အခန်း (၂၅၆-၂၅၈)
Vol. 18 Ch. 256-258
အခန်း (၂၅၆) - ယဲ့ဖုန်း၏ စွမ်းအားနှင့် စွမ်းအင် (၅) မျိုး၊ ဓားဘုရင်ဂိုဏ်းတပည့် လော့ဟယ်တုံ၏ အံ့သြမှု
~“ဂိုဏ်းချုပ်ယဲ့က `ဝိညာဉ်ပင်လယ်အဆင့်` ကို မရောက်သေးဘူး... ဒါပေမဲ့ သူ့စွမ်းအားက အဲ့ဒီအဆင့်ထက် သာလွန်တယ်”
ကျီဝူရွှမ် သည် ကျောက်ခုံတန်းပေါ်တွင် ထိုင်ရင်း လော့ဟယ်တုံ ကို သူ့ဘေးတွင် ဝင်ထိုင်ရန် ဖိတ်ခေါ်လိုက်တော့၏။
ထို့နောက် ကျီဝူရွှမ်က ဆက်ရှင်းပြသည်။
“ဂိုဏ်းချုပ်ယဲ့က ရှားပါးလှတဲ့ `ရွေးချယ်ခံရသူ` တစ်ယောက်ပဲ... သူက သာမန်လူလို့ ပြောကြပေမဲ့ စွမ်းအားက အံ့မခန်းပဲ... လွန်ခဲ့တဲ့ ရက်ပိုင်းလေးကတင် `ဖူယွင်တောအုပ်` မှာ နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ် နှစ်ကောင်ကို ဆက်တိုက် သတ်ဖြတ်ခဲ့တယ်... ပြီးတော့ လျိုယွင်ဂိုဏ်း တိုက်ပွဲမှာ နတ်ဆိုးဘုရင် ဟူယွမ်ကို ခုတ်ပိုင်းခဲ့သေးတယ်...”
ယဲ့ဖုန်း၏ သူရဲကောင်းဆန်သော လုပ်ရပ်များကို တစ်ခုမကျန် ပြန်လည် ပြောပြလိုက်တော့၏။
ရေပေါ်ဖြူမြို့တော်တွင် `ဝိညာဉ်ဖမ်းဆီးရေး ဂိုဏ်းချုပ်` ဆိုးဟွန်းကျန်းရန် ကို `ဓားဆွဲထုတ်ခြင်း နည်းစနစ်` ဖြင့် သတ်ဖြတ်ခဲ့ပုံ၊ နတ်ဆိုးမြို့တော် အရေးအခင်းတွင် ဝင်ရောက် ဖြေရှင်းခဲ့ပုံ စသည်တို့ကို စုံလင်စွာ ရှင်းပြတော့၏။
လော့ဟယ်တုံသည် နားထောင်လေလေ အံ့သြလေလေ ဖြစ်နေ၏။
“မြူခိုးဂိုဏ်းက တကယ့်ကို ဆန်းကြယ်တဲ့ ဂိုဏ်းတစ်ခုပဲ”
လော့ဟယ်တုံ သက်ပြင်းချလိုက်မိသည်။ ယဲ့ဖုန်းသည် သာမန်မဟုတ်ကြောင်း သူ နားလည်လိုက်ပြီ ဖြစ်သည်။ ဟိုယွင်ကျဲကဲ့သို့သော တပည့်ကို `ဓားဆွဲထုတ်ခြင်း နည်းစနစ်` သင်ပေးနိုင်သည်မှာ မဆန်းတော့ပေ။
ခေတ္တမျှ စဉ်းစားပြီးနောက် လော့ဟယ်တုံက မေးလိုက်၏။
“ဒါနဲ့... ဂိုဏ်းချုပ်ယဲ့ ဆိုတာ မုတ်ဆိတ်ဖြူတွေနဲ့ သဘောကောင်းတဲ့ အဖိုးကြီးလား”
ကျီဝူရွှမ် မျက်နှာထား ထူးဆန်းသွား၏။
“မဟုတ်ဘူး... သူက ငါတို့ထက် အသက်နည်းနည်းပဲ ကြီးတဲ့ လူငယ်လေးပါ... အသက် (၂၀) ဝန်းကျင်လောက်ပဲ ရှိဦးမယ်... ရုပ်ရည်ကလည်း ချောမောခန့်ညားတယ်”
“အဲဒီလောက် ငယ်တာလား”
လော့ဟယ်တုံ ထပ်မံ အံ့သြသွားပြန်သည်။
ကျီဝူရွှမ် ခေါင်းငြိမ့်လိုက်၏။
“ဟုတ်တယ်... ဂိုဏ်းချုပ်ယဲ့က တကယ့် လူထူးဆန်းပဲ... ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက် စွမ်းအားကြီးတာ အံ့သြစရာပဲ... ငါတို့ရဲ့ `ဓားကလေး` မူရူရွှဲ့ တောင်မှ သူ့ကို အရမ်း လေးစားတာလေ... သူ ရာထူးတက်ဖို့အတွက် ဂိုဏ်းချုပ်ယဲ့ ကူညီပေးနိုင်မယ်လို့ မျှော်လင့်နေတာ”
“ဓားကလေးက ဘယ်သူလဲ”
“အရင်က `အတွင်းစည်း ထိပ်တန်းတပည့်` မူရူရွှဲ့ လေ... သူက တခြား ပါရမီရှင်တွေကို ကျော်ဖြတ်ပြီး `ဓားကလေး` ရာထူးကို ရယူနိုင်ခဲ့ပြီ... အခု ငါက သူ့လက်အောက်မှာ အမှုထမ်းနေတာ”
လော့ဟယ်တုံ ရင်ထဲတွင် လှိုင်းထသွားတော့၏။
သူ အဖမ်းခံနေရတာ လပိုင်းလောက်ပဲ ရှိသေးတယ်... အပြင်လောကမှာ အပြောင်းအလဲတွေ အများကြီး ဖြစ်သွားပါလား။
မြူခိုးဂိုဏ်း ထွန်းကားလာခြင်း...
မူရူရွှဲ့ ဓားကလေး ဖြစ်လာခြင်း...
ရွှေယန်မြို့ ပျက်စီးပြီး နတ်ဆိုးမြို့တော် ဖြစ်သွားခြင်း...
အဖြစ်အပျက်တွေ များလွန်းလိုက်တာ။
“စကားမစပ်... မင်း အရေးကြီးတဲ့ ကိစ္စတစ်ခု လွတ်သွားသေးတယ်” ကျီဝူရွှမ်က ကောင်းကင်ကို လက်ညှိုးထိုးပြလိုက်၏။
“လွန်ခဲ့တဲ့ ရက်ပိုင်းက ညဘက်ကြီး ကောင်းကင်တစ်ခုလုံး တိမ်မည်းတွေ ဖုံးလွှမ်းသွားတာ မှတ်မိလား”
လော့ဟယ်တုံ၏ မျက်နှာထား လေးနက်သွား၏။
“မှတ်မိတာပေါ့... အဲဒါ `မူလနတ်ဘုရား အထွတ်အထိပ်` ပညာရှင်တစ်ယောက် ကပ်ဘေးသင့်တာ မဟုတ်လား... တော်တော် ကြောက်ဖို့ကောင်းတယ်... ဒါပေမဲ့ နေပါဦး... မင်း ပြောချင်တာက...”
ကျီဝူရွှမ် ခေါင်းငြိမ့်လိုက်၏။
“ဟုတ်တယ်... အဲဒါ `လျှို့ဝှက်ဆန်းကြယ် တိုင်းပြည်`ရဲ့ ဘိုးဘေးကြီး ကပ်ဘေး ဖြတ်ကျော်တာလေ... သူ အောင်မြင်သွားပြီ... မကြာခင်မှာ ငါတို့ တိုင်းပြည်ရဲ့ ပထမဆုံးသော `ဘိုးဘေးအဆင့်` မဟာပညာရှင်ကြီး ဖြစ်လာတော့မယ်”
“ဟာ...”
လော့ဟယ်တုံ ရင်ဘတ်ထဲက အလုံးကြီး ကျသွားသလို ခံစားလိုက်ရသည်။
လပိုင်းလေး ပျောက်သွားတာကို ခေတ်နောက်ကျ ကျန်ခဲ့သလို ဖြစ်နေပါလား။
“တကယ်လို့ ဘိုးဘေးကြီးသာ `ဟင်းလင်းပြင် ဖြိုခွင်းခြင်း အဆင့်` ကို ရောက်သွားရင်... လောကက ပြောင်းလဲသွားတော့မှာပေါ့” လော့ဟယ်တုံက မှန်းဆလိုက်၏။
“ဒါပေါ့” ကျီဝူရွှမ် ထောက်ခံလိုက်၏။
“အင်း...”
လော့ဟယ်တုံ..သက်ပြင်းချလိုက်မိတော့၏။
...
