတုတ်ခိုင်သော ကဏန်းလက်မနှစ်ခုပေါ်တွင် အမွေးအမျှင်များ ထူထပ်စွာ ပေါက်ရောက်နေသည်။

ယခုအချိန်တွင် ၎င်းက ထိုအခန်းထဲ၌ မလှုပ်မယှက် ငြိမ်သက်နေသည်။

အကယ်၍ စိတ်စွမ်းအင် အာရုံခံစားမှုအောက်တွင် ၎င်း၏အသက်ရှူသံကို မခံစားရပါက ဤသန္ဓေပြောင်းကဏန်းကြီး သေဆုံးနေပြီဟုပင် လင်းယွမ် ထင်မှတ်မိမည်ဖြစ်သည်။

သူက လျင်မြန်စွာ ကူးခတ်သွားလိုက်ရာ ၎င်းက လင်းယွမ် ချဉ်းကပ်လာသည်ကို ရိပ်မိသွားသည်။

ရုတ်တရက် ထိုသန္ဓေပြောင်းကဏန်းကြီးက ၎င်း၏ လက်မကြီးများကို လှုပ်ရှားလိုက်ပြီး တံခါးအပြင်ဘက်ရှိ လင်းယွမ်ထံသို့ အရှိန်ပြင်းပြင်းဖြင့် ညှပ်ချလိုက်လေသည်!

လင်းယွမ်၏ ကိုယ်နေဟန်ထားက ရုတ်ချည်းလှုပ်ရှားသွားပြီး ရေထဲတွင် ထိုလက်မကြီးများကို လျင်မြန်စွာ ရှောင်တိမ်းလိုက်သည်။

ထိုသန္ဓေပြောင်းကဏန်းကြီးက အပြင်ဘက်သို့ ခြေနှစ်လှမ်းခန့် ချက်ချင်း တွားသွားလိုက်ရာ ဒိုင်းခနဲ အသံနှင့်အတူ တံခါးဘောင်ကို ဝင်တိုက်မိသွားသည်။

ထို့နောက် ၎င်းက ဒေါသတကြီး ရုန်းကန်လိုက်သော်လည်း မမျှော်လင့်ဘဲ တံခါးဘောင်တွင် ညပ်နေခဲ့သည်။

လင်းယွမ်က အနည်းငယ် ကြောင်အမ်းသွားပြီးမှသာ ဤသန္ဓေပြောင်းကဏန်းကြီး အဘယ်ကြောင့် ဤအခန်းထဲတွင် ပိတ်မိပြီး သေလုမျောပါးဖြစ်နေရသည်ကို နားလည်သွားခဲ့သည်။

တကယ်တော့ ဤအကောင်က ဤနေရာတွင် စားသောက်နေသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး အပြင်သို့ လုံးဝမထွက်ခဲ့သောကြောင့် အချိန်ကြာလာသည်နှင့်အမျှ ခန္ဓာကိုယ်ကြီးက အရမ်းကြီးထွားလာကာ အပြင်သို့ မထွက်နိုင်တော့ခြင်းပင် ဖြစ်သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူက ငိုရခက်ရယ်ရခက် ဖြစ်သွားပြီး စိတ်ဝိညာဉ်ရိုက်ခတ်အစွမ်း တစ်ချက်တည်းဖြင့် ထိုသန္ဓေပြောင်းကဏန်းကြီး၏ ဦးနှောက်ကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်သည်။

ချက်ချင်းပင် ထိုသန္ဓေပြောင်းကဏန်းကြီးက အနည်းငယ် ရုန်းကန်တုန်ယင်သွားပြီးနောက် ကြမ်းပြင်ပေါ်သို့ နစ်မြုပ်သွားကာ မလှုပ်မယှက်ဖြစ်သွားတော့သည်။

လင်းယွမ်က စနစ်၏ သတိပေးသံကို ကြားလိုက်ရပြီးနောက် ရှေ့သို့ တစ်လှမ်းတိုးကာ ဤသန္ဓေပြောင်းကဏန်းကြီး၏ အလောင်းကို ပစ္စည်းသိုလှောင်ခန်းအတွင်းသို့ သိမ်းဆည်းလိုက်သည်။

ထို့နောက် နောက်ဘက်ရှိ မီးဖိုချောင်အတွင်းသို့ ဝင်ရောက်ကာ စစ်ဆေးကြည့်လိုက်သည်။

နှမြောစရာကောင်းသည်မှာ အပြင်ဘက်တွင် မြင်ရလောက်အောင် ထားရှိသော စားစရာများအားလုံးကို ဤသန္ဓေပြောင်းကဏန်းကြီးက စားသောက်သွားခဲ့ပြီဖြစ်သည်။

သို့သော် ဗီရိုထဲတွင် ထုပ်ပိုးမှုကောင်းမွန်သော ဆေးသကြားကဲ့သို့သော ကုန်ကြမ်းအချို့မှာမူ လေလုံအောင် သိမ်းဆည်းထားဆဲဖြစ်၍ ကောင်းမွန်နေသေးသည်။

လင်းယွမ်က အားနာမနေဘဲ ၎င်းတို့အားလုံးကို ပစ္စည်းသိုလှောင်ခန်းအတွင်းသို့ သိမ်းဆည်းလိုက်သည်။

နောက်ထပ် တစ်ပတ်လောက် ရှာဖွေလိုက်ရာ လင်းယွမ်က အလုပ်သမားဝတ်စုံအချို့ကို ရှာတွေ့ခဲ့ပြီး ၎င်းတို့ကိုလည်း ပစ္စည်းသိုလှောင်ခန်းထဲသို့ ထိုးထည့်လိုက်သည်။

ဆိုင်တစ်ခုလုံးရှိ ပစ္စည်းများထဲမှ သေးငယ်သော စားသောက်ဆိုင်သုံး ပန်းကန်ပြားများမှအစ ကြီးမားသော ဗီရိုများ၊ မီးသီးများနှင့် လျှပ်စစ်ကြိုးများအဆုံး အားလုံးကို သူက ရှင်းလင်းသိမ်းဆည်းပစ်လိုက်သည်။

ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် သူက အပြင်ဘက်သို့ ကူးခတ်ထွက်လာခဲ့သည်။ ဘေးတွင် ခေါက်ဆွဲဆိုင်တစ်ဆိုင်ရှိပြီး မျက်နှာချင်းဆိုင်တွင် ဈေးဝယ်စင်တာတစ်ခု၊ ခရီးသွားစင်တာတစ်ခု စသည်တို့လည်း ရှိနေသေးသည်။

ခရီးသွားဒေသတစ်ခုဖြစ်သည့်အားလျော်စွာ အခြားအရာများ မရှိလျှင်တောင် အမျိုးမျိုးသော သရေစာဆိုင်များနှင့် ဈေးဝယ်စင်တာများကိုမူ သေချာပေါက် စီစဉ်ထားရှိမည်ဖြစ်သည်။

ထို့အပြင် အနီးအနားတွင် ဆေးဆိုင်လေး တစ်ဆိုင်ရှိနေသည်ကိုပင် လင်းယွမ် သတိပြုမိလိုက်သေးသည်။

"ဆေးဆိုင်တောင် ရှိနေတာပဲ... သွားကြည့်ရမယ်"

လင်းယွမ်က ချက်ချင်းပင် ကူးခတ်သွားလိုက်သည်။ ဆေးဝါးများက လက်ရှိအခြေအနေတွင် အလိုအပ်ဆုံးပစ္စည်းများဖြစ်သည်ဟု ဆိုနိုင်သည်။

ယခုအခါ ဧရာမရေဘေးကြီးက အရာအားလုံးကို ဖုံးလွှမ်းသွားခဲ့ပြီဖြစ်ရာ ဆေးဝါးများက အလွန်ပင် အရေးကြီးလှသည်။

ရာသီဥတု ပိုမိုအေးခဲလာသည်နှင့်အမျှ အအေးလှိုင်းက မကြာမီ ရောက်ရှိလာတော့မည်ဖြစ်ပြီး ဤသို့သော ရာသီအကူးအပြောင်းအချိန်မျိုးတွင် လူသားများက ဖျားနာကိုက်ခဲရန် အလွယ်ကူဆုံးဖြစ်သည်။

ယခုအခါ သန္ဓေပြောင်းသတ္တဝါများ၏ အသားများကို အမြောက်အမြား စားသုံးခဲ့ရသောကြောင့် လူအတော်များများ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက တိုးတက်လာခဲ့သော်လည်း။

သဘာဝလောကရှိ ရောဂါပိုးများကလည်း ဆင့်ကဲပြောင်းလဲလာနိုင်ကောင်းနိုင်ပြီး ဤအရာအားလုံးက အပြန်အလှန် ဆက်စပ်နေကြသည်။

တစ်ကြိမ်ဖျားနာသွားသည်နှင့် လက်ရှိအခြေအနေတွင် ကြိတ်မှိတ်ခံစားခြင်းမှလွဲ၍ အစွမ်းပိုင်ရှင်များ၏ ကုသရေးအစွမ်းကိုသာ အားထား၍ အသက်ကယ်ရတော့မည်ဖြစ်သည်။

သို့ရာတွင် ကုသရေးအမျိုးအစား အစွမ်းပိုင်ရှင်များ၏ စွမ်းဆောင်ရည်ကလည်း အစွမ်းထက်လှသည်တော့ မဟုတ်ပေ။ ပြင်ပဒဏ်ရာအများစုကို ကုသရန် လွယ်ကူသော်လည်း ခေါင်းကိုက်ဖျားနာခြင်းနှင့် ရောဂါပိုးကြောင့်ဖြစ်သော အအေးမိခြင်းများကိုမူ ကုသ၍ မရနိုင်ချေ။

ထို့ကြောင့် ဆေးဝါးများက အလွန်ပင် တန်ဖိုးကြီးမားနေဆဲဖြစ်သည်။

အနောက်တိုင်းဆေးပညာက လက်ရှိအခြေအနေတွင် သေချာပေါက် လုံးဝအသုံးမဝင်တော့ဘဲ တိုင်းရင်းဆေးပညာကလည်း အမှန်တကယ်တော့ မလွယ်ကူလှပေ။

အဓိကအကြောင်းရင်းမှာ အပင်များအားလုံးက သန္ဓေပြောင်းသွားကြခြင်းကြောင့် ဖြစ်သည်။ ရန်ဆန်းမင်က ထန်ယင်းကိုခေါ်ကာ တစ်နေကုန် စမ်းသပ်မှုများ ပြုလုပ်နေသော်လည်း တကယ်တမ်းတွင် အပင်များ၏ အာနိသင်များကို ခွဲခြားသိမြင်နိုင်ရန်အတွက် အချိန်များစွာ ကြန့်ကြာနေခဲ့ရသည်။

သို့မဟုတ်ပါက ရန်ဆန်းမင်၏ တိုင်းရင်းဆေးပညာ အသိပညာနှင့် အတွေ့အကြုံများအရ အအေးမိပျောက်ဆေးအချို့နှင့် အပူငြိမ်း အဆိပ်ဖြေဆေးရည်များ ဖော်စပ်ရန်မှာ အလွန်ပင် ရိုးရှင်းလှသည်။

လင်းယွမ်က ဆေးဆိုင်သို့ ရောက်ရှိလာခဲ့သည်။ မှန်များက စောစောစီးစီးပင် ကွဲကြေနေခဲ့ပြီး ပြခန်းဗီရိုများရှိ မှန်များအားလုံးကလည်း အက်ကွဲနေကြသည်။

သူက ထိုပုလင်းများ၊ ဘူးများနှင့် အမျိုးမျိုးသော ဆေးဝါးသေတ္တာများကို လျင်မြန်စွာ သိမ်းကျုံးယူငင်လိုက်သည်။

လန်ချင်းသောက်ဆေးရည်များ၊ ပန်းလန်ကန်းဆေးမြစ်များ...

