အခန်း (၂၆၂-၂၆၄)
Vol. 18 Ch. 262-264
အခန်း (၂၆၂) - လှပတဲ့ အပြင်ပန်း အောက်မှာ အန္တရာယ်တွေ ပုန်းခိုနေတတ်တယ်
~“နင်ယွီကျဲ.. မင်း ဘယ်လို ရောက်လာတာလဲ”
ဟိုယွင်ကျဲ အံ့အားသင့်စွာ မေးလိုက်၏။
အစတုန်းက ရန်သူ တစ်ယောက် လာလုသည်ဟု ထင်နေသည်။ အရင်က ကူညီဖူးသော နင်ယွီကျဲ ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ပါ။
ဟိုယွင်ကျဲ သံသယ ဝင်သွား၏။
သို့သော်လည်း၊ ပြန်စဉ်းစားကြည့်လိုက်တော့... နင်ယွီကျဲက `ချီစုစည်းခြင်း နဝမအဆင့်`သာ ရှိသေးသည်။ သူတို့အားလုံးကို ဘာလုပ်နိုင်မည်နည်း။
“ဟိုင်ကျင်းမြို့ ကနေ ရှုခင်းကြည့်နေတုန်း... မိစ္ဆာသားရဲတွေ ထွက်သွားတာ တွေ့လိုက်ရလို့... အစ်ကိုဟိုကို လာတိုက်ခိုက်တာ ဖြစ်လောက်တယ် ဆိုပြီး လိုက်လာခဲ့တာပါ”
နင်ယွီကျဲ လက်နှစ်ဖက်ကို အင်္ကျီလက်ထဲ ထည့်ထားပြီး ဖြည်းဖြည်းချင်း လျှောက်လာသည်။ သူမဆီက သင်းပျံ့တဲ့ ရနံ့လေးတွေ ထွက်နေပြီး လူကို မိန်းမောသွားစေတယ်။
ဒါကို ကြားတော့ အားလုံး စိတ်လှုပ်ရှားသွားကြသည်။
‘`ချီစုစည်းခြင်း နဝမအဆင့်` ပဲ ရှိတဲ့ မိန်းကလေးက တစ်ယောက်တည်း လိုက်လာရဲတယ် ဆိုတော့ တကယ် သတ္တိရှိတာပဲ။’
‘ကြည့်ရတာ ဒီမိန်းကလေးက ငါတို့ ဒုတိယအစ်ကိုရဲ့ ရုပ်ရည်ကို ကြွေသွားပုံရတယ်... အန္တရာယ်များမှန်း သိလျက်နဲ့ လိုက်လာခဲ့တာပဲ’
လုံထျန်းရှင်း ကောက်ချက်ချလိုက်မိသည်။
သူ နဂါးအသွင်ပြောင်းတာကို ရပ်လိုက်၏။
ရှီလေ့လည်း အကာအကွယ် ဒိုင်းတွေကို ပြန်ရုပ်သိမ်းလိုက်၏။
“ဟယ်... မိစ္ဆာသားရဲတွေ အကုန် သေကုန်ပြီပဲ”
နင်ယွီကျဲ လက်ဝါးလေးနှင့် ပါးစပ်ကို အုပ်ပြီး အံ့သြဟန်ဆောင်လိုက်၏။
“မြူခိုးဂိုဏ်း တပည့်တွေက တကယ် စွမ်းတာပဲ”
“မြှောက်လွန်းပါပြီ မိန်းကလေးရယ်” ဟိုယွင်ကျဲ ပြုံးလိုက်၏။
ထိုအချိန်တွင် ဝမ်ဖင်းအန်း နှာခေါင်းရှုံ့လိုက်၏။ နင်ယွီကျဲ ရောက်လာကတည်းက ထူးဆန်းသည့် အနံ့တစ်ခု ရနေပါသည်။
မွှေးတော့ မွှေးသော်လည်း၊... စိတ်ကို ဝေဝါးစေ၏။
“ဒါ `ဝိညာဉ်ငြိမ်ဆေး`ပဲ”
ဝမ်ဖင်းအန်း မျက်နှာပျက်သွား၏။
`ဝိညာဉ်ငြိမ်ဆေး` ဆိုတာ အမွှေးတိုင် တစ်မျိုးပင်။
`ဝိညာဉ်ထိန်းချုပ် သစ်သား`နှင့် တခြား ဆေးဘက်ဝင် အပင်တွေ ပေါင်းစပ်ပြီး လုပ်ထားသည်။ ကျင့်ကြံသူတွေ၏ အသိစိတ်ကို ဝေဝါးစေပြီး အိပ်ပျော်သွားအောင် လုပ်နိုင်၏။
ပုံမှန်ဆိုရင် အိပ်မပျော်သော ကျင့်ကြံသူတွေ သုံးကြသည်။
သို့သော်လည်း၊ ယခုလို အန္တရာယ်များသော တောထဲမှာ `ဝိညာဉ်ငြိမ်ဆေး` ရနံ့ ရသည် ဆိုတာ အန္တရာယ်ပင်။
“ဒုက္ခပဲ... မူးလာပြီ”
ဝမ်ဖင်းအန်း စကားမဆုံးခင်မှာပင် ခွေခနဲ လဲကျသွား၏။
လုံထျန်းရှင်း တစ်ခုခု မှားနေပြီ ဆိုတာ သိလိုက်၏။ နဂါးအသွင် ပြန်ပြောင်းဖို့ လုပ်ပေသော်လည်း၊နင်ယွီကျဲက ရင်ဘတ်ကို လက်ဝါးနှင့် ရိုက်လိုက်သဖြင့် လုံထျန်းရှင်း..လဲကျပြီး သတိလစ်သွား၏။
“မင်း ငါတို့ကို ဒုက္ခပေးချင်တာလား”
ဟိုယွင်ကျဲ အစွမ်းကုန် ခုခံဖို့ ကြိုးစားသော်လည်း၊ အသိစိတ်တွေ ထွေပြားလာပြီး ခွန်အားတွေ ပျောက်ဆုံးကုန်သည်။
“ဂျူနီယာညီလေး... ပြေးတော့”
ရှီလေ့ ခေါင်းခါရင်း လဲကျသွား၏။
မျက်လုံးဖွင့်ထားနိုင်သော်လည်း၊ လှုပ်လို့ မရတော့ပါ။
ဟိုယွင်ကျဲ တစ်ယောက်တည်းသာ အဆင့်အမြင့်ဆုံးမို့ တောင့်ခံထားနိုင်သေးသည်။ သို့ရာတွင်၊ ခွန်အား အနည်းငယ်သာ သုံး၍ ရတော့သည်။ နင်ယွီကျဲ၏ အရှိန်အဝါကြောင့် ဒူးထောက်ကျသွားပြီး ဓားကို မြေကြီးမှာ ထောက်ကာ မလဲအောင် ကြိုးစားနေရသည်။
“ဟီးဟီးဟီး...”
နင်ယွီကျဲ ကြက်မတစ်ကောင်လို ရယ်မောလိုက်၏။
လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး သူမ၏ မျက်နှာဖုံး ကွာကျသွား၏။ ကြောက်စရာကောင်းသည့် ရုပ်သွင် ပေါ်လာသည်။
“ဘာလို့ ဒီလို လုပ်ရတာလဲ”
ဟိုယွင်ကျဲ နားမလည်နိုင် ဖြစ်နေ၏။
နင်ယွီကျဲက ရိုးသားပြီး ကြင်နာတတ်သော အိမ်နီးချင်း ကောင်မလေးလိုပဲလေ။ အန္တရာယ် မရှိဘူးလို့ ထင်ခဲ့သညါ။
အခုတော့ `ဝိညာဉ်ငြိမ်ဆေး` သုံးပြီး သူတို့ လေးယောက်လုံးကို ဖမ်းချုပ်လိုက်ပြီပင်။
“ဟီးဟီးဟီး...”
