← Chapters

အရှင်မ၏ အပြုံးများ ပြန်ရောက်လာခြင်း

Vol. 6 Ch. 71

အရှင်မ၏ အပြုံးများ ပြန်ရောက်လာခြင်း

Vol. 6 Ch. 71

နန်းတွင်းဥယျာဉ်တော်။

ပန်းမန်အစုအဝေးတို့ အပြိုင်အဆိုင် ဖူးပွင့်ဝေဆာနေကြပြီး ၎င်းတို့၏ တောက်ပသော အရောင်အသွေးနှင့် ရနံ့တို့မှာ တစ်ခုနှင့်တစ်ခု အားပြိုင်နေကြသကဲ့သို့ပင်။ ပန်းပွင့်လွှာများကြား သေးငယ်ပြီး တောက်ပသော အလင်းစက်လေးများမှာ အိပ်မက်ဆန်သော မြင်ကွင်းတစ်ခုကို ဖန်တီးပေးနေ၏။

တုန်းဖန်လျူလီက ရိုးရှင်းသော ဝတ်စုံဖြူလေးကို ဝတ်ဆင်ထားပြီး ပန်းငုံလေးတစ်ငုံကို ဆွတ်ကာ နှာခေါင်းနားသို့ ကပ်၍ အသာအယာ နမ်းရှူလိုက်သည်။ သူ၏ မူလရုပ်သွင်သို့ ပြန်ပြောင်းထားသော အစ်မကြီးချုံးလည်း စူးစမ်းလိုသော မျက်ဝန်းအစုံဖြင့် ဥယျာဉ်တော်၏ အလှအပကို လိုက်ကြည့်နေသည်။

“နတ်ဘုရားမြို့တော်ရဲ့ အစွမ်းထက်တဲ့ အရှင်သခင်က လောကကြီးကို တစ်ခါမှ မမြင်ဖူးတဲ့ ကလေးလေး တစ်ယောက်လို ဖြစ်နေပါလား...” တုန်းဖန်လျူလီက မရယ်ဘဲ မနေနိုင်အောင် ပြောလိုက်ရာ သူ၏ အပြုံးများမှာ တောက်ပလင်းလက်နေသည်။

ယခုအချိန်တွင်တော့ သူတို့ကြားက ရန်ငြိုးများကို ဘေးဖယ်ထားကြပြီ ဖြစ်သည်။ အမျိုးသမီး နှစ်ဦးမှာ ညီအစ်မများကဲ့သို့ပင် တစ်ဦးနှင့်တစ်ဦး ထက်ရှသော စကားလုံးများဖြင့် တုံ့ပြန်ခြင်း မရှိတော့ပေ။

ထို့အပြင် နှစ်ယောက်လုံးမှာလည်း လောက၏ ထူးချွန်ထက်မြက်သူများ ဖြစ်ကြသည်။ တစ်ဦးက မွေးရာပါ နတ်ဘုရားဖြစ်ပြီး၊ နောက်တစ်ဦးက နံနက်ခင်းအလင်းနယ်ပယ်၏ အသက်အငယ်ဆုံး ကျင့်ကြံသူ ဖြစ်သည်။ သူတို့က တစ်ဦးကိုတစ်ဦး လေးစားပြီး အသိအမှတ် ပြုကြသည်။

အစ်မကြီးချုံးက ငေးမောနေမှုကို ရုတ်တရက် သတိပြန်ဝင်လာပြီး အကြည့်ကို အတင်းအကျပ် လွှဲဖယ်လိုက်သည်။ သူ၏ စူးစမ်းလိုစိတ်ကို ဖုံးကွယ်ကာ စိတ်မဝင်စားသလို ဟန်ဆောင်လျက် ပြောလိုက်သည်။ “ဟွန့်... နင့်ရဲ့ အကြိုက်က သာမန်ပဲလို့ ငါ ထင်တာပဲ...”

