← Chapters

အပေးအယူတစ်ခု

Vol. 6 Ch. 73

အပေးအယူတစ်ခု

Vol. 6 Ch. 73

နန်းတွင်းအရာရှိများကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်နေကြသည်။ “ပစ္စုပ္ပန်ကျေးရွာ” စီမံကိန်းတွင် ပါဝင်ခဲ့ဖူးသော လူနည်းစုကသာ အသေးစိတ်ကို သိရှိကြပြီး အရာရှိအများစုမှာမူ မုန့်ချင်ကျိုးကို တပ်မတော်သုံးခု၏ စစ်သေနာပတိချုပ်အဖြစ် ခန့်အပ်လိုက်ခြင်းအပေါ် သံသယဝင်နေကြသည်။

ညီလာခံပြီး၍ အရာရှိများ နန်းတွင်းလမ်းအတိုင်း ထွက်ခွာလာကြစဉ် အားတက်သရော ဆွေးနွေး၍ နေကြသည်။

ဆံပင်ဖြူဖြူနှင့် တောင်ဝှေးကို အားပြုထားရသော ဝါရင့်အမတ်ကြီး တစ်ဦးက ကျယ်လောင်စွာ ကန့်ကွက်လေသည်။

“ဝန်ကြီးမုန့်ရဲ့ အောင်မြင်မှုတွေနဲ့ ဝတ်ပြုရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ရာထူးကိုတော့ ငါ အသိအမှတ် ပြုပါတယ်။ ဒါပေမဲ့ ဒီတိုက်ပွဲက နိုင်ငံတော်ရဲ့ ကံကြမ္မာနဲ့ သက်ဆိုင်နေတာ။ ဒါကို ကလေးကစားစရာလို ဘယ်လိုလုပ် သဘောထားလို့ ရမှာလဲ။ ဝန်ကြီးမုန့်မှာ စစ်တပ်ကို ကွပ်ကဲဖူးတဲ့ အတွေ့အကြုံ မရှိဘူး။ သူ့ကို ဘယ်လိုလုပ် စစ်သေနာပတိချုပ်အဖြစ် ခန့်အပ်နိုင်မှာလဲ။”

ပင်လယ်အရှင်သခင် ကျန်းရှောင်ချင်းကလည်း ခေါင်းကို အသာအယာညိတ်လျက် ထောက်ခံလိုက်သည်။ “အရှင်မက ဝန်ကြီးမုန့်အပေါ် ယုံကြည်မှု လွန်ကဲနေတာပဲ။ စစ်တပ်ကို ကွပ်ကဲတယ် ဆိုတာက သီအိုရီသက်သက် မဟုတ်ဘူး။ သူ ဘယ်လောက်ပဲ ဉာဏ်ကောင်းကောင်း၊ စစ်မြေပြင် အတွေ့အကြုံနဲ့ မရေမတွက်နိုင်တဲ့ ရှုံးနိမ့်မှုတွေ မရှိဘဲနဲ့ တစ်ပွဲတည်းနဲ့ အောင်မြင်မှု အကြီးကြီးကို ဘယ်လိုလုပ် ရနိုင်မှာလဲ။”

အချို့ကလည်း တိုးတိုးလေး ပြောနေကြသည်။

“ဝန်ကြီးမုန့်ရဲ့ အလှအပဗျူဟာက အောင်မြင်သွားတာလို့ပဲ ပြောရမှာပေါ့။ ဧကရီကတော့ အချစ်ကြောင့် မျက်စိကွယ်သွားပြီထင်တယ်...”

လူအုပ်၏ နောက်ဆုံးမှ လိုက်ပါလာသော မုန့်ချင်ကျိုးမှာမူ မျက်မမြင် တောင်ဝှေးကို အားပြုကာ ဖြည်းဖြည်းချင်း လျှောက်လှမ်းနေသည်။ သူက အရာရှိများ၏ စကားကို မကြားချင်ယောင်ဆောင်ကာ လျစ်လျူရှုထားလိုက်သည်။

အမှန်တကယ်တွင်မူ...