နင်ယွီကျဲ မိန်းကလေးလို ရယ်မောပြီး မျက်နှာကို လက်နှင့် ပွတ်လိုက်ရာ လူသားမျက်နှာဖုံး ကွာကျသွား၏။ အမွေးတွေ ပြည့်နေသည့် ရုပ်ဆိုးဆိုး မျက်နှာကြီး ပေါ်လာသည်။
ရုပ်ဆိုးလိုက်တာ။
ကြောက်စရာ ကောင်းလောက်အောင် ရုပ်ဆိုးလေ၏။
“သောက်ကျိုးနည်း... ရုပ်ဆိုးလိုက်တာ”
လုံထျန်းရှင်း သတိပြန်ရလာပြီး နင်ယွီကျဲရဲ့ ရုပ်ကို မြင်တော့ ထပ်မေ့လဲသွားပြန်သည်။
ဝမ်ဖင်းအန်း ကတော့ ကံကောင်းသည်။
သူက လုံးဝ နိုးမလာပါလေ။
မနိုးသရွေ့တော့ ဒီလို ကြောက်စရာကောင်းသော မြင်ကွင်းကို မြင်ရမှာ မဟုတ်ပေ။
“မင်းက `မိစ္ဆာသားရဲ` ကိုး... လူသားမျက်နှာဖုံး တပ်ထားတုန်းကတော့ နတ်သမီးလေးလို လှနေပြီးတော့…” ဟိုယွင်ကျဲ ရှုံ့ချလိုက်၏။
“မဟုတ်ရင် မင်းတို့လို ကျင့်ကြံသူတွေက ငါ့ကို စိတ်ဝင်စားပါ့မလား... နောက်ဆုံးတော့ ရုပ်ချောတဲ့ `ကျင့်ကြံရေး အဖော်`တစ်ယောက် ရပြီပဲ”
နင်ယွီကျဲ “ဟဲဟဲဟဲ” ဟု ရယ်မောလိုက်၏။ ပါးစပ်ကြီး ဖွင့်လိုက်ရာ ချွန်ထက်သော သွားစွယ်များ ပေါ်လာသည်။ ဟိုယွင်ကျဲကို သွေးစုပ်ဖို့ ပြင်လိုက်၏။
“ချောမောတဲ့ ကောင်လေး... မင်းတို့ လေးယောက်လုံး ငါ့အပိုင်ပဲ... မင်းတို့ကို စုပ်ယူလိုက်ရင် ငါ `အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ်` ဖြစ်လာလိမ့်မယ်”
နင်ယွီကျဲ တကိုယ်တည်း ပြောဆိုလိုက်၏။
နှုတ်ခမ်းသပ်လိုက်ပြီး ဟိုယွင်ကျဲ၏ လည်ပင်းကို ကိုက်ဖို့ ခုန်အုပ်လိုက်၏။
`ချွင်...`
အလင်းရောင် တစ်ဝက်ဖောက်ထွင်းမြင်ရသော ဒိုင်းတစ်ခု ပေါ်လာသည်။ နင်ယွီကျဲ ကိုက်လိုက်မိပြီး လွင့်ထွက်သွား၏။ သွားတွေ ကျိုးကုန်ပြီး ပါးစပ်က သွေးတွေ ထွက်လာသည်။
“အကာအကွယ် ဒိုင်း ဟုတ်လား”
နင်ယွီကျဲ မျက်လုံးပြူးသွား၏။ ဟိုယွင်ကျဲ လက်ထဲက `ဂိုဏ်းသား အမှတ်အသား တံဆိပ်ပြား`အား စိုက်ကြည့်လိုက်၏။ `မြူခိုးဂိုဏ်း` ဆိုတဲ့ စာလုံး သုံးလုံး ပေါ်နေလေသည်။
နင်ယွီကျဲ ဒေါသတကြီး ဟိန်းဟောက်လိုက်၏။
“ဂိုဏ်းသား တံဆိပ်ပြားမှာ အကာအကွယ် ဒိုင်း ပါတာကိုး... မြူခိုးဂိုဏ်းက တော်တော် ချမ်းသာတာပဲ”
“ဟွန်း... မိစ္ဆာမ... ငါတို့ကို စားဖို့ စောသေးတယ်” လုံထျန်းရှင်း သတိပြန်ရလာသည်။ ကျင့်ကြံခြင်းအဆင့် မသုံးနိုင်သော်လည်း တံဆိပ်ပြားကို ထုတ်ပြီး ဒိုင်းဖွင့်လိုက်၏။
ရှီလေ့လည်း တံဆိပ်ပြားကို ကိုင်ထားသည်။
ဒိုင်းသုံးခုက တပည့်လေးယောက်ကို ကာကွယ်ပေးထားသည်။
ဝမ်ဖင်းအန်း ကတော့ ဝက်သေကောင်လို အိပ်နေတုန်းပင်။
“ဒီဒိုင်းတွေက ငါ့တိုက်ခိုက်မှုကို ခံနိုင်မယ် ထင်နေလား” နင်ယွီကျဲ အော်ဟစ်လိုက်ပြီး မူလရုပ်သွင် ပြောင်းလိုက်၏။
(၅) မီတာလောက် အတောင်ပံဖြန့်ထားသည့် ကြက်မမည်းကြီး ဖြစ်သွား၏။ ရက်စက်သည့် မျက်လုံးတွေနှင့် ကြည့်နေ၏။ ခြေသည်းတွေနှင့် ဒိုင်းကို ကုတ်ဖဲ့သော်လည်း၊ အရာမထင်ချေ။
“သေပေတော့”
လုံထျန်းရှင်း အော်ဟစ်လိုက်၏။
တပည့်သုံးယောက် တံဆိပ်ပြားတွေကို တပြိုင်နက် အသက်သွင်းလိုက်ရာ ဓားအလင်းတန်းတွေ ထွက်လာသည်။ သိပ်မပြင်းထန်သော်လည်း၊ နင်ယွီကျဲကို နောက်ဆုတ်သွားစေပြီး အမွေးတွေ ကျွတ်ကုန်သည်။
“သောက်ကျိုးနည်း”
နင်ယွီကျဲ ဒေါသထွက်သွား၏။
အဝေးသို့ ဆုတ်ခွာသွားပြီး မီးတောက်များ မှုတ်ထုတ်ကာ မြူခိုးဂိုဏ်း တပည့်လေးယောက်ကို အရှင်လတ်လတ် မီးရှို့သတ်ဖို့ ကြိုးစားလိုက်၏။
“တောင့်ထားကြ... စီနီယာအစ်မ မိုယင် လာနေပြီ” လုံထျန်းရှင်း အားပေးရင်း တံဆိပ်ပြားကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။
သူ မိုယင်၊ ကုန်းချင်းချိုး နှင့် တခြားသူတွေကို သတင်းပို့ထားပြီးပြီ ဖြစ်သည်။
ကုန်းချင်းချိုးက ဈေးဝယ်ထွက်နေသည်။ ဂိုဏ်းချုပ်က ဘယ်ရောက်နေမှန်း မသိပါ။ မိုယင် တစ်ယောက်သာ ဂိုဏ်းမှာ ရှိသည်။ ယအခု အပြေးလာနေပြီ ဖြစ်၏။
“မိုင်ရာချီ ဝေးတာ... အစ်မမိုယင် ရောက်လာရင် ငါတို့ အလောင်းလာကောက်တာပဲ ဖြစ်လိမ့်မယ်” ဟိုယွင်ကျဲ စိတ်ပျက်စွာ ညည်းညူလိုက်၏။
နင်ယွီကျဲလို ရိုးရိုးအေးအေး မိန်းကလေးက မီးမှုတ်တတ်သည့် ကြက်မမည်းကြီး ဖြစ်နေလိမ့်မည်ဟု ဘယ်သူ ထင်မှတ်ထားမည်နည်း။
“ဂိုဏ်းချုပ်ဟောင်းကြီး ပြောတာ မှန်တယ်... လှပတဲ့ အပြင်ပန်း အောက်မှာ အလှတရား ရှိချင်မှ ရှိမယ်... အန္တရာယ်တွေ ပုန်းခိုနေနိုင်တယ်... အလှတရား ဆိုတာ အဝေးက ကြည့်ဖို့ပဲ... သွားမထိနဲ့”
ရှီလေ့ သက်ပြင်းချလိုက်၏။
မြူခိုးတောင်ထိပ်တွင်...
