← Chapters

အခန်း (၁၇၂-၁၇၄)

Vol. 12 Ch. 172-174

အခန်း (၁၇၂-၁၇၄)

Vol. 12 Ch. 172-174

အခန်း (၁၇၂) - နှလုံးသားထဲက အဖုအထစ် (၃)

~မိမိ၏ ဂုဏ်သတင်းကို အလျင်မြန်ဆုံး ထူထောင်ရန်အတွက် အကောင်းဆုံး နည်းလမ်းမှာ သိုင်းလောကမှ ထိပ်သီးပညာရှင်များကို စိန်ခေါ်ခြင်းသာ ဖြစ်လေသည်။

ထို့ကြောင့် ထိုသူသည် သိုင်းလောကထဲသို့ ခြေချသည်နှင့် နာမည်ကြီး သိုင်းသမား ခုနစ်ယောက်၊ ရှစ်ယောက်ကို ဆက်တိုက် စိန်ခေါ်ခဲ့ပြီး တဖြည်းဖြည်းနှင့် “အာဏာရှင် တူသိုင်း” ဟူသော ဘွဲ့ထူးကို ရရှိလာခဲ့သည်။

အကယ်၍ သူသည် ထိုအဆင့်တွင်သာ ရပ်တန့်ခဲ့မည် ဆိုပါက၊ “အာဏာရှင် တူသိုင်း” ဟူသော အမည်ဖြင့် သိုင်းလောကတွင် နေရာ တစ်နေရာ ရရှိနေပြီ ဖြစ်ပေ၏။

ကံဆိုးစွာဖြင့် ဤမျှလောက်နှင့် သူ့ရည်မှန်းချက် ပြည့်မီနိုင်ခြင်း မရှိသေးချေ။

သူ့မျက်လုံးများသည် ပိုမိုမြင့်မားသော ဂုဏ်သတင်းရှိသူများထံသို့ ရောက်ရှိနေလေသည်။ ထိုအထဲတွင် အဆုံးမဲ့ဓား ထုန်းယွင် သည် ထိပ်ဆုံးမှ ပါဝင်နေ၏။

ကောင်းကင်ဓားဂိုဏ်း၏ အထွတ်အထိပ် ပညာရှင်တစ်ဦးဖြစ်သော အဆုံးမဲ့ဓား ထုန်းယွင် သည် ထိုအချိန်က သိုင်းလောကတွင် တောက်ပလာနေသော ကြယ်ပွင့်တစ်ပွင့် ဖြစ်ပေ၏။

အကယ်၍ လျူချန်ယန် သာ သူ့ကို အနိုင်ယူနိုင်ခဲ့မည် ဆိုပါက၊ သူ့အဆင့်အတန်းသည် ယခင်နှင့် နှိုင်းယှဉ်၍ ရနိုင်တော့မည် မဟုတ်ပေ။

ဤတိုက်ပွဲအတွက် လျူချန်ယန် သည် သုံးလကျော် အချိန်ယူပြီး စိတ်ဓာတ်ကို ပြင်ဆင်ခဲ့သည်။ သူ့စိတ်ဝိညာဉ်နှင့် သိုင်းပညာကို အထွတ်အထိပ်သို့ ရောက်အောင် ပြုစုပျိုးထောင်ခဲ့သည်။

စိန်ခေါ်စာ မပို့မီကပင် သူသည် သိုင်းလောကအနှံ့ သတင်းဖြန့်ထားခဲ့ပြီး ဖြစ်၏။

အသစ်ထွက်ပေါ်လာသော အာဏာရှင် တူသိုင်းသမား လျူချန်ယန် နှင့် ကောင်းကင်ဓားဂိုဏ်း၏ ကျော်ကြားလှသော အဆုံးမဲ့ဓား ထုန်းယွင် တို့၏ တိုက်ပွဲ...

ဤတိုက်ပွဲသည် မိုးကြိုးပစ်သကဲ့သို့ အရပ်လေးမျက်နှာမှ လူအများ၏ အာရုံစိုက်မှုကို ရရှိခဲ့ပြီး၊ လူများစွာသည် မိုင်ထောင်ချီ ခရီးနှင်ကာ လာရောက် ကြည့်ရှုခဲ့ကြလေသည်။

ချိန်းဆိုထားသော နေ့ရက် ရောက်သောအခါ ကောင်းကင်တံခါးတောင် ပေါ်တွင် နှစ်ဦးသား စတင် ယှဉ်ပြိုင်ကြတော့သည်။

တိုက်ပွဲသည် အလွန်ပင် ကြည့်ကောင်းလှပေ၏။ အာဏာရှင် တူသိုင်း၏ အားအင်ပြင်းထန်မှုနှင့် အဆုံးမဲ့ဓား၏ သေသပ်လှပမှုတို့ ပေါင်းစပ်သွားသောအခါ အံ့မခန်း မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာတော့သည်။

သူတို့နှစ်ဦးသည် တောင်တံခါးဝမှနေ၍ တောင်ခြေအထိ မိုင်သုံးဆယ်ခန့် တိုက်ခိုက်ခဲ့ကြပြီး အကွက်ပေါင်း တစ်ထောင်ကျော် ဖလှယ်ခဲ့ကြလေသည်။

ပြင်းထန်သော လေတိုးသံများနှင့် ဓားချီများသည် ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေခဲ့သည်။

နောက်ဆုံးတွင် လျူချန်ယန် သည် သိုင်းကွက်တစ်ဝက်ဖြင့် ရှုံးနိမ့်သွားခဲ့ပြီး၊ အဆုံးမဲ့ဓား ထုန်းယွင် ၏ လက်ချက်ဖြင့် တူနှစ်ချောင်း လွတ်ကျသွားခဲ့ရလေသည်။

သို့သော် ထုန်းယွင် သည် ဆရာသခင်ကောင်း ပီသစွာပင် ပြိုင်ဘက်ကို ဒဏ်ရာမရစေဘဲ အနိုင်ယူခဲ့သည်။

တိုက်ပွဲပြီးဆုံးသည်နှင့် သူသည် လှည့်ထွက်သွားပြီး ကောင်းကင်ဓားဂိုဏ်းသို့ ပြန်သွားခဲ့လေသည်။

လျူချန်ယန် တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့ပြီး ဘေးပတ်ဝန်းကျင်မှ သိုင်းလောကသားများ၏ ဝေဖန်သံများကို ခံစားနေရရှာသည်။

အကယ်၍ စိတ်ထား နူးညံ့သူ မဟုတ်ပါက ဤကိစ္စသည် ကြီးကျယ်သော ကိစ္စတစ်ခု ဖြစ်လာမည် မဟုတ်ပေ။