အရာရှိများသာမက မုန့်ချင်ကျိုး ကိုယ်တိုင်ပင်လျှင် “အရှင်မ.. စိတ်ဖောက်ပြန်သွားပြီလား” ဟူ၍ မေးချင်နေမိသည်။

သူ့တွင် ယုံကြည်မှု မရှိသည် မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် အသိစိတ် ရှိနေခြင်း ဖြစ်သည်။ မည်သူမျှ မပြည့်စုံနိုင်ပေ။ မုန့်ချင်ကျိုးက စစ်ကျမ်းများကို မဖတ်ဖူးသလို စစ်မြေပြင်သို့လည်း မရောက်ဖူးခဲ့ပေ။ စစ်ဗျူဟာများကို နားမလည်သည့်အပြင် တိုင်းပြည် ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် စစ်ပွဲကြီးတွင် စစ်သည်တစ်သန်းကို ကွပ်ကဲညှိနှိုင်းရန် ဆိုသည်မှာ ပို၍ပင် ဝေးစွ။

အရာရှိများမှာ တစ်ဦးနှင့်တစ်ဦး နှုတ်ဆက်ကာ အရင်ကလို တက်ကြွမှု မရှိတော့ဘဲ သက်ပြင်းချလျက် ထွက်ခွာသွားကြသည်။ မုန့်ချင်ကျိုးက နန်းတွင်းလမ်းပေါ်တွင် တစ်ဦးတည်း ဆိတ်ဆိတ်ငြိမ်ငြိမ် လျှောက်လာခဲ့သည်။

ထိုစဉ်...

နန်းတွင်းလမ်း၏ အဆုံးတွင် ရိုးရှင်းသော ဝတ်စုံဖြူလေးကို ဝတ်ဆင်ထားပြီး ဆီစိမ်စက္ကူထီးလေးကို ကိုင်ထားသော တုန်းဖန်လျူလီကည် သူ့ကို ကြည့်ကာ ချစ်စဖွယ် ပြုံးပြနေသည်။

“ဘာဖြစ်လို့လဲ။ စစ်သေနာပတိချုပ်ကြီးက အတော်လေး စိတ်ညစ်နေပုံရပါလား။ ဒါက နိမိတ် မကောင်းဘူးနော်...”

မုန့်ချင်ကျိုး အံ့သြသွားသည်။ “မင်း သိနေပြီလား။”

တုန်းဖန်လျူလီက မုန့်ချင်ကျိုးအနားသို့ ချဉ်းကပ်လာကာ သူတို့နှစ်ဦးစလုံးကို ထီးမိုးပေးလိုက်ပြီး တစ်ဦးကိုတစ်ဦး မှီလျက် ယှဉ်တွဲလမ်းလျှောက်လာကြသည်။

“သိတာပေါ့...” တုန်းဖန်လျူလီက ခပ်ဖွဖွလေး ပြုံးလိုက်သည်။ “ဘာလို့လဲဆိုတော့ ကျွန်မလည်း လိုက်ခဲ့မှာ မို့လို့လေ။ ရှင့်ရဲ့ အကြံပေးအဖြစ် တာဝန်ယူပြီး စစ်ဗျူဟာတွေမှာ ကူညီပေးမှာပါ...”

၎င်းကို ကြားလိုက်ရသော် မုန့်ချင်ကျိုး မျက်မှောင်ကြုတ်သွားပြီး စိတ်မသက်မသာ ဖြစ်သွားသည်။

ထိုအရာကို မြင်လိုက်ရသောအခါ တုန်းဖန်လျူလီ၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ “ငါးပိကောင်မုန့်”က ဧကရီကို စိတ်ထဲကနေ ထပ်ပြီး ကျိန်ဆဲနေပြီ ဖြစ်ကြောင်း သိလိုက်သည်။ သူ အမြန်ပင် ရှင်းပြလိုက်၏။

“အထင်မလွဲနဲ့ဦး။ ဒါက ဧကရီနဲ့ ဘာမှမဆိုင်ဘူး...”

“အစကတော့ ကျွန်မက စစ်သေနာပတိချုပ်အဖြစ် တပ်တွေကို ကွပ်ကဲရမှာ။ ဒါပေမဲ့ အရှင်က ကျွန်မကို လူတွေက သံသယဝင်မှာ စိုးရိမ်လို့ ရှင့်ကို ရှေ့တန်းတင်လိုက်တာ။ နောက်ဆုံးတော့ ဝန်ကြီးမုန့်ရဲ့ အောင်မြင်မှုတွေနဲ့ဆိုတော့ ဘယ်သူမှ ဒီရာထူးကနေ ပြောင်ပြောင်တင်းတင်း မကန့်ကွက်ရဲကြဘူးလေ။ ဒါကြောင့် ခဏလောက်တော့ သည်းခံပေးလိုက်ပါ...”

