အခန်း (၁၇၈-၁၈၀)
Vol. 12 Ch. 178-180
အခန်း (၁၇၈) -ခံစားချက်ကို လျှို့ဝှက်ထားသော အထွတ်အထိပ် ပုဂ္ဂိုလ် (၃)
~အဖြစ်အပျက်များက ဤသို့ ဖြစ်ပျက်နေသော်လည်း၊ ထိုသူသည် ကောင်းကင်ဓားဂိုဏ်းအကြောင်းကို မျှော်လင့်ထားသည်ထက်ပင် ပိုမို နှံ့စပ်ကျွမ်းကျင်နေသည်မှာ အမှန်ပင်။
ဆုမိုသည် ရှေ့နောက် အဖြစ်အပျက်များကို ဆက်စပ်တွေးတောကြည့်လိုက်ရာ သံသယအရှိဆုံး လူမှာ ထုန်းယွင် သာ ဖြစ်ကြောင်း ကောက်ချက်ချမိလိုက်လေသည်။
ဖူဟန်ယွမ်သည် ကောင်းကင်ဓားဂိုဏ်း ကျွမ်းကျင်သူ အားလုံးနီးပါး၏ ဟာကွက်များကို သိရှိနေသော်လည်း၊ ထုန်းယွင်၏ ဟာကွက်ကိုမူ မသိရှိခဲ့ပေ။
ထို့အပြင် ထိုသူသည် ကောင်းကင်ဓားဂိုဏ်း၏ သိုင်းပညာများကိုလည်း ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားပြန်သည်။
ထုန်းယွင် ပျောက်ဆုံးသွားပြီးနောက် လခြမ်းကွေးဓား အခိုးခံလိုက်ရ၏။
ထို့နောက်တွင် ဖူဟန်ယွမ် ရောက်ရှိလာပြီး စိန်ခေါ်မှုများ ပြုလုပ်ခဲ့သည်။ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် တစ်ခုတည်းသော ရည်ရွယ်ချက်ကိုသာ ဦးတည်နေလေသည်... ထိုအရာမှာ ရွှေကျောက်စိမ်း ဆူးချွန် ကို ရယူရန်ပင် ဖြစ်၏။
သူ့အတွေးများ အဆုံးသတ်သွားချိန်မှာပင် လျူမိုက ဖုန်းဇီဟန်ကို မေးမြန်းလိုက်သည်ကို ကြားလိုက်ရ၏။
"ဆရာ့ကို မေးပါရစေ... အဆုံးမဲ့ဓား ထုန်းယွင်က ဒီနှစ်တွေအတွင်း ကောင်းကင်ဓားဂိုဏ်းကနေ ထွက်သွားဖူးလား..."
ဖုန်းဇီဟန်သည် သူ့ကို အေးစက်စွာ ကြည့်လိုက်ပြီး ခေါင်းကို အသာအယာ ခါယမ်းလိုက်လေသည်။
"စီနီယာဦးလေး ထုန်းယွင်က တောင်တံခါးမှာ တစ်သီးတစ်သန့် နေထိုင်တာ ကြာပါပြီ... ပုံမှန်ဆိုရင် နောက်ကျောဘက် တောင်ကုန်းမှာ ရှုခင်းကြည့်တာတို့၊ ခြံဝင်းထဲမှာ ရေနွေးကြမ်း သောက်တာတို့လောက်ပဲ လုပ်တတ်တာ... ကောင်းကင်ဓားဂိုဏ်းကနေ အပြင်ထွက်မသွားတာ ၁၀ နှစ်ကျော်ပါပြီ..."
လျူမို ခေါင်းညိတ်လိုက်သော်လည်း သူ၏ မျက်မှောင်များက ပို၍ တွန့်ချိုးသွားလေသည်။
နောက်ပိုင်းတွင် ဖူဟန်ယွမ်အား သူ့ဆရာအကြောင်း မေးမြန်းသောအခါ၌လည်း ရေရေရာရာ မသိရှိကြောင်း ဖြေကြားလေသည်။ ထိုသူသည် အသက်မကြီးသေးဘဲ အမူအရာကင်းမဲ့သော အဖြူရောင် မျက်နှာဖုံးကို တပ်ဆင်ထားကြောင်းသာ သိရ၏။
အကြောင်းပြချက်မှာမူ မွေးရာပါ ရုပ်ဆိုးသဖြင့် သူတစ်ပါး လန့်သွားမည် စိုးသောကြောင့် မျက်နှာဖုံး တပ်ဆင်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။
ရလဒ်အနေဖြင့် ၂ နှစ်၊ ၃ နှစ်ခန့် အတူနေထိုင်ခဲ့သော်လည်း ဖူဟန်ယွမ်သည် ထိုသူ၏ ရုပ်ရည်ကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
ထို့အပြင် နာမည်အရင်းကိုလည်း မသိရှိခဲ့ချေ။
အစပိုင်းတွင် ဖူဟန်ယွမ်က သူရဲကောင်းချင်း ကိုယ်ချင်းစာစိတ်နှင့် အချင်းချင်း လေးစားမှု ထားရှိကြသဖြင့် နာမည်မသိရှိခြင်းမှာ ကိစ္စမရှိဟု ထင်မှတ်ခဲ့သည်။
ယခုအချိန်မှသာ သူသည် အကြီးအကျယ် အရောင်းစားခံလိုက်ရပြီ ဖြစ်ကြောင်း သဘောပေါက်သွားရှာသည်။
ထိုသူထံမှ မည်သည့်အရာမျှ ထပ်မံ ရရှိနိုင်တော့မည် မဟုတ်ကြောင်း သိလိုက်ရသဖြင့် ဖုန်းဇီဟန်သည် လက်ကာပြပြီး ဖမ်းဆီးခေါ်ဆောင်သွားရန် အမိန့်ပေးလိုက်လေသည်။
ဖူဟန်ယွမ်သည် ဆွဲခေါ်ခံရရင်းဖြင့် အော်ဟစ်နေဆဲပင်။
"ကျွန်တော် အပြစ်မရှိပါဘူး... ကျွန်တော် တကယ် အပြစ်မရှိပါဘူးဗျာ..."
သို့သော် မည်သူကမျှ သူ့ကို ဂရုစိုက်ခြင်း မရှိကြပေ။
ယန်ရှောင်ယွင်သည် ရုတ်တရက် အတွေးနက်နေသကဲ့သို့ ဖြစ်သွားလေသည်။
"ဖူဟန်ယွမ်... မတရားမှုတွေကို ရင်ဝယ်ပိုက်ထားသူ ..."
သူမသည် ဆုမိုကို ကြည့်ပြီး ပြောလိုက်သည်။
"သူ့နာမည်ကို သူ့ဆရာ ပေးထားတာဆိုတော့... ကြည့်ရတာ အစကတည်းက နိမိတ်ပြထားသလိုပဲနော်..."
ဆုမို အံ့အားသင့်သွား၏။ ဤမျှအထိ နက်နက်ရှိုင်းရှိုင်း တွေးမိလိမ့်မည်ဟု မထင်ထားခဲ့မိပေ။
"အစ်မယွင်ရဲ့ အမြင်က တော်တော် ထူးခြားတာပဲ..."
