မုန်တိုင်းလာတော့မယ်
Vol. 6 Ch. 75
မုန့်ချင်ကျိုး၏ စိတ်ထဲ ခဏမျှ ဗလာဖြစ်သွားပြီးနောက် ရုတ်တရက် သတိပြန်ဝင်လာသည်။ သူ နောက်သို့ အမြန်ဆုတ်လိုက်ကာ သူ၏မေးစေ့ကို ဆွဲမထားသော ဧကရီ၏လက်ကို ရှောင်ရှားရင်း ရိုသေစွာ ဦးညွှတ်လိုက်သည်။
“မုန့်ချင်ကျိုးက အရှင်မကို ဂါရဝပြုပါတယ်။”
သူက စကားပြောရင်း ခန္ဓာကိုယ်ကို အနည်းငယ်ကိုင်းညွတ်ကာ မော့ကြည့်လိုက်ပြီး မေးသည်။ “အရှင်မက ဘာလို့ စစ်မြေပြင်ကို ကိုယ်တိုင်ကြွလာတာလဲ။ ဒီတိုက်ပွဲကို ကွပ်ကဲဖို့ ကျုပ်နဲ့ ဇနီးသည်ကို တာဝန်ပေးထားတာ မဟုတ်ဘူးလား။ အရှင်မ ကိုယ်တိုင် ဦးဆောင်ဖို့ ရည်ရွယ်ထားလို့လား။”
ဧကရီအဖြစ် ဟန်ဆောင်ထားသူမှာ အခြားသူဟုတ်ဘဲ အစ်မကြီးချုံးပင် ဖြစ်သည်။ ဤအခိုက်အတန့်တွင် သူက နောက်ပြောင်ချင်စိတ် ပေါက်နေသဖြင့် မုန့်ချင်ကျိုးကို ကျီစယ်ရန် မထိန်းနိုင်တော့ပေ။ သူသည် မုန့်ချင်ကျိုးအနားသို့ တမင်တကာ ထပ်တိုးသွားပြီး သူ၏မေးစေ့ကို နောက်တစ်ကြိမ် ဆွဲမလိုက်ကာ ထင်ရှားပြတ်သားပြီး ချောမောသော မျက်နှာကို အသေအချာ စူးစမ်းကြည့်လိုက်သည်။
ဟွန့်... ဧကရီက သူ့အပေါ် ဘာလို့ ဒီလောက်အထိ ရူးသွပ်နေရလဲဆိုတာ မဆန်းပါဘူး။ သူ့ရုပ်ရည်ကြောင့်ကိုး။ ဟွန့်... ငါ့ရဲ့ ဓားသူတော်စင်တော့ ဘယ်လိုမှ မနှိုင်းယှဉ်နိုင်ပါဘူး။
အစ်မကြီးချုံးက မကျေမနပ်ဖြင့် လက်ကို ပြန်ရုပ်သိမ်းလိုက်ကာ ချောင်းတစ်ချက်ဟန့်ပြီး ပြောသည်။
“မှန်တယ်။ ဒီတိုက်ပွဲက တိုင်းပြည်ရဲ့ ကံကြမ္မာနဲ့ သက်ဆိုင်နေတာ။ စစ်သည်တွေ အသက်ပေးနေရတာကို နောက်တန်းကနေ ဘယ်လိုကြည့်နေနိုင်မှာလဲ။”
“ဒါပေမဲ့...”
“အင်အားစု (၇)ခုကို အလစ်အငိုက် တိုက်ခိုက်ချင်တာမို့ အခုလောလောဆယ် ငါ ဒီမှာရှိနေတဲ့ သတင်းကို ဘယ်သူ့ကိုမှ မသိစေနဲ့။”
မုန့်ချင်ကျိုး မျက်မှောင်ကြုတ်သွားသည်။ ဧကရီ၏ ထပ်တလဲလဲ ကျီစယ်မှုအပေါ် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်မိသော်လည်း သူက လက်ကို အချိန်မီ ပြန်ရုပ်သွားသည်ကို မြင်သောကြောင့် စိတ်ထဲမထားတော့ဘဲ ခေါင်းညိတ်လိုက်သည်။ “နားလည်ပါပြီ...”
