← Chapters

အခန်း (၂၆၅-၂၆၇)

Vol. 18 Ch. 265-267

အခန်း (၂၆၅-၂၆၇)

Vol. 18 Ch. 265-267

အခန်း (၂၆၅) - မကောင်းဆိုးဝါး အငွေ့အသက်များကို သန့်စင်ခြင်းနှင့် ဒုတိယမြောက် ဝိညာဉ်သွေးကြော

~မြေပြင်တွင်...

နွယ်ပင်နတ်ဆိုးကြီးသည် ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ရာ ကိုယ်ခန္ဓာတစ်ခုလုံး လေထဲသို့ ကြွတက်လာပြီး အရှိန်အဝါများ တရိပ်ရိပ် တက်လာကာ `အလယ်အလတ် နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ်` အဆင့်သို့ ရောက်ရှိသွားတော့၏။

`အဆင့်မြင့် နတ်ဆိုးဗိုလ်ချုပ်` အဆင့်သို့ ရောက်ရန် လက်တစ်ကမ်းသာ လိုတော့သည်။

ထိုကြောက်မက်ဖွယ် အရှိန်အဝါကြောင့် ရွှမ်ကွေးကျန်းရန်သာမက အခြားသူများလည်း စိုးရိမ်တကြီး ဖြစ်ကုန်ကြပြီး `မြူခိုး သခင်လေး` နိုင်ပါစေဟု ဆုတောင်းနေမိကြသည်။

အထူးသဖြင့် ဟူလီဂိုဏ်းချုပ်ကြီးက ပို၍ ဆုတောင်းနေတော့၏။

'နွယ်ပင်နတ်ဆိုးကြီး အခြေစိုက်တဲ့ နေရာအောက်မှာ `အသေးစား ဝိညာဉ်သွေးကြော`တစ်ခု ရှိနေတယ်... နွယ်ပင်နတ်ဆိုးကြီး သေသွားရင် အဲဒီသွေးကြောက ပိုင်ရှင်မဲ့ ဖြစ်သွားမှာ... အဲဒီကျရင် ငါ အပိုင်သိမ်းလို့ ရပြီ... ဟားဟား'

ဟူလီဂိုဏ်းချုပ်ကြီးသည် စိတ်ထဲတွင် ကျိတ်ပြီး ပျော်ရွှင်နေတော့၏။

သူသည် ယဲ့ဖုန်းကို ကြည့်ပြီး နိုင်ပါစေဟု မျှော်လင့်နေတော့၏။

လွင်ပြင်တွင်...

နွယ်ပင်နတ်ဆိုးကြီးသည် ယဲ့ဖုန်းကို ငုံ့ကြည့်ပြီး အေးစက်စွာ ခြိမ်းခြောက်လိုက်သည်။

“မင်းက ငါ့ရဲ့ ကျင့်ကြံဖော်ကို သတ်ခဲ့တာကိုး... ကောင်းတယ်... မင်းကို သူ့အတွက် ယဇ်ကောင်အဖြစ် သတ်ဖြတ်ပစ်မယ်”

ယဲ့ဖုန်းသည် နွယ်ပင်နတ်ဆိုးကြီးကို ကြည့်လိုက်ရင်း သူ့မျက်လုံးများတွင် အေးစက်သော အလင်းရောင်များ လက်နေ၏။

`သတ်ဖြတ်ခြင်း စွမ်းအင်` ဖြင့် စစ်ဆေးကြည့်လိုက်ရာ နွယ်ပင်နတ်ဆိုးကြီးထံမှ မည်းနက်နေသော `မကောင်းဆိုးဝါး အငွေ့အသက်` များ ထွက်ပေါ်နေသည်ကို တွေ့လိုက်ရသည်။ အနည်းဆုံး လူပေါင်း သိန်းချီ သတ်ဖြတ်ထားကြောင်း သက်သေပြနေ၏။

ဒီလို အကောင်မျိုးက သေသင့်သည်။

“မိုးကြိုးဘေး... ကျရောက်စေ”

ယဲ့ဖုန်း စကားအများကြီး ပြောမနေတော့ပေ။ လေဓာတ် ဝိညာဉ်စွမ်းအင် တစ်ခုကို တိတ်တဆိတ် ထုတ်ယူပြီး ခရမ်းရောင်သန်းနေသော ရွှေရောင် မိုးကြိုးတန်းကြီးအဖြစ် ပြောင်းလဲကာ ကောင်းကင်မှ ပစ်ချလိုက်တော့၏။ ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်ဘုရားဓား တစ်လက်သဖွယ် ပြင်းထန်လှပေသည်။

`ဂျိမ်း...`

ကြောက်မက်ဖွယ် ကောင်းလှသော နွယ်ပင်နတ်ဆိုးကြီးသည် မိုးကြိုးပစ်ခတ်ခံလိုက်ရပြီး တစ်ကိုယ်လုံး မီးလောင်ကျွမ်းကာ အက်ကွဲသွားလေတော့သည်။

ထို့နောက် မြေပြင်ပေါ်သို့ ဗိုင်းခနဲ လဲကျသွားတော့၏။

“ဝေါ….”

ဖုန်မှုန့်များ လှိုင်းထန်သွားပြီး ကြည့်ရတာ ထိတ်လန့်စရာ ကောင်းလှသည်။

“ဟိုက်...”

ဟိုင်ကျင်းမြို့မှ ကျင့်ကြံသူများသည် လဲကျသွားသော နွယ်ပင်နတ်ဆိုးကြီးကို ကြည့်ပြီး သွားချင်း တဂတ်ဂတ် ရိုက်ကာ စကားမပြောနိုင်အောင် ဖြစ်နေကြတော့၏။

“ဒီလောက်ပဲလား”

မျက်နှာ တစ်ထောင် နတ်ဆိုးဘုရင်သည် တစ်ချက်တည်းနှင့် သေဆုံးသွားသော နွယ်ပင်နတ်ဆိုးကြီးကို ကြည့်ပြီး အံ့သြမှင်သက်နေတော့၏။

ဒါ `အလယ်အလတ် နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ်` လေ။

တစ်ချက်တည်းနဲ့ သေသွားတာလား။

“အို... တော်တော် အားနည်းတာပဲ” ယဲ့ဖုန်း ခေါင်းငြိမ့်လိုက်၏။

`ဓားစိတ်ဆန္ဒ`အား သဘောပေါက်ထားသော ချင်းယွင်ကျန်းရန်နှင့် ယှဉ်လိုက်လျှင် နွယ်ပင်နတ်ဆိုးကြီးက ဘာမှ မဟုတ်ပေ။ အကယ်၍သာ ချင်းယွင်ကျန်းရန်နှင့် အဆင့်တူ တိုက်ခိုက်ရလျှင် ဓားတစ်ချက်တည်းနှင့် ပိုင်းဖြတ်ခံရမှာ သေချာသည်။

ယဲ့ဖုန်းသည် အောက်သို့ ဆင်းသက်လိုက်တော့၏။

တဆက်တည်း၌၊ နွယ်ပင်နတ်ဆိုးကြီးနှင့် ပန်းနတ်ဆိုးမကြီးတို့၏ နတ်ဆိုး ဝိညာဉ်ကျောက်များကို ကောက်ယူလိုက်ပြီး `ဝိညာဉ်သွေး လွှဲပြောင်းခြင်း`ဖြင့် ရွှေစိမ်းရောင် ဝိညာဉ်သွေး နှစ်တုံးကို ရယူလိုက်တော့၏။

ထို့နောက် ဖေးဟွာဂိုဏ်း ဝန်းကျင်ရှိမကောင်းဆိုးဝါးချီ များကို စုပ်ယူပြီး သူ့၏ သတ်ဖြတ်ခြင်း စွမ်းအင် ကို နှစ်ဆ တိုးမြှင့်လိုက်တော့၏။

“မဆိုးဘူး... အမြတ်ထွက်တယ်”

ယဲ့ဖုန်း ရေရွတ်လိုက်၏။

ဒီခရီးစဉ်၏ အဓိက ရည်ရွယ်ချက်က မကောင်းမှု အများအပြား ကျူးလွန်ထားသည့် နတ်ဆိုးတွေကို နှိမ်နင်းဖို့ပင်။

ဒါမှ သတ်ဖြတ်ခြင်း စွမ်းအင်လည်း တိုးမည်၊ ကျင့်ကြံဖို့ အရင်းအမြစ်တွေလည်း ရမည်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပါပင်။

ဒုတိယ ရည်ရွယ်ချက်ကတော့ ရုပ်ဖျက်ပြီး တိုက်ခိုက်တာ အလုပ်ဖြစ်မဖြစ် စမ်းသပ်ဖို့ ဖြစ်ပါ၏။