မုန့်ချင်ကျိုး၏ မျက်မှောင်ကြုတ်မှုမှာ ပြေလျော့သွားသော်လည်း မေးခွန်းအသစ်တစ်ခု ပေါ်လာသည်။ “မင်းပြောတာက... မူလက မင်းက စစ်သေနာပတိချုပ် ဖြစ်ရမှာလား။ ဘာကို ဆိုလိုတာလဲ။”

ချင်းဖုန်းဟော် ဒါမှမဟုတ် ကျန်းစန်းဟိုင် ဖြစ်ရမှာ မဟုတ်ဘူးလား။ သာမန် အမျိုးသမီးအရာရှိလေး တစ်ယောက်က ဘယ်လိုလုပ်...

သို့သော် တုန်းဖန်လျူလီ ဖုံးကွယ်ထားနိုင်သည့် လျှို့ဝှက်ချက်အချို့ကို တွေးမိကာ မုန့်ချင်ကျိုး ဆက်မမေးတော့ပေ။

တုန်းဖန်လျူလီက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။ “အမှန်အတိုင်း ပြောရရင် ရှင့်ရဲ့ မိန်းမက မဟာကျင်းတိုင်းပြည်ရဲ့ အကြီးကျယ်ဆုံး စစ်ဗျူဟာရှင်ပဲ။ အပေါ်ယံမှာ ကျွန်မက အမျိုးသမီးအရာရှိလေး တစ်ယောက်ပေမဲ့ တကယ်တော့ ကျွန်မက တိုင်းပြည်ရဲ့ လျို့ဝှက်လက်နက်ပဲ...”

“ဟွန့်... ကြောက်သွားပြီလား။”

မုန့်ချင်ကျိုး တကယ်ပင် လန့်သွား၏။

ဤမျှ ခန့်ညားသော ဘွဲ့ထူးများဖြစ်သည့် အကြီးကျယ်ဆုံးစစ်ဗျူဟာရှင်နှင့် လျို့ဝှက်လက်နက်တို့ကို သူ၏ ဇနီးသည်က ပိုင်ဆိုင်ထားသည်လား..

“တကယ်လား။ ငါက စာသိပ်ဖတ်တာ မဟုတ်ဘူး၊ ငါ့ကို လာမလိမ်နဲ့နော်...” မုန့်ချင်ကျိုး သံသယများဖြင့် ပြည့်နှက်နေသည်။

မူလဇာတ်လမ်းထဲတွင် “တုန်းဖန်” အမည်ရှိသော ထူးခြားသည့် အမျိုးသမီးအကြောင်း ဖော်ပြထားခြင်း မရှိပေ။

အကယ်၍ သူ၏ ဇနီးသည်က ဤမျှ အစွမ်းထက်နေလျှင် အဘယ်ကြောင့် နာမည်မကျော်ကြားဘဲ နေပါ့မည်နည်း။ ဖြစ်နိုင်ခြေတစ်ခုကတော့...

မုန့်ချင်ကျိုးက ဖြစ်နိုင်ခြေတစ်ခုကို တွေးမိကာ ရုတ်တရက် သဘောပေါက်သွားသည်။ မူရင်း ဇာတ်လမ်းတွင် ဧကရီ ရှုံးနိမ့်ခဲ့ပြီး ထီးနန်းကို ဆုံးရှုံးခဲ့ရကာ သူ၏ လူယုံများအားလုံးမှာ ကျောက်ယွီဟွမ်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်ကို သူ သတိရလိုက်သည်။

သူ့ဇနီးလည်း အဲဒီအထဲတွင် ပါဝင်နေခဲ့တာလား။

ဒါကြောင့် တုန်းဖန်လျူလီက အရည်အချင်းတွေကို ပြသခွင့်မရဘဲ အဖူးအငုံဘဝမှာတင် သတ်ဖြတ်ခြင် ခံလိုက်ရတာပေါ့။

“xxxပဲ... ကျောက်ယွီဟွမ်၊ မင်းကို အသေစောခိုင်းလိုက်တာ နည်းတောင် နည်းသေးတယ်...” မုန့်ချင်ကျိုး အံကြိတ်ကာ ပြောလိုက်မိသည်။ သူက ကျောက်ယွီဟွမ်၏ ဝိညာဉ်ကို ငရဲမှ ဆွဲထုတ်ကာ ရိုက်နှက်ချင်စိတ် ပေါက်နေသည်။

လရောင်အောက်တွင် တုန်းဖန်လျူလီ၏ လှပသော ဘေးတိုက်ပုံရိပ်မှာ တောက်ပနေသည်။ သူ၏ တောက်ပသော မျက်ဝန်းအစုံက မုန့်ချင်ကျိုးကို စိုက်ကြည့်လျက် အပြုံးကို ထိန်းကာ အလေးအနက် ပြောလိုက်သည်။

“မကြောက်ပါနဲ့။ ကျွန်မ ရှင့်ကို လမ်းပြပေးမှာပါ...”