သို့သော် ဖုန်းဇီဟန်နှင့် လျူမိုတို့၏ မျက်နှာများကို ကြည့်လိုက်သောအခါ သိပ်မကောင်းလှကြောင်း တွေ့ရ၏။
သူတို့သည် ဖူဟန်ယွမ်ထံမှ သဲလွန်စ တစ်ခုခု ရနိုင်မည်ဟု မျှော်လင့်ထားခဲ့ကြခြင်း ဖြစ်၏။
ယခုမူ မျှော်လင့်ချက်များ ပျက်သုဉ်းသွားပြီ ဖြစ်လေသည်။
ထိုအချိန်မှာပင် တံခါးပွင့်လာပြီး ကောင်းကင်ဓားဂိုဏ်း တပည့်တစ်ဦး ထွက်လာလေသည်။ သူ၏ မျက်လုံးများမှာ စူးရှနေ၏။
ဖုန်းဇီဟန်က လှမ်းမေးလိုက်သည်။
"ဂိုဏ်းချုပ်ကြီး နိုးပြီလား..."
"ဟုတ်ကဲ့... ဧည့်သည်တော်တွေကို အထဲဝင်ခဲ့ပါလို့ ဖိတ်ခေါ်နေပါတယ်..."
ထိုလူက ခေါင်းညိတ်လိုက်ပြီး ဆုမိုတို့ သုံးဦးကို စူးစူးရှရှ ကြည့်လိုက်သည်။
ဆုမိုနှင့် ယန်ရှောင်ယွင်တို့ ချက်ချင်း မတ်တတ်ရပ်လိုက်ကြ၏။
ကောင်းကင်ဓားဂိုဏ်းသို့ ရောက်ရှိနေမှတော့ အိမ်ရှင်ကို မတွေ့ဘဲ ပြန်၍ မဖြစ်ချေ။
စောစောက နန်းကုန်းယွီ မနိုးသေးသဖြင့် စောင့်ဆိုင်းနေကြခြင်း ဖြစ်၏။ ယခု နိုးပြီဖြစ်သဖြင့် လျူမို၏ ကိစ္စကိုလည်း ရှင်းပြပြီးပြီ ဖြစ်ရာ နန်းကုန်းယွီကို တွေ့ပြီးနောက် နှုတ်ဆက်ပြီး ပြန်နိုင်ပြီ ဖြစ်၏။
အထဲသို့ ဝင်ရောက်သွားကြပြီး အိပ်ခန်းဘက်သို့ ကွေ့ဝင်လိုက်ကြ၏။
တကယ်ပင် နန်းကုန်းယွီ နိုးထနေပြီ ဖြစ်ကာ ကုတင်စွန်းတွင် မှီထိုင်နေလေ၏။ ဧည့်သည်များကို မြင်လိုက်ရသောအခါ ဂိုဏ်းချုပ်အိုကြီးသည် ဆုမိုပင် ကြက်သီးထသွားစေမည့် အပြုအမူတစ်ခုကို ပြုလုပ်လိုက်လေသည်။
သူ ပြုံးပြလိုက်ခြင်းပင်...
ကောင်းကင်ဓားဂိုဏ်းတွင် လူတိုင်း မျက်နှာသေဖြင့် နေကြသည်တော့ မဟုတ်သော်လည်း၊ မျက်နှာအမူအရာ ရှိသူမှာ အလွန် ရှားပါးလှသည်။
ယခု သူက တကယ်ပင် ပြုံးပြလိုက်ခြင်း ဖြစ်လေသည်။
ဆုမို၏ ပထမဆုံး အတွေးမှာ ဂိုဏ်းချုပ်အိုကြီး နေရာတွင် တစ်ယောက်ယောက်များ လူစားဝင်နေသလား ဟူ၍ ဖြစ်၏။
ယန်ရှောင်ယွင်နှင့် လျူမိုတို့လည်း ကြောက်လန့်သွားကြပြီး ထောင်ချောက်ထဲ ရောက်နေသကဲ့သို့ ဘေးဘီဝဲယာကို အလိုလို ကြည့်မိလိုက်ကြလေသည်။
သူတို့၏ တုံ့ပြန်မှုကို မြင်သောအခါ နန်းကုန်းယွီသည် ခါးသက်သက် ပြုံးလိုက်မိရှာသည်။ မျက်ခွံများ တစ်ဝက်ခန့် မှေးနေသည်မှလွဲ၍ သာမန်လူ တစ်ဦးနှင့် ဘာမျှ မခြားနားပေ။
သူသည် လက်ကို အသာအယာ ဝှေ့ယမ်းပြီး ပြောလိုက်လေသည်။
"ဘာလို့ ဒီလောက်တောင် ကြောက်လန့်နေကြတာလဲ... ငါးနှစ်စာ ဓားစိတ်ဆန္ဒတွေကို ထုတ်လွှတ်လိုက်ရပြီး ပြင်းထန်တဲ့ ဒဏ်ရာရသွားတော့... အတွင်းအားက ဆယ်ပုံတစ်ပုံလောက်ပဲ ကျန်တော့တာ... ထက်မြက်မှုတွေ အကုန် ပျောက်ကွယ်ကုန်ပြီလေ... ပြန်မကောင်းခင် စပ်ကြားမှာတော့ မျက်နှာအမူအရာတွေက သာမန်လူတွေနဲ့ ဘာမှ မခြားတော့ပါဘူး..."
သူသည် ပြဿနာ၏ အရင်းအမြစ်ကို သိရှိနေသဖြင့် ချက်ချင်း ရှင်းပြလိုက်ခြင်း ဖြစ်၏။
ဆုမို အံ့သြတကြီး ရေရွတ်လိုက်မိသည်။
"ဒါဆိုရင်... ကောင်းကင်ဓားဂိုဏ်းက အပြင်မှာ ပြောနေကြသလို ရက်စက်ကြမ်းကြုတ်တာ မဟုတ်ဘူးပေါ့..."
"ရက်စက်တာ မဟုတ်ရုံတင် မကဘူး..."
နန်းကုန်းယွီက ဆက်ပြောလိုက်သည်။
"တကယ်တမ်းကျတော့ သာမန်လူတွေထက်တောင် ပိုပြီး ခံစားလွယ်ကြပါသေးတယ်... ငါတို့ရဲ့ သိုင်းပညာက အထွတ်အထိပ်သို့ ရောက်လျှင် ခံစားချက်ကို မေ့လျော့ရမည် ဆိုပြီး ကောင်းကင်နှင့် လူသား တသားတည်းဖြစ်ခြင်း ကို ရည်မှန်းထားတာပါ... ဒါပေမဲ့... ဂိုဏ်းကို တည်ထောင်ခဲ့တဲ့ ဘိုးဘေးကြီးက ပါရမီရှင် ပီသစွာနဲ့ ဓားသိုင်းရဲ့ ကြမ်းတမ်းမှုက ခံစားချက်ရဲ့ ပြင်းထန်မှုအပေါ်မှာ မူတည်တယ်လို့ ယုံကြည်ခဲ့တယ်... ဒါကြောင့် မေ့လျော့ ဆိုတဲ့ စကားလုံးကို လျှို့ဝှက် ဆိုတဲ့ စကားလုံးနဲ့ အစားထိုးလိုက်တာ..."
"ဆန္ဒကို အတွင်းမှာ လျှို့ဝှက်ထားမယ်... ဓားကို ဓားအိမ်ထဲမှာ လျှို့ဝှက်ထားမယ်... ခံစားချက်ကို နှလုံးသားထဲမှာ လျှို့ဝှက်ထားမယ်..."
