အခန်း (၂၅၉-၂၆၁)
Vol. 18 Ch. 259-261
အခန်း (၂၅၉) - လုံထျန်းရှင်းနှင့် ဖက်တီးကျား၊ ဂိုဏ်းသားချင်း ယှဉ်ပြိုင်ခြင်း
~“ရှင်... ရှင် တကယ်တက်တော့မလို့လား”
နင်ယွီကျဲသည် လုံထျန်းရှင်းကို အံ့သြတကြီး ကြည့်လိုက်မိသည်။ သူမ၏ လှပသော မျက်ဝန်းများထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေတော့၏။
ဖက်တီးကျားသည် လုံထျန်းရှင်းကို စိုက်ကြည့်ရင်း ခဏမျှ မှင်သက်သွားပြီးနောက် ဟားတိုက် ရယ်မောလိုက်တော့၏။
“ဘယ်က ကောင်လေးလဲဟ... `ချီစုစည်းခြင်း အဋ္ဌမအဆင့် အထွတ်အထိပ်` လေးနဲ့များ ငါ `ဖက်တီးကျား` ကို လာယှဉ်ချင်နေသေးတယ်... သေချင်နေတာလား၊ ရှင်ရတာ ငြီးငွေ့နေပြီလား”
သူ့အသံမှာ ရှည်လျားပြီး အထင်သေးမှုများ ပြည့်နှက်နေ၏။
လုံထျန်းရှင်း ရှေ့တိုးလိုက်သည်နှင့် တပြိုင်နက် သူ၏ ကျင့်ကြံခြင်း အရှိန်အဝါများ ရုတ်တရက် မြင့်တက်လာတော့၏။ `ချီစုစည်းခြင်း အဋ္ဌမအဆင့်` သို့ ရောက်ရှိသွားသဖြင့် ပရိသတ်များ အံ့သြသွားကြတော့၏။
“သူ့အဆင့်ကို ဖုံးကွယ်ထားတာကိုး”
ဖက်တီးကျားကတော့ ဂရုမစိုက်ဘဲ ဆက်လက် လှောင်ပြောင်နေဆဲပင်။
နင်ယွီကျဲ အနည်းငယ် အံ့သြသွားသော်လည်း တိုးတိုးလေး သတိပေးလိုက်၏။
“လုံထျန်းရှင်း... ရှင် အဆင့်ဖုံးကွယ်ထားတယ် ဆိုရင်တောင် အဋ္ဌမအဆင့်လောက်နဲ့ ဖက်တီးကျားကို ယှဉ်ဖို့ မလွယ်ဘူး... နိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ”
“မပူပါနဲ့... ကျွန်တော် ခင်ဗျား ထင်သလောက် မညံ့ပါဘူး”
လုံထျန်းရှင်း လက်ကာပြလိုက်ပြီး စင်ပေါ်သို့ ခုန်တက်လိုက်တော့၏။
လွန်ခဲ့သော ရက်ပိုင်းက သစ်ပင်နတ်ဆိုးချိုင့်ဝှမ်းမှာ တိုက်ခိုက်ခဲ့ရသလို၊ ညကလည်း ဝမ်ဖင်းအန်းပေးသည့် `အဆင့်နိမ့် ချီကျင့်ကြံဆေးလုံး` သောက်ခဲ့၍ အဆင့်တက်သွားခြင်းပါ။ ယခုမှ အစစ်အမှန် စွမ်းအားကို ထုတ်ပြလိုက်ခြင်း ဖြစ်ပါသည်။
သို့သော် ဖက်တီးကျားကို ယှဉ်နိုင်တာက ကျင့်ကြံခြင်းအဆင့်ကြောင့် မဟုတ်ပေ။
`ချီစုစည်းခြင်း အဋ္ဌမအဆင့်` ကျင့်ကြံသူတစ်ယောက်အနေနှင့် ဖက်တီးကျားကို နိုင်ဖို့ မလွယ်ကူလှ။ သို့တိုင်၊ လုံထျန်းရှင်းက မတူပေ။ သူ အားကိုးတာက ကျင့်ကြံခြင်းအဆင့် မဟုတ်ဘဲ၊ သူ၏ `သွေးမျိုးဆက်`ကို အားကိုးခြင်း ဖြစ်သည်။
“ကောင်လေး... မင်းက ချစ်စရာကောင်းလို့ ငါ လျှော့ပေးမယ် မထင်နဲ့... ခဏနေရင် `ဖက်တီးကျား ဥက္ကာပျံ လက်သီး` အစုံလိုက် ကျွေးပြီး ငိုအောင် လုပ်ပစ်မယ်”
ဖက်တီးကျားက တဟားဟား ရယ်မောရင်း လုံထျန်းရှင်းကို အထင်သေးစွာ ပြောလိုက်၏။
“ဟွန်း... စင်ပေါ် ရောက်တာနဲ့ မင်းကို `မြေပြင်လျှောတိုက် ကန်ချက်` နဲ့ ကန်ပြီး မင်းအမေတောင် မင်းကို မမှတ်မိအောင် လုပ်ပစ်မယ်”
လုံထျန်းရှင်းက မထုံတက်တေး ပြန်ပြောလိုက်၏။
“လျှောတိုက်ကန်ချက်လောက်နဲ့ ငါ့ကို ယှဉ်နိုင်မတဲ့လား”
ဖက်တီးကျားက ဂရုမစိုက်ပေ။
ထိုအခါ လုံထျန်းရှင်းသည် ဒူးကို ကွေးလိုက်ပြီး `မြင်းစီးသိုင်းကွက်` အသွင်ယူလိုက်တော့၏။ ခါးတွင် လက်သီးဆုပ်ထားလျက် ကျယ်လောင်စွာ မာန်သွင်းလိုက်တော့၏။
ရွှေရောင် အလင်းတန်းများ ဖြာထွက်လာပြီး လုံထျန်းရှင်းသည် `နဂါးအသွင် ပြောင်းလဲခြင်း` သို့ ဝင်ရောက်သွားတော့၏။
ခန္ဓာကိုယ် တစ်ခုလုံးတွင် ငွေရောင် နဂါးကြေးခွံများ ဖုံးလွှမ်းသွားပြီး နဂါးအမြီးတစ်ခုပါ ထွက်ပေါ်လာသည်။ သူ၏ အရှိန်အဝါသည် (၅) ဆ ခန့် မြင့်တက်သွားပြီး `တစ်ဝက်တစ်ပျက် အသွင်ပြောင်း နတ်ဆိုးသားရဲ` အဆင့်သို့ အပြည့်အဝ ရောက်ရှိသွားလေတော့သည်။
“ဒါ ဘာသိုင်းနည်းစနစ်လဲ”
“သိုင်းနည်းစနစ် မဟုတ်ဘူး... သွေးမျိုးဆက် စွမ်းအားနဲ့ တူတယ်”
“ရင်းနှီးနေသလိုပဲ... ဘယ်ကမှန်း စဉ်းစားမရဘူး... ဒါပေမဲ့ ဒီကောင်လေးရဲ့ နောက်ကွယ်က အင်အားစုက သာမန် မဟုတ်လောက်ဘူး... သူ့ကို ရန်မစတာ ကောင်းမယ်”
ကျင့်ကြံသူများနှင့် နတ်ဆိုးဗိုလ်ချုပ်များ အံ့သြသွားကြပြီး တီးတိုး ဆွေးနွေးနေကြတော့၏။
“စွမ်းအား (၅) ဆ တက်လာတယ်တဲ့လား... ငါနဲ့ သိပ်မကွာတော့ဘူးပဲ”
ဖက်တီးကျား မျက်မှောင်ကြုတ်လိုက်မိသည်။
“လျှောတိုက် ကန်ချက်”
လုံထျန်းရှင်းသည် တကယ်ပင် ပြေးဝင်သွားပြီး ဖက်တီးကျား၏ အောက်ပိုင်းကို လျှောတိုက်ကန်ချက်ဖြင့် တိုက်ခိုက်လိုက်တော့၏။
“သေချင်နေတာလား... ကျားကြီး ခုန်အုပ်ခြင်း”
ဖက်တီးကျား လေထဲသို့ ခုန်တက်လိုက်ပြီး ဧရာမ ဆင်နှစ်ကောင်၏ အလေးချိန်ရှိသော လက်ဝါးကြီးဖြင့် ရိုက်ချလိုက်တော့၏။
`ဘုန်း...`
လုံထျန်းရှင်းသည် `ဝိညာဉ်ချုပ်ကြိုး`အား သုံးပြီး ဖက်တီးကျား၏ ခါးကို ရစ်ပတ်လိုက်၏။ ထို့နောက် ကြိုးကို လွှဲပြီး ဒန်းစီးသကဲ့သို့ လေထဲသို့ ခုန်တက်ကာ ဖက်တီးကျား၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်တော့၏။
ကြိုးကို အားပြုပြီး ဖက်တီးကျား၏ ကျောဘက်သို့ ရောက်ရှိသွားကာ ခေါင်းကို ခြေထောက်ဖြင့် ကန်ချလိုက်ရာ ဖက်တီးကျား စင်ပေါ်သို့ ဒလိမ့်ခေါက်ကွေး ပြုတ်ကျသွားလေတော့သည်။
“အား...”