တပည့်များ တံဆိပ်ပြားကနေ အသံတွေ ကြားနေရသည်။ စိတ်ပူနေပေမဲ့ အစ်ကိုကြီးက ဘဝသင်ခန်းစာတွေ ပို့ချနေတာ ကြားပြီး ဘာလုပ်ရမှန်း မသိ ဖြစ်နေကြသည်။
“မှန်တယ်... လှပတဲ့ အပြင်ပန်း အောက်မှာ ကြောက်စရာကောင်းတဲ့ အန္တရာယ်တွေ ပုန်းခိုနေတတ်တယ်”
ကြည်လင်ပြတ်သားသည့် လူငယ် အသံ တစ်သံ ထွက်ပေါ်လာသည်။
နင်ယွီကျဲ တင် မကဘူး... မိုယင်၊ ကုန်းချင်းချိုး၊ ယန်ရူယွီ အားလုံး ကြားလိုက်ရသည်။
“ဘယ်သူလဲ”
နင်ယွီကျဲ မီးဆက်မှုတ်နေရင်း မျက်လုံးကစားလိုက်၏။ နောက်ဆုံးတွင် လေထဲ၌ ရပ်နေသော လူငယ် တစ်ယောက်ကို တွေ့လိုက်ရသည်။ အဖြူရောင် ဝတ်စုံ၊ ဆံပင်ရှည်များနှင့် ယပ်တောင်ခတ်နေသော လူငယ်။
“`ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်` ပါလား”
နင်ယွီကျဲ မျက်နှာပျက်သွား၏။
“ကျွန်မက ဖေးဟွာဂိုဏ်း ဂိုဏ်းချုပ်ရဲ့ တပည့်ရင်း `နင်ယွီကျဲ` ပါ... စီနီယာ့ နာမည် သိခွင့်ရှိမလား”
“ငါက `သခင်လေး မြူခိုး`ပါ”
လူငယ်က ယပ်တောင်ခတ်ရင်း ပြုံးပြလိုက်သည်။
“ဪ... စီနီယာ မြူခိုး ကိုး... ကျွန်မ ကိစ္စလေး ရှင်းနေလို့ပါ... ဝင်မပါဖို့ မေတ္တာရပ်ခံပါတယ်... မဟုတ်ရင် ကျွန်မ ဆရာမ သိသွားရင် စိတ်ဆိုးလိမ့်မယ်” နင်ယွီကျဲ ခြိမ်းခြောက်လိုက်၏။
“ဒီနေ့တော့ ငါ ဝင်ပါရမှာပဲ”
`သခင်လေး မြူခိုး` ယပ်တောင်ကို ပိတ်လိုက်သည်။ လက်ညှိုးကို ဓားသဖွယ် အသုံးပြုပြီး အပေါ်မှ ခုတ်ချလိုက်၏။
ရုတ်ချည်းပင်၊ တောက်ပသော ဓားအလင်းတန်း တစ်ခု ကောင်းကင်ကို ဖြတ်သန်းသွား၏။ နင်ယွီကျဲ တောင်ပံခတ်ချိန်ပင် မရလိုက်ဘဲ နှစ်ပိုင်းပြတ်သွားတော့သည်။
“လက်ချောင်းကနေ `ဓားချီ` ထုတ်ပြီး `မိစ္ဆာသားရဲ` ကို တစ်ချက်တည်း သတ်လိုက်တာလား... စွမ်းလိုက်တာ”
ဟိုယွင်ကျဲ တို့ အံ့သြသွားကြသည်။
မိုယင် နှင့် ကုန်းချင်းချိုး လည်း အသံကြားပြီး အံ့သြသွားကြသည်။
`သခင်လေး မြူခိုး` ဆိုသူက နင်ယွီကျဲ ကို သတ်လိုက်ပြီလား။
“ဒီလူက ဓားသိုင်း အလွန်ကျွမ်းကျင်တဲ့ ပညာရှင်ပဲ... `ဓာတ်ကြီးငါးပါး စုစည်းခြင်း တတိယအဆင့်` လောက် ရှိမယ်” မိုယင် ခန့်မှန်းလိုက်၏။
“မိုယင်... ဆက်သွားလိုက်... ငါလည်း လာနေပြီ” ကုန်းချင်းချိုး ဆက်သွယ်လိုက်၏။
နင်ယွီကျဲ သေဆုံးသွားသဖြင့် မီးတောက်များ ပျောက်ကွယ်သွား၏။
ဟိုယွင်ကျဲ တို့ အသက်ဘေးမှ လွတ်မြောက်သွားကြတော့သည်။
`သခင်လေး မြူခိုး` ဆိုသူကို မော့ကြည့်လိုက်ကြသည်။ ထိုသူက သူတို့အား ပြုံးပြီး ကြည့်နေ၏။
အခန်း (၂၆၃) - ဖေးဟွာဂိုဏ်း၏ အမှန်နှင့် အမှား
~“အသက်ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ”
ဟိုယွင်ကျဲ၊ ရှီလေ့နှင့် လုံထျန်းရှင်းတို့သည် အလျင်အမြန် ကျေးဇူးတင်စကား ဆိုလိုက်ကြသည်။
ဝမ်ဖင်းအန်း ကတော့ ကျင့်ကြံခြင်းအဆင့် နိမ့်သဖြင့် `ဝိညာဉ်ငြိမ်း အမွှေးတိုင်` ၏ အာနိသင်ကို ခံနေရဆဲဖြစ်ပြီး ဘာမှ မသိဘဲ ဝက်သေကောင် တစ်ကောင်လို အိပ်ပျော်နေတော့၏။
“မတရားမှုကို မြင်ရင် ဓားဆွဲထုတ်ပြီး ကူညီရတာ ငါ့ဝါသနာပါ... ကျေးဇူးတင်စရာ မလိုပါဘူး... သွားလိုက်ပါဦးမယ်”
`မြူခိုး သခင်လေး` သည် ယပ်တောင်ကို ခတ်ရင်း ဟားတိုက်ရယ်မောကာ အဝေးသို့ ပျံထွက်သွားလေတော့သည်။
“ကောင်းကောင်း ပြန်ပါ စီနီယာ”
ဟိုယွင်ကျဲတို့ လက်များ ဆုပ် နှုတ်ဆက်လိုက်ကြသည်။
နင်ယွီကျဲ သေဆုံးသွားသောအခါ ဝိညာဉ်ငြိမ်း အမွှေးတိုင်လည်း ငြိမ်းသွားပြီး အာနိသင်များ တဖြည်းဖြည်း လျော့ပါးသွားတော့၏။
`ဝုန်း...`
ဟိုယွင်ကျဲ၏ အရှိန်အဝါ ပြန်လည် နိုးထလာပြီး ကျင့်ကြံခြင်း စွမ်းအားများ ပြန်ရလာတော့၏။
လုံထျန်းရှင်းနှင့် ရှီလေ့တို့သည် `သန့်စင်ခြင်း ကြာစိမ်း`၏ အာနိသင်ပါဝင်သော ဝိညာဉ်စမ်းရေကို သောက်လိုက်ရာ အဆိပ်များ လျင်မြန်စွာ ပြယ်သွားတော့သည်။ အားအင်ပြန်လည် ပြည့်ဝလာကြတော့၏။
“ခုနက တကယ် အန္တရာယ်ကြီးတယ်... တော်သေးတာပေါ့... မြူခိုးသခင်လေးနဲ့ တွေ့လို့... မဟုတ်ရင် ငါတို့ညီအစ်ကို (၄) ယောက် ဒီမှာတင် သေပွဲဝင်ရတော့မလို့”
ရှီလေ့ ရင်တုန်ပန်းတုန် ဖြစ်နေတော့၏။
ထိုအချိန်တွင် လုံထျန်းရှင်းက မြေကြီးပေါ်တွင် အိပ်ပျော်နေသော ဝမ်ဖင်းအန်းကို သတိထားမိလိုက်၏။
“ဂျူနီယာညီလေး... ထတော့”
လုံထျန်းရှင်းသည် ဝမ်ဖင်းအန်း၏ နှာခေါင်းအောက်ကို ဆွဲညှစ်၊ နဖူးကို ရိုက်၊ မျက်နှာကို ဝိညာဉ်စမ်းရေနှင့် ပက်ပြီး နှိုးလိုက်ရသည်။
“နင်ယွီကျဲ ဘယ်မှာလဲ... သူ ဝိညာဉ်ငြိမ်း အမွှေးတိုင် သုံးလိုက်တာ... သေချာပေါက် ပြဿနာရှိတယ်”
ဝမ်ဖင်းအန်းသည် နိုးနိုးချင်း အော်ဟစ်ပြီး နင်ယွီကျဲကို လိုက်ရှာတော့၏။
သို့သော် သူ တွေ့လိုက်ရသည်မှာ မြေကြီးပေါ်တွင် နှစ်ပိုင်းပြတ်ကာ သေဆုံးနေသော ကြက်မမည်းကြီး တစ်ကောင်သာ ဖြစ်သည်။
နင်ယွီကျဲကတော့ အရိပ်အယောင်မျှ မတွေ့ရပေ။
“နင်ယွီကျဲ ထွက်ပြေးသွားပြီလား” ဝမ်ဖင်းအန်း ကြောင်တောင်တောင် ဖြစ်သွား၏။
လုံထျန်းရှင်းက ရှင်းပြလိုက်၏။
“ဂျူနီယာညီလေးဝမ်... မင်းအိပ်ပျော်နေတုန်း ကိစ္စတွေ အများကြီး ဖြစ်သွားတယ်... ပထမဆုံး သိထားရမှာက အဲဒီ ကြက်မမည်းကြီးက နင်ယွီကျဲ ပဲ”
“ဟင်... နင်ယွီကျဲက ကြက်မကြီးလား”
ဝမ်ဖင်းအန်း မျက်လုံးပြူးသွားလေတော့သည်။
...
