← Chapters

အခန်း (၂၉၉-၃၀၀)

Vol. 15 Ch. 299-300

အခန်း (၂၉၉-၃၀၀)

Vol. 15 Ch. 299-300

အပိုင်း(၂၉၉) လီချင်းဟွာ၏ ရွေးချယ်မှု

"ကျေးဇူးတင်ပါတယ်... ကျေးဇူးတင်ပါတယ်"

"ထိုက်ယန်တောင် ခိုလှုံရေးစခန်းက ကျေးဇူးရှင်တွေ... ကျွန်တော်တို့ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

"ကျွန်တော်တို့တွေ ကန်တော့ပါတယ်ဗျာ... ဝူး ဝူး"

......

ကုန်းပတ်ပေါ်ရှိ ခန်းကျားဥယျာဉ်မှ အသက်ရှင်ကျန်ရစ်သူများက လင်းယွမ်တို့အုပ်စုကို တရစပ် ဦးညွှတ်ကန်တော့နေကြသည်။

ကျောက်ခိုင်နှင့် ခုံရှန်းတို့က သူတို့ကို ကမန်းကတမ်း သွားရောက်ထူမပေးလိုက်သည်။

လင်းယွမ်က "အားလုံးပဲ ထကြပါတော့... ထိုက်ယန်တောင် ခိုလှုံရေးစခန်းမှာ ကိုယ်ပိုင် စည်းမျဉ်းတွေရှိတယ်... ဒူးထောက်ကန်တော့တဲ့ အလေ့အထမျိုး ကျွန်တော်တို့ဆီမှာ မရှိပါဘူး... အားလုံးပဲ ထကြပါ" ဟု ပြောလိုက်သည်။

"အားလုံး စိတ်မပူကြပါနဲ့... ဒဏ်ရာရထားတဲ့သူတွေကို ထိုက်ယန်တောင်ရောက်တာနဲ့ လာရောက်ကုသပေးမယ့်သူ ရှိပါတယ်"

"ကျောက်ခိုင်... သင်္ဘောက ရေပေါ်တံတားဆီ ရောက်တာနဲ့ တင်းယန်နဲ့ သွားတွေ့ပြီး ဒီလူတွေကို နေရာချထားပေးလိုက်ပါ"

ကျောက်ခိုင်က "အစ်ကိုလင်း... ဒီလူတွေကို ဘယ်မှာ နေရာချပေးရမလဲ" ဟု ကမန်းကတမ်း မေးလိုက်သည်။

လင်းယွမ်က ခဏမျှ စဉ်းစားလိုက်ပြီး "မိန်တောင်မှာပဲ ထားလိုက်ပါ... ယွင်ချွမ်ဘုရားကျောင်းဘက်မှာ နေခိုင်းလိုက်ပေါ့" ဟု ပြန်ဖြေသည်။

"အခု ယွင်ချွမ်ဘုရားကျောင်းမှာလည်း လူအင်အား လိုအပ်နေတာနဲ့ အတော်ပဲ... သူတို့တွေ ထိုက်ယန်တောင်ကို သွားရင်လည်း အမှတ် သိပ်ရမှာ မဟုတ်ဘူး... မိန်တောင်မှာပဲ သူတို့ကို အလုပ်တစ်ခုခု ပေးပြီး အမှတ် ရှာခိုင်းလိုက်ပါ"

ကျောက်ခိုင်က ခေါင်းညိတ်ကာ "ကောင်းပါပြီ အစ်ကိုလင်း" ဟု ပြန်ပြောသည်။

လင်းယွမ်က ခေါင်းညိတ်ပြလိုက်ပြီးနောက် လီယွဲ့ကျင်းကို လက်ယပ်ခေါ်လိုက်သည်။

လီယွဲ့ကျင်းက ချက်ချင်း ပြေးလာပြီး "ဆရာလင်း" ဟု ခေါ်လိုက်သည်။

"ဘယ်လိုလဲ... ဟို မြူခိုးအသွင်ပြောင်း အစွမ်းပိုင်ရှင် ထွက်ပြေးသွားပြီလား"

လီယွဲ့ကျင်းက ချက်ချင်း ခေါင်းညိတ်ပြကာ "စိတ်ဝိညာဉ်အမှတ်အသားက ကျွန်တော်တို့နဲ့ ဝေးကွာသွားတာကို ကျွန်တော် ခံစားမိတယ်" ဟု ပြန်ဖြေသည်။

"ဘယ်ဘက်ကို သွားတာလဲ"

"လင်းယွင်တောင်စောင်းဘက်ကိုပါ"

လင်းယွမ်က ထိုစကားကို ကြားသောအခါ ရုတ်တရက် ပြုံးလိုက်ပြီး "မဆိုးပါဘူး... မအကြဘူးပဲ" ဟု ပြောလိုက်သည်။

လီယွဲ့ကျင်းက ပြုံးကာ "အခုချိန်မှာ ရေထဲက မလုံခြုံတော့ဘူးဆိုတာ လူတိုင်း သိနေကြပြီလေ... ရေထဲမှာ ဆက်နေရင် သေလမ်းပဲရှိတော့တာ... တောင်ပေါ်ကို သွားမှပဲ အသက်ရှင်ဖို့ အခွင့်အရေး ရှိတော့မှာ" ဟု ပြောသည်။

လင်းယွမ်က "လင်းယွင်တောင်စောင်းနဲ့ ထိုက်ယန်တောင်ကြားမှာ ရေပြင်ကြီး ပိတ်ဆို့နေပေမဲ့ အစွမ်းပိုင်ရှင်တွေအတွက်ကတော့ တောင်နှစ်လုံးကြားက ရေပြင်ကို ဖြတ်ကျော်ဖို့ဆိုတာ သိပ်မခက်ခဲလှဘူး" ဟု ပြောလိုက်သည်။

"သူတို့ကို ဘေးနားမှာ အရှင်ထားထားတာ အမြဲတမ်း ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေမှာပဲ"

လီယွဲ့ကျင်းက ချက်ချင်းပင် "ကျွန်တော် လှေတစ်စင်း သွားပြင်ဆင်လိုက်ပါ့မယ်" ဟု ပြောသည်။

လင်းယွမ်က ခေါင်းညိတ်ပြလိုက်သည်။ နံပါတ်(၁) သစ်သားဖောင်က ပျက်စီးသွားပြီဖြစ်ကာ နံပါတ်(၂) နှင့် နံပါတ်(၃) သစ်သားဖောင်များကို ရေပေါ်တံတားဘက်တွင် သူ ချန်ထားခဲ့သည်။

သူတစ်ယောက်တည်းသာဆိုလျှင် ရေပြင်ပေါ်တွင် တိုက်ရိုက် လမ်းလျှောက်သွားရုံပင်။ သို့သော် လီယွဲ့ကျင်းကိုပါ ခေါ်သွားရမည်ဆိုပါက အနည်းငယ် ဒုက္ခများပေလိမ့်မည်။

ထို့ကြောင့် လှေစီးသွားခြင်းက ပို၍ အဆင်ပြေသည်။

မကြာမီတွင် လီယွဲ့ကျင်းက ပြန်ရောက်လာသည်။ သို့သော် လှေကို ပြင်ဆင်မလာဘဲ ဟွမ်ဟန်ကို ခေါ်လာခဲ့သည်။

လီယွဲ့ကျင်းက ပြုံးကာ "ဆရာလင်း... ခေါင်းဆောင်ဟွမ်ဟန်က ကျွန်တော်တို့ကို ခေါ်သွားပေးနိုင်တယ်လို့ ပြောပါတယ်" ဟု ပြောသည်။

လင်းယွမ်က ဟွမ်ဟန်ကို ကြည့်ကာ "ခုလေးတင် တိုက်ပွဲကြီးတစ်ခုကို ဆင်နွှဲထားရတာဆိုတော့ ရွှေရောင်စပါးအုံးမြွေက အနားယူဖို့ မလိုဘူးလား" ဟု ပြုံး၍ မေးလိုက်သည်။

ဟွမ်ဟန်က သဲ့သဲ့လေး ပြုံးကာ "မလိုပါဘူး... နေ့တိုင်း သူ့ကို ကျွန်မ လေ့ကျင့်ပေးနေကျပါ... အခုဆိုရင် သူက ရေထဲမှာ မိုင် ၂၀ လောက် ကူးခတ်ပြီးမှ ကုန်းပေါ်တက်ခွင့်ပြုတာလေ" ဟု ဖြေသည်။

"ခုနက တိုက်ပွဲလေးက သူ့အတွက်တော့ အသေးအမွှားလေးပါ"

လင်းယွမ်မှာ အလိုလို ပြုံးမိသွားသည်။ တကယ်ကိုပဲ မည်သူမျှ ပေါ့လျော့မနေကြပေ။

သားရဲထိန်းချုပ်အစွမ်းကို ပိုင်ဆိုင်ထားသော ဟွမ်ဟန်ပင်လျှင် သူမ၏ အိမ်မွေးသားရဲကို တိတ်တဆိတ် လေ့ကျင့်ပေးနေခဲ့သည်။

"ဒါဆိုရင်လည်း သွားကြတာပေါ့"

ဟွမ်ဟန်က ခေါင်းညိတ်ကာ သင်္ဘောဘေးသို့ ချက်ချင်း ပြေးသွားပြီး လက်တစ်ဖက်ကို ဆန့်တန်းလိုက်ရာ သူမ၏ အင်္ကျီလက်စွပ်ထဲမှ ရွှေရောင်ကြိုးတစ်ချောင်း ပစ်ထွက်သွားသည်။

ထိုရွှေရောင်ကြိုးက ရေထဲသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် အရွယ်အစား ကြီးမားလာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ပေ ၄၀ ခန့်ရှိသော စပါးအုံးမြွေကြီးအဖြစ် ပြောင်းလဲသွားသည်။

ဟွမ်ဟန်က အပေါ်သို့ ခုန်တက်ကာ စပါးအုံးမြွေ၏ ခေါင်းပေါ်သို့ ဆင်းသက်လိုက်သည်။ ထိုရွှေရောင်စပါးအုံးမြွေ၏ ခေါင်းပေါ်ရှိ အကြေးခွံများက ပွင့်ဟလာပြီး ဟွမ်ဟန်ကို လွှမ်းခြုံကာ မောင်းနှင်သူ၏ နေရာကဲ့သို့သော အစိတ်အပိုင်းတစ်ခုကို ဖန်တီးပေးလိုက်သည်။

လင်းယွမ်က ပြုံးလိုက်ပြီး လီယွဲ့ကျင်းကို ခေါ်ကာ ပေါ့ပေါ့ပါးပါး ခုန်တက်ပြီး ရွှေရောင်စပါးအုံးမြွေ၏ ကျောပေါ်သို့ ရောက်ရှိသွားသည်။

ရွှေရောင်စပါးအုံးမြွေက အကြေးခွံများကို ချက်ချင်း ဖွင့်ဟလိုက်ပြီး လင်းယွမ်နှင့် လီယွဲ့ကျင်းတို့ကိုလည်း အလားတူနည်းလမ်းဖြင့် လွှမ်းခြုံပေးလိုက်သည်။

လီယွဲ့ကျင်းက "ခေါင်းဆောင်ဟွမ်ဟန်... လင်းယွင်တောင်စောင်းဘက်ကို သွားပေးပါ" ဟု အော်ပြောလိုက်သည်။

ဟွမ်ဟန်က ခေါင်းညိတ်ကာ ရွှေရောင်စပါးအုံးမြွေ၏ ခေါင်းကို ဖွဖွလေး ပုတ်ပေးလိုက်သည်။

ရွှေရောင်စပါးအုံးမြွေက ခန္ဓာကိုယ်ကို ချက်ချင်း လိမ်ကောက်ကာ ရေလှိုင်းများကို ခွဲထုတ်ပြီး လင်းယွင်တောင်စောင်းဆီသို့ အလျင်အမြန် ကူးခတ်သွားသည်။

......

လင်းယွင်တောင်စောင်း၏ မြစ်ကမ်းဘေးတွင် ရေဘောလုံးတစ်ခုက ရေအောက်မှနေ၍ ဟူးခနဲ ထွက်ပေါ်လာသည်။

ထို့နောက် ရေဘောလုံးမျက်နှာပြင်ပေါ်ရှိ ရေစီးကြောင်းများအားလုံး လျှောကျသွားပြီး ဟင်းလင်းပြင်စက်လုံးတစ်ခု ပေါ်ထွက်လာသည်။

ထိုစက်လုံးထဲတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ရှိနေကြသည်။

အမျိုးသားမှာ လီချင်းဟွာဖြစ်ပြီး အမျိုးသမီးမှာတော့ လင်းဝမ်ဖြစ်သည်။

လီချင်းဟွာက လက်ကို ဝှေ့ယမ်းလိုက်ရာ ဟင်းလင်းပြင် ပူဖောင်းက ပျောက်ကွယ်သွားသည်။ သူ၏ မျက်နှာတစ်ခုလုံး ဖြူလျော့နေပြီး အစွမ်းများစွာ သုံးစွဲလိုက်ရခြင်းကြောင့် ဖြစ်ကြောင်း သိသာလှသည်။

မိန်တောင်မှ လင်းယွင်တောင်စောင်းအထိ ခရီးအကွာအဝေးက မနီးလှပေ။ သူက ဟင်းလင်းပြင် ခေါက်ချိုးခြင်းကို အသုံးပြုကာ ခြေတစ်လှမ်းလျှင် ပေ ၄၀ မှ ၆၀ ခန့်အထိ ဖြတ်ကျော်နိုင်သော်လည်း မိနစ်အနည်းငယ်ခန့် အဆက်မပြတ် ပြေးလွှားပြီးမှသာ ရောက်ရှိနိုင်ခြင်းဖြစ်သည်။

အခုတော့ လီချင်းဟွာတစ်ယောက် တကယ်ကိုပဲ အင်အားကုန်ခန်းနေပြီဖြစ်သည်။

လင်းဝမ်က သူ့ကို တွဲကူပေးထားပြီး "ချင်းဟွာ... အဆင်ပြေရဲ့လား" ဟု ကမန်းကတမ်း မေးလိုက်သည်။

လီချင်းဟွာက လက်ကာပြလိုက်ပြီး အသက်ပြင်းပြင်း တစ်ချက်ရှူကာ "နည်းနည်း အားကုန်သွားရုံပါပဲ... ဒီမှာ ရပ်နေလို့ မရဘူး... ဒီနေရာက အရမ်း သိသာလွန်းတယ်... တောအုပ်ထဲကို ဝင်ပြီး နေရာတစ်နေရာရှာကြရအောင်... ငါ ခဏလောက် အနားယူပြီး အမောဖြေလိုက်ဦးမယ်" ဟု ပြောသည်။

လင်းဝမ်က ချက်ချင်း ခေါင်းညိတ်ကာ လီချင်းဟွာကို တွဲကူရင်း တောအုပ်ထဲသို့ တိုးဝင်သွားသည်။

အနည်းငယ် ကွယ်ဝှက်သောနေရာတစ်ခုကို ရှာတွေ့သောအခါ သူက မောကြီးပန်းကြီးဖြင့် အနားယူလိုက်သည်။

လင်းဝမ်က "ငါ စားစရာ တစ်ခုခု သွားရှာလိုက်ဦးမယ်" ဟု ပြောသည်။

လီချင်းဟွာက သူမကို ဆွဲထားလိုက်ပြီး "မလိုဘူး... ဒီတောင်ပေါ်မှာ သန္ဓေပြောင်းသားရဲတွေ အများကြီးရှိနိုင်တယ်... လျှောက်သွားလို့ မဖြစ်ဘူး" ဟု တားလိုက်သည်။

"ဒါပေမဲ့ နင်က"

"ငါ ခဏနားလိုက်ရင် ကောင်းသွားမှာပါ... ညီမဝမ်... မိန်တောင်မှာ ဘာတွေဖြစ်ခဲ့တာလဲ"

လီချင်းဟွာက လင်းဝမ်ကို ကြည့်ကာ လေးနက်စွာ မေးလိုက်သည်။

"မိန်တောင်မှာ ဘာတွေဖြစ်ခဲ့လို့ အချက်ပြမီးရှူးကို ဖောက်လိုက်ရတာလဲ"

လင်းဝမ်က သက်ပြင်းတစ်ချက်ချကာ "ကျွန်မသာ အချက်ပေးမီးရှူးကို မဖောက်လိုက်ရင် အဲဒီ ဆရာလင်းဆိုတဲ့သူက ရှင်တို့ကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လို့ အောင်မြင်သွားနိုင်တယ်" ဟု ပြန်ဖြေသည်။

လီချင်းဟွာ၏ အကြည့်များက စူးရှသွားပြီး "ဆရာလင်း... သူက လင်း မျိုးနွယ်လား" ဟု မေးလိုက်သည်။

လင်းဝမ်က ခေါင်းညိတ်ကာ "ဟုတ်တယ်... သူက ထိုက်ယန်တောင် ခိုလှုံရေးစခန်းရဲ့ ခေါင်းဆောင်ပဲ... ထိုက်ယန်တောင်တင် မကဘူး... မိန်တောင်ကိုလည်း သူက ထိန်းချုပ်ထားတာ... ဒီတစ်ခေါက် ကျွန်မ မိန်တောင်မှာရှိနေတုန်း မိန်တောင်တစ်တောင်လုံး သူ့လူတွေချည်းပဲဆိုတာကို ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရတယ်" ဟု ပြန်ပြောသည်။

"အဲဒီအချိန်က ချင်းမင်နဲ့ ကျွန်မက အဲဒီ ကောင်မလေးကို တားဆီးထားခဲ့တယ်... ပိုပြီး အသုံးဝင်တဲ့ အချက်အလက်တွေ ရဖို့အတွက် ချင်းမင်ကို အဲဒီကောင်မလေးခေါ်ပြီး အရင်ပြန်ခိုင်းလိုက်တာ... ကျွန်မကိုယ်တိုင်ကတော့ အဲဒီမှာ ဆက်နေပြီး ထိုက်ယန်တောင် ခိုလှုံရေးစခန်းရဲ့ အခြေအနေကို ဆက်ပြီး စုံစမ်းနေခဲ့တာ"

"မထင်မှတ်ထားဘဲ ထိုက်ယန်တောင်က လူတစ်ယောက် ရောက်လာပြီး... ဖုန်းလိန်တို့က ထူလုံကို ဖမ်းသွားတာကို လူငယ်လေးတချို့ မျက်မြင်တွေ့ခဲ့ရတယ်... ပြီးတော့ ဖီးနစ်သင်္ဘောကိုလည်း မြင်လိုက်ရတယ်လို့ လာသတင်းပို့တယ်လေ"

"အဲဒီ ဆရာလင်းဆိုတဲ့သူက ဘာလို့ ဖီးနစ်သင်္ဘောရဲ့ တည်နေရာကို အတိအကျ သိနေတာလဲဆိုတာ ကျွန်မလည်း မသိဘူး... ဒါပေမဲ့ အဲဒီအချိန်မှာ သူက အစွမ်းပိုင်ရှင်တစ်စုကို ခေါ်ပြီး ထွက်သွားပြီလေ... ဒါကြောင့် ရှင်တို့တွေ ရုတ်တရက် အတိုက်ခံရတာမျိုး မဖြစ်အောင် အချက်ပေးမီးရှူးဖောက်ပြီး ချက်ချင်း သတိပေးလိုက်ရတာပဲ"

လင်းဝမ်က ခါးသက်သက် ပြုံးလိုက်ပြီး "ဒါပေမဲ့ အဲဒီလူက အဲဒီလောက်ထိ ကြောက်စရာကောင်းလိမ့်မယ်လို့ ကျွန်မ လုံးဝကို မထင်ထားခဲ့ဘူး" ဟု ပြောသည်။

လီချင်းဟွာလည်း တိတ်ဆိတ်သွားပြီး သူ၏ မျက်နှာက အတော်လေး ဆိုးရွားနေသည်။

မှန်ပါသည်။ ညီမဝမ်က သူတို့ကို ကြိုတင်သတိပေးပြီး တိုက်ပွဲဝင်ရန် ပြင်ဆင်ထားစေခဲ့ပြီဖြစ်သည်။ သို့သော် ထိုသို့သော အခြေအနေမျိုးတွင်ပင် ဖီးနစ်သင်္ဘောပေါ်ရှိ အစွမ်းပိုင်ရှင်အားလုံးက ထိုလူ၏ ရှေ့တွင် တစ်ချက်တည်းနှင့်ပင် အပြတ်အသတ် ချေမှုန်းခံလိုက်ရသည်။

မိမိကိုယ်တိုင် ပို၍ပင် မထင်မှတ်ထားမိသည်မှာ ထိုလူက ထိုက်ယန်တောင်၏ ခေါင်းဆောင် ဖြစ်နေပြီး ထိုမျှလောက်ထိ အစွမ်းထက်နေခြင်းပင် ဖြစ်သည်။

သူကိုယ်တိုင် ဤလအနည်းငယ်အတွင်း ဟင်းလင်းပြင်အစွမ်းကို အသက်စွန့်ပြီး လေ့ကျင့်ကာ နည်းလမ်းမျိုးစုံကို စဉ်းစားကြံဆခဲ့သော်လည်း ဤလူနှင့် တွေ့ဆုံချိန်တွင်တော့ တစ်ချက်လေးမျှပင် မခုခံနိုင်ဘဲ အိမ်မရှိသော ခွေးတစ်ကောင်လို အရိုက်ခံလိုက်ရသည်။

ကျိုးချင်းမင်ကသာ အသက်စွန့်ပြီး မတားဆီးပေးခဲ့လျှင် သူက တစ်ဖက်လူ၏ လိုက်လံသတ်ဖြတ်မှုမှ လွတ်မြောက်နိုင်မည်လား ဆိုသည်မှာ သေချာရေရာမှု မရှိပေ။

ထိုအကြောင်းကို တွေးမိသည်နှင့် သူ၏မျက်နှာက ဖြူရော်သွားကာ မျှော်လင့်ချက်မဲ့သလို ခံစားလိုက်ရသည်။

ထိုလူ၏ နည်းလမ်းများ၊ ကြောက်မက်ဖွယ်ကောင်းသော စိတ်ဝိညာဉ်တိုက်ခိုက်မှု၊ ပေါက်ကွဲအားပြင်းထန်သော မီးဓာတ်အစွမ်းများ၊ အလွန်လျင်မြန်သော အလျင်၊ ထိပ်တန်းအဆင့် ရေဓာတ် ကာကွယ်ရေးအစွမ်းနှင့် ထိတ်လန့်ဖွယ်ရာ ခွန်အားကြီးမားမှုတို့ကို ပြန်လည်တွေးတောမိလိုက်သည်။

လီချင်းဟွာက ခေါင်းကွဲမတတ် စဉ်းစားသော်လည်း လူတစ်ယောက်က ဘာကြောင့် ဒီလောက်များပြားလှတဲ့ အစွမ်းတွေကို ပိုင်ဆိုင်ထားနိုင်ရသလဲဆိုသည်ကို လုံးဝ စဉ်းစား၍မရနိုင်ပေ။

"ချင်းဟွာ... အခု ကျွန်မတို့ ဘာလုပ်ကြမလဲ... ချင်းမင် ဘယ်လိုနေလဲဆိုတာလည်း မသိရဘူး" ဟု ညီမဝမ်က တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် မေးလိုက်သည်။

လီချင်းဟွာ၏ မျက်နှာက မှိုင်းညို့သွားပြီး "ချင်းမင်ကတော့ ဒီတစ်ကြိမ် ကံဆိုးဖို့ပဲ များတယ်... အဲဒီလူက တိုက်ခိုက်တာ အရမ်းရက်စက်တယ်... ပြီးတော့ စွမ်းအားကလည်း အရမ်းကြီးမားတော့ ချင်းမင် ထွက်ပြေးလွတ်မြောက်နိုင်မယ့် အခွင့်အရေးက သိပ်မများဘူး" ဟု ပြန်ဖြေသည်။

ညီမဝမ်က "ဒါဆို ဘယ်လိုလုပ်ကြမလဲ" ဟု အလိုလို မေးမိသွားသည်။

လီချင်းဟွာက အသက်ပြင်းပြင်းရှူကာ "ငါနဲ့ သူက အရင်ကတည်းက တိုင်ပင်ထားပြီးသားပါ... တကယ်လို့ မထင်မှတ်ထားတဲ့ အခြေအနေတစ်ခုခု ဖြစ်လာရင် လင်းယွင်တောင်စောင်းမှာ ပြန်ဆုံကြမယ်လို့ပေါ့" ဟု ပြောသည်။

"ငါတို့ ခဏလောက် အနားယူကြမယ်... ချင်းမင်သာ မသေသေးဘူးဆိုရင် သူ့ကို ကယ်တင်ဖို့ ငါ့မှာ နည်းလမ်းရှိတယ်"

ညီမဝမ်က "ရှင့်မှာ ကောင်းတဲ့နည်းလမ်းတစ်ခုခု ရှိလို့လား" ဟု ကမန်းကတမ်း မေးလိုက်သည်။

"အသက် အသက်ချင်း လဲမယ်" လီချင်းဟွာက အေးစက်စူးရှသော အမူအရာကို ပြသလိုက်သည်။

ညီမဝမ်က နားမလည်နိုင်စွာဖြင့် "အသက် အသက်ချင်း လဲမယ် ဟုတ်လား" ဟု ပြန်မေးလိုက်သည်။

"အင်း... ငါ့ခွန်အားတွေ ပြန်ပြည့်လာတဲ့အထိ စောင့်ဦး... နင်က ထိုက်ယန်တောင်ကို ခိုးဝင်ပြီး လင်း မျိုးနွယ်ဆီမှာ သူ အရမ်းအလေးထားတဲ့သူ ရှိမရှိ စုံစမ်းရမယ်... အဲဒီအချိန်ကျရင် အဲဒီလူကို ကိုယ်တိုင် သွားဖမ်းလာခဲ့မယ်"

"ချင်းမင်သာ မသေသေးဘူးဆိုရင် အဲဒီလူနဲ့ ချင်းမင်ကို လဲလှယ်ဖို့ ငါတို့ အသုံးပြုလို့ရတယ်"

လင်းဝမ်က ထိုစကားကို ကြားသောအခါ "ဒါကလည်း နည်းလမ်းတစ်ခုပါပဲ... ဒါဆို ရှင် ခဏနားလိုက်ဦး... ကျွန်မ အနီးအနားမှာ ရေနည်းနည်း သွားရှာလိုက်မယ်" ဟု ပြောလိုက်သည်။

"အရမ်းဝေးဝေး မသွားနဲ့နော်... ဒီလင်းယွင်တောင်စောင်းမှာ သန္ဓေပြောင်းသားရဲတွေ သေချာပေါက် ရှိနိုင်တယ်"

"ကျွန်မ သိပါတယ်... စိတ်ချပါ... ကျွန်မ ဒီနားလေးမှာပဲ ရှိနေမှာပါ"

လီချင်းဟွာက ခေါင်းအသာညိတ်ပြကာ လင်းဝမ်ကို ထွက်သွားခွင့်ပြုလိုက်သည်။

လင်းဝမ်က သစ်တောလမ်းတစ်လျှောက် သန့်ရှင်းသော ရေအရင်းအမြစ်ကို ရှာဖွေရင်း စိတ်ထဲတွင် "တောအုပ်ထဲမှာ အန္တရာယ်ရှိနိုင်တယ်... မြစ်ကမ်းဘေးက ပိုပြီး လုံခြုံလိမ့်မယ်... ဗိုက်ဆာပြေအောင် သန္ဓေပြောင်း ငါးနှစ်ကောင်လောက် သွားရှာလိုက်ဦးမယ်" ဟု တွေးလိုက်သည်။

လီချင်းဟွာက ယခုအချိန်တွင် အစွမ်းများစွာ သုံးစွဲထားရသဖြင့် အားအမြန်ပြန်ပြည့်ရန်အတွက် အာဟာရဖြည့်တင်းရန် လိုအပ်သည်။

