မဟာကျင်းသို့ ပြန်ရောက်ရှိခြင်း
Vol. 6 Ch. 69
နတ်ဘုရားလေင်္ဘောများမှာ အလွန် ဈေးကြီးလှပြီး အဆင့်မြင့် ဝိညာဉ်ရတနာများနှင့် နှိုင်းယှဉ်နိုင်သည်။ မဟာကျင်းတိုင်းပြည် တစ်ခုလုံးတွင် ထိုကဲ့သို့သော လေင်္ဘော ၁၀စင်းသာ ရှိသည်။ ၎င်းတို့၏ အဓိက ထူးခြားချက်မှာ အရှိန်နှုန်းပင်ဖြစ်ပြီး၊ လောင်စာကုန်ကျမှုကို ဂရုမစိုက်ဘဲ အလယ်အလတ်မှ အဝေး ခရီးစဉ်များကို ဟင်းလင်းပြင်ခုန်ကူးမှုများ ပြုလုပ်နိုင်သည်။ ထို့ပြင် လေင်္ဘောများတွင် ခံစစ်၊ တိုက်စစ်နှင့် အရန်အစီအမံ အခင်းအကျင်းများစွာ တပ်ဆင်ထားသည်။
အနှစ်ချုပ်ရလျှင် ၎င်းတို့မှာ ဝေဟင်သွား စစ်သင်္ဘောကြီးများ၏ အဆင့်မြင့်ဗားရှင်းများပင်။
နာရီဝက်အတွင်းမှာပင် နတ်ဘုရားလေင်္ဘောက မိုင်ပေါင်းသောင်းချီ ခရီးနှင်ပြီးနောက် မဟာကျင်း တိုင်းပြည်၏ မြို့တော်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
တုန်းဖန်လျူလီက မြို့တော်မှ တိတ်တဆိတ် ထွက်ခွာခဲ့ပြီး ယခုအခါတွင်လည်း မည်သည့် လှုပ်လှုပ်ခတ်ခတ်မျှ မရှိဘဲ တိတ်တဆိတ်ပင် ပြန်လည်၍ ဝင်ရောက်လာခဲ့သည်။ ဝန်ကြီးမုန့်ချင်း၏ ရှေးဟောင်းနတ်ဘုရားမြို့တော်သို့ သွားရောက်ခဲ့သော မစ်ရှင်အောင်မြင်သည့် သတင်းမှာမူ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး မြို့သူမြို့သားများမှာ သူ့ကို ကြိုဆိုရန် အုံနှင့်ကျင်းနှင့် ထွက်လာကြလေသည်။
“မိန်းမ... လာ။ ကိုယ်တို့တွေ ဧကရီဆီကို သွားပြီး ဂါရဝပြုရအောင်။ အရှင်မက ကိုယ့်အပေါ်မှာ တကယ် စေတနာထားတာ။ ကိုယ် နတ်ဘုရားမြို့တော်ကို သွားဖို့ အကြောင်းပြချက် ရှာပေးရုံတင်မကဘဲ ကိုယ့်ကို လာကြိုဖို့ လေင်္ဘောပါ လွှတ်ပေးခဲ့သေးတယ်။ ကိုယ်တို့ သေသေချာချာ ကျေးဇူးတင်သင့်တယ်”
မုန့်ချင်ကျိုးက ဧကရီအပေါ်တွင် ပို၍ သံယောဇဉ် တွယ်လာခဲ့ပြီး ယခင်ကလို ခုခံလိုစိတ် မရှိတော့ပေ။
သို့သော် သူ၏ ဇနီးသည်မှာ သဝန်တိုတတ်သော မိန်းမတစ်ဦး ဖြစ်သည်။ တခြား မိန်းကလေးများကို ချီးမွမ်းခြင်းက သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေမည်မှာ သေချာပြီး၊ ဧကရီကို ချီးမွမ်းခြင်းကလည်း ထိုနည်းတူပင် ဖြစ်လိမ့်မည်။
ထို့ကြောင့် မုန့်ချင်ကျိုးက အလွန်ပါးနပ်စွာ ပြောလိုက်ခြင်း ဖြစ်သည်။
“ဟမ်... ဧကရီဆီကို... အတူတူ သွားတွေ့မယ် ဟုတ်လား...” တုန်းဖန်လျူလီမှာ မှင်တက်သွားပြီး သူ၏ အေးစက်လှပသော မျက်နှာတွင် ရှားရှားပါးပါး ထိတ်လန့်တုန်လှုပ်မှု အရိပ်အယောင်များ ပေါ်လာသည်။
တိတ်တဆိတ် နောက်ကလိုက်လာသော ကျန်းစန်းဟိုင်နှင့် ချင်းဖုန်းဟော်တို့သည် အသက်အောင့်ကာ ငြိမ်၍ပုန်းနေကြသည်။ ၎င်းကို ကြားသော် ဒဏ်ရာဒဏ်ချက်များ ပြည့်နေသော အဘိုးအို နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။
သူတို့ ဘာလို့ ဒဏ်ရာတွေ ရနေတာလဲ...
