အခန်း (၂၉၃-၂၉၄)
Vol. 15 Ch. 293-294
အပိုင်း(၂၉၃) ကစားချင်ကစားလို့ရတယ်... အိမ်တော့ခေါ်မလာနဲ့
လင်းယွမ်က မျက်လုံးများကို မှိတ်လိုက်ပြီး ဤအဆင့်မြင့် အာဟာရဖြည့်ရည်၏ ကုသနိုင်စွမ်း အာနိသင်ကို ခံစားကြည့်လိုက်သည်။
ခန္ဓာကိုယ်၏ ပင်ပန်းနွမ်းနယ်မှုများ သက်သာသွားပြီးနောက်တွင်မှ စိတ်ပိုင်းဆိုင်ရာ ကြည်နူးမှုက ဖြစ်ပေါ်လာသည်။
အခြေခံအားဖြင့် ၎င်းက စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများကို ကုသပေးနိုင်သည့် အာနိသင်မရှိဘဲ ခန္ဓာကိုယ်တွင်းရှိ ဒဏ်ရာများကိုသာ အဓိကထား ကုသပေးသော သောက်စရာတစ်ခု ဖြစ်သည်။
လင်းယွမ်က မျက်လုံးများကို ဖွင့်လိုက်ကာ ခေါင်းကို အနည်းငယ် ညိတ်ပြရင်း ပြောလိုက်သည် "အရသာမဆိုးဘူး... သကြား ထည့်ထားတာလား... ကုသနိုင်စွမ်းကလည်း အရမ်းကောင်းတယ်... မင်းတို့သာ ဆိုင်ဖွင့်မယ်ဆိုရင် ဒီကုသရေးဖျော်ရည် တစ်ခုတည်းနဲ့တင် အရောင်းသွက်နေမှာ သေချာတယ်"
ကျွမ်းရှုယွမ်၏ မျက်နှာပေါ်တွင် ပန်းပွင့်လေးတစ်ပွင့်အလား အပြုံးများ ချက်ချင်း ပွင့်လန်းသွားပြီး သူမက ပြန်ပြောလိုက်သည် "ဒါဆိုလည်း ရှင်ပြောတဲ့အတိုင်း ဖြစ်ပါစေ"
"နာမည်ပေးပြီးပြီလား" လင်းယွမ်က မေးလိုက်သည်။
ကျွမ်းရှုယွမ်က ခေါင်းခါပြလိုက်သည် "အာဟာရဖြည့်ရည်လို့ပဲ နာမည်ပေးဖို့ စဉ်းစားထားတယ်... အရင်က သီးသန့် ကုသရေး သောက်ရေသန့်ကိုတော့ ကုသရေးဆေးရည်လို့ နာမည်ပြောင်းလိုက်တယ်"
လင်းယွမ်က ခေါင်းကို အနည်းငယ် ညိတ်ပြရင်း ပြောလိုက်သည် "ဒါကတော့ နာမည်နဲ့ လိုက်ဖက်သွားပြီပဲ"
သူက လက်ထဲမှ အာဟာရဖြည့်ရည်ကို သောက်ပြီးသွားသောအခါ ပြန်ကမ်းပေးလိုက်ရင်း မေးလိုက်သည် "ကြံရည် ထည့်ထားတာလား"
ကျွမ်းရှုယွမ်က ခေါင်းညိတ်ပြလိုက်သည် "ဟုတ်တယ်... သိုင်းဘုရင်ဂေဟာဘက်က သကြားစက်ရုံကနေ အသစ်ကြိတ်ထားတဲ့ ကြံရည်ကို ဝယ်ပြီး ရောစပ်ထားတာ... အရသာ အဆင်ပြေရဲ့လား"
လင်းယွမ်က ပြုံးကာ ပြောလိုက်သည် "တော်တော်လေး ကောင်းတယ်... အစွမ်းသတ္တိလည်း ရှိသလို အရသာလည်း ရှိတယ်... အရမ်းကောင်းတယ်"
ရုတ်တရက် လင်းယွမ်က တစ်စုံတစ်ရာကို သတိရသွားပြီး ပြောလိုက်သည် "ဒါနဲ့... ငါ့ဆီမှာ ပစ္စည်းတစ်ခုရှိတယ်... မင်း စိတ်ဝင်စားလောက်မယ် ထင်တယ်"
ကျွမ်းရှုယွမ်က အံ့သြသွားပြီး မေးလိုက်သည် "ဘာပစ္စည်းလဲ"
"နို့လက်ဖက်ရည်ဖျော်စက်"
ကျွမ်းရှုယွမ်က ချက်ချင်းပင် မျက်လုံးများ ပြူးကျယ်သွားကာ ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည် "နို့လက်ဖက်ရည်ဖျော်စက်... ရှင့်ဆီမှာ ဒီလိုပစ္စည်းမျိုးက ဘယ်လိုလုပ် ရှိနေတာလဲ... ဘယ်ကနေ ရလာတာလဲ"
သူမ ဖွင့်ထားသော ကောပိုင်ကျွမ်းဆိုင်သည် မူလကတည်းက သောက်စရာများ ရောင်းချသည့်ဆိုင် ဖြစ်သည်။ ကောကျဲက ပစ္စည်းများ သွားရောက် ဝယ်ယူရန် တာဝန်ယူပြီး သူမက ဆိုင်ကို စီမံခန့်ခွဲရန် တာဝန်ယူကာ ပိုင်ကျစ်လဲ့ကတော့ အာဟာရဖြည့်ရည်များ ပြုလုပ်ရန် တာဝန်ယူထားသဖြင့် လူတိုင်း၏ တာဝန်များက ရှင်းလင်းပြတ်သားလှသည်။
သို့သော် သူတို့၏ သောက်စရာများက လတ်တလောတွင် အရမ်းကို ရိုးရှင်းလွန်းနေသည်။ အကယ်၍သာ နို့လက်ဖက်ရည်ဖျော်စက် ရှိလာမည်ဆိုလျှင် သူတို့ဆိုင်မှ အခြားအရသာရှိသော သောက်စရာများကိုပါ ထုတ်လုပ်နိုင်မည် ဖြစ်သည်။
ထို့အပြင် ဆိုင်ရှိ သူမ၏ အလုပ်ပမာဏကိုလည်း အများကြီး လျှော့ချပေးနိုင်မည် ဖြစ်သည်။
အရေးကြီးဆုံးအချက်မှာ သူမကိုယ်တိုင်ကလည်း နို့လက်ဖက်ရည် သောက်ရသည်ကို အရမ်း ကြိုက်နှစ်သက်ခြင်း ဖြစ်သည်။ ရေကြီးမှုကြီး မတိုင်ခင်ကတည်းက သူမက လက်ဖက်ရည်သောက်ရသည်ကို နှစ်သက်ခဲ့သည်။
သို့သော် ခန္ဓာကိုယ် အချိုးအစားကို ထိန်းသိမ်းရန်အတွက် ဤကဲ့သို့သော သောက်စရာမျိုးကို သောက်သုံးခြင်းမှ သူမက အမြဲတမ်း ရှောင်ကြဉ်ခဲ့ရသည်။ သို့တိုင် မနေနိုင်ဘဲ သောက်ချင်စိတ် ပေါ်လာတတ်သည်။
ထို့ကြောင့် သူမက ပုံမှန်အားဖြင့် တစ်ပတ်လျှင် တစ်ခွက်နှုန်းသာ သောက်ရန် ထိန်းချုပ်ထားခဲ့သည်။
သို့သော် ယခုအချိန်တွင်တော့ သူမ နို့လက်ဖက်ရည် မသောက်ရသည်မှာ နှစ်ဝက်ပင် ရှိနေပြီ ဖြစ်သည်။
စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်၏ ရှုထောင့်မှ စဉ်းစားကြည့်မည်ဆိုလျှင် နို့လက်ဖက်ရည်ဖျော်စက် တစ်လုံးက သောက်စရာများ ပြုလုပ်ရာတွင် အလုပ်တွင်ကျယ်မှုကို များစွာ မြှင့်တင်ပေးနိုင်စွမ်း ရှိသည်။
ထိုက်ယန်တောင်ပေါ်တွင်လည်း တောရိုင်း လက်ဖက်ပင် အများအပြား ရှိသည်။ ပြဿနာက နို့ကို ဘယ်ကနေ ရနိုင်မလဲ ဆိုသည်ပင်။
သို့သော် နို့မရှိလျှင်လည်း သကြားရည် ရှိသေးသည် မဟုတ်ပါလား။
ထို့အပြင် နို့ထွက်ပစ္စည်းများကို ရှာဖွေစရာ နေရာမရှိသည်လည်း မဟုတ်ပေ။ မိန်တောင်ဘက်တွင် မကြာမီ ဖွင့်လှစ်တော့မည်ဟု သူမ ကြားထားသည်။ ထိုဘက်တွင် နွား၊ သိုး အစရှိသည့် သန္ဓေပြောင်း သတ္တဝါများ ရှိနေနိုင်ပြီး အချိန်တန်လျှင် ခိုလှုံရေးစခန်းက နို့ထွက်ပစ္စည်းများအတွက် မွေးမြူရေး လုပ်ငန်းများကို မလုပ်နိုင်စရာ အကြောင်းမရှိပေ။
ဤအခိုက်အတန့်တွင် သူမ၏ စိတ်များ လှုပ်ရှားသွားသည်။
သို့သော် သူမက အလွန် သိချင်နေမိသည်။ နို့လက်ဖက်ရည်ဖျော်စက် ကဲ့သို့သော ပစ္စည်းမျိုးမှာ တွေ့ရခဲလှပြီး စူပါမားကတ် ကဲ့သို့သော ဈေးဝယ်စင်တာများတွင်ပင် ဝယ်ယူ၍ မရနိုင်ပေ။
လင်းယွမ်က ဘယ်ကနေ နို့လက်ဖက်ရည်ဖျော်စက်ကို ရလာခဲ့တာလဲ။
လင်းယွမ်က သူ၏ လက်မောင်းကို ဆုပ်ကိုင်ထားသော သူမကို ကြည့်လိုက်သည်။ သူ၏ အပြုံးများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အေးစက်စက် လေသံဖြင့် မေးလိုက်သည် "ပစ္စည်း ဘယ်ကရလာလဲ ဆိုတာကို ငါက မင်းကို ရှင်းပြနေရဦးမှာလား"
ကျွမ်းရှုယွမ်၏ မျက်နှာအမူအရာက ချက်ချင်း အနည်းငယ် ပြောင်းလဲသွားပြီး လက်ကို အမြန်လွှတ်လိုက်သည်။ သူမ စကားပြော မှားသွားမှန်း သိလိုက်သဖြင့် အမြန် ပြန်ပြောလိုက်သည် "မလိုပါဘူး... မလိုပါဘူး... ကျွန်မ ဆိုလိုတာက အဲဒီသဘော မဟုတ်ရပါဘူး... အဲဒါလေ... ကျွန်မ စက်ကို ကြည့်လို့ရမလား... စက်က အသုံးပြုလို့ ရသေးရဲ့လား"
လင်းယွမ်က သူမကို တစ်ချက် ကြည့်လိုက်ပြီး အေးစက်စက် လေသံဖြင့် ပြန်ပြောလိုက်သည် "နောက် နှစ်ရက်လောက် နေမှပေါ့... ငါ ဒီတလော နည်းနည်း အလုပ်များနေလို့... နောက်မှပဲ ပြန်ပြောကြတာပေါ့"
ပြောပြီးသည်နှင့် သူက လှည့်ကာ အပြင်ဘက်သို့ ထွက်သွားလေသည်။
ကျွမ်းရှုယွမ်က ချက်ချင်း နှုတ်ခမ်းကို ကိုက်လိုက်ပြီး နောက်မှ နှစ်လှမ်းခန့် လိုက်သွားကာ တစ်စုံတစ်ရာကို ပြောချင်နေဆဲ ဖြစ်သော်လည်း အပြင်ဘက်မှ လျှောက်လာသော ရန်မေကို မြင်လိုက်ရသည်။
သူမက ချက်ချင်း ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး လင်းယွမ်က ရန်မေ၏ ခါးကို ဖက်ကာ ရယ်မော စကားပြောနေသည်ကို ကြည့်နေလိုက်သည်။
ကျွမ်းရှုယွမ်က ဝေးကွာသွားသော သူတို့၏ ကျောပြင်ကို ကူကယ်ရာမဲ့စွာ ကြည့်နေရင်း စိတ်ထဲတွင်တော့ ကံကောင်းလှသော ရန်မေကို အနည်းငယ် အားကျနေမိသည်။
သူမကိုယ်တိုင်က ကဏ္ဍစုံတွင် ရန်မေထက် မနိမ့်ကျလှသော်လည်း လင်းယွမ်ကဲ့သို့သော ထူးချွန်သည့် အမျိုးသားမျိုးနှင့် မဆုံတွေ့ခဲ့ရပေ။
သူမက သက်ပြင်းတစ်ချက် ချလိုက်ပြီး စောစောက လင်းယွမ် ပြောခဲ့သော နို့လက်ဖက်ရည်ဖျော်စက်ကိုသာ စိတ်ထဲတွင် တွေးနေလိုက်သည်။
အကယ်၍ ထိုနို့လက်ဖက်ရည်ဖျော်စက်သာ အသုံးပြု၍ ရသေးမည်ဆိုလျှင် သူမက တကယ်ကို ဝယ်ချင်မိသည်။
သို့သော် ဤကိစ္စအတွက် ကောကျဲနှင့် ပိုင်ကျစ်လဲ့တို့ကို သွားရှာပြီး အတူတကွ တိုင်ပင်ရဦးမည် ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် သူမလက်ထဲတွင် အမှတ် သိပ်မကျန်တော့ပေ။ ဤဘက်ရှိ ဆိုင်ခန်းကို ငှားရမ်းလိုက်ခြင်းကပင် သူတို့၏ ဤကာလတစ်လျှောက် စုဆောင်းထားသမျှ အားလုံးကို ကုန်ကျသွားစေခဲ့သည်။
......
"သူက မောင်လေးကို ဘာကိစ္စ လာရှာတာလဲ"
အပြန်လမ်းတွင် ရန်မေက မသိမသာ မေးလိုက်သည်။
အမျိုးသမီးချင်း အတူတူမို့ သူမက ကျွမ်းရှုယွမ်၏ ထူးချွန်မှုကို အလိုအလျောက် မြင်တွေ့နိုင်သည်။ တစ်ဖက်လူ၏ ကိုယ်ပေါ်ရှိ ထိုကဲ့သို့သော နန်းဆန်သည့် အငွေ့အသက်မျိုးက အမျိုးသားများအပေါ်တွင် အလွန် ပြင်းထန်သော ဆွဲဆောင်မှု ရှိနေသည်။
သူမ၏ စိတ်ထဲတွင်တော့ ထိုအမျိုးသမီးအပေါ် သတိထားနေမိသည်မှာ သေချာလှသည်။
ဤအမျိုးသမီးက တစ်ချိန်က ဝူမုန့်နောက်သို့ လိုက်ခဲ့ဖူးသော်လည်း ဝူမုန့်က ထွက်သွားခဲ့ပြီ ဖြစ်သည်။ ယခု ဤအမျိုးသမီးက တစ်ကိုယ်တည်း ဖြစ်နေပြီး နောက်ထပ် အားကိုးရာကို ရှာဖွေနေနိုင်သဖြင့် သူမဘက်က ကြိုတင် မကာကွယ်ထား၍ မဖြစ်ပေ။
ဤအမျိုးသမီးက ဆုန့်ဝမ်နှင့် တင်းယန်တို့လို မဟုတ်ပေ။ ဤအမျိုးသမီးက အလွန် လိမ္မာပါးနပ်ပြီး အကြံပိုင်ကြောင်းကို သူမ မြင်နိုင်သည်။
ဘာပဲဖြစ်ဖြစ် တစ်ဖက်လူက တစ်ချိန်က သိုင်းဘုရင်ဂေဟာ၏ အဓိက ထိန်းချုပ်သူ ဖြစ်ခဲ့ဖူးသည် မဟုတ်ပါလား။
ထို့အပြင် သူမ သိထားသလောက်ဆိုလျှင် တစ်ဖက်လူ၏ အစွမ်းက စိတ်ကို ဖတ်နိုင်သည်တဲ့လား။
ဤအချက်က အရမ်းကို ကြောက်စရာကောင်းလှသည်။ အကယ်၍ တစ်ဖက်လူသာ သူမ၏ မောင်လေးကို အပိုင်ကြံဖို့ ကြိုးစားလာမည်ဆိုလျှင်...
ရန်မေ၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာသည်။
လင်းယွမ်က လက်လှမ်းကာ သူမ၏ လက်ဖဝါးကို ဆုပ်ကိုင်လိုက်ပြီး ပြုံးရင်း ပြောလိုက်သည် "ဒီလိုပါပဲ စကားနည်းနည်းပါးပါး ပြောဖြစ်ကြတာပါ... သူတို့လူစုက ဆိုင်တစ်ဆိုင် ဖွင့်ထားတယ်လေ... သူတို့ထုတ်ကုန်ကို မြည်းစမ်းကြည့်ဖို့ ကျွန်တော့်ကို ဖိတ်ခေါ်တာပါ"
"အဲဒီ အာဟာရဖြည့်ရည်လား" ရန်မေက မေးလိုက်သည်။
"အမလည်း သိတယ်ပေါ့" လင်းယွမ်က အံ့သြသွားသည်။
ရန်မေက ပြုံးကာ ပြောလိုက်သည် "အမက ဈေးဝယ်စင်တာ မန်နေဂျာလေ... သူက ဆိုင်ဖွင့်ချင်တယ်ဆိုတော့ ဆိုင်ခန်း ငှားပေးသင့် မငှားပေးသင့် စဉ်းစားဖို့အတွက် နမူနာပစ္စည်းကို အမကို အရင် ပြရတာပေါ့"
လင်းယွမ်က ရယ်မောလိုက်ပြီး ပြောလိုက်သည် "ကျွန်တော်တို့အိမ်က မန်နေဂျာမမက ဒီလောက်တောင် အလုပ်တွေ အများကြီး လုပ်ရတာကိုး"
"ဟုတ်တယ်လေ... အဲဒါမှမဟုတ်ရင် မောင်လေးက အမကို သက်သာနေတယ်လို့ ထင်နေတာလား" ရန်မေက သူ၏ လက်မောင်းကို နူးညံ့စွာ ဖက်တွယ်လိုက်သည်။
လင်းယွမ်က သူမ၏ ခံစားချက်များကို ခံစားမိလိုက်သည်။ ရန်မေ၏ ဖခင် ရန်ရုံဝေကို ရှာတွေ့ပြီးသည့် အချိန်မှစ၍ သူမ၏ စိတ်ခံစားချက်များက သိသိသာသာကို ပိုမို တက်ကြွလာခဲ့ကြောင်း သူ ရှင်းလင်းစွာ ခံစားသိရှိလိုက်ရသည်။
သူတို့နှစ်ဦးက လက်ချင်းချိတ်ကာ အိမ်သို့ အတူတူ ပြန်လာခဲ့ကြသည်။
အခန်းသုံးခန်းစလုံးက တိတ်ဆိတ်ငြိမ်သက်နေသည်။ ဆုန့်ဝမ်နှင့် တင်းယန်တို့က အိပ်မောကျနေကြပြီ ဖြစ်ပြီး တုံယန်က ပြန်မရောက်သေးပေ။ လျှိုဖိန်ဖိန်တို့နှင့်အတူ ရုပ်ရှင် ကြည့်နေဆဲ ဖြစ်မည်ဟု ခန့်မှန်းရသည်။
ရန်မေက အခန်းထဲသို့ ဝင်ရန် ပြင်လိုက်သော်လည်း လင်းယွမ်က ရုတ်တရက် လှမ်းဖက်လိုက်သည်။
ရန်မေက အံ့သြသွားပြီး လင်းယွမ်၏ ပူလောင်နေသော အကြည့်များနှင့် ဆုံတွေ့လိုက်ရသောအခါ သူမ၏ လှပသော မျက်နှာလေးက ချက်ချင်း နီမြန်းသွားကာ တိုးညှင်းသော လေသံဖြင့် ပြောလိုက်သည် "စောစောကမှ ပစ္စည်းသိုလှောင်ခန်းထဲမှာ ပြီးသွားတာ မဟုတ်ဘူးလား"
လင်းယွမ်က သူမ၏ နားနားသို့ ကပ်ကာ တိုးညှင်းစွာ ပြောလိုက်သည် "ကျွန်တော် ထပ်လိုချင်သေးတယ်"
ရန်မေ၏ မျက်နှာလေးက ရှက်သွေးဖြာသွားပြီး အမြန် ပြောလိုက်သည် "ဒါဆို အမ ကိုယ်လက်သန့်လိုက်ဦးမယ်"
သို့သော် နောက်တစ်စက္ကန့်တွင်တော့ သူမက ခါးမှနေ၍ ပွေ့ချီခြင်းကို ခံလိုက်ရပြီး လင်းယွမ်က ပြုံးကာ ပြောလိုက်သည် "ရေအတူတူ ချိုးကြတာပေါ့"
ရေချိုးခန်းထဲမှ တဝေါဝေါ စီးဆင်းနေသော ရေသံများ ထွက်ပေါ်လာသည်။
အောင့်အည်း သည်းခံထားရသော အသံတိုးတိုးလေးများကလည်း အတူ ပူးတွဲ ပါဝင်နေလေသည်။
....
