အခန်း (၂၆၈-၂၇၀)
Vol. 18 Ch. 268-270
အခန်း (၂၆၈) - ဝိညာဉ်ဆေးဥယျာဉ် ချဲ့ထွင်ခြင်းနှင့် ဟိုယွင်ကျဲ အဆင့်တက်ခြင်း
~“ကျားရန်... မင်းကွာ”
ကုန်းချင်းချိုးသည် ရှဲ့ကျားရင်ကို အမြန်ဆွဲခေါ်ပြီး သူမ၏နှာခေါင်းကို လက်ညှိုးထိုးကာ အပြစ်တင်လိုက်တော့၏။
ယဲ့ဖုန်းသည် အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်ပြီး တည်ကြည်သော မျက်နှာထားဖြင့် ပြောလိုက်၏။
“ရှဲ့ကျားရင်... နတ်ဆိုးဘုရင် အလောင်းကိုတော့ လောလောဆယ် မပေးနိုင်သေးဘူး... ဒါပေမဲ့ `အစွယ်ရှည် ရူးသွပ်ဝက်ကြီး` ရဲ့ အသားတစ်တုံးကို အရင်ပေးလိုက်မယ်... မင်းအနေနဲ့ အရည်အသွေးပိုကောင်းတဲ့ `ဝိညာဉ်သားရဲ အစာ` ထုတ်နိုင်မလား ဆိုတာ စမ်းသပ်ကြည့်ရအောင်”
စကားအစပိုင်းကို ကြားသောအခါ ရှဲ့ကျားရင် မျက်နှာပျက်သွားသော်လည်း နောက်ပိုင်းကို ကြားလိုက်ရသောအခါ မျက်လုံးများ အရောင်လက်သွားတော့၏။
“ဂိုဏ်းချုပ်ယဲ့က ကျွန်မရဲ့ စွမ်းရည်ကို မယုံဘူးပေါ့လေ... ကောင်းပါပြီ... ကျွန်မ ဘာလုပ်နိုင်လဲ ဆိုတာ ပြလိုက်ပါမယ်”
ယဲ့ဖုန်းသည် ပေါင် (၁၀၀) ခန့် အလေးချိန်ရှိသော ဝက်သားတုံးကြီးတစ်တုံးကို မြေကြီးပေါ်သို့ ပစ်ချပေးလိုက်၏။
“မင်းကို တစ်လအချိန်ပေးမယ်... အစာအရည်အသွေး ကောင်းမွန်မယ်ဆိုရင် နောင်ကျရင် ပိုပြီး နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်ကြတာပေါ့”
“ဘယ်လောက်ထိ နက်ရှိုင်းမှာလဲဟင်” ရှဲ့ကျားရင်က စနောက်လိုက်၏။
ယဲ့ဖုန်းသည် နည်းဗျူဟာကျကျ နောက်ဆုတ်လိုက်၏။
ဒီကောင်မလေးက စနောက်တတ်သော်လည်း လေလုံးထွားတာပဲ ရှိသည်။
သူက အူတူတူ ပြုံးပြီး ဘာမှ ပြန်မပြောပေ။
“ကျားရန်... ပြန်ပြီး အစာအသစ်တွေ ဖော်စပ်ဖို့ လုပ်ပါတော့... ဂိုဏ်းချုပ်ရဲ့ မျှော်လင့်ချက်တွေကို အလဟသ မဖြစ်စေနဲ့”
ကုန်းချင်းချိုးသည် ရှဲ့ကျားရင် ဆက်နေလျှင် ယဲ့ဖုန်းကို ဒုက္ခပေးမည်စိုးသဖြင့် အမြန်ပြန်ခိုင်းလိုက်တော့၏။
“အဒေါ်ကုန်း... ဂိုဏ်းချုပ်ယဲ့... တစ်လတောင် မလိုပါဘူး... ကျွန်မ ရှဲ့ကျားရင်က အစာအသစ်ကို သေချာပေါက် ဖော်စပ်ပြလိုက်ပါမယ်…”
ရှဲ့ကျားရင်သည် ဝက်သားတုံးကြီးကို ကောက်ယူပြီး စိတ်လှုပ်ရှားနေသော မြင်းရိုင်း တစ်ကောင်အလား ဝိညာဉ်ကြိုးကြာ၏ ကျောပေါ်သို့ ခုန်တက်လိုက်သည်။ ထို့နောက်၊ တခစ်ခစ် ရယ်မောလျက် ပျံသန်းထွက်ခွာသွားတော့၏။
“တကယ် အသုံးမကျတဲ့ ကောင်မလေး” ကုန်းချင်းချိုး နဖူးကို အသာဖိလိုက်မိသည်။
ယဲ့ဖုန်းသည် ထွက်ခွာသွားသော ရှဲ့ကျားရင်ကို ကြည့်ပြီးနောက် သူ၏ဘေးတွင် ရပ်နေသော မွှေးပျံ့သော ရနံ့များ သင်းပျံ့နေသည့် ကုန်းချင်းချိုးကို မေးလိုက်၏။
“ခင်ဗျားနဲ့ သူနဲ့.. ဘယ်လို ပတ်သက်တာလဲ ဆိုတာ ကျွန်တော် တကယ် သိချင်မိတယ်”
ကုန်းချင်းချိုး နှုတ်ခမ်းကို ကိုက်ပြီး ခပ်တွေတွေ စဉ်းစားလိုက်၏။
အချိန်အတော်ကြာမှ ပြန်ဖြေလာသည်က၊
“တိတိကျကျ ပြောရရင် ရှဲ့ကျားရင်နဲ့ ကျွန်မက နဲနဲဝေးတဲ့ ဆွေမျိုး တော်ပါတယ်”
“သူ့အမေရဲ့ မောင်ရဲ့ ကျင့်ကြံဖော်က ကျွန်မအစ်ကိုကြီးရဲ့ ကျင့်ကြံဖော်ရဲ့ ညီမလေ... ရှုပ်ထွေးတယ်လို့ ထင်ရပေမဲ့ တကယ်တော့ ရှင်းပါတယ်”
ယဲ့ဖုန်း မျက်နှာထား ထူးဆန်းသွား၏။
‘ရှင်းရှင်းပြောရရင် သွေးသားတော်စပ်တာ မဟုတ်ဘူး... ရိုးရိုး ဆွေမျိုးဝေးပဲ။’
သို့ဖြစ်စေကာမူ၊ သူမတို့ နှစ်ယောက်၏ ဆက်ဆံရေးက နက်ရှိုင်းပုံ ရသည်။
ယဲ့ဖုန်းက ပန်းတိုင်သတ်မှတ်ပေးလိုက်၏။
“အကြီးအကဲကုန်း... ဂိုဏ်းအဆင့်မြှင့်တင်ရေးအတွက် ဆက်ပြီး ပြင်ဆင်ထားပါ... လာမယ့် နွေဦးပေါက်ရာသီလောက်မှာ အောင်မြင်ရင် အကောင်းဆုံးပဲနော်”
နှစ်ကုန်တော့မည် ဖြစ်၍ နွေဦးပေါက်ရန် တစ်လခန့် လိုသေးသည်။ ကုန်းချင်းချိုးအတွက် အချိန်အလုံအလောက် ရပါသည်။
ယဲ့ဖုန်း၏ အမှာစကားအား ကြားသောအခါ ၊သူမသည် ကျောက်စိမ်းကဲ့သို့ နုနယ်သော မေးစေ့လေးကို မော့ပြီး ပြောလိုက်၏။
“စိတ်ချပါ ဂိုဏ်းချုပ်... ဂိုဏ်းအဆင့်သတ်မှတ်ချက် အောင်မြင်ဖို့ ကျွန်မ အစွမ်းကုန် ကြိုးစားပါ့မယ်”
“ကျေးဇူးပါဗျာ” ယဲ့ဖုန်း ကျေးဇူးတင်စကား ဆိုလိုက်တော့သည်။
...
နန်လု တောင်တန်း၌မူ...၊
ကျားယွိလန်နှင့် ယန်ရူယွီတို့သည် ပန်းရောင် ငှက်ကြီးတစ်ကောင်ကို စီးပြီး ဝါးပလုံးတစ်လုံးဖြင့် မရင်းနှီးသော ဆေးပင်ပေါက်လေးများကို လိုက်လံ စုဆောင်းနေကြသည်။
သို့သော် အကုန် နှုတ်ယူခြင်း မဟုတ်ဘဲ တစ်ဝက်သာ ယူပြီး ကျန်တစ်ဝက်ကို မျိုးဆက်ကျန်အောင် ချန်ထားခဲ့ကြပါသည်။
မိုယင်၊ ရှီလေ့၊ ချောင်ကျားရှီးနှင့် အခြားတပည့်များသည်လည်း အဖွဲ့ခွဲပြီး ဆေးပင်များကို လိုက်လံ ရှာဖွေနေကြသည်။
(၇) ရက် ကြာပြီးနောက်...