"ဒီနည်းနဲ့ လူနဲ့ ဓား တသားတည်း ဖြစ်လာပြီး အထွတ်အထိပ် ဓားသိုင်းကို ဖန်တီးနိုင်မှာပါ..."
"ဒါကို ငါတို့ဂိုဏ်းမှာ လူနှင့် ဓား တသားတည်းဖြစ်ခြင်း လို့ ခေါ်ကြတယ်..."
"ဒါပေမဲ့ ဒီနည်းလမ်းကို ကျင့်ကြံရင် ထက်မြက်မှုက လွန်ကဲလွန်းတယ်... ထက်မြက်မှုက အပြင်ကို ထွက်လာပြီး ခံစားချက်တွေက အတွင်းမှာ ပုန်းအောင်းနေတော့ လူရဲ့ စိတ်နေသဘောထားကို ထိခိုက်စေတာပေါ့..."
"အပြင်ပန်းမှာတော့ ခံစားချက်ကို ထုတ်ဖော်ပြသဖို့ ခက်ခဲလာတယ်... ခံစားချက်ကို လျှို့ဝှက်ထားရမယ် ဆိုမှတော့ ဘယ်လိုလုပ် ထင်ရှားအောင် ပြနိုင်ပါ့မလဲ... ဒါကြောင့် မလွှဲမရှောင်သာဘဲ တင်းမာခက်ထန်တဲ့ ပုံစံ ပေါက်သွားရတာပါ..."
"ဒါပေမဲ့ အတွင်းစိတ်မှာတော့ ခံစားလွယ်ပြီး စဉ်းစားတွေးခေါ်တတ်ကြပါတယ်... ဒါပေမဲ့ လျှို့ဝှက် ဆိုတဲ့ စကားလုံး တစ်လုံးကြောင့် ထုတ်ဖော်ပြသဖို့ နည်းလမ်းမရှိ ဖြစ်နေရတာ... ဒါကြောင့် လောကကြီးက အထင်လွဲပြီး ကောင်းကင်ဓားဂိုဏ်း တပည့်တိုင်းက ဓားသွားလို အေးစက်တယ်လို့ ထင်နေကြတာ..."
"စိတ်မကောင်းစရာက အတွင်းအားကျင့်စဉ်ကြောင့် ကောင်းကင်ဓားဂိုဏ်း တပည့်အများစုက စကားပြော မကောင်းကြဘူး... အထင်လွဲခံရရင်တောင် ရှင်းပြဖို့ အခွင့်အရေး မရှိကြဘူး..."
"အချိန်ကြာလာတော့ ငါတို့လည်း ဒါကို လက်ခံလိုက်ရတော့တာပါပဲ..."
နန်းကုန်းယွီသည် ဆုမိုတို့ကို ပြင်ပလူဟု သဘောမထားဘဲ ကောင်းကင်ဓားဂိုဏ်း၏ အတွင်းအား သဘောတရားကို ပွင့်ပွင့်လင်းလင်း ဖွင့်ချပြလိုက်လေသည်။
ဆုမိုနှင့် ယန်ရှောင်ယွင်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ လျူမိုပင်လျှင် ကောင်းကင်ဓားဂိုဏ်းသားများသည် အပြင်ပန်း အေးစက်ပြီး အတွင်းစိတ် နွေးထွေးသည်ကို သိရှိသော်လည်း ဤကဲ့သို့သော အခြေခံ အကြောင်းရင်းကိုမူ မသိရှိခဲ့ပေ။
အထွတ်အထိပ်သို့ ရောက်လျှင် ခံစားချက်ကို မေ့လျော့ရမည်... အထွတ်အထိပ်သို့ ရောက်လျှင် ခံစားချက်ကို လျှို့ဝှက်ထားရမည်...
စကားလုံး တစ်လုံးတည်း ကွာခြားသော်လည်း အဓိပ္ပာယ်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားသွားလေသည်။ ထို့ကြောင့်လည်း ဖြောင့်မတ်သော ဂိုဏ်းများက သူတို့ကို အသိအမှတ် မပြုကြခြင်း ဖြစ်တန်ရာ၏။
ကွာခြားချက်မှာ အလွန် ကြီးမားလွန်းလှပေ၏။
"ဒီနေ့ ကိစ္စကို မင်းတို့ နားလည်သွားပြီ ဆိုတော့..."
ရှင်းပြပြီးနောက် နန်းကုန်းယွီက အားလုံးကို ထိုင်ခိုင်းလိုက်လေသည်။ ထို့နောက် သက်ပြင်းချပြီး ဆက်ပြောသည်။
"ရွှေကျောက်စိမ်း ဆူးချွန် ကို ကောင်းကင်ဓားဂိုဏ်းမှာ သိမ်းဆည်းထားတာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပြီ... ဂျူနီယာ ထုန်းယွင် ပျောက်ဆုံးသွားပြီး လခြမ်းကွေးဓား အခိုးခံရကတည်းက ဒီလူတွေရဲ့ ပစ်မှတ်က ရွှေကျောက်စိမ်း ဆူးချွန် ဖြစ်မယ်လို့ ငါတို့ မျှော်လင့်ထားခဲ့ပြီးသားပါ..."
"ဒါပေမဲ့ ဖူဟန်ယွမ် ဆိုတဲ့ ရှုပ်ထွေးမှု ပေါ်လာမယ်လို့ ထင်မထားခဲ့ဘူး..."
"ငါက လူအင်အားကို တတ်နိုင်သမျှ တိုးမြှင့်ထားခဲ့ပေမယ့်... နောက်ဆုံးတော့ ငါတို့ဘက်က ညံ့ဖျင်းသွားခဲ့တယ်... ရွှေကျောက်စိမ်း ဆူးချွန် ပါသွားခဲ့ပြီ..."
"ရယ်စရာကောင်းတာက... ဒီနေ့ထိ ငါတို့ရဲ့ ရန်သူ အစစ်အမှန်က ဘယ်သူလဲ ဆိုတာ မသိရသေးတာပဲ..."
"ခေါင်းဆောင်ဆု... မင်းကို အားနာစရာ ဖြစ်သွားပြီ..."
ဆုမိုက ကိစ္စမရှိကြောင်း လက်ကာပြလိုက်သည်။
သို့သော် သူသည် စဉ်းစားခန်း ဝင်နေရင်း မေးလိုက်လေသည်။
"ဂိုဏ်းချုပ်နန်းကုန်း... လခြမ်းကွေးဓား အခိုးခံရတာနဲ့ အဆုံးမဲ့ဓား ထုန်းယွင် ပျောက်ဆုံးတာက ရွှေကျောက်စိမ်း ဆူးချွန် နဲ့ ပတ်သက်နေတယ်လို့ ဘယ်လို ကောက်ချက်ချလိုက်တာလဲ ခင်ဗျ..."
"ဟင်..."