အမှန်တကယ်တော့ ခရီးသွားဒေသရှိ ဆေးဆိုင်တစ်ခုအနေဖြင့် ဒဏ်ကြေဆေးများနှင့် အိုင်ဘူပရိုဖန်ကဲ့သို့သော ဆေးဝါးများက ပို၍များပြားသည်။

လင်းယွမ်က ဘာကိုမှ ဂရုမစိုက်တော့ဘဲ အားလုံးကို တိုက်ရိုက် သိမ်းကျုံးရှင်းလင်းပစ်လိုက်သည်။

အသုံးဝင်သည်ဖြစ်စေ မဝင်သည်ဖြစ်စေ အရင်ယူသွားပြီးမှသာ ဆုံးဖြတ်ရမည်ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ဤဆေးဝါးများ၏ ထုပ်ပိုးမှုများက အလွန်လုံခြုံလှသည်။ အချို့မှာ ရေစိုသွားပြီး အပြင်ဘက်စက္ကူခွံများ ဆွေးမြည့်နေသော်လည်း အတွင်း၌ ဖန်ပုလင်းများ၊ ကော်ပုလင်းများဖြင့် ထည့်ထားသောကြောင့် ပျက်စီးမသွားခဲ့ပေ။

ညွှန်ကြားချက်စာရွက်များကဲ့သို့သော အရာများသာ ပျက်စီးသွားခဲ့သဖြင့် မည်သည့်ဆေးဖြစ်ကြောင်း ခွဲခြား၍မရမည်ကိုသာ စိုးရိမ်ရသည်။

ဤကိစ္စအတွက် လင်းယွမ်တွင်လည်း တတ်နိုင်စွမ်းမရှိသဖြင့် ရန်ဆန်းမင်တို့ကဲ့သို့သော ကျွမ်းကျင်သူများ ခွဲခြားနိုင်မည့်အချိန်ကိုသာ စောင့်ဆိုင်းရတော့မည်ဖြစ်သည်။

ဆေးဆိုင်ကို ရှင်းလင်းပြီးနောက် လင်းယွမ်က ဈေးဝယ်စင်တာဘက်သို့ ထပ်မံထွက်ခွာသွားခဲ့သည်။

ဤဈေးဝယ်စင်တာက မကြီးမားလှဘဲ အီကီယာကဲ့သို့သော ဈေးဝယ်စင်တာငယ်လေးတစ်ခုမျှသာ ဖြစ်သည်။

ဈေးဝယ်စင်တာ၏ တံခါးမကြီးက သော့ခတ်ထားဆဲဖြစ်ပြီး မှန်တံခါးက ကွဲအက်နေခြင်း မရှိပေ။

လင်းယွမ်က မှန်တံခါးမှတစ်ဆင့် အတွင်းသို့ ကြည့်ရှုလိုက်ရာ မျက်နှာကြက်ပေါ်တွင် ဖောင်းကြွမုန့်ထုပ်များနှင့် ကော်ပုလင်းများ အများအပြား မျောပါနေသည်ကို တွေ့လိုက်ရသည်။

ဗီရိုအချို့ကလည်း ရေစီးကြောင့် လဲကျနေပြီး ဖရိုဖရဲဖြစ်နေသော သရေစာမုန့်များက ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသည်။

လင်းယွမ်က လက်လှမ်းကာ ဆုပ်နယ်လိုက်ရာ တံခါးသော့က ကျိုးပဲ့သွားသည်။ အကောင်းပကတိဖြစ်နေသေးသော မှန်တံခါးကို သူ ကြည့်လိုက်ပြီး စဉ်းစားကာ မှန်များကိုပါ တိုက်ရိုက် ဖြုတ်ချလိုက်လေသည်။

ယခု ဝါးအိမ်ဘက်တွင် ဖောက်ထားသော ပြတင်းပေါက်များကဲ့သို့သော အရာများအားလုံးကို လေကာရန် သစ်သားပြားများဖြင့်သာ ကာရံထားရသည်။

အချိန်ကျလျှင် ဤမှန်များကို ယူဆောင်သွားပါက ပြတင်းပေါက်များအဖြစ် ဖန်တီးနိုင်ကောင်း ဖန်တီးနိုင်မည်ဖြစ်ပြီး လေကိုလည်း ကာကွယ်နိုင်သလို အပြင်ဘက်အခြေအနေကိုလည်း စောင့်ကြည့်နိုင်မည်ဖြစ်သည်။

မှန်များကို ဖြုတ်ချပြီးနောက် လင်းယွမ်က ဈေးဝယ်စင်တာအတွင်းသို့ ဝင်ရောက်ကာ လျင်မြန်စွာ စတင်ရှာဖွေသိမ်းဆည်းတော့သည်။

မျက်နှာကြက်ပေါ်တွင် မျောပါနေသော အာလူးကြော်များ၊ ကြမ်းပြင်ပေါ်ရှိ အမျိုးမျိုးသော အချိုရည်များနှင့် ဝက်အူချောင်းများ။

ဤအရာအားလုံးက လေလုံအောင် ပိတ်ထားသည်ဖြစ်ရာ ခြောက်လကြာသည်အထိ ပျက်စီးမသွားခဲ့ပေ။

လင်းယွမ်က အားနာမနေဘဲ အားလုံးကို ပစ္စည်းသိုလှောင်ခန်းအတွင်းသို့ သိမ်းဆည်းလိုက်သည်။

မကြာမီ ဤဈေးဝယ်စင်တာငယ်လေးမှာ သူ၏ရှင်းလင်းမှုကို ခံလိုက်ရပြီး ပစ္စည်းတင်စင်များကိုပင် သူ သယ်ဆောင်သွားခဲ့သည်။

အခန်းတွင်းရှိ ကြမ်းပြင်များ၊ ပြတင်းပေါက်များ၊ အတွင်းဘက်ရှိ တာဝန်ကျဝန်ထမ်းများ၏ ကုတင်များ၊ ခုံတန်းလျားများစသည်တို့ကို အားလုံး ယူဆောင်သွားခဲ့သည်။

ကောင်တာပေါ်ရှိ ကွန်ပျူတာနှင့် အံဆွဲထဲရှိ အကြွေစေ့များကိုပါ အကုန်အစင် သယ်ဆောင်သွားခဲ့သည်။

သူ ထွက်လာချိန်တွင် ဈေးဝယ်စင်တာငယ်လေးတစ်ခုလုံးက ဘာမှမရှိသော အခွံချည်းသက်သက် အခန်းတစ်ခန်း ဖြစ်သွားခဲ့ပြီဖြစ်သည်။

မြေကြီးကို သုံးပေတူးသည်ဆိုသည့် စကားကပင် လင်းယွမ်၏ ရှာဖွေသိမ်းဆည်းမှုစွမ်းရည်ကို ဖော်ပြရန် မလုံလောက်တော့ပေ။

သူက ဈေးဝယ်စင်တာငယ်လေးမှ ထွက်ခွာလာပြီး မလှမ်းမကမ်းရှိ ခေါက်ဆွဲဆိုင်သို့ တောက်လျှောက် ရောက်ရှိလာခဲ့သည်။

ခေါက်ဆွဲဆိုင်တွင်လည်း မည်သူတစ်ဦးတစ်ယောက်မျှ မရှိသဖြင့် ထုံးစံအတိုင်း စားပွဲ၊ ကုလားထိုင်နှင့် ခုံတန်းလျားများ အားလုံးကို သယ်ဆောင်သွားခဲ့သည်။

လင်းယွမ်က နောက်ဘက်ရှိ မီးဖိုချောင်သို့ ရောက်ရှိသွားရာ ထိုနေရာတွင် ဒယ်အိုးများ၊ ပန်းကန်လုံးများ၊ ဇွန်းများ၊ တူများ၊ ပန်းကန်ဆေးဆပ်ပြာရည်နှင့် စားသုံးဆီများ အတော်များများ ရှိနေသည်။

သူက စကားများမနေဘဲ အားလုံးကို ယူဆောင်သွားခဲ့သည်။

သို့သော် မီးဖိုချောင်နောက်ဘက်တွင် ရေစိမ်ခံရ၍ ပျက်စီးနေသော ဂျုံမှုန့်အိတ်များကို မြင်လိုက်ရသောအခါ လင်းယွမ်၏ ရင်ထဲတွင် ချက်ချင်းပင် နာကျင်သွားခဲ့ရသည်။

သူက မနေနိုင်ဘဲ ခေါင်းခါလိုက်ပြီး "ဒီဂျုံမှုန့်တွေတော့ နှမြောစရာပဲ ပျက်စီးသွားပြီ"

ကံကောင်းစွာဖြင့် သူ၌ ပစ္စည်းအမြောက်အမြား မဲနှိုက်ရယူနိုင်သော ကံစမ်းမဲစနစ် ရှိနေ၍သာ တော်တော့သည်။ သို့မဟုတ်ပါက ဤဂျုံမှုန့်များ အလဟဿဖြစ်သွားခြင်းက လူကို အမှန်တကယ် ရင်နာစေမည်ဖြစ်သည်။

နောက်ထပ်နေရာမှာ ခရီးသွားစင်တာဖြစ်ပြီး ထိုနေရာတွင်မူ ဘာမှပြောစရာမရှိပေ။ ရုံးသုံးပစ္စည်းများမှလွဲ၍ တကယ်တမ်းတွင် ရှာဖွေသိမ်းဆည်းစရာ ဘာမှမရှိချေ။

ထိုက်ယန်တောင် ရှုခင်းသာဝင်ပေါက် တစ်ခုလုံးတွင် ရေကြီးချိန်၌ အလုပ်လာလုပ်သူ မရှိလောက်ကြောင်း လင်းယွမ် တွေ့ရှိလိုက်ရသည်။

သို့မဟုတ်ပါက ဤနေရာရှိ ဤပစ္စည်းများက ကျန်ရှိနေရန် အကြောင်းမရှိပေ။

ဖြစ်နိုင်ခြေအများဆုံးမှာ ရေကြီးချိန်တွင် တာဝန်ကျဝန်ထမ်းများက ပထမဆုံးအချိန်တွင်ပင် ခွင့်ယူကာ အိမ်ပြန်သွားကြခြင်း ဖြစ်မည်။

ရေလွှမ်းမိုးမှုကြီးက ပိုမိုကြီးမားလာပြီး ရှုခင်းသာဝင်ပေါက်ကိုပင် ဖုံးလွှမ်းသွားပြီးနောက်မှသာ ဝူမုန့်၊ လီယွဲ့ဖုန်းနှင့် ထူလုံတို့ကဲ့သို့သော လူများက ထိုက်ယန်တောင်သို့ လာရောက်ခိုလှုံရန် စဉ်းစားမိခဲ့ကြခြင်း ဖြစ်သည်။

ထို့ကြောင့် ရေအောက်ရှိ ဤရှုခင်းသာဝင်ပေါက်မှ ပစ္စည်းများကို မည်သူမျှ လာရောက်ရှာဖွေရန် မစဉ်းစားမိခဲ့ကြကြောင်း သိသာထင်ရှားလှသည်။

အကယ်၍ ထူလုံသာ အနည်းငယ် ပါးနပ်ခဲ့ပါက အပြင်ဘက်ရှိ အဆောက်အအုံများတွင် ပစ္စည်းများ ပြေးလွှားရှာဖွေနေရန် မလိုအပ်ဘဲ ဤနေရာသို့ တိုက်ရိုက်လာရောက်ပါက အသင့်ရှိနေသော ပစ္စည်းများစွာကို ရရှိနိုင်မည်မဟုတ်ပါလားဟု လင်းယွမ်က သက်ပြင်းချလိုက်မိသည်။

ချက်ချင်းပင် သူက ခေါင်းခါကာ မိမိ၏အတွေးကို ပြန်လည်ငြင်းပယ်လိုက်သည်။

"ဒီနေရာက ရေဖိအားက မသေးဘူး... အစွမ်းပိုင်ရှင်ဖြစ်နေရင်တောင် ကိုယ့်ရဲ့ရေပေါ်ပေါ်နိုင်စွမ်းကို တောင့်ခံပြီး ဒီနေရာအထိ ရေငုပ်ဖို့ဆိုတာ သိပ်မဖြစ်နိုင်ဘူး"

လင်းယွမ်က မိမိတွင် ဆင့်ကဲပြောင်းလဲခြင်း ပင်ကိုယ်အစွမ်း ရှိနေသောကြောင့် ရေအောက်ရှိ ဤရေဖိအားပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင် နေနိုင်ပြီး ရေအောက်တွင်လည်း အသက်ရှူနိုင်သောကြောင့်သာ ဤသို့လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။

အခြားသူများတွင်မူ ဆင့်ကဲပြောင်းလဲခြင်း အစွမ်း မရှိသောကြောင့် ရေအောက်တွင် ပစ္စည်းများရှာဖွေရန် လုံးဝ မဖြစ်နိုင်ပေ။

ခရီးသွားစင်တာမှ ထွက်လာပြီးနောက် လင်းယွမ်၏ အကြည့်က တစ်ပတ်ဝေ့ဝဲသွားကာ ရှုခင်းသာဘက်ရှိ ကားပါကင်ကို ရုတ်တရက် မြင်လိုက်ရသဖြင့် ရင်ထဲတွင် လှုပ်ရှားသွားခဲ့သည်။

ကားပါကင်ပေါ်တွင် ကားသိပ်မများဘဲ ကြီးမားကျယ်ဝန်းလှသော ကားပါကင်ပေါ်တွင် ကားဆယ်စီးကျော်သာ ရှိသည်။

၎င်းတို့ထဲတွင် ခရီးသည်တင်ကားကြီး သုံးလေးစီးလည်း ပါဝင်ပြီး အပေါ်တွင် 'ရွှေနဂါးခရီးသွားလုပ်ငန်း' ကဲ့သို့သော စာတန်းများကို ရိုက်နှိပ်ထားသည်။

ကြည့်ရသည်မှာ ကံမကောင်းသော ခရီးသွားအဖွဲ့တစ်ဖွဲ့က ရေလွှမ်းမိုးမှုကာလအတွင်း ထိုက်ယန်တောင်သို့ လာရောက်လည်ပတ်ခဲ့ပြီး ကားကို မောင်းထွက်၍မရတော့သဖြင့် ဤနေရာတွင် တိုက်ရိုက်ပစ်ထားခဲ့ခြင်း ဖြစ်ဟန်တူသည်။

