အခန်း (၁၆၉-၁၇၁)
Vol. 12 Ch. 169-171
အခန်း (၁၆၉) - သံယောဇဉ်နှင့် မျက်နှာ (၃)
~စကားဆုံးသည်နှင့် ဓားရောင်
တစ်ချက်သည် လျူမို၏ ရင်ဘတ်ဆီသို့ တည့်တည့် ဝင်ရောက်လာလေသည်။
လျူမိုက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ကိုယ်ကို ရုတ်တရက် နောက်ဆုတ်ကာ ဓားသွားကို ရှောင်တိမ်းလိုက်သည်။ သို့သော် တိုက်ခိုက်သူမှာ အလွန် လျင်မြန်ပြီး ထပ်ကြပ်မကွာ လိုက်ပါ တိုက်ခိုက်လေသည်။ သူ အသုံးပြုနေသော သိုင်းကွက်များမှာ ကောင်းကင်ဓားဂိုဏ်း၏ ဓားသိုင်းအစစ် ဖြစ်နေသည်မှာ ထင်ရှားလှပေ၏။
လျူမိုသည် အံ့သြပုံ မရပေ။ ကောင်းကင်ဓားဂိုဏ်း၏ ဓားသိုင်းများကို ရင်းနှီးကျွမ်းဝင်နေသည့်အလား ပေါ့ပါးစွာပင် ရှောင်တိမ်းလိုက်၏။ တမဟုတ်ချင်းမှာပင် သူ့ကျောပေါ်မှ ခရမ်းရောင် ရွှေရောင် တူကြီးတစ်လက် လွင့်ထွက်လာလေသည်။
ခြေဖျားဖြင့် မြေကြီးကို ခပ်ဖွဖွ တို့ထိလိုက်ပြီး လေပေါ်သို့ ခုန်တက်လိုက်သည်။ ခရမ်းရောင် ရွှေရောင် တူကြီးကို လက်ဝါးဖြင့် ဖမ်းယူလိုက်ပြီး အပေါ်စီးမှနေ၍ အားကုန်လွှဲကာ ရိုက်ချလိုက်တော့သည်။
ပြိုင်ဘက်ကင်းသော အင်အားနှင့်အတူ ပြင်းထန်သော လေတိုးသံကြီး ပါရှိလာပြီး မညှာမတာ ဖိနှိပ်လိုက်တော့၏။
မြေပြင်ပေါ်မှ လူသည် လှုပ်ရှားမှုများ ကုန်ဆုံးသွားပြီဖြစ်ရာ အရှိန်ကို မနည်း ထိန်းလိုက်ရ၏။ မော့ကြည့်လိုက်သောအခါ တူကြီးတစ်လက် ကျရောက်လာသည်ကို တွေ့လိုက်ရသဖြင့် အလောတကြီး ဓားကို ဆွဲထုတ်ကာ ကာကွယ်လိုက်ရလေသည်။
“ဒုန်း”
လေထဲမှ ကျလာသော ခရမ်းရောင် ရွှေရောင် တူကြီးသည် ဓားနှင့် ပြင်းထန်စွာ ထိပ်တိုက် တွေ့ဆုံသွားတော့သည်။ ကောင်းကင်ဓားဂိုဏ်း ဝတ်စုံ ဝတ်ဆင်ထားသူမှာ ခြေထောက်များ ပျော့ခွေသွားပြီး မြေပြင်ပေါ် ဒူးထောက် ကျသွားရရှာသည်။
လက်နက်ချင်း ထိတွေ့မှုမှ ထွက်ပေါ်လာသော လေလှိုင်းများသည် အရပ်လေးမျက်နှာသို့ လွင့်ပျံ့သွားတော့သည်။
သဲများနှင့် ကျောက်ခဲများ လွင့်စင်သွားပြီး မြင်ကွင်းမှာ အလွန် ကြမ်းတမ်းလှပေ၏။
အောက်မှ လူသည် လက်မောင်းများ တဖြည်းဖြည်း နစ်မြုပ်လာပြီး ဆက်လက် တောင့်ခံထားနိုင်စွမ်း မရှိတော့ကြောင်း သိသာနေသည်။ သို့သော် သူ့မျက်နှာပေါ်တွင် ရုတ်တရက် အပြုံး တစ်ခု ပေါ်လာလေသည်။
“အာဏာရှင် တူသိုင်း... တကယ် နာမည်နဲ့ လိုက်ဖက်ပါပေတယ်...”
လျူမို ထိုစကားကို ကြားသောအခါ အံ့အားသင့်သွားပြီး မျက်လုံးအိမ်များ ကျဉ်းမြောင်းသွား၏။ သို့သော် သူ မတုံ့ပြန်နိုင်မီမှာပင် အပေါ်မှ တူကြီးမှာ ပေါ့ပါးသွားသလို ခံစားလိုက်ရ၏။ အောက်ကို ကြည့်လိုက်တော့ အဝတ်အစား တစ်စုံနှင့် ဓား တစ်လက်သာ ကျန်ရှိနေတော့သည်။
ထိုလူသည် လျူမို၏ မျက်စိရှေ့မှပင် ပျောက်ကွယ်သွားခြင်း ဖြစ်ပေ၏။
ထို့နောက် ရိပ်ခနဲ လှုပ်ရှားမှုတစ်ခုနှင့်အတူ ထိုလူသည် ခေါင်မိုးပေါ်တွင် ရောက်ရှိနေပြီ ဖြစ်၏။ သူသည် အနက်ရောင် ဝတ်စုံကို ပြောင်းလဲ ဝတ်ဆင်ထားပြီး ပြုံးရွှင်စွာ လှည့်ကြည့်ကာ ပြောလိုက်လေသည်။
“နောက်တစ်ခါ ပြန်တွေ့ရင် အာဏာရှင် တူသိုင်းရဲ့ အဆင့်မြင့်တဲ့ လှုပ်ရှားမှုတွေကို ဆက်လက် ခံစားပါဦးမယ်... သွားလိုက်ပါဦးမယ်...”
စကားဆုံးသည်နှင့် သူသည် ကိုယ်ဖော့ပညာသုံးပြီး ထွက်ခွာရန် ပြင်လိုက်သည်။ သို့သော် မထင်မှတ်ဘဲ ခေါင်းလှည့်လိုက်ချိန်တွင် ခြေထောက်ကြီး တစ်ဖက်ကို တွေ့လိုက်ရလေသည်။
“ဘာ...”