ဒီနေ့ ရလဒ်ကို ယဲ့ဖုန်း တော်တော် ကျေနပ်သွား၏။

‘ဒီနေ့ကစပြီး ငါကိုယ်တိုင် ဖြေရှင်းဖို့ မသင့်တော်တဲ့ ကိစ္စတွေဆိုရင် နတ်ဆိုးဘုရင်နဲ့ ပေါင်းပြီး `မြူခိုး သခင်လေး` အဖြစ် ဟန်ဆောင် ဖြေရှင်းရမယ်’

ယဲ့ဖုန်းသည် ပစ္စည်းများကို သိမ်းဆည်းပြီး ထွက်ခွာသွားတော့၏။

“မြူခိုးသခင်လေး သွားပြီဟေ့”

“သွားကြည့်ကြစို့”

ဟိုင်ကျင်းမြို့မှ ကျင့်ကြံသူများ ရောက်ရှိလာကြသည်။

သူတို့တတွေ.. ပထမဆုံး မြင်လိုက်ရသည်မှာ တောင်ကုန်းငယ် တစ်ခုမျှ ကြီးမားသော နွယ်ပင်နတ်ဆိုးကြီး၏ အလောင်းပင် ဖြစ်သည်။

“ကြည့်စမ်း... ဖေးဟွာဂိုဏ်း တည်ရှိရာ နေရာမှာ အရိုးတွေ ပြန့်ကျဲနေတာပဲ... ကျင့်ကြံသူတွေရဲ့ ပစ္စည်းတွေလည်း အများကြီးပဲ... ကြည့်ရတာ ဒီဂိုဏ်းက တကယ် ယုတ်မာတာပဲ”

“ဒါ ငါ့ဦးလေးရဲ့ သူငယ်ချင်း ပစ္စည်းပဲ... ကျင့်ကြံဖို့ ခရီးထွက်သွားတာ ပျောက်သွားလို့ လိုက်ရှာနေတာ... ဒီနတ်ဆိုးတွေ လက်ချက် မိသွားတာကိုး”

“ရက်စက်လိုက်တာကွာ... ဒီလိုဂိုဏ်းမျိုး ဖျက်ဆီးခံရတာ နည်းတောင် နည်းသေးတယ်”

လူအများ ဒေါသထွက်နေကြသည်။

“မြူခိုးသခင်လေးက တကယ့် နတ်ဘုရားပါပဲ”

တချို့က ချီးကျူးလိုက်ကြသည်။

သို့သော် မကြာမီ ဟူလီဂိုဏ်းချုပ်ကြီးနှင့် အဖွဲ့သည် မြေအောက်သို့ ရောက်ရှိသွားပြီး `ဝိညာဉ်သွေးကြော အမြုတေ` ပျောက်ဆုံးနေသော အသေးစား ဝိညာဉ်သွေးကြောကို တွေ့လိုက်ရသောအခါ မျက်နှာပျက်သွားကြတော့၏။

“မြူခိုးသခင်လေး ယူသွားတာ နေမှာ”

“သူခိုးကောင်”

လူအများ၏ စိတ်သည် လေတိုက်ရာ ယိမ်းနွဲ့တတ်သော ကျူပင်များကဲ့သို့ပင်။ ချက်ချင်း ပြောင်းလဲတတ်ကြလေသည်။

(၁၀) မိုင်ခန့် အကွာတွင်...

ယဲ့ဖုန်းသည် လက်မအရွယ်အစားရှိ ကျောက်သလင်းတုံးလေးကို ကိုင်ကြည့်ရင်း နူးညံ့စွာ ပြုံးလိုက်တော့၏။

“ဒီခရီးစဉ်မှာ သတ်ဖြတ်ခြင်း စွမ်းအင် လည်း တိုးလာသလို ဝိညာဉ်သွေးကြော အမြုတေ တစ်ခုလည်း ရလိုက်တယ်... ဝိညာဉ်စမ်းရေတွင်းထဲက `ကျောက်စိမ်း ဝါးပင်` မှာ တပ်ဆင်ကြည့်ရမယ်... အောင်မြင်ရင် မြူခိုးဂိုဏ်းမှာ အသေးစား ဝိညာဉ်သွေးကြော (၂) ခု ရှိလာတော့မှာ”

မူလက ဒီသွေးကြောကို နွယ်ပင်နတ်ဆိုးကြီး ပိုင်ဆိုင်ခဲ့၏။

ယဲ့ဖုန်းက သူ့ကို သတ်လိုက်တော့ သွေးကြောက ပိုင်ရှင်မဲ့ ဖြစ်သွားသည်။ သူများတွေ လက်ထဲ မရောက်စေချင်၍ ယဲ့ဖုန်းက အမြုတေကို တူးယူလာခဲ့ခြင်း ဖြစ်သည်။

မိုင်ရာချီ အကွာတွင်...

မိုယင်သည် ဓားပျံစီးကာ ရှေ့မှသွားနေပြီး ဟိုယွင်ကျဲတို့ အဖွဲ့က နောက်မှ လိုက်ပါလာကြသည်။

“ရှင်တို့ကို `မြူခိုး သခင်လေး` ဆိုတဲ့လူက ကယ်လိုက်တာပေါ့... သူက စက္ကူယပ်တောင် ကိုင်ထားတယ်... သဘောကောင်းတယ်... အရမ်း ငယ်တယ်... ပြီးတော့ `ဓားစိတ်ဆန္ဒ`လည်း အရမ်း ပြင်းထန်တယ်ပေါ့”

မိုယင်က မေးခွန်းများ ဆက်တိုက် မေးလိုက်၏။

“ဟုတ်ပါတယ်” ရှီလေ့ ခေါင်းငြိမ့်လိုက်၏။

“ထူးဆန်းတယ်... ဒီနားတဝိုက်မှာ မြူခိုးသခင်လေး ဆိုတဲ့လူ မကြားဖူးပါဘူး... သူက ဘယ်သူပါလိမ့်” မိုယင် မျက်မှောင်ကြုတ်လိုက်မိသည်။

သူမ၏ အာရုံခံစားမှုအရ မြူခိုးသခင်လေးသည် သူမ သိသော လူတစ်ယောက် ဖြစ်နေသလိုပင်။

ဒီရက်ပိုင်း ဂိုဏ်းချုပ်ယဲ့ဖုန်းလည်း ပျောက်နေသည်ပဲ။

‘ဂိုဏ်းချုပ်များ ရုပ်ဖျက်ထားတာလား... မဟုတ်ရင် ထိုက်ယွဲ့ တောင်တန်းလို နေရာမျိုးမှာ ဘယ်သူက ဒီလောက် တိုက်ဆိုင်ပြီး လာပေါ်မလဲ... ပြီးတော့ စွမ်းအားကလည်း အရမ်းကြီးတယ်’

မိုယင် သံသယ ဝင်လာတော့၏။

ညချမ်းအချိန်ဝယ်...၊

ယဲ့ဖုန်းသည် နတ်ဆိုးဘုရင်နှင့် လမ်းခွဲပြီး မြူခိုးတောင်ထိပ်သို့ တစ်ယောက်တည်း ပြန်ရောက်လာတော့၏။

သူသည် ဝိညာဉ်စမ်းရေတွင်းဆီသို့ လျှောက်သွားလိုက်သည်။

စမ်းရေတွင်းထဲတွင် နန်လု တောင်တန်းမှ တူးယူလာသော ကျောက်စိမ်း ဝါးပင်နှင့် သန့်စင်ခြင်း ကြာစိမ်းတို့ ရှင်သန်နေကြသည်။

“ကျောက်စိမ်း ဝါးပင်က သဘာဝ ဝိညာဉ်ပစ္စည်း တစ်မျိုးပဲ... ဝိညာဉ်စွမ်းအင်တွေနဲ့ ပြုစုပျိုးထောင်ပေးရင် အချိန်ကြာလာတာနဲ့အမျှ အမြုတေ စုစည်းပြီး အသေးစား ဝိညာဉ်သွေးကြော ဖြစ်လာနိုင်တယ်... ဒါကြောင့် ငါ့အကြံက ဖြစ်နိုင်ချေ ရှိတယ်”

ယဲ့ဖုန်းသည် လက်မအရွယ် ဝိညာဉ်သွေးကြော အမြုတေကို ထုတ်လိုက်၏။

ညဉ့်နက်နေပြီ ဖြစ်၍ တပည့်များ အိပ်ပျော်နေကြသဖြင့် မည်သူမျှ မမြင်နိုင်ပေ။

“ဟုတ်သားပဲ... ယွင်ကျဲတို့ တာဝန်ပြီးသွားပြီဆိုတော့ ကံစမ်းမဲအိတ်တွေ ဖွင့်ကြည့်ရမယ်”

ယဲ့ဖုန်း သတိရသွားပြီး လက်ဝါးကို ဖြန့်လိုက်ရာ ကံစမ်းမဲအိတ် (၄) အိတ် ပေါ်လာသည်။ စိတ်ကူးဖြင့် ဖွင့်လိုက်ရာ ဆုလက်ဆောင်များ ထွက်ပေါ်လာတော့၏။