ထိုခရီးသွားများမှာမူ မည်သည့်တည်းခိုခန်းတွင် ရောက်နေမည်ကို မသိရသော်လည်း သေဆုံးသွားနိုင်ခြေ အများဆုံးဖြစ်သည်။

လင်းယွမ်က လျင်မြန်စွာ ကူးခတ်သွားလိုက်သည်။ ဤကားများက ရေစိမ်ခံထားရသဖြင့် အပြင်သို့ သယ်ထုတ်သွားပြီးနောက် အသုံးပြု၍ ရနိုင်မည် မရနိုင်မည်ကိုတော့ မသိပေ။

ထိုက်ယန်တောင်တွင် တောင်ပတ်လမ်း ရှိသဖြင့် အကယ်၍ ကားများကို ပြင်ဆင်နိုင်ပါက အံကိုက်ပင် အသုံးပြုနိုင်မည်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ တောင်တက်တောင်ဆင်းပြုလုပ်ရာတွင် အစွမ်းပိုင်ရှင်များ မဟုတ်ဘဲ သာမန်လူများသာဆိုပါက အမှန်တကယ် အချိန်ကုန်ကြန့်ကြာစေသည်။

လူသယ်ရန် မသုံးလျှင်တောင် သစ်လုံးများ၊ ကျောက်တုံးများကို သယ်ဆောင်ရန်အတွက်လည်း အလွန်ပင် အဆင်ပြေလှသည်။

လင်းယွမ်က တုံ့ဆိုင်းမနေဘဲ ဤကားဆယ်စီးကျော်အားလုံးကို ပစ္စည်းသိုလှောင်ခန်းအတွင်းသို့ တိုက်ရိုက်ထိုးထည့်လိုက်ပြီး ပြန်ရောက်ပါက တုံကျဲဟူသော ကောင်လေးကို လေ့လာစမ်းသပ်ခိုင်းမည်ဖြစ်သည်။

လင်းယွမ်က အနီးအနားရှိ ရေအောက်တောအုပ်ထဲတွင် တစ်ပတ်ခန့် ကူးခတ်လိုက်ရာ ရုတ်တရက် သူ၏ကိုယ်နေဟန်ထားက ရပ်တန့်သွားပြီး စိတ်စွမ်းအင် အာရုံခံစားမှုထဲတွင် ပုံရိပ်တစ်ခုက ရေအောက်တောအုပ်ထဲ၌ အလွန်လျင်မြန်စွာ ပြေးလွှားလှုပ်ရှားနေသည်ကို တွေ့လိုက်ရသည်။

လင်းယွမ်၏အကြည့်က စူးရှသွားပြီး ထိုရေအောက်တောအုပ်ထဲတွင် ရှဉ့်နှင့်တူသော သန္ဓေပြောင်းသားရဲတစ်ကောင်က သစ်ပင်များကြားတွင် မရပ်မနား ပြေးလွှားလှုပ်ရှားနေသည်ကို ချက်ချင်း တွေ့ရှိလိုက်သည်။

၎င်း၏အလျင်က အလွန်သွက်လက်ပြီး အလွန်လည်း မြန်ဆန်လှသည်။

အဓိကအချက်မှာ ၎င်း၏ ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန် ပြောင်းလဲမှုကလည်း အလွန်ကြီးမားနေခြင်းဖြစ်သည်။

ခန္ဓာကိုယ်အနှံ့ အမွေးအမျှင်များ ရှိနေဆဲဖြစ်သော်လည်း ၎င်း၏အမွေးပွအမြီးက ပြားချပ်ချပ်ပုံစံ ပြောင်းလဲသွားပြီး ခြေလက်လေးဖက်တွင်လည်း ယပ်တောင်ကဲ့သို့သော ကြွက်သားအမြှေးပါးများ ပေါက်ရောက်နေသည်။

အမြီးကို ဘယ်ညာ ယမ်းခါလိုက်သည့် အခိုက်အတန့်တိုင်းတွင် ၎င်းက အလွန်ဝေးကွာသော အကွာအဝေးအထိ လျင်မြန်စွာ ပြေးထွက်သွားလေ့ရှိသည်။

ရေလှိုင်းများက ပြင်းထန်စွာ လှုပ်ခတ်နေပြီး ရေအောက်ရေစီးကြောင်းများ လိမ့်တက်လာကာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ၎င်းက လင်းယွမ်၏ အမြင်အာရုံထဲမှ ပျောက်ကွယ်သွားခဲ့သည်။

လင်းယွမ်က မနေနိုင်ဘဲ မျက်လုံးကိုမှေးလိုက်ပြီး "ဒီရေအောက်တောအုပ်က သန္ဓေပြောင်းငါးတွေပဲ ရှိတာမဟုတ်ဘူး... အရင်က ကုန်းပေါ်မှာနေတဲ့ သတ္တဝါတချို့လည်း သန္ဓေပြောင်းလဲမှု ဖြစ်စဉ်တွေဖြစ်ပေါ်လာပြီး ရေအောက်ဘဝနဲ့ တဖြည်းဖြည်း လိုက်လျောညီထွေဖြစ်လာပုံရတယ်... ထူးခြားတဲ့ အင်္ဂါအစိတ်အပိုင်းတချို့တောင် ဆင့်ကဲပြောင်းလဲလာကြသေးတယ်"

လင်းယွမ်က တစ်စုံတစ်ရာကို စဉ်းစားတွေးတောနေပုံရပြီး ဤရေအောက်တောအုပ်ထဲတွင် နောက်ထပ် ခဏခန့် ရှာဖွေလိုက်သည်။

သူက ဤကဲ့သို့သော ရေအောက်ရှဉ့်ဆယ်ကောင်ကျော်ကို အကြိမ်ကြိမ် တွေ့ဆုံခဲ့ရသည်။

ရှဉ့်များအပြင် တောဝက်နှင့်တူသော မိစ္ဆာကောင်အချို့လည်း ရှိသေးသည်။

သို့ရာတွင် ချွင်းချက်မရှိ ၎င်းတို့အားလုံး၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံများက ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်နေကြသည်။

အားလုံးက ရေအောက်တွင် အသက်ရှင်နေထိုင်နိုင်ကြပြီဖြစ်သည်။

လင်းယွမ်က ကိစ္စတစ်ခုကို ရုတ်တရက် သတိပြုမိသွားသည်။

"ဧရာမရေလွှမ်းမိုးမှုကြီးက ကမ္ဘာတစ်ဝှမ်းလုံးကို ဖုံးလွှမ်းသွားတာနဲ့အမျှ သတ္တဝါတွေက ကုန်းပေါ်မှာ ဆက်လက်မရှင်သန်နိုင်တော့ဘူးဆိုရင် ရေအောက်ဘဝနဲ့ လိုက်လျောညီထွေဖြစ်အောင် နေထိုင်ရုံကလွဲပြီး တဖြည်းဖြည်း ရေအောက်သတ္တဝါတွေ ဖြစ်လာကြတော့မှာပဲ"

"ဒါဆို လူသားတွေကရော... နောင်တစ်ချိန်ကျရင် ရေအောက်မှာ နေထိုင်နိုင်စွမ်းတွေ ဆင့်ကဲပြောင်းလဲလာနိုင်မယ့် လူတစ်စု ရှိလာနိုင်မလား"

"အခု ငါ့လိုမျိုးပဲ ငါးပါးဟက်တွေ ဆင့်ကဲပြောင်းလဲလာပြီး ရေအောက်မှာ ဘဝသစ်ကို စတင်နိုင်မလား"

ထိုနေရာအထိ တွေးမိသောအခါ လင်းယွမ်က ဒဏ္ဍာရီထဲမှ ရေနဂါးနန်းတော်တို့၊ ရေသူမတို့ကဲ့သို့သော အရာများကို ရုတ်တရက် သတိရသွားသည်။

ဤရှေးဟောင်းဒဏ္ဍာရီလာ သတ္တဝါများက အမှန်တကယ်ပင် ယုတ္တိမတန်သော အရာများလော။

အနောက်တိုင်းဖြစ်စေ အရှေ့တိုင်းဖြစ်စေ ရှေးဟောင်းခေတ်တွင် ကမ္ဘာပျက်မတတ် ဧရာမရေလွှမ်းမိုးမှုကြီး ဖြစ်ပွားခဲ့ကြောင်း မှတ်တမ်းတင်ထားကြပုံရသည်။

ထိုရေသူမများ၊ နဂါးနန်းတော်များနှင့် လူစင်စစ်မှ မိစ္ဆာဖြစ်သွားသူများက လူသားမျိုးနွယ်စုထဲမှ ဆင့်ကဲပြောင်းလဲလာသော အခြားလူတစ်စုများ ဖြစ်နိုင်ခြေရှိမည်လော။

ရေလွှမ်းမိုးမှုကြီး ဆုတ်ခွာသွားပြီး မြေကမ္ဘာကြီး ပြန်လည်ပေါ်ထွက်လာသည်နှင့်အမျှ ဤသတ္တဝါများ တဖြည်းဖြည်း မျိုးသုဉ်းသွားခဲ့ခြင်းသာ ဖြစ်မည်။

သမိုင်းဟူသည် မူလကတည်းက သံသရာလည်နေသော ဖြစ်စဉ်တစ်ခုဖြစ်သည်။

အကယ်၍ ရှေးဟောင်းခေတ်ကလည်း ယခုလို ကြောက်မက်ဖွယ်ကောင်းသော ရေလွှမ်းမိုးမှုကြီး ရှိခဲ့မည်ဆိုလျှင်။

လင်းယွမ်က ထူးဆန်းသည်ဟု မခံစားရတော့ပေ။

သူက အမြင့်သို့ ကူးခတ်သွားပြီး ရေမြုပ်နေသော ထိုက်ယန်တောင် ရှုခင်းသာဝင်ပေါက်ကို ကြည့်ကာ အနည်းငယ် ငေးမောသွားသည်။

အတန်ကြာပြီးနောက် သူက ခေါင်းခါလိုက်ပြီး ဤအတွေးများကို ဘေးဖယ်ကာ ရေပြင်ကို ဆက်လက်ရှင်းလင်းရန်နှင့် အမှတ်များကို လျင်မြန်စွာ ရှာဖွေရန် စတင်လိုက်သည်။

၂.၅ မိုင်ကျယ်ဝန်းသော ရေပြင်က ယခုလက်ရှိ လင်းယွမ်အတွက်မူ အမှန်တကယ် ကျဉ်းမြောင်းလွန်းလှသည်။

ဆယ်မိနစ်ပင် အချိန်မယူလိုက်ရဘဲ သူက ခုနစ်ကြိမ်ရှစ်ကြိမ်ခန့် ရှင်းလင်းနိုင်ခဲ့သည်။

မကြာမီ ဤရေပြင်ရှိ သန္ဓေပြောင်းမိစ္ဆာများအားလုံးကို လင်းယွမ်က အကုန်အစင် မောင်းထုတ်ပစ်လိုက်သည်။

ရေမျက်နှာပြင်ပေါ်သို့ ပြန်လည်ရောက်ရှိလာသောအခါ ကောင်းကင်ယံက မှောင်မိုက်နေပြီး ညနေစောင်းနေပြီဖြစ်ကြောင်း လင်းယွမ် သတိပြုမိလိုက်သည်။

လူရာချီရှိသော ကင်းလှည့်အဖွဲ့ဝင်များ၏ စည်းလုံးညီညွတ်စွာ ကြိုးပမ်းအားထုတ်မှုအောက်တွင် ရေပေါ်တံတား၏ ပြီးစီးမှုက ရာခိုင်နှုန်း ၇၀ ကျော်လွန်နေပြီဖြစ်သည်။

ဖြောင့်တန်းနေသော ရေပေါ်တံတားကို ကြည့်ကာ လင်းယွမ်က မနေနိုင်ဘဲ ပြုံးလိုက်မိသည်။

ပေ ၄၀ ခန့် ကျယ်ဝန်းသော ရေပေါ်တံတား၏ တစ်ဖက်တစ်ချက်စီရှိ ဗေဒါပင်များကို စူပါကျောက်စပ် သံမဏိကြိုးများပေါ်တွင် ချည်နှောင်ထားပြီး အလယ်ဗဟိုရှိ လွတ်နေသောနေရာများကိုလည်း ကြီးမားသေးငယ်သော ဗေဒါပင်များဖြင့် ထပ်တူ ပြည့်နှက်နေစေသည်။

မည်သူ၏ အကြံဉာဏ်မှန်း မသိသော်လည်း အလယ်ဗဟိုရှိ ဖရိုဖရဲဖြစ်နေသော ဗေဒါပင်များကို သစ်သားတုတ်များပေါ်တွင် ချည်နှောင်ရန် သစ်သားတုတ်ကဲ့သို့သော အရာအချို့ကို အထူးတလည် ရှာဖွေခဲ့ကြသေးသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် ၎င်းတို့ကို ရေစီးကြောင့် လွင့်ပါးသွားခြင်းမှ ကာကွယ်ပေးနိုင်ပြီး ပုံစံမကျသော အခြေအနေမျိုး မဖြစ်ပေါ်စေရန် တားဆီးပေးနိုင်သည်။

