ငါက အချိန်နဲ့နေရာလွတ် ဓားသူတော်စင်ပဲ (၂)
Vol. 6 Ch. 77
ကောင်းကင်ယံတွင် အစ်မကြီးချုံး၏ သံလက်သီးများက နောက်ကျန်ပုံရိပ်များ ဖြစ်သည်အထိ တရစပ် ဝှေ့ယမ်းနေ၏။ လက်သီးချက်တိုင်းက နတ်ဘုရားတောင်များကိုပင် အမှုန့်ခြေနိုင်စွမ်းရှိပြီး လျို့ဝှက်ဓား အရှင်သခင်မှာမူ သဲအိတ်တစ်ခုကဲ့သို့ တရစပ် အရိုက်ခံနေရသည်။
“သူက ချင်းလျူလီ မဟုတ်ဘူး။ ဟန်ဆောင်ထားတဲ့သူပဲ။ အစီအစဉ်ပြောင်းမယ်။ သူ့ကို အရင်ဝိုင်းပြီး အပြတ်ရှင်းကြ” လျို့ဝှက်ဓားအရှင်သခင်က ဟိန်းဟောက်လိုက်သည်။
ချက်ချင်းပင် လျို့ဝှက်ဓားအရှင်သခင်က သူ၏ ဧကရာဇ်အဆင့် နတ်ဘုရားဓားကို ဆွဲထုတ်လိုက်ကာ ကမ္ဘာမြေသို့ ပျက်ကျလာသော ဥက္ကာခဲကဲ့သို့ ပြင်းထန်လှသည့် လက်သီးချက်ကို အသည်းအသန် ခုခံလိုက်ရသည်။ မိုင်ပေါင်းတစ်ရာခန့်အထိ လွင့်ထွက်သွားပြီးမှ အနိုင်နိုင် ပြန်လည်ရပ်တန့်နိုင်ခဲ့သည်။
“ဒါလေး သောက်လိုက်ဦး...” မဟာချန်ဘုရင်က လျို့ဝှက်ဓားအရှင်သခင်ကို တွဲကူရင်း ချန်ကွန်း အသက်ဆေးရည် တစ်ပုလင်း ကမ်းပေးလိုက်သည်။
“ကျေးဇူးပဲ...” လျို့ဝှက်ဓားအရှင်သခင်က ဆေးပုလင်းကို ယူ၍ မော့သောက်လိုက်သည်။ ဒဏ်ရာများ လျင်မြန်စွာ ပြန်လည်သက်သာလာသည်ကို ခံစားလိုက်ရသဖြင့် သူက အားရပါးရ ရယ်မောလိုက်သည်။
“အားရစရာပဲ...”
“ဒါမှပေါ့။ အနှိုင်းမဲ့ကံကြမ္မာကို ပိုင်ဆိုင်ထားတဲ့ မဟာကျင်းတိုင်းပြည်က ငါတို့ကို စိတ်ပျက်အောင် မလုပ်သင့်ဘူးလေ။ မဟုတ်ရင် ငါတို့ ဘာလို့ အင်အားချင်း ပေါင်းရမှာလဲ။”
လျို့ဝှက်ဓားအရှင်သခင်သည် ခန့်ညားထည်ဝါလှသော ဓားအသိကို ထုတ်ဖော်လိုက်သည်။ ဓားတောင်ပေါင်း သုံးထောင်က မြေပြင်မှ ထိုးထွက်လာပြီး မြေကြီးနှင့် သစ်ပင်များ ကွာကျသွားကာ ထက်မြက်တောက်ပသော ဓားသွားများ ပေါ်ထွက်လာတော့သည်။