မြူခိုးတောင်ထိပ်ဝယ်၊
ဂိုဏ်းချုပ် ခန်းမဆောင်တွင် ယဲ့ဖုန်း တင်ပျဉ်ခွေ ထိုင်နေတော့၏။
“တပည့်တွေရဲ့ ကျင့်ကြံခြင်းအဆင့် တိုးတက်လာတာနဲ့အမျှ ငါလည်း ပိုစွမ်းအားကြီးလာတယ်... အထူးသဖြင့် မိုယင် `ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်` ရောက်လာတာရယ်၊ လောင်ဆု `အလယ်အလတ် နတ်ဆိုးဗိုလ်ချုပ်` ဖြစ်လာတာရယ်၊ ကုန်းချင်းချိုး ရောက်လာတာရယ်ကြောင့် ငါ့စွမ်းအားတွေ အများကြီး တိုးလာတယ်”
“အခုဆိုရင် ငါ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အမြင့်ဆုံး အဆင့်ကို ရောက်နေပြီ”
ယဲ့ဖုန်းသည် သူ့စွမ်းအားများကို ဆန်းစစ်လိုက်တော့၏။
ခဏအကြာတွင် သူ မျက်လုံးဖွင့်လိုက်ပြီး စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်၏။
“ငါ့ရဲ့ သက်သက် ခန္ဓာကိုယ်ကြံ့ခိုင်မှုတင် `ဓာတ်ကြီးငါးပါး စုစည်းခြင်း ဆဋ္ဌမအဆင့်` ကို ရောက်နေပြီပဲ”
“ပြီးတော့ `သူရဲကောင်း ဝိညာဉ်စွမ်းအင်` ကလည်း နေရာဒေသ အတော်များများမှာ ငြိမ်းချမ်းရေး ရယူပေးခဲ့လို့ ရှေးဟောင်း ဝိညာဉ်တွေရဲ့ စွမ်းအားကို ရရှိထားတယ်... ဂိုဏ်းဂုဏ်သတင်းအမှတ်ကလည်း (၂) သောင်းကျော်သွားပြီဆိုတော့ ပိုပြီး အားကောင်းလာတယ်”
“သူရဲကောင်း ဝိညာဉ်စွမ်းအင်ကို စမ်းကြည့်ရအောင်”
ယဲ့ဖုန်း စိတ်ကူးလိုက်ရုံမျှဖြင့် မာကျောသော ကျောက်တုံးကြီးတစ်တုံးသည် ဓားနှင့် ပိုင်းဖြတ်လိုက်သကဲ့သို့ နှစ်ခြမ်းကွဲသွားတော့၏။ မျက်နှာပြင်မှာ မှန်သားပြင်ကဲ့သို့ ချောမွေ့နေ၏။
“သူရဲကောင်း ဝိညာဉ်စွမ်းအင်ကလည်း `ဓာတ်ကြီးငါးပါး စုစည်းခြင်း ဆဋ္ဌမအဆင့်` ရောက်နေတာပဲ”
“မိုက်တယ်ဟေ့”
ယဲ့ဖုန်း ကျေနပ်သွားတော့၏။
‘`ဓာတ်ကြီးငါးပါး ဝိညာဉ်ဓား` နဲ့ `အရိုးဖြူ ဓားဝင်္ကပါ` ကို မသုံးဘဲ ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ သူရဲကောင်း ဝိညာဉ်စွမ်းအင် သက်သက်နဲ့တင် `ဓာတ်ကြီးငါးပါး စုစည်းခြင်း သတ္တမအဆင့်`ကို ယှဉ်နိုင်နေပြီ။’
“ဒါပေမဲ့... ငါ့ကိုယ်ပေါ်မှာ ကပ်နေတဲ့ အမည်းရောင် အငွေ့အသက်တွေက ဘာတွေလဲ”
ယဲ့ဖုန်း လက်ဝါးကို ဖြန့်ကြည့်လိုက်ရာ နဂါးပုံသဏ္ဌာန် အမည်းရောင် အငွေ့အသက်များ ဝဲပျံနေသည်ကို တွေ့လိုက်ရသည်။ မျက်လုံးများတွင် ရက်စက်သော အနီရောင် အလင်းများ လက်နေသဖြင့် ကြောက်မက်ဖွယ် ကောင်းလှသည်။
[တီ..တီ.. ဒါက `မကောင်းဆိုးဝါး အငွေ့အသက်`ပါ]
စနစ်က ရှင်းပြတော့၏။
[ဂိုဏ်းချုပ်က နတ်ဆိုးမြို့တော်မှာ နတ်ဆိုးတွေကို အများကြီး သတ်ဖြတ်ခဲ့တယ်... တတိယအဆင့် သိုင်းနည်းစနစ် `ကောင်းကင်လမင်း ရိုက်ချက်`နဲ့ နတ်ဆိုး အကောင်ရေ သောင်းချီကို တစ်ခဏအတွင်း သုတ်သင်ခဲ့တဲ့အတွက် ရှေးဟောင်း နတ်ဆိုးတွေရဲ့ ကျိန်စာသင့်ပြီး မကောင်းဆိုးဝါး အငွေ့အသက်တွေ ကပ်ငြိနေတာပါ... ဒါပေမဲ့ အခုတော့ စနစ်က `သတ်ဖြတ်ခြင်း စွမ်းအင်`အဖြစ် ပြောင်းလဲပေးလိုက်ပါပြီ]
“သတ်ဖြတ်ခြင်း စွမ်းအင်က ဘာလုပ်လို့ ရလဲ”
“ငါ့ကို ထိခိုက်စေနိုင်လား”
[စနစ်က သန့်စင်မပေးခဲ့ရင်တော့ ဂိုဏ်းချုပ်ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ကို တိုက်စားသွားမှာပါ... ဒါပေမဲ့ အခုတော့ အသုံးပြုလို့ ရတဲ့ စွမ်းအင် တစ်ခု ဖြစ်သွားပါပြီ... `ယုံကြည်ခြင်း စွမ်းအား` နဲ့ ဆန့်ကျင်ဘက် အာနိသင် ရှိပါတယ်]
“ဪ... ဒီလိုကိုး” ယဲ့ဖုန်း စိတ်အေးသွား၏။
မကြာမီ သူ နောက်ထပ် ထူးဆန်းသော အရာတစ်ခုကို တွေ့ရှိလိုက်ရပြန်သည်။
သူရဲကောင်း ဝိညာဉ်စွမ်းအင်ကို မသုံးဘဲနှင့် အဝေးက ရေခွက်ကို စိတ်စွမ်းအားနှင့် လှမ်းယူ၍ ရနေ၏။
“ဒါက သူရဲကောင်း ဝိညာဉ်စွမ်းအင် မဟုတ်ဘူး... ဘာစွမ်းအားလဲ”
[ဒါက `နတ်ဘုရား နတ်ဘုရားအာရုံ စွမ်းအား`ပါ]
“ဟင်...”
ယဲ့ဖုန်း သဘောပေါက်သွား၏။
“တပည့်တွေအကုန်လုံး `ကိုးဆင့် ကောင်းကင်ဘုံ နတ်ဘုရား ကျင့်စဉ်` ကို လေ့ကျင့်နေကြတာပဲ... ဇီလင်း တစ်ယောက်တည်း ဒုတိယအဆင့် ရောက်နေပေမဲ့ တခြားတပည့်တွေဆီက စွမ်းအားတွေ ပေါင်းလိုက်တော့ ငါ့ရဲ့ နတ်ဘုရားအာရုံ စွမ်းအားက `ချီစုစည်းခြင်း သတ္တမအဆင့်` လောက် ရှိလာတာ မဆန်းပါဘူး”
“အားမကောင်းသေးပေမဲ့ တိုးတက်ဖို့ လမ်းစ ရှိနေတာပဲ”
“ဒါဆိုရင် ငါ့မှာ စွမ်းအင် (၅) မျိုး ရှိနေတာပေါ့... `ဝိညာဉ်စွမ်းအင်` ၊ `နတ်ဘုရားအာရုံ စွမ်းအား`၊`သူရဲကောင်း ဝိညာဉ်စွမ်းအင်`၊ `ယုံကြည်ခြင်း စွမ်းအား` နဲ့ `သတ်ဖြတ်ခြင်း စွမ်းအင်`”
ဒီနေ့မှပင် သူ့မှာ စွမ်းအင်တွေ အများကြီး ရှိနေမှန်း သတိထားမိတော့သည်။ ဒီစွမ်းအင်တွေကိုသာ ပေါင်းစပ်လိုက်လျှင် ဘယ်လောက်တောင် စွမ်းအားကြီးသွားမည်နည်း။
သို့သော်၊ ပေါင်းစပ်ဖို့က မလွယ်ချေ။
လောလောဆယ်တော့ မဖြစ်နိုင်သေးပါ။
...