ယခုအခါ သံမဏိကြိုးနှစ်ချောင်းကြားတွင် ဗေဒါပင်များဖြင့် လုံးဝပြည့်နှက်နေပြီး ကျပ်သိပ်ကာ ခိုင်မာနေသည်။

လင်းယွမ်က ရေအောက်မှ ထွက်ပေါ်လာပြီး ၎င်းအပေါ်တွင် လမ်းလျှောက်ကာ ခံစားကြည့်လိုက်သည်။

ကြီးမားလှသော ရေပေါ်ပေါ်နိုင်စွမ်းအောက်တွင် သူက ဗေဒါပင်များပေါ်၌ နင်းရသည်မှာ ကုန်းမြေပေါ်တွင် နင်းရသည်နှင့် တူညီနေသည်။

သို့ရာတွင် တစ်ခုလုံးအနေဖြင့် အနည်းငယ် လှုပ်ခါနေသည့် ခံစားချက်မျိုးရှိပြီး နားထဲတွင်လည်း ရေတဗြန်းဗြန်းမြည်သံများကို ကြားနေရသည်။

သို့သော် ဗေဒါပင်များအောက်မှ ရေများစွာ လျှံတက်လာခြင်းတော့ မရှိပေ။

လင်းယွမ်က ချက်ချင်းပင် ရယ်မောလိုက်ပြီး ဗေဒါပင်များဖြင့် ပြုလုပ်ထားသော ရေပေါ်တံတားကို အလွန်သဘောကျသွားသည်။

"အစ်ကိုလင်း... အခြေအနေ ဘယ်လိုလဲ"

ဆုန့်ဝမ်က ဗေဒါပင်အမြောက်အမြားကို ရှင်သန်ကြီးထွားစေရန် လှုံ့ဆော်ပေးနေရသဖြင့် ယခုအချိန်တွင် ခေါင်းတစ်ခုလုံး ချွေးများ ရွှဲနစ်နေသော်လည်း သူမ၏မျက်လုံးထဲတွင် ဝမ်းသာပီတိများ ပြည့်နှက်နေပြီး လင်းယွမ်ကို မြင်လိုက်ရသောအခါ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ချက်ချင်း မေးလိုက်သည်။

သူမ၏ လှပသော မျက်နှာလေးပေါ်တွင် 'မြန်မြန်ချီးကျူးပေးပါ' ဟူသော အဓိပ္ပာယ်ကို အတိအလင်း ရေးမထားရုံတမယ်ပင်။

လင်းယွမ်က တဟားဟား ရယ်မောလိုက်ပြီး ပစ္စည်းသိုလှောင်ခန်းထဲမှ မျက်နှာသုတ်ပုဝါတစ်ထည်ကို ထုတ်ယူကာ သူမ၏မျက်နှာပေါ်ရှိ မိုးရေများကို ဖွဖွလေးသုတ်ပေးလိုက်ရင်း "ငါတို့ရဲ့ တိုက်ရိုက်ထုတ်လွှင့်သူလေးက အရမ်းတော်တာပဲ... ဒီရေပေါ်တံတားကို ငါ ခုလေးတင် လမ်းလျှောက်ကြည့်ပြီးပြီ... ကွန်ကရစ်တံတားထက်တောင် ပိုခိုင်ခံ့သေးတယ်" ဟု ပြုံး၍ပြောလိုက်သည်။

ဆုန့်ဝမ်က ချက်ချင်းပင် တခစ်ခစ် ရယ်မောလိုက်ပြီး ပတ်ဝန်းကျင်မှ လူများ သတိမထားမိခိုက် ခြေဖျားထောက်ကာ လင်းယွမ်ကို တစ်ချက်နမ်းလိုက်ပြီး "ဒီညတော့ ဒီရေပေါ်တံတားကို အပြီးသတ် တည်ဆောက်နိုင်မယ်လို့ ကျွန်မ ခံစားရတယ်" ဟု ဝမ်းသာအားရ ပြောလိုက်သည်။

"အဲဒီအချိန်ကျရင် မနက်ဖြန်ဆို မိန်တောင်ကို လူတွေ ဝင်ထွက်သွားလာလို့ ရပြီပေါ့"

လင်းယွမ်က "ဒီလောက် အလျင်စလိုလုပ်စရာ မလိုပါဘူး... အားလုံးကို အရင်ပြန်နားခိုင်းလိုက်ပါ... မနက်ဖြန်မှ ဆက်လုပ်လည်း အတူတူပါပဲ" ဟု ပြုံး၍ပြောလိုက်သည်။

ဆုန့်ဝမ်က ပြုံး၍ "အခု အားလုံးက စိတ်အားထက်သန်နေကြတာလေ... ဒီနေ့ တစ်ကြိမ်တည်းနဲ့ ဒီရေပေါ်တံတားကို အပြီးတည်ဆောက်ဖို့တောင် စဉ်းစားနေကြတာ"

လင်းယွမ်က ခေါင်းခါလိုက်ပြီး "အချိန်လည်း မစောတော့ဘူး ညဘက် ရေထဲမှာဆို သိပ်မလုံခြုံဘူး... နောက်ပိုင်း ဒီအနီးအနားမှာ စခန်းတချို့ တည်ဆောက်ဖို့ ငါ စီစဉ်ထားတယ်... ဒီရေပေါ်တံတားကို နောင်မှာ မကြာခဏ ထိန်းသိမ်းပြုပြင်ဖို့ လိုအပ်သလို ရေပြင်ထဲက မိစ္ဆာတွေကိုလည်း ပုံမှန် ရှင်းလင်းရဦးမှာ"

"ဒီစီမံကိန်းတွေက သေးတာမဟုတ်ဘူး အချိန်လုပြီး လုပ်စရာမလိုဘူး"

ဆုန့်ဝမ်က ခေါင်းညိတ်ကာ "ကျွန်မ သိပါပြီ... ဒါဆို ကျွန်မ အမတင်းယန်နဲ့ ကျောက်ခိုင်တို့ကို သွားခေါ်လိုက်မယ်... ဒီနေ့ ဒီလောက်နဲ့ပဲ နားဖို့ အားလုံးကို ပြောလိုက်မယ်"

အဖွဲ့ခေါင်းဆောင် အသီးသီးက အမိန့်ပေးပြီးနောက် အဖွဲ့နှစ်ဖွဲ့ကိုသာ ယခုည ဤနေရာတွင် တာဝန်ထမ်းဆောင်ရန် ချန်ထားခဲ့ပြီး ကျန်လူများအားလုံးက အနားယူရန် ပြန်သွားကြကာ မနက်ဖြန် မနက်စောစောမှ ဆက်လက်လုပ်ဆောင်ကြမည်ဖြစ်သည်။

လင်းယွမ်က တင်းယန်နှင့် ဆုန့်ဝမ်တို့ကိုခေါ်ကာ အိမ်သို့ ပြန်လာခဲ့သည်။ မိန်းကလေးနှစ်ဦးစလုံးမှာ ယနေ့ အလွန်ပင်ပန်းနေကြသဖြင့် ထမင်းဟင်းများ စားသောက်ကာ ရေမိုးချိုးပြီးနောက် ယခုည အိပ်ရာဝင်အဖော်ပြုရမည့် အလုပ်ကိုပင် မလုပ်တော့ဘဲ အိပ်ရာပေါ် လှဲချလိုက်သည်နှင့် အိပ်ပျော်သွားကြတော့သည်။

အမှန်တကယ်တော့ ယနေ့တွင် အစွမ်းများကို မကြာခဏ အသုံးပြုခဲ့ရသောကြောင့် ဆုန့်ဝမ်ဖြစ်စေ၊ တင်းယန်ဖြစ်စေ မခံနိုင်တော့ခြင်းဖြစ်သည်။

လင်းယွမ်က ရေမိုးချိုးပြီးနောက် သူနှင့် ရန်မေတို့၏ အိပ်ခန်းမကြီးသို့ ပြန်လာခဲ့သည်။

သူကတော့ သိပ်မပင်ပန်းလှပေ။ မည်သို့ပင်ဆိုစေကာမူ ခန္ဓာကိုယ်ကြံ့ခိုင်မှု အမှတ် ၅၀ ရှိနေသည်ဖြစ်ရာ ပြန်လည်နာလန်ထစွမ်းအားက ဤမျှပင် အံ့မခန်းဖြစ်နေခြင်းဖြစ်သည်။

ယနေ့ညစာကို တုံယန်က ချက်ပြုတ်ပေးခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရန်မေက ယခုအချိန်အထိ ပြန်မလာသေးသောကြောင့် ဖြစ်သည်။ သူမ မိန်တောင်သို့သွားသည့် ဤနှစ်ရက်အတွင်း ဈေးဝယ်စင်တာဘက်တွင် အလုပ်ကိစ္စများစွာ စုပုံနေခဲ့သည်။

သူမက ဤနှစ်ရက်အတွင်း အလွန်အလုပ်များနေပြီး ယခုအချိန်အထိ ဈေးဝယ်စင်တာဘက်တွင် အချိန်ပိုဆင်းကာ ပစ္စည်းများကို စာရင်းပြုစုတွက်ချက်ရင်း ပစ္စည်းသိုလှောင်ရန် ပြင်ဆင်နေရသည်။

လင်းယွမ်က အိပ်ခန်းထဲတွင် ခဏထိုင်ပြီးနောက် ရန်မေကို ကြိုရန် ဈေးဝယ်စင်တာဘက်သို့ ထွက်လာခဲ့သည်။

မကြာမီ ဈေးဝယ်စင်တာသို့ ရောက်ရှိလာခဲ့သည်။ ဤအချိန်က ဈေးဝယ်စင်တာတွင် လူစည်ကားသောအချိန်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် နေ့ခင်းဘက်တွင် လူတိုင်း အလုပ်များနေကြသဖြင့် ဈေးဝယ်စင်တာသို့ လာရောက်လည်ပတ်သူများ မရှိသောကြောင့်ဖြစ်သည်။

ဆန့်ကျင်ဘက်အနေဖြင့် ညဘက်တွင် အားလပ်သွားကြမှသာ မိသားစုဝင်များကိုခေါ်ကာ လာရောက်လည်ပတ်ကြခြင်းဖြစ်သည်။

ယခု လေးလွှာရှိ ဖျော်ဖြေရေးခန်းက ဈေးဝယ်စင်တာတွင် လူအစည်ကားဆုံးနေရာ ဖြစ်နေသည်။

လူအတော်များများက တီဗွီ၊ ရုပ်ရှင်များကို ခဏလာကြည့်ရန် သို့မဟုတ် ဂိမ်းဆော့ရန်၊ ဘိလိယက်ထိုးရန် ရွေးချယ်လာကြသည်။

လင်းယွမ်က ဖျော်ဖြေရေးဧရိယာကို ဖြတ်သန်းကာ ရုံးခန်းဧရိယာသို့ ဝင်ရောက်လာရာ ရန်မေ၏ ရုံးခန်းတွင် မီးလင်းနေသေးသည်ကို တွေ့လိုက်ရသည်။

တံခါးဝသို့ ရောက်သောအခါ ပိန်ပါးသော ပုံရိပ်တစ်ခုက ရုံးစားပွဲပေါ်ရှိ ကွန်ပျူတာရှေ့တွင် လက်ကွက်များကို ခေါက်နှိပ်နေပြီး တစ်ခါတစ်ရံ အချက်အလက်များကို ငုံ့ကြည့်ကာ ကွန်ပျူတာထဲသို့ စာရိုက်ထည့်နေသည်ကို မြင်လိုက်ရသည်။

လင်းယွမ် အနည်းငယ် ကြောင်အမ်းသွားသည်။ ထိုမိန်းကလေးက မြင်းမြီးပုံစံ ဆံပင်ကို ရာဘာကြိုးလေးဖြင့် ရိုးရှင်းစွာ စည်းနှောင်ထားသည်။

ဖြူဝင်းသော အသားအရေက နေ့လင်းမီးရောင်အောက်တွင် ဖြူဖွေးချောမွေ့နေသည်။

သူမက မကြာခဏလျှော်ဖွပ်ထားသဖြင့် အရောင်လွင့်စပြုနေသော အဝါရောင် ရှပ်အင်္ကျီနှင့် အောက်ပိုင်းတွင် ဂျေကေ စကတ်တိုကို ဝတ်ဆင်ထားသည်။

ဂျပန်အာနီမဲထဲမှ ထွက်လာသော ကာတွန်းဇာတ်ကောင်မိန်းကလေးတစ်ဦးနှင့်ပင် တူနေသည်။

လင်းယွမ် သတိပြန်ဝင်လာပြီးမှသာ သူမက မည်သူဖြစ်ကြောင်း သတိရသွားသည်။

"လုယွီယန်"

သူက လိပ်ကျွန်းရှိ လုတရုံဟူသော ရိုးသားသည့် အမျိုးသားကို မနေနိုင်ဘဲ သတိရသွားသည်။

လုတရုံက ရွှံ့နွံတောထဲတွင် ရှိစဉ်က သူ၏သမီးဖြစ်သူ လုယွီယန်ကို နောင်တွင် သေချာစောင့်ရှောက်ပေးရန် သူ့ကို တောင်းဆိုခဲ့သည်ကို သူ မှတ်မိနေသေးသည်။