ဟိုယွင်ကျဲသည် တံခါးပိတ် ကျင့်ကြံနေဆဲ ဖြစ်ပါ၏။
ဝမ်ဖင်းအန်းသည် ဆေးဖော်နေ၏။ `ချီကျင့်ကြံဆေးလုံး` (၁၀၀) ဖော်စပ်ပြီးသော်လည်း ယဲ့ဖုန်းက အလျင်အမြန်ပင် နောက်ထပ်တာဝန် ထပ်ပေးလိုက်သဖြင့် စကားပြောချိန်ပင် မရရှာပေ။
မြူခိုးတောင်ထိပ်တွင် ရှားပါးသော တိတ်ဆိတ်ငြိမ်သက်မှု ရောက်ရှိနေတော့၏။
နောက်ထပ် (၇) ရက် ကုန်ဆုံးသွားပြန်သည်။
တပည့်များသည် အခေါက်ခေါက်အခါခါ သွားရောက်ပြီး ဆေးပင်များနှင့် `ဝိညာဉ်မြေဆီလွှာ` အများအပြားကို သယ်ဆောင်လာကြသည်။ အချိန်အကြာကြီး အသုံးပြုနိုင်လောက်အောင် များပြားလှလေသည်။
`အသေးစား ကောင်းကင်ဘုံ လှိုဏ်ဂူ ကမ္ဘာ`အတွင်းတွင်...
ယဲ့ဖုန်းနှင့် ကုန်းချင်းချိုးတို့သည် (၅၀) မီတာ ပတ်လည် ကျယ်ဝန်းသော ဆေးခင်းကြီးရှေ့တွင် ရပ်နေကြသည်။ ဆေးခင်းကို အကွက် (၄၀) ခွဲထားပြီး ဝိညာဉ်မြေဆီလွှာများ ဖြည့်တင်းကာ ဆေးပင်မျိုးစုံ စိုက်ပျိုးထားတော့၏။
တပည့်များ အားလုံး ပြန်ရောက်နေကြပြီ ဖြစ်သည်။
တချို့က `ဝိညာဉ်စမ်းရေ` သယ်ပြီး ရေလောင်းနေကြသည်။ တချို့က မြေဆွပြီး ဆေးပင်များ စိုက်ပျိုးနေကြသည်။
ယန်ရူယွီသည် ဆေးခင်းအပေါ်တွင် ပျံဝဲနေပြီး ဆေးပင်များ ရှင်သန်ကြီးထွားစေရန် စွမ်းအားဖြည့်ပေးနေ၏။
ကြည့်လိုက်လျှင် ဝိညာဉ်ဆေးဥယျာဉ် တစ်ခုလုံး ရောင်စုံစုံလင်ပြီး သက်ရှိစွမ်းအားများဖြင့် ပြည့်နှက်နေတော့သည်။
“ဆေးပင် (၁) သောင်း (၃) ထောင်ကျော်... သတ်မှတ်ချက်ထက် အများကြီး ပိုနေပြီ” ကုန်းချင်းချိုးသည် ပတ်ဝန်းကျင်ရှိ ဝိညာဉ်သစ်ပင်များကို လက်ညှိုးထိုးပြလိုက်၏။
“မိုယင်ကို ကျေးဇူးတင်ရမယ်... ထိုက်ယွဲ့ တောင်တန်းကနေ သက်တမ်း (၁၀၀) ရှိတဲ့ ဆေးပင် (၁၀) ပင်ကျော် တူးလာပေးတယ်... ရူယွီရဲ့ အကူအညီနဲ့ အားလုံး ရှင်သန်သွားပြီ... ဒါဆိုရင် ဆေးဥယျာဉ် အသိအမှတ်ပြုခံရဖို့ ပြဿနာ မရှိတော့ဘူး”
“ကောင်းတယ်” ယဲ့ဖုန်းလည်း ကျေနပ်စွာ ခေါင်းငြိမ့်လိုက်၏။
‘လက်များရင် အလုပ်တွင်’ ဆိုသည့် စကားက.. မှန်ကန်လှပေသည်။
လဝက်မကြာခင်မှာပင် ဆေးဥယျာဉ်၏ အတိုင်းအတာသည် (၁၀) ဆ မက ကြီးထွားလာခဲ့သည်။ သက်တမ်း (၁၀၀) ရှိ ဆေးပင်များလည်း ပါဝင်နေပြီ ဖြစ်သည်။ တခြားနေရာက တူးလာတာ ဆိုသော်ငြား၊ သတ်မှတ်ချက် ပြည့်မီလျှင် ရလေပြီ။
“ဂိုဏ်းချုပ်... ပြီးပါပြီ”
ယန်ရူယွီ လက်ပြန်ရုပ်လိုက်၏။ ဆေးပင်အားလုံး ရှင်သန်သွားကြပြီ ဖြစ်သတည်း။
နေ့စဉ် ဝိညာဉ်စမ်းရေ လောင်းပေးခြင်း၊ ရံဖန်ရံခါ ဝိညာဉ်မြေဆီလွှာနှင့် ဝိညာဉ်သားရဲ အစာဖြင့် ပြုလုပ်ထားသော မြေဩဇာများ ထည့်ပေးခြင်းတို့ကြောင့် ဆေးပင်များ ကောင်းစွာ ကြီးထွားလာပါလိမ့်မည်။
“မင်း တော်ပါတယ်”
ယဲ့ဖုန်းသည် ယန်ရူယွီ၏ ဆံပင်လေးများကို ဖွဖွလေး သပ်ပေးလိုက်၏။ ဆေးဥယျာဉ်ကို လှည့်ပတ်ကြည့်ရှုလိုက်ရာ ကမ္ဘာပေါင်းသုံးထောင်မှ ယူဆောင်လာသော `ထူးဆန်းသော ဝိညာဉ်သစ်သီးပင်` လည်း ရှင်သန်နေသည်ကို တွေ့လိုက်ရသဖြင့် ပို၍ ဝမ်းသာသွားတော့၏။
“ခဏနေရင် အခြေအနေ တည်ငြိမ်သွားတာနဲ့ အကြီးအကဲ ဟုန်မုံ ကို ဆက်သွယ်ပြီး မြူခိုးဂိုဏ်းကို လာရောက် စစ်ဆေးပေးဖို့ ပြောလိုက်မယ်” ယဲ့ဖုန်းက ထုတ်ပြောလိုက်၏။
ထိုအခါ၊ ကုန်းချင်းချိုးက အကြံပေးလိုက်သည်။
“အကြီးအကဲ ဟုန်မုံက `ကြယ်တစ်ပွင့်အဆင့်` ဂိုဏ်းတွေကို စစ်ဆေးပေးရတဲ့ တာဝန်ခံပဲ... ဂိုဏ်းချုပ်နဲ့ ရင်းနှီးနေတော့ အရင်လာကြည့်ပေးဖို့ ပြောလိုက်ရင် ပိုကောင်းမယ်... အဆင်ပြေမှ တရားဝင် စစ်ဆေးခိုင်းပေါ့”
“ကောင်းတယ်... စိတ်ချရတာပေါ့” ယဲ့ဖုန်းလည်း သဘောတူလိုက်၏။
သူတို့အဖွဲ့သည် `အသေးစား ကောင်းကင်ဘုံ လှိုဏ်ဂူ ကမ္ဘာ` ထဲမှ ထွက်လာကြတော့သည်။
ဆေးဥယျာဉ်ကို ကျားယွိလန်၊ ယန်ရူယွီ၊ ရှဟဲနှင့် ချိုကျူ တို့က တာဝန်ယူထားသဖြင့် စိတ်ပူစရာ မလိုပေ။