ဂိုဏ်းချုပ် ခန်းမဆောင်မှ ထွက်လာပြီး ယဲ့ဖုန်းသည် မြူခိုးတောင်ထိပ် တစ်ခုလုံးကို လှမ်းကြည့်လိုက်၏။
အရေးကြီးဆုံး အလုပ်က မြူခိုးဂိုဏ်းကို `ကြယ်အဆင့် ဂိုဏ်း`ဖြစ်အောင် တင်ပေးဖို့ပင်။
`ဆေးဖော်ဆောင်` ရှိနေလေပြီ။
`လက်နက်သွန်းလုပ်ရေးဆောင်` မရှိသေးသော်လည်း ကုန်းချင်းချိုးက လက်နက်ရော အဆောင်လက်ဖွဲ့ပါ ကျွမ်းကျင်တော့ ခဏတာ အဆင်ပြေပါသည်။
`နတ်ဆိုးသားရဲဆောင်`နှင့် `ဝိညာဉ်သွေးကြော`က ပြဿနာ မရှိပေ။
`ဝိညာဉ်ဆေးဥယျာဉ်`ကတော့ ချဲ့ထွင်ဖို့ လိုနေသေးသည်။ ဒီကိစ္စကို ကျားယွိလန်၊ ရှဟဲ၊ ချိုကျူ နှင့် ယန်ရူယွီ တို့ကို တာဝန်ပေးထားရမည်။
`သိုင်းကျမ်းဆောင်` ကို ကျိဇီလင်း စောင့်ရှောက်နေပြီး သိုင်းကျမ်းတွေလည်း အများကြီး ဖြည့်တင်းထားပြီ ဆိုတော့ ပြည့်စုံသလောက် ရှိနေပြီ ဖြစ်ပါ၏။
“ဒါဆိုရင် လိုနေတာက ဝိညာဉ်ဆေးဥယျာဉ် တစ်ခုတည်းပေါ့... ဒါက ရှင်းပါတယ်... ဝိညာဉ်ကျောက်တုံး သုံးပြီး မျိုးစေ့တွေ အများကြီး ဝယ်စိုက်လိုက်ရင် ရပြီဗျ”
ယဲ့ဖုန်းသည် ကုန်းချင်းချိုးအား ဂိုဏ်းအဆင့်မြှင့်တင်ရေး လိုအပ်ချက်များကို ရှင်းလင်း ပြောပြလိုက်ရာ ကုန်းချင်းချိုးသည် ချက်ချင်းပင် လိုအပ်သည်များကို စစ်ဆေးဆောင်ရွက်လေတော့သည်။
...
ထိုက်ယွဲ့ တောင်တန်း
မြူခိုးဂိုဏ်း F4 အဖွဲ့သည် ဆေးပင်များကို ဆက်လက် ရှာဖွေနေကြသည်။
ဝမ်ဖင်းအန်းသည် မြေကြီးထဲမှ အဝါရောင် အသီးတစ်လုံးကို တူးဖော်လိုက်ပြီး ထိပ်မှ မီးအိမ်ပုံစံ အဖုလေးကို လက်ညှိုးထိုးပြလိုက်၏။
“တွေ့ပြီ... ဒါ `ငိုရှိုက်နေသော ကလေးငယ် ဝိညာဉ်သစ်သီး` ပဲ... ညှစ်လိုက်ရင် ကလေးငိုသံ ထွက်တယ်”
ပြောပြောဆိုဆို ညှစ်ပြလိုက်၏။
`အူဝဲ... အူဝဲ...`
တကယ်ပဲ ကလေးငိုသံ ထွက်ပေါ်လာတော့၏။
“ကောင်းတယ်... နောက်ဆုံးတစ်ခု `ရွှေရောင်လွှမ်းသော လကြွေပုလဲ` ရရင် တာဝန်ပြီးပြီ” လုံထျန်းရှင်းက ပြောလိုက်၏။
“ငါ ကြည့်လိုက်ဦးမယ်”
ဟိုယွင်ကျဲသည် `ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်` ကို ထုတ်ကြည့်လိုက်ရာ မြောက်ဘက် အနောက်ယွန်းယွန်း (၈၀) မိုင်အကွာတွင် ရှိကြောင်း ညွှန်ပြနေ၏။
“သွားကြစို့”
...
ထိုက်ယွဲ့ တောင်တန်း၏ မြောက်ဘက် အနောက်ယွန်းယွန်း နယ်စပ်တွင်...
တောင်ကို မှီပြီး တည်ဆောက်ထားသော အလယ်အလတ်အရွယ်အစား မြို့တစ်မြို့ ရှိတော့၏။ လူဦးရေ (၂) သိန်းကျော် နေထိုင်ပြီး မီးရှူးတိုင်မြို့နှင့် တူသော်လည်း ကျင့်ကြံသူ ဦးရေ ပိုများသည်။
မြို့စားမင်း၏ ကျင့်ကြံခြင်းအဆင့်သည် `ဓာတ်ကြီးငါးပါး စုစည်းခြင်း တတိယအဆင့်` ရှိသည်။
အကယ်၍ ဆေးဖော်ခြင်းနှင့် လက်နက်သွန်းလုပ်ခြင်း လိုအပ်ချက်သာ ပြည့်မီပါက `ကြယ်တစ်ပွင့်အဆင့်` သတ်မှတ်ခံရနိုင်သည့် မြို့ဖြစ်သည်။
“ဒါ `ဟိုင်ကျင်းမြို့`ပဲ” ရှီလေ့က မြို့နာမည် ဆိုင်းဘုတ်ကို ဖတ်လိုက်၏။
“သံလိုက်အိမ်မြှောင် မမှားဘူးဆိုရင် လကြွေပုလဲက ဒီမြို့ထဲမှာ ရှိတယ်” ဟု ဟိုယွင်ကျဲက ပြောပြလိုက်၏။
“ဝင်ကြည့်ရအောင်”
ထိုအခါ၊ လုံထျန်းရှင်းက သုံးသပ်လိုက်၏။
“မြို့ထဲမှာ ဆိုတော့ လူတစ်ယောက်ယောက်လက်ထဲ ရှိနေမှာ သေချာတယ်... ဝယ်မှ ရမယ် ထင်တယ်”
“ကိစ္စမရှိဘူး... ငါတို့မှာ ဝိညာဉ်ကျောက်တုံးတွေ အများကြီး ရှိတယ်”
ဝမ်ဖင်းအန်းကတော့ ပါးစပ်ကို အဝတ်မည်း စည်းထားသဖြင့် စကားမပြောနိုင်ရှာပေ။
သူတို့ (၄) ယောက် မြို့ထဲ ဝင်သွားကြသည်။
ဟိုင်ကျင်းမြို့သည် မကြီးလှပေ။ မြို့လယ်ခေါင်တွင် ချိုင့်ဝှမ်း တစ်ခု ရှိပြီး ရေကန်ကြီးအဖြစ် ဖန်တီးထားသဖြင့် အလွန် လှပသည်။
“ရေကန်ရှိလို့ ဟိုင်ကျင်း (ပင်လယ်ရွှေ) မြို့ လို့ ခေါ်တာကိုး... ဟော... ရေကန်အလယ်မှာ ကျွန်းတစ်ကျွန်း ရှိတယ်... ဝိညာဉ်သွေးကြော ရှိမယ့်ပုံပဲ... လကြွေပုလဲက အဲဒီကျွန်းပေါ်မှာ ရှိနေတာ”
ဟိုယွင်ကျဲသည် သံလိုက်အိမ်မြှောင်၏ လမ်းညွှန်မှုအတိုင်း ရေကန်အလယ်ရှိ ကျွန်းကို ညွှန်ပြလိုက်တော့၏။
“မိတ်ဆွေတို့က မြို့စားမင်းရဲ့ မွေးနေ့ပွဲ လာတက်တာလား”
ချိုသာသော အသံလေး တစ်သံ နောက်ကျောဘက်မှ ထွက်ပေါ်လာတော့၏။
လှည့်ကြည့်လိုက်ရာ ဝတ်ရုံဖြူ ဝတ်ဆင်ထားပြီး မျက်နှာကို ပဝါပါးလေးဖြင့် အုပ်ထားသော အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။ ပဝါအောက်မှ ရုပ်သွင်မှာ အလွန် လှပကျော့ရှင်းနေပြီး `ချီစုစည်းခြင်း အထွတ်အထိပ်` အဆင့် ရှိသည်။
သူမ၏ နောက်တွင် အခိုင်းအစေ (၄) ဦး ပါလာပြီး `ချီစုစည်းခြင်း ဆဋ္ဌမအဆင့်` ရှိကြသည်။
အမျိုးသမီးသည် ဟိုယွင်ကျဲကို စိုက်ကြည့်ရင်း ပြုံးလိုက်၏။
“ကျွန်မက `ဖေးဟွာဂိုဏ်း` - (ပျံသန်းနေသော ပန်းပွင့်ဂိုဏ်း) ရဲ့ အတွင်းစည်း တပည့် `နင်ယွီကျဲ`ပါ... မိတ်ဆွေတို့ကို တွေ့ရတာ ဝမ်းသာပါတယ်”
“ကျွန်တော်က မြူခိုးဂိုဏ်းရဲ့ ဒုတိယတပည့် ဟိုယွင်ကျဲ ပါ... ဒါက စီနီယာ အစ်ကိုကြီး ရှီလေ့... ပြီးတော့ လုံထျန်းရှင်း နဲ့ ဝမ်ဖင်းအန်း တို့ပါ”
ဟိုယွင်ကျဲက ပြန်လည် မိတ်ဆက်ပေးလိုက်၏။
“အိုး... မြူခိုးဂိုဏ်းကကိုး... ဒါကြောင့် ဒီလောက် ခန့်ညားပြီး စွမ်းအားကြီးနေတာကိုး”
နင်ယွီကျဲ၏ ဟိုယွင်ကျဲကို ကြည့်သော အကြည့်များမှာ စားတော့ဝါးတော့မည့်ဟန် ပေါက်နေသည်ကို လုံထျန်းရှင်း သတိထားမိလိုက်၏။
“ကျေးဇူးပါဗျာ... ဒါနဲ့ `ရွှေရောင်လွှမ်းသော လကြွေပုလဲ` အကြောင်း ကြားဖူးလား မသိဘူး” ဟိုယွင်ကျဲက အခွင့်ကောင်းယူပြီး မေးလိုက်၏။
“ကြားဖူးတာပေါ့... ဟိုင်ကျင်းမြို့ရဲ့ ရေလယ်ကျွန်းက လကြွေပုလဲ ထွက်တဲ့နေရာလေ... အစ်ကိုဟို လိုချင်ရင် ကျွန်မ လိုက်ပို့ပေးမယ်”
စကား အဆုံး၌၊ နင်ယွီကျဲက လက်ဝှေ့ယမ်းလိုက်ရာ အခိုင်းအစေ (၄) ဦးက `ဝိညာဉ်လှေ` တစ်စင်းကို ထုတ်ပေးလိုက်၏။
“ကျေးဇူးတင်ပါတယ်”
သူတို့ (၉) ဦးသည် ဝိညာဉ်လှေပေါ် တက်လိုက်ပြီး ရေလယ်ကျွန်းဆီသို့ ဦးတည်မောင်းနှင်သွားကြလေတော့သည်။
အခန်း (၂၅၇) - ဟိုင်ကျင်းမြို့စားမင်းနှင့် ရွှေရောင်လွှမ်းသော လကြွေပုလဲ
~ဝိညာဉ်လှေပေါ်တွင်...