ဖက်တီးကျား နာကျင်စွာ အော်ဟစ်လိုက်ရသည်။ ထို့နောက် လုံထျန်းရှင်း၏ မိုးစက်မိုးပေါက်ကဲ့သို့သော လက်သီးချက်များ ခေါင်းပေါ်သို့ ကျရောက်လာသဖြင့် ခေါင်းမူးသွားတော့၏။
“ကောင်လေး... မင်း သေချင်နေတာလား”
ဖက်တီးကျား ပြန်လည် တိုက်ခိုက်ရန် ကြိုးစားသည်။
“ဝိညာဉ်ချုပ်ကြိုး”
လုံထျန်းရှင်းသည် ချက်ချင်းပင် ဝိညာဉ်ချုပ်ကြိုး (၃) ချောင်းကို ထုတ်လွှတ်ပြီး ဖက်တီးကျားကို တုပ်နှောင်လိုက်၏။ သူသည် အားကုန်မည်ကို ဂရုမစိုက်ဘဲ ကြိုးများကို ဆက်တိုက် ထုတ်လွှတ်ပြီး ဖက်တီးကျားကို `ကောက်ညှင်းထုပ်` ကဲ့သို့ တုပ်နှောင်ပစ်လိုက်တော့၏။
“လွှတ်စမ်း”
ဖက်တီးကျားသည် ခေါင်းတစ်လုံးသာ ဖော်နိုင်တော့ပြီး ဒေါသတကြီး အော်ဟစ်နေတော့၏။
'သောက်ကျိုးနည်း... ခုနက ပေါ့ဆလိုက်လို့ မရှောင်လိုက်မိတာ... အခုတော့ အတုပ်ခံလိုက်ရပြီ'
လုံထျန်းရှင်းက `ချီစုစည်းခြင်း အဋ္ဌမအဆင့်` သာ ရှိသေးသဖြင့် သိုင်းနည်းစနစ်စွမ်းအား မပြင်းထန်သော်လည်း အရေအတွက်က များလွန်းသည်။
ဒါက `တူ တစ်ချောင်းဆိုရင် ချိုးလို့ရပေမဲ့ တူ အစည်းလိုက်ဆိုရင် ချိုးလို့မရဘူး` ဆိုသည့် သဘောတရားနှင့် အတူတူပင် ဖြစ်သည်။
ကြိုးတစ်ချောင်းဆိုလျှင် ဖက်တီးကျား ဖြတ်နိုင်သော်လည်း၊ ကြိုးပေါင်းများစွာ ရစ်ပတ်ထားတော့ လှုပ်မရတော့ပေ။ အထူးသဖြင့် လုံထျန်းရှင်းက အဆက်မပြတ် ထိုးနှက်နေသဖြင့် ပိုဆိုးတော့၏။
`ဒုန်း... ဒုန်း... ဒုန်း...`
လုံထျန်းရှင်းသည် ဖက်တီးကျား၏ ခေါင်းကို အားပါပါ ထုရိုက်နေတော့၏။
“သေပါပြီဗျ... တော်ပါတော့”
“အား... နှာခေါင်းကို မထိုးနဲ့လေ... တကယ် နာတယ်”
ဖက်တီးကျား ရုန်းကန်သော်လည်း အားမရှိတော့သဖြင့် အရိုက်ခံရင်း အော်ဟစ်တောင်းပန်နေရတော့၏။
လုံထျန်းရှင်းကတော့ ဂရုမစိုက်ဘဲ ဆက်လက် ထုရိုက်နေတော့၏။
“ဒေါသထွက်လိုက်တာကွာ”
ဟူလီဂိုဏ်းချုပ်ကြီး ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း မျက်နှာပျက်နေတော့၏။
“ငါ အရှုံးပေးပါတယ်”
နောက်ဆုံးတွင် ဖက်တီးကျား အရှုံးပေးလိုက်ရပြီး လုံထျန်းရှင်းက စင်အောက်သို့ ကန်ချလိုက်တော့၏။
“အသုံးမကျတဲ့ကောင်... ချီစုစည်းခြင်း အဋ္ဌမအဆင့်ကိုတောင် မနိုင်ဘူး... ဂိုဏ်းပြန်ရောက်ရင် ရက် (၃၀) အသားမစားရဘူး... ဟင်းသီးဟင်းရွက်ပဲ စားရမယ်... မှတ်ထား”
ဟူလီဂိုဏ်းချုပ်ကြီး ဒေါသတကြီး အော်ငေါက်လိုက်၏။
“ဗျာ...”
ဟင်းသီးဟင်းရွက်ပဲ စားရမယ် ဆိုတာ ကြားတော့ ဖက်တီးကျား ငိုမဲ့မဲ့ ဖြစ်သွားပြီး လုံထျန်းရှင်းကို မကျေမနပ် လှမ်းကြည့်လိုက်တော့၏။
ဖက်တီးကျား ရှုံးသွားသဖြင့် လုံထျန်းရှင်းသည် စင်မြင့်ကို ဆက်လက် ထိန်းသိမ်းထားနိုင်သူ ဖြစ်လာတော့၏။
“တော်လိုက်တဲ့ လူငယ်လေး... နာမည်ဘယ်သူလဲ... ဘယ်ဂိုဏ်းကလဲ”
ရွှမ်ကွေးကျန်းရန် တဟားဟား ရယ်မောပြီး မေးလိုက်၏။
“ကျွန်တော့်နာမည်က လုံထျန်းရှင်း ပါ... လှပတဲ့ ဖေးဟွာဂိုဏ်းကပါ”
ဟိုယွင်ကျဲ မှာထားသည်ကို သတိရပြီး ဖေးဟွာဂိုဏ်း နာမည်ကို သုံးလိုက်တော့၏။
“ဖေးဟွာဂိုဏ်း ဟုတ်လား”
အားလုံးက နင်ယွီကျဲကို လှမ်းကြည့်လိုက်ကြသည်။
နင်ယွီကျဲ ပြုံးလိုက်ပြီး ရှင်းပြသည်။
“ဒါ ကျွန်မတို့ ဖေးဟွာဂိုဏ်းရဲ့ မိတ်ဆွေပါ... ဘယ်က လာသလဲ ဆိုတာတော့ ထုတ်ပြောလို့ မရပါဘူး”
ရွှမ်ကွေးကျန်းရန် မျက်ခုံးပင့်လိုက်၏။
“ဘယ်ဂိုဏ်းကပဲ ဖြစ်ဖြစ်ပါ... စင်ပေါ်မှာ နိုင်တဲ့သူက အနိုင်ရရှိသူပဲ... ဆုကြေးအနေနဲ့ `လကြွေပုလဲ` ရမှာပါ... ဘယ်သူ စိန်ခေါ်ချင်သေးလဲ”
တစ်ဝက်တစ်ပျက် အသွင်ပြောင်း နတ်ဆိုးသားရဲများ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြသည်။
'ဖက်တီးကျားတောင် ရှုံးသွားတာ... ငါတို့လည်း နိုင်မှာ မဟုတ်ပါဘူး'
လက်သီးရိုင်း ယုန်၊ ဝက်ဝံညို၊ ဝံပုလွေကြီး တို့က တက်ချင်သော်လည်း စောစောက ဖက်တီးကျားကို ရှုံးထားသဖြင့် အရည်အချင်း မပြည့်မီတော့ပေ။
“ဘယ်သူမှ မရှိတော့ဘူး ဆိုရင်... လုံထျန်းရှင်း အနိုင်ရရှိကြောင်း ကြေညာ...”
“ခဏလေး...”