မုန့်ချင်ကျိုး ချက်ချင်းပင် ပြုံးလိုက်ကာ တုန်းဖန်လျူလီ၏ ခေါင်းလေးကို ပွတ်သပ်ရင်း ပြောလိုက်သည်။

“ဘာကို ကြောက်ရမှာလဲ။ ကိုယ်က အဲဒီ ဆိုးသွမ်းပြီး အာဏာရှင်ဆန်တဲ့ ဧကရီအတွက် အလုပ် မလုပ်ချင်တာပါ။ ဒါပေမဲ့ မင်းနဲ့ ပတ်သက်လာရင်တော့ ဝမ်းသာအားရ လုပ်ပေးမှာပေါ့....”

တုန်းဖန်လျူလီ မျက်လုံးတစ်ချက် လှုပ်သွားသည်။ သူမှာ အနည်းငယ်မျှပင် စိတ်မလှုပ်ရှားမိဘဲ “ဆိုးသွမ်းပြီးအာဏာရှင်ဆန်တဲ့ဧကရီ” ဆိုသော စကားလုံးများကိုသာ စိတ်ထဲကနေ ထပ်ခါထပ်ခါ ရေရွတ်နေမိသည်။

ဒီတော့ အကုန်လုံး ခြုံကြည့်လိုက်ရင် မုန့်ချင်ကျိုးရဲ့ စိတ်ထဲမှာ ဧကရီရဲ့ ပုံရိပ်က အတော်လေး ဆိုးနေတုန်းပဲပေါ့။

ရုတ်တရက်...

တုန်းဖန်လျူလီ၏ နားထဲသို့ အသံတစ်ခု ပျံ့လွင့်လာသည်။ “ဧကရီရဲ့ ပုံရိပ်ကို ဘယ်လို ပြန်ဆယ်ရမလဲ ဆိုတာ ခေါင်းစားနေတာလား။”

“နင်နဲ့ မဆိုင်ဘူး..” တုန်းဖန်လျူလီက ထိုအသံကို ကြားသည်နှင့် မည်သူမှန်း သိလိုက်ပြီး မဆိုင်းမတွ တုံ့ပြန်လိုက်သည်။

စိတ်အခြေအနေ မကောင်းတဲ့အချိန် ဒီနတ်ဆိုးမက ပြဿနာလာရှာနေပြန်ပြီ။

“စိတ်မပူပါနဲ့။ ငါတို့တွေ ကတိကဝတ် လုပ်ထားတာပဲ။ ငါ ကတိမဖျက်ပါဘူး။ နင့်ကို ကူညီဖို့ လာတာပါ..” ချုံးသည် မြို့တော် ပြင်ပရှိ တောင်ထိပ်တစ်ခုပေါ်တွင် ရပ်နေရင်း အထီးကျန်သော ပုံစံဖြင့် အသံကို ဆက်လွှင့်လိုက်သည်။

“ငါ့ကို ကူညီမယ် ဟုတ်လား။ နင်က ဒီလောက်အထိ စိတ်ကောင်း ရှိတာလား။” တုန်းဖန်လျူလီက သံသယ ဖြစ်နေသည်။

တောင်ထိပ်ပေါ်တွင် ရပ်နေသော ချုံးက ကောင်းကင်ကို အားကိုးရာမဲ့စွာ မော့ကြည့်ရင်း ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ “ဒါပေါ့၊ အလကားရတဲ့ ထမင်းထုပ်ဆိုတာ လောကမှာ မရှိဘူးလေ။ ငါ နင့်ကို ကူညီမယ်၊ ဒါပေမဲ့ နင်လည်း ငါ့ကို ပြန်ကူညီရမယ်...”

