အခန်း (၁၇၅-၁၇၇)
Vol. 12 Ch. 175-177
အခန်း (၁၇၅) - နာကျင်မှု... (၃)
~ကောင်းကင်ဓားဂိုဏ်းသားများသည် ဆုမိုကို မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားကြလေသည်။
သူတို့၏ မျက်ဝန်းများတွင် ဓားရောင်များ တောက်ပနေဆဲ ဖြစ်သော်လည်း အနည်းငယ် ကွဲပြားခြားနားမှု ရှိနေသည်။ သူတို့၏ စိတ်နှလုံးများ မငြိမ်မသက် ဖြစ်နေကြောင်း ပြသနေခြင်း ဖြစ်၏။
သို့သော် ဆုမိုကမူ နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
"ဘာလို့ စကားမပြောတာလဲ... ငါ့ရဲ့ သိုင်းကွက်က လက်ချောင်းသုံးချောင်း သုံးရတာ... အပျော့ဆုံးက ရှန်မန် အကြောကွက်၊ ပြီးရင် ဖုန်းရှီ အကြောကွက်... အခု ငါက အကြောကွက် နှစ်ခုလုံးကို နှိပ်ပြီးပြီ... ဒါတောင် မင်းက စကားမပြောသေးဘူး ဆိုတော့... ယွီထန် အကြောကွက် ကို စမ်းကြည့်မှ ရတော့မယ်..."
ဖူဟန်ယွမ်၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။
လျှာကို ကိုက်ဖြတ်ပြီး သေပစ်လိုက်ချင်စိတ် ပေါက်သွားမိသည်။
'ငါက စကားမပြောတာလား...'
'နာလွန်းလို့ စကားပြောလို့ မရတော့တာပါကွ...'
ဆုမို၏ လက်သည် သူ့ရင်ဘတ်ဆီသို့ ရောက်ရှိလာတော့၏။ သွယ်လျပြီး ဖြူဖွေးသော လက်ချောင်းများက ယွီထန် အကြောကွက် ကို ဖိနှိပ်ရန် ပြင်ဆင်နေသည်။
ဖူဟန်ယွမ်သည် မျက်လုံးအိမ်များ ကျွတ်ထွက်မတတ် ပြူးကျယ်ပြီး ဆုမိုကို တားဆီးချင်နေသည်။ သို့သော် ဆုမို၏ လက်ချောင်းထိပ်များ နီးကပ်လာသည်နှင့်အမျှ ဖူဟန်ယွမ် လုပ်နိုင်သည်မှာ မျက်ရည်ကျရုံသာ ရှိတော့သည်။
ဒါက တကယ့် မျက်ရည်စစ်စစ်တွေပါပဲ။ ကောင်းကင်ဓားဂိုဏ်းထဲမှာတင် နာလွန်းလို့ သေသွားရတော့မည်ဟု သူ ခံစားလိုက်ရ၏။
သို့သော် မမျှော်လင့်ဘဲ ထိုအချိန်တွင် ဆုမိုက ရုတ်တရက် မေးလိုက်လေသည်။
"ခင်ဗျားတို့ ထင်လား... သူက နာလွန်းလို့ စကားမပြောနိုင်တော့တာလို့လေ..."
လူအုပ်ကြီးသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြ၏။ လျူမိုက နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်သည်။
"စကားတော့ မပြောနိုင်ဘူး... အော်သံတွေကတော့ မဆုံးနိုင်ဘူး..."
ဖုန်းဇီဟန်သည် တံခါးပေါက်ကို စိုးရိမ်တကြီး ကြည့်လိုက်ပြီး ခေါင်းညိတ်ထောက်ခံလိုက်သည်။
သူလည်း စောစောက ဆုံးဖြတ်ချက် နည်းနည်း လောသွားသလားလို့ တွေးမိလိုက်သည်။ ဂိုဏ်းချုပ်ကြီး အနားယူနေတဲ့ အခန်းရှေ့မှာ ဖူဟန်ယွမ်ကို စစ်ဆေးမေးမြန်းတာ သိပ်မသင့်တော်ဘူးလို့ ခံစားလိုက်ရ၏။
ဘယ်သူက ထင်မှာလဲ... ဖူဟန်ယွမ်က ဒီလောက်တောင် အော်ဟစ်နေလိမ့်မယ်လို့...
ဆုမို ခေါင်းညိတ်လိုက်သည်။
"အဓိပ္ပာယ် ရှိတာပဲ..."
ဆုမို၏ စောစောက စကားသည် ဖူဟန်ယွမ်ကို ငရဲမှ ကောင်းကင်ဘုံသို့ ဆွဲတင်လိုက်သကဲ့သို့ ဖြစ်သော်လည်း၊ ယခု စကားကမူ သူ့ကို ငရဲသို့ ပြန်ကန်ချလိုက်သကဲ့သို့ ဖြစ်သွားစေသည်။
သူ့မျက်လုံးများ ချက်ချင်း မှေးမှိန်သွားတော့သည်။
"ဒါပေမဲ့ ငါ မင်းကို အခွင့်အရေး တစ်ကြိမ် ပေးလိုက်ပါ့မယ်..."
ဆုမိုက ပြုံးလိုက်ပြီး သူ့လက်မောင်းနှင့် ခြေထောက်များကို နောက်တစ်ကြိမ် ဖိနှိပ်လိုက်သည်။
လက်မောင်းနှင့် ခြေထောက်များမှ နာကျင်မှုသည် ဒီရေကျသကဲ့သို့ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။
ဖူဟန်ယွမ်သည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး လက်သန်းလေး တစ်ချောင်းတောင် မလှုပ်နိုင်တော့ကြောင်း တွေ့ရှိလိုက်ရ၏။
ဆုမိုက ကိုယ်ကို ကိုင်းလိုက်သည်။ ဖူဟန်ယွမ်သည် တုန်ရီနေပြီး ဆုမို၏ မျက်နှာကိုသာ ကြည့်နေမိသည်။
"ကဲ... ပြောမှာလား..."
ဆုမိုက ပြုံးပြီး မေးလိုက်သည်။
"ပြောပါ့မယ်..."
မပြောတဲ့ကောင်က အရူးပဲ ဖြစ်မှာပေါ့...
ဖူဟန်ယွမ် ခေါင်းကို အတင်းညိတ်ပြလိုက်သည်။
"မေးချင်တာ မေးပါ... အကုန် ပြောပြပါ့မယ်..."