ကျန်တပည့်များသည် ကိုယ့်အခန်းကိုယ်ပြန်ပြီး ကျင့်ကြံနေကြသည်။
ယဲ့ဖုန်းနှင့် ကုန်းချင်းချိုးတို့ စကားတပြောပြောနှင့် လျှောက်လာကြရာ ချောက်ကမ်းပါး အစွန်း တစ်နေရာသို့ ရောက်ရှိလာကြ၏။ ထိုနေရာတွင် (၂) မီတာ မြင့်သော အစိမ်းရောင် နွယ်ပင်တစ်ပင် ပေါက်ရောက်နေသည်ကို တွေ့လိုက်ရသည်။
နွယ်ပင်သည် လက်မအရွယ်အစားခန့် တုတ်ခိုင်ပြီး ကောင်းကင်သို့ မတ်မတ် ထိုးတက်နေ၏။ အရွက်နု (၁၀) ရွက်ခန့် ပါရှိပြီး နေရောင်ခြည်နှင့် သဘာဝ စွမ်းအင်များကို လောဘတကြီး စုပ်ယူနေကြသည်။
ဒါ `ကောင်းကင်ထိ နွယ်ပင်` တစ်ပင် ဖြစ်သည်။
ကျန် (၂) ပင်ကိုလည်း အနီးနားတွင် (၁၀) မီတာခန့် ခွာ၍ စိုက်ပျိုးထားသည်။
“ကောင်းကင်ထိ နွယ်ပင်တွေက ကြီးထွားဖို့ အချိန်အများကြီး ယူရတယ်... ဒါပေမယ့် (၁၀) ရက်လောက်ပဲ ရှိသေးတဲ့ အပင်ပေါက်လေးတွေကတောင် တော်တော် အစွမ်းထက်နေပြီ” ကုန်းချင်းချိုးက ထောက်ပြလိုက်၏။
`ဝီး…`
အဆိပ်ပြင်း ပျားတစ်ကောင် ပျံသန်းလာသည်။
`ဖတ်…`
နွယ်ပင်သည် ရုတ်တရက် ကွဲထွက်သွားပြီး နွယ်ပင်လေးများအဖြစ် ပြောင်းလဲကာ ပျားကောင်ကို ရစ်ပတ်လိုက်၏။ သေးငယ်သော နှာမောင်းတံတစ်ခု ထိုးထွက်လာပြီး ပျားကောင်ကို စုပ်ယူလိုက်ရာ တစ်ခဏအတွင်း အခွံသာ ကျန်ရစ်ခဲ့လေတော့သည်။
“မဆိုးဘူး” ယဲ့ဖုန်း ပြုံးလိုက်၏။
ဒီနွယ်ပင် (၃) ပင်က စနစ်က ပေးထားတဲ့ `ဝိညာဉ်မျိုးစေ့`များ ဖြစ်၏။ စိုက်ပျိုးပြီးတာနှင့် `နတ်ဆိုးသားရဲဆောင်` လက်အောက်ကို အလိုအလျောက် ရောက်သွားသည်။ ဉာဏ်ရည် မပွင့်သေး၍ `ဂိုဏ်းစောင့် ဝိညာဉ်သားရဲ` အဖြစ် မသတ်မှတ်သေးခြင်းပါ။
သို့သော်၊ သူတို့က အိမ်ကို ဘယ်လို ကာကွယ်ရမလဲ ဆိုတာ သိနေကြပြီပင်။
အဆိပ်ပျားကို ရန်သူအဖြစ် သတ်မှတ်ပြီး တိုက်ခိုက် စားသောက်လိုက်သည်။ ရန်သူကိုလည်း ရှင်းပြီးသား ဖြစ်သလို၊ ကိုယ့်ကိုယ်ကိုလည်း အားဖြည့်ပြီးသား ဖြစ်သွားလေ၏။
ယဲ့ဖုန်း တွက်ချက်လိုက်မိသည်။
‘လောင်ဆု နဲ့ ကောင်းကင်ထိ နွယ်ပင်တွေ ရှိနေသရွေ့... `ဓာတ်ငါးပါး ဆက်နွယ်ခြင်း ဝင်္ကပါ` နဲ့ ပေါင်းလိုက်ရင် `ဓာတ်ကြီးငါးပါး စုစည်းခြင်း ဆဋ္ဌမအဆင့်` အောက် နိမ့်တဲ့သူတွေ ဝင်လို့မရတော့ဘူး’
မြူခိုးဂိုဏ်း၏ ကာကွယ်ရေး စနစ်ကို သူ အတော်လေး ကျေနပ်သွား၏။
မျက်စိတစ်မှိတ်အတွင်း (၃) ရက် ကုန်ဆုံးသွားပြန်သည်။
တစ်နေ့တွင်... ဟိုယွင်ကျဲ၏ အခန်းမှ လေးလံသော ဖိအားတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။ မရေမတွက်နိုင်သော အသက်ရှုသံများ စုစည်းပြီး ပြောင်းလဲနေသကဲ့သို့ ခံစားရသည်။
အတွေ့အကြုံ ရင့်ကျက်သော ကုန်းချင်းချိုးက သုံးသပ်လာသည်။
“ချီစွမ်းအင်တွေကို အစစ်အမှန်အဖြစ် ပြောင်းလဲခြင်း... ဒါ `ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်` ကို တက်လှမ်းနေတဲ့ လက္ခဏာပဲ... `ဝိညာဉ်ဆန္ဒ`လည်း ပါဝင်နေတယ်... ကြည့်ရတာ ဟ်းိုယွင်ကျဲရဲ့ `ဝိဉာဥ် အာရုံ` မွေးဖွားတော့မယ် ထင်တယ်... အောင်မြင်နိုင်ချေ (၈၀) ရာခိုင်နှုန်းကျော် ရှိတယ်”
အနောက်ဘက် ခြံဝင်းတွင်...
တပည့်များ စုရုံးရောက်ရှိနေကြပြီး ဟိုယွင်ကျဲ၏ အခန်းတံခါးကို မျှော်လင့်တကြီး စောင့်ကြည့်နေကြသည်။
“သူ အဆင့်တက်တော့မယ်” မိုယင် တကိုယ်တည်း ပြောဆိုလိုက်၏။
“ဂျူနီယာညီလေး... မင်း အောင်မြင်ရမယ်ကွာ” ရှီလေ့သည် စိတ်လှုပ်ရှားစွာဖြင့် ဝမ်ဖင်းအန်း၏ ပါးစပ်ကို လှမ်းပိတ်လိုက်၏။
`ဝေါ...`
ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များသည် မြစ်ရေစီးကြောင်းကဲ့သို့ ဟိုယွင်ကျဲ၏ အခန်းထဲသို့ စီးဝင်သွားပြီး သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်ကာ အဆင့်တက်ရန် ကူညီပေးနေကြသည်။
နာရီဝက်ခန့် စောင့်ဆိုင်းပြီးနောက်...