လုတရုံက လိပ်ကျွန်း နစ်မြုပ်သွားသည်အထိ ထွက်ပြေးလွတ်မြောက်လာနိုင်ခြင်း မရှိခဲ့ပေ။

ဤအရာအားလုံးက သူ၏ သမီးဖြစ်သူအတွက် သန္ဓေပြောင်း အသီးတစ်လုံးကို အခက်အခဲပေါင်းများစွာကြားမှ ရှာဖွေပေးရန်နှင့် သူ၏ ဆွံ့အနားမကြားသော သမီးလေးက နောင်တွင် အစွမ်းနိုးထလာပြီး ထိုအချိန်မှစ၍ အခက်အခဲများစွာဖြင့် ရှင်သန်နေထိုင်ရန် မလိုအပ်တော့စေရန် မျှော်လင့်ခြင်းကြောင့်ပင်ဖြစ်သည်။

လုတရုံက အလွန် ရှင်းလင်းစွာ သိထားသည်။ သူက သမီးဖြစ်သူကို ထာဝရ စောင့်ရှောက်ပေးနိုင်မည် မဟုတ်ဘဲ တစ်နေ့နေ့တွင် ဤကျိန်စာသင့်နေသော ကမ္ဘာကြီးအောက်၌ သူ သေဆုံးရမည်ဖြစ်ကြောင်းကိုပင်။

ထို့ကြောင့် သမီးဖြစ်သူကို အစွမ်းနိုးထစေပြီး အစွမ်းပိုင်ရှင်တစ်ဦး ဖြစ်လာစေမှသာ သမီးဖြစ်သူက ဤဧရာမရေလွှမ်းမိုးမှု ကမ္ဘာကြီးထဲတွင် အသက်ရှင်နေထိုင်နိုင်မည်ဖြစ်သည်။

သူ သူမ၏အနားတွင် မရှိတော့လျှင်ပင် သူ၏ အဖိုးတန်သမီးလေးက စွန်းရှုကဲ့သို့သော လူယုတ်မာမျိုး၏ အနိုင်ကျင့်ခြင်းကို ခံရမည်ကို စိုးရိမ်စရာ မလိုတော့ပေ။

နှမြောစရာကောင်းသည်မှာ နောက်ဆုံးအချိန်အထိ သူက လိပ်ကျွန်းမှ ထွက်မလာနိုင်ခဲ့ဘဲ သမီးဖြစ်သူအတွက် သန္ဓေပြောင်း အသီးကို ယူဆောင်လာပေးနိုင်ခဲ့ခြင်း မရှိချေ။

လင်းယွမ်က သက်ပြင်းတစ်ချက်ချလိုက်သည်။ ဤကာလအတွင်း သူ အလွန်အလုပ်များနေပြီး သူ၏ ကိစ္စများကလည်း များပြားလွန်းလှသဖြင့် လုယွီယန်ကို မတွေ့လိုက်ရပါက သူ ဤကိစ္စကိုပင် မေ့လုနီးပါး ဖြစ်နေခဲ့ပြီဖြစ်သည်။

လင်းယွမ်က အခန်းထဲသို့ ဝင်သွားသော်လည်း ရန်မေကို မတွေ့ရပေ။

ကောင်မလေး လုယွီယန်က ကွန်ပျူတာကိုသာ မျက်နှာမူထားဆဲဖြစ်ပြီး လူဝင်လာသည်ကို သတိမပြုမိခဲ့ချေ။

သူမက ဆွံ့အနားမကြားသူဖြစ်သဖြင့် အသံများကို မကြားရသောကြောင့် လူဝင်လာသည်ကို အလိုအလျောက်ပင် သတိမပြုမိခြင်းဖြစ်သည်။

လင်းယွမ်က သူမ၏အနားသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်ပြီး စားပွဲကို ဖွဖွလေး ခေါက်လိုက်သည်။

"ဒေါက်... ဒေါက်... ဒေါက်"

လုယွီယန်က ထိုအခါမှသာ သတိထားမိသွားပြီး အမြန် ခေါင်းမော့ကြည့်လိုက်ရာ လင်းယွမ်ဖြစ်နေသည်ကို မြင်လိုက်ရသောကြောင့် ချက်ချင်းပင် မျက်နှာအမူအရာ ပြောင်းလဲသွားကာ ကပျာကယာ မတ်တတ်ရပ်လိုက်သည်။

သို့သော် ဤလှုပ်ရှားမှုက ပြင်းထန်လွန်းသဖြင့် ဝုန်းခနဲ အသံနှင့်အတူ အနောက်ဘက်ရှိ ကုလားထိုင်က တိုက်မိပြီး လဲကျသွားသည်။

သူမကိုယ်တိုင်လည်း ချက်ချင်းပင် အနောက်သို့ လန်ကျသွားပြီး ပါးစပ်ကြီးဟကာ "အ" ဟူသော အော်သံထွက်ပေါ်လာသည်။

လင်းယွမ်က မျက်စိရှင်လက်သွက်စွာဖြင့် ကောင်မလေး၏ ခါးသိမ်သိမ်လေးကို လှမ်းဖက်လိုက်သည်။

ဤကောင်မလေးက ဂျပန်အာနီမဲထဲမှ မိန်းကလေးတစ်ဦးနှင့် တူနေသည်ဆိုသည်မှာ အလဟဿမဟုတ်ပေ။ ခါးသိမ်သိမ်လေးက ဆုပ်ကိုင်၍ရနိုင်လောက်အောင် သေးသွယ်နေပြီး ခန္ဓာကိုယ်ကလည်း စက္ကူပြားလေးတစ်ချပ်ကဲ့သို့ ပေါ့ပါးနူးညံ့နေသည်။

လင်းယွမ်က သူမကို ဖက်ထားလိုက်ရာ လုယွီယန်၏ မျက်နှာက ချက်ချင်း နီရဲသွားပြီး အာ အာ ဖြင့် အသံအချို့ ပြုလုပ်ကာ အလျင်စလို မတ်တတ်ရပ်လိုက်သည်။

လင်းယွမ်ကလည်း လက်ကို လွှတ်လိုက်ပြီး "နင် ဘာမှမဖြစ်ပါဘူးနော်"

လုယွီယန်က အမူအရာများ ဆက်တိုက်လုပ်ပြကာ ကိစ္စမရှိကြောင်း လက်ဟန်ခြေဟန်ဖြင့် ပြသလိုက်သည်။

နှမြောစရာကောင်းသည်မှာ လင်းယွမ်က လက်ဟန်ခြေဟန်များကို နားမလည်သော်လည်း သူမ ဘာမှမဖြစ်ကြောင်းကိုတော့ အကြမ်းဖျင်း သိလိုက်သည်။

ထိုစဉ် သူက ပြုံး၍ "ငါက လူသားစားတဲ့ ဘီလူးမှမဟုတ်တာ ငါ့ကို မြင်တာနဲ့ ဒီလောက်တောင် စိတ်လှုပ်ရှားရလားဟ"

လုယွီယန်က နှုတ်ခမ်းလှုပ်ရှားမှုကို အနည်းငယ် ဖတ်တတ်သဖြင့် လင်းယွမ်၏ အကြမ်းဖျင်းအဓိပ္ပာယ်ကို နားလည်နိုင်ပြီး မျက်နှာလေး အနည်းငယ်နီရဲသွားကာ လက်ကို ဆက်တိုက်ခါရမ်းပြရင်း သူ့ကို ကြောက်နေခြင်းမဟုတ်ကြောင်း အချက်ပြလိုက်သည်။

လင်းယွမ်က ရန်မေဘက်ရှိ ရုံးစားပွဲကို လက်ညိုးထိုးပြကာ "အမမေရော"

လုယွီယန်က သူ၏လှုပ်ရှားမှုကို မြင်လိုက်ရသောအခါ သူ၏အဓိပ္ပာယ်ကို ချက်ချင်းနားလည်သွားပြီး လက်ဟန်ခြေဟန်ဖြင့် အတန်ကြာ ပြသလိုက်သည်။

လင်းယွမ်က နားမလည်နိုင်ဖြစ်နေသဖြင့် သူမက မတတ်သာသည့်အဆုံး လင်းယွမ်ကို ဆွဲခေါ်ကာ အပြင်ဘက်သို့ ခေါ်ဆောင်သွားတော့သည်။

လင်းယွမ်က သူမ ဆွဲခေါ်ရာသို့ အလိုက်တသိ လိုက်ပါသွားပြီး သူမ၏နောက်မှ အခန်းပြင်သို့ ထွက်လာခဲ့သည်။

ရုံးခန်းအချို့ကို ဖြတ်သန်းသွားပြီးနောက် အခန်းကြီးတစ်ခန်းထဲသို့ ရောက်ရှိလာခဲ့သည်။

အထဲမှ လှုပ်ရှားသံအချို့ကို တိုးတိတ်စွာ ကြားနေရသည်။

လင်းယွမ်က ရန်မေ ဤအထဲတွင် ရှိနေကြောင်း ချက်ချင်း နားလည်သွားသည်။

လုယွီယန်က အခန်းကို လက်ညိုးထိုးပြရာ လင်းယွမ်က ခေါင်းညိတ်ပြပြီး တံခါးကို တွန်းဖွင့်လိုက်သည်။

ဤနေရာက ဈေးဝယ်စင်တာ၏ ဂိုဒေါင်ဖြစ်ပြီး အောက်ထပ်ရှိ ဈေးဝယ်စင်တာတွင် ပစ္စည်းပြတ်လပ်သွားပါက အချိန်မီ ဖြည့်တင်းနိုင်ရန်အတွက် လင်းယွမ်က ပုံမှန်အားဖြင့် ဤနေရာတွင် ပစ္စည်းအနည်းငယ်ကို သိုလှောင်ထားလေ့ရှိသည်။

ပစ္စည်းတင်စင်ပေါ်တွင် ရန်မေက စာအုပ်တစ်အုပ်ကို ကိုင်ထားပြီး ပစ္စည်းအရေအတွက်များကို မှတ်တမ်းတင်နေပုံရသည်ကို သူ တွေ့လိုက်ရသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လင်းယွမ်က လုယွီယန်ကို ပြုံးပြလိုက်ပြီး "နင် လုပ်စရာရှိတာ သွားလုပ်တော့" ဟု ပြောလိုက်သည်။

လုယွီယန်က ခေါင်းညိတ်လိုက်ပြီး ရန်မေကို တစ်ချက်ကြည့်ကာ လင်းယွမ်ကို ထပ်မံကြည့်ရှုပြီးနောက် ချက်ချင်းပင် အပြုံးတစ်ပွင့် ပေါ်လာပြီး ဤနေရာမှ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။

လင်းယွမ်က ဂိုဒေါင်ထဲသို့ ဝင်သွားရာ ရန်မေက ချက်ချင်း သတိထားမိသွားပြီး အမြန် လှည့်ကြည့်ကာ "ဘယ်သူလဲ"

လင်းယွမ်က ပြုံး၍ "ဒီလောက် နောက်ကျနေပြီကို အိမ်ပြန် အနားမယူသေးဘူးလား"

လင်းယွမ်ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ ရန်မေက မနေနိုင်ဘဲ သက်ပြင်းတစ်ချက်ချလိုက်ပြီး နူးညံ့သောအပြုံးဖြင့် "အမ နည်းနည်းလေးပဲ ကျန်တော့တယ်... ဒီအလုပ်လေးကို ပြီးအောင်လုပ်လိုက်ရင် မနက်ဖြန်ဆို အများကြီး သက်သာသွားလိမ့်မယ်" ဟု ပြောလိုက်သည်။

"မောင်လေးက ဘယ်လိုလုပ်ပြီး အမဆီ ရောက်လာတာလဲ... ဒီည တင်းယန်နဲ့ အတူရှိနေရမှာ မဟုတ်ဘူးလား"

လင်းယွမ်က မတတ်သာသည့်ဟန်ဖြင့် "တင်းယန်နဲ့ ဆုန့်ဝမ်က ဒီနေ့ တစ်နေကုန် ပင်ပန်းနေကြတာဆိုတော့ လှဲလိုက်တာနဲ့ အိပ်ပျော်သွားကြတယ်... ဒီညတော့ ကျွန်တော်က အထီးကျန်လူပျိုကြီး ဖြစ်သွားပြီ"

ရန်မေက သူ့ကို မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး ချွဲနွဲ့သည့်လေသံဖြင့် "ကောင်းပါပြီရှင်... ရှင့်ကို ဘယ်သူမှ မလိုချင်တော့မှ ကျွန်မဆီ လာတာပေါ့လေ"

လင်းယွမ်က သူမ၏ ချစ်စရာကောင်းသော မျက်နှာအမူအရာကြောင့် မနေနိုင်ဘဲ ရယ်မောသွားခဲ့သည်။ သူမက သူ၏ရှေ့တွင် အမြဲတမ်း နူးညံ့သိမ်မွေ့ပြီး နားလည်မှုရှိကာ ဤကဲ့သို့သော စိတ်ခံစားမှုပြင်းထန်သည့် မျက်နှာအမူအရာမျိုး ပြသခဲလှသည်။