မြူခိုးသခင်လေးသည် ယပ်တောင်ခတ်ရင်း ဟိုင်ကျင်းမြို့ဘက်သို့ ပျံသန်းလာခဲ့သည်။
“မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်... ငါတို့ရဲ့ ရုပ်ဖျက်စွမ်းရည်က ဘယ်လိုနေလဲ... ဟိုယွင်ကျဲနဲ့ ရှီလေ့ကို တကယ် လှည့်စားနိုင်ခဲ့ရဲ့လား”
မြူခိုးသခင်လေးက တကိုယ်တည်း ပြောဆိုလိုက်သော်လည်း အသံမှာ ယဲ့ဖုန်း၏ အသံ ဖြစ်နေ၏။
“စိတ်ချပါ ဂိုဏ်းချုပ်... ကျွန်တော့်ရဲ့ ရုပ်ဖျက်စွမ်းရည်က ဝိညာဉ်သွေးတွေနဲ့ အားဖြည့်ထားလို့ `ဝိညာဉ်ပင်လယ်အဆင့်` ပညာရှင် ရှေ့မှာ ရပ်နေရင်တောင် ရိပ်မိမှာ မဟုတ်ပါဘူး”
ပြန်ဖြေသော အသံမှာ နတ်ဆိုးဘုရင်၏ အသံ ဖြစ်နေ၏။
အပြင်လူများသာ ကြားလျှင် အလွန် ထူးဆန်းနေပေလိမ့်မည်။ လူတစ်ယောက်တည်းက အသံနှစ်မျိုး ထွက်နေသဖြင့် `စရိုက်နှစ်မျိုး` ဟု ထင်မှတ်သွားနိုင်တော့၏။
“ဝိညာဉ်ပင်လယ်အဆင့်တောင် မသိနိုင်ဘူး ဟုတ်လား... ကောင်းတယ်”
မြူခိုးသခင်လေးသည် ပြုံးလိုက်တော့၏။
အဝေးမှ ဖေးဟွာဂိုဏ်းကို လှမ်းကြည့်လိုက်ရာ အပြုံးက ပိုမို တောက်ပလာတော့၏။
မြူခိုးတောင်ထိပ်တွင် ရှိစဉ်ကတည်းက ယဲ့ဖုန်းသည် နတ်ဆိုးဘုရင်၏ စွမ်းရည်ကို သတိရပြီး သူ့ထံသွားကာ အကြံဉာဏ် တောင်းခဲ့ခြင်း ဖြစ်သည်။ နတ်ဆိုးဘုရင်ကလည်း မငြင်းဘဲ ဝိညာဉ်အငွေ့အသက်အဖြစ် ပြောင်းလဲကာ ယဲ့ဖုန်း၏ ကိုယ်ပေါ်တွင် ပူးကပ်လိုက်ခြင်း ဖြစ်သည်။ ဤနည်းဖြင့် သူတို့နှစ်ဦး ပေါင်းစပ်ကာ မည်သူ့အသွင်မဆို ဖန်တီးနိုင်ပေသည်။
`ငှက်ပျောရွက်ယပ်တောင် အသေးစား` ကိုပင် စက္ကူယပ်တောင်အဖြစ် ပြောင်းလဲထားလိုက်၏။
“ဂိုဏ်းချုပ်... ဘယ်ဆက်သွားမလဲ” နတ်ဆိုးဘုရင် မေးလိုက်၏။
“ဖေးဟွာဂိုဏ်းက တပည့်တွေက တကယ်တော့ နတ်ဆိုးတွေပဲ... `မကောင်းဆိုးဝါး အငွေ့အသက်` တွေလည်း အရမ်း များတယ်... ငါက ဂိုဏ်းချုပ်ဆိုတော့ ဖေးဟွာဂိုဏ်းထိ လိုက်သွားပြီး နှိမ်နင်းပစ်ရမှာပေါ့”
ယဲ့ဖုန်း လက်ဝါးကို ဖြန့်လိုက်ရာ အမည်းရောင် အငွေ့အသက်လေး တစ်ခု ပေါ်လာသည်။
ဒါက မကောင်းဆိုးဝါးချီ ပင်။
နင်ယွီကျဲကို သတ်လိုက်တုန်းက ရခဲ့ခြင်း ဖြစ်သည်။ ဤမျှ သိပ်သည်းနေမှတော့ သူမက အပြစ်မဲ့သည့် လူပေါင်းများစွာကို သတ်ဖြတ် စားသောက်ခဲ့တာ သေချာသည်။
ထိုသို့ နတ်ဆိုးမျိုးကို အမြစ်ဖြတ်ရမည်။
ထို့နောက်၊ အငွေ့အသက်တွေကို စုပ်ယူပြီး `သတ်ဖြတ်ခြင်း စွမ်းအင်`ကို အားဖြည့်မည်။
ယဲ့ဖုန်းသည် ဆုံးဖြတ်ချက်ချရင်း မကောင်းဆိုးဝါးချီ ကို ဝါးမြိုလိုက်ရာ သူ့စွမ်းအားများ တိုးတက်လာတော့၏။
*
ဖေးဟွာဂိုဏ်း...ဆိုသည်မှာ ဟိုင်ကျင်းမြို့၏ အနောက်မြောက်ဘက် မလှမ်းမကမ်းတွင် တည်ရှိသော အဆင့်မြင့်ဂိုဏ်း တစ်ခု ဖြစ်သည်။
လွင်ပြင်အလယ်မှ တောင်ကုန်းတစ်ခုပေါ်တွင် တည်ရှိ၏။
အဝေးက ကြည့်လျှင် သင်္ချိုင်းကုန်းကြီး တစ်ခုနှင့် တူလှသည်။
“အို... သခင်လေးက ချောလိုက်တာ... ကျွန်မတို့ဂိုဏ်းကို လာလည်ပါလားရှင်”
ယဲ့ဖုန်းတို့ ဖေးဟွာဂိုဏ်း အနီးသို့ ရောက်သည်နှင့် ဆွဲဆောင်မှု ရှိသော အမျိုးသမီးနှစ်ဦး ရောက်လာပြီး ယဲ့ဖုန်း၏ လက်မောင်းကို ဘယ်တစ်ဖက် ညာတစ်ဖက် တွဲကာ ဖိတ်ခေါ်လိုက်တော့၏။
“ ကောင်းတာပေါ့၊ ဟိဟိ ”
ယဲ့ဖုန်းက ရိသဲ့သဲ့ ရယ်မောလိုက်၏။
“ခစ်... ခစ်... ခစ်...”