လုံထျန်းရှင်းက ရွှမ်ကွေးကျန်းရန်၏ စကားကို ဖြတ်ပြောလိုက်ပြီး စင်အောက်ရှိ ဟိုယွင်ကျဲကို လှမ်းခေါ်လိုက်၏။
“ဒုတိယ စီနီယာအစ်ကို... ကျွန်တော်နဲ့ တိုက်ခိုက်ရအောင်”
“ဘာလုပ်မလို့လဲ”
ဟိုယွင်ကျဲ နားမလည် ဖြစ်သွား၏။
လကြွေပုလဲ ရတော့မယ့်ဟာကို ဘာလို့ ငါ့ကို စိန်ခေါ်နေရတာလဲ။ ရူးသွားပြီလား။
“ကျွန်တော် အစွမ်းကုန် တိုက်ခိုက်ပြီး စီနီယာ့ရဲ့ ပိတ်ဆို့နေတဲ့ အဆင့်ကို ဖောက်ထွက်နိုင်အောင် ကူညီပေးချင်လို့ပါ”
လုံထျန်းရှင်းက လေးနက်စွာ ပြောလိုက်၏။
ဟိုယွင်ကျဲ မျက်နှာကို လက်ဝါးဖြင့် အုပ်လိုက်မိသည်။ စိတ်လှုပ်ရှားသွားသော်လည်း တည်ငြိမ်စွာ ပြန်ပြောလိုက်၏။
“ငါ့ကို ကူညီချင်တာ ကောင်းပါတယ်... ကျေးဇူးလည်း တင်ပါတယ်... ဒါပေမဲ့ လကြွေပုလဲ ရပြီးမှ ပြောလည်း ရတာပဲလေ”
“ဟင်...”
လုံထျန်းရှင်း နောက်ဆုတ်သွား၏။ စေတနာလွန်ပြီး အရမ်း အလောတကြီး ဖြစ်သွားပြီလား။
“ဂျူနီယာညီလေး အဆင့်တက်ဖို့ ကူညီပေးချင်တာလား... သံယောဇဉ်ကြီးမားလိုက်တာ... ကဲ... မင်းတို့နှစ်ယောက် စိတ်ကြိုက် တိုက်ခိုက်ကြ... ဘယ်သူနိုင်နိုင် လကြွေပုလဲက မင်းတို့အပိုင်ပဲ”
မြို့စားကတော် ယွဲ့ပန်း (လကြွေပုလဲ မြို့စားကတော်) ဝင်ပြောလိုက်၏။
သူမသည် နုနယ်သော လက်ဝါးကို ဖြန့်လိုက်ရာ ကြက်ဥအရွယ်အစားရှိသော လရောင်ဖြာထွက်နေသည့် ပုလဲတစ်လုံး ပေါ်လာတော့၏။ သန့်စင်သော ဝိညာဉ်စွမ်းအင်များ ပါဝင်နေပြီး မြင့်မြတ်သော အငွေ့အသက်များ ရရှိစေသည်။ သက်တမ်း (၁၀၀) ရှိသော လကြွေပုလဲ အစစ်ပင်။
“ကျေးဇူးတင်ပါတယ် မြို့စားကတော်”
လုံထျန်းရှင်း ကျေးဇူးတင်စကား ဆိုလိုက်၏။
“ဟားဟာဟား၊ တိုက်ခိုက်ကြပါ... ကြည့်ကောင်းလေ ပိုကောင်းလေပဲ... ငါ့ရဲ့ အသက် (၂၀၀၀) ပြည့် မွေးနေ့ပွဲကို ပိုပြီး စည်ကားစေတာပေါ့”
ရွှမ်ကွေးကျန်းရန်ကလည်း အားပေးလိုက်၏။
“ကျေးဇူးတင်ပါတယ်.. မြို့စားမင်း”
လုံထျန်းရှင်းနှင့် ဟိုယွင်ကျဲ ပြိုင်တူ ပြောလိုက်ကြသည်။
စင်မြင့်ပေါ်တွင်...
ညီအစ်ကိုနှစ်ယောက် (၁၀) မီတာ အကွာတွင် မျက်နှာချင်းဆိုင် ရပ်လိုက်ကြသည်။
“ဂျူနီယာညီလေးလုံ... မင်းရဲ့ နဂါးအသွင်က အားကောင်းပေမဲ့ ငါ့ရဲ့ `အေးစက် အလင်းဓား` ကလည်း မညံ့ဘူးနော်... မင်းကို ထိခိုက်မိမှာ စိုးရိမ်တယ်”
ဟိုယွင်ကျဲသည် ဘယ်လက်ဖြင့် ဓားမုဒြာဖော်ပြီး ညာလက်ဖြင့် ဓားရိုးကို ကိုင်လိုက်ရာ ဓားသွားကဲ့သို့ ထက်ရှသော အရှိန်အဝါများ ထွက်ပေါ်လာတော့၏။
“စီနီယာ... စိတ်ကြိုက် တိုက်ပါ... စီနီယာ့ကို ဖိအားပေးနိုင်မှ `ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်` ကို တက်လှမ်းနိုင်မှာပါ”
လုံထျန်းရှင်းသည် မန္တန် ရွတ်ဆိုရန် ပြင်ဆင်လိုက်၏။
“ကောင်းပြီ... ဒါဆို သတိထားတော့”
ဟိုယွင်ကျဲ ဓားကို ဝှေ့ယမ်းလိုက်ရာ ဓားချီများ ကြက်ခြေခတ်သဏ္ဌာန် ထွက်ပေါ်လာပြီး လုံထျန်းရှင်းဆီသို့ အလင်းတန်းအသွင် ပြေးဝင်သွားလေတော့သည်။
လုံထျန်းရှင်းသည် နဂါးအသွင်ကြောင့် တိုက်ခိုက်ရေးစွမ်းရည် မြင့်တက်နေသဖြင့် ဓားအလင်းတန်းများကို ရှောင်တိမ်းလိုက်ပြီး `ဝိညာဉ်ချုပ်ကြိုး` ဖြင့် ဟိုယွင်ကျဲ၏ လက်မောင်းကို ရစ်ပတ်လိုက်တော့၏။
`ရွှပ်...`
ဟိုယွင်ကျဲ ဓားဖြင့် ကြိုးကို ဖြတ်လိုက်၏။
သို့သော် လုံထျန်းရှင်းသည် `လေဝိညာဉ် ခြေလှမ်း` ဖြင့် အနားရောက်လာပြီး ငွေရောင် နဂါးလက်သည်းဖြင့် ကုတ်ခြစ် တိုက်ခိုက်လိုက်တော့၏။
ထိုအချိန်တွင် ဟိုယွင်ကျဲ ဖိအားများကို စတင် ခံစားလိုက်ရလေတော့သည်။
အခန်း (၂၆၀) - သာလွန်သော ဓားသိုင်းပညာနှင့် ပစ္စည်းရယူခြင်း
~`ချွင်...`
အေးစက် အလင်းဓား သည် ထက်မြက်သော လက်သည်းများကို ပုတ်ထုတ်လိုက်တော့၏။
ဟိုယွင်ကျဲသည် ပြန်ကန်အားကို အသုံးပြု၍ နောက်သို့ နှစ်လှမ်းဆုတ်လိုက်ပြီး `လေဝိညာဉ် ခြေလှမ်း` ဖြင့် ရှောင်တိမ်းလိုက်၏။ ကျင့်ကြံခြင်းအဆင့် မြင့်မားသူ ဖြစ်၍ လုံထျန်းရှင်းထက် ပိုမို လျင်မြန်ပြီး သွက်လက်တော့၏။
မျက်စိတစ်မှိတ်အတွင်း ဟိုယွင်ကျဲသည် နောက်ကျောဘက်သို့ ရောက်ရှိသွားတော့၏။
ထက်ရှသော ဓားရှည်သည် လုံထျန်းရှင်း၏ ပခုံးဆီသို့ ထိုးစိုက်သွား၏။
ဓားသွားမှ အလင်းရောင်သည် မျက်စိကျိန်းလောက်အောင် တောက်ပနေပြီး ထက်ရှသော တုန်ခါမှုများကြောင့် ကြည့်ရှုသူများကို ကျောချမ်းသွားစေသည်။
`ခွပ်...`
လုံထျန်းရှင်းသည်လည်း တုံ့ပြန်မှု နှေးကွေးခြင်း မရှိပေ။ သူသည် ဓားကို လက်သည်းဖြင့် ညှပ်ဖမ်းလိုက်ပြီး ခြေထောက်ဖြင့် ဟိုယွင်ကျဲ၏ ခြေထောက်ကို ကန်လိုက်တော့၏။
`ဝှီး...`
နဂါးအသွင်ကြောင့် ထွက်ပေါ်လာသော အမြီးသည် ဟိုယွင်ကျဲကို ရိုက်ချလိုက်ရာ ဟိုယွင်ကျဲသည် လက်တစ်ဖက်ဖြင့် မုဒြာဖော်ပြီး `သံမဏိဒိုင်းကာ`ဖြင့် ကာကွယ်လိုက်ရတော့၏။
နှစ်ဦးသား အပြန်အလှန် တိုက်ခိုက်နေမှုသည် ကြည့်ကောင်းသည်ထက် ကြည့်ကောင်းနေတော့၏။
စင်အောက်ရှိ ပရိသတ်များမှာ အံ့သြမှင်သက်နေကြရသည်။
“ကောင်းတယ်... စိတ်လှုပ်ရှားစရာပဲ” ရွှမ်ကွေးကျန်းရန် ချီးကျူးလိုက်၏။
“ဒါမှ တကယ့် ယှဉ်ပြိုင်မှု... ဘယ်သူနိုင်မလဲ ခန့်မှန်းလို့ မရဘူး... ကြည့်ရတာ အရသာ ရှိလိုက်တာ” မြို့စားကတော် ယွဲ့ပန်း (လကြွေပုလဲ မြို့စားကတော်) ကလည်း နူးညံ့စွာ ပြောဆိုလိုက်၏။
“ချီစုစည်းခြင်း ကိုးဆင့်နဲ့ ဒီလောက် စွမ်းအားရှိတာ အံ့သြစရာပဲ”
“သူတို့က ဘယ်ဂိုဏ်းကလဲဟ”
“ကြယ်အဆင့် ဂိုဏ်းက ဖြစ်လောက်တယ်”
ဧည့်သည်များ တီးတိုး ဆွေးနွေးနေကြတော့၏။
“အစ်ကိုဟိုက အရမ်း ခန့်ညားတာပဲ” နင်ယွီကျဲသည် နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်၏။ “သူတို့နှစ်ယောက်လုံးကို ဖမ်းပြီး ဂိုဏ်းခေါ်သွားချင်လိုက်တာ... ငါ့ရဲ့ ကျင့်ကြံဖော် လုပ်ခိုင်းပစ်မယ်”
“အဲ... နတ်သမီးနင်... ကျွန်တော်ရော မမိုက်ဘူးလား... ကျွန်တော့်ကိုရော မခေါ်ချင်ဘူးလား”
ဖားပြုတ်ခေါင်း နတ်ဆိုးသားရဲ တစ်ကောင်က မျက်နှာပြောင်တိုက်ပြီး မေးလိုက်၏။
နင်ယွီကျဲက ဆူပူလိုက်၏။
“ဖယ်စမ်း... ဖားပြုတ်ကောင်”
“ရက်စက်လိုက်တာကွာ” ဖားပြုတ်ခေါင်း သက်ပြင်းချလိုက်၏။
စင်မြင့်ပေါ်တွင်...