ဘာပဲဖြစ်ဖြစ် ဒီတိုက်ပွဲမှာ နှစ်ယောက်စလုံး သူတို့၏ စွမ်းရည်တွေကို အလုံးစုံ ထုတ်ပြခဲ့ကြပြီး၊ သိုင်းပညာရှင် အများစုက သူတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူးဟု ဝန်ခံခဲ့ကြ၏။

လျူချန်ယန်အနေဖြင့် ဤပွဲတွင် မတိမ်းမယိမ်းလေးသာ ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်ရာ ဂုဏ်ယူဖွယ်ရာ ရှုံးနိမ့်မှုတစ်ခုဟုပင် ဆိုနိုင်ပါ၏။

သို့သော်... သိုင်းလောကသို့ ခြေချလာကတည်းက လျူချန်ယန် တစ်ယောက် ဤမျှ ကြီးမားသည့် စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်မျိုးကို မည်သည့် အခါကမျှ မကြုံဖူးခဲ့လေ။

သူ၏ သိုင်းပညာ အဆင့်အတန်းဖြင့်ဆိုလျှင် အနောက်တောင်ဘက် ဒေသ၏ နံပါတ်တစ် နေရာကို မရယူနိုင်လျှင်တောင်မှ ထိပ်တန်း အဆင့်တစ်ခုကိုမူ သေချာပေါက် ပိုင်ဆိုင်နိုင်မည်ဟု ယုံကြည်ထားခဲ့မိ၏။

သို့သော် ဤကဲ့သို့ သီသီလေး.. ကပ်၍ ရှုံးနိမ့်ရမည့် အဖြစ်မျိုးကိုမူ သူ လုံးဝ ထင်မှတ်မထားခဲ့မိပါချေ။

ရှုံးနိမ့်မှုဒဏ်ကို မခံနိုင်တော့ဘဲ သူသည် တူနှစ်ချောင်းကို စွန့်ပစ်ကာ ထွက်ခွာသွားခဲ့သည်။ နောက်ပိုင်းတွင် သိုင်းလောကမှ အနားယူပြီး အိမ်ထောင်ပြုကာ သားသမီး ထွန်းကားခဲ့လေသည်။

ဤတိုက်ပွဲပြီးနောက် သူ ပြန်စဉ်းစားမိတိုင်း ရင်ထဲတွင် လေးလံသော ခံစားချက်ကြီး ဖြစ်ပေါ်လာတတ်သည်။

လျူမို မွေးပြီး နှစ်အနည်းငယ် အကြာတွင် အဆင်ပြေသလို ရှိခဲ့သော်လည်း၊ လျူမို လမ်းလျှောက်တတ်၊ စကားပြောတတ်လာသော အရွယ်ရောက်သောအခါ လျူချန်ယန် ၏ တောင်းဆိုမှုများ ပိုမို ပြင်းထန်လာခဲ့လေသည်။

သူသည် လျူမိုအား အာဏာရှင် တူသိုင်းကို လက်ဆင့်ကမ်း သင်ပေးချင်ခဲ့သည်။

သူ့နည်းလမ်းများက ကြမ်းတမ်းလွန်းသဖြင့် မိန်းမဖြစ်သူပင် ကြည့်မနေနိုင်တော့ချေ။ သူမ အကြိမ်ကြိမ် တောင်းပန်သော်လည်း သူ လက်မခံခဲ့ပေ။ နောက်ဆုံးတွင် သူမသည် သည်းမခံနိုင်တော့ဘဲ ငယ်ရွယ်သော လျူမိုကို ခေါ်ပြီး ထွက်ပြေးရန် ကြိုးစားခဲ့လေသည်။

သို့သော် လျူချန်ယန် ၏ သိုင်းပညာစွမ်းရည်ကြောင့် သူမ ထွက်ပြေး၍ မလွတ်ခဲ့ပေ။ နောက်ဆုံးတွင် ကလေးကို ထားခဲ့ပြီး သူမ တစ်ယောက်တည်း အိမ်မှ နှင်ထုတ်ခံလိုက်ရလေသည်။

ထိုအချိန်မှစ၍ သားအဖနှစ်ယောက်တည်းသာ ကျန်ရစ်ခဲ့တော့သည်။

လျူချန်ယန် ၏ တောင်းဆိုမှုများ ပိုမို ပြင်းထန်လာပြီး ငယ်ရွယ်သော လျူမိုခမျာ မတွေးဝံ့စရာ ဒုက္ခများကို ခံစားခဲ့ရလေသည်။

သို့သော် ထိုဒုက္ခများကပင် သူ့ကို ငယ်ငယ်ရွယ်ရွယ်နှင့် အာဏာရှင် တူသိုင်းကို ကျွမ်းကျင်ပိုင်နိုင်စေခဲ့သည်။

နောက်ပိုင်းတွင် လျူချန်ယန် သည် လျူမိုကို ခေါ်ပြီး သိုင်းလောကအနှံ့ လှည့်လည်ကာ ရှားပါးပစ္စည်းများ ရှာဖွေခြင်း၊ လက်နက်လုပ်သူများကို ရှာဖွေခြင်းများ ပြုလုပ်ပြီး နောက်ဆုံးတွင် ခရမ်းရောင် ရွှေရောင် တူကြီးနှစ်လက်ကို ထုလုပ်ပေးခဲ့လေသည်။

နှစ်များ ကုန်ဆုံးလာသည်နှင့်အမျှ လျူချန်ယန် ၏ ကျန်းမာရေးသည် တစ်နေ့တခြား ယိုယွင်းလာခဲ့သည်။ အဓိက အကြောင်းရင်းမှာ တိုက်ပွဲမှ ရရှိခဲ့သော စိတ်ဒဏ်ရာကြောင့် ဖြစ်ပြီး တစ်ခါတစ်ရံ သွေးများပင် အန်တတ်လေသည်။

နှစ်အနည်းငယ် အကြာတွင် သူ ကွယ်လွန်သွားခဲ့သည်။

သို့သော် မသေဆုံးမီ လျူမိုကို ခေါ်ပြီး မှာကြားခဲ့လေသည်။

“ကောင်းကင်ဓားဂိုဏ်းက အဆုံးမဲ့ဓား ထုန်းယွင် ဟာ မင်းအဖေရဲ့ တစ်သက်တာ ရန်သူပဲ... မင်းအဖေ သေရတာ သူ့ကြောင့်... မင်း သိုင်းပညာ ပြည့်ဝလာတဲ့အခါ ဒီသွေးကြွေးကို မမေ့နဲ့... ကောင်းကင်ဓားဂိုဏ်းကို သွားပြီး အဆုံးမဲ့ဓားကို စိန်ခေါ်ရမယ်... သူ့ကို သတ်ပြီး မင်းအဖေအတွက် လက်စားချေရမယ်... အာဏာရှင် တူသိုင်းရဲ့ ဂုဏ်ရောင်ကို ပြန်လည် ထွန်းလင်းစေရမယ်...”