“တားမြစ်နယ်မြေက ဓားတောင် သုံးထောင်လုံးက တကယ်တော့ နတ်ဘုရားအဆင့် ဓားတွေပဲ။ မဟုတ်ဘူး... တချို့ဆိုရင် ဧကရာဇ်တစ်ပိုင်းတောင် ရှိနေတာပဲ။” တစ်စုံတစ်ယောက်က အံ့သြတုန်လှုပ်စွာ အော်ဟစ်လိုက်သည်။
နှစ်ဖက်စစ်တပ်လုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ လျို့ဝှက်ဓားအရှင်သခင်တွင် ကိုယ်ပိုင်အသိစိတ်နှင့် ကျင့်ကြံခြင်းအဆင့်ရှိသော ဧကရာဇ်အဆင့်ဓား ရှိနေခြင်းကပင် အံ့သြစရာကောင်းနေပြီ ဖြစ်သော်လည်း သူ၏ ဝှက်ဖဲများမှာ ဤမျှအထိ ရှိနေလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ပေ။
“နယ်မြေတစ်ခုရဲ့ အရှင်သခင်က လောကကို စိုးမိုးနိုင်တဲ့ လက်နက်မရှိဘဲနဲ့ ဘယ်လိုလုပ် အာဏာကို တစ်ဦးတည်း ဆုပ်ကိုင်ထားနိုင်မှာလဲ။” လျို့ဝှက်ဓားအရှင်သခင်က ပြုံးလျက် ပြောသည်။
သူ ပြောပြီးသည်နှင့် တစ်ပြိုင်နက် မီတာတစ်ထောင်ရှည်သော ဧရာမဓား သုံးထောင်သည် လေထဲတွင် ပျံဝဲလာပြီး တစ်ဖက်ရှိ မဟာကျင်းစစ်တပ်ဆီသို့ ဦးတည်ကာ ပိုင်းဖြတ်လိုက်တော့သည်။
ယမ်းမီးခြစ်ကို မီးညှိလိုက်သကဲ့သို့ ဓားတောင်သုံးထောင် ပေါ်လာခြင်းက စစ်မြေပြင်ကို ချက်ချင်းပင် ပေါက်ကွဲသွားစေသည်။ နှစ်ဖက်စလုံး အပြင်းအထန် ရင်ဆိုင်ကြပြီး သဲသဲမဲမဲ သတ်ဖြတ်ကြတော့သည်။
ချင်းဖုန်းဟော်က ရဲရင့်သော စိတ်ဓာတ်ဖြင့် အားရပါးရ ရယ်မောနေပြီး အသက်စွန့်တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသည်။ ထိုစဉ် သူ၏နားထဲတွင် အသံတစ်ခု ပဲ့တင်ထပ်လာသည်။ “မဏ္ဍိုင်ကြီး၊ ငါကိုယ်တိုင် ဒီတိုက်ပွဲကို ကြီးကြပ်နေတာဆိုတော့ မင်း အသက်စွန့်စရာ မလိုပါဘူး။”
“ဟမ်...”
ချင်းဖုန်းဟော် မှင်တက်သွားသည်။ လျို့ဝှက်ဓားအရှင်သခင်၏ စကားကို ပြန်တွေးမိကာ သူ ချက်ချင်း သတိဝင်လာပြီး မုန့်ချင်ကျိုးဘေးတွင် ရုပ်ဖျက်ထားသော အမျိုးသမီးကို လှည့်ကြည့်လိုက်ရာ အတိုင်းမသိ ဝမ်းသာသွားတော့သည်။
“ကောင်းပြီ ကောင်းပြီ ဒါဆိုရင် ဒီနေ့တော့ ငါ စိတ်ကြိုက် တိုက်ခိုက်ရတော့မှာပဲ...”