ဆုမို ကျေနပ်စွာ ပြုံးလိုက်သည်။
"ကောင်းပြီ... ခင်ဗျားတို့ မေးလိုက်တော့..."
ဖုန်းဇီဟန်နှင့် အခြားသူများ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ ခေါင်းဆောင်ဆု အပေါ် လေးစားမှုများ ပိုမို တိုးပွားလာကြ၏။
ယန်ရှောင်ယွင်က ဆုမိုဘေးသို့ ရောက်လာပြီး ခပ်တိုးတိုး ပြောလိုက်သည်။
"နည်းလမ်းတွေက ကြမ်းတမ်းလိုက်တာ..."
"အစ်မယွင်... သူ့ကို သနားသွားလို့လား..."
ဆုမို ပြုံးပြီး မေးလိုက်သည်။
"မဟုတ်ပါဘူး..."
ယန်ရှောင်ယွင်က နှာခေါင်းရှုံ့လိုက်သည်။
"သိုင်းလောကမှာ လူယုတ်မာတွေက မရေမတွက်နိုင်အောင် များပြားလှတယ်... ဒီလိုလူတွေကို ရင်ဆိုင်တဲ့အခါ ဘယ်နည်းလမ်းမှ မလွန်ကဲပါဘူး... ဆရာသခင် ဟုန်ယွင် ငါတို့ကို လက်ဆောင်ပေးခဲ့တာကို ပြန်စဉ်းစားမိလို့ပါ... ငါတို့က သူ့ကို ဘာပြန်ပေးသင့်လဲလို့..."
"အင်း... ဗုဒ္ဓသိုင်းကျမ်းအုပ် တချို့လောက် ပြန်ပို့ပေးလိုက်ရင် ကောင်းမလား..."
"ဒါဆိုရင်တော့ သင့်တော်မှာပါ..."
သူတို့နှစ်ဦး တိုင်ပင်နေကြစဉ်မှာပင် ဖူဟန်ယွမ်သည် တကယ်ပဲ ဘာမှ ချန်မထားဘဲ အကုန်ပြောပြနေလေသည်။
ဖူဟန်ယွမ် အားပြန်မွေးလိုက်ပြီး မြေကြီးပေါ်မှ လူးလဲထကာ မျက်ရည်၊ နှပ်ချေးများကို သုတ်လိုက်သည်။
"မေးချင်တာ မေးပါ... ဪ... ဟာကွက်တွေ ဟုတ်လား... တစ်ယောက်ယောက်က ကျွန်တော့်ကို ပြောပြထားတာ... ကောင်းကင်ဓားဂိုဏ်းမှာ ဂိုဏ်းချုပ်ကြီး နန်းကုန်းယွီ မှာတောင် ဟာကွက်ရှိတယ်တဲ့..."
"နန်းကုန်းယွီရဲ့ ဟာကွက်က သူ့ရဲ့ ဓားစိတ်ဆန္ဒကို ချိပ်ပိတ်ထားတဲ့ ကျင့်စဉ်မှာ ရှိတယ်... ဒီဓားက ကောင်းကင်အောက်မှာ အစွမ်းထက်ဆုံး ဆိုပေမယ့်..."
"ကောင်းကင်ဓားဂိုဏ်း တပည့်တွေရဲ့ အသက်အန္တရာယ်နဲ့ ကြုံလာရပြီး ကူကယ်ရာမဲ့ ဖြစ်နေတဲ့ အခြေအနေမျိုးမှာ... နန်းကုန်းယွီက သေချာပေါက် ဓားထုတ်သုံးလိမ့်မယ်..."
"ဓားထုတ်လိုက်တာနဲ့... သူ့တစ်ကိုယ်လုံးက အတွင်းအား ၇၀၊ ၈၀ ရာခိုင်နှုန်းလောက် ကုန်ခမ်းသွားမယ်... စိတ်ဝိညာဉ်တွေ နွမ်းနယ်သွားမယ်... ခန္ဓာကိုယ်က နုံးချိသွားမယ်... ပြန်ကောင်းဖို့အတွက် သုံးလလောက် အနားယူရလိမ့်မယ်... အဲဒီအချိန်က တိုက်ခိုက်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ..."
"နန်းကုန်းယွီ တစ်ယောက်တည်း မဟုတ်ဘူး... ခင်ဗျားတို့ ကောင်းကင်ဓားဂိုဏ်းက နာမည်ကြီး ဆရာသခင်တွေ အကုန်လုံးရဲ့ ဟာကွက်တွေကို အဲဒီလူက ထောက်ပြပြီး ကျွန်တော့်ကို အလွတ်ကျက်ခိုင်းထားတာ..."
"ဥပမာ ဖုန်းပိုင်ချွမ် ဆိုရင်... သူ့ရဲ့ ဟာကွက်က..."
သူ ပြောပြနေစဉ်မှာပင် ဆုမိုက သူ့ကို တစ်ချက် လှမ်းကြည့်လိုက်သည်ကို မြင်လိုက်ရ၏။
ဆုမို၏ နှုတ်ခမ်းထောင့်တွင် အပြုံး တစ်ခု ပေါ်လာသည်။
ဖူဟန်ယွမ် တုန်လှုပ်သွားပြီး ဆက်မပြောရဲတော့ပေ။
ဆုမို နှာခေါင်းရှုံ့လိုက်သည်။
‘ကောင်းကင်ဓားဂိုဏ်းကို သူတို့ ဆရာသခင်တွေရဲ့ ဟာကွက်တွေနဲ့ ရင်ဆိုင်ရမယ် ဆိုရင်... သူ ကိုယ်တိုင် မကြားခဲ့ရင်တော့ ထားလိုက်ပါတော့... အခု ကြားလိုက်ရပြီ ဆိုမှတော့ ဘယ်လိုလုပ် လက်ပိုက်ကြည့်နေလို့ ရပါ့မလဲ။’
ကောင်းကင်ဓားဂိုဏ်းသားတွေက အပြင်ပန်း အေးစက်ပြီး အတွင်းစိတ် နွေးထွေးတယ် ဆိုရင်တောင်မှ... ဒီလို အခြေအနေမျိုးမှာ သူတို့ကို ဒီအတိုင်း လွှတ်ပေးလိုက်တာ မကောင်းဘူး မဟုတ်လား။
သို့သော် မမျှော်လင့်ဘဲ ဖုန်းဇီဟန်က ရုတ်တရက် ပြောလိုက်လေသည်။
"ဟာကွက်တွေက ဘယ်မှာလဲ... အကုန် ပြောပြစမ်း..."