အမှန်စင်စစ် အစ်မကြီးချုံးသည် စစ်မြေပြင်၌ ဧကရီအဖြစ် ဟန်ဆောင်နေခြင်းမှာ တုန်းဖန်လျူလီနှင့် ထားရှိခဲ့သော သဘောတူညီချက်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။
တုန်းဖန်လျူလီ စစ်နိုင်အောင် ကူညီပေးမည်ဟု ကတိပေးထားသဖြင့် နံနက်ခင်းအလင်းနယ်ပယ် နှောင်းပိုင်းရှိ နတ်ဘုရားတစ်ပါးဖြစ်သော သူအနေဖြင့် ကိုယ်တိုင်ကူညီရန် လိုအပ်သည်။ ရှေးဟောင်း နတ်ဘုရားမြို့တော်ဝန်ဟူသော မူလပုံစံဖြင့် လာပါက မြို့တော်အတွင်းရှိ တိုင်းတစ်ပါး မျိုးနွယ်စုများထံမှ ပြဿနာများ ဖိတ်ခေါ်သလို ဖြစ်နိုင်သဖြင့် မသင့်တော်ပေ။
ထို့ကြောင့် အစ်မကြီးချုံးက ဧကရီအဖြစ် ဟန်ဆောင်ကာ တုန်းဖန်လျူလီကမူ စစ်သေနာပတိချုပ် တဲအတွင်း၌ ဗျူဟာမှူးအဖြစ် နေခြင်းဖြစ်သည်။
သို့သော် မုန့်ချင်ကျိုး၏ စိတ်ထဲတွင် သံသယများ ပြည့်နှက်နေသည်။
“ထူးဆန်းလိုက်တာ။ စစ်သေနာပတိချုပ်ဖြစ်တဲ့ ငါ့ရဲ့ရာထူးက ဘာအတွက်လဲ။”
“တကယ်လို့ သူတို့က အပြစ်တင်ဖို့အတွက် ဓားစာခံတစ်ယောက် လိုအပ်နေတာဆိုရင် ချင်းဖုန်းဟော်က ပိုပြီး သင့်တော်တာပေါ့။ အပေါ်ယံကြည့်ရင် ဗိုလ်ချုပ်ကြီးချင်းက ပိုပြီးတော့ ခိုင်မာပြတ်သားသလို လူတွေကလည်း ယုံကြည်ကြတာ။ ဒါပေမဲ့ သူတို့က ငါ့ကိုမှ ရွေးခဲ့တယ်...”
မုန့်ချင်ကျိုး အကြာကြီး စဉ်းစားသော်လည်း အဖြေမထွက်ပေ။ သူက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်သည်။
မည်သို့ဆိုစေ သူ့ဇနီးသည် ဤနေရာမှာ ရှိနေသဖြင့် လိုအပ်လာပါက သူ တွန့်ဆုတ်နေ၍ မရပေ။ တုန်းဖန်လျူလီ၏ ဘေးကင်းရေးကို သူ သေချာပေါက် အာမခံရပေမည်။
အကယ်၍ တုန်းဖန်လျူလီသာ အန္တရာယ်ရှိလာလျှင် အင်အားစု (၇)ခုလုံး ပေါင်းလာပါစေဦး၊ သူတစ်ဦးတည်းဖြင့် အားလုံးကို ရင်ဆိုင်ပစ်ရန် ဝန်လေးမည်မဟုတ်ပေ။
ရှင်သန်ခြင်းလမ်းစဉ်၏ အနှစ်သာရမှာ သည်းခံခြင်းနှင့် အဆုံးအဖြတ်ပေးမည့် တိုက်ကွက်တစ်ခုအတွက် လျို့ဝှက်စွာ အင်အားစုဆောင်းခြင်းပင်။
သည်းခံခြင်းဆိုသည်မှာ အကြီးမားဆုံးသော ကောင်းကျိုးအတွက် ဖြစ်ပြီး၊ မုန့်ချင်ကျိုးအတွက်မူ အကြီးမားဆုံးသော ကောင်းကျိုးမှာ အမြဲတမ်း သူ၏မိသားစုပင် ဖြစ်သည်။ သူ့မိသားစုကို ထိပါးလာသူ မည်သူ့ကိုမဆို၊ ကောင်းကင်လမ်းစဉ်ကို ဆန့်ကျင်ရမည်ဆိုလျှင်ပင် သူက ကောင်းကင်ကို ဓားဖြင့် ထိုးနှက်ရန် ဝန်လေးလိမ့်မည်မဟုတ်...