ညီအစ်ကိုနှစ်ယောက် ဆက်လက် တိုက်ခိုက်နေကြသည်။
လုံထျန်းရှင်းသည် ကျယ်ပြန့်ပြီး အားပါသော တိုက်ကွက်များကို သုံးသည်။ နဂါးအသွင် ပြောင်းလဲထားသော ခွန်အားကို အဓိကထားပြီး သိုင်းနည်းစနစ်များကို အထောက်အကူပြုအနေဖြင့် သုံးကာ ဟိုယွင်ကျဲကို တဖြည်းဖြည်း ဖိအားပေးလာသည်။
“ထျန်းရှင်းရဲ့ စွမ်းအားတွေ တိုးတက်လာပါလား”
မြူခိုးတောင်ထိပ်တွင်...
`ခိုးကြည့်တတ်သော နတ်ဆိုး` ယဲ့ဖုန်းသည် အဝေးမှ လှမ်းကြည့်နေတော့၏။
ဂိုဏ်းကိစ္စများကို ကုန်းချင်းချိုးနှင့် လွှဲထားလိုက်ကတည်းက သူ အားလပ်ချိန် များနေတော့၏။
ဟိုယွင်ကျဲတို့ ဟိုင်ကျင်းမြို့သို့ သွားကတည်းက ယဲ့ဖုန်း တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။ ဟိုင်ကျင်းမြို့ ဆိုသည့် နေရာ ရှိမှန်းလည်း အခုမှ သိတော့သည်။
“ဒီမြို့က ထိုက်ယွဲ့ တောင်တန်း တစ်ဖက်ခြမ်းက အင်အားစု ဖြစ်မယ်... ကြားထဲမှာ တောင်တန်းတွေ ခံနေလို့ ရေပေါ်ဖြူမြို့တော်တို့၊ မီးရှူးတိုင်မြို့တို့နဲ့ အဆက်အသွယ် သိပ်မရှိတာ နေမှာ”
ယဲ့ဖုန်းသည် `ကောင်းကင်မေးမြန်း ကြေးမုံ` ကို ကြည့်ရင်း ရေရွတ်လိုက်၏။
ဟိုင်ကျင်းမြို့၏ အင်အားမှာ မသေးလှပေ။ ရွှမ်ကွေးကျန်းရန်နှင့် မြို့စားကတော် ယွဲ့ပန်းတို့ ရှိသည့်အပြင် ဟူလီဂိုဏ်း ကဲ့သို့သော အဆင့်မြင့်ဂိုဏ်းများလည်း ရှိနေ၏။ စုစုပေါင်း အင်အားမှာ ယခင် ရေပေါ်ဖြူမြို့တော်အောက် မလျော့ပေ။
“ထျန်းရှင်းက ယွင်ကျဲ အဆင့်တက်အောင် ဖိအားပေးနိုင်ပါ့မလား မသိဘူး”
“ဒါပေမဲ့ ညီအစ်ကိုချင်း ယှဉ်ပြိုင်တာ ကောင်းပါတယ်... အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ အတွေ့အကြုံ ရတာပေါ့”
“ငါလည်း... သွားလိုက်ဦးမယ်”
ယဲ့ဖုန်းသည် ဟိုင်ကျင်းမြို့ဘက်သို့ လှမ်းကြည့်ပြီး ကြေးမုံကို သိမ်းလိုက်၏။ တောင်အောက်သို့ ဆင်းလာရာ မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင် စောင့်နေသည်ကို တွေ့လိုက်ရသည်။
“သွားကြစို့... ပစ္စည်းသစ်ကို စမ်းသပ်ရမယ့် အချိန်ရောက်ပြီ”
“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်”
နှစ်ဦးသား လမ်းလျှောက်ရင်း တစ်သားတည်း ပေါင်းစပ်သွားကြသည်။ ယပ်တောင်ကိုင်ထားသော ဝတ်ရုံဖြူ လူငယ်လေးအဖြစ် ပြောင်းလဲသွားပြီး ထိုက်ယွဲ့ တောင်တန်းဘက်သို့ အေးဆေးစွာ ပျံသန်းသွားလေတော့သည်။
...