အသားနီစားခြင်းက အစွမ်းများကို ပြန်လည်ဖြည့်တင်းရန် အကောင်းဆုံးဖြစ်သော်လည်း တောတောင်ထဲတွင် အန္တရာယ်များသဖြင့် ငါးသားကိုသာ စားရတော့မည်ဖြစ်သည်။

သူမက မြစ်ကမ်းဘေးသို့ သတိထားကာ သွားရောက်ခဲ့ပြီး အကြောင်းတစ်ခုခု ဖြစ်လာမည်ကို ကာကွယ်ရန်အတွက် သူမ၏ ရုပ်သွင်ကို လုံးဝ ပြောင်းလဲလိုက်ပြီးမှ မြစ်ကမ်းဘေးတွင် ငါးဖမ်းရန် ထွက်ပေါ်လာခဲ့သည်။

တကယ်လို့များ လင်း မျိုးနွယ်တို့အုပ်စု လိုက်လာခဲ့လျှင် ရုပ်သွင်ပြောင်းလဲထားသောကြောင့် တစ်ဖက်လူက သူမကို မှတ်မိမည်မဟုတ်ဘဲ ထွက်ပြေးရန် အခွင့်အရေး ရရှိမည်ဖြစ်သည်။

လင်းယွင်တောင်စောင်းက တကယ်ကို လူသူအရောက်အပေါက် နည်းပါးလှသည်။ ရေကြီးရေလျှံမှုကြီး ဖြစ်ပွားပြီးချိန်မှစ၍ ယခုအထိ လင်းယွင်တောင်စောင်းဆီသို့ တမင်တကာ လာရောက် ခိုလှုံသူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ပေ။

သူမက မြစ်ကမ်းဘေးသို့ ရောက်ရှိလာပြီး ရေလွှမ်းနေသော ပတ်ဝန်းကျင်ရှိ မြက်ခင်းပြင်နှင့် ရေအိုင်ငယ်များအတွင်း သန္ဓေပြောင်းငါးများကို ရှာဖွေနေသည်။

ထိုအချိန်မှာပင် ရေပြင်ပေါ်တွင် ရေလှိုင်းများနှင့်အတူ မျောပါလာသော လူတစ်ယောက်ကို သူမ မြင်တွေ့လိုက်ရသည်။

လင်းဝမ်မှာ ရုတ်တရက် ရင်ပူသွားပြီး ရေမှော်ပင်များကြားတွင် ကမန်းကတမ်း ပုန်းကွယ်လိုက်သည်။ ထို့နောက် ထိုလူကို သေချာစွာ ကြည့်လိုက်သောအခါ "ချင်းမင်" ဟု ရုတ်တရက် အော်ဟစ်လိုက်မိသည်။

လင်းဝမ်က မယုံကြည်နိုင်စွာဖြင့် ရေထဲသို့ဆင်းကာ အလျင်အမြန် ကူးခတ်သွားသည်။

မကြာမီမှာပင် သူမက ထိုလူ၏ အနီးသို့ ရောက်ရှိသွားပြီး အနီးကပ် ကြည့်လိုက်သောအခါ တကယ်ပင် ချင်းမင် ဖြစ်နေသည်။

သို့သော် ယခုအချိန်တွင် ချင်းမင်မှာ အလွန်အမင်း ပိန်ချုံးနေပြီး အရေခွံနှင့် အရိုးသာ ကျန်တော့သည်အထိ ကြောက်မက်ဖွယ်ကောင်းလှသည်။

သူမမှာ ချက်ချင်းပင် အလွန် စိုးရိမ်သွားပြီး ချင်းမင်ကို ကုန်းပေါ်သို့ ကမန်းကတမ်း ဆယ်တင်လိုက်သည်။ ထို့နောက် စားစရာရှာရန်ပင် ဂရုမစိုက်နိုင်တော့ဘဲ ချင်းမင်ကို ကျောပိုးကာ လီချင်းဟွာဆီသို့ အလျင်အမြန် ပြေးသွားခဲ့သည်။

မကြာမီတွင် သူမက ပြန်လည်ရောက်ရှိလာပြီး "ချင်းဟွာ... ချင်းဟွာ... ကျွန်မ ချင်းမင်ကို ရှာတွေ့ခဲ့ပြီ... ရှင် အမြန် လာကြည့်ပါဦး" ဟု စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။

မျက်စိမှိတ်၍ အနားယူနေသော လီချင်းဟွာက ထိုစကားကို ကြားသောအခါ သစ်ပင်ကြီးကို ကိုင်ကာ ကမန်းကတမ်း မတ်တတ်ရပ်လိုက်ပြီး လင်းဝမ်၏ ကျောပေါ်ရှိ ကျိုးချင်းမင်ကို သံသယနှင့် စိုးရိမ်မှုများ ရောယှက်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

ကျိုးချင်းမင်၏ ပုံပန်းသဏ္ဌာန်ကို ရှင်းလင်းစွာ မြင်လိုက်ရသောအခါ သူက ရုတ်တရက် အံ့ဩတကြီးဖြင့် "တကယ်ကြီး ချင်းမင်လား" ဟု မေးလိုက်သည်။

သူက အကူအညီပေးရန် ချက်ချင်း ရှေ့သို့ တိုးသွားပြီး သူတို့နှစ်ဦး ပူးပေါင်းကာ ကျိုးချင်းမင်ကို မြေကြီးပေါ်သို့ ချပေးလိုက်သည်။

လင်းဝမ်က "ချင်းမင် ဘာဖြစ်သွားတာလဲ" ဟု ကမန်းကတမ်း မေးလိုက်သည်။

လီချင်းဟွာက "သူ မြူခိုးအသွင်ပြောင်းနေတဲ့အချိန်မှာ ဒဏ်ရာရသွားတာပဲ... အဲဒီလို အခြေအနေမျိုးမှာ သွေးမြူခိုးတွေ အများကြီး ဆုံးရှုံးသွားရင် တကယ်တော့ သူ့ရဲ့ အသက်သွေးကို စားသုံးပစ်တာနဲ့ အတူတူပဲ" ဟု ပြန်ဖြေသည်။

"ဒါဆို အခု ဘယ်လိုလုပ်ကြမလဲ"

"တိတ်တဆိတ် အနားယူဖို့ လိုတယ်... ပြီးတော့ အာဟာရဖြည့်တင်းဖို့လည်း လိုတယ်... သူ အသားစားဖို့ လိုအပ်တယ်" ဟု လီချင်းဟွာက ပြောသည်။

လင်းဝမ်က ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး "ကျွန်မ သွားရှာလိုက်မယ်" ဟု ပြောသည်။

လီချင်းဟွာက ကမန်းကတမ်း "နေပါဦး... နင် နေခဲ့... ငါ သွားရှာမယ်... ဒီတောအုပ်ထဲမှာက မလုံခြုံဘူး... နင် ဒီမှာပဲ သူ့ကို ပြုစုပေးနေ" ဟု တားလိုက်သည်။

လင်းဝမ်က မနေနိုင်ဘဲ "ရှင့် အားတွေ ပြန်ပြည့်ပြီလား" ဟု မေးလိုက်သည်။

"ကိစ္စမရှိပါဘူး... နည်းနည်း ပြန်ပြည့်လာပါပြီ... သန္ဓေပြောင်းသားရဲ နှစ်ကောင်လောက် ဖမ်းဖို့ကတော့ ပြဿနာ မရှိပါဘူး"

သူက မတ်တတ်ရပ်ကာ တောအုပ်ထဲသို့ ဝင်သွားပြီး ၅ မိနစ်ခန့်အကြာတွင် သူ၏ လက်ထဲ၌ တောကြက်တစ်ကောင်ကို ကိုင်ဆောင်လျက် ပြန်လည်ရောက်ရှိလာသည်။

လင်းဝမ်မှာ ရုတ်တရက် ဝမ်းသာအားရဖြစ်သွားပြီး "ဒီလောက် မြန်တာလား" ဟု မေးလိုက်သည်။

လီချင်းဟွာ၏ မျက်နှာက လေးနက်သွားပြီး "ဒီလင်းယွင်တောင်စောင်းမှာ သန္ဓေပြောင်းသားရဲတွေက ထင်ထားတာထက်တောင် ပိုများနေတယ်... ငါ နည်းနည်းလေး ဝင်သွားတာနဲ့တင် သန္ဓေပြောင်းသားရဲ တော်တော်များများကို တွေ့လိုက်ရတယ်" ဟု ပြန်ဖြေသည်။

"သန္ဓေပြောင်းသားရဲတွေ ရှိနေတာက ကောင်းတဲ့ကိစ္စပဲ... ဒီနေရာမှာ လူမရှိဘူးဆိုတာကို သက်သေပြနေတာပဲလေ... ကျွန်မ တောကြက်ကို အမွေးနုတ်လိုက်ဦးမယ်"

လင်းဝမ်က ထိုလေးလံသော တောကြက်ကို လှမ်းယူလိုက်သည်။ ဤသည်မှာ သန္ဓေပြောင်းပြီးနောက် တောကြက်တစ်ကောင်ဖြစ်ကြောင်း သိသာထင်ရှားလှပြီး ၎င်း၏ အရွယ်အစားမှာ ရေကြီးရေလျှံမှု မဖြစ်ပွားမီက တောကြက်များထက် အတော်လေး ကြီးမားနေသည်။

သူမက လျင်မြန်သွက်လက်စွာဖြင့် အမွေးများနှုတ်ကာ ဗိုက်ခွဲပြီး သန္ဓေပြောင်း တောကြက်ကို အလျင်အမြန် ရှင်းလင်းလိုက်သည်။ ထို့နောက် အလျင်အမြန် မီးမွှေးကာ စတင် ကင်လေတော့သည်။

မကြာမီမှာပင် သန္ဓေပြောင်း တောကြက်မှာ ကျက်သွားခဲ့ပြီး သူမက ကြက်ပေါင်နှစ်ခုကို အလျင်အမြန် ဆွဲဖြုတ်ကာ လီချင်းဟွာကို ကမ်းပေးလိုက်သည်။

လီချင်းဟွာက ကြက်ပေါင်တစ်ခုကို ယူလိုက်ပြီး နောက်တစ်ခုကို ပြန်တွန်းပေးကာ "နင်လည်း စားလေ" ဟု ပြောသည်။

"ချင်းဟွာ... ရှင်ပဲ စားပါ... ရှင်က ကျွန်မတို့ထဲမှာ တိုက်ခိုက်ရေးစွမ်းအား အမြင့်ဆုံးလူပဲလေ... ရှင်အရင် အားပြန်ပြည့်လာမှပဲ ကျွန်မတို့ အသက်ရှင်ဖို့ အခွင့်အရေးရှိမှာ" ဟု ညီမဝမ်က တိုက်တွန်းလိုက်သည်။

လီချင်းဟွာက ခဏမျှ စဉ်းစားလိုက်ပြီး "ဒါဆို ဒီကြက်ပေါင်ကို ချင်းမင်အတွက် ချန်ထားလိုက်... သူက အာဟာရဖြည့်တင်းဖို့ ပိုလိုတယ်" ဟု ပြန်ပြောသည်။

"ငါ ကြက်တောင်ပံ နည်းနည်းစားလိုက်မယ်"

ထိုအချိန်တွင် သူတို့နှစ်ဦးက အလျင်အမြန် စတင်စားသောက်လိုက်ကြသည်။ ကြက်တစ်ဝက်ခန့် စားပြီးသွားသောအခါ လီချင်းဟွာ၏ မျက်နှာက အတော်လေး ကောင်းမွန်လာခဲ့သည်။

ထိုစဉ် ချင်းမင်လည်း သတိရလာခဲ့ပြီး လီချင်းဟွာနှင့် လင်းဝမ်တို့ကို မြင်လိုက်ရသောအခါ စိုးရိမ်နေသော မျက်နှာက ရုတ်တရက် လျော့ကျသွားပြီး "ငါ ဘယ်လိုလုပ် ဒီရောက်နေတာလဲ" ဟု ခက်ခဲစွာ မေးလိုက်သည်။

လင်းဝမ်က ချက်ချင်းပင် "ကျွန်မ မြစ်ကမ်းဘေးမှာ ရှင့်ကို တွေ့ခဲ့တာ... ရှင့် ဒဏ်ရာ ဘယ်လိုနေသေးလဲ" ဟု မေးလိုက်သည်။

ပြောရင်းနှင့်ပင် သူမက ကြက်ပေါင်နှစ်ခုကို ကမ်းပေးလိုက်သည်။

ချင်းမင်ကလည်း ဟန်ဆောင်မနေတော့ဘဲ ကြက်ပေါင်တစ်ခုကို ဆွဲယူကာ အငမ်းမရ စားသောက်လေတော့သည်။

သူ၏ အစွမ်းမှာ မြူခိုးအသွင်ပြောင်းခြင်းဖြစ်ပြီး အသက်သွေးနှင့် အလွန်ပတ်သက်မှုရှိသည်။

ဒဏ်ရာရပြီးနောက် အကောင်းဆုံးနည်းလမ်းမှာ အစာစားကာ ခန္ဓာကိုယ်ကို အာဟာရဖြည့်တင်းပေးခြင်းပင် ဖြစ်သည်။

ကြက်ပေါင် နှစ်ခုလုံးကို စားလိုက်ပြီးနောက် ဖယောင်းလို ဝါဖျော့နေသော သူ၏ မျက်နှာက အနည်းငယ် ကောင်းမွန်လာခဲ့သည်။

လင်းဝမ်က ကျန်ရှိနေသော သန္ဓေပြောင်း တောကြက်အသားအားလုံးကို သူ့ထံသို့ ကမ်းပေးလိုက်သည်။

ကျိုးချင်းမင်က အားနာမနေတော့ဘဲ တစ်ဖက်က စားရင်း တစ်ဖက်က "ငါ ကိစ္စမရှိပါဘူး... အသက်သွေးတွေ အများကြီး ဆုံးရှုံးသွားရုံတင်ပါ... အဲဒီလူက အရမ်းကို အစွမ်းထက်တယ်... မီးတစ်ချက်နဲ့တင် ငါ့ရဲ့ သွေးမြူခိုးတွေကို ခြောက်ခန်းသွားမတတ် လောင်ကျွမ်းပစ်လိုက်တာ" ဟု ပြောသည်။

လီချင်းဟွာက မျက်မှောင်ကြုတ်ကာ "ချင်းမင်... မင်း ဘယ်လိုလုပ် လွတ်လာတာလဲ" ဟု မေးလိုက်သည်။

ကျိုးချင်းမင်က ကြက်သားတစ်တုံးကို မျိုချလိုက်ပြီး "သူတို့လည်း သတိလက်လွတ်ဖြစ်သွားတဲ့ပုံပဲ... ငါ့ လက်တွေခြေတွေကို ကြိုးတုပ်ပြီး ငါးစာကျွေးဖို့ ရေအောက်ကို မြုပ်ပစ်လိုက်တယ်လေ" ဟု ပြန်ဖြေသည်။

"ဒါပေမဲ့ သူတို့ မေ့သွားတာက ငါ့ခန္ဓာကိုယ်ကို မြူခိုးအဖြစ် ပြောင်းလဲနိုင်တယ်ဆိုတာကိုပဲ... ဒီကြိုးတွေက ငါ့ကို ဘယ်လိုလုပ် တုပ်နှောင်ထားနိုင်မှာလဲ"

"ငါ ရေအောက်ကို နစ်သွားတာနဲ့ ချက်ချင်း အစွမ်းကို ထုတ်သုံးလိုက်ပြီး သွေးမြူခိုးအဖြစ်နဲ့ ရေပြင်ပေါ်မှာ အချိန်အတော်ကြာအောင် ပျံသန်းလာတာ... လင်းယွင်တောင်စောင်းကို ရောက်ခါနီးမှာ တကယ်ကို အားမရှိတော့ဘူး... အစွမ်းတွေလည်း ကုန်သွားတော့ ငါ အဲဒီအချိန်မှာ သတိလစ်သွားတာပဲ"

"ဒီဘဝတော့ ပြီးသွားပြီလို့ ထင်နေတာ... မင်းတို့နဲ့ ပြန်တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး"

ပြောရင်းနှင့်ပင် နောက်ဆုံးကျန်ရှိနေသော ကြက်အဆီဖူးကို အငမ်းမရ စတင်စားသောက်လေတော့သည်။

လင်းဝမ်က "ဒါဆို ကံကောင်းတာပဲပေါ့" ဟု အလိုလို ဝမ်းသာအားရ ပြောလိုက်မိသည်။

လီချင်းဟွာ၏ မျက်နှာက ရုတ်တရက် အနည်းငယ် ပြောင်းလဲသွားပြီး "မဟုတ်ဘူး... တစ်ခုခု မှားနေတယ်" ဟု ရုတ်ခြည်း မတ်တတ်ရပ်လိုက်သည်။

သူတို့နှစ်ဦးလုံး အံ့ဩသွားကြပြီး သူ့ကို ကမန်းကတမ်း မော့ကြည့်လိုက်ကြသည်။

ညီမဝမ်က "ချင်းဟွာ... ရှင် ဘာဖြစ်လို့လဲ" ဟု မေးလိုက်သည်။

လီချင်းဟွာက အလျင်အမြန်ဖြင့် "မဟုတ်ဘူး... ဒါ မဖြစ်နိုင်ဘူး... ချင်းမင် ခန္ဓာကိုယ်ကို မြူခိုးအဖြစ် ပြောင်းလဲနိုင်တယ်ဆိုတာကို လင်း မျိုးနွယ်က ကိုယ်တိုင် မျက်မြင်တွေ့ထားတာပဲ... သူက တကယ်ပဲ မင်းကို ငါးစာကျွေးဖို့ ရေအောက်ကို မြုပ်ပစ်ချင်တယ်ဆိုရင်တောင် မင်း သတိရနေတဲ့အချိန်မှာ ရေထဲကို လုံးဝ ပစ်မချလောက်ဘူး" ဟု ပြောသည်။

"သူက ဒီလောက်ထိ မတုံးနိုင်ဘူး... ဒါ တစ်ခုခု မှားနေတယ်"

ကျိုးချင်းမင်၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားပြီး "ဒါဆို သူက ငါ့ကို ဘာလို့ လွှတ်ပေးလိုက်တာလဲ" ဟု မေးလိုက်သည်။

ညီမဝမ်ကလည်း ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး မျက်နှာပျက်ယွင်းကာ "ဒုက္ခပဲ... ချင်းမင် ထောင်ချောက်မိသွားပြီ" ဟု ပြောလိုက်သည်။

လီချင်းဟွာလည်း ချက်ချင်း သတိဝင်လာပြီး "သူက ချင်းမင်ကို တမင်သက်သက် လွှတ်ပေးလိုက်တာ... ချင်းမင်ကို ငါတို့နဲ့ လာပူးပေါင်းခိုင်းတာပဲ... သူ့ရဲ့ ပစ်မှတ်က ငါတို့တွေပဲ" ဟု ပြောသည်။

ကျိုးချင်းမင်မှာ ချက်ချင်းပင် မျက်နှာပျက်ယွင်းသွားပြီး ပါးစပ်ထဲမှ ကြက်သားကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အားနည်းစွာဖြင့် ချက်ချင်း မတ်တတ်ရပ်ကာ "မြန်မြန်... မင်းတို့ မြန်မြန် သွားကြတော့... ဒီနေရာက မြန်မြန် ထွက်သွားကြ" ဟု ပြောလိုက်သည်။

ညီမဝမ်က ကမန်းကတမ်း "သေချာတာတော့ မဟုတ်သေးပါဘူး... လင်းယွင်တောင်စောင်းက ဒီလောက်ကြီးတာကို... သူက ကျွန်မတို့ ဒီမှာ ပုန်းနေတယ်ဆိုတာကို သိရင်တောင် ကျွန်မတို့ကို ရှာတွေ့နိုင်မှာ မဟုတ်ဘူး... ဟုတ်တယ်မလား ချင်းဟွာ" ဟု မေးလိုက်သည်။

လီချင်းဟွာ၏ အတွေးများက ရှုပ်ထွေးသွားပြီး ရုတ်တရက် ကိစ္စတစ်ခုကို သတိရသွားကာ "မဟုတ်ဘူး... သူ့မှာ သေချာပေါက် ငါတို့ကို ရှာတွေ့နိုင်တဲ့ နည်းလမ်းရှိတယ်" ဟု ချက်ချင်း ပြောလိုက်သည်။

"ဘာ" ညီမဝမ်မှာ မျက်နှာပျက်ယွင်းသွားပြီး အံ့အားသင့်စွာဖြင့် မေးလိုက်သည်။

လီချင်းဟွာက အလျင်အမြန်ဖြင့် "သူ့မှာ သေချာပေါက် လူရှာနိုင်တဲ့ စွမ်းရည်ရှိရမယ်... မဟုတ်ရင် အစကတည်းက သူက ဘာလို့ ဖီးနစ်သင်္ဘောရဲ့ တည်နေရာကို ချက်ချင်း အတည်ပြုနိုင်ခဲ့တာလဲ" ဟု ပြောသည်။

ထိုစကားတစ်ခွန်းကြောင့် ညီမဝမ်၏ မျက်နှာက ချက်ချင်း ဆိုးရွားသွားခဲ့သည်။

ကျိုးချင်းမင်မှာတော့ အူတွေပြတ်မတတ် နောင်တရသွားပြီး "မင်းတို့ ချက်ချင်း ငါနဲ့ လမ်းခွဲပြီး ပြေးကြ... သူ့မှာ လူရှာနိုင်တဲ့ စွမ်းရည်ရှိရင်တောင် ငါ့ကိုပဲ ရှာနိုင်မှာပါ... မဟုတ်ရင် မင်းတို့ကိုရှာဖို့ ငါ့ကို အသုံးချနေစရာ အကြောင်းကို မရှိတာ" ဟု တုံ့ဆိုင်းမှုမရှိဘဲ ပြောလိုက်သည်။

ပြောရင်းနှင့်ပင် သူက ခေါင်းလှည့်ကာ တောအုပ်ထဲသို့ ပြေးဝင်သွားသည်။

ညီမဝမ်က တစ်ခုခု ဆက်ပြောချင်သေးသော်လည်း လီချင်းဟွာက သူမကို ဖမ်းဆွဲလိုက်ပြီး "ချင်းမင်ပြောတာ မှန်တယ်... ငါတို့ သူ့ဆီကနေ ခွဲထွက်သွားမှ ရမယ်... မြန်မြန်သွား" ဟု ပြောသည်။

ပြောရင်းနှင့်ပင် သူက ညီမဝမ်ကို ဆွဲခေါ်ကာ ထွက်ခွာတော့မည်ဖြစ်သည်။

သို့သော် သူ လှုပ်ရှားတော့မည့်ဆဲဆဲမှာပင် ရုတ်တရက် တစ်ခုခုကို သတိထားမိသွားပြီး ရုတ်ခြည်း မော့ကာ ကောင်းကင်ကို ကြည့်လိုက်သည်။

လေပေါ်တွင် လမ်းလျှောက်လာသော လူရိပ်တစ်ခုကို မြင်လိုက်ရသည်။

သူ၏ မျက်လုံးအိမ်များက ရုတ်တရက် ကျုံ့ဝင်သွားပြီး "မြန်မြန် သွား" ဟု ချက်ချင်း အော်ဟစ်လိုက်သည်။

လီချင်းဟွာက လင်းဝမ်ကို အားကုန်ဆွဲလိုက်သော်လည်း နောက်တစ်စက္ကန့်တွင် လက်ကောက်ဝတ်မှ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။

လင်းဝမ်က သူ၏ လက်ကောက်ဝတ်ကို ချက်ချင်း ချိုးလိုက်ပြီး ကျောဘက်သို့ ဆွဲလှည့်လိုက်သည်ကို တွေ့လိုက်ရသည်။

တစ်ချိန်တည်းမှာပင် သူမ၏ ညာဘက်ခြေထောက်က သူ၏ ဒူးခေါက်ကွေးကို ကန်လိုက်သဖြင့် လီချင်းဟွာတစ်ယောက်လုံး ထိန်းချုပ်မရဘဲ ဒူးထောက်ကျသွားသည်။

လင်းဝမ်၏ အခြားလက်တစ်ဖက်တွင် ဓားမြှောင်တစ်လက်ကို ဆုပ်ကိုင်ထားပြီး သူ၏ လည်ပင်းကို တိုက်ရိုက် ထောက်ထားလိုက်သည်။

လီချင်းဟွာက မယုံကြည်နိုင်စွာဖြင့် မော့ကြည့်ကာ နောက်ကျောဘက်ရှိ လင်းဝမ်ကို ကြည့်လိုက်သည်။

"ညီမဝမ်... နင်"

ထိုသို့ ကြည့်လိုက်သောအခါ တစ်ခုခု မှားယွင်းနေကြောင်း သူ ရုတ်တရက် သတိထားမိသွားသည်။

ညီမဝမ်၏ မျက်လုံးအိမ်များက နီရဲနေပြီး မျက်ရည်များပင် ကျလာလုမတတ် ဖြစ်နေသော်လည်း သူမ၏ မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှ မရှိဘဲ လှုပ်ရှားမှုများအားလုံးနှင့် သူမ၏ မျက်လုံးများမှ ထုတ်ဖော်ပြသနေသော ခံစားချက်များက လုံးဝကို ကိုက်ညီမှု မရှိပေ။

လီချင်းဟွာက ရုတ်တရက် သဘောပေါက်သွားသည်။ ညီမဝမ် ထိန်းချုပ်ခံလိုက်ရပြီဖြစ်သည်။

သူက လေပေါ်မှ လမ်းလျှောက်လာသော ထိုအမျိုးသားကို ချက်ချင်း လှည့်ကြည့်လိုက်ရာ မျက်နှာက အဆိုးရွားဆုံး ဖြစ်နေသည်။

"လင်း မျိုးနွယ်... မင်း ဘာလုပ်လိုက်တာလဲ"

လင်းယွမ်က လေပေါ်မှ လမ်းလျှောက်လာကာ အသာအယာ ဆင်းသက်လာပြီး ပြုံးလျက် "ဒီတစ်ခေါက်တော့ မင်းကို လုံးဝ အလွတ်မပေးတော့ဘူးလို့ ငါ ပြောခဲ့တယ်လေ" ဟု ပြောသည်။

လီချင်းဟွာက အံကြိတ်ကာ "မင်း နိုင်သွားပြီ... ငါ အရှုံးပေးတယ်... မင်း ငါ့ကို သတ်ချင်ရင် သတ်နိုင်တယ်... ငါ့အဖော်တွေကိုတော့ ဒုက္ခမပေးပါနဲ့" ဟု ပြောသည်။

လင်းယွမ်က အံ့ဩသွားပြီး "ဒီလိုအချိန်ရောက်မှ မင်းက ငါ့ကို စည်းကမ်းချက်တွေ လာတောင်းဆိုဖို့ အရည်အချင်းရှိသေးတယ်လို့ ထင်နေတာလား" ဟု ပြန်မေးလိုက်သည်။

"ငါသာ သတ်ချင်ရင် ဘာလို့ အတူတူ မသတ်ရမှာလဲ... မင်းရဲ့ အဖော်တွေကို ချန်ထားပြီး ငါ့ကို လက်တုံ့ပြန်ဖို့ အခွင့်အရေးပေးရမှာလား"

လီချင်းဟွာမှာ ရုတ်တရက် ဆွံ့အသွားပြီး တစ်ခဏမျှ ဘာပြောရမှန်းပင် မသိတော့ပေ။

ထိုစဉ် အဝေးသို့ ပြေးထွက်သွားပြီဖြစ်သော ကျိုးချင်းမင်က ခေါင်းလှည့်ကြည့်လိုက်ရာ ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် ရုတ်တရက် မျက်နှာက ဖြူလျော့သွားသည်။

သူက ဆက်မပြေးတော့ဘဲ လင်းယွမ်ဆီသို့ လှည့်ပြေးလာကာ "ငါ မင်းနဲ့ အသေခံတိုက်မယ်... ငါ မင်းနဲ့ အသေခံတိုက်မယ်" ဟု အော်ဟစ်လိုက်သည်။