ထို့နောက် ချင်းဖုန်းဟော်သည်လည်း တိုက်ပွဲအလယ်သို့ ဒိုင်းခနဲ ပြေးဝင်သွားတော့သည်။
ခဏချင်းမှာပင် စစ်မြေပြင်မှာ စစ်မီးများ တဟုန်ထိုး တောက်လောင်လာပြီး သတ်ဖြတ်သံများက နားကွဲမတတ် ဆူညံနေသည်။ ကျယ်ပြောလှသော နယ်မြေကြီးမှာ သွေးစွန်းသွားပြီး ကျင့်ကြံသူများ တစ်ဦးပြီးတစ်ဦး လဲကျနေကြသည်။ ဤစစ်မြေပြင်တွင် တောင်ရွှေ့နယ်ပယ် ကျင့်ကြံသူများသည်ပင် နယ်ရုပ်လေးများသာ ဖြစ်ကြသည်။
လရောင်ထွန်းလင်းနယ်ပယ် စစ်သူကြီးများ၊ ပင်လယ်လွှမ်းနယ်ပယ် အရာရှိများ၊ တောင်ရွှေ့နယ်ပယ်က စစ်သည်များ ဖြစ်ကြပြီး တိမ်တက်နယ်ပယ်မှာမူ အမြောက်စာမျှသာ ဖြစ်တော့သည်။
တိမ်တက်နယ်ပယ်အောက်ရှိ လူများအကြောင်းကိုမူ ပြောနေစရာပင် မလိုတော့ပေ။ စက္ကန့်တိုင်းတွင် သောင်းနှင့်ချီ၍ သေဆုံးနေကြ၏။
မြောက်ဘက် အစွန်အဖျားဒေသရှိ အင်အားစုအသီးသီးမှ ပုန်းကွယ်နေသော အင်အားကြီး ပုဂ္ဂိုလ်များစွာလည်း ဤတိုက်ပွဲကို တိတ်တဆိတ် စောင့်ကြည့်နေကြသည်။
ဤစစ်မြေပြင်၏ ကြီးကျယ်ခမ်းနားမှုကြောင့် လူများစွာ ထိတ်လန့်တုန်လှုပ်နေကြသည်။
“ကျေးဇူးကန်းတဲ့ မျိုးဆက်သစ်လေးတွေ၊ မင်းတို့ရဲ့ ဓားသုံးထောင်ကို ပြန်သိမ်းလိုက်စမ်း။ မင်းတို့ရဲ့ ပြိုင်ဘက်က ငါပဲ...” အစ်မကြီးချုံးက လျို့ဝှက်ဓားအရှင်သခင်ကို တားဆီးလိုက်ရာ သူ၏ သတ်ဖြတ်လိုသော အရှိန်အဝါများက ကောင်းကင်သို့ ထိုးတက်သွားသည်။
လျို့ဝှက်ဓားအရှင်သခင်၏ ဘေးတွင် အင်အားစုအသီးသီးမှ ခေါင်းဆောင်များ ပေါ်လာကြသည်။ နံနက်ခင်းအလင်းနယ်ပယ်တစ်ပိုင်း (၁၀)ဦးသည် သူတို့၏ ဘုံရန်သူဖြစ်သော “ဧကရီ”ကို ဒေါသတကြီး စိုက်ကြည့်နေကြသည်။
“မိတ်ဆွေ... မင်းက မဟာကျင်းရဲ့ လက်အောက်ခံ မဟုတ်ပါဘူး။ ဘာလို့ သူတို့အတွက် တိုက်ခိုက် ပေးနေတာလဲ။ အခု ပြန်ဆုတ်သွားမယ်ဆိုရင် အရင်ကကိစ္စတွေကို ငါတို့ အရေးယူမှာ မဟုတ်ဘူး...” ဝိညာဉ်ငါးပါးမျိုးနွယ်စု ခေါင်းဆောင်က မုတ်ဆိတ်ကိုသပ်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
“အရေးမယူဘူး ဟုတ်လား။”
အစ်မကြီးချုံး၏ မျက်ဝန်းနက်ရှိုင်းသော နေရာတွင် အနီရောင်အလင်းတစ်ချက် ဖျတ်ခနဲ လက်သွားသည်။ “မှားနေပြီ။ ငါက မင်းတို့ကို လွှတ်ပေးချင်သလား ဆိုတာကမှ အဓိကပဲ။”
“မင်းတို့က ငါ့အဘိုးကြီးကို သတ်ဖို့ ကြိုးစားခဲ့တယ်။ ဒီနေ့တော့ မင်းတို့ကို (၈)ပိုင်း ပိုင်းပစ်ရမယ်...”