သူက ချက်ချင်းပင် လျင်မြန်စွာ လျှောက်သွားလိုက်ပြီး သူမ၏ နူးညံ့ပျော့ပျောင်းသော ခါးလေးကို ဖက်ထားကာ ပြုံး၍ "အားလုံးက ကျွန်တော့်ကို မလိုချင်ရင်တောင် အမကတော့ သေချာပေါက် လိုချင်မှာပဲဆိုတာ ကျွန်တော် သိတယ်... ဟုတ်တယ်မလား"

ရန်မေက ထိုစကားကို ကြားသောအခါ ချက်ချင်းပင် မျက်နှာလေး အနည်းငယ် နီရဲသွားသော်လည်း သူ၏ရင်ခွင်ထဲသို့ မနေနိုင်ဘဲ မှီချလိုက်ပြီး "တစ်နေ့ကျရင် မောင်လေးက အမကို မလိုချင်တော့မှာကိုပဲ အမ စိုးရိမ်တာပါ"

လင်းယွမ်က သူမကို တစ်ချက်နမ်းလိုက်ပြီး "ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... အမက ကျွန်တော့်မိန်းမဆိုတော့ ထာဝရ ကျွန်တော့်ရဲ့မိန်းမပဲပေါ့"

"ဒီထိုက်ယန်တောင် ခိုလှုံရေးစခန်းကြီးကို မလိုချင်တော့ရင်တောင် ကျွန်တော်က အမကိုတော့ သေချာပေါက် ခေါ်သွားမှာပဲ"

ရန်မေ၏ မျက်နှာတစ်ခုလုံးတွင် အပြုံးများ ပြည့်နှက်သွားပြီး မျက်လုံးထဲတွင်လည်း ကြင်နာယုယမှုများ ပြည့်နှက်နေကာ သူ့ကို အနမ်းတစ်ပွင့် ပြန်လည်ပေးအပ်လိုက်ရင်း "အမတို့ ခက်ခက်ခဲခဲနဲ့ အခြေကျလာပြီး ဒီလိုခိုလှုံရေးစခန်းမျိုး ရလာတာလေ"

"အမတို့ အတူတူ ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်ရုံသာမက တခြားသူတွေကိုပါ တည်တည်ငြိမ်ငြိမ် နေထိုင်နိုင်အောင် ခေါ်ဆောင်ပေးနိုင်ခဲ့တာ... ဒီခိုလှုံရေးစခန်းကိုတော့ အဆုံးရှုံးခံလို့ မဖြစ်ဘူးနော်"

လင်းယွမ်က ပြုံးလိုက်ပြီး "ဥပမာပေးရုံ သက်သက်ပါ... ကျွန်တော့်ရင်ထဲမှာတော့ အမက ထိုက်ယန်တောင် ခိုလှုံရေးစခန်းထက် ပိုအရေးကြီးပါတယ်"

ရန်မေက သူ၏ ချစ်စကားများကြောင့် ရင်ခုန်သွားပြီး ချစ်ခြင်းမေတ္တာများက မျက်လုံးထဲမှ စီးကျလာမတတ်ပင်။

နှစ်ဦးသား ပို၍ပို၍ နီးကပ်လာရာ ရန်မေ၏ အသက်ရှူသံများက မြန်ဆန်လာပြီး မျက်နှာလေး နီရဲလာကာ "နေ... နေဦး... အမ ပစ္စည်းတွေ စာရင်းမှတ်လို့ မပြီးသေးဘူး... အင်း... အင်း..."

အတန်ကြာပြီးနောက် ရန်မေက ခေါင်းတစ်ခုလုံး ချွေးများ ရွှဲနစ်နေလျက် ဂိုဒေါင်တံခါးကြီးကို ဖွင့်ကာ ဘယ်ညာကြည့်လိုက်ပြီး လူမရှိသည်ကို မြင်သောအခါမှသာ ဆံပင်နှင့် အဝတ်အစားများကို သပ်ရပ်အောင် ပြုပြင်ပြီး အထဲမှ ထွက်လာခဲ့သည်။

လင်းယွမ်ကလည်း ဂိုဒေါင်ထဲမှ နောက်ချန်၍ ထွက်လာရာ ရန်မေက တိုးတိတ်သောအသံဖြင့် "မောင်လေးကတော့နော် အမကို အနိုင်ကျင့်ဖို့လောက်ပဲ သိတယ်"

လင်းယွမ်က ပြုံး၍ "ဒါက လင်မယားကြားက ပျော်ရွှင်မှုပါဗျာ"

ရန်မေက နှုတ်ခမ်းကို ကိုက်လိုက်ပြီး သူ့ကို တစ်ချက်ရိုက်ကာ တိုးတိတ်သောအသံဖြင့် "မောင်လေး အောက်ထပ်ဆင်းပြီး အမကို စောင့်နေ... ကွန်ပျူတာ ပိတ်ပြီးရင် မောင်လေးဆီ ဆင်းလာခဲ့မယ်"

လင်းယွမ်က ပြုံး၍ ခေါင်းညိတ်ပြပြီး လှည့်ထွက်ကာ လေးလွှာမှ ထွက်ခွာလာခဲ့သည်။

အားလပ်နေသဖြင့် သူက အောက်ထပ်တွင် လျှောက်လည်နေလိုက်သည်။

လေးလွှာတွင် စည်ကားနေဆဲဖြစ်ပြီး နှစ်လွှာ၊ သုံးလွှာရှိ ဈေးဝယ်စင်တာထဲတွင်လည်း လူအတော်များများ ရှိနေသည်။

သို့ရာတွင် လူအစည်ကားဆုံးနေရာက ပထမထပ်ပင် ဖြစ်သည်။

ပထမထပ်ရှိ စားသောက်တန်းတွင် အရောင်းအဝယ် သွက်နေပြီး လူအတော်များများက ဤအချိန်မှသာ ထမင်းလာစားကြသည်။

ထို့အပြင် အရက်ဘားတံခါးဝတွင်လည်း လူအများအပြား စုရုံးနေကြသည်။

ယခုအချိန်ရှိ အရက်ဘားက အရက်သေစာများကို သက်သက် ရောင်းချပေးသော နေရာမဟုတ်တော့ပေ။

အားလုံးစုရုံးကာ သတင်းအချက်အလက်များ ဖလှယ်ခြင်း၊ တာဝန်များ ထုတ်ပြန်ခြင်းနှင့် တာဝန်များ လက်ခံရယူခြင်းတို့ကို ပြုလုပ်သော ဆက်သွယ်ရေးနေရာတစ်ခုလည်း ဖြစ်လာခဲ့သည်။

ဤနေရာရှိ အရက်သေစာအများစုမှာ အရက်ဖြူကို ရောစပ်ကာ အပျော့စားဖြစ်အောင် လုပ်ထားခြင်းဖြစ်ပြီး အရက်ဖြူများမှာ သဘာဝကျကျပင် လင်းယွမ်၏ ပစ္စည်းသိုလှောင်ခန်းထဲမှ ထုတ်ယူထားခြင်းဖြစ်သည်။

ဤအရက်များကို သူကိုယ်တိုင်လည်း မသောက်သဖြင့် သိမ်းထားမည့်အစား အားလုံး၏ အမှတ်များကို လျှော့ချပစ်ရန် ထုတ်ပေးလိုက်ခြင်းက ပို၍ကောင်းမွန်သည်။

အားလုံးက အမှတ်များ လိုအပ်နေမှသာ ငါးဖမ်းခြင်း၊ အမဲလိုက်ခြင်းတို့ကို ပိုမိုကြိုးစားလုပ်ဆောင်ကြပြီး သူ့အတွက် အလုပ်လုပ်ပေးကြမည်ဖြစ်သည်။

လင်းယွမ်က အရမ်းကြီး ထင်ပေါ်အောင် မနေဘဲ တစ်ပတ်ခန့် လျှောက်ကြည့်ပြီးနောက် ရန်မေကို စောင့်ရန် အပြင်ထွက်လာခဲ့သည်။

သူက စည်ကားနေသော အရက်ဘားကို ကြည့်ကာ လူအများက ယနေ့ ရေပေါ်တံတားတည်ဆောက်သည့်အကြောင်းကို ဆွေးနွေးနေကြသည်ကို နားထောင်နေလိုက်သည်။

အကြည့်များ ဝေ့ဝဲသွားချိန်တွင် လီရှန်ယန်၊ ကျန်းရုံရုံနှင့် ရန်ဝေတို့ သုံးဦးစလုံး အရက်ဘားထဲတွင် ရှိနေသည်ကို တွေ့လိုက်ရသည်။

ယခုအချိန်တွင် လီရှန်ယန်တို့ သုံးဦးက ပတ်ဝန်းကျင်ရှိ လူများ ရေပေါ်တံတားအကြောင်း ပြောနေကြသည်ကို အလွန်အံ့သြနေသော မျက်နှာများဖြင့် နားထောင်နေကြသည်။

လီရှန်ယန်က မယုံကြည်နိုင်စွာဖြင့် ဘေးစားပွဲရှိ အစွမ်းပိုင်ရှင်ကို မေးလိုက်သည်။ "မင်း ဘာပြောလိုက်တာလဲ... ဆရာလင်းက လူတွေကိုခေါ်ပြီး ရေပေါ်တံတား သွားဆောက်တယ်ပေါ့... ဘာရေပေါ်တံတားလဲ... ဘယ်ကိုသွားမယ့် ရေပေါ်တံတားလဲ"

ဟိုဘက်ရှိလူက ကင်းလှည့်အဖွဲ့မှ မဟုတ်သည်မှာ ထင်ရှားပြီး ကင်းလှည့်အဖွဲ့ဝင်များ၏ မိသားစုဝင်ဖြစ်ကာ ဤဘက်သို့ လာအပမ်းဖြေခြင်း ဖြစ်ဟန်တူသည်။

လီရှန်ယန်၏ အမေးကို ကြားသောအခါ သူက တဟဲဟဲ ရယ်မောလိုက်သော်လည်း အဖြေမပေးဘဲ စားပွဲကိုသာ ခေါက်ပြလိုက်သည်။

လီရှန်ယန်က ကြောင်အမ်းသွားပြီး သူ၏စားပွဲပေါ်ရှိ အရက်ခွက်ကို ကြည့်လိုက်ရာ အထဲရှိ အရက်များက ကုန်လုနီးပါး ဖြစ်နေပြီဖြစ်သည်။

သူက ချက်ချင်း သဘောပေါက်သွားပြီး အရက်စပ်သော ကောင်မလေးကို အမြန်လှမ်းခေါ်လိုက်သည်။ "ညီမ... ဒီက ညီလေးကို အပြည့်ငဲ့ပေးလိုက်... ငါ ရှင်းမယ်"

ပြောရင်းဆိုရင်း သူက မိမိခုလေးတင် ပြုလုပ်ထားသော အသင်းဝင်ကတ်ကို ကမ်းပေးလိုက်ပြီး ဤလူငယ်အတွက် ရောစပ်ထားသော နိုင်ငံတော်အဆင့် အရက်တစ်ခွက်ကို ရှင်းပေးလိုက်သည်။

ထိုလူငယ်က ဟီးဟီးဟဲဟဲ ရယ်မောလိုက်ပြီး လီရှန်ယန်၏ ဤမျှ နားလည်တတ်ကျွမ်းမှုကို အလွန်သဘောကျသွားသည်။

ထိုစဉ် သူက ပြုံး၍ "အစ်ကို... ဒီအရက်တစ်ခွက်အတွက် အစ်ကို့မှာ ဘာမေးစရာရှိရှိ ကျွန်တော် သိသလောက်တော့ သေချာပေါက် ပြောပြမယ်"

"စောစောက မင်းတို့ပြောနေတဲ့ ရေပေါ်တံတားက ဘယ်လိုကိစ္စလဲ" ဟု လီရှန်ယန်က အမြန်မေးလိုက်သည်။

ကျန်းရုံရုံနှင့် ရန်ဝေတို့ကလည်း တစ်ဖက်လူကို ကပျာကယာ ကြည့်လိုက်ကြသည်။

ထိုလူငယ်က ပြုံး၍ "အစ်ကိုတို့ကို ကြည့်ရတာ ကင်းလှည့်အဖွဲ့ထဲမှာ အသိမရှိဘူးထင်တယ်... ကျွန်တော် ပြောပြမယ်... ဆရာလင်းက ဒီနေ့ ကင်းလှည့်အဖွဲ့ဝင်တွေ အားလုံးကိုခေါ်ပြီး ထိုက်ယန်တောင် အနောက်ဘက်ကိုသွားတာ အဲဒီမှာ ရေပေါ်တံတား တည်ဆောက်ခဲ့တာလေ"

"လူရာချီ သွားခဲ့ကြတာ... အဖွဲ့ခေါင်းဆောင် တင်းယန်နဲ့ အဖွဲ့ခေါင်းဆောင် ကျောက်ခိုင်တို့တောင် ကိုယ်တိုင် ပါဝင်ခဲ့ကြတာ"