အမျိုးသမီးနှစ်ဦးသည် ထူးဆန်းစွာ ရယ်မောရင်း ယဲ့ဖုန်းကို တောင်ထိပ်သို့ ခေါ်ဆောင်သွားကြတော့၏။
နတ်ဆိုးဘုရင်က ယဲ့ဖုန်း နားထဲတွင် ကပ်ပြောလိုက်သည်။
“ဂိုဏ်းချုပ်... `ကျင့်ကြံဖော်` လုပ်ရမယ့် အလှည့်ကျရင် ကျွန်တော့်ကို ပေးလုပ်နော်”
“ကျင့်ကြံဖော် ဟုတ်လား... ခွေးမသား... နင်ယွီကျဲကို ကြည့်လေ... ဒီမိန်းမတွေက နတ်ဆိုးတွေကွ... ရုပ်ကလည်း ဆိုးမှာ သေချာတယ်” ယဲ့ဖုန်း ငေါက်လိုက်၏။
“အာ၊ အဲ့လို မပြောပါနဲ့... ကျွန်တော်က ဒီလိုမျိုး ကြိုက်တာ” နတ်ဆိုးဘုရင် တောင်းပန်လိုက်၏။
ယဲ့ဖုန်း မျက်နှာမဲ့လိုက်မိသည်။
ဒီကောင်က တကယ် ဂျီးမများတာပဲ... အလှအပရော အရုပ်ဆိုးတာရော အကုန် ကြိုက်နေတော့တာပဲ။
မကြာမီ ၊ သူတို့တတွေ တောင်ထိပ်သို့ ရောက်ရှိသွားတော့၏။
ဖေးဟွာဂိုဏ်းတွင် ဧရာမ ခန်းမဆောင်ကြီး တစ်ခုသာ ရှိသည်။ အထဲသို့ ဝင်လိုက်သည်နှင့် နွေးထွေးသော နွေဦးရာသီကဲ့သို့ ခံစားလိုက်ရသည်။
“အို... ဧည့်သည်သစ် ရောက်လာပြီဟေ့”
လှပသော မိန်းမပျို ဒါဇင်ပေါင်းများစွာ ထွက်လာပြီး ယဲ့ဖုန်းကို မျက်လုံးအရောင်လက်လျက် ကြည့်နေကြသည်။
“လုမနေကြနဲ့... ဒါ ငါတို့ `ပင့်ကူညီအစ်မ` တွေ ပိုင်တာ”
ယဲ့ဖုန်း၏ လက်မောင်းကို တွဲထားသော အမျိုးသမီးက အော်ငေါက်လိုက်၏။
ထိုအချိန်တွင် ယဲ့ဖုန်းသည် `ဝိညာဉ်မျက်လုံး` ကို ဖွင့်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့၏။
ခမ်းနားထည်ဝါသော ခန်းမဆောင်ကြီးသည် ချက်ချင်းပင် အရိုးများနှင့် အလောင်းများ ပြည့်နှက်နေသော မှောင်မိုက်သည့် လိုဏ်ဂူကြီးအဖြစ် ပြောင်းလဲသွားတော့၏။
မိန်းမလှလေးများကို ပြန်ကြည့်လိုက်ရာ တစ်ကိုယ်လုံး `မကောင်းဆိုးဝါး အငွေ့အသက်`များ ဖုံးလွှမ်းနေပြီး အပြစ်ကြီးလေးသူများ ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။
“ကဲ... မိန်းမလှလေးတို့... ကိုယ့်ရဲ့ မူရင်းရုပ်သွင်ကို ပြလိုက်ရင် ပိုမကောင်းဘူးလား”
ယဲ့ဖုန်းသည် ယပ်တောင်ကို ခတ်ရင်း တည်ငြိမ်စွာ ပြောလိုက်တော့၏။
“ဂိုဏ်းချုပ်က တကယ့် လူမိုက်ကြီးပဲဗျာ” နတ်ဆိုးဘုရင် ကပ်တိုးလေး ချီးကျူးလိုက်၏။
မိန်းမပျိုများ ရယ်မောလိုက်ကြသည်။
“သခင်လေးက စိတ်မြန်လိုက်တာ... ကျွန်မတို့ အားလုံးနဲ့ တစ်ပြိုင်နက်တည်း ပျော်ပါးချင်လို့လား”
ပြောပြောဆိုဆို အဝတ်အစားများ စတင် ချွတ်ကြတော့၏။
“ငါ ပြောတာက... မင်းတို့ရဲ့ `နတ်ဆိုးရုပ်သွင်` ကို ပြောတာ”
ယဲ့ဖုန်းသည် ခြေထောက်ဖြင့် ကြမ်းပြင်ကို ဆောင့်နင်းလိုက်ရာ `ဓာတ်ကြီးငါးပါး စုစည်းခြင်း ပထမအဆင့်` အရှိန်အဝါများ ထွက်ပေါ်လာပြီး ခန်းမတစ်ခုလုံး တုန်ခါသွားတော့၏။
`ကရက်...`
အက်ကွဲကြောင်းများ ပျံ့နှံ့သွားပြီး နံရံများ ပြိုကျကာ ပုံရိပ်ယောင်များ ပျက်စီးသွားတော့၏။
ခမ်းနားသော ခန်းမဆောင်ကြီးသည် ကြောက်မက်ဖွယ် ကောင်းသော အရိုးလိုဏ်ဂူကြီး ဖြစ်သွားတော့၏။
မိန်းမလှလေးများသည်လည်း မူရင်းရုပ်သွင်များ ပေါ်လာကြသည်။
မျက်လုံး (၈) လုံးပါသော ပင့်ကူနတ်ဆိုးများ၊ ရက်စက်သော မြွေနတ်ဆိုးများ၊ ဖားပြုတ်နတ်ဆိုးများ... ပုံစံမျိုးစုံ၊ အရွယ်အစားမျိုးစုံ ရှိကြသည်။
“ရုပ်ဆိုးလိုက်တာကွာ... အလကားပေးရင်တောင် မယူဘူး”
နတ်ဆိုးဘုရင်သည် အော့အန်ချင်စိတ် ပေါက်သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်တော့၏။
နတ်ဆိုးများ မျက်နှာပျက်သွားကြသည်။
“ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ပါလား”
“ညီအစ်မတို့... ဒီကောင်က ငါတို့ကို လာသတ်တဲ့ သူရဲကောင်းအထာ ဖမ်းနေတာ... အားလုံး ဝိုင်းတိုက်ပြီး စားပစ်လိုက်ကြ”
“ကောင်းပြီ”
နတ်ဆိုး ဒါဇင်ပေါင်းများစွာသည် အရှိန်အဝါများကို ထုတ်လွှတ်ပြီး ဝင်္ကပါများဖြင့် ပေါင်းစပ်ကာ `ရေခဲစပါးအုံးမြွေကြီး` တစ်ကောင်ကို ဖန်တီးလိုက်တော့၏။ မြွေကြီးသည် ပါးစပ်ကို ဟပြီး ယဲ့ဖုန်းအား ကိုက်ဝါးရန် ပြေးဝင်လာသည်။
“နတ်ဆိုးတွေ... ပျောက်ကွယ်သွားစမ်း”
ယဲ့ဖုန်းသည် ယပ်တောင်ကို ဖြည်းညှင်းစွာ ဝှေ့ယမ်းလိုက်ရာ ဝင်္ကပါဖျက်စီးခြင်း လေပြင်း တိုက်ခတ်သွားပြီး ရေခဲမြွေကြီးသည် အပိုင်းပိုင်း ကြေမွသွားလေတော့သည်။
နတ်ဆိုးများလည်း လွင့်စင်သွားပြီး သွေးအန်ကာ နံရံနှင့် ရိုက်မိကြတော့၏။
“ဂိုဏ်းချုပ်... ကယ်ပါဦး”
မယှဉ်နိုင်မှန်း သိလိုက်ရသဖြင့် နတ်ဆိုးများ အော်ဟစ် အကူအညီ တောင်းလိုက်ကြသည်။
“ဘယ်ကောင်က ငါ့ရဲ့ ဖေးဟွာဂိုဏ်းမှာ လာရမ်းကားနေတာလဲ”
မြေကြီးအောက်မှ ဒေါသထွက်နေသော အသံကြီး တစ်သံ ဟိန်းထွက်လာပြီး တောင်တစ်လုံးလုံး တုန်ခါသွားကာ နှစ်ခြမ်းကွဲတော့မည့်အလား ဖြစ်သွားလေတော့သည်။