စကားပင် မဆုံးလိုက်ပေ။ ထိုခြေထောက်ကြီး၏ ကန်ချက်ကြောင့် သူသည် ခေါင်မိုးပေါ်မှ လွင့်စင်ကျသွားရတော့သည်။
ယန်ရှောင်ယွင်သည် ထိုအချိန်ကျမှ သတိပြန်ဝင်လာပြီး သူမဘေးတွင် ရှိနေသင့်သော ဆုမိုကို ရှာလိုက်သည်။ ထို့နောက် ခေါင်မိုးပေါ်သို့ မည်သည့်အချိန်က ရောက်သွားမှန်းမသိ ရောက်နေသော ဆုမိုကို မော့ကြည့်ပြီး အံ့သြမှင်သက်စွာ ရေရွတ်လိုက်မိလေသည်။
“သူ... သူ့ရဲ့ ကိုယ်ဖော့ပညာက ဘယ်လိုလုပ် ဒီလောက်တောင် ကောင်းသွားတာလဲ...”
အဖြစ်အပျက် အားလုံးသည် မျက်တောင်တစ်ခတ် အတွင်းမှာပင် ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်၏။ ဆုမို ဘယ်အချိန်က လှုပ်ရှားလိုက်သလဲ၊ ခေါင်မိုးပေါ် ဘယ်လို ရောက်သွားသလဲ ဆိုသည်ကို သူမ လုံးဝ မသိလိုက်ပေ။
ယန်ရှောင်ယွင်တောင် မသိလိုက်မှတော့ အောက်က လူက ဘယ်လိုလုပ် သိနိုင်ပါ့မည်နည်း။
ထိုလူ တအံ့တဩ ဖြစ်နေစဉ်မှာပင် သူ့လည်ပင်းကို ဓားများစွာ လာရောက် ဝိုင်းရံထားသည်ကို တွေ့လိုက်ရ၏။ သူသည် အနည်းငယ် ရှုပ်ထွေးနေဆဲ ဖြစ်သော်လည်း ရယ်မောလိုက်လေသည်။
“ကောင်းတယ်...”
စကားလုံးနှစ်လုံး ပြောပြီးသည်နှင့် ရုတ်တရက် သူသည် ဓားသွားပေါ်သို့ ဝင်တိုးလိုက်လေသည်။ လည်ပင်းတွင် အရိုးပေါ်သည်အထိ နက်ရှိုင်းသော ဒဏ်ရာကြီး ရရှိသွားပြီး ပြတ်သားသော ဆုံးဖြတ်ချက်ကို ပြသလိုက်ခြင်း ဖြစ်၏။
ထိုအချိန်တွင် စကားတစ်ခွန်းမျှ ထပ်မပြောတော့ဘဲ သူ့ခန္ဓာကိုယ် လဲကျသွားပြီး မြေပြင်ပေါ်တွင် အသက်မဲ့သွားတော့သည်။
ရှိနေသမျှ လူအပေါင်းသည် ကြောင်အမ်းအမ်းဖြင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေမိကြ၏။
မည်သူကမျှ ဤမြင်ကွင်းကို မျှော်လင့်မထားခဲ့ကြပေ။
ထိုအချိန်တွင် ခေါင်မိုးပေါ်၌ ရပ်နေသော ဆုမိုသည် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်မိသည်။ အမြင့်မှနေ၍ လှမ်းကြည့်လိုက်ရာ အခြား ခေါင်မိုးတစ်ခု အောက်တွင် လူနှစ်ယောက် တိုက်ခိုက်နေကြသည်ကို တွေ့လိုက်ရ၏။
တစ်ယောက်မှာ ထက်မြက်ပြီး ကြမ်းတမ်းကာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် အေးစက်နေသည်။
အခြားတစ်ယောက်မှာမူ တည်ငြိမ်နေသော်လည်း လှုပ်ရှားမှုတိုင်းသည် အလွန် အန္တရာယ်များပြီး ရက်စက်လှသည်။ တဖက်လူကို နောက်ဆုတ်သွားအောင် ဖိအားပေးနေလေသည်။
ထက်မြက်မှုများက သူ့ကို တစ်ခဏမျှပင် တားဆီးနိုင်ခြင်း မရှိချေ။
ထိုလူမှာ ကောင်းကင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်ကြီး နန်းကုန်းယွီ မှတပါး အခြားသူ မဟုတ်ပေ။
သူသည် စောစောက မီးငြှိမ်းသတ်ရန် လူများကို ဦးဆောင်သွားခဲ့သော်လည်း ယခုမူ ဤအနက်ရောင်ဝတ် လူနှင့် တိုက်ခိုက်နေရတော့၏။
သူတို့ တိုက်ပွဲပင် မစရသေးပေ။
သို့သော် အနက်ရောင်ဝတ် လူက ခပ်ဟဟ ရယ်မောလိုက်လေသည်။
“ဂိုဏ်းချုပ်နန်းကုန်း က ငါးနှစ်လုံးလုံး ချိပ်ပိတ်ထားတဲ့ ဓားစိတ်ဆန္ဒကို ထုတ်သုံးလိုက်တာ... ကောင်းကင်ဓားဂိုဏ်းကို တည်ထောင်ခဲ့တဲ့ ဘိုးဘေးကြီးလို ဓားတစ်ချက်တည်းနဲ့ မိုင်တစ်သောင်း တိမ်ပင်လယ်ကို ရှင်းလင်းပစ်ချင်လို့များလား...”
နန်းကုန်းယွီသည် နှုတ်ဆိတ်နေပြီး ပြိုင်ဘက်၏ တိုက်ကွက်တိုင်းကို ကာကွယ်ကာ တန်ပြန်တိုက်စစ်ဆင်ရန် အခွင့်အရေး ရှာဖွေနေလေသည်။
“နှမြောစရာပါပဲ... အဲဒီဓားချက် ထုတ်ပြီးတဲ့နောက်မှာ ခင်ဗျားရဲ့ ခန္ဓာကိုယ်က သူခိုးဝင်ခံရတဲ့ အိမ်လို ဟာလာဟင်းလင်း ဖြစ်သွားပြီ... ပြန်ကောင်းဖို့ အနည်းဆုံး သုံးလလောက်တော့ ကြာဦးမယ်... မဟုတ်ရင် ကျွန်တော် ဒီနေ့ ဂိုဏ်းချုပ်နန်းကုန်းကို ထိပ်တိုက် ရင်ဆိုင်ရဲမှာ မဟုတ်ပါဘူး...”
“ဒါပေမဲ့ ကောင်းကင်ဓားဂိုဏ်းက တကယ်ပဲ အပြင်ပန်း အေးစက်ပြီး အတွင်းစိတ် နွေးထွေးကြတာကိုး... လောကကြီးကို ဂရုမစိုက်သလို နေပေမယ့် အသက်တစ်ချောင်းချင်းစီကို တန်ဖိုးထားတတ်ကြတယ်...”
“တာအိုဝါဒရဲ့ ကောင်းကင်နှင့် လူသား တသားတည်းဖြစ်ခြင်း ဆိုတာ ဒီလို ရယူရမှာ မဟုတ်ဘူး... အထွတ်အထိပ် ပုဂ္ဂိုလ်တွေက ခံစားချက်တွေကို မေ့လျော့ထားရတယ်... ခင်ဗျားကတော့ သံယောဇဉ် ကြီးလွန်းတယ်... ဒါကြောင့်လည်း ဖြောင့်မတ်တဲ့ ဂိုဏ်းတွေက ခင်ဗျားတို့ကို အသိအမှတ် မပြုကြတာ နေမှာပေါ့...”