“လျူလီ... စစ်ပွဲစတာနဲ့ ငါ့နားမှာပဲ ကပ်နေနော်...” မုန့်ချင်ကျိုးက မှာကြားလိုက်သည်။
တုန်းဖန်လျူလီက ချိုသာစွာ ပြုံးပြပြီး ခေါင်းညိတ်ပြသည်။ “အင်း... ရှင့်နားကနေ တစ်ဖဝါးမှ မခွာပါဘူး။”
ငါ့ရဲ့ ငါးပိကောင်ယောကျ်ားလေးက ကျင့်ကြံခြင်းမရှိတဲ့ သာမန်လူ တစ်ယောက်ပဲ။ ငါကိုယ်တိုင် မကာကွယ်ပေးရင် ဘယ်လိုလုပ် စိတ်ချနိုင်မှာလဲ။
မုန့်ချင်ကျိုးက ဘာမှ ဆက်မပြောတော့ဘဲ သူတို့ရောက်ရှိနေသည့် ခရီးစဉ်ကို တိတ်တဆိတ် တွက်ချက်ကြည့်လိုက်သည်။ စစ်တပ်၏ လက်ရှိချီတက်နှုန်းနှင့် ထွက်ခွာလာသည့် အချိန်အရဆိုလျှင် သူတို့သည် မြောက်ဘက် အစွန်အဖျားဒေသအတွင်းသို့ မိုင်ပေါင်းတစ်သောင်းခန့် ဝင်ရောက်လာပြီဟု ခန့်မှန်းရသည်
အင်အားစု (၇)ခုနှင့် ဝေးတော့မည်မဟုတ်ပေ။
တစ်ချိန်တည်းမှာပင်။
မဟာကျင်း ချီတက်စစ်တပ်နှင့် မိုင်ပေါင်းနှစ်ထောင်ခန့်အကွာ၊ မြူနှင်းများ အစဉ်အမြဲ ဖုံးလွှမ်းနေသော ဓားသွားသဖွယ် တောင်ထိပ်များရှိရာ ဒေသတစ်ခုအတွင်း၌။
ဓားတောင်ပေါင်း သုံးထောင်သည် ကောင်းကင်သို့ ညွှန်ပြနေသော နတ်ဘုရားဓား သုံးထောင်ကဲ့သို့ လျို့ဝှက်ဓားတားမြစ်နယ်မြေ၏ အဆုံးမဲ့နယ်မြေတွင် ပြည့်နှက်နေသည်။ မြေပြင်တွင် ရေတွက်၍ မရနိုင်သော နာမည်ကျော်ဓားများ စိုက်ဝင်နေပြီး သံချေးတက်ကာ ဟောင်းနွမ်းနေသော ထိုဓားသွားတိုင်း တစ်ချိန်က ထင်ရှားကျော်ကြားသော ဓားသမားတစ်ဦးစီ၏ နောက်သို့ လိုက်ပါခဲ့ဖူးသူများ ဖြစ်ကြသည်။
ထိုဓားပိုင်ရှင်များသည် ရှေးယခင်ကတည်းက နာမည်ကျော်ကြားရန် မျှော်လင့်ချက်ဖြင့် ဤလျို့ဝှက်ဓား တားမြစ်နယ်မြေကို မနားတမ်း လာရောက်စိန်ခေါ်ခဲ့ကြသည်။ အကယ်၍ လျို့ဝှက်ဓားအရှင်သခင်၏ အသိအမှတ်ပြုခြင်းကို ခံရပါက ဤတားမြစ်နယ်မြေ၏ တပည့်၊ သို့မဟုတ် အရှင်သခင်၏ တိုက်ရိုက် တပည့်ပင် ဖြစ်လာနိုင်သည်။
ကွယ်လွန်သူ ကျန့်ဝမ်ထျန်းမှာ သက်ရှိသာဓကပင် ဖြစ်သည်။ မူလက သာမန်ခြေဆန့်လက်ဆန့် ဓားသမားတစ်ဦးသာဖြစ်သော်လည်း တောင်ပေါ်တွင် (၁၀)ကြာ အောင်း၍ ကျင့်ကြံပြီးနောက် လောကကို တုန်လှုပ်စေခဲ့သည်။ ထို့နောက် လျို့ဝှက်ဓား တားမြစ်နယ်မြေ၏ အတွင်းတပည့်များကို စိန်ခေါ်ရာ တိုက်ပွဲတိုင်း အနိုင်ရရှိခဲ့သဖြင့် လျို့ဝှက်ဓားအရှင်သခင် ကိုယ်တိုင်က ကမ်းလှမ်းခေါ်ယူခဲ့ခြင်းဖြစ်သည်။