အကြောင်းမှာ ချင်းဖုန်းဟော်က ကြင်ရာတော်မုန့် မမျှော်လင့်ဘဲ ပျောက်ကွယ်သွားသည်ကို သိလိုက်ရပြီး၊ သူ့ကို ချန်ထားခဲ့သည်ဟု ခံစားရသဖြင့် ကျန်းစန်းဟိုင်နှင့် ရန်ဖြစ်ခဲ့သောကြောင့်ပင်။
ထိုအဘိုးအိုနှစ်ဦးမှာ ကျင့်စဉ်အဆင့်များကို အသုံးမပြုဘဲ လက်သီးခင်းထိုးကာ ချကြသဖြင့် ထိပ်သီး ပုဂ္ဂိုလ်ကြီး နှစ်ဦးစလုံး နောက်တစ်နေ့အတွက် ဆေးခွင့်တင်ထားရသည်။
“ဒါတော့ ပြဿနာပဲ။ ကြင်ရာတော်က ဧကရီနဲ့ တွေ့တော့မယ်။ ဘာလုပ်ကြမလဲ...” ချင်းဖုန်းဟော်က အသံလွှင့်ကာ မေးလိုက်သည်။
ကျန်းစန်းဟိုင်က မုတ်ဆိတ်မွေးကို သပ်ရင်း အတော်ကြာ စဉ်းစားပြီးနောက် ဖြည်းဖြည်းချင်း အသံပြန်လွှင့်သည်။ “စုချင်ချိုးကို ဧကရီအဖြစ် ဟန်ဆောင်ခိုင်းလိုက်မယ်။ ချင်ချိုးကို စကား နည်းနည်းပြော၊ အလုပ်များများလုပ်ဆိုတဲ့ ဂါထာကို မှတ်ထားခိုင်းလိုက်...”
ချင်းဖုန်းဟော်က တွန့်ဆုတ်သွားပြီး မျက်မှောင်ကြုတ်လျက် အသံလွှင့်လိုက်သည်။ “သူ လုပ်နိုင်ပါ့မလား။ အဲဒီကလေးမ စုချင်ချိုးက အတော်လေး အေးတာ။ တစ်ခုခု မှားသွားရင် ဘယ်လိုလုပ်မလဲ...”
“စိတ်မပူပါနဲ့၊ ငါ အဲဒီမှာ ရှိနေပြီး သူ့ကို စောင့်ကြည့်ပေးမယ်။ ဘာမှမဖြစ်ပါဘူး...” ကျန်းစန်းဟိုင်က ယုံကြည်မှုအပြည့်ဖြင့် ကြည့်လိုက်သည်။
အဘိုးအိုနှစ်ဦးက အသေးစိတ်အချက်အလက်များကို အမြန်ဆုံး အတည်ပြုပြီး ဧကရီထံသို့ အစီအစဉ်ကို ပေးပို့လိုက်သည်။
တုန်းဖန်လျူလီက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြသည်ကို မြင်သောအခါ ကျန်းစန်းဟိုင်က ဇာတ်လမ်းဆင်ရန် ရွှေပလ္လင်ခန်းမသို့ အပြေးသွားတော့သည်။ ချင်းဖုန်းဟော်မှာမူ နဂါးဝတ်ရုံကို ယူ၍ စုချင်ချိုးကို ရှာရန် အပြေးထွက်သွားလေသည်။
“ကောင်းပြီလေ... အတူတူပဲ အရှင်မကို သွားတွေ့ကြတာပေါ့...” တုန်းဖန်လျူလီက ရှက်ကိုးရှက်ကန်း ပြောလိုက်သည်။
မုန့်ချင်ကျိုးက ပြုံးလျက် ခေါင်းညိတ်လိုက်ပြီး ဘာမှ အံ့သြမနေပေ။
သူ၏ ဇနီးသည်မှာ ဧကရီ၏ ရှေ့မှောက်မှ အရာရှိတစ်ဦး ဖြစ်သဖြင့် ဧကရီကို သွားတွေ့ခြင်းမှာ သဘာဝ ကျလှသည်။ ငြင်းပယ်ရန် အကြောင်းမရှိပေ။
သူက ချက်ချင်းပင် တုန်းဖန်လျူလီ၏ နူးညံ့သော လက်ကလေးကို ဆွဲကိုင်ကာ နန်းတော်ဆီသို့ ခပ်သွက်သွက် လျှောက်သွားတော့သည်။
“ဖြည်းဖြည်း... ဖြည်းဖြည်းသွားပါ။” တုန်းဖန်လျူလီက ခေါင်းကလေးငုံ့ကာ ငုံးကလေးတစ်ကောင်လို ဖြစ်နေပြီး၊ သူ၏ ဗိုက်ကို ကိုင်ကာ တိုးတိုးလေး ပြောလိုက်သည်။ “ဒီနေ့က အဲဒီနေ့မို့လို့... မြန်မြန် မလျှောက်ပါနဲ့ဦး...”
