ငါက အချိန်နဲ့နေရာလွတ် ဓားသူတော်စင်ပဲ (၁)
Vol. 6 Ch. 76
မြောက်ဘက် အစွန်အဖျားဒေသ၊ လျို့ဝှက်ဓားတားမြစ်နယ်မြေနှင့် မိုင်(၁၀၀)ပင် မပြည့်တော့သော နေရာတွင် ကျင့်ကြံခြင်းလောက၏ စစ်တပ်နှစ်ခုကြား တိုက်ပွဲမှာ လက်တစ်ကမ်းအကွာသို့ ရောက်ရှိနေပြီ ဖြစ်သည်။
မဟာကျင်းတိုင်းပြည်မှ ဓားထုတ် အသင့်ပြင်ထားသော ကျင့်ကြံသူ တစ်သန်း၏ အရှိန်အဝါမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။ အနက်ရောင်လှိုင်းလုံးကြီးများသဖွယ် တန်းစီနေကြပြီး အရပ် လေးမျက်နှာတွင် မိုင်ပေါင်း သုံးသောင်းကျော် ကျယ်ဝန်းသော ကုန်းမြေထုကြီးကို ထမ်းပိုးထားသည့် ပေတစ်ထောင်မြင့်သော ထူးဆန်းသည့် သားရဲကြီးများ ရပ်တန့်နေကြသည်။
ဆန့်ကျင်ဘက်တွင်မူ။
ဓားသွား သုံးထောင်၏ အရိပ်အယောင်များကို ဝေဝေဝါးဝါး မြင်နေရသည်။ အင်အားစု (၇)ခုမှာ သူတို့၏ အင်အားအားလုံးကို စုစည်းကာ လျို့ဝှက်ဓားတားမြစ်နယ်မြေတွင် တပ်ဖြန့်ထားကြခြင်းပင်။
အနီရောင်မှာ သွေးပင်လယ်တိုင်းပြည် ကျင့်ကြံသူများ၏ သွေးဆူဝေမှု အရှိန်အဝါကို ကိုယ်စားပြုပြီး၊ အရောင်အသွေး စုံလင်မှုမှာ ဝိညာဉ်ငါးပါးမျိုးနွယ်စုမှ နတ်ဘုရားသားရဲ မျိုးဆက်များကို ကိုယ်စားပြုကာ၊ မမြင်နိုင်သော လှိုင်းတွန့်များမှာမူ လျို့ဝှက်ဓားတားမြစ်နယ်မြေ ဓားချက်လှိုင်းများကို ကိုယ်စားပြုနေ၏။
ဧကရာဇ်အဆင့် တောင်တန်းနှင့်မြစ်မြေပုံပေါ်တွင်။
မုန့်ချင်ကျိုးက မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ လက်ဖြင့် မေးထောက်လျက် သူ မည်ကဲ့သို့ ယခုလိုအခြေအနေအထိ ရောက်လာရသလဲဆိုသည်ကို စဉ်းစားနေမိသည်။
သူက ကမ္ဘာကုန်သည်အထိ အေးအေးဆေးဆေး ပုန်းအောင်းနေထိုင်ရန် စီစဉ်ခဲ့ပြီး ဇာတ်လမ်း၏ ပင်မလမ်းကြောင်းထဲ မပါဝင်ရန် ကျိန်ဆိုခဲ့သူဖြစ်သည်။ သို့သော် မျက်တောင်တစ်ခတ် အတွင်းမှာပင် သ တပ်မတော်(၃)ခု၏ စစ်သေနာပတိချုပ် ဖြစ်လာခဲ့သည်။