ပြောရင်းဖြင့် စာရေးကိရိယာများ ယူလာရန် လက်ဟန်ပြလိုက်သည်။
ဖူဟန်ယွမ် ကြောင်အမ်းအမ်း ဖြစ်သွားပြီး ဆုမိုကို မသိမသာ လှမ်းကြည့်လိုက်သည်။
ဆုမို ဘာပြောရမှန်းမသိ ဖြစ်သွားပြီး ဖုန်းဇီဟန်ကို ကြည့်လိုက်သည်။
"ကျွန်တော်တို့ အရင် ရှောင်ပေးရမလား..."
"ဘာဖြစ်လို့လဲ..."
ဖုန်းဇီဟန်၏ မျက်လုံးများ အေးစက်နေဆဲ ဖြစ်သော်လည်း သူ့မေးခွန်းက လေးနက်လှသည်။ ဆုမို ဘာကြောင့် ရှောင်ပေးချင်ရသလဲ ဆိုတာကို သူ တကယ် နားမလည်သည့်ပုံပင်။
ဆုမို မပြောမဖြစ် ပြောလိုက်ရ၏။
"ဒါက... ခင်ဗျားတို့ ဂိုဏ်းသားတွေရဲ့ ဟာကွက်တွေကို ပြောပြနေတာလေ... ပြင်ပလူတွေ သိဖို့ မသင့်တော်ဘူး ထင်လို့ပါ..."
"သိုင်းပညာ ဆိုတာ ဟာကွက်မရှိရင် မပြည့်စုံဘူး... ခေါင်းဆောင်ဆု... ခင်ဗျား နားထောင်သည်ဖြစ်စေ၊ မထောင်သည်ဖြစ်စေ ဒီဟာကွက်တွေက ပျောက်သွားမှာ မဟုတ်ဘူး... ကြားလိုက်ရတာ ကိစ္စမရှိပါဘူး..."
ဖုန်းဇီဟန် ပြောပြီးသည်နှင့် ဆုမိုကို ဂရုမစိုက်တော့ဘဲ ဖူဟန်ယွမ်ကို ဆက်ပြောခိုင်းလိုက်သည်။
သို့သော်၊ ဖူဟန်ယွမ်က ဘယ်ပြောရဲပါ့မည်လဲ။
အခုမှ ဆုမိုက ဖုန်းဇီဟန်ရဲ့ ရည်ရွယ်ချက်ကို သဘောပေါက်သွားပြီး ပြုံးလိုက်လေသည်။
"ပြောလိုက်ပါ..."
ဆုမို ခွင့်ပြုလိုက်မှ ဖူဟန်ယွမ် စကားစ ပြောရဲတော့သည်။
သူသည် ကောင်းကင်ဓားဂိုဏ်း ဆရာသခင်များ၏ ဟာကွက်များကို တစ်ခုမကျန် ပြောပြလေသည်။
အချို့ ဟာကွက်များသည် သတ်မှတ်ထားသော အခြေအနေမျိုးတွင်မှ ပေါ်ပေါက်လာတတ်သည်။
အချို့က မိမိ၏ ဟာကွက်ကို သိကြသော်လည်း၊ အချို့ကမူ သတိမထားမိကြပေ။
ဖုန်းဇီဟန်သည် စုတ်တံနှင့် မင်အိုးကို ကိုင်ကာ ထိုနာမည်များနှင့် ဟာကွက်များကို သေချာ မှတ်တမ်းတင်နေလေသည်။ ခဏအကြာ ဖူဟန်ယွမ် ပြောပြပြီးသွားသောအခါ တပည့်များကို ထိုစာရင်းအား ဖြန့်ဝေပေးရန် ညွှန်ကြားလိုက်လေသည်။
"ဟာကွက်တွေက သေချာတယ်... ဒါပေမဲ့ လူတွေက ပြောင်းလဲလို့ ရတယ်... တကယ်လို့ မပြောင်းလဲနိုင်ရင်တောင် ဒါကို မောင်းနှင်အားအဖြစ် အသုံးပြုပြီး ကိုယ့်ကိုယ်ကိုယ် သန်မာအောင် လုပ်စမ်း... ငါတို့ တပည့်တွေကို ဘယ်တော့မှ ပေါ့လျော့မှု မရှိစေနဲ့လို့ သင်ပေးလိုက်…”
အခန်း (၁၇၆) - ခံစားချက်ကို လျှို့ဝှက်ထားသော အထွတ်အထိပ် ပုဂ္ဂိုလ်
~ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် ဖုန်းဇီဟန်၏ စကားများကို ကြားရသောအခါ လေးစားစိတ်များ ဖြစ်ပေါ်လာရလေသည်။
သူတစ်ပါးက မိမိတို့၏ အားနည်းချက်ကို ထောက်ပြသောအခါ ဒေါသထွက်မည့်အစား၊ ထိုအားနည်းချက်များကို မှတ်သားပြီး မိမိကိုယ်ကို ပိုမို ကြံ့ခိုင်လာစေရန် အသုံးချနေကြ၏။
ကောင်းကင်ဓားဂိုဏ်းသည် သိုင်းလောကတွင် နှစ်ပေါင်းရာချီ ရပ်တည်နိုင်ခဲ့ခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။
သဘာဝကျကျပင် ဤအရာသည် ဟာကွက်နှင့် အဓိက အားနည်းချက် ကွဲပြားခြားနားမှုကြောင့် ဖြစ်ပေ၏။
ဟာကွက်ဆိုသည်မှာ သိုင်းပညာ သို့မဟုတ် တိုက်ကွက်များရှိ ကွက်လပ်များသာ ဖြစ်၏။ အကယ်၍ သိရှိသွားပါက၊ ထိုအရာများကို ရန်သူအား မျှားခေါ်ရန် ထောင်ချောက်အဖြစ် ဗျူဟာကျကျ အသုံးချနိုင်သည်။
ထို့ကြောင့် ဟာကွက်ပြသည် ဟူသော စကားရပ် ပေါ်ပေါက်လာခြင်း ဖြစ်၏။
သိုင်းလောက တိုက်ပွဲများတွင် သိုင်းပညာ အဆင့်အတန်း တူညီနေပါက ဉာဏ်ရည်ယှဉ်ပြိုင်မှုသာ အဓိက ဖြစ်လာသည်။