သူတို့ မြန်မြန် လျှောက်သွားလျှင် စုချင်ချိုးတို့ အဆင်သင့်မဖြစ်သေးမှာ စိုးရသည်။ အချိန်ဆွဲထားရန် လိုအပ်၏။
မုန့်ချင်ကျိုး လန့်သွား၏။
အဲဒီနေ့ ဟုတ်လား...
“ဒီကိုလာ...”
မုန့်ချင်ကျိုးက မဆိုင်းမတွပင် တုန်းဖန်လျူလီ၏ ရှေ့တွင် ရပ်ကာ ဆောင့်ကြောင့်ထိုင်လိုက်ပြီး သူ့လက်မောင်းဖြင့် အချက်ပြလိုက်သည်။
“ရှင် ဘာလုပ်မလို့လဲ...” တုန်းဖန်လျူလီက ဇဝေဇဝါဖြင့် မေးသည်။
“နန်းတော်ကို သွားဖို့က အဝေးကြီး လျှောက်ရဦးမှာ။ ကိုယ် မင်းကို ကုန်းပိုးမယ်...” မုန့်ချင်ကျိုးက ပြောလိုက်သည်။
“ဟမ်...”
တုန်းဖန်လျူလီ၏ မျက်နှာမှာ ရဲတက်သွားပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်မိသည်။ သူတို့က လူစည်ကားလှသော ဈေးထဲတွင် ရှိနေကြပြီး မျက်လုံးပေါင်းများစွာက ဝန်းရံထားကြသည်။ ထိုသို့ မြင်ကွင်းကို တွေးလိုက်ရုံနှင့်ပင် သူ ခေါင်းမဖော်နိုင်လောက်အောင် ရှက်သွားရသည်။
ထိုခေတ်ကာလတွင် အမျိုးသမီးငယ်များက မည်သည့် အဆင့်အတန်း သို့မဟုတ် အစွမ်းရှိသည်ဖြစ်စေ လူပုံအလယ်တွင် ချစ်ခင်မှုကို ပြသရန် အလွန်ပင် ရှက်တတ်ကြသည်။
“မ... မလုပ်ပါနဲ့...” တုန်းဖန်လျူလီက တရကြမ်း နောက်ဆုတ်လိုက်သည်။
“ကိုယ်တို့တွေက လင်မယားတွေ ဖြစ်နေပြီပဲ။ ဘာလို့ ဒီလောက် ခပ်စိမ်းစိမ်း လုပ်နေတာလဲ...” မုန့်ချင်ကျိုးက ပြတ်သားစွာ ပြောလိုက်သည်။ သူ၏ ဇနီးသည် ငြင်းနေသည်ကို မြင်သောအခါ သူက အသံလာရာအတိုင်း လိုက်ကာ ကုန်း၍ တုန်းဖန်လျူလီကို ပွေ့ချီလိုက်ပြီး နန်းတော်ဆီသို့ လျှောက်သွားတော့သည်။
ဤမြင်ကွင်းကြောင့် လမ်းပေါ်ရှိ လမ်းသွားလမ်းလာများမှာ ကြောင်အမ်းကုန်ကြသည်။
မြို့သူမြို့သားများမှာ မုန့်ချင်ကို မှတ်မိကြပြီး လမ်းတစ်ခုလုံး တိတ်ဆိတ်သွားကာ အပ်ကျသံကိုပင် ကြားရလောက်အောင် ငြိမ်သက်သွားသည်။
“ဝန်ကြီးမုန့်ကို ဧကရီရဲ့ ကြင်ရာတော်အဖြစ် ခေါ်ထားတာ မဟုတ်ဘူးလား။ အခု သူ့လက်ထဲမှာ ပွေ့ထားတာက ဘယ်သူလဲ။ သူ ဧကရီရဲ့ အမျက်ဒေါသကို မကြောက်ဘူးလား။”
“လခွမ်းတဲ့မှ... မင်း ဝန်ကြီးမုန့်ကို နောက်တစ်ခါ ထပ်စော်ကားရင် ငါ မင်းကို ထိုးမှာနော်။ အဲဒါက အဖြေပေါ်ပြီးသားပဲလေ။ ဝန်ကြီးမုန့်က ဧကရီရဲ့ ကြင်ရာတော် မဟုတ်ပါဘူး။ မွေးနေ့ပွဲတုန်းကလည်း ရှင်းပြပြီးသားပဲ...”
