ငါက အချိန်နဲ့နေရာလွတ် ဓားသူတော်စင်ပဲ (၃)
Vol. 6 Ch. 78
ဝူယာထျန်ဂိုဏ်း၏ ရတနာများမှာ တကယ့်ကို ပေါများလှပေရာ မုန့်ချင်ကျိုးပင် လိုချင်တပ်မက်စိတ်ဖြင့် မျက်လုံးများ တောက်ပသွားရသည်။
ပထမဦးစွာ တွမ့်ဝူချောင်တွင် လောကချုပ်ငြိမ်း အမွှေးတိုင် သုံးတိုင် ရှိခဲ့ပြီး၊ ယခုအခါတွင် မည်သည့် တားမြစ်ချက်ကိုမဆို ဖြတ်ကျော်နိုင်ကာ အကွာအဝေးကို လျစ်လျူရှုပြီး မရေတွက်နိုင်သော နယ်မြေများကို ချက်ချင်း ကျော်ဖြတ်နိုင်သည့် ဧကရာဇ်အဆင့် ရတနာ၊ အကွာအဝေးမဲ့ နတ်ဘုရား ကိရိယာကို ထုတ်သုံးလာပြန်သည်။
ဒဏ္ဍာရီများအရ ဧကရာဇ်အဆင့်ရတနာ အနှိုင်းမဲ့လက်မနှင့်အတူ ကြီးမားသော နတ်ဘုရား စွမ်းအားများကို အသက်သွင်းလိုက်ပါက ဝိညာဉ်စွမ်းအင် လုံလောက်သရွေ့ ကောင်းကင်ဘုံ၏ အဆုံးသတ် အထိ ရောက်ရှိနိုင်သည်ဟု ဆိုကြသည်။
“လူငယ်လေး... သေဖို့သာ ပြင်ထားတော့။”
သွေးပင်လယ်ဧကရာဇ်က စကားများများမပြောဘဲ လေထဲမှနေ၍ လှမ်းဖမ်းလိုက်သည်။
၎င်းမှာ ပေါ့ပေါ့ပါးပါး လှုပ်ရှားမှုတစ်ခုသာ ဖြစ်သော်လည်း အကောင်အထည် ဖော်လိုက်သည်နှင့် ပင်လယ်လွှမ်းနယ်ပယ် ကျင့်ကြံသူကိုပင် ဒဏ်ရာရစေနိုင်သည်ဖြစ်ရာ မုန့်ချင်းကဲ့သို့ သာမန်လူ တစ်ယောက်အတွက်မူ ပြောနေစရာပင် မလိုတော့ပေ။
“ချင်ကျိုး...” တုန်းဖန်လျူလီ၏ နှလုံးခုန်သံမှာ တစ်ချက်မျှ ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရပြီး အကျိုးဆက်ကို ဂရုမစိုက်ဘဲ သူ၏ အစစ်အမှန်စွမ်းအားကို ထုတ်ဖော်ရန် ပြင်လိုက်သည်။
“စိတ်မပူပါနဲ့၊ သူတို့ ကိုယ့်ကို မသတ်နိုင်ပါဘူး။”
မုန့်ချင်ကျိုးက ခေါ်သံကို ကြားလိုက်ပြီး တုန်းဖန်လျူလီ၏ လက်ကို တည်ငြိမ်စွာ ဆုပ်ကိုင်လျက် နူးညံ့စွာ ပြုံးပြလိုက်သည်။
ရုတ်တရက် အချိန်မြစ်တစ်စင်းသည် ဟင်းလင်းပြင်ကို ထိုးဖောက်ကာ ကောင်းကင်ယံမှ နဂါးငွေ့တန်း ဆင်းသက်လာသကဲ့သို့ ပေါ်ပေါက်လာပြီး ပတ်ဝန်းကျင် ရှုခင်းအားလုံးကို အဖြူအမည်းအဖြစ် ပြောင်းလဲပစ်လိုက်သည်။
အချိန်မြစ်၏ အဆုံးသတ်တွင် ထူးခြားသော အနက်ရောင်ပုံရိပ်တစ်ခုသာ ရပ်နေပြီး သူတို့ကို အထက်မှနေ၍ ငုံ့ကြည့်နေသည်။
ထိုသူက စကားတစ်ခွန်းကို ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ရပ်တန့်စေ...”