"ကျွန်တော် အစ်ကိုတို့ကို ပြောပြမယ်... ဒီတစ်ခေါက် အစီအစဉ်က တကယ် ကြီးကျယ်တာ... ထိုက်ယန်တောင် အနောက်ဘက်က ဘယ်လိုနေရာလဲဆိုတာ အစ်ကိုတို့ သိလား"

လီရှန်ယန်တို့ သုံးဦးက တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အသီးသီး ခေါင်းခါလိုက်ကြသည်။

ကျန်းရုံရုံက "ဘယ်လိုနေရာလဲ"

လူငယ်က အံ့သြသွားပြီး "ရေလွှမ်းမိုး တားမြစ်နယ်မြေလေ... အစ်ကိုတို့က အဲဒီနေရာကို မသိဘူးလား... ကျောက်တွင်းမှာ ကျောက်မတူးဖူးဘူးလား... သွားဖူးတဲ့သူတိုင်း ကျောက်တွင်းကနေ အနောက်ဘက်ကို ဆက်သွားရင် ရေလွှမ်းမိုး တားမြစ်နယ်မြေ ဆိုတာကို သိကြတယ်"

လီရှန်ယန်က သူတို့ လင်းယွမ်နှင့်အတူ ရေပြင်ကို ဖြတ်ကျော်ပြီးနောက် ကြုံတွေ့ခဲ့ရသော သန္ဓေပြောင်း ဖားပြုတ်များ၊ သန္ဓေပြောင်း ဖားများကဲ့သို့သော သန္ဓေပြောင်းမိစ္ဆာများ ထူထပ်သည့် ဧရိယာကို ချက်ချင်း သတိရသွားသည်။

ဦးလေးလင်းက ထိုနေရာသည် ရေလွှမ်းမိုး တားမြစ်နယ်မြေဖြစ်ကြောင်း ပြောဖူးသည်ကိုလည်း သူ ကြားခဲ့ရသလိုပင်။

ရန်ဝေက အမြန်မေးလိုက်သည်။ "ဆရာလင်းက ရေလွှမ်းမိုး တားမြစ်နယ်မြေမှာ ရေပေါ်တံတား တည်ဆောက်ခဲ့တာလား"

လူငယ်က အရက်တစ်ငုံ သောက်လိုက်ပြီး ပါးစပ်ကို သပ်ကာ "ရေပေါ်တံတား တည်ဆောက်ရုံတင် မကဘူး... ဆရာလင်းက ကင်းလှည့်အဖွဲ့က အစွမ်းပိုင်ရှင်တွေကို ခေါ်ပြီး ရေလွှမ်းမိုး တားမြစ်နယ်မြေကို အရင် ရှင်းလင်းခဲ့တာ... သန္ဓေပြောင်းသတ္တဝါ အမြောက်အမြားကို သတ်ဖြတ်ခဲ့တယ်"

"အစ်ကိုတို့ ဒီနေ့ အစားသောက်တန်းကို မသွားခဲ့ဘူးလား... ဒီနေ့ အသားဟင်းတွေ အရမ်းဈေးပေါနေတာကို သတိမထားမိဘူးလား"

"ဟီးဟီး... အဲဒါ ဒီနေ့ ရေလွှမ်းမိုး တားမြစ်နယ်မြေမှာ သန္ဓေပြောင်းသားရဲ အမြောက်အမြားကို သတ်ဖြတ်ခဲ့လို့ အသားဟင်းတွေ အများကြီး ဈေးပေါသွားတာလေ"

"နေပါဦး... ညီလေး... ငါ မေးပါရစေ... ဆရာလင်းတို့က ရေပေါ်တံတားကို ဘယ်ကို သွားဖို့ တည်ဆောက်တာလဲ" လီရှန်ယန်၏ ရင်ထဲတွင် ခန့်မှန်းမိနေသော်လည်း မနေနိုင်ဘဲ အလျင်စလို မေးလိုက်မိသည်။

ထိုလူငယ်က "ဘယ်ကို သွားဖို့ဖြစ်ရမှာလဲ... သေချာပေါက် မျက်နှာချင်းဆိုင်က မိန်တောင်ကိုပဲပေါ့"

"ကင်းလှည့်အဖွဲ့ထဲက ကျွန်တော့်ဘော်ဒါတွေ ပြောတာတော့ ဆရာလင်းက မိန်တောင်ကို စတင်တိုးချဲ့ဖို့ စီစဉ်နေတယ်တဲ့... ရေပေါ်တံတား တည်ဆောက်ပြီးသွားရင် ကျွန်တော်တို့အားလုံး မိန်တောင်ဘက်ကို သွားလို့ရပြီ"

"တောင်နှစ်လုံးကြားမှာ ရေပေါ်တံတားရှိသွားပြီဆိုတော့ အားလုံး အသွားအလာ ပိုအဆင်ပြေသွားပြီ... အဲဒီအချိန်ကျရင် ကျွန်တော်တို့ ထိုက်ယန်တောင် ခိုလှုံရေးစခန်းက တိုးချဲ့ရတော့မှာ"

လီရှန်ယန်က မျက်လုံးပြူးသွားပြီး မျက်ဝန်းအောက်ခြေတွင် အံ့သြတုန်လှုပ်မှုများ ပေါ်လာသည်။

တကယ်ကြီး မိန်တောင်ကို သွားဖို့ပါလား။

ကျန်းရုံရုံလည်း ချက်ချင်းပင် မျက်လုံးပြူးသွားပြီးနောက် အံ့သြဝမ်းသာသွားကာ ချက်ချင်း ပြောလိုက်သည်။ "ဒါဆို နောက်ဆိုရင် ကျွန်မတို့ မိန်တောင်ကနေ လာရတာ ပိုအဆင်ပြေသွားပြီ မဟုတ်ဘူးလား"

ရန်ဝေက မျက်နှာတစ်ခုလုံး တုန်လှုပ်နေလျက် "ရေပေါ်တံတား... ဆရာလင်းက တကယ်ကို တော်တာပဲ... ရေပေါ်တံတားကိုတောင် တည်ဆောက်နိုင်တာလား" ဟု ပြောလိုက်သည်။

"ဒီစီမံကိန်းက သေးတာမဟုတ်ဘူး... တည်ဆောက်ဖို့ အချိန်အကြာကြီး ယူရမှာ မဟုတ်ဘူးလား" ဟု လီရှန်ယန်က မနေနိုင်ဘဲ မေးလိုက်သည်။

ထိုစကားကို ကြားသောအခါ လူငယ်က ချက်ချင်း ရယ်မောလိုက်ပြီး "သာမန်လူတွေအတွက်ဆိုရင်တော့ သေချာပေါက် ကြာမှာပေါ့... ဒါပေမယ့် ဆရာလင်းအတွက်ကတော့ ရိုးရှင်းတဲ့ကိစ္စ မဟုတ်ဘူးလား"

"ကျွန်တော့်ဘော်ဒါတွေ ပြောတာတော့ ဒီနေ့ တစ်ရက်တည်းနဲ့ ဆရာလင်းက ရေလွှမ်းမိုး တားမြစ်နယ်မြေကို ရှင်းလင်းခဲ့ရုံတင် မကဘူး... ရေပေါ်တံတားရဲ့ ရာခိုင်နှုန်း ၇၀ ကိုတောင် တည်ဆောက်ပြီးသွားပြီတဲ့"

"ခန့်မှန်းရသလောက်တော့ ရေပေါ်တံတားက အများဆုံး မနက်ဖြန်ဆို ဖြတ်သန်းသွားလာလို့ ရပြီ... ဟီးဟီး... အစ်ကိုတို့ ဝင်လာတုန်းက တံခါးဝက ကြော်ငြာသင်ပုန်းမှာ လူအများကြီးက အဖွဲ့ဖွဲ့မယ့်အကြောင်း သတင်းတွေ တင်ထားတာကို သတိမထားမိကြဘူးလား"

"အားလုံးက ပထမဆုံးအသုတ်အနေနဲ့ မိန်တောင်ကိုသွားပြီး အဲဒီမှာ မြေရိုင်းတွေ ရှင်းလင်းဖို့ စဉ်းစားနေကြတာလေ"

"အစ်ကို... ဒီအရက်တစ်ခွက်အတွက် ကျွန်တော် အစ်ကို့ကို အတွင်းသတင်းတစ်ခု ပြောပြမယ်... မိန်တောင်ပေါ်မှာ ကောင်းတဲ့အရာတွေ အများကြီးရှိတယ်... ကျွန်တော် ကြားတာတော့ အဲဒီဘက်က မြေနေရာကို ဘယ်သူမှ မထိန်းချုပ်ထားဘူးတဲ့... အလွန်ကောင်းတဲ့ လှေကားထစ် စိုက်ခင်းတွေလည်း ရှိတယ်တဲ့"

"ပြီးတော့ အဲဒီဘက်က သန္ဓေပြောင်းသားရဲတွေက ကျွန်တော်တို့ ထိုက်ယန်တောင်ကထက် အများကြီး ပိုများတယ်... လူတွေရဲ့ သတ်ဖြတ်ခြင်းကိုလည်း အကုန်မခံရသေးဘူး... အဲဒီကို အမဲသွားလိုက်ရင် သေချာပေါက် အများကြီး ရမှာပဲ"

လီရှန်ယန်က ချက်ချင်းပင် တစ်ကိုယ်လုံး တုန်တက်သွားပြီး ကျန်းရုံရုံ၊ ရန်ဝေတို့နှစ်ဦးနှင့် အကြည့်ချင်း ဖလှယ်လိုက်ရာ လူအများ၏ မျက်လုံးထဲတွင် ဝမ်းသာပျော်ရွှင်မှုများ ချက်ချင်း ပေါ်လာကြသည်။

လီရှန်ယန်က ကပျာကယာ ကျေးဇူးတင်စကား ဆိုလိုက်ပြီး သူ့လူနှစ်ဦးကို ဆွဲကာ အရက်ဘား၏ ကြော်ငြာသင်ပုန်းဘက်သို့ ပြေးသွားကြသည်။

တကယ်ပင် အပေါ်တွင် သတင်းထုတ်ပြန်ချက် အတော်များများကို တွေ့လိုက်ရပြီး ၎င်းတို့ထဲမှ အများစုမှာ မိန်တောင်သို့ မြေရိုင်းသွားရှင်းရန် အဖွဲ့ဖွဲ့မည့် ဖိတ်ခေါ်ချက်များ ဖြစ်ကြသည်။

လီရှန်ယန်၏ မျက်နှာအမူအရာက လေးနက်သွားပြီး နှစ်ဦးသားကို ဆွဲယူကာ "မနက်ဖြန် ရေပေါ်တံတား ပွင့်တာနဲ့ ငါတို့ အမြန် ပြန်ကြမယ်"

ရန်ဝေက မနေနိုင်ဘဲ "အစ်ကိုရှန်ယန်... အစ်ကို့မှာ ဘာအကြံအစည် ရှိလို့လဲ"

လီရှန်ယန်က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး စိတ်လှုပ်ရှားမှုကို အတင်းအကြပ် ထိန်းချုပ်ကာ "ဒါက အရမ်းကောင်းတဲ့ အခွင့်အရေးပဲ" ဟု ပြောလိုက်သည်။

"ငါတို့က အချိန်အတော်ကြာကတည်းက မိန်တောင်ပေါ်က သန္ဓေပြောင်းသားရဲတွေကို မိစ္ဆာတွေလို့ သတ်မှတ်ထားခဲ့ပြီး မိန်တောင်ရဲ့ ရှင်သန်နေထိုင်မှု အခြေအနေက ဆိုးရွားတယ်လို့တောင် ထင်မှတ်ခဲ့တာ... ညဘက်ဆို စာသင်ကျောင်းထဲမှာပဲ ပုန်းနေရဲကြတာလေ"

"ဒါပေမယ့် မင်းတို့ ထိုက်ယန်တောင်က လူတွေကို ကြည့်စမ်း... သူတို့က ထိုက်ယန်တောင်က သန္ဓေပြောင်းသားရဲတွေကို အကုန်အစင် ဖမ်းပစ်လိုက်ကြပြီ"

"ရေပေါ်တံတား ဖွင့်လိုက်ရင် ဒီလူတွေ အုံနဲ့ကျင်းနဲ့ လာကြလိမ့်မယ်... မိန်တောင်က သန္ဓေပြောင်းသားရဲတွေလည်း သေချာပေါက် နောက်ထပ်တစ်ကြိမ် အကုန်အစင် ဖမ်းဆီးခံရတော့မှာပဲ"

"ငါတို့က ရှေ့ကနေ ဦးအောင်လုရမယ်... လူအင်အား အားလုံးကို အသုံးချပြီး အရင်ဦးဆုံး အမဲလိုက်ပြီး သန္ဓေပြောင်းသားရဲတွေကို ဖမ်းဆီးရမယ်"