“ကျွန်တော် နည်းလမ်းလေး နည်းနည်း သုံးလိုက်ရုံနဲ့ ခင်ဗျား ငါးနှစ်လုံးလုံး စုဆောင်းထားတဲ့ ဓားစိတ်ဆန္ဒတွေ လေထဲမှာ ပျောက်ကွယ်သွားရပြီ... ကောင်းကင်ဓားဂိုဏ်း ဆိုတာ... ဒီလောက်ပါပဲလား...”
သူသည် တိုက်ခိုက်နေရင်း နန်းကုန်းယွီ၏ စိတ်ကို အနှောင့်အယှက် ဖြစ်စေရန် စကားများ ပြောဆိုနေလေသည်။
ထင်သည့်အတိုင်းပင် နောက်ဆုံးစကား ကြားလိုက်ရသောအခါ နန်းကုန်းယွီ၏ ဓားချက်သည် တစ်ခဏမျှ နှေးကွေးသွားလေသည်။ ထိုအခိုက်အတန့်တွင် အနက်ရောင်ဝတ် လူ၏ တိုက်ကွက် ဝင်ရောက်လာတော့သည်။
လက်ဝါးတစ်ချက် ထိုးသွင်းလိုက်ရာ ဓားရောင်ကို ဖောက်ထွက်ပြီး နန်းကုန်းယွီ၏ ရင်ဘတ်ပေါ်သို့ ကျရောက်သွားလေသည်။
ကံကောင်းသည်မှာ နန်းကုန်းယွီသည် သာမန်လူ မဟုတ်ပေ။ အရေးကြီးသော အချိန်တွင် ကိုယ်ကို ယိမ်းလိုက်သဖြင့် အသက်အန္တရာယ်ရှိသော နေရာကို ရှောင်လွှဲနိုင်ခဲ့သည်။
သို့သော် ပြင်းထန်သော အားတစ်ခု ဝင်ဆောင့်သည်ကို ခံစားလိုက်ရပြီး ချက်ချင်းပင် လွင့်စင်သွားတော့သည်။
မြေကြီးပေါ် ကျရောက်သောအခါ ခန္ဓာကိုယ် တစ်ခြမ်း လှုပ်ရှား၍ မရတော့ပေ။
နန်းကုန်းယွီ မော့ကြည့်လိုက်ရာ မျက်လုံးများ အေးစက်နေဆဲပင်။ အနက်ရောင်ဝတ် လူသည် မျက်လုံးထဲတွင် အပြုံးရိပ်များဖြင့် ရှေ့တိုးလာပြီး အဆုံးသတ် တိုက်ခိုက်ရန် ပြင်နေသည်ကို တွေ့လိုက်ရ၏။
စောစောက စကားများသည် တိုက်ပွဲအတွင်း နန်းကုန်းယွီ၏ စိတ်ကို နှောင့်ယှက်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်၏။
ယခုတစ်ကြိမ်တွင်မူ စကားတစ်ခွန်းမျှ မဆိုတော့ဘဲ သတ်ဖြတ်ရန်သာ ဦးတည်လိုက်တော့သည်။
သို့သော် မထင်မှတ်ဘဲ သူ၏ လက်ဝါး ကျရောက်မည့် နေရာတွင် လေဟာနယ်သာ ရှိနေတော့သည်။
ခဏမျှ ကြောင်သွားပြီးနောက် အလျင်အမြန် လှည့်ကြည့်လိုက်ရာ တစ်စုံတစ်ယောက်သည် သူ့နောက်တွင် ဘယ်အချိန်က ရောက်နေမှန်းမသိ ရောက်ရှိနေသည်ကို တွေ့လိုက်ရလေသည်။
ထိုသူသည် လက်တစ်ဖက်ဖြင့် နန်းကုန်းယွီကို တွဲထားပြီး ကျောပေါ်တွင် ဓားသေတ္တာတစ်လုံး လွယ်ထားသည်။ ဘေးတစောင်း ကြည့်ကာ ပြုံးလိုက်လေသည်။
“ဒါ ဘယ်လို လုပ်ရပ်လဲဗျာ... မီးရှို့တာက တစ်ပိုင်းပေါ့... ဒါပေမဲ့ လူပါ သတ်မယ်ဆိုတော့ နည်းနည်း မလွန်လွန်းဘူးလား...”
“မင်းက ဆုမိုလား...”
အနက်ရောင်ဝတ် လူသည် လက်ကို နောက်ပစ်ကာ မျက်နှာချင်းဆိုင်တွင် ရပ်နေသည်။ သေချာသည်မှာ သူသည် ဆုမို ယခင်က နှစ်ကြိမ် တွေ့ခဲ့ဖူးသော သူ မဟုတ်ပေ။
“ဟုတ်ပါတယ်...”
ဆုမို ခေါင်းညိတ်လိုက်သည်။ ဝန်ခံလိုက်ရုံဖြင့် ဘာမှ ဖြစ်သွားမည် မဟုတ်ပေ။
“ကောင်းပြီ...”
အနက်ရောင်ဝတ် လူသည် စကားအများကြီး မပြောတော့ဘဲ အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ တစ်ခဏအတွင်းမှာပင် ဆုမို၏ ရှေ့တည့်တည့်သို့ ရောက်ရှိလာတော့သည်။
လက်သီးတစ်လုံး ထိုးသွင်းလိုက်၏။
ထိုလက်သီးချက်သည် လိမ့်ဆင်းလာသော ကျောက်တုံးကြီးပမာ ပြင်းထန်လှပြီး၊ လက်သီးလေပြင်းများက ပို၍ပင် အားကောင်းလှသည်။
ဆုမို၏ နှုတ်ခမ်းထောင့်တွင် မဲ့ပြုံးတစ်ခု ပေါ်လာပြီး ဒဏ်ရာခုနစ်ချက်လက်သီး ဖြင့် တုံ့ပြန်လိုက်လေသည်။
ရုတ်တရက် လက်သီးနှစ်လုံး လေထဲတွင် ပြင်းထန်စွာ ထိပ်တိုက် တွေ့ဆုံသွားကြပြီး၊ တစ်ခဏအတွင်း မြေပြင်မှ စူးရှသော အသံကြီး ထွက်ပေါ်လာတော့သည်။
ဆုမို၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွား၏။ သို့သော် အနက်ရောင်ဝတ် လူသည် သွေးတစ်လုပ် အန်ထုတ်လိုက်ပြီး ခန္ဓာကိုယ်မှာ ဝေးရာသို့ လွင့်စင်သွားသည်ကို တွေ့လိုက်ရလေသည်။
ဝင်းနှစ်ခုကို ကျော်ဖြတ်သွားပြီး ကောင်းကင်ဓားဂိုဏ်းသား အများအပြားကို လန့်ဖျပ်သွားစေခဲ့သည်။ သို့သော် သူ ပြန်မလာတော့ဘဲ အသံသာ လေထဲတွင် ကျန်ရစ်ခဲ့လေသည်။
“ခေါင်းဆောင်ဆု... ခင်ဗျားရဲ့ သိုင်းပညာက ပြိုင်ဘက်ကင်းပါပေတယ်... ကျွန်တော်တို့က ခင်ဗျားနဲ့ ရန်သူမဖြစ်ချင်ပါဘူး... ဒီနေ့ ခင်ဗျားက လူတစ်ယောက်ကို ကယ်ချင်တယ် ဆိုမှတော့... ခင်ဗျားမျက်နှာကို ထောက်ပြီး လွှတ်ပေးလိုက်ပါ့မယ်... သွားတော့မယ်... အဟွတ်... အဟွတ်...”