ညအမှောင်ထုက ကမ္ဘာမြေကြီးကို ဖုံးလွှမ်းထားပြီး မိုးသည်းထန်စွာ ရွာသွန်းနေသည်။
ခန်ကျားဥယျာဉ်တွင် ထူလုံနှင့် ဝမ်ရှောင်ယာတို့က ရေပြင်နှင့် နီးကပ်နေသော အထပ်တစ်ခုတွင် ပုန်းအောင်းနေကြသည်။
သူတို့က ယခု အဆိုပါနေရာသည် ဘယ်နှစ်ထပ်မြောက် ဖြစ်မှန်းပင် မသိကြတော့ပေ။
ရေကြီးမှုကြီးက လုံးဝ မကျသွားသေးဘဲ မိုးများကလည်း အဆက်မပြတ် ရွာသွန်းနေဆဲ ဖြစ်ရာ အထပ်ပေါင်း မည်မျှအထိ ရေနစ်မြုပ်နေပြီကိုပင် မသိနိုင်တော့ပေ။
သူတို့နှစ်ဦးက တိုက်ခန်းတွဲ တစ်ခုကို ကျပန်းရှာဖွေကာ တိုက်ရိုက် ပြေးဝင်လာခဲ့ကြခြင်း ဖြစ်သည်။
လှေကားထစ် တစ်လျှောက်တွင် ညစ်ပတ်နေသော သွေးများနှင့် အသားစများ အပြင် ပြောင်စင်အောင် ကိုက်စားခံထားရသော အရိုးစု အချို့လည်း နေရာအနှံ့ ရှိနေသည်။
ထူလုံက အပေါ်ထပ်တွင် အသက်ရှင်ကျန်ရစ်သူများ ရှိမရှိကို သွားရောက် မစူးစမ်းတော့ဘဲ ကောင်မလေးကို ခေါ်ကာ အခန်းတစ်ခန်းထဲသို့ ပုန်းအောင်းလိုက်ပြီး အပြင်ဘက်ရှိ ရေပြင်ကို အနီးကပ် စောင့်ကြည့်နေလိုက်သည်။
ကုန်တင်သင်္ဘော၏ ထောင့်တစ်နေရာက လူနေရပ်ကွက် တိုက်ခန်းတွဲ အပြင်ဘက်တွင် ရပ်နားထားသည်ကို သူ မြင်တွေ့နိုင်သည်။
ဤအချက်က ဖီးနစ်သင်္ဘောမှ လူများ ထွက်မသွားကြသေးကြောင်း သက်သေပြနေသည်။ သူတို့က လူလွှတ်ကာ မိမိတို့ နှစ်ဦးကို တစ်ယောက်ချင်း လိုက်လံ ရှာဖွေခိုင်းနေနိုင်ချေ ရှိသည်။
ထူလုံက မနေနိုင်တော့ဘဲ တိုးတိုးလေး ဆဲရေးလိုက်သည် "ခွေးမသားတွေ... ဒီခွေးကောင်တွေက ဘာလို့ ငါ့ကိုပဲ အသေအလဲ လိုက်ရှာနေရတာလဲ"
ဝမ်ရှောင်ယာက အားနည်းသော လေသံဖြင့် ပြောလိုက်သည် "အစ်ကိုကြီးထူလုံ... အစ်ကိုက သူတို့လူတွေကို အများကြီး သတ်ခဲ့တာလေ"
ထူလုံက မျက်လုံးကို အပေါ်လှန်ကြည့်လိုက်မိသည် "သူတို့က အရင်စတာလေ... ငါက သူတို့ကို မသတ်ရင်... သူတို့က ငါ့ကို သတ်တာကို ထိုင်စောင့်နေရမှာလား"
ဝမ်ရှောင်ယာက အမြန် ပြောလိုက်သည် "ညီမ ဆိုလိုတာ အဲဒီလို မဟုတ်ပါဘူး... ညီမ ဆိုလိုတာက သူတို့က သေချာပေါက် ကလဲ့စားချေချင်နေမှာပဲ... အဲဒါကြောင့်မလို့ ညီမတို့ကို အသေအလဲ လိုက်နေတာလို့ ပြောတာပါ"
ထူလုံက စကားဆွံ့အသွားပြီး ပြောလိုက်သည် "ခွေးမသားတွေ... ငါသာ ဒဏ်ရာမရထားရင် သူတို့ရဲ့ စုတ်ပြတ်နေတဲ့ သင်္ဘောက ငါ့ကို မီမလား"
"ငါသာ ထိုက်ယန်တောင်ကို ရောက်သွားရင် ဒီငတုံးတွေက ဟိုလူရဲ့ ပြိုင်ဘက် ဖြစ်နိုင်ပါ့မလား"
ဝမ်ရှောင်ယာက မနေနိုင်ဘဲ မေးလိုက်သည် "အစ်ကိုကြီးထူလုံ... ထိုက်ယန်တောင်က တကယ်ပဲ အစ်ကိုပြောသလို အရမ်း ကောင်းတာလား... အစ်ကို့ထက် ပိုတော်တဲ့သူ ရှိသေးတယ်ပေါ့"
ထူလုံက သက်ပြင်းတစ်ချက် ချလိုက်ပြီး ကုတင်ပေါ်သို့ ပြန်ထိုင်ကာ ပြောလိုက်သည် "ဝန်မခံချင်ပေမယ့် ထိုက်ယန်တောင်ပေါ်က ကောင်က တကယ်ကို အစွမ်းအစ ရှိတယ်... ဒီငတုံးတွေသာ ထိုက်ယန်တောင်ကို သွားရင် အစောကြီးကတည်းက သေကုန်လောက်ပြီ"
လင်းယွမ်ကို တွေးမိသည်နှင့် ရွှေနက်မျောက်ဝံကြီး၏ ပခုံးပေါ်တွင် ထိုင်နေသော လင်းယွမ်၏ မြင်ကွင်းကို တွေးမိကာ စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချမိသည်။
အစွမ်းပိုင်ရှင်ချင်း အတူတူ ထိုကောင်က ဘယ်လိုများ လေ့ကျင့်ထားသည် မသိပေ။ တစ်နေ့လုံး သန္ဓေပြောင်း အသီးအနှံများကို စားနေလျှင်တောင် ထိုမျှလောက်ထိတော့ အလွန်အကျွံ ဖြစ်မနေသင့်ပေ။
"အစ်ကိုကြီးထူလုံ... ညီမတို့ အခု ဘယ်လိုလုပ်ကြမလဲ" ဝမ်ရှောင်ယာက သက်ပြင်းချကာ မေးလိုက်သည်။
ထူလုံက အပြင်ဘက်ကို ကြည့်လိုက်ပြီး ပြောလိုက်သည် "ငါ အရင်ဆုံး ဒဏ်ရာကို ကုသလိုက်ဦးမယ်... ငါ့ဒဏ်ရာ တော်တော်လေး သက်သာသွားပြီဆိုရင် ငါက တက်တူးဝိညာဉ်ကို အသက်သွင်းနိုင်ပြီ... အဲဒီကျရင် နင့်ကို ခေါ်ပြီး ပျံသွားမယ်"
"အခု လောလောဆယ် တစ်ခုတည်းသော ပြဿနာက ဖီးနစ်သင်္ဘောက လူတွေ ငါတို့ကို ရှာမတွေ့နိုင်အောင် တတ်နိုင်သမျှ ရှောင်နေဖို့ပဲ"
ဝမ်ရှောင်ယာက အမြန် ခေါင်းညိတ်လိုက်ပြီး ဘယ်ညာ ကြည့်လိုက်ကာ ပြောလိုက်သည် "ဒါဆို ညီမ ငါးနည်းနည်း သွားမျှားလိုက်ဦးမယ်... ညီမတို့ တစ်နေကုန် ဘာမှ မစားရသေးဘူးလေ"
ထူလုံက ခေါင်းညိတ်လိုက်သည် "ကောင်းပြီ... နင် သတိထားနော်... အပြင်ဘက်ကို မသွားနဲ့... ဝရန်တာဘက်ကနေပဲ မျှား"
"အင်းအင်း... ညီမ သိပါတယ်... ညီမ အရင်ဆုံး ကိရိယာလေး ဘာလေး ရှာလိုက်ဦးမယ်"
ဝမ်ရှောင်ယာက ထလာပြီး အခန်းထဲတွင် တစ်ပတ် လှည့်ပတ် ရှာဖွေလိုက်သည်။ ဤနေရာက တစ်ယောက်ယောက်၏ မွှေနှောက် ရှာဖွေခြင်းကို ခံထားရသည်မှာ သိသာလှပြီး ဘာဆိုဘာမျှ မရှိတော့ပေ။
နောက်ဆုံးတွင်တော့ သူမက မီးဖိုချောင် မျက်နှာကြက်ပေါ်မှ ရေပိုက်တစ်ချောင်းကို ဆွဲချလိုက်သည်။
ထို့နောက် ရေပိုက်ကို ငါးမျှားတံအဖြစ် အသုံးပြုကာ မှိုတက်နေသော အဝတ်အစားပေါ်မှ အဝတ်စတစ်စကို ဆွဲဖြဲပြီး ငါးမျှားကြိုးအဖြစ် အသုံးပြုလိုက်သည်။
သို့သော် ငါးစာ မရှိခြင်းက သူမကို အနည်းငယ် အခက်တွေ့စေသည်။
သူမက စဉ်းစားလိုက်ပြီး နောက်ဆုံးတွင်တော့ သတ္တိမွေးကာ အပြင်ထွက်ပြီး ဘာအရာမှန်း မသိသော အသားစအချို့ကို ယူလာခဲ့သည်။ ထို့နောက် အဝတ်စတွင် ချည်နှောင်ကာ အမြန် ပြေးပြန်လာခဲ့သည်။
ငါးမျှားသည့် အလုပ်ကို သူမက အလွန် ရင်းနှီးကျွမ်းဝင်နေပြီ ဖြစ်သည်။ ရေကြီးမှုကြီး ဖြစ်ပွားပြီး နှစ်ဝက်အကြာတွင် လူအများအပြားက ငါးမျှားကျွမ်းကျင်သူများ ဖြစ်နေလောက်ပြီ ဖြစ်သည်။
ထို့အပြင် ဝမ်ရှောင်ယာက ရေဓာတ် အစွမ်းပိုင်ရှင် ဖြစ်သဖြင့် ရေစီးကြောင်းကို ထိန်းချုပ်နိုင်သည်။
သူမ၏ ငါးမျှားသည့် နည်းလမ်းက ပို၍ပင် ရိုးရှင်းသွားတော့သည်။
သန္ဓေပြောင်း ငါးများကို ဆွဲဆောင်ရန်သာ လိုအပ်ပြီး တစ်ဖက်လူက အဝတ်စပေါ်ရှိ ပုပ်ဟောင်းနေသော အသားကို တကယ် ကိုက်မည့်အချိန်အထိ စောင့်စရာ မလိုပေ။ လက်ကို ဖွဖွလေး ဝှေ့ယမ်းလိုက်ကာ ရေစီးကြောင်းကို တိုက်ရိုက် ရစ်ပတ်ပြီး ငါးကို တစ်ခဏအတွင်း ဆွဲတင်လိုက်ရုံသာ ဖြစ်သည်။
ဤနည်းလမ်းကို အားကိုးခြင်းဖြင့် ဆယ်မိနစ်ပင် မကြာလိုက်ဘဲ သူမက ဘာအမျိုးအစားမှန်း မခွဲခြားနိုင်သော သန္ဓေပြောင်းငါး သုံးလေးကောင်ကို မျှားမိသွားသည်။
ယခုအချိန်တွင် ရေကြီးမှုကြီး နေရာအနှံ့ ဖြစ်ပွားလာသည်နှင့်အမျှ ငါးအမျိုးအစား အသီးသီးက သန္ဓေပြောင်းလဲမှုများ ဖြစ်ပေါ်လာပြီး ငါးအများအပြားက မူလပုံစံကိုပင် မခွဲခြားနိုင်တော့ပေ။
တချို့ငါးများဆိုလျှင် ငါးနှင့်ပင် မတူတော့အောင် ဆင့်ကဲပြောင်းလဲ သွားကြပြီ ဖြစ်သည်။
ဝမ်ရှောင်ယာ ကိုယ်တိုင် ရေထဲတွင် ခြေလက်လေးဖက် ပေါက်နေသော ထူးဆန်းသည့် ငါးအမျိုးအစားကို မြင်ဖူးခဲ့သည်။ ဒဏ္ဍာရီပုံပြင်များထဲမှ ရေသူထီးနှင့်ပင် တူနေသေးသည်။
ငါးကြီးသုံးကောင်ကို သယ်ဆောင်လာပြီးနောက် သူမက ရေချိုးခန်းထဲသို့ ပျော်ရွှင်စွာ ပြန်လာကာ ငါးများကို စတင် သတ်ဖြတ် ဆေးကြောလိုက်သည်။
မကြာမီ ငါးသုံးကောင်ကို သန့်စင်ပြီးသွားသော်လည်း သူမက မီးမွှေးတော့မည့် အချိန်တွင် ရုတ်တရက် တုံ့ဆိုင်းသွားသည်။
"မဖြစ်သေးပါဘူး... မီးမွှေးလိုက်ရင် ဖီးနစ်သင်္ဘောက လူတွေ ဒီကို ရောက်လာဖို့ အရမ်း လွယ်သွားလိမ့်မယ်"
သူမက ငါးများကို ဆွဲကာ အိပ်ခန်းထဲသို့ အမြန် လာခဲ့လိုက်ရာ ထူလုံက အိပ်ပျော်နေပြီ ဖြစ်သည်။
ဝမ်ရှောင်ယာက ထိုအခြေအနေကို မြင်သောအခါ နှုတ်ခမ်းကို ကိုက်ကာ ခြေသံဖွဖွဖြင့် အပြင်သို့ ပြန်ထွက်သွားသည်။
သူမက စဉ်းစားလိုက်ပြီး ရေချိုးခန်းထဲသို့ ပြေးသွားကာ ဘီရိုတံခါး ကဲ့သို့သော ပျဉ်ပြားအချို့ကို ရှာဖွေပြီး မီးရောင် အပြင်သို့ ထွက်မသွားစေရန် တတ်နိုင်သမျှ ကျဉ်းမြောင်းသော ပြတင်းပေါက်ကို ကာရံလိုက်သည်။
သို့သော် ချက်ချင်းပင် သူမ အခက်တွေ့သွားရသည်။ တစ်ခန်းလုံးတွင် မီးမွှေးရန် အထောက်အကူပြုနိုင်သည့် ပစ္စည်း တစ်ခုမျှ မရှိပေ။
သစ်သားပြားကတော့ ရသော်လည်း တိုက်ရိုက် မီးရှို့၍ မရနိုင်ပေ။
ထိုမှိုတက်နေသော အဝတ်စများကလည်း စိုစွတ်နေကြသည်။
မတတ်နိုင်တော့ဘဲ သူမက ထကာ မီးမွှေးရန် အထောက်အကူပြုနိုင်မည့် ပစ္စည်းများကို နေရာအနှံ့ လိုက်လံ ရှာဖွေရတော့သည်။
အတော်လေး အခက်အခဲခံပြီးနောက် အခြားအိပ်ခန်း တစ်ခန်းရှိ မွေ့ရာထဲမှ ရေမြှုပ် တစ်ဆုပ်စာကို ဆွဲထုတ်လိုက်သော်လည်း ဖွဖွလေး ညှစ်ကြည့်လိုက်ရာ ရေများသာ အပြည့် ဖြစ်နေသည်။
သူမက ကုတင်ပျဉ်ပြားကိုသာ ခွာလိုက်ရပြီး ဓားငယ်လေးဖြင့် သစ်သားစများကို စတင် ခြစ်ထုတ်လိုက်သည်။
မီးမွှေးနိုင်ရန် အတော်လေး ကြိုးစားလိုက်ရပြီးနောက် ငါးကင်ရန် စတင်လိုက်သည်။
အရမ်းကြာအောင် ကင်ဖို့ မရဲသဖြင့် အနည်းငယ် ကျက်သွားသည်နှင့် မီးတောက်ကို အမြန် ငြှိမ်းသတ်လိုက်ပြီး အိပ်ခန်းထဲသို့ ပြေးပြန်ကာ ထူလုံကို နှိုးလိုက်သည်။
ထူလုံက မျက်လုံးဖွင့်လိုက်ပြီး အမြန် ထိုင်လိုက်ကာ မေးလိုက်သည် "ငါ အိပ်ပျော်သွားတာ ဘယ်လောက်တောင် ကြာသွားပြီလဲ"
"တစ်နာရီတောင် မပြည့်သေးပါဘူး... အစ်ကိုကြီးထူလုံ... ငါးစားပါဦး"
ဝမ်ရှောင်ယာက ငါးတစ်ကောင်ကို ကမ်းပေးလိုက်ရာ ထူလုံက အားနာမနေတော့ဘဲ ချက်ချင်းပင် ပါးစပ်အပြည့် ကိုက်စားလိုက်သည်။
ငါးအရေခွံက ကြွပ်နေအောင် ကင်ထားပြီး အတွင်းမှ ငါးအသားကလည်း အလွန် လတ်ဆတ်ကာ မွှေးပျံ့နေသည်။
သို့သော် အကြာကြီး မကင်ထားသဖြင့် ငါးအသားက နူးညံ့လွန်းနေသည်။
သူကလည်း ဂရုမစိုက်ဘဲ အငမ်းမရ စားသောက်လိုက်ရာ နှစ်ကိုက် သုံးကိုက်ဖြင့်ပင် ငါးတစ်ကောင် ကုန်သွားလေသည်။
ဝမ်ရှောင်ယာက နောက်တစ်ကောင်ကို အမြန် ကမ်းပေးလိုက်ရာ ထူလုံက ယူပြီး ဆက်စားလိုက်သည်။
ငါးနှစ်ကောင်ကို ဗိုက်ထဲ ရောက်သွားသောအခါ ထူလုံက ဗိုက်အနည်းငယ် ပြည့်သွားပြီး ဝမ်းနည်းတသစွာဖြင့် ပြောလိုက်သည် "ထိုက်ယန်တောင်က စားသောက်တန်းက ငါးကင်ကိုတောင် ငါ နည်းနည်း သတိရလာပြီ"
ဝမ်ရှောင်ယာက သိချင်စိတ်ဖြင့် မေးလိုက်သည် "စားသောက်တန်း"
"ဟုတ်တယ်... ငါတို့ ထိုက်ယန်တောင်မှာ ဈေးဝယ်စင်တာ ရှိတယ်လေ... မြေညီထပ်က စားသောက်တန်းပဲ... အထဲမှာ အစားအသောက်တွေ အများကြီး ရှိတယ်... အရင်က ဈေးဝယ်စင်တာကြီးတွေထဲကလိုပဲ"
ဝမ်ရှောင်ယာ၏ မျက်နှာပေါ်တွင် ချက်ချင်း အံ့သြသွားဟန် ပေါ်လာသည် "ဈေးဝယ်စင်တာ... မဟုတ်သေးပါဘူး... ထိုက်ယန်တောင်က ဈေးဝယ်စင်တာက ဘယ်ကနေ ရောက်လာတာလဲ"
"ရေကြီးမှုကြီး မတိုင်ခင်က ဆောက်ထားတာ မဟုတ်ဘူး... ငါတို့ နောက်ပိုင်းမှ တည်ဆောက်ထားတဲ့ ဈေးဝယ်စင်တာလေ"
"ဟင်... အစ်ကိုတို့က ဈေးဝယ်စင်တာတောင် တည်ဆောက်နိုင်သေးတာလား... ဘယ်က ပစ္စည်းတွေ ရလာတာလဲ" ဝမ်ရှောင်ယာက တုန်လှုပ်သွားပြီး မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။
ထူလုံက ခေါင်းခါလိုက်သည် "ပစ္စည်းတွေ ဘယ်ကရလာလဲ ဆိုတာကိုတော့ ငါမသိဘူး... လင်းယွမ် ဘယ်နေရာကနေ သယ်လာတာလဲ ဆိုတာပဲ ဖြစ်လောက်တယ်... အဲဒီကောင်က စွမ်းအားကြီးတဲ့အပြင် အရမ်းကို လျှို့ဝှက်ဆန်းကြယ်တာ"
"ဘာပဲဖြစ်ဖြစ် ငါကတော့ သူ့ကို နားမလည်နိုင်ဘူး"
သူက မတ်တတ်ရပ်လိုက်ပြီး ဒဏ်ရာကို ကြည့်ကာ ပြောလိုက်သည် "သွားမယ်... ငါတို့ နေရာပြောင်းရအောင်"
"ဟင်... နေရာပြောင်းမလို့လား" ဝမ်ရှောင်ယာက ချက်ချင်း အံ့သြစွာ မေးလိုက်သည်။
"စောစောက နင် ငါးကင်ထားတော့ သေချာပေါက် အနံ့တွေ အပြင်ကို ထွက်သွားမှာပဲ... တစ်ဖက်လူက လိုက်လာနေလောက်ပြီ... သွားမယ်... အပေါ်ထပ်ကို တက်ရအောင်"
ဝမ်ရှောင်ယာက ငါးကင်ကို နှစ်ကိုက် သုံးကိုက်ဖြင့် အမြန် စားလိုက်ပြီး ထူလုံနောက်သို့ လိုက်ကာ အပြင်သို့ ထွက်သွားလေသည်။
သို့သော် အိပ်ခန်းဆီသို့ အရောက်တွင် ထူလုံ၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး ဝမ်ရှောင်ယာကို လှမ်းဆွဲလိုက်သည်။
ဒုန်းခနဲ အသံကြီးတစ်သံနှင့်အတူ ဧည့်ခန်းတံခါးက အကြမ်းပတမ်း တွန်းဖွင့်ခံလိုက်ရသည်။
ထို့နောက် လူရိပ်များစွာက ပြေးဝင်လာကြသည်။
ထိုအထဲမှ လူရိပ်တစ်ခုက တစ်ခဏအတွင်း မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး တစ်ခန်းလုံးကို တိုက်ရိုက် ဖုံးလွှမ်းသွားလေသည်။
ထူလုံ၏ မျက်နှာက အကြီးအကျယ် ပြောင်းလဲသွားပြီး ဝမ်ရှောင်ယာကို ပွေ့ချီကာ ဘာစကားမှ မပြောတော့ဘဲ အိပ်ခန်းထဲသို့ အမြန် ပြန်ဆုတ်လိုက်သည်။
သူ တံခါးပိတ်ရန်ပင် အချိန်မရလိုက်ခင် လူရိပ်တစ်ခုက လျှပ်တစ်ပြက် အလျင်ဖြင့် ပြေးဝင်လာသည်ကို မြင်လိုက်ရသည်။
အလျင် အစွမ်းပိုင်ရှင်။
ထူလုံက နောက်လှည့်မကြည့်တော့ဘဲ ခြေလှမ်းကျဲကြီးဖြင့် အားကုန် ခုန်ချလိုက်ရာ ဝုန်းခနဲ အသံနှင့်အတူ ပြတင်းပေါက်ကို တိုက်ရိုက် ဝင်တိုက်ကာ သူတို့နှစ်ဦးစလုံး ရေထဲသို့ ပြုတ်ကျသွားလေသည်။
ဝမ်ရှောင်ယာက ရေစီးကြောင်းကို အလွန် ကျွမ်းကျင်စွာ ထိန်းချုပ်လိုက်ပြီး ရေစီးကြောင်းကို တိုက်ရိုက် စီးနင်းကာ သူတို့နှစ်ဦးကို ပင့်တင်လိုက်ပြီး ဘေးနားရှိ တိုက်ခန်းတွဲ တစ်ခုဆီသို့ အလွန် လျင်မြန်စွာ စီးဆင်းသွားလေသည်။
ပြတင်းပေါက်မှနေ၍ လူရိပ်တစ်ခုက ချက်ချင်း နောက်မှ ခုန်ထွက်လာပြီး ရေပြင်ကို ခြေချလိုက်သည်။
ရေပြင်ပေါ်တွင် ရေပန်းနှစ်ခု ချက်ချင်း ပေါ်လာကာ သူ့ကို ပင့်တင်ပေးလိုက်ပြီး ထူလုံတို့ နှစ်ဦးနောက်သို့ အလွန် လျင်မြန်စွာ လိုက်သွားလေသည်။
ပြတင်းပေါက်တွင် နောက်ထပ် လူအချို့ ကိုယ်ကို ကိုင်းကာ ထွက်လာကြပြီး တစ်ယောက်က အော်ပြောလိုက်သည် "ဖုန်းလိန်... သူတို့ကို မျက်ခြည်မပြတ်စေနဲ့"
"လိုက်" တစ်ယောက်က ပြင်းထန်စွာ အော်ပြောလိုက်သည်။
လူအချို့က အမြန် ခုန်ချလိုက်ကြပြီး ထိုအထဲမှ တစ်ယောက်က လက်ဖဝါးနှစ်ဖက်ဖြင့် ရေပြင်ကို ဖိချလိုက်ရာ ရေပြင်က ချက်ချင်း ရပ်တန့်သွားလေသည်။
ကျန်လူများက မာကျောသော မြေကြီးပေါ်သို့ ကျသွားသကဲ့သို့ ရေပြင်ပေါ်တွင် ခြေချနိုင်သွားကြသည်။
ချက်ချင်းပင် လူအချို့က ပြေးထွက်သွားကြပြီး အလွန် လျင်မြန်စွာ လိုက်လံ ဖမ်းဆီးကြလေသည်။
ကျိုးချင်းမင်က ရေပြင်ပေါ်သို့ ဆင်းသက်မလာဘဲ မြူခိုးများအဖြစ် ပြောင်းလဲကာ လေထဲတွင် တိုက်ရိုက် ပေါလောပေါ်နေပြီး တစ်ဖက်တိုက်ဆီသို့ အမြန် ဖုံးလွှမ်းသွားလေသည်။
ဝမ်ရှောင်ယာက ရေစီးကြောင်းကို အလွန် လျင်မြန်စွာ လှုံ့ဆော်လိုက်ပြီး မျက်နှာတစ်ခုလုံး စိုးရိမ်ပူပန်နေသည်။
ထူလုံက ပြောလိုက်သည် "မလောနဲ့... ရောက်တော့မယ်"
နောက်ဆုံးတွင် သူတို့နှစ်ဦးက ဘေးတိုက်ခန်းတွဲသို့ အောင်မြင်စွာ ရောက်ရှိသွားကြပြီး ထူလုံက လက်လှမ်းကာ စင်္ကြံလမ်းကို ဆွဲကိုင်လိုက်ပြီးနောက် ခုန်တက်ကာ ဝမ်ရှောင်ယာကို ပွေ့ချီပြီး စင်္ကြံလမ်းပေါ်သို့ လှိမ့်ကာ ခုန်တက်သွားလေသည်။
ထို့နောက် သူက မြေပြင်ပေါ်တွင် တစ်ပတ် လှိမ့်လိုက်ပြီး ချက်ချင်းပင် ဧရာမ စပါးကြီးမြွေစိမ်း တစ်ကောင်အဖြစ် ပြောင်းလဲသွားလေသည်။
အမြီးက အနောက်ဘက်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။
"ဖုန်း"
ဧရာမ လေထု ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး နောက်မှကပ်လိုက်လာကာ ခုန်တက်ရန် ကြိုးစားနေသော ဖုန်းလိန်မှာ မြွေအမြီးဖြင့် ရိုက်ခတ်ခြင်းကို ရုတ်တရက် ခံလိုက်ရပြီး ချက်ချင်း စူးရှစွာ အော်ဟစ်လိုက်ကာ ရေပြင်ပေါ်သို့ ပြန်ကျသွားလေသည်။
ထူလုံက ဆက်မနေရဲတော့ဘဲ လူကိုယ်ပြန်ပြောင်းကာ ဝမ်ရှောင်ယာကို ဖမ်းဆွဲပြီး အပေါ်ထပ်သို့ အလွန် လျင်မြန်စွာ ပြေးတက်သွားလေသည်။
မြူခိုးတစ်အုပ်က အနောက်မှ ကပ်လိုက်လာပြီး အထပ်ကို အမြန် ဖုံးလွှမ်းသွားလေသည်။
ထူလုံက ပျံ့နှံ့လာသော မြူခိုးများကို မြင်သောအခါ ဆဲရေးလိုက်သည် "ခွေးမသား... မြူခိုးအဖြစ် ပြောင်းနိုင်တဲ့ အစွမ်းပိုင်ရှင်ပဲ"
ဤမြူခိုးအဖြစ် ပြောင်းလဲနိုင်စွမ်းရှိသော အစွမ်းပိုင်ရှင်က အလွန် ဒုက္ခပေးသည်။ အရင်က သူ သတိလက်လွတ် ဖြစ်သွားသဖြင့် တစ်ဖက်လူ၏ ထောင်ချောက်ထဲသို့ ကျရောက်ကာ မြူခိုးများထဲတွင် ပိတ်လှောင်ခံလိုက်ရပြီး နောက်ဆုံးတွင် ဝိုင်းဝန်း တိုက်ခိုက်ခံရသည့် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
ထိုသို့မဟုတ်ပါက သူ၏ တက်တူးဝိညာဉ် အစွမ်းဖြင့် ဧရာမ လင်းယုန်ငှက်အဖြစ် ပြောင်းလဲကာ တိုက်ရိုက် ပျံသန်း ထွက်သွားမည်သာ ဖြစ်ပြီး ဘယ်လိုလုပ် ပိတ်မိနေနိုင်မည်နည်း။
ယခုအချိန်တွင် သူ ဆက်မနေရဲတော့ဘဲ အဆက်မပြတ် ပြေးလွှားကာ လျင်မြန်စွာ ခုန်ပျံပြီး အပေါ်ထပ်သို့ အမြန် ပြေးတက်သွားလေသည်။
သို့သော် အထပ်နှစ်ဆယ်ကျော်သို့ အရောက်တွင် သူ၏ ခန္ဓာကိုယ်က ရုတ်တရက် ရပ်တန့်သွားပြီး မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
ဤအထပ်၏ စင်္ကြံလမ်းတွင် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်ပါသော ဧရာမ မိစ္ဆာကြီးတစ်ကောင် ရပ်နေသည်ကို မြင်လိုက်ရသည်။