အချိန်နှင့်နေရာလွတ် လှိုင်းဂယက်များက မြစ်၏ အဆုံးသတ်မှ ပျံ့နှံ့လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သွေးပင်လယ်ဧကရာဇ်ထံသို့ ရောက်ရှိသွားကာ သူ့ကို အဖြူအမည်းရောင်အဖြစ် ပြောင်းလဲသွားစေသည်။
သွေးပင်လယ်ဧကရာဇ်၏ မျက်ဆန်များ ကျဉ်းမြောင်းသွားသည်။ လွန်ခဲ့သော နှစ်ပတ်က ဧကရီကို ဝိုင်းရံတိုက်ခိုက်စဉ် အချိန်နှင့်နေရာလွတ် ဓားသူတော်စင်၏ အချိန်သံသရာထဲတွင် ပိတ်မိခဲ့ပြီး ကြယ်နက် ပေါက်ကွဲမှုဒဏ်ကို ခံခဲ့ရသည်ကို ပြန်လည်သတိရသွားသည်။
ထိုစဉ်က သွေးပင်လယ်ဧကရာဇ်သည် ခုနစ်ရက်နှင့် ခုနစ်ညတိုင်တိုင် အိပ်ရာထဲလဲခဲ့ပြီး အဖိုးတန်ဆေးရည် မျိုးစုံကို အမြောက်အမြား သုံးစွဲခဲ့ရမှ သူ၏ အထွတ်အထိပ် အခြေအနေသို့ အနိုင်နိုင် ပြန်ရောက်ခဲ့ခြင်းဖြစ်သည်။
ယခုအခါ ထိုအိပ်မက်ဆိုး ပြန်လည်ရောက်ရှိလာပြီဖြစ်ရာ သွေးပင်လယ်ဧကရာဇ်၏ နဖူးမှ ချွေးစေးများ စီးကျလာပြီး အသည်းအသန် စကားပြောရန် ကြိုးစားလိုက်သည်။
“မြန်မြန်... တိုက်... ခိုက်...ကြ...”
အချိန်မြစ်၏ အဆုံးသတ်တွင် ရပ်နေသော အချိန်နှင့်နေရာလွတ် ဓားသူတော်စင်က ခြေတစ်လှမ်း ရှေ့သို့ တိုးလိုက်ရာ မြစ်၏ လမ်းကြောင်းမှာ ပြောင်းလဲသွားပြီး အဆုံးသတ်မှာ အစမှတ် ဖြစ်သွားကာ သူကိုယ်တိုင်လည်း သွေးပင်လယ်ဧကရာဇ်၏ ရှေ့တွင် ပေါ်လာတော့သည်။
“မင်း... သေသင့်တယ်။” အချိန်နှင့်နေရာလွတ် ဓားသူတော်စင်က အေးစက်စွာ ပြောပြီး သွေးပင်လယ် ဧကရာဇ်၏ နဖူးကို အသာအယာ ထိလိုက်ရာ သူ၏လက်ထိပ်က ဦးခေါင်းကို ထိုးဖောက်သွားပြီး နတ်ဘုရားဝိညာဉ်ကို အမှုန့်ခြေပစ်လိုက်သည်။
လရောင်ထွန်းလင်း အလယ်အလတ်အဆင့်၊ အသက်တစ်ရှိုက် သုံးပါးသန့်စင်ခြင်းနှင့် ပေါင်းစပ်ထားသော အရိပ်ခွဲသုံးခုကို ပေါင်းစည်းထားရာ နံနက်ခင်းအလင်းနယ်ပယ် အစောပိုင်းအဆင့်၏ တိုက်ခိုက်ရေး စွမ်းရည်သို့ ချဉ်းကပ်နေပြီ ဖြစ်သည်။
ဓားသူတော်စင်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး မောဟိုက်နေသော လေပူများကို မှုတ်ထုတ်လိုက်သည်။
ဧကရာဇ်အဆင့် ကိုယ်ထည်ဖြစ်သော ကောင်းကင်ကံထူးရှင်ခန္ဓာနှင့် မျက်မမြင်စွမ်းအားစနစ်တို့ကြောင့် မုန့်ချင်ကျိုးအတွင်း၌ စုဆောင်းထားသော ကြီးမားလှသည့် ဝိညာဉ်စွမ်းအင်မှာ ကန့်သတ်ချက်သို့ ရောက်ရှိနေသည်မှာ ကြာပြီဖြစ်သည်။
ငါ့မှာ အင်အားတွေ ကျန်သေးတယ်။ အလိုရှိရင် လရောင်ထွန်းလင်းနယ်ပယ် နှောင်းပိုင်းကို အချိန်မရွေး တက်လှမ်းနိုင်တယ်။
အဲဒီအချိန်ကျရင် ငါက နံနက်ခင်းအလင်းနယ်ပယ် အလယ်အလတ် အင်အားကြီး ပုဂ္ဂိုလ်တွေကိုတောင် ယှဉ်တိုက်နိုင်လိမ့်မယ်။
သွေးပင်လယ်ဧကရာဇ်၏ နဖူးတွင် အက်ကြောင်းများ ပေါ်လာပြီး လည်ချောင်းထဲမှ သွေးများ ပိတ်ဆို့နေသဖြင့် စကားမပြောနိုင်တော့ဘဲ “ဂလု ဂလု” ဟူသော အသံများသာ ထွက်ပေါ်နေသည်။ သို့သော် ထိတ်လန့်နေသော မျက်လုံးများက သူ၏ ကြောက်ရွံ့မှုကို ဖော်ပြနေသည်။
နှစ်ပတ်အတွင်းမှာတင် အချိန်နှင့်နေရာလွတ် ဓားသူတော်စင်က ပို၍တောင် အစွမ်းထက်လာခဲ့လေပြီ...