[တီ..တီ.. ဂိုဏ်းချုပ်သည် `ဝိညာဉ်သွေးကြော သိုင်းကျမ်း` x 1၊ အထူးပစ္စည်း `လကြွေကျောက်` x 3 ပေါင်၊ `ကောင်းကင်ထိ နွယ်ပင် ဝိညာဉ်မျိုးစေ့`x 3၊ `အဆင့်မြင့် ချီကျင့်ကြံဆေးလုံး` x 5 တို့ကို ရရှိလိုက်ပါပြီ]

ဒါတွေက ဒီတစ်ခေါက် ရလိုက်သော ဆုတွေ ဖြစ်ပါသည်။

“ဝိညာဉ်သွေးကြော သိုင်းကျမ်း... ဒါ တန်ဖိုးရှိတဲ့ ပစ္စည်းပဲ”

ယဲ့ဖုန်း သိုင်းကျမ်းကို ဖွင့်ဖတ်လိုက်၏။

လေ့လာပြီးနောက် ကျောက်စိမ်း ဝါးပင်ထဲသို့ ဝိညာဉ်သွေးကြော အမြုတေ ထည့်သွင်းမည့် နည်းလမ်းကို ရှာတွေ့သွားတော့သည်။

“အချိန်ကိုက်ပဲ”

ယဲ့ဖုန်းသည် တစ်နာရီခန့် လေ့လာပြီးနောက် အလွန် နက်နဲခက်ခဲကြောင်း တွေ့ရှိရသဖြင့် ဂုဏ်သတင်းအမှတ် (၁၀၀) သုံးပြီး စနစ်အကူအညီဖြင့် ချက်ချင်း တတ်မြောက်အောင် လုပ်လိုက်တော့၏။

ဂိုဏ်းတွင် ရှိသော ပစ္စည်းများ၊ သံရည်ကျိုမီးဖို တို့ကို အသုံးပြုပြီး နာရီဝက်ခန့် ကြာသောအခါ ကျောက်စိမ်း ဝါးပင်ပေါ်တွင် ရှုပ်ထွေးသော ဝင်္ကပါများ ရေးထိုးနိုင်ခဲ့သည်။

ဝိညာဉ်သွေးကြော အမြုတေကို ကျောက်စိမ်း ဝါးပင်၏ ထိပ်တွင် တပ်ဆင်လိုက်သောအခါ နူးညံ့သော အလင်းရောင်များ ဖြာထွက်လာပြီး ဝိညာဉ်သွေးကြောသစ် တစ်ခု ဖြစ်ပေါ်လာလေတော့သည်။

`ဝီ...`

ကျောက်စိမ်း ဝါးပင် တုန်ခါသွားပြီး ဝိညာဉ်စမ်းရေတွင်းနှင့် ပေါင်းစပ်သွားကာ သိပ်သည်းသော ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်လိုက်တော့၏။ အသေးစား ဝိညာဉ်သွေးကြော (၂) ခု ပေါင်းစပ်လိုက်သဖြင့် ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင် သိပ်သည်းမှုသည် `အဆင့်နိမ့် ဝိညာဉ်သွေးကြော` နီးပါး ဖြစ်လာလေတော့သည်။

“ဟေ... ကျောက်စိမ်း ဝါးပင်က ပြောင်းလဲသွားပါလား”

ညဘက်မအိပ်ဘဲ ကျင့်ကြံနေသော ချောင်ကျားရှီး သည် ပထမဆုံး သတိထားမိလိုက်၏။

ဒီရက်ပိုင်း သူသည် ခွေးထက် နောက်ကျမှအိပ်ပြီး ကြက်ထက် စောစောထကာ ချပ်ဝတ် အစောင့်အရှောက်များနှင့် နေ့စဉ် တိုက်ခိုက်လေ့ကျင့်နေသဖြင့် `ခန္ဓာကိုယ် ကျင့်ကြံခြင်း သတ္တမအဆင့်`သို့ ရောက်ရှိတော့မည် ဖြစ်သည်။

လေ့ကျင့်ပြီး၍ ဝိညာဉ်စမ်းရေ လာသောက်ချိန်တွင် ယဲ့ဖုန်းကို တွေ့လိုက်ရသလို၊ တောက်ပနေသော ကျောက်စိမ်း ဝါးပင်ကိုလည်း တွေ့လိုက်ရသဖြင့် အံ့သြသွားတော့၏။

“ကျောက်စိမ်း ဝါးပင်ကို ငါ အသေးစား ဝိညာဉ်သွေးကြော အဖြစ် ပြောင်းလိုက်တာပါ... အခုဆိုရင် မြူခိုးတောင်ထိပ်ရဲ့ ဝိညာဉ်စွမ်းအင်တွေ နှစ်ဆ တိုးလာပြီ”

ယဲ့ဖုန်းက ချောင်ကျားရှီး ပခုံးကို ပုတ်လိုက်၏။

“မင်းလည်း ကြိုးစားပါ... သတ္တမအဆင့်ကို အမြန်ဆုံး ရောက်အောင် လုပ်”

“စိတ်ချပါ ဂိုဏ်းချုပ်... ကျွန်တော် ကြိုးစားပါ့မယ်” ချောင်ကျားရှီး တက်ကြွစွာ ဖြေလိုက်၏။

“သွား... အနားယူတော့”

မြူခိုးဂိုဏ်းတွင် ချောင်ကျားရှီးသည် စကားအနားထောင်ဆုံးနှင့် အကြိုးစားဆုံး တပည့် ဖြစ်သည်။

“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်”

ချောင်ကျားရှီးသည် ရေတစ်ပုံး ခပ်ပြီး ရေချိုးကာ အိပ်ယာဝင်သွားလေတော့သည်။

*

နောက်တစ်နေ့ နံနက်တွင်...၊

အားလုံး ဝိညာဉ်စမ်းရေတွင်းနားသို့ ရောက်လာကြသည်။

“ဂိုဏ်းချုပ်က ကျောက်စိမ်း ဝါးပင်ကို အသေးစား ဝိညာဉ်သွေးကြော အဖြစ် ပြောင်းလဲလိုက်တယ်လို့ မနေ့ညက ပြောပါတယ်” ချောင်ကျားရှီးက ရှင်းပြလိုက်၏။

“ဒါကြောင့် ဒီမနက် ကျင့်ကြံရတာ အရမ်း ကောင်းနေတာကိုး... နောက်ထပ် ဝိညာဉ်သွေးကြော တစ်ခု တိုးလာတာပဲ... သေးပေမဲ့ စွမ်းအင်တွေက အရမ်း သန့်စင်တယ်” ကျားယွိလန်က အသက်ရှူသွင်းရင်း ပြောလိုက်၏။

“ဝိညာဉ်စမ်းရေကလည်း ပိုကောင်းလာမှာပဲ” ယန်ရူယွီလည်း ရွှင်လန်းစွာ ပြုံးလိုက်၏။

မိုယင်က ကျောက်စိမ်း ဝါးပင်ထိပ်မှ အမြုတေကို လက်ညှိုးထိုးပြလိုက်ရင်း၊

“ကျွန်မကတော့ ဒါ ဘယ်ကရလာလဲ ဆိုတာ ပိုသိချင်တယ်” “ဂိုဏ်းချုပ်က တခြား ဝိညာဉ်သွေးကြော တစ်ခုကို ဖျက်ဆီးပြီး ယူလာတာများလား”

ထိုအခါ၊ ကုန်းချင်းချိုး စဉ်းစားလိုက်ပြီး ပြောလိုက်၏။

“ပုံမှန်အားဖြင့်ဆိုရင်.. ဝိညာဉ်သွေးကြော အမြုတေ ဆိုတာ လူ ဖန်တီးယူလို့ မရဘူး... သဘာဝအလျောက်ပဲ ဖြစ်တည်လာတာ... ဒါကြောင့် ဂိုဏ်းချုပ်က အပြင်ကနေ ယူလာတာ သေချာတယ်”

ထိုအချိန်တွင် ယဲ့ဖုန်း ရောက်လာလေသည်။

“ဟုတ်တယ်... မနေ့က အပြင်ထွက်လည်ရင်း အဆင့်နိမ့်တဲ့ နတ်ဆိုးသားရဲလေး တစ်ကောင်က ငါ့ကို လာတိုက်ခိုက်တယ်... ငါလည်း ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေနဲ့ ပြန်ချလိုက်တာ ၊ အဲ့ဒါ..သူက ဒါကို ကန်တော့ပွဲအဖြစ် ပေးလိုက်တာလေ”

လိမ်တာကတော့ ယဲ့ဖုန်း ပါရမီပါပင်။

မျက်နှာမပျက်၊ အသံမတုန်ဘဲ ပြောလိုက်တာ ကိုယ့်ကိုယ်ကိုတောင် ယုံချင်သွားရသည်။

“တကယ်လား”