ရာစုနှစ်များစွာအတွင်း လူပေါင်းသောင်းချီ၍ တောင်တံခါးကို လာရောက်ခေါက်ခဲ့ကြသော်လည်း တပည့် ဖြစ်လာသူမှာ အလွန်ပင် ရှားပါးလှသည်။
၎င်းမှာ လျို့ဝှက်ဓားတားမြစ်နယ်မြေ၏ မြင့်မားသော စံနှုန်းနှင့် စူးရှသော အမြင်ကို ပြသနေခြင်းပင်...
လျို့ဝှက်ဓားတားမြစ်နယ်မြေအတွင်း၌။
ဓားတောင်ပေါင်း သုံးထောင်ရှိသည့်အနက် တပည့် တစ်ဒါဇင်ခန့်သာ တရားထိုင်ကျင့်ကြံနေကြသည်။ လျို့ဝှက်ဓားအရှင်သခင်သည် တားမြစ်နယ်မြေ၏ ပထမဆုံး တောင်ထိပ်ဖြစ်သော “ဝမ်တောက်” တောင်ထိပ်တွင် တရားထိုင်နေသည်။
သို့သော် ယနေ့တွင် လျို့ဝှက်ဓားအရှင်သခင်က မရင်းနှီးသော ဧည့်သည်အချို့ကို လက်ခံတွေ့ဆုံရန် တရားထိုင်ရာမှ ရုတ်တရက် ထွက်လာခဲ့ပြီးနောက် တပည့် တစ်ဒါဇင်ခန့်ကို ဆင့်ခေါ်လိုက်သည်။
ဝမ်တောက်တောင်ထိပ်၊ ဧည့်ခံခန်းမ။
“အားလုံးပဲ အခုဆို သတင်းကြားလောက်ပြီထင်တယ်။” လူအုပ်ကြားထဲတွင် ရောနှော၍ သွားနိုင်လောက်အောင် သာမန်ရုပ်ရည်ရှိပြီး ရိုးရှင်းသော ဝတ်စုံကို ဝတ်ဆင်ထားသည့် အသက်လတ်ပိုင်း အမျိုးသားမှာ လျို့ဝှက်ဓားအရှင်သခင်ပင်။
အတွင်းတပည့် တစ်ဒါဇင်မှာ တည်ငြိမ်လေးနက်သော အမူအရာဖြင့် ခေါင်းညိတ်လိုက်ကြသည်။
လျို့ဝှက်ဓားအရှင်သခင်၏ တစ်ဦးတည်းသောသား ကျန့်ချန်ကွန်းက နေရာမှ ထရပ်ကာ လက်ကို ဝှေ့ယမ်းလိုက်ရာ လေထဲတွင် ပုံရိပ်တစ်ခု ပေါ်လာသည်။
ထိုပုံရိပ်ထဲတွင် စစ်သည်တော် တစ်သန်းပါဝင်သော ဧရာမစစ်တပ်ကြီးသည် နတ်ဘုရားစစ်သည်များကဲ့သို့ ရှေ့သို့ ချီတက်နေသည်။ နတ်ဘုရားအဆင့် စစ်ဗျူဟာများစွာဖြင့် ဖုံးအုပ်ထားသဖြင့် သာမန်မျက်စိဖြင့် မမြင်နိုင်လောက်သော အရှိန်အဝါဖြင့် ရွေ့လျားနေကြသည်။
“မဟာကျင်းတိုင်းပြည်က မြောက်ဘက် အစွန်အဖျားကို စစ်ကြေညာလိုက်ပြီ၊ သူတို့ရဲ့ ပစ်မှတ်က ငါတို့တွေပဲ...” ကျန့်ချန်ကွန်းက ပြောလိုက်သည်။
ဧည့်ခံခန်းမအတွင်း တိတ်ဆိတ်သွားသည်။
အင်အားစု (၇)ခုမှ ခေါင်းဆောင်များက စစ်တပ်၏ပုံရိပ်ကို စူးစိုက်ကြည့်နေကြပြီး သူတို့၏ အမူအရာများ လေးနက်နေသည်။
“ဟူး...”