သူ ခံစားခဲ့ရသော ဆင်းရဲဒုက္ခများကို ဘယ်တော့မှ ဝန်ခံမည်မဟုတ်ပေ။ နှစ်ပေါင်းသောင်းချီ၍ သည်းခံ ကျော်ဖြတ်ခဲ့ရသော်လည်း သူ့ဘဝ၏ တစ်ခုတည်းသော တောက်ပသည့် အခိုက်အတန့်မှာ ဓားသူတော်စင် အဘိုးကြီးနှင့် တွေ့ဆုံခဲ့ခြင်းသာ ဖြစ်သည်။ ထိုအချိန်မှစ၍ အထီးကျန်ခြင်းသာ သူ၏ တစ်ခုတည်းသော အဖော်ဖြစ်ခဲ့ရသည်။

သူက ရှေးဟောင်းနတ်ဘုရားမြို့တော်မှ ထွက်ခွာခဲပြီး ထွက်ခွာသည့် အခါမျိုးတွင်လည်း ဓားသူတော်စင် အဘိုးကြီး၏ သတင်းကို ရှာဖွေရန်သာ ဖြစ်ပြီး ကမ္ဘာလောက၏ အလှအပကို ခံစားရန် မဟုတ်ခဲ့။

သူ၏ ဘဝမှာ ပျင်းရိငြီးငွေ့စရာ ကောင်းလှပြီး တစ်သက်တာ ဆန္ဒမှာ ဓားသူတော်စင် အဘိုးကြီးကို စောင့်ဆိုင်းခြင်းနှင့်သာ ဆက်နွယ်နေခဲ့သည်။

တုန်းဖန်လျူလီက ပြုံးလိုက်သော်လည်း ထင်ရှားလှသော ထိုမုသားကိုတော့ မလှန်လိုက်ပေ။ သူက ပန်းငုံများကို ဆက်လက်ဆွတ်ယူကာ ကိုင်ထားသော ခြင်းတောင်းထဲသို့ ထည့်လိုက်သည်။ ပန်းအချို့ကို ကိုယ်တိုင် အခြောက်လှမ်းပြီး မုန့်ချင်ကျိုးကို ပေးရန် တိတ်တဆိတ် စီစဉ်နေခြင်းဖြစ်သည်။

မဟုတ်သေးဘူး...

သူ့အနေနဲ့ မဟုတ်ဘဲ “ဧကရီ”အနေနဲ့ မုန့်ချင်ကျိုးကို ပေးရမယ်။

“ဟေး... ငါ မဟာကျင်းရဲ့ မြို့တော်မှာ နေလို့ရမလား။” အစ်မကြီးချုံးက ရုတ်တရက် မေးလိုက်သည်။

တုန်းဖန်လျူလီ လှုပ်ရှားမှု ရပ်တန့်သွားကာ နောက်သို့ လှည့်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ “ဘယ်လိုထင်လဲ။ ကိုယ့်အိပ်ရာဘေးမှာ တခြားသူကို ဘယ်လိုလုပ် အိပ်စက်ခွင့် ပေးနိုင်မှာလဲ။ ပြီးတော့ နင်က နတ်ဘုရားတစ်ပါး ဖြစ်နေတာကို...”

အထီးကျန်သော်လည်း မာနကြီးသော အစ်မကြီးချုံးက လက်ပိုက်လိုက်ပြီး ပြောသည်။ “ဓားသူတော်စင် အဘိုးကြီး ဘယ်မှာရှိရှိ၊ ငါက အဲဒီမှာပဲ ရှိနေမှာ။ အထင်မလွဲနဲ့ဦး... ငါက နင့်ရဲ့ အကြံဉာဏ်ကို တောင်းနေတာမဟုတ်ဘူး၊ အသိပေးရုံပဲ...”