ထိုမိစ္ဆာကြီး၏ ခြေထောက်နှစ်ချောင်းက ဘိလပ်မြေတိုင် နှစ်တိုင်ကဲ့သို့ တုတ်ခိုင်နေပြီး ဧရာမ ခန္ဓာကိုယ်ကြီးက ဖိညှစ်ထားသဖြင့် စင်္ကြံလမ်းကပင် ၎င်းကို မဆံ့နိုင်တော့ပေ။
၎င်း၏ ခေါင်းတစ်လုံးက ဖြည်းညင်းစွာ လှည့်လာသည်။
၎င်း၏ ထိုခေါင်းပေါ်တွင် မျက်နှာ အင်္ဂါရပ်များ မရှိဘဲ ဧရာမ မျက်လုံးတစ်လုံးသာ ရှိနေသည်ကို မြင်လိုက်ရသည်။
"အဲဒါ... သန္ဓေပြောင်း မိစ္ဆာပဲ"
ဝမ်ရှောင်ယာက တုန်ယင်သော အသံဖြင့် စူးရှစွာ အော်ဟစ်လိုက်သည်။
သန္ဓေပြောင်း မိစ္ဆာဆိုသည်မှာ သန္ဓေပြောင်း သတ္တဝါ မဟုတ်ဘဲ လူသားများ ဆင့်ကဲပြောင်းလဲမှု ကျရှုံးသွားပြီးနောက် ဖြစ်လာသော မိစ္ဆာများ ဖြစ်သည်။
ဤအဆောက်အအုံတွင် အသက်ရှင်နေသော လူတစ်ယောက်မျှ မရှိသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
သန္ဓေပြောင်း မိစ္ဆာ တစ်ကောင် ပေါ်လာသည်နှင့် ဤနေရာရှိ အသက်ရှင်နေသော လူများက အသက်ရှင် ကျန်ရစ်နိုင်ရန် လုံးဝ မဖြစ်နိုင်တော့ပေ။
ဤသန္ဓေပြောင်း မိစ္ဆာများက အသိစိတ်မရှိတော့ဘဲ မသေခင်က စွဲလမ်းမှုများသာ ရှိတော့သည်။ ယခုအခါ အရူးအမူး ဖြစ်နေသော မျိုးရိုးဗီဇ၏ ထိန်းချုပ်မှုအောက်တွင် အကန့်အသတ်မရှိ ရှုပ်ထွေးစွာ ဆင့်ကဲပြောင်းလဲ စတင်လာကြသည်။
မျိုးရိုးဗီဇ အားလုံးက အပြိုင်အဆိုင် ဖော်ပြနေကြပြီး ခန္ဓာကိုယ်ကို မျိုးစုံသော ထူးဆန်းသည့် မိစ္ဆာပုံစံများ ပေါ်လွင်လာစေသည်။
နောက်ပိုင်း ရောက်လာလေလေ ဤကဲ့သို့သော မိစ္ဆာများက ပိုမို အစွမ်းထက်လာလေလေ ဖြစ်ပြီး ပိုမို ထူးဆန်းလာလေလေ ဖြစ်သည်။
ထူလုံ၏ ဦးရေပြားများ ထုံကျဉ်သွားပြီး ဘာစကားမှ မပြောတော့ဘဲ နောက်လှည့်ကာ ဘေးနားရှိ အခန်းတံခါး တစ်ခုဆီသို့ ဝင်တိုက်လိုက်သည်။
ဝုန်းခနဲ အသံနှင့်အတူ အခန်းတံခါးက ပွင့်ထွက်သွားပြီး သူက အမြန် လိမ့်ဝင်သွားလေသည်။
ထို့နောက် အပြင်ဘက်မှ တဝုန်းဝုန်း အသံများ ထွက်ပေါ်လာသည်ကို သူ ကြားလိုက်ရပြီး တစ်ထပ်လုံး တုန်ခါသွားလေသည်။
ထိုမိစ္ဆာကြီး လှုပ်ရှားလိုက်ပြီ။
၎င်း၏ ဧရာမ ခန္ဓာကိုယ်ကြီးက ပတ်လည်ရှိ နံရံများကို အားကုန် ဖိညှစ်လိုက်သဖြင့် ကြွေပြား နံရံများ အားလုံး အက်ကွဲသွားသည်ကို မြင်ယောင်နိုင်သည်။
ကျိုးချင်းမင် ပြောင်းလဲထားသော မြူခိုးများကလည်း နောက်မှ လိုက်လာခဲ့သော်လည်း သူ လိုက်မီသည်နှင့် ရှေ့မှောက်ရှိ မိစ္ဆာကြီးကို အာရုံခံမိသွားသည်။
သူ တုံ့ပြန်ရန် အချိန်မရလိုက်ခင် မိစ္ဆာကြီး၏ ခေါင်းပေါ်ရှိ မျက်လုံးက ရုတ်တရက် အနီရောင် အလင်းတန်းများ တောက်ပလာသည်။
"ရွှီး"
ဧရာမ အနီရောင် အလင်းတန်းကြီး တစ်ခုက ရုတ်တရက် ပန်းထွက်လာသည်။
"အားးးးးးးးးးးးးးးးးးးး"
အလင်းတန်းက နေလုံးကို ဖောက်ထွင်းသွားသော သက်တံအလား ဖောက်ခနဲ အသံနှင့်အတူ မြူခိုးများကို ထိုးဖောက်သွားလေသည်။
မြူခိုးများထဲမှ စူးရှသော အော်ဟစ်သံကြီး ချက်ချင်း ထွက်ပေါ်လာပြီး မြူခိုးများ အားလုံး အမြန် ပြန်လည် ဆုတ်ခွာသွားကာ အောက်ထပ်သို့ အသေအလဲ ပြေးဆင်းသွားလေသည်။
ဤဘက်ရှိ ထူလုံမှာလည်း ချွေးသီးချွေးပေါက်များ ကျလာသည်အထိ လန့်သွားပြီး ဝမ်ရှောင်ယာကို ပွေ့ချီကာ အထပ်နှစ်ဆယ်ကျော်မှ တိုက်ရိုက် ခုန်ချလိုက်လေသည်။
လေထဲတွင် ရှိနေစဉ် သူက တက်တူးဝိညာဉ်ကို တိုက်ရိုက် လှုံ့ဆော်လိုက်ပြီး ဧရာမ လင်းယုန်ငှက် တစ်ကောင်အဖြစ် ချက်ချင်း ပြောင်းလဲသွားလေသည်။
ခြေသည်းနှစ်ဖက်ဖြင့် ဝမ်ရှောင်ယာကို ဆုပ်ကိုင်ကာ အတောင်ပံများကို ခတ်ပြီး အထက်ကောင်းကင်ဆီသို့ အလွန် လျင်မြန်စွာ ပျံသန်းသွားလေသည်။
ပြတင်းပေါက် နေရာမှ ဝုန်းခနဲ အသံနှင့်အတူ ဧရာမ အနီရောင် အလင်းတန်းကြီးက အထက်ကောင်းကင်ဆီသို့ ပန်းထွက်လာသည်။
လင်းယုန်ငှက်ကြီးက လေထဲတွင် ဦးတည်ရာကို အမြန် ပြောင်းလဲကာ ရှောင်တိမ်းလိုက်ရသည်။
ထိုအလင်းတန်းက ဝုန်းခနဲ အသံနှင့်အတူ တစ်ဖက်ရှိ တိုက်ခန်းတွဲကို သွားမှန်လေသည်။
တစ်ခဏအတွင်း တစ်ဖက်တိုက်ခန်းတွဲက တုန်ဟီးသွားပြီး အဆောက်အအုံ၏ အုတ်ခဲများ ပေါက်ကွဲထွက်ကာ တဝုန်းဝုန်း အသံကျယ်ကြီးများ ထွက်ပေါ်လာသည်။
အဆောက်အအုံ တစ်ခုလုံး၏ ထိုအထပ်က အနီရောင် အလင်းတန်း၏ ထိုးနှက်ချက်ကြောင့် အမှုန့်ကြိတ်ခံလိုက်ရပြီး အဆောက်အအုံက တိမ်းစောင်းသွားကာ အပေါ်ပိုင်း တစ်ဝက်က ပြိုကျသွားလေတော့သည်။
ဤကဲ့သို့ ကြောက်စရာကောင်းသော မြင်ကွင်းက ဖီးနစ်သင်္ဘောပေါ်ရှိ လူများကို ချက်ချင်း လန့်သွားစေသဖြင့် အားလုံး ရပ်တန့်သွားကြသည်။
ထူလုံနောက်သို့ လိုက်နေသော အခြားလူများက ချက်ချင်း နောက်လှည့်ကာ ထွက်ပြေးကြတော့သည်။
ဖုန်းလိန်က ရေထဲတွင် ရေစီးကြောင်းကို ထိန်းချုပ်နေရင်း အဆောက်အအုံထဲမှ ထွက်လာသော ဧရာမ သန္ဓေပြောင်း မိစ္ဆာကြီးကို ကြည့်ကာ အမြန် အော်ပြောလိုက်သည် "အဲဒါ သန္ဓေပြောင်း လူသားပဲ"
ကျန်လူများ အားလုံးက ဆဲရေးတိုင်းထွာကြပြီး နောက်လှည့်ကာ အသီးသီး ထွက်ပြေးကြလေသည်။
ထိုပြတင်းပေါက် နေရာမှ ဧရာမ ခေါင်းကြီးတစ်လုံး ထွက်လာပြီး နေရာအနှံ့ ကြည့်ရှုကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
အမှောင်ထုထဲမှ သည်းထန်စွာ ရွာသွန်းနေသော မိုးရေများထဲတွင် အနီရောင် အလင်းတန်းများက ဒေါသတကြီး ပစ်ခတ်နေပြီး အလွန် ကြောက်စရာ ကောင်းလှသည်။
အဝေးရှိ ကုန်တင်သင်္ဘောပေါ်မှ အစ်ကိုဟော်က ဤမြင်ကွင်းကို မြင်သောအခါ သူ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
"သန္ဓေပြောင်း လူသားပဲ"
ဘေးနားရှိ လီချင်းဟွာ၏ မျက်နှာအမူအရာကလည်း ကြီးလေးသွားပြီး ပြောလိုက်သည် "ဆင့်ကဲပြောင်းလဲမှု ကျရှုံးသွားတဲ့ ဒီသန္ဓေပြောင်း လူသားတွေရဲ့ ဆင့်ကဲပြောင်းလဲနှုန်းက အရမ်း မြန်လွန်းတယ်... ဒီလောက် ကြောက်စရာကောင်းတဲ့ သတ်ဖြတ်နိုင်စွမ်းအထိ ဆင့်ကဲပြောင်းလဲ သွားပြီလား"
အစ်ကိုဟော်၏ မျက်နှာက တည်ကြည်သွားပြီး ပြောလိုက်သည် "ဒီမိစ္ဆာကြီး ဆင့်ကဲပြောင်းလဲလာတဲ့ အစွမ်းက ဘာအစွမ်းလဲ... ပစ်ခတ်လိုက်တဲ့ အနီရောင် အလင်းတန်းက ဘယ်လိုလုပ် ဒီလောက် ပြင်းထန်နေရတာလဲ"
ထိုအနီရောင် အလင်းတန်းက သူ့ကို လန်ယွဲ့ဟွာဟု ခေါ်သော အမျိုးသမီးကို သတိရသွားစေသည်။
လီချင်းဟွာက တည်ကြည်သော လေသံဖြင့် ပြောလိုက်သည် "အဲဒါက ရိုက်ခတ် အလင်းတန်းလိုမျိုး အစွမ်း ဖြစ်လောက်တယ်... အပူချိန် မြင့်မားတာ မဟုတ်ဘဲ ပြင်းထန်တဲ့ တိုက်ခိုက်မှု စွမ်းအားပဲ"
အစ်ကိုဟော်က ခေါင်းကို အနည်းငယ် ညိတ်ပြရင်း ပြောလိုက်သည် "ဟုတ်တယ်... မီးလောင်နေတဲ့ ခံစားချက်မျိုး ငါ မခံစားမိဘူး... အပူချိန် မြင့်မားတဲ့ စွမ်းအင် အလင်းတန်း မဟုတ်တာတော့ သေချာတယ်"
သူတို့နှစ်ဦးစလုံးက တစ်ချိန်က သူတို့သာ ဤကုန်တင်သင်္ဘောကို ရှာမတွေ့ခဲ့လျှင် အဆောက်အအုံထဲတွင်သာ ရှိနေဦးမည်ဟု အလိုအလျောက် တွေးမိလိုက်ကြသည်။
အဆောက်အအုံထဲတွင် လူအများအပြား ရှိနေပြီး တချို့လူများက သန္ဓေပြောင်း နိုးထမှု အောင်မြင်ကာ အစွမ်းပိုင်ရှင်များ ဖြစ်လာခဲ့ကြသည်။
သို့သော် သန္ဓေပြောင်းလဲမှု ကျရှုံးသွားသူများလည်း ရှိပြီး သန္ဓေပြောင်း မိစ္ဆာများအဖြစ် တိုက်ရိုက် ပြောင်းလဲသွားကာ သန္ဓေပြောင်း လူသားများ ဖြစ်လာကြသည်။
သန္ဓေပြောင်း လူသားများ၏ ဆင့်ကဲပြောင်းလဲနှုန်းနှင့် သူတို့၏ ဆင့်ကဲပြောင်းလဲမှု အသိစိတ်များအရ ဤမိစ္ဆာများနှင့် တိုက်ခန်းတွဲ တစ်ခုထဲတွင် အတူတူ နေထိုင်ခြင်းက သေလမ်း တစ်လမ်းတည်းသာ ရှိတော့သည်။
ဥပမာအားဖြင့် စောစောက ခေါင်းသုံးလုံး မိစ္ဆာကြီး၏ မျက်လုံးက အနီရောင် ရိုက်ခတ် အလင်းတန်းကို ထုတ်လွှတ်နိုင်သည်။
သူတို့ထဲတွင် အစ်ကိုဟော်ဖြစ်စေ လီချင်းဟွာဖြစ်စေ ပြိုင်ဘက် မဖြစ်နိုင်ကြောင်း သူတို့ကိုယ်သူတို့ သိကြသည်။
အဆောက်အအုံကို ထိုးဖောက်နိုင်ပြီး အဆောက်အအုံကို ဖြတ်တောက်နိုင်သော ထိုကဲ့သို့ ကြောက်စရာကောင်းသည့် သတ်ဖြတ်နိုင်စွမ်းကို လီချင်းဟွာက ဟင်းလင်းပြင် အစွမ်း အသုံးပြုလျှင်တောင် တောင့်ခံနိုင်မည် မဟုတ်ကြောင်း ခံစားမိသည်။
သူ၏ ဟင်းလင်းပြင် ရေပူပေါင်းတွင် ဟင်းလင်းပြင် အတားအဆီး၏ မာကျောမှု ရှိသော်လည်း ထိုမာကျောမှု အတိုင်းအတာကို ကျော်လွန်သွားသည်နှင့် ဟင်းလင်းပြင် ရေပူပေါင်းက တစ်ခဏအတွင်း ပေါက်ကွဲထွက်သွားမည် ဖြစ်သည်။
လီချင်းဟွာက ပြိုကျသွားသော အဆောက်အအုံကို ကြည့်ကာ ပြောလိုက်သည် "ဆုတ်ကြရအောင်... ဒီနေရာမှာ အသိစိတ်မရှိတဲ့ သန္ဓေပြောင်း လူသားတစ်ကောင်နဲ့ အချိန်ဖြုန်းနေစရာ မလိုဘူး"
"ထူလုံလို့ ခေါ်တဲ့ကောင်က အဝေးကြီး မပျံနိုင်ပါဘူး... သူ ရထားတဲ့ ဒဏ်ရာက မသေးဘူးလေ... လင်းယုန်ငှက် အနေအထားကို ကြာကြာ ထိန်းထားနိုင်မှာ မဟုတ်ဘူး"
အစ်ကိုဟော်က ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်ပြီး ဘေးနားရှိ လူများကို ပြောလိုက်သည် "လူနေရပ်ကွက်ကို ကွေ့ပတ်ပြီး အဲဒီကောင်နောက်ကို ဆက်လိုက်ကြ"
"ကောင်းပါပြီ... အစ်ကိုဟော်"
ကုန်တင်သင်္ဘောက ဖြည်းညင်းစွာ ခေါင်းလှည့်ကာ ဤလူနေရပ်ကွက်ကို ကွေ့ပတ်သွားလေသည်။
ဤအချိန်တွင် မူလက ထူလုံနောက်သို့ လိုက်နေသော ကျိုးချင်းမင်၊ ဖုန်းလိန်နှင့် အခြားလူများလည်း ပြန်ရောက်လာကြသည်။
ကျိုးချင်းမင်က ကုန်းပတ်ပေါ်သို့ ဆင်းသက်လိုက်သည်နှင့် မြူခိုးများ ပျောက်ကွယ်သွားပြီး သူ၏ မျက်နှာက ဖြူရော်နေကာ ခြေလှမ်းများပင် အနည်းငယ် ယိုင်နဲ့နေသည်။
ဖုန်းလိန်မှာလည်း ရင်ဘတ်ရှိ အင်္ကျီများ စုတ်ပြဲနေပြီး ရင်အုပ်ကြွက်သားများ ရိုက်ခံထားရသဖြင့် နီရဲ ရောင်ရမ်းနေကာ မျက်နှာကလည်း ဖြူရော်နေသည်။
သူတို့နှစ်ဦးက ကုန်းပတ်ပေါ်သို့ ရောက်လာပြီး စောစောက တိုက်ပွဲ အခြေအနေကို အသီးသီး သတင်းပို့လိုက်ကြသည်။
လီချင်းဟွာက ကျိုးချင်းမင်ကို မေးလိုက်သည် "ကျိုးကြီး... ခန္ဓာကိုယ် ဘာမှမဖြစ်ဘူးမလား"
ကျိုးချင်းမင်က ခေါင်းကို အနည်းငယ် ခါပြလိုက်သည် "ခဏလောက် အနားယူလိုက်ရင် ရပါပြီ"
ဖုန်းလိန်ဘက်တွင်တော့ အစ်ကိုဟော်က ပြောလိုက်သည် "ဆရာဝန် သွားရှာလိုက်ဦး... ခဏ အနားယူလိုက်"
"ကျေးဇူးတင်ပါတယ် အစ်ကိုဟော်... ကျွန်တော် ဘာမှမဖြစ်ပါဘူး" ဖုန်းလိန်က တိုးညှင်းသော လေသံဖြင့် ပြောလိုက်သည်။
အစ်ကိုဟော်က လက်ယမ်းပြကာ သူ့ကို အနားယူရန် ပြောလိုက်သဖြင့် ဖုန်းလိန်က ကုန်းပတ်ပေါ်မှ ထွက်သွားလေသည်။
ကျိုးချင်းမင်က အနည်းငယ် တုံ့ဆိုင်းသွားပြီး ပြောလိုက်သည် "အစ်ကိုဟော်... ဆက်လိုက်နေဦးမှာလား... ကွန်ရက်ထဲက လွတ်သွားတဲ့ ငါးနှစ်ကောင်ပဲလေ... ကျွန်တော်တို့ လမ်းတစ်လျှောက်လုံး လိုက်လာခဲ့ပြီးပြီ"
အစ်ကိုဟော်က သူ့ကို တစ်ချက် ကြည့်လိုက်ပြီး ပြောလိုက်သည် "ပေါင်းပင်ကို ရှင်းရင် အမြစ်ပြတ်အောင် ရှင်းရမယ်... လေ တိုက်လာရင် ပြန်ပေါက်လာလိမ့်မယ်... ဒီသဘောတရားကို ငါ အများကြီး ပြောစရာ မလိုဘူးမလား"
လီချင်းဟွာက ပြုံးကာ ပြောလိုက်သည် "အစ်ကိုဟော်... ကျိုးကြီးက ဒဏ်ရာရထားလို့ပါ... သူ နည်းနည်းလောက် အနားယူလိုက်ရင် ကောင်းသွားပါလိမ့်မယ်"
သူက ကျိုးချင်းမင်ဘက် လှည့်ကာ ပြောလိုက်သည် "ကျိုးကြီး... ထူလုံလို့ ခေါ်တဲ့ အစွမ်းပိုင်ရှင်က လင်းယုန်ငှက်ကြီးအဖြစ် ပြောင်းနိုင်ပြီး လေကြောင်း တိုက်ခိုက်နိုင်စွမ်း ရှိတယ်... အရမ်း အန္တရာယ်များတယ်"
"အခု သူ အားနည်းနေတုန်း အခွင့်ကောင်းယူပြီး မသတ်ဘဲထားရင်... သူ ပြန်ကောင်းလာတဲ့အထိ စောင့်နေရင် တစ်နေ့ ငါတို့ကို အလစ်တိုက်လာနိုင်တယ်... အဲဒီကျရင် ငါတို့က အရမ်း အထိနာသွားလိမ့်မယ်"
"ဒီလူ မသေရင် ငါတို့ အေးအေးချမ်းချမ်း နေရဖို့ ခက်တယ်... နားလည်လား"
ကျိုးချင်းမင်က ကြားသောအခါမှ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည် "ကျွန်တော် နားလည်ပါပြီ"
"ခင်ဗျားလည်း သွားနားလိုက်ပါဦး" လီချင်းဟွာက ကျိုးချင်းမင်၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။
ကျိုးချင်းမင်က ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်သည် "ကောင်းပါပြီ"
သူက ခေါင်းလှည့်ကာ အစ်ကိုဟော်ကို ခေါင်းညိတ်ပြလိုက်ပြီးနောက် ကုန်းပတ်ပေါ်မှ ထွက်သွားလေသည်။
"စစ်တပ်ရဲ့ သတင်းကို မင်း ဘယ်လို မြင်လဲ" အစ်ကိုဟော်က ရုတ်တရက် လီချင်းဟွာကို မေးလိုက်သည်။
လီချင်းဟွာက မျက်ခုံးပင့်လိုက်ပြီး ပြောလိုက်သည် "စစ်တပ်က လူတိုင်းကို စစ်တပ် ခိုလှုံရေးစခန်းကို သွားဖို့ တိုက်တွန်းနေတဲ့ ကိစ္စကို ပြောတာလား"
"ဟုတ်တယ်... စစ်တပ်ရဲ့ ဒီလုပ်ရပ်က ဘာလုပ်ချင်လို့လို့ ထင်လဲ"
လီချင်းဟွာက ကြားသောအခါ လှောင်ပြုံး ပြုံးလိုက်သည် "ဘာလုပ်ချင်ရမှာလဲ... လုပ်သားအင်အား လိုအပ်နေလို့ပေါ့"
"အခု စစ်တပ်ဘက်ကို သွားဖို့ လုံးဝ မလိုအပ်ဘူး... ငါတို့မှာ သင်္ဘောရှိတယ်... လူအင်အားလည်း ရှိတယ်... ကိုယ့်ဖာသာကိုယ် ဘုရင် လုပ်လို့ ရနေတာပဲ"
"ဘာလို့ စစ်တပ်ဘက်ကို သွားပြီး ခေါင်းငုံ့ခံပြီး သူများ မျက်နှာကို ကြည့်နေရမှာလဲ"
"ငါတို့ မိန်တောင်ကို သိမ်းပိုက်ပြီး တောင်ကုန်းတစ်ခုကို စခန်းအဖြစ် ထားလိုက်ရင် မိန်တောင်ပေါ်က မြေယာ အရင်းအမြစ်တွေနဲ့ ကိုယ့်ဖာသာကိုယ် ရပ်တည်နိုင်ဖို့ လုံးဝ ပြဿနာ မရှိတော့ဘူး"
"အစ်ကိုဟော်... အစ်ကိုက စိတ်မပါသွားဘူးမလား"
အစ်ကိုဟော်က ကြားသောအခါ ချက်ချင်း ရယ်မောလိုက်ပြီး ပြောလိုက်သည် "စိတ်ပါစရာလား... ငါက စစ်တပ်ရဲ့ သတင်းကို ယုံမယ်လို့ မင်း ထင်နေတာလား"
"ခိုလှုံရေးစခန်း... ဟဟ... အခုချိန်မှာ တကယ် လုံခြုံတဲ့ နေရာဆိုတာ ဘယ်မှာ ရှိတော့လို့လဲ... တစ်ကမ္ဘာလုံး ရေထဲ နစ်မြုပ်တော့မှာ... သူတို့သာ တကယ် အစွမ်းရှိရင် ဘာလို့ လူတွေကို လာမကယ်ဘဲ ရေဒီယို ဆက်သွယ်ရေးနဲ့ပဲ လူတွေကို ဆက်သွယ်နေရတာလဲ"
"ငါ့အမြင်တော့ စစ်တပ်ဘက်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ကောင်း ကာကွယ်နိုင်လိမ့်မယ်... ဒါပေမဲ့ ရေဘေးကြီးရဲ့ အတားအဆီးကို ချိုးဖောက်ပြီး လူတိုင်းကို လာကယ်ဖို့တော့ အများအားဖြင့် မလုပ်နိုင်သေးဘူးလို့ ထင်တယ်"
လီချင်းဟွာက ဟားဟားဟား ရယ်မောလိုက်ပြီး ပြောလိုက်သည် "အစ်ကိုဟော်ကတော့ တကယ့်ကို တွေးတတ်တယ်... လေးစားတယ်"
"ချင်းဟွာ... မင်းလည်း အတူတူပဲလေ... ငါ့ရဲ့ ဘယ်ညာ လက်ရုံးတွေ ပီသပါပေတယ်... အရင်က မင်းတို့ကို ကယ်တင်ခဲ့တာ တကယ့်ကို မှန်ကန်တဲ့ ရွေးချယ်မှုပဲ" အစ်ကိုဟော်ကလည်း ပြုံးလိုက်သည်။
ထို့နောက် ဆက်ပြောလိုက်သည် "မင်း စိတ်ချပါ... မင်းရဲ့ အရင်က ကလဲ့စားကိုလည်း ငါ ကိုယ်စား ချေပေးပါ့မယ်"
"မင်းကို ဒဏ်ရာ ပြင်းပြင်းထန်ထန် ရအောင် လုပ်ခဲ့တဲ့ ရန်သူကို ငါ မင်းအတွက် ရှာပေးမယ်"
လီချင်းဟွာက ပြုံးလိုက်ပြီး ပြောလိုက်သည် "ငါ အစ်ကိုဟော်ကို ယုံကြည်ပါတယ်"
——
"ဆရာလင်းယွမ်... မင်္ဂလာနံနက်ခင်းပါ"
"ဆရာလင်းယွမ်... မင်္ဂလာနံနက်ခင်းပါ"
နံနက်ခင်း အချိန်တွင် ကင်းလှည့်အဖွဲ့ဝင်များက ရေလွှမ်းမိုး တားမြစ်နယ်မြေသို့ ရောက်လာကြပြီး သက်ဆိုင်ရာ ခေါင်းဆောင်များ၏ ဦးဆောင်မှုအောက်တွင် စတင် အလုပ်များနေကြပြီ ဖြစ်သည်။
ယမန်နေ့ညက တာဝန်ကျသော အဖွဲ့ဝင်များက လင်းယွမ်ကို မြင်သောအခါ အသီးသီး နှုတ်ဆက်ကြသည်။
လင်းယွမ်က လမ်းတစ်လျှောက်လုံး အပြုံးများဖြင့် ခေါင်းညိတ်ပြကာ မေးလိုက်သည် "မနေ့ညက ဘာကိစ္စမှ မဖြစ်ဘူးမလား"
ကင်းလှည့်အဖွဲ့ဝင် တစ်ယောက်က ချက်ချင်း ပြောလိုက်သည် "သတင်းပို့ပါတယ် ဆရာလင်းယွမ်... မနေ့ညက သန္ဓေပြောင်း ငါးအချို့က ရေကန်ထဲမှာ လှုပ်ရှားမှု နည်းနည်း လုပ်သွားတာကလွဲရင် တခြား ထူးခြားတာ ဘာမှ မတွေ့ရပါဘူး"
အခြား ကင်းလှည့်အဖွဲ့ဝင် တစ်ယောက်က လင်းယွမ်ကို ကြည်ညိုလေးစားစွာ ကြည့်ကာ ပြောလိုက်သည် "ဆရာလင်းယွမ်... ရေလွှမ်းမိုး တားမြစ်နယ်မြေကို မနေ့က ခင်ဗျား ရှင်းလင်းလိုက်ပြီးတဲ့နောက်ပိုင်း တစ်ညလုံး တိတ်ဆိတ်နေတာပဲ... သန္ဓေပြောင်း မိစ္ဆာ တစ်ကောင်မှတောင် မပေါ်လာဘူး"
လင်းယွမ်က ပြုံးလိုက်ပြီး အဝေးရှိ ရေထဲတွင် ရေချိုးနေသော ရွှေနက်မျောက်ဝံကြီးကို လက်ညှိုးထိုးပြကာ ပြုံးရင်း ပြောလိုက်သည် "သူက ဒီမှာ ရှိနေသေးလို့လေ... အဲဒါကြောင့် သန္ဓေပြောင်း သတ္တဝါတွေ တကယ် ရှိနေရင်တောင် ဒီဘက်ကို မလာရဲကြတာ"
"ကဲပါ... မနေ့က အားလုံးပဲ ပင်ပန်းသွားကြပြီ... ဈေးဝယ်စင်တာက အမှတ် စီမံခန့်ခွဲသူဆီ ပြန်သွားပြီး အမှတ်တွေ ပေါင်းထည့်လိုက်ကြဦး... ပြီးရင် ကောင်းကောင်း အနားယူကြ"
"ကျေးဇူးတင်ပါတယ် ဆရာလင်းယွမ်"
"ဆရာလင်းယွမ်... ဒါဆို ကျွန်တော်တို့ အလုပ်ဆင်းပြီနော်"
လင်းယွမ်က ပြုံးကာ လက်ယမ်းပြလိုက်ရာ တာဝန်ကျသော ကင်းလှည့်အဖွဲ့ဝင်များက ပျော်ရွှင်စွာ ပြန်သွားကြလေသည်။
ထို့နောက် လင်းယွမ်က မြစ်ကမ်းဘေးသို့ ရောက်လာပြီး ဗေဒါပင်များ အများအပြားဖြင့် တည်ဆောက်ထားသော ကျယ်ဝန်းသည့် ရေပေါ်တံတားကို ကြည့်ကာ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