“အမ်...”
ဆုမို၏ မျက်နှာပေါ်တွင် မှင်သက်သော အမူအရာများ ပြည့်နှက်သွားတော့သည်။
အခန်း (၁၇၀) - နှလုံးသားထဲက အဖုအထစ်
~ကောင်းကင်တံခါးတောင်...
တောအုပ်အထပ်ထပ်အတွင်း၌ အနက်ရောင်ဝတ် လူရိပ်များသည် ဂနာမငြိမ်ဖြစ်စွာဖြင့် ဟိုဟိုသည်သည် လမ်းလျှောက်နေကြ၏။
တစ်ခါတစ်ရံ မော့ကြည့်လိုက်ကြပြီး တစ်စုံတစ်ရာကို စောင့်မျှော်နေသကဲ့သို့ ရှိ၏။
ခဏအကြာတွင် ပတ်ဝန်းကျင်မှ ခြေသံများ နီးကပ်လာလေသည်။
ရုတ်တရက် မော့ကြည့်လိုက်ရာ ကောင်းကင်ဓားဂိုဏ်း တပည့်များကဲ့သို့ ဝတ်ဆင်ထားသော လူအချို့ သူတို့၏ မြင်ကွင်းအတွင်းသို့ ဝင်ရောက်လာပြီး မသိမသာ ဝိုင်းရံလိုက်ကြ၏။
သို့သော် အနက်ရောင်ဝတ် ခေါင်းဆောင်မှာမူ ထိတ်လန့်ခြင်း အလျဉ်းမရှိဘဲ သက်ပြင်းတစ်ချက်သာ ချလိုက်လေသည်။
“ဘယ်လိုနေလဲ... မြေကမ္ဘာဂိုဏ်းချုပ်ရော...”
သူက မေးခွန်းနှစ်ခုကို ဆက်တိုက် မေးလိုက်သည်။ သို့သော် ‘ကောင်းကင်ဓားဂိုဏ်း’ တပည့် အယောင်ဆောင်ထားသူများက ကောင်းကင်ဓားဂိုဏ်း ဝတ်စုံများကို ဆွဲချွတ်လိုက်ကြပြီး မူလ အနက်ရောင် ဝတ်စုံများကို ပြန်လည် ဝတ်ဆင်ကာ မျက်နှာဖုံးများ တပ်ဆင်လိုက်ကြ၏။
ထိုအထဲမှ တစ်ယောက်က ခေါင်းဆောင်ရှေ့သို့ ရောက်လာပြီး ဒူးတစ်ဖက်ထောက်ကာ လျှောက်တင်လေသည်။
“ဂိုဏ်းချုပ်... ညီအစ်ကိုတစ်ယောက် အတွင်းထဲမှာ ပိတ်မိနေခဲ့တယ်... မြေကမ္ဘာဂိုဏ်းချုပ်ကတော့ နန်းကုန်းယွီကို သတ်ချင်နေလို့ အခုထိ ပြန်မထွက်လာသေးပါဘူး...”
“ဘာကိစ္စ သတ်ချင်ရတာလဲ...”
အနက်ရောင်ဝတ် ဂိုဏ်းချုပ်သည် လုံးဝ စိတ်မရှည်နိုင်တော့သည့်ပုံ ပေါက်နေသည်။
“အကြောင်းမဟုတ်၊ အကျိုးမဟုတ် ငါ့အတွက် ပြဿနာတွေ လိုက်ရှာပေးနေတာပဲ... ပြီးတော့ ဟိုအရူးကောင်က ဘယ်လိုလုပ် အတွင်းထဲမှာ ပိတ်မိနေရတာလဲ... ငါ မှာထားတယ် မဟုတ်ဘူးလား... ကောင်းကင်ဓားဂိုဏ်း တပည့်တွေက အပြင်ပန်း ထက်မြက်ပေမယ့် အတွင်းထဲမှာ ဓားစိတ်ဆန္ဒကို ဖုံးကွယ်ထားကြတာ... သူတို့က ‘အထွတ်အထိပ်သို့ ရောက်လျှင် ခံစားချက်ကို မေ့လျော့ရမယ်’ ဆိုတဲ့ ကျင့်စဉ်ကို လေ့ကျင့်ထားပေမယ့် တကယ်တမ်းကျတော့ သူတို့ရဲ့ ခံစားချက်တွေက ဘယ်သူ့ထက်မဆို ပိုပြီး ကြွယ်ဝတယ်...”
“သူတို့ရဲ့ မျိုးဆက်က အရင်းအမြစ် တစ်ခုတည်းက ဆင်းသက်လာတာမို့ တစ်ယောက်နဲ့တစ်ယောက် အဆက်အစပ် ရှိကြတယ်...”
“မင်းတို့က ကောင်းကင်ဓားဂိုဏ်း တပည့်တွေအဖြစ် ဟန်ဆောင်ထားရင် ပရမ်းပတာ ဖြစ်နေတဲ့ အချိန်ကိုပဲ အခွင့်ကောင်းယူလို့ ရမှာ... သူတို့ရဲ့ တပည့်တွေနဲ့ ထိပ်တိုက် မတွေ့မိအောင် ရှောင်ရမယ်... အနောက်ကနေ မြင်ရတာ၊ ဘေးကနေ မြင်ရတာက ပြဿနာမရှိဘူး... ငါ ဒီလောက်တောင် သေချာရှင်းပြထားတာကို ဘယ်လိုလုပ် အဖမ်းခံရသေးတာလဲ...”