`ကျွီ...`
ဟိုယွင်ကျဲသည် သစ်သားတံခါးကို ဖွင့်ပြီး ထွက်လာတော့၏။ ပင်ပန်းနွမ်းနယ်နေပြီး ချွေးများ ရွှဲနေသော်လည်း သူ၏ အရှိန်အဝါသည် (၁၀) ဆ ခန့် မြင့်တက်လာလေပြီ။
ဒါ `ဓာတ်ကြီးငါးပါး စုစည်းခြင်း ပထမအဆင့်` ရဲ့ အရှိန်အဝါပဲ။
“အောင်မြင်သွားပြီဟေ့”
တပည့်များ အော်ဟစ်လိုက်ကြသည်။
မလှမ်းမကမ်းတွင် ယဲ့ဖုန်းသည် ကုလားထိုင်ပေါ်တွင် ထိုင်လျက် မအံ့သြဘဲ ကြည့်နေတော့၏။
ဟိုယွင်ကျဲ အဆင့်တက်စဉ်ကတည်းက စနစ်က (၁၀၀) ရာခိုင်နှုန်း အောင်မြင်မည်ဟု ပြသထားပြီး ဖြစ်သည်။ အနှောင့်အယှက် မရှိလျှင် သေချာပေါက် အောင်မြင်မည်။
“ဂိုဏ်းချုပ်... မြူခိုးဂိုဏ်းမှာ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ပါရမီရှင်တစ်ယောက် ထပ်တိုးလာပြီ... အသိအမှတ်ပြု ခံရတာနဲ့ တကယ့် `ကြယ်အဆင့် ဂိုဏ်း` ဖြစ်လာတော့မယ်” ကုန်းချင်းချိုးမှာ ဝမ်းသာအားရ ပြောလိုက်၏။
သူမ ဝင်ရောက်ထားသော ဂိုဏ်းကြီး တိုးတက်ကြီးပွားလာသည်ကို မြင်ရသဖြင့် ဂုဏ်ယူနေမိသည်။
“ယွင်ကျဲရဲ့ `အခြေခံရိုး`က အဆင့်နိမ့် ဆိုပေမဲ့ သူက ကြိုးစားတယ်... အခြေခံအုတ်မြစ် ခိုင်မာတယ်... ပြီးတော့ ပြင်ဆင်မှုလည်း ပြည့်စုံတယ်... ဒါကြောင့် အောင်မြင်တာ... မိုယင်ကျတော့ အလောတကြီး လုပ်လိုက်လို့ ကျရှုံးခဲ့ရတာ” ယဲ့ဖုန်း သုံးသပ်လိုက်၏။
စကားအဆုံးမှာ၊ သူသည် ညာလက်ကို ဆန့်ထုတ်လိုက်ရာ တောက်ပသော အလင်းလုံးလေးတစ်ခု ပေါ်လာသည်။
လွန်ခဲ့သော နာရီဝက်က ဆေးဥယျာဉ် တာဝန် ပြီးဆုံးသွားသဖြင့် `ကမ္ဘာငယ် ပြုပြင်ပြောင်းလဲခြင်း` အား ရရှိထားခြင်း ဖြစ်သည်။
ဟိုယွင်ကျဲ အဆင့်တက်နေသဖြင့် ယဲ့ဖုန်း မသုံးရသေးခြင်း ဖြစ်ပါသည်။
ယခုတော့ အချိန်တန်ပြီပင်။
“ဒီအခွင့်အရေးကို သုံးပြီး မြူခိုးတောင်ထိပ်မှာ `တတိယမြောက် အသေးစား ဝိညာဉ်သွေးကြော` ကို ဖန်တီးလို့ ရတယ်... ဂိုဏ်းရဲ့ အနာဂတ်အတွက် အရေးကြီးတယ်... နေရာရွေးတာ အမှားမခံဘူး”
ယဲ့ဖုန်းသည် ကောင်းကင်သို့ ဝဲ ပျံတက်ရင်း တကိုယ်တည်း ပြောဆိုလိုက်တော့၏။
အခန်း (၂၆၉) - ဖုန်းထိပ် စုစည်းခြင်း၊ ဝိညာဉ်သွေးကြော ပေါ်ထွန်းခြင်းနှင့် သက်ရှိအားလုံး အံ့သြရခြင်း
~“ကြည့်စမ်း... ဂိုဏ်းချုပ် ပြန်ပျံတက်သွားပြန်ပြီ”
ကျိဇီလင်းသည် စာအုပ်အထပ်လိုက်ကြီးကို ပိုက်ထားရင်း မော့ကြည့်လိုက်ရာ ယဲ့ဖုန်းသည် အလင်းလုံးတစ်ခုကို ကိုင်ဆောင်လျက် ကောင်းကင်ယံ တစ်ဝက်လောက်အထိ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။
အခြားတပည့်များလည်း မော့ကြည့်လိုက်ကြသည်။
“ဂိုဏ်းချုပ် ကိုင်ထားတဲ့ အလင်းလုံးက ဘာကြီးလဲ” လုံထျန်းရှင်းသည် မျက်လုံးစူးရှသူ ဖြစ်၍ သိချင်စိတ်ဖြင့် မေးလိုက်၏။
ဟိုယွင်ကျဲသည် ထိုအလင်းလုံးကို မြင်ဖူးသလိုလို ခံစားလိုက်ရသည်။
“ရှင်တို့ ဂိုဏ်းချုပ် ဘာလုပ်နေလဲ သိလား” ပထမအကြိမ် `ကမ္ဘာငယ် ပြုပြင်ပြောင်းလဲခြင်း` တုန်းက မရှိခဲ့သော ကုန်းချင်းချိုးသည် နားမလည်နိုင် ဖြစ်နေ၏။
“ကျွန်မ မမှားဘူးဆိုရင်... ခဏနေရင် မြေငလျင်လှုပ်သလိုမျိုး တုန်ခါမှုတွေ ဖြစ်လာလိမ့်မယ်” လီကျောက်ကျောက်က ခံစားချက်ကို ထုတ်ဖော်ပြောပြလိုက်၏။
ကောင်းကင်ယံထက်တွင်...
ယဲ့ဖုန်းသည် ပြုပြင်ပြောင်းလဲမည့် နေရာကို ရွေးချယ်ရန် အောက်သို့ ငုံ့ကြည့်လိုက်၏။
မြူခိုးဂိုဏ်းသည် တစ်ကိုယ်တည်း ထီးတည်း တည်ရှိသော တောင်ထိပ်တစ်ခု ဖြစ်သည်။ အနီးနားတွင် တောင်တန်းများ မရှိပေ။ အနောက်မြောက်ဘက်တွင် အခြား အဆင့်နိမ့်ဂိုဏ်းများ ရှိသော တောင်ကုန်းများ ရှိသော်လည်း မိုင်အနည်းငယ် ဝေးကွာသည်။
အနောက်တောင်ဘက်တွင် လင်းရွာလေး ရှိသဖြင့် ပြုပြင်ရန် မသင့်တော်ပေ။
ထို့ကြောင့် အရှေ့ဘက်သို့ ချဲ့ထွင်ရန်သာ ရှိတော့သည်။
ယဲ့ဖုန်း အရှေ့ဘက်သို့ လှမ်းကြည့်လိုက်၏။
မိုင် (၂၀၀) ကျော် ရှည်လျားသော ဖူယွင် တောအုပ်နက်ကြီး ရှိနေ၏။ မြေပြင်မှာ ညီညာပြန့်ပြူးနေပြီး လူနေအိမ်ခြေ နည်းပါးသဖြင့် ချဲ့ထွင်ရန် သင့်တော်သည်။
လွန်ခဲ့သော ရက်ပိုင်းက `အစွယ်ရှည် ရူးသွပ်ဝက်ကြီး` နှင့် `အတောင်ပံပါ မိကျောင်းကြီး` တို့ တိုက်ခိုက်ခဲ့သဖြင့် မြေကြီးများ တူးဆွခံထားရပြီး ကျောက်တုံးများ ပြန့်ကျဲနေ၏။
'စနစ်... `ကမ္ဘာငယ် ပြုပြင်ပြောင်းလဲခြင်း` ကို သုံးပြီး မီတာ (၁၀၀၀) လောက်မြင့်တဲ့ တောင်တစ်လုံး ဖန်တီးပေးလို့ ရမလား'
ယဲ့ဖုန်း စိတ်ထဲက မေးလိုက်၏။
[တောင်းဆိုမှု မြင့်မားလွန်းပါတယ်... မဖြစ်နိုင်ပါ]
စနစ်က ငြင်းပယ်လိုက်၏။
'ဒါဆိုရင် အကြီးဆုံး ဘယ်လောက် ဖန်တီးပေးနိုင်လဲ'
[ပေ (၁၀၀) (မီတာ ၃၀၀ ခန့်) အမြင့် ရှိတဲ့ တောင်တစ်လုံး ဖန်တီးပေးနိုင်ပါတယ်]
“မီတာ (၃၀၀) ကျော်လေးပဲလား... နိမ့်လွန်းတယ်”
ယဲ့ဖုန်း စိတ်ပျက်သွား၏။
‘မြူခိုးတောင်ထိပ်က မီတာ (၇၀၀) ကျော် မြင့်တာ။ ဘေးနားမှာ မီတာ (၃၀၀) လောက် တောင်ပုလေး သွားလုပ်ထားရင် ကြည့်ရဆိုးနေမှာပေါ့။’
ထို့ကြောင့် ယဲ့ဖုန်း အကြံတစ်ခု ရသွား၏။
'စနစ်... ငါ့ဘာသာငါ တောင်တစ်လုံး ဖန်တီးပြီးမှ `ကမ္ဘာငယ် ပြုပြင်ပြောင်းလဲခြင်း` ကို သုံးပြီး အပေါ်မှာ `အသေးစား ဝိညာဉ်သွေးကြော` တပ်ဆင်လိုက်ရင်ရော ရမလား'
[ရပါတယ်]
ထိုစကား ကြားလိုက်ရသဖြင့် ယဲ့ဖုန်း ပြုံးလိုက်တော့၏။
`ဝှီး...`
နောက်တစ်ခဏတွင် ယဲ့ဖုန်း ပျံသန်းထွက်ခွာသွားတော့၏။
ဖူယွင်တောအုပ်နက် အထက်တွင် ပျံဝဲပြီး မီတာ (၁၀) ကျော် အချင်းရှိသော ကျောက်တုံးကြီးများကို ရှာဖွေကာ `သူရဲကောင်း ဝိညာဉ်စွမ်းအင်` ဖြင့် မတင်ပြီး မြူခိုးဂိုဏ်းသို့ သယ်ဆောင်လာတော့၏။
“ဂိုဏ်းချုပ် ဘာလုပ်နေတာလဲ”
တပည့်များ အံ့သြနေကြသည်။
“သူ့အစွမ်းနဲ့ တောင်တစ်လုံး ဖန်တီးပြီး `အကြီးအကဲများ ခန်းမဆောင်` ဆောက်ဖို့ ပြင်နေတာများလား” ကုန်းချင်းချိုး ခန့်မှန်းလိုက်၏။
အားလုံးက.. ဖြစ်နိုင်ကြောင်း ခေါင်းငြိမ့်လိုက်ကြသည်။
ကုန်းချင်းချိုး ပျံတက်သွားပြီး မေးလိုက်တော့၏။
“ဂိုဏ်းချုပ်... ဘာလုပ်မလို့လဲ... ကူညီပေးရမလား”
“နောက်ဆက်တွဲ တောင်ထိပ် တစ်ခု တည်ဆောက်မလို့ပါ… ”
ယဲ့ဖုန်းသည် ကျောက်တုံးကြီးများကို မြူခိုးတောင်ထိပ် အရှေ့ဘက် မြေကွက်လပ်သို့ ပစ်ချလိုက်၏။
မီတာ (၇၀၀) မြင့်သော တောင်တစ်လုံး ဖန်တီးဖို့ဆိုတာ မလွယ်ကူလှပေ။ ကုန်ကြမ်းအများကြီး လိုအပ်ပါသည်။
ယဲ့ဖုန်းက အစီအစဉ်ကို ပြောပြလိုက်ရာ တပည့်များက ကူညီရန် အဆင်သင့် ဖြစ်နေကြသည်။
“ကောင်းပါပြီ... ကျွန်တော် ပစ္စည်းတွေ စုဆောင်းပေးပါမယ်” ရှီလေ့ ပထမဆုံး ပြေးထွက်သွား၏။
“ကျွန်တော်ရော လိုက်မယ်” ချောင်ကျားရှီးသည် ရွှေရောင် ရှဉ့်လေးကို ပွေ့ချီပြီး ပြေးထွက်သွားသည်။
“ဝါး...”