ထိုစကားများ မှာကြားပြီးနောက် သူ ကွယ်လွန်သွားခဲ့လေသည်။

အစပိုင်းတွင် လျူမို သည် ဖခင်၏ စကားကို မြေဝယ်မကျ နားထောင်ခဲ့သော်လည်း၊ ဖခင်ကွယ်လွန်ပြီးနောက် သိုင်းလောကထဲ လှည့်လည်သွားလာရင်း သိုင်းလောက စည်းကမ်းများနှင့် ဓလေ့ထုံးစံများကို ပိုမို နားလည်လာခဲ့သည်။

နားလည်လေလေ... သံသယများ ဝင်လာလေလေ ဖြစ်တော့သည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက လျူချန်ယန် သည် အဆုံးမဲ့ဓား ထုန်းယွင် ကို စိန်ခေါ်ခဲ့ခြင်းမှာ ထုန်းယွင် အတွက်မူ မတရားသော ကပ်ဘေး တစ်ခုသာ ဖြစ်ခဲ့သည်။

အိမ်မှာ အေးအေးဆေးဆေး နေရင်း ရုတ်တရက် စိန်ခေါ်ခံလိုက်ရပြီး ငြင်းဆန်ခွင့်လည်း မရှိခဲ့ပေ။

ငြင်းဆန်လိုက်ပါက သူရဲဘောကြောင်သူဟု သတ်မှတ်ခံရမည် ဖြစ်ပြီး ဂုဏ်သတင်း ကျဆင်းကာ ဝေဖန်ခံရမည် ဖြစ်၏။

လက်ခံပြီး အနိုင်ရလျှင် တော်သေးသည်။ အကယ်၍ ရှုံးနိမ့်သွားပါက တစ်သက်လုံး ကြိုးစားခဲ့သမျှ သဲထဲရေသွန် ဖြစ်သွားပြီး သူတစ်ပါး အောင်မြင်မှုအတွက် လမ်းခင်းပေးသလို ဖြစ်သွားမည် မဟုတ်ပါလော။

အဆုံးမဲ့ဓား ထုန်းယွင် သည် နောက်ဆုံးတွင် အနိုင်ရရှိခဲ့သော်လည်း လျူချန်ယန် ကို အနည်းငယ်မျှ ထိခိုက်အောင် မလုပ်ခဲ့ပေ။

သို့သော်... ဖခင်ဖြစ်သူ မကွယ်လွန်မီ မှာကြားခဲ့သည့် စကားသံများကမူ သူ့ခေါင်းထဲတွင် အမြဲတမ်း ပဲ့တင်ထပ်နေလေသည်။

သန်းခေါင်ယံ အိပ်မက်များထဲတွင် ဖခင်ကြီးက သူ့ထံသို့ ရောက်လာကာ မှာကြားနေသည်ကို မြင်ယောင်နေမိ၏။ ထိုအမုန်းတရားများမှာ အလွန်တရာ ကြီးမားလွန်းလှသဖြင့် လက်ဖြင့် စမ်းသပ်ထိတွေ့၍ ရနိုင်လောက်သည် အထိပင် ဖြစ်နေပါတော့သည်။

ဤအရာက လျူမိုကို အကျပ်ရိုက်သွားစေခဲ့လေ၏။

ထုန်းယွင်ကို အနိုင်ယူနိုင်မလား ဆိုသည်ကို ခဏထားဦး... အနိုင်ယူနိုင်လျှင်တောင်မှ တစ်စုံတစ်ခု လွဲချော်နေသကဲ့သို့ ခံစားနေရပါ၏။

သေချာ ပြန်လည် ဆန်းစစ်ကြည့်လျှင် ထုန်းယွင်သည် မည်သည့်အမှားကို ကျူးလွန်ခဲ့ပါသနည်း။

သို့သော် တာဝန်ကို မကျေပွန်လျှင် ဖခင်၏ အမိန့်ကို ဖီဆန်ရာ ရောက်မနေပေဘူးလား။ နောင်ဘဝ ရောက်သောအခါ ဖခင်၏ မျက်နှာကို မည်သို့ ရင်ဆိုင်ရဲပါတော့မည်နည်း။

ဤ စိတ်တွင်းပဋိပက္ခ မီးတောက်က သူ့နှလုံးသားကို လိမ်ချိုးနေသကဲ့သို့ ခံစားရစေလေသည်။ နှစ်ပေါင်း (၂၀)၊ (၃၀) ခန့် ဤကိစ္စက သူ့ကို နှိပ်စက်နေခဲ့၏။

ထို့ကြောင့် သူသည် အထီးကျန် ဆွေးမြေ့စွာဖြင့် နေထိုင်ခဲ့ရလေသည်။ တစ်ခါတစ်ရံတွင် စိတ်ကို တင်းထားပြီး အမှားအမှန်ကို ဂရုမစိုက်တော့ဘဲ ထုန်းယွင်ကို သတ်ပစ်ချင်စိတ် ပေါက်လာတတ်၏။ ဤကဲ့သို့ ခံစားနေရသည်ထက်စာလျှင် ထုန်းယွင်၏ လက်ချက်ဖြင့် သေဆုံးသွားရခြင်းက ပို၍ ကောင်းမွန်လိမ့်မည်ဟုပင် တွေးတောမိပါတော့သည်။

သို့သော် 'ခရမ်းရောင် ရွှေတူကြီး' ကို ကိုင်လိုက်တိုင်း သူ ဆုံးဖြတ်ချက် မချနိုင်ခဲ့ပါချေ။

လွန်ခဲ့သော (၁၀) နှစ်အတွင်း သူသည် ဝမ်ရှင်း ကုန်သွယ်ရေး အဖွဲ့အစည်းတွင် ဝင်ရောက် လုပ်ကိုင်ပြီး 'လမ်းငါးသွယ်ဆုံရပ်' သို့ ရံဖန်ရံခါ သွားရောက်ခဲ့လေသည်။

ထိုသို့ သွားရောက်ခြင်းမှာ သူ့ကိုယ်သူ ဆုံးဖြတ်ချက် ချနိုင်ရန် တွန်းအားပေးနေခြင်းသာ ဖြစ်ပါတော့သည်။

ရှင်းနေသည်ပဲ... သူ့အဖေ၏ စိတ်ဒဏ်ရာက ကုစားလို့ မရနိုင်တော့ဘဲ နောက်ဆုံးမှာ သေဆုံးသွားရသည်လေ။ ဘယ်သူ့ကို သွားအပြစ်တင်၍ ရမည်လဲ။