တင်းယန်က လျှောက်လာပြီး ပြောလိုက်သည် "ဘာပြဿနာမှ မရှိရင်တော့... ဒီနေ့ ပြီးလောက်တယ်"
လင်းယွမ်က ပြုံးကာ ပြောလိုက်သည် "လုပ်ငန်းစဉ်က တော်တော်လေး မြန်သားပဲ... ဒီတစ်ညလုံး ရေပေါ်တံတားက ဘယ်လိုနေလဲ... သန္ဓေပြောင်း ငါးတွေ ဒါမှမဟုတ် တခြား သန္ဓေပြောင်း သတ္တဝါတွေရဲ့ ဖျက်ဆီးတာ မခံရဘူးမလား"
တင်းယန်က ခေါင်းကို အနည်းငယ် ခါပြလိုက်သည် "မခံရပါဘူး... ဒီဗေဒါပင်တွေကို ဆုန့်ဝမ်က အစွမ်းသုံးပြီး ကြီးထွားအောင် လုပ်ထားတာဆိုတော့ အရွက်တွေက ပိုမာကျောလာရုံသာမကဘဲ ဧရိယာကလည်း အများကြီး ပိုကြီးလာတယ်လေ"
"နုတဲ့ ဗေဒါပင် အနည်းအကျဉ်းလောက်ပဲ သန္ဓေပြောင်း ငါးတွေ ကိုက်ထားတဲ့ လက္ခဏာ ရှိတယ်... ကျန်တဲ့ ရင့်တဲ့ ဗေဒါပင်တွေကတော့ အကောင်းပကတိပဲ"
လင်းယွမ်က အနည်းငယ် ပြုံးလိုက်သည် "ဒီသန္ဓေပြောင်း ငါးတွေက သန္ဓေပြောင်းသွားရင်တောင် အစားရွေးတတ်သေးတာပဲ... နုတဲ့ ဗေဒါပင်တွေကိုတောင် ရွေးပြီး ကိုက်စားတတ်သေးတယ်"
"အပြင်ဘက်က ဗေဒါပင်တွေကို နည်းနည်း ပိုခိုင်ခံ့အောင် လုပ်ဖို့ လိုမယ်... နောက်ကျရင် ရင့်တဲ့ ဗေဒါပင်တွေကို အပြင်ဘက်မှာ ပိုပြီး တွဲထားပေးလိုက်"
တင်းယန်က ခေါင်းညိတ်ကာ ပြောလိုက်သည် "ကျွန်မ လူလွှတ်ပြီး ရင့်တဲ့ ဗေဒါပင်တွေကို သွားရှာခိုင်းထားပါတယ်"
"ဗေဒါပင်စားတဲ့ သန္ဓေပြောင်း ငါးက သိပ်မများပါဘူး... မြက်စားငါးကနေ သန္ဓေပြောင်းလာတဲ့ သန္ဓေပြောင်း ငါးတွေ ဖြစ်လောက်တယ်"
"ဒီမြက်စားငါးတွေက အစားမရွေးဘူး... အသားစားရုံသာမကဘူး မြက်လည်းစားတယ်" လင်းယွမ်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
တင်းယန်က သူ့ကို တစ်ချက် ကြည့်လိုက်ပြီး ပြောလိုက်သည် "လူတစ်ယောက်နဲ့တော့ နည်းနည်း တူသားပဲ"
လင်းယွမ်က အံ့သြသွားပြီး မေးလိုက်သည် "နင် ဘယ်သူ့ကို ပြောတာလဲ"
"ဟင်းဟင်း... လူတစ်ယောက်က မနေ့ညက ဘားရှေ့မှာ အမျိုးသမီး တစ်ယောက်နဲ့ စကားပြောရတာ အရမ်း ပျော်နေတယ်လို့ ကျွန်မ ကြားထားတယ်နော်"
လင်းယွမ်မှာ ချက်ချင်း ငိုရခက် ရယ်ရခက် ဖြစ်သွားပြီး ပြောလိုက်သည် "နင် ကျွမ်းရှုယွမ်ကို ပြောတာလား"
"ကျွန်မ မပြောဘူးနော်... ရှင်ကိုယ်တိုင် ပြောတာ"
လင်းယွမ်က ခေါင်းယမ်းလိုက်ပြီး ရယ်မောကာ ပြောလိုက်သည် "ငါ့ကို အပြစ်လာပုံချနေတာ မဟုတ်လား... တိုက်ဆိုင်လို့ ဆုံသွားတာပါ... စကားနှစ်ခွန်းလောက်ပဲ ပြောဖြစ်တာ... ဘာလဲ... ရန်မေက နင့်ကို လာပြောတာလား"
"အမမေက အဲဒီလောက်အထိ အလုပ်အားတာ မဟုတ်ပါဘူး... ဒါပေမဲ့ ကျွန်မ ရှင့်ကို ပြောထားမယ်... ကစားချင်ကစားလို့ရတယ်... အိမ်တော့ခေါ်မလာနဲ့" တင်းယန်က သူ့ကို မျက်စောင်းထိုးကြည့်လိုက်သည်။
လင်းယွမ်က နှာခေါင်းကို ပွတ်လိုက်ပြီး ဤစကားများက ထူးဆန်းနေသလို ခံစားလိုက်ရသည်။
ဘာကို ကစားချင်ကစားလို့ရတယ်လဲ။
သူက ရှင်းပြရန် ပြင်လိုက်သော်လည်း တင်းယန်က လှည့်ကာ အလုပ်သွားလုပ်လေသည်။
လင်းယွမ်၏ ခေါင်းထဲတွင် ကျွမ်းရှုယွမ်၏ နန်းဆန်သော အငွေ့အသက်နှင့် လှပသော မျက်နှာလေးက အလိုအလျောက် ပေါ်လာသည်။
သူ၏ ခေါင်းထဲတွင် 'ကစားချင်ကစားလို့ရတယ်' ဆိုသော စကားက အလိုအလျောက် ပေါ်လာသည်။
ချက်ချင်းပင် သူက ခေါင်းအမြန် ယမ်းလိုက်ပြီး လျှောက်တွေးနေမှုများကို အမြန် ဖယ်ရှားလိုက်သည်။ အားလုံးက တင်းယန်ကြောင့်ပင်။
သူက ရေကန်ဆီသို့ ခပ်သွက်သွက် လျှောက်သွားလိုက်သည်။ ယမန်နေ့ည တစ်ညလုံး လွှတ်ထားခဲ့သဖြင့် ရေအောက်ရှိ သန္ဓေပြောင်း သတ္တဝါအုပ်စုများ ပြန်လည် စုဝေးလာခြင်း ရှိမရှိကို သွားကြည့်ရမည်။
သူက ရေအောက်သို့ ငုပ်ဆင်းသွားပြီး ရေပေါ်တံတား ပတ်လည်တွင် တစ်ပတ် လှည့်ကြည့်လိုက်ရာ ကြီးကြီးမားမား ပျက်စီးနေမှု ဘာမှ မတွေ့ရပေ။ အထူးသဖြင့် စူပါသတ္တုစပ် သံမဏိကြိုးများမှာ တကယ်ကို သံချေးတက်နေသည့် လက္ခဏာ တစ်ခုမျှ မရှိပေ။
ဤအချက်က သူ့ကို ခေါင်းညိတ်သွားစေသည်။ စနစ်မှ ထုတ်ပေးသော ပစ္စည်းဖြစ်သဖြင့် အရည်အသွေးကတော့ ပြောစရာ မလိုပေ။
ထို့နောက် သူက ရေပေါ်တံတားကို ဗဟိုပြုကာ ရေအောက်တွင် ရှာဖွေရေး နယ်ပယ်ကို စတင် တိုးချဲ့လိုက်သည်။
မကြာမီ သေးငယ်သော သန္ဓေပြောင်း ငါးအများအပြားက ဤရေပြင်ကို ပြန်လည် နေရာယူထားကြောင်း တွေ့လိုက်ရသည်။
ကြည့်ရသည်မှာ ဤကောင်များက မနေ့က ဤနေရာတွင် ဘယ်လို သတ်ဖြတ်မှုမျိုး ဖြစ်ပွားခဲ့သည်ကို မသိကြသေးပုံပင်။
လင်းယွမ်က လမ်းတစ်လျှောက်လုံး စိတ်စွမ်းအင် ရိုက်ခတ်မှုဖြင့် အစုလိုက်အပြုံလိုက် ရှင်းလင်းသွားလေသည်။
အမှတ်များကို အဆက်မပြတ် စုဆောင်းနေရင်း မကြာမီ ဤရေပြင်ကို ရှင်းလင်းလိုက်သည်။
မိနစ်အနည်းငယ် ကြာပြီးနောက် လင်းယွမ်က ကမ်းပေါ်သို့ ပြန်တက်လာခဲ့သည်။
ရေအောက် အခြေအနေကို သူ အကြမ်းဖျင်း သိရှိသွားပြီ ဖြစ်သည်။ တစ်ညတာ ဖြတ်သန်းပြီးနောက် သန္ဓေပြောင်း သတ္တဝါ အများအပြား ပြန်လည် စုဝေးလာသော်လည်း အခြေခံအားဖြင့် အလယ်အလတ်နှင့် အငယ်စား သန္ဓေပြောင်း သတ္တဝါများသာ ဖြစ်သည်။
ကြီးမားသော သန္ဓေပြောင်း သတ္တဝါများကို မတွေ့ရပေ။
ထို့အပြင် အရေအတွက်ကလည်း ယမန်နေ့ကထက် အများကြီး နည်းပါးသွားသည်။ ကြည့်ရသည်မှာ နေ့တိုင်း တစ်ကြိမ် ရှင်းလင်းမည်ဆိုလျှင် နည်းနည်း ခပ်စိပ်စိပ်လွန်းနေပြီဟု ထင်ရသည်။
ဤသန္ဓေပြောင်း သတ္တဝါများကလည်း ဉာဏ်ရည် လုံးဝ မရှိသည် မဟုတ်ပေ။ ဤနေရာရှိ အမျိုးတူများ မကြာခဏ သေဆုံးနေမည်ဆိုလျှင် ကြာလာသည်နှင့်အမျှ ဤသန္ဓေပြောင်း သတ္တဝါများလည်း ဝင်လာရဲတော့မည် မဟုတ်ပေ။
ငါးကန်အချို့တွင် ငါးမျှားသမားများ မကြာခဏ လာမျှားသဖြင့် ထိုနေရာရှိ ငါးများ လည်သွားသကဲ့သို့ပင် ဖြစ်သည်။
"ဆရာလင်းယွမ်... မနက်က လူအချို့က မိန်တောင်ကို မြစ်ဖြတ်ကူးဖို့ အတင်း လုပ်နေကြတယ်... ရေပေါ်တံတားက အသုံးပြုလို့ မရသေးဘူးလို့ ကျွန်တော်တို့ ပြောပေမယ့် သူတို့က နားမထောင်ကြဘူး"
"ကျွန်တော်တို့ အစက သူတို့ကို ဖမ်းထားချင်ပေမယ့်... သူတို့က မိန်တောင်ပေါ်က လူတွေပါတဲ့... ခင်ဗျားနဲ့ ဦးလေးရန်ကို ပြန်လိုက်ပို့တာလို့ ပြောတယ်"
ကင်းလှည့်အဖွဲ့ဝင် တစ်ယောက်က လျှောက်လာပြီး လင်းယွမ်ကို ပြောလိုက်သည်။
လင်းယွမ်က အံ့သြသွားပြီး လီရှန်ယန်တို့ သုံးယောက် ဖြစ်မည်ဟု ချက်ချင်း ခန့်မှန်းမိလိုက်သည်။
ဒီသုံးယောက်က ကြိုပြီး ပြန်သွားကြပြီလား။
လင်းယွမ်က ပြုံးကာ ပြောလိုက်သည် "သူတို့သဘောအတိုင်း လွှတ်ထားလိုက်ပါ... ဘာပဲဖြစ်ဖြစ် ရေပေါ်တံတားက ဒီနေ့ အသုံးပြုလို့ ရတော့မှာပဲ"
လီရှန်ယန်တို့ ဒီလောက်တောင် အလောတကြီး ပြန်သွားရသည့် အကြောင်းရင်းကို သူ အကြမ်းဖျင်း ခန့်မှန်းမိသွားသည်။
ရေပေါ်တံတား မကြာမီ ဖွင့်လှစ်တော့မည်ကို ကြားထားပြီး အချိန်တန်လျှင် ထိုက်ယန်တောင်ဘက်မှ လူများက သွားရောက် အမဲလိုက် စိုက်ပျိုးကြမည်ကို သိထားသဖြင့် ဖြစ်လောက်သည်။ သူတို့အချို့က ထိုက်ယန်တောင် ဈေးဝယ်စင်တာရှိ ပေါများလှသော ပစ္စည်းများကို မြင်ဖူးထားကြသည်။
ထို့ကြောင့် ကြိုတင် ပြန်သွားပြီး ကျဲ့ဆစ် စာသင်ကျောင်းမှ လူများကို ခေါ်ကာ အရင်ဦးအောင် လက်ဦးမှု ရယူချင်ကြခြင်း ဖြစ်လောက်သည်။ တတ်နိုင်သမျှ သားကောင်အချို့ကို အရင် သတ်ဖြတ်ပြီး စားသုံးနိုင်သော သန္ဓေပြောင်း စိုက်ပျိုးသီးနှံအချို့ကို တူးဖော်ကာ အမှတ်များနှင့် လဲလှယ်ချင်ကြခြင်း ဖြစ်မည်။
လင်းယွမ်က တားဆီးခြင်း မပြုခဲ့ပေ။ ဘာပဲဖြစ်ဖြစ် ထိုလူများက မိန်တောင်ပေါ်သို့ အစောဆုံး တက်ရောက်ခဲ့သူများ ဖြစ်သဖြင့် သူတို့ကိုလည်း အကျိုးအမြတ် အနည်းငယ်တော့ ခံစားခွင့်ပေးရမည် ဖြစ်သည်။
မနက်ခင်း တစ်ပိုင်း အချိန်ယူလိုက်ရပြီးနောက် ရေပေါ်တံတားက နောက်ဆုံးတွင်တော့ အပြည့်အဝ တည်ဆောက်ပြီးစီးသွားလေပြီ။
ရေပေါ်တံတား တစ်ခုလုံး၏ အရှည်က ၂.၆ မိုင် ရှိပြီး တောင်နှစ်လုံးကြားတွင် ဖြတ်သန်း တည်ဆောက်ထားသည်။
စိမ်းလန်းစိုပြည်နေသော တံတားမျက်နှာပြင်ပေါ်တွင် အားလုံးက စူပါသတ္တုစပ် သံမဏိကြိုးများကြားတွင် တပ်ဆင်ထားသော အစိမ်းရောင် ဗေဒါပင်များချည်း ဖြစ်သည်။
အလယ်ပိုင်းရှိ ဗေဒါပင်များကို ရေစီးကြောင်းများ မျောပါမသွားစေရန် သစ်သားများပေါ်တွင် ချည်နှောင်ထားသေးသည်။
"ဆရာလင်းယွမ်... ရေပေါ်တံတား ပြီးသွားပြီ... ခေါင်းဆောင်ကျောက်နဲ့ ခေါင်းဆောင်တင်းတို့က တံတားမျက်နှာပြင်ကို လာစမ်းကြည့်ဖို့ ခင်ဗျားကို ခေါ်နေပါတယ်" ကျိဖုန်းက ပြေးလာပြီး မျက်နှာတစ်ခုလုံး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
လင်းယွမ်က ကြားသောအခါ ပြုံးကာ ပြောလိုက်သည် "သွားကြစို့... ဒီရေပေါ်တံတားရဲ့ ဝန်ခံနိုင်စွမ်းကို အတူတူ စမ်းကြည့်ကြတာပေါ့"
သူ၏ အမိန့်ပေးသံနှင့်အတူ လူအားလုံးက လင်းယွမ်နောက်မှ ရေပေါ်တံတားပေါ်သို့ အသီးသီး လိုက်တက်သွားကြသည်။
လင်းယွမ်က ဗေဒါပင်များပေါ်သို့ ခြေချလိုက်သည်နှင့် ဗေဒါပင်များက အနည်းငယ် ယိမ်းယိုင်သွားသော်လည်း ပတ်လည်တွင် ဗေဒါပင်များ ရှိနေသဖြင့် ယိမ်းယိုင်မှု ပမာဏက သိပ်မကြီးမားဘဲ အချင်းချင်း ပွတ်တိုက်သွားကြသည်။
ဗေဒါပင်များပေါ်တွင် လမ်းလျှောက်ရသောအခါ ဤကဲ့သို့ အနည်းငယ် ယိမ်းယိုင်နေသည့် ခံစားချက်က လူကို မူးယစ်နေသလို ခံစားရစေသည်။
အနည်းငယ် နိမ့်ချည်မြင့်ချည် လှိုင်းလုံးလေးများက လမ်းလျှောက်ခြင်းကို မထိခိုက်စေပေ။
လင်းယွမ်က ခဏတာ လမ်းလျှောက်ကြည့်ပြီးနောက် ခြေလှမ်းအချို့ ပြေးကြည့်ကာ အကြိမ်အနည်းငယ် ခုန်ကြည့်လိုက်သည်။
လှုပ်ရှားမှု ကြီးမားလေလေ ဗေဒါပင်များ၏ နိမ့်ချည်မြင့်ချည်နှင့် ယိမ်းယိုင်မှုက ပိုမို ပြင်းထန်လေလေ ဖြစ်သည်။
သို့သော် ကံကောင်းထောက်မစွာဖြင့် ဤဗေဒါပင်များ၏ ရေပေါ်ပေါ်နိုင်စွမ်းက အလွန် အားကောင်းပြီး သူတို့ကိုယ်တိုင်ကလည်း လုံလောက်စွာ မာကျောသဖြင့် သူ၏ ဤလှုပ်ရှားမှုများကို တောင့်ခံထားနိုင်သည်။
လင်းယွမ်၏ မျက်နှာပေါ်တွင် အလိုအလျောက် အပြုံးများ ပေါ်လာသည်။ ဤရေပေါ်တံတားက လူများ သွားလာရန်အတွက် ပြဿနာ မရှိတော့ပေ။
တစ်ခုတည်းသော ပြဿနာမှာ ဤတံတားပေါ်တွင် မတိုက်ခိုက်ကြလျှင် အကောင်းဆုံး ဖြစ်သည်။
ပြင်းထန်သော တိုက်ခိုက်မှုများက ဗေဒါပင်များကို ဖျက်ဆီးပစ်နိုင်ပြီး တံတားမျက်နှာပြင်ကို ပြိုကျသွားစေနိုင်သည်။
ယေဘုယျအားဖြင့် လင်းယွမ်က ဤရေပေါ်တံတားက အောင်မြင်သည်ဟု ထင်သည်။
ရေပေါ်တံတားကို အဆုံးထိ လမ်းလျှောက်သွားပြီးနောက် တစ်ဖက်ရှိ မိန်တောင်သို့ ရောက်လာခဲ့သည်။
တင်းယန်နှင့် ကျောက်ခိုင်တို့က လူများကို ညွှန်ကြားကာ မိန်တောင်ဘက်ရှိ တံတားအဆုံးတွင် စင်္ကြံတစ်ခု တည်ဆောက်နေသည်ကို မြင်လိုက်ရသည်။
လင်းယွမ်က စင်္ကြံပေါ်သို့ တက်သွားပြီး ပြောလိုက်သည် "လုပ်ထားတာ မဆိုးဘူး... ဒီတံတား သွားလာဖို့က လုံးဝ ပြဿနာ မရှိဘူး"
တင်းယန်က ပြုံးကာ ပြောလိုက်သည် "ဒီဗေဒါပင်တွေရဲ့ အရည်အသွေးက ထင်ထားတာထက် ပိုကောင်းတယ်... အထူးသဖြင့် ရင့်တဲ့ ဗေဒါပင်တွေက ရေပေါ်ပေါ်နိုင်စွမ်း လုံလောက်ရုံသာမကဘူး မာကျောမှုကလည်း တော်တော်လေး ကောင်းတယ်"
ကျောက်ခိုင်က ပြောလိုက်သည် "အစ်ကိုလင်း... နောက်ဆက်ပြီး ကျွန်တော်တို့ ရေပေါ်တံတား နှစ်ဖက်စလုံးမှာ တံတားစောင့်စခန်း တည်ဆောက်ဖို့ စဉ်းစားထားတယ်... ကင်းလှည့်အဖွဲ့ဝင်တွေ တပ်စွဲပြီး တာဝန်ထမ်းဆောင်ဖို့ပေါ့... လူကိုယ်တိုင် ဖျက်ဆီးတာပဲဖြစ်ဖြစ် သန္ဓေပြောင်း သတ္တဝါတွေ ရေပေါ်တံတားကို လာဖျက်ဆီးတာပဲဖြစ်ဖြစ် ကာကွယ်နိုင်အောင်လို့ပါ"
လင်းယွမ်က ပြုံးကာ ခေါင်းညိတ်လိုက်သည် "ဒါကတော့ သေချာပေါက် လုပ်ရမှာပေါ့... ဒါပေမဲ့ တံတားစောင့်စခန်းကို အရမ်းကြီး ဆောက်စရာ မလိုပါဘူး... မတော်လို့ ရေက ဆက်ပြီး မြင့်တက်လာရင် တံတားစောင့်စခန်းကို ခပ်သေးသေး ဆောက်ထားမှ ရေနစ်သွားရင်တောင် အရမ်း နှမြောစရာ မလိုမှာ"
ကျောက်ခိုင်က ခေါင်းညိတ်ကာ ပြုံးလိုက်သည် "ကျွန်တော် နားလည်ပါပြီ"
"တံတားစောင့်စခန်း ကိစ္စကိုတော့ မင်း လက်အောက်က လူတွေကို လုပ်ခိုင်းလိုက်ရင် ရပြီ... မင်းနဲ့ တင်းယန်က နောက်ထပ် လူတစ်စု ခေါ်ပြီး ငါနဲ့အတူ ယွင်ချွမ်ဘုရားကျောင်းကို တစ်ခေါက် လိုက်ခဲ့... နောက်ဆို ယွင်ချွမ်ဘုရားကျောင်းဘက်က မိန်တောင်မှာ ငါတို့ရဲ့ အဓိက စခန်း ဖြစ်လာမှာ"
"နောက်ပိုင်းကျရင် မင်း မိန်တောင်ကို ကြီးကြပ်ဖို့ လိုအပ်လိမ့်မယ်" လင်းယွမ်က ကျောက်ခိုင်ကို ပြောလိုက်သည်။
ကျောက်ခိုင်၏ မျက်နှာအမူအရာက အံ့သြသွားပြီး ချက်ချင်းပင် လင်းယွမ်ကို ကြည့်ကာ လေးနက်သော အမူအရာဖြင့် ပြောလိုက်သည် "အစ်ကိုလင်း... ကျွန်တော်... ကောင်းကောင်း လုပ်နိုင်ပါ့မလား"
လင်းယွမ်က သူ၏ ပခုံးကို ပုတ်လိုက်သည် "ကြောက်စရာ မလိုပါဘူး... မင်းရဲ့ တိုက်ခိုက်နိုင်စွမ်းကို ငါ ယုံကြည်ပါတယ်... ငါ့နောက်ကို လိုက်လာတာ ဒီလောက်တောင် ကြာပြီပဲ... ကိုယ့်ဖာသာကိုယ် တာဝန်ယူနိုင်ဖို့ အချိန်တန်ပါပြီ"
"အချိန်တန်ရင် လူဘယ်နှစ်ယောက် လိုအပ်တယ်... ဘယ်သူတွေ လိုအပ်တယ် ဆိုတာကို မင်း ကင်းလှည့်အဖွဲ့ထဲကနေသာ ရွေးလိုက်"
"မင်းနဲ့ ဖိန်ဖိန် နှစ်ယောက်က တစ်ယောက်က ရေခဲအစွမ်း... တစ်ယောက်က စိတ်စွမ်းအင် ဝင်္ကပါအစွမ်း ဆိုတော့ ပေါင်းစပ်လိုက်ရင် သာမန် အစွမ်းပိုင်ရှင်တွေက မင်းတို့ကို အနိုင်ယူဖို့ အရမ်း ခက်ခဲသွားလိမ့်မယ်"
"မိန်တောင်ကို စောင့်ရှောက်ဖို့က ပြဿနာ သိပ်မကြီးပါဘူး... အချိန်တန်ရင် ငါက ထိုက်ယန်တောင်မှာ... မင်းက မိန်တောင်မှာ... ဒီတောင်နှစ်လုံးက ငါတို့ရဲ့ ခိုလှုံရေးစခန်း ဖြစ်လာမှာပဲ"
"နောက်ပိုင်းကျရင် ငါတို့က အသက်ရှင်ကျန်ရစ်သူတွေ ပိုများလာအောင် လက်ခံပေးသွားဦးမှာ... အချိန်တန်ရင် တဖြည်းဖြည်းနဲ့ ပိုကောင်းလာမှာပါ"
ကျောက်ခိုင်၏ မျက်လုံးများထဲတွင် အနည်းငယ် ကြည်နူးမှုများ ပါဝင်နေသည်။ လင်းယွမ်က သူ့ကို မိန်တောင်ကို ထိန်းချုပ်ခွင့် ပေးလိုက်ခြင်းက သူ့အပေါ် မည်မျှအထိ ယုံကြည်မှု ပေးထားကြောင်းကို သူ အလွန် ရှင်းလင်းစွာ သိရှိသည်။
"အစ်ကိုလင်း... ကျွန်တော် အစ်ကို စိတ်ပျက်အောင် သေချာပေါက် လုပ်မှာ မဟုတ်ပါဘူး"
လင်းယွမ်က ပြုံးကာ သူ၏ ပခုံးကို ပုတ်လိုက်ပြီး ပြောလိုက်သည် "ဒီလောက်တောင် လေးလေးနက်နက် ဖြစ်နေစရာ မလိုပါဘူး... မှတ်ထား... မိန်တောင်ဘက်မှာ တကယ်လို့ အင်အားကြီးတဲ့ ရန်သူနဲ့ တွေ့ရင် ထိုက်ယန်တောင်ကို တိုက်ရိုက် ဆုတ်လာခဲ့... အသက်နဲ့ ရင်းပြီး မတိုက်နဲ့... ငါလာတဲ့အထိ စောင့်နေရင် ရပြီ"
"ကျွန်တော် နားလည်ပါပြီ" ကျောက်ခိုင်က အမြန် ခေါင်းညိတ်လိုက်သည်။
သူက ချက်ချင်း တစ်စုံတစ်ရာကို တွေးမိသွားပြီး ပြောလိုက်သည် "အစ်ကိုလင်း... ယွင်ချွမ်ဘုရားကျောင်းကို ခိုလှုံရေးစခန်း အဖြစ် တည်ဆောက်မယ်ဆိုရင်... နောက်ပိုင်းကျရင် ဘယ်ဘက်ကို ဦးတည်ပြီး တိုးတက်အောင် လုပ်သင့်လဲ"
"တပ်စခန်းလား... ဒါမှမဟုတ် လူနေစခန်းလား"
လင်းယွမ်က ပြောလိုက်သည် "တပ်စခန်းပေါ့... မိန်တောင်က စိုက်ပျိုးရေးနဲ့ မွေးမြူရေး လုပ်ဖို့ အရမ်း သင့်တော်တယ်... နောက်ပိုင်းကျရင် ထိုက်ယန်တောင်ရဲ့ စပါးကျီ ဖြစ်လာဖို့ များတယ်... တပ်စွဲဖို့က အရမ်း အရေးကြီးတယ်... မင်း ဒီဘက်မှာ လုံလောက်တဲ့ လက်နက်ကိုင် အင်အား လိုအပ်တယ်"
"ဒါပေမဲ့ တပ်နဲ့ လူနေမှုက ဆက်စပ်နေတာပဲ... ဒီဘက်က ကင်းလှည့်အဖွဲ့တွေ တိုးချဲ့ပြီးသွားရင်... တဖြည်းဖြည်းနဲ့ ဒီဘက်မှာ လာနေတဲ့လူတွေ သေချာပေါက် ရှိလာမှာပဲ... သူတို့ကလည်း မိသားစုဝင်တွေကို ခေါ်လာပြီး ဒီဘက်မှာ နေထိုင်ကြမှာပဲ"
"ကျွန်တော် နားလည်ပါပြီ" ကျောက်ခိုင်က ခေါင်းညိတ်လိုက်ပြီး စိတ်ထဲတွင်လည်း တည်ဆောက်ရေး ဦးတည်ချက် အတွက် အကြံဉာဏ် အချို့ ရရှိသွားသည်။
လင်းယွမ်က သူ့ကို အကြမ်းဖျင်း ဦးတည်ချက် တစ်ခု ပေးလိုက်ခြင်းသာ ဖြစ်သည်။ နောက်ပိုင်းတွင် လင်းယွမ် ကိုယ်တိုင် အရာရာတိုင်းကို ဝင်ပါနေမည် မဟုတ်ဘဲ လုပ်ငန်းစဉ် အတိုင်းသာ စောင့်ကြည့်နေရုံ ဖြစ်သည်။
သေချာပေါက် ထိုက်ယန်တောင်မှ အတွေ့အကြုံရှိသော အလုပ်သမားဟောင်းများကိုလည်း ကျောက်ခိုင်ဘက်သို့ ဦးစားပေး ခွဲဝေပေးသွားမည် ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ထိုက်ယန်တောင် ခိုလှုံရေးစခန်းက လတ်တလောတွင် မည်သို့မျှ တိုးချဲ့ တည်ဆောက်ရန် မလိုအပ်တော့ပေ။
အချုပ်အားဖြင့် ပြောရလျှင် နောက်ထပ် အလုပ်များရမည့် လုပ်ငန်းစဉ်များ ရှိနေပြန်ပြီ ဖြစ်သည်။
လင်းယွမ်က ကောင်းကင်မှ သည်းထန်စွာ ရွာသွန်းနေသော မိုးရေများကို ကြည့်ကာ လေထုထဲမှ အအေးဓာတ်ကို ခံစားရင်း စိတ်ထဲတွင် အနည်းငယ် သက်ပြင်းချလိုက်သည်။
"ရေခဲမုန်တိုင်း ရောက်မလာခင် မိန်တောင်နဲ့ ထိုက်ယန်တောင်ကို တတ်နိုင်သမျှ အပြီးအပိုင် သိမ်းပိုက်နိုင်ပါစေလို့ မျှော်လင့်ရတာပဲ"
ဆက်ရန်...