အစ်ကိုကြီး ခေါင်းပြားသည် မီတာ (၇၀၀) မြင့်သော တောင်ထိပ်မှ ခုန်ချလိုက်ပြီး မြေပြင်သို့ `ဘုန်း` ခနဲ ကျရောက်ကာ တောထဲသို့ ပြေးဝင်သွားတော့၏။
ကုန်းချင်းချိုး လှုပ်ရှားလိုက်၏။
“ကျွန်မတို့လည်း ကူညီမယ်”
“ကျွန်တော်လည်း ကူညီနိုင်လောက်တယ်”
ထင်းရှူးပင်အိုကြီးသည် နွယ်ပင်များကို ဆန့်ထုတ်လိုက်ရာ (၁၅) မိုင်အကွာထိ ရောက်ရှိသွားပြီး ကျောက်တုံးကြီးများကို ရစ်ပတ်ကာ သယ်ဆောင်လာပေးတော့၏။
“ဘာဖြစ်တာလဲဟ”
“ဟိုမှာ ကြည့်စမ်း... မြူခိုးတောင်ထိပ်မှာ နွယ်ပင်တွေနဲ့ သစ်ပင်ကြီးတစ်ပင် ပေါ်နေတယ်... ဘယ်တုန်းက ပေါ်လာတာလဲ... တစ်ခါမှ မမြင်ဖူးပါဘူး”
“မြန်မြန်ကြည့်... အပင်ကြီးက ကျောက်တုံးကြီးတွေ သယ်နေတယ်ဟ”
လင်းရွာသားများနှင့် ရေပေါ်ဖြူမြို့တော်သားများ အံ့သြတကြီး ကြည့်ရှုနေကြသည်။
လူအများ၏ အကူအညီဖြင့် ပစ္စည်းစုဆောင်းမှု လျင်မြန်လာသည်။
မြူခိုးတောင်ထိပ် အရှေ့ဘက်တွင်...
ယဲ့ဖုန်းသည် `အရိုးဖြူ ဓားဝင်္ကပါ` ကို အသုံးပြုပြီး အချင်း မီတာ (၃၀၀)၊ အနက် (၂) မီတာ ရှိသော ကျင်းကြီးတစ်ကျင်း တူးလိုက်၏။
ထို့နောက် `ငှက်ပျောရွက်ယပ်တောင် အသေးစား` ကို အသုံးပြုပြီး မိုးရွာစေကာ ရေဖြည့်လိုက်၏။ ရွှံ့စေးများ ထည့်ပြီး `သူရဲကောင်း ဝိညာဉ်စွမ်းအင်` ဖြင့် မွှေနှောက်ကာ ရွှံ့ရည်ဖျော်လိုက်၏။
ယဲ့ဖုန်းသည် ယခင်ဘဝက ကွန်ကရစ်ဖျော်သည့် နည်းလမ်းကို အသုံးပြုပြီး ကျောက်တုံးများနှင့် ရွှံ့ရည်များကို ရောနှောကာ ကျင်းထဲသို့ လောင်းထည့်လိုက်တော့၏။
“အပူပေးပြီး ခိုင်မာအောင် လုပ်လိုက်” ယဲ့ဖုန်းက အမိန့်ပေးလိုက်၏။
“အစစ်အမှန် မီးတောက်... ထွက်ပေါ်စေ”
ကုန်းချင်းချိုးသည် ကောင်းကင်ယံတွင် ပျံဝဲနေပြီး သိုင်းနည်းစနစ်ရွတ်ဆိုကာ မီးတောက်များကို ပစ်လွှတ်လိုက်ရာ ရွှံ့ရည်များ ခြောက်သွေ့ခဲသွားပြီး ကျောက်တုံးများနှင့် ပေါင်းစပ်ကာ ခိုင်မာသော အောက်ခြေတစ်ခု ဖြစ်လာတော့၏။
ယဲ့ဖုန်းနှင့် ကုန်းချင်းချိုးတို့သည် ဤနည်းလမ်းဖြင့် တောင်ကို တစ်လွှာချင်း တည်ဆောက်လိုက်ကြသည်။
ရေပေါ်ဖြူမြို့တော်ဝန်းကျင်မှ ကျင့်ကြံသူ ထောင်ပေါင်းများစွာ ရောက်ရှိလာပြီး အဝေးမှ ကြည့်ရှုနေကြသည်။
“တောင်တွေကို ရွှေ့၊ ပင်လယ်တွေကို ပြောင်းနေတာပါလား”
“အဲဒီလောက် မဟုတ်ပေမဲ့... လူနည်းနည်းလေးနဲ့ တောင်တစ်လုံး ဖြစ်အောင် တည်ဆောက်နိုင်တာ တကယ် အံ့သြစရာပဲ”
“ဒီလိုမျိုးက…ရေပေါ်ဖြူမြို့တော် တစ်ခုလုံးမှာ ဂိုဏ်းချုပ်ယဲ့ နဲ့ မြို့စားမင်းကုန်း တို့ပဲ လုပ်နိုင်မှာ”
နေ့တစ်ဝက် မကြာခင်မှာပင် မီတာ (၇၀၀) မြင့်သော တောင်ကတုံးကြီးတစ်လုံး ပေါ်ထွက်လာတော့၏။
တောင်ထိပ်သည် မြူခိုးတောင်ထိပ်မှ မီတာ (၁၀၀) ခန့် ကွာဝေးပြီး ပြန့်ပြူးနေ၏။ အချင်း မီတာ (၅၀) ရှိသဖြင့် အဆောက်အအုံများ ဆောက်လုပ်ရန် လုံလောက်သည်။
ခိုင်ခံ့စေရန်အတွက် တောင်သစ်ကို မြူခိုးတောင်ထိပ်နှင့် တွဲဆက်ထားသည်။ အဝေးက ကြည့်လျှင် ကုလားအုတ် ဘို့နှစ်ခုသဖွယ် ဖြစ်နေ၏။
“မီးနဲ့ ဖုတ်ထားလို့ မည်းတူးနေတာပဲ... ခိုင်တော့ ခိုင်မာပေမဲ့ ရုပ်ဆိုးလိုက်တာ”
ဟု တစ်ယောက်က ဝေဖန်လိုက်၏။
ကုန်းချင်းချိုးနှင့် တပည့်များလည်း ထောက်ခံကြသည်။ စိမ်းလန်းစိုပြေနေသော မြူခိုးတောင်ထိပ် ဘေးနားမှာ မည်းတူးနေသော တောင်ကြီးက ကြည့်ရဆိုးလှသည်။
“ကဲ... အဓိက အစီအစဉ် စရအောင်”
ယဲ့ဖုန်းသည် မော့ကြည့်လိုက်ပြီး အလင်းလုံးကို ကိုင်လျက် ကောင်းကင်သို့ ပျံတက်သွား၏။ ပရိသတ်များ၏ မျက်လုံးများအောက်တွင် အလင်းလုံးကို ဖြိုခွင်းလိုက်ရာ အလင်းစက်များ မိုးရေသဖွယ် ကျဆင်းလာတော့၏။
`ဝုန်း... ဝုန်း... ဝုန်း...`
တောင်သစ်ကြီး တုန်ခါသွားပြီး တောင်ထိပ်တွင် ဝိညာဉ်စွမ်းအင် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ သက်ရှိစွမ်းအားများ ပေါက်ဖွားလာပြီး ယဲ့ဖုန်း ကြဲချလိုက်သော မျိုးစေ့များ ရှင်သန်ကြီးထွားလာကြသည်။
မြက်ပင်များ၊ ချုံပုတ်များ၊ သစ်ပင်များ ပေါက်ရောက်လာပြီး တောင်တစ်လုံးလုံး စိမ်းလန်းစိုပြေသွားတော့၏။
`ကမ္ဘာငယ် ပြုပြင်ပြောင်းလဲခြင်း` က မီတာ (၇၀၀) မြင့်သည့် တောင်ကို မဖန်တီးနိုင်သော်လည်း...