`ဘုန်း...`
လုံထျန်းရှင်းသည် `ပန်းပွင့်ကြွေ မိုးစက်များ` ဖြင့် အမြင်အာရုံကို ရှုပ်ထွေးစေပြီး `ဝိညာဉ်ချုပ်ကြိုး` ဖြင့် ဟိုယွင်ကျဲ၏ လက်များကို ချည်နှောင်လိုက်၏။ ထို့နောက် လေးလံသော လက်သီးဖြင့် ထိုးလိုက်ရာ ဟိုယွင်ကျဲ နောက်ဆုတ်သွားရသည်။
“အစ်ကိုဟို” နင်ယွီကျဲ လန့်သွား၏။
“စီနီယာ အစ်ကိုကြီး... ဒုတိယ စီနီယာအစ်ကို ရှုံးတော့မလား” ဝမ်ဖင်းအန်း မေးလိုက်၏။
“ရှုံးမယ်တော့ မထင်ဘူး” ရှီလေ့လည်း မသေချာပေ။
လုံထျန်းရှင်း၏ စွမ်းအားမှာ သာမန်သာ ရှိသော်လည်း သွေးမျိုးဆက် နိုးထပြီး နဂါးအသွင် ပြောင်းလဲနိုင်ကတည်းက တိုက်ခိုက်ရေးစွမ်းရည် တိုးတက်လာခြင်း ဖြစ်သည်။
ဟိုယွင်ကျဲ ရှုံးမှာ မဟုတ်ဘူးဟု ထင်ရခြင်းမှာ သူ၏ `ဓားဆွဲထုတ်ခြင်း နည်းစနစ်` ကို မသုံးရသေးသောကြောင့် ဖြစ်သည်။ အကယ်၍ သုံးလိုက်ပါက ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်ကိုပင် ခုတ်ပိုင်းနိုင်သည်။
သို့သော် ဂိုဏ်းသားချင်း ယှဉ်ပြိုင်ရာတွင် ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော ဓားသိုင်းကို သုံး၍ မဖြစ်ပေ။
လုံထျန်းရှင်းသည် လက်သည်းများဖြင့် အဆက်မပြတ် တိုက်ခိုက်ရင်း မေးလိုက်၏။
“ဒုတိယ စီနီယာအစ်ကို... ကျွန်တော့်ရဲ့ ဖိအားက လုံလောက်ပြီလား”
“အင်း... ဖိအားကတော့ များပါတယ်” ဟိုယွင်ကျဲ ပြန်ဖြေသည်။ “ဒါပေမဲ့ ဒီလောက်နဲ့တော့ ငါ့ကို နိုင်မှာ မဟုတ်ဘူး”
`ချွင်...`
`အေးစက် အလင်းဓား` သည် ရုတ်တရက် တုန်ခါသွားပြီး ကြောက်မက်ဖွယ် ဓားအရှိန်အဝါများ ထွက်ပေါ်လာကာ လုံထျန်းရှင်းကို မီတာပေါင်းများစွာ လွင့်ထွက်သွားစေသည်။
“ဟေ... ခုနက ဘာလို့ ငါ့လှုပ်ရှားမှုတွေ နှေးသွားတာလဲ” လုံထျန်းရှင်း အံ့သြသွား၏။
သူ ဆက်လက် တိုက်ခိုက်သော်လည်း ခြေထောက်ကို တစ်စုံတစ်ရာ လာချိတ်သကဲ့သို့ ခံစားလိုက်ရပြီး လှုပ်ရှားမှုများ နှေးကွေးသွားပြန်သည်။
ထို့နောက် ဟိုယွင်ကျဲ၏ ဓားချက်ကြောင့် လွင့်ထွက်သွားရပြန်သည်။
'သဘောပေါက်ပြီ... ဒါ `နတ်ဘုရားအာရုံ စွမ်းအား`ပဲ’
လုံထျန်းရှင်း နားလည်လိုက်ရပြီ။
ဟိုယွင်ကျဲသည် `ကိုးဆင့် ကောင်းကင်ဘုံ နတ်ဘုရား ကျင့်စဉ်` ၏ ပထမအဆင့် အထွတ်အထိပ်ကို ရောက်ရှိနေပြီ ဖြစ်၍ `ချီစုစည်းခြင်း တတိယအဆင့်` နှင့် ညီမျှသော နတ်ဘုရားအာရုံ စွမ်းအားကို အသုံးပြုနိုင်ခြင်း ဖြစ်သည်။
ထို့ကြောင့် လုံထျန်းရှင်း အချိတ်ခံလိုက်ရခြင်းပင်။
‘ဒါပေမဲ့ ငါ့စွမ်းအားက ဒီလောက်ပဲ မဟုတ်သေးဘူး’
ဟိုယွင်ကျဲ အသက်ဝဝ ရှူလိုက်၏။ ဓားသည် လေထဲတွင် ဝဲပျံနေပြီး သူ၏ လက်နှစ်ဖက်တွင် အဖြူရောင်နှင့် အနီရောင် မီးတောက်များ ရစ်သိုင်းလာတော့၏။
မီးတောက်နှစ်ခု ပေါင်းစပ်သွားသောအခါ ဟိုယွင်ကျဲ၏ အရှိန်အဝါသည် (၁၀) ပုံ (၁) ပုံခန့် မြင့်တက်သွားတော့၏။
“ဒါ ဘာသိုင်းနည်းစနစ်လဲ”
“သူ့ရဲ့ အရှိန်အဝါ တက်လာတယ်... `အထောက်အကူပြု ကျင့်စဉ်`လား”
ပရိသတ်များ အံ့သြသွားကြသည်။
ဝမ်ဖင်းအန်း၊ ရှီလေ့နှင့် လုံထျန်းရှင်း တို့သာ လျှို့ဝှက်ချက်ကို သိကြသည်။
ဒါက `ရွှေယန် လျှို့ဝှက်ကျမ်း`၏ ပထမအဆင့် `အစပျိုး`ကို ရောက်သွားသည့် လက္ခဏာပင် ဖြစ်ပါသည်။
`ချွင်...`
ဟိုယွင်ကျဲသည် `တောက်ပသော ဓားအလင်း` ကို ထပ်မံ ထုတ်သုံးလိုက်ရာ အရှိန်အဝါများ ပိုမို ပြင်းထန်လာပြီး လုံထျန်းရှင်းကို နောက်ဆုတ်သွားစေသည်။
'နတ်ဘုရားအာရုံ စွမ်းအားနဲ့ ငါ့ကို နှောင့်ယှက်တယ်... ပြီးတော့ `ရွှေယန် လျှို့ဝှက်ကျမ်း` နဲ့ စွမ်းအား (၁၀) ရာခိုင်နှုန်း တိုးလိုက်တယ်... ဒီလို အပေးအယူတွေနဲ့ဆိုရင် ဒုတိယ စီနီယာအစ်ကိုရဲ့ စွမ်းအားက အများကြီး တက်လာပြီ... ငါတောင် အရေးနိမ့်နေပြီ' လုံထျန်းရှင်း တွေးလိုက်မိသည်။
ဟိုယွင်ကျဲ၏ တိုက်ခိုက်ရေး အတွေ့အကြုံက သူ့ထက် သာလွန်ကြောင်း ဝန်ခံရပေမည်။
ဓားအလင်းတန်းများ ပြေးဝင်လာသောအခါ လုံထျန်းရှင်းသည် လက်သည်းဖြင့် ကာကွယ်သော်လည်း တဖြည်းဖြည်း ရှောင်တိမ်းနိုင်စွမ်း နည်းပါးလာတော့၏။
နောက်ဆုံးတွင် ဓားချက်ထိမှန်ပြီး စင်အောက်သို့ ပြုတ်ကျသွားလေတော့သည်။
ဟိုယွင်ကျဲ အနိုင်ရရှိသွားလေပြီ။
လုံထျန်းရှင်း ဒဏ်ရာမရသော်လည်း၊ ယှဉ်ပြိုင်မှု သဘောအရ စင်အောက်ကျသူ ရှုံးနိမ့်ခြင်း ဖြစ်သည်။
“ကျွန်တော် ရှုံးပါပြီ”
လုံထျန်းရှင်းသည် နဂါးအသွင်မှ ပြန်လည် ပြောင်းလဲလိုက်ပြီး ဟိုယွင်ကျဲကို လက်များ ဆုပ်လိုက်၏။
“ဂျူနီယာညီလေးလုံ... တကယ်လို့ သေရေးရှင်ရေး တိုက်ပွဲဆိုရင် မင်း ငါ့ကို စောစောစီးစီး အနိုင်ယူနိုင်မှာပါ... ငါ့ရဲ့ `ဟိုတစ်ကွက်` က အချိန်ယူရတာကိုး” ဟု ဟိုယွင်ကျဲက တီးတိုး ပြောလိုက်၏။