သို့သော် ထိုသို့ပြောနေစဉ်တွင် သူ၏ ရွှေရောင် ဒေါင်လိုက်မျက်လုံးသူငယ်အိမ်များမှာ တုန်ယင်နေပြီး စိုးရိမ်စိတ်အချို့ကို ပြသနေသည်။

“သဘောပဲလေ...” တုန်းဖန်လျူလီ ခဏမျှ စဉ်းစားပြီးနောက် ထပ်မံ၍ မငြင်းတော့ပေ။

ကောင်းကင်တာအို ကျိန်ဆိုချက်၏ ကန့်သတ်ချက်များကို ထည့်မတွက်ထားလျှင်ပင် အစ်မကြီးချုံးတွင် မကောင်းသော ရည်ရွယ်ချက် ရှိလာခဲ့လျှင်လည်း တုန်းဖန်လျူလီ မကြောက်ပေ။ သူ့တွင် နတ်ဘုရား တစ်ပါးကို သတ်ဖြတ်နိုင်သည့် ကိုယ်ပိုင်ယုံကြည်ချက် ရှိသည်။

“ဟူး...” အစ်မကြီးချုံးက တိတ်တဆိတ် သက်ပြင်းချကာ စိတ်သက်သာရာ ရသွားပြီး ကျောခိုင်းလျက် ရင်ဘတ်ကို အသာအယာ ပုတ်လိုက်သည်။

တုန်းဖန်လျူလီက ပန်းများကို ဆက်လက်ဆွတ်ယူရင်း မေးလိုက်သည်။ “ငါ သိချင်တာက နင်နဲ့ အချိန်နဲ့နေရာလွတ် ဓားသူတော်စင်ကြားက ဆက်ဆံရေးက ဘာလဲ။ ဘာလို့ သူ့ကို ဓားသူတော်စင် အဘိုးကြီးလို့ ခေါ်တာလဲ။”

“ငါ့မှတ်ဉာဏ်ထဲမှာတော့ အချိန်နဲ့နေရာလွတ် ဓားသူတော်စင်က အသက်နှစ်ဆယ်ပဲ ရှိသေးတာ။ ဒါပေမဲ့ နှစ်ပေါင်းသောင်းချီ ရှင်သန်ခဲ့တဲ့ နတ်ဘုရားတစ်ပါးဖြစ်တဲ့ နင်က သူ့ကို “အဘိုးကြီး”လို့ ခေါ်နေတာက အတော်လေး ထူးဆန်းနေတယ်...”

ဓားသူတော်စင်အဘိုးကြီးအကြောင်း ပြောလိုက်သည်နှင့် အစ်မကြီးချုံး၏ မျက်ဝန်းများ ပြောင်းလဲသွားပြီး သူ၏ဝမ်းတွင်းမည်းရောဂါမှာ အရှိန်တက်လာလုနီးပါး ဖြစ်သွား၏။

အစ်မကြီးချုံးတွင် ပုံစံနှစ်မျိုးရှိသည်။ တစ်မျိုးမှာ အုံပုန်းလိုလီလေးဖြစ်ပြီး၊ နောက်တစ်မျိုးမှာတော့ ရူးကြောင်ကြောင် ဝမ်းတွင်းမည်း ဖြစ်သည်။

ပုံမှန်အားဖြင့်တော့ သူက ထူးဆန်းပြီး အုံပုန်းဆန်သော်လည်း ရောဂါအရှိန်တက်လာသည်နှင့် သူ၏ ကြောက်မက်ဖွယ်ကောင်းမှုမှာ အဆမတန် မြင့်တက်သွားလိမ့်မည်။

“ဓားသူတော်စင်အဘိုးကြီးနဲ့ ငါက... လွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းချီကတည်းက တွေ့ခဲ့တာ။ သူက အချိန်နဲ့နေရာလွတ်ကို ဖြတ်ကျော်ပြီး ထွက်ခွာသွားခဲ့တာ။ ငါက သူ့ကို ပြန်တွေ့ဖို့ နှစ်ပေါင်းထောင်ချီ စောင့်ခဲ့ရတာ။ ငါတို့က တစ်ယောက်နဲ့တစ်ယောက် ဘဝမှာ မရှိမဖြစ် လိုအပ်တဲ့ အစိတ်အပိုင်းတွေပဲ။ နင် နားလည်မှာ မဟုတ်ပါဘူး...” အစ်မကြီးချုံးက ပါးပြင်လေးများကို အုပ်ကာ အိပ်မက်ဆန်ပြီး ရူးသွပ်သော မျက်ဝန်းများဖြင့် ပြောလိုက်သည်။