နန်းကုန်းယွီ ခဏ ရပ်တန့်သွားပြီး နဖူးကို ရိုက်လိုက်သည်။
"ဟိုက်၊ ငါ ပြောပြဖို့ မေ့သွားတယ်... ရွှေကျောက်စိမ်း ဆူးချွန် သိမ်းထားတဲ့ နေရာကို ဝင်ဖို့အတွက် လခြမ်းကွေးဓား ကို သော့အဖြစ် သုံးမှ ရတာလေ... ပြီးတော့ ဒီလျှို့ဝှက်နေရာကို ငါရယ်၊ ဂျူနီယာ ထုန်းယွင်ရယ်... နှစ်ယောက်တည်းပဲ သိကြတာ..."
ထိုစကားကို ကြားသောအခါ ဆုမို၏ မျက်ခုံးများ အနည်းငယ် လှုပ်ရွသွားလေသည်။
"ဂိုဏ်းချုပ်နန်းကုန်း... စိတ်မရှိပါနဲ့... ကျွန်တော် နောက်ထပ် မေးခွန်းတစ်ခုလောက် တဲ့တိုးမေးပါရစေ... ခင်ဗျား အဲဒီ အနက်ရောင်ဝတ် လူကို တွေ့တုန်းက ဘယ်ရောက်နေတာပါလဲ..."
"... ရတနာသိုလှောင်ခန်း ဝင်ပေါက်မှာပါ... အထဲမှာ မီးလောင်နေတော့ ရွှေကျောက်စိမ်း ဆူးချွန် ဘေးကင်းပါ့မလားလို့ စိုးရိမ်ပြီး သွားကြည့်တာ... ရောက်သွားတော့ ဆူးချွန်က ဘာမှမဖြစ်ဘဲ ရှိနေသေးတယ်... အဲဒီအစား ဒီလူစုက ရုတ်တရက် ပေါ်လာတာပဲ..."
နန်းကုန်းယွီသည် ဒီနေရာရောက်သောအခါ သက်ပြင်းများ တရစပ် ချလိုက်မိလေသည်။
"တကယ်တော့... ငါ့မျက်စိရှေ့မှာတင် အဲဒီလူတွေက လခြမ်းကွေးဓား ကို သုံးပြီး သိုလှောင်ခန်း တံခါးကို ဖွင့်ကာ ရွှေကျောက်စိမ်း ဆူးချွန် ကို ယူသွားကြတာပါ..."
ဆုမို သက်ပြင်းချလိုက်မိသည်။
'ဒီကိစ္စက... ငါ ထင်ထားတာနဲ့ တလွဲစီ ဖြစ်နေပြန်ပြီ…’
အခန်း (၁၇၉) - အပြန်ခရီး
~ကောင်းကင်ဓားဂိုဏ်းနှင့် ပတ်သက်သည့် အဖြစ်အပျက်များကို ပြန်ကြည့်လိုက်လျှင် ဤဇာတ်လမ်း၏ အစသည် ကောင်းကင်တံခါး အာမခံဌာနမှ ကျိဝမ်လီ၏ အာမခံလုပ်ငန်း တစ်ခု ပို့ဆောင်ခြင်းမှ စတင်ခဲ့သည်။
ထုန်းယွင်သည် ဤအလုပ်ကြောင့် စိတ်ရှုပ်ထွေးသွားပြီး နောက်ဆုံးတွင် ပျောက်ဆုံးသွားခဲ့သည်။
ထို့နောက် လခြမ်းကွေးဓား အခိုးခံလိုက်ရ၏။ ဤအချက်ကြောင့် နန်းကုန်းယွီသည် နောက်ကွယ်မှ ကြိုးကိုင်သူ၏ ရည်ရွယ်ချက်မှာ ရွှေကျောက်စိမ်း ဆူးချွန် ဖြစ်ကြောင်း ရိပ်မိပြီး သတိထား စောင့်ကြည့်ခဲ့သည်။
ဖူဟန်ယွမ်၏ စိန်ခေါ်မှုသည် ရန်သူ၏ အစီအစဉ်တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း သေချာသွားပြီ ဖြစ်၏။
သူတို့၏ ရည်ရွယ်ချက်မှာ နန်းကုန်းယွီအား ဓားထုတ်သုံးစေရန် ဖိအားပေးခြင်း ဖြစ်နိုင်ခြေ အလွန်များသည်။
တချိန်တည်းမှာပင် ကောင်းကင်ဓားဂိုဏ်း တပည့်အဖြစ် ရုပ်ဖျက်ထားသူ တစ်ဦးက ဂိုဏ်းအတွင်း နေရာအနှံ့ မီးရှို့ခဲ့သဖြင့် ကောင်းကင်ဓားဂိုဏ်းသားများ အခြားကိစ္စများကို အာရုံမစိုက်နိုင်အောင် အလုပ်ရှုပ်သွားစေခဲ့သည်။
ရွှေကျောက်စိမ်း ဆူးချွန် ၏ လုံခြုံရေးကို စိုးရိမ်သဖြင့် နန်းကုန်းယွီသည် သွားရောက် စစ်ဆေးခဲ့ရာ နောက်ဆုံးတွင် ခြေရာခံ လိုက်ခြင်း ခံခဲ့ရ၏။
ကျူးလွန်သူသည် ကိုယ်ထင်ပြပြီး နန်းကုန်းယွီ၏ ရှေ့မှောက်တွင် ရတနာသိုလှောင်ခန်းကို ဖွင့်ကာ ရွှေကျောက်စိမ်း ဆူးချွန် ကို ခိုးယူသွားခဲ့သည်။
ထို့အပြင် နန်းကုန်းယွီကို နေရာတင် သတ်ဖြတ်ရန် ကြိုးစားခဲ့သေးသည်။ ဆုမိုသာ အချိန်မီ ရောက်မလာခဲ့လျှင် နန်းကုန်းယွီသည် ကံဆိုးမိုးမှောင်ကျသွားမည်မှာ အသေအချာပင်။
ဤဖြစ်ရပ်တစ်ခုလုံးတွင် အဓိက သော့ချက်အချို့ ရှိနေသည်။
ပထမအချက်မှာ လခြမ်းကွေးဓား ကို ခိုးယူသွားသူ၏ အမည်နာမ ဖြစ်၏။
ဤလူသည် ကောင်းကင်ဓားဂိုဏ်း၏ သိုင်းပညာများကို အလွန် ကျွမ်းကျင်သူ ဖြစ်၏။ ဝမ်ဖုန်းရေကန် အတွင်းသို့ လွယ်ကူစွာ ဝင်ရောက်ပြီး ဓားကို ယူဆောင်ကာ ထွက်သွားနိုင်ခဲ့သည်။ ကောင်းကင်ဓားဂိုဏ်းက ပတ်ဝန်းကျင် တဝိုက်ကို ပိတ်ဆို့ ရှာဖွေခဲ့သော်လည်း ဤလူ၏ ခြေရာခံကို မတွေ့ရှိခဲ့ပေ။
ဆိုလိုသည်မှာ ဤလူသည် ကောင်းကင်ဓားဂိုဏ်း ပတ်ဝန်းကျင် မြေအနေအထားကိုလည်း အလွန် ကျွမ်းကျင်ကြောင်း ပြသနေသည်။
ဒုတိယအချက်မှာ ကျိဖေးယန်ကို လိုက်လံတိုက်ခိုက်ခဲ့သူ၏ အမည်နာမ ဖြစ်၏။