အခန်း (၂၆၄) - ပန်းနတ်ဆိုးမ၏ ကျဆုံးခန်းနှင့် နွယ်ပင်နတ်ဆိုးကြီး၏ ထွက်ပေါ်လာခြင်း
~ယဲ့ဖုန်းသည် ခြေတစ်လှမ်း နောက်ဆုတ်လိုက်၏။ လိုဏ်ဂူအပြင်ဘက်သို့ ရောက်ရှိသွားပြီး တောင်ထိပ်၏ ကောင်းကင်ယံထက်တွင် ပေါ်လာကာ အောက်ခြေမှ အခြေအနေများကို အေးဆေးစွာ ကြည့်ရှုနေလိုက်၏။
တောင်ထိပ်ရှိ ခန်းမဆောင်ကြီးသည် မူလပုံစံ ပေါ်လာပြီ ဖြစ်သဖြင့် အရိုးများ ပြည့်နှက်နေသော အပျက်အစီးပုံကြီး အဖြစ် ပြောင်းလဲနေပြီ ဖြစ်သည်။ ဒီမြင်ကွင်းကို လူတွေ မြင်လျှင် ကြောက်လန့်တကြား ဖြစ်သွားကြမှာ သေချာသည်။
“လူယုတ်မာ... ငါတို့ ဖေးဟွာဂိုဏ်းမှာ လာသောင်းကျန်းရဲတယ်ပေါ့... ဂိုဏ်းချုပ် ထွက်လာရင် မင်းကို မြေကြီးနဲ့ ရိုက်ကပ်ပစ်လိမ့်မယ်”
မျက်လုံးရှစ်လုံး ပင့်ကူမိစ္ဆာကြီးက ဟိန်းဟောက်လိုက်၏။
“ဒါဆို မင်းကို အရင် သတ်ပစ်ရတာပေါ့” ယဲ့ဖုန်း လက်ညှိုးကို ဝှေ့ယမ်းလိုက်၏။
တဆက်တည်း၌၊ တောက်ပသော ဓားအလင်းတန်း တစ်ခု ကောင်းကင်မှ ကျဆင်းလာပြီး ပင့်ကူမိစ္ဆာကြီးကို နှစ်ပိုင်း ဖြတ်လိုက်၏။ အစိမ်းရောင် သွေးများ ပတ်ဝန်းကျင်သို့ ပြန့်ကျဲသွား၏။
“ဂိုဏ်းချုပ်က ရက်စက်လိုက်တာ... ချက်ချင်း သတ်ပစ်လိုက်တာပဲ” မျက်နှာတစ်ထောင် နတ်ဆိုး အံ့သြသွား၏။ ယဲ့ဖုန်း ဒီလောက် ပြတ်သားလိမ့်ည်မဟု ထင်မထားခဲ့မိပေ။
“သေသင့်တဲ့ကောင်တွေကို ငါ ဘယ်တော့မှ အရှင်မထားဘူး”
ဟု ယဲ့ဖုန်းက အေးစက်စွာ ပြနါပြောလိုက်သည်။
“မင်း တော်တော် ရဲတင်းပါလား... ငါ့တပည့်ကို သတ်ရဲတယ်ပေါ့... ဒီနေ့ မင်းကို တောင်ထိပ်မှာ ရိုက်ကပ်ထားပြီး နေပူလှန်း၊ မိုးရွာထဲထား၊ ငှက်တွေ အကောင်တွေ အကိုက်ခံရအောင် လုပ်ပစ်မယ်”
ဖေးဟွာဂိုဏ်းချုပ် ဒေါသတကြီး အော်ဟစ်လိုက်၏။
နောက်တစ်ခဏတွင် သူမ၏ မူလရုပ်သွင်ကို ထုတ်ဖော်လာတော့၏။
တောင်ထိပ်အက်ကြောင်းထဲမှ နွယ်ပင်ကြီး တစ်ခု ထိုးထွက်လာသည်။ ထိပ်တွင် ဧရာမ ပန်းပွင့်ဖြူကြီး တစ်ပွင့် ပါရှိပြီး၊ ထိုပန်းပွင့်ပေါ်တွင် ရက်စက်ကြမ်းကြုတ်သော မျက်နှာထားနှင့် လူလတ်ပိုင်း အမျိုးသမီးတစ်ဦး ရပ်နေ၏။ `အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ်`အရှိန်အဝါများ ထုတ်လွှတ်နေ၏။
“ဟာ... ဒီအဖွားကြီးက မဆိုးဘူးပဲ... ဂိုဏ်းချုပ်... မသတ်ပါနဲ့ဦး... ကျွန်တော့်ကို ပေးပါ” မျက်နှာတစ်ထောင် နတ်ဆိုး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။
ပန်းနတ်ဆိုးမ ဖြစ်နေတာကိုး။
အသက်ကြီးနေပေမဲ့ မျက်နှာတစ်ထောင် နတ်ဆိုးက ဂရုမစိုက်ပါချေ။
ယဲ့ဖုန်း ရုပ်ဖျက်ထားတာကို ဖျက်ပြီး ဒီကောင်ကို ဆော်ပစ်ချင်စိတ် ပေါက်သွား၏။
နောက်တစ်ခါ ဒီလို စိတ်မထိန်းနိုင်လျှင် တွေ့မည်။
ဖေးဟွာဂိုဏ်းချုပ်သည် ယဲ့ဖုန်းကို ကြည့်ပြီး နှုတ်ခမ်းသပ်လိုက်၏။
“ချောမောလိုက်တဲ့ လူငယ်လေးပဲ... ငယ်ငယ်ရွယ်ရွယ်နဲ့ `ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်` ရောက်နေပြီ... မင်းကို စုပ်ယူလိုက်ရင် ငါ `အလယ်အလတ်အဆင့် နတ်ဆိုးဗိုလ်ချုပ်`ဖြစ်လောက်တယ်”
“ဂိုဏ်းချုပ်... ကျွန်မတို့ကိုလည်း နည်းနည်းလောက် ကျွေးပါဦး”
အောက်ဘက်မှ မိစ္ဆာများကလည်း ရိသဲ့သဲ့ ရယ်မောပြီး တောင်းဆိုလိုက်ကြသည်။
“ဟွန်း... ဒါ `ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်` ပညာရှင်ကွ... ငါ တစ်ယောက်တည်း စားမှာ... မင်းတို့ နောက်တစ်ခါမှ စားကြ”
ဖေးဟွာဂိုဏ်းချုပ် လက်ကို ဆန့်ထုတ်လိုက်၏။ ထိုအခါ၊ ဆူးများ ပြည့်နှက်နေသော အစိမ်းရောင် နွယ်ပင်တစ်ချောင်း ဖြစ်တည်လာသည်။ တဆက်တည်း၌၊ သူမက ယဲ့ဖုန်းကို ကြည့်ပြီး မေးလာသည်။
“နင့် နာမည် ဘယ်လိုခေါ်လဲ”
“သခင်လေး မြူခိုး” ယဲ့ဖုန်း ဖြေလိုက်၏။
“သခင်လေး မြူခိုး... သေဖို့ ပြင်ထားပေတော့”
ဖေးဟွာဂိုဏ်းချုပ် နွယ်ပင်ကို ဝှေ့ယမ်းလိုက်၏။
မီတာဆယ်ချီ ရှည်လျားသော အစိမ်းရောင် ချပ်ဝတ် မြွေကြီးတစ်ကောင် အဖြစ် ပြောင်းလဲသွားပြီး အဆိပ်ငွေ့များ မှုတ်ထုတ်ကာ ယဲ့ဖုန်းကို တိုက်ခိုက်လိုက်၏။
ယဲ့ဖုန်း တည်ငြိမ်စွာ နောက်ဆုတ်လိုက်၏။ တူညီသော အခိုက်အတန့်တွင်၊လက်တစ်ဖက်ဖြင့် ယပ်တောင်ကို (၂၀) ကြိမ်ခန့် ခပ်မြန်မြန် ယပ်ခတ်လိုက်သည်။
`ဘုန်း...`
ကြောက်မက်ဖွယ် လေပွေမုန်တိုင်းကြီး တစ်ခု ဝဲလှည့်လာပြီး မြွေကြီးကို တိုက်ခိုက်လိုက်သည်။ မြွေကြီး၏ အရေခွံများ ကွဲအက်သွားပြီး အစိမ်းရောင် အလင်းတန်းများ အဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားတော့၏။
ဟိုင်ကျင်းမြို့ ဝယ်...