ဇာတ်ကြောင်းစုံကို ပြန်ပြောပြပြီးနောက် အကြောင်းအကျိုး အားလုံး ရှင်းလင်းသွားသောအခါ ဆုမိုနှင့် ယန်ရှောင်ယွင်တို့မှာ ဘာပြောရမှန်းမသိ ငြိမ်သက်သွားကြတော့သည်။

‘ကြည့်ရတာ လျူမိုရဲ့ ကွယ်လွန်သူ ဖခင်ကြီးက သူ့သားအတွက် တော်တော်လေး ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးကြီး ထားရစ်ခဲ့တာပဲ။’

အခန်း (၁၇၃) - နာကျင်မှု…

~အချို့ကိစ္စများသည် သူတစ်ပါးအကြောင်း နားထောင်နေရသည့် အခါတွင် ပုံပြင် တစ်ပုဒ်သဖွယ်သာ ဖြစ်သော်လည်း၊ ကိုယ်တိုင် ကိုယ်ကျ ကြုံတွေ့ရသည့် အခါတွင်မူ မည်မျှ ခက်ခဲနက်နဲကြောင်း သိရှိလာရပေ၏။

လျူမို၏ အကျပ်အတည်းမှာ မိမိ၏ သိစိတ်နှင့် မိဘအပေါ် ထားရှိသော တာဝန်ဝတ္တရားတို့ကြား ပဋိပက္ခပင် ဖြစ်လေသည်။

ဆုမိုက နှုတ်ခမ်းကို သပ်လိုက်ပြီး မေးလိုက်သည်။

"ဒါဆို ခင်ဗျား အခု ဘာဆက်လုပ်ဖို့ စိတ်ကူးရှိလဲဗျ..."

"ဘယ်လိုပဲဖြစ်ဖြစ် ထုန်းယွင် ကို ရှာရမယ်..."

လျူမိုက ပြတ်သားစွာ ပြောလိုက်သည်။

"သေသေရှင်ရှင် အဆုံးသတ်တစ်ခုတော့ ရှိသင့်တယ် မဟုတ်လား..."

"ဟုတ်ပါတယ်..."

ဆုမို နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။

ထိုအခါမှ လျူမိုသည် မချိပြုံး ပြုံးလိုက်ပြန်၏။

"အဲဒီညက ကျုပ် တကယ်ပဲ စိတ်လွတ်သွားပြီး သေချာ မစဉ်းစားမိဘဲ လုပ်လိုက်မိတာပါ... ခေါင်းဆောင်ဆုကို ကြိုပြောခဲ့သင့်တာ... ဒါဆို ခင်ဗျား ကျုပ်အတွက်နဲ့ ဒီအထိ လိုက်လာစရာ မလိုတော့ဘူးပေါ့..."

"ရပါတယ်ဗျာ..."

ဆုမိုက နှစ်သိမ့်လိုက်သည်။

"ရောက်မှ ရောက်လာပြီးပြီပဲ... ထားလိုက်ပါတော့... အစောင့်တပ်ဖွဲ့ကို ပြန်ရောက်ရင် ကျုပ် ဘယ်လို ပြောလိုက်ရမလဲ..."

လျူမို ခဏမျှ စဉ်းစားပြီး ပြောလိုက်သည်။

"ခေါင်းဆောင်လျူ က အရေးကြီးကိစ္စ ရှိလို့ ခဏလောက် အတူတူ ပြန်မလိုက်နိုင်သေးဘူးလို့ ပြောပေးပါ... ဒီကိစ္စကို တာဝန်ခံချန် ကို ကျုပ် သေချာ ရှင်းပြပါ့မယ်... တောင်တွေက မြင့်မားပြီး မြစ်တွေက ရှည်လျားတယ်... တစ်နေ့ကျရင် ကျုပ်တို့ ပြန်ဆုံကြဦးမှာပါ... ခဏနေရင် စာတစ်စောင် ရေးပေးလိုက်မယ်... လော့ရှားမြို့ ရောက်ရင် တာဝန်ခံချန် လက်ထဲ ထည့်ပေးဖို့ အကူအညီ တောင်းချင်ပါတယ်..."

"ကောင်းပါပြီ..."

ဆုမို ခေါင်းညိတ်လိုက်သည်။ သူ လိုချင်သော ရှင်းပြချက်ကို ရရှိသွားပြီ ဖြစ်၏။

လျူမို စာရေးရန်အတွက် စာရေးကိရိယာများ ရှာဖွေနေစဉ် အခန်းတံခါး ပွင့်သွားလေသည်။

မိုဝမ်ဓား ဖုန်းဇီဟန် ဦးဆောင်သော ကောင်းကင်ဓားဂိုဏ်း တပည့်တစ်သိုက် ထွက်လာကြခြင်းပင်။

အခြားသူများသည် ဆုမိုနှင့် အဖွဲ့သားများကို နှုတ်ဆက်ပြီးနောက် ကပျာကယာ ထွက်ခွာသွားကြ၏။ အခြား လုပ်စရာ ကိစ္စများ ရှိနေပုံရ၏။

ဖုန်းဇီဟန် တစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။ သူ၏ အမူအရာသည် အေးစက်တင်းမာနေပြီး မျက်လုံးများသည် ဓားသွားပမာ ထက်မြက်နေ၏။ သူက လက်သီးဆုပ်ကာ အရိုအသေ ပြုလိုက်လေသည်။

"ဒီနေ့ ကူညီပေးခဲ့တဲ့ ကျေးဇူးအတွက် အများကြီး တင်ရှိပါတယ်..."

"ခေါင်းဆောင်ဆုရဲ့ ကျေးဇူးတရားကို ကျွန်တော်တို့ နှလုံးသားထဲမှာ အမြဲတမ်း မှတ်သားထားပါ့မယ်... ကောင်းကင်ဓားဂိုဏ်းက ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး..."

ယခုအချိန်အထိ ဆုမိုသည် ကောင်းကင်ဓားဂိုဏ်းသားများ၏ ပုံစံကို အသားမကျသေးပေ။

စကားမပြောခင် မျက်နှာထားနှင့် အငွေ့အသက်ကို ကြည့်ရုံဖြင့် မိမိကို တိုက်ခိုက်တော့မည့်အလား ထင်ရ၏။

ပြီးတော့ "နှလုံးသားထဲမှာ အမြဲတမ်း မှတ်သားထားပါ့မယ်... ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး..." ဆိုသော စကားကို ပြောရာတွင်လည်း လက်စားချေတော့မည့် လေသံဖြင့် ပြောနေသည်မှာ အလွန် ထူးဆန်းလှပေ၏။

စိတ်ထဲတွင် ဝေဖန်နေမိသော်လည်း အပြင်တွင်မူ ပြုံး၍ မေးလိုက်သည်။

"ရပါတယ်ဗျာ... ဂိုဏ်းချုပ်နန်းကုန်း ရော အခြေအနေ ဘယ်လိုလဲ..."