သူသည် တတွတ်တွတ် ရေရွတ်ရင်း ဂိုဏ်းချုပ်တစ်ယောက်၏ အရှိန်အဝါ လုံးဝ မရှိတော့ဘဲ စိုးရိမ်ပူပန်နေလေသည်။
“မင်းတို့ကို ငါ့လောက် ပါးနပ်ဖို့ မမျှော်လင့်ပါဘူး... ဒါပေမဲ့ ဒီလောက်တော့ မတုံးအသင့်ဘူးလေ... သတင်းသာ ပေါက်ကြားသွားရင် ပါရမီရှင်ကြီး ဖြစ်တဲ့ ငါ့အတွက် အရှက်ကွဲစရာပဲ...”
အနက်ရောင်ဝတ် လူများသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြ၏။ နောက်ဆုံးတွင် တစ်ယောက်က မပြောမဖြစ် ပြောလိုက်ရလေသည်။
“ဂိုဏ်းချုပ်... အဲဒီညီအစ်ကိုက ဂိုဏ်းချုပ် ပြောတာကို မယုံဘူးလေ... ပြီးတော့ အာဏာရှင် တူသိုင်းသမားနဲ့ တွေ့တော့ ဟန်ဆောင်ပြီး လှည့်စားလို့ ရမလားဆိုပြီး စမ်းကြည့်လိုက်တာ... ထင်တဲ့အတိုင်းပဲ ချက်ချင်း အဖမ်းခံလိုက်ရတာပါပဲ...”
“ဟွန်း... သေပျော်ပါတယ်... ငါပြောတာမှ မယုံတာ... သေပါစေတော့...”
“ပစ္စည်းရော...”
သူ ထပ်မေးလိုက်သည်။
“ပစ္စည်းက မြေကမ္ဘာဂိုဏ်းချုပ်ဆီမှာပါ...”
“သူ ဘယ်ရောက်နေလဲ...”
“သူက နန်းကုန်းယွီကို သွားသတ်နေပါတယ်...”
“ငတုံးကောင်...”
ထိုစကားကို ကြားသောအခါ ဂိုဏ်းချုပ်သည် လက်အောက်ငယ်သားများ၏ အစီရင်ခံစာကို သတိရသွားပြီး ဒေါသတကြီး ခုန်ဆွခုန်ဆွ ဖြစ်သွားလေသည်။
“နန်းကုန်းယွီ ဆိုတာ ဘယ်သူမှတ်နေလဲ... ငါးနှစ်လုံးလုံး ဓားစိတ်ဆန္ဒကို ပြုစုပျိုးထောင်ထားတဲ့သူ... သူက ဓားသိပ်မထုတ်တော့ဘူး... တကယ်လို့သာ သူ ဓားထုတ်လိုက်ရင် အဲဒီဓားသွားရဲ့ ထက်မြက်မှုက မှန်းဆလို့တောင် ရမှာ မဟုတ်ဘူး... မြေကမ္ဘာဂိုဏ်းချုပ်က သေလမ်းရှာနေတာပဲ... သွားပြီ... သွားပြီ... စီမံကိန်း တစ်ခုလုံး သဲထဲရေသွန် ဖြစ်ကုန်ပြီ... ကောင်းကင်ဘုံသာ သိသွားရင် ငါ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး...”
“မင်းတို့ကောင်တွေက တကယ် ဒုက္ခပေးတာပဲ... ငါ လှုပ်ရှားရင် ပြဿနာတက်မယ်လို့ ပြောကြတယ်... ငါက ကျိဖေးယန်ကို နှစ်ခါ လုပ်ကြံတာ မအောင်မြင်ခဲ့ရုံလေးပါ... ဘာပြဿနာ တက်လို့လဲ...”
“အခုတော့ ကြည့်... မြေကမ္ဘာဂိုဏ်းချုပ်တော့ ကောင်းကင်တံခါးတောင် မှာ အသုဘချရတော့မယ်...”
“... မင်းသာ ကောင်းကင်တံခါးတောင် မှာ အသုဘချခံရမယ့်ကောင်...”
ရုတ်တရက် အသံ တစ်သံ ထွက်ပေါ်လာသဖြင့် ဂိုဏ်းချုပ် လှည့်ကြည့်လိုက်ရာ မလှမ်းမကမ်းရှိ သစ်ပင်အောက်တွင် အနက်ရောင်ဝတ် လူတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရလေသည်။
ထိုလူကို မြင်သောအခါ ဂိုဏ်းချုပ် ဝမ်းသာအားရ ဖြစ်သွား၏။
“နန်းကုန်းယွီ သေသွားပြီလား...”
“မသေပါဘူး...”
“ဒါဆို မင်းက ဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ...”
“... စကားကောင်းကောင်း မပြောတတ်ရင် ပါးစပ်ပိတ်ထားစမ်းပါ...”
သူက နှာခေါင်းရှုံ့လိုက်ပြီး ဆက်ပြောသည်။
“ဆုမိုသာ ဝင်မရှုပ်ရင် နန်းကုန်းယွီ က ငါ့လက်ချက်နဲ့ သေနေလောက်ပြီ...”
“ဆုမို... ဟုတ်လား... မင်း သူနဲ့ တွေ့ခဲ့တာလား...”
ဂိုဏ်းချုပ် အံ့သြသွား၏။
“ဒါဆို မင်း သေနေသင့်တာပေါ့...”
“ဟွန်း... မင်း ငါ့ကို လျှော့တွက်နေတာလား...”
မြေကမ္ဘာဂိုဏ်းချုပ်က မဲ့ပြုံး ပြုံးလိုက်လေသည်။
“ဆုမို ဆိုတာ ဘာကောင်မို့လဲ... ရွှမ်ကျိတောင်ကြား တိုက်ပွဲမှာ နာမည်ကြီးတယ် ဆိုပေမယ့် ငါတော့ မယုံဘူး... ငါ သူ့ကို လက်သီးချင်း ယှဉ်ထိုးခဲ့တယ်... ကြည့်လေ... ငါ အကောင်းပကတိ ပြန်ရောက်လာတယ် မဟုတ်လား...”
အနက်ရောင်ဝတ် လူအုပ်ကြီးသည် မြေကမ္ဘာဂိုဏ်းချုပ်ကို နတ်ဘုရားတစ်ပါးအလား ကြည်ညိုလေးစားသွားကြပြီး ချီးကျူးစကားများ ဆိုကြတော့သည်။
“မြေကမ္ဘာဂိုဏ်းချုပ်ရဲ့ သိုင်းပညာက အထွတ်အထိပ်ပါပဲ...”
“ဆုမို ဆိုတာ ဘာမှ မဟုတ်ပါဘူး...”
“ဟုတ်ပါ့... ဟုတ်ပါ့...”
မြေကမ္ဘာဂိုဏ်းချုပ်က လက်ကာပြလိုက်သည်။
“တော်ကြတော့... လူစုခွဲပြီး စီစဉ်ထားတဲ့အတိုင်း ဆက်လုပ်ကြ... အချိန်စောသေးတယ်... ရွှေကျောက်စိမ်း ဆူးချွန်လေး တစ်ချောင်း ရဖို့အတွက်နဲ့တောင် ဒီလောက် ရှုပ်ထွေးသွားရတယ်... ကောင်းကင်ဓားဂိုဏ်းက ဒီလောက်... ဟွန်း...”