ကျင့်ကြံသူ အများအပြားသည် ဖေးဟွာဂိုဏ်းမှ ဆူညံသံများကို ကြားလိုက်ရသဖြင့် ကောင်းကင်သို့ ပျံတက်ပြီး အဝေးမှ ရှုမျှော်ကြည့်လိုက်ကြသည်။ တောင်ထိပ်မှ တိုက်ပွဲကို မြင်တွေ့လိုက်ကြ၏။
“ဖေးဟွာဂိုဏ်းချုပ်က ပန်းနတ်ဆိုးမ ဖြစ်နေတာကိုး... ကောလာဟလတွေထဲက နတ်သမီးလေးနဲ့ တခြားစီပါလား... တကယ် အံ့သြစရာပဲ”
ယဲ့ဖုန်းက သူ့အသံကို လူတိုင်း ကြားအောင် တမင် အော်ပြောလိုက်၏။
ဒါကို ကြားတော့ ဟိုင်ကျင်းမြို့က ကျင့်ကြံသူတွေ ပွက်လောရိုက်သွားကြသည်။
“ငါ စိတ်ကူးယဉ်နေတဲ့ ဖေးဟွာ နတ်သမီးလေးက ပန်းနတ်ဆိုးမကြီး ဟုတ်လား”
“ပန်းနတ်ဆိုးမ ဖြစ်တော့ ဘာဖြစ်လဲ... ငါကတော့ စမ်းကြည့်ချင်သေးတယ်”
“မင်းကတော့ တယ်အကြိုက် ထူးဆန်းတာပဲ”
တချို့က ထောက်ခံကြသလို၊ တချို့ကလည်း ရွံရှာကြသည်။
“ဟိုးမှာ ကြည့်... ဖေးဟွာဂိုဏ်းရဲ့ ခန်းမဆောင်ကြီးက တကယ်တော့ လိုဏ်ဂူကြီး ဖြစ်နေတာပဲ... အထဲက နတ်သမီးလေးတွေလည်း မရှိတော့ဘူး... လူအသွင် မပြောင်းရသေးတဲ့ မိစ္ဆာတွေပဲ ရှိတော့တယ်”
တချို့က တွေ့ရှိသွားကြသည်။
“ဟဲဟဲ... အလကား ခြောက်နေတာ... ဖေးဟွာဂိုဏ်းက အစကတည်းက မိစ္ဆာတွေနဲ့ ပြည့်နေတာ... သူတို့က ပုန်းတာ တော်လို့ပါ”
`မြေခွေးအင်အားစု` ဂိုဏ်းချုပ်က မြို့ရိုးပေါ်တွင် ရပ်ပြီး ရှင်းပြလိုက်၏။ မျက်နှာပေါ်မှ အမာရွတ်ကို ပွတ်သပ်ရင်း ရယ်မောလိုက်၏။
လွန်ခဲ့တဲ့ (၁၀) နှစ်ကတည်းက ဖေးဟွာ နတ်သမီးလေးက ပန်းနတ်ဆိုးမ ဆိုတာ သူ သိသည်။ သူက ပိုးပန်းးဖူသည်လေ။ ဒဏ်ရာရပြီး ပြန်လာရလေသည်။ ထို့ကြောင့် အခဲမကျေ ဖြစ်နေရခြင်းပင်။
ယခု အခွင့်ကောင်း ကြုံတုန်း လျှို့ဝှက်ချက်တွေကို ဖွင့်ချလိုက်တော့၏။
ဒါကို ကြားတော့ လူတွေ ပိုအံ့သြသွားကြသည်။
“ဟဲဟဲ... မိစ္ဆာဖြစ်ဖြစ် ဘာဖြစ်ဖြစ်... လှရင် ပြီးတာပဲ”
ဟု တချို့ကလည်း ရဲရဲတင်းတင်း ပြောဆိုကြသည်။
“ဟား၊ မင်း ဦးနှောက် ပျက်နေပြီလား”
...
*
ဖေးဟွာဂိုဏ်း တောင်ထိပ်တွင်...
ဖေးဟွာ နတ်သမီးလေးသည် ပျက်စီးသွားသော နွယ်ပင်ကို ကြည့်ပြီး ဒေါသတကြီး ကြိမ်းမောင်းလိုက်၏။
“သခင်လေး မြူခိုး... ငါ့ရဲ့ `ဝိညာဉ်လက်နက်` ကို ဖျက်ဆီးရဲတယ်ပေါ့...နင့်ကို အပိုင်းပိုင်း ဆွဲဖြဲပစ်မယ်”
`ဝါး...`
သူမ ဟိန်းဟောက်လိုက်၏။ တဆက်တည်း၌၊ ခန္ဓာကိုယ် ဖောင်းပွလာပြီး ပေ (၁၀၀၀) ခန့် ရှည်လျားသော အစိမ်းရောင် ချပ်ဝတ် မြွေကြီးအသွင် ပြောင်းလဲသွား၏။ ခေါင်းပေါ်တွင် (၃) မီတာ မြင့်မားသော ပန်းပွင့်ဖြူကြီး တစ်ပွင့် ပါရှိလေသည်။
ဖေးဟွာ နတ်သမီးလေးသည် ယဲ့ဖုန်းကို မျိုချရန် ခုန်အုပ်လိုက်၏။
“မူလရုပ်သွင် ပြောင်းလည်း အလကားပါပဲ” ယဲ့ဖုန်း လက်ဖျစ်တီးလိုက်သည်။
သတ္တုရွက် ဓားတစ်လက် လေထဲတွင် ပေါ်လာပြီး ဖေးဟွာ နတ်သမီးလေးကို တားဆီးလိုက်တော့၏။
“မိုးကြိုး ကျဆင်းစေ... ခုတ်ပိုင်းစမ်း”
ယဲ့ဖုန်း မန္တန် ရွတ်သလို ဟန်ဆောင်လိုက်၏။ တကယ်တော့ `လေဓာတ် ဝိညာဉ်စွမ်းအင်`တစ်ခုကို အသုံးပြုပြီး မိုးကြိုးပစ်သကဲ့သို့ ကောင်းကင်မှ ကျဆင်းစေကာ ဖေးဟွာ နတ်သမီးလေးကို ရိုက်ချလိုက်ခြင်း ဖြစ်သည်။ သူမ မီးကျွမ်းသွားပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတော့၏။
“ဟိုက်...”
အားလုံး အသက်ရှူမှားသွားကြသည်။
‘ဒါ ဖေးဟွာဂိုဏ်းချုပ်လေ။ `ဓာတ်ကြီးငါးပါး စုစည်းခြင်း စတုတ္ထအဆင့်` ရောက်လုနီးပါး ပညာရှင်ကြီး။ သခင်လေး မြူခိုးရဲ့ တစ်ချက်တည်းနဲ့ သေသွားတာလား။’
“အာ...”