တပည့်များက သံသယ ဖြစ်နေသော်လည်း ယုံလိုက်ကြတော့၏။

အခန်း (၂၆၆) - ကောင်းကင်ထိ နွယ်ပင်နှင့် ထင်းရှူးပင်အိုကြီး၏ တတိယမြောက် ပါရမီ

~“သေချာတာပေါ့... တကယ်ပါဆို”

ယဲ့ဖုန်း ချောင်းဟန့်လိုက်၏။

“ငါက `နတ်ဆိုးဗိုလ်ချုပ်` ကြီး တစ်ကောင်ကို သတ်ပြီး ပစ္စည်းလုယူလာတယ်လို့ မင်းတို့ ထင်နေတာလား... ငါ ယဲ့ဖုန်းက အဲလိုလုပ်မယ့်လူမျိုး မဟုတ်ပါဘူးကွ”

ပြောသာပြောနေရသည်။ ယဲ့ဖုန်း မျက်နှာက ပကတိ တည်ငြိမ်နေတော့၏။

`မြူခိုး သခင်လေး` လုပ်တာတွေက ငါ `ယဲ့ဖုန်း` နဲ့ ဘာဆိုင်လို့လဲ။

သူ့စိတ်ထဲတွင် အားပေးလိုက်မိသည်။

“ဘာပဲဖြစ်ဖြစ်... ငါတို့ မြူခိုးဂိုဏ်းမှာ နောက်ထပ် ဝိညာဉ်သွေးကြော တစ်ခု ထပ်တိုးလာတာ ကောင်းတဲ့ကိစ္စပဲ... နောက်ဆိုရင် မင်းတို့ ပိုပြီး ကြိုးစား ကျင့်ကြံကြ”

ယဲ့ဖုန်းသည် စကားလမ်းကြောင်း လွှဲလိုက်၏။

“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်”

တပည့်များ ခေါင်းတငြိမ့်ငြိမ့် လုပ်လိုက်ကြသည်။

ယဲ့ဖုန်းသည် ဟိုယွင်ကျဲကို ကြည့်ပြီး

“ယွင်ကျဲ... မင်းရဲ့ အခြေခံအုတ်မြစ်က ခိုင်မာနေပြီ... ပိတ်ဆို့နေတဲ့အဆင့် လည်း ပွင့်လုနီးပါး ဖြစ်နေပြီ... မကြာခင် `ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်` ကို တက်လှမ်းနိုင်တော့မယ် မဟုတ်လား”

ဟု မေးလိုက်၏။

ဟိုယွင်ကျဲသည် လက်များ ဆုပ်ပြီး ပြန်ဖြေသည်။

“ဂိုဏ်းချုပ်ဦးလေးရဲ့ အမြင်က တကယ် စူးရှပါတယ်... ကျွန်တော် အဆင့်တက်ဖို့ အဆင်သင့် ဖြစ်နေပါပြီ... နောက်ရက်နည်းနည်းလောက်နေရင် တံခါးပိတ် ကျင့်ကြံပြီး အဆင့်တက်ဖို့ ကြိုးစားပါမယ်”

“ရော့... ဒါက `မူလခိုင်မာဆေးလုံး`တစ်ပုလင်းပဲ... လိုအပ်ရင် သုံးလိုက်”

ယဲ့ဖုန်းသည် ကျောက်စိမ်းပုလင်းလေး တစ်လုံးကို ရက်ရက်ရောရော ထုတ်ပေးလိုက်၏။

“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ဦးလေး”

ဟိုယွင်ကျဲသည် ပုလင်းကို ယူကြည့်လိုက်ရာ အရည်အသွေး အလွန်ကောင်းမွန်သော `အဆင့်နိမ့် မူလခိုင်မာဆေးလုံး` (၅) လုံး ပါဝင်သည်ကို တွေ့လိုက်ရသည်။ `သန့်စင်ခြင်း ကြာစိမ်း` ဖြင့် သန့်စင်ထားသဖြင့် အညစ်အကြေး ကင်းစင်ပြီး ဆေးအာနိသင် ပိုမို ထိရောက်မည် ဖြစ်သည်။

ယဲ့ဖုန်းသည် ကုန်းချင်းချိုးဘက်သို့ လှည့်လိုက်၏။

“အကြီးအကဲကုန်း... ပထမဆုံး အကြီးအကဲ တာဝန်က ဘယ်လို အခြေအနေ ရှိလဲဗျ”

“ဂိုဏ်းချုပ်ကို သတင်းပို့ပါတယ်... မူလခိုင်မာဆေးလုံး ဖော်စပ်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းတွေ အားလုံး ရှာဖွေပြီးပါပြီ... တပည့်တွေက တာဝန်ကို ပြီးပြည့်စုံအောင် ထမ်းဆောင်ခဲ့ကြပါတယ်”

“ကောင်းပါပြီ... တပည့်တွေ တာဝန်ကျေမှတော့ ကျွန်တော်ကလည်း ဆုချရမှာပေါ့... ရော့... ဒါက `အဆင့်မြင့် ချီကျင့်ကြံဆေးလုံး` တစ်ပုလင်းပဲ... (၅) လုံးပါတယ်... တစ်ယောက် တစ်လုံးစီ ယူလိုက်... ပိုတဲ့တစ်လုံးကို တခြားတပည့်တွေအတွက် ထားလိုက်”

ယဲ့ဖုန်းသည် ပုလင်းတစ်လုံးကို ထုတ်ပေးလိုက်၏။

အဖုံးဖွင့်လိုက်သည်နှင့် မွှေးပျံ့သော ရနံ့များ ထွက်ပေါ်လာပြီး စိတ်ကို ကြည်လင်လန်းဆန်းသွားစေသည်။

“အဆင့်မြင့် ချီကျင့်ကြံဆေးလုံး ပါလား”

“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ဦးလေး”

ရှီလေ့၊ ဟိုယွင်ကျဲနှင့် အခြားသူများ ဝမ်းသာအားရ ကျေးဇူးတင်စကား ဆိုလိုက်ကြသည်။

ဒီတာဝန်ပြီးသွားတော့ ယဲ့ဖုန်းသည် ဆုလက်ဆောင် (၄) မျိုး ရရှိလိုက်၏။ `ဝိညာဉ်သွေးကြော သိုင်းကျမ်း`၊ အထူးပစ္စည်း `လကြွေကျောက်` (၃) ပေါင်၊ `ကောင်းကင်ထိ နွယ်ပင် ဝိညာဉ်မျိုးစေ့` (၃) စေ့ နှင့် `အဆင့်မြင့် ချီကျင့်ကြံဆေးလုံး` တစ်ပုလင်း တို့ ဖြစ်ကြသည်။

လကြွေကျောက် ကိုတော့ ယဲ့ဖုန်း သိမ်းထားလိုက်၏။

ဝိညာဉ်သွေးကြော သိုင်းကျမ်း ကို သိုင်းကျမ်းဆောင်တွင် ထားရှိပြီး အကြီးအကဲတပည့်များ လေ့လာနိုင်ရန် စီစဉ်ထားသည်။

ကောင်းကင်ထိ နွယ်ပင် မျိုးစေ့ များနှင့် ပတ်သက်ပြီး ယဲ့ဖုန်း သတင်းအချက်အလက် ရရှိထားပြီး ဖြစ်၏။

သူ သတ်လိုက်သည့် နွယ်ပင်နတ်ဆိုးကြီးက `ကောင်းကင်ထိ နွယ်ပင်`အမျိုးအစား ဖြစ်နေတာကိုး။

ဒီမျိုးစေ့ (၃) စေ့ကို ဝိညာဉ်စမ်းရေ လောင်းပေးပြီး မြူခိုးတောင်ထိပ်မှာ စိုက်ပျိုးထားလျှင် လေဒဏ်၊ သဲဒဏ် ကာကွယ်ပေးနိုင်သလို ဉာဏ်ရည်လည်း ရှိလာနိုင်သည်။ နောင်ကျလျှင် `ဂိုဏ်းစောင့် ဝိညာဉ်သားရဲ` အဖြစ် ပြုစုပျိုးထောင်ပေးပြီး မြူခိုးတောင်ထိပ်ရဲ့ ပထမဆုံး ကာကွယ်ရေး စည်းအဖြစ် အသုံးပြုလို့ ရ၏။

ထို့ကြောင့် ယဲ့ဖုန်းသည် လက်မအရွယ်အစားရှိသော မီးခိုးရောင်သန်းနေသည့် မျိုးစေ့ (၃) စေ့ကို ကျားယွိလန် အား ပေးလိုက်၏။

“ယွိလန်... ဒါတွေက `ကောင်းကင်ထိ နွယ်ပင်` မျိုးစေ့တွေပဲ... ကြီးလာရင် ကာကွယ်ရေးအတွက် အသုံးဝင်တယ်... မြူခိုးတောင်ထိပ်မှာ သင့်တော်တဲ့ နေရာ (၃) ခု ရွေးပြီး စိုက်လိုက်... နေ့ရောညပါ ဂရုစိုက်ပေး... ရူယွီ... မင်း အားရင် သူတို့ ကြီးထွားနှုန်း မြန်အောင် ကူညီပေးလိုက်ဦး”