ဟိုယွင်ကျဲက မေးလိုက်တော့၏။
“တာအိုရောင်းရင်းနင်... ခုနကပြောတဲ့ မြို့စားမင်း မွေးနေ့ပွဲက အရေးကြီးတဲ့ ပွဲကြီးလားဗျ”
နင်ယွီကျဲသည် ဟိုယွင်ကျဲ၏ ဘေးတွင် ကပ်ထိုင်လိုက်ပြီး ကိုယ်ကို အနည်းငယ် ကိုင်းလိုက်ရာ ဆွဲဆောင်မှု ရှိသော ကိုယ်ခန္ဓာကောက်ကြောင်းများ ပေါ်လွင်သွားတော့၏။ သူမက ချိုလွင်သော အသံဖြင့် ပြောလိုက်၏။
“ဒီနှစ်က ဟိုင်ကျင်းမြို့စားမင်းရဲ့ အသက် (၂၀၀၀) ပြည့် မွေးနေ့လေ... ဟိုင်ကျင်းမြို့အတွက်တော့ အရေးပါတဲ့ ပွဲကြီးပေါ့... မိုင်ရာချီ ဝေးကွာတဲ့ နေရာတွေက မိတ်ဆွေတွေကို ဖိတ်ကြားထားတာလေ”
“အသက် (၂၀၀၀) တဲ့လား” လုံထျန်းရှင်း မျက်လုံးပြူးသွားတော့၏။
ထိုအခါ၊ နင်ယွီကျဲက အသံတိုးတိုးဖြင့် ရှင်းပြလာသည်။
“ဟိုင်ကျင်းမြို့စားမင်းရဲ့ မူလခန္ဓာကိုယ်က `ဆန်းကြယ်သော လိပ်နက်`လေ... ဒါကြောင့် သက်တမ်းရှည်တာပေါ့... အခု အသွင်ပြောင်းပြီး `အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ်` အဆင့် ရောက်နေပြီ... ဓာတ်ကြီးငါးပါး စုစည်းခြင်း တတိယအဆင့်နဲ့ ညီမျှတယ်”
အားလုံး သဘောပေါက်သွားကြတော့၏။
‘လိပ်နက် ဆိုတော့ သက်တမ်းရှည်တာ မဆန်းတော့ဘူး။
ရှေးစကားတောင် ရှိသေးတာပဲ... လိပ်တစ်ကောင်ရဲ့ သက်တမ်းက ထာဝရ ကာလနဲ့ ညီမျှတယ်တဲ့။
အသွင်ပြောင်း လိပ်နက်တစ်ကောင် ဖြစ်တဲ့ ဟိုင်ကျင်းမြို့စားမင်းအတွက် အသက် (၂၀၀၀) ဆိုတာ ငယ်ရွယ်နုပျိုတဲ့ အရွယ်ပဲ ရှိဦးမှာ။’
“ကျွန်းပေါ် ရောက်ရင် မွေးနေ့လာတက်တာလို့ပဲ ပြောကြမယ်... မြူခိုးဂိုဏ်းက ဆိုတာ ထုတ်မပြောကြနဲ့ နော်”
ဟု ဟိုယွင်ကျဲက လူအများအာရုံစိုက်ခံရမှာ စိုးရိမ်သဖြင့် ကြိတ်၍ သတိပေးလိုက်၏။
“တာအိုရောင်းရင်းနင်... လက်ဆောင် ပြင်ဆင်စရာ လိုသေးလားဗျ”
နင်ယွီကျဲသည် ဟိုယွင်ကျဲ၏ ပခုံးပေါ်သို့ လက်တင်လိုက်ပြီး ချိုလွင်စွာ ရယ်မောလိုက်၏။
“မပူပါနဲ့.. အစ်ကိုဟိုရယ်... ဖေးဟွာဂိုဏ်းရဲ့ မိတ်ဆွေတွေအဖြစ် ဝင်သွားရုံပါပဲ... လက်ဆောင် မလိုပါဘူး”
ထိုမြင်ကွင်းကို ကြည့်ပြီး ရှီလေ့၊ လုံထျန်းရှင်းနှင့် ဝမ်ဖင်းအန်းတို့ အားကျသွားကြသည်။
‘ မြူခိုးဂိုဏ်းသားချင်း အတူတူ ဘာလို့ ဟိုယွင်ကျဲကျမှ မိန်းကလေးတွေ ဝိုင်းဝိုင်းလည်နေရတာလဲ။
ယွင်ဟွာဂိုဏ်းက `လင်းယွိယန်`၊ ပိုင်ရှား ရှေးဟောင်းမြို့က `တင်းပိုင်ရွှယ်`၊ အခု ဖေးဟွာဂိုဏ်းက `နင်ယွီကျဲ`...
ကျင့်ကြံခြင်းအဆင့် မြင့်ပြီး ရုပ်ချောလို့လား။
အားကျလိုက်တာကွာ။ ’
ရှီလေ့တို့၏ မျက်နှာပေါ်တွင် မျက်ရည်များ တိတ်တဆိတ် စီးကျလာလေတော့သည်။
ဝိညာဉ်လှေသည် အလွန် လျင်မြန်လှ၏။
မကြာမီ မီတာရာချီ ကျယ်ဝန်းသော ရေလယ်ကျွန်းပေါ်သို့ ရောက်ရှိလာပြီး ရှေးဟောင်း အုတ်လမ်းမပေါ်သို့ ဆင်းသက်လိုက်ကြသည်။ အစေခံတစ်ဦး၏ လမ်းပြမှုဖြင့် ရှေးဟောင်း ခန်းမဆောင်ကြီး အတွင်းသို့ ဝင်ရောက်သွားကြလေ၏။
ခန်းမဆောင်ထဲတွင် လူအများအပြား ရောက်ရှိနေကြပြီ ဖြစ်သည်။
ဟိုင်ကျင်းမြို့ခံ ကျင့်ကြံသူများအပြင် အနီးနားဒေသများမှ ဧည့်သည်များလည်း ပါဝင်သည်။
ထိုအထဲတွင် `တစ်ဝက်တစ်ပျက် အသွင်ပြောင်း နတ်ဆိုးသားရဲ` (၁၀) ကောင်ကျော်နှင့် `အသွင်ပြောင်း နတ်ဆိုးဗိုလ်ချုပ်`(၃) ကောင်၊ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ပညာရှင် (၂) ဦးတို့ ပါဝင်၏။
“ကျင့်ကြံသူ အဆင့်မြင့်တွေ အများကြီးပါလား” ဟိုယွင်ကျဲ တကိုယ်တည်း ပြောဆိုလိုက်၏။
“ဟိုင်ကျင်းမြို့စားမင်းက လူချစ်လူခင် များတယ်လေ... ပြီးတော့ `ရွှေရောင်လွှမ်းသော လကြွေပုလဲ` ထုတ်လုပ်မှုကို သူပဲ ထိန်းချုပ်ထားတာ... သက်တမ်းကလည်း ရှည်၊ ဂုဏ်သတင်းကလည်း ကြီးတော့ အားလုံးက မျက်နှာသာ ပေးကြတာပေါ့ရှင်”
နင်ယွီကျဲက ပြုံးရွှင်စွာ ရှင်းပြလိုက်၏။
“စကားမစပ်...အစ်ကိုဟို... ရှင် လိုချင်တာက သက်တမ်း (၁၀၀) ရှိတဲ့ လကြွေပုလဲ မဟုတ်လား”
“ဟုတ်ပါတယ်” ဟိုယွင်ကျဲ ခေါင်းငြိမ့်လိုက်၏။
အကြီးအကဲတာဝန် ပြီးဆုံးဖို့ ဒီပစ္စည်းတစ်ခုပဲ လိုတော့တာ။
ဒါရရင် ဂိုဏ်းပြန်လို့ရပြီလေ။
ဒီခရီးစဉ်ကြောင့် သူ၏ အခြေခံအုတ်မြစ်တွေ ပိုခိုင်မာလာခဲ့သည်။ ဂိုဏ်းပြန်ရောက်လျှင် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်သို့ တက်လှမ်းဖို့ ကြိုးစား၍ ရလေပြီ။