ယခင်က အချိန်နှင့်နေရာလွတ် ဓားသူတော်စင်သည် နံနက်ခင်းအလင်းနယ်ပယ်တစ်ပိုင်း ကျင့်ကြံသူ (၁၂)ဦးကို တစ်ဦးတည်းနှင့် ဆီးတားနိုင်ခဲ့သည်မှာ အံ့မခန်းစွမ်းဆောင်ချက် ဖြစ်သော်လည်း ၎င်းမှာ အချိန်ဆွဲသည့် ဗျူဟာမျှသာ ဖြစ်ပြီး ရန်သူများကို သတ်ဖြတ်နိုင်ခြင်း သို့မဟုတ် အင်အားကုန်ခမ်းအောင် မလုပ်နိုင်ခဲ့ပေ။
သို့သော် ယခု အချိန်နှင့်နေရာလွတ် ဓားသူတော်စင်က နံနက်ခင်းအလင်းနယ်ပယ်တစ်ပိုင်း ကျင့်ကြံသူ တစ်ဦးကို အခြားသူများ ကူညီရန် အချိန်မရလိုက်မီမှာပင် ချက်ချင်း သတ်ဖြတ်နိုင်နေပြီ ဖြစ်သည်။
“နတ်ဆိုး...” သွေးပင်လယ်ဧကရာဇ်၏ မျက်လုံးများမှာ အလင်းရောင် ကွယ်ပျောက်သွားပြီး ဘုန်းခနဲ နောက်သို့ လဲကျကာ လုံးဝ သေဆုံးသွားတော့သည်။
စစ်မြေပြင်၏ နှစ်ဖက်စလုံးမှ သန်းနှင့်ချီသော ကျင့်ကြံသူများက အချိန်မြစ်ကြီး စကြာဝဠာကို ထိုးဖောက်ကာ တောင်တန်းနှင့်မြစ်မြေပုံ ပေါ်သို့ ဆင်းသက်လာပြီး သွေးပင်လယ်ဧကရာဇ်ကို အတင်းအဓမ္မ သတ်ဖြတ်လိုက်သည်ကို မြင်တွေ့လိုက်ရသည်။
အဝေးမှ စောင့်ကြည့်နေသော အခြားအင်အားစုများမှ ပုန်းကွယ်နေသည့် အင်အားကြီး ပုဂ္ဂိုလ်များမှာ တိတ်တဆိတ် ဆက်သွယ်လိုက်ကြသည်။
“အချိန်နဲ့နေရာလွတ် ဓားသူတော်စင်က ပိုပိုပြီး အစွမ်းထက်လာနေပြီ။ သူ့ရဲ့ ခြေလှမ်းတွေကို ဘယ်သူမှ မတားဆီးနိုင်တော့ဘူး။ သူက အနှိုင်းမဲ့ ဖြစ်လာဖို့ ကံပါလာတာပဲ...”
“နှမြောဖို့ကောင်းတာက အချိန်နဲ့နေရာလွတ် ဓားသူတော်စင်က အရမ်းကို မာနကြီးလွန်းတယ်။ ငါ အကြိမ်ကြိမ် ကမ်းလှမ်းခဲ့ပေမဲ့ သူက ရက်ရက်စက်စက် ငြင်းပယ်ခဲ့တယ်။ သူ့ရဲ့ သာမန်လူ သခင်ကိုပဲ ကာကွယ်ပေးချင်နေတာ။ ဘယ်လောက်တောင် မိုက်မဲလိုက်သလဲ...”