ဤလူသည် ကောင်းကင်ဓားဂိုဏ်း၏ သိုင်းပညာများကို ကျွမ်းကျင်ပိုင်နိုင်ပြီး၊ ကျိဖေးယန်ကို တိုက်ခိုက်ရာတွင် ဂိုဏ်း၏ ဓားသိုင်းများကို အသုံးပြုခဲ့သည်။ ထို့ကြောင့် ယခုအချိန်ထိ ကျိဖေးယန်သည် သူ့ဖခင် ကျိဝမ်လီ သေဆုံးရခြင်းမှာ ကောင်းကင်ဓားဂိုဏ်း၏ လက်ချက်ဟု ယုံကြည်နေခြင်း ဖြစ်၏။
အမှန်စင်စစ် ခံစားချက်ခုနစ်ချက်သေဆုံးခြင်းမဲ့ဓား သည် တုပရန် အလွန် ခက်ခဲသော သိုင်းပညာ ဖြစ်၏။
တတိယအချက်မှာ ဖူဟန်ယွမ်ကို လမ်းညွှန်ပေးခဲ့သူ၏ အမည်နာမ ဖြစ်၏။
ဤလူသည် ကောင်းကင်ဓားဂိုဏ်းအကြောင်းကို အလွန် နှံ့စပ်ကျွမ်းကျင်သူ ဖြစ်၏။ သိုင်းပညာများကို တတ်မြောက်ထားရုံသာမက ဂိုဏ်းသားတစ်ဦးချင်းစီ၏ အားနည်းချက်များကိုပါ တိတိကျကျ သိရှိနေသည်။
ဤမျှလောက် သိရှိနေခြင်းသည် အလွန် ရင်းနှီးသော မိတ်ဆွေတစ်ဦးမှလွဲ၍ မဖြစ်နိုင်ပေ။
နောက်ထပ် အချက်တစ်ချက် ရှိသေးသည်။ ဤလူသည် ကောင်းကင်ဓားဂိုဏ်းသား အားလုံး၏ အားနည်းချက်များကို သိရှိသော်လည်း ထုန်းယွင်ကိုမူ ချန်လှပ်ထားခဲ့ခြင်း ဖြစ်၏။
ဒါကို တိုက်ဆိုင်မှုလို့ ပြောရင် ယုံနိုင်စရာ ရှိပါဦးမလား။
ဤအချက်သုံးချက်ကို ပေါင်းစပ်လိုက်သောအခါ ဆုမိုသည် နောက်ကွယ်မှ ထုန်းယွင်၏ အခန်းကဏ္ဍမှာ သူ အစက ထင်ထားသလောက် ရိုးရှင်းမည် မဟုတ်ကြောင်း အမြဲတမ်း ခံစားနေရ၏။
ကောင်းကင်ဓားဂိုဏ်းသားများ၏ အားနည်းချက်များကို ဖော်ထုတ်ပေးခဲ့သူမှာ ဤလူပင် ဖြစ်နိုင်ခြေ များသည်။
ထို့အပြင် ဤလူသည် ကောင်းကင်ဓားဂိုဏ်း၏ သိုင်းပညာများကို ပြင်ပလူများအား သင်ကြားပေးခဲ့သူလည်း ဖြစ်နိုင်သည်။
အကယ်၍ ဤကောက်ချက်သာ မှန်ကန်ပါက ထုန်းယွင်နှင့် နောက်ကွယ်မှ ကြိုးကိုင်သူတို့သည် ပူးပေါင်းကြံစည်ပြီး ရွှေကျောက်စိမ်း ဆူးချွန် ကို ရယူရန် ကြိုးစားနေကြခြင်း ဖြစ်ပေမည်။
သို့သော် ပြဿနာက ဤနေရာတွင် ရှိနေပြန်သည်။
နန်းကုန်းယွီ ပြောသည်မှာ လခြမ်းကွေးဓား သည် ရတနာသိုလှောင်ခန်း၏ သော့ဖြစ်ပြီး၊ သိုလှောင်ခန်း တည်နေရာကို သူနှင့် ထုန်းယွင် နှစ်ဦးတည်းသာ သိရှိသည်ဟု ဆိုသည်။
ဤအချက်က ဆုမို၏ ယခင် ယူဆချက်များ အားလုံးကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားစေသည်။
အကယ်၍ ထုန်းယွင်သာ တစ်ဖက်လူနှင့် ပူးပေါင်းနေသည် ဆိုပါက၊ အခြားအရာ အားလုံးကို ပြောပြပြီး သိုလှောင်ခန်း တည်နေရာကိုကျ ဘာကြောင့် ထိမ်ချန်ထားရသနည်း။
အဲဒီအစား ကောင်းကင်ဓားဂိုဏ်းမှာ မီးရှို့ပြီး မြွေကို တွင်းထဲကနေ မျှားခေါ်တဲ့ နည်းဗျူဟာကို ဘာကြောင့် သုံးရသလဲ။
ဒါက ဆုမိုရဲ့ စိတ်ထဲမှာ ရှင်းလင်းနေပြီးသား အခြေအနေကို ပြန်လည် ရှုပ်ထွေးသွားစေပြန်သညါ။
ထုန်းယွင်က ကောင်းကင်ဓားဂိုဏ်းကို နှစ်ပေါင်းများစွာ သစ္စာဖောက်ပြီးမှ ရုတ်တရက် နောင်တရသွားတာများလား။
ဒါကိုတော့ နန်းကုန်းယွီ ရှေ့မှာ ထုတ်ပြောလို့ မဖြစ်သည်ကိုး။
ထိုစဉ် လျူမိုက မေးလိုက်သည်။
"ဂိုဏ်းချုပ်နန်းကုန်းကို မေးပါရစေ... ရွှေကျောက်စိမ်း ဆူးချွန် ဆိုတာ တကယ်တော့ ဘာပစ္စည်းလဲ... ဘာလို့ တစ်ဖက်လူက နှစ်ပေါင်းများစွာ လိုချင်နေရတာလဲ..."
ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည်လည်း နန်းကုန်းယွီကို စိတ်ဝင်တစား ကြည့်လိုက်ကြ၏။
မထင်မှတ်ဘဲ ဂိုဏ်းချုပ်အိုကြီးက အူကြောင်ကြောင် ရယ်မောလိုက်လေသည်။
"ဒါကတော့... တကယ်တမ်းကျတော့ ငါလည်း သိပ်မသိပါဘူး..."
"..."
ဆုမို အပါအဝင် သုံးယောက်သား ဘာပြောရမှန်းမသိ ဖြစ်သွားကြ၏။
'တကယ် မသိတာလား...'
"တကယ်တော့... ငါ သိပ်ဂရုမစိုက်မိတာပါ..."
နန်းကုန်းယွီက တဟီးဟီး ရယ်မောလိုက်သည်။
"ငါတို့ ကောင်းကင်ဓားဂိုဏ်းက အထွတ်အထိပ်သို့ ရောက်လျှင် ခံစားချက်ကို လျှို့ဝှက်ထားရမည် ဆိုတဲ့ ကျင့်စဉ်ကို လေ့ကျင့်ထားပြီး ခံစားချက်အားလုံးကို ဓားအပေါ်မှာပဲ ပုံအောထားတာလေ... ဒါကြောင့် ဓားက လွဲရင် တခြား ဘာကိုမှ မလိုချင်တော့ဘူး..."