"ကောင်းပါတယ်..."

ဖုန်းဇီဟန် ခေါင်းညိတ်လိုက်သည်။

"သေလုနီးပါး ဖြစ်သွားတာပါ..."

'သေလုနီးပါး ဖြစ်သွားတာကို ခေါင်းညိတ်ပြနေသေးတယ်...'

"ဒါဆို... အခုရော..."

ဆုမို ထပ်မေးလိုက်သည်။

"အခုတော့ အဆင်ပြေသွားပါပြီ... အနားယူနေပါတယ်..."

ဖုန်းဇီဟန် ဆက်ပြောသည်။

"ဂိုဏ်းချုပ်ကြီးက ဓားစိတ်ဆန္ဒကို ငါးနှစ်တိုင်တိုင် စုစည်းပြီး ဓားအိမ်ထဲမှာ ချိပ်ပိတ်ထားခဲ့တာပါ... သူ့ရဲ့ စိတ်ဝိညာဉ်ပါ အဲဒီအထဲမှာ ပါဝင်နေတာ... တကယ်လို့သာ ဓားဆွဲထုတ်လိုက်ရင် ကောင်းကင်ကို တုန်လှုပ်သွားစေမယ့် အစွမ်းမျိုး ရှိတယ်... ဒါပေမဲ့ ကျွန်တော့်ကို ကယ်တင်ဖို့အတွက် အလကား ဖြုန်းတီးပစ်လိုက်ရတယ်... လူယုတ်မာတွေက အဲဒီ အခွင့်အရေးကို ယူပြီး ဂိုဏ်းချုပ်ကြီးကို တိုက်ခိုက်လိုက်တာ... တကယ့်ကို ယုတ်မာကောက်ကျစ်တဲ့ နည်းလမ်းပါပဲ..."

ဆုမို ခေါင်းညိတ်လိုက်သည်။

"ကြည့်ရတာ ဒီ ဖူဟန်ယွမ် က အဲဒီအဖွဲ့ထဲက တစ်ယောက် ဖြစ်မယ်... သူ့ရည်ရွယ်ချက်က ဂိုဏ်းချုပ်နန်းကုန်း ကို ဓားဆွဲထုတ်အောင် ဖိအားပေးဖို့ ဖြစ်လောက်တယ်..."

ဖုန်းဇီဟန်၏ မျက်လုံးများတွင် ဓားစိတ်ဆန္ဒများ တောက်လောင်လာပြီး ခေါင်းညိတ်လိုက်သည်။

"ကျွန်တော် လူလွှတ်ပြီး အဲဒီလူကို ခေါ်လာခိုင်းထားပြီ... မျက်နှာချင်းဆိုင် မေးမြန်းရမယ်... ခေါင်းဆောင်ဆု က သိုင်းလောကမှာ နာမည်ကြီးတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သလို ဒီနေ့လည်း ရှိနေတာဆိုတော့ သက်သေအဖြစ် ပါဝင်ပေးနိုင်မလား..."

စကားက ဒီအထိ ရောက်လာမှတော့ ဆုမို ငြင်းစရာ အကြောင်းမရှိတော့ပေ။

မကြာမီမှာပင် ဖူဟန်ယွမ်ကို ခေါ်ဆောင်လာကြ၏။

လမ်းလျှောက်လာရင်း သူသည် မရပ်မနား ဆဲဆိုကြိမ်းမောင်းနေလေသည်။

"ကောင်းကင်ဓားဂိုဏ်း ဆိုပြီး နာမည်ကြီးနေတာ... တကယ်တမ်းကျတော့ ယုတ်မာလိုက်ကြတာ..."

"ငါ တစ်ယောက်တည်း လာပြီး စိန်ခေါ်တာကို လူအုပ်နဲ့ ဝိုင်းဖိနှိပ်တယ်ပေါ့..."

"သတ္တိရှိရင် ငါ့ကို အကြော ပိတ်တာ ဖြေပေးပြီး တရားသဖြင့် တိုက်ခိုက်ကြလေ... ကြည့်ရတာ ကောင်းကင်ဓားဂိုဏ်းမှာ ယောက်ျားရင့်မာကြီး တစ်ယောက်မှ မရှိဘူး ထင်ပါရဲ့... အကုန်လုံးက သူရဲဘောကြောင်တဲ့ ကောင်တွေချည်းပဲ..."

"ဒါပေမဲ့ မင်းတို့ကို အပြစ်မတင်ပါဘူး... ကြောက်မယ်ဆိုလည်း ကြောက်စရာပဲလေ... ကောင်းကင်ဓားဂိုဏ်းရဲ့ သိုင်းပညာတွေက လှည့်စားဖို့ အတွက်လောက်ပဲ အသုံးဝင်တဲ့ အသေးအဖွဲ ပညာတွေပဲဟာ..."

"ကောင်းကင်ဓားဂိုဏ်းသား အားလုံး သူရဲဘောကြောင်သူတွေပါလို့ ဝန်ခံလိုက်စမ်းပါ... ဒါဆိုရင် ငါ မင်းတို့ကို အကုန်မသတ်ဘဲ ချမ်းသာပေးကောင်း ပေးနိုင်ပါလိမ့်မယ်... အား..."

နောက်ဆုံးအော်သံမှာ ကောင်းကင်ဓားဂိုဏ်း တပည့်တစ်ဦးက သူ့ကို ကြမ်းပြင်ပေါ်သို့ ကြမ်းတမ်းစွာ ပစ်ချလိုက်သဖြင့် ခေါင်းနှင့် ကြမ်းပြင် ဆောင့်မိသွားသောကြောင့် ထွက်ပေါ်လာခြင်း ဖြစ်၏။

သူသည် နာကျင်စွာဖြင့် မျက်နှာမဲ့သွားသော်လည်း ပြန်ထလာပြီး ဒေါသတကြီး ဆက်ပြောလေသည်။

"ဟုတ်တာပေါ့... ကောင်းကင်ဓားဂိုဏ်းက လူတွေက သွေးကြောကွက် ပိတ်ထားပြီး ပြန်မခုခံနိုင်တဲ့ လူတစ်ယောက်ကိုပဲ အနိုင်ကျင့်ရဲကြတာလေ... ဂုဏ်ယူနေကြတယ်ပေါ့လေ..."

"မြောက်ဘက်ဒေသက လူတွေက ပြတ်သားတယ်၊ ရဲရင့်တယ်လို့ ပြောကြတယ်... ဒါပေမဲ့ လက်တွေ့မှာတော့ စကားလုံးတွေက လုပ်ရပ်ထက် ပိုကျယ်လောင်နေပါလား..."