သူ့စကားဆုံးသည်နှင့် အနက်ရောင်ဝတ် လူအုပ်ကြီးသည် ဦးညွှတ်အရိုအသေပြုပြီး ပျံသန်းထွက်ခွာသွားကြတော့သည်။
မူလ ဂိုဏ်းချုပ်ကြီးမှာမူ ဒေါသတကြီးဖြင့် ခြေဆောင့်ကျန်ရစ်ခဲ့လေသည်။
“မင်း... မင်းတို့... မင်းတို့က ဘယ်သူ့လူတွေလဲ... ငါ့ရဲ့ လူသားဂိုဏ်းကလား... ဒါမှမဟုတ် သူ့ရဲ့ မြေကမ္ဘာဂိုဏ်းကလား... သူ့အမိန့်ကို ဒီလောက် နာခံနေမှတော့ မြေကမ္ဘာဂိုဏ်းကိုပဲ ပြောင်းသွားလိုက်ကြတော့...”
သို့သော် သူ့စကားသံများသည် နားလေးသူများအရှေ့တွင် တယောထိုးပြသကဲ့သို့ အရာမထင်ခဲ့ချေ။ အနက်ရောင်ဝတ် လူများသည် အဝေးသို့ ရောက်ရှိနေကြပြီ ဖြစ်၏။
မြေကမ္ဘာဂိုဏ်းချုပ်၏ အသံသာ လွင့်ပျံလာလေသည်။
“သူတို့ ဝေးဝေးရောက်သွားမှ မင်းက အော်ရဲတာကိုး... မဟုတ်ရင် ငါ့ရဲ့ မြေကမ္ဘာဂိုဏ်းက လူတွေနဲ့ ပြည့်လျှံနေဦးမယ်...”
“မင်း... လူလို နားလည်အောင် မပြောတတ်ဘူးလား...”
လူသားဂိုဏ်းချုပ်သည် ဒေါသကြောင့် မျက်လုံးများ ပြူးကျယ်နေလေသည်။
“အလကား စကားတွေ ပြောမနေနဲ့တော့...”
မြေကမ္ဘာဂိုဏ်းချုပ်သည် ရုတ်တရက် ‘ဘုန်း’ ခနဲ ထိုင်ချလိုက်ပြီး ရင်ဘတ်ထဲမှ သေတ္တာတစ်လုံးကို ထုတ်ကာ လူသားဂိုဏ်းချုပ်ထံ ပစ်ပေးလိုက်သည်။
“ဒီပစ္စည်းကို မင်း ခဏ သိမ်းထားလိုက်...”
လူသားဂိုဏ်းချုပ်သည် ကပျာကယာ ဖမ်းယူလိုက်ပြီး ဖွင့်ကြည့်လိုက်ရာ ပုံသဏ္ဍာန် ထူးဆန်းသော ဆူးချွန်တစ်ခုကို တွေ့လိုက်ရလေသည်။
ဆူးချွန်၏ လက်ကိုင်ရိုးကို ရွှေနှင့် ကျောက်စိမ်းဖြင့် ပြုလုပ်ထားပြီး ရွှေကိုယ်ထည်ပေါ်တွင် ကျောက်စိမ်းများ စီခြယ်ထားသဖြင့် အလွန် တန်ဖိုးကြီးမားလှပေ၏။
ဆူးချွန်၏ ကိုယ်ထည်သည် မြွေတစ်ကောင်ကဲ့သို့ လိမ်ကောက်နေပြီး မျက်နှာပြင်ပေါ်တွင် အသွားများ ပါရှိသဖြင့် ကြောက်မက်ဖွယ် ကောင်းလှသည်။ ထိပ်ဖျားမှာမူ အလွန် ထက်မြက်သော်လည်း မည်သည့် ပစ္စည်းဖြင့် ပြုလုပ်ထားသည်ကို မသဲကွဲပေ။
လူသားဂိုဏ်းချုပ်သည် သေချာကြည့်ရှုပြီးနောက် ဂရုတစိုက် သိမ်းဆည်းလိုက်သည်။ သို့သော် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး မေးလိုက်၏။
“နေဦး... မင်းက ခေါင်းမာတဲ့ကောင်လေ... ဘာလို့ ဒီပစ္စည်းကို ငါ့ဆီ လာအပ်နေတာလဲ... ပြီးတော့ မင်းပြောတာ ဆုမိုနဲ့ လက်သီးချင်း ယှဉ်ထိုးခဲ့ပြီး အကောင်းပကတိ ပြန်လာနိုင်တယ် ဆိုတာ... တကယ်ပဲလား…”
အခန်း (၁၇၁) - နှလုံးသားထဲက အဖုအထစ် (၂)
~“တကယ်ပဲ... အလကားပါကွာ...”
ထိုအချိန်မှာပင် မြေကမ္ဘာ ဂိုဏ်းချုပ်သည် သွေးတစ်လုပ် အန်ထုတ်လိုက်ရာ မျက်နှာဖုံး တစ်ခုလုံး စိုရွှဲသွားတော့သည်။
ထိုအခါမှ လူသားဂိုဏ်းချုပ် သတိထားမိလိုက်သည်မှာ သူ့မျက်နှာဖုံးသည် ယခုမှ စိုရွှဲသွားခြင်း မဟုတ်ဘဲ၊ အစကတည်းက မျက်နှာနှင့် ကပ်နေခဲ့ခြင်း ဖြစ်ကြောင်းပင်။
စောစောက အန်ထုတ်ခဲ့သော သွေးများမှာ ခြောက်သွေ့လုနီးပါး ဖြစ်နေပြီ ဖြစ်၏။
ကံကောင်းသည်မှာ မျက်နှာဖုံးက အနက်ရောင် ဖြစ်နေပြီး၊ အလင်းရောင် အားနည်းသော တောအုပ်ထဲတွင် ဖြစ်နေ၍ မည်သူမျှ သတိမထားမိလိုက်ကြခြင်းပင်။
လူသားဂိုဏ်းချုပ်သည် ချက်ချင်းပင် သူ့ဘေးသို့ ရောက်ရှိလာပြီး သွေးခုန်နှုန်း စမ်းသပ်ကြည့်လိုက်သည်။ ထို့နောက် သနားစရာ ကောင်းနေသော မြေကမ္ဘာဂိုဏ်းချုပ်၏ မျက်လုံးများကို ကြည့်ကာ ညည်းတွားလိုက်မိလေသည်။
“မင်းရဲ့ ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးတော့မယ်... အတွင်းအား နည်းနည်းလေးနဲ့ အသက်ဆက်နေရတာကို... ငါ့လူတွေကို လုနေတုန်းလား...”