“ပြောကြည့်လေ...” တုန်းဖန်လျူလီ အနည်းငယ် စိတ်ဝင်စားသွားသည်။

ချုံးက အသံလွှင့်လိုက်သည်။ “ငါ... ဓားသူတော်စင် အဘိုးကြီးကို ရှာမတွေ့ဘူး။ သူက ပျောက်ကွယ် သွားသလိုပဲ။ မုန့်ချင်ကျိုးက ဓားသူတော်စင် အဘိုးကြီးရဲ့ ဆရာ မဟုတ်ဘူးလား။ အဘိုးကြီး ဘယ်မှာလဲ ဆိုတာ သူ သေချာပေါက် သိမှာပဲ။ ငါ့အတွက် အဘိုးကြီးကို ရှာပေး၊ ငါ နင့်အတွက် ဧကရီရဲ့ ပုံရိပ်ကို ပြန်ဆယ်ပေးမယ်။ ဘယ်လိုလဲ။”

တုန်းဖန်လျူလီ တွန့်ဆုတ်သွားသည်။ သူက အမြဲတမ်း သန်မာသူဖြစ်ပြီး မိမိကိုယ်ကိုယ်သာ အားကိုးတတ်သူဖြစ်ကာ တခြားသူအပေါ် ဘယ်သောအခါမှ မမှီခိုခဲ့ပေ။

သို့သော် ယခုတစ်ကြိမ်တွင်မူ “ငါးပိကောင်”၏ နှလုံးသားထဲမှ ဧကရီ၏ပုံရိပ်ကို မည်သို့ ပြန်လည် တည်ဆောက်ရမည်နည်းဆိုသည်ကို သူ တကယ်ပင် မသိတော့။

“တွန့်ဆုတ်နေတာလား။ ဒါဆိုရင် ငါ နောက်ထပ် အလျော့အတင်း လုပ်ပေးမယ်။ နင့်ကို ဒီစစ်ပွဲ အနိုင်ရအောင် ငါ ကူညီပေးမယ်...” ချုံးက ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်သည်။

ခဏအကြာ။

တုန်းဖန်လျူလီက ခက်ခက်ခဲခဲ ခေါင်းညိတ်လိုက်ရပြီး အသံလွှင့်လိုက်သည်။ “နင့်ရဲ့ တောင်းဆိုချက်ကို ငါ သဘောတူတယ်။ ဒါပေမဲ့ ငါက ဘယ်သူ့ဆီကမှ အလကား မယူတတ်ဘူး။ နင့် တကယ်ပဲ ငါ့ကို စစ်နိုင်အောင် ကူညီပေးရင် နင်တို့ရဲ့ တိုင်းတစ်ပါးမျိုးနွယ်စုတွေ အခြေချဖို့အတွက် ပိုင်ရှင်မဲ့ နယ်မြေတစ်ခု ပေးဖို့ ငါ ဝန်မလေးဘူး...”

“နင် ငါ့ကို ဧကရီရဲ့ပုံရိပ် ပြန်ဆယ်ဖို့ ကူညီပေးမယ်ဆိုရင် ငါက နင့်အတွက် အချိန်နဲ့နေရာလွတ် ဓားသူတော်စင်ကို ရှာပေးရုံတင် မကဘူး။ နင့်ဆီကိုပါ ခေါ်လာပေးမယ်...”

“သဘောတူတယ်...” ချုံး၏အသံမှာ တဖြည်းဖြည်း တိုးဝင်သွားပြီး ပျောက်ကွယ်သွားတော့သည်။

ဓားသူတော်စင်နှင့် ကြင်ရာတော်တို့နှင့် သက်ဆိုင်သော အပေးအယူ တစ်ခုကို မုန့်ချင်ကျိုး၏ ရှေ့မှောက်မှာတင် ပြုလုပ်ခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် မုန့်ချင်ကျိုးက ချင်းစံအိမ်၏ တံခါးကို တွန်းဖွင့်လိုက်ရာ ခွေးဝါကြီး နေမင်း အရှင်သခင်၏ စိတ်အားထက်သန်စွာ ခုန်အုပ်မှုကို ကြိုဆိုလိုက်ရပြီး အဆင့်မြင့် ခွေးစာတစ်ထုပ်ကို ထုတ်ပေးလိုက်၏။

ချက်ချင်းပင် ချင်းစံအိမ်အတွင်း၌ နေမင်းအရှင်သခင်၏ ကမ္ဘာပျက်မတတ် ဟောင်သံကြီးများ ပဲ့တင်၍ ထပ်သွားတော့သည်။

“ဝုတ် ဝုတ် ဝုတ်...”

နှစ်သစ်ကူးပြီဟေ့။ နှစ်သစ်ကူးပြီဟ။

All Chapters