ပြေးလွှားနေစဉ်အတွင်း သူက အစွမ်းကုန် အသုံးပြုကာ ခန္ဓာကိုယ်ကို မြူခိုးအဖြစ် ပြောင်းလဲလိုက်ပြီး လင်းယွမ်ဆီသို့ အသေအလဲ တိုးဝင်သွားသည်။

လင်းယွမ်က သဲ့သဲ့လေး ပြုံးလိုက်ပြီး ခေါင်းအသာရမ်းကာ "မင်း ထပ်တိုးလာရင် ဒီဟင်းလင်းပြင် အစွမ်းပိုင်ရှင်ကို အရင်သတ်ပစ်မယ်" ဟု ပြောလိုက်သည်။

သွေးမြူခိုးများက ရုတ်တရက် ပြင်းထန်စွာ လှိမ့်တက်လာပြီး အလျင်အမြန် ရပ်တန့်သွားကာ ကျိုးချင်းမင်၏ ပုံပန်းသဏ္ဌာန်အဖြစ် ပြန်လည် စုစည်းသွားသည်။

သူက အသက်ပြင်းပြင်းရှူကာ လင်းယွမ်ကို စိုက်ကြည့်လိုက်ပြီး လီချင်းဟွာ၏ လည်ပင်းကိုလည်း ထပ်ကြည့်လိုက်သည်။

ကျိုးချင်းမင်က မျက်လုံးများ နီရဲနေလျက် "တောင်းပန်ပါတယ်... ချင်းဟွာ... ညီမဝမ်... အားလုံး ငါ့အမှားပါ... ငါက သူ့ကို ခေါ်လာမိတာပါ" ဟု ပြောသည်။

လီချင်းဟွာက သက်ပြင်းတစ်ချက်ချကာ ကျိုးချင်းမင်ကို "ချင်းမင်... မင်းအမှား မဟုတ်ပါဘူး" ဟု ပြောလိုက်သည်။

သူက လင်းယွမ်ဘက်သို့ လှည့်ကြည့်ကာ "မင်း ဘာဖြစ်ချင်တာလဲ" ဟု မေးလိုက်သည်။

လင်းယွမ်က ပြုံးကာ "ဟမ်... မင်းဆီကနေ ငါ ဘာရနိုင်မယ်လို့ မင်း ထင်လဲ" ဟု ပြန်မေးလိုက်သည်။

လီချင်းဟွာက ခေါင်းမော့ကာ လင်းယွမ်ကို ကြည့်ပြီး "မင်း ငါ့ကို ချက်ချင်း မသတ်ဘူးဆိုကတည်းက ငါက မင်းအတွက် အသုံးဝင်တယ်ဆိုတာကို ပြနေတာပဲ... ဟုတ်တယ်မလား" ဟု လေးနက်သော အသံဖြင့် ပြောသည်။

"မင်း ငါ့ကို ဘာလုပ်စေချင်တာလဲ"

လင်းယွမ်က အလိုလို လက်ခုပ်တီးလိုက်မိပြီး "မင်းက တကယ်ကို ဉာဏ်ကောင်းတာပဲ... ပွင့်ပွင့်လင်းလင်း ပြောရရင် ဟင်းလင်းပြင် အစွမ်းပိုင်ရှင်ဆိုတာ တကယ်ကို တွေ့ရခဲတယ်... ဒါကြောင့် ငါ မင်းကို ချက်ချင်း မသတ်ဘဲ မင်းနဲ့ သေချာ စကားပြောချင်နေတာ" ဟု ပြုံး၍ ပြောသည်။

လီချင်းဟွာက "မင်း ဘာအကြောင်းပြောချင်တာလဲ" ဟု မေးလိုက်သည်။

"ဟားဟား... စကားမပြောခင် ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ဖို့ လိုမယ် မထင်ဘူးလား"

"မင်းလည်း ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ရသေးတာ မဟုတ်ဘူးလေ"

လင်းယွမ်က ခေါင်းညိတ်ကာ "ပြောတာ မှန်တယ်... ဒါဆိုလည်း ငါ့ကိုယ်ငါ အရင်မိတ်ဆက်ပါ့မယ်... ငါက လင်း မျိုးနွယ်... နာမည်က ယွမ် ပါ... အားလုံးကတော့ ငါ့ကို ဆရာလင်းလို့ ခေါ်ကြတယ်" ဟု ပြောသည်။

"အော်... မင်းလည်း ကြားဖူးလောက်မှာပါ... ငါက ထိုက်ယန်တောင် ခိုလှုံရေးစခန်းရဲ့ ခေါင်းဆောင်လေ... အော် ဒါနဲ့... အခုဆိုရင် မိန်တောင်ကလည်း ငါ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရောက်နေပြီ"

သူက ပြောပြီးနောက် လီချင်းဟွာကို ကြည့်လိုက်သည်။

လီချင်းဟွာက အသက်ပြင်းပြင်းရှူကာ "ငါကလီချင်းဟွာ... မင်းမြင်တဲ့အတိုင်းပဲ ငါက ဟင်းလင်းပြင် အစွမ်းပိုင်ရှင်တစ်ယောက်... အရင်ကတော့ လီရွှေဥယျာဉ်မှာ နေတယ်... ရေကြီးရေလျှံမှုကြီး ဖြစ်ပြီးတဲ့နောက် လီရွှေဥယျာဉ်မှာ ကြောက်စရာကောင်းတဲ့ သန္ဓေပြောင်းလူတွေ ပေါ်လာခဲ့တယ်... ငါက အစွမ်းနိုးထလို့ ကြုံရတဲ့အန္တရာယ်ကနေ ကံကောင်းထောက်မစွာနဲ့ ကျော်ဖြတ်နိုင်ခဲ့ပြီး ဟင်းလင်းပြင် အစွမ်းပိုင်ရှင် ဖြစ်လာခဲ့တာပဲ... ချင်းမင်နဲ့ ညီမဝမ်တို့နဲ့လည်း ဆုံခဲ့တယ်" ဟု လေးနက်သော အသံဖြင့် ပြောသည်။

"ငါတို့ ပူးပေါင်းပြီး အဆောက်အအုံထဲက သန္ဓေပြောင်းလူကို သတ်ပစ်ခဲ့သလို လူတချို့ကိုလည်း ကယ်တင်နိုင်ခဲ့တယ်"

"ဒါပေမဲ့ နောက်ပိုင်း စားနပ်ရိက္ခာ ပြဿနာကြောင့် ငါတို့နဲ့ အဲဒီလူတွေကြားမှာ အငြင်းပွားမှု တချို့ဖြစ်ခဲ့ပြီး နောက်ဆုံးမှာတော့ သူတို့ကို ငါတို့ နှင်ထုတ်ပစ်ခဲ့တယ်"

"အဲဒီနောက် စားနပ်ရိက္ခာတွေ ကုန်သွားတော့ အပြင်ထွက်ပြီး စားစရာရှာဖို့ စီစဉ်ခဲ့တယ်... မထင်မှတ်ဘဲ အပြင်ဘက်က ရေလွှမ်းမိုးမှုကြီးထဲမှာ ကျွန်းတစ်ကျွန်း ပိုတိုးလာတာကို တွေ့လိုက်ရတယ်"

"အဲဒီကျွန်းက မင်းတို့ အရင်က တက်သွားခဲ့တဲ့ကျွန်းပဲ... အဲဒီကျွန်းက ပုံမှန်မဟုတ်ဘူးဆိုတာကို သိလို့ အချိန်အတော်ကြာအောင် ငါ စောင့်ကြည့်နေခဲ့တာ... မင်းတို့ အဲဒီနေရာကို ဖြတ်သွားတာကို မြင်လိုက်တော့မှ ကိုယ်ယောင်ဖျောက်ပြီး မင်းတို့ နောက်ကို လိုက်လာခဲ့တာ"

"မင်းတို့ ကျွန်းပေါ်တက်ပြီး လမ်းရှာတာကို စောင့်ပြီးမှ သန္ဓေပြောင်း အသီးအနှံတွေများ ရှာတွေ့နိုင်မလားလို့ နောက်ကနေ တိတ်တဆိတ် လိုက်သွားချင်ခဲ့တာ"

"နောက်ပိုင်းကိစ္စတွေကိုတော့ မင်း သိပြီးသားပါ... မင်းရဲ့ တိုက်ခိုက်မှုကြောင့် ငါ ဒဏ်ရာရသွားပြီးတဲ့နောက် ငါတို့ လီရွှေဥယျာဉ်ကို ပြန်သွားခဲ့တယ်... အဲဒီမှာ ခဏလောက် အနားယူပြီးတဲ့နောက် ဖီးနစ်သင်္ဘောပေါ်က လူတွေနဲ့ တွေ့ခဲ့တာပဲ"

"အစ်ကိုဟော်က ငါ့ရဲ့ အစွမ်းက ထူးခြားပြီး စားနပ်ရိက္ခာတွေကို သိမ်းဆည်းထားနိုင်တာကို မြင်တော့ သူတို့နဲ့ ပူးပေါင်းဖို့ ဖိတ်ခေါ်ခဲ့တယ်... အဲဒီနောက်ပိုင်း ငါတို့က သူ့ရဲ့ ဖီးနစ်သင်္ဘောနောက်ကို အခုထိ အမြဲလိုက်လာခဲ့တာပဲ"

လီချင်းဟွာက သူ၏ ဤလဝက်အတွင်း အတွေ့အကြုံများကို အကျဉ်းချုံး၍ လိုရင်းတိုရှင်း ပြောပြလိုက်သည်။ အတော်လေး ပွင့်လင်းရိုးသားသည်ဟု ဆိုနိုင်ပေသည်။

ဤသည်မှာလည်း အခြားရွေးချယ်စရာ နည်းလမ်းမရှိသောကြောင့် ဖြစ်သည်။ သူ၏ အသက်က တစ်ဖက်လူ၏ လက်ထဲတွင် ရှိနေသေးသည်မဟုတ်ပါလော။

လင်းယွမ်က နားထောင်ပြီးနောက် တစ်ဖက်လူ၏ ခံစားချက် လှုပ်ရှားပြောင်းလဲမှုများကို ခံစားကြည့်လိုက်ရာ တစ်ဖက်လူက တကယ်ကို လိမ်ညာနေခြင်းမရှိကြောင်း ခန့်မှန်းမိလိုက်သည်။

နားထောင်ရသလောက်တော့ ဤလူအနည်းငယ်က ခွင့်လွှတ်၍မရလောက်အောင် ဆိုးသွမ်းနေသူများ မဟုတ်ပုံပေါ်သည်။

အစ်ကိုဟော်တို့ အုပ်စုနှင့်လည်း တစ်လမ်းတည်း သွားနေသူများ မဟုတ်ပုံရသည်။

လင်းယွမ်က "ဖီးနစ်သင်္ဘောရဲ့ သင်္ဘောခန်းထဲက လူတွေကို မင်းတို့ ဖမ်းလာတာလား" ဟု မေးလိုက်သည်။

လီချင်းဟွာက ခေါင်းရမ်းကာ "ငါတို့ သုံးယောက်က ဝင်မပါခဲ့ပါဘူး... အားလုံးက အစ်ကိုဟော့်လူတွေ လုပ်ခဲ့တာပါ" ဟု ပြန်ဖြေသည်။

"သူက ငါ့ကို အပြည့်အဝ မယုံကြည်သေးဘူး... အဆောက်အအုံတွေကို ရှာဖွေလုယက်တဲ့အချိန်မှာ ပုံမှန်အားဖြင့် ငါတို့ကို ခေါ်မသွားတတ်ဘူး"

လင်းယွမ်က "ထူလုံရဲ့ ဒဏ်ရာမှာရော မင်းတို့ ဝင်ပါခဲ့သေးလား" ဟု မေးလိုက်သည်။

လီချင်းဟွာ၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားပြီး တုံ့ဆိုင်းသွားသော်လည်း "ငါ ပါခဲ့တယ်... အဲဒီအချိန်က သူက ဖီးနစ်သင်္ဘောပေါ်ကို ပြေးတက်လာပြီး အကြေးခွံစိမ်း စပါးအုံးမြွေကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားတယ်... ညီမဝမ်က အဲဒီအချိန်မှာ ရှောင်လို့မမီတော့လို့ ငါက ဟင်းလင်းပြင် အက်ကြောင်းကို အသုံးပြုပြီး သူ့ကို ဒဏ်ရာရစေခဲ့တာ" ဟု ဝန်ခံလိုက်သည်။

လင်းယွမ်က "ဘယ်နေရာကို ဒဏ်ရာရသွားတာလဲ" ဟု တိုက်ရိုက် မေးလိုက်သည်။

"ကျောဘက်ကိုပါ"

ဖျတ်ခနဲ...

လီချင်းဟွာ၏ စကားသံ အဆုံးမှာပင် လင်းယွမ်၏ မျက်ခွံတစ်ချက် ပင့်တက်သွားသည်ကို မြင်လိုက်ရပြီး ရုတ်တရက် လင်းဝမ်က လက်ကို ရုတ်ခြည်း မြှောက်ကာ ဓားမြှောင်ဖြင့် လီချင်းဟွာ၏ ကျောဘက်မှနေ၍ ရက်စက်စွာ ခုတ်ပိုင်းလိုက်ရာ သွေးထွက်သံယို ဒဏ်ရာကြီးတစ်ခု ပေါ်လာခဲ့သည်။

ချက်ချင်းပင် အရေပြားနှင့် အသားများ ပွင့်ထွက်သွားပြီး သွေးများ ရွှဲနစ်သွားသည်။

လီချင်းဟွာမှာ စူးရှစွာ အော်ဟစ်လိုက်ပြီး နဖူးတွင် နာကျင်မှုကြောင့် သွေးကြောများ ချက်ချင်း ထောင်တက်လာသည်။

လင်းယွမ်က "ဒီဓားချက်က ထူလုံကိုယ်စား မင်းကို ပြန်ပေးလိုက်တာပဲ... မင်းနဲ့ ထိုက်ယန်တောင် ခိုလှုံရေးစခန်းရဲ့ ရန်ငြိုးက ကျေသွားပြီလို့ သတ်မှတ်လိုက်တော့" ဟု ခပ်အေးအေး ပြောလိုက်သည်။

"အခု ငါ မင်းကို လမ်းနှစ်လမ်း ရွေးချယ်ခွင့်ပေးမယ်... ပထမတစ်လမ်းက ငါနဲ့အတူ ထိုက်ယန်တောင်ကို ပြန်လိုက်ခဲ့ပြီး ထိုက်ယန်တောင် ခိုလှုံရေးစခန်းထဲ ဝင်ရမယ်"

"ဒုတိယတစ်လမ်းက အခု မင်းတို့ကို ငါ လွှတ်ပေးလိုက်မယ်... ဒီနေ့ကစပြီး ထိုက်ယန်တောင် အနီးအနားမှာ မင်းတို့ကို မမြင်ရစေနဲ့... မင်းတို့ဘာသာ ရွေးချယ်ကြတော့"

လီချင်းဟွာက ကျောဘက်မှ ပြင်းထန်သော နာကျင်မှုကို အံကြိတ်ခံရင်း လင်းယွမ်ကို မော့ကြည့်လိုက်သော်လည်း သူ၏ မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှ မတွေ့ရပေ။

သူက လင်းဝမ်နှင့် ကျိုးချင်းမင်တို့ကို လှည့်ကြည့်လိုက်ရာ ကျိုးချင်းမင်က အံကြိတ်ကာ "ချင်းဟွာ... ငါတို့ နေရာအသစ် ပြန်ရှာကြတာပေါ့" ဟု ပြောသည်။

လီချင်းဟွာက လင်းဝမ်ကို ထပ်ကြည့်လိုက်ပြီး "ညီမဝမ်ကို စကားပြောခွင့် ပြုနိုင်မလား" ဟု မေးလိုက်သည်။

လင်းယွမ်က စိတ်စွမ်းအင်ကို အနည်းငယ် လှုပ်ရှားလိုက်ပြီး ရုပ်သေးကြိုးမျှင် တစ်ချောင်းကို ဖြေလျှော့ပေးလိုက်သည်။

ချက်ချင်းပင် လင်းဝမ်၏ မျက်နှာက လှုပ်ရှားခွင့် ရသွားပြီး သူမက ချက်ချင်း မျက်ရည်များ စီးကျလာကာ "ချင်းဟွာ... တောင်းပန်ပါတယ်... တောင်းပန်ပါတယ်" ဟု ပြောသည်။

လီချင်းဟွာက ခေါင်းရမ်းကာ သွားကြိတ်ပြီး "ညီမဝမ်... ခုနက စကားတွေကို နင် အားလုံး ကြားပြီးပြီပဲ... နင့်ရဲ့ သဘောထားကကော ဘယ်လိုလဲ" ဟု မေးလိုက်သည်။

လင်းဝမ်က ခေါင်းမော့ကာ လင်းယွမ်ကို ကြည့်လိုက်ပြီး မျက်လုံးများထဲတွင် ဒေါသမီးတောက်လေးတစ်ခုနှင့် "ရှင် ကျွန်မတို့ကို ဘာလို့ မသတ်တာလဲ" ဟု မေးလိုက်သည်။

လင်းယွမ်က ပြုံးကာ "မင်းတို့က ခွင့်လွှတ်လို့မရတဲ့ အခြေအနေအထိတော့ မဆိုးသွမ်းသေးဘူးလေ... ဖီးနစ်သင်္ဘောပေါ်က တိရစ္ဆာန်အုပ်စုနဲ့လည်း မတူဘူး... ပြီးတော့ မင်းတို့ သုံးယောက်ရဲ့ အစွမ်းက ထူးခြားတယ်... ငါက အရည်အချင်းရှိတဲ့သူတွေကို နှမြောလို့လို့ပဲ သတ်မှတ်လိုက်ပေါ့" ဟု ပြန်ဖြေသည်။

လင်းဝမ်၏ မျက်နှာအမူအရာက တစ်ချက်ပြောင်းလဲသွားပြီး လင်းယွမ်က ဤသို့ ပြောလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။

သူမက လီချင်းဟွာကို လှည့်ကြည့်ကာ "ချင်းဟွာ... ရှင်ပဲ ဆုံးဖြတ်ပါတော့... ကျွန်မ ရှင့်စကားကို နားထောင်ပါ့မယ်" ဟု မေးလိုက်သည်။

လီချင်းဟွာက ချင်းမင်ကို ကြည့်လိုက်ရာ ချင်းမင်က ဒေါသတကြီးဖြင့် လင်းယွမ်ကို ကြည့်နေသေးသည်ကို မြင်တွေ့လိုက်ရသည်။ သူက ခဏမျှ စဉ်းစားလိုက်ပြီး နောက်ဆုံးတွင် ခေါင်းငုံ့ကာ "ငါ မင်းနဲ့အတူ ထိုက်ယန်တောင်ကို လိုက်ခဲ့မယ်... ထိုက်ယန်တောင် ခိုလှုံရေးစခန်းထဲ ဝင်ပါ့မယ်... ဒါပေမဲ့" ဟု ပြောလိုက်သည်။

လင်းယွမ်က သဲ့သဲ့လေး ပြုံးကာ "ဘယ်လဲ... လိုအပ်ချက်တွေ ရှိသေးလို့လား" ဟု မေးလိုက်သည်။

"ဟုတ်တယ်"

"ပြောကြည့်လေ"

"ထိုက်ယန်တောင်က လူတွေက အရင်က ကိစ္စတွေကြောင့် ငါတို့ကို လက်တုံ့ပြန်ခွင့် မရှိဘူး"

လင်းယွမ်က ခေါင်းညိတ်ကာ "ငါ ပြောပြီးသားပါ... ခုနက ဓားချက်က မင်းနဲ့ ထိုက်ယန်တောင်ရဲ့ ရန်ငြိုး ပြီးဆုံးသွားပြီလို့ သတ်မှတ်လိုက်ပြီလို့လေ" ဟု ပြောသည်။

လီချင်းဟွာက အသက်ပြင်းပြင်းရှူကာ "ကောင်းပြီ... ဒါဆို ဒီနေ့ကစပြီး ငါတို့ သုံးယောက် ထိုက်ယန်တောင် ခိုလှုံရေးစခန်းထဲ ဝင်မယ်" ဟု ပြောလိုက်သည်။

ပြောရင်းနှင့်ပင် သူက ရုန်းကန်ကာ ထလာရာ ကျောဘက်ရှိ ဒဏ်ရာမှ သွေးများ ပိုမို ထွက်ကျလာသည်။

လင်းဝမ်က ထိုအခြေအနေကို မြင်သောအခါ သနားမိသဖြင့် သူ့ကို သွားရောက် တွဲကူပေးချင်သော်လည်း သူမ၏ ခန္ဓာကိုယ်က လုံးဝ လှုပ်ရှား၍ မရပေ။ မျက်နှာပေါ်တွင် စိုးရိမ်မှုများ ပြည့်နှက်နေပြီး လင်းယွမ်ကို ကြည့်ကာ "ဆရာလင်း... ကျွန်မတို့ အရှုံးပေးလိုက်ပါပြီ... ကျွန်မတို့ ထိုက်ယန်တောင်ထဲ ဝင်ဖို့ သဘောတူလိုက်ပါပြီ" ဟု ပြောသည်။

လင်းယွမ်က ပြုံးလိုက်ပြီး ရုပ်သေးကြိုးမျှင်များအားလုံးကို ဖြုတ်ချပေးလိုက်ရာ လင်းဝမ်မှာ ခန္ဓာကိုယ် ထိန်းချုပ်ခွင့်ကို ချက်ချင်း ပြန်လည် ရရှိသွားသည်။

သူမက လီချင်းဟွာကို တွဲကူပေးရန် ကမန်းကတမ်း လက်လှမ်းလိုက်သည်။

သို့သော် လီချင်းဟွာက သူမ၏ လက်ကို ဖိထားမည်ဟု မထင်မှတ်ထားခဲ့ပေ။ ကျိုးချင်းမင်နှင့် လင်းဝမ်တို့၏ စိုးရိမ်တကြီး အကြည့်များအောက်တွင် လီချင်းဟွာက လင်းယွမ်ကို ကြည့်ကာ အသက်ပြင်းပြင်းရှူပြီး "လီချင်းဟွာ... ဆရာလင်းကို ဂါရဝပြုပါတယ်" ဟု ပြောလိုက်သည်။

ပြောရင်းနှင့်ပင် သူက ကျောဘက်မှ နာကျင်မှုကို အံကြိတ်ခံကာ နက်ရှိုင်းစွာ ဦးညွှတ်လိုက်သည်။

လင်းယွမ်မှာ ချက်ချင်း ပြုံးသွားပြီး လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ပုံသဏ္ဌာန်မဲ့သော စိတ်စွမ်းအင်တစ်ခုက သူ့ကို ထူမပေးလိုက်ပြီး "ဟုတ်ပြီ... ဒီနေ့ကစပြီး မင်းလည်း ထိုက်ယန်တောင် ခိုလှုံရေးစခန်းရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်သွားပြီ" ဟု ပြောလိုက်သည်။

ပြောရင်းနှင့်ပင် သူက ရင်ဘတ်ထဲမှ အစိမ်းရောင် ဆေးရည်တစ်ပြွန်ကို ထုတ်ယူကာ လှမ်းပစ်ပေးလိုက်သည်။

လီချင်းဟွာက ကမန်းကတမ်း ဖမ်းယူလိုက်ပြီး ဆေးရည်ကို ကြည့်လိုက်၊ လင်းယွမ်ကို ကြည့်လိုက် လုပ်နေသည်။

လင်းယွမ်က "သောက်လိုက်" ဟု ပြောသည်။

လီချင်းဟွာ၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားပြီး အကြည့်များက အနည်းငယ် အောက်သို့ စိုက်ကျသွားသည်။ တစ်စက္ကန့် မပြည့်သော တုံ့ဆိုင်းမှုအပြီးတွင် ဆေးရည်ကို ဖွင့်ကာ တိုက်ရိုက် မော့သောက်လိုက်သည်။

ဘေးနားရှိ ကျိုးချင်းမင်နှင့် လင်းဝမ်တို့မှာ အလွန်စိုးရိမ်သွားကြပြီး တားဆီးချင်သော်လည်း အချိန်မမီတော့ပေ။

"မင်း သူ့ကို ဘာတွေ တိုက်လိုက်တာလဲ" ကျိုးချင်းမင်က ဒေါသတကြီး အော်ဟစ်ကာ ထရန် ရုန်းကန်လိုက်သည်။

သို့သော် လင်းယွမ်က အကြည့်တစ်ချက်သာ ဝေ့ကြည့်လိုက်ရာ ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းသော စိတ်စွမ်းအင်တစ်ခုက သူ့ကို မြေကြီးပေါ်သို့ တိုက်ရိုက် ပြင်းထန်စွာ ရိုက်ချလိုက်သည်။

ဖုန်းခနဲ အသံနှင့်အတူ ကျိုးချင်းမင်တစ်ယောက် မြေကြီးပေါ်သို့ ရုတ်တရက် ဒူးထောက်ကျသွားသည်။

လင်းယွမ်က အေးစက်သောအသံဖြင့် "မှတ်ထား... ထိုက်ယန်တောင်မှာ ငါက အာဏာရှင် မဟုတ်ပေမဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ ဂုဏ်သိက္ခာကိုတော့ ထိပါးစော်ကားခွင့် မရှိဘူး... မင်း စကားပြောတဲ့ အမူအကျင့်ကို ဆင်ခြင်ပါ" ဟု ပြောလိုက်သည်။

ကျိုးချင်းမင်က အားခနဲ ဒေါသတကြီး အော်ဟစ်လိုက်သည်။ ထိုစဉ် လီချင်းဟွာက အံ့အားသင့် ဝမ်းသာစွာဖြင့် ချက်ချင်း ခေါင်းမော့လာသည်။ သူ၏ ကျောဘက်ရှိ ဒဏ်ရာက အလျင်အမြန် အနာဖေးတက်ကာ သွေးတိတ်သွားသည်ကို သူ ခံစားလိုက်ရသည်။

လင်းဝမ်ကလည်း ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် ချက်ချင်း သဘောပေါက်သွားသည်။ ထိုဆေးရည်မှာ အဆိပ်မဟုတ်ဘဲ ဒဏ်ရာကုသရန်အတွက် ဖြစ်သည်။

သူမက ကမန်းကတမ်း "ဆရာလင်း... တောင်းပန်ပါတယ်... ကျွန်မတို့ ဆရာ့ကို အထင်လွဲသွားလို့ပါ... ချင်းမင်... ဆရာလင်းကို မြန်မြန် တောင်းပန်လိုက်လေ" ဟု ပြောလိုက်သည်။

ကျိုးချင်းမင်က ထိုစကားကို ကြားသောအခါ အလိုလို ကြောင်အသွားပြီး လီချင်းဟွာကို ကြည့်လိုက်တော့မှ လီချင်းဟွာ၏ ကျောဘက်ရှိ ဒဏ်ရာမှာ အနာဖေးတက်ကာ သွေးတိတ်သွားပြီဖြစ်ကြောင်း သတိထားမိလိုက်သည်။

ထိုအခါမှသာ ဘာတွေဖြစ်ပျက်သွားသည်ကို သူ သဘောပေါက်သွားပြီး မျက်နှာပေါ်ရှိ ဒေါသအမူအရာများက ရုတ်တရက် ခဲတောင့်သွားသည်။ သူက ပါးစပ်ကို ဟကာ လင်းယွမ်ကို ကြည့်လိုက်သော်လည်း ကျေးဇူးတင်စကားကို မည်သို့မျှ ထုတ်ပြော၍ မရနိုင်ပေ။

လင်းယွမ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လီချင်းဟွာကို ကြည့်ကာ "ခဏနားလိုက်ဦး... မင်းတို့ သုံးယောက် အားပြန်ပြည့်သွားရင် ငါနဲ့အတူ ထိုက်ယန်တောင်ကို ပြန်လိုက်ခဲ့ကြ" ဟု ပြောလိုက်သည်။