“အဘိုးကြီး ဟုတ်လား။ မင်းရဲ့အဘိုးက ဘယ်သူလဲ။” လျို့ဝှက်ဓားအရှင်သခင် ဇဝေဇဝါ ဖြစ်သွားသည်။
ငါတို့သတ်ချင်တာက အချိန်နဲ့နေရာလွတ် ဓားသူတော်စင်၊ ဧကရီ ချင်းလျူလီနဲ့ အဲဒီပြဿနာကောင် မုန့်ချင်ပဲလေ။ မင်းအဘိုးနဲ့ ဘာဆိုင်လို့လဲ။
“ငါ့အဘိုးက မင်းတို့ပြောနေတဲ့ အချိန်နဲ့နေရာလွတ် ဓားသူတော်စင်ပဲ...” အစ်မကြီးချုံးက အေးစက်စွာ ပြောလိုက်သည်။
လျို့ဝှက်ဓားအရှင်သခင် မှင်တက်သွား၏။ သူ နားမလည်နိုင်သော်လည်း အခြေအနေက အတော်လေး လေးနက်နေသည်ကိုတော့ ခံစားမိသည်။
ဟမ်...
မင်းတို့ မိသားစုပတ်သက်မှုက တော်တော်ရှုပ်တာပဲ။ သာမန်လူ မုန့်ချင်းက အချိန်နဲ့နေရာလွတ် ဓားသူတော်စင်ကို တပည့်လက်ခံထားတယ်။ ပြီးတော့ အဲဒီဓားသူတော်စင်ရဲ့ အစေခံမလေးက နံနက်ခင်းအလင်းနယ်ပယ် အဆင့်နှောင်းပိုင်းက အင်အားကြီး ပုဂ္ဂိုလ်ဖြစ်နေပြန်ရော...
ဒါဆို အင်အားကြီးလေလေ၊ မိသားစုထဲမှာ အဆင့်အတန်း နိမ့်လေလေပေါ့ ဟုတ်လား။
လျို့ဝှက်ဓားအရှင်သခင် ခေါင်းခါလိုက်သည်။ “ဒါဆို ဆွေးနွေးလို့ မရတော့ဘူးပေါ့။ ကောင်းပြီ၊ မင်းက သေချင်နေမှတော့ မင်းဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့။”
နောက်တစ်ခဏတွင် နံနက်ခင်းအလင်းနယ်ပယ်တစ်ပိုင်း ခေါင်းဆောင်များမှာ နောက်သို့ ဆုတ်ခွာသွားပြီး နေရာလွတ်ထဲသို့ ပျောက်ကွယ်သွားကြသည်။
သူတို့က တိုက်ပွဲမြေပြင်ကို တိတ်တဆိတ် ဖယ်ပေးလိုက်ကြခြင်းဖြစ်သည်။
၎င်းနောက် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများဖြင့် ပုဂ္ဂိုလ်ကြီးများ တစ်ဦးပြီးတစ်ဦး ဆင်းသက်လာကြသည်။
“ငါတို့လို အဘိုးကြီးတွေအတွက် နောက်မျိုးဆက်တွေအတွက် အမွေအနှစ် ချန်ထားနိုင်ဖို့ စစ်မြေပြင်မှာ သေရတာက ထိုက်တန်တဲ့ ဘဝတစ်ခုပဲ။”
ရုပ်ချင်းဆင်တူသော၊ အရေပြားများ တွန့်လိပ်နေသော်လည်း မျက်ဝန်းများက ကြယ်တာရာများကဲ့သို့ တောက်ပနေသော အဘိုးကြီးနှစ်ဦးက ပြောလိုက်သည်။
“ဘယ်သူတွေလဲ...” အစ်မကြီးချုံးက ခေါင်းစောင်းကာ မေးလိုက်သည်။