ကျန်ရှိနေသော မိစ္ဆာများ ကြောက်လန့်တကြား ဖြစ်ကုန်ကြသည်။ ထွက်ပြေးဖို့တောင် မေ့နေကြရ၏။
ထိုအခိုက်အတန့်၌၊ ယဲ့ဖုန်းက လက်တစ်ဖက် အသာအယာ ဝှေ့ယမ်းလိုက်ရာ ဓားအလင်းတန်းများ ထိမှန်သွားပြီး အားလုံး ခေါင်းပြတ်ကာ သေဆုံးသွားကြသည်။
ယုတ်မာသော ဖေးဟွာဂိုဏ်း ပျက်စီးသွားပြီတည်း။
“ဘာလို့ ဖေးဟွာဂိုဏ်းကို ဖျက်ဆီးပစ်တာလဲ”
တချို့က မကျေမနပ် မေးကြသည်။
ရုပ်ဆိုးတဲ့ မိစ္ဆာတွေကို သတ်တာ ထားပါတော့... ဘာလို့ လှပတဲ့ ဖေးဟွာ နတ်သမီးလေးကိုပါ သတ်ပစ်ရတာလဲ။
ထိုအခါ၊ `မြေခွေးအင်အားစု` ဂိုဏ်းချုပ်က ကဲ့ရဲ့လိုက်၏။
“ငတုံးတွေ... တောင်ပေါ်ကို ကိုယ်တိုင် သွားကြည့်ကြ... သူတို့ ဘာတွေ လုပ်ထားလဲ ဆိုတာ... ငါတောင် သူတို့လောက် မယုတ်မာဘူး... သူတို့ သေသင့်တယ်”
ပြောရင်း သူ့မျက်နှာ တည်ကြည်လေးနက်သွား၏။
“ဒါပေမဲ့ ဖေးဟွာဂိုဏ်းချုပ် သေသွားပြီ ဆိုတော့... မြေအောက်က သတ္တဝါကြီး ထွက်လာတော့မယ်... သခင်လေး မြူခိုး ယှဉ်နိုင်ပါ့မလား မသိဘူး”
`မြေခွေးအင်အားစု` ဂိုဏ်းချုပ် တကိုယ်တည်း ပြောဆိုလိုက်၏။
“ယှဉ်နိုင်ဖို့ ခက်လိမ့်မယ်”
`လိပ်နက် ဆရာသခင်` မြို့ရိုးပေါ်တွင် ပေါ်လာသည်။ ` မြို့စားကတော် ယွဲ့ပန်း`၏ လက်ကို ကိုင်ထားပြီး စိုးရိမ်တကြီး ကြည့်နေ၏။
“မြေအောက်က သတ္တဝါက ဘာကြီးလဲ”
ဟိုင်ကျင်းမြို့မှ ကျင့်ကြံသူများ စဉ်းစားခန်း ဝင်သွားကြသည်။
တချို့က နိမိတ်မကောင်းတာကို ခံစားမိလိုက်ကြသည်။
ကောင်းကင်ယံတွင်...
ယဲ့ဖုန်းသည် လက်ကျန် `လေဓာတ် ဝိညာဉ်စွမ်းအင်` နှစ်ခုကို ကြည့်ပြီး တည်ငြိမ်နေ၏။
သူ မန္တန်.. မသုံးတတ်ပေ။
ဒါပေမဲ့ `လေဓာတ် ဝိညာဉ်စွမ်းအင်` က မန္တန်ကို တုပ၍ ရသည်။ မျက်နှာတစ်ထောင် နတ်ဆိုး၏ ပါရမီနှင့် ပေါင်းစပ်လိုက်တော့ `မိုးကြိုး ကျဆင်းစေ` သိုင်းနည်းစနစ်နှင့် တစ်ပုံစံတည်း ဖြစ်သွားသည်။ ဘယ်သူမှ မခွဲခြားနိုင်ချေ။
`ကရက်...`
အောက်ဘက် လွင်ပြင်ကြီး ရုတ်တရက် သိမ့်ခါသွား၏။
မြေကြီး ကွဲအက်သွားပြီး သစ်တောများ ချောက်ထဲသို့ ကျဆင်းသွား၏။ ကြောက်မက်ဖွယ် သဏ္ဍာန်ကြီးတစ်ခု ချောက်ထဲမှ တွားသွားထွက်လာပြီး အားလုံး၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာတော့သည်။
`နွယ်ပင်နတ်ဆိုးကြီး`ပါလား။
တစ်ကီလိုမီတာခန့် ရှည်လျားပြီး အစောက အစိမ်းရောင် ချပ်ဝတ် မြွေကြီးကဲ့သို့ပင် တွန့်လိမ်နေ၏။ နဖူးတွင် ဧရာမ ခရမ်းရောင် မျက်လုံးကြီး တစ်လုံး ပါရှိပြီး ယဲ့ဖုန်းကို စူးစူးရဲရဲ စိုက်ကြည့်နေ၏။
ကြီးမားသော အရှိန်အဝါများ ရေလှိုင်းကြီးများသဖွယ် ပေါက်ကွဲထွက်ပေါ်လာသည်။
“ငါ့အဖော်ကို သတ်ရဲတယ်ပေါ့... မင်း သေချင်နေတာလား”
အသံက မိုးထစ်ချုန်းသလို ပေါက်ကွဲထွက်လာ၏။
ပတ်ဝန်းကျင်မှ သစ်ပင်များ အမှုန့်ဖြစ်သွား၏။
ဟိုင်ကျင်းမြို့မှ ကျင့်ကြံသူ အများအပြား ဖိအားကြောင့် သွေးအန်ကုန်ကြသည်။
“`အလယ်အလတ်အဆင့် နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ်`ပါလား”
“ဒါ မြေခွေးဂိုဏ်းချုပ် ပြောတဲ့ သတ္တဝါကြီး ဖြစ်မယ်”
ကျင့်ကြံသူများ မျက်နှာ ဖြူဖျော့ကုန်ကြသည်။
`လိပ်နက် ဆရာသခင်`က ကြောက်လန့်တကြား ပြောလိုက်၏။
“ထွက်လာပြီ... ဒဏ္ဍာရီလာ `ကမ္ဘာမြေ စိမ်းလန်းသော နွယ်ပင်ကြီး`... ဒီဒေသရဲ့ အရှင်သခင်ကြီး... အရင်တုန်းက သတ္တဝါပေါင်းများစွာကို သတ်ဖြတ်ခဲ့တယ်... စွမ်းအားစုဆောင်းပြီး `အဆင့်မြင့် နတ်ဆိုးဗိုလ်ချုပ်` အဆင့်ကို တက်လှမ်းဖို့ မြေအောက်မှာ ပုန်းနေခဲ့တာ”
“ကြည့်ရတာ…အဆင့်ချိုးဖြတ်ဖို့ မအောင်မြင်ခဲ့ဘူး ထင်တယ်” ` မြို့စားကတော် ယွဲ့ပန်း` က လေးနက်စွာ မှတ်ချက်ချလိုက်ခြင်းပါ။
“မအောင်မြင်လည်း ဒီဒေသမှာ ပြိုင်ဘက်ကင်းပါပဲ... `ကြယ်တစ်ပွင့်အဆင့်` ထိပ်တန်း ဂိုဏ်းချုပ်တွေနဲ့ `ကြယ်နှစ်ပွင့်အဆင့်` ပညာရှင်တွေလောက်မှ ယှဉ်နိုင်မှာ”
ထို့နောက်၊ `လိပ်နက် ဆရာသခင်`က ယဲ့ဖုန်းကို မျှော်လင့်တကြီး ကြည့်လိုက်မိ၏။ နွယ်ပင်နတ်ဆိုးကြီးကို သတ်နိုင်ပါစေဟု သူ့ရင်တွင်း ဆုတောင်းနေမိသည်။
သူက နွယ်ပင်နတ်ဆိုးကြီးနှင့် ရန်ငြိုးရှိလို့ မဟုတ်ပါ။ မြို့စားမင်း တစ်ယောက် အနေနှင့် သူ့မြို့နားမှာ ထိုသို့ အန္တရာယ်ကောင်ကြီး ရှိနေတာကို မလိုလား၍တည်း။
သို့တိုင်၊ `သခင်လေး မြူခိုး` က ယှဉ်နိုင်ပါ့မည်လော။
`လိပ်နက် ဆရာသခင်` မသေချာပါချေ။
ထိုနည်းတူ၊ ဟိုင်ကျင်းမြို့မှ ကျင့်ကြံသူတွေလည်း မသေချာကြပေ။
ကောင်းကင်ယံတွင်...
ယဲ့ဖုန်းသည် ဧရာမ နွယ်ပင်နတ်ဆိုးကြီးကို ငုံ့ကြည့်လိုက်၏။ ကြီးမားသော `မိစ္ဆာချီ`များကို အာရုံခံမိလိုက်၏။
'သတ္တဝါပေါင်း သောင်းချီ သတ်ဖြတ်ခဲ့တဲ့ အငွေ့အသက်တွေပဲ။
ဒီကောင်ကို သတ်ရမယ်။’