အပိုင်း(၂၉၄) ခေါင်းဆောင်တစ်ယောက်၏ အမျှော်အမြင်
ထိုက်ယန်တောင်ဘက်တွင် အမှန်တကယ် ပြဿနာမရှိတော့ပေ။
အဓိကကတော့ မိန်တောင်ပင်ဖြစ်သည်။ ထိုနေရာကို စီမံအုပ်ချုပ်ရန် အချိန်အနည်းငယ် လိုအပ်နေသေးသည်။
တကယ်တမ်းတွင် ထိုက်ယန်တောင်နှင့် မိန်တောင်တို့အပြင် ထိုက်ယန်တောင်တန်းနှင့် တစ်ဆက်တည်းဖြစ်နေသော အခြားတောင်ကုန်းငယ်အချို့လည်း ရှိသေးသည်။
သို့သော် ထိုတောင်ကုန်းငယ်များက အနည်းငယ် နိမ့်လွန်းနေပြီး ထိုက်ယန်တောင်နှင့် မိန်တောင်တို့လောက် မမြင့်မားချေ။
ထိုက်ယန်တောင်၏ မြောက်ဘက်တွင် ပိုမိုမြင့်မားသော တောင်ထွတ်တစ်ခုလည်း ရှိသေးသည်။
ထိုနေရာက လူသူအရောက်အပေါက်နည်းပါးသော တောင်ထွတ်တစ်ခုဖြစ်ကာ လင်းယွင်ကုန်း ဟုခေါ်သည်။
လင်းယွင်ကုန်းကို မည်သူမျှ သွားရောက်လေ့လာခြင်းမရှိသည့်အတွက် နောက်ပိုင်းတွင် ပြင်ပစွန့်စားလေ့လာသူများ အနှစ်သက်ဆုံး စွန့်စားရာနေရာတစ်ခု ဖြစ်လာခဲ့သည်။
လမ်းမရှိသောကြောင့် စွန့်စားလေ့လာသူများက ကိုယ်တိုင်လမ်းဖောက်ခဲ့ကြပြီး အလွန်မတ်စောက်သော မြေသားလမ်းလေးတစ်ခုကို အတင်းဖောက်လုပ်ခဲ့ကြသည်။
နောက်ပိုင်းတွင် လင်ကျောင်းမြို့သစ် ခေါင်းဆောင်ပိုင်းက မတော်တဆမှုများ ဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ရန်ပုံငွေအချို့ချပေးကာ အကာအကွယ်တချို့ ပြုလုပ်ပေးခဲ့ပြီး လင်းယွင်ကုန်း၏ စွန့်စားရာလမ်းကြောင်းပေါ်တွင် လုံခြုံရေးကင်မရာအချို့ကို တပ်ဆင်ပေးခဲ့သည်။
အန္တရာယ်များပြီး မတ်စောက်သော နေရာအချို့တွင် သံမဏိလက်ရန်းများ တပ်ဆင်ပေးခဲ့သည်။
ထို့အပြင် လင်းယွင်ကုန်းထိပ်တွင် ဧည့်သည်များနှင့် စွန့်စားလေ့လာသူများ အနားယူနိုင်ရန် လသာဆောင်ကြီးတစ်ခုနှင့် လင်းယွင်စံအိမ်ကိုပါ ဆောက်လုပ်ပေးခဲ့သည်။
၎င်းအပြင် လင်းယွင်ကုန်းနှင့် ထိုက်ယန်တောင်၏ တောင်ပတ်လမ်းကိုပါ ဆက်သွယ်ပေးခဲ့သေးသည်။
ဒေသခံများစွာက ဤလင်းယွင်ကုန်းကို စိန်ခေါ်သည့်အနေဖြင့် တက်ရသည်ကို နှစ်သက်ကြသော်လည်း နယ်ဝေးဧည့်သည်များကတော့ ဤနေရာကို မသိကြသဖြင့် အများစုက ထိုက်ယန်တောင် အပန်းဖြေစခန်းသို့သာ သွားကြသည်။
လင်းယွင်ကုန်း၏ အနေအထားအရ နေထိုင်ရန် မသင့်တော်ပေ။ မတ်စောက်လွန်းပြီး ဖွံ့ဖြိုးတိုးတက်မှုလည်း သိပ်မရှိချေ။
ထို့ကြောင့် လင်းယွမ်တို့ ခိုလှုံရန် နေရာရွေးချယ်သည့်အခါ ပထမဆုံး စဉ်းစားမိသည်က ထိုက်ယန်တောင်ဘက်သို့ လာရန်ပင်ဖြစ်သည်။
လင်းယွမ်၏ အမြင်တွင် ထိုက်ယန်တောင်နှင့် မိန်တောင်ဟူသော ဤတောင်ကြီးနှစ်လုံးကို ထိန်းချုပ်ထားနိုင်ပါက သူ၏ ခိုလှုံရေးစခန်းမှာ တောင်ကြီးတစ်လုံးပမာ ခိုင်မာသွားပြီဖြစ်သည်။
အအေးလှိုင်း ဝင်ရောက်လာပြီး ရေပြင်ကြီးခဲသွားကာ အဆောက်အအုံများအတွင်း ပိတ်မိနေသူများ ထွက်လာနိုင်လျှင်တောင်မှ။
သူတို့ ထိုက်ယန်တောင်သို့ ရောက်လာပြီး အဆင့်မြင့် ခိုလှုံရေးစခန်းအဖြစ် တည်ဆောက်ထားသည့် ထိုက်ယန်တောင်ကို မြင်တွေ့ရပါက သူတို့နေထိုင်ရန် နေရာတစ်နေရာ ပေးဖို့အတွက် သူ့ကို တောင်းပန်ရုံသာ ရှိတော့မည်ဖြစ်သည်။
သူ၏ အုပ်ချုပ်မှုအာဏာအပေါ် မည်သည့် ထိခိုက်မှုမျှ ရှိလာမည်မဟုတ်ပေ။
"ရှင်က မိန်တောင်ကို ထိုက်ယန်တောင်ရဲ့ ရိက္ခာအရင်းအမြစ်အဖြစ် ဖန်တီးဖို့ ရည်ရွယ်ထားတာလား"
ကျောက်ခိုင် ထွက်သွားပြီးနောက် တင်းယန်က လင်းယွမ်ကို ကြည့်ကာ မေးလိုက်သည်။
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။ "မိန်တောင်ရဲ့ အနေအထားက ထိုက်ယန်တောင်ထက် ပိုကောင်းတယ်... ဒီဘက်ကို မိန်တောင်ရွာသားတွေက စောစောစီးစီးကတည်းက မြေရှင်းထားကြတာ... ပြီးတော့ သန္ဓေပြောင်းပြီးသား စိုက်ပျိုးသီးနှံ မျိုးစေ့တွေလည်း အများကြီး ကျန်သေးတယ်"
"အခု မိန်တောင်မှာ လူဦးရေသိပ်မရှိဘူးဆိုတော့ ဒီဘက်မှာ စားနပ်ရိက္ခာတွေ စိုက်ပျိုးဖို့ အသင့်တော်ဆုံးပဲ"
တင်းယန်က မေးလိုက်သည်။ "စိုက်ပျိုးရေးလုပ်ဖို့ဆိုတာ လူအင်အား အများကြီး လိုတယ်နော်"
လင်းယွမ်က ခေါင်းညိတ်ပြသည်။ "ထူလုံကို အပြင်ဘက်က ရေလွှမ်းမိုးမှုထဲမှာ ပိတ်မိနေတဲ့ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖို့ ငါလွှတ်ထားတယ်... သင့်တော်တဲ့သူရှိရင် သူတို့ကို ဒီဘက် ပြောင်းရွှေ့လာဖို့ ငါကူညီပေးမယ်"
ထိုအခါမှ တင်းယန်က လင်းယွမ်သည် ခေါင်းပူပြီး စိတ်လိုက်မာန်ပါ ဆုံးဖြတ်ခဲ့ခြင်းမဟုတ်ဘဲ ကြိုတင်စီစဉ်ထားပြီးဖြစ်ကြောင်း နားလည်သွားတော့သည်။
သူမက ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ရှင့်မှာ အစီအစဉ်ရှိရင် ပြီးတာပါပဲ... ဒါဆို နောက်ထပ် ကျွန်မတို့ရဲ့ အဓိကရည်မှန်းချက်က မိန်တောင်ကို သေချာတည်ဆောက်ဖို့ပေါ့"
"အင်း... အဲဒီအချိန်ကျရင် မိန်တောင်ဘက်မှာ နင်လည်း အများကြီး ကူညီပေးဖို့ လိုလိမ့်မယ်... ကျောက်ခိုင် တစ်ယောက်တည်းနဲ့တော့ နိုင်မှာမဟုတ်ဘူး"
"ဒါဆို ရှင်က ဘာလို့ ကျွန်မကို မိန်တောင်ကို တန်းမလွှတ်တာလဲ" တင်းယန်က ရုတ်တရက် မေးလိုက်သည်။
လင်းယွမ်က သူမကိုကြည့်ကာ ပြုံးလိုက်သည်။ "နင် ဒီဘက်ကို လာရင် ငါက ဗုဒ္ဓဟူးနဲ့ သောကြာနေ့တိုင်း နင်နဲ့အိပ်ဖို့ မိန်တောင်ကို ပြေးလာရမှာလား"
တင်းယန်က ချက်ချင်းပင် မျက်စောင်းထိုးလိုက်သော်လည်း သူမ၏ နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးတက်သွားကာ စိတ်ကြည်နူးသွားသည်မှာ သိသာလှသည်။
ယခု အိမ်တွင် ဗုဒ္ဓဟူးနှင့် သောကြာနေ့များ၌ တင်းယန်က အိပ်ဖော်လုပ်ပေးရပြီး အင်္ဂါနှင့် ကြာသပတေးနေ့များတွင် ဆုန့်ဝမ်ဖြစ်ကာ စနေ၊ တနင်္ဂနွေနှင့် တနင်္လာနေ့များတွင်တော့ သဘာဝကျကျပင် အမမေ ဖြစ်သည်။
သို့သော် လောလောဆယ်တွင် မိန်းကလေးသုံးယောက်လုံး မျက်နှာပူနေကြဆဲဖြစ်ရာ လင်းယွမ်က လူတိုင်း အခန်းတစ်ခန်းတည်း အတူအိပ်နိုင်ရန် ကြိုးစားအားထုတ်နေဆဲဖြစ်သည်။
ဤလမ်းခရီးက တာဝန်ကြီးမားပြီး ခရီးရှည်လျားမည်မှာ သေချာနေကာ အချိန်တိုအတွင်းတော့ အောင်မြင်နိုင်မည်မဟုတ်ပေ။
ရေပေါ်တံတား တည်ဆောက်ပြီးစီးသွားသည်နှင့်တစ်ပြိုင်နက် မိန်တောင်သို့ သွားလာနိုင်ပြီဆိုသည့် သတင်းက ပြန့်နှံ့သွားခဲ့သည်။
ချက်ချင်းပင် ထိုက်ယန်တောင် ခိုလှုံရေးစခန်းရှိ နေထိုင်သူများ ချက်ချင်း ဆူညံသွားကြပြီး လူတိုင်းက အုပ်စုဖွဲ့ကာ စောစောစီးစီးကတည်းက အဖွဲ့ဖွဲ့ထားသူများကလည်း လက်နက်ကိရိယာများကို ပြင်ဆင်ကာ မိန်တောင်သို့ မြေရှင်းရန် အတူတကွ ထွက်ခွာသွားကြသည်။
လင်းယွမ်ကတော့ ကျောက်ခိုင်၊ တင်းယန်နှင့် ကင်းလှည့်အဖွဲ့ဝင်အချို့ကို ခေါ်ဆောင်ကာ မိန်တောင်ရှိ ယွင်ချွမ်ဘုရားကျောင်းသို့ ရောက်လာခဲ့သည်။
ယခု ယွင်ချွမ်ဘုရားကျောင်းတွင် လူတော်တော်များများ နေထိုင်လျက်ရှိသည်။
မူလက ကျဲ့ဆစ် စာသင်ကျောင်းဘက်တွင် နေထိုင်ခဲ့ကြသော လူတစ်စုကလည်း ယွင်ချွမ်ဘုရားကျောင်းသို့ ပြောင်းရွှေ့လာရန် ရွေးချယ်ခဲ့ကြသည်။
မည်သို့ပင်ဆိုစေ ဤနေရာက နေရာကျယ်ဝန်းပြီး ကျဲ့ဆစ် စာသင်ကျောင်းထက် ပိုမိုကျယ်ဝန်းသည်။
ကောင်းချန်လင်းက ဤလူအုပ်စုထဲတွင် လေးစားကြည်ညိုခံရသူအဖြစ် ရှိနေဆဲဖြစ်သည်။
သူတို့ စိုးရိမ်ရသည့် တစ်ခုတည်းသောအရာမှာ ညဘက်တွင် သန္ဓေပြောင်းသားရဲများ ဘုရားကျောင်းထဲသို့ ဝင်ရောက်တိုက်ခိုက်လာမည်ကိုပင်ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ကျဲ့ဆစ် စာသင်ကျောင်းမှ ရန်ကျဲ၊ ရန်ဟိုင်တို့ လူတစ်စုက အစွမ်းပိုင်ရှင်အချို့ကို စီစဉ်ပေးကာ ယွင်ချွမ်ဘုရားကျောင်းကို တစ်ညလုံး ကူညီစောင့်ရှောက်ပေးခဲ့သည်။
ဤအချိန်တွင် လင်းယွမ်က လူအင်အားအများအပြားဖြင့် ယွင်ချွမ်ဘုရားကျောင်းသို့ ပြန်လာခဲ့ရာ ကောင်းချန်လင်း၊ ရန်ကျဲနှင့် ရန်ဟိုင်တို့က အမြန်ထွက်ကြိုကြသည်။
လင်းယွမ်ကို မြင်သည်နှင့် သူတို့၏ မျက်နှာပေါ်တွင် ရိုသေကြောက်ရွံ့သည့် အမူအရာများ ချက်ချင်း ပေါ်လာပြီး လင်းယွမ်၏ နောက်ကွယ်ရှိ ကင်းလှည့်အဖွဲ့ဝင် ဒါဇင်ပေါင်းများစွာကို ထပ်မံမြင်လိုက်ရသည့်အခါ လူတိုင်း၏ မျက်နှာပေါ်တွင် စိုးရိမ်ထိတ်လန့်သည့် အမူအရာများ ပေါ်ထွက်လာတော့သည်။
တကယ်တော့ သူတို့က လီခွေရုံတို့ အုပ်စု၏ ခြောက်လှန့်မှုကို ခံခဲ့ရပြီးဖြစ်ရာ ယခုလို အပြင်လူအများအပြားကို မြင်တွေ့ရသည့်အခါ အလွန်ထိတ်လန့်သွားကြခြင်းဖြစ်သည်။
အထူးသဖြင့် လင်းယွမ်၏ နောက်ကွယ်ရှိ ကင်းလှည့်အဖွဲ့ဝင်များမှာ တစ်ယောက်ချင်းစီတိုင်းက အစွမ်းပိုင်ရှင်များဖြစ်ကြပြီး သူတို့၏ အရှိန်အဝါများက ကြမ်းတမ်းကာ အဖွဲ့အစည်းကလည်း သပ်ရပ်ပြီး အားလုံးက သတ်ဖြတ်မှုများကို အကြိမ်ကြိမ် ဖြတ်သန်းဖူးသည့် တပ်သားများ ဖြစ်ကြသည်။
ထိုနေရာတွင် ရပ်နေရုံမျှဖြင့် လုံလောက်သော ခြိမ်းခြောက်မှု စွမ်းအား ရှိနေပြီဖြစ်သည်။
"ဆရာ... ဆရာလင်းယွမ်... ပြန်ရောက်လာပြီလား" ကောင်းချန်လင်းက အမြန်ရှေ့တိုးကာ နှုတ်ဆက်လိုက်သည်။
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်ကာ ပြောလိုက်သည်။ "အင်း... အားလုံးပဲ... အရင်က ကျွန်တော်ပြောခဲ့သလိုပဲ လီခွေရုံတို့အဖွဲ့ကို ကျွန်တော်သတ်ခဲ့တာ... ယွင်ချွမ်ဘုရားကျောင်းကို နောက်ပိုင်း ကျွန်တော်ပဲ စီမံအုပ်ချုပ်တော့မယ်"
"အခု ကျွန်တော် ခင်ဗျားတို့ကို ရွေးချယ်စရာတစ်ခု ပေးမယ်... ဆက်နေပြီး ကျွန်တော့်အစီအစဉ်ကို နာခံမလား... ဒါမှမဟုတ် ကိုယ့်ဘာသာ ထွက်သွားကြမလား... ကျွန်တော်အတင်းအကြပ်မလုပ်ဘူး... ခင်ဗျားတို့ကို လွတ်လပ်ခွင့် ပေးတယ်"
ကောင်းချန်လင်းတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့ ယွင်ချွမ်ဘုရားကျောင်းတွင် နေထိုင်လာခဲ့သည်မှာ ကြာပြီဖြစ်ရာ သူတို့ကို ထွက်သွားခိုင်းပါက သူတို့ ဘယ်သွားရမည်နည်း။
လင်းယွမ်၏ နောက်ကွယ်ရှိ ကင်းလှည့်အဖွဲ့ကို ကြောက်ရွံ့သူအချို့က ကျဲ့ဆစ် စာသင်ကျောင်းသို့ သွားရန် ပထမဆုံး စဉ်းစားမိကြသည်။
ထိုအချိန်တွင် လူအချို့က တိတ်တဆိတ် အိမ်ပြန်ကာ ပစ္စည်းများ သိမ်းဆည်းနေကြပြီဖြစ်သည်။
သို့သော် ကောင်းချန်လင်းကမူ လင်းယွမ်သည် ကျဲ့ဆစ် စာသင်ကျောင်းသို့ သွားဖူးကြောင်း စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း သိနေသည်။ ထိုနေရာက သေးငယ်လှရာ လူမည်မျှ ဆံ့မည်ကိုပင် မပြောနှင့်ဦး။
အကယ်၍ ဆံ့ခဲ့လျှင်တောင် ဘာဖြစ်မည်နည်း။
လင်းယွမ်တို့လို ထိပ်တန်းပညာရှင် အများအပြား မိန်တောင်သို့ ဝင်ရောက်လာပြီး ယွင်ချွမ်ဘုရားကျောင်းကို သိမ်းပိုက်လိုက်သည်ဆိုတော့ နောက်ပိုင်း မိန်တောင်က လင်းယွမ်တို့ ပြောသမျှ ဖြစ်လာမည်မှာ သေချာသည်။
ယွင်ချွမ်ဘုရားကျောင်းတွင် လင်းယွမ်၏ ညွှန်ကြားမှုကို ခံရမည်ဆိုသော်လည်း လင်းယွမ်တို့အဖွဲ့၏ အကာအကွယ်ကိုလည်း ရရှိနိုင်မည်ဖြစ်သည်။
သူက အသက်ကြီးပြီး အတွေ့အကြုံများသူဖြစ်ရာ ဤလောကတွင် အခမဲ့ နေ့လယ်စာဆိုတာ မရှိကြောင်း အလွန်ရှင်းလင်းစွာ သိထားသည်။
အစွမ်းထက်သူ၏ နောက်သို့ လိုက်ချင်သော်လည်း ပေးဆပ်မှု မလုပ်ချင်ဘူးဆိုလျှင် ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း။
လီရှန်ယန်နောက်ကို လိုက်မည်လား၊ လင်းယွမ်နောက်ကို လိုက်မည်လားဆိုသည်ကို မည်သို့ရွေးချယ်ရမည်ကို သူ သဘာဝကျကျပင် နားလည်ထားသည်။
ချက်ချင်းပင် အလျင်စလို ပြောလိုက်သည်။ "ဆရာလင်းယွမ်... ကျုပ်အဘိုးကြီးက ယွင်ချွမ်ဘုရားကျောင်းမှာ နေသားကျနေပြီ... ယွင်ချွမ်ဘုရားကျောင်းမှာပဲ ဆက်နေချင်တယ်... ကျုပက ဆရာ့ရဲ့ အမိန့်ကိုပဲ နာခံပါ့မယ်"
လင်းယွမ်က ကောင်းချန်လင်းကို တစ်ချက်ကြည့်ကာ ချက်ချင်းပြုံးလိုက်ပြီး ပြောလိုက်သည်။ "ကောင်းပြီ... ဒါဆို ခင်ဗျားရဲ့ ရွာသားတွေကို သွားမေးကြည့်လိုက်... ဆက်နေမယ့်သူ ရှိမရှိ... သွားမယ့်သူတွေကတော့ အခုပဲ ပစ္စည်းတွေ သိမ်းကြတော့"
"ယွင်ချွမ်ဘုရားကျောင်းကို ကျွန်တော် အသစ်ပြန်လည် စီစဉ်ဖို့ လိုတယ်... ဒီလို ဟိုရောက်ဒီရောက် ဖြစ်နေတဲ့ တဲတွေကို ခဏနေရင် အကုန်ဖျက်ပစ်ရမယ်... ဒီဘက်က ကွင်းပြင်ကို အခြားအသုံးပြုစရာ ရှိလို့ ချန်ထားရမယ်"
ကောင်းချန်လင်းက ကြားသည်နှင့် အလျင်စလို ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ဟုတ်ကဲ့... ဟုတ်ကဲ့... ကျွန်တော် အခုပဲ သွားမေးလိုက်ပါ့မယ်"
သူ အမြန်ထွက်သွားသည်။
ရန်ကျဲနှင့် ရန်ဟိုင်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး လင်းယွမ်ကို ကြည့်ကာ ပြောလိုက်သည်။ "ဆရာလင်းယွမ်... ကျွန်တော်တို့က ကျဲ့ဆစ် စာသင်ကျောင်းကပါ... ပြန်သွားလို့ ရမလား"
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ "ပြန်သွားကြတော့... လီရှန်ယန်ကို တွေ့ရင် သူ့ကို ငါ့ဆီလာခဲ့လို့ ပြောလိုက်... ငါ သူနဲ့ ကိစ္စလေးရှိလို့ "
"ဟုတ်ကဲ့ပါ ဆရာလင်းယွမ်... "
ထိုသူနှစ်ယောက်က အလျင်စလို ခေါင်းညိတ်လိုက်ပြီး လင်းယွမ်၏ နောက်ကွယ်ရှိ ကျား၊ ဝံပုလွေများကဲ့သို့ ရက်စက်ကြမ်းကြုတ်သော တပ်ဖွဲ့ကြီးကို ကြောက်ရွံ့စွာ ကြည့်ကာ ကျဲ့ဆစ် စာသင်ကျောင်းသို့ အမြန်ပြန်သွားကြသည်။
ထို့နောက် လင်းယွမ်က လူများကို ခေါ်ဆောင်ကာ ယွင်ချွမ်ဘုရားကျောင်းကို စတင်တိုင်းတာ စီမံတော့သည်။
ကျောက်ခိုင်က ပြောလိုက်သည်။ "တပ်စခန်းအဖြစ် လုပ်မယ်ဆိုရင် ကင်းလှည့်အဖွဲ့ဝင်တွေရဲ့ စားဝတ်နေရေး အားလုံး ဒီမှာပဲ လုပ်ရမှာဆိုတော့ တစ်ကိုယ်ရေ အချက်အလက်တွေ ပြည့်စုံနေဖို့လိုတယ်"
"မီးဖိုချောင်၊ အိပ်ဆောင်၊ အဝတ်လျှော်ခန်း အဲဒါတွေ အကုန်ရှိရမယ်"
"ပြီးတော့ အပြင်ဘက်က ကွင်းပြင်ကြီးမှာ... နေရောင်ခြည်ရတဲ့ နေရာတစ်ခု ဖန်တီးလို့ရမယ် ထင်တယ်... နောက်ပိုင်းကျရင် ထိုက်ယန်တောင်ဘက်က နေကြာပန်းတချို့ကို ဒီဘက် ပြောင်းစိုက်ဖို့ လိုရင်လိုလိမ့်မယ်"
"ဒီမှာ လျှပ်စစ်မီးမရှိတော့ နေကြာပန်းက အရမ်းအရေးကြီးတယ်... အပူနဲ့ အလင်းရောင် ပေးနိုင်တဲ့အပြင် အဝတ်အစားတွေပါ လှန်းလို့ရတယ်"
ကျောက်ခိုင်က ချက်ချင်းပင် တာဝန်ကို ယူလိုက်သည်။ သူ့ကို မိန်တောင်ဘက်အား စီမံအုပ်ချုပ်ခိုင်းထားသည်ဖြစ်ရာ ယခု သူ အရင်းအမြစ်များကို စတင်တောင်းဆိုရတော့မည်ဖြစ်သည်။
သန္ဓေပြောင်း နေကြာပန်းက အလွန်အရေးကြီးသော အရင်းအမြစ်တစ်ခုဟု ဆိုနိုင်သည်။ ဤသို့ မိုးအဆက်မပြတ် ရွာသွန်းနေသော ရာသီဥတုမျိုးတွင် နေရောင်ခြည်ရှိခြင်းက လုံးဝကို အလွန်အရေးကြီးလှသည်။
သန္ဓေပြောင်း နေကြာပန်းကို ယခု ထိုက်ယန်တောင်ရှိ လူများက ချစ်စနိုးဖြင့် နေကြာပန်းဟု ခေါ်ဝေါ်နေကြပြီဖြစ်သည်။
ကျောက်ခိုင်က သဘာဝကျကျပင် နေကြာပန်း လိုအပ်ကြောင်းကို စဉ်းစားမိသွားသည်။
ဤနေရာက ထိုက်ယန်တောင် မဟုတ်ပေ။ လျှပ်စစ်မီး ထောက်ပံ့မှုမရှိသလို ဈေးဝယ်စင်တာလည်း မရှိသည့်အတွက် ထမင်းဟင်းချက်ပြုတ်ခြင်းနှင့် အလင်းရောင်ရရှိရေးတို့က ကြီးမားသော ပြဿနာများဖြစ်သည်။
သို့သော် နေကြာပန်းရှိပါက ပြဿနာများစွာကို လျှော့ချပေးနိုင်မည်ဖြစ်သည်။