အဘိုးကြီးနှစ်ဦးက ကြင်နာစွာ ပြုံးလျက် တစ်လှည့်စီ ပြောပြသည်။
“လက်ရှိ မဟာချန်ဘုရင်ရဲ့ အဘိုး။”
“လက်ရှိ မဟာချန်ဘုရင်ရဲ့ အဖေ။”
အစ်မကြီးချုံးက ခေါင်းညိတ်လိုက်သည်။ “ဒီအရွယ်အထိကို သားအဖ၊ မြေးအဖိုးတွေ စစ်တိုက်တမ်း ကစားနေကြတာ တော်တော်လေး တက်ကြွတာပဲ။”
ဤအဘိုးကြီးနှစ်ဦးလုံးမှာ နံနက်ခင်းအလင်းနယ်ပယ် အစောပိုင်းအဆင့်များ ဖြစ်ကြပြီး မကြာသေးမီကမှ အဆင့်တက်ထားပုံရသည်။
“မင်းကော...” ထို့နောက် အစ်မကြီးချုံးက ဘောလုံးတစ်လုံးကဲ့သို့ လုံးဝန်းနေသော အသက်လတ်ပိုင်း အမျိုးသားကို ကြည့်လိုက်သည်။
“ဝိညာဉ်ငါးပါးမျိုးနွယ်စုရဲ့ ကာကွယ်သူ ဘိုးဘေးကြီး တောက်တီးပါ။ ငါ့ရဲ့ ဂူသင်္ချိုင်းထဲမှာ နှစ်ပေါင်း ရာချီ ထိုင်နေခဲ့တယ်။ ကျင့်ကြံခြင်းလမ်းစဉ်လည်း ပြတ်တောက်သွားပြီ၊ အသက်ရှင်ချင်စိတ်လည်း မရှိတော့ဘူး။ သူငယ်ချင်းလေး... ငါ့ကို သေခြင်းတရားနဲ့ လွတ်မြောက်ခွင့် ပေးနိုင်မလား။” ဘိုးဘေးကြီး တောက်တီးက သက်ပြင်းချလိုက်သည်။
အစ်မကြီးချုံး နှုတ်ဆိတ်နေပြီး မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။ သူ အနည်းငယ် ခေါင်းစား သွားရလေသည်။
ဤဝိညာဉ်ငါးပါးမျိုးနွယ်စုမှ ဘိုးဘေးကြီး တောက်တီးက တကယ်တမ်း နံနက်ခင်းအလင်းနယ်ပယ် အလယ်အလတ်အဆင့် ရှိသူ ဖြစ်သည်။ သို့သော် သူ၏ ကိုယ်ပေါ်တွင် သေမင်းအငွေ့အသက်များ ဖုံးလွှမ်းနေပြီး သက်တမ်း အနည်းငယ်သာ ကျန်တော့သည်မှာ သိသာလှသည်။ သူက တကယ့်ကို လွတ်မြောက်ခွင့် တောင်းနေခြင်းပင်။
“တစ်ယောက်ချင်းစီ မေးနေစရာ မလိုတော့ပါဘူး။ ငါ့ဘေးက သံထည်နီကြီးကတော့ ကြားဖူးမှာပါ။ ဧကရာဇ်အဆင့် သွေးရုပ်သေးလို့ ခေါ်တယ်။ သူလည်း နံနက်ခင်းအလင်းနယ်ပယ် အလယ်အလတ် အဆင့်ပဲ...” မဟာချန် ဘိုးဘေးကြီးက ပြုံးလျက် ပြောလိုက်သည်။
“နောက်ဆုံးတစ်ယောက်က စုန်းနတ်ဘုရားဂိုဏ်းရဲ့ ယဇ်ပုရောဟိတ်ဟောင်း။ သူလည်း နံနက်ခင်း အလင်းနယ်ပယ် အလယ်အလတ်အဆင့်ပဲ။”
အလယ်အလတ်အဆင့် (၃)ဦး၊ အစောပိုင်းအဆင့် (၂)ဦး...