"ရွှေကျောက်စိမ်း ဆူးချွန် က အရေးကြီးတဲ့ ကိစ္စတွေနဲ့ ပတ်သက်နေပုံ ရပေမယ့်၊ ငါတို့ဂိုဏ်းရဲ့ မျိုးဆက်အဆက်ဆက်က ဒါကို အလေးအနက် မထားခဲ့ကြဘူး..."
"ဒါက ၇ ဆက်မြောက် ဘိုးဘေးကြီး သိုင်းလောကထဲ ခြေချတုန်းက ပြန်ယူလာတဲ့ ပစ္စည်းတစ်ခုပါပဲ... သူကိုယ်တိုင် သိုလှောင်ခန်း ဆောက်လုပ်တာကို ကြီးကြပ်ခဲ့ပြီး လခြမ်းကွေးဓား ဆိုတဲ့ သော့ကို ဖန်တီးခဲ့တာ..."
"၇ ဆက်မြောက် ဘိုးဘေးကြီး ကွယ်လွန်သွားပြီးနောက် လခြမ်းကွေးဓား ကို ဝမ်ဖုန်းရေကန် ထဲမှာ ထားလိုက်တယ်... အဲဒီအချိန်ကစပြီး ဘယ်သူမှ သိပ်ဂရုမစိုက်ကြတော့ဘူး..."
"မျိုးဆက်အဆက်ဆက်မှာ သိုလှောင်ခန်းအကြောင်း သိတဲ့သူက နှစ်ယောက်တည်း ရှိတတ်တယ်... ဂိုဏ်းချုပ်ရယ်၊ ရတနာထိန်းရယ်ပေါ့... အင်း... အခုကတော့ စီနီယာဦးလေး ထုန်းယွင် ပေါ့..."
ဒီစကားကို ကြားတော့ ဆုမို မျက်နှာထား ထူးဆန်းသွား၏။
"ဒါဆို... ဂိုဏ်းချုပ်ကြီးက စောစောက လူအင်အား တိုးမြှင့်တယ်ဆိုတာ... ဘာကို ဆိုလိုတာလဲ..."
"ဪ... သာမန်တပည့်တွေက သိုလှောင်ခန်း ဘယ်နားမှာ ရှိမှန်းမှ မသိကြတာ... ဒါပေမဲ့ ကောင်းကင်ဓားဂိုဏ်း နယ်မြေထဲမှာ ရှိတာတော့ သေချာတယ်လေ... ဒါကြောင့် တပည့်တွေကို အဲဒီနားတစ်ဝိုက် မကြာခဏ ကင်းလှည့်ခိုင်းလိုက်ရုံပါပဲ..."
နန်းကုန်းယွီက ခေါင်းခါလိုက်သည်။
"ဖူဟန်ယွမ်ရဲ့ စိန်ခေါ်မှုက တပည့်တချို့ကို ပွဲကြည့်ဖို့ ဆွဲဆောင်သွားမယ်၊ ပြီးတော့ ဒီလူတွေက လျှို့ဝှက်မီးရှို့ပြီး တပည့်အများစုကို မီးငြှိမ်းဖို့ ဆွဲခေါ်သွားမယ်လို့ ဘယ်သူက ထင်မှာလဲ... ရလဒ်အနေနဲ့... ရွှေကျောက်စိမ်း ဆူးချွန် ပါသွားတာပေါ့..."
"ဒါပေမဲ့ ပါသွားလည်း ကိစ္စမရှိပါဘူး... ဘာပဲဖြစ်ဖြစ် ဒါက ကောင်းကင်ဓားဂိုဏ်းပိုင် ပစ္စည်းမှ မဟုတ်တာ... ပျောက်သွားလည်း ဘာမှမဖြစ်ပါဘူး..."
သူက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ ကြည့်ရတာ ရွှေကျောက်စိမ်း ဆူးချွန် ကို စိတ်ဝင်စားမှု ပျောက်ဆုံးနေတာ ကြာပြီပုံရ၏။
ဆုမိုသည် ရယ်ရမလို၊ ငိုရမလို ဖြစ်သွားပြီး ခပ်ဖျော့ဖျော့ ရယ်မောလိုက်လေသည်။
"ဂိုဏ်းချုပ်နန်းကုန်းက တကယ့်ကို လောကီအရာတွေကို စွန့်လွှတ်ထားနိုင်တာပဲ..."
"စွန့်လွှတ်နိုင်တာရယ်လို့တော့ မဟုတ်ပါဘူး..."
နန်းကုန်းယွီ သက်ပြင်းချလိုက်သည်။
"ငါက တကယ် စိတ်မဝင်စားတာပါ... ဒါပေမဲ့ ဘိုးဘေးတွေက မှာကြားထားတဲ့ တာဝန်ဆိုတော့ လစ်လျူရှုလို့ မရဘူးလေ... အခု ပျောက်သွားပြီဆိုတော့လည်း တစ်မျိုးကောင်းတာပေါ့... နောက်မှ တပည့်တွေကို လိုက်စုံစမ်းခိုင်းလိုက်မယ်... လုပ်နိုင်သလောက် လုပ်ကြည့်တာပေါ့... နှစ်တစ်ရာ ကြာလို့ ၇ ဆက်မြောက် ဘိုးဘေးကြီးနဲ့ ပြန်တွေ့ရင် တင်ပြစရာ ရှိအောင်လို့ပါ…”
အခန်း (၁၈၀) - အပြန်ခရီး (၂)
~ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ရယ်ချင်နေသော စိတ်ကို မနည်း ထိန်းချုပ်လိုက်ရလေသည်။
နောက်ကွယ်မှ ကြိုးကိုင်သူပင်လျှင် နန်းကုန်းယွီသည် ရွှေကျောက်စိမ်း ဆူးချွန် အပေါ် ဤကဲ့သို့ သဘောထားလိမ့်မည်ဟု မျှော်လင့်ထားမည် မဟုတ်ပေ။
ထိုအချိန်တွင် လျူမိုက ဝင်ရောက် မေးမြန်းလိုက်သည်။
"ဂိုဏ်းချုပ်ကြီးဆီမှာ စုံစမ်းစစ်ဆေးဖို့ သဲလွန်စများ ရှိပါသလား..."
"ဟင်..."
နန်းကုန်းယွီသည် လျူမိုကို ကြည့်လိုက်ပြီး အနည်းငယ် ဇဝေဇဝါ ဖြစ်သွားပုံ ရ၏။
"ခေါင်းဆောင်လျူ က ဒီကိစ္စကို တော်တော် စိတ်ဝင်စားနေပုံပဲ..."
လျူမိုသည် ခဏမျှ စဉ်းစားပြီးနောက် သက်ပြင်းချလိုက်ကာ ဆုမိုနှင့် အဖွဲ့သားများကို ပြောပြခဲ့သည့် စိုးရိမ်ပူပန်မှုများကို ပြန်လည် ပြောပြလိုက်လေသည်။
နောက်ဆုံးတွင် သူက နိဂုံးချုပ်လိုက်၏။
"ကျွန်တော်က ရွှေကျောက်စိမ်း ဆူးချွန် ကို ဂရုမစိုက်ပါဘူး... ဒါပေမဲ့ ထုန်းယွင် ကိုတော့ ရှာတွေ့မှ ဖြစ်မယ်... ဘာပဲဖြစ်ဖြစ် ဒီကိစ္စကို အဖြေရှာရမယ်... ကျေးဇူးပြုပြီး ဂိုဏ်းချုပ်နန်းကုန်း ခွင့်ပြုပေးပါ..."