ဝူယာထျန်ဂိုဏ်း ၏ ဂိုဏ်းချုပ်က စတင်ပြောဆိုလိုက်သည်။ “ဒါကို ငါတို့ ကြိုတင်ခန့်မှန်းထားသင့်တာ။ ငါတို့တွေ အမြဲတမ်း သတိနဲ့ စောင့်ကြည့်နေခဲ့တာဆိုတော့ အများကြီး စိုးရိမ်စရာ မလိုဘူး။ ငါပြောချင်တာ တစ်ခုပဲရှိတယ်။ မဟာကျင်းတိုင်းပြည်ဟာ လာပဲလာပြီး ပြန်မသွားနိုင်အောင် ဖြစ်သွားစေရမယ်။”
ဝိညာဉ်ငါးပါးမျိုးနွယ်စု ခေါင်းဆောင်က ဆက်လက်ပြောကြားသည်။
“စိတ်ချပါ၊ ဧကရီကို ဝိုင်းရံတိုက်ခိုက်စဉ်က ငါတို့တွေ ရှုံးနိမ့်ခဲ့ပြီးကတည်းက ငါရယ်၊ မဟာချန်ဘုရင်ရယ်၊ သွေးပင်လယ်တိုင်းပြည် ဧကရာဇ်ရယ်၊ လျို့ဝှက်ဓားအရှင်သခင်နဲ့ တခြားသော မိတ်ဆွေတွေ အားလုံးက ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပြီးသားပါ။ ငါတို့တွေရဲ့ အင်အားစုအသီးသီးက အခြေခံအင်အားတွေကို နိုးထစေခဲ့ပြီ။ မဟာကျင်းတိုင်းပြည် ငါတို့ထောင်ချောက်ထဲ လမ်းလျှောက်ဝင်လာမှာကိုပဲ စောင့်နေတာ။”
ထို့နောက် ဝိညာဉ်ငါးပါးမျိုးနွယ်စု ခေါင်းဆောင်က အခြားသော အင်အားစု ခေါင်းဆောင်များကို စူးစမ်းသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
လျို့ဝှက်ဓားအရှင်သခင်၊ မဟာချန်ဘုရင်နှင့် အခြားသူများက ခေါင်းညိတ်ပြသည်ကို မြင်သောအခါ ဝိညာဉ်ငါးပါးမျိုးနွယ်စု ခေါင်းဆောင်က ကျယ်လောင်စွာ ကြေညာလိုက်သည်။ “ငါတို့တွေရဲ့ အခြေခံ အင်အားတွေကို ထုတ်ပြလိုက်။ ငါတို့ရဲ့ သားမြေးတွေကို နှစ်ပေါင်းထောင်ချီ သက်တမ်းရှိတဲ့ အမွေအနှစ်တွေရဲ့ အစွမ်းကို မြင်စေရမယ်...”