“ဒါဆိုရင် ဒါက ဝန်ကြီးမုန့်ရဲ့ ဇနီးပေါ့။”
“ကံကောင်းလိုက်တာ။ ယောကျ်ားကလည်း ချော၊ မိန်းမကလည်း... ပုဝါအုပ်ထားလို့ သေသေချာချာ မမြင်ရဘူး...”
သို့သော် မည်သူမျှ သတိမပြုမိသည်မှာ...
လူအုပ်ကြားတွင် ပုံရိပ်တစ်ခုမှာ ငြိမ်သက်စွာ ရပ်နေပြီး၊ မိန်းကလေးတစ်ဦး၏ မျက်ဝန်းများမှာ နောက်ပြောင်ချင်စိတ်များဖြင့် တောက်ပနေကာ မုန့်ချင်ကျိုး၏ ကျောပြင်ကို စိုက်ကြည့်နေခြင်းပင်။
“မုန့်ချင်းနဲ့ မဟာကျင်းရဲ့ ဧကရီက ဒီလိုမျိုး ကစားနေကြတာပေါ့...”
ချုံးသည် ကမ္ဘာသစ်တစ်ခုကို ရှာဖွေတွေ့ရှိသွားသလို ခံစားလိုက်ရပြီး အလွန်ပင် စိတ်ဝင်စားသွားသည်။ သူ၏ အကြည့်များမှာ မုန့်ချင်ကျိုး၏ ကျောပြင်မှ ခွာမသွားပေ။
နံနက်ခင်းအလင်းနယ်ပယ် နှောင်းပိုင်းအဆင့် ထိပ်သီးပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်သော်လည်း သူက မြို့တော်ထဲသို့ တိတ်တဆိတ် ဝင်ရောက်လာခဲ့သည်။ မူလက အချိန်နှင့်နေရာလွတ် ဓားသူတော်စင်ကို ရင်ဆိုင်ရန် ရည်ရွယ်ထားသော်လည်း ဤမျှ စိတ်ဝင်စားစရာကောင်းသော မြင်ကွင်းကို မြင်လိုက်ရ သောအခါ စိတ်ကူးကို ပြောင်းလဲလိုက်သည်။ သူက အရင်ဦးဆုံး ဝင်ကစားရန် ဆုံးဖြတ်လိုက်၏။ နောက်ဆုံးတေွင် အချိန်နှင့်နေရာလွတ် ဓားသူတော်စင်က သူ့လက်ထဲမှ ပြေးမလွတ်နိုင်ပေ။
“စုချင်ချိုးက ဧကရီအဖြစ် ဟန်ဆောင်တယ်၊ တကယ့် ဧကရီနဲ့ မုန့်ချင်းကတော့ သာမန်လင်မယားတွေလို ဟန်ဆောင်တယ်...”
“ပြီးတော့ ဝန်ကြီး မုန့်ချင်းနဲ့ ဧကရီရဲ့ ကြင်ရာတော်က တစ်ယောက်တည်းပဲ...”