ရှိပြီးသား တောင်ကို ကျောက်စိုင်ကျောက်သားကဲ့သို့ ခိုင်မာအောင်၊ သက်ရှိတွေ ရှင်သန်အောင်၊ `အဆင့်နိမ့် ဝိညာဉ်သွေးကြော` တစ်ခု ဖြစ်ပေါ်လာအောင် လုပ်ဆောင်ပေးနိုင်သည်။
ရေခိုးရေငွေ့များ စုဝေးလာပြီး သက်တံ့များ ဖြစ်ပေါ်လာကာ တိမ်တိုက်များ ဝန်းရံထားသဖြင့် `နတ်ဘုံနတ်နန်း` ကဲ့သို့ လှပသွားတော့၏။
“ဟာ...”
ကုန်းချင်းချိုး၊ မိုယင်နှင့် အားလုံး အံ့သြမှင်သက်သွားကြသည်။
‘ခုနလေးတင် မည်းတူးနေတဲ့ တောင်ကြီးက မျက်စိတစ်မှိတ်အတွင်း စိမ်းလန်းစိုပြေတဲ့ `ဝိညာဉ်တောင်` ကြီး ဖြစ်သွားပါလား။
တောင်ထိပ်က ဝိညာဉ်စွမ်းအင် မုန်တိုင်းကို ကြည့်ရတာ `အသေးစား ဝိညာဉ်သွေးကြော` တစ်ခု ဖြစ်ပေါ်လာတာ သေချာတယ်။
ဒါတွေအားလုံးက ဂိုဏ်းချုပ်ယဲ့ဖုန်းရဲ့ လက်ရာတွေပဲ။’
“နတ်ဘုရား...”
လူအများ ယဲ့ဖုန်းကို လေးစားစွာ ကြည့်လိုက်ကြသည်။ တချို့ဆိုလျှင် ဒူးထောက် ဦးခိုက်ကြတော့၏။
[ယုံကြည်ခြင်း စွမ်းအား +648]
တစ်ခဏအတွင်းမှာပင် `ယုံကြည်ခြင်း စွမ်းအား`များ တိုးပွားလာသည်ကို တွေ့လိုက်ရသဖြင့် ယဲ့ဖုန်း တစ်ယောက် ကျေနပ်သွားလေတော့သည်။
အခန်း (၂၇၀) - ဖေးလိုင် တောင်ထိပ်ဟု အမည်တွင်ခြင်းနှင့် ချင်းယွင်ကျန်းရန်၏ အခက်အခဲ
~ယဲ့ဖုန်း အောက်သို့ ငုံ့ကြည့်လိုက်၏။
တောင်သစ်ကြီးသည် အသေးစား ဝိညာဉ်သွေးကြောတစ်ခုကို ပိုင်ဆိုင်ထားပြီး သိပ်သည်းသော ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်လျက်ရှိသည်။ အနီးရှိ မြူခိုးတောင်ထိပ်နှင့် ဝိညာဉ်စွမ်းအင်များ အပြန်အလှန် စီးဆင်းနေပြီး တောက်ပသော ဝိညာဉ်အလင်းတန်းများ ယှက်သန်းနေသဖြင့် ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။
“မြူခိုးဂိုဏ်းမှာ နာမည်ရှိတယ် ဆိုမှတော့... အခုမှ အသစ်ဖြစ်လာတဲ့ တောင်ထိပ်မှာလည်း နာမည်တစ်ခုတော့ ရှိသင့်တာပေါ့... အရင်က မရှိခဲ့ဘဲ ဘယ်ကနေ လွင့်ပျံရောက်ရှိလာမှန်း မသိတဲ့ တောင်ထိပ် ဆိုတော့... `ဖေးလိုင် တောင်ထိပ်` ( ပျံသန်းလာသော တောင်ထိပ်) လို့ နာမည်ပေးလိုက်မယ်…”
“မီတာ (၇၀၀) မြင့်တဲ့ ဖေးလိုင် တောင်ထိပ်ပေါ်မှာ... မန်ဒါလီငှက်တွေကိုရော၊ နတ်ဘုရားတွေကိုရော အားကျစရာ မလိုတော့ဘူး”
ယဲ့ဖုန်း တကိုယ်တည်း ပြောဆိုလိုက်ပြီး ဖေးလိုင် တောင်ထိပ်ပေါ်သို့ ဖြည်းညှင်းစွာ ဆင်းသက်လိုက်၏။
ကုန်းချင်းချိုး၊ မိုယင်၊ ချောင်ကျားရှီးနှင့် အခြားတပည့်များသည်လည်း တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြပြီး သိပ်သည်းသော ဝိညာဉ်စွမ်းအင်များကို ရှူရှိုက်နေကြသည်။ မီတာ (၁၀၀) ကျော် ဝေးကွာသော မြူခိုးတောင်ထိပ်ကို မော့ကြည့်လိုက်ကြသည်။
တောင်ထိပ်နှစ်ခု၏ အမြင့် ကွာခြားချက်မှာ မီတာ (၁၀) ဂဏန်းခန့်သာ ရှိသည်။
မြူခိုးတောင်ထိပ်က အနည်းငယ် ပိုမြင့်သဖြင့် အဓိက တောင်ထိပ် အဆင့်အတန်းကို ထိန်းသိမ်းထားနိုင်၏။
“ဒီနေ့ကစပြီး ဒီတောင်ထိပ်ကို `ဖေးလိုင် တောင်ထိပ်` လို့ ခေါ်ကြမယ်... အကြီးအကဲကုန်း... `အကြီးအကဲများ ခန်းမဆောင်` ကို ဒီမှာ ဆောက်လိုက်တော့... ကျန်တဲ့ နေရာတွေကိုတော့ ကိုယ့်ဘာသာကိုယ် စီစဉ်ကြ”
ထိုသို့ ပြောဆိုပြီးနောက်၊ ယဲ့ဖုန်းက လက်ဝှေ့ယမ်းလိုက်ပြီး မြူခိုးတောင်ထိပ်သို့ ပြန်သွားတော့၏။
ကုန်းချင်းချိုးနှင့် တပည့်များသည် ကျန်ရစ်ခဲ့ပြီး တစ်ယောက်မျက်နှာ တစ်ယောက် ထုံထိုင်းစွာဖြင့် ပြန် ကြည့်လိုက်ကြသည်။
“ဖေးလိုင် တောင်ထိပ်... နာမည်ပေး ကောင်းလိုက်တာ”
“ဂိုဏ်းချုပ်က ဘယ်လိုလုပ်ပြီး သက်မဲ့ တောင်ကတုံးကို ဝိညာဉ်သွေးကြော ပါတဲ့ ဝိညာဉ်တောင် ဖြစ်အောင် လုပ်လိုက်တာလဲဟင်…”
“မသိဘူးလေ... `ရွေးချယ်ခံရသူ` ဆိုတော့ နတ်ဘုရားလို စွမ်းရည်မျိုး ပိုင်ဆိုင်ထားတာ ဖြစ်မယ်”
တပည့်များ စိတ်လှုပ်ရှားစွာ ပြောဆိုနေကြသည်။
ကုန်းချင်းချိုးသည် ယဲ့ဖုန်း၏ ကျောပြင်ကို ကြည့်ရင်း အံ့သြစိတ် မပျောက်နိုင်သေးပေ။
လူတစ်ယောက်တည်းနဲ့ ဒီလို မြေကမ္ဘာကို ပြောင်းလဲပစ်နိုင်တဲ့ စွမ်းရည်မျိုး ရှိတာ ယုံနိုင်စရာ မရှိပါချေ။
ဝိညာဉ်သွေးကြော တစ်ခုကို ဖန်တီးလိုက်နိုင်ရုံနှင့်တင် ယဲ့ဖုန်းဟာ ဂိုဏ်းချုပ်ပေါင်းများစွာ လေးစားရမည့် ထိပ်တန်းဆရာကြီး တစ်ဆူ ဖြစ်နေလေပြီ။
“မြူခိုးဂိုဏ်းက တကယ်ကို နက်နဲဆန်းကြယ်တဲ့ နေရာပဲ... ငါ ဒီဂိုဏ်းကို ဝင်မိတာ ကံကောင်းလိုက်တာ”
ကုန်းချင်းချိုးသည် စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး တပည့်များကို လှည့်ကြည့်လိုက်၏။
“ရှီလေ့... မင်းက ဆောက်လုပ်ရေးမှာ ထူးချွန်တယ်လို့ ကြားတယ်... ငါ့ကို ကူညီပြီး `အကြီးအကဲများ ခန်းမဆောင်` ဆောက်ပေးပါ... ပြီးတော့ ဖေးလိုင် တောင်ထိပ် နဲ့ မြူခိုးတောင်ထိပ်ကို တံတားထိုးပြီး ဆက်သွယ်ပေးပါ”
ရှီလေ့ ခေါင်းငြိမ့်လိုက်၏။
“ဟုတ်ကဲ့ပါ အကြီးအကဲ”
“စတုတ္ထမြောက် အကြီးအကဲတာဝန်ကို နံရံမှာ ကပ်လိုက်မယ်... အားတဲ့ တပည့်တွေ လာကူညီကြပါ”
ပြောပြောဆိုဆိုနှင့်၊ ကုန်းချင်းချိုးသည် လက်ဖြင့် မုဒြာဖော်လိုက်ရာ ဝိညာဉ်အလင်းတန်းများ ထွက်ပေါ်လာပြီး အားလုံးကို မတင်ကာ မြူခိုးတောင်ထိပ်သို့ ပြန်လည် ခေါ်ဆောင်သွားတော့၏။
...