ချက်ချင်းပင် အလွန်အစွမ်းထက်သော အရှိန်အဝါများ တစ်သီတစ်တန်းကြီး ပေါ်ထွက်လာပြီးနောက် ကောင်းကင်ကို ထိုးဖောက်ကာ ကြီးမားသော ဖိအားများ ဆောင်လာသည်။
နံနက်ခင်းအလင်းနယ်ပယ် အဆင့်ရှိ ပုဂ္ဂိုလ်ကြီး (၉)ဦး၏ တာအိုအရှိန်အဝါများမှာ တက်ရောက်လာသော အင်အားစု (၇)ခုမှ အဆင့်မြင့်အဖွဲ့ဝင်များကို တုန်လှုပ်သွားစေသည်။
“ဒါ... ဒါတွေက ဘာတွေလဲ။” အော့လိုင်နိုင်ငံမှ လရောင်ထွန်းလင်းနယ်ပယ် ကျင့်ကြံသူတစ်ဦးမှာ စိတ်လှုပ်ရှားစွာဖြင့် စကားပင် ထစ်နေသည်။
ဝိညာဉ်ငါးပါးမျိုးနွယ်စု ခေါင်းဆောင်က မုတ်ဆိတ်ကို သပ်ရင်း ပြုံးလိုက်သည်။
“ဝိညာဉ်ငါးပါးမျိုးနွယ်စုရဲ့ ကာကွယ်သူ ဘိုးဘေးကြီး တောက်တီးက သက်တမ်း သိပ်မကျန်တော့ပေမဲ့ ငါတို့မျိုးနွယ်စုရဲ့ ဘေးဒုက္ခသတင်းကို ကြားတော့ လူမသိဘဲ သေဆုံးသွားမယ့်အစား အသေခံ တိုက်ပွဲဝင်ဖို့ ရွေးချယ်ခဲ့တာပဲ။”
သွေးပင်လယ်ဧကရာဇ်က တည်ငြိမ်စွာ ပြောသည်။ “ဧကရာဇ်အဆင့် သွေးရုပ်သေးကို ငါ ထီးနန်း တက်ကတည်းက ပျိုးထောင်ခဲ့တာ။ အခုဆိုရင် နံနက်ခင်းအလင်းနယ်ပယ် အစောပိုင်းအဆင့် ခွန်အား ရှိနေပြီ။”
အားလုံး အံ့သြသွားကြသော်လည်း နားလည်ကြသည်။ သွေးပင်လယ်တိုင်းပြည်၏ အတောင့်တင်းဆုံး နည်းလမ်းမှာ ရုပ်ပိုင်းဆိုင်ရာ ခွန်အားမဟုတ်ဘဲ ဖန်ဆင်းခြင်းခေတ်မှ ဆင်းသက်လာသော သွေးရုပ်သေး ပညာရပ်ပင် ဖြစ်သည်။
ဧကရာဇ်အဆက်ဆက်က သူတို့၏ ထီးနန်းကို ကာကွယ်ရန်အတွက် “သွေးရုပ်သေး” တစ်ရုပ်ကို ပျိုးထောင်လေ့ရှိပြီး အများအားဖြင့် ထိုရုပ်သေး၏ ကျင့်ကြံခြင်းအဆင့်မှာ ဧကရာဇ်ထက်ပင် သာလွန်လေ့ ရှိသည်။
မဟာချန်ဘုရင်က အေးစက်စွာ ပြောလိုက်သည်။ သူ၏ မျက်ဝန်းများတွင် ဝမ်းနည်းမှုများ ဖုံးလွှမ်းနေ၏။ “ငါ့ရဲ့ ဘိုးဘေးနှစ်ဦးက သူတို့ ကျင့်ကြံခြင်းအဆင့်ကို ထပ်ပြီး မမြှင့်တင်နိုင်တော့မှန်း သိလို့ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်းမှာ သက်တမ်းလောင်မြိုက်စေတဲ့ လျို့ဝှက်နည်းကို သုံးပြီး နံနက်ခင်းအလင်းနယ်ပယ်ကို တက်လှမ်းခဲ့ကြတာ။ ဒီတိုက်ပွဲမှာ နိုင်နိုင် ရှုံးရှုံး သူတို့တွေ သေဆုံးရတော့မှာပဲ...”