ဟာကွက်အတု ပြလိုက်ခြင်းဖြင့် ရန်သူက မိမိတို့ အသာစီးရနေပြီဟု ထင်မှတ်မှားသွားစေပြီး၊ တကယ်တမ်းတွင်မူ ထောင်ချောက်ထဲသို့ ကျရောက်သွားကာ အခွင့်အရေး ဆုံးရှုံးသွားရခြင်း ဖြစ်၏။
ယေဘုယျအားဖြင့် ဟာကွက်များကို ပြန်လည် ကုစားနိုင်သည်၊ သို့မဟုတ်ပါက အခြားနည်းလမ်းများ သုံး၍ အလွယ်တကူ အသုံးချမခံရအောင် ကာကွယ်နိုင်သည်။
သို့သော် အဓိက အားနည်းချက်ကမူ ကွဲပြားခြားနားလေသည်။
အဓိက အားနည်းချက်များသည် ဖျက်ဆီး၍ မရနိုင်သော အကာအကွယ် သိုင်းပညာများတွင် ပေါ်ပေါက်လေ့ ရှိ၏။
မိမိခန္ဓာကိုယ်ကို လက်နက်များ မတိုးနိုင်အောင် လုပ်ဆောင်ထားနိုင်သော်လည်း၊ မလွှမ်းခြုံနိုင်သော အဓိက အားနည်းချက် တစ်ခု၊ နှစ်ခုတော့ အမြဲတမ်း ရှိနေစမြဲပင်။
ထိုအားနည်းချက်များသည် ယေဘုယျအားဖြင့် ကုစား၍ မရနိုင်ဘဲ အမြဲတမ်း သတိထား ကာကွယ်နေရမည့် အရာများ ဖြစ်၏။
အကယ်၍ ရန်သူက အခွင့်ကောင်း ယူသွားပါက၊ တစ်ခဏအတွင်း သိုင်းပညာ စွမ်းအားအားလုံး ဆုံးရှုံးသွားနိုင်သည်။
မည်သို့ပင်ဆိုစေကာမူ ကောင်းကင်ဓားဂိုဏ်းသားများ၏ သိုင်းပညာအပေါ် ထားရှိသော သံန္နိဋ္ဌာန်နှင့် မိမိလူမျိုးအပေါ် ထားရှိသော မညှာမတာ အပ်နှံမှုများကို ဆုမိုနှင့် ယန်ရှောင်ယွင်တို့က ယနေ့ မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရတော့၏။
ထိုကိစ္စ ပြီးဆုံးသွားသောအခါ လျူမိုသည် ရှေ့တိုးလာပြီး မေးလိုက်လေသည်။
"ပြောစမ်း... ထုန်းယွင် ဘယ်မှာလဲ..."
ဖုန်းဇီဟန်သည် လျူမိုကို အေးစက်စွာ ကြည့်လိုက်သည်။ ဤပြင်ပလူတစ်ယောက်က မိမိတို့၏ စီနီယာ ဦးလေးအကြောင်း ဘာကြောင့် ဒီလောက် စိတ်ဝင်စားနေရသလဲ ဆိုသည်ကို နားမလည်နိုင် ဖြစ်နေသည်။
ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည်လည်း ဖူဟန်ယွမ်ကို ကြည့်ကာ သူ့အဖြေကို သိချင်နေကြ၏။
သို့သော် မမျှော်လင့်ဘဲ ဖူဟန်ယွမ်၏ မျက်နှာတွင် ဇဝေဇဝါ ဖြစ်မှုများ ပေါ်လာလေသည်။
"ထုန်းယွင်... အဲဒါ ဘယ်သူလဲ..."
ထိုစကားကို ကြားလိုက်ရသောအခါ ဆုမို၏ မျက်ခုံးများ ချက်ချင်း မြင့်တက်သွားတော့သည်။ သူ သေချာ စဉ်းစားကြည့်လိုက်ရာ စောစောက ဖူဟန်ယွမ် ရွတ်ပြသွားသော နာမည်များထဲတွင် ထုန်းယွင် ပါမလာခဲ့ကြောင်း သတိရလိုက်သည်။
ဆိုလိုသည်မှာ ဖူဟန်ယွမ်သည် ထုန်းယွင်၏ ဟာကွက်များကို မသိရှိခြင်းပင်။
နောက်ခံသမိုင်းကြောင်း မရေရာသော ဤလူသည် ကောင်းကင်ဓားဂိုဏ်း၏ အဆင့်မြင့် ပုဂ္ဂိုလ်များ အားလုံးနီးပါး၏ ဟာကွက်များကို ဖွင့်ချနိုင်ခဲ့သော်လည်း၊ ထုန်းယွင် တစ်ယောက်တည်းကိုသာ ချန်လှပ်ထားခဲ့ခြင်း ဖြစ်၏။
ယန်ရှောင်ယွင်က ဆုမိုကို အကဲခတ်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
ဆုမို ခေါင်းကို အနည်းငယ် ညိတ်လိုက်သော်လည်း အတွေးများ နက်ရှိုင်းနေလေသည်။
'ဒီလူက လူတိုင်းရဲ့ အားနည်းချက်ကို သိပေမယ့် ထုန်းယွင်ကိုကျ ချန်ထားခဲ့တာလား... ဒါ သိပ်ရိုးရှင်းပုံ မရဘူး...'
ထိုစဉ် လျူမို၏ မေးခွန်းသံ ထွက်ပေါ်လာသည်။
"မင်း ထုန်းယွင်ကို မသိဘူးလား... အဆုံးမဲ့ဓား ထုန်းယွင် လေ..."
"... နာမည်ကတော့ ရင်းနှီးသလိုပဲ... ဒါပေမဲ့ သိပ်မှတ်မိပုံ မရဘူး... သူက သိုင်းလောကမှာ နာမည်ကြီးတဲ့ ပုဂ္ဂိုလ်လား..."
ဖူဟန်ယွမ်သည် လျူမိုထက်ပင် ပိုမို ဇဝေဇဝါ ဖြစ်နေပုံရ၏။
ဆုမိုက ဝင်မေးလိုက်သည်။
"မင်း ကောင်းကင်ဓားဂိုဏ်းကို ဘယ်လိုလုပ် စိန်ခေါ်ဖြစ်သွားတာလဲ..."
"ဒါက..."