“ရန်သူကို ဘယ်လိုနှိမ်နင်းမလဲဆိုတဲ့ ဗျူဟာတွေအတွက် စိတ်မပူပါနဲ့။ အားလုံး ကျွန်မကိုပဲ လွှဲထားလိုက်။ ရှင်က အမိန့်ပေးရုံပဲ...” တုန်းဖန်လျူလီက မုန့်ချင်ကျိုး၏ပခုံးကို ပုတ်ကာ ညင်သာစွာ နှစ်သိမ့် ပေးလိုက်သည်။
မုန့်ချင်ကျိုးက ခေါင်းခါလိုက်သည်။ “မဟုတ်ဘူး၊ ကိုယ့်ကို တစ်ဆင့်ချင်း လမ်းပြလာပြီး ဘာလို့မန်းမသိဘဲ မဟာကျင်းရဲ့ ဖြောင့်မတ်တည်ကြည်မှု ပြယုဒ်၊ သစ္စာစောင့်သိမှုနဲ့ ကိုယ်ကျင့်တရားရဲ့ စံပြပုဂ္ဂိုလ် ဖြစ်အောင် လုပ်ခဲ့တာ ဘယ်သူလဲဆိုတာ စဉ်းစားနေတာ။ အခုဆိုရင် တိုင်းပြည်ရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးမယ့် တိုက်ပွဲကို ဦးဆောင်ရတဲ့ စစ်သေနာပတိချုပ်လို့တောင် သမုတ်ခံနေရပြီ။”
“နိုင်ရင်တော့ ကိုယ်က စစ်မြေပြင်က စစ်နတ်ဘုရား ဖြစ်သွားလိမ့်မယ်။ ရှုံးရင်လည်း သမိုင်းမှာတော့ ကိုယ့်နာမည် ကျန်ရစ်မှာပဲ။”
“ဒါဆို... ရှင့်မှာ ဘာသဲလွန်စများ ရှိလား။” တုန်းဖန်လျူလီ၏ မျက်ဝန်းများတွင် မျှော်လင့်ချက် အရိပ်အယောင်များ ပေါ်လာသည်။
ရင်ထဲက ခံစားချက်တွေကို မြန်မြန် ဖွင့်ပြောလိုက်စမ်းပါ။
ဟုတ်တယ်။ အဲဒါ ကျွန်မပဲ။ တုန်းဖန်လျူလီလို့လည်း သိကြတဲ့ ချင်းလျူလီ၊ မဟာကျင်းရဲ့ ဧကရီပေါ့။ ရှင့်ကို လူမသိသူသိ ဘဝကနေ ကျော်ကြားတဲ့ ဧကရီရဲ့ ကြင်ရာတော်၊ အချစ်ဆုံးအမတ်၊ အခုဆိုရင် စစ်သူကြီးအဖြစ်ပါ ဖြစ်အောင် ဖန်တီးပေးခဲ့တာ။
ဘဝမှာ ဒီလိုကျေးဇူးရှင်မျိုးနဲ့ တွေ့ဆုံရတာဟာ နတ်ဘုရားတစ်ပါးအဖြစ် ပြန်လည်မွေးဖွားရသလိုပဲ။ နေ့တိုင်း အမွှေးနံ့သာထွန်း၊ ရေချိုးသန့်စင်ပြီးတော့ ကိုးကွယ်သင့်တာ။
မြန်မြန်လုပ်။ ချီးမွမ်းစကားတွေကို တွန့်တိုမနေပါနဲ့၊ ဧကရီကို ချီးမွမ်းလိုက်စမ်းပါ။
“ကိုယ့်မှာ သဲလွန်စ ရှိတယ်...”
မုန့်ချင်ကျိုးက ခေါင်းညိတ်လိုက်သည်။ သူ၏မျက်နှာ ဖြူဖျော့နေပြီး အံကြိတ်ကာ ပြောလိုက်သည်။ “အဲဒါ ဧကရီပဲ...”