ဖေးလိုင် တောင်ထိပ် သတင်းသည် လေအလျင်လို ရိုက်ခတ်သွားတော့၏။
ထိုနေ့မှာပင် ရေပေါ်ဖြူမြို့တော် တစ်ခုလုံး အုန်းအုန်းကြွက်ကြွက် ညံကုန်ကြသည်။
“ဘာပြောလိုက်တာလဲ... ဂိုဏ်းချုပ်ယဲ့က သူ့လက်နဲ့ တောင်တစ်လုံး ဖန်တီးလိုက်တယ် ဟုတ်လား... ပြီးတော့ ဝိညာဉ်သွေးကြောပါ ထည့်လိုက်တယ်တဲ့လား”
“တကယ်ပါဆို... ငါ ကိုယ်တိုင် မြင်ခဲ့တာ”
“အံ့သြစရာကြီး”
“အံ့သြမနေနဲ့... သတင်း ဖြန့်ကြ”
အင်အားစုကြီးများမှ ကျင့်ကြံသူများသည် စက္ကူကြိုးကြာငှက်များကို အသုံးပြုပြီး သတင်းစကားများ အလျင်အမြန်..ပေးပို့လိုက်ကြသည်။
တစ်ညတည်းဖြင့်... မိုင် (၁၀၀၀) ပတ်လည်ရှိ ဒေသအားလုံး သတင်းပျံ့နှံ့သွားတော့၏။
တောင်တစ်လုံး တည်ဆောက်ခြင်းက သိပ်မထူးဆန်းလှပေ။
`ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်` ရောက်နေသူတိုင်း သိုင်းနည်းစနစ်သုံးပြီး လုပ်နိုင်ကြသည်။
သို့သော်လည်း၊ ယဲ့ဖုန်းလောက်တော့ မြန်မှာ မဟုတ်ချေ။
လူတွေကို တကယ် အံ့သြသွားစေတာက... `ဝိညာဉ်သွေးကြော` ကို ဖန်တီးလိုက်ခြင်းပါပင်။
ချင်းယွင် တောင်တန်း...
“ဘာ... ယဲ့ဖုန်းက ဝိညာဉ်သွေးကြောကို လက်ဗလာနဲ့ ဖန်တီးလိုက်တယ် ဟုတ်လား” ချင်းယွင်ကျန်းရန် အံ့သြတကြီး မေးလိုက်၏။
“ဟုတ်ပါတယ် ဂိုဏ်းချုပ်... ကျွန်တော် ကိုယ်တိုင် မြင်ခဲ့တာပါ... ဂိုဏ်းချုပ်ယဲ့က အလင်းလုံးလေး တစ်လုံးကို ချေမွလိုက်တာ အလင်းစက်တွေ ကျလာပြီး တောင်ကတုံးကြီးက စိမ်းလန်းစိုပြေသွားတာ... ဝိညာဉ်စွမ်းအင်တွေလည်း ပြည့်လျှံလာပြီး နတ်ဘုံနတ်နန်း ကျနေတာပဲ” ဝတ်ရုံစိမ်းနှင့် လူတစ်ယောက်က လက်ဟန်ခြေဟန်ဖြင့် ပြန်ပြောပြနေ၏။
ထိုစကားကြောင့် နေရာ၌ ရှိနေသူ အားလုံး.. မျက်နှာ ကြွက်သားတို့ တုန်ရီသွားကြသည်။
ခဏအကြာတွင် `ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်` အကြီးအကဲ တစ်ဦးက အကြံပြုလိုက်၏။
“ဂိုဏ်းချုပ်... ဂိုဏ်းချုပ်နဲ့ ယဲ့ဖုန်း မသင့်မြတ်တာ သိပါတယ်... ဒါပေမဲ့ ဂိုဏ်းရဲ့ အကျိုးစီးပွားနဲ့ ယှဉ်ရင် ဒါတွေက ဘာမှ မဟုတ်ပါဘူး”
နောက်တစ်ယောက်ကလည်း ထောက်ခံလိုက်၏။
“ဟုတ်ပါတယ်... ဂိုဏ်းချုပ်တို့က အငြိုးကြီး ရန်သူတွေမှ မဟုတ်တာ... အတိတ်က ပဋိပက္ခလေးတွေ ရှိရုံပါပဲ... ဒီလိုလုပ်ပါလား... ဂိုဏ်းချုပ်ယဲ့ဆီ သွားပြီး တောင်းပန်လိုက်ပါ... သူက သဘောကောင်းပြီး ချင်းယွင်ဂိုဏ်းရဲ့ ဝိညာဉ်သွေးကြောကို ပြန်လည် ပြုပြင်ပေးရင် မျိုးဆက်ပေါင်းများစွာ အကျိုးရှိသွားမှာပါ”
“မှန်ပါတယ်... ဂိုဏ်းချုပ်သာ သေသွားရင်တောင် နောင်လာနောက်သားတွေက ကျေးဇူးတင်နေကြမှာပါ”
“ပါးစပ်ပိတ်ထားစမ်း... ငါ သေရင်တောင် ယဲ့ဖုန်းကို မတောင်းပန်ဘူး”
ချင်းယွင်ကျန်းရန် ဒေါသတကြီး အော်ဟစ်လိုက်ပြီး အကြီးအကဲများကို မောင်းထုတ်လိုက်၏။
တဆက်တည်း၌၊ သူသည် ချင်းယွင်ဓားကို စီးပြီး အဝေးသို့ ထွက်ခွာသွားတော့၏။
ညဉ့်နက်ပိုင်းတွင်...
ချင်းယွင်ကျန်းရန် သွားများကို စေ့စေ့ကြိတ်နေမိသည်။
“ငါ့ကို အမှားဝန်ခံခိုင်းတယ် ဟုတ်လား... ဟွန်း၊ စိတ်ကူးပဲ ယဉ်နေလိုက်”
သူသည် အရှိန်ကုန်တင်ပြီး ပျံသန်းလိုက်ရာ ယွင်ဟွာတောင်တန်းရှိ ယွင်ဟွာဂိုဏ်းသို့ ချက်ချင်း ရောက်ရှိသွားတော့၏။
“ချင်းယွင်ကျန်းရန်...”