“လကြွေပုလဲက ပုံမှန်အားဖြင့် သက်တမ်း (၁၀) နှစ်လောက်ပဲ ရောင်းတာ... သက်တမ်း (၁၀၀) လိုချင်ရင် မြို့စားမင်းနဲ့ ကိုယ်တိုင် ပြောမှ ရမှာ... စားပွဲသောက်ပွဲ ပြီးရင် ကျွန်မ မိတ်ဆက်ပေးမယ်”
နင်ယွီကျဲ၏ စကားသံသည် သစ်ခွပန်းရနံ့ကဲ့သို့ မွှေးပျံ့နေ၏။
ရိုးသား ဖြောင့်မတ်သော ဟိုယွင်ကျဲသည် နင်ယွီကျဲ၏ ရည်ရွယ်ချက်ကို မသိဘဲ မိတ်ဆွေကောင်း တစ်ယောက် တွေ့ပြီဟုသာ မှတ်ယူကာ ကျေးဇူးတင်စကား ဆိုလိုက်တော့၏။
`ဒုန်း... ဒုန်း... ဒုန်း...`
ခြေသံများ ထွက်ပေါ်လာသဖြင့် အားလုံး လှည့်ကြည့်လိုက်ကြ၏။
ခန်းမဆောင် နောက်ဘက်မှ လူတစ်စု ထွက်ပေါ်လာတော့၏။
ခေါင်းဆောင်မှာ အရပ် (၁) မီတာခွဲခန့်သာ ရှိပြီး ကျစ်လစ်သော ခန္ဓာကိုယ်နှင့် မြင်းခွာပုံ နှုတ်ခမ်းမွေး ရှိသော သက်လတ်ပိုင်း ယောကျ်ား တစ်ဦး ဖြစ်သည်။ ရွှေရောင် အနားကွပ်ထားသော ငှက်မွေးဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူသည် ဝတ်ရုံဖြူ ဝတ်ဆင်ထားသော အရပ်ရှည်ရှည် သက်လတ်ပိုင်း အမျိုးသမီးတစ်ဦး၏ လက်ကို တွဲထားတော့၏။ နှစ်ဦးစလုံးသည် အသွင်ပြောင်း နတ်ဆိုးဗိုလ်ချုပ်များ ဖြစ်ကြ၏။
သူတို့နောက်တွင် ဝတ်ရုံစိမ်း ဝတ်ဆင်ထားသော အခိုင်းအစေ (၄) ဦး လိုက်ပါလာကြသည်။
“အမျိုးသားက ဟိုင်ကျင်းမြို့စားမင်း `ရွှမ်ကွေးကျန်းရန်` (လိပ်နက် ဆရာသခင်) ပါ... အမျိုးသမီးက သူ့ရဲ့ ကျင့်ကြံဖော် `မြို့စားကတော် ယွဲ့ပန်း` (လကြွေပုလဲ မြို့စားကတော်) ပါ”
နင်ယွီကျဲက တိုးတိုးလေး မိတ်ဆက်ပေးသည်။
“စကားမစပ်... လကြွေပုလဲတွေကို မြို့စားကတော် ယွဲ့ပန်း က ထုတ်လုပ်တာလေ”
ထိုစကားကြောင့် ရှီလေ့တို့ သဘောပေါက်သွားကြသည်။
`ရွှေရောင်လွှမ်းသော လကြွေပုလဲ` ဆိုတာ တကယ်တော့ ပုလဲတစ်မျိုးပဲကိုး။
ရွှမ်ကွေးကျန်းရန်နှင့် မြို့စားကတော် ယွဲ့ပန်းတို့သည် အဓိက ထိုင်ခုံများတွင် ဝင်ထိုင်လိုက်ကြသည်။ တစ်ဦးက `အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ်`၊ တစ်ဦးက `အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ်` အစပိုင်း အဆင့် ရှိကြသည်။ နှစ်ဦးစလုံး အားနည်းသူများ မဟုတ်ကြပေ။
“နတ်ဆိုးမြို့တော်က နတ်ဆိုးတွေကိုကျတော့ လူတိုင်းက မုန်းတီးကြပြီး... ဟိုင်ကျင်းမြို့မှာကျတော့ လူနဲ့နတ်ဆိုး အတူယှဉ်တွဲ နေထိုင်နိုင်ကြပါလား” လုံထျန်းရှင်းမှာ နားမလည်နိုင် ဖြစ်နေ၏။
ထိုအခါ၊ နင်ယွီကျဲက ရှင်းပြလိုက်၏။
“စဉ်းစားကြည့်လေ... လူတိုင်း၊ နတ်ဆိုးတိုင်း ကောင်းကြလို့လား... နတ်ဆိုးအများစုက ရက်စက်ကြပေမဲ့ လူတွေနဲ့ သင့်မြတ်အောင် နေတဲ့ နတ်ဆိုးတွေလည်း ရှိတာပဲ... သူတို့ တည်ထောင်ထားတဲ့ အင်အားစုတွေမှာ နတ်ဆိုးတွေ ပါပေမဲ့ လူသားတွေက အများစု ဖြစ်နေရင် အဆင်ပြေပြေ နေနိုင်ကြတာပေါ့”
ထိုသို့ ရှင်းပြချက်အား ကြားရသောအခါ၊ လုံထျန်းရှင်း… သံသယ ကင်းရှင်းသွားတော့၏။
အဓိက ထိုင်ခုံတွင်...
ရွှမ်ကွေးကျန်းရန် က စကားစပြောလိုက်၏။
“ကြွရောက်လာကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်... မြို့စားမင်းအနေနဲ့ရော၊ ဇနီးသည် ကိုယ်စားပါ ဝမ်းမြောက်မိပါတယ်”
သူ့အသံမှာ စူးရှပြီး နန်းတွင်း အထိန်းတော်များ၏ အသံနှင့် တူနေ၏။
မြို့စားကတော် ယွဲ့ပန်း ကတော့ စကားမပြောဘဲ ဧည့်သည်များကို ပြုံးပြနေရုံသာ တတ်နိုင်တော့၏။
“ရွှမ်ကွေးကျန်းရန် အသက် (၂၀၀၀) ပြည့် မွေးနေ့ကို ဂုဏ်ပြုပါတယ်... ကျွန်မတို့ ဖေးဟွာဂိုဏ်းက လက်ဆောင်ပစ္စည်း ဆက်သပါရစေ”
နင်ယွီကျဲက ပထမဆုံး မတ်တပ်ရပ်ပြီး အနီရောင် ပိတ်စဖြင့် ထုပ်ပိုးထားသော ရတနာသေတ္တာကို ပေးအပ်လိုက်တော့၏။
“ဖေးဟွာ နတ်သမီး မလာဘူးလား” ရွှမ်ကွေးကျန်းရန် မျက်နှာပျက်သွား၏။
“ဆရာသခင်က `ဓာတ်ကြီးငါးပါး စုစည်းခြင်း စတုတ္ထအဆင့်` ကို တက်လှမ်းဖို့အတွက် တံခါးပိတ် ကျင့်ကြံနေပါတယ်... ဒါကြောင့် မလာနိုင်တာပါ... ကျွန်မကပဲ ကိုယ်စား လာရောက် ဂုဏ်ပြုတာပါ”
ဟု နင်ယွီကျဲက အပြုံးမပျက် ဖြေရှင်းလိုက်၏။
ထိုစကားကို ကြားသောအခါ ခန်းမဆောင်ထဲရှိ လူအများ၏ မျက်နှာထား ပြောင်းလဲသွားကြသည်။
“ဖေးဟွာနတ်သမီးက စတုတ္ထအဆင့်ကို တက်လှမ်းတော့မယ်တဲ့လား... အောင်မြင်သွားရင် ဂိုဏ်းချုပ်အဆင့် ပညာရှင် ဖြစ်သွားတော့မှာပေါ့... အားကျစရာပဲ”
“ဖေးဟွာနတ်သမီးမှာ ကျင့်ကြံဖော် မရှိသေးဘူးလို့ ကြားတယ်... ငါများ...”