“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်”

ကျားယွိလန်သည် မျိုးစေ့များကို ယူပြီး ယန်ရူယွီနှင့်အတူ စိုက်ပျိုးရန် နေရာလိုက်ရှာတော့သည်။

ယဲ့ဖုန်းသည် အခြားကိစ္စများကို မှာကြားပြီးနောက် နှစ်တစ်ထောင် ထင်းရှူးပင်အိုကြီး ရှေ့သို့ ရောက်ရှိသွားတော့၏။

“ဒီဂိုဏ်းချုပ်ဆီမှာ ဝိညာဉ်သွေး အသစ်တွေ ရထားတယ်... ခင်ဗျား လိုချင်လား”

ယဲ့ဖုန်းသည် နွယ်ပင်နတ်ဆိုးနှင့် ပန်းနတ်ဆိုးမကြီးတို့၏ ဝိညာဉ်သွေးများကို ထုတ်ပြလိုက်သည်။ ၎င်းတို့က ရွှေစိမ်းရောင် အလင်းတန်းများ တောက်ပလာပြီး သက်ရှိစွမ်းအားများ ကြွယ်ဝနေကြောင်း ပြသနေ၏။

“နှစ်ခုလုံး ကျွန်တော်နဲ့ ကိုက်ညီပါတယ်... ဒါပေမဲ့ ဂိုဏ်းချုပ်က ဒီဝိညာဉ်သွေးတွေကို `ကောင်းကင်ထိ နွယ်ပင်` မျိုးစေ့တွေအတွက် ပေးဖို့ စီစဉ်ထားတာ မဟုတ်ဘူးလား”

ထင်းရှူးပင်အိုကြီးသည် ယဲ့ဖုန်းနှင့် တပည့်များ၏ ပြောစကားများကို ကြားခဲ့ရသဖြင့် နားမလည်နိုင် ဖြစ်နေတော့၏။

“မျိုးစေ့တွေက ဒီဝိညာဉ်သွေးတွေကို မလိုအပ်ဘူး”

ထိုအခါ၊

ယဲ့ဖုန်း ခေါင်းခါလိုက်ကာ၊

“ဟင့်အင်း သူတို့ရဲ့ မျိုးဆက်က အရမ်း သန့်စင်တယ်... ကိုယ့်အမျိုးအနွယ်ရဲ့ သွေးကို ပြန်ပေါင်းစပ်လို့ အကျိုးမရှိဘူး... တခြား နတ်ဆိုးသားရဲတွေရဲ့ ဝိညာဉ်သွေးကို စုပ်ယူမှ သူတို့ သန်မာလာမှာ”

အခြေခံအားဖြင့် ပန်းနတ်ဆိုးမကြီးရော၊ နွယ်ပင်နတ်ဆိုးကြီးရော `ကောင်းကင်ထိ နွယ်ပင်` အမျိုးအစားတွေချည်းပင်။

သူတို့ရဲ့ ဝိညာဉ်သွေးက မျိုးစေ့တွေအတွက် သိပ်ပြီး အထောက်အကူ မပြုပါ။

“ဪ... နားလည်ပါပြီ... ဒါဆိုရင် ဂိုဏ်းချုပ်ရဲ့ ရက်ရောမှုအတွက် ကျေးဇူးတင်ပါတယ်”

ထင်းရှူးပင်အိုကြီးသည် ကျေးဇူးတင်ကြောင်း ပြသသည့်အနေဖြင့် အကိုင်းအခက်များကို လှုပ်ခါလိုက်တော့၏။

“ဝိညာဉ်သွေး... ပေါင်းစပ်မယ်”

ယဲ့ဖုန်းသည် လက်ညှိုးဖြင့် အသာ တောက်လိုက်ရာ နွယ်ပင်နတ်ဆိုးနှင့် ပန်းနတ်ဆိုးမကြီး၏ ဝိညာဉ်သွေးများသည် ထင်းရှူးပင်အိုကြီး၏ ကိုယ်ထဲသို့ တစ်ခုပြီးတစ်ခု ဝင်ရောက်သွားတော့၏။

ထင်းရှူးပင်ကြီး တစ်ခုလုံးတွင် ထူးဆန်းသော ရွှေစိမ်းရောင် အလင်းတန်းများ ယှက်သန်းသွားပြီး ပင်စည် ပိုမို ကြီးထွားလာကာ အကိုင်းအခက်များ ပိုမို စိမ်းလန်းစိုပြေလာတော့၏။

လက်မောင်းလုံးခန့် ရှိသော အစိမ်းရောင် နွယ်ပင် ဒါဇင်ပေါင်းများစွာသည် သစ်ပင်ထိပ်မှ တွဲလွဲကျလာသည်။ နွယ်ပင်များပေါ်တွင် ဆူး မပါသော်လည်း ကုလားပဲစေ့ခန့် အဖုအထစ်လေးများ ပါရှိပြီး အလှဆင်ထားသကဲ့သို့ ချောမွတ်နေ၏။

နွယ်ပင်တိုင်း၏ အဆုံးတွင် ရေဇလုံခန့် ရှိသော အဖြူရောင် ပန်းပွင့်ကြီးများ ပွင့်နေပြီး လန်းဆန်းသော ရနံ့များကို ထုတ်လွှတ်နေတော့သည်။

“မွှေးလိုက်တာ”

“ဂိုဏ်းစောင့် အကြီးအကဲ ထပ်ပြီး အဆင့်တက်သွားပြန်ပြီ ထင်တယ်”

တပည့်များ ဝိုင်းအုံလာကြသည်။

ယဲ့ဖုန်းက ထင်းရှူးပင်အိုကြီးကို မေးလိုက်၏။

“ဘာပါရမီ အသစ် ရလာလဲ”

“ဂိုဏ်းချုပ်ကို သတင်းပို့ပါတယ်... `နွယ်ပင် ရစ်ပတ်ခြင်း`ဆိုတဲ့ ပါရမီအသစ် ရလာပါတယ်... သစ်ပင်ပေါ်က နွယ်ပင်တွေက အဆုံးမရှိ ရှည်ထွက်သွားနိုင်ပါတယ်... လက်ရှိ ကျင့်ကြံခြင်းအဆင့်အရဆိုရင် (၁၅) မိုင်လောက်အထိ ရောက်နိုင်ပါတယ်... ရေပေါ်ဖြူမြို့တော် အရှေ့ဘက် ဂိတ်တံခါးဝအထိ လှမ်းလို့ ရပါတယ်”

“ရှင်... အဲဒီလောက်တောင် ရှည်တာလား” အိုးယန်ယွီ ပါးစပ်အဟောင်းသား ဖြစ်သွား၏။

အိုးယန်ဖုန်းလည်း တွေးမိတွေးရာ ပြောလိုက်၏။

“ဒါဆိုရင် နောက်ကျရင် ရေပေါ်ဖြူမြို့တော်ကို သွားချင်ရင် နွယ်ပင်နဲ့ လှမ်းပို့ခိုင်းလို့ ရတာပေါ့”

“ဟုတ်တယ်... ရပါတယ်... နောင်ကျရင် မင်းတို့ မြို့ထဲသွားချင်ရင် ဒီလူကြီး.. ပို့ပေးလို့ ရပါတယ်” ထင်းရှူးပင်အိုကြီးက မျက်တောင်ခတ်ပြလိုက်၏။

“ပစ္စည်းတွေ သယ်ဖို့လည်း အဆင်ပြေသွားပြီပေါ့” ရှီလေ့က နောက်ထပ် အသုံးဝင်ပုံ တစ်ခုကို တွေးမိလိုက်သည်။

ထိုစဉ်၊ ယဲ့ဖုန်းက လက်ကာပြလိုက်ပြီး မေးလိုက်၏။

“လောင်ဆု... နွယ်ပင်တွေက ဒါလောက်ပဲ လုပ်တတ်တာ မဟုတ်လောက်ဘူးနော်”

“နွယ်ပင်တွေက ရန်သူကို ရစ်ပတ် ချုပ်နှောင်နိုင်ပါတယ်... လက်ရှိ အနေအထားအရ နွယ်ပင်တစ်ပင်ရဲ့ ကြံ့ခိုင်မှုက `အဆင့်နိမ့် ဝိညာဉ်လက်နက်` နဲ့ ညီမျှပါတယ်... ကျွန်တော့်ရဲ့ `အလယ်အလတ် နတ်ဆိုးဗိုလ်ချုပ်` စွမ်းအားနဲ့ ပေါင်းလိုက်ရင် `အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ်` အောက် နိမ့်တဲ့ ဘယ်သူ့ကိုမဆို ချုပ်နှောင်ထားနိုင်ပါတယ်... `ဝိညာဉ်ချုပ် ထင်းရှူးရွက်` နဲ့သာ တွဲသုံးလိုက်ရင် အကြီးအကဲကုန်းလို ပညာရှင်မျိုးကိုတောင် အတင်းအဓမ္မ ဖမ်းချုပ်ထားနိုင်ပါတယ်”