“ဒါပေါ့။ မှန်တယ်...” တုန်းဖန်လျူလီ၏ နှုတ်ခမ်းများမှာ ကွေးညွတ်သွားပြီး မျက်လုံးလေးမှိတ်ကာ ချီးမွမ်းစကားကို စောင့်နေသည့် ချစ်စရာကောင်းသော ပုံစံလေး ဖြစ်သွားသည်။
“ဒါကြောင့် မိန်းမ... ဒီတိုက်ပွဲပြီးရင် ဘာပဲဖြစ်ဖြစ် ကိုယ်တို့ မဟာကျင်းကနေ ထွက်သွားကြရအောင်။ မင်းကို ပစ္စုပ္ပန်ကျေးရွာဆီ ပြန်ခေါ်သွားမယ်။ ကိုယ်တို့ အရာရှိတွေ ဆက်မလုပ်တော့ဘူး။” မုန့်ချင်ကျိုး၏ လေသံမှာ ပြတ်သားလွန်းပြီး အလွန်အမင်း တည်ကြည်လေးနက်နေသည်။
တုန်းဖန်လျူလီ၏ အပြုံးမှာ အေးခဲသွား၏။ သူက မျက်လုံးများကို တောင်တောင်အီအီ ဖွင့်ကြည့်ကာ မုန့်ချင်ကျိုးကို စောင်ကြည့်နေမိသည်။
ဘာလို့လဲ။ ဧကရီက ရှင့်အပေါ်မှာ ကောင်းကောင်း မဆက်ဆံလို့လား။
“ဟဲဟဲ...”
မင်းပေးတာ ငါ မလိုဘူး။ ဒီလို အနှစ်သာရမရှိတဲ့ ဘွဲ့ထူးတွေကို မလိုချင်ဘူး၊ ဘဲစွပ်ပြုတ် တစ်ခွက်ကတောင် ပိုပြီးတော့ လက်တွေ့ကျသေးတယ်။
စစ်မြေပြင်၏ ဆူညံသော ဗုံသံများနှင့် သတ်ဖြတ်ခြင်းအငွေ့အသက်များ ပြည့်နှက်နေသော ပတ်ဝန်းကျင်ရောက်မှ မုန့်ချင်ကျိုး နောက်ဆုံးတွင် သတိဝင်လာခဲ့ခြင်း ဖြစ်သည်။
“ဒီတိုက်ပွဲကို တိုက်ရမယ်ဆိုရင်လည်း လှလှပပ တိုက်ကြတာပေါ့။ ကျေးဇူးဆပ်ပြီးရင်တော့ ရာထူးက နုတ်ထွက်ပြီး ရွာကို ပြန်ကြမယ်။”
ဤသို့ပြောရင်း မုန့်ချင်ကျိုးက ဆုံးဖြတ်ချက်တစ်ခု ချလိုက်သကဲ့သို့ အသက်ကို ခပ်ပြင်းပြင်း ရှူထုတ်လိုက်သည်။
မဟာကျင်းကနေ ထွက်ခွာမယ်၊ ရာထူးက နုတ်ထွက်ပြီး ရွာကို ပြန်မယ်
ဒီတိုက်ပွဲက မဟာကျင်းတိုင်းပြည်နဲ့ ဧကရီအပေါ် ဆပ်ရမယ့် နောက်ဆုံး ကျေးဇူးကြွေး ဖြစ်လိမ့်မယ်။
“အရှင်မရဲ့ ကျေးဇူးကို ဆပ်ဖို့အတွက် တိုင်းပြည်ရဲ့ ကံကြမ္မာနဲ့ လဲလှယ်ပေးမယ်၊ ဒါပေမဲ့ ငါ မုန့်ချင်ကျိုးက အရာရှိ ဆက်မလုပ်ချင်တော့ဘူး...” မုန့်ချင်ကျိုးက တစ်ဦးတည်း ရေရွတ်လိုက်သည်။
မုန့်ချင်ကျိုးက ပို၍ပို၍ နက်ရှိုင်းစွာ ပါဝင်ပတ်သက်မိပြီး နောက်ဆုံးတွင် ရုန်းမထွက်နိုင်မှာကို ကြောက်ရွံ့နေသည်။ ယခုပင် တပ်မတော်(၃)ခု၏ စစ်သေနာပတိချုပ် ဖြစ်နေပြီဆိုလျှင် နောင်တစ်ချိန် သူ ဘာဖြစ်လာနိုင်မည်ကို မတွေးရဲတော့ပေ။