ဖူဟန်ယွမ် ခဏမျှ တိတ်ဆိတ်သွားပြီးမှ သူ့အကြောင်းကို ပြောပြလေသည်။
သူသည် မူလက သိုင်းလောကသား တစ်ယောက် မဟုတ်ပေ။
လယ်သမားတစ်ယောက်သာ ဖြစ်၏။
မြုံနေသော မြောက်ဘက်ဒေသတွင် လူနေထိုင်မှု ကျဲပါးပြီး၊ သူသည် ရေခဲဖုံးနေသော လယ်ကွက်အနည်းငယ်ဖြင့် မပြည့်မစုံ ရုန်းကန်နေရသူ ဖြစ်၏။
သို့သော် တစ်ညတွင် အပြင်ဘက်မှ သိုင်းလောကသားများ တိုက်ခိုက်နေသည့် အသံများကို ရုတ်တရက် ကြားလိုက်ရ၏။
သူ ကြောက်လန့်လွန်းသဖြင့် တစ်ညလုံး အိပ်ရာထဲမှ မထရဲဘဲ၊ မိုးလင်းခါနီး အသံများ တိတ်ဆိတ်သွားမှသာ စိုးရိမ်တကြီး အိပ်ပျော်သွားခဲ့သည်။
နောက်တစ်နေ့ မနက် အပြင်ထွက်ကြည့်သောအခါ ထင်းပုံကြားတွင် အလောင်းတစ်လောင်း တွေ့ရှိလိုက်ရ၏။
'မနေ့ညက လူတွေရဲ့ လက်ချက်ပဲ ဖြစ်မယ်... လူတစ်ယောက်ကို သတ်ပြီး အလောင်းလာပစ်ထားတာပဲ...'
ကံဆိုးလိုက်တာဟု ညည်းတွားရင်း၊ သူက အုတ်ဂူတူးပြီး သေဆုံးသူကို ကောင်းကောင်းမွန်မွန် မြေမြှုပ်သင်္ဂြိုဟ်ပေးရန် ဆုံးဖြတ်လိုက်သည်။
'သိုင်းလောကသားတွေဆီမှာ ငွေစတွေ ပါတတ်တယ်လို့ ကြားဖူးတယ်... အလောင်းမြှုပ်ပေးပြီး ဝန်ဆောင်ခ ယူလိုက်တာ မမှားပါဘူး...'
ချက်ချင်းပင် အလောင်းကို စတင် ရှာဖွေတော့သည်။
သို့သော်... ငွေစတစ်ပြားမျှ မတွေ့ရဘဲ ကျမ်းလိပ်တစ်ခုကိုသာ တွေ့ရှိခဲ့၏။ ထိုအရာမှာ ကောင်းကင်နှင်းရည်သိုင်း၏ လျှို့ဝှက်သိုင်းကျမ်းပင် ဖြစ်သည်။
သူသည် စာမတတ်သူဖြစ်ရာ အစပိုင်းတွင် ထိုသိုင်းကျမ်းမှာ အသုံးမဝင်ဟု ထင်မှတ်ခဲ့သော်လည်း ကျမ်းစာအုပ်အတွင်းရှိ စာသားများသည် လှည့်စားရန် ရည်ရွယ်ချက်ဖြင့် ရေးသားထားခြင်း ဖြစ်နေပြန်သည်။
လူအများစုမှာ လျှို့ဝှက်သိုင်းကျမ်းပါ စာသားများကို အသေအချာလေ့လာပြီး အပြည့်အဝ နားလည်သဘောပေါက်မှသာ ကျင့်ကြံရဲကြ၏။ အဘယ်ကြောင့်ဆိုသော် အတွင်းအား ထုတ်သုံးသည့်အခါ သွေးကြောအတွင်း စီးဆင်းမည့် လမ်းကြောင်းမှန်ကို မသိရှိပါက အသက်အန္တရာယ်အထိ ဒုက္ခရောက်နိုင်သောကြောင့် ဖြစ်သည်။
စင်စစ်အားဖြင့် ဤကောင်းကင်နှင်းရည်သိုင်းကျမ်းကို ရေးသားခဲ့သူမှာ မည်သူ့ကိုမျှ ဤပညာ တတ်မြောက်စေလိုပုံ မရပေ။ စာသားများကို တမင်တကာ လှည့်စားရေးသားထားရုံမျှမက ပုံဖော်ထားသည့် ပုံရိပ်များမှာလည်း ရှုပ်ထွေးလှသဖြင့် မည်သူမျှ အောင်မြင်ခြင်း မရှိခဲ့ကြပေ။
ဤသိုင်းပညာကို နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ကြသူများမှာလည်း အမျိုးမျိုးသော ဘေးထွက်ဆိုးကျိုးများနှင့်သာ ရင်ဆိုင်ခဲ့ကြရပြီး မည်သူတစ်ဦးတစ်ယောက်မျှ အဆုံးအစိုင်တိုင် တတ်မြောက်ခြင်း မရှိခဲ့ကြချေ။
ဖူဟန်ယွမ်မှာမူ စာမတတ်သူ ဖြစ်သည့်အတွက် စာသားများ၏ ဝန်ထုပ်ဝန်ပိုး မရှိဘဲ ကျမ်းပါပုံရိပ်များကိုသာ စိတ်ဝင်တစားဖြင့် လိုက်လံကျင့်ကြံကြည့်ခဲ့သည်။ စာသားများ၏ နှောင့်ယှက်မှုမရှိဘဲ စိတ်ကို ကြည်လင်စွာ ထားရှိနိုင်ခဲ့ခြင်းကပင် ကျင့်စဉ်၏ လိုအပ်ချက်နှင့် တိုက်ဆိုင်သွားခဲ့ခြင်း ဖြစ်သည်။
ထိုသို့ မတော်တဆ တွေ့ရှိခဲ့ရာမှ သူ၏အတွင်းအားမှာ လျင်မြန်စွာ တိုးတက်လာပြီး တစ်ခါတစ်ရံ အံ့မခန်းဖွယ် စွမ်းဆောင်ရည်များကို ပြသနိုင်ခဲ့၏။
လူတစ်ယောက်သည် အစွမ်းအစနှင့် အင်အားကို ပိုင်ဆိုင်လာသည်နှင့်အမျှ စိတ်နေသဘောထားမှာလည်း ပြောင်းလဲလာစမြဲပင် ဖြစ်၏။