“ဖားသူငယ်ကများ အိမ်မက်မက်နေသေးတယ်... မဖြစ်နိုင်ပါဘူးကွာ”
အင်အားစု အသီးသီးမှ ကျင့်ကြံသူများ တီးတိုး ဆွေးနွေးနေကြတော့၏။
မြို့စားကတော် ယွဲ့ပန်း မျက်နှာထား အနည်းငယ် ပျက်သွားသည်ကို သတိထားမိလိုက်၏။ ဖေးဟွာနတ်သမီး အဆင့်တက်တော့မည့် သတင်းကို ကြားရသဖြင့် မကျေနပ်ပုံရသည်။
“မြို့စားမင်း မွေးနေ့ကို ဂုဏ်ပြုပါတယ်... ကျွန်တော်တို့ `ဟူလီဂိုဏ်း`
(ကျားအင်အားဂိုဏ်း) က အထွတ်အထိပ် ကျားခွန်အား အရက် ကို ဆက်သပါတယ်... မြို့စားမင်းရဲ့ ညဘက်ကိစ္စတွေမှာ ကျားတစ်ကောင်လို သန်မာလာစေမှာပါ”
ကျားရေခွံ ဝတ်ဆင်ထားသော ကြွက်သားအဖုဖုနှင့် လူတစ်ယောက်သည် အရက်အိုးကြီး တစ်လုံးကို ပိုက်လျက် ရှေ့ထွက်လာတော့၏။
“ကျားခွန်အား အရက် ဟုတ်လား” လူအများ အံ့သြသွားကြသည်။
“ကောင်းတယ်... ကောင်းတယ်”
ရွှမ်ကွေးကျန်းရန်သည် မျက်လုံးသေးသေးလေးများကို ပြူးကျယ်အောင် ကြိုးစားရင်း ပြုံးဖြီးနေတော့၏။
မြို့စားကတော် ယွဲ့ပန်း၏ ပါးပြင်များ ရဲသွားတော့၏။
ထို့နောက် အခြား အင်အားစုများမှ လူများလည်း လက်ဆောင်ပစ္စည်းများ အသီးသီး ပေးအပ်ကြပြီး ဂုဏ်ပြုစကားများ ပြောဆိုကြရာ ရွှမ်ကွေးကျန်းရန် တစ်ယောက် ရယ်မောပျော်ရွှင်နေတော့၏။
မြို့စားကတော် ယွဲ့ပန်းပင်လျှင် ပြုံးရွှင်နေတော့၏။
လက်ဆောင်ပေးအပ်ခြင်း အစီအစဉ် ပြီးဆုံးသွားသောအခါ ရွှမ်ကွေးကျန်းရန်သည် လက်ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်၏။
“ကဲ... နေ့လည်စာ စားပွဲ စကြတာပေါ့... မစားခင်မှာ ဧည့်သည်တော်တိုင်းကို `သက်တမ်း (၁) နှစ် ရှိတဲ့ လကြွေပုလဲ` တစ်လုံးစီ လက်ဆောင်ပေးပါမယ်”
`ဖြောင်း... ဖြောင်း...`
ရွှမ်ကွေးကျန်းရန် လက်ခုပ်တီးလိုက်၏။
ကျောက်စိမ်းလင်ပန်း ကိုင်ဆောင်ထားသော အခိုင်းအစေ များ တန်းစီ ထွက်လာပြီး လက်မအရွယ်အစားရှိသော လကြွေပုလဲများကို လူတိုင်းအား လိုက်လံဝေငှပေးတော့၏။
အခိုင်းအစေ များနှင့် အစောင့်များ အပါအဝင် ရှိသမျှလူတိုင်း ရရှိကြတော့၏။
ရှီလေ့သည် လကြွေပုလဲကို သေချာ စစ်ဆေးကြည့်ရာ သန့်စင်သော ဝိညာဉ်စွမ်းအင်များ ပါဝင်နေပြီး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံးခန့် တန်ဖိုးရှိကြောင်း တွေ့ရှိလိုက်က၏။
“ဒါ ငါတို့ရှာနေတဲ့ ပစ္စည်းပဲ... တကယ် ထူးခြားတာပဲ... (၁) နှစ် သက်တမ်းက ဒီလောက် စွမ်းအားရှိရင် (၁၀၀) သက်တမ်းဆို ဘယ်လောက်တောင် ကောင်းမလဲ” ဟိုယွင်ကျဲ တကိုယ်တည်း ပြောဆိုလိုက်မိသည်။
သူ့အသံ မကျယ်သော်လည်း ရွှမ်ကွေးကျန်းရန်နှင့် မြို့စားကတော် ယွဲ့ပန်းတို့ ကြားသွားပြီး ဂုဏ်ယူသော အပြုံးများ ပေါ်လာတော့၏။
ရွှမ်ကွေးကျန်းရန်က ဆက်ပြောသည်။
“သက်တမ်း (၁၀၀) ရှိတဲ့ လကြွေပုလဲက အရမ်း ရှားပါးတယ်... (၃) နှစ်မှ တစ်ခါ ထွက်တာ... တစ်ခါထွက်ရင် (၃) လုံးထက် မပိုဘူး... တစ်လုံးကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၈၀၀) လောက် တန်ဖိုးရှိတယ်”
“တစ်နှစ်ကို တစ်လုံးနှုန်းလောက်ပဲ ထွက်တာပေါ့... ထုတ်လုပ်မှု နည်းပေမဲ့ တန်ဖိုးကတော့ ကြီးတာပဲ... ဝိညာဉ်ကျောက်တုံး (၈၀၀) တောင် ပေးရတယ်တဲ့လား” ဟိုယွင်ကျဲ အာမေဋိတ်သံ ထွက်သွား၏။
ဟိုယွင်ကျဲ လိုချင်နေမှန်း သိသော နင်ယွီကျဲသည် ရဲရဲဝံ့ဝံ့ မေးလိုက်တော့၏။
“ရွှမ်ကွေးကျန်းရန်... အခုများ သက်တမ်း (၁၀၀) ရှိတဲ့ လကြွေပုလဲ ဝယ်လို့ ရနိုင်မလား ရှင်”
ထိုမေးခွန်းကြောင့် လူတိုင်း စိတ်ဝင်စားသွားကြလေတော့သည်။
အခန်း (၂၅၈) - ရွှမ်ကွေးကျန်းရန်၏ အစီအစဉ်နှင့် ရှီလေ့၏ အခက်အခဲ
~ထိုသို့ မေးမြန်းသည်ကို ကြားရသောအခါ၊ ရွှမ်ကွေးကျန်းရန် (လိပ်နက် ဆရာသခင်) သည် လျှို့ဝှက်သော အပြုံးတစ်ခု ပြုံးလိုက်တော့၏။
“နတ်သမီးနင် မေးတာ တကယ်ကောင်းတယ်... ဒီမွေးနေ့ပွဲက သိပ်စိတ်ဝင်စားဖို့ မကောင်းဘူး ထင်လို့ ဇနီးသည်နဲ့ တိုင်ပင်ပြီး ဒီနေရာမှာပဲ `ချစ်ကြည်ရေး ပြိုင်ပွဲ`တစ်ခု လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်”
“အနိုင်ရတဲ့သူက သက်တမ်း (၁၀၀) ရှိတဲ့ `ရွှေရောင်လွှမ်းသော လကြွေပုလဲ`ကို ဆုကြေးအနေနဲ့ ရရှိမှာ ဖြစ်ပါတယ်”
ထိုစကားကြောင့် ခန်းမ တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြတော့၏။
ဟိုယွင်ကျဲ၏ မျက်လုံးများ အရောင်လက်သွားတော့၏။
ယခုတစ်ခေါက် သူ ထွက်ခွာလာရခြင်း၌ ရည်ရွယ်ချက် နှစ်ရပ် ရှိသည်။ တစ်ချက်မှာ အကြီးအကဲတာဝန် ထမ်းဆောင်ရန် ဖြစ်ပြီး၊ နောက်တစ်ချက်မှာမူ အတွေ့အကြုံ ရှာဖွေရန် ဖြစ်၏။ ယနေ့တွင် စိတ်လှုပ်ရှားဖွယ် ကောင်းသော တိုက်ပွဲတစ်ခု၌ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါက အဆင့်တက်လှမ်းနိုင်မည့် လမ်းစ ပွင့်သွားမည် ဖြစ်သည်။
'ကောင်းတယ်... ငါ ဝင်ပြိုင်မယ်' ဟိုယွင်ကျဲ စိတ်ပိုင်းဖြတ်လိုက်၏။
“ကျွန်တော်လည်း ဝင်ပြိုင်မယ်” လုံထျန်းရှင်းက မစောင့်နိုင်တော့သလို ပြောလိုက်၏။
နင်ယွီကျဲသည် လုံထျန်းရှင်းကို အံ့သြသလို ကြည့်လိုက်သည်။
ဒီ ကောင်လေး အဆင့်က ‘ချီစုစည်းခြင်း သတ္တမအဆင့် အထွတ်အထိပ်’သာ ရှိသေးသည်ကိုး။ နိုင်ဖို့ လမ်းမမြင်ပါ။
ဟူလီဂိုဏ်း (ကျားအင်အားဂိုဏ်း) ၏ ဂိုဏ်းချုပ်က ချက်ချင်း မေးလိုက်၏။
“မြို့စားမင်း... ဒီပြိုင်ပွဲမှာ ကျင့်ကြံခြင်းအဆင့် သတ်မှတ်ချက် ရှိလားဗျ... မရှိရင် ကျွန်တော်လည်း ဝင်ချတာပေါ့”
“ဟုတ်တယ်... ကျွန်တော်တို့ အဘိုးကြီးတွေလည်း လက်ရည်စမ်းချင်သေးတယ်”