ထိုနေ့ ညနေခင်းတွင်။
အင်အားစု (၇)ခု၏ ခေါင်းဆောင်များမှာ တစ်ဦးပြီးတစ်ဦး ပေါ်ထွက်လာသည်။ သူတို့၏ ကောင်းကင်နှင့် မြေကြီးကို လွှမ်းမိုးသော နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်ပြသရင်း ဧရာမခန္ဓာကိုယ်ကြီးများမှာ စစ်မြေပြင်၏ နှစ်ဖက်စလုံးကို လွှမ်းမိုးထားကြသည်။
“ချင်းလျူလီ... ငါတို့ မင်းကို နောက်ဆုံးအခွင့်အရေး တစ်ခုပေးမယ်။ မင်းရဲ့ စစ်တပ်ကို ချက်ချင်း ပြန်ရုပ်သိမ်းပြီး အချိန်နဲ့နေရာလွတ် ဓားသူတော်စင်ကို ငါတို့ဆီ အပ်နှံလိုက်။ မဟုတ်ရင်... အကျိုးဆက်ကို မင်းဘာသာ ခံယူပေတော့...” လျို့ဝှက်ဓားအရှင်သခင်က ဟစ်အော်လိုက်သည်။
ကောင်းကင်ယံက ချင်းလျူလီ၏ ပုံရိပ်အဖြစ် ပြောင်းလဲသွားသည်။ သူက အနီရောင် ဖန်ဝတ်ရုံကို ဆင်မြန်းထားပြီး အေးစက်သော မျက်ဝန်းများဖြင့် အောက်သို့ ငုံ့ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
“မင်း ခုနကပဲ... အချိန်နဲ့နေရာလွတ် ဓားသူတော်စင်ကို အပ်ခိုင်းလိုက်တာလား။”
“အဲဒီသူရဲ့ အကြောင်းရင်းကို ငါ သိပါရစေဦး။”
လျို့ဝှက်ဓားအရှင်သခင်မှာ အဆင်အခြင်မဲ့ပုံ ပေါက်သော်လည်း ဤအဆိုပြုချက်မှာ သေသေချာချာ စဉ်းစားထားခြင်း ဖြစ်သည်။ သူတို့၏ အခြေခံအင်အားများကို ထုတ်သုံးပြီး အသက်စွန့်တိုက်ခိုက်ရမည့် တိုက်ပွဲမျိုးမှာ နှစ်ဖက်စလုံးအတွက် ထိခိုက်မှု ကြီးမားလိမ့်မည်။
မဟာကျင်းတိုင်းပြည်၏ စစ်မှန်သော အခြေခံအင်အားမှာ မျှော်လင့်ထားသည်ထက် သာလွန်နေသဖြင့် အင်အားစု (၇)ခုမှာလည်း စစ်ကို တကယ်မတိုက်ချင်ကြပေ။ အကယ်၍ သူတို့ အချင်းချင်း အဆုံးအထိ တိုက်ခိုက်ကြလျှင် ဘေးမှ စောင့်ကြည့်နေသော အခြားအင်အားစုများက အခွင့်ကောင်းယူသွားမည်ကို ကြောက်ရွံ့နေကြသည်။
ထို့ကြောင့် ချင်းလျူလီက အချိန်နှင့်နေရာလွတ် ဓားသူတော်စင်ကို အပ်နှံလိုက်ခြင်းဖြင့် စစ်တပ်ကို ပြန်ဆုတ်ခိုင်းခြင်းမှာ အကောင်းဆုံး အဖြေပင်။
နောက်ဆုံးတွင် အချိန်နှင့်နေရာလွတ် ဓားသူတော်စင်က ဧကရီနဲ့ သွေးသား တော်စပ်သည်လည်း မဟုတ်ပေ။ သူ့ကို စတေးလိုက်ခြင်းက ဧကရီအတွက် ကိစ္စအကြီးကြီး မဟုတ်လောက်ဟု သူတို့ ထင်နေကြသည်။