“ဒီလို ထူးခြားတဲ့သူမျိုးက ငါတို့နဲ့ မပူးပေါင်းနိုင်ဘူးဆိုရင် စောစောစီးစီး အမြစ်ဖြတ်ပစ်ရမယ်...”
စစ်မြေပြင်၏ အခြားတစ်ဖက်တွင် အစ်မကြီးချုံးက နံနက်ခင်းအလင်းနယ်ပယ် ဘိုးဘေးကြီး (၅)ဦးကို တစ်ဦးတည်း ရင်ဆိုင်နေရသော်လည်း။ သူ၏ မူလပုံစံကို ဖော်ပြ၍ မရသလို ကြီးမားသော နတ်ဘုရား စွမ်းအားများကိုလည်း အသုံးမပြုနိုင်ဘဲ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကိုသာ အားကိုးနေရသည်။
ထို့ကြောင့် တိုက်ပွဲမှာ အလွန်ပင် ခက်ခဲနေ၏။
“ဒီလူက ဘယ်သူလဲ။ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားက နဂါးနဲ့ ဆင်ပြောင်ကြီးတွေနဲ့တောင် ယှဉ်နိုင်တယ်။ ငါ့ရဲ့ နတ်ဘုရားစွမ်းအား တစ်ခုက သူ့မျက်နှာကို ထိသွားပေမဲ့ ပြန်ကန်ထွက်လာတယ်...” မဟာချန် ဘိုးဘေးကြီးက ဒေါသတကြီး ဆဲရေးလိုက်သည်။
ဘိုးဘေးကြီး တောက်တီးသည် အခုလေးတင် အက်ကွဲသွားသော သူ၏ တစ်သက်တာ နတ်ဘုရား လက်နက်ကို စိတ်ပျက်စွာ ကြည့်လိုက်သည်။ တစ်ဖက်ရှိ “ဧကရီအတု”မှာမူ ဒဏ်ရာတစ်စုံတစ်ရာမရဘဲ သူ၏ အဝတ်အစားများကို အေးအေးဆေးဆေး ပြန်လည်ပြင်ဆင်နေသည်။
“ဒီမှာ ဘယ်သူက နတ်ဘုရားသားရဲရဲ့ စစ်မှန်တဲ့ မျိုးဆက်လဲ။ တောက်တီး သွေးမျိုးဆက်ရှိတဲ့ ငါတောင် ရုပ်ပိုင်းဆိုင်ရာ ခွန်အားမှာ ရှုံးနေပါလား။” ဘိုးဘေးကြီး တောက်တီးက မိမိကိုယ်ကိုပင် သံသယ ဝင်လာမိသည်။
သို့သော်လည်း...
အစ်မကြီးချုံးသည် သူတို့ကို ဂရုမစိုက်ဘဲ စကြာဝဠာကို ထိုးဖောက်နေသော အချိန်မြစ်ကို လှည့်ကြည့်ရင်း ခေတ္တမျှ မှင်တက်သွားသည်။
“အဘိုးကြီး...”
“အဘိုးကြီး ပြန်လာတာလား။”
အစ်မကြီးချုံးက သူတို့ ပထမဆုံး တွေ့ဆုံစဉ် အချိန်ကို ပြန်သတိရသွားသည်။ ထိုစဉ်ကလည်း အဘိုးကြီးသည် ယနေ့ကဲ့သို့ပင် အချိန်မြစ်ကို စီးနင်းလျက် နေရာလွတ်ကို ဖြတ်ကျော်ကာ မထင်ထားဘဲ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။
သို့သော် ထိုစဉ်က ဓားသူတော်စင်သခင်၏ ခြေဖဝါးအောက်မှ အချိန်မြစ်က မြစ်ကြီးတစ်စင်းလိုပင်။ အခု မြင်နေရသော လမ်းကျဉ်းလေးထက် အများကြီး ပိုကျယ်နေခဲ့၏။
ရုတ်တရက် အစ်မကြီးချုံး တစ်စုံတစ်ခုကို သဘောပေါက်သွားသကဲ့သို့ သူ၏ အမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားသည်။
“အဘိုးကြီး... သတိထားဦး...”