လုံထျန်းရှင်း သဘောပေါက်သည်။ `ဓားဆွဲထုတ်ခြင်း နည်းစနစ်` ကို ပြောတာ ဖြစ်ပါသည်။
သေရေးရှင်ရေး တိုက်ပွဲဆိုရင် ထိုဓားကွက်ကို သူ ခုခံနိုင်မည် မဟုတ်ပေ။ သို့သော် ဓားမဆွဲထုတ်နိုင်ခင် ဟိုယွင်ကျဲကို အရင် သတ်နိုင်မည့် အခွင့်အရေး ရှိခဲ့သည်။
“ကောင်းတယ်... ကောင်းတယ်... ညီအစ်ကိုချင်း ယှဉ်ပြိုင်တာ ကြည့်ရတာ သိပ်ကောင်းတယ်” ရွှမ်ကွေးကျန်းရန် လက်ခုပ်တီးလိုက်၏။
“ဒီ `လကြွေပုလဲ` က မင်းအပိုင် ဖြစ်သွားပြီ”
မြို့စားကတော် ယွဲ့ပန်းက လက်ဝှေ့ယမ်းလိုက်ရာ ဓာတ်ကြီးငါးပါး စုစည်းခြင်း အရှိန်အဝါများ ပါဝင်သော သက်တမ်း (၁၀၀) ရှိ လကြွေပုလဲသည် ဟိုယွင်ကျဲ၏ ရှေ့သို့ ပျံသန်းရောက်ရှိလာတော့၏။
လူအများ၏ အားကျသော မျက်လုံးများအောက်တွင် ဟိုယွင်ကျဲသည် လကြွေပုလဲကို လက်ခံရယူလိုက်၏။ ပထမဆုံးသော `အကြီးအကဲ တာဝန်` ကို အောင်မြင်စွာ ပြီးမြောက်သွားပြီ ဖြစ်သည်။
“အစ်ကိုဟိုက အရမ်း တော်တာပဲ... ကျွန်မ သိပ်သဘောကျတာပဲ” နင်ယွီကျဲသည် ဟိုယွင်ကျဲကို ကြည့်ရင်း နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်မိပြန်သည်။
“ညီအစ်ကိုနင်... မြှောက်လွန်းပါပြီဗျာ” ဟိုယွင်ကျဲ ခေါင်းငြိမ့်ပြလိုက်၏။
ထိုအချိန်တွင် ရွှမ်ကွေးကျန်းရန်သည် မြို့စားကတော် ယွဲ့ပန်း၏ လက်ကို တွဲလိုက်ပြီး ပြောလိုက်၏။
“ကဲ... မွေးနေ့ပွဲ ဒီမှာတင် ပြီးဆုံးပါပြီ... အားလုံး ပြန်နိုင်ပါပြီ”
“နှုတ်ဆက်ပါတယ် မြို့စားမင်း နဲ့ မြို့စားကတော်”
အားလုံး လက်များဆုပ်ကာ နှုတ်ဆက်လိုက်ကြသည်။ ထို့နောက် ဟိုယွင်ကျဲတို့ အဖွဲ့ကို မနာလိုသော မျက်လုံးများဖြင့် ကြည့်ရှုရင်း လူစုခွဲလိုက်ကြသည်။ သူတို့၏ မျက်လုံးများထဲတွင် မီးတောက်များ တဖျပ်ဖျပ် လက်နေသည်ကို တွေ့နိုင်ပေသည်။
“အစ်ကိုဟို... ဖေးဟွာဂိုဏ်းကို လာလည်ပါလား” နင်ယွီကျဲက ဖိတ်ခေါ်လိုက်၏။
“နောက်မှပေါ့ဗျာ” ဟိုယွင်ကျဲ ခေါင်းခါလိုက်၏။
တာဝန်တွေ ရှိသေးသလို၊ တန်ဖိုးကြီး ပစ္စည်းရထားပြီးပြီ ဖြစ်၍ ဟိုင်ကျင်းမြို့တွင် ဆက်နေရန် မသင့်တော်တော့ပေ။
အခန်း (၂၆၁) - မျှော်လင့်ထားသော အန္တရာယ်နှင့် မမျှော်လင့်ထားသော လူ
~“နောက်တစ်ရက် နေဦးမယ် ဟုတ်လား” နင်ယွီကျဲ မျက်လုံးများ ကျဉ်းမြောင်းသွား၏။
“ဟုတ်တယ်... ကျွန်တော်တို့မှာ တာဝန်တွေ ရှိသေးတယ်... ဂိုဏ်းကို အမြန်ပြန်ပြီး သတင်းပို့ရမှာဆိုတော့ ကြာကြာမနေနိုင်တော့ဘူး” ဟိုယွင်ကျဲ ခေါင်းငြိမ့်ပြလိုက်၏။
“ဒါဆို မပြန်ခင် ထမင်းတစ်နပ်လောက်တော့ အတူစားသွားကြပါ... ကျွန်မ ဒကာခံပါ့မယ်” နင်ယွီကျဲက ပြုံးရွှင်စွာ ဖိတ်ခေါ်လိုက်၏။
“တကယ် မလိုပါဘူးဗျာ...” ဟိုယွင်ကျဲ ငြင်းပယ်ရန် ကြိုးစားလိုက်၏။
သို့သော် နောက်တစ်ခဏတွင် ဝမ်ဖင်းအန်း၏ ဗိုက်ထဲမှ `ဂွီ... ဂွီ...` မြည်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာသဖြင့် ဟိုယွင်ကျဲ ခေါင်းကုတ်လိုက်ရတော့၏။
“ဒါဆိုရင်လည်း ကျေးဇူးတင်ပါတယ်ဗျာ”
...
ဟိုင်ကျင်းမြို့၏ လူဦးရေမှာ မများလှသော်လည်း အစားအသောက်များမှာမူ အလွန် ကောင်းမွန်လှပေသည်။
ဇိမ်ခံ စားသောက်ဆိုင်ကြီး တစ်ခုတွင်...
နင်ယွီကျဲ၊ ဟိုယွင်ကျဲနှင့် အဖွဲ့သားများသည် စားပွဲဝိုင်းတွင် ထိုင်လျက် ခွက်ချင်းတိုက်ကာ စကားပြောဆိုရင်း စားသောက်နေကြတော့၏။ ရယ်မောသံများ အဆက်မပြတ် ထွက်ပေါ်နေပြီး ပျော်ရွှင်စရာ ကောင်းလှသည်။
တစ်နာရီခန့် ကြာပြီးနောက်...
သူတို့ လမ်းခွဲလိုက်ကြသည်။
ဟိုင်ကျင်းမြို့ရိုးပေါ်တွင်...
ထွက်ခွာသွားသော ဟိုယွင်ကျဲတို့ကို ကြည့်ရင်း နင်ယွီကျဲ၏ မျက်နှာပေါ်ရှိ အပြုံးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အေးစက်သော အမူအရာသို့ ပြောင်းလဲသွားတော့၏။
“သခင်မလေး... လိုက်မသွားတော့ဘူးလား”
အခိုင်းအစေ တစ်ဦးက မျက်နှာသေဖြင့် မေးလိုက်၏။
“မလိုဘူး”
နင်ယွီကျဲ လက်ကာပြလိုက်ပြီး မြို့ရိုးပေါ်တွင် ငြိမ်သက်စွာ ရပ်နေတော့၏။ လေပြင်းများ တိုက်ခတ်လာသဖြင့် သူမ၏ မျက်နှာမှ အရေပြားများ တွန့်လိပ်သွားတော့၏။ နင်ယွီကျဲက လက်ဝါးဖြင့် ဖြည်းညှင်းစွာ သပ်ချလိုက်ပြီး မူလအတိုင်း ပြန်ဖြစ်အောင် ပြုလုပ်လိုက်၏။ သူမ၏ အပြုံးသည် ကြောက်မက်ဖွယ် ကောင်းလှသည်။
ဟိုင်ကျင်းမြို့ဝန်းကျင်တွင် အရိပ်မည်းများစွာ လှုပ်ရှားသွားကြပြီး ဟိုယွင်ကျဲတို့ ထွက်ခွာသွားရာ လမ်းကြောင်းအတိုင်း လိုက်ပါသွားကြတော့၏။ သူတို့၏ မျက်နှာများတွင် ရက်စက်သော အပြုံးများ ကိုယ်စီ ရှိနေကြသည်။
“လိုက်ဖမ်းကြ”
“လကြွေပုလဲက ငါတို့အပိုင်ပဲ”
...
ချိုင့်ဝှမ်းတစ်ခု၏ အထက် ကောင်းကင်ယံတွင်...