၎င်းကို မြင်လိုက်ရသော် တုန်းဖန်လျူလီက ပန်းဆွတ်ခြင်းကို ရပ်တန့်လိုက်ပြီး အစ်မကြီးချုံးကို အနက်ရှိုင်းဆုံး ကြည့်လိုက်သည်။

ဤအခိုက်အတန့်တွင် သူက အစ်မကြီးချုံး၏ မရေမတွက်နိုင်သော နှစ်များစွာမှ အဆုံးမဲ့ အထီးကျန်မှုနှင့် ဟာလာဟင်းလင်း ဖြစ်နေမှုများကို ခံစားလိုက်ရသလိုပင်။

အစ်မကြီးချုံး၏ ရူးသွပ်သော ဘက်ခြမ်းကို မြင်လိုက်ရသော်လည်း တုန်းဖန်လျူလီက ကြောက်စရာဟု မထင်မိပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူအပေါ် သနားစိတ်ပင် ဖြစ်မိသည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက အစ်မကြီးချုံးမှာ ဖြူစင်ရိုးသားသော မိန်းကလေးတစ်ဦး ဖြစ်ခဲ့ကောင်း ဖြစ်ခဲ့ပါလိမ့်မည်။ သို့သော် အချိန်ရေစီးကြောင်းအောက်တွင် သူ၏ စွဲလမ်းမှုနှင့် ခံနိုင်ရည်ရှိသော နှလုံးသားမှာ ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်သွားခဲ့ပြီး ထိုသို့ဖြင့် ဝမ်းတွင်းမည်း ဖြစ်လာခဲ့ခြင်း ဖြစ်ပေမည်။

“စိတ်ချပါ၊ ကောင်းကင်တာအို ကျိန်ဆိုချက် မရှိရင်တောင် ငါက သူတစ်ပါးရဲ့ ဆက်ဆံရေးကို ဖျက်ဆီးဖို့ စိတ်မဝင်စားပါဘူး။ နင် မဟာကျင်းရဲ့ ဥပဒေတွေကို လိုက်နာသရွေ့တော့ နင်နဲ့ အချိန်နဲ့နေရာလွတ် ဓားသူတော်စင်ကို ငါ ထောက်ခံပေးမှာဖြစ်သလိုကူညီပေးဖို့လည်း ဝန်မလေးပါဘူး...” တုန်းဖန်လျူလီက တည်ငြိမ်စွာ ပြောလိုက်သည်။

အစ်မကြီးချုံး၏ မျက်ဝန်းထဲတွင် နီမြန်းသော အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီးနောက် ပုံမှန်အတိုင်း ပြန်ဖြစ်သွားကာ မာနတကြီး ပြောလိုက်သည်။ “မလိုပါဘူး...”

“တကယ်လို့ နင်သာ အကူအညီ လိုအပ်လာရင် ငါ့ဆီ လာလို့ရတယ်။ နင် ဒူးထောက်ပြီး အရိုအသေ ပေးမယ်ဆိုရင် မုန့်ချင်ကျိုးရဲ့ နှလုံးသားထဲမှာ ရှိနေတဲ့ ဧကရီရဲ့ ပုံရိပ်ကို ပြောင်းလဲပေးဖို့ ငါ ကူညီပေးနိုင်တယ်...”

တုန်းဖန်လျူလီ ခပ်တိုးတိုး ရယ်လိုက်သည်။ “ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ မလိုပါဘူး။ ငါတို့ ကိုယ့်အရည်အချင်းနဲ့ကိုယ်ပဲ ရင်ဆိုင်ကြတာပေါ့...”