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး ချက်ချင်းပြောလိုက်သည်။ "နေရောင်ခြည်ရတဲ့နေရာကို သေချာပေါက် တည်ဆောက်ရမှာပဲ... နေကြာပန်း ရင့်မှည့်သွားတာနဲ့ ဒီဘက်ကို ပထမဆုံး လာစိုက်ပြီး နေရောင်ခြည်ရတဲ့ နေရာကို တိုးချဲ့ရမယ်"
"ဒါပေမယ့် လျှပ်စစ်မီး ပြဿနာကလည်း အဓိကပဲ... ဒါကိုတော့ ငါနည်းလမ်းရှာကြည့်မယ်"
မိန်တောင်ကို ရိက္ခာအရင်းအမြစ်အဖြစ် သတ်မှတ်ထားသည်ဖြစ်ရာ နောက်ပိုင်းတွင် စားနပ်ရိက္ခာ ထုတ်လုပ်သည့် စက်ရုံအလုပ်ရုံ အားလုံးကို ဤဘက်တွင် ထားရှိရမည်ဖြစ်သဖြင့် လျှပ်စစ်ပစ္စည်းများကို မဖြစ်မနေ အသုံးပြုရမည်ဖြစ်သည်။
လင်းယွမ်က စဉ်းစားနေမိသည်။ မီးစက်တစ်လုံးကို ကြီးမားသော ရင်းနှီးမြှုပ်နှံမှုဖြင့် လဲလှယ်ရပေတော့မည်။
ထို့အပြင် တောင်နှစ်လုံးကြား ဆက်သွယ်မှု ပိုမိုအားကောင်းစေရန် နောက်ပိုင်းတွင် ကြိုးဖုန်းတပ်ဆင်၍ ရနိုင်မလား ဆိုသည်ကို ကြည့်ရဦးမည်။
အရေအတွက် အများကြီး မလိုဘဲ အချိန်မီ ဆက်သွယ်နိုင်လျှင် ရပြီဖြစ်သည်။
သို့သော် လောလောဆယ်တွင် ရှေးဟောင်း ဖုန်းစက်များကို ရှာရန် မလွယ်ကူပေ။ ကံစမ်းမဲနှိုက်၍ ပေါက်လာလျှင်တော့ တစ်မျိုးပေါ့။
ကြိုးမဲ့ ဆက်သွယ်ရေး ကိရိယာများနှင့် ပတ်သက်၍မူ လင်းယွမ် စဉ်းစားမနေတော့ပေ။ ထိုအရာများက ပြင်ပအနှောင့်အယှက် ခံရမှု ပိုများသည်။
ယခုက ရေလွှမ်းမိုးသည့် ကမ္ဘာပျက်ကပ် မတိုင်မီက မဟုတ်တော့ပေ။ ယခု ကမ္ဘာကြီးက သိသိသာသာ ပြောင်းလဲသွားပြီး သံလိုက်စက်ကွင်းများကို နေရာတိုင်းတွင် မြင်တွေ့နိုင်ကြောင်း လင်းယွမ် ခံစားမိသည်။
စိတ်စွမ်းအင် အရည်အသွေးရှိသော စွမ်းအင်ကျောက်တုံးပင်လျှင် ပြင်းထန်သော စိတ်စွမ်းအင်နယ်ပယ်ကို ဖန်တီးနိုင်ပြီး စိတ်ကူးယဉ်ကမ္ဘာကို ဖြစ်ပေါ်စေနိုင်သည်။
ကြိုးမဲ့ ဆက်သွယ်ရေးက ဘယ်လောက် ယုံကြည်ရမှာလဲ။
ထို့ကြောင့် လင်းယွမ်၏ အမြင်တွင် ယခု ကြိုးဖုန်းဆက်သွယ်ရေးက ပို၍ ယုံကြည်စိတ်ချရမည်ဖြစ်သည်။
သေချာသည်ကတော့ ၎င်းမှာ နောက်ပိုင်းကိစ္စဖြစ်သည်။ လောလောဆယ် အရေးကြီးဆုံးမှာ မိန်တောင် ယွင်ချွမ်ဘုရားကျောင်း ခိုလှုံရေးစခန်းကို အရင်ဆုံး ပြည့်စုံအောင် လုပ်ရမည်ဖြစ်သည်။
ပတ်ဝန်းကျင် မြေမျက်နှာသွင်ပြင်နှင့် ယွင်ချွမ်ဘုရားကျောင်း၏ အနေအထားကို နားလည်သွားပြီးနောက် မကြာမီ လူအားလုံး အစည်းအဝေးတစ်ခု လုပ်လိုက်ကြပြီး အကြံဉာဏ်များ စုစည်းကာ အကြမ်းဖျင်း အစီအစဉ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
ကွင်းပြင်ကို နေရောင်ခြည်ရသော နေရာအဖြစ် ယာယီ ချန်ထားရန် လိုအပ်သည်။
အခြား ဘုရားကျောင်းအတွင်းရှိ အဆောက်အအုံများကို အခြေခံကာ ထမင်းစားခန်း၊ အိပ်ဆောင်၊ အစည်းအဝေးခန်း၊ အနားယူခန်း၊ ရုံးခန်း စသည့် ဧရိယာအချို့ ခွဲခြားထားသည်။
ထို့နောက် ယွင်ချွမ်ဘုရားကျောင်း၏ ခြံစည်းရိုးကို အခြေခံ၍ အပြင်ဘက်သို့ အိမ်များ ဆက်လက်တည်ဆောက်ကာ ခိုလှုံရေးစခန်းရှိ နေထိုင်သူများ နေထိုင်ရန် ပြုလုပ်ပေးမည်ဖြစ်သည်။
အစီအစဉ်ရေးဆွဲပြီးသည်နှင့် နောက်တစ်ဆင့်အနေဖြင့် စတင်လုပ်ဆောင်တော့သည်။ အစွမ်းပိုင်ရှင် ဒါဇင်ပေါင်းများစွာ၏ ညွှန်ကြားမှုအောက်တွင် ကောင်းချန်လင်းနှင့် ကျန်ရစ်ရန် ဆုံးဖြတ်ထားသူများက ခေါင်းဆောင်ပိုင်း၏ အစီအစဉ်များကို စတင်လက်ခံကြသည်။
ကောင်းချန်လင်း နေရစ်ခဲ့သည့်အတွက် မူလက ထွက်သွားရန် ရည်ရွယ်ထားသူများထဲမှ လူအတော်များများက သူ့နောက်သို့ လိုက်ကာ ကျန်ရစ်ခဲ့ကြသည်။
ဤလူအုပ်စုထဲတွင် ကောင်းချန်လင်း၏ အဆင့်အတန်းက မနိမ့်ကျဘဲ သြဇာညောင်းမှု အတိုင်းအတာတစ်ခုအထိ ရှိနေသည်မှာ သိသာလှသည်။
ထိုအခြေအနေကို မြင်သောအခါ ကျောက်ခိုင်က သူ့ကို လူကြီးကြပ်ရသည့် အလုပ်တစ်ခု စီစဉ်ပေးလိုက်ရာ ကောင်းချန်လင်းမှာ အလွန်ကျေးဇူးတင်သွားတော့သည်။
သူတို့လို သာမန်လူများက ယခင် လီခွေရုံ ရှေ့တွင် ဝက်၊ ခွေးများနှင့် မခြား သဘောထားခံခဲ့ရသည်။
သို့သော် လင်းယွမ်တို့ ရှေ့တွင်တော့ လေးစားမှု ခံရသည်။
ထိုလေးစားမှု အနည်းငယ်ကပင် သူတို့ အိပ်မက်မက်ခဲ့သည့် အရာဖြစ်သည်။
ရန်ကျဲ၊ ရန်ဟိုင် စသည့် အစွမ်းပိုင်ရှင်များနှင့်အတူ ထွက်ခွာသွားသူများကတော့ စိုးရိမ်လာကြသည်။
လမ်းတွင် လူအချို့က ရန်ကျဲနှင့် ရန်ဟိုင်ကို မေးလိုက်ကြသည်။
"ရှောင်ကျဲ... တာ့ဟိုင်... ငါတို့ ဒီလို ထွက်လာတာ သိပ်မကောင်းဘူး မဟုတ်လား"
"ရှောင်ကျဲ... ဆရာလင်းယွမ်က ငါတို့ကို ကလဲ့စားမချေဘူးမလား"
"တာ့ဟိုင်... ရှန်ယန် ဘယ်သွားလဲ"
...
ရန်ကျဲက အသံနက်ကြီးဖြင့် ပြောလိုက်သည်။ "လျှောက်မပြောကြနဲ့... ဆရာလင်းယွမ်က ဘယ်လိုအဆင့်အတန်းမျိုးလဲ... မင်းတို့ကို ကလဲ့စားချေစရာ လိုသေးလို့လား"
"သူသာ တကယ် မကောင်းတဲ့စိတ် ရှိမယ်ဆိုရင် ငါတို့လူတွေ အကုန်ပေါင်းရင်တောင် သူ့အသတ်ခံရဖို့ မလောက်ဘူး"
သူ၏ စကားက နားထောင်လို့ မကောင်းသော်လည်း အံ့သြစရာကောင်းလောက်အောင် ထိရောက်မှု ရှိလှသည်။
အခင်းဖြစ်ပွားရာ နေရာရှိ လူတိုင်းကို သက်ပြင်းချသွားစေသည်။
မည်သို့ပင်ဆိုစေ သူတို့အမြင်တွင် ဆရာလင်းယွမ်က ဤမျှ အစွမ်းထက်လှရာ သူတို့ကို အထူးတလည် ရင်ဆိုင်ရန် ဤမျှ ကွေ့ဝိုက်နေလိမ့်မည်မဟုတ်ပေ။
မကြာမီ လူတစ်စု ကျဲ့ဆစ် စာသင်ကျောင်းသို့ ပြန်ပြေးလာကြသည်။
ပြန်ရောက်သည်နှင့် ကျဲ့ဆစ် စာသင်ကျောင်း တစ်ခုလုံးတွင် အစွမ်းပိုင်ရှင် အများစု မရှိတော့ဘဲ လီမင်လျန် ဟုခေါ်သော အစွမ်းပိုင်ရှင် တစ်ယောက်နှင့် သူ၏ ဇနီး ရန်မိုင်လင်း တို့ လင်မယား နှစ်ယောက်သာ တံခါးစောင့်အဖြစ် ကျန်ရစ်နေသည်ကို အံ့သြစွာ တွေ့လိုက်ရသည်။
ကျန်နေသူများမှာ ကျန်းမာရေး သိပ်မကောင်းသော သာမန်လူအချို့သာ ဖြစ်သည်။
ရန်ကျဲက ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် အလျင်စလို မေးလိုက်သည်။ "လီမင်လျန်... လူတွေအကုန်လုံး ဘယ်ရောက်သွားကြတာလဲ"
လီမင်လျန်က အလျင်စလို ပြောလိုက်သည်။ "ဒီနေ့မနက် အစောကြီး အစ်ကိုရှန်ယန် ပြန်ရောက်လာတယ်... ဆရာလင်းယွမ်က လူတွေခေါ်ပြီး ထိုက်ယန်တောင်ဘက်မှာ ရေပေါ်တံတားတစ်စင်း ဆောက်ထားတယ်တဲ့... ငါတို့ မိန်တောင်ကို တိုက်ရိုက်လာလို့ ရနေပြီတဲ့"
"ဆရာလင်းယွမ်က ထိုက်ယန်တောင်မှာ ခိုလှုံရေးစခန်း တည်ဆောက်ထားတယ်... ငါတို့ မိန်တောင်က သားကောင်တွေ၊ သန္ဓေပြောင်း ဟင်းသီးဟင်းရွက်တွေက အရေးကြီးတဲ့ အရင်းအမြစ်တွေဖြစ်လို့ ထိုက်ယန်တောင် ခိုလှုံရေးစခန်းမှာ အမှတ်တွေ အများကြီး သွားလဲလို့ရတယ်လို့လည်း သူက ပြောတယ်"
"ရေပေါ်တံတား မပွင့်ခင် အချိန်မီ ပစ္စည်းတွေ အမြန်စုဆောင်းဖို့ အားလုံးကို သူ့နောက်ကနေ သားကောင်တွေ ဖမ်းဖို့နဲ့ သန္ဓေပြောင်း ဟင်းသီးဟင်းရွက်တွေ တူးဖို့ ခေါ်သွားတယ်"
"ရေပေါ်တံတား ပွင့်တာနဲ့ ငါတို့ ထိုက်ယန်တောင်ကို ချက်ချင်း ပြန်ပြေးပြီး ရှာတွေ့ထားတဲ့ သန္ဓေပြောင်း ဟင်းသီးဟင်းရွက် မျိုးစိတ်တွေကို ထိုက်ယန်တောင်ဆီ ပို့ပြီး အမှတ်တွေနဲ့ လဲလှယ်ကြမယ်တဲ့"
လီမင်လျန်၏ စကားကြောင့် ရန်ကျဲမှာ ကြက်သေသေသွားတော့သည်။ ဘာအမှတ်တွေလဲ၊ ဘာရေပေါ်တံတားလဲ။ ဒါ ဘာဖြစ်တာလဲ။
ရန်ဟိုင်ကတော့ ချက်ချင်း အဓိကပြဿနာကို မေးလိုက်ပြီး မနေနိုင်ဘဲ ပြောလိုက်သည်။ "မင်းအဓိပ္ပာယ်က အစ်ကိုရှန်ယန်က ထိုက်ယန်တောင် ခိုလှုံရေးစခန်းမှာ ခိုလှုံဖို့ ရည်ရွယ်ထားတာလား"
ခုနက ပြောပြချက်အရ ကြည့်လျှင် အစ်ကိုရှန်ယန်က ထိုက်ယန်တောင် ခိုလှုံရေးစခန်းအတွက် သန္ဓေပြောင်း ဟင်းသီးဟင်းရွက်များကို ရှာဖွေပေးပြီး သူတို့ဘက်တွင် အမှတ်တစ်စုံတစ်ရာဖြင့် လဲလှယ်ရန် သေချာနေသည်။
အဲဒါက ထိုက်ယန်တောင် ခိုလှုံရေးစခန်းအတွက် အလုပ်လုပ်ပေးနေတာ မဟုတ်ဘူးလား။
လီမင်လျန်က ပြောလိုက်သည်။ "ငါလည်း မသိဘူးလေ... ငါနဲ့ ငါ့မိန်းမ အခုလေးတင် ရန်ဖြစ်ထားတာ... အစ်ကိုရှန်ယန်က ငါတို့ကို ဒီမှာ တံခါးစောင့်ခိုင်းထားပြီး သူ့နောက် မလိုက်ခိုင်းဘူး"
ရန်ဟိုင်က စကားပြောစရာမဲ့သွားသည်။ "မင်းတို့နှစ်ယောက်က ဘာတွေ ထပ်ရန်ဖြစ်နေကြတာလဲ... နေ့တိုင်း ရန်ဖြစ်နေတာပဲ... ပြီးကို မပြီးတော့ဘူး"
ရန်မိုင်လင်းက ကြားသည်နှင့် မျက်လုံးများ ချက်ချင်းနီရဲလာကာ ငိုချလိုက်တော့သည်။ "နင်တို့ ရောက်လာတာ အတော်ပဲ... နင်တို့ပဲ ဆုံးဖြတ်ပေးကြပါဦး... မနေ့က ငါတို့ ရန်မေ ကံကောင်းလို့ ဆရာလင်းယွမ်နဲ့ တွေ့သွားတဲ့အကြောင်း ပြောနေကြတာ"
"ရန်မေက ခန္ဓာကိုယ် အချိုးအစားလှလို့၊ ရုပ်ရည်လှလို့ ဆရာလင်းယွမ် မျက်စိကျတာလို့ လူတိုင်းက ပြောကြတယ်"
"သူက ဘေးကနေ နားထောင်နေပြီး ခေါင်းညိတ်ပြသေးတယ်... သူက ဘာသဘောလဲ... ရန်မေက ငါ့ထက် ပိုလှပြီး ငါ့ထက် ကိုယ်လုံးကိုယ်ပေါက် ပိုသာတယ်လို့ ထင်နေတာလား"
ရန်ကျဲက မနေနိုင်ဘဲ ပြောလိုက်သည်။ "မဟုတ်ဘူးလေ ရန်မိုင်လင်းရဲ့... အမမေက မူလကတည်းက နင့်ထက် ပိုလှတာပဲလေ... ဒါကို ဘာဆွေးနွေးစရာ ရှိလို့လဲ"
ရန်မိုင်လင်းက အလျင်စလို ပြောလိုက်သည်။ "ရန်မေက ငါ့လောက် မလှဘူးလို့ ပြောနေတာ မဟုတ်ပါဘူး... ဒါပေမယ့် လီမင်လျန်က ငါ့ယောက်ျားလေ... သူ့မျက်လုံးထဲမှာ ငါက အလှဆုံး ဖြစ်နေရမှာ မဟုတ်ဘူးလား... သူက ဘယ်လိုလုပ် တခြားမိန်းမကို လှတယ်လို့ ထင်နိုင်ရတာလဲ"
ရန်ကျဲ စကားပြောစရာမဲ့သွားပြီး ရန်ဟိုင်ကတော့ သူမကို ပို၍ပင် ဂရုမစိုက်ချင်တော့ပေ။
ထို့ကြောင့် သူတို့နှစ်ယောက်လုံး သူမနှင့် အပိုစကားများ မပြောတော့ဘဲ လီမင်လျန်ကို တိုက်ရိုက်မေးလိုက်သည်။ "အစ်ကိုရှန်ယန်တို့ အခု ဘယ်သွားကြတာလဲ"
"လယ်ကွင်းထဲမှာ ဟင်းသီးဟင်းရွက်တွေ၊ ကန်စွန်းဥတွေ ရိတ်သိမ်းနေကြတယ်" လီမင်လျန်က အလျင်စလို ပြောလိုက်သည်။
"သွားမယ်... လယ်ကွင်းထဲ သွားကြမယ်"
ရန်ကျဲနှင့် ရန်ဟိုင်တို့ ဘာမှထပ်မပြောတော့ဘဲ လှည့်ထွက်သွားကြသည်။
လီမင်လျန် သွားချင်သော်လည်း ဇနီးဖြစ်သူ ရန်မိုင်လင်းကို တစ်ချက်ကြည့်ကာ တွန့်ဆုတ်သွားပြီး ဆက်နေရန် ဆုံးဖြတ်လိုက်သည်။
ရန်ကျဲနှင့် ရန်ဟိုင်တို့ နှစ်ယောက် တစ်လျှောက်လုံး ပြေးလာခဲ့ကြပြီး နောက်ဆုံးတွင် လယ်ကွင်းထိပ်၌ လီရှန်ယန်တို့ လူအုပ်ကို ရှာတွေ့သွားကြသည်။
သို့သော် လီရှန်ယန်က လူဒါဇင်ပေါင်းများစွာကို ဦးဆောင်ကာ စိုက်ပျိုးသီးနှံများကို အသေအလဲ ရိတ်သိမ်းနေသည်ကို တွေ့လိုက်ရသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် ရန်ကျဲ အမြန်ပြေးသွားကာ အော်ပြောလိုက်သည်။ "အစ်ကိုရှန်ယန်... အစ်ကိုတို့ ဒါ ဘာလုပ်နေကြတာလဲ"
လီရှန်ယန်က ခေါင်းပင်မမော့ဘဲ ပြောလိုက်သည်။ "မင်းတို့ ရောက်လာတာ အတော်ပဲ... မြန်မြန် လာကူကြ... ထိုက်ယန်တောင်က လူတွေ မလာခင် တူးလို့ရတာတွေ အရင် မြန်မြန်တူးရမယ်"
ရန်ကျဲက ထူးဆန်းစွာ မေးလိုက်သည်။ "အစ်ကိုရှန်ယန်... သူတို့ လာရင် ငါတို့ စိုက်ထားတဲ့ အရာတွေကို လုယူဦးမှာမို့လို့လား"
လီရှန်ယန်က ခေါင်းပေါ်မှ မိုးရေများကို သုတ်လိုက်ပြီး ပြောလိုက်သည်။ "လုယူမှာ မဟုတ်ဘူး... ငါတို့က ဒါတွေကို ယူပြီး ထိုက်ယန်တောင်မှာ အမှတ်တွေနဲ့ ချက်ချင်း သွားလဲရမှာ"
"စိုက်ခင်းဘက်မှာ ငါ စုံစမ်းပြီးသွားပြီ... မျိုးစိတ်သစ် သန္ဓေပြောင်း ဟင်းသီးဟင်းရွက်တွေဆိုရင် ဘယ်မျိုးစိတ်ဖြစ်ဖြစ် ထည့်ဝင်မှု ဆုကြေး အမှတ် ၅၀၀ အထက် ရတယ်"
"နောက်ပြီး စားလို့ရတဲ့ သန္ဓေပြောင်း သတ္တဝါတွေကို အရှင်ဖမ်းနိုင်ပြီး မွေးမြူရေးခြံကို ပေးနိုင်ရင်လည်း အလားတူပဲ တော်တော်များတဲ့ အမှတ်ဆုကြေးတွေ ရတယ်"
"ငါတို့ ဒါတွေကို ထိုက်ယန်တောင်ဆီ အမြန်ဆုံး ပို့ရမယ်... မဟုတ်ရင် တခြားသူတွေ အရင်ဦးသွားရင် အသစ်ရှာတွေ့တာလို့ မသတ်မှတ်တော့ဘူး"
ရန်ဟိုင်က မနေနိုင်ဘဲ အော်မေးလိုက်သည်။ "အစ်ကိုရှန်ယန်... အမှတ်ဆိုတာ ဘာလဲ... ပြီးတော့ ငါတို့က ထိုက်ယန်တောင် ခိုလှုံရေးစခန်းမှာ ခိုလှုံလိုက်ပြီလား"
လီရှန်ယန်က မတတ်သာစွာဖြင့် ပြောလိုက်သည်။ "အမှတ်ဆိုတာက ထိုက်ယန်တောင် ခိုလှုံရေးစခန်းရဲ့ ငွေကြေးလိုပဲ... ခိုလှုံတာနဲ့ ပတ်သက်လို့ကတော့ ထိုက်ယန်တောင် ခိုလှုံရေးစခန်းက ငါတို့ကို လက်ခံမခံ မသိရသေးဘူး"
"လောလောဆယ် အချိန်ကို အမိအရဖမ်းပြီး ဒီပစ္စည်းတွေကို ရိတ်သိမ်းရမယ်... ငါတို့ရဲ့ အခွင့်အရေးက ဒီတစ်ကြိမ်ပဲ ရှိတယ်... ဒီရွာကို လွန်သွားရင် ဒီဆိုင် မရှိတော့ဘူး"
ရန်ဟိုင်နှင့် ရန်ကျဲတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ဒီထိုက်ယန်တောင် ခိုလှုံရေးစခန်းက အဲဒီလောက်တောင် ကောင်းလို့လား။
သူတို့မှာ လူအဲဒီလောက် များတာတောင် တစ်ဖက်က သူတို့ဝင်လာမှာကို ဂရုမစိုက်ဘူးပေါ့။
သို့သော် လီရှန်ယန်၏ ဤမျှ စိုးရိမ်တကြီး ဖြစ်နေပုံကို ကြည့်ရသည်မှာ ဤသည်က နောက်ပြောင်နေခြင်း မဟုတ်ကြောင်း သူတို့နှစ်ယောက်လုံး သိကြသည်။
ထို့ကြောင့် လက်တွေ့မဆန်သော အတွေးအချို့ကို ဖိနှိပ်ကာ ချက်ချင်း ဝင်ရောက်ကူညီကြတော့သည်။
မကြာမီ လူတစ်ယောက် လယ်ကွင်းထိပ်သို့ ပြေးလာသည်ကို တွေ့လိုက်ရသည်။
လူငယ်တစ်ယောက်ဖြစ်ပြီး အသံကျယ်ကျယ်ဖြင့် အော်ခေါ်လိုက်သည်။ "အစ်ကိုရှန်ယန်... အစ်ကိုရှန်ယန်... ဦးလေးချန်လင်းက စကားပါးလိုက်တယ်... ဆရာလင်းယွမ်က အစ်ကို့ကို တွေ့ချင်တယ်တဲ့"
အလုပ်များနေသော လီရှန်ယန်က ထိုစကားကို ကြားသည်နှင့် ချက်ချင်း တုန်လှုပ်သွားကာ မတ်တပ်ရပ်လိုက်သည်။
ဘေးရှိ ကျန်းရုံရုံ ကလည်း အမြန်မတ်တပ်ရပ်ကာ ပြောလိုက်သည်။ "အစ်ကိုရှန်ယန်... ဆရာလင်းယွမ်က အစ်ကို့ကို ဘာလုပ်ဖို့ ရှာတာလဲ"
လီရှန်ယန်က သက်ပြင်းချကာ ပြောလိုက်သည်။ "ငါတို့ လူစုကို ဘယ်လို စီစဉ်ရမလဲဆိုတဲ့ ကိစ္စ ဆွေးနွေးဖို့ ထင်တယ်"
ကျန်းရုံရုံက အလျင်စလို ပြောလိုက်သည်။ "ဒါဆို ကျွန်မလည်း အစ်ကိုနဲ့ လိုက်ခဲ့မယ်"
လီရှန်ယန်က ခေါင်းယမ်းလိုက်သည်။ "မလိုက်နဲ့... နင်တို့ လိုက်စရာ မလိုဘူး... နင် အခုချက်ချင်း ရန်ဝေကို သွားအကြောင်းကြားပြီး လူတွေခေါ်ပြီး တူးထားတဲ့ သန္ဓေပြောင်း ဟင်းသီးဟင်းရွက်တွေ၊ ငါတို့ ဖမ်းထားတဲ့ သန္ဓေပြောင်း ဆိတ်တွေ၊ သန္ဓေပြောင်း ကျွဲတွေကို ယူပြီး ထိုက်ယန်တောင် ခိုလှုံရေးစခန်းမှာ သွားရောင်းခိုင်းလိုက်... အားလုံးကို အမှတ်တွေနဲ့ သွားလဲကြ"
ကျန်းရုံရုံ မှင်တက်သွားသည်။ "ဆက်မတူးတော့ဘူးလား"
လီရှန်ယန်က ခေါင်းယမ်းလိုက်သည်။ "တခြားသူတွေ ဆက်တူးကြ... နင်တို့က နမူနာတချို့ ယူပြီး အမြန်သွားကြ... ဆရာလင်းယွမ် လာပြီဆိုတော့ ရေပေါ်တံတား ပွင့်သွားပြီဆိုတာ သေချာတယ်"
"နောက်ကျရင် ထိုက်ယန်တောင်က လူတွေက ငါတို့ထက် တစ်လှမ်းစောသွားမှာကို ငါစိုးရိမ်တယ်"
"စိုက်ခင်းနဲ့ မွေးမြူရေးခြံဘက်မှာ ပြောထားပြီးပြီ... မျိုးစိတ်သစ် သန္ဓေပြောင်း ဟင်းသီးဟင်းရွက်တွေ၊ မျိုးစိတ်သစ် သန္ဓေပြောင်း သားရဲတွေက ပထမဆုံး ထည့်ဝင်တဲ့သူကိုပဲ ဆုကြေးပေးမှာ... နောက်ကျလေလေ အမှတ်တန်ဖိုး နည်းလေလေပဲ"
ကျန်းရုံရုံက ကြားသည်နှင့် အလျင်စလို ပြောလိုက်သည်။ "သိပြီ... ဒါဆို ကျွန်မ ရန်ဝေနဲ့ အမြန်သွားလိုက်မယ်"