"ဒါတွေအားလုံးက အမှတ်တွေပဲလေ... ငါတို့က လုံလောက်တဲ့ သန္ဓေပြောင်းသားရဲတွေကို ဖမ်းမိဖို့ပဲ လိုတယ်... မွေးမြူရေးခြံ ဒါမှမဟုတ် သားသတ်ရုံကို ယူသွားရင် ဈေးဝယ်စင်တာအမှတ်တွေအဖြစ် တိုက်ရိုက် လဲလှယ်လို့ ရတယ်"

"အဲဒီအချိန်ကျရင် ငါတို့က လုံလောက်တဲ့ ပစ္စည်းတွေကို ဝယ်ယူပြီး ပြန်သွားလို့ ရပြီ... အားလုံးလည်း ဆန်ပြုတ်ပဲ သောက်ရတဲ့ နေ့ရက်တွေကို ဖြတ်သန်းစရာ မလိုတော့ဘူး"

ဤစကားကို ကြားသောအခါ ကျန်းရုံရုံနှင့် ရန်ဝေတို့၏ မျက်လုံးများက ချက်ချင်း တောက်ပသွားကြသည်။

ကျန်းရုံရုံက ဈေးဝယ်စင်တာထဲရှိ မျက်စိကျိန်းမတတ် များပြားလှသော ကုန်ပစ္စည်းများကို တွေးမိလိုက်သည်နှင့် ထိုဖိနပ်များ၊ အဝတ်အစားသစ်များ၊ မိတ်ကပ်များနှင့် အသားအရေ ထိန်းသိမ်းရေးပစ္စည်းများ အားလုံးက သူမ လိုချင်သောအရာများချည်းသာ ဖြစ်သည်။

သူတို့ ယနေ့ တစ်နေ့တာလုံး အသင်းဝင်အမှတ် အနည်းငယ်ရရန်အတွက် မည်မျှအထိ ဒုက္ခခံခဲ့ရသည်ကို ဘုရားသာလျှင် သိပေလိမ့်မည်။

ငါးဖမ်းလိုက် အမဲလိုက်လိုက်ဖြင့် တစ်နေ့လုံး နေမှ အမှတ် တစ်ရာနှစ်ရာခန့်သာ ရရှိခဲ့သည်။

စောစောက အရက်ဘားထဲတွင် အရက်နှစ်ခွက် သောက်လိုက်ရုံဖြင့် အမှတ်ဆယ်ကျော် ကုန်သွားခဲ့ရာ သူတို့ကို ရင်နာစေသည်နှင့် တစ်ချိန်တည်းမှာပင် ထိုက်ယန်တောင် ဈေးဝယ်စင်တာ၏ အမှတ်များက မည်မျှ အရေးကြီးကြောင်းကို နက်နက်ရှိုင်းရှိုင်း သဘောပေါက်သွားစေခဲ့သည်။

ကျန်းရုံရုံက ကပျာကယာ "အစ်ကိုရှန်ယန်... အစ်ကိုပြောတာ မှန်တယ်... ကျွန်မတို့က အစကတည်းက မိန်တောင်က လူတွေပဲလေ... ကျဲ့ဆစ် စာသင်ကျောင်းမှာလည်း အဖွဲ့သားတွေ အများကြီး ရှိနေသေးတာဆိုတော့ အချိန်ကျရင် အားလုံး စုပေါင်းလိုက်ရင် သေချာပေါက် ဒီလူတွေထက် ပိုမြန်မြန် သားကောင်တွေ အများကြီး ဖမ်းမိမှာပဲ"

"ပြီးတော့ ငါတို့ဆီမှာ စာသင်ကျောင်းဆိုတဲ့ စခန်းလည်း ရှိသေးတယ်... သူတို့ သွားရင် စခန်းကို သီးသန့် ထပ်ရှာရဦးမှာ"

"ငါတို့က အများကြီး အားသာနေတာပဲ"

လီရှန်ယန်က ခေါင်းခါလိုက်ပြီး "စခန်းနေရာမှာတော့ ငါတို့က ဘာအားသာချက်မှ မရှိဘူး... ယွင်ချွမ်ဘုရားကျောင်းက အခု ဆရာလင်းရဲ့ နေရာဖြစ်နေပြီဆိုတာ မမေ့နဲ့... အချိန်ကျရင် သူက ယွင်ချွမ်ဘုရားကျောင်းမှာ စခန်းသစ်တစ်ခု ဖွင့်ဖို့ များတယ်... လူတွေကို အဲဒီမှာ သွားတပ်စွဲခိုင်းမှာ သေချာတယ်"

"ဒါပေမယ့် နင်ပြောတဲ့အထဲမှာ မှန်တာတစ်ခု ရှိတယ်... ငါတို့ ညီအစ်ကိုမောင်နှမတွေက လူများတယ်... လူများရင် အင်အားကြီးတာပဲ"

ရန်ဝေက စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ "အစ်ကိုရှန်ယန်... ကျွန်တော် ထင်တာကတော့ ငါတို့ ရေပေါ်တံတား ပွင့်တာကို စောင့်မနေဘဲ မနက်ဖြန်ပဲ သွားကြရအောင်... မနက်ဖြန်ပဲ ပြန်မယ်... တစ်ရက် အရင်ဦးရင် တစ်ရက်စာ အကျိုးအမြတ် ပိုရမှာပဲ"

လီရှန်ယန်က ခဏစဉ်းစားလိုက်ပြီး ချက်ချင်း ခေါင်းညိတ်ကာ "ဟုတ်ပြီ... ဒါဆိုငါတို့ မနက်ဖြန် မိုးလင်းတာနဲ့ ထွက်ကြမယ်" ဟု ပြောလိုက်သည်။

......

လင်းယွမ်က ပထမထပ်ရှိ အရက်ဘားအနီးတွင် လှည့်လည်သွားလာနေစဉ် အထဲရှိ လူများက ရေပေါ်တံတားတည်ဆောက်ခြင်းနှင့် မိန်တောင်တွင် မြေရိုင်းရှင်းလင်းခြင်းစသည့် အကြောင်းအရာများကို ဆွေးနွေးနေကြသည်ကိုလည်း ကြားခဲ့ရသည်။

ခိုလှုံရေးစခန်းရှိ လူအားလုံး၏ စိတ်အားထက်သန်မှုကို ခံစားမိသောကြောင့် သူက မနေနိုင်ဘဲ ရယ်မောလိုက်မိသည်။

၎င်းက ကောင်းသောအရာဖြစ်သည်။ တက်ကြွလန်းဆန်းပြီး ပူနွေးသော လေထုရှိသည့် ခိုလှုံရေးစခန်းက သေမတတ် တိတ်ဆိတ်ငြိမ်သက်ကာ မျှော်လင့်ချက်မဲ့နေသော မျက်နှာများဖြင့် ပြည့်နှက်နေသည့် ခိုလှုံရေးစခန်းထက် သေချာပေါက် ပိုကောင်းမွန်သည်။

သူက နံရံကို မှီကာ အရက်ဘားအတွင်းရှိ လူတိုင်း၏ မျက်နှာပေါ်တွင် ပြည့်နှက်နေသော အမျိုးမျိုးသော အပြုံးများနှင့် အမူအရာများကို ကြည့်ရင်း ရင်ထဲတွင် လှိုက်လှိုက်လှဲလှဲ ကျေနပ်သွားမိသည်။

၎င်းက သူ ကိုယ်တိုင် ဖန်တီးတည်ဆောက်ထားသော ခိုလှုံရေးစခန်းဖြစ်ပြီး ဤလူစုကလည်း သူ ကိုယ်တိုင် စောင့်ရှောက်ထားသော အသက်ရှင်ကျန်ရစ်သူများ ဖြစ်သည်။

၎င်းက ဖော်ပြရန် ခက်ခဲလှသော ဝမ်းသာပီတိနှင့် ပျော်ရွှင်မှုတစ်မျိုးပင် ဖြစ်သည်။

"သူတို့ ဒီလောက် ပျော်ပျော်ရွှင်ရွှင် ရယ်မောနေတာက ရှင့်ကို အရမ်းဝမ်းသာစေပြီး အောင်မြင်မှုတစ်ခု ရလိုက်သလို ခံစားရစေတယ် မဟုတ်လား"

အနောက်ဘက်မှ ရယ်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာပြီး မွှေးကြိုင်ချိုမြိန်သော ရနံ့လေးတစ်ခုက လင်းယွမ်၏ နှာခေါင်းထဲသို့ ဝင်ရောက်လာသည်။

လင်းယွမ်က နောက်သို့ လှည့်မကြည့်ဘဲ ပြုံး၍ ပြောလိုက်သည်။ "ဟုတ်တယ်... တခြားသူတွေကို ကူညီပေးနိုင်တာက အမှန်တကယ်ကို အရမ်းပျော်ဖို့ကောင်းတယ်"

"ဘာလဲ... မင်း သိုင်းဘုရင်ဂေဟာကို အုပ်ချုပ်တုန်းက ဒီလိုခံစားချက်မျိုး မရှိခဲ့ဘူးလား"

သူက နောက်သို့ လှည့်ကာ အနောက်ဘက်ရှိ မိန်းကလေးကို ကြည့်လိုက်သည်။

ကျွမ်းရှုယွမ်က ပိုးသားဖြင့်ချုပ်လုပ်ထားသော အနီရောင် ဂါဝန်ရှည်တစ်ထည်ကို ဝတ်ဆင်ထားပြီး သူမ၏ကိုယ်ပေါ်တွင် မြင့်မြတ်ကျက်သရေရှိစွာ ပေါ်လွင်နေသည်။

သူမ၏ လည်ပင်းတွင် မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာခဲ့သော ပုလဲဆွဲကြိုးကို ဆွဲထားပြီး ဖြူဝင်းသောအသားအရေက မီးရောင်အောက်တွင် တောက်ပနေသည်။

တောက်ပသော မျက်နှာပေါက်နှင့် ခန့်ညားသော ရုပ်ရည်သွင်ပြင်က သူမကို အေးချမ်းတည်ငြိမ်သော အလှတရားတစ်မျိုး ပိုင်ဆိုင်ထားစေသည်။

သူမက စီစီတီဗီ အစီအစဉ်မှူးများ၏ အလှတရားမျိုးဖြစ်ကာ ကြွယ်ဝချမ်းသာပြီး ခန့်ညားလှပသော်လည်း ရန်လိုမှု မရှိချေ။

အနီရောင် ပခုံးဖော်ဂါဝန်က သူမ၏ ကိုယ်ပေါ်တွင် မြင့်မြတ်လှပသော ခံစားချက်တစ်မျိုးကို ပေးစွမ်းနေသည်။

ကျွမ်းရှုယွမ်က ယနေ့တွင် ဆံပင်ကို ထုံးထားသဖြင့် သူမ၏ သွယ်လျသော လည်တိုင်ကို ပေါ်လွင်စေပြီး သူမ၏ကိုယ်ပေါ်မှ ရင့်ကျက်သော အမျိုးသမီးတစ်ဦး၏ ဆွဲဆောင်မှုများ ထွက်ပေါ်နေသည်။

သူမက ပြုံး၍ ညာလက်ကို မြှောက်ကာ လင်းယွမ်ထံသို့ ဖန်ခွက်တစ်ခွက် ကမ်းပေးလိုက်သည်။

ဖန်ခွက်ထဲတွင် အဖြူရောင် အရည်များ ရှိနေသည်။

သူမ ပြုံး၍ ပြောလိုက်သည်ကို ကြားလိုက်ရသည်။ "မြည်းကြည့်... ဒါက ကျွန်မတို့ 'ကောပိုင်ကျွမ်း' မှာ မကြာခင် ဖွင့်တော့မယ့် အဓိက ကုသရေး အချိုရည်ပဲ... ပိုင်ကျစ်လဲ့ ရဲ့ အာဟာရဖြည့်ရည် အဆင့်မြင့်ဗားရှင်းပေါ့"

လင်းယွမ်က မျက်ခုံးပင့်လိုက်ပြီး မငြင်းဆန်ဘဲ ဖန်ခွက်ကို လှမ်းယူကာ ဖြည်းညင်းစွာ တစ်ငုံသောက်လိုက်သည်။

ချိုမြိန်မွှေးကြိုင်သော အရသာက ခံတွင်းထဲတွင် ပျော်ဝင်သွားပြီးနောက် ချက်ချင်းပင် နွေးထွေးသော ရေစီးကြောင်းလေးတစ်ခုက ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားသည်။

ဤနွေးထွေးသော ရေစီးကြောင်းလေးက ခန္ဓာကိုယ်အနှံ့အပြားရှိ ဆဲလ်များကို လျင်မြန်စွာ အားဖြည့်ပေးပြီး စိတ်ဝိညာဉ်ကို ပြုစုပျိုးထောင်ပေးသည်။

ဤအဆင့်မြင့် အာဟာရဖြည့်ရည်၏ ကုသရေးအာနိသင်က ပို၍ကောင်းမွန်လာပြီး အရသာကလည်း ယခင် ရိုးရိုးရေကျက်အေးသက်သက်ထက် အများကြီး ပိုသောက်ကောင်းနေသည်မှာ ထင်ရှားလှသည်။

ဆက်ရန်...

All Chapters