ခြင်းတောင်းထဲတွင် ပန်းပွင့်လွှာများ ပြည့်သွားပြီးနောက် တုန်းဖန်လျူလီက သူ၏ ဆံနွယ်များကို နားနောက်သို့ သပ်လိုက်ရာ ပန်းဆွတ်နေသော မိန်းကလေးလေးတစ်ဦးနှင့် တူနေသည်။

အစ်မကြီးချုံးပင်လျှင် ထိုမြင်ကွင်းကို ငေးကြည့်မိသွားပြီး သူ့ဘာသာ ရေရွတ်လိုက်သည်။ “ဒီလောက် လှတဲ့သူက ဘာလို့ မျက်မမြင် သာမန်လူတစ်ယောက်ကို ကြိုက်နေရတာလဲ။ ဒါက တကယ်ကို အဓိပ္ပာယ် မရှိတာပဲ...”

တုန်းဖန်လျူလီက သူကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။ “ခေတ်အဆက်ဆက်ကို စောင့်ဆိုင်းခဲ့ပြီး ဘဝရဲ့ အရာအားလုံးကို အဖိုးတန်တဲ့ လူတစ်ယောက်အပေါ်ပဲ ပုံအောထားတဲ့ နတ်ဘုရားတစ်ပါးကိုလည်း ငါကတော့ အဓိပ္ပာယ်မရှိဘူးလို့ ထင်တာပဲ...”

“ကဲ... စကားတွေ အတော်များသွားပြီ။ နင် အခု နန်းတော်ကနေ ထွက်သွားလို့ရပြီ၊ အချိန်နဲ့နေရာလွတ် ဓားသူတော်စင်က ဒီမှာ မရှိဘူး...”

ထိုသို့ပြောပြီးနောက် တုန်းဖန်လျူလီက ခြင်းတောင်းလေးကို ကိုင်ကာ ထွက်ခွာသွားတော့သည်။ သူက အခြေအနေများကို တည်ငြိမ်အောင် ပြုလုပ်ရန်နှင့် မုန့်ချင်ကျိုး၏ စိတ်ထဲတွင် သူအပေါ် ထားရှိသော အမြင်များကို အမြန်ဆုံး ပြန်လည်ပြင်ဆင်ရန် စိတ်အားထက်သန်နေပုံရသည်။

ချင်းစံအိမ်ရှေ့။

မုန့်ချင်ကျိုးက တုန်းဖန်လျူလီနှင့်အတူ ပြန်ရောက်လာပြီး သူတို့နောက်တွင် နဖူးတွင် ဘုကြီး ထွက်နေသော စုချင်ချိုး ပါလာသည်။

“ငါ့မှတ်ဉာဏ်တွေ လွဲနေတာလား။ ခေါင်းကို အထုခံလိုက်ရသလို ခံစားနေရတယ်။ ခေါင်းမှာလည်း ဘုကြီး ထွက်နေတာ။ သေချာပေါက် ငါ ချောင်းမြောင်း တိုက်ခိုက်ခံလိုက်ရတာပဲ...”

“ဒါပေမဲ့ ဘာလို့ အရှင်မ၊ နန်းရင်းဝန်နဲ့ ဗိုလ်ချုပ်ကြီးချင်တို့ အားလုံးက ငါ အိပ်ပျော်သွားတာလို့ ပြောနေကြတာလဲ။ အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”

“ငါက အဲဒီလောက်လည်း မအပါဘူး...”