လီရှန်ယန်က ရုတ်တရက် တစ်ခုခုကို သတိရသွားကာ သတိပေးလိုက်သည်။ "ဒါနဲ့... အလျင်အစွမ်းပိုင်ရှင် တချို့ကို ရှာသွားဦး... မြန်မြန်သွားနော်"
"အင်း... ကျွန်မ သိပါပြီ"
လီရှန်ယန်က အားလုံး စီစဉ်ပြီးမှ ကောင်းချန်လင်း လွှတ်လိုက်သော လူငယ်အနီးသို့ လျှောက်သွားလိုက်သည်။
သူ စကားစပြောသည်နှင့် တိုက်ရိုက်မေးလိုက်သည်။ "ရန်ယွမ်... ဆရာလင်းယွမ် ယွင်ချွမ်ဘုရားကျောင်းကို ရောက်နေပြီလား"
ဤလူငယ်က ရန်ယွမ် ဟုခေါ်ပြီး ကောင်းချန်လင်း၏ တူဖြစ်သည်။
ကောင်းချန်လင်းက အိမ်ပါသားမက်ဖြစ်ပြီး သားဖြစ်သူက မိန်းမ၏ မျိုးရိုး ရန် ကို ယူထားသဖြင့် မိန်းမဘက်မှ တူက သူ၏တူပင်ဖြစ်သည်။
ရန်ယွမ်က ကြားသည်နှင့် အနည်းငယ် စိတ်လှုပ်ရှား တက်ကြွစွာဖြင့် တိုးတိုးလေး ပြောလိုက်သည်။ "ဟုတ်တယ် အစ်ကိုရှန်ယန်... အစ်ကို မသိလို့ပါ... ဆရာလင်းယွမ်က လူတစ်စု ခေါ်လာတယ်... တစ်ယောက်ချင်းစီတိုင်းက အစွမ်းပိုင်ရှင်တွေချည်းပဲ... ကြည့်ရတာ အရမ်း အစွမ်းထက်မယ့်ပုံပဲ"
"လီခွေရုံတို့ အချိန်တုန်းကထက် ဆယ်ဆလောက် ပိုစွမ်းမယ် ထင်တယ်"
လီရှန်ယန်၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်။ သူ မသိဘဲ နေမည်လား။
သူကိုယ်တိုင် ထိုက်ယန်တောင်မှ ပြန်လာခါစဖြစ်ပြီး ရန်ယွမ် မြင်ခဲ့သည်ထက် ပို၍ တုန်လှုပ်ဖွယ်ကောင်းသော အရာများကို မြင်တွေ့ခဲ့ရပြီးဖြစ်သည်။
လီရှန်ယန်က မေးလိုက်သည်။ "ဆရာလင်းယွမ်က ဘာများ ပြောသေးလဲ"
ရန်ယွမ်က ပြောလိုက်သည်။ "ဆရာလင်းယွမ်က ရောက်ရောက်ချင်း ယွင်ချွမ်ဘုရားကျောင်းကို လွှဲပြောင်းယူမယ်လို့ တိုက်ရိုက်ပြောတယ်... နေချင်တဲ့သူတွေက သူ့လူတွေရဲ့ စီမံခန့်ခွဲမှုကို လက်ခံရမယ်... မနေချင်တဲ့သူတွေက အချိန်မရွေး ထွက်သွားလို့ရတယ်တဲ့"
"ဦးလေးချန်လင်းက ကျွန်တော်တို့ကို ခေါ်ပြီး နေခဲ့တယ်... လူတော်တော်များများက ဆရာလင်းယွမ်တို့ကို ကြောက်လို့ ပစ္စည်းတွေ သိမ်းပြီး ရန်ကျဲ၊ ရန်ဟိုင်တို့နဲ့အတူ အစ်ကိုတို့ရဲ့ ကျဲ့ဆစ် စာသင်ကျောင်းကို လိုက်သွားကြတယ်"
လီရှန်ယန်က ချက်ချင်းပင် စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး ထွက်သွားသူများအတွက် ငြိမ်သက်စွာ ဝမ်းနည်းပေးလိုက်သည်။
တစ်ချိန်တည်းမှာပင် ကောင်းချန်လင်းက တကယ်ကို မြေခွေးအိုကြီးဖြစ်ကြောင်း တွေးမိလိုက်သည်။ နေရစ်ခဲ့ခြင်းက အမှန်တကယ် ပညာအရှိဆုံး ရွေးချယ်မှုဖြစ်သည်။
ဆရာလင်းယွမ်က ယွင်ချွမ်ဘုရားကျောင်းကို သိမ်းပိုက်လိုက်ရာ လူအင်အား အလိုအပ်ဆုံးအချိန်ဖြစ်သည်။ ဤအချိန်တွင် ဆရာလင်းယွမ်တို့နှင့် ပူးပေါင်းခြင်းက ထိုက်ယန်တောင် ခိုလှုံရေးစခန်းမှ နေထိုင်သူများကဲ့သို့ မူလနေထိုင်သူများ ဖြစ်သွားမည်ဖြစ်သည်။
သို့သော်လည်း ကိစ္စမရှိပေ။ ဆရာလင်းယွမ် ယခု သူ့ကိုရှာခြင်းမှာ ရာခိုင်နှုန်းကိုးဆယ်လောက်က သူ့ကို ရွေးချယ်မှု လုပ်ခိုင်းရန်ဖြစ်သည်။
သူ စိတ်ထဲမှ တွေးရင်း ရန်ယွမ်နှင့်အတူ ယွင်ချွမ်ဘုရားကျောင်းသို့ အမြန်သွားလိုက်သည်။
ယွင်ချွမ်ဘုရားကျောင်းသို့ ရောက်သည်နှင့် လီရှန်ယန်က ကျောက်ခိုင်နှင့် ကင်းလှည့်အဖွဲ့ဝင်များက မိန်တောင်ရွာသားများကို ကွင်းပြင်ရှိ တဲအိမ်များအား ဖျက်သိမ်းရန် အသီးသီး စီစဉ်ညွှန်ကြားနေသည်ကို တွေ့လိုက်ရသည်။
အချို့ကမူ ကွင်းပြင်ပေါ်တွင် စင်များ စတင်ဆောက်လုပ်နေကြပြီး ကွင်းပြင်တစ်ခုလုံး ဖုံးလွှမ်းသွားမည့် တဲကြီးတစ်ခု ဆောက်လုပ်မည့်ပုံ ပေါ်နေသည်။
အချို့ကလည်း ယွင်ချွမ်ဘုရားကျောင်း ခြံစည်းရိုးအပြင်ဘက်တွင် ဝါးအိမ်များ စတင်ဆောက်လုပ်နေကြပြီဖြစ်သည်။
ယွင်ချွမ်ဘုရားကျောင်းအတွင်းတွင်လည်း အစီအစဉ်သစ်များ ရှိနေပုံရသည်။
တစ်ချိန်တည်းမှာပင် ယွင်ချွမ်ဘုရားကျောင်း တစ်ခုလုံး အကြီးအကျယ် ဆောက်လုပ်ရေး လုပ်ငန်းများ လုပ်ဆောင်နေကြသည်။
လီရှန်ယန်က ရန်ယွမ်နောက်သို့ လိုက်ကာ ယွင်ချွမ်ဘုရားကျောင်းထဲသို့ ဝင်သွားပြီး မကြာမီ ဘုရားကျောင်းအတွင်းရှိ ခန်းမကြီးဘက်တွင် လင်းယွမ်၊ ကျောက်ခိုင်နှင့် တင်းယန်တို့ စားပွဲတစ်လုံးရှေ့တွင် တစ်ခုခု ဆွဲနေကြသည်ကို မြင်လိုက်ရသည်။
စားပွဲပေါ်တွင် စက္ကူများစွာ ရှိနေပြီး မိန်တောင် ဧရိယာကို မည်သို့စီစဉ်ရမည်ကို ဆွေးနွေးနေပုံရသည်။
လီရှန်ယန် ဝင်လာသည်နှင့် တက်ကြွစွာ နှုတ်ဆက်လိုက်သည်။ "ဆရာလင်းယွမ်... မင်္ဂလာပါ"
လင်းယွမ် ခေါင်းမော့ကြည့်လိုက်ပြီး လီရှန်ယန်ကို မြင်သောအခါ ပြောလိုက်သည်။ "ရောက်လာပြီလား... လာခဲ့လေ... မင်းရောက်လာတာ အတော်ပဲ... ငါတို့ ခုနလေးတင် ဆွေးနွေးနေကြတာ... ကျဲ့ဆစ် စာသင်ကျောင်း နေရာက တော်တော်လေး ကောင်းတယ်... ခြေကုပ်စခန်းသစ်တစ်ခု လုပ်ဖို့ သင့်တော်တယ်"
လီရှန်ယန် ချက်ချင်း ရင်ခုန်သွားသော်လည်း မျက်နှာတွင်မူ ဘာမှမပြောင်းလဲဘဲ လျှောက်သွားလိုက်သည်။
စားပွဲပေါ်ရှိ ပုံဆွဲစာရွက်အမျိုးမျိုးကို ကပျာကယာ တစ်ချက်ကြည့်လိုက်ရာ အားလုံးမှာ အကြမ်းဆွဲထားသော ပုံများသာဖြစ်သည်။
သူ နားမလည်သော်လည်း ပြုံးကာ ပြောလိုက်သည်။ "ဆရာလင်းယွမ်... ခင်ဗျား စကားတစ်ခွန်းသာ ပြောလိုက်ပါ... ကျဲ့ဆစ် စာသင်ကျောင်းကို ကျွန်တော်တို့ ချက်ချင်း ဖယ်ပေးပါ့မယ်"
လင်းယွမ်က သူ့ကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။ "ဖယ်ပေးမယ် ဟုတ်လား... မင်းက ငါ့အတွက် ခြေကုပ်စခန်း တည်ဆောက်ပေးမယ်လို့ ပြောမယ် ထင်နေတာ"
လီရှန်ယန်က ကြားသည်နှင့် သူ့ကိုယ်သူ လူမိုက်ဟု တိတ်တဆိတ် ကျိန်ဆဲလိုက်ပြီး အလျင်စလို စကားပြောင်းလိုက်သည်။ "ဆရာလင်းယွမ်က ကျွန်တော်တို့ကို လိုအပ်တယ်ဆိုရင် ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားပေးပါ့မယ်"
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်လိုက်သည်။ သူ၏ သဘောထားကို ကျေနပ်ပုံရပြီး ဆွဲထားသော အကြမ်းပုံများကို ညွှန်ပြကာ ပြောလိုက်သည်။ "ကျဲ့ဆစ် စာသင်ကျောင်းက ဒီနောက်ဘက်နဲ့ဆိုရင် အတော်လေး ကျယ်ဝန်းတဲ့ နေရာလို့ ဆိုလို့ရတယ်... အဲဒီအချိန်ကျရင် ဒီနေရာမှာ မွေးမြူရေးခြံ တည်ဆောက်ဖို့ လိုတယ်"
"ကျဲ့ဆစ် စာသင်ကျောင်းကို တိုးချဲ့ဖို့ လိုပြီး ကင်းလှည့်အဖွဲ့ရဲ့ ခြေကုပ်စခန်းကိုပါ ဒီမှာ တည်ဆောက်ဖို့ လိုတယ်"
လီရှန်ယန်က အလျင်စလို ပြောလိုက်သည်။ "ဆရာလင်းယွမ်... ဒီကိစ္စကို ကျွန်တော်တို့ လုပ်နိုင်ပါတယ်"
လင်းယွမ်က သူ့ကို ကြည့်ကာ ပြောလိုက်သည်။ "မင်းတို့ဆိုတာ ဘယ်သူတွေကို ပြောတာလဲ"
"အဲ... အခု ကျဲ့ဆစ် စာသင်ကျောင်းမှာ နေနေတဲ့ မိန်တောင်ရွာသားတွေကို ပြောတာပါ"
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ "မင်းတို့ လုပ်စရာ မလိုပါဘူး... ဒီကိစ္စတွေကို ထိုက်ယန်တောင်က လူတွေက ပိုကျွမ်းကျင်တယ်... ငါက ကျွမ်းကျင်သူ လိုတယ်... နောက်ရက်အနည်းငယ်နေရင် ထိုက်ယန်တောင်က လူတွေကို ဒီလာပြီး ဆောက်လုပ်ရေး လုပ်ငန်းတွေ လုပ်ခိုင်းလိုက်မယ်"
လီရှန်ယန်က ချက်ချင်းပင် အနည်းငယ် စိုးရိမ်သွားကာ အလျင်စလို မေးလိုက်သည်။ "ဆရာလင်းယွမ်... ဒါဆို ကျွန်တော်တို့က ဘာလုပ်ရမလဲ"
လင်းယွမ်က သူ့ကို ကြည့်လိုက်သည်။ "မင်းတို့တွေ ထိုက်ယန်တောင် ခိုလှုံရေးစခန်းအတွက် ဘာလုပ်ပေးနိုင်မလဲလို့ ငါ့ကို မေးချင်နေတာလား"
လီရှန်ယန် မှင်တက်သွားကာ အလျင်စလို ခေါင်းညိတ်လိုက်သည်။ "ဟုတ်ပါတယ်... ကျွန်တော်တို့ ထိုက်ယန်တောင် ခိုလှုံရေးစခန်းအတွက် ဘာလုပ်ပေးနိုင်မလဲ"
လင်းယွမ် ပြုံးလိုက်သည်။ "ဒါဆို မင်းက သူတို့ကို ခေါ်ပြီး ထိုက်ယန်တောင်မှာ ပူးပေါင်းချင်နေတာပေါ့"
လီရှန်ယန်က အလျင်စလို ပြောလိုက်သည်။ "ဟုတ်ပါတယ် ဆရာလင်းယွမ်... ကျွန်တော်တို့ ထိုက်ယန်တောင်မှာ ပူးပေါင်းချင်ပါတယ်... ကျေးဇူးပြုပြီး ဆရာလင်းယွမ်က ကျွန်တော်တို့ကို ဒီအခွင့်အရေးလေး ပေးပါ"
လင်းယွမ်၏ အပြုံးက ပိုမိုကျယ်ပြန့်သွားကာ ခေါင်းအနည်းငယ် ညိတ်လိုက်သည်။ "မင်းမှာ ဒီလိုအတွေးရှိတာ အရမ်းကောင်းတယ်... ဘယ်လိုပဲပြောပြော မင်းတို့က မိန်တောင်ရွာသားတွေပဲလေ... မိန်တောင်ရွာက ရန်မေရဲ့ မိသားစုဘက်က လူတွေဆိုတော့ ငါက စောင့်ရှောက်ပေးရမှာပေါ့"
"ဒါပေမယ့် ထိုက်ယန်တောင် ခိုလှုံရေးစခန်းမှာ ပူးပေါင်းဖို့ဆိုတာ စကားနဲ့ချည်းပဲ ပြောနေလို့ မရဘူး... မင်းတို့ကို ကိစ္စတချို့ လုပ်ခိုင်းဖို့ လိုတယ်"
လီရှန်ယန်က အလျင်စလို ပြောလိုက်သည်။ "ခင်ဗျားသာ ပြောပါ... ကျွန်တော်တို့ လုပ်နိုင်သမျှ အစွမ်းကုန် ကြိုးစားပေးပါ့မယ်"
"ဟုတ်ပြီ... မင်းမှာ ဒီလို ဆုံးဖြတ်ချက်ရှိတာ အရမ်းကောင်းတယ်... ဒီတာဝန်ကလည်း မခက်ပါဘူး... ငါသိထားသလောက် ဒီမိန်တောင်ပေါ်မှာ ပြန့်ကျဲနေတဲ့ ခိုလှုံရေးစခန်းလေးတွေ ရှိသေးတယ်... သူတို့အားလုံးကို မင်း သိမ်းပိုက်ပေးဖို့ လိုတယ်"
လီရှန်ယန် မှင်တက်သွားသော်လည်း ချက်ချင်းပင် မတ်တပ်ရပ်ကာ တုံ့ဆိုင်းမှုမရှိဘဲ ပြောလိုက်သည်။ "ဆရာလင်းယွမ်... ဒီကိစ္စကို ကျွန်တော့်ကိုသာ လွှဲထားလိုက်ပါ"
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်လိုက်သည်။ "သေချာအောင် လုပ်ခဲ့... ငါ မင်းတို့လူတွေကို ထိုက်ယန်တောင်မှာ လာနေဖို့ ခွင့်ပြုပေးနိုင်တယ်"
လီရှန်ယန်က ချက်ချင်း မျက်လုံးပြူးသွားကာ ရင်တွေ ဒိန်းဒိုင်းခုန်လာပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "ဆရာလင်းယွမ်... ကျွန်တော်တို့ သေချာပေါက် ကောင်းကောင်း လုပ်နိုင်ပါတယ်"
လင်းယွမ်က ပြုံးလိုက်ပြီး လက်ယမ်းပြကာ ပြောလိုက်သည်။ "ငါ မင်းတို့ရဲ့ စွမ်းဆောင်ရည်ကို စောင့်ကြည့်နေမယ်... သွားတော့"
"ကျေးဇူးတင်ပါတယ် ဆရာလင်းယွမ်"
လီရှန်ယန်မှာ ရူးသွပ်မတတ် ဝမ်းသာသွားသည်။ ထိုက်ယန်တောင် ခိုလှုံရေးစခန်း၏ အခြေအနေကို သူ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရပြီးဖြစ်သည်။
ရုပ်ပိုင်းဆိုင်ရာ အခြေအနေပဲဖြစ်ဖြစ်၊ အခြား အခြေအနေပဲဖြစ်ဖြစ် မိန်တောင်ဘက်ထက် အများကြီး ပိုကောင်းသည်။
ထိုက်ယန်တောင်သို့ သွားရောက် နေထိုင်နိုင်မည်ဆိုပါက ဤသွေးဆောင်မှုကို မည်သူမျှ ငြင်းဆန်နိုင်မည်မဟုတ်ပေ။
လီရှန်ယန်က စိတ်လှုပ်ရှားစွာဖြင့် ပြေးထွက်သွားသည်။ သူ ဤသတင်းကောင်းကို အားလုံးကို ချက်ချင်း ပြောပြချင်နေသည်။
သူ၏ စိတ်လှုပ်ရှားနေသော ကျောပြင်ကို ကြည့်ကာ ကျောက်ခိုင်က မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။ "အစ်ကိုလင်း... ခိုလှုံရေးစခန်းငယ်လေး တချို့ပါပဲ... ကျွန်တော် လူတချို့ခေါ်သွားပြီး ဆွေးနွေးလိုက်ရင် အကုန်သိမ်းပိုက်လို့ ရတာပဲ... ဘာလို့ သူ့ကို ဒီလို ကတိပေးရတာလဲ"
လင်းယွမ်က ပြုံးလိုက်ပြီး ဘာမှမပြောပေ။
ဘေးရှိ တင်းယန်က စဉ်းစားလိုက်ရာ လင်းယွမ်၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားသည်။
သူမ ချက်ချင်း ရယ်မောလိုက်ပြီး ကျောက်ခိုင်ကို ကြည့်ကာ ပြောလိုက်သည်။ "ကျောက်ခိုင်... နင်က ဒါကို လီရှန်ယန်တို့ အခွင့်ကောင်းယူသွားတယ်လို့ ထင်နေတာလား"
ကျောက်ခိုင်က သဘာဝကျကျပင် ပြောလိုက်သည်။ "ဒါ သေချာတာပေါ့... ထိုက်ယန်တောင်ဘက်က ငါတို့ အားလုံး တည်ဆောက်ပြီးသွားပြီလေ... ကဏ္ဍစုံမှာ အကုန်ကောင်းနေပြီ... ဘယ်သူက ထိုက်ယန်တောင်မှာ မနေချင်ဘဲ ရှိပါ့မလဲ"
တင်းယန် ရယ်မောလိုက်ပြီး ပြောလိုက်သည်။ "ဒါဆို ဒီလူစု မိန်တောင်မှာ ကျန်နေခဲ့ရင် ဘာအကျိုးဆက်တွေ ဖြစ်လာမလဲဆိုတာကိုရော နင် စဉ်းစားမိလား"
"အကျိုးဆက်..." ကျောက်ခိုင် မျက်မှောင်ကြုတ်သွားပြီး ချက်ချင်း သဘောမပေါက်ပေ။
တင်းယန်က ပြောလိုက်သည်။ "သူတို့လူတွေက အစကတည်းက မိန်တောင်ရွာသားတွေလေ... ဒီတောင်ပေါ်က မြေတော်တော်များများက သူတို့အိမ်တွေချည်းပဲ"
"အခု ငါတို့က ဒီမြေတွေကို သိမ်းလိုက်ပြီဆိုတော့ သူတို့စိတ်ထဲမှာ ဘယ်လိုတွေးမလဲ"
"ပြီးတော့ သူတို့လူစုက နေရာတစ်နေရာတည်းက လာတာဆိုတော့ သေချာပေါက် အုပ်စုဖွဲ့ကြမှာပဲ... နောက်ပိုင်း နင်က ဒီဘက်မှာ ဒီလူတွေကို စီမံအုပ်ချုပ်ရမှာဆိုတော့ သူတို့ အုပ်စုဖွဲ့ကြတာက နင့်အတွက် ကောင်းတဲ့ကိစ္စ မဟုတ်ဘူး"
"လင်းယွမ်က အစတုန်းက သိုင်းဘုရင်ဂေဟာ၊ မိန်ဟိုင်ဥယျာဉ်နဲ့ ဖုန်းဟွမ်ဘုရားကျောင်းက လူတွေကို ဘယ်လို သိမ်းသွင်းခဲ့လဲဆိုတာ စဉ်းစားကြည့်ပါဦး"
ကျောက်ခိုင် မှင်တက်သွားသည်။ အစတုန်းက လင်းယွမ်က လီယွဲ့ဖုန်း ကို သတ်ခဲ့ပြီး၊ ဝူမုန့် ကို မောင်းထုတ်ကာ၊ ထျန်ဝေ ကို သတ်ခဲ့သည်။
ကျန်ရှိနေသော ခိုလှုံရေးစခန်းကြီး လေးခုမှ လူများအနက် တကယ်တမ်းတွင် ခေါင်းမာပြီး ခက်ထန်သူ အများအပြား ပါဝင်နေရာ တိုက်ရိုက်အသုံးပြုပါက သေချာပေါက် အန္တရာယ်ရှိနိုင်သည်။
လင်းယွမ်က အစပိုင်းတွင် အင်အားသုံး၍ ထိုသူများကို အတင်းအဓမ္မ ဖိနှိပ်ကာ တစ်လတိတိ လုပ်အားပေးခိုင်းခဲ့သည်။
ထိုသူများ၏ မာနများကို ချေဖျက်ပြီးနောက် လူများကို ပြန်လည်ခွဲထုတ်ကာ ထိုက်ယန်တောင်၏ မတူညီသော နေရာများတွင် သီးခြားစီ နေရာချထားပေးခဲ့သည်။
ထိုလုပ်ငန်းစဉ်က တစ်ဖက်တွင် ထိုသူများကို အလုပ်လုပ်စေပြီး ထိုက်ယန်တောင် အခြေခံအဆောက်အအုံ တည်ဆောက်ရေးတွင် ပါဝင်စေခြင်းဖြင့် ထိုက်ယန်တောင် ခိုလှုံရေးစခန်း အခြေစိုက်စခန်းအပေါ် အသိအမှတ်ပြုမှု ရရှိစေခဲ့သည်။
မည်သို့ပင်ဆိုစေ ထိုက်ယန်တောင် ဈေးဝယ်စင်တာသည် သူတို့ ကျောက်တုံးတစ်တုံးချင်းစီကို ကိုယ်တိုင်တူးဖော်ခဲ့ခြင်းဖြစ်သည်။
အတင်းအဓမ္မ ခိုင်းစေခြင်း ခံရသည်ဖြစ်စေ မခံရသည်ဖြစ်စေ ထိုအရာများက သူတို့၏ သွေးချွေးများဖြစ်သည်။
ထို့နောက် သူတို့ အုပ်စုဖွဲ့နိုင်ချေကို ဖျက်ဆီးကာ အဖွဲ့အစည်း စိတ်ဓာတ်ကို ပြန်လည်စုစည်းပေးခဲ့သည်။
အဆက်မပြတ် ကင်းလှည့်ခြင်းနှင့် သားကောင်ရှာဖွေခြင်းများ ပြုလုပ်ရာတွင် အဖွဲ့သစ်အပေါ် အသိအမှတ်ပြုမှုကို မွေးမြူပေးခဲ့သည်။
ထိုသို့ တစ်လှမ်းချင်းစီဖြင့် လူများကို မသိမသာ လွှမ်းမိုးခဲ့သည်။
ထိုအခါမှသာ လူတိုင်းက ထိုက်ယန်တောင် ခိုလှုံရေးစခန်းသို့ အမှန်တကယ် ပေါင်းစည်းနိုင်ခဲ့ပြီး လင်းယွမ်၏ ခေါင်းဆောင်နေရာကိုသာ အမှန်တကယ် အသိအမှတ်ပြုကာ လင်းယွမ်၏ အမိန့်ကို နာခံလာခဲ့ခြင်းဖြစ်သည်။
သို့သော် ယခု လင်းယွမ်က မိန်တောင်မှ လူများကို မိန်တောင်မှ ဖယ်ရှားကာ ထိုက်ယန်တောင်သို့ ဝင်ရောက်နေထိုင်ရန် စီစဉ်နေသည်။
နောက်ပိုင်းလုပ်ဆောင်ချက်များက ယေဘုယျအားဖြင့် ယခင် ခိုလှုံရေးစခန်းကြီး လေးခုမှ လူများကို စီစဉ်ပေးခဲ့သည်နှင့် တူညီမည်ဖြစ်သည်။
ဤနေရာသို့ တွေးမိသောအခါ ကျောက်ခိုင် ရုတ်တရက် သဘောပေါက်သွားသည်။
သူ မနေနိုင်ဘဲ ခါးသီးစွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။ "အစ်ကိုလင်း... အစ်ကိုက အတော်ဆုံးပဲ... ကျွန်တော် တကယ်ကို အရှုံးပေးပါတယ်"
လင်းယွမ်က ပြုံးလိုက်ပြီး လက်ထဲရှိ ဘောပင်ကို ချကာ ကျောက်ခိုင်အား ပြောလိုက်သည်။ "မင်းက ငယ်သေးတယ်... ကိစ္စတွေ ကြုံလာရင် များများတွေး... မကြာခင် ရင့်ကျက်လာမှာပါ"