"ဪ... ဒီလိုကိုး..."
နန်းကုန်းယွီသည် မုတ်ဆိတ်မွေးများကို သပ်ရင်း နောက်ဆုံးတွင် ခေါင်းညိတ်လိုက်လေသည်။
"မင်းရဲ့ အကြောင်းပြချက်က ခိုင်လုံပါတယ်... မင်းအဖေရဲ့ ယုတ္တိဗေဒက မှားယွင်းနေပေမယ့် ဒီဝန်ထုပ်ဝန်ပိုးက မင်းပခုံးပေါ် ရောက်လာမှတော့ လစ်လျူရှုထားလို့ မဖြစ်ဘူးလေ... စီနီယာဦးလေးကို လိုက်ရှာတာက ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စပါ..."
"ဒီလိုလုပ်ကြတာပေါ့... မနက်ဖြန်ကျရင် ဖုန်းပိုင်ချွမ်နဲ့ တခြားသူတွေ ယွဲ့ကျန်း စံအိမ်ကို သွားပြီး သဲလွန်စ ရှာကြလိမ့်မယ်... မြေပုံကို အခြေခံပြီး စီနီယာဦးလေးကို ခြေရာခံနိုင်မလားလို့လေ... မင်း သူတို့နဲ့ လိုက်သွားလို့ ရတယ်..."
"အဲဒီထဲမှာ ကောင်းကင်ဓားဂိုဏ်းရဲ့ ရှေးဘိုးဘေးတွေ သိုင်းလောကအနှံ့ လှည့်လည်တုန်းက မှတ်တမ်းတင်ထားတဲ့ အချက်အလက်တွေ ရှိတယ်... ၇ ဆက်မြောက် ဘိုးဘေးကြီးရဲ့ ရွှေကျောက်စိမ်း ဆူးချွန် နဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေလည်း ပါဝင်တယ်..."
"တကယ်လို့ စီနီယာဦးလေးက ရွှေကျောက်စိမ်း ဆူးချွန် နဲ့ ပတ်သက်နေတယ်ဆိုရင်... ဆူးချွန်ရဲ့ မူလဇာစ်မြစ်ကို ဖော်ထုတ်လိုက်တာနဲ့ သဲလွန်စတချို့ ရလာနိုင်တယ်..."
"ဒါပေမဲ့ နှစ်ပေါင်းများစွာ ငြိမ်းချမ်းနေခဲ့တော့... ဒီစာကို ရှာတွေ့ဖို့ လွယ်ပါ့မလား ဆိုတာတော့ စိုးရိမ်မိတယ်..."
"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ကြီး... ကူညီပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်..."
လျူမို ဝမ်းသာအားရ ဖြစ်သွားပြီး ချက်ချင်းပင် ဦးညွှတ်အရိုအသေ ပြုလိုက်လေသည်။
"ရပါတယ်... ရပါတယ်..."
နန်းကုန်းယွီက လက်ကာပြလိုက်ပြီးနောက် ဆုမိုဘက်သို့ လှည့်လိုက်သည်။
"ခေါင်းဆောင်ဆု က တကယ့်ကို ရက်ရောတဲ့သူပါပဲ... မူလက ကောင်းကင်ဓားဂိုဏ်းရဲ့ အကူအညီကို လာတောင်းတာပါ... ဒါပေမဲ့ အခုတော့ ဒီပြဇာတ်ကြီးရဲ့ သက်သေ ဖြစ်လာရုံတင်မကဘဲ ငါ့အသက်ကိုပါ ကယ်တင်ပေးခဲ့တယ်..."
ပြောရင်းဖြင့် သူသည် ခေါင်းအုံးအောက်မှ အနက်ရောင် သံပြားတစ်ခုကို ထုတ်ယူလိုက်လေသည်။
သံပြား၏ ရှေ့ဘက်တွင် ထက်မြက်သော ဓားတစ်လက်ပုံကို ထွင်းထုထားပြီး၊ ကျောဘက်တွင် 'ကောင်းကင်ဓား' ဟူသော စာလုံးများ ရေးထိုးထားသည်။
"ဒါက ကောင်းကင်ဓား တံဆိပ်ပြား ပါ..."
နန်းကုန်းယွီက တံဆိပ်ပြားကို ဆုမိုထံ ကမ်းပေးလိုက်သည်။
"ကောင်းကင်ဓားဂိုဏ်းရဲ့ နယ်မြေအတွင်းမှာ ဒီတံဆိပ်ပြား ရှိရင် ခေါင်းဆောင်ဆု အနေနဲ့ ဘယ်တောင်၊ ဘယ်စခန်းကိုမဆို လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်ပါတယ်... တကယ်လို့ အသုံးမဝင်ဘူး ဆိုရင်လည်း ဒီလူအိုကြီး ကိုယ်တိုင် လာပြီး ရှင်းပေးပါ့မယ်..."
"ဒါက..."
ဆုမို ခဏမျှ တွန့်ဆုတ်နေသော်လည်း လက်ခံလိုက်လေသည်။
"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်နန်းကုန်း..."
"တံဆိပ်ပြားက အသက်ကယ်ကျေးဇူးနဲ့ ယှဉ်ရင် ဘာမှ မဟုတ်ပါဘူး..."
နန်းကုန်းယွီက ပြုံး၍ ပြောလိုက်သည်။
"ခေါင်းဆောင်ဆုက ငယ်ငယ်ရွယ်ရွယ်နဲ့ အထွတ်အထိပ် သိုင်းပညာကို ပိုင်ဆိုင်ထားတာ တကယ် လေးစားစရာပါ... ငါတို့ ဂိုဏ်းသားတွေရဲ့ အေးစက်တဲ့ အမူအရာကို စိတ်မရှိဘူးဆိုရင်... ဒီနားရောက်တဲ့အခါ ကောင်းကင်ဓားဂိုဏ်းကို ဝင်လည်ပါဦး... သူတို့က စကားပြော မကောင်းကြဘူး၊ ခံစားချက်ကို ထုတ်ဖော်မပြတတ်ကြဘူး... အထူးသဖြင့် မင်းအပေါ်မှာပေါ့... သူတို့က မင်းကို လေးစားသလို အားလည်းကျကြတယ်..."
"အထူးသဖြင့် ဟိုကောင်လေး ဖုန်းပိုင်ချွမ် လေ... ဒီတစ်ခေါက် မင်းကို ဖိတ်ခေါ်မယ်လို့ ကြားတော့ ဂိုဏ်းချုပ်တပည့် ဆိုတဲ့ ဂုဏ်ပုဒ်ကိုတောင် ဘေးချိတ်ပြီး မင်းကို မတွေ့တွေ့အောင် သွားရှာတာလေ... ဟားဟားဟား..."
...