ထိုအချိန်တွင် လီယွဲ့ကျင်းက တောအုပ်ထဲမှ ထွက်လာပြီး ပြုံးရွှင်စွာဖြင့် သူတို့သုံးဦးရှေ့သို့ လျှောက်လာကာ လက်ကို ဆန့်တန်းပြီး "ထိုက်ယန်တောင်ထဲ ဝင်လာတဲ့အတွက် မင်းတို့သုံးယောက်ကို ဂုဏ်ပြုပါတယ်... ငါက လီယွဲ့ကျင်းပါ" ဟု ရယ်မောလျက် ပြောသည်။

သူက လင်းဝမ်၊ လီချင်းဟွာတို့နှင့် အသီးသီး လက်ဆွဲနှုတ်ဆက်လိုက်သည်။

ကျိုးချင်းမင် အလှည့်ရောက်သောအခါ ကျိုးချင်းမင်က ဒေါသတကြီး မျက်နှာဖြင့် လီယွဲ့ကျင်းကို ကြည့်နေသည်။

ခုနက ဖီးနစ်သင်္ဘောပေါ်တွင် သူက လီယွဲ့ကျင်း၏ ပါးချည်းပိတ်ရိုက်ခြင်းကို ခံခဲ့ရသဖြင့် ယခုအချိန်တွင် သဘာဝကျစွာပင် မျက်နှာကောင်း ရှိမည်မဟုတ်ပေ။

သို့သော် လီယွဲ့ကျင်းက သူ့ကို တိုက်ရိုက် ကျော်သွားပြီး လက်ဆွဲနှုတ်ဆက်ခြင်း မပြုခဲ့ပေ။

သူ၏ ဤလက်ဆွဲနှုတ်ဆက်မှုမှာ သဘာဝကျစွာပင် တကယ် လက်ဆွဲနှုတ်ဆက်ရန်အတွက် မဖြစ်နိုင်ပေ။

ခုနက လက်ဆွဲနှုတ်ဆက်သည့် အချိန်ကို အခွင့်ကောင်းယူ၍ သူက ဤလူများ၏ ခန္ဓာကိုယ်ပေါ်တွင် စိတ်ဝိညာဉ်အမှတ်အသားများကို ပုံသဏ္ဌာန်မဲ့စွာ တိတ်တဆိတ် ရိုက်နှိပ်ထားခဲ့ပြီးဖြစ်သည်။

နောင်တွင် ဤကောင်များက ထိုက်ယန်တောင်တွင် မည်သည့်နေရာသို့ သွားသည်ဖြစ်စေ သူနှင့် ဆရာလင်းကို လျှို့ဝှက်ထား၍ မရနိုင်တော့ပေ။

သိမ်းသွင်းခြင်းက သိမ်းသွင်းခြင်းပင် ဖြစ်သော်လည်း ရှိသင့်ရှိထိုက်သော ထိန်းချုပ်မှု နည်းလမ်းများကလည်း မဖြစ်မနေ ရှိထားရမည်ဖြစ်သည်။

ဒီနေရာကို မလာခင်ကတည်းက သူက ဆရာလင်း၏ သဘောထားကို မေးမြန်းထားပြီးဖြစ်သောကြောင့် ဤလုပ်ဆောင်ချက်က တကယ်တော့ ဆရာလင်း၏ ခွင့်ပြုချက်ကို ရရှိထားခြင်းဖြစ်သည်။

လီယွဲ့ကျင်းက သူတို့သုံးဦးကို ပြုံးရွှင်စွာ ကြည့်ရင်း စိတ်ထဲတွင် "ဒီသုံးယောက်က ထိုက်ယန်တောင် ခိုလှုံရေးစခန်းထဲကို တကယ် ကြည်ကြည်ဖြူဖြူနဲ့ ဝင်လာတာဆိုရင်တော့ အကောင်းဆုံးပဲ... မဟုတ်ရင်တော့ ဘယ်လိုသေသွားမှန်းတောင် သိလိုက်ရမှာ မဟုတ်ဘူး" ဟု တိတ်တဆိတ် တွေးလိုက်သည်။

ထိုအချိန်တွင် လင်းယွမ်က "မင်းတို့သုံးယောက် ဒီမှာ အရင် အနားယူကြ... ဆရာလီ... ခင်ဗျား ကျွန်တော်နဲ့ လိုက်ခဲ့" ဟု ပြောလိုက်သည်။

လီယွဲ့ကျင်းက ကမန်းကတမ်း ခေါင်းညိတ်ကာ လင်းယွမ်နောက်မှ တောအုပ်ထဲသို့ လိုက်သွားသည်။

လီယွဲ့ကျင်းက "ဆရာလင်း... ကျွန်တော်တို့ ဘယ်ကို သွားကြမလို့လဲ" ဟု မေးလိုက်သည်။

လင်းယွမ်က ပတ်ဝန်းကျင်ရှိ ထူထပ်သော သစ်တောများကို ကြည့်ကာ "ထိုက်ယန်တောင်နဲ့ မိန်တောင်ကို ငါတို့ သိမ်းပိုက်နိုင်ခဲ့ပြီ... ဒါပေမဲ့ ဒီလင်းယွင်တောင်စောင်းကိုတော့ ငါတို့ တစ်ခါမှ မလာဖူးသေးဘူးလေ" ဟု ပြောသည်။

"ဒီနားတဝိုက် လှည့်ပတ်ကြည့်ပြီး လင်းယွင်တောင်စောင်းရဲ့ တောင်ထိပ်ကို သွားကြည့်ဖို့ စီစဉ်ထားတယ်"

လီယွဲ့ကျင်းက ထိုစကားကို ကြားသောအခါ ကမန်းကတမ်း ခေါင်းညိတ်ပြီး "ဆရာပြောတာ မှန်တယ်... ဒီလင်းယွင်တောင်စောင်းက တည်ဆောက်ရေးတွေ မလုပ်ရသေးတော့ ဘာအဆောက်အအုံမှလည်း မရှိဘူး... ရေကြီးရေလျှံမှု မဖြစ်ခင်ကတောင် စွန့်စားရတာကို နှစ်သက်တဲ့ ပြင်ပအားကစားသမား တချို့လောက်ပဲ ဒီထဲကို ဝင်လာလေ့ရှိတာ" ဟု ပြောသည်။

"အခုဆိုရင် ဒီနေရာမှာ အဲဒီ စွန့်စားသူတွေ ဖောက်ထားတဲ့ လမ်းကျဉ်းလေးတောင် ရှိတော့မှာ မဟုတ်ဘူး... သန္ဓေပြောင်းသားရဲ အတော်များများ ဒီမှာ ပုန်းအောင်းနေလောက်တယ်လို့ ခန့်မှန်းရတယ်"

လင်းယွမ်က "ဒီနေရာက ထိုက်ယန်တောင်နဲ့ အရမ်းနီးတယ်... တကယ်လို့ ဒီမှာ သယံဇာတတွေ ပေါကြွယ်ဝမယ်ဆိုရင် ငါတို့က နောက်ထပ် ရေပေါ်တံတားတစ်စင်း တည်ဆောက်ပြီး ဒီလင်းယွင်တောင်စောင်းကိုပါ သိမ်းပိုက်လို့ ရနိုင်တယ်" ဟု ပြောသည်။

လီယွဲ့ကျင်းက ထိုစကားကို ကြားသောအခါ ချက်ချင်း ခေါင်းညိတ်ကာ "ဒီလင်းယွင်တောင်စောင်းကိုပါ သိမ်းပိုက်နိုင်မယ်ဆိုရင် ထိုက်ယန်တောင်ကြောရဲ့ တောင်ကြီးသုံးလုံးစလုံးက ကျွန်တော်တို့ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်သွားပြီပေါ့... ကျွန်တော်တို့က အဲဒီ တောင်ကြီးသုံးလုံးပေါ်မှာ ခံတပ်တွေ တည်ဆောက်ပြီး အနာဂတ်မှာ ပေါ်လာနိုင်တဲ့ အန္တရာယ်တွေကို ခုခံကာကွယ်ဖို့ အသုံးပြုလို့ရတယ်" ဟု ပြောသည်။

လင်းယွမ်က ပြုံးလိုက်သော်လည်း ဘာမှ ပြန်မပြောပေ။

မိန်တောင်အတွင်းပိုင်းတွင် ပေါကြွယ်ဝသော သတ္တုကြော အများအပြား ရှိနေကြောင်း စုံစမ်းသိရှိခဲ့ရပြီးကတည်းက လင်းယွမ်က ထိုက်ယန်တောင်ကြော တစ်ခုလုံး၏ အတွင်းပိုင်းတွင်လည်း သတ္တုကြော အများအပြား ရှိနေနိုင်ခြေ များသည်ဟု ချက်ချင်း ခံစားမိခဲ့သည်။

ဤလင်းယွင်တောင်စောင်းကလည်း ထိုက်ယန်တောင်ကြော၏ အစိတ်အပိုင်းတစ်ခု ဖြစ်သဖြင့် ဤနေရာတွင် သတ္တုကြောများ မရှိစရာ အကြောင်းမရှိပေ။

သတ္တုကြောများ ပေါ်ပေါက်လာခြင်းက သေချာပေါက် သန္ဓေပြောင်း သတ္တဝါတချို့၏ ဆင့်ကဲပြောင်းလဲမှုကို ဖြစ်ပေါ်စေပြီး သန္ဓေပြောင်း အပင်များ ပေါက်ဖွားလာမှုကိုလည်း ဖြစ်ပေါ်စေမည်ဖြစ်သည်။

(မင်မင် အရှေ့ပိုင်းတွေမှာ မိုင်းတွင်းကို ကျောက်တွင်းလို့ ပြန်ထားပေမယ့် ဒီလို သတ္တုကြောမျိုးကျတော့ ကျောက်ကြော လို့ပြန်ရင် သိပ်အဆင်မပြေဘူး။ ဒါကြောင့် သတ္တုကြောလို့ပဲ ပြန်လိုက်တယ်)

ဤတောင်ပေါ်တွင်လည်း သန္ဓေပြောင်း အသီးအနှံ အတော်များများ ရှိနိုင်ပေသည်။

အထူးသဖြင့် ဤတောင်ပေါ်တွင် လူသားများ ခြေချဖူးသည့် လက္ခဏာများ သိပ်မရှိသဖြင့် သန္ဓေပြောင်း အသီးအနှံများက မိန်တောင်ဘက်ထက် အတော်လေး ပိုများသင့်သည်။

လင်းယွမ်က လီရှန်ယန်ကို မေးမြန်းခဲ့ဖူးသည်။ အစောပိုင်းက မိန်တောင်ရွာရှိ လူအတော်များများက တကယ်တော့ မိန်တောင်ပေါ်တွင် ရှာတွေ့ခဲ့သော သန္ဓေပြောင်း အသီးအနှံတချို့ကို စားသုံးခြင်းဖြင့် သန္ဓေပြောင်းစွမ်းရည်များ နိုးထလာခဲ့ကြခြင်းဖြစ်သည်။

ဤသည်မှာ မိန်တောင်ပေါ်တွင် သန္ဓေပြောင်း အသီးအနှံ အများအပြား ရှိခဲ့သော်လည်း မိန်တောင်ရွာမှ လူများကလည်း အတော်များများကို စားသုံးပစ်ခဲ့ကြောင်း သက်သေပြနေသည်။

သန္ဓေပြောင်းသားရဲ တချို့၏ စားသုံးမှုများပါ ထပ်ပေါင်းလိုက်လျှင် မိန်တောင်ပေါ်ရှိ သန္ဓေပြောင်း အသီးအနှံများက ကျန်ရှိနေသေးလျှင်တောင် သိပ်များတော့မည် မဟုတ်ပေ။

သို့သော် လင်းယွင်တောင်စောင်းကတော့ မတူပေ။ ဤနေရာတွင် လူသားများ ခြေချထားခြင်း မရှိသဖြင့် သန္ဓေပြောင်း အသီးအနှံ အတော်များများ ကျန်ရှိနေသင့်သည်။

သန္ဓေပြောင်းသားရဲများမှာလည်း ဉာဏ်ရည်ဉာဏ်သွေး သိပ်မမြင့်မားလှသဖြင့် ချောင်ကျကျ နေရာများ သို့မဟုတ် နေရာအနေအထား ခက်ခဲသော သန္ဓေပြောင်း အသီးအနှံများကို သူတို့က စားနိုင်ချင်မှ စားနိုင်လိမ့်မည်။

ထို့ပြင် ဤနေရာတွင် လူသားများ ဝင်ရောက်စွက်ဖက်ခြင်း မရှိသောကြောင့် သန္ဓေပြောင်း သတ္တဝါများ၏ အမျိုးအစားနှင့် အရေအတွက်မှာလည်း ထိုက်ယန်တောင် ရှုခင်းသာနယ်မြေနှင့် ရှုတောင်တို့ထက် များစွာ ပိုများနေပေမည်။

တကယ်ပင် လင်းယွမ်နှင့် လီယွဲ့ကျင်းတို့ ခြေလှမ်းအနည်းငယ်မျှသာ လျှောက်ရသေးချိန်တွင် နို့စားနွားနှင့် အလွန်တူသော်လည်း အရွယ်အစားမှာ နို့စားနွားထက် နှစ်ဆမှ သုံးဆအထိ ပိုကြီးသော သတ္တဝါတစ်ကောင်က တောအုပ်ထဲတွင် မြက်စားနေသည်ကို မြင်တွေ့လိုက်ရသည်။

သူ၏ ဦးချိုနှစ်ချောင်းက အလွန်တိုပြီး ရုတ်တရက် ကြည့်လိုက်ပါက နားရွက်လေးဖက်နှင့် တူနေသည်။ ခန္ဓာကိုယ်ပေါ်တွင် ဖြူစင်နေပြီး အစက်အပြောက် တစ်စက်မျှ မရှိပေ။

ကြေးခေါင်းလောင်းကဲ့သို့ ကြီးမားသော မျက်လုံးအစုံက ရေလဲ့လဲ့ဖြစ်နေပြီး အသိဉာဏ်ရှိသော အရိပ်အယောင်တစ်ခု ပါရှိနေသည်။

ရုတ်တရက် တစ်ခုခုကို သတိထားမိသွားသကဲ့သို့ ခေါင်းမော့ကာ လင်းယွမ်တို့ဘက်ကို ချက်ချင်း ကြည့်လိုက်သည်။

လင်းယွမ်နှင့် လီယွဲ့ကျင်းတို့ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ မျက်လုံးများထဲတွင် ထိတ်လန့်သွားသော အမူအရာများ ရုတ်တရက် ပေါ်လာသည်။

ထို့နောက် သူ၏ ခန္ဓာကိုယ်ပေါ်တွင် အလင်းဖြူတစ်လွှာ ရုတ်တရက် ဖြာထွက်လာသည်ကို တွေ့လိုက်ရပြီး ခြေလေးဖက်ဖြင့် အပြင်းအထန် ပြေးလွှားသွားကာ ပြေးရင်းပြေးရင်းနှင့်ပင် အလင်းအမှောင် ရောယှက်နေသော သစ်ပင်အရိပ်များကြားတွင် ပျောက်ကွယ်သွားတော့သည်။

လီယွဲ့ကျင်းက ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အလွန်အမင်း အံ့ဩသွားပြီး "အဲဒါက ဘာကြီးလဲ... နွားလား... ဘယ်လိုလုပ် အလင်းရောင် ထွက်နိုင်ရတာလဲ" ဟု မေးလိုက်သည်။

လင်းယွမ်က ထိုမြက်ခင်းပြင်ဆီသို့ လျှောက်သွားကာ "သန္ဓေပြောင်းပြီးသား နွားဖြစ်ဖို့ များတယ်... ခုနက သူ့တစ်ကိုယ်လုံး အလင်းတွေ ထွက်နေတဲ့ပုံကို ကြည့်ရတာ အလင်းဓာတ် သန္ဓေပြောင်းသားရဲ ဖြစ်နိုင်တယ်" ဟု ပြန်ဖြေသည်။

"အလင်းဓာတ်လား... ဒီလို ဓာတ်သဘာဝရှိတဲ့ သန္ဓေပြောင်းသားရဲတွေလည်း ရှိတာလား" လီယွဲ့ကျင်းမှာ အလွန်အံ့အားသင့်သွားသည်။ သူက ထိုသို့သော သန္ဓေပြောင်းသားရဲမျိုးကို တကယ်ပင် မမြင်ဖူးခဲ့ပေ။

ထိုသို့သော အမျိုးအစား အစွမ်းပိုင်ရှင်ကိုပင် မတွေ့ဖူးခဲ့ချေ။

လင်းယွမ်က ပြုံးလိုက်ပြီး "မိန်တောင် ကျဲ့ဆစ်စာသင်ကျောင်းရဲ့ အရင်ခေါင်းဆောင် လီရှန်ယန်က အလင်းဓာတ် အစွမ်းပိုင်ရှင်လေ... သူက ပြင်းထန်တဲ့ အလင်းရောင်ကို ချက်ချင်း ထုတ်လွှတ်ပြီး အလင်းဗုံးလိုမျိုး အလင်းပေါက်ကွဲမှုကို ဖန်တီးနိုင်တယ်... တစ်ချိန်တည်းမှာပဲ အဲဒီ အလင်းစွမ်းအင်တွေကို စုစည်းပြီး အလင်းဓားအဖြစ် ဖန်တီးနိုင်သေးတယ်" ဟု ပြောသည်။

လီယွဲ့ကျင်းက "ကမ္ဘာကြီးက ကြီးမားကျယ်ပြန့်တော့ တကယ်ကို အံ့ဩစရာတွေ အကုန်ရှိနေတာပဲ... တကယ်ကို မျက်စိပွင့်သွားစေတာပဲ" ဟု အလိုလို ပြောလိုက်မိသည်။

လင်းယွမ်က ကိုယ်ကို ကိုင်းညွှတ်ကာ မြေကြီးပေါ်တွင် စားသောက်ထားသော မြက်ခင်းများကို ကြည့်လိုက်သည်။

လီယွဲ့ကျင်းကလည်း ခေါင်းငုံ့ကြည့်လိုက်ရာ "သန္ဓေပြောင်းအပင်တွေပဲ" ဟု အလိုလို ထပ်မံ အံ့ဩသွားသည်။

စိမ်းလန်းနေသော မြက်ခင်းများကြားတွင် မှိုကဲ့သို့ ပုံသဏ္ဌာန်ရှိသော သန္ဓေပြောင်းအပင် တစ်ပွင့်ပြီးတစ်ပွင့် ပေါက်ရောက်နေသည်ကို တွေ့လိုက်ရသည်။ လက်သီးဆုပ်ခန့် အရွယ်အစားရှိပြီး မှိုခေါင်းမှာ ဘဲဥပုံ သို့မဟုတ် စက်ဝိုင်းပုံစံရှိကာ မျက်နှာပြင်မှာ ချောမွေ့နေပြီး အဖြူရောင် အလင်းတန်းများ ဖြာထွက်နေသည်။

အဝေးမှ ကြည့်လိုက်ပါက မီးသီးလေးတစ်လုံးနှင့် တူနေသည်။

အချို့သော မှိုခေါင်းများမှာ တစ်ဝက်ခန့် စားသောက်ခံထားရပြီး အောက်ဘက်ရှိ မှိုရိုးတံကို မြင်နေရသော်လည်း အလင်းရောင် သဲ့သဲ့လေး ဖြာထွက်နေဆဲဖြစ်သည်။

"ဆရာလင်း... ဒါတွေက သန္ဓေပြောင်း အသီးအနှံတွေလို့ သတ်မှတ်လို့ရလား" ဟု လီယွဲ့ကျင်းက ကမန်းကတမ်း မေးလိုက်သည်။

လင်းယွမ်က ခေါင်းအသာရမ်းကာ "မရဘူး... ဒါသာ သန္ဓေပြောင်း အသီးအနှံ ဖြစ်မယ်ဆိုရင် အခြား သန္ဓေပြောင်းသားရဲတွေ လုစားလို့ ကုန်သွားတာ ကြာပြီ" ဟု ပြန်ဖြေသည်။

"ဒါပေမဲ့ ဒီအရာမှာ အဆိပ်တော့ မရှိလောက်ဘူး... အဲဒီ သန္ဓေပြောင်းနွားတောင် စားနိုင်သေးတာပဲ... လူတွေလည်း စားလို့ရလောက်တယ်... နည်းနည်း စုဆောင်းပြီး အပြန်ကျရင် ဒေါက်တာရန်တို့ကို စမ်းသပ်ခိုင်းကြည့်ရအောင်"

"သိပြီ"

လီယွဲ့ကျင်းက ချက်ချင်း စတင်ခူးဆွတ်လေတော့သည်။

လင်းယွမ်က သူ လက်ဖြင့် တိုက်ရိုက် ဆွဲဖြတ်လိုက်သည်ကို မြင်သောအခါ "ခဏနေဦး" ဟု ချက်ချင်း တားလိုက်သည်။

"ဘာဖြစ်လို့လဲ ဆရာလင်း" လီယွဲ့ကျင်းက သံသယဖြင့် လင်းယွမ်ကို ကြည့်လိုက်သည်။

လင်းယွမ်က ခေါင်းရမ်းကာ "ဒီလို မခူးနဲ့... အမြစ်တွေ ကျန်အောင် မြေကြီးပါ တစ်ပါတည်း တူးယူရမယ်... တကယ်လို့ တကယ် အရေးပါတဲ့ တန်ဖိုးရှိမယ်ဆိုရင် ထိုက်ယန်တောင်ကို ပြောင်းရွှေ့စိုက်ပျိုးလို့ ရနိုင်တယ်လေ" ဟု ပြောသည်။

လီယွဲ့ကျင်းက သဘောပေါက်သွားပြီး ကမန်းကတမ်း ခေါင်းညိတ်ကာ အမြစ်တစ်ခုလုံးကို မြေကြီးနှင့်အတူ စတင်တူးယူလေတော့သည်။

လင်းယွမ်၏ အကြည့်များက ပတ်ဝန်းကျင်သို့ ဝေ့ကြည့်လိုက်သည်။ မသိမသာဖြင့် တစ်စုံတစ်ခုက သူတို့ကို စောင့်ကြည့်နေသကဲ့သို့ သူ ခံစားလိုက်ရသည်။

သို့သော် စိတ်စွမ်းအင်ကို ဖြန့်ကြက်ကြည့်လိုက်သောအခါ ပေ ၁၆၀ ပတ်လည်အတွင်းတွင် သူ မည်သည့်အရာကိုမျှ မခံစားမိပေ။

"အဲဒီ သန္ဓေပြောင်းနွားများလား... သူက အဝေးကို မသွားသေးဘဲ အနီးအနားမှာ ရှိနေတာလား"

လင်းယွမ်၏ မျက်လုံးများက အနည်းငယ် လက်သွားသည်။ တုံ့ယန်သာ ရှိနေလျှင် ကောင်းမည်ဖြစ်သည်။ သူမ၏ စိတ်ဝိညာဉ်ချိတ်ဆက်ခြင်း အစွမ်းဖြင့် ထိုနွားကို ခံစားသိရှိနိုင်ကောင်းသည်။

......

လင်းယွမ်နှင့် လီယွဲ့ကျင်းတို့ ထွက်သွားပြီးနောက် တောအုပ်ထဲတွင် လီချင်းဟွာတို့ သုံးဦးသာ မြေကြီးပေါ်၌ ထိုင်လျက် ကျန်ရစ်ခဲ့သည်။

သူတို့သုံးဦးလုံး မည်သူမျှ စကားမပြောဘဲ အချင်းချင်း ကြည့်လိုက်ကြပြီး ပတ်ဝန်းကျင်ကို အသံမထွက်စေဘဲ ဝေ့ကြည့်လိုက်ကြသည်။

အချိန်အတော်ကြာမှ ကျိုးချင်းမင်က "သူ တကယ် ထွက်သွားပြီလား" ဟု တိုးတိုးလေး မေးလိုက်သည်။

ညီမဝမ်က မသိကြောင်း ပြသသည့်အနေဖြင့် ခေါင်းအသာရမ်းပြသည်။

လီချင်းဟွာက မျက်စိမှိတ်ကာ အာရုံခံကြည့်လိုက်သော်လည်း ဝမ်းနည်းစရာကောင်းသည်မှာ သူက စိတ်စွမ်းအင် အစွမ်းပိုင်ရှင် မဟုတ်သဖြင့် အာရုံခံနိုင်စွမ်း အတိုင်းအတာက သိပ်မကြီးမားပေ။

"ထွက်သွားလောက်ပါပြီ... သူ့ရဲ့ စွမ်းအားနဲ့ဆိုရင် ငါတို့နဲ့ ဒီလို ကစားနေစရာ မလိုပါဘူး... ပြီးတော့... ချင်းမင် မင်းခန္ဓာကိုယ်ပေါ်မှာ သူ အမှတ်အသားတစ်ခုခု ချန်ထားခဲ့လောက်တယ်... သူက အချိန်မရွေး ငါတို့ကို ရှာတွေ့နိုင်တယ်လေ"

လီချင်းဟွာက ပြောပြီးသောအခါ ကျိုးချင်းမင်က မိမိခန္ဓာကိုယ်ကို ကမန်းကတမ်း စစ်ဆေးကြည့်လိုက်သည်။ သူက မယုံကြည်နိုင်သဖြင့် စုဆောင်းထားသော အစွမ်းအနည်းငယ်ကို အသုံးပြုကာ ခန္ဓာကိုယ်ကို မြူခိုးအဖြစ် တိုက်ရိုက် ပြောင်းလဲလိုက်ပြီးနောက် ခန္ဓာကိုယ် အခြေအနေကို ပြန်လည် ရယူလိုက်ကာ "မဖြစ်နိုင်ပါဘူး... ငါ့ခန္ဓာကိုယ်ပေါ်မှာ ဘာပစ္စည်းမှ မရှိပါဘူး" ဟု ပြောသည်။

လီချင်းဟွာက သက်ပြင်းချကာ "ပစ္စည်းတစ်ခုခုကို အားကိုးပြီး မင်းကို တည်နေရာရှာတာ မဟုတ်လောက်ဘူး... အစွမ်းတစ်မျိုးမျိုး ဖြစ်ဖို့ အခွင့်အရေးများတယ်" ဟု ပြောသည်။

ညီမဝမ်ကလည်း "ထားလိုက်ပါတော့... အားအင်တွေ အကုန်မခံပါနဲ့တော့... ချင်းမင်... မြန်မြန် နားလိုက်ဦး... ခွန်အားတွေ အမြန်ပြန်ပြည့်အောင် လုပ်... နောက်ပိုင်း ဘာပဲဖြစ်ဖြစ် ခွန်အားတွေ ပြန်ပြည့်လာမှပဲ ရှေ့ဆက်ဖြစ်လာမယ့် အခြေအနေတွေကို ရင်ဆိုင်နိုင်မှာ" ဟု ပြောသည်။

ချင်းမင်က ရွေးချယ်စရာမရှိသဖြင့် ခေါင်းညိတ်ကာ ထိုင်ချလိုက်ပြီး တိတ်တဆိတ် အားမွေးနေလိုက်သည်။ ထို့နောက် မနေနိုင်ဘဲ "ချင်းဟွာ... ငါတို့ ဘာလို့ သူတို့ဆီ ဝင်ရမှာလဲ... ငါတို့က သူတို့နဲ့ ရန်ငြိုးဖွဲ့ထားတာလေ... ဝင်လို့ ကောင်းနိုင်ပါ့မလား" ဟု မေးလိုက်သည်။

"ခုနက သူက ငါတို့ကို ရွေးစရာနှစ်ခု ပေးခဲ့တာပဲ... ငါတို့က ဘာလို့ တိုက်ရိုက် မထွက်သွားရတာလဲ... ကမ္ဘာကြီးက ဒီလောက် ကြီးတာကို... ဒီနေရာလေးပဲ ရှိတာမှ မဟုတ်တာ"

လီချင်းဟွာက စကားမပြောပေ။ ဘေးနားရှိ လင်းဝမ်က လီချင်းဟွာ၏ ကျောဘက်မှ ဒဏ်ရာကို သန့်စင်ပေးရင်း "ချင်းမင်ပြောတာလည်း မမှားပါဘူး... ကျွန်မတို့ တကယ်တော့ ဒီမှာ အနှိမ်ခံနေစရာ မလိုဘူးလေ... ချင်းဟွာ... ရှင့်ရဲ့ အစွမ်းနဲ့ဆိုရင် ဘယ်နေရာသွားသွား ခေါင်းဆောင်တစ်ယောက် ဖြစ်နိုင်တာပဲကို... သူ့လက်အောက်မှာ ဘာလို့ အနှိမ်ခံနေရမှာလဲ" ဟု တိုးတိုးလေး ပြောသည်။

လီချင်းဟွာက သူတို့နှစ်ဦး၏ တိုးတိုးပြောသံများကို ကြားသောအခါ အလိုလို ခါးသက်သက် ပြုံးလိုက်မိသည်။

သူက သက်ပြင်းချကာ "သူက ငါတို့ကို ရွေးစရာနှစ်ခု တကယ် ပေးမယ်လို့ နင်တို့က တုံးအအနဲ့ တကယ် ထင်နေတာလား" ဟု မေးလိုက်သည်။

"ငါတို့သာ ဒုတိယလမ်းကို ရွေးလိုက်တာနဲ့ ချက်ချင်း ခေါင်းနဲ့ကိုယ် တခြားစီ ဖြစ်သွားလိမ့်မယ်ဆိုတာကို နင်တို့ ယုံလား"

"ဘာ" လင်းဝမ်၏ မျက်နှာက ပြောင်းလဲသွားသည်။

ကျိုးချင်းမင်၏ မျက်လုံးအိမ်များကလည်း အလိုလို ကျုံ့ဝင်သွားပြီး "ချင်းဟွာ... မင်းပြောချင်တာက... ခုနက သူက ငါတို့ကို စမ်းသပ်လိုက်တာလား" ဟု မေးလိုက်သည်။

လီချင်းဟွာက နှုတ်ခမ်းကိုစေ့ကာ ခေါင်းရမ်းပြီး "ငါလည်း မသိဘူး... ဒါပေမဲ့ ငါ လောင်းကြေးမထပ်ရဲဘူး" ဟု ပြန်ဖြေသည်။

"ငါသိတာက ငါသာ သူ့နေရာမှာဆိုရင် ရန်ငြိုးဖွဲ့ထားပြီးသား ရန်သူကို ဒီလောက် လွယ်လွယ်နဲ့ လုံးဝ လွှတ်ပေးမှာ မဟုတ်ဘူး... အထူးသဖြင့်... ငါ့လိုမျိုး တိုးတက်ဖို့ အလားအလာရှိတဲ့ ရန်သူမျိုးကိုပေါ့"

"ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်တွေးကြည့်ပြီး... ငါ ဒုတိယလမ်းကို မရွေးရဲခဲ့တာပဲ"

ဆက်ရန်...