“ စကားတွေ အများကြီး ပြောနေမယ့်အစား ငါ့ကို အသက်ရှူလို့ရအောင် ကူညီပေးပါဦး...”
မြေကမ္ဘာဂိုဏ်းချုပ်သည် ဒေါသထွက်လွန်း၍ သေလုနီးပါး ဖြစ်သွားရ၏။
ဘာမဟုတ်တာတွေ လာပြောနေရတဲ့ အချိန်မှ မဟုတ်ဘဲ။
ထိုအခါ၊ လူသားဂိုဏ်းချုပ်သည် မြေကမ္ဘာဂိုဏ်းချုပ်၏ ကျောပြင်ပေါ်သို့ လက်ဝါးတင်၍ အတွင်းအား ပို့လွှတ်ပေးရင်း တီးတိုး ရေရွတ်လိုက်လေသည်။
“ငါ မင်းကို အစကတည်းက ပြောသားပဲ... ဆုမို ဆိုတာ လွယ်လွယ်ကူကူ ဆက်ဆံလို့ရတဲ့သူ မဟုတ်ဘူးလို့... သူက ဒီကိစ္စထဲ မတော်တဆ ပါလာတာ... အကြောင်းမရှိဘဲ သူ့ကို သွားမတိုက်ခိုက်နဲ့... သူ့ကိစ္စပြီးရင် သူ ထွက်သွားမှာပါ... ငါတို့နဲ့ ဘာမှ မဆိုင်ဘူးလို့...”
“ငါက အမေအိုကြီးလို တတွတ်တွတ် မှာနေတာတောင် မင်းက နားမထောင်ဘူး... ပြောစမ်းပါဦး... ငယ်ငယ်တုန်းက အမေစကား နားမထောင်ခဲ့ဘူး... အခု ကြီးလာပြန်တော့ လူကြီးစကား နားမထောင်ပြန်ဘူး... မင်း ဘာဖြစ်ချင်နေတာလဲ...”
ရုတ်တရက် မြေကမ္ဘာဂိုဏ်းချုပ်သည် သွေးတစ်လုပ် ထပ်မံ အန်ထုတ်လိုက်ပြန်သည်။
လူသားဂိုဏ်းချုပ် လန့်ဖျပ်သွား၏။
“ဒီလို မဖြစ်သင့်ပါဘူး... ငါ့ရဲ့ အတွင်းအားနဲ့ မင်းရဲ့ နှလုံးသွေးကြောမကြီးကို ကာကွယ်ပေးထားတာပဲ... ဘာလို့ ဒဏ်ရာက ပိုဆိုးလာရတာလဲ...”
“ဒဏ်ရာက... ပိုဆိုးလာတာ မဟုတ်ဘူး... မင်းရဲ့ စကားတွေကြောင့် ဒေါသထွက်လွန်းလို့...”
မြေကမ္ဘာဂိုဏ်းချုပ်၏ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်နေလေသည်။
“ဒါပေမဲ့... ဒီဆုမိုက... တကယ် ကြောက်စရာ ကောင်းတယ်ကွာ... ငါ အားကုန်ထုတ်သုံးခဲ့တာတောင် သူ့ကို လျှော့မတွက်ရဲဘူး... ဒါပေမဲ့ ငါ အလွယ်တကူပဲ ရှုံးနိမ့်သွားတယ်... သူ့လက်သီးက တော်တော်လေး နက်ရှိုင်းတယ်... ကိုယ်တွင်းအင်္ဂါတွေကို တိုက်ရိုက် ထိခိုက်စေနိုင်တဲ့ အားတွေ ပါတယ်။ အဲဒီလို ပြင်းထန်တဲ့ လက်သီးကွက်ကို ထုတ်သုံးလိုက်တာတောင် သူက အားအင်တွေ အများကြီး ကျန်နေသေးသလိုပဲ... မင်းပြောတာ မှန်တယ်... ဒီလူကို အလွယ်တကူ ရန်မစသင့်ဘူး...”
“တော်ပါတော့... တော်ပါတော့... ပါးစပ်ပိတ်ထားလိုက်စမ်းပါ... သိသာနေတာတွေကို ထပ်ပြောနေစရာ လိုလို့လား... မင်းကလေ အမြဲတမ်း စကားများတယ်...”
လူသားဂိုဏ်းချုပ်က ဆက်ပြောလိုက်သည်။
“ငါ မင်းကို အတွင်းအား နည်းနည်း ထပ်ပေးလိုက်မယ်... မင်းဒဏ်ရာကို ငါ မကုပေးနိုင်ဘူး... ဒါပေမဲ့ ဆေးကုသဆောင်ကို အရင်ပို့ပေးမယ်... သူတို့ ကယ်နိုင်ရင်လည်း မြန်မြန် ကယ်ပေးကြလိမ့်မယ်... မကယ်နိုင်ရင်လည်း စားချင်တာစား၊ သောက်ချင်တာသောက်ပေါ့ကွာ... ငါ မင်းအတွက် မြေနေရာကောင်းကောင်း ရှာပေးထားပါ့မယ်...”
ပြောရင်းဖြင့် သူသည် အတွင်းအားအချို့ကို ထပ်မံ လွှဲပြောင်းပေးလိုက်သည်။ ထို့နောက် မတ်တတ်ရပ်လိုက်ပြီး မြေကမ္ဘာဂိုဏ်းချုပ်၏ လက်များကို ဆွဲကာ ဆန်အိတ် တစ်အိတ် သယ်သကဲ့သို့ ပခုံးပေါ် ထမ်းတင်လိုက်ပြီး ထွက်ခွာသွားလေတော့သည်။
သနားစရာကောင်းသော မြေကမ္ဘာဂိုဏ်းချုပ်ခမျာ လူမဆန်သော ဆက်ဆံမှုကို ခံနေရသော်လည်း နှုတ်ဆိတ်နေရုံမှတစ်ပါး အခြား မတတ်နိုင်ရှာပေ။
သူသည် အထမ်းခံရရင်း တစ်ခဏအတွင်းမှာပင် ပျောက်ကွယ်သွားလေတော့သည်။
...
...