ဆုမို ဘာပြန်ပြောရမှန်း မသိတော့ပေ။ ဒီသတင်းက ဘယ်က ထွက်လာတာလဲ။
သူတော့ ဘာအရိပ်အယောင်မှ သတိမထားမိပါချေ။
နှစ်ဖက် စကားပြောဆိုမှုသည် ဤနေရာတွင် အဆုံးသတ်သွားလေသည်။
နန်းကုန်းယွီသည် ပြင်းထန်သော ဒဏ်ရာရရှိထားသူ ဖြစ်သဖြင့် ချက်ချင်း ပြန်လည် လှဲလျောင်း အနားယူလိုက်ရ၏။
ကာယကံရှင် ကိုယ်တိုင်က ရွှေကျောက်စိမ်း ဆူးချွန် ကို ဂရုမစိုက်မှတော့ ဆုမိုအနေဖြင့် ပို၍ပင် ဂရုစိုက်စရာ အကြောင်းမရှိတော့ပေ။
နောက်ဆုံးတော့ ဒါဟာ သူ ပွဲကြည့်ခဲ့သော ဇာတ်လမ်း တစ်ပုဒ်ပါပဲ။
သို့သော် ကျိဖေးယန်ကို သတိရသွားပြီး၊ ဆုမိုက လျူမိုအား ဒီကာလအတွင်း အခြေအနေကို ရှင်းလင်းစွာ ပြောပြထားရန် သတိပေးလိုက်သည်။
လျူမိုက ချက်ချင်း ခေါင်းညိတ် သဘောတူလိုက်သည်။ သူ ကြားဝင်ဖျန်ဖြေပေးမည် ဖြစ်ပြီး၊ ကျိဖေးယန်ကို မဆင်မခြင် မလုပ်မိအောင် တားဆီးပေးမည်။ ထို့အပြင် ကောင်းကင်ဓားဂိုဏ်း အနေဖြင့်လည်း သူ့ကို ရိုးအစွာ သတ်ဖြတ်ခြင်း မပြုမိအောင် ကာကွယ်ပေးမည်ဟု ကတိပေးလေသည်။
ဆုမိုနှင့် အဖွဲ့သားများ မနက်ပိုင်းတွင် ထွက်ခွာခဲ့ကြသော်လည်း ယခုအခါ လုံးဝ မှောင်ရီပျိုးစ ပြုနေပြီ ဖြစ်၏။
ဖုန်းပိုင်ချွမ်သည် ဘယ်နေရာက ရောက်လာမှန်း မသိဘဲ ပေါ်လာပြီး ဆုမိုနှင့် အဖွဲ့သားများကို ညစာစားရန် ခေါ်ဆောင်သွားကာ ဧည့်သည်ဆောင်များ စီစဉ်ပေးလေသည်။
ဆုမို သေချာ အကဲခတ် ကြည့်လိုက်သော်လည်း ဖုန်းပိုင်ချွမ်ထံမှ 'ပရိသတ်လေး' ပုံစံ တစ်စက်ကလေးမှ မတွေ့ရပေ။ သူသည် ယခင်အတိုင်း အေးစက်မြဲ အေးစက်နေဆဲပင်။
နောက်ဆုံးတော့ ဆုမို လက်လျှော့လိုက်ရ၏။
ညတစ်ည ကုန်ဆုံးသွားပြီး မိုးလင်းလာခဲ့သည်။
ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် နန်းကုန်းယွီကို ဦးစွာ သွားရောက် နှုတ်ဆက်ကြ၏။ ထို့နောက် ကောင်းကင်တံခါးတောင် ပေါ်ရှိ ကောင်းကင်ဓားဂိုဏ်း ရှေ့မှောက်တွင် အားလုံးကို ဦးညွှတ် နှုတ်ဆက်လိုက်ကြလေသည်။
ပုံမှန် နှုတ်ဆက်ခြင်း ဆိုသည်မှာ လက်သီးဆုပ်ပြီး ဆုမွန်ကောင်း တောင်းပေးခြင်း ဖြစ်၏။
မျက်နှာထားနှင့် အကြည့်များကလည်း လိုက်ဖက်ညီရမည် ဖြစ်၏။
သို့သော် ကောင်းကင်ဓားဂိုဏ်းသားများသည် လက်သီးဆုပ်ပြီး ဆုမိုကို နှုတ်ဆက်ရာတွင် ပြင်းထန်သော အငွေ့အသက်များဖြင့် ပြောဆိုလိုက်ကြသည်။
"သိုင်းလောက ခရီးလမ်းက ရှည်လျားပါတယ်... ခေါင်းဆောင်ဆု... လမ်းခရီးမှာ ဂရုစိုက်ပါ..."
အသံနေအသံထားက လမ်းမှာ အချိန်မရွေး ချုံခိုတိုက်ခိုက်တော့မည့်ပုံ ပေါက်နေသည်။
ကံကောင်းသည်မှာ ဆုမိုသည် ဤအခြေအနေကို အနည်းငယ် ကျင့်သားရနေပြီ ဖြစ်သလို၊ မနေ့က နန်းကုန်းယွီ၏ စကားများကြောင့်လည်း စိတ်ထဲမထားတော့ပေ။ ယန်ရှောင်ယွင်နှင့်အတူ ရွှင်လန်းစွာ နှုတ်ဆက်ပြီး ယဉ်ကျေးမှု စကားအနည်းငယ် ဆိုကာ တောင်ပေါ်မှ ဆင်းလာခဲ့ကြလေသည်။
လျူမိုကို ပြန်ခေါ်မလာနိုင်ခဲ့သော်လည်း စာနှစ်စောင် ပါလာခဲ့သည်။
ဆိုလိုသည်မှာ ကိစ္စပြီးပြတ်သွားပြီ ဖြစ်၏။
လမ်းငါးသွယ်ဆုံရပ် ခရီးစဉ် ပြီးဆုံးပြီဖြစ်၍ အဖွဲ့ကို ဦးဆောင်ကာ လော့ရှားမြို့ သို့ ပြန်ရန် အချိန်တန်ပြီ ဖြစ်၏။
သို့သော် လမ်းလျှောက်နေရင်း ယန်ရှောင်ယွင်သည် ဇဝေဇဝါ ဖြစ်နေဆဲပင်။
"ဒီကိစ္စမှာ ထုန်းယွင် က ဘယ်လို အခန်းကဏ္ဍက ပါဝင်နေတာလဲ..."
ဆုမိုက ခေါင်းခါလိုက်သည်။
"ပြောရခက်တယ်... ထုန်းယွင်က နာမည်ကြီး ကျွမ်းကျင်သူ တစ်ယောက်လေ... သူက ကောင်းကင်ဓားဂိုဏ်းကို သစ္စာဖောက်ပြီး သိုင်းပညာတွေ ပေါက်ကြားအောင် လုပ်တယ်ဆိုတာ အဓိပ္ပာယ် မရှိဘူး... ဒါပေမဲ့ ဂိုဏ်းတစ်ခုလုံးကို ကြည့်လိုက်ရင် သူကလွဲပြီး တခြား သံသယရှိစရာလူ ရှာမတွေ့ဘူး..."
"နောက်ထပ် အရေးကြီးတဲ့ အချက်က ကျိဖေးယန် ဆီမှာ ရှိနေလောက်တယ်... ဒါကြောင့်လည်း လျူမိုကို ကြားဝင်ပေးဖို့ အကြံပေးလိုက်တာ... ကောင်းကင်ဓားဂိုဏ်းသားတွေက အေးစက်တော့ စေတနာကို အထင်လွဲခံရလွယ်တယ်... ပြီးတော့ ကျိဖေးယန်က သူတို့ကြားမှာ ကြီးမားတဲ့ ရန်ငြိုးရှိတယ်လို့ ယုံကြည်နေတာကိုး…”