အပိုင်း(၃၀၀) လီချင်းဟွာ၏ မာနကို ချိုးနှိမ်ခြင်း

လီချင်းဟွာက လူလည်တစ်ယောက်ဖြစ်သည်... သူက မိမိ၏အသက်အန္တရာယ်ကို တစ်ဖက်လူ၏ သနားကြင်နာမှုအပေါ်၌ ဘယ်သောအခါမှ ပုံအပ်ထားမည်မဟုတ်ပေ။

ထို့ကြောင့် သူ အရှုံးပေးလိုက်ပြီး လင်းယွမ် ပေးသော ပထမလမ်းကို ရွေးချယ်လိုက်သည်။

စိတ်ထဲတွင် မကျေမနပ် ဖြစ်နေသော်လည်း ဤအရာက လတ်တလောတွင် သူ အသက်ရှင်ကျန်ရစ်နိုင်မည့် တစ်ခုတည်းသော မျှော်လင့်ချက်ပင် ဖြစ်နေ၏။

၎င်းက ဘေးနားရှိ အဖော်နှစ်ယောက်ကိုပါ ကယ်တင်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းလည်း ဖြစ်နေသည်။

လင်းဝမ်နှင့် ကျိုးချင်းမင်တို့ကလည်း တိတ်ဆိတ်သွားကြသည်။

အထူးသဖြင့် ကျိုးချင်းမင်မှာ ကျောချမ်းသွားပြီး ချွေးစေးများပင် ပျံလာခဲ့တော့သည်။

မသိမသာဖြင့် သူက သေမင်းတံခါးဝသို့ တစ်ခေါက် ရောက်သွားခဲ့ပြီကိုး။

စောစောက သူက ဒေါသတကြီးဖြင့် ဒုတိယလမ်းကို ရွေးချယ်မည်ဟု လုပ်နေခဲ့သေးသည်... ချင်ဟွာ ပြောသလိုမျိုး တကယ်သာ ဒုတိယလမ်းကို ရွေးချယ်လိုက်ပါက ဤတောအုပ်ထဲမှ လုံးဝ ထွက်နိုင်တော့မည် မဟုတ်ပေ။

လင်းဝမ်ကလည်း သက်ပြင်းချလိုက်သည် "ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့ အသက်ရှင်ခွင့်ရသွားတာပဲ မဟုတ်ဘူးလား"

လီချင်းဟွာကလည်း သက်ပြင်းချကာ ပြောလိုက်သည် "တစ်လှမ်းချင်းပဲ ကြည့်ကြတာပေါ့... ဒီလူက အရမ်း ကြောက်ဖို့ကောင်းတယ်... သူ့ရဲ့ စွမ်းအားရော လုပ်ရပ်တွေရော ငါ လုံးဝ ခန့်မှန်းလို့ မရဘူး"

"သူ့ရှေ့မှာဆို ငါက ကြိုးဆွဲရာကရတဲ့ ရုပ်သေးရုပ်လေး တစ်ရုပ်လိုပဲ"

လီချင်းဟွာက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်... စိတ်ထဲတွင် မကျေမချမ်း ဖြစ်နေသော်လည်း ထိုလင်း ဆိုသည့်လူမှာ တကယ်ကို ကြောက်မက်ဖွယ်ကောင်းကြောင်း သူ ဝန်မခံဘဲ မနေနိုင်ပေ။

ဘယ်ဘက်ကကြည့်ကြည့် ကြောက်ဖို့ကောင်းလွန်းနေသည်။

အဖော်နှစ်ယောက် စိတ်ဓာတ်ကျနေသည်ကို မြင်တော့ လင်းဝမ်က မနေနိုင်ဘဲ နှစ်သိမ့်လိုက်သည် "ဒါက ဆိုးတဲ့ကိစ္စတော့လည်း မဟုတ်ပါဘူး... ကျွန်မတို့ အမြဲတမ်း အေးအေးချမ်းချမ်း နေလို့ရမယ့် နေရာလေးတစ်ခုကို ရှာချင်နေခဲ့တာ မဟုတ်ဘူးလား"

"ဘယ်လိုပဲပြောပြော ကျွန်မတို့ နေစရာ နေရာတစ်ခုတော့ ရသွားပြီပဲ မဟုတ်ဘူးလား"

"အနည်းဆုံးတော့ ထိုက်ယန်မှာဆို ကျွန်မတို့ ရေကြီးလာမှာကို အချိန်ပြည့် စိုးရိမ်နေစရာ မလိုတော့ဘူး... ရေကြီးနေတဲ့ထဲကနေ ကြောက်စရာကောင်းတဲ့ သန္ဓေပြောင်းသားရဲတွေ အချိန်မရွေး တက်လာမှာကိုလည်း ပူစရာ မလိုတော့ဘူးလေ"

ကျိုးချင်းမင်က လေးနက်သောအသံဖြင့် ပြောလာသည် "သန္ဓေပြောင်းလူတွေရော... လူတွေ စုဝေးလေလေ သန္ဓေပြောင်းလူတွေ ပေါ်လာနိုင်ခြေ ပိုများလေလေပဲ"

"ထိုက်ယန် ခိုလှုံရေးစခန်းက ဘယ်လိုပုံစံလဲ ဘယ်သူ သိမှာလဲ... သန္ဓေပြောင်းလူတွေရော ပေါ်လာနိုင်မလား မသိဘူး"

သန္ဓေပြောင်းလူ ဆိုသည်မှာ ဆင့်ကဲပြောင်းလဲခြင်း ကျရှုံးသွားပြီးနောက် ဖြစ်တည်လာသော မိစ္ဆာများပင် ဖြစ်သည်။

ထိုကဲ့သို့သော မိစ္ဆာများသည် လူသားများ သန္ဓေပြောင်းစွမ်းရည် နိုးထလာချိန်တွင် မိမိ၏ စိတ်ဆန္ဒ မခိုင်မာမှုကြောင့် မရေမတွက်နိုင်သော မျိုးရိုးဗီဇ မသိစိတ်များ၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး မိစ္ဆာများအဖြစ်သို့ ပြောင်းလဲသွားခြင်း ဖြစ်သည်။

သန္ဓေပြောင်းလူများ ပေါ်လာပြီဆိုသည်နှင့် ကြီးမားလှသော သတ်ဖြတ်မှုများနှင့် အန္တရာယ်များကို မလွဲမသွေ သယ်ဆောင်လာမည်သာ ဖြစ်သည်။

အချို့သော သန္ဓေပြောင်းလူများ၏ ဆင့်ကဲပြောင်းလဲမှု အရှိန်မှာ ကြောက်ခမန်းလိလိပင် မြန်ဆန်လှပြီး ရက်အနည်းငယ် သို့မဟုတ် ဆယ်ရက်ကျော်အတွင်းမှာပင် သာမန် အစွမ်းပိုင်ရှင်တစ်ယောက်၏ လနှင့်ချီသော ကျင့်ကြံမှုအဆင့်ကို ကျော်လွန်သွားနိုင်စွမ်း ရှိသည်။

သန္ဓေပြောင်းလူများ၏ မျိုးရိုးဗီဇမှာ ထိန်းချုပ်မှု ကင်းမဲ့နေပြီး ကင်ဆာဆဲလ်များကဲ့သို့ပင် ထိန်းမနိုင်သိမ်းမရ ရူးသွပ်စွာ ကြီးထွားပြောင်းလဲကာ နောက်ဆုံးတွင် မိစ္ဆာတစ်ကောင် ဖြစ်လာတော့သည်။

လီချင်းဟွာတို့ သုံးယောက်က ဖီးနစ် သင်္ဘောနှင့်အတူ လိုက်ပါလာစဉ် လမ်းတစ်လျှောက်ရှိ အထပ်မြင့် အဆောက်အအုံများကို ဝင်ရောက်မွှေနှောက်ခဲ့ရာ ထိုကဲ့သို့သော သန္ဓေပြောင်းလူ အများအပြားကို တွေ့ခဲ့ရသည်။

ယေဘုယျအားဖြင့် အဆောက်အအုံတစ်ခုအတွင်း သန္ဓေပြောင်းလူ ပေါ်လာပြီဆိုသည်နှင့် ထိုအဆောက်အအုံထဲတွင် အခြား ပုံမှန်လူများ အသက်ရှင်ကျန်ရစ်ရန်မှာ လုံးဝ မဖြစ်နိုင်တော့ပေ။

ထို့ကြောင့်လည်း ကျိုးချင်းမင်က ဤစကားကို ပြောထွက်လာခြင်း ဖြစ်သည်။

လီချင်းဟွာကလည်း မျက်မှောင်ကြုတ်သွားသည်... ဟုတ်ပေသည်... ခိုလှုံရေးစခန်းတွင် လူတွေ ရှုပ်ထွေးလှရာ လူအင်အား များပြားလွန်းလာပါက ထိုအခြေအနေမျိုး ဖြစ်လာနိုင်ခြေ အလွန်များသည်။

ထိုက်ယန် ခိုလှုံရေးစခန်းတွင် ဤကဲ့သို့သော အခြေအနေမျိုးအတွက် ကြိုတင်ပြင်ဆင်ထားမှုများ ရှိမရှိဆိုတာကိုတော့ မသိရသေးပေ။

လင်းဝမ်က ဝင်ပြောသည် "တော်ပါတော့ ချင်းမင်ရယ်... သန္ဓေပြောင်းလူ ပေါ်လာတယ်ဆိုရင်တောင် ဆရာလင်း က အရမ်းတော်တာပဲ... သူက ဝင်ရှင်းပေးမှာပေါ့... ကျွန်မတို့က ဘာကို ကြောက်နေရမှာလဲ"

"နောက်ပြီးတော့ ထိုက်ယန် ခိုလှုံရေးစခန်းမှာ လူတွေ အများကြီးပဲဟာ... သန္ဓေပြောင်းလူက ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ကျွန်မတို့လို အစွမ်းပိုင်ရှင်တွေကို အရင်ဆုံး လာဖမ်းဖို့က မဖြစ်နိုင်ပါဘူး"

လီချင်းဟွာက ထောက်ခံလိုက်သည် "ညီမဝမ် ပြောတာ မှန်တယ်... ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က ရွေးချယ်ပြီးသွားပြီပဲ... အားလုံး ထိုက်ယန် ရောက်မှပဲ ဆက်ပြောကြတာပေါ့... အခုချိန်မှာ ငါတို့အတွက် ဒုတိယလမ်းမှ မရှိတော့တာ"

ကျိုးချင်းမင်ကလည်း စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းညိတ်လိုက်သည်။

ထိုအချိန်တွင် လင်းဝမ်က လီချင်းဟွာ၏ ကျောပြင်မှ သွေးကွက်များကို သန့်စင်ပေးပြီးသွားပြီ ဖြစ်သည်... သွေးတိတ်ကာ အမာရွတ် ဖြစ်နေပြီဖြစ်သော ဒဏ်ရာကို ကြည့်ရင်း သူမက မနေနိုင်ဘဲ မေးလိုက်သည် "ချင်ဟွာ... စောစောက ဆေးရည်က ဘာဆေးရည်လဲ... ရှင် သောက်လိုက်တာနဲ့ ကျောက ဒဏ်ရာက ချက်ချင်း သွေးတိတ်သွားပြီး အမာရွတ်တောင် ဖြစ်သွားတယ်နော်"

လီချင်းဟွာမှာ ထိုစကားကို ကြားမှ သတိဝင်လာပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည် "ဒါက သာမန် ဆေးရည်တော့ လုံးဝ မဖြစ်နိုင်ဘူး... အစွမ်းတစ်ခုခုကနေ ထွက်လာတဲ့ ပစ္စည်း ဖြစ်ဖို့ များတယ်"

သူတို့ ပြောနေသည်ကို ကြားတော့ ကျိုးချင်းမင်ကလည်း ဝင်မေးလိုက်သည် "ထိုက်ယန် ခိုလှုံရေးစခန်းမှာ ကုသရေး အစွမ်းပိုင်ရှင်တွေ ရှိနေတာလား"

"မဟုတ်ဘူး... ကုသရေး အစွမ်းပိုင်ရှင်ဆိုရင် သူကိုယ်တိုင် အစွမ်းသုံးပေးမှ ရမှာလေ... ဒါက ဆေးရည်ပဲ... ပြီးတော့ စောစောက ငါ သောက်လိုက်တုန်းက အရသာက တိုင်းရင်းဆေးနဲ့ နည်းနည်း တူတယ်" လီချင်းဟွာက ခေါင်းခါရင်း ပြောလိုက်သည်။

လင်းဝမ်က ရုတ်တရက် ဝင်ပြောသည် "ဒါဆို ထိုက်ယန် ခိုလှုံရေးစခန်းမှာ တိုင်းရင်းဆေးပညာ ကျွမ်းကျင်တဲ့ အစွမ်းပိုင်ရှင် ရှိနေပြီး သူက ကုသရေး ဆေးရည်တွေကို ဖော်စပ်ထားတာများလား"

လီချင်းဟွာ၏ မျက်နှာက လေးနက်သွားသည် "ဖြစ်နိုင်ခြေ အရမ်းများတယ်"

ထို့နောက် သူက ဆက်ပြောသည် "ဒီလိုသာဆိုရင် ငါတို့က ဒီထိုက်ယန် ခိုလှုံရေးစခန်းကို တကယ် အထင်သေးမိနေတာ ထင်တယ်"

"သူတို့ဆီမှာ အစွမ်းဆေးရည်တွေ ဖော်စပ်နိုင်တဲ့ အစွမ်းအစ ရှိနေတယ်ဆိုတာက သာမန် ခိုလှုံရေးစခန်းတစ်ခု လုပ်နိုင်တဲ့ ကိစ္စမျိုး မဟုတ်ဘူး... အနည်းဆုံးတော့ စားဝတ်နေရေးအတွက် ပူစရာမလိုတဲ့ အခြေအနေမျိုး ရှိနေမှ ဖြစ်မှာ"

"ဘာလို့ စားဝတ်နေရေးအတွက် ပူစရာမလိုတဲ့ အခြေအနေ ဖြစ်နေမှ ရမှာလဲ" ကျိုးချင်းမင်က နားမလည်စွာဖြင့် မေးလိုက်သည်။

"ဒီခိုလှုံရေးစခန်းက လူတွေ အကုန်လုံး ဗိုက်မဝဘူးဆိုရင် ဘယ်သူက ဒီဟာတွေကို သုတေသန လုပ်ဖို့ စိတ်ကူးရှိမှာလဲ"

"ထိုက်ယန် ခိုလှုံရေးစခန်းက အနည်းဆုံးတော့ လူတွေ ဗိုက်ဝအောင် ကျွေးနိုင်မှ သုတေသန လုပ်ဖို့ အားအင် ရှိမှာပေါ့"

လင်းဝမ်က မနေနိုင်ဘဲ ပြောလာသည် "ဒါက ဖြစ်နိုင်လို့လား... အခု အပြင်မှာ ရေကြီးနေတာလေ... ဘယ်သူက ဗိုက်ဝအောင် စားနိုင်မှာလဲ"

"တောင်ပေါ်မှာ မြေကြီးရှိတယ် ဆိုရင်တောင် ဒီလို မိုးသည်းထန်နေတဲ့ ရာသီဥတုမှာ ဘာစိုက်လို့ ရမှာလဲ"

လီချင်းဟွာက လင်းဝမ်နှင့် ကျိုးချင်းမင်တို့ကို ကြည့်ကာ မေးလိုက်သည် "မင်းတို့နှစ်ယောက် မိန်တောင်ကို ရောက်ဖူးတယ်မလား... ဘာမှ မထူးခြားဘူးလား"

ကျိုးချင်းမင်က ပြန်တွေးကြည့်ကာ ပြောသည် "မိန်တောင်မှာက လူနေလို့ရတဲ့ ယွင်ချွမ်ဘုရားကျောင်း တစ်ခုပဲ ရှိတာ... ကျွန်မတို့ သွားတုန်းကတော့ လူအုပ်ကြီးက အလုပ်တွေ ရှုပ်နေကြပြီး ယွင်ချွမ်ဘုရားကျောင်း တစ်လျှောက်မှာ အိမ်တွေ ဆောက်နေကြတာပဲ တွေ့ခဲ့တယ်"

လင်းဝမ်က ဝင်ပြောသည် "ကျွန်မ ဟိုဘက်မှာ စုံစမ်းကြည့်ဖူးတယ်... ဒီဆရာလင်း က မိန်တောင်ကို သိမ်းပိုက်ထားတာ သိပ်မကြာသေးဘူးတဲ့... သူတို့ လုပ်ပုံကို ကြည့်ရတာ မိန်တောင်မှာ ခိုလှုံရေးစခန်းအသစ် ဆောက်ဖို့ စီစဉ်နေပုံရတယ်"

"ရေကြီးနေတာကို ဖြတ်ပြီး တောင်နှစ်လုံးပေါ်မှာ ခိုလှုံရေးစခန်း နှစ်ခု ဆောက်ရအောင် သူတို့ဆီမှာ လူအများကြီး ရှိလို့လား... ဘာလို့ ဒီလောက်တောင် အလုပ်ရှုပ်ခံနေကြတာလဲ" လီချင်းဟွာက နားမလည်နိုင်ပေ။

လင်းဝမ်က ဆက်ပြောသည် "ကျွန်မ မြင်ခဲ့တာတော့ တောင်နှစ်လုံးကြားက ရေပြင်ပေါ်မှာ ရေပေါ်တံတားတစ်ခု ဆောက်ထားပြီး ထိပ်နှစ်ဖက်မှာလည်း ခံတပ်တွေ ဆောက်ထားသေးတယ်"

"ရေပေါ်တံတား ဆောက်ထားတယ်" လီချင်းဟွာ၏ မျက်နှာတွင် ထူးဆန်းသော အမူအရာများ ပေါ်လာသည် "ရေပေါ်တံတား ဆောက်ဖို့က အဲ့ဒီလောက် လွယ်လို့လား... ပြီးတော့ ရေအောက်မှာ သန္ဓေပြောင်း မိစ္ဆာတွေ ဘယ်လောက်တောင် ရှိနေလဲ... ရေပေါ်တံတား ဆောက်ပြီးတာနဲ့ မိစ္ဆာတွေ ဖျက်ဆီးပစ်မှာကို မကြောက်ဘူးလား"

လင်းဝမ်က ခေါင်းယမ်းလိုက်သည် "ရေပေါ်တံတားကို သူတို့ ဆောက်လို့တောင် ပြီးနေပြီ"

လီချင်းဟွာမှာ အံ့သြသွားပြီး မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည် "ဆောက်လို့ ပြီးသွားပြီ... တံတားတစ်စင်း တည်ဆောက်ဖို့ ဆိုတာက အလုပ်အရမ်းများတာကို... သူတို့ဆီမှာ လူဘယ်နှယောက်များ ရှိလို့လဲ"

လင်းဝမ်က ပြန်တွေးကြည့်ကာ ပြောသည် "အဲ့ဒီ ရေပေါ်တံတားက ကြည့်ရတာ အရမ်း ရိုးရှင်းတယ်... သစ်သားတွေ ဘာတွေနဲ့ ဆောက်ထားတာ မဟုတ်ဘဲ ရေထဲမှာ ပေါလောပေါ်နေတဲ့ အစိမ်းရောင် အပင်တစ်မျိုးကို သူတို့က တံတားကြမ်းခင်းအဖြစ် သုံးထားတာ"

လီချင်းဟွာမှာ ကြက်သေသေသွားသည်... အစိမ်းရောင် အပင်တဲ့လား။

သူ ရုတ်တရက် သတိရသွားသည်... စောစောက သူတို့ လင်ယွင်ကုန်းစောင်းသို့ ပြေးလာပြီး ကမ်းပေါ်သို့ အတက်တွင် ရေပြင်ပေါ်၌ အစိမ်းရောင် အပင်များ အမြောက်အမြား မျောပါနေသည်ကို အသေအချာ မြင်တွေ့ခဲ့ရသည်။

ထိုက်ယန်က လူတွေက အဲ့ဒီအရာတွေကို သုံးပြီး ရေပေါ်တံတား ခင်းထားတာများလား။

အဲ့ဒီအရာတွေက လူတွေ ရပ်လို့ ရလို့လား။

သူက သံသယ ဝင်လာသည်... ထိုအချိန်က ကမ်းပေါ်သို့ တက်ရန် အလောတကြီး ဖြစ်နေသဖြင့် ရေပြင်ပေါ်တွင် မျောပါနေသော အရာများကို သိပ်ဂရုမစိုက်မိခဲ့ပေ။

သူ အသေးစိတ် မေးမြန်းရန် ပြင်လိုက်စဉ် ကျိုးချင်းမင်က သူ၏ လက်မောင်းကို လာပုတ်လိုက်သည်။

လီချင်းဟွာမှာ ရုတ်တရက် လန့်သွားပြီး လှည့်ကြည့်လိုက်သည်။

ထိုအခါ လင်းယွမ်က လီယွဲ့ကျင်း ကို ခေါ်ကာ ပြန်လာနေသည်ကို တွေ့လိုက်ရသည်။

လီချင်းဟွာမှာ အနည်းငယ် အံ့သြသွားသည်... သူက လုံးဝ သတိမထားမိခဲ့ပါလား။

ဆိုလိုသည်မှာ တစ်ဖက်လူကသာ မိမိကို လုပ်ကြံချင်ပါက မိမိအနေဖြင့် ခုခံနိုင်စွမ်း လုံးဝ ရှိမည်မဟုတ်ဟု ဆိုလိုရာ ရောက်မနေဘူးလား။

"ဟားဟား... စကားတွေဘာတွေတောင် ပြောနိုင်နေပြီပေါ့... ကြည့်ရတာ ပြန်ကောင်းလာပြီ ထင်တယ်... ဒါဆိုလည်း သွားကြရအောင်"

လင်းယွမ်က သူတို့သုံးယောက်ကို တစ်ချက်ကြည့်ကာ ခြေလှမ်းမရပ်ဘဲ မြစ်ကမ်းဘေးသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။

လီချင်းဟွာတို့ သုံးယောက်လည်း ကပျာကယာ မတ်တတ်ရပ်ကာ နောက်မှ လိုက်သွားကြသည်။

လီယွဲ့ကျင်းက သူတို့သုံးယောက်ကို ကြည့်ကာ ပြုံးပြရင်း မေးလိုက်သည် "မိတ်ဆွေတို့ သုံးယောက်ကို ဘယ်လို ခေါ်ရမလဲ"

လီချင်းဟွာက လေးနက်သောအသံဖြင့် ဖြေလိုက်သည် "ကျွန်တော်က လီချင်းဟွာ ပါ... ချင်ဟွာ တက္ကသိုလ်က ချင်ဟွာ ပေါ့"

လီယွဲ့ကျင်းက ပြုံးဖြီးဖြီးဖြင့် လက်မထောင်ပြကာ ပြောသည် "ရည်မှန်းချက် ကြီးလှချည်လား... ငါက တစ်သက်လုံး စာသင်လာတာ... ငါ့ရဲ့ အကြီးမားဆုံး အိပ်မက်က ငါ့တပည့်တွေ ချင်ဟွာ တက္ကသိုလ်ကို တက်နိုင်တာကို မြင်ချင်တာပဲ... နှမြောစရာကောင်းတာက ငါ့အရည်အချင်းက ကန့်သတ်ချက် ရှိနေတယ်လေ"

"ခင်ဗျားက ဆရာလား" လီချင်းဟွာမှာ အံ့သြသွားပြီး လီယွဲ့ကျင်းကို တစ်ချက် ကြည့်လိုက်သည်။

လီယွဲ့ကျင်းက ရယ်မောကာ မေးလိုက်သည် "ဘာလဲ... ငါက ဆရာနဲ့ မတူလို့လား"

လီချင်းဟွာက ခေါင်းယမ်းလိုက်သည် "မတူဘူး"

လီယွဲ့ကျင်းက သက်ပြင်းချကာ ပြောသည် "အင်းပေါ့လေ... ရေကြီးပြီးတဲ့နောက်မှာ ကျောင်းသားတို့ ဆရာတို့ ဆိုတဲ့ အဆင့်အတန်းတွေက ဘယ်ရှိတော့မလဲ... အားလုံးက ရေကြီးတဲ့ထဲက ဗေဒါပင်တွေလိုပဲလေ... ဘယ်နေ့ သေမလဲတောင် မသိရဘူး"

"ဒါပေမဲ့ ဒီလို ဖြစ်နေတာတောင် လူတွေ အချင်းချင်းကြားမှာ တိုက်ခိုက်မှုတွေက ရပ်မသွားဘူး... တခြားလူတွေကို အနိုင်ကျင့်ချင်တဲ့ လူတွေက အမြဲတမ်း ရှိနေတုန်းပဲ"

လီချင်းဟွာ၏ မျက်နှာမှာ တောင့်တင်းသွားပြီး ဘာမှ ပြန်မပြောနိုင်တော့ပေ။

အစ်ကိုဟော် တို့ လူစုသည် တစ်ဖက်လူ ပြောနေသည့် တခြားလူများကို အနိုင်ကျင့်ချင်သူများပင် ဖြစ်သည်။

သူကိုယ်တိုင်က ဖီးနစ် သင်္ဘော၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်နေသဖြင့် လူကို အနိုင်ကျင့်ဖူးသည်ဖြစ်စေ မကျင့်ဖူးသည်ဖြစ်စေ ထိုနာမည်ဆိုးကို ခံယူရမည်သာ ဖြစ်သည်။