ဟိုယွင်ကျဲတို့ အဖွဲ့ ပျံသန်းနေကြသည်။
“မကြာခင် ငါတို့ကို ခြုံခိုတိုက်ခိုက်ကြလိမ့်မယ်... အထူးသဖြင့် ဖက်တီးကျားလို တိရစ္ဆာန်လူသားတွေက ငါတို့ကို အငြိုးထားနေမှာ သေချာတယ်... သတိထားကြ”ဟု ဟိုယွင်ကျဲ သတိပေးလိုက်၏။
ကျင့်ကြံခြင်း လောကတွင် ပစ္စည်းလုယက် သတ်ဖြတ်ခြင်းသည် ဖြစ်လေ့ဖြစ်ထ ရှိသော ကိစ္စပင်။
မြို့ထဲက ထွက်ကတည်းက သူတို့ တိုက်ပွဲဝင်ရန် ပြင်ဆင်လာခဲ့ကြသည်။
“ဟား... ဟား... ဟား... ကောင်လေး (၄) ယောက်... မင်းတို့ ဘယ်ဂိုဏ်းကပဲ ဖြစ်ဖြစ်၊ နတ်သမီးနင် မပါဘဲနဲ့တော့ ဒီနေ့ မင်းတို့ သေနေ့ပဲ”
ပထမဆုံး ရန်သူ ပေါ်လာလေပြီ။
ဖက်တီးကျားနှင့် တူသော ကျားခေါင်းလူ တစ်ယောက် ဖြစ်သည်။ သို့သော် ဖက်တီးကျားလောက် စွမ်းအားမကြီးဘဲ `တစ်ဝက်တစ်ပျက် အသွင်ပြောင်း` အဆင့်သို့ အခုမှ ဝင်ရောက်ကာစသာ ရှိသေးသည်။
“ခင်ဗျား တစ်ယောက်တည်းနဲ့လား... သေချင်နေတာလား... ဖက်တီးကျား လာရင်တောင် ခဏလောက်ပဲ ခံနိုင်မှာ”
လုံထျန်းရှင်းသည် ချက်ချင်း `နဂါးအသွင်` ပြောင်းလဲလိုက်တော့၏။
“ဖက်တီးကျားက တရားထိုင်နေလို့ မလာနိုင်ဘူး... ဒါပေမဲ့ ငါတစ်ယောက်တည်းလို့ ဘယ်သူ ပြောလဲ”
အနီးနားရှိ တောအုပ်ထဲမှ အရိပ်မည်းများစွာ ပြေးထွက်လာကြသည်။ အားလုံးက တစ်ဝက်တစ်ပျက် အသွင်ပြောင်း နတ်ဆိုးသားရဲများ ဖြစ်ကြသည်။ စုပေါင်းလိုက်လျှင် `ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်` ပညာရှင်တစ်ဦးကိုပင် ယှဉ်ပြိုင်နိုင်လောက်သည်။
“ခွေးခေါင်းလူ၊ ဝက်ခေါင်းလူ၊ ကျားခေါင်းလူ၊ ဝံပုလွေခေါင်းလူ... စုစုပေါင်း (၄) ကောင်... တစ်ယောက် တစ်ကောင်စီ ကိုင်လိုက်ကြ”
ဟိုယွင်ကျဲသည် `အေးစက် အလင်းဓား` ကို ဆွဲထုတ်လိုက်တော့၏။
“ဟိုက်... မဖြစ်ဘူး... ကျွန်တော် မနိုင်ဘူးဗျ” ဝမ်ဖင်းအန်း တစ်ကိုယ်လုံး တုန်ယင်နေတော့၏။
“ဂျူနီယာညီလေးဝမ်... ငါ ကာကွယ်ရေး ယူထားမယ်... မင်းက သူတို့ကို သေအောင်သာ မြှောက်ပြောပေးလိုက်” ရှီလေ့က ဝမ်ဖင်းအန်းကို မျက်စိတစ်ဖက် မှိတ်ပြလိုက်၏။
ထို့နောက် `မှော်လိပ်ခွံဒိုင်း` ကို ထုတ်လိုက်ပြီး `လိပ်နက် ချပ်ဝတ်` သိုင်းနည်းစနစ်ကိုပါ ထပ်ဆင့် အသုံးပြုလိုက်ရာ သူ၏ ကာကွယ်ရေးစွမ်းအားသည် နတ်ဆိုးသားရဲများနှင့် ယှဉ်နိုင်လောက်သည့် အနေအထား ရောက်ရှိသွားတော့၏။
“ဟုတ်သားပဲ... ငါတို့မှာ ဂိုဏ်းသား တံဆိပ်ပြားတွေ ရှိတာပဲ”
ဝမ်ဖင်းအန်းသည် တံဆိပ်ပြားကို ထုတ်ရန် ပြင်လိုက်သော်လည်း ဟိုယွင်ကျဲက လှမ်းတားလိုက်၏။
“ငါတို့ ဘယ်သူလဲ ဆိုတာ သိသွားရင် ဒီနတ်ဆိုးတွေ ကြောက်ပြီး ထွက်ပြေးကုန်လိမ့်မယ်... ဒါဆိုရင် ငါတို့ အားရပါးရ တိုက်ခိုက်ခွင့် ရတော့မှာ မဟုတ်ဘူး”
မြူခိုးဂိုဏ်းက နာမည်ကြီးလွန်း၍ ဟိုင်ကျင်းမြို့မှာတုန်းက သူတို့ ဘယ်သူလဲ ဆိုတာ ထုတ်မပြောခဲ့ခြင်းပင်။
ပြောလိုက်လျှင် ဒီနတ်ဆိုးတွေ လာရဲမှာ မဟုတ်ပေ။
“ဂျူနီယာညီလေးလုံ နဲ့ တိုက်ခိုက်တုန်းက အကျိုးရှိပေမဲ့ ဖိအားက မလုံလောက်သေးဘူး... အခု ငါ နှစ်ကောင်ကို တစ်ပြိုင်နက် ရင်ဆိုင်မယ်”
ပြောပြောဆိုဆိုနှင့်၊ ဟိုယွင်ကျဲသည် ဓားကို ဝှေ့ယမ်းပြီး ကျားခေါင်းလူနှင့် ဝံပုလွေခေါင်းလူ ဆီသို့ ပြေးဝင်သွားတော့၏။
“ချီစုစည်းခြင်း ကိုးဆင့်လောက်နဲ့များ ငါတို့နှစ်ယောက်ကို လာစိန်ခေါ်ရဲတယ်... မာနကြီးလိုက်တာ”
ကျားခေါင်းလူ ဟိန်းဟောက်လိုက်ပြီး (၃) မီတာမြင့်သော ကျားကြီးအဖြစ် ပြောင်းလဲကာ လက်ဝါးကြီးဖြင့် ရိုက်ချလိုက်တော့၏။
`ဝေါင်း...`
ဝံပုလွေခေါင်းလူကလည်း ဧရာမ ဝံပုလွေကြီးအဖြစ် ပြောင်းလဲပြီး ဝင်ရောက် တိုက်ခိုက်တော့၏။
ဟိုယွင်ကျဲသည် `ရွှေယန် လျှို့ဝှက်ကျမ်း` ကို ချက်ချင်း အသုံးပြုပြီး စွမ်းအား (၁၀) ပုံ (၁) ပုံ မြှင့်တင်လိုက်၏။ `လေဝိညာဉ် ခြေလှမ်း` နှင့် `နတ်ဘုရားအာရုံ စွမ်းအား` တို့ကို ပေါင်းစပ်အသုံးပြုပြီး ရှောင်တိမ်းလိုက်ရာ နတ်ဆိုးနှစ်ကောင်၏ တိုက်ခိုက်မှုများ လွဲချော်သွားတော့၏။
“ထူးဆန်းတယ်... ဘာလို့ အမြဲတမ်း လွဲနေရတာလဲ” ကျားကြီး မျက်မှောင်ကြုတ်လိုက်မိသည်။
သူ့လက်သည်းတွေက မြန်ဆန်ပေမဲ့ ဟိုယွင်ကျဲကို ထိခါနီးတိုင်း ကပ်ပြီး လွတ်သွားလေ့ရှိသည်။
ဝံပုလွေကြီးလည်း ထိုနည်း၎င်းပင်။ ဟိုယွင်ကျဲကို လုံးဝ ထိအောင် မတိုက်နိုင်ပေ။
“ဟူး... တော်သေးတာပေါ့... နတ်ဘုရားအာရုံ စွမ်းအားနဲ့ ထိန်းညှိထားလို့... မဟုတ်ရင် အထိုးခံရတာ ကြာပြီ... ဒါပေမဲ့ တကယ် စိတ်လှုပ်ရှားစရာ ကောင်းတယ်”
ဟိုယွင်ကျဲ အသက်ရှုသံ မြန်လာသည်။
နတ်ဆိုးနှစ်ကောင်ကို ယှဉ်နိုင်မည့် အင်အားမရှိသော်လည်း နတ်ဘုရားအာရုံ စွမ်းအား အကူအညီဖြင့် တိုက်ခိုက်မှုများကို ရှောင်တိမ်းနိုင်နေ၏။
ဤကဲ့သို့ စိတ်လှုပ်ရှားဖွယ် တိုက်ပွဲကြောင့် သူ၏ အဆင့်တက်မည့် အခွင့်အရေး ပိုမို နီးကပ်လာပြီ ဖြစ်သည်။
“ဒီကောင်လေးက ဝက်ကြီးကို အသာစီး ရနေပါလား... လာကူကြပါဦး”
အခြားတစ်ဖက်တွင် ဝက်ခေါင်းလူသည် လုံထျန်းရှင်းနှင့် ပြင်းထန်စွာ တိုက်ခိုက်နေရပြီး လက်သည်းရာများနှင့် ဒဏ်ရာများ ပြည့်နှက်ကာ သွေးသံရဲရဲ ဖြစ်နေလေပြီ။
“ဝက်အ... အသုံးမကျတဲ့ကောင်” ခွေးခေါင်းလူ လှောင်ပြောင်လိုက်၏။
သူသည် ဘေးဘီကို ကြည့်လိုက်ရာ ဒိုင်းကာအကာအကွယ် ယူထားသော ရှီလေ့နှင့် ဝမ်ဖင်းအန်း တို့ကို တွေ့လိုက်ရသဖြင့် ရက်စက်စွာ ပြုံးလိုက်ပြီး အစွယ်များကို ထုတ်ပြလိုက်တော့၏။
“အား...”