ထင်းရှူးပင်အိုကြီးက အံ့သြဖွယ် သတင်းကို ပြောပြလိုက်တော့သည်။

“တကယ် ကောင်းတာပဲ” ယဲ့ဖုန်း ‌‌သွားများ ပေါ်အောင်.. ပြုံးလိုက်မိ၏။

ကြည့်ရတာ နောင်ကျလျှင် သစ်သားဓာတ်နှင့် ပတ်သက်သည့် ဝိညာဉ်သွေး မှန်သမျှ ထင်းရှူးပင်အိုကြီးကို ပေးပြီး မြူခိုးဂိုဏ်း၏ ဂိုဏ်းစောင့်နတ်ဘုရားကြီး ဖြစ်လာအောင် လုပ်ပေးရမည်ပင်။

ထိုစဉ်၊ ဟိုယွင်ကျဲသည် မူလခိုင်မာဆေးလုံး ပုလင်းကို ကိုင်လျက် လေးနက်စွာ ပြောလိုက်တော့၏။

“ဂိုဏ်းချုပ်... အကြီးအကဲများ... ညီအစ်ကို မောင်နှမများ... ကျွန်တော် `ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်` ကို တက်လှမ်းဖို့အတွက် တံခါးပိတ် ကျင့်ကြံပါတော့မယ်”

“အဆင့်မတက်ခင် အကြီးအကဲကုန်း နဲ့ မိုယင် တို့ဆီက အတွေ့အကြုံတွေ သွားမေးလိုက်ဦး” ဟု ယဲ့ဖုန်းက အကြံပေးလိုက်၏။

“ဟုတ်ကဲ့ပါ” ဟိုယွင်ကျဲက နာခံစွာ ခေါင်းငြိမ့်လိုက်ပါသည်။

ထိုအချိန်တွင် ကုန်းချင်းချိုးသည် တာဝန်ချပေးရေး နံရံရှေ့သို့ သွားပြီး စုတ်တံကို ထုတ်ကာ ပြောလိုက်၏။

“ဒုတိယမြောက် အကြီးအကဲတာဝန်ကို ကြေညာရမယ့်အချိန် ရောက်ပြီ”

တပည့်များ စိတ်ဝင်စားစွာဖြင့် ဝိုင်းအုံလာကြသည်။

“အကြီးအကဲတာဝန် (၂) - `အကြီးအကဲများ ခန်းမဆောင်`အဆောက်အအုံ ဆောက်လုပ်ခြင်း... ကြာချိန် - (၂) လ”

တာဝန်ကို မြင်လိုက်ရသောအခါ ရှီလေ့ မျက်လုံးများ အရောင်လက်သွား၏။

“ဒါ ကျွန်တော် ကျွမ်းကျင်တဲ့ အလုပ်ပဲ”

ယဲ့ဖုန်းသည် ဖြည်းညှင်းစွာ လျှောက်လာပြီး ပတ်ဝန်းကျင်ကို ကြည့်ကာ ထုတ်ဖော်ပြောလိုက်၏။

“နှမြောစရာ ကောင်းတာက မြူခိုးတောင်ထိပ်က နည်းနည်း ကျဉ်းနေပြီ... အဆောက်အအုံ အကြီးကြီးတွေ ထပ်ဆောက်ဖို့ နေရာမရှိတော့ဘူး”

သိုင်းကျမ်းဆောင် နှင့် ဆေးဖော်ဆောင် တို့က နေရာယူထားပြီးပြီ ဖြစ်၍ ကျန်ရှိသော နေရာလပ်မှာ အဆောက်အအုံသစ် ဆောက်ရန် မလုံလောက်တော့ပေ။

ချဲ့ထွင်ချင်ရင် မြေနေရာအသစ် လိုအပ်ပါသည်။

“အနီးနားက တောင်ကုန်းတစ်ခုကို ပိုက်ဆံပေးပြီး ဝယ်လိုက်ရင် မကောင်းဘူးလား”

ရှီလေ့ လှမ်းကြည့်လိုက်ရာ အနီးဆုံး တောင်ကုန်းသည် မိုင်အနည်းငယ် ဝေးကွာပြီး အခြား အဆင့်နိမ့်ဂိုဏ်းများ နေရာယူထားကြသည်။ သူတို့ကို အတင်း မောင်းထုတ်၍လည်း မဖြစ်သေးပေ။

“ဝေးလွန်းတယ်... အဆင်မပြေဘူး”

ယဲ့ဖုန်း လက်ကာပြလိုက်၏။

“မြူခိုးဂိုဏ်း `ကြယ်တစ်ပွင့်အဆင့်` ရောက်တဲ့အထိ ဒီတာဝန်ကို ဆိုင်းငံ့ထားလိုက်ပါ”

“ဟုတ်ကဲ့ပါ” ရှီလေ့ ခေါင်းငြိမ့်လိုက်ရသည်။

ယဲ့ဖုန်းသည် ကုန်းချင်းချိုးဘက်သို့ လှည့်ကာ မေးလိုက်၏။

“အကြီးအကဲကုန်း... လက်ရှိ အနေအထားအရဆိုရင် `ကြယ်တစ်ပွင့်အဆင့်` စစ်ဆေးမှုကို အောင်မြင်ဖို့ ဘယ်လောက်အထိ သေချာလဲ”

“(၈၀) ရာခိုင်နှုန်းလောက်ပါ”

ကုန်းချင်းချိုး ရာနှုန်းပြည့် အာမ မခံရဲပါပေ။

အခန်း (၂၆၇) - ရှဲ့ကျားရင် ရောက်ရှိလာခြင်းနှင့် အဆက်အသွယ်ကောင်းသော ပင်လယ်ဘုရင်

~“၈၀ ရာခိုင်နှုန်းပဲလား”

ယဲ့ဖုန်း အနည်းငယ် စိတ်ပျက်သွား၏။

၈၀ ရာခိုင်နှုန်း ဆိုသည်မှာ အလွန် မြင့်မားသော နှုန်းထား ဖြစ်သော်လည်း သေချာမှု (၁၀၀) ရာခိုင်နှုန်း လိုချင်သော ယဲ့ဖုန်းအတွက်မူ တာဝန်မဲ့သော အဖြေတစ်ခုသာ ဖြစ်သည်။

ထိုအခါ၊ ကုန်းချင်းချိုးက လက်ရှိ လိုအပ်ချက်ကို ထောက်ပြလိုက်၏။

“ဂိုဏ်းချုပ်ရဲ့ စွမ်းအား၊ အကြီးအကဲများ၊ တပည့်များရဲ့ စွမ်းရည်၊ သိုင်းကျမ်းဆောင်၊ နတ်ဆိုးသားရဲဆောင်၊ ဆေးဖော်ဆောင် နဲ့ လက်နက်သွန်းလုပ်ရေး အားလုံး ပြည့်စုံပါတယ်... လိုအပ်ချက် တစ်ခုတည်း ရှိတာက `ဝိညာဉ်ဆေးဥယျာဉ်`ပါ”

ထိုစကားအား ကြားသော်၊ ယဲ့ဖုန်းက ကျားယွိလန်ကို စူးစိုက် ကြည့်လိုက်၏။

“ငါ မင်းကို ဝိညာဉ်ကျောက်တုံး (၃၀၀၀) ပေးထားတယ်လေ... မျိုးစေ့တွေ ဝယ်ပြီး ဥယျာဉ်ချဲ့ဖို့လေ”

“ဆေးပင် (၁) သောင်း ဆိုတာ အရမ်း ခက်ခဲပါတယ် ဂိုဏ်းချုပ်... အချိန်အများကြီး ယူရမှာပါ” ကျားယွိလန် မျက်နှာငယ်လေးဖြင့် ဖြေရှင်းလာသည်။

ယဲ့ဖုန်း မေးစေ့ကို ပွတ်သပ်လိုက်၏။

“မခက်ပါဘူး”

သူသည် နန်လု တောင်တန်း၊ ဖူယွင် တောအုပ်နက်၊ ယွင်ရှောင် တောအုပ်ကြီး၊ ထိုက်ယွဲ့ တောင်တန်း စသည့် နေရာများကို လက်ညှိုးထိုးပြလိုက်၏။

“ငါ့မှာ အကြံရှိတယ်... အကြီးအကဲကုန်း... အားနေတဲ့ တပည့်တွေကို တာဝန်ပေးလိုက်ပါ... အပြင်ထွက်ပြီး ဆေးပင်တွေ ရှာ၊ ပျိုးပင်တွေ နှုတ်၊ မြေဆီလွှာတွေ သယ်လာပြီး `အသေးစား ကောင်းကင်ဘုံ လှိုဏ်ဂူ ကမ္ဘာ`ထဲမှာ စိုက်ပျိုးခိုင်းလိုက်ပါ”