“အချိန်နဲ့နေရာလွတ် ဓားသူတော်စင်က ငယ်ရွယ်တဲ့ ပါရမီရှင် (၇)ယောက်ကို သတ်ခဲ့တယ်။ သူ့ရဲ့ အပြစ်က သေထိုက်တယ်။ သူ့ကို ဒီစစ်ပွဲအတွက် စတေးခံအဖြစ် ထားလိုက်ပါ။ ငါတို့ကြားက ငြိမ်းချမ်းရေးအတွက် သူ့အသက်နဲ့ လဲလိုက်...” လျို့ဝှက်ဓားအရှင်သခင်က ပြောလိုက်သည်။
ဤသို့ပြောရင်း လျို့ဝှက်ဓားအရှင်သခင်က တဟဲဟဲ ရယ်လိုက်သည်။ “ဒါပေါ့... ငါတို့တွေကလည်း သိချင်နေကြတာ။ အချိန်နဲ့နေရာလွတ်ရဲ့ အမြင့်မြတ်ဆုံး နိယာမတွေကို ဓားပညာမှာ ပေါင်းစပ်နိုင်ခဲ့တဲ့ အသက်(၂၀)အရွယ် ဒီဓားသူတော်စင်ကို တကယ်ပဲ စိတ်ဝင်စားမိတယ်။ သူ့ကို လေ့လာချင်တယ်။”
၎င်းကို ကြားလိုက်ရသောအခါ တောင်တန်းနှင့် မြစ်တားကုန်းမြေပေါ်တွင် ရပ်နေသော မုန့်ချင်ကျိုးမှာ ဆဲရေးတိုင်းထွာချင်စိတ်ကို မနည်းထိန်းထားလိုက်ရသည်။
“ဟီးဟီး... “ဧကရီ”က အစွမ်းကုန် မတိုက်မှာကို စိုးရိမ်နေတာ။ အခုတော့ လျို့ဝှက်ဓားအရှင်သခင်က အချိန်နဲ့နေရာလွတ် ဓားသူတော်စင် အကြောင်းကို သွားစလိုက်ပြီ။ သူ သေဖို့သာ ပြင်ထားတော့...” တုန်းဖန်လျူလီက တိုးတိုးလေး ရယ်မောလိုက်သည်။
မုန့်ချင်ကျိုးက မျက်ခုံးပင့်ကာ ဇဝေဇဝါ ဖြစ်သွားသော်လည်း ဆက်လက်၍ ငြိမ်သက်စွာပင် စောင့်ကြည့်နေလိုက်သည်။
ကောင်းကင်ယံတွင်။
ကောင်းကင်၏ လက်ချောင်းငါးချောင်းမှာ ရုတ်တရက် ဆုပ်ခဲသွားပြီး သူ၏ မျက်ဝန်းများတွင် ဒေါသအရိပ်အယောင်များ ပေါ်လာသော်လည်း သူ၏ လေသံမှာ တည်ငြိမ်နေဆဲပင်။
“အချိန်နဲ့နေရာလွတ် ဓားသူတော်စင်ကို အပေးအယူပစ္စည်းအဖြစ် သုံးမယ် ဟုတ်လား။ ဒါပေမဲ့ အခုတော့ အခြေအနေတွေ ပြောင်းသွားပြီ။ မင်းမှာ ငါနဲ့ ဆွေးနွေးဖို့ ဘာအင်အားများ ရှိလို့လဲ။”
အစ်မကြီးချုံးသည် မူလက သူ၏ ခွန်အား ၃၀%လောက်ကိုသာ သုံးပြီး တုန်းဖန်လျူလီနှင့် ထားရှိသော ကတိကို ပြီးစလွယ် ဖြည့်ဆည်းရန်သာ စီစဉ်ထားခြင်းဖြစ်သည်။
သို့သော် ယခုအခါ သူ၏ နှလုံးသားထဲတွင် နတ်ဆိုးတစ်ကောင်က တိုးတိုးလေး ပြောနေသလို ခံစားနေရသည်။
သတ်ပစ်။ အကုန်သတ်ပစ်။ လျို့ဝှက်ဓားအရှင်သခင်ရဲ့ ခေါင်းကို သူ့ဖင်ထဲ ပြန်ထည့်ပေးလိုက်...