အခြားသော ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ပညာရှင်များနှင့် နတ်ဆိုးဗိုလ်ချုပ်များက ဝင်ရောက်ပြောဆိုကြတော့၏။
ဝိညာဉ်ကျောက်တုံး (၈၀၀) တန်ဖိုး ရှိသော လကြွေပုလဲဆိုတာ သူတို့အဆင့်အတွက်တောင် မက်လောက်စရာပါတည်း။
ရွှမ်ကွေးကျန်းရန်က လက်ကာပြပြီး အားလုံးကို တိတ်ဆိတ်စေလိုက်၏။
“ဒီပြိုင်ပွဲမှာ ကျွန်တော်တို့လို အရိုးအိုကြီးတွေ မပါကြေးဗျာ... လူငယ်တွေကိုပဲ အခွင့်အရေး ပေးသင့်တယ်... ဒါကြောင့် `ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်` နဲ့ `နတ်ဆိုးဗိုလ်ချုပ် အဆင့်` အောက် နိမ့်တဲ့သူတွေပဲ ဝင်ပြိုင်ခွင့် ရှိတယ်... မှတ်ထားပါ... `တစ်ဝက်တစ်ပျက် အသွင်ပြောင်း နတ်ဆိုးသားရဲ`
တွေလည်း ဝင်ပြိုင်ခွင့် ရှိတယ်”
ရွှမ်ကွေးကျန်းရန်က စည်းမျဉ်းကို ရှင်းပြလိုက်၏။
တစ်ဝက်တစ်ပျက် အသွင်ပြောင်း နတ်ဆိုးသားရဲတွေ ပါခွင့်ရှိသည် ဆိုတာ ကြားတော့ ခွေးခေါင်းလူ၊ ဝက်ခေါင်းလူ၊ နွားခေါင်းလူ၊ ယုန်နားရွက်လူ စသည်တို့ လက်သီးလက်မောင်း တန်းကုန်ကြတော့၏။
“ပြီးတော့... ဒီပြိုင်ပွဲက `စိန်ခေါ်ပွဲ` ပုံစံ သွားမယ်... နောက်ဆုံးအချိန်အထိ တောင့်ခံနိုင်တဲ့သူက အစစ်အမှန် ယောက်ျားကောင်း ဖြစ်သလို၊ အနိုင်ရရှိသူလည်း ဖြစ်မှာပါ”
ဟု ရွှမ်ကွေးကျန်းရန်က ထပ်ဖြည့်စွက်လိုက်၏။
အားလုံး မျက်နှာပျက်သွားကြတော့၏။
စိန်ခေါ်ပွဲ ပုံစံဆိုရင် အရင်တက်သည့် လူက အားကုန်ပြီး ရှုံးဖို့ များတော့၏။
ခဏတာ မည်သူမျှ မလှုပ်ရှားရဲကြပေ။
ထိုအခါ မြို့စားကတော် ယွဲ့ပန်း (လကြွေပုလဲ မြို့စားကတော်) က ရယ်မောပြီး ပြောလိုက်၏။
“ကျွန်မက လကြွေပုလဲနဲ့ ဖော်စပ်ထားတဲ့ `ဝိညာဉ်ရည်`တွေ ပြင်ဆင်ထားပါတယ်... မောပန်းသွားရင် သောက်လိုက်တာနဲ့ ချက်ချင်း အားပြန်ပြည့်လာမှာပါ”
“တကယ်လား... မိုက်တာပေါ့”
အားလုံး စိတ်အား ပြန်တက်လာကြသည်။
အားပြန်ပြည့်စေမယ့် ဆေးရည်ရှိသည် ဆိုမှတော့ အရင်တက်တာ၊ နောက်မှ တက်တာ အရေးမကြီးတော့ပေ။ အမြဲတစေ အားပြည့်နေမှာပဲ မဟုတ်ပါလော။
`ဒုန်း...`
ကျားခေါင်းလူ ခန္ဓာကိုယ်ထွားထွားကြီး တစ်ယောက် ခန်းမအလယ်သို့ ထွက်လာသည်။
“ငါ အရင်သွားမယ်... ဘယ်သူ စိန်ခေါ်မလဲ”
ရွှမ်ကွေးကျန်းရန်က ဝိုင်ခွက်ဖြင့် ကျားခေါင်းလူ၏ ခေါင်းကို ပစ်ပေါက်လိုက်ပြီး ရယ်မောကာ ဆဲဆိုလိုက်၏။
“ငတုံးကောင်... ပြိုင်ပွဲစင်မြင့်က အပြင်မှာကွ... အပြင်ထွက် ချကြ”
“အဲ... ဟုတ်... ဟုတ်ကဲ့ပါ”
ကျားခေါင်းလူ ရှက်သွားပြီး ခေါင်းကုတ်ကာ ထွက်သွားတော့၏။
အားလုံး အပြင်သို့ ထွက်လာကြသည်။
*
ကွင်းပြင်တွင် အလျားအနံ မီတာ (၃၀) ရှိသော စင်မြင့်ကြီးတစ်ခု ရှိနေ၏။
“ဘယ်သူ ငါ့ကို စိန်ခေါ်ရဲလဲကွ... ငါက `ဖက်တီးကျား`ကွ”
ကျားခေါင်းလူသည် စင်ပေါ်သို့ ခုန်တက်သွားပြီး အော်ဟစ်ကာ လက်ပိုက်စောင့်နေတော့၏။
ထိုအချိန်တွင် ရှီလေ့က လုံထျန်းရှင်းနှင့် ဟိုယွင်ကျဲကို ကပ်ပြောလိုက်၏။
“ငါ့ရဲ့ ကာကွယ်ရေး ဝိညာဉ်လက်နက်က အရမ်းကောင်းတယ်... တော်ကြာနေရင် ငါ အရင်တက်ပြီး မင်းတို့အတွက် အချိန်ဆွဲပေးမယ်ကွ”
လုံထျန်းရှင်း မျက်နှာပျက်သွားပြီး ရှီလေ့ကို အမြန် တားလိုက်ရသည်။
“စီနီယာ အစ်ကိုကြီး... သေချာစဉ်းစားပါဦး... အစ်ကိုကြီးရဲ့ ဒိုင်းကာက ဘာနဲ့ လုပ်ထားတာလဲ... ဒီလို အခြေအနေမျိုးမှာ ထုတ်သုံးလို့ ဖြစ်ပါ့မလား”
ထိုသတိပေးချက်ကြောင့်၊ ရှီလေ့ မှင်သက်ကာ အသိဝင်သွား၏။
သူ့မှာ ကာကွယ်ရေး လက်နက်ဆိုလို့ `မှော်လိပ်ခွံဒိုင်း`တစ်ခုပဲ ရှိသည်။
ရွှမ်ကွေးကျန်းရန် ဆိုတာကလည်း `ဆန်းကြယ်သော လိပ်နက်` မဟုတ်ပါလား။
လိပ်ခွံနှင့် လုပ်ထားသော ဒိုင်းကာကို ကိုင်ပြီး လိပ်နက်ကြီးရှေ့မှာ သွားတိုက်ခိုက်ရယလျှင် ပါးစပ်ကို ဖြတ်ရိုက်သလို ဖြစ်မနေဘူးလား။
သဘောပေါက်သွားသော ရှီလေ့သည် ချက်ချင်း နောက်ဆုတ်လိုက်တော့၏။
“ဒါဆိုရင် မင်းတို့နှစ်ယောက်ပဲ တက်ကြတော့... ငါနဲ့ ဂျူနီယာညီလေး ဖင်းအန်း က အောက်ကနေ အားပေးမယ်”
ရှီလေ့သည် သူ့ဒိုင်းကာကို ထုတ်မပြရဲတော့ဘဲ ငြိမ်ငြိမ်လေး ထိုင်နေလိုက်တော့၏။
“အင်း... အင်း... ကျွန်တော် အားပေးပါ့မယ်” ဝမ်ဖင်းအန်း ခေါင်းတငြိမ့်ငြိမ့် လုပ်လိုက်၏။
ဟိုယွင်ကျဲနှင့် လုံထျန်းရှင်းတို့ ကျောချမ်းသွားပြီး ဝမ်ဖင်းအန်း၏ ပါးစပ်ကို ပြိုင်တူ ပိတ်လိုက်ကြသည်။
“ဟေး..ဟေး..မင်း တစ်ဖက်လူကို အားပေးတာ ပိုကောင်းမယ် ထင်တယ်”
နင်ယွီကျဲက ဘေးနားတွင် ရပ်ရင်း နားမလည်နိုင် ဖြစ်နေတော့၏။
“ငါ လာပြီ”
ဝံပုလွေခေါင်းလူ တစ်ယောက် စင်ပေါ်သို့ လွှားခနဲ ခုန်တက်သွား၏။ (၂) မီတာ မြင့်သော ဧရာမ ဝံပုလွေကြီးအဖြစ် ပြောင်းလဲသွားကာ ပြင်းထန်သော အရှိန်အဝါကို ထုတ်လွှတ်
လိုက်တော့၏။
“ဝံပုလွေပေါက်စလေးကများ ငါ `ဖက်တီးကျား` နဲ့ ယှဉ်ချင်နေသေးတယ်”
ဖက်တီးကျား ဟိန်းဟောက်လိုက်ပြီး (၃) မီတာမြင့်သော ရောင်စုံကျားကြီးအဖြစ် ပြောင်းလဲသွားလေ၏။ ခန္ဓာကိုယ်က အနည်းငယ် ဝဖြိုးနေပြီး မျက်နှာထား ရက်စက်ကြမ်းကြုတ်နေ၏။
“ကောင်ကြီးတိုင်း သန်မာတာ မဟုတ်ဘူး”
ဝံပုလွေကြီးသည် ခါးကို ကွေးလိုက်ပြီး ရုတ်တရက် ရေခဲမှုန်များကို မှုတ်ထုတ်ကာ ကြမ်းပြင်ကို ခဲသွားစေလိုက်သည်။
`ဝေါင်း...`
ဖက်တီးကျားသည် လေထဲသို့ ခုန်တက်လိုက်ပြီး ရေခဲများကို ရှောင်ရှားကာ ဝံပုလွေကြီး၏ အထက်သို့ ရောက်ရှိသွား၏။ အမြီးကို ဓားတစ်လက်သဖွယ် ရိုက်ချလိုက်ရာ ဝံပုလွေကြီး..အည်းခိုက်အောင် အော်ဟစ်လိုက်ရသည်။
ထို့နောက် ကျားလက်ဝါးကြီးဖြင့် ရိုက်ချလိုက်ရာ ဝံပုလွေကြီးသည် စင်အောက်သို့ လွင့်ထွက်သွားလေတော့သည်။
“အာ...”