“ကောင်းလိုက်တဲ့ အကြံပဲ” ကုန်းချင်းချိုး မျက်လုံးများ အရောင်လက်သွားပြီး တာဝန်ချပေးရေး နံရံတွင် ချက်ချင်း ရေးမှတ်လိုက်၏။

[အကြီးအကဲတာဝန် (၃)]

[တစ်လအတွင်း ဝိညာဉ်ဆေးပင် ပျိုးပင် စုစုပေါင်း (၁) သောင်း စုဆောင်းပြီး ဝိညာဉ်ဆေးဥယျာဉ်တွင် စိုက်ပျိုးပါ... အနည်းဆုံး (၁၀) ပင်သည် သက်တမ်း (၁၀၀) ရှိရမည်... တပည့်အားလုံး ပါဝင်နိုင်သည်]

[အခက်အခဲအဆင့် - အလယ်အလတ်]

ကုန်းချင်းချိုး ရေးမှတ်ပြီးသည်နှင့် ယဲ့ဖုန်း၏ ခေါင်းထဲတွင် စနစ်၏ အချက်ပေးသံ ထွက်ပေါ်လာသည်။

[တီ..တီ.. အပြင်စည်း အကြီးအကဲ ကုန်းချင်းချိုးသည် `ဆေးပင်စုဆောင်းခြင်း၊ ဆေးဥယျာဉ် ချဲ့ထွင်ခြင်း` တာဝန်ကို အောင်မြင်စွာ ချမှတ်လိုက်ပါပြီ... ဆုလက်ဆောင် - `ကမ္ဘာငယ် ပြုပြင်ပြောင်းလဲခြင်း` x 1]

ယဲ့ဖုန်း မျက်လုံးများ အရောင်လက်သွား၏။

‘ `ကမ္ဘာငယ် ပြုပြင်ပြောင်းလဲခြင်း` တဲ့လား။

ပထမတစ်ကြိမ် သုံးတုန်းက မြူခိုးတောင်ထိပ် တစ်ခုလုံး ပြောင်းလဲသွားပြီး စမ်းရေတွင်းက `အသေးစား ဝိညာဉ်သွေးကြော` တောင် ဖြစ်လာခဲ့တာ။

အခု နောက်တစ်ကြိမ် ရမယ်ဆိုတော့ ကံကောင်းခြင်း လက်ဆောင်ပါလား။

တာဝန်ပြီးသွားရင် `အကြီးအကဲများ ခန်းမဆောင်` ချဲ့ထွင်ဖို့ နေရာရပြီပေါ့... ဟိဟိ၊ ကောင်းလိုက်တာ။’

ယဲ့ဖုန်း ကုလားထိုင်ပေါ်တွင် ထိုင်ရင်း ရွှင်မြူးစွာ ပြုံးလိုက်မိ၏။

“ဂိုဏ်းချုပ်... ကျွန်မတို့ ဆေးပင်ရှာထွက်တော့မယ်”

ကျားယွိလန်သည် `ကောင်းကင်ထိ နွယ်ပင်` မျိုးစေ့များကို စိုက်ပျိုးပြီးစီးပြီ ဖြစ်၍ ယန်ရူယွီ၏ လက်ကို ဆွဲကာ ထင်းရှူးပင်အိုကြီး ရှေ့သို့ သွားလိုက်သည်။

“ဂိုဏ်းစောင့် အကြီးအကဲ... နန်လု တောင်တန်းဘက်ကို ပို့ပေးပါဦး”

“ရပါတယ်”

ထင်းရှူးပင်ကြီးမှ နွယ်ပင်တစ်ပင် ဆင်းသက်လာပြီး သူမတို့နှစ်ဦးကို ရစ်ပတ်ကာ တစ်စက္ကန့်လျှင် မီတာ (၁၀၀) နှုန်းဖြင့် (၁၅) မိုင်အကွာသို့ ပစ်လွှတ်လိုက်တော့၏။ နှစ်ယောက်သား အော်ဟစ်ရင်း ပါသွားကြတော့၏။

“ကျွန်တော်နဲ့ ဂျူနီယာညီလေးလုံ က ဖူယွင်တောအုပ်ဘက် သွားပါမယ်” ရှီလေ့က ခွင့်တောင်းလိုက်၏။

“ရပါတယ်” ထင်းရှူးပင်ကြီးက မျက်တောင်ခတ်ပြလိုက်၏။

“ကျွန်တော်နဲ့ အိုးယန်ညီအစ်ကိုတွေက ယွင်ရှောင်တောအုပ်ကြီးဘက် သွားမယ်” ချောင်ကျားရှီးက ပြောလိုက်ခြင်းပါ။ သူသည် `ခန္ဓာကိုယ် ကျင့်ကြံခြင်း သတ္တမအဆင့်` သို့ ရောက်ရှိသွားပြီ ဖြစ်၍ တာဝန်ထမ်းဆောင်ရင်း ဆက်လက် ကျင့်ကြံမည် ဖြစ်လေသည်။

“ကျွန်မက ရှဟဲ၊ ချိုကျူ၊ ဇီလင်း တို့နဲ့အတူ ထိုက်ယွဲ့ တောင်တန်းဘက် သွားပါမယ်” မိုယင်ကလည်း အစီအစဉ် ရှိပြီးသား ဖြစ်ပါသည်။

“ကျွန်မကတော့ ဂိုဏ်းချုပ်အတွက် ထမင်းချက်ဖို့ ကျန်ခဲ့မယ်နော်…” လီကျောက်ကျောက်က နောက်တန်းလုံခြုံရေး ယူလိုက်၏။

မျက်စိတစ်မှိတ်အတွင်း တပည့်များအားလုံး တာဝန်ကိုယ်စီဖြင့် ထွက်ခွာသွားကြတော့၏။

ဝမ်ဖင်းအန်း တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။ ဟိုယွင်ကျဲက တံခါးပိတ် ကျင့်ကြံနေသလို၊ လီကျောက်ကျောက်က မီးဖိုချောင် ဝင်နေ၏။ သူနှင့် ကစားမည့်သူ မရှိတော့ပေ။

အားနေသော ဝမ်ဖင်းအန်းကို မြင်သောအခါ ယဲ့ဖုန်းသည် ချက်ချင်း တာဝန်ပေးလိုက်၏။ `ချီကျင့်ကြံဆေးလုံး` (၁၀၀) ဖော်စပ်ခိုင်းလိုက်တော့၏။

ထို့နောက် ယဲ့ဖုန်းသည် သိုင်းကျမ်းဆောင် အမိုးပေါ်တွင် ထိုင်ပြီး အဝေးကို ငေးကြည့်နေလိုက်သည်။

“ဂိုဏ်းချုပ်ယဲ့... ကျွန်မ ရောက်ပြီ”

စူးရှသော အသံတစ်သံ အဝေးမှ ထွက်ပေါ်လာသည်။

ကြည့်လိုက်ရာ `ဝိညာဉ်ကြိုးကြာ` စီးပြီး လက်ပြနှုတ်ဆက်နေသော ရှဲ့ကျားရင် အား တွေ့လိုက်ရသည်။

သခင်ကို မြင်၍ အမြီးနှံ့ပြနေသည့် ခွေးလေး တစ်ကောင်နှင့် တူနေသည်။

“တာအိုရောင်းရင်းရှဲ့ ပါလား... ဘာကိစ္စ ရှိလို့လဲ” ယဲ့ဖုန်း ပြန်လည် နှုတ်ဆက်လိုက်၏။

“ကြည့်ရတာ ဂိုဏ်းချုပ်ယဲ့က ကျွန်မ လာတာကို သဘောမကျဘူး ထင်တယ်”

ရှဲ့ကျားရင် ခါးထောက်ပြီး နှုတ်ခမ်းစူလိုက်၏။

“အလုပ်ရှုပ်နေတဲ့ကြားက `အဆင့်မြင့် ဝိညာဉ်သားရဲ အစာ`တွေကို ရောင်းပေးခဲ့ရတာနော်”

“အိုး၊ မင်း မပြောရင် ငါ မေ့နေတော့မှာ”

ယဲ့ဖုန်း သတိရသွား၏။

‘ သူတို့နှစ်ယောက် ပူးပေါင်းလုပ်ဆောင်ထားတဲ့ စီမံကိန်း ရှိတာပဲ။ သူက ကုန်ကြမ်းပေး၊ ရှဲ့ကျားရင်က ထုတ်လုပ်ပြီး ရောင်းချ။ အမြတ်ခွဲဝေကြမယ် ဆိုတဲ့ သဘောတူညီချက်။’

“ဘယ်လောက် ရောင်းရလဲ”

“ဝိညာဉ်ကျောက်တုံး (၃၀၀၀)”

ရှဲ့ကျားရင်က အိတ်တစ်လုံး ပစ်ပေးလိုက်၏။

ယဲ့ဖုန်း ဖမ်းယူကြည့်လိုက်ရာ `အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး` (၃၀) ပါဝင်ကြောင်း တွေ့ရှိလိုက်ရသည်။