ကျိုးချင်းမင်က လှောင်ပြုံးပြုံးကာ မကျေမနပ်ဖြင့် ပြောလိုက်သည် "ခင်ဗျားက ဆရာ ဖြစ်နေပြီးတော့ အင်အားကြီးပြီး... အခြေအနေနဲ့ လိုက်လျောညီထွေ နေနိုင်တဲ့သူကပဲ အသက်ဆက်ရှင်နိုင်တယ် ဆိုတာကို မကြားဖူးဘူးလား"

လီယွဲ့ကျင်းက သူ့ကို တစ်ချက်ကြည့်ကာ တစ်ဟားဟားရယ်ရင်း ပြောသည် "ငါက ဘာသာစကား သင်တဲ့ ဆရာကွ... အူမတောင့်မှ သီလစောင့်နိုင်မယ် ဆိုတာလောက်ပဲ ငါသိတယ်... လူဆိုတာ ဗိုက်ဝမှသာ ကိုယ်ကျင့်တရားကို သိနိုင်တာ"

"မင်း ပြောတဲ့ တောရိုင်းဥပဒေ ဆိုတဲ့ သီအိုရီက တိရစ္ဆာန်တွေရဲ့ စည်းမျဉ်းပဲ... ငါ အဲ့ဒါကို မသင်ဖူးဘူး"

"ဒါပေမဲ့ ငါသိတာက အဲ့ဒီလို အယူအဆမျိုးကို လက်ကိုင်ထားတဲ့ လူတွေက... ဗိုက်ဝနေရင်တောင် ကိုယ်ကျင့်တရားကို နားလည်မှာ မဟုတ်ဘူး ဆိုတာပဲ"

ကျိုးချင်းမင်မှာ ဒေါသထွက်သွားသည်... လီယွဲ့ကျင်းက သူတို့ကို တိရစ္ဆာန်များနှင့် နှိုင်းကာ အင်အားကြီးသူက အင်အားငယ်သူကို အနိုင်ကျင့်ပြီး တခြားလူများကို လုယက်တတ်သည်ဟု သွယ်ဝိုက် လှောင်ပြောင်နေခြင်းကို သူ မသိဘဲ နေမည်လော။

သို့သော် သူက တစ်ဖက်လူကို စကားပြန်မပြောနိုင်သဖြင့် ခဏတာမျှ လက်သီးကိုသာ တင်းတင်းဆုပ်ထားလိုက်ရသည်။

လီချင်းဟွာက ထိုအခြေအနေကို မြင်တော့ ဝင်ပြောသည် "ဆရာလီ... ခေတ်က ပြောင်းသွားပြီဗျ... ကျွန်တော်တို့က လုပ်ချင်တာ မဟုတ်ပါဘူး... တကယ် တတ်နိုင်လို့ လုပ်ရတာပါ... ကျွန်တော်တို့ မလုပ်လည်း တခြားလူတွေ လုပ်ကြမှာပဲ"

"ခင်ဗျား ပြောသလိုပဲ အူမတောင့်မှ သီလစောင့်နိုင်မယ် ဆိုပေမယ့် ကျွန်တော်တို့က စားဝတ်နေရေးအတွက် ပူစရာမလိုတဲ့ အခြေအနေကို ရောက်ဖို့ အဝေးကြီး လိုသေးတယ်လေ"

လီယွဲ့ကျင်းက ခေါင်းယမ်းလိုက်သည် "မင်းတို့က တိရစ္ဆာန် တစ်အုပ်နဲ့ အလိုတူအလိုပါ ပေါင်းသင်းနေတာကိုး... သူတို့က လူသားစားတယ် ဆိုတိုင်း မင်းတို့ကပါ လိုက်စားရမှာလား... ရှေးလူကြီးတွေ ပြောခဲ့တဲ့ စကားရှိတယ်... လယ်သမား တစ်ယောက် လယ်မထွန်ရင် တစ်ယောက် ဗိုက်ဆာရမယ်၊ ယက္ကန်းသည် တစ်ယောက် အထည်မရက်ရင် တစ်ယောက် ချမ်းအေးရမယ် တဲ့... လုယက်သတ်ဖြတ်ပြီး စားဝတ်နေရေး ဖူလုံအောင် လုပ်လို့ရတယ်လို့ ငါ ဘယ်တုန်းကမှ မကြားဖူးဘူး"

"တကယ် ကောင်းကောင်းမွန်မွန် အသက်ရှင်ချင်တယ် ဆိုရင် လူအချင်းချင်း လုယက်စားသောက်ပြီး အသက်ရှင်ဖို့က မဖြစ်နိုင်ဘူး... နောက်ဆုံးကျရင် လူတွေ အကုန်လုံးကို မင်းတို့ လုယက်သတ်ဖြတ်စားသောက်ပြီးသွားရင် မင်းတို့က အသက်ရှင်နိုင်ဦးမှာတဲ့လား"

ထိုစကားကြောင့် လီချင်းဟွာပင် စကားမဟနိုင်တော့ပေ။

သို့သော် ဤဆရာလီက အယူအဆများကို လှည့်စားပြောဆိုနေမှန်း သူ သိပါသည်။

သူတို့ ပြောချင်သည်မှာ ကမောက်ကမ ခေတ်ကြီးတွင် အခြေအနေနှင့် လိုက်လျောညီထွေ နေနိုင်သူက အသက်ရှင်ကျန်ရစ်မည် ဟူ၍ ဖြစ်သည်။

တစ်ဖက်လူကတော့ လူသားများ၏ ရှုထောင့်မှနေ၍ အသက်ရှင်ကျန်ရစ်ခြင်းအကြောင်း ပြောနေခြင်း ဖြစ်သည်။

သူတို့နှစ်ဦး၏ အမြင်မှာ လုံးဝ မတူညီသဖြင့် သူက ပြုံးရုံသာ ပြုံးလိုက်ပြီး ဆက်မငြင်းတော့ပေ။

လင်းဝမ်က ဤမြင်ကွင်းကို မြင်တော့ ပြုံးလိုက်ပြီး ဝင်မပြောတော့ပေ။

ကျိုးချင်းမင်ကတော့ မနေနိုင်ဘဲ နှာခေါင်းရှုံ့လိုက်ကာ ရှေ့မှ လျှောက်သွားနေသော လင်းယွမ်ကို ကြည့်ပြီး ရုတ်တရက် မေးလိုက်သည် "ဆရာလင်း လို အစွမ်းထက်တဲ့ လူတစ်ယောက်က စားသောက်စရာတွေ အားလုံးကို ကိုယ်တိုင် စိုက်ပျိုးပြီး စားသောက်နေတာလား ဆိုတာကို ကျွန်တော် သိချင်တယ်... သူက တခြားလူတွေဆီက ပစ္စည်းတွေကို မလုဖူးဘူးလား"

ထိုစကားကို ပြောလိုက်သည်နှင့် လင်းဝမ်နှင့် လီချင်းဟွာတို့၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားသည်။

လီချင်းဟွာက ချက်ချင်း ဟန့်တားလိုက်သည် "ချင်းမင်"

လင်းဝမ်ကလည်း လင်းယွမ်ကို ကြည့်ကာ ကပျာကယာ ပြောလိုက်သည် "ဆရာလင်း... ချင်းမင်က အဲ့ဒီသဘောနဲ့ ပြောတာ မဟုတ်ပါဘူး"

ရှေ့မှ လျှောက်သွားနေသော လင်းယွမ်က ရုတ်တရက် ခြေလှမ်းရပ်လိုက်ပြီး သူတို့သုံးယောက်ကို နောက်လှည့်ကာ အေးစက်စက် ကြည့်လိုက်သည်။

သူတို့သုံးယောက်မှာ ချက်ချင်း ရင်ထိတ်သွားကြသည်။

လီချင်းဟွာမှာလည်း ကြက်သီးမွေးညင်း ထသွားပြီး ပါးစပ်ဟကာ တစ်ခုခု ပြောရန် ပြင်လိုက်သည်။

သို့သော် လင်းယွမ်က အရင် စကားစလိုက်သည်။

"မင်းက ဖီးနစ် သင်္ဘောပေါ်က လူတွေကို သတ်လိုက်တာမျိုးကို လုတာ လို့ပြောချင်တာလား"

"အဲ့ဒီလို လုတာမျိုးဆိုရင်တော့ ငါ အများကြီး လုဖူးတာပေါ့... ဟားဟားဟား"

ပြောပြီးနောက် သူက နောက်လှည့်ကာ ရှေ့သို့ ဆက်လျှောက်သွားလိုက်သည်။

ကျိုးချင်းမင်၏ မျက်နှာမှာ ရှက်ရွံ့မှုကြောင့် နီရဲသွားတော့သည်။

လီချင်းဟွာနှင့် လင်းဝမ်တို့က အချင်းချင်း အပြန်အလှန် ကြည့်ကာ သက်ပြင်းချလိုက်ကြသည်။

လီယွဲ့ကျင်းက ဟီးဟီးရယ်ကာ ပြောလိုက်သည် "လူက ကိုယ့်ကို မစော်ကားရင် ကိုယ်ကလည်း လူကို မစော်ကားဘူးကွ... အိမ်တိုင်ရာရောက် လာတိုက်တဲ့ ဓားပြတွေကို ပြန်ချတာက လုယက်တာ မဟုတ်ဘူး... ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာကွ"

သူက လင်းယွမ် နောက်သို့ အပြေးအလွှား လိုက်သွားရာ လီချင်းဟွာတို့ သုံးယောက်မှာ နောက်တွင် မျက်နှာအမျိုးမျိုး ပြောင်းကာ ကျန်ရစ်ခဲ့တော့သည်။

ကျိုးချင်းမင်က မနေနိုင်ဘဲ ကျိန်ဆဲလိုက်သည် "ဒါလည်း ချီးတဲ့မှပဲ... အင်အားကြီးသူက အင်အားငယ်သူကို အနိုင်ကျင့်တာပဲ မဟုတ်ဘူးလား"

"ချင်းမင်" လီချင်းဟွာက အော်ငေါက်လိုက်သည်။

လင်းဝမ်ကလည်း မကျေမနပ်ဖြင့် ပြောသည် "ရှင် စကားနည်းနည်း လျှော့ပြောပါ... သူတို့က အခု ရှင့်ထက် ပိုစွမ်းနေတာကို"

ကျိုးချင်းမင်မှာ ချက်ချင်း စကားမဟနိုင်တော့ပေ။

စကားပြောနေရင်းဖြင့် သူတို့ လူစုမှာ မြစ်ကမ်းဘေးသို့ ရောက်လာကြပြီ ဖြစ်သည်။

လင်းယွမ်က သူတို့သုံးယောက်ကို နောက်လှည့်ကြည့်ကာ ပြောလိုက်သည် "မင်းတို့သုံးယောက် ကိုယ့်ဘာသာ နည်းလမ်းရှာပြီး လိုက်ခဲ့ကြ"

သုံးယောက်သား ကြောင်အမ်းအမ်း ဖြစ်သွားကြသည်... နောက်တစ်စက္ကန့်တွင် လင်းယွမ်က လီယွဲ့ကျင်းကို လက်တစ်ဖက်ဖြင့် ဆွဲဖမ်းလိုက်ပြီး ခြေထောက်အောက်မှ ရုတ်တရက် မီးတောက်များ ဒိုင်းခနဲ ပေါက်ကွဲထွက်လာသည်ကို တွေ့လိုက်ရသည်။

သူ၏ ခြေဖဝါးအောက်တွင် မီးစင်္ကြာနှစ်ခု ချက်ချင်း ပေါ်လာသည်။

သုံးယောက်သား သတိမဝင်လာသေးခင်မှာပင် သူတို့၏ မျက်စိရှေ့မှ လင်းယွမ်တို့ နှစ်ယောက်၏ အရိပ်အယောင်များ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

လေထဲတွင် ကြယ်တံခွန်တစ်ခုလို လျင်မြန်စွာ ပြေးထွက်သွားသော မီးတောက်လမ်းကြောင်း တစ်ခုသာ ကျန်ရစ်ခဲ့တော့သည်။

ထိုမီးတောက်လမ်းကြောင်းမှာ အလွန် မြန်ဆန်လွန်းလှသဖြင့် လေထုပင် လောင်ကျွမ်းသွားပြီး မိုးရေ အမြောက်အမြား အငွေ့ပျံသွားကာ သက်တံ့တစ်ခုလို အလင်းတန်းများ ဖြာထွက်လာတော့သည်။

ကျိုးချင်းမင်မှာ မျက်လုံးပြူးသွားပြီး မနေနိုင်ဘဲ ရေရွတ်လိုက်သည် "အလျင်က အရမ်း မြန်တာပဲ"

လီချင်းဟွာ၏ မျက်နှာမှာ အဆက်မပြတ် ပြောင်းလဲနေသည်... လင်းယွမ် ဤစွမ်းရည်ကို သုံးသည်ကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း မဟုတ်သော်လည်း ယခုလို ကြောက်မက်ဖွယ်ကောင်းသော အလျင်ကို ထပ်မံ မြင်တွေ့လိုက်ရသောအခါ သူ၏ စိတ်ထဲတွင် တကယ်ကို အားငယ်သွားမိသည်။

ဤမျှ မြန်ဆန်သော အလျင်ကြောင့် တစ်ဖက်လူမှာ အစောကြီးကတည်းက ဟာကွက် ကင်းမဲ့နေပြီ ဖြစ်သည်။

မိမိကိုယ်တိုင်က ဟင်းလင်းပြင် အစွမ်းကို ချက်ချင်း နေရာရွှေ့ပြောင်းနိုင်သည့် အဆင့်အထိ တကယ် မြှင့်တင်နိုင်မှသာ မဟုတ်လျှင် တစ်ဖက်လူနှင့် အလျင်ချင်း ယှဉ်ပြိုင်ရန် လုံးဝ မဖြစ်နိုင်ပေ။

လင်းဝမ်ကလည်း မနေနိုင်ဘဲ ရေရွတ်လိုက်သည် "သူ့ရဲ့ ရန်သူဖြစ်ရတာက တကယ်ကို မျှော်လင့်ချက် ကင်းမဲ့စေတာပဲ"

လီချင်းဟွာက အသက်ပြင်းပြင်း ရှူလိုက်ပြီး ပြောသည် "သွားကြစို့... ငါတို့လည်း လူရာမသွင်းခံရတဲ့ အဖြစ်မျိုးတော့ အရောက်မခံနိုင်ဘူး"

လင်းဝမ်က ကပျာကယာ မေးလိုက်သည် "ရှင့်ဒဏ်ရာက မကျက်သေးဘူးလေ... ဒါမှမဟုတ် ကျွန်မတို့ သစ်သားတုံး နည်းနည်းလောက် ရှာပြီး သစ်ဖောင် တစ်ခုလောက် လုပ်ကြမလား"

လီချင်းဟွာက ခေါင်းယမ်းလိုက်သည် "ငါ ရပါတယ်"

ပြောရင်း သူက လက်နှစ်ဖက်ကို ဖြန့်လိုက်ရာ ပတ်ဝန်းကျင်တွင် အဝိုင်းရောင် ဟင်းလင်းပြင် လေပူဖောင်းများ ချက်ချင်း ပေါ်လာတော့သည်။

ဟင်းလင်းပြင် လေပူဖောင်းများက သူတို့သုံးယောက်ကို ရစ်ပတ်သွားပြီး လီချင်းဟွာ၏ ခြေတစ်လှမ်း အလှမ်းတွင် သူတို့က ပေ ၃၀ ကျော် အကွာသို့ ချက်ချင်း ရောက်သွားတော့သည်။

ဟင်းလင်းပြင်က အဆက်မပြတ် တွန့်လိမ်ခေါက်ချိုးဖြစ်နေပြီး သူတို့သုံးယောက်၏ အလျင်မှာလည်း တဖြည်းဖြည်း မြန်ဆန်လာသည်။

ရေလှိုင်းသံများ ဆူညံနေသော်လည်း လီချင်းဟွာတို့ ရှိနေသော ဟင်းလင်းပြင် လေပူဖောင်းများထဲသို့တော့ ရိုက်ခတ်မဝင်ရောက်နိုင်ပေ။

သူက ထိုမီးတောက်လမ်းကြောင်းကို အစွမ်းကုန် လိုက်မီအောင် ကြိုးစားသော်လည်း ထိုမီးတောက်လမ်းကြောင်းက တဖြည်းဖြည်း ဝေးကွာသွားကာ နောက်ဆုံးတွင် မျက်နှာချင်းဆိုင်ရှိ တောင်နှစ်လုံးကြားတွင် ပျောက်ကွယ်သွားသည်ကို မျက်စိသူငယ်ဖြင့် ကြည့်နေရုံသာ တတ်နိုင်တော့သည်။

လီချင်းဟွာက သွားကြိတ်ကာ နောက်ဆုံးတွင် ၂ မိုင်၊ ၃ မိုင်ခန့် အထိ ရွှေ့လျားနိုင်ခဲ့သော်လည်း ဆက်မတောင့်ခံနိုင်တော့သဖြင့် မျောပါနေသော သစ်သားပြား တစ်ချပ်ကို ရှာကာ သူတို့သုံးယောက် ရပ်တန့်လိုက်ကြသည်။

ကျိုးချင်းမင်က ပြောသည် "ချင်ဟွာ... မင်း ငါ့ကို ဂရုစိုက်စရာ မလိုဘူး... ငါ့ဘာသာငါ သွားလို့ရတယ်... မင်းက ညီမဝမ် ကို ခေါ်သွားရင် ရပြီ"

ပြောပြီးနောက် သူက လီချင်းဟွာ စကားပြောသည်ကိုပင် မစောင့်တော့ဘဲ ခန္ဓာကိုယ်မှာ သွေးမြူခိုးများအဖြစ် ရုတ်တရက် ပြောင်းလဲသွားကာ ဝုန်းခနဲ လေထဲသို့ ပျံတက်သွားပြီး ရေပြင်ပေါ်တွင် လျင်မြန်စွာ ပျံ့နှံ့သွားကာ လင်းယွမ်တို့ ပျောက်ကွယ်သွားသော အရပ်ဆီသို့ အဆက်မပြတ် လွင့်မျောသွားတော့သည်။

လီချင်းဟွာက ထိုအခြေအနေကို မြင်တော့ သွားကြိတ်ကာ မတ်တတ်ရပ်ရင်း ပြောလိုက်သည် "ညီမဝမ်... ငါတို့လည်း လိုက်သွားကြစို့"

ညီမဝမ်က ကပျာကယာ ပြောသည် "ချင်ဟွာ... ရှင် နည်းနည်းလောက် နားလိုက်ပါဦး... ကျွန်မ ခဏလောက် လှော်ပေးမယ်"

လီချင်းဟွာက ပြောသည် "သူ လူရာမသွင်းတာကိုတော့ အဖြစ်မခံနိုင်ဘူး"

ပြောရင်း သူက အံကြိတ်ကာ ညီမဝမ်၏ လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်ပြီး ဟင်းလင်းပြင် လေပူဖောင်းများကို ထပ်မံ ဖန်တီးကာ လျင်မြန်စွာ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်သည်။

ခြေတစ်လှမ်းလျှင် ပေ ၃၀ ခန့် ရှိပြီး ဟင်းလင်းပြင် ခေါက်ချိုးများကြောင့် မြေပြင်ကိုပင် ကျုံ့သွားစေသည့် ခံစားချက်မျိုး ဖြစ်ပေါ်စေသည်။

သူတို့သုံးယောက် အသေအကြေ အပင်ပန်းခံကာ တောင်နှစ်လုံးကြားသို့ ရောက်သွားသောအခါမှ ထိုဖီးနစ် သင်္ဘောက ထိုက်ယန်နှင့် မိန်တောင်ကြားရှိ ရေပြင်ပေါ်တွင် တိတ်ဆိတ်စွာ ရပ်နားထားသည်ကို မြင်တွေ့လိုက်ရသည်။

တစ်ချိန်က ရေလွှမ်းမိုး တားမြစ်နယ်မြေ ဖြစ်ခဲ့သော်လည်း ယခုအခါတွင် ရေပေါ်တံတားကို တည်ဆောက်ထားပြီး သင်္ဘောများကိုလည်း ဆိုက်ကပ်ထားပြီ ဖြစ်သည်။

လင်းယွမ်က ကုန်တင်သင်္ဘောပေါ်တွင် ရပ်ကာ မျက်နှာဖြူရော်နေသော လီချင်းဟွာတို့ သုံးယောက်ကို တည်ငြိမ်စွာ ကြည့်နေသည်။

သုံးယောက်သား အံကြိတ်ကာ ဇွဲလုံ့လဖြင့် သင်္ဘောပေါ်သို့ အရောက်သွားလိုက်ကြသည်။

သို့သော် ယခုအချိန်တွင် သူတို့မှာ အားအင်ကုန်ခမ်းနေပြီး တစ်ကိုယ်လုံး တုန်ယင်နေကာ တစ်ကိုယ်လုံးလည်း စိုရွှဲနေပြီ ဖြစ်သည်။

မိုးရေကြောင့် စိုနေတာလား၊ ချွေးတွေကြောင့် ရွှဲနေတာလား ဒါမှမဟုတ် မြစ်ထဲမှာ ရေကူးလာလို့လား ဆိုတာကိုတော့ မသိနိုင်ပေ။

လင်းယွမ်က ခေါင်းတစ်ချက် ညိတ်လိုက်သည် "မဆိုးပါဘူး... ငါ ထင်ထားတာထက်တော့ နည်းနည်း ပိုမြန်တယ်"

သူက လီချင်းဟွာကို ကြည့်ကာ မေးလိုက်သည် "မင်း ပြောတော့ ဖီးနစ် သင်္ဘောပေါ်က လူတွေက မင်းရဲ့ အစွမ်းကို သဘောကျနေတာဆို... မင်းရဲ့ ဟင်းလင်းပြင် အစွမ်းက သူတို့အတွက် ဘာတွေ အကျိုးပြုနိုင်လို့လဲ"

လီချင်းဟွာက အားနည်းသောအသံဖြင့် ဖြေလိုက်သည် "ငါက ဟင်းလင်းပြင် တစ်ခုကို ဖန်တီးပြီး အပြင်က စိုထိုင်းမှုနဲ့ ဘက်တီးရီးယားတွေကို ကာကွယ်ပေးနိုင်တယ်... ပြီးတော့ အထဲက အောက်ဆီဂျင်တွေကိုပါ ကုန်သွားအောင် လုပ်လို့ရတယ်... အဲ့ဒီအခါကျရင် အစားအစာတွေ သိမ်းထားဖို့အတွက် အကောင်းဆုံး သိုလှောင်ခန်း တစ်ခု ဖြစ်သွားမှာပေါ့"

လင်းယွမ်က ထိုစကားကို ကြားတော့ မျက်မှောင်ပင့်သွားသည်... ဤအစွမ်းက ဤကမ္ဘာပျက်ကပ် ရေဘေးကြီးထဲတွင် တကယ်ကို အသုံးဝင်လှပေသည်။

ဖီးနစ် သင်္ဘောပေါ်ရှိ ရက်စက်ကြမ်းကြုတ်သော ကောင်များက လီချင်းဟွာတို့ သုံးယောက်ကို လက်ခံထားသည်မှာ အံ့သြစရာတော့ မဟုတ်ပေ။

အထူးသဖြင့် ထိုအစ်ကိုဟော် မှာ သဘောထားကြီးသူ မဟုတ်မှန်း သိသာလှသော်လည်း လီချင်းဟွာကို လက်ခံထားနိုင်ခဲ့သည်။

တကယ်တော့ လက်ခံထားတာ မဟုတ်ဘဲ မရှိမဖြစ် လိုအပ်နေ၍သာ ဖြစ်သည်။

လင်းယွမ်က သံသယဖြင့် မေးလိုက်သည် "မင်း ဖန်တီးထားတဲ့ ဟင်းလင်းပြင် လေပူဖောင်းက အပြင်က စိုထိုင်းမှုနဲ့ ဘက်တီးရီးယားတွေကို ကာကွယ်ပေးနိုင်တာကိုတော့ ငါ နားလည်ပါတယ်... အထဲက အောက်ဆီဂျင်ကိုကျတော့ ဘယ်လို လုပ်ပြီး ကုန်သွားအောင် လုပ်မှာလဲ"

လီချင်းဟွာက ဖြေသည် "ငါက မီးဖိုတစ်ခုကို ကြိုလုပ်ထားတယ်... ပြီးရင် အဲ့ဒီ မီးဖိုကို ဟင်းလင်းပြင် လေပူဖောင်းနဲ့ ထုပ်ပိုးလိုက်ပြီး သီးသန့် လေဟာနယ်တစ်ခု ဖြစ်အောင် လုပ်လိုက်တယ်"

"မီးတောက်လာရင် အဲ့ဒီ သီးသန့် လေဟာနယ်ထဲက အောက်ဆီဂျင်တွေကို ကုန်သွားစေတယ်... မီးငြိမ်းသွားပြီ ဆိုရင်တော့ အောက်ဆီဂျင် ကုန်သွားပြီလို့ မှတ်လိုက်ရုံပဲလေ"

လင်းယွမ်မှာ ချက်ချင်း သဘောပေါက်သွားသည်... မီးတောက်ဆိုသည်မှာ လေထဲတွင် အလိုလို လောင်ကျွမ်းနိုင်ခြင်း မရှိဘဲ လောင်ကျွမ်းရန်အတွက် အောက်ဆီဂျင် လိုအပ်သည်။

တစ်ဖက်လူက မီးတောက်၏ ဤထူးခြားချက်ကို အသုံးချကာ အောက်ဆီဂျင် ကင်းမဲ့သော ဟင်းလင်းပြင် လေပူဖောင်းကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။

သူက မနေနိုင်ဘဲ ရယ်မောလိုက်သည်... လူတိုင်းက ကိုယ့်အစွမ်းကို အသုံးချရာတွင် ကိုယ်ပိုင် ထူးခြားသော နားလည်မှုလေးတွေ ရှိကြသည်သာ ဖြစ်သည်။

လီချင်းဟွာက သူ၏ ဟင်းလင်းပြင် အစွမ်းအပေါ်တွင် ကိုယ်ပိုင် တွေးခေါ်မှု ရှိနေသည်မှာ ထင်ရှားလှသည်။

တကယ်တော့ လီချင်းဟွာ၏ ဟင်းလင်းပြင် အစွမ်းဖြင့် အစားအစာများကို သိမ်းဆည်းသည့် အသုံးဝင်ပုံက မိမိ၏ ပစ္စည်းသိုလှောင်ခန်း နှင့် အနည်းငယ် ထပ်တူကျနေသည်။

ထိုက်ယန် ခိုလှုံရေးစခန်းရှိ အစားအစာများကို လီချင်းဟွာက သိမ်းဆည်းပေးရန် လုံးဝ မလိုအပ်ပေ။

လင်းယွမ်ကလည်း သူ့ကို အစားအစာများ သိမ်းဆည်းရန် ခိုင်းမည် မဟုတ်ပေ။

သို့သော် ဤကဲ့သို့ လူကိုယ်တိုင် သီးခြား ဟင်းလင်းပြင် တစ်ခုကို ဖန်တီးနိုင်သည့် နည်းလမ်းမှာ အစားအစာများကိုသာ သိမ်းဆည်းနိုင်သည် မဟုတ်ဘဲ အခြား ပစ္စည်းများကိုလည်း သိမ်းဆည်းနိုင်သည်။

လင်းယွမ်၏ ပစ္စည်းသိုလှောင်ခန်း တွင် အလွန် စိတ်ပျက်စရာကောင်းသော ထူးခြားချက် တစ်ခု ရှိနေသည်ကို သိထားရမည်... ထိုအရာကတော့ သက်ရှိများကို သိမ်းဆည်း၍ မရခြင်းပင် ဖြစ်သည်။

သို့သော် လီချင်းဟွာ၏ ဟင်းလင်းပြင် လေပူဖောင်းကတော့ ထိုသို့ လုပ်နိုင်သည်။

လင်းယွမ်က ရုတ်တရက် တွေးမိသွားသည်... လီချင်းဟွာ၏ ဤအစွမ်းကို အပင်များ စိုက်ပျိုးခြင်း၊ မှိုများ မွေးမြူခြင်း စသည်တို့အတွက် အသုံးပြုနိုင်ကောင်း အသုံးပြုနိုင်သည်။