အစ်မကြီးချုံးက မိုင်တစ်ထောင်အကွာရှိ တောင်တန်းနှင့် မြစ်တားကုန်းမြေဆီသို့ လှည့်ကြည့်လိုက်ရာ သူ၏ အကြည့်က အရာအားလုံးကို ထိုးဖောက်သွားပြီး တုန်းဖန်လျူလီ၏ မျက်ဝန်းများနှင့် ဆုံသွားသည်။
“ငါ့ရဲ့ မူလပုံစံကို ထုတ်ပြလို့ မရဘူး။ အဲဒါကြောင့် ငါ့ရဲ့ နည်းလမ်းတွေ အများကြီးကို သုံးလို့မရဘူး။ ပြီးတော့ နတ်ဘုရားအဆင့်တက်ဖို့ အတိဒုက္ခကို အပြည့်အဝ မကျော်ဖြတ်ရသေးတော့ တိုက်ခိုက်နိုင်စွမ်း အများကြီး လျော့နည်းနေလိမ့်မယ်။ ဒီအဘိုးကြီးတွေကို ငါ အမြန် မသတ်နိုင်ဘူး။ မင်းဘာသာ မင်း အခြေအနေကို တွက်ဆထားတော့....” အစ်မကြီးချုံးက အသံလွှင့်လိုက်သည်။
တုန်းဖန်လျူလီ၏ အသက်ရှူသံများ လေးလံသွားပြီး မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွားကာ ခပ်ဖွဖွ ခေါင်းညိတ်ပြလိုက်သည်။ “နားလည်ပြီ။”
မဟာကျင်း၏ အခြေခံအင်အားက လူများထင်ထားတာထက် သာလွန်နေသလို၊ အင်အားစု (၇)ခု၏ လျို့ဝှက်ချက်များကလည်း တုန်းဖန်လျူလီကို အငိုက်မိစေခဲ့သည်။
“နံနက်ခင်းအလင်းနယ်ပယ် အဆင့် ပုဂ္ဂိုလ်ကြီး (၅)ယောက်တောင်လား၊ ခမ်းနားလိုက်တာ။”
တုန်းဖန်လျူလီ သက်ပြင်းချလိုက်စဉ် တစ်စုံတစ်ခု မှားယွင်းနေသလို အန္တရာယ်တစ်ခု နီးကပ်လာသလို ခံစားလိုက်ရသည်။
သူ ခေါင်းကို ရုတ်တရက် လှည့်ကြည့်လိုက်ရာ၊ ဧကရာဇ်အဆင့် နတ်ဘုရားဓားကို ကိုင်ဆောင်ထားသော လျို့ဝှက်ဓားအရှင်သခင်နှင့် အင်အားစု (၇)ခုမှ ခေါင်းဆောင်များက နေရာလွတ် လှိုင်းဂယက်များကြားမှ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။
ဧကရီ ထိတ်လန့်သွားပြီး သူ၏ မျက်ဝန်းနီများ ကျဉ်းမြောင်းသွားသည်။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...
ဒီလူတွေက စစ်သည် တစ်သန်းနဲ့ မရေမတွက်နိုင်တဲ့ တားမြစ်ချက်တွေကို ဘယ်လိုကျော်ဖြတ်ပြီး တောင်တန်းနှင့် မြစ်တားမြေပုံ ပေါ်ကို တိုက်ရိုက် ရောက်လာနိုင်ရတာလဲ။
မဟာချန်ဘုရင်က အားရပါးရ ရယ်မောလိုက်သည်။ “ဝူယာထျန်းဂိုဏ်းချုပ်၊ မင်းတို့ဂိုဏ်းရဲ့ရတနာ အနှိုင်းမဲ့လက်မက တကယ် အသုံးဝင်တာပဲ။”
ဝူယာထျန်ဂိုဏ်းချုပ်က ရှေးဟောင်းအိမ်မြှောင်တစ်ခုကို ပြန်သိမ်းပြီး အေးအေးဆေးဆေး လက်ဝှေ့ယမ်း ပြလိုက်သည်။ “မင်းတို့ကလည်း မြှောက်ပင့်လွန်းနေပါပြီ။”
“ဝန်ကြီးမုန့်ချင်၊ မင်းရဲ့ တပည့် အချိန်နဲ့နေရာလွတ် ဓားသူတော်စင်ကော။ မင်းဘေးမှာ မရှိဘူးလား။” လျို့ဝှက်ဓားအရှင်သခင်က ပြုံးလျက် ပြောလိုက်သည်။
ယခု လျို့ဝှက်ဓားအရှင်သခင်၏ အစွမ်းမှာ နံနက်ခင်းအလင်းနယ်ပယ် ကျင့်ကြံသူများနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီဖြစ်သဖြင့် ယုံကြည်မှု အပြည့်ရှိနေသည်။
“ဒီသာမန်ကောင်နဲ့ စကားတွေ အရှည်ကြီး ပြောမနေနဲ့။ သူ့ကို သတ်လိုက်ရင် အချိန်နဲ့နေရာလွတ် ဓားသူတော်စင်က သေချာပေါက် ပေါ်လာလိမ့်မယ်...” သွေးပင်လယ်ဧကရာဇ်က တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေသော အနေအထားဖြင့် အေးစက်စွာ ပြောလိုက်သည်။