လျို့ဝှက်ဓားအရှင်သခင်က ခပ်ပါးပါးလေး ပြုံးလိုက်သည်။ “ချင်းလျူလီ... မင်း နံနက်ခင်းအလင်းနယ်ပယ် ရောက်သွားတာနဲ့ အနှိုင်းမဲ့ ဖြစ်သွားပြီလို့ ထင်နေတာလား။”
“ရယ်စရာပဲ။”
သူ၏စကား ဆုံးသည်နှင့် တစ်ပြိုင်နက် လျို့ဝှက်ဓားတားမြစ်နယ်မြေ၏ နက်ရှိုင်းသော နေရာမှ နံနက်ခင်းအလင်းနယ်ပယ် အရှိန်အဝါ (၄)ခုမှာ ထက်မြက်သော မြားတံများကဲ့သို့ စစ်မြေပြင်ကို ဖြတ်ကျော်ကာ ထွက်ပေါ်လာသည်။
၎င်းတင်မကသေးဘဲ လရောင်ထွန်းလင်းန်ပယ် ကျင့်ကြံသူ ရာပေါင်းများစွာ၊ ပင်လယ်လွှမ်းနယ်ပယ် ကျင့်ကြံသူ ထောင်ပေါင်းများစွာနဲ့ တောင်ရွှေ့နယ်ပယ် ကျင့်ကြံသူ တစ်သောင်းနီးပါးလည်း ရှိနေသည်။
ထို့ပြင် နံနက်ခင်းအလင်းနယ်ပယ်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည့် ပုဂ္ဂိုလ်ကြီး (၁၀)ဦးလည်း ပါဝင်သေးသည်။
“အခုကော ဘယ်လိုလဲ။ ငါတို့မှာ ဆွေးနွေးဖို့ အင်အား ရှိပြီလား။” လျို့ဝှက်ဓားအရှင်သခင်က လှောင်ပြောင်လိုက်သည်။
မဟာကျင်းဘက်တွင်မူ မရေမတွက်နိုင်သော လူများ၏ မျက်နှာများ ပျက်သွားကြပြီး မကြုံစဖူးသော ဖိအားကို ခံစားလိုက်ရသည်။
သူတို့ကို တုန်လှုပ်သွားစေသည်မှာ လရောင်ထွန်းလင်း၊ ပင်လယ်လွှမ်းနှင့် တောင်ရွှေ့နယ်ပယ် ကျင့်ကြံသူများ၏ အရေအတွက်ကြောင့် မဟုတ်ဘဲ၊ အင်အားစု (၇)ခုမှာ နံနက်ခင်းအလင်းနယ်ပယ် အဆင့်ရှိ ပုဂ္ဂိုလ်ကြီး (၅)ဦးကိုပင် ဖုံးကွယ်ထားသောကြောင့် ဖြစ်သည်။
“ငါတို့တွေ ဒုက္ခရောက်ပြီ...” ကျန်းစန်းဟိုင်၏ အမူအရာမှာ လေးနက်နေပြီး သူက တစ်ဦးတည်း ရေရွတ်လိုက်သည်။
“လောကကြီးကို ဘယ်တော့မှ လျှော့မတွက်နဲ့။ အထူးသဖြင့် နှစ်ပေါင်းထောင်နဲ့ချီ သမိုင်းရှိတဲ့ အဖွဲ့အစည်းတွေကိုပေါ့။”
ချင်းဖုန်းဟော်လည်း ထိတ်လန့်သွားပြီး ပထမဆုံးအကြိမ်အဖြစ် သေမင်းနှင့် ရင်ဆိုင်ရမည့် အခြေအနေကို သဘောပေါက်သွားကာ ကျန်းစန်းဟိုင်ထံ အသံလွှင့်လိုက်သည်။
“အဘိုးကြီး... မဟာကျင်းကို မြန်မြန်ပြန်ပြီး နေမင်းအရှင်သခင်ရဲ့ ချိပ်ပိတ်ကို ဖွင့်လိုက်။ ဒါဆိုရင် အခွင့်အရေး ရှိနိုင်သေးတယ်...”