သိုင်းပညာနှင့် မရင်းနှီးခင် အချိန်ကာလများက ဖူဟန်ယွမ်သည် ကြောက်ရွံ့တတ်ပြီး အရာရာကို သတိထားလွန်းသူ တစ်ဦးသာ ဖြစ်ခဲ့၏။ သို့သော် အတွင်းအားကို စတင်ပိုင်ဆိုင်လိုက်သည့် အခိုက်အတန့်တွင် သူ၏ စိတ်အခံသည် ယောက်ျားကောင်း တစ်ယောက် ပီသလာသည်ဟု ခံယူလိုက်တော့သည်။
သို့ငြားလည်း အတွင်းအား တစ်ခုတည်းသာ ရှိပြီး သိုင်းကွက်အရာ၌ ဟာကွက်ရှိနေပါက ပြီးပြည့်စုံခြင်း မရှိနိုင်ကြောင်း သူ နားလည်ထား၏။ ထို့ကြောင့်ပင် နေအိမ်ကို မီးရှို့ဖျက်ဆီးကာ ပိုင်ဆိုင်သမျှကို ယူဆောင်လျက် သိုင်းလောကထဲသို့ ခြေစုံပစ်ဝင်ရောက်ရန် ဆုံးဖြတ်လိုက်သည်။
သူသည် သိုင်းကွက်ဆန်းများကို လေ့လာသင်ယူရင်း သိုင်းလောက၌ ဂုဏ်သတင်းကျော်ဇောလိုစိတ် ပြင်းပြခဲ့၏။ သို့သော် ဤလမ်းခရီးသည် အခက်အခဲများဖြင့် ပြည့်နှက်နေပြီး အထူးသဖြင့် အခြေခံအုတ်မြစ်မရှိသူ တစ်ယောက်အဖို့မူကား ပို၍ ခက်ခဲကြမ်းတမ်းလှသည်။
ဆင်းရဲဒုက္ခနှင့် အတားအဆီးများကို ဖြတ်ကျော်ရုန်းကန်ရင်း မူလကရှိခဲ့သော ရိုးသားဖြူစင်သည့် စိတ်ထားများ တဖြည်းဖြည်း ပျောက်ကွယ်သွားရ၏။ ထိုအစား သိုင်းလောကတွင် ကျင်လည်သူတို့၏ သဘာဝအတိုင်း ကောက်ကျစ်စဉ်းလဲမှုနှင့် လှည့်စားတတ်ခြင်းတို့က နေရာယူလာခဲ့တော့သည်။
နှစ်များစွာ ကြာမြင့်ပြီးနောက်တွင်မူ သူသည် သိုင်းကွက်မျိုးစုံကို စုစည်းကာ ကောင်းကင်နှင်းရည်သိုင်းနှင့် ပေါင်းစပ်လိုက်ပြီး ပြိုင်ဘက်ကင်းသော ထူးခြားသည့် စွမ်းရည်များကို ရရှိပိုင်ဆိုင်လာနိုင်ခဲ့ပြီ ဖြစ်သည်။
အခန်း (၁၇၇) - ခံစားချက်ကို လျှို့ဝှက်ထားသော အထွတ်အထိပ် ပုဂ္ဂိုလ် (၂)
~ထိုအချိန်မှစ၍ သူသည် မြောက်ဘက်ဒေသရှိ သိုင်းပညာရှင်များစွာကို လိုက်လံစိန်ခေါ်ခဲ့လေသည်။
သို့သော် သူ၏ စိန်ခေါ်မှုများသည် ဆက်တိုက်ဆိုသလို ရှုံးနိမ့်မှုများသာ ဖြစ်ခဲ့ရရှာ၏။ သူ၏ သိုင်းပညာသည် ဟိုစပ်စပ်၊ ဒီစပ်စပ် ဖြစ်နေပြီး လက်တွေ့ တိုက်ခိုက်ရေး အတွေ့အကြုံလည်း နည်းပါးလှပေ၏။ ကောင်းကင်နှင်းရည် သိုင်း ၏ စွမ်းအားကြောင့် ရန်သူများကို အလစ်အငိုက် မိစေတတ်သော်လည်း၊ ရန်သူများ အသင့်ပြင်လိုက်သည်နှင့် သူသည် ယှဉ်နိုင်စွမ်း မရှိတော့ချေ။
တိုက်လေလေ၊ ရှုံးလေလေ ဖြစ်လာခဲ့တော့သည်။
ထို့ထက်ဆိုးသည်မှာ သူ၏ ကောင်းကင်နှင်းရည် သိုင်း သတင်း ပေါက်ကြားသွားပြီး၊ ထိုသိုင်းပညာကို လိုချင်သူများ၏ လိုက်လံတိုက်ခိုက်ခြင်းကို ခံခဲ့ရလေသည်။
ထိုအသက်အန္တရာယ် ကြုံတွေ့နေရချိန်တွင် ကောင်းကင်ဓားဂိုဏ်း၏ ဟာကွက်များကို ပြောပြခဲ့သူနှင့် ဆုံတွေ့ခဲ့ပြီး ထိုသူက သူ့ကို ကယ်တင်ခဲ့ခြင်း ဖြစ်၏။
ထိုသူသည် မည်သည့်နေရာမှ လာသည်ကို သူ မသိသော်လည်း သိုင်းပညာ အလွန် အစွမ်းထက်ကြောင်းကိုမူ ကောင်းစွာ သိရှိလိုက်ရ၏။ ယခုအချိန်အထိ သူသည် ထိုသူကို ယှဉ်နိုင်စွမ်း မရှိသေးသည်မှာ အမှန်ပင်။
ထိုသူက သူ့ကို ပြောပြလေသည်။
"မြောက်ဘက်ဒေသ ဆိုတာ လူသူကင်းမဲ့တဲ့ တောကြီးမျက်မည်း တစ်ခုသာ ဖြစ်တယ်... ဒီနေရာမှာ နံပါတ်တစ် ဖြစ်လာရင်တောင် တွင်းအောင်းဖား သူငယ်လေး တစ်ကောင်ထက် မပိုဘူး... ဒီနေရာကနေ ခုန်ထွက်လိုက်မှသာ ကမ္ဘာကြီး ဘယ်လောက် ကျယ်ဝန်းတယ် ဆိုတာကို မင်း မြင်နိုင်လိမ့်မယ်..."
ဖူဟန်ယွမ်သည် ထိုသူ၏ အမြော်အမြင် ကြီးမားမှုနှင့် သိုင်းပညာ စွမ်းအားကို လေးစားသွားပြီး သူ၏ စကားများကို ရွှေကဲ့သို့ တန်ဖိုးထား မှတ်သားလိုက်မိလေသည်။
ထိုသူက ဆက်ပြောလေသည်။
"ငါ မင်းကို သိုင်းလောကမှာ နာမည်ကြီးလာအောင် ကူညီပေးနိုင်တယ်... ဒါပေမဲ့ အောင်မြင်ပြီးသွားရင် မင်းက ငါ့အတွက် ကိစ္စတစ်ခု လုပ်ပေးရမယ်..."