စုချင်ချိုးက သူ၏ ခြေဖျားနှင့် ကျောက်ခဲတစ်လုံးကို ကန်လိုက်ကာ တစ်စုံတစ်ဦးက သူကို ချောင်းမြောင်း တိုက်ခိုက်ခဲ့သည်ဟု ခံယူလျက် မကျေမနပ် ဖြစ်နေသည်။

သို့သော် စုချင်ချိုး မော့ကြည့်လိုက်သောအခါတွင်မူ နတ်ဘုရားမောင်နှံကဲ့သို့ ယှဉ်တွဲလျှောက်နေသော ရှေ့မှ စုံတွဲကို မြင်လိုက်ရသဖြင့် သူ၏ စိတ်အနှောင့်အယှက်များ ပျောက်ကွယ်သွားသည်။

အရှင်မရဲ့ အပြုံးတွေ ပြန်ရောက်လာပြီ...

ဧကရီနဲ့ ကြင်ရာတော်တို့က တကယ်ကို ချိုမြိန်နေကြတာပဲ....

စုချင်ချိုး ပျော်ရွှင်စွာ ရှေ့သို့ ပြေးတက်သွားကာ ချင်းစံအိမ်၏ တံခါးကို တွန်းဖွင့်လျက် အထဲသို့ လှမ်းအော်လိုက်သည်။ “အဘိုးကြီး။ ပြန်လာပြီ...”

ခြံဝင်းထဲတွင် ငိုက်မြည်းနေသော နေမင်းအရှင်သခင်က ရုတ်တရက် မျက်လုံးများ ပွင့်လာသည်။ တံခါးပွင့်လာသည်နှင့် တစ်ပြိုင်နက် ၎င်းက ထရပ်ကာ ခွေးကြိုးကို အမြန်ဝတ်ပြီး ကျန်တစ်ဖက်ကို ကျောက်တိုင်တွင် ချည်လိုက်သည်။

တံခါး အပြည့်အဝ ပွင့်သွားသည့်အချိန်တွင် ၎င်းက အသင့်ဖြစ်နေပြီဖြစ်ကာ စိတ်အားထက်သန်စွာ ဟောင်လိုက်သည်။

“ဝုတ် ဝုတ် ဝုတ်...”

နေမင်းအရှင်သခင်ကင နောက်ခြေထောက်များဖြင့် ရပ်ကာ ၎င်း၏ ခြေဖဝါးများကို မုန့်ချင်ကျိုး၏ ပေါင်ပေါ်သို့ တင်လိုက်ပြီး ချစ်ခင်စွာ လျက်ပေးနေသည်။

အို... ဘုရားရေ သခင်... နောက်ဆုံးတော့ ပြန်လာပြီပဲ...

သခင် မရှိတဲ့အချိန်မှာ ကျွန်တော် ထမင်းလည်း ကောင်းကောင်းမစားရ၊ အိပ်လည်း ကောင်းကောင်း မအိပ်ရပါဘူး။ အဆင့်မြင့်ခွေးစာတွေရဲ့ အရသာကိုတောင် အိပ်မက်မက်နေရတာ...

မြန်မြန်... မြန်မြန်လုပ်ပါ။

ခွေးစာတွေ ထုတ်ပေးတော့။ သခင် ဘယ်မှာ ဝှက်ထားလဲဆိုတာ သိချင်နေပြီ။ ဘောင်းဘီထဲမှာလား။

“နေမင်းအရှင်သခင်...” စုချင်ချိုး၏ အေးစက်လှပသော မျက်နှာမှာ မဲမှောင်သွား၏။ နေမင်း အရှင်သခင်၏ ဖားနေသော အမူအရာကို သူ ဆက်မကြည့်နိုင်တော့ပေ။

တုန်းဖန်လျူလီလည်း နဖူးကို လက်နှင့်အုပ်ကာ စိတ်ရှုပ်သွားမိသည်။ ယနေ့တိုင်အောင် ချင်းစံအိမ်ရှိ မည်သူမျှ မုန့်ချင်ကျိုးက နေမင်းအရှင်သခင်အပေါ် မည်သည့် မှော်အတတ်ကို အသုံးပြုထားသဖြင့် ဤမျှအထိ ထူးထူးဆန်းဆန်း ဖြစ်နေရသည်ကို နားမလည်နိုင်ကြသေးပေ။

All Chapters