ဝံပုလွေကြီး စင်အောက်သို့ ကျသွားပြီး ရှုံးနိမ့်သွားတော့၏။
“ကောင်းတယ်”
ဟူလီဂိုဏ်းချုပ်ကြီး တဟားဟား ရယ်မောလိုက်၏။
လူအများ မျက်မှောင်ကြုတ်သွားကြသည်။
ဖက်တီးကျားသည် အသွင်ပြောင်းခြင်း အဆင့်၏ (၃) ပုံ (၂) ပုံကို ရောက်ရှိနေပြီ ဖြစ်၍ အလွန် အစွမ်းထက်တော့၏။ သူ့ကို နိုင်ဖို့ဆိုတာ မလွယ်ကူလှပေ။
“ငါ လာမယ်”
နောက်ထပ် တစ်ဝက်တစ်ပျက် အသွင်ပြောင်း နတ်ဆိုးသားရဲ တစ်ကောင် တက်လာပြန်သည်။
(၂) မီတာမြင့်သော ယုန်ဖြူကြီး တစ်ကောင် ဖြစ်သည်။ အမွှေး လုံးဝမရှိဘဲ ယုန်နားရွက်ရှည်ကြီးနှစ်ဖက် ထောင်နေကာ ရှေ့သွားကြီးနှစ်ချောင်းလည်း ပါဝင်သည်။
ကြွက်သားများ သန်မာပြီး သဲအိုးလောက်ကြီးမားသော လက်သီးဆုပ်ကြီးများ ရှိသည်။
“`လက်သီးရိုင်း ယုန်`... မင်းကိုး”
ဖက်တီးကျားသည် ခြေနှစ်ချောင်းထောက် ရပ်နေသော ယုန်သန်ကြီးကို ကြည့်ပြီး လှောင်ပြောင်လိုက်၏။
“လူသားတွေဆီက `အရိုင်းဆန်သော တိုက်ခိုက်ရေးလက်သီး`ကို သင်ထားရုံနဲ့ ငါ့ကို.. နိုင်မယ် ထင်နေလား”
“စမ်းကြည့်လိုက်လေ” ယုန်ကြီးက ဂရုမစိုက်ဘဲ ပြန်ပြောလိုက်၏။
“စမ်းရင် သေမယ်”
ကျားဟိန်းသံ ထွက်ပေါ်လာသည်။
ဖက်တီးကျားသည် ယုန်ကြီးအနီးသို့ ချက်ချင်း ရောက်ရှိသွားပြီး လက်ဝါးကြီးဖြင့် ရိုက်ချလိုက်တော့၏။
ယုန်ကြီးကလည်း အားမခံဘဲ လက်သီးဖြင့် ပြန်ထိုးလိုက်၏။ ကျားလက်ဝါးကို ကာကွယ်ပြီး ဖက်တီးကျား၏ မေးစေ့ကို ထိုးချလိုက်ရာ ဖက်တီးကျား ယိုင်နဲ့သွားတော့၏။
“ဘာဖြစ်တာလဲဟ”
ဟူလီဂိုဏ်းချုပ်ကြီး ပေါင်ကို ရိုက်လိုက်မိသည်။
“ကျားဟိန်းသံ.. တောကို ကိုင်လှုပ်ခြင်း”
ဖက်တီးကျား ဒေါသထွက်သွားပြီး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ရာ သွေးနီရောင် ကျားရိပ်ကြီး တစ်ခု သူ့နောက်တွင် ပေါ်လာပြီး ယုန်ကြီးကို ဝင်ရောက် တိုက်ခိုက်လေတော့သည်။
`ခွပ်...`
ယုန်ကြီး မည်မျှပင် ကာကွယ်သော်လည်း သွေးကျားရိပ်ကြီး၏ တိုက်ခိုက်မှုကို မခံနိုင်ဘဲ စင်အောက်သို့ လွင့်ထွက်သွားရပြန်သည်။
“ဟားဟား... ဖက်တီးကျားက ပြိုင်ဘက်ကင်းပဲ... လာစမ်းပါ”
ဖက်တီးကျားသည် လူသားများကဲ့သို့ လက်ပိုက်ပြီး ရပ်နေတော့၏။ ကိုယ်လုံးတီး ဖြစ်နေသဖြင့် အမျိုးသမီးအများစု မျက်နှာလွှဲလိုက်ကြရသည်။
“အရှက်မရှိလိုက်တာ” နင်ယွီကျဲ ဆဲရေးလိုက်၏။
ထိုအခါမှ ဖက်တီးကျား သတိရသွားပြီး ကျားရေခွံဝတ်ရုံကို ကောက်ဝတ်လိုက်တော့၏။
“နောက်တစ်ယောက် ငါ လာမယ်”
စင်အောက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။
(၅) မီတာမြင့်သော ဝက်ဝံညိုကြီးတစ်ကောင် တက်လာပြီး လက်ဝါးချင်းပွတ်ကာ ရက်စက်စွာ ပြုံးလိုက်တော့၏။
“ဟွန်း... ဝက်ဝံတုံးကြီးကများ” ဖက်တီးကျား မထီမဲ့မြင် ပြုလိုက်၏။
`ဝေါင်း...`
ဝက်ဝံညိုကြီး ခုန်အုပ်လိုက်၏။ ဖက်တီးကျား၏ သွေးကျားရိပ်ကြီး တိုက်ခိုက်သော်လည်း မမှုဘဲ ဝက်ဝံလက်ဝါးကြီးဖြင့် ရိုက်ချလိုက်ရာ ဖက်တီးကျား နာကျင်စွာ အော်ဟစ်ပြီး ရှောင်ပြေးလိုက်ရသည်။
“ဝက်ဝံတုံးကြီး... မင်း ငါ့ကို စိန်ခေါ်ရဲတယ်ပေါ့... `ဖက်တီးကျား ဥက္ကာပျံ လက်သီး`ကို မြည်းစမ်းကြည့်လိုက်”
ဖက်တီးကျား ဟိန်းဟောက်လိုက်ရာ ခန္ဓာကိုယ် (၂) ဆ ကြီးထွားလာပြီး ဝက်ဝံညိုကြီးနှင့် အရွယ်တူ ဖြစ်သွားတော့၏။ လျင်မြန်သော လက်သီးတွဲများဖြင့် ထိုးနှက်လိုက်ရာ ဝက်ဝံညိုကြီး နှာခေါင်း ပိန်သွားတော့၏။
ထို့နောက် ခြေထောက်ဖြင့် ရိုက်ချပြီး တိုက်ခိုက်လိုက်ရာ ဝက်ဝံညိုကြီး စင်အောက်သို့ ပြုတ်ကျသွားလေတော့၏။
“သုံးပွဲဆက် နိုင်သွားပြီ... တော်တော် သန်တာပဲ”
စင်အောက်မှ လူများ မျက်မှောင်ကြုတ်လိုက်ကြသည်။
‘ဖက်တီးကျားက တကယ်ကို စွမ်းအားကြီးလွန်းတယ်။ အပြင်ပန်းကြည့်ရင် ဝဖြိုးဖြိုးနဲ့ ဆိုပေမဲ့ တကယ်တမ်းကျတော့ သံမဏိလို မာကျောတဲ့ ကြွက်သားတွေနဲ့။ လှုပ်ရှားမှုကလည်း မြန်ဆန်လွန်းတော့ အနီးကပ်တိုက်ပွဲမှာ ပြိုင်ဘက်ကင်းသလို ဖြစ်နေပြီလေ’
“ဘယ်သူ ရှိသေးလဲ”
ဖက်တီးကျား စိန်ခေါ်လိုက်၏။
တစ်ဝက်တစ်ပျက် အသွင်ပြောင်း နတ်ဆိုးသားရဲများသည် မျက်နှာလွှဲနေကြပြီး မည်သူမျှ မတက်ရဲကြပေ။
“ကျွန်တော် လာမယ်”
နုနယ်သော အသံလေးတစ်သံ ထွက်ပေါ်လာတော့၏။
အားလုံး လှည့်ကြည့်လိုက်ရာ ငွေရောင်ဆံပင်၊ အပြာရောင် မျက်လုံးများနှင့် အားနွဲ့မည့်ပုံ ပေါက်နေသော လူငယ်လေးတစ်ဦးကို တွေ့လိုက်ရသဖြင့် အံ့သြမှင်သက်သွားကြလေတော့သည်။