ယန်ရှောင်ယွင်က ဆုမိုကို ကြည့်ပြီး မှတ်ချက်ချလိုက်သည်။

"ဒီလူက ကြာဖက်လို လျှာမျိုးနဲ့ တကယ့်ကို စကားပြောကောင်းတဲ့ သူပဲနော်..."

ဆုမို အသာအယာ ပြုံးလိုက်သည်။

"သူ မြောက်ဘက်ဒေသမှာ စိန်ခေါ်တုန်းက ပြိုင်ဘက်မရှိဘူး ဆိုတာ... ဒီလို လျှာစွမ်းနဲ့ အနိုင်ယူခဲ့တာများလား..."

ဖူဟန်ယွမ် သည် ထိုစကားကို ကြားသောအခါ ဆုမိုနှင့် ယန်ရှောင်ယွင် ရှိရာသို့ လှမ်းကြည့်လိုက်သည်။

တုန်ခါမှုတစ်ခု သူ့ခန္ဓာကိုယ်ကို ဖြတ်သန်းသွား၏။

ဆုမို၏ ကန်ချက်ကို သူ ကောင်းကောင်းကြီး မှတ်မိနေသေးသည်။ ဟုတ်တာပေါ့... သူ့နှာခေါင်း ကျိုးသွားတာ သူများအပြစ် မဟုတ်။

အခုမှ ဖြစ်ပျက်ခဲ့တာဆိုတော့ မေ့ဖို့ စောလွန်းသေးသည်။

သို့သော်၊ ထိုကန်ချက်က တကယ်ကို မေ့လို့မရနိုင်ချေ။ သိုင်းလောကအနှံ့ လှည့်လည်လာခဲ့သော်လည်း၊ ဒီလောက် ပြင်းထန်သော ကန်ချက်မျိုး တစ်ခါမှ မကြုံဖူးခဲ့ပေ။

"မင်းက တကယ်တော့ ဘယ်သူလဲ..."

သူက ဆုမိုကို စူးစိုက်ကြည့်ကာ မေးလိုက်သည်။

"ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ သိုင်းပညာ ဒီလောက် ကောင်းနေတာ... သာမန်လူတော့ မဖြစ်နိုင်ဘူး... နာမည်လေးဘာလေး ပြောပြရဲလား..."

"ဘာလို့ မပြောရဲရမှာလဲ..."

ဆုမိုက ပြုံးလိုက်သည်။

"သွားလေရာ နာမည်ကျန်ရစ်စေရမယ်... လော့ရှားမြို့ ဇီယန် အာမခံဌာနက... ဆုမို..."

"ဆု..."

ဖူဟန်ယွမ်၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွား၏။

"ရွှမ်ကျိီတောင်ကြားက ယူချွမ်ဂိုဏ်းကို ဖျက်ဆီးပစ်လိုက်တဲ့... ဆုမို လား..."

"အဟင်း..ရှင်က သတင်းတော်တော် စုံတာပဲ..."

ယန်ရှောင်ယွင်က ရယ်လိုက်သည်။

"..."

ဖူဟန်ယွမ်၏ နှုတ်ခမ်းများ လှုပ်ရွသွားရ၏။

"ဒီသတင်းက အနောက်တောင်ဘက် ဒေသတစ်ခုလုံး ပျံ့နှံ့နေရုံတင်မကဘူး... မြောက်ဘက်ဒေသအထိ ရောက်နေပြီ... ငါက နားမကြား၊ မျက်စိမမြင် ဖြစ်နေရင်တောင် ဒီသတင်းကို မကြားဘဲ နေမှာ မဟုတ်ဘူး... စောစောကသာ သိခဲ့ရင်... စောစောကသာ သိခဲ့ရင်…”

အခန်း (၁၇၄) -နာကျင်မှု... (၂)

~သူ့စကားထဲတွင် နောင်တရသော အရိပ်အယောင်များသာ လွှမ်းမိုးနေလေသည်။

"စောစောကသာ သိခဲ့ရင်... ပြတင်းပေါက် ပြောင်းခုန်လိုက်မှာပါ..."

"စကားတွေ ရှည်မနေနဲ့..."

လျူမိုက ဖူဟန်ယွမ်အား…

ငေါက်ငမ်းကာ ဖုန်းဇီဟန်ကို တစ်ချက် ကြည့်လိုက်သည်။

"မေးလေ..."

ဖုန်းဇီဟန် ခေါင်းညိတ်လိုက်ပြီး မျက်လုံးများက ဖူဟန်ယွမ်ထံသို့ စူးစူးရှရှ ရောက်ရှိသွား၏။

"ငါ့ရဲ့ အားနည်းချက်ကို မင်း ဘယ်လို သိနေတာလဲ..."

"မင်းဆရာ လာပြောပြတာလေ..."

"..."

ဖုန်းဇီဟန် အနည်းငယ် ရှုပ်ထွေးသွားပုံ ရ၏။

"ငါ့ဆရာ ကွယ်လွန်သွားတာ နှစ်ပေါင်းများစွာ ကြာပြီ..."

"အိပ်မက်ထဲ လာပြောပြတာ... မင်းလို မိဘဆရာသမားကို မရိုသေတဲ့ တပည့်ဆိုးကို ဆုံးမဖို့တဲ့..."

ပြောပြီးသည်နှင့် သူက ခပ်ဟဟ ရယ်မောလိုက်လေသည်။

ဖုန်းဇီဟန်သည် ထိုနေရာတွင်ပင် ကြောင်အမ်းအမ်း ဖြစ်သွားပြီးမှ သူ အလိမ်ခံလိုက်ရမှန်း သဘောပေါက်သွားတော့သည်။ သူသည် ခေါင်းကို အသာအယာ ခါယမ်းလိုက်ပြီး ဓားကို ဆွဲထုတ်လိုက်လေသည်။

"မင်းဆီက ဘာမှ မရနိုင်မှတော့... မင်းအချိန်ကုန်ပြီ..."

ပြောပြီးသည်နှင့် ဖုန်းဇီဟန်က သတ်ဖြတ်ရန် လှုပ်ရှားလိုက်တော့သည်။

ထိုအခိုက်အတန့်တွင် ဖူဟန်ယွမ် သာမက ဆုမိုနှင့် သူ့အဖော်နှစ်ယောက်ပါ မျက်လုံးပြူး ပါးစပ်အဟောင်းသား ဖြစ်သွားကြရ၏။

'ဘယ်လိုလုပ် ဘာမှ မရနိုင်တာ ဖြစ်သွားတာလဲ...'

'ခင်ဗျား မေးခွန်း တစ်ခွန်းပဲ မေးရသေးတာလေ အစ်ကိုကြီးရဲ့...'