ထို့ထက်ပို၍ ဤဟင်းလင်းပြင် လေပူဖောင်းများကို ပိုးမွှားကင်းစင်သော လူနာခန်းအဖြစ်လည်း တည်ဆောက်နိုင်သည်။

အချုပ်အားဖြင့်ဆိုရလျှင် လီချင်းဟွာ၏ ဟင်းလင်းပြင် အစွမ်းက တကယ်ကို အသုံးဝင်လှပေသည်။

ဤသည်ကပင် လင်းယွမ်က အစကတည်းက သူ့ကို မသတ်ဘဲ အလိုတူအလိုပါ ဖြစ်အောင် လုပ်ချင်ခဲ့သော အကြောင်းရင်း ဖြစ်သည်။

သူက လီချင်းဟွာတို့ သုံးယောက်ကို ကြည့်ကာ ပြောလိုက်သည် "မင်းတို့က ထိုက်ယန် ခိုလှုံရေးစခန်းကို ဝင်လာခဲ့ပြီ ဆိုပေမယ့် ငါတို့ ခိုလှုံရေးစခန်းရဲ့ စည်းမျဉ်းအရ မင်းတို့ တစ်လလောက် အလုပ်အကျွေး ပြုရဦးမယ်... ဒါမှ တရားဝင် အဖွဲ့ဝင် ဖြစ်လာမှာ"

"အခုက မိန်တောင် ခိုလှုံရေးစခန်းကို ဆောက်တော့မှာ ဆိုတော့... လူအင်အား လိုအပ်နေတဲ့ အချိန်ပဲ... မင်းတို့ သုံးယောက်က အသုံးဝင်လာမှာ အသေအချာပဲ"

"ဒီတစ်လအတွင်း မင်းတို့ရဲ့ လုပ်ဆောင်ချက်တွေက နောက်ပိုင်းကျရင် မင်းတို့ကို ဘယ်နေရာမှာ ထားမလဲ ဆိုတာနဲ့ သက်ဆိုင်နေလိမ့်မယ်"

"အလုပ်နားတဲ့ အချိန်ကျရင် မင်းတို့ ကြိုက်သလို လျှောက်သွားလို့ ရတယ်... ထိုက်ယန် ခိုလှုံရေးစခန်းကို သွားလည်ချင်လည်း ရတယ်"

လီချင်းဟွာတို့ သုံးယောက်မှာ တိတ်ဆိတ်စွာ ခေါင်းငုံ့ထားကြပြီး ဤအစီအစဉ်ကို လက်ခံလိုက်ကြသည်။

သို့သော် လီချင်းဟွာ၏ စိတ်ထဲတွင်တော့ အနည်းငယ် လက်ခံရ ခက်နေသည်... သူက သူ့ကိုယ်သူ ဟင်းလင်းပြင် အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်ပြီး သာမန် အစွမ်းပိုင်ရှင်များ မဟုတ်ဟု ထင်နေသောကြောင့် ဖြစ်သည်။

ဟင်းလင်းပြင် အစွမ်းပိုင်ရှင်များ ရှားပါးမှုမှာ ခွန်အား၊ အလျင် စသည့် အစွမ်းပိုင်ရှင်များလောက် အတွေ့ရမများပေ။

သူက တစ်ဖက်လူ၏ ခိုလှုံရေးစခန်းကို ခေါင်းငုံ့ဝင်လာပြီးနောက် သူ့ကို ကင်းလှည့်ခေါင်းဆောင် စသည့် ရာထူးတစ်ခုခုတော့ ပေးလိမ့်မည်ဟု ထင်ထားခဲ့သည်။

ယခု ရုတ်တရက် တစ်လတိတိ အလုပ်အကျွေး ပြုရမည်ဟု စီစဉ်လိုက်သောကြောင့် သူ၏ စိတ်ထဲတွင် ကြီးမားသော ကွာဟချက်တစ်ခု ဖြစ်ပေါ်လာတော့သည်။

လင်းယွမ်၏ မျက်နှာမှာ အေးစက်နေပြီး သူတို့သုံးယောက်၏ ခံစားချက်များကို မမြင်ရသည့်အလား အေးစက်စက်ဖြင့် မေးလိုက်သည် "အခု ငါ့ကို ဖီးနစ် သင်္ဘောပေါ်က ပစ္စည်းတွေဆီ ခေါ်သွားပေးတော့"

"ဟုတ်ကဲ့"

လီချင်းဟွာက စိတ်ထဲမှ ခံစားချက်များကို မျိုသိပ်ကာ ခေါင်းညိတ်လိုက်ပြီး လင်းယွမ်ကို ခေါ်ကာ သင်္ဘောကပ္ပတိန် အခန်းဆီသို့ လျှောက်သွားလိုက်သည်။

လင်းယွမ်မှာ အံ့သြသွားသည် "ပစ္စည်းတွေက သင်္ဘောကပ္ပတိန် အခန်းထဲမှာလား"

လီချင်းဟွာက ဖြေသည် "သင်္ဘောကပ္ပတိန် အခန်းအောက်မှာ ဂိုဒေါင်တစ်ခု ရှိတယ်... ပုံမှန်ဆိုရင် အစ်ကိုဟော် က အဲ့ဒါကို ဖျောက်ထားလေ့ရှိတယ်... အဲ့ဒီထဲမှာ ဖီးနစ် သင်္ဘောက လုယက်လာတဲ့ ပစ္စည်းတွေ အများကြီး ရှိရုံတင်မကဘဲ သူ့ရဲ့ အဖိုးတန် ပစ္စည်းလေးတွေလည်း ရှိသေးတယ်"

သင်္ဘောကပ္ပတိန် အခန်းသို့ ရောက်သောအခါ လီချင်းဟွာက ကုလားထိုင်အောက်သို့ သွားကာ မီးခိုးရောင် ကော်ဇောကို လှန်လိုက်ရာ အောက်ရှိ သံမဏိပြား တစ်ချပ် ပေါ်လာသည်။

ထို့နောက် သူက အားကုန်တွန်းလိုက်ရာ သံမဏိပြားမှာ ပွင့်သွားပြီး အထဲတွင် မှောင်မည်းနေသော ဟင်းလင်းပြင်တစ်ခု ပေါ်လာသည်... သံမဏိပြား ဘေးတွင် ကြိုးလှေကားတစ်ခု ရှိပြီး မှောင်မည်းနေသော ဟင်းလင်းပြင်ထဲသို့ တွဲလောင်းကျနေသည်။

လင်းယွမ်က လက်ချောင်းကို တစ်ချက်တောက်လိုက်ရာ သူ၏ လက်ဖဝါးထဲမှ မီးတောက်တစ်ခု ထွက်ပေါ်လာပြီး ထိုမီးတောက်မှာ အားနည်းသော မီးနဂါးတစ်ကောင်လို သူ၏ လက်ဖဝါးထဲတွင် လူးလာခေါက်တုံ့ သွားလာနေသည်။

လီချင်းဟွာက အရင်ဆုံး ဝင်သွားရာ လင်းယွမ်က အထဲသို့ လှမ်းကြည့်လိုက်သည်... အောက်တွင် မကြီးမားလှသော နေရာလွတ် တစ်ခု ရှိပြီး ပေ ၁၀၀ စတုရန်းပေ ကျော်ခန့်သာ ရှိမည်ဖြစ်သည်။

လီချင်းဟွာ နောက်မှ လိုက်ကာ သင်္ဘောကပ္ပတိန် အခန်းအောက်ရှိ ဤနေရာလွတ်ထဲသို့ ဝင်သွားသောအခါ မီးရောင်အောက်တွင် အခန်းတစ်ခုလုံးကို ကြီးမားလှသော ဟင်းလင်းပြင် လေပူဖောင်းကြီး တစ်ခုက ဖုံးလွှမ်းထားသည်ကို မြင်တွေ့လိုက်ရသည်။

ဟင်းလင်းပြင် လေပူဖောင်းထဲတွင် ပစ္စည်းမျိုးစုံကို ပုံထားပြီး ထိုအထဲတွင် ဆန်၊ ဂျုံ၊ ဆီ၊ သရေစာ စသည့် ပစ္စည်းများ ပါဝင်သည်။

ထို့အပြင် ဟင်းလင်းပြင် အပြင်ဘက်တွင် ဗီရိုတစ်ခု ရှိနေပြီး ထိုဗီရိုထဲတွင် ထူးထူးဆန်းဆန်း ပစ္စည်းအချို့ကို တင်ထားသည်။

၎င်းတို့ထဲတွင် မိစ္ဆာအရိုးများ ပါသလို အရောင်အသွေး စုံလင်သော ကျောက်ခဲများနှင့် အခွံများ စသည်တို့လည်း ပါဝင်သည်။

လီချင်းဟွာက ရှင်းပြသည် "ဒီဗီရိုထဲက ပစ္စည်းတွေက သူ စုဆောင်းထားတဲ့ အထူးပစ္စည်းတွေပဲ... ဒါပေမဲ့ ဘယ်လို သုံးရမလဲ ဆိုတာကိုတော့ မသိဘူး"

"ဥပမာ ဒီမိစ္ဆာအရိုး ဆိုရင် အရင်က သန္ဓေပြောင်း ကျရှုံးသွားတဲ့ သန္ဓေပြောင်းလူ တစ်ယောက်က ဒါကို လက်နက်အဖြစ် သုံးခဲ့ဖူးတယ်... တစ်ချက် ရိုက်လိုက်တာနဲ့ အဆောက်အအုံကိုတောင် အလွယ်တကူ ထိုးဖောက်သွားနိုင်တယ်... ဘယ်လို အလုပ်လုပ်လဲ ဆိုတာကိုတော့ မသိဘူး"

"ဒီကျောက်တုံးကတော့ စွမ်းအင်ကျောက်တုံး ဖြစ်လောက်တယ်... အရင်က ငါတို့လည်း မသိသလို ဘယ်လို သုံးရမလဲ ဆိုတာကိုလည်း နားမလည်ခဲ့ဘူး... ပြီးခဲ့တဲ့ အခေါက်က အစ်ကိုဟော် က ထိုက်ယန် ခိုလှုံရေးစခန်းက လူကို ဖမ်းမိမှ စွမ်းအင်ကျောက်တုံး အသုံးပြုနည်းကို အတင်းမေးလိုက်တာ"

"ပြီးတော့ ဒီအခွံတွေက သန္ဓေပြောင်း မိစ္ဆာတွေဆီက ရတာပဲ... တချို့က ကာကွယ်နိုင်စွမ်း အရမ်း မြင့်ပြီး တချို့ကတော့ လက်နက်အဖြစ် သုံးလို့ ရတယ်... ဟိုမိစ္ဆာအရိုးနဲ့ အတူတူပဲ"

သူက ဗီရိုထဲရှိ ပစ္စည်းများကို တစ်ခုချင်းစီ မိတ်ဆက်ပေးလိုက်ရာ လင်းယွမ်က ထိုကျောက်တုံးများကို တစ်ချက်ကြည့်ရုံဖြင့် ချက်ချင်း မှတ်မိသွားသည်... ဤအရာများမှာ စွမ်းအင်ကျောက်တုံးများပင် ဖြစ်သည်... သို့သော် ၎င်းတို့ထဲတွင် အဖြူရောင် ကျောက်တုံးများက ပိုများနေသည်။

အများစုမှာ အရင်က မိန်တုဥယျာဉ် တွင် တာအိုဆရာလင်း တို့ ကောက်ရခဲ့သော ကျောက်တုံးများနှင့် ဆင်တူနေသည်။

အနည်းငယ်သာ အရောင်ကွဲပြားနေပြီး ၎င်းတို့ထဲတွင် အပြာရောင် စွမ်းအင်ကျောက်တုံးများက ပိုများနေသည်။

ယုံမှားသံသယဖြစ်ဖွယ်မရှိ ဤအရာမှာ ရေဓာတ် စွမ်းအင်ကျောက်တုံး ဖြစ်ရမည်။

လင်းယွမ်က ထိုက်ယန်ပေါ်တွင် ရေဓာတ် စွမ်းအင်ကျောက်တုံးကို မတွေ့ဖူးသေးပေ။

အစ်ကိုဟော် တို့ လူစုက ဤစွမ်းအင်ကျောက်တုံးများကို ဘယ်ကနေ ရလာမှန်း မသိပေ။

များပြားလှသော စွမ်းအင်ကျောက်တုံးများထဲတွင် အပြာရောင် ရေဓာတ် စွမ်းအင်ကျောက်တုံးအပြင် အမည်းရောင် ကျောက်တုံးများလည်း အများအပြား ပါဝင်ရာ လင်းယွမ်က ထိုအထဲမှ အမည်းရောင် ကျောက်တုံးတစ်တုံးကို ယူလိုက်သည်။

ဤစွမ်းအင်ကျောက်တုံးမှာ အလင်းရောင် အားလုံးကို စုပ်ယူထားသည့်အလား မည်းနက်နေပြီး ၎င်း၏ မျက်နှာပြင်ပေါ်သို့ ကျရောက်လာသော အလင်းရောင် မှန်သမျှကို ဝါးမြိုပစ်မည့်အလား ဖြစ်နေသည်။

ဒါက... အမှောင်ဓာတ် များလား။

လင်းယွမ်က တွေးတောနေရင်း ဝူယင် ၏ အရိပ်အစွမ်းကို သတိရသွားသည်... ထိုအစွမ်းက ဤစွမ်းအင်ကျောက်တုံးထဲရှိ စွမ်းအင်နှင့် ဆင်တူနေသလိုပင်။

လင်းယွမ်က ကျောက်တုံးကို ချထားလိုက်ပြီး ထိုအထဲရှိ မိစ္ဆာအရိုးတုတ်ကို လှည့်ကြည့်လိုက်သည်။

အရိုးတုတ်မှာ ၅ ပေ ကျော်ခန့် ရှိပြီး ထိပ်နှစ်ဖက်စလုံးက လုံးဝိုင်းနေကာ တိရစ္ဆာန် တစ်ကောင်ကောင်၏ ခြေသလုံးရိုးနှင့် တူနေသည်။

လင်းယွမ်က အရိုးတုတ်ကို ကောက်ကိုင်လိုက်သည်နှင့် ၎င်း၏ ထူးခြားချက်ကို ချက်ချင်း သတိထားမိသွားသည်။

ဤအရိုးတုတ်မှာ ကိုင်လိုက်သည်နှင့် အလွန် လေးလံနေသည်။

လင်းယွမ် ခံစားမိသည်မှာ ဤအရိုးတုတ် တစ်ချောင်းတည်းက အရွယ်အစား တူညီသော သံတုတ်ထက် အဆပေါင်းများစွာ ပိုလေးလံနေသည် ဟူ၍ ဖြစ်သည်။

ဒါက ဘာကို ဆိုလိုတာလဲ။

ဒါက ဤအရိုးတုတ်၏ အရိုးသိပ်သည်းဆက သံမဏိထက်ပင် ကျော်လွန်နေပြီဟု ဆိုလိုခြင်း ဖြစ်သည်။

လင်းယွမ်က မီးရောင်ကို အားပြုကာ ဤအရိုးတုတ်ကို သေချာ စစ်ဆေးကြည့်လိုက်သည်။

သူ သတိထားမိသည်မှာ အရိုးတုတ်၏ မျက်နှာပြင်ပေါ်တွင် သိသာထင်ရှားသော မျဉ်းကြောင်းများ သိပ်သည်းစွာ ရှိနေပြီး ရုတ်တရက် ကြည့်လိုက်ပါက အရိုးပေါ်ရှိ အက်ကွဲကြောင်းများနှင့် တူနေသော်လည်း သေချာကြည့်လိုက်ပါက ဤမျဉ်းကြောင်းများက သတ်မှတ်ထားသော ပုံစံတစ်ခုအတိုင်း ဖြစ်နေသည်ကို မြင်တွေ့နိုင်သည်။

အက်ကွဲကြောင်းတော့ လုံးဝ မဖြစ်နိုင်ဘဲ မျဉ်းကြောင်း တစ်မျိုးမျိုးနှင့် ပိုတူနေသည်။

ထို့အပြင် ၎င်းက အရိုးပေါ်တွင် အလိုလို ပေါက်နေသော မျဉ်းကြောင်းများ ဖြစ်ပြီး နောက်ပိုင်းမှ လူတွေက ထွင်းထုထားခြင်းမျိုး မဟုတ်ပေ။

၎င်းအပြင် အရိုးနှစ်ဖက်စွန်းရှိ အဖြူရောင် အဆစ်များကလည်း ငွေရောင်အလင်းတန်းများကို မှိန်ဖျော့ဖျော့ ထုတ်လွှတ်နေသေးသည်။

ဤအလင်းရောင်က သိပ်မသိသာလှဘဲ မျက်စိထောင့်မှ ကြည့်မှသာ မတော်တဆ တွေ့မြင်နိုင်မည် ဖြစ်သည်။

လင်းယွမ်က စမ်းသပ်သည့်အနေဖြင့် စိတ်စွမ်းအင် ဖြင့် ဤအရိုးတုတ်ကို သွားထိကြည့်သော်လည်း ဘာတုံ့ပြန်မှုမှ မရှိပေ။

စိတ်စွမ်းအင်သုံး တိုက်ခိုက်ရေး လက်နက်တော့ မဟုတ်ပေ။

ဤငွေရောင်အလင်းတန်းများမှာ အရိုးများ သန္ဓေပြောင်းလဲမှု ဖြစ်ပေါ်ကာ သတ္တုတစ်မျိုးမျိုးအဖြစ်သို့ ဆင့်ကဲပြောင်းလဲသွားခြင်း ဖြစ်နိုင်ပေသည်။

လင်းယွမ်က ချန်ကျန့်ဖုန် နှင့် ရှီဟိုင်ကျူး တို့ကို သတိရသွားသည်။

သူတို့နှစ်ယောက်၏ အစွမ်းမှာ ခန္ဓာကိုယ်ကို တိုက်ရိုက် ပြောင်းလဲသွားစေခြင်း ဖြစ်သည်။

တစ်ယောက်က သတ္တုအဖြစ် ပြောင်းလဲခြင်း ဖြစ်ပြီး နောက်တစ်ယောက်က ကျောက်တုံးအဖြစ် ပြောင်းလဲခြင်း ဖြစ်သည်။

ဒီနှစ်ယောက်က အဆက်မပြတ် ဆင့်ကဲပြောင်းလဲပြီး အစွမ်းတွေကို အဆက်မပြတ် သုံးလာတာ ကြာလာရင် သူတို့ရဲ့ ကြွက်သားတွေ အရိုးတွေကပါ အစွမ်းပြောင်းလဲသွားတဲ့ လက္ခဏာရပ်တွေ တဖြည်းဖြည်း ပေါ်လာနိုင်မလား။

ဒီအရိုးတုတ် ပိုင်ရှင်ကရော သတ္တုပြောင်းလဲခြင်းလို အစွမ်းမျိုး ရှိနေပြီး အချိန်အကြာကြီး နေလာတဲ့အခါ သူ့ရဲ့ အရိုးတွေက ဒီလို သန္ဓေပြောင်းလဲမှု ဖြစ်သွားတာများလား။

"ဆရာလင်း... ဒီက ဟင်းလင်းပြင် လေပူဖောင်းကို ဖျောက်လိုက်ရမလား" လီချင်းဟွာက လင်းယွမ်ကို ကြည့်ကာ မေးလိုက်သည်။

သူ၏ မျက်နှာပေါ်တွင် မေးမြန်းနေသည့် အမူအရာ ရှိနေသော်လည်း စိတ်ထဲတွင်တော့ တစ်ဖက်လူက သူ့ကို ဖျောက်ခိုင်းမည် မဟုတ်ဟု ခန့်မှန်းထားသည်။

ပြီးတော့ မိမိ၏ ဤကဲ့သို့သော အစွမ်းကို မြင်ပြီးနောက် တစ်ဖက်လူအနေဖြင့် မိမိ၏ အရေးပါမှုကို သိရှိနားလည်သွားလောက်ပြီ ဖြစ်သည်။

တစ်လတိတိ အလုပ်အကျွေး ပြုရမည်ဆိုတာတွေကလည်း ပယ်ဖျက်လိုက်လောက်ပြီ ဖြစ်သည်။

သူ လီချင်းဟွာ က သာမန် အစွမ်းပိုင်ရှင်များနှင့် မတူပေ။

"အင်း... ဖျောက်လိုက်တော့"

"ဟုတ်ကဲ့... ဟင်"

လီချင်းဟွာမှာ မသိစိတ်မှ ပြန်ဖြေလိုက်သော်လည်း ချက်ချင်း လင်းယွမ်ကို အံ့သြစွာ ကြည့်လိုက်သည်။

တကယ် ဖျောက်ခိုင်းတာလား။

ဒီအစားအစာတွေက သူ့ရဲ့ ဟင်းလင်းပြင် လေပူဖောင်းနဲ့ သိမ်းမထားဘူးဆိုရင် ပုပ်သိုးပျက်စီးသွားမှာကို သူ မစိုးရိမ်ဘူးလား။

လင်းယွမ်က သူ့ကို တစ်ချက်ကြည့်ကာ မေးလိုက်သည် "ဘာကြောင်ကြည့်နေတာလဲ"

လီချင်းဟွာမှာ အသက်ရှူရပ်သွားပြီး စိတ်ထဲတွင် လုံးဝ နားမလည်နိုင်ဖြစ်ကာ မနေနိုင်ဘဲ ပြောလိုက်သည် "ဆရာလင်း... ဒီဟင်းလင်းပြင် လေပူဖောင်းနဲ့ သိမ်းမထားဘူးဆိုရင် အထဲက အစားအစာတွေက စိုစွတ်ပြီး ပျက်စီးဖို့ အရမ်းလွယ်တယ်နော်"

"အထူးသဖြင့် ဒီလို သင်္ဘောခန်းထဲမှာဆို စိုထိုင်းမှုက ပိုဆိုးသေးတယ်"

လင်းယွမ်က သူ့ကို တစ်ချက်ကြည့်ကာ ပြောသည် "ဒါဆိုလည်း ဒီမှာ မထားဘူးပေါ့"

လီချင်းဟွာမှာ စကားပင် မဟနိုင်တော့ပေ... ဒါက ဘယ်မှာ ထားရမလဲဆိုတဲ့ ပြဿနာမှ မဟုတ်တာ။

ဒီလို မိုးတွေ တောက်လျှောက် ရွာနေတာ... တခြားနေရာမှာ ထားရင်တောင် စိုစွတ်ပြီး ပျက်စီးမှာပဲ မဟုတ်ဘူးလား။

ကိုယ်တိုင် ဖန်တီးထားတဲ့ ဟင်းလင်းပြင် လေပူဖောင်းလောက် ဘယ်နေရာက ပိုလုံခြုံနိုင်မှာလဲ။

သို့သော် စကားတွေက ပါးစပ်ဖျား ရောက်နေသော်လည်း သူက အတင်း မြိုသိပ်ထားလိုက်သည်။

သူက ဟင်းလင်းပြင် လေပူဖောင်း ရှိရာသို့ လျှောက်သွားရင်း တစ်ဖက်လူက ဘယ်လို စဉ်းစားနေတာလဲဟု တိတ်တဆိတ် တွေးတောနေသည်။

ဟင်းလင်းပြင် လေပူဖောင်းဆီ ရောက်သောအခါ သူက လက်ကို ဆန့်ထုတ်ကာ ဟင်းလင်းပြင် လေပူဖောင်းပေါ်သို့ ဖိချလိုက်သည်။

ဝှစ်ခနဲ အသံနှင့်အတူ လေပူဖောင်းက ရုတ်တရက် ပျောက်ကွယ်သွားသည်။

ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ အနည်းငယ် တွန့်လိမ်သွားပြီး တွန့်နေသော အဝတ်အစားကို မီးပူတိုက်လိုက်သလိုမျိုး ဟင်းလင်းပြင်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

လင်းယွမ်က ဤပစ္စည်းပုံကြီးဆီသို့ လျှောက်သွားပြီး လီချင်းဟွာ၏ သံသယ မျက်လုံးများအောက်တွင် လက်ကို ဆန့်ထုတ်ကာ ပစ္စည်းများကို သွားထိလိုက်သည်။

"ဝှစ်"

"ဝှစ်... ဝှစ်"

"ဝှစ်... ဝှစ်... ဝှစ်"

ပစ္စည်းများ အားလုံးက မျက်စိဖြင့် မြင်နိုင်သော အလျင်ဖြင့် ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

လီချင်းဟွာမှာ မျက်လုံးများ ပြူးကျယ်သွားပြီး မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အမူအရာများ ပေါ်လာသည်။

"မင်း... မင်းက"

သူက လင်းယွမ်ကို ကြည့်ကာ မျက်နှာတစ်ခုလုံး တုန်လှုပ်အံ့သြမှုများ ပြည့်နှက်နေသည်။

"ဟင်းလင်းပြင် အစွမ်း"

ဤလင်း ဆိုသည့်လူက ဟင်းလင်းပြင် အစွမ်းကို ပိုင်ဆိုင်ထားပါလား။

ဟင်းလင်းပြင် လှိုင်းတစ်ခု ဖြတ်ပြေးသွားသလိုမျိုး သူ သိသိသာသာ ခံစားလိုက်ရသည်။

အရမ်း မြန်လွန်းတယ်။

တစ်ဖက်လူက ဟင်းလင်းပြင်ကို ဘယ်လို ဖွင့်ပြီး ဘယ်လို ပိတ်လိုက်လဲ ဆိုတာကိုတောင် သူ သေချာ မမြင်လိုက်ရပေ။

သူ တုံ့ပြန်ဖို့ အချိန်တောင် မရလိုက်ဘဲ တစ်ဖက်လူက ပစ္စည်းများ အားလုံးကို ဟင်းလင်းပြင်ထဲသို့ သိမ်းဆည်းလိုက်ပြီ ဖြစ်သည်။

လီချင်းဟွာမှာ မိမိ၏ မျက်လုံးများကိုပင် မယုံရဲလုနီးပါး ဖြစ်နေသည်။

ဤလင်းယွမ် ကလည်း ဟင်းလင်းပြင် အစွမ်းကို ပိုင်ဆိုင်ထားပါလား။

သူ ဂုဏ်ယူဝင့်ကြွားနေတဲ့ ဟင်းလင်းပြင် အစွမ်းကို တစ်ဖက်လူကလည်း ပိုင်ဆိုင်ထားတယ်ပေါ့။

ဤအခိုက်အတန့်တွင် သူ၏ ရင်ထဲရှိ မာနများနှင့် ယုံကြည်မှုများ အားလုံး ဤမြင်ကွင်းကြောင့် ချက်ချင်း ကြေမွသွားတော့သည်။

လင်းယွမ်က ပစ္စည်းများ အားလုံးကို သိမ်းဆည်းလိုက်ပြီးနောက် ဗီရိုထဲရှိ စုဆောင်းထားသော ပစ္စည်းများကိုပါ ပစ္စည်းသိုလှောင်ခန်း ထဲသို့ သိမ်းဆည်းလိုက်ကာ နောက်ဆုံးမှ သူ့ကို တစ်ချက် ကြည့်လိုက်သည်။

"သွားကြစို့"

"ခဏလေး"

လီချင်းဟွာက မနေနိုင်ဘဲ ရှေ့သို့ တစ်လှမ်း တိုးကာ စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည် "မင်း... မင်းလည်း ဟင်းလင်းပြင် အစွမ်းပိုင်ရှင်လား"

လင်းယွမ်က အေးစက်စက် ဖြေလိုက်သည် "ဒီကမ္ဘာပေါ်မှာ မင်းတစ်ယောက်တည်းကပဲ ထူးခြားနေတယ်လို့ ထင်နေတာလား"

လီချင်းဟွာက ပါးစပ်ဟကာ ပြောလိုက်သည် "ငါ... ငါက ငါနဲ့ တူတဲ့ အစွမ်းပိုင်ရှင်ကို တစ်ခါမှ မတွေ့ဖူးလို့... ငါက အထူးခြားဆုံး လူလို့ ထင်နေခဲ့တာ"