ကျင့်ကြံနေသော ယွင်ဟွာကျန်းရန်သည် ပြင်းထန်သော `ဓားစိတ်ဆန္ဒ`အား ခံစားမိလိုက်သဖြင့် မျက်ခွံများ လှုပ်ခတ်သွား၏။ ဝိညာဉ်သွေးကြော လာလုတာလား ဟု တွေးမိပြီး မျက်နှာပျက်သွား၏။
“ငါ မေးမယ်... မင်းတို့ ယွင်ဟွာဂိုဏ်းရဲ့ ဝိညာဉ်သွေးကြော အမြုတေ အခိုးခံရတာ ကြာပြီ မဟုတ်လား... ဘယ်လိုလုပ် ပြန်ကောင်းသွားတာလဲ” ချင်းယွင်ကျန်းရန် မေးလိုက်၏။
ဝိညာဉ်သွေးကြော လာလုတာ မဟုတ်ဘူး ဆိုတာ သိလိုက်ရသဖြင့် ယွင်ဟွာကျန်းရန် သက်ပြင်းချလိုက်၏။
ပြန်ကောင်းသွားသည်က ယဲ့ဖုန်း၏ အကူအညီနဲ့ `အသေးစား ကောင်းကင်ဘုံ လှိုဏ်ဂူ ကမ္ဘာ` ကြောင့်လေ။ ဒါက လျှို့ဝှက်ချက်ပင်။
ထို့ကြောင့် ယွင်ဟွာကျန်းရန် တိတ်ဆိတ်နေလိုက်၏။
သူက ယဲ့ဖုန်းရဲ့ မဟာမိတ်လေ... သူငယ်ချင်းကို သစ္စာမဖောက်နိုင်ပါ။
“မပြောချင်ဘူးလား” ချင်းယွင်ကျန်းရန် မျက်မှောင်ကြုတ်လိုက်၏။
ကြောက်မက်ဖွယ် ဓားစိတ်ဆန္ဒအောက်တွင် ယွင်ဟွာကျန်းရန် ချွေးပျံလာပြီး တံတွေးမြိုချလိုက်၏။
“ဒီကိစ္စကို မမေးတာ ပိုကောင်းမယ်”
“ဟေ...” ချင်းယွင်ကျန်းရန်၏ အကြည့်များ စူးရှသွား၏။
သူ့စိတ်ထဲတွင် ယဲ့ဖုန်း၏ ပုံရိပ် ပေါ်လာသည်။
သူ အရိုက်ခံရတုန်းက အဖြစ်အပျက်ကို ပြန်စဉ်းစားမိပြီး နှုတ်ခမ်းကို မဲ့လိုက်၏။
“ငါ သိပြီ... ယွင်ဟွာတောင်တန်းရဲ့ ဝိညာဉ်သွေးကြော ပြန်ကောင်းသွားတာ ယဲ့ဖုန်း လက်ချက်ပဲ... ဒါကြောင့် သူက လက်ဗလာနဲ့ ဝိညာဉ်သွေးကြော ဖန်တီးနိုင်တယ်လို့ သတင်းထွက်နေတာကိုး”
ယွင်ဟွာကျန်းရန် သွားစေ့ထားလိုက်၏။
`ဂိုဏ်းချုပ်ယဲ့... သူဘာသာသူ ရိပ်မိသွားတာနော်... ကျွန်တော် ဘာမှ မပြောဘူး` ဟု အော်ပြောချင်စိတ် ပေါက်သွား၏။
“ယဲ့ဖုန်းက တကယ်ပဲ အဲဒီလောက် စွမ်းတာလား... ဆန်းကြယ်တဲ့ နည်းလမ်းတွေ တတ်မြောက်ထားတာလား... ဒါဆိုရင် ချင်းယွင်ဂိုဏ်း ပြန်ကောင်းဖို့အတွက် ယဲ့ဖုန်းကို အကူအညီ တောင်းမှ ရတော့မှာပေါ့”
ချင်းယွင်ကျန်းရန် လက်သီးဆုပ်လိုက်၏။
သူများဆီ အကူအညီ တောင်းရမှာကို ဝန်လေးနေ၏။
ယဲ့ဖုန်းကို တောင်းပန်ဖို့ဆိုတာ ပိုပြီး ဝေးသေးသည်။
ထိုစဉ်၊ ယွင်ဟွာကျန်းရန် သက်ပြင်းချလိုက်ပြီး ဖျောင်းဖျလိုက်၏။
“ချင်းယွင်ကျန်းရန်... ခင်ဗျားနဲ့ ဂိုဏ်းချုပ်ယဲ့က အငြိုးကြီး ရန်သူတွေ မဟုတ်ပါဘူး... အထင်လွဲမှုလေးတွေ ရှိရုံပါ... ဒူးထောက်ပြီး စိတ်ရင်းမှန်နဲ့ တောင်းပန်လိုက်ရင် ဂိုဏ်းချုပ်ယဲ့က ကူညီပေးလောက်ပါတယ်”
ရိပ်မိနေမှတော့ ဟန်ဆောင်နေစရာ မလိုတော့ဘူးဟု ယူဆပြီး တိုက်တွန်းလိုက်ခြင်း ဖြစ်ပါသည်။
“လုံးဝ မဖြစ်နိုင်ဘူး”
ချင်းယွင်ကျန်းရန် အော်ဟစ်လိုက်၏။ လက်သည်းများက အသားထဲ စိုက်ဝင်သွားသည်အထိ ဆုပ်ကိုင်ထားသည်။
“ငါ့တစ်သက်လုံး ဘယ်သူ့ကိုမှ ခေါင်းမငုံ့ခဲ့ဘူး... သူများဆီမှာ အမှားဝန်ခံစရာလား”
အောက်ဘက်ရှိ ချိုင့်ဝှမ်းကို ငုံ့ကြည့်ပြီး ပြတ်သားစွာ ပြောလိုက်၏။
“ငါ ဒီကနေ ခုန်ချပြီး သေသွားပါစေ... ခွေးတွေ ကိုက်စားပါစေ... ယဲ့ဖုန်းကို ဘယ်တော့မှ မတောင်းပန်ဘူး”
`ရွှပ်...`
ချင်းယွင်ကျန်းရန်သည် အစိမ်းရောင် ဓားအလင်းတန်းအဖြစ် ပြောင်းလဲပြီး ကောင်းကင်ယံသို့ ပျံတက်သွားတော့၏။ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့၏။
“ဘာလို့ ဒီလောက် ခေါင်းမာရတာလဲ... အသေအကြေ ရန်သူတွေမှ မဟုတ်တာ... အမှားဝန်ခံလိုက်ရင် ဘာဖြစ်သွားမှာမို့လို့လဲ... ဂိုဏ်းချုပ်ယဲ့က အစွမ်းထက်နေမှတော့ တောင်းပန်ရတာ ရှက်စရာ မဟုတ်ပါဘူး... မာနကြီးလွန်းနေတာ”
ယွင်ဟွာကျန်းရန် တစ်ယောက်တည်း ရေရွတ်ကျန်ရစ်ခဲ့တော့၏။
...
ချင်းယွင် တောင်တန်း...
သင်္ချိုင်းမြေ တစ်နေရာတွင်...
ချင်းယွင်ကျန်းရန်သည် မြေကြီးပေါ်တွင် ထိုင်လျက် ဂိုဏ်းချုပ်ဟောင်းများ၏ အုတ်ဂူများကို ငေးကြည့်နေ၏။ သူ့စိတ်ထဲတွင် လှိုင်းလေထန်သကဲ့သို့ ဖြစ်နေ၏။
“အမှားဝန်ခံရမယ် ဟုတ်လား... ငါ ဘာမှားလို့လဲ”
နောက်ဆုံးတွင် ချင်းယွင်ကျန်းရန် ထွက်ခွာသွားတော့၏။ နွားသိုးတစ်ကောင်လို ခေါင်းမာပြီး အမှားဝန်ခံဖို့ စိတ်ကူးမရှိသေးပေ။
...
နောက်တစ်နေ့ နံနက်တွင် နေရောင်ခြည်သည် အရာအားလုံးကို လင်းလက်တောက်ပစေသည်။
မြူခိုးဂိုဏ်းတွင် တပည့်များ အလုပ်ရှုပ်နေကြ၏။
“ကောင်းပြီ... အဲဒီအတိုင်းပဲ... ဒီနေရာ အဆင်ပြေတယ်”
ရှီလေ့နှင့် ဟိုယွင်ကျဲတို့သည် ဖေးလိုင် တောင်ထိပ်နှင့် မြူခိုးတောင်ထိပ်တို့တွင် အသီးသီး ရပ်နေကြသည်။
အခြားတပည့်များ၏ အကူအညီဖြင့် သံကြိုးများ သွယ်တန်းခြင်း၊ သစ်သားပြားများ ခင်းခြင်း၊ လက်ရန်းများ တပ်ဆင်ခြင်းတို့ကို ပြုလုပ်ပြီး တောင်ထိပ်နှစ်ခုကို ဆက်သွယ်ပေးသည့် ကြိုးတံတား တစ်စင်းကို တည်ဆောက်လိုက်ကြသည်။
“ပထမဆုံး ကြိုးတံတား ပြီးသွားပြီ... အားလုံး ပင်ပန်းသွားကြပါပြီ”
ရှီလေ့ လက်ခုပ်တီးပြီး ပြောလိုက်တော့၏။