အကြည့်ခံလိုက်ရသဖြင့် ဝမ်ဖင်းအန်း ကျောချမ်းသွားတော့၏။
ခွေးခေါင်းလူသည် နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ပြီး
“ကောင်လေး... မင်းအသားက နုဖတ်နေတာပဲ... ဝါးစားလိုက်ရင် ဘယ်လောက်တောင် အရသာရှိမလဲ မသိဘူး”
သူက ခြိမ်းခြောက်ကာ တိုးကပ်လာတော့၏။
“နတ်ဆိုး ညီနောင် (၄) ယောက်က ရဲရင့်ပြီး ထူးခြားတဲ့သူတွေပါ... ဉာဏ်ပညာလည်း ကြီးမားပါတယ်... မြင်လိုက်တာနဲ့ ချစ်ခင်စရာ ကောင်းပါတယ်... ဒါကြောင့် ကျွန်တော်တို့ကို လွှတ်ပေးလို့ ရမလားဗျာ”
ဝမ်ဖင်းအန်း အရှက်မရှိ မြှောက်ပင့်လိုက်ပြန်သည်။
ခွေးခေါင်းလူ တဟားဟား ရယ်မောလိုက်၏။
“ကောင်လေး... မင်း ငါတို့ကို မြှောက်ပြောပြီး အသက်ရှင်ဖို့ မျှော်လင့်နေတာလား... အလကားပဲကွ”
ဝမ်ဖင်းအန်း လက်များ ဆုပ်လိုက်၏။
“နတ်ဆိုး ညီနောင်တို့... ခင်ဗျားတို့ကို ကျွန်တော် ဆရာတင်ချင်ပါတယ်”
“ငါ့ကို အဖေ ခေါ်ရင်တောင် မရဘူးကွ” ခွေးခေါင်းလူ လှောင်ပြောင်လိုက်၏။
ရှီလေ့က ဝမ်ဖင်းအန်း နားနားကပ်ပြီး တီးတိုး ပြောလိုက်၏။
“ဂျူနီယာညီလေး... မင်းရဲ့ `အဆိပ်သင့် မြှောက်ပင့်စကား` က သိပ်မစွမ်းဘူး ထင်တယ်... ကြည့်ရတာ ဒီကောင်တွေကို နိုင်ဖို့ မလွယ်ဘူး နော်”
“ဒါ...” ဝမ်ဖင်းအန်း ကြောက်လန့်သွား၏။
`ဗြိ...`
ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာသည်။
အားလုံး လှည့်ကြည့်လိုက်ရာ လုံထျန်းရှင်း၏ လက်သည်းများသည် ဝက်ခေါင်းလူ၏ လည်ပင်းကို ဖောက်ဝင်သွားပြီး နှစ်ပိုင်း ဆွဲဖြဲပစ်လိုက်သည်ကို တွေ့လိုက်ရတော့၏။
“ဟာ...”
အားလုံး အံ့သြသွားကြသည်။
လုံထျန်းရှင်းက နတ်ဆိုးသားရဲ တစ်ကောင်ကို သတ်လိုက်တာလား။
ဒီလောက်တောင် ကြမ်းတာလား။
“ငါ့ရဲ့ မြှောက်ပင့်စကား စွမ်းသွားတာများလား” ဝမ်ဖင်းအန်း မျက်တောင် ကလပ်ကလပ် ဖြစ်သွား၏။
လုံထျန်းရှင်းသည် ဝက်ခေါင်းလူကို မြေပြင်ပေါ် ပစ်ချလိုက်၏။ မျက်လုံးများ နီရဲနေပြီး လက်သည်းများမှာ ငွေရောင် အလင်းတန်းများ ထွက်ပေါ်နေကာ ယခင်ကထက် ပိုမို သန်မာလာတော့၏။
“ထူးဆန်းလိုက်တာ... ငါ့စွမ်းအားတွေ တက်လာပါလား”
လုံထျန်းရှင်း ကိုယ်တိုင်လည်း အံ့သြနေတော့၏။
တိုက်ပွဲကို အာရုံစိုက်နေစဉ် သွေးမျိုးဆက်များ ဆူပွက်လာသည်ကို ခံစားလိုက်ရပြီး မကြာမီ လက်သည်းများ တောက်ပလာကာ မယုံနိုင်လောက်အောင် ထက်မြက်လာခြင်း ဖြစ်သည်။ ဝက်ခေါင်းလူ၏ ကာကွယ်ရေးကို အလွယ်တကူ ဖောက်ထွင်းနိုင်ခဲ့သည်။
“ဒါ `နဂါးအသွင်` ဒုတိယအဆင့်ကို ရောက်တော့မယ့် လက္ခဏာများလား”
လုံထျန်းရှင်း တွေးလိုက်မိသည်။
နဂါးလူသား မျိုးနွယ်စု တစ်ခုလုံးတွင် ရှေးဟောင်း `နဂါးဘုရား သားတော်` တစ်ဦးတည်းသာ ဒုတိယအဆင့်ကို ရောက်ရှိဖူးပြီး အရေခွံလဲကာ ငွေရောင် အစစ်အမှန် နဂါး ဖြစ်လာခဲ့သည်။ တိုက်ခိုက်ရေး စွမ်းရည်လည်း အဆမတန် တိုးတက်လာခဲ့သည်။
သူ့အနေနှင့်တော့ ဒုတိယအဆင့် ရောက်ဖို့ မလွယ်ကူလှပေ။
“သတ်ပစ်”
ကျားခေါင်းလူသည် ဟိုယွင်ကျဲကို လွှတ်ထားခဲ့ပြီး လုံထျန်းရှင်းကို ဝင်တိုက်တော့၏။
“သေချင်နေတာလား”
ဟိုယွင်ကျဲ အခွင့်ကောင်း ရသွား၏။ ဓားဖြင့် ဝံပုလွေခေါင်းလူကို လေထဲသို့ ပစ်တင်လိုက်ပြီး `ဓားဆွဲထုတ်ခြင်း နည်းစနစ်` ကို ချက်ချင်း အသုံးပြုလိုက်၏။ စွမ်းအား ထက်ဝက်ကို စုစည်းပြီး ဓားကို လျှပ်စီးလက်သကဲ့သို့ ဆွဲထုတ်လိုက်တော့၏။
`ရွှပ်...`
တောက်ပသော ဓားအလင်းတန်းကြီး လေထုကို ဖြတ်သန်းသွား၏။
ကျားခေါင်းလူ ရှောင်တိမ်းချိန် မရလိုက်ဘဲ ခါးမှ ပြတ်ထွက်သွားကာ မြေကြီးပေါ်သို့ လဲကျသေဆုံးသွားတော့၏။ ကျန်ရှိနေသော ခွေးခေါင်းလူနှင့် ဝံပုလွေခေါင်းလူတို့ ထိတ်ပျာကုန်ကြသည်။
“ပြေးကြ”
သူတို့ ပြန်မတိုက်ရဲတော့ဘဲ လှည့်ပြေးကြတော့၏။
“ပြေးချင်သေးတယ် ဟုတ်လား... နောက်ကျသွားပြီ”
ဟိုယွင်ကျဲသည် ထွက်ပြေးနေသော နတ်ဆိုးများကို ချိန်ရွယ်ပြီး ကျန်ရှိသော စွမ်းအားများဖြင့် ဒုတိယအကြိမ် ဓားဆွဲထုတ်လိုက်ပြန်သည်။
ဓားအလင်းတန်းကြီးသည် ဟင်းလင်းပြင်ကို ဖြတ်သန်းသွားပြီး မျက်စိကျိန်းလောက်အောင် တောက်ပနေတော့၏။
“မလုပ်ပါနဲ့...”
နတ်ဆိုးနှစ်ကောင် အော်ဟစ်လိုက်သော်လည်း ဓားအရှိန်အဝါအောက်တွင် နှစ်ပိုင်းပြတ်ကာ အသက်ပျောက်သွားကြတော့၏။
ဟိုယွင်ကျဲလည်း အားကုန်သွားပြီး မြေပြင်ပေါ်သို့ ယိုင်လဲကျသွား၏။
လုံထျန်းရှင်း အမြန်ပြေးသွားပြီး တွဲထူလိုက်ကာ ရှီလေ့တို့အနားသို့ ခေါ်လာခဲ့သည်။
“စီနီယာ အစ်ကိုကြီး... ပြန်လည်နုပျိုဆေး နှစ်လုံးလောက် ပေးပါ”
ဝမ်ဖင်းအန်း ဆေးထုတ်ပေးလိုက်၏။
ဆေးသောက်ပြီးနောက် ဟိုယွင်ကျဲ၏ မျက်နှာ အရောင်အဝါ ပြန်လည် ကောင်းမွန်လာတော့၏။
“အစ်ကိုဟို... ရှင် အဆင်ပြေရဲ့လား”
ရင်းနှီးနေသော ချိုသာသည့် အသံလေးတစ်သံ အဝေးမှ ထွက်ပေါ်လာသည်။
အားလုံး လှည့်ကြည့်လိုက်ရာ နင်ယွီကျဲ ဖြစ်နေ၏။
သူ ဒီကို ဘာလာလုပ်တာလဲ။
တပည့် (၄) ဦး သိချင်စိတ် ဖြစ်ပေါ်လာကြတော့၏။