ဖူဟန်ယွမ်သည် အသက်ကယ်ကျေးဇူး ရှိနေသည့်အပြင် နာမည်ကြီးပြီး ထိပ်တန်းရောက်မည့် အခွင့်အရေးကို လက်လွှတ်မခံနိုင်သဖြင့် ချက်ချင်း သဘောတူလိုက်လေသည်။
သိုင်းလောက၏ အံ့ဖွယ်များကို မြင်ဖူးသွားပြီဖြစ်ရာ ရေခဲဖုံးနေသော လယ်ကွက်များဆီသို့ ပြန်သွားပြီး စောင့်ရှောက်နေရန် စိတ်ကူး မရှိတော့ပေ။
သဘာဝကျကျပင် သူသည် သိုင်းလောကတွင် နာမည်တစ်ခု ချန်ထားခဲ့ချင်သည်။
သို့သော် ထိုသူက သူ့နာမည်သည် ခန့်ညားမှု မရှိသဖြင့် ပြောင်းလဲရမည်ဟု ပြောပြီး 'ဖူဟန်ယွမ်' ဟူသော အမည်ကို ပေးခဲ့ခြင်း ဖြစ်ပေ၏။
နှစ်နှစ်ကြာပြီးနောက် ထိုသူသည် ဖူဟန်ယွမ်ကို သိုင်းပညာများ ဆက်တိုက် သင်ကြားပေးခဲ့ပြီး တစ်ခါတစ်ရံ ခန္ဓာကိုယ်နှင့် အတွင်းအားကို သန်စွမ်းစေသော ဆေးဝါးများ ယူလာပေးတတ်သည်။
အချိန်ကြာလာသည်နှင့်အမျှ ဖူဟန်ယွမ်သည် ထိုသူကို အလွန် ယုံကြည်လာခဲ့သည်။ ဆေးဝါးများ၏ အစွမ်းကြောင့် သူ၏ အတွင်းအားသည် ယခင်ကထက် များစွာ လျင်မြန်စွာ တိုးတက်လာကြောင်း တွေ့ရှိရလေသည်။
ထိုကာလအတွင်း ထိုသူသည် ဖူဟန်ယွမ်အား မြောက်ဘက်ဒေသရှိ နာမည်ကြီး သိုင်းသမားများကို စိန်ခေါ်ခိုင်းခဲ့သည်။
အစပိုင်းတွင် ဖူဟန်ယွမ် ကြောက်ရွံ့ခဲ့သော်လည်း တိုက်ပွဲများတွင် အနိုင်ရလာသောအခါ သူ၏ စိတ်ဓာတ်များ တဖြည်းဖြည်း ပြောင်းလဲလာခဲ့လေသည်။
သူ၏ ဂုဏ်သတင်းသည် သိသိသာသာ မြင့်တက်လာပြီး မြောက်ဘက်ဒေသတွင် ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့သည်။
ယခင်က သူ့ကို လိုက်လံတိုက်ခိုက်ခဲ့သူများပင် ညတွင်းချင်း ထွက်ပြေးသွားကြ သို့မဟုတ် ဖူဟန်ယွမ်ထံ လာရောက် ဒူးထောက် တောင်းပန်ကြသည်အထိ အခြေအနေ ပြောင်းလဲသွားခဲ့သည်။
ဤအချက်များက သူ့ကို ယုံကြည်မှု လွန်ကဲစေခဲ့သည်။
ထို့ကြောင့် ဖုန်းဇီဟန်က 'ကြားတောင် မကြားဖူးဘူး' ဟု ပြောလိုက်သောအခါ သူ ဒေါသထွက်သွားခဲ့ခြင်း ဖြစ်ပေ၏။
ထိုအချိန်က သူ၏ မာန်မာနသည် အထွတ်အထိပ်သို့ ရောက်နေချိန် ဖြစ်ရာ သူတစ်ပါးက သူ့ကို မသိဘူးဟု ပြောသည်ကို သည်းမခံနိုင်ခဲ့ပေ။
သူ့ကို လမ်းညွှန်ပေးခဲ့သူမှာမူ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေပြီး၊ သူ့ဂုဏ်သတင်းကို ဂရုမစိုက်သကဲ့သို့ နေတတ်သည်။
ဖူဟန်ယွမ်သည် အစပိုင်းတွင် ထိုသူက သူ့အတွက် ဝမ်းသာပေးမည်ဟု ထင်ခဲ့သော်လည်း အေးစက်သော တုံ့ပြန်မှုကိုသာ ရရှိခဲ့သဖြင့် စိတ်ပျက်ခဲ့ရလေသည်။
စကားပြောရာတွင် ပဋိပက္ခများ တဖြည်းဖြည်း ဖြစ်လာခဲ့ပြီး နောက်ဆုံးတွင် ထိုသူက မဲ့ပြုံး ပြုံးကာ ပြောလိုက်လေသည်။
"မြောက်ဘက်ဒေသလောက်မှာ နာမည်လေး နည်းနည်းရတာနဲ့ မင်းကိုယ်မင်း အထင်ကြီးနေတာလား... ဒီနေရာရဲ့ တောင်ဘက်မှာ ကောင်းကင်တံခါးတောင် ရှိတယ်... အဲဒီမှာ ကောင်းကင်ဓားဂိုဏ်း ရှိတယ်... ကျွမ်းကျင်သူတွေ အများကြီးပဲ... ကြုံရာ ကျွမ်းကျင်သူ တစ်ယောက်လောက်က မင်းကို သွားကျိုးအောင် ရိုက်လိုက်နိုင်တယ်..."