လင်းယွမ်က လှောင်ပြုံးပြုံးကာ ပြောသည် "ဒီကမ္ဘာပေါ်မှာ လူဦးရေ ဘယ်လောက်ရှိလဲ မင်း သိလား... ငါတို့ တရုတ်နိုင်ငံ တစ်ခုတည်းမှာတင် လူဦးရေ သန်းတစ်ထောင့်လေးရာ ရှိတယ်"

"မင်းက ဘာလို့ မင်းကိုယ်မင်း အထူးခြားဆုံး လူလို့ ထင်နေရတာလဲ"

"ဟင်းလင်းပြင် အစွမ်းပိုင်ရှင်တွေ နိုးထလာနိုင်ခြေ ဘယ်လောက်ပဲ နည်းနည်း... သန်းတစ်ထောင့်လေးရာ ဆိုတဲ့ အခြေခံ အရေအတွက်က ဒီမှာ ရှိနေတာကို... မင်းနဲ့ တူတဲ့ အစွမ်းမျိုး နိုးထလာမယ့်လူ ဘယ်နှယောက် ရှိလောက်မယ်လို့ ထင်လဲ"

လီချင်းဟွာမှာ ချက်ချင်း စကားမဟနိုင်တော့ဘဲ ကြက်သေသေနေတော့သည်။

လင်းယွမ်က ဘာမှ ဆက်မပြောတော့ဘဲ ပြောလိုက်သည် "မင်းရဲ့ မာနတွေကို သိမ်းထားလိုက်တော့... ဒီနေရာက ခိုလှုံရေးစခန်းပဲ... မင်း စဉ်းစားရမှာက ကိုယ့်အစွမ်းကို ဘယ်လို ကောင်းကောင်း အသုံးချပြီး လူတိုင်း ပိုကောင်းကောင်း နေနိုင်အောင် ဘယ်လို လုပ်ရမလဲ ဆိုတာပဲ"

"မင်းလည်း ကပ်ဘေး စဆိုက်ခါစက ကမောက်ကမဖြစ်မှုတွေနဲ့ ရှုပ်ထွေးမှုတွေကို ကြုံခဲ့ဖူးမယ်လို့ ငါ ယုံကြည်တယ်... ကိုယ်ကျင့်တရားနဲ့ ဥပဒေ ကန့်သတ်ချက် မရှိတဲ့ ကမ္ဘာကို မင်း ကြိုက်လို့လား"

"လူတွေ အချင်းချင်းကြားမှာ ယုံကြည်မှု ဆိုတာ လုံးဝ မရှိတော့တဲ့ နေ့ရက်မျိုးကို မင်း ကြိုက်လို့လား"

"လူတိုင်းက တစ်ယောက်ကို တစ်ယောက် သတိထားနေရပြီး နောက်ကျောကို ဓားနဲ့ ထိုးခံရမှာကို အချိန်ပြည့် စိုးရိမ်နေရတဲ့၊ ကမ္ဘာကြီး တစ်ခုလုံး မှောင်မည်းနေပြီး အဆိုးမြင် စိတ်ဓာတ်တွေက လူတိုင်းကို လွှမ်းခြုံထားတဲ့ အခြေအနေမျိုးကို မင်း ကြိုက်လို့လား"

"ဘေးနားမှာ စကားပြောဖော် တစ်ယောက်မှ မရှိပဲ... ရင်ထဲက ခံစားချက်တွေကို ရင်ဖွင့်စရာ လူတောင် မရှိတဲ့ အထီးကျန်ဆန်မှုကိုရော မင်း ကြိုက်လို့လား"

လင်းယွမ်က ကြိုးလှေကားနားသို့ လျှောက်သွားကာ ပြောသည် "မကြိုက်ဘူးဆိုရင် ငါ့နောက်ကို လိုက်ခဲ့ပြီး ခိုလှုံရေးစခန်းကို ကောင်းကောင်း စီမံကြတာပေါ့... အနည်းဆုံးတော့ ထိုက်ယန်တောင် ဒီနေရာမှာ ငါတို့က လူတိုင်း အသက်ရှင်နိုင်အောင် ကယ်တင်ပေးနိုင်တယ်"

ပြောပြီးနောက် သူက ချက်ချင်း လှုပ်ရှားလိုက်ကာ တစ်ချက်တည်း ခုန်တက်သွားပြီး သင်္ဘောကပ္ပတိန် အခန်းအောက်ရှိ လျှို့ဝှက်ခန်းထဲမှ ထွက်ခွာသွားတော့သည်။

လျှို့ဝှက်ခန်းထဲတွင် မှောင်မည်းသွားပြီး လီချင်းဟွာက အမှောင်ထုထဲတွင် ရပ်ကာ လင်းယွမ်၏ စကားများကို ခေါင်းထဲတွင် ပြန်ကြားယောင်နေသည်။

အဆုံးမဲ့ အမှောင်ထုက သူ့ကို ရေကြီးစ အချိန်သို့ ပြန်ရောက်သွားစေသည့်အလား ခံစားလိုက်ရသည်။

သူ သေချာ မှတ်မိနေသေးသည်... ထိုနေ့က မီးစပျက်သွားပြီး ရည်းစားမရှိသူ တစ်ယောက် ဖြစ်သည့် သူက သိကျွမ်းသော သူငယ်ချင်းများနှင့် မိသားစုဝင်များထံ စိုးရိမ်တကြီး ဖုန်းဆက်ခဲ့သည်။

သို့သော် ထိုအချိန်က ဖုန်းတွေကလည်း ခေါ်မရတော့သလို အင်တာနက်ကလည်း ချိတ်ဆက်၍ မရတော့ပေ။

မီးပျက်နေသော ထိုညက အပြင်ဘက်တွင် လျှပ်စီးများ လက်ကာ မိုးခြိမ်းနေပြီး မိုးတွေက သည်းသည်းမဲမဲ ရွာသွန်းနေရာ သူက တစ်လောကလုံး၏ စွန့်ပစ်ခြင်းကို ခံလိုက်ရသည့်အလား ခံစားခဲ့ရသည်။

အရင်က သူက သူ့ကိုယ်သူ အိမ်ထောင်မပြုသူ၊ လူပျိုကြီး ဝါဒကို ကိုင်စွဲထားသူဟု အမြဲတမ်း ကြွေးကြော်ခဲ့ပြီး ဈေးကြီးသော တင်တောင်းငွေများနှင့် အိမ်ခြံမြေ ဈေးနှုန်းများအတွက် လုံးဝ အကုန်အကျ မခံနိုင်ကြောင်း ပြောခဲ့ဖူးသည်။

သို့သော် တကယ်တမ်း သူ့စိတ်ထဲတွင်တော့ သူ့ကို နားလည်ပေးနိုင်မည့် လူတစ်ယောက်ကို တောင့်တနေပြီး စိတ်ချင်း ဆက်သွယ်နိုင်မည့် အချစ်မျိုးကို တောင့်တနေမှန်း သူ သိပါသည်။

ဘယ်သူကမှ အထီးကျန်ခြင်းကို တကယ် မကြိုက်ကြပေ... အများစုက မဖြစ်မနေမို့ တစ်ကိုယ်တည်း နေနေရခြင်းသာ ဖြစ်သည်။

လူဆိုသည်မှာ အုပ်စုလိုက် နေထိုင်တတ်သော သတ္တဝါများပင် မဟုတ်ပါလော။

သင်က လူမှုရေး မကြိုက်ဘူး၊ လူတောမတိုးရဲဘူးလို့ ပြောလို့ ရပေမယ့် အထီးကျန်ခြင်းကို သာယာနေတာတော့ လုံးဝ မဟုတ်ချေ။

အနည်းဆုံးတော့ သင့်ဆီမှာ ဖုန်းရှိသည်၊ အင်တာနက်ပေါ်က သူငယ်ချင်းတွေ ရှိသည်၊ ခံစားချက်တွေကို ဖွင့်ထုတ်နိုင်တဲ့ လမ်းကြောင်းတွေ ရှိနေသေးသည်။

စာအုပ်တစ်အုပ် ဖတ်ပြီး စာအုပ်ရီဗျူးမှာ ဆဲရေးတိုင်းထွာတာမျိုးလည်း ဖြစ်နိုင်သည်။

ဗီဒီယိုအတိုလေး တစ်ခုကို ကြည့်မိပြီး မကျေနပ်လို့ အဆိုးမြင် မှတ်ချက်တွေ ရေးထားခဲ့တာမျိုးလည်း ဖြစ်နိုင်သည်။

အထီးကျန်ခြင်း ဆိုသည်မှာ ခံစားချက်များကို ထားစရာ နေရာမရှိခြင်း၊ စိတ်လှုပ်ရှားမှုများကို ဖွင့်ထုတ်စရာ နေရာမရှိခြင်း ဖြစ်ပြီး အရာအားလုံးကို ကိုယ်တိုင် ကျိတ်မှိတ် ခံစားနေရခြင်းပင် ဖြစ်သည်။

ဘယ်သူကမှ ဒီလိုမျိုးကို ကြိုက်မည် မဟုတ်ပေ။

အနည်းဆုံးတော့ လီချင်းဟွာ သိသည်မှာ သူက ထိုကဲ့သို့ ဖြစ်ရသည်ကို မကြိုက်ခြင်းပင် ဖြစ်သည်။

သို့သော် ရေကြီးစ အချိန်တွင် လူအများအပြားမှာ ထိုကဲ့သို့သော အခြေအနေမျိုးထဲသို့ ကျရောက်ခဲ့ကြရသည်။

အင်တာနက် မရှိ၊ ဖုန်းလိုင်း မရှိ၊ အပြင်တွင် ဆူပူအုံကြွမှုများ ဖြစ်နေသဖြင့် အိမ်ထဲမှာပဲ နေရသည်။

အကြောက်တရားက ဒီရေလှိုင်းများလို သင့်ကို လွှမ်းမိုးသွားလိမ့်မည်။

ထိုအချိန်က သူမှာ အရမ်းကို အားနည်းပြီး အကူအညီမဲ့နေခဲ့သည်။

သူက သူ့ကိုယ်သူ အရမ်း အားနည်းနေလို့ ဒီအရာတွေကို မပြောင်းလဲနိုင်ဘဲ ဆူပူအုံကြွမှုတွေကြောင့် အိမ်ထဲမှာ ပိတ်မိနေပြီး အထီးကျန်နေရတာလို့ ထင်ခဲ့သည်။

သို့သော် လီချင်းဟွာက အစွမ်း နိုးထလာပြီးနောက် အိမ်ပြင်ထွက်ကာ မိမိ၏ အစားအစာများကို အိမ်နီးချင်း အမျိုးသမီး တစ်ယောက်အား ပထမဆုံးအကြိမ် ဝေငှပေးလိုက်ချိန်တွင် တစ်ဖက်လူက သူ့ကို မျက်ရည်ကျမတတ် ကျေးဇူးတင်ခဲ့စဉ်က သူ အရမ်း ဝမ်းသာခဲ့ရသည်။

သို့သော် ထိုညမှာပင် ထိုအိမ်နီးချင်း အမျိုးသမီးက လူတစ်အုပ်ကြီး ခေါ်လာပြီး သူ၏ အိမ်ထဲသို့ ဝင်စီးကာ သူ၏ အစားအစာများကို အတင်း လုယက်ပြီး သူ့ကိုပါ သတ်ရန် ကြိုးစားလာသောအခါ...

သူ၏ ယုံကြည်မှုနှင့် စေတနာများက တစ်ပြားမှ မတန်ဘူးဟု သူ ခံစားလိုက်ရသည်။

သူက ထိုလူများကို သတ်ပစ်လိုက်ပြီး ထိုအိမ်နီးချင်း အမျိုးသမီးကို ဖမ်းကာ ဘာလို့ ဒီလို လုပ်ရတာလဲဟု မေးလိုက်သည်။

အိမ်နီးချင်း အမျိုးသမီးက ဒူးထောက် တောင်းပန်ကာ သူမလည်း အတင်းအကျပ် ခိုင်းစေခံရလို့ ဆိုသည့် စကားမျိုးများကို ပြောလာသည်။

သို့သော် လီချင်းဟွာက သူမကို မယုံတော့ပေ... ထိုအချိန်မှစ၍ သူက ဘယ်သူ့ကိုမှ မယုံကြည်ရဲတော့ပေ။

နောက်ပိုင်း ကျိုးချင်းမင်နှင့် ညီမဝမ် တို့ကို တွေ့ပြီး သေမလို အသက်လုခဲ့ရသည့် အတွေ့အကြုံများ ရှိလာမှသာ ယုံကြည်မှု တဖြည်းဖြည်း တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်မှသာ ယုံကြည်ရသော သူငယ်ချင်း တစ်ယောက် ရှိခြင်းက ဤခေတ်ကြီးတွင် မည်မျှ အဖိုးတန်ကြောင်း သူ ရှင်းလင်းစွာ သိရှိသွားခဲ့သည်။

ဤကဲ့သို့သော အဖိုးတန်သည့် သံယောဇဉ်မျိုးကို ထိုက်ယန်တောင်တွင် သူ အများအပြား တွေ့ခဲ့ရသည်။

ထိုက်ယန်တောင် လူတွေက အချင်းချင်း ဒီလောက်တောင် ယုံကြည်ကြတာလား။

မဟုတ်ဘူး... မဟုတ်ဘူး... ဒါက လူတွေရဲ့ ပြဿနာ မဟုတ်ဘူး။

ပတ်ဝန်းကျင်ရဲ့ ပြဿနာပဲ။

ဆရာလင်း က ထိုက်ယန်တောင်က လူတွေကို အချင်းချင်း ယုံကြည်လို့ရတဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးထားလို့ပဲ။

ဒီနေရာက လူတွေက စားဝတ်နေရေးအတွက် ပူစရာ မလိုဘူး၊ တခြားလူတွေက အစားအစာတွေ လုယူသွားမှာကို ပူစရာ မလိုသလို နောက်ကျောကို ဓားနဲ့ ထိုးခံရမှာကိုလည်း ပိုပြီး ပူစရာ မလိုဘူး။

ဤကဲ့သို့သော သတိထားမှုများ မရှိတော့ပါက လူတွေကြားတွင် ကိုယ်ကျင့်တရားနှင့် ဥပဒေ ကန့်သတ်ချက်များ ပေါ်လာမည်ဖြစ်ပြီး လူအချင်းချင်းကြားတွင်လည်း ကမ္ဘာပျက်ကပ် မတိုင်ခင်ကလို အလွယ်တကူ ယုံကြည်နိုင်ကာ ဆက်ဆံရ လွယ်ကူသွားမည် ဖြစ်သည်။

ထို့အပြင် ဤနေရာတွင် အတူတကွ အလုပ်လုပ်ကြရပြီး အပြင်ဘက်ရှိ သန္ဓေပြောင်း သတ္တဝါများကို အတူတကွ ရင်ဆိုင်ကြရသဖြင့် လူတိုင်းတွင် ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေခံများ အလိုအလျောက် ရှိနေပြီး ဖြစ်သည်။

ထို့ကြောင့်လည်း ဤနေရာက ဤမျှ သဟဇာတ ဖြစ်နေခြင်း ဖြစ်သည်။

အမှောင်ထဲတွင် လီချင်းဟွာ၏ အတွေးများ ကစဉ့်ကလျား ဖြစ်နေပြီး အတန်ကြာမှ သက်ပြင်းတစ်ချက် ဖြည်းညင်းစွာ ချလိုက်သည်။

"ဒီလို နေ့ရက်မျိုးကို ဘယ်သူက မကြိုက်ဘဲ နေမှာလဲ"

"ငါလည်း ကြိုက်တာပေါ့"

အမှောင်ထဲတွင် သူ၏ မျက်လုံးများထဲ၌ စိတ်သက်သာရာရသွားသော အရိပ်အယောင်တစ်ခု ပေါ်လာပြီး ရင်ထဲရှိ မာနများမှာ ယခုအခါတွင် အားလုံး လွင့်စင်သွားတော့သည်။

သင်္ဘောကပ္ပတိန် အခန်းအပေါ်မှ အလောတကြီး လျှောက်လာသော ခြေသံနှစ်ခု ထွက်ပေါ်လာသည်။

ကျိုးချင်းမင်က အော်ခေါ်လိုက်သည် "ချင်ဟွာ... မင်း ဘာဖြစ်သွားသေးလဲ... မင်း ရှိလား"

ညီမဝမ်ကလည်း ကပျာကယာ ပြောသည် "ချင်ဟွာ... စကားတစ်ခွန်းလောက် ပြောပါဦး"

ကျိုးချင်းမင်က ဒေါသတကြီးဖြင့် ပြောလိုက်သည် "ဟိုလင်း ဆိုတဲ့ကောင်က နောက်ကျော ဓားနဲ့ ထိုးသွားတာတော့ မဟုတ်ပါဘူးနော်"

ညီမဝမ်က ချက်ချင်း အသံတိုးတိုးဖြင့် ပြောလိုက်သည် "တိုးတိုး ပြောစမ်းပါ"

ထိုစဉ် သင်္ဘောခန်း အောက်မှ လီချင်းဟွာ၏ အသံ ထွက်ပေါ်လာသည်။

"ချင်းမင်... ညီမဝမ်... ငါ ဘာမှမဖြစ်ပါဘူး"

ထို့နောက် လီချင်းဟွာက ကြိုးလှေကားအတိုင်း တွယ်တက်လာသည်ကို မြင်တွေ့လိုက်ရသည်။

သူတို့နှစ်ယောက်ကို မြင်တော့ လီချင်းဟွာ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး ပြောလိုက်သည် "ငါ ဘာမှမဖြစ်ပါဘူး... ငါ အခု အရမ်း အဆင်ပြေတယ်"

ကျိုးချင်းမင်နှင့် လင်းဝမ်တို့က လီချင်းဟွာ မျက်နှာပေါ်ရှိ အပြုံးကို ကြည့်ကာ ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။

ကျိုးချင်းမင်က တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် မေးလိုက်သည် "တကယ်လား"

လီချင်းဟွာက ခေါင်းညိတ်လိုက်သည် "အင်း... တကယ်"

သူက အပြင်သို့ ထွက်လာပြီး ပြောသည် "သွားကြစို့... ငါတို့ မိန်တောင်က တာဝန်ခံဆီ သွားရအောင်... တစ်လတိတိ အလုပ်အကျွေး ပြုရမယ့် ကာလမှာ ငါ့ရဲ့ အစွမ်းနဲ့ဆိုရင် အလုပ်တွေ အများကြီး လုပ်ပေးနိုင်လောက်တယ်"

ကျိုးချင်းမင်နှင့် ညီမဝမ်တို့က မနေနိုင်ဘဲ အချင်းချင်း အပြန်အလှန် ကြည့်လိုက်ကြပြီး သံသယဖြစ်နေသော အမူအရာများ ပေါ်လာကြသည်။

လီချင်းဟွာက သင်္ဘောကပ္ပတိန် အခန်းထဲမှ ထွက်သွားသည်။

ကျိုးချင်းမင်က အသံတိုးတိုးဖြင့် မေးလိုက်သည် "ချင်ဟွာ တစ်ယောက် တစ်ခုခု လွဲနေသလိုပဲနော်"

ညီမဝမ်က ခေါင်းညိတ်လိုက်သည် "နည်းနည်းတော့ လွဲနေသလိုပဲ"

"ဒါ ဘယ်လို ဖြစ်သွားတာလဲ... အရင်က သူက လင်း ဆိုတဲ့လူဆီမှာ တစ်လ အလုပ်အကျွေး ပြုရမှာကို အရမ်း လက်မခံနိုင်ဖြစ်နေတာ မဟုတ်ဘူးလား" ကျိုးချင်းမင်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။

ညီမဝမ်က ခေါင်းယမ်းလိုက်သည် "မသိဘူးလေ... ဒါပေမဲ့ သူ တကယ် တစ်ခုခုကို လွှတ်ချလိုက်နိုင်ပြီ ဆိုတာကိုတော့ ကျွန်မ မြင်တယ်"

"ဒါဆို ဒါက ကောင်းတဲ့ ကိစ္စလား ဒါမှမဟုတ် ဆိုးတဲ့ ကိစ္စလား"

"ကောင်းတဲ့ ကိစ္စ ဖြစ်လောက်ပါတယ်... ထားလိုက်ပါ... စကားတွေ အများကြီး မပြောနဲ့တော့... ငါကျွန်မတို့ မြန်မြန် လိုက်သွားရအောင်... နောက်မှ အခွင့်အရေး ရရင် ကျွန်မ သူ့ကို မေးကြည့်လိုက်မယ်" ညီမဝမ်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။

ကျိုးချင်းမင်က ခေါင်းညိတ်လိုက်ပြီး သူတို့နှစ်ယောက် ကပျာကယာ နောက်မှ လိုက်သွားကြသည်။

လီချင်းဟွာတို့ သုံးယောက်က လင်းယွမ်ဆီ ထပ်မသွားတော့ဘဲ သင်္ဘောခန်းထဲရှိ ခန်ကျား ဥယျာဉ်မှ လူများနှင့်အတူ ကျောက်ခိုင် ၏ အဖွဲ့ထံ သွားရောက် စာရင်းပေးသွင်းကာ အလုပ်အကျွေး ပြုရန် ကိုယ်တိုင် ပါဝင်လိုက်ကြသည်။

လင်းယွမ်က သင်္ဘောဦးတွင် ရပ်ကာ ဤမြင်ကွင်းကို ကြည့်ရင်း နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။

ဤဟင်းလင်းပြင် အစွမ်းပိုင်ရှင်ကို သူ အပြီးတိုင် နှိမ်နှင်းနိုင်ခဲ့ပြီ ဖြစ်သည်။

နောက်ပိုင်းတွင် သူ့ကို အစီအစဉ်အတိုင်း လိုက်နာစေကာ မိန်တောင် ခိုလှုံရေးစခန်း အခြေစိုက်စခန်း တည်ဆောက်ရေးတွင် ပါဝင်ခိုင်းပြီး တစ်ချိန်တည်းမှာပင် ထိုက်ယန် ခိုလှုံရေးစခန်း၏ လူနေမှုဘဝများထဲသို့ တဖြည်းဖြည်း ဝင်ရောက်လာစေရုံသာ ဖြစ်သည်။

အလားအလာ အရမ်းကောင်းသော ဤဟင်းလင်းပြင် အစွမ်းပိုင်ရှင်ကို ယေဘုယျအားဖြင့် သူ အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်သည်။

ထိုအချိန်တွင် တင်းယန် က လျှောက်လာပြီး မေးလိုက်သည် "လင်းယွမ်... ဒီကုန်တင်သင်္ဘောကို ဘယ်လို စီမံမလဲ"

လင်းယွမ်က ထိုစကားကို ကြားတော့ အနည်းငယ် စဉ်းစားကာ မေးလိုက်သည် "ကျူးယွီချွမ် ကလွဲပြီး သင်္ဘောအကြောင်း နားလည်တဲ့လူ တခြား ရှိသေးလား"

တင်းယန်က ခေါင်းယမ်းလိုက်သည် "သိပ်မသေချာဘူး... ထိုက်ယန် ပြန်ရောက်မှပဲ မေးကြည့်ရမယ်"

လင်းယွမ်က ပြောသည် "ငါတို့ဆီမှာ လူတော်တွေ အရမ်း လိုအပ်နေတယ်... ကျူးယွီချွမ်ကို မေးကြည့်လိုက်... သူ သင်္ဘော ပြုပြင်ထိန်းသိမ်းတတ်လားလို့"

"ဒီသင်္ဘောက သံချေးတွေ တက်နေပြီ... အချိန်မီ မထိန်းသိမ်းဘူးဆိုရင် မကြာခင် သုံးလို့မရ ဖြစ်သွားလိမ့်မယ်"

"နောက်ကျရင် ငါတို့က မိန်တောင် နဲ့ ထိုက်ယန်ကို စူပါ ခိုလှုံရေးစခန်းတွေအဖြစ် တည်ဆောက်ရမှာ... သင်္ဘောအုပ်စု တစ်စု ဖွဲ့ဖို့က အရမ်း အရေးကြီးတယ်"

"နောက်ပိုင်း ပိတ်မိနေတဲ့ လူတွေကို ကယ်ဆယ်ဖို့ပဲ ဖြစ်ဖြစ်၊ ပစ္စည်းတွေ ထွက်ရှာဖို့ပဲ ဖြစ်ဖြစ် သင်္ဘောအုပ်စု ရှိမှ ဖြစ်မှာ"

"ဒါကြောင့် သင်္ဘော ပညာရှင်တွေက အရမ်း အရေးကြီးတယ်... ပြီးခဲ့တဲ့ အခေါက်က နင် ငါ့ကို ပြောဖူးတဲ့ ပါမောက္ခကြီး နာမည်က ဘယ်သူပါလိမ့်"

တင်းယန်က ဖြေလိုက်သည် "ပါမောက္ခ လီဟန်ကျုံး ပါ"

"သူက လင်ကျောင်း တက္ကသိုလ်နားက ဝန်ထမ်းအိမ်ရာမှာ ရှိတာလား"

"မသေချာဘူး... ဒါပေမဲ့ ဖြစ်နိုင်ခြေများတယ်"

လင်းယွမ်က ခေါင်းတစ်ချက် ညိတ်လိုက်သည် "ကြည့်ရတာ ဟိုဘက်ကို တစ်ခေါက် သွားဖို့ နည်းလမ်းရှာရတော့မယ်... လင်ကျောင်း တက္ကသိုလ်မှာ သင်္ဘော ရှိသေးလား"

တင်းယန်က ဖြေသည် "အရင်ကတော့ ရှိတယ်... ဒါပေမဲ့ အခုတော့ ပြောရခက်တယ်"

လင်းယွမ်က သံသယဖြင့် မေးလိုက်သည် "ဘာသဘောလဲ"

တင်းယန်က ခြေအောက်ရှိ ကုန်တင်သင်္ဘောကို လက်ညှိုးထိုးကာ ဖြေလိုက်သည် "ကျွန်မ စောစောက တွေ့လိုက်တာ... ဒီဖီးနစ် သင်္ဘောက တကယ်တော့ လင်ကျောင်း တက္ကသိုလ် သင်္ဘောတည်ဆောက်ရေး ကျောင်းက သင်္ဘောတစ်စင်းပဲ"

ဆက်ရန်...

(ဟင်းလင်းပြင်အစွမ်းပိုင်ရှင် လီချင်းဟွာက နောက်ဆို လင်းယန်အတွက် ကျောက်ခိုင်လို အားကိုးရတဲ့သူမျိုးဖြစ်လာမှာပါ။ ဒီ စာစဉ် (၁၅) က မင်မင် မှန်းကြည့်ရသလောက် အရင် ထွက်ခဲ့တာတွေရဲ့ ၂အုပ်စာလောက်တောင်ရှည်ပါတယ်။ English version မှာဆိုရင် ဒီအပိုင်းတစ်ပိုင်းကို အပိုင်း (၆) ပိုင်းတောင် ခွဲပြန်ထားပါတယ်။ တစ်ကယ်လို့မင်မင်သာ English version အတိုင်းလိုက်ပြန်မယ်ဆိုရင် အခု စာစဉ် (၁၅) က အပိုင်းစုစုပေါင်း ၁၂၀ တောင် ထွက်လာမှာပါ။ ဒါပေမဲ့ တရုတ်မူရင်းအတိုင်းပဲ အပိုင်းမခွဲပဲ ပြန်ပေးထားပါတယ်)

(နောက်တစ်အုပ်မှာတော့ လင်းယွမ် မျိုးရိုးဗီဇမြေပုံ ရပြီး အဆင့်တက်သွားမလား၊ လင်ကျောင်း တက္ကသိုလ်မှာ လူသွားရှာရင် ဘာတွေကြုံရမလဲ၊ အဲ့ဒီက ဝန်ထမ်းအိမ်ရာကိုရော ဘယ်သူတွေ အပိုင်စီးထားလဲ၊ ဘယ်လိုတိုက်ပွဲတွေနဲ့ ကြုံရမလဲ... စတာတွေကို ဆက်လက်စောင့်မျှော် အားပေးကြပါဦးနော်)

All Chapters