“မဆိုးဘူး”

“ဂိုဏ်းချုပ်ယဲ့... နောက်ဆိုရင် နတ်ဆိုးသားရဲ အလောင်းတွေကို ကျွန်မဆီပဲ ပေးနော်... အစာလုပ်ပြီး ရောင်းရင် အမြတ်ငွေကို တစ်ဝက်စီ ခွဲယူကြမယ်”

“အမြတ်ငွေ ဟုတ်လား”

“အဲ... မှားလို့... ဝင်ငွေလို့ ပြောမလို့ပါ” ရှဲ့ကျားရင် ရှက်သွား၏။

ယဲ့ဖုန်း ရယ်မောလိုက်၏။

ရှဲ့ကျားရင်နှင့် လက်တွဲရတာ အတော်လေး ပေါ့ပါးပြီး ပျော်ဖို့ ကောင်းပါသည်။

“မင်း လာတာ အချိန်ကိုက်ပဲ... လွန်ခဲ့တဲ့ ရက်ပိုင်းက `နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ်` နှစ်ကောင်နဲ့ နတ်ဆိုးသားရဲ အများအပြားကို သတ်ခဲ့တယ်... မင်း လိုချင်ရင် အခု ပေးလိုက်မယ်”

အဖိုးတန်သည့် အစိတ်အပိုင်းတွေကိုတော့ ထုတ်ယူပြီးသားပင်။ ကျန်တာတွေက အသုံးမဝင်တော့ပါချေ။

လွှတ်ပစ်မည့်အစား ရှဲ့ကျားရင်ကို ပေးလိုက်တာ ပိုကောင်းပါသည်။

“ဘာ... နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ် ဟုတ်လား”

ရှဲ့ကျားရင် ပါးစပ်အဟောင်းသား ဖြစ်သွား၏။

“မင်း မသိဘူးလား”

“ကျွန်မက အဆင့်တက်ဖို့ တံခါးပိတ် ကျင့်ကြံနေတာလေ... ပြီးတော့ အစာရောင်းဖို့ ဖောက်သည်ရှာနေရတာနဲ့ ဘာသတင်းမှ မကြားမိဘူး”

ရှဲ့ကျားရင် အောက်ကို ငုံ့ကြည့်လိုက်ရာ သိုင်းကျမ်းဆောင်ထဲမှ ထွက်လာသော ကုန်းချင်းချိုးကို တွေ့လိုက်ရသည်။

“အဒေါ်ကုန်း... ဒီမှာ ဘာလုပ်နေတာလဲ” ရှဲ့ကျားရင် အံ့သြသွားရ၏။

“မင်းတို့.. သိနေကြတာလား” ယဲ့ဖုန်း နားမလည် ဖြစ်သွား၏။

ကုန်းချင်းချိုးလည်း အံ့သြသွားပြီး လေပေါ်သို့ ပျံတက်လာကာ တခဏချင်းပင် ယဲ့ဖုန်းနှင့် ရှဲ့ကျားရင် အနားသို့ ရောက်ရှိလာတော့သည်။

“ကောင်မလေး... ဂိုဏ်းချုပ်ကို သိနေတာလား” ကုန်းချင်းချိုးက သဘောကောင်းသော အကြီးအကဲ တစ်ယောက်လို ပြုံးပြလိုက်၏။

“ဂိုဏ်းချုပ် ဟုတ်လား” ရှဲ့ကျားရင် ပိုပြီး ဇဝေဇဝါ ဖြစ်သွား၏။

သူမ ခဏလေး ပျောက်သွားတာနဲ့ အကုန် ပြောင်းလဲကုန်ပြီလား။

“ရွှေယန်မြို့ ကျဆုံးပြီးနောက် ဂိုဏ်းချုပ်ယဲ့က နတ်ဆိုးဘုရင် ဟူယွမ်ကို သတ်ပြီး တို့အတွက် လက်စားချေပေးခဲ့တယ်... အဲဒါကြောင့် မြူခိုးဂိုဏ်းကို ဝင်ပြီး အပြင်စည်း အကြီးအကဲ လုပ်နေတာ” ကုန်းချင်းချိုး ရှင်းပြလိုက်၏။

“ရွှေယန်မြို့ ကျဆုံးတာတော့ သိတယ်... အဒေါ်ကုန်းကို ကျွန်မတို့ `ဝိညာဉ်သားရဲဂိုဏ်း`ထဲ ဝင်ဖို့ ဖိတ်ခေါ်မလို့ စဉ်းစားထားတာကို…” ရှဲ့ကျားရင် နှမြောတသ ဖြစ်သွား၏။

ထိုစဉ်၊ ရှဲ့ကျားရင် တစ်ခုခုကို သတိရသွားပြီး မျက်လုံးပြူးသွားသည်။

“နေပါဦး... အဒေါ်ကုန်း... ဂိုဏ်းချုပ်ယဲ့က နတ်ဆိုးဘုရင်ကို သတ်ခဲ့တယ်လား”

“မင်း မသိဘူးလား”

“အဲဒါ... `ဝိညာဉ်ပင်လယ်အဆင့်` နတ်ဆိုးဘုရင်လား” ရှဲ့ကျားရင်က ကုန်းချင်းချိုး၏ လက်ကို ဆွဲပြီး မေးလိုက်၏။

“ဟုတ်တယ်” ကုန်းချင်းချိုး ခေါင်းငြိမ့်လိုက်၏။

“အား...”

ရှဲ့ကျားရင် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ ထို့နောက် ကုန်းချင်းချိုး၏ အံ့သြနေသော မျက်လုံးများရှေ့မှာပင် ယဲ့ဖုန်း၏ ခြေထောက်ကို ပြေးဖက်လိုက်ပြီး အော်ဟစ်လိုက်တော့၏။

“ဂိုဏ်းချုပ်ယဲ့... ရှင်က ကျွန်မရဲ့ အားကိုးရာကြီးပါ... ရှင့်ခြေထောက်ကို မလွှတ်တမ်း ဖက်ထားတော့မယ်”

“ဟေး... ဘာလုပ်တာလဲ... လွှတ်စမ်း”

ယဲ့ဖုန်း ရုန်းကန်သော်လည်း ရှဲ့ကျားရင်က ကော်နှင့် ကပ်ထားသလို တွယ်ကပ်ထားတော့၏။

ယဲ့ဖုန်း ရှက်လွန်း၍ မြေကြီးထဲ ဝင်ပုန်းချင်စိတ် ပေါက်သွား၏။

‘တော်သေးတာပေါ့... တပည့်တွေ မရှိကြလို့။ ဝမ်ဖင်းအန်းက ဆေးဖော်နေတယ်၊ လီကျောက်ကျောက်က ထမင်းချက်နေတယ်၊ ဟိုယွင်ကျဲက တံခါးပိတ် ကျင့်ကြံနေတယ်။ ကုန်းချင်းချိုး တစ်ယောက်ပဲ ရှိလို့ တော်သေးတယ်။

မဟုတ်ရင် သူ့ဂုဏ်သိက္ခာတွေ ရေစုန်မျောပြီ။’

“ဝါး... အဲဒါ ဂိုဏ်းချုပ်ကတော်လား”

ရေပေါ်ဖြူ အင်မော်တယ် (၅) ပါးက မော့ကြည့်ပြီး အော်ဟစ်လိုက်ကြသည်။

“ဂိုဏ်းချုပ်ကတော် မင်းအဘွားလား... လျှောက်မပြောနဲ့... ဒါ ဝိညာဉ်သားရဲဂိုဏ်းရဲ့ သခင်မလေး ရှဲ့ကျားရင် ကွ... မင်းတို့ အရင်က မတွေ့ဖူးဘူးလား” ယဲ့ဖုန်း မျက်နှာရဲရဲနီနီဖြင့် ပြန်အော်လိုက်၏။

အင်မော်တယ် (၅) ပါး ပါးစပ်ပိတ်သွားကြသည်။

“ဂိုဏ်းချုပ်ယဲ့... နတ်ဆိုးဘုရင် အလောင်းကို ကျွန်မကို ပေးနော်... သုတေသန လုပ်ချင်လို့ပါ... စိတ်ချပါ... အစွမ်းထက်တဲ့ အစာတွေ ထုတ်ပေးပါ့မယ်... အမြတ်ကို (၇၀-၃၀) ခွဲကြမယ်... ရှင် (၇၀) ယူ၊ ကျွန်မ (၃၀) ယူမယ်”

ရှဲ့ကျားရင်သည် သနားစဖွယ် မျက်နှာပေးလေးဖြင့် ယဲ့ဖုန်းကို မော့ကြည့်ပြီး တောင်းဆိုလိုက်၏။

“မင်းကတော့ လုပ်ပြီ”

ယဲ့ဖုန်း သက်ပြင်းချလိုက်မိတော့၏။

All Chapters