ကောင်းကင်ဓားဂိုဏ်း အတွင်း၌ ပရမ်းပတာ ဖြစ်ပျက်နေလေသည်။
ကောင်းကင်ဓားဂိုဏ်း တပည့်အဖြစ် ရုပ်ဖျက်ထားသူ တစ်ဦးသည် သိုင်းပညာကို အသုံးပြုပြီး နေရာအနှံ့ မီးရှို့ခဲ့လေသည်။
ကောင်းကင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်ကြီး နန်းကုန်းယွီ သည်လည်း အမည်မသိ အနက်ရောင်ဝတ် လူတစ်ဦး၏ လက်ချက်ဖြင့် ဒဏ်ရာရရှိခဲ့သည်။ ကောင်းကင်ဓားဂိုဏ်းသို့ အလည်ရောက်နေသော ဆုမိုသာ ကယ်တင်မပေးခဲ့ပါက ယခုအချိန်တွင် ဂိုဏ်းချုပ်အသစ် တင်မြှောက်ရန် လိုအပ်နေပြီ ဖြစ်ပေ၏။
လက်ရှိတွင် လူအားလုံးသည် ဂိုဏ်းချုပ်နေအိမ်၏ ဝင်းတံခါးဝတွင် စုဝေးရောက်ရှိနေကြ၏။
ဤကဲ့သို့ ရှုပ်ထွေးမှုများ ဖြစ်ပေါ်နေသဖြင့် ကောင်းကင်ဓားဂိုဏ်းသည် ဆုမိုနှင့် အခြားဧည့်သည်များကို နေရာချထားပေးရန် အချိန်မရတော့ပေ။ အကြီးအကဲများနှင့် အခြားကျွမ်းကျင်သူများသည် အခန်းထဲတွင် နန်းကုန်းယွီကို အသည်းအသန် ပြုစုကုသပေးနေကြရ၏။
ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် မျက်နှာချင်းဆိုင် ထိုင်လျက် ရေနွေးတစ်ခွက်စီဖြင့် အေးအေးလူလူ ရှိနေကြ၏။
လျူမို တစ်ယောက်တည်းသာ သူတို့ဘေးတွင် ဂနာမငြိမ် ဖြစ်နေရှာသည်။ တစ်ခါတစ်ရံ ဟိုဒီ လမ်းလျှောက်နေပြီး မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှုနှင့် ကူကယ်ရာမဲ့မှုများ ပြည့်နှက်နေလေသည်။
ဆုမိုသည် သူ့ဘက်သို့ လှည့်ကြည့်လိုက်ပြီး ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။
“ခေါင်းဆောင်လျူ... ထိုင်ပါဦးဗျာ... အထဲမှာ ကျွမ်းကျင်သူတွေ အများကြီး ရှိနေတာပဲ... ဂိုဏ်းချုပ်နန်းကုန်း ဘာမှ မဖြစ်လောက်ပါဘူး... အဲဒီလောက် စိုးရိမ်မနေပါနဲ့...”
“ဟူး...”
လျူမိုသည် သက်ပြင်းချလိုက်ပြီး သူတို့ဘေးတွင် ဝင်ထိုင်လိုက်သည်။ ရေနွေးခွက်ကို လှန်လိုက်ပြီး ရေနွေးငှဲ့ကာ တစ်မော့တည်း သောက်ချလိုက်လေသည်။ အသက်ပြင်းပြင်း ရှူသွင်းပြီးမှ စကားစလိုက်သည်။
“ဂိုဏ်းချုပ်နန်းကုန်းရဲ့ အတွင်းအားက နက်ရှိုင်းပါတယ်... သဘာဝကျကျပဲ သူ ဘာမှ မဖြစ်လောက်ပါဘူး... ဒါပေမဲ့ သူတို့ ပြန်ထွက်မလာသေးဘူး ဆိုတော့ ဖူဟန်ယွမ်ကို စစ်ဆေးမေးမြန်းလို့ မရသေးဘူး ဆိုတဲ့ သဘောပဲ... ဒီလူက ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေနဲ့ အကြီးအကျယ် ပတ်သက်နေတာ သေချာတယ်... ပြီးတော့ ဒီကိစ္စက ထုန်းယွင် ပျောက်ဆုံးမှုနဲ့လည်း ဆက်စပ်နေလောက်တယ်...”
ထိုစကားကို ကြားသောအခါ ဆုမိုသည် လျူမိုကို ကြည့်လိုက်ပြီး အခွင့်ကောင်းယူကာ မေးခွန်းထုတ်လိုက်သည်။
“ခေါင်းဆောင်လျူ... ခင်ဗျားက ဘာလို့ ဒီ ထုန်းယွင် ကို ဒီလောက်တောင် စိတ်ဝင်စားနေရတာလဲ...”
“ဒါက...”
မမျှော်လင့်သော မေးခွန်းကြောင့် လျူမို သက်ပြင်းချလိုက်မိသည်။
“တကယ်တော့ ဒီကိစ္စက ကျုပ်ရင်ထဲက နက်နဲတဲ့ လျှို့ဝှက်ချက်တစ်ခုပါ... တခြားလူသာ ဆိုရင် ကျုပ် ပြောပြမှာ မဟုတ်ပါဘူး... ဒါပေမဲ့ ခေါင်းဆောင်ဆုက ကျုပ်နဲ့အတူ ကောင်းကင်ဓားဂိုဏ်းအထိ လိုက်လာခဲ့တာ ဆိုတော့... ကျုပ် လျှို့ဝှက်မထားသင့်တော့ပါဘူး...”
“ဒီ ထုန်းယွင် ဆိုတဲ့လူနဲ့ ကျုပ်နဲ့ကြားမှာ... ကြီးမားတဲ့ ရန်ငြိုးတစ်ခု ရှိတယ်လို့ ပြောရမယ်...”
ပြောရင်းဖြင့် သူ မော့ကြည့်လိုက်ရာ မျက်ဝန်းများထဲတွင် ရှုပ်ထွေးသော အရိပ်အယောင်များ ပေါ်လွင်နေလေသည်။
ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် နားထောင်ရင်း မျက်မှောင်ကြုတ်လိုက်မိကြ၏။ ယန်ရှောင်ယွင်က ဝင်မေးလိုက်၏။
“ရှိတယ်လို့ ပြောရမယ် ဟုတ်လား...”
“... အင်း...”
လျူမို အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။
“ခင်ဗျားတို့ နှစ်ယောက်လုံးကို ရှင်းပြလိုက်တာပဲ ကောင်းပါတယ်...”
ဇာတ်လမ်းက လျူမို၏ ဖခင်ဆီကနေ စတင်ခဲ့ခြင်း ဖြစ်၏။
သူ့နာမည်က လျူချန်ယန်။ ထူးကဲသော ပါရမီနှင့် ခွန်အားဗလကို ပိုင်ဆိုင်ထားပြီး ငယ်စဉ်ကတည်းက ဆရာကောင်းတစ်ဆူထံမှ အလွန် အဆင့်မြင့်သော တူသိုင်းပညာကို သင်ယူခဲ့ရ၏။
သူ၏ မွေးရာပါ ခွန်အားနှင့် ပေါင်းစပ်လိုက်သောအခါ တူသိုင်း၏ စွမ်းအားမှာ အံ့မခန်း ဖြစ်လာခဲ့သည်။
လျူချန်ယန် သည် ၁၀ နှစ်ကျော် ကြိုးစားလေ့ကျင့်ခဲ့ပြီးနောက် မိမိ၏ သိုင်းပညာဖြင့် သိုင်းလောကတွင် နာမည်တစ်လုံး ရယူရန် ဆုံးဖြတ်ခဲ့လေသည်။