ဓားသွားသည် လည်ပင်းကို ဖြတ်တောက်ရန် ကျရောက်လာစဉ် ချွင် ခနဲ အသံ မြည်သွားလေသည်။ ဓားသည် ခရမ်းရောင် ရွှေရောင် တူကြီးနှင့် ရိုက်မိသွားခြင်း ဖြစ်၏။

ဖုန်းဇီဟန်သည် လျူမိုကို အံ့သြစွာ ကြည့်လိုက်သည်။

"ဘာသဘောလဲ..."

"နောက်တစ်ခါလောက် ထပ်မေးကြည့်ပါလား..."

ဟု လျူမိုက အကြံပြုလိုက်လေသည်။

"ကောင်းပြီလေ..."

ဖုန်းဇီဟန်က ချက်ချင်း သဘောတူလိုက်၏။

"ဒါပေမဲ့ ကျွန်တော်က စစ်ဆေးမေးမြန်းတာ မကျွမ်းကျင်ဘူး..."

"ကောင်းကင်ဓားဂိုဏ်းမှာ ကျွမ်းကျင်တဲ့သူ မရှိဘူးလား..."

"မရှိဘူး..."

"..."

ဒါကို မြင်တော့ ဆုမို ရုတ်တရက် သံသယ ဝင်လာမိသည်။

လျူမိုကို ညှဉ်းပန်းနှိပ်စက်ခြင်း မပြုခဲ့သည့် အကြောင်းရင်းမှာ ဤအချက်ကြောင့်များ ဖြစ်နေမလား။

လျူမိုသည် ဖူဟန်ယွမ်ကဲ့သို့ ကောင်းကင်ဓားဂိုဏ်းအပေါ် ရန်ငြိုးမထားခဲ့ပေ။

ရှုပ်ထွေးနေသော အကြောင်းအကျိုး အားလုံးသည် ဖူဟန်ယွမ် ပါဝင်ပတ်သက်နေကြောင်း ညွှန်ပြနေသည်။

သို့သော် လျူမိုသည် ကောင်းကင်ဓားဂိုဏ်းအပေါ် ရန်လိုခြင်း မရှိဘဲ၊ ထုန်းယွင် ကိုသာ လိုက်ရှာနေခြင်း ဖြစ်၏။

ကောင်းကင်ဓားဂိုဏ်းသည် လျူမိုထံမှ ဘာမှ မရနိုင်သလို၊ ရန်လိုခြင်းလည်း မရှိသည်ကို တွေ့ရသဖြင့် သူ့ကို လွှတ်ပေးရန် စီစဉ်ခဲ့ခြင်း ဖြစ်နိုင်သည်။

သို့သော် ဖူဟန်ယွမ်ထံမှ ဘာမှ မရနိုင်သလို၊ သူကလည်း သိသိသာသာ ရန်လိုနေသဖြင့် သူ့ကို ဒီအတိုင်း သတ်ပစ်လိုက်တော့မည်လား။

တစ်နည်းအားဖြင့် ကြည့်လျှင် ဤယုတ္တိဗေဒသည် အံ့ဩစရာ ကောင်းလောက်အောင် အဓိပ္ပာယ်ရှိနေပေ၏။

ဆုမိုသည် တိုက်ကြီးအသစ် တစ်ခုကို ရှာတွေ့လိုက်သကဲ့သို့ ခံစားလိုက်ရ၏။

သူ့အတွေးများ လွင့်မျောနေစဉ်မှာပင် လျူမိုသည် အကျပ်ရိုက်နေရှာသည်။

သူကိုယ်တိုင်လည်း စစ်ဆေးမေးမြန်းခြင်းကို မကျွမ်းကျင်ပေ။ လျူမိုသည် ဖူဟန်ယွမ်နှင့် ဖုန်းဇီဟန်ကို တစ်လှည့်စီ ကြည့်လိုက်ပြီး နောက်ဆုံးတွင် ကောင်းကင်ဓားဂိုဏ်း တပည့်များကို ဝေ့ဝဲကြည့်လိုက်သည်။

ထိုကောင်းကင်ဓားဂိုဏ်းသားများ၏ မျက်လုံးများထဲမှ အကြည့်များသည် ဖူဟန်ယွမ်ထက်ပင် ပိုမို ရက်စက်ကြမ်းကြုတ်နေလေသည်။

ရုတ်တရက် လျူမိုသည် ဆုမိုဘက်သို့ လှည့်ကြည့်လိုက်သည်။

"ခေါင်းဆောင်ဆု..."

ဆုမို မျက်တောင်ခတ်လိုက်သည်။

"ဘာဖြစ်လို့လဲ..."

"ခင်ဗျား စစ်ဆေးမေးမြန်းတတ်လား... နည်းနည်းလောက် ကူညီပါဦး..."

လျူမို၏ မျက်နှာပေါ်တွင် ကူကယ်ရာမဲ့မှုများ ပြည့်နှက်နေလေသည်။

ကောင်းကင်ဓားဂိုဏ်းသားများကလည်း ဆုမိုကို ကြည့်လိုက်ကြ၏။ သူတို့၏ အေးစက်သော အကြည့်များက ဆုမိုကို ခြိမ်းခြောက်နေသကဲ့သို့ ရှိ၏။

ဆုမို လက်ကာပြလိုက်သည်။

"နည်းလမ်း တစ်ခုတော့ ရှိတယ်..."

ဆုမို မတ်တတ်ရပ်လိုက်ပြီး ဖူဟန်ယွမ် အနီးသို့ လျှောက်သွားလိုက်သည်။

ဖူဟန်ယွမ်သည် ဆုမိုကို သိသိသာသာ သတိထားနေပြီး မျက်မှောင်ကြုတ်လိုက်သည်။

"ခေါင်းဆောင်ဆု... ဒီနေ့ ခင်ဗျားရဲ့ ကြီးမြတ်မှုကို မသိဘဲ ပြစ်မှားမိခဲ့ပါတယ်... ကျွန်တော့်ကို သင်ခန်းစာပေးတာ မှန်ပါတယ်... ဒါ ကျွန်တော့်အပြစ်ပါ... ဒါပေမဲ့ ခင်ဗျားမှာ ကျွန်တော့်ကို နှိပ်စက်မယ့် နည်းလမ်းရှိတယ် ဆိုရင်တော့... ဟွန်း... အမှန်အတိုင်း ပြောရရင် ကျွန်တော်က အင်အားသုံးရင် ပြန်ခုခံတတ်တဲ့ကောင်မျိုး... သတ္တိရှိရင် သတ်ချင်သတ်၊ ဖြတ်ချင်ဖြတ်... ကျွန်တော် မျက်တောင်တစ်ချက် ခတ်မိရင် ယောက်ျား မဟုတ်ဘူး..."