ဖူဟန်ယွမ်သည် သဘာဝကျကျပင် ထိုစကားများကို မကျေနပ်ခဲ့ပေ။
မထင်မှတ်ဘဲ ထိုသူက အကြံပြုလာသည်။ ဖူဟန်ယွမ် မကျေနပ်လျှင် သူကိုယ်တိုင် စမ်းသပ်ကြည့်နိုင်သည်။ သူသည် ကောင်းကင်ဓားဂိုဏ်း၏ ဓားသိုင်းကို အသုံးပြုမည် ဖြစ်ပြီး ဖူဟန်ယွမ် မည်သို့ တုံ့ပြန်နိုင်မည်ကို ကြည့်မည်ဟု ဆိုသည်။
နှစ်ဦးသား တိုက်ခိုက်ကြတော့သည်။
ထိုသူ၏ ဓားသိုင်းသည် ဖူဟန်ယွမ် ယခင်က ကြုံဖူးသမျှနှင့် မတူပေ။ သုံးကွက်အတွင်းမှာပင် သူ လုံးဝ ရှုံးနိမ့်သွားခဲ့ရလေသည်။
သို့သော် ဤရှုံးနိမ့်မှုက သူ့၏ ပြိုင်ဆိုင်လိုစိတ်ကို မီးလောင်ရာလေပင့် ဖြစ်စေခဲ့သည်။
ထိုအချိန်မှစ၍ ထိုသူသည် ကောင်းကင်ဓားဂိုဏ်း၏ သိုင်းကွက်များကို သုံးပြီး ဖူဟန်ယွမ်နှင့် လက်ရည်စမ်းခဲ့သည်။ ဤသို့ လေ့ကျင့်ပေးရင်းဖြင့် ကောင်းကင်ဓားဂိုဏ်းမှ ကျွမ်းကျင်သူများ၏ အကြောင်း၊ သူတို့၏ သိုင်းပညာများ၊ အားနည်းချက်များကို အကုန် ပြောပြခဲ့လေသည်။
အချိန်ကြာလာသော် ဖူဟန်ယွမ်သည် ဤအချက်အလက်များကို အလွတ်ရသွားခဲ့တော့သည်။
လအတန်ကြာ လေ့ကျင့်ပြီးနောက် ရုတ်တရက် ထိုသူက ဖူဟန်ယွမ်နှင့် လက်ရည်မစမ်းတော့ပေ။
ဖူဟန်ယွမ်က မေးမြန်းသောအခါ ထိုသူက ပြောလိုက်လေသည်။
"မင်းရဲ့ သိုင်းပညာက အနောက်တောင်ဘက် ဒေသကို စိန်ခေါ်ဖို့ လုံလောက်နေပြီ... မင်း သင်ယူထားတာတွေကို လက်တွေ့စမ်းသပ်ဖို့ အနောက်တောင်ဘက် သိုင်းလောကကို ခရီးထွက်သင့်ပြီ..."
ဖူဟန်ယွမ် ဝမ်းသာအားရ ဖြစ်သွားပြီး ချက်ချင်း ထွက်ခွာချင်စိတ် ဖြစ်ပေါ်လာသည်။
ထိုအခါ ထိုသူက မေးလိုက်လေသည်။
"ကနဦး သဘောတူညီချက်ကို မှတ်မိသေးရဲ့လား..."
ဖူဟန်ယွမ် ချက်ချင်း ခေါင်းညိတ်လိုက်သည်။ ထိုသူက သူ့ကို သိုင်းလောကတွင် နာမည်ကြီးအောင် ကူညီပေးမည်၊ အပြန်အလှန်အနေဖြင့် ဖူဟန်ယွမ်က ကိစ္စတစ်ခု လုပ်ပေးရမည် ဆိုသည့် ကတိကဝတ်ကို သူ မမေ့ပေ။
ထိုကိစ္စမှာ ကောင်းကင်ဓားဂိုဏ်းမှ ကျွမ်းကျင်သူများကို အနိုင်ယူပြီး ရွှေကျောက်စိမ်း ဆူးချွန် ကို တောင်းယူပေးရန် ဖြစ်လေသည်။
ဖူဟန်ယွမ် ချက်ချင်း သဘောတူလိုက်ပြီး ကောင်းကင်ဓားဂိုဏ်းသို့ ရောက်လာခဲ့ခြင်း ဖြစ်၏။
ကျန်သော အဖြစ်အပျက်များကိုမူ ရှိနေသူ အားလုံး သိရှိပြီးသား ဖြစ်ပေ၏။
...
...
သူ့စကားကို နားထောင်ပြီးနောက် အားလုံး တိတ်ဆိတ်ငြိမ်သက်သွားကြလေသည်။
အစပိုင်းတွင် အားလုံးက ဖူဟန်ယွမ်ကို ထိုလူစုနှင့် တစ်ဖွဲ့တည်းဟု ထင်ခဲ့ကြ၏။ သို့သော် သူ့စကားများသာ မှန်ကန်ပါက သူသည် နယ်ရုပ်လေး တစ်ရုပ် သက်သက်သာ ဖြစ်နေပေ၏။
သို့သော် နှစ်ပေါင်းများစွာ ဂရုတစိုက် ပြုစုပျိုးထောင်ထားသော နယ်ရုပ်လေး ဖြစ်နေသည်။
အစမှ အဆုံးထိ ပစ်မှတ်မှာ ကောင်းကင်ဓားဂိုဏ်း တစ်ခုတည်းသာ ဖြစ်လေသည်။
ယနေ့ ဖြစ်ပျက်ခဲ့သည်များကို သေချာ ပြန်စဉ်းစားကြည့်လိုက်ပါက၊ သူတို့၏ ရည်ရွယ်ချက်မှာ နန်းကုန်းယွီ ငါးနှစ်လုံးလုံး ချိပ်ပိတ်ထားသော ဓားစိတ်ဆန္ဒကို ထုတ်သုံးစေချင်ခြင်း ဖြစ်တန်ရာ၏။
ထိုဓားချက် ထွက်သွားပြီ ဆိုသည်နှင့် သူတို့အတွက် အတားအဆီး မရှိတော့ပေ။
ဤနယ်ရုပ်ကို နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်ခဲ့သော်လည်း အသုံးချပြီးသည်နှင့် လွယ်လွယ်ကူကူ စွန့်ပစ်လိုက်ကြ၏။ သူ ကောင်းကင်ဓားဂိုဏ်း လက်ထဲ အဖမ်းခံရမှာကိုလည်း ဂရုမစိုက်ကြပေ။
အကြောင်းမူကား အဖမ်းခံရလျှင်ပင် ဖူဟန်ယွမ်၏ စကားအရ သူသည် ဤလူများ၏ လှုပ်ရှားမှုအကြောင်း ဘာမှ မသိထားပေ။ ထို့ကြောင့် သူတို့အတွက် ဘာမှ ထိခိုက်နစ်နာစရာ မရှိခြင်းကြောင့် ဖြစ်လေသည်။