ကျန်းစန်းဟိုင်က အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းကာ ခေါင်းညိတ်လိုက်သည်။ သူက ချင်းဖုန်းဟော်ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်ပြီး ဘာမှမပြောဘဲ နေရာလွတ်ထဲသို့ တိုက်ရိုက်ဝင်ကာ ပုန်းကွယ်နေသော နတ်ဘုရားလေင်္ဘောတစ်စင်းကို အရေးပေါ် စေခိုင်းလိုက်သည်။
သူ၏ သူငယ်ချင်းဟောင်းမှာ အချိန်ဆွဲပေးရန် သက်တမ်းကို လောင်မြိုက်စေပြီး အသေခံတိုက်ခိုက်ရန် ပြင်ဆင်ထားသည်ကို သူ သိလိုက်သည်။
မည်ကဲ့သို့ တွန့်ဆုတ်မှုမျိုးမဆို ချင်းဖုန်းဟော်၏ ပြတ်သားသော ဆုံးဖြတ်ချက်ကို စော်ကားရာ ရောက်ပေလိမ့်မည်။
“နတ်ဘုရားလေင်္ဘောရဲ့ အရှိန်ကို အမြင့်ဆုံးတင်ပြီး ဟင်းလင်းပြင်ခုန်ကူးမှုကို စတင်လိုက်...” ကျန်းစန်းဟိုင်က လေင်္ဘောသားများကို အမိန့်ပေးလိုက်သည်။
“နန်းရင်းဝန်... တိုက်ပွဲမစခင်မှာ ဘာလို့ ထွက်ပြေးနေတာလဲ။” လေင်္ဘောသားများက လေးနက်စွာ မေးလိုက်သည်။
ကျန်းစန်းဟိုင်၏ လေသံမှာ လေးလံနေသည်။ “မြို့တော်ကို ပြန်ပြီးတော့ နေမင်းအရှင်သခင်ကို ဆင့်ခေါ်ရမယ်။”
သို့သော် နတ်ဘုရားလေင်္ဘောတစ်စင်းက မြို့တော်သို့ ပြန်ရန်အတွက် ဟင်းလင်းပြင်ကို တိတ်တဆိတ် ဖြတ်ကျော်နေစဉ်မှာပင်...
တိုက်ပွဲ စတင်သွားခဲ့လေပြီ။
အစ်မကြီးချုံးက လက်သီးဖြင့် တစ်ချက် ထိုးနှက်လိုက်ရာ နေရာလွတ် အလွှာများမှာ ပါးလွှာသော မှန်ချပ်များကဲ့သို့ ကြေမွသွားတော့သည်။
ဝုန်း...
လက်သီးတစ်ချက်တည်းနှင့်တင် လျို့ဝှက်ဓားအရှင်သခင်၏ ရုပ်ခန္ဓာမှာ နေရာမှာတင် ပေါက်ကွဲသွားပြီး သူ၏ ဝိညာဉ်အိမ်ထဲ၌ ရှိနေသော နတ်ဘုရားဝိညာဉ်ပင်လျှင် မရေမတွက်နိုင်သော အက်ကြောင်းများဖြင့် ဖုံးလွှမ်းသွားသည်။
“နံနက်ခင်းအလင်းနယ်ပယ် အဆင့်နှောင်းပိုင်း...”
လျို့ဝှက်ဓားအရှင်သခင်မှာ ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်မိသည်။ တစ်ချက်တည်းမှာတင် သူ၏ဓားကိုပင် မဆွဲထုတ်ရသေးဘဲ သွေးအလိမ်းလိမ်းဖြင့် သေလုမျောပါး ဖြစ်သွားရသည်။
“မင်းက ချင်းလျူလီ မဟုတ်ဘူး။ မင်းက ဘယ်သူလဲ။”
“ကျေးဇူးကန်းတဲ့သားမိုက်... ငါက မင်းအဖေပဲ...” အစ်မကြီးချုံး၏ နူးညံ့သော လက်သီးမှာ တင်းတင်း ဆုပ်ထားပြီး သူ၏ ဒေါသမှာ တဟုန်းဟုန်း တောက်နေသည်။ သူက နောက်ထပ် လက်သီးတစ်ချက် ထိုးနှက်ရန်အတွက် သူ၏ လက်မောင်းကို ဝှေ့ယမ်းလိုက်တော့သည်။