ခေါင်းဆောင်တစ်ဦးချင်းစီက အခြေခံအင်အားများကို ထုတ်ပြလိုက်သောအခါ အင်အားစု (၇)ခုမှ အဆင့်မြင့်အဖွဲ့ဝင်များ၏ စိုးရိမ်မှုများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုများဖြင့် အစားထိုးဝင်ရောက်လာသည်။
နံနက်ခင်းအလင်းနယ်ပယ် အဆင့်ရှိတဲ့ ပုဂ္ဂိုလ်ကြီး (၉)ဦးတောင်။ မဟာကျင်းတိုင်းပြည်က ဒါကို ဘယ်လိုများ တောင့်ခံနိုင်မှာလဲ။
လျို့ဝှက်ဓားအရှင်သခင်က လက်ထဲမှ ရှေးဟောင်းဓားကို သုတ်လိုက်သည်။ ထိုဓားမှာ ကိုယ်ပိုင် အသိဉာဏ်နှင့် ကျင့်ကြံခြင်းအဆင့်ရှိသော ဧကရာဇ်အဆင့် နတ်ဘုရားဓားတစ်လက် ဖြစ်သည်။ လျို့ဝှက်ဓားအရှင်သခင်နှင့် တွဲဖက်လိုက်ပါက နံနက်ခင်းအလင်းနယ်ပယ်စွမ်းအားပင် ထုတ်ဖော်နိုင်၏။
လျို့ဝှက်ဓားအရှင်သခင်က မော့ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“အားလုံးပဲ ငါပြောတာ နားထောင်ကြပါ။”
“အရင်က ရှုံးနိမ့်မှုကို သင်ခန်းစာယူပြီး ငါ အကြံပေးချင်တာက တိုက်ပွဲစတာနဲ့ မုန့်ချင်း ဒါမှမဟုတ် ဝန်ကြီးမုန့်ကို ချက်ချင်း သတ်ရမယ်...”
“မုန့်ချင်မှာ ဧကရီကို သေဘေးကနေ လွတ်အောင် ကူညီနိုင်တဲ့ ဘယ်လို နတ်ဆိုးနည်းလမ်းတွေ ရှိနေမလဲဆိုတာ မပြောနဲ့ဦး။ ဧကရီက ဒီတစ်ခါ သူ့ကို စစ်သေနာပတိချုပ်အဖြစ် ခန့်အပ်လိုက်တာကတင် အတော်လေး သံသယဖြစ်စရာ ကောင်းနေပြီ။”
ဤနေရာတွင် လျို့ဝှက်ဓားအရှင်သခင်၏ သတ်ဖြတ်လိုသော အရှိန်အဝါများ မြင့်တက်လာပြီး သူက ထပ်လောင်းပြောကြားသည်။
“ငါတို့တွေ ကျင့်ကြံခြင်းခရီးလမ်းမှာ ကောင်းကင်ကံထူးရှင် ပါရမီရှင်တွေကို အများကြီး မြင်ဖူးခဲ့ကြတယ်။ သူတို့မှာ ကြီးမားတဲ့ ကံတရားတွေ ရှိတတ်ကြတာမို့ ကျင့်ကြံခြင်းအဆင့် မရှိရင်တောင်၊ ဒါမှမဟုတ် နိမ့်နေရင်တောင် လျှော့တွက်လို့ မရဘူး။ ငါတို့တွေ အမြန်ဆုံးနဲ့ ပြတ်ပြတ်သားသား တိုက်ခိုက်ရမယ်။ မုန့်ချင်ကို အရင်ဆုံး သတ်ရမယ်”
တက်ရောက်လာသူ မည်သူမျှ ကန့်ကွက်ခြင်း မရှိပေ။ အားလုံးက တစ်သံတည်းဖြင့် ခေါင်းညိတ်၍ သဘောတူလိုက်ကြသည်။
အရင်ဆုံး မုန့်ချင်းကို သတ်မယ်။ ပြီးရင် မဟာကျင်းစစ်တပ်ကို ချေမှုန်းမယ်။ ပြီးရင် မြို့တော်ကို ချီတက်ပြီးတော့ ဧကရီကို ဒုတိယအကြိမ် ဝိုင်းရံတိုက်ခိုက်ကြမယ်...