ကျောက်ခိုင်က တက္ကသိုလ်မှ ဘွဲ့ရခါစဖြစ်ရာ လူမှုရေး အတွေ့အကြုံ အလွန်နည်းပါးသေးသည်။
ရေကြီးရေလျှံသည့် ကမ္ဘာပျက်ကပ်ပြီးနောက် လူ့လောက၏ အပူအအေးနှင့် လူ့သဘာဝ၏ အရုပ်ဆိုး အကျည်းတန်မှုများကို အများအပြား ကြုံတွေ့ခဲ့ရသော်လည်း။
အဖွဲ့အစည်း စီမံခန့်ခွဲမှု ကဏ္ဍတွင်တော့ တကယ်တမ်းတွင် သူ့၌ အတွေ့အကြုံ မရှိချေ။
သို့သော် လင်းယွမ်ပဲဖြစ်ဖြစ်၊ တင်းယန်ပဲဖြစ်ဖြစ် လူမှုရေး အတွေ့အကြုံ အတိုင်းအတာတစ်ခုအထိ ရှိနေကြပြီဖြစ်သည်။
လင်းယွမ်က အင်ဂျင်နီယာ ပရောဂျက်များတွင် အချင်းချင်း အကောက်ကြံမှုများကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရပြီး သူ၏ စီမံခန့်ခွဲမှု စွမ်းရည်မှာလည်း ထိုအချိန်ကတည်းက လေ့ကျင့်ယူခဲ့ခြင်းဖြစ်သည်။
ကျောက်ခိုင်က ခေါင်းကုတ်ကာ ပြောလိုက်သည်။ "ကျွန်တော်က ဒီလို ကွေ့ကောက်နေတဲ့ ကိစ္စတွေကို သိပ်မကျွမ်းကျင်လို့ပါ... ဒါပေမယ့် သူကတော့ အရမ်းဝမ်းသာနေတဲ့ပုံပဲ"
တင်းယန်က ရယ်မောကာ ပြောလိုက်သည်။ "သူ သေချာပေါက် ဝမ်းသာမှာပေါ့... မိန်တောင်နဲ့ ထိုက်ယန်တောင်ကို နှိုင်းယှဉ်ရင် ဘယ်ဘက်က ပိုကောင်းလဲဆိုတာ အရူးတောင် ဘယ်လိုရွေးရမလဲ သိတယ်"
"ဒါဆို သူက အစ်ကိုလင်းယွမ် ဒီလိုလုပ်တဲ့ ရည်ရွယ်ချက်ကို မစဉ်းစားမိဘူးလား" ကျောက်ခိုင်က မနေနိုင်ဘဲ ပြောလိုက်သည်။
တင်းယန်က ပြုံးကာ ပြောလိုက်သည်။ "စဉ်းစားမိတော့လည်း ဘာဖြစ်လဲ... လင်းယွမ်ရဲ့ အစွမ်းက ဒီမှာရှိတယ်လေ... လင်းယွမ် ရှိနေသရွေ့ သူ့မှာ အတွေးရှိရင်တောင် မျိုသိပ်ထားရမှာပဲ"
"ဒါ့အပြင် ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်က အရာရာ ကြိုတင်ကာကွယ်ထားဖို့ပဲ... တစ်ဖက်လူက မိန်တောင်ရွာက လူတွေကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားဖို့ အကြံအစည် မရှိဘူးဆိုရင် လင်းယွမ် လုပ်ခဲ့တဲ့ အရာတွေကို သူ ဂရုစိုက်နေစရာ မလိုပါဘူး"
"ဒါပေမယ့် သူ့မှာ မိန်တောင်ရွာသားတွေကို ချုပ်ကိုင်ထားဖို့ အကြံအစည် ရှိနေမယ်ဆိုရင် လင်းယွမ်ရဲ့ ဒီလုပ်ရပ်က သူ့ရဲ့ အကြံအစည်တွေကို လုံးဝ ဖျက်ဆီးပစ်လိမ့်မယ်"
"အချုပ်အားဖြင့် ဒီနည်းလမ်းက ကြိုတင်ကာကွယ်ထားတာပဲ"
"ဒါပေမယ့် လင်းယွမ်... ရှင့်ရဲ့ လုပ်ကွက်တွေက ပိုပိုပြီး မြင့်လာတယ်နော်... ဒီတစ်ခေါက်က အရင်တစ်ခေါက်တုန်းကလို ခိုလှုံရေးစခန်းကြီး လေးခုကို အင်အားသုံး ဖိနှိပ်ပြီး ထိုက်ယန်တောင် ခိုလှုံရေးစခန်းကို ပူးပေါင်းဖို့နဲ့ လက်ထဲက အာဏာကို စွန့်လွှတ်ဖို့ အတင်းအကျပ် လုပ်တာမျိုး မဟုတ်ဘူး"
"ရှင် ဒီတစ်ခေါက်က အကျိုးအမြတ်တချို့ကို အသုံးပြုပြီး အပေးအယူ လုပ်လိုက်တာပဲ... သူတို့ လက်ထဲက အာဏာကို လိုလိုလားလား စွန့်လွှတ်သွားအောင် လုပ်လိုက်တာ"
တင်းယန်က ပြုံးရွှင်စွာဖြင့် သူမ တွေ့ရှိထားသည်များကို ပြောပြနေသည်။
လင်းယွမ်ကလည်း ပြုံးလိုက်ပြီး ပြောလိုက်သည်။ "စခန်းကြီး လေးခုကို တိုက်တုန်းက ငါတို့မှာ ဘာမှမရှိဘူးလေ... အဲဒီလူတွေနဲ့ အပေးအယူလုပ်စရာ ဘာမှမရှိခဲ့ဘူး"
"အခုတော့ သူတို့ကို ထိုက်ယန်တောင်ကို ပြောင်းခိုင်းတာက ငါ့အတွက်တော့ အကျိုးအမြတ်တစ်ခုလို့ မဆိုနိုင်ပါဘူး"
"ထိုက်ယန်တောင် ခိုလှုံရေးစခန်းက နောက်ပိုင်း သေချာပေါက် တိုးချဲ့ရမှာပဲ... ဘယ်သူတွေ ထိုက်ယန်တောင်မှာ လာနေနေ အတူတူပဲ မဟုတ်လား"
"ဒါ့အပြင် ဒီလူစုက ရန်မေရဲ့ ရွာသားတွေဆိုတော့ ရန်မေ မျက်နှာနဲ့ဆိုရင် ငါ သူတို့ကို သေချာ နေရာချထားပေးရမှာပေါ့"
"ရန်မေဆိုတဲ့ ဆက်ဆံရေး ရှိနေတော့ ဒီလူစုက ငါ့ရဲ့ အလိုလျောက် ထောက်ခံသူတွေ ဖြစ်လာမှာပဲ"
တင်းယန်နှင့် ကျောက်ခိုင်တို့ ထပ်မံ မှင်တက်သွားကြသည်။
တင်းယန်၏ မျက်လုံးများထဲတွင် အံ့သြစရာကောင်းလောက်အောင် အရောင်လဲ့နေသည်။
လင်းယွမ်၏ ဤရည်ရွယ်ချက်ကို သူမပင် သဘောမပေါက်ခဲ့ပေ။
လင်းယွမ်က သူမနှင့် စတင်သိကျွမ်းစဉ်က ဤသို့သော လက်စွမ်းမျိုး လုံးဝမရှိခဲ့ကြောင်း သူမ ခံစားမိသည်။
သို့သော် လင်းယွမ်၏ အစွမ်းများ အဆက်မပြတ် တိုးတက်လာပြီး နယ်မြေများ တိုးချဲ့လာသည်နှင့်အမျှ။
လင်းယွမ်၏ ဤကဏ္ဍရှိ စွမ်းရည်များကလည်း လျင်မြန်စွာ တိုးတက်ကြီးထွားလာနေသည်။
လင်းယွမ်က အရည်အချင်းပြည့်မီသော ခေါင်းဆောင်တစ်ယောက်အဖြစ် လျင်မြန်စွာ ကြီးထွားလာနေကြောင်း သူမ ခံစားမိသည်။
ဤသို့သော ခေါင်းဆောင်များ၏ တွေးခေါ်ပုံမျိုးက မွေးရာပါ မဟုတ်ပါက သဘောပေါက်ရန် အလွန်ခက်ခဲသည်။
ဥပမာအားဖြင့် သူတောင်းစားတစ်ယောက်က တစ်သက်လုံး ဆင်းရဲပြီး တစ်သက်လုံး တောင်းစားလာခဲ့ရာ ရုတ်တရက် ချမ်းသာလာလျှင်တောင်မှ သူ၏ ဆင်းရဲသား အတွေးအခေါ်ကို ပြောင်းလဲရန် အလွန်ခက်ခဲပေလိမ့်မည်။
သို့သော် လူအချို့က မွေးဖွားရာ ဘဝနိမ့်ကျသော်လည်း ကောင်းကင်ကို ထိုးဖောက်မည့် ရည်မှန်းချက် ရှိနေပြီး လောကကြီးကို အံ့အားသင့်စေမည့် ဉာဏ်ပညာကို ပိုင်ဆိုင်ထားကြသည်။
အခွင့်အရေး ရသည်နှင့်တစ်ပြိုင်နက် ထိုကဲ့သို့သော လူမျိုးက ကောင်းကင်သို့ တစ်ရှိန်ထိုး တက်သွားနိုင်ပေသည်။
ထိုကဲ့သို့သော လူမျိုးက တည်ငြိမ်သော စနစ် သံလှောင်အိမ်ထဲတွင်တော့ လုံးဝ ပေါ်ထွက်လာမည်မဟုတ်ပေ။
စနစ်ဆိုသည်က တည်ငြိမ်မှုကို ထိန်းသိမ်းသော နည်းလမ်းဖြစ်သလို လေတိုက်မိုးရွာမှုကို လှုပ်ခတ်စေသော နတ်နဂါးကို ချုပ်နှောင်ထားသည့် သံကြိုးများလည်း ဖြစ်သည်။
ယခုကဲ့သို့သော ကမ္ဘာပျက်ကပ်မျိုးတွင်မှသာ ထိုအရိုင်းသူရဲကောင်းများ ထွက်ပေါ်လာမည့်နေ့ ရှိလာနိုင်မည်ဖြစ်သည်။
ကျောက်ခိုင် ခေါင်းကုတ်လိုက်သည်။ အစ်ကိုလင်းက အရမ်းအစွမ်းထက်ပြီး ကိစ္စတွေကို စဉ်းစားတာက သူထက် အများကြီး ပိုပြည့်စုံတယ်လို့သာ ခံစားရသည်။
"အစ်ကိုလင်း... ကျွန်တော့်ဦးနှောက်က ထိုင်းတယ်လို့ ခံစားရတယ်... ဒါတွေကို မစဉ်းစားတတ်ဘူး... ဘာပဲဖြစ်ဖြစ် အစ်ကို့စကားပဲ နားထောင်လိုက်ပါ့မယ်" သူ ဟီးဟီးရယ်ကာ ပြောလိုက်သည်။
လင်းယွမ်ကလည်း ရယ်မောလိုက်ပြီး သူ၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။
"အဲဒါလည်း ကောင်းပါတယ်... ဟုတ်ပြီ... မိန်တောင်ဘက်ကတော့ အားလုံးကို အစီအစဉ်အတိုင်းပဲ လုပ်ကြတာပေါ့"
"ဟုတ်ကဲ့... ဒါဆို ကျွန်တော် အလုပ်သွားလုပ်တော့မယ်"
ကျောက်ခိုင် ခေါင်းညိတ်လိုက်ပြီး ပုံဆွဲစာရွက်များကို သိမ်းကာ ခန်းမထဲမှ ထွက်သွားသည်။
ထိုအခါ တင်းယန်က လင်းယွမ်အနီးသို့ လျှောက်သွားကာ လင်းယွမ်ကို စူးရဲစွာ ကြည့်လိုက်သည်။
လင်းယွမ်က အံ့သြစွာဖြင့် သူမကို ကြည့်ကာ မေးလိုက်သည်။
"ဘာဖြစ်လို့လဲ"
"ရှင်က ဘာလို့ ပိုပိုပြီး ကြည့်ကောင်းလာရတာလဲ"
လင်းယွမ် မှင်တက်သွားပြီး ချက်ချင်း ဟားဟားရယ်ကာ ပြောလိုက်သည်။
"အခုမှ သိတာလား"
"ဟုတ်တယ်... အခုမှ သိတာ"
သူမက ပြောရင်း သူမ၏ ပူလောင်နေသော ခန္ဓာကိုယ်ဖြင့် ဖက်တွယ်လာကာ သူ့ကို တင်းကြပ်စွာ ဖက်ပြီး အားပါးတရ နမ်းရှိုက်တော့သည်။
"အခန်းထဲသွားရအောင်" သူမက အလျင်စလို ပြောလိုက်သည်။
လင်းယွမ်က ချက်ချင်းပြုံးလိုက်ပြီး သူမ၏ တောင့်တင်းသော ပေါင်တံကို ပွေ့ချီကာ နောက်ဘက်ရှိ အိပ်ဆောင်ထဲသို့ တစ်ဟုန်ထိုး ဝင်သွားတော့သည်။
အမျိုးသားတစ်ဦး၏ ဆွဲဆောင်မှုဆိုသည်မှာ တစ်ခါတစ်ရံတွင် အစွမ်းထက်သော ခွန်အားပေါ်တွင်သာ တည်ရှိနေခြင်းမဟုတ်ပေ။
ခေါင်းဆောင်တစ်ယောက်၏ ဉာဏ်ပညာကလည်း အမျိုးသားတစ်ဦး၏ ဆွဲဆောင်မှုကို ဖော်ပြသည့် အရာတစ်ခုပင်ဖြစ်သည်။
တင်းယန်က ဤပုံစံမျိုးကို အလွန်နှစ်သက်သည်မှာ သိသာလှသည်။
ဉာဏ်ပညာရှိပြီး ခွန်အားလည်းရှိသော အမျိုးသားက သူမကို ရူးသွပ်စေသည်။
ထို့ကြောင့် သူမက တက်ကြွရဲတင်းကာ စိတ်အားထက်သန်စွာဖြင့် လွတ်လပ်စွာ နေထိုင်ခြင်းဖြစ်သည်။
ဤသည်က မြင်းရိုင်းတစ်ကောင်ကဲ့သို့ အရိုင်းဆန်သော သူမ၏ ကိုယ်ရည်ကိုယ်သွေးပင်ဖြစ်သည်။
...
"ဗွမ်း..."
ကောင်းကင်ယံမှ လူရိပ်နှစ်ခု ရုတ်တရက် ပြုတ်ကျလာပြီး ရေထဲသို့ ပြင်းထန်စွာ ကျဆင်းသွားသည်။
ချက်ချင်းပင် ရေလှိုင်းများ လှိမ့်တက်လာပြီး ရေပက်လက်များ လွင့်စင်သွားသည်။
"အစ်ကိုထူလုံ"
ဝမ်ရှောင်ယာက ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး ထူလုံကို တင်းကြပ်စွာ ဖက်ထားကာ လက်နှစ်ဖက်ဖြင့် ရေစီးကြောင်းကို ထိန်းချုပ်၍ သူတို့နှစ်ယောက်ကို အမြန် မတင်လိုက်သည်။
ထူလုံ၏ မျက်နှာက ဖြူရော်နေပြီး ခန္ဓာကိုယ်ကလည်း အနည်းငယ် တုန်ယင်နေကာ ရင်ဘတ်ရှိ ဒဏ်ရာက ထပ်မံ ပွင့်ထွက်လာမည့်ပုံ ပေါ်နေသည်။
(၆) မိုင်ခန့် အနားမယူဘဲ တစ်လျှောက်လုံး ပျံသန်းလာခဲ့ခြင်းက သူ၏ လင်းယုန်ကြီး ဝိညာဉ်အစွမ်း အခြေအနေဖြင့် အဝေးဆုံး ပျံသန်းနိုင်သည့် စံချိန်ပင်ဖြစ်သည်။
ယခု သူ့တွင် သန္ဓေပြောင်းစွမ်းအင် တစ်စက်လေးမှ ညှစ်ထုတ်စရာ မကျန်တော့ပေ။
ဝမ်ရှောင်ယာက ထူလုံကို စိုးရိမ်တကြီး ဖက်ထားကာ ရေစီးကြောင်းကို ထိန်းချုပ်၍ ပတ်ဝန်းကျင်ရှိ သန္ဓေပြောင်း ငါးများကို မောင်းထုတ်ရင်း ရေပေါ်ပေါ်နေသည့် အရာများကို အမြန် ရှာဖွေနေသည်။
နောက်ဆုံးတွင် ပလတ်စတစ်ပြား တစ်ပြားကို မြင်လိုက်ရသဖြင့် ရေစီးကြောင်းကို ထိန်းချုပ်ကာ ပလတ်စတစ်ပြားကို ဆွဲယူလာပြီး ထူလုံကို အပေါ်တင်ပေးလိုက်သည်။
သို့သော် ပလတ်စတစ်ပြားက မကြီးသဖြင့် သူမအတွက် နေရာမရှိတော့ပေ။
သူမက ရေထဲတွင်သာ စိမ်နေရပြီး ရေစီးကြောင်းကို ထိန်းချုပ်ကာ ရှေ့သို့ ကူးခတ်သွားရသည်။
ထူလုံက အားနည်းစွာဖြင့် လက်ချောင်းများကို လှုပ်ရှားလိုက်သော်လည်း မမနိုင်ပေ။
သူက ခက်ခဲစွာဖြင့် မေးလိုက်သည်။
"ထိုက်... ထိုက်ယန်တောင်ကို မြင်ရပြီလား"
ဝမ်ရှောင်ယာက ပတ်ဝန်းကျင်ကို အမြန်ကြည့်လိုက်ရာ အနောက်မြောက်ဘက် ရေပြင်ညီမျဉ်းပေါ်တွင် အနက်ရောင် အရိပ်ကြီးတစ်ခု အနိမ့်အမြင့် ဖြစ်နေသည်ကို တကယ် မြင်လိုက်ရသည်။
သူမ ချက်ချင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"မြင်ရပြီ... မြင်ရပြီ... အဲဒီဘက်က ထိုက်ယန်တောင်ပဲ"
ထူလုံက ချက်ချင်း ပြုံးလိုက်ပြီး ပြောလိုက်သည်။
"ထိုက်ယန်တောင်ကို လှော်သွား... မရပ်နဲ့"
"ထိုက်ယန်တောင်ကို ရောက်ရင် လုံခြုံပြီ"
ဝမ်ရှောင်ယာက မျက်လုံးများ နီရဲလာကာ ရှိုက်ငင်စွာဖြင့် ပြောလိုက်သည်။
"ညီမ သိပြီ... သိပါပြီ... အစ်ကိုထူလုံ အမြန်နားလိုက်ပါ... ညီမ လှော်သွားမယ်"
သူမက ပလတ်စတစ်ပြားကို အဆက်မပြတ် လှော်ခတ်နေသည်။ ကံကောင်း၍ သူမက အစွမ်းပိုင်ရှင် ဖြစ်နေသဖြင့်သာ။ မဟုတ်ပါက လူတစ်ယောက် တင်ထားသော ပလတ်စတစ်ပြားကို လုံးဝ တွန်းနိုင်မည်မဟုတ်ပေ။
"ပေါ်"
ပင်လယ်ပြင်ပေါ်မှ ဥသြဆွဲသံတစ်ခု ထွက်ပေါ်လာသည်။
ဝမ်ရှောင်ယာ၏ မျက်နှာက ချက်ချင်း တင်းမာသွားပြီး အလျင်စလို လှည့်ကြည့်လိုက်သည်။
သို့သော် ဖီးနစ် သင်္ဘော၏ ကုန်တင်သင်္ဘောကြီးက သေမင်း၏ အရိပ်အယောင်တစ်ခုလို ရေပြင်ညီမျဉ်း၏ အခြားတစ်ဖက်မှ ဖြည်းညင်းစွာ မောင်းနှင်လာသည်ကို မြင်လိုက်ရသည်။
သူမ၏ မျက်နှာက အကြီးအကျယ် ပြောင်းလဲသွားပြီး ရေစီးကြောင်းကို အသေအလဲ အမြန်လှော်ခတ်တော့သည်။
"အစ်ကိုထူလုံ... ညီမတို့ ထိုက်ယန်တောင်ကို သေချာပေါက် ထွက်ပြေးနိုင်မှာပါ... ညီမ အစ်ကို့ကို ထိုက်ယန်တောင်ဆီ သေချာပေါက် ခေါ်သွားနိုင်ရမယ်"
...
အဆုံးအစမဲ့ ကျယ်ပြောလှသော ရေလွှမ်းမိုးမှုကြီးထဲတွင် အပျော်စီးသင်္ဘောကြီးတစ်စင်းက ရေပေါ်၌ ဖြည်းညင်းစွာ မျောပါနေသည်။
အရွယ်အစား အမျိုးမျိုးရှိသော တံငါလှေ ဒါဇင်ပေါင်းများစွာက အပျော်စီးသင်္ဘောနောက်မှ လိုက်ပါလာကာ ကုန်းတွင်းပိုင်းသို့ ဦးတည်ထွက်ခွာလာကြသည်။
ထိုအရွယ်အစား အမျိုးမျိုးရှိသော သင်္ဘောများကို သံကြိုးများဖြင့် ချည်နှောင်ထားပြီး အားလုံးကို အပျော်စီးသင်္ဘောကြီးပေါ်တွင် ချည်နှောင်ထားသည်။
အဝေးမှကြည့်လျှင် သင်္ဘော ဒါဇင်ပေါင်းများစွာဖြင့် ဖွဲ့စည်းထားသော ပြည်ကြီးငါး တစ်ကောင်နှင့် တူနေသည်။
ထိုအပျော်စီးသင်္ဘောကြီးက ပြည်ကြီးငါး၏ ခေါင်းဖြစ်ပြီး ကျန်သင်္ဘောများကတော့ ရေဘဝဲလက်တံများသာ ဖြစ်သည်။
ထိုလက်တံသင်္ဘောများတွင် အချို့က တံငါလှေများဖြစ်ပြီး အချို့က ကုန်တင်သင်္ဘောငယ်များ ဖြစ်ကြသည်။
သင်္ဘောပေါ်တွင် ကြမ်းပြင်ပေါ်၌ ဒူးထောက်ကာ ကြိုးတုပ်ခံထားရသူ အများအပြား ရှိနေသည်။
ရွက်တိုင်ပေါ်တွင်လည်း လူအချို့ကို ဆွဲကြိုးချထားပြီး ခန္ဓာကိုယ်တွင် သွေးသံရဲရဲဖြစ်ကာ အရေပြားများ စုတ်ပြတ်သတ်နေသည်။
အပျော်စီးသင်္ဘော၏ ကပ္ပတိန်အခန်းတွင် ဝတ်စုံဖြူဝတ်ဆင်ထားသော အရပ်ရှည်ရှည် လူငယ်တစ်ဦးက လက်ထဲတွင် ဝိုင်ခွက်တစ်ခွက်ကို ကိုင်ကာ အတွင်းရှိ ဝိုင်ကို ဖြည်းညင်းစွာ လှုပ်ခါရင်း ဝိုင်၏ အရသာကို ခံစားနေသည်။
ဘေးတွင် ခန္ဓာကိုယ် ကောက်ကြောင်းလှပြီး ဆွဲဆောင်မှုရှိသော အဝတ်အစားများ ဝတ်ဆင်ထားသည့် မိန်းမအချို့က ဒူးထောက်ကာ ခစားနေကြသည်။
စတီယာရင်ကို ကိုင်ထားသူမှာ မုတ်ဆိတ်မွေး ဖွာလန်ကြဲနေသော လူလတ်ပိုင်း တစ်ဦးဖြစ်ပြီး သူ၏ မျက်နှာတွင် မျက်နှာချိုသွေးသော အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
"သခင်လေးလင်... ရှာတွေ့ပါပြီ... ရေဒါမှာ ပြနေတာတော့ အဲဒီ ဘုရင်မ သင်္ဘောက ကျွန်တော်တို့နဲ့ ၃ မိုင်တောင် မဝေးတော့ဘူး"
လင်ကျန်းဟီက ကြားသည်နှင့် ပြုံးကာ ပြောလိုက်သည်။
"ဟားဟား... ငါ့ရဲ့ ချစ်စရာကောင်းတဲ့ ဘုရင်မလေး... မကြာခင် ငါတို့ တွေ့ကြရတော့မှာပဲ"
သူက ကြမ်းပြင်ပေါ်တွင် ဝပ်တွားနေသော မိန်းမတစ်ယောက်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။
"ဒီဘုရင်မ သင်္ဘောပေါ်က လန်ယွဲ့ဟွာ နဲ့ အဲဒီ အကူတွေအကြောင်း... ငါ့ကို ထပ်ပြောပြပါဦး"
ထိုမိန်းမမှာ တစ်ကိုယ်လုံး တုန်ယင်သွားပြီး ခေါင်းငုံ့ကာ တုန်ယင်သော အသံဖြင့် ပြောလိုက်သည်။
"သူ့ဘေးမှာ အစွမ်းပိုင်ရှင် အတော်များများ ရှိတယ်... အားလုံးက မိန်းမတွေချည်းပဲ... သင်္ဘောပေါ်မှာလည်း မိန်းမတွေကိုပဲ လက်ခံပြီး ယောက်ျားတွေကို လုံးဝ မကယ်ဘူး"
"သူ့ရဲ့ လက်ချောင်းတွေကနေ လေဆာတန်းတွေ ပစ်လွှတ်နိုင်ပြီး သံပြားနံရံတွေကို အလွယ်တကူ ဖောက်ထွင်းနိုင်တယ်"
"သူ့ဘေးမှာ အမြဲတွေ့ရတတ်တဲ့ အရမ်းအစွမ်းထက်တဲ့ အစွမ်းပိုင်ရှင် သုံးယောက် ရှိတယ်... အသားမဲမဲ ဝဝ မိန်းမတစ်ယောက်ကို သူတို့က ဟေးလန် လို့ခေါ်ကြတာ ကြားဖူးတယ်"
"နောက်ပြီး ချိုသာတဲ့ ရုပ်ရည်လေးနဲ့ မိန်းကလေးတစ်ယောက်ကို လျှိုဆစ်ဆစ် လို့ခေါ်တယ်"
"ပြီးတော့ နောက်တန်းကိစ္စတွေကို ကြီးကြပ်ရတဲ့သူက လင်းယာ ပါ"
"ကျွန်မ လျှိုဆစ်ဆစ် အစွမ်းပြတာကိုပဲ မြင်ဖူးတယ်... သူမက စိတ်စွမ်းအင်နဲ့ တိုက်ခိုက်တာ ကျွမ်းကျင်ပြီး ရန်သူရဲ့ အာရုံငါးပါးကို ရုပ်သိမ်းနိုင်တယ် ထင်တယ်"
လင်ကျန်းဟီက ကြားသည်နှင့် မျက်လုံးများတွင် စိတ်ဝင်စားသည့် အရိပ်အယောင်များ ပေါ်လာသည်။
"သူတို့ လှလား"
"လှပါတယ်... ဟေးလန်လို့ခေါ်တဲ့ မိန်းမကလွဲရင် ကျန်တဲ့သူတွေ အကုန်လှပါတယ်"
မိန်းမက ခေါင်းငုံ့ကာ ပြောလိုက်သည်။
"ဟားဟား... ဒါဆိုလည်း ကောင်းတာပေါ့... ကောင်းတာပေါ့"
ဆက်ရန်...