နံနက်ခင်းအလင်းနယ်ပယ် တစ်ပိုင်းနှင့် တောင်ရွှေ့နယ်ပယ် တစ်ဦးတို့၏ အသံလွှင့်စကားပြောဆိုမှုမှာ ချုံး၏ နားထဲမှ လွတ်ထွက်မသွားပေ။ သူသည် ချင်းဖုန်းဟော်နှင့် ကျန်းစန်းဟိုင်တို့၏ စကားလုံး အားကုန်ကို ကြားလိုက်ရသည်။
ချုံးက သခွားခင်းထဲက ဖျံတစ်ကောင်လို စိတ်လှုပ်ရှားသွားပြီး မေးစေ့ကို ပွတ်ရင်း ရေရွတ်လိုက်သည်။
“ငါလည်း ဝင်ကစားချင်တယ်၊ ဒါပေမဲ့ ဘယ်လို ဝင်ရမလဲ...”
“သိပြီ...”
“စုချင်ချိုး...”
ချုံး၏ သွားစွယ်လေးများမှာ နေရောင်အောက်တွင် လက်ခနဲ ဖြစ်သွားပြီး ဟင်းလင်းပြင် လှိုင်းဂယက်ထဲသို့ ခြေလှမ်းလိုက်ကာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
ခဏအကြာ။
နန်းတော်ရှိ ရွှေပလ္လင်ခန်းမ။
နဂါးဝတ်ရုံ ဝတ်ဆင်ထားသော စုချင်ချိုးက နဂါးပလ္လင်ပေါ်တွင် ထိုင်နေသော်လည်း ဆူးပုံပေါ် ထိုင်နေရသလို ခံစားနေရသည်။ သူ၏ မျက်ဝန်းများတွင် ထိတ်လန့်မှုများ ပြည့်နှက်နေပြီး ကန့်လန့်ကာ အနောက်တွင် ပုန်းနေသော ကျန်းစန်းဟိုင်ကို အကူအညီတောင်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။
“ကျွန်မ... ကျွန်မ မလုပ်တတ်ဘူး။ ကျွန်မကို သရုပ်မဆောင်ခိုင်းပါနဲ့...” စုချင်ချိုးက ငိုမဲ့မဲ့ဖြင့် ပြောသည်။
“စိတ်အေးအေးထား။ ငါ ညွှန်ကြားတွေကိုသာ လိုက်နာ” ကျန်းစန်းဟိုင်က သူ့ကို အားပေးလိုက်သည်။
ရုတ်တရက် ကျန်းစန်းဟိုင်က အမြင်အာရုံ ခဏမျှ ဝေဝါးသွားပြီးမှ ပြန်လည် ကြည်လင်လာသလို ခံစားလိုက်ရသည်။ သူ မျက်လုံးကို ပွတ်ကာ စုချင်ချိုးကို ပြန်ကြည့်လိုက်သည်။ သူက အရင်အတိုင်းပင် ဘာမှမပြောင်းလဲသေးပေ။
သို့သော် ယခင်က ကြောက်ရွံ့တုန်လှုပ်နေသော အမူအရာမှာ စိတ်လှုပ်ရှားမှုအဖြစ် ပြောင်းလဲသွားသည်။ သူ၏ သက်ဝင်လှုပ်ရှားနေသော မျက်ဝန်းများက ခန်းမအပြင်ဘက်သို့ စိတ်အားထက်သန်စွာ ကြည့်နေပြီး မစောင့်နိုင် မအောင့်နိုင် ဖြစ်နေ၏။
ဒီလောက် မြန်မြန်ဆန်ဆန် အသားကျသွားတာလား။
ကျန်းစန်းဟိုင် အံ့သြသွားပြီး တိတ်တဆိတ် လက်မထောင်ပြကာ အသံလွှင့်လိုက်သည်။
“အရမ်းကောင်းတယ်။ မင်း တော်တော်လုပ်နိုင်တာပဲ။ နည်းနည်းလေးတော့ လျှော့လိုက်ဦး၊ ဒါဆိုရင် လုံးဝ ပြည့်စုံသွားပြီ...”
“စုချင်ချိုး”က နောက်သို့ လှည့်ကြည့်ကာ ကျန်းစန်းဟိုင်ကို ကြည့်ပြီး လျှာကလေး ထုတ်ပြလိုက်သည်။ “သိပါပြီ။ စိတ်မပူနဲ့။ ကျွန်မရဲ့ သရုပ်ဆောင်မှုကိုသာ ကြည့်နေလိုက်...”
ပြောပြောဆိုဆိုနှင့်ပင် “စုချင်ချိုး”သည် နဂါးပလ္လင်အောက်မှ အပြင်သို့ ထွက်နေသော ခြေထောက် တစ်ဖက်ကို အတွင်းသို့ မသိမသာ ကန်ထည့်လိုက်တော့သည်။