"တကယ် မပြောဘူးလား..."

ဆုမို သက်ပြင်းချလိုက်သည်။

"သူတို့ သိချင်တာလေး ပြောပြလိုက်ရင် နာကျင်မှုကနေ လွတ်မြောက်နိုင်မှာပါ... ဘာလို့ ကျွန်တော့်ကို အတင်းအကျပ် လုပ်ခိုင်းနေရတာလဲ..."

"လုပ်စမ်းပါ... ကျွန်တော် ဖူဟန်ယွမ် က အော်သံတစ်ချက် ထွက်မိရင်... အား..."

သူ့စကားမဆုံးမီမှာပင် အော်သံအဖြစ် ပြောင်းလဲသွားတော့သည်။

အကြောင်းမူကား ဆုမိုသည် လျှပ်စီးပမာ လျင်မြန်စွာဖြင့် လက်ဖဝါးစွန်းရှိ ရှန်မန် အကြောကွက် ကို ထိုးနှက်လိုက်သောကြောင့် ဖြစ်၏။

ဤသိုင်းကွက်ကို တစ်ရက်တာ နာကျင်မှု ဟု ခေါ်သည်။

ဒုက္ခသည်များ သိုင်းကျမ်း မှ ဆင်းသက်လာခြင်း ဖြစ်ပြီး လက်ဖဝါးစွန်းရှိ ရှန်မန် အကြောကွက်ကို အဓိက ပစ်မှတ်ထားသည်။ လက်ချောင်းအားသည် အရိုးထဲထိ ထိုးဖောက်ဝင်ရောက်သွားပြီး သွေးကြောတစ်လျှောက် စီးဆင်းကာ လက်မောင်းတစ်ခုလုံးကို ထိခိုက်စေလေသည်။

တစ်ခဏအတွင်းမှာပင် မိမိ၏ သက်လုံကောင်းကြောင်း ကြွားဝါနေသော ဖူဟန်ယွမ်သည် မြေပြင်ပေါ်တွင် လူးလိမ့်နေပြီး မရပ်မနား အော်ဟစ်နေတော့သည်။ နဖူးပေါ်တွင် သွေးကြောများ ထောင်ထလာပြီး ပြင်းထန်သော နာကျင်မှုကို ခံစားနေရရှာသည်။ သွားကိုပင် မစေ့နိုင်တော့ဘဲ ခေါင်းကို တရမ်းရမ်း ခါနေပြီး မျက်နှာမှာ ပဲငံပြာရည်ရောင် ပြောင်းသွားသော်လည်း နာကျင်မှုက သက်သာမသွားချေ။

ဒါက ဆုမို ဒုက္ခသည်များ သိုင်းကျမ်း မှ သိုင်းကွက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်၏။ ဖူဟန်ယွမ်၏ တုံ့ပြန်မှုနှင့် မိမိ၏ လက်ချောင်းထိပ်များကို ကြည့်ပြီး ခေါင်းကို အနည်းငယ် ညိတ်လိုက်သည်။

"ဆရာတော် ဟုန်ယွင် က ငါ့ကို မလိမ်ခဲ့ဘူးပဲ... ဒီနည်းလမ်းက လူတွေကို ဆုံးမဖို့ အကောင်းဆုံးပဲ..."

စကားဆုံးသည်နှင့် သူသည် ဖူဟန်ယွမ်၏ ခြေထောက်ကြားရှိ ဖုန်းရှီ အကြောကွက် ကို ပေါ့ပါးစွာ ထိုးနှက်လိုက်ပြန်သည်။

ဒါကတော့ နှစ်ရက်တာ နာကျင်မှု ပင် ဖြစ်လေသည်။

ခြေထောက်ရှိ ဖုန်းရှီ အကြောကွက်ကို ထိုးနှက်လိုက်ရာ သွေးကြောတစ်လျှောက် စီးဆင်းသွားပြီး ခြေထောက်တစ်ခုလုံး တုန်ခါကာ ကြွက်သားများ ဆွဲပြီး နာကျင်စေတော့သည်။

မကုသဘဲ ထားလိုက်ပါက နာကျင်မှုသည် နှစ်ရက်တိတိ ကြာမြင့်မည် ဖြစ်၏။

ဖူဟန်ယွမ်သည် နာကျင်လွန်း၍ မလှုပ်ရှားနိုင်တော့ဘဲ သနားစဖွယ် အော်ဟစ်သံများသာ ထွက်ပေါ်နေပြီး နဖူးမှ ချွေးစက်ကြီးများ တသွင်သွင် စီးကျလာလေသည်။

သာမန်အားဖြင့် နာကျင်မှုသည် အချိန်ကြာလာသည်နှင့်အမျှ လူများက ကျင့်သားရသွားပြီး ထုံကျဉ်လာတတ်သည်။

တဖြည်းဖြည်းနှင့် နာကျင်မှု လျော့ပါးသွားသည်ဟု ခံစားရတတ်သည်။

သို့သော် ဒုက္ခသည်များ သိုင်းကျမ်း သည် အလွန် ဆန်းကြယ်ပြီး ပါးနပ်စွာ ဖန်တီးထားခြင်း ဖြစ်ရာ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုကိုသာမက စိတ်ကိုပါ အပြည့်အဝ နိုးကြားနေစေသဖြင့် ထုံကျဉ်ခြင်း အလျဉ်းမရှိစေပေ။

နာကျင်မှုက ပို၍သာ တိုးလာလေသည်။

ဖူဟန်ယွမ်သည် တစ်နေ့တွင် သည်းမခံနိုင်လောက်အောင် နာကျင်ပြီး အော်ဟစ်နေရလိမ့်မည်ဟု အိပ်မက်ထဲတွင်ပင် ထည့်မမက်ဖူးခဲ့ပေ။

မျက်လုံးထဲတွင် မျက်ရည်များ ဝဲလာပြီး ငိုတော့မည့်ပုံ ပေါက်နေလေသည်။

ယန်ရှောင်ယွင်သည် ဆုမိုဘေးတွင် ရပ်နေပြီး မြင်ကွင်းကို ကြည့်ကာ ကြောက်လန့်နေမိသည်။

ဆရာသခင် ဟုန်ယွင် က ဆုမိုကို လက်ဆောင်ပေးခဲ့သော သုံးရက်တာ နာကျင်မှု ဖြစ်ကြောင်း သူမ သိလိုက်သည်။ သာမန် နာမည်လေး တစ်ခု ဖြစ်သော်လည်း အသုံးပြုလိုက်သော နည်းလမ်းမှာမူ ရက်စက်ကြမ်းကြုတ်လွန်းလှပေ၏။

All Chapters