အစ်မကြီးချုံ အလွန်အမင်း စိုးရိမ်သွားသဖြင့် ဘိုးဘေးကြီး တောက်တီးနှင့် မဟာချန် ဘိုးဘေးကြီးတို့ကို ပစ်ထားခဲ့ပြီး ဓားသူတော်စင်သခင်ထံသို့ ပြေးသွားရန် ပြင်လိုက်သည်။
သို့သော် ဘိုးဘေးကြီး တောက်တီးနှင့် အခြားသူများက သူ့ကို အလွတ်မပေးဘဲ အတင်းအဓမ္မ ဝိုင်းရံထားကြသည်။
“ငါ့ကို မပိတ်ထားနဲ့...” အစ်မကြီးချုံး၏ မျက်လုံးများမှာ သွေးရောင်လွှမ်းသွားပြီး လမ်းမှာတွေ့သမျှ အရာအားလုံးကို ဝါးမျိုပစ်တော့မည့်ပုံစံ ဖြစ်သွားသည်။
“ပိတ်တော့ ဘာဖြစ်လဲ။ ငါတို့တွေ မင်းကို ဒဏ်ရာရအောင် မလုပ်နိုင်ပေမဲ့ မင်းရဲ့ လက်သီးချက်တွေ ကလည်း ငါတို့ကို ဒဏ်ရာရလောက်အောင် မပြင်းပါဘူး...”
အစ်မကြီးချုံး စိတ်မရှည်တော့ဘဲ ဆက်နားမထောင်တော့ပေ။ သူ၏ လက်သီးမှာ နဂါးရိပ်တစ်ခုဖြင့် ဖုံးလွှမ်းသွားပြီး လက်သီးတစ်ချက် ထိုးလိုက်ရာ ကောင်းကင်ဘုံကိုယ်တိုင် ဆင်းသက်လာသကဲ့သို့ ဖြစ်သွားပြီး သာမန်လူများကို သူတော်စင်ရှေ့တွင် ဦးညွှတ်သွားစေသည်။
ထိုလက်သီးချက်အောက်တွင် ဘိုးဘေးကြီး တောက်တီးမှာ သာမန်လူတစ်ယောက် ဖြစ်သွားရသည်။
ဝုန်း...
ခုနက ကြွားလုံးထုတ်နေသော ဘိုးဘေးကြီး တောက်တီး၏ ပါးပြင်ပေါ်တွင် လက်သီးရာကြီး ထင်ကျန်သွားပြီး မြေကြီးထဲသို့ နက်ရှိုင်းစွာ နစ်ဝင်သွားတော့သည်။
“အဘိုးကြီး...”
အစ်မကြီးချုံး၏ စိုးရိမ်တကြီး ကြည့်နေသည့် အကြည့်ထဲတွင်... လျို့ဝှက်ဓားအရှင်သခင်က သူ၏ နတ်ဘုရားဓားကို အသက်သွင်းကာ နံနက်ခင်းအလင်းနယ်ပယ် စွမ်းအားများကို ထုတ်ဖော်လိုက်ပြီး နံနက်ခင်းလင်းအလင်းနယ်ပယ်တစ်ပိုင်း ကျင့်ကြံသူ အချို့ကို ဦးဆောင်လျက် အချိန်နှင့်နေရာလွတ် ဓားသူတော်စင်ကို တိုက်ခိုက်နေသည်ကို မြင်လိုက်ရသည်။
လျို့ဝှက်ဓားအရှင်သခင်၏ လောဘဇောတက်နေသော အသံကို သူ ကြားလိုက်ရသည်။ “မင်းရဲ့ အချိန်နဲ့ နေရာလွတ် ဓားအသိ ငါ့ကို ပေးစမ်း။ ငါ့ကို ကောင်းကင်ထောက်တိုင်နယ်ပယ်အထိ တက်လှမ်းနိုင်အောင် ကူညီပေးစမ်း...”
ဝူယာထျန်ဂိုဏ်းချုပ်ကလည်း ဧကရာဇ်အဆင့်ရတနာ အနှိုင်းမဲ့လက်မကို တိတ်တဆိတ် အသက်သွင်း လိုက်သည်ကို သူ မြင်လိုက်ရသည်။
ထို့နောက် နံနက်ခင်းအလင်းနယ်ပယ် ကျင့်ကြံသူ (၄)ဦးမှာ တောင်တန်းနှင့်မြစ်မြေပုံပေါ်သို့ ဆင်းသက် လာကြပြီး အချိန်နှင့်နေရာလွတ် ဓားသူတော်စင်၏ နောက်ကွယ်တွင် တိတ်ဆိတ်စွာ ရပ်လျက် သူ့ကို အထင်သေးစွာ ငုံ့ကြည့်နေကြသည်။
နံနက်ခင်းအလင်းနယ်ပယ် (၅)ဦး၊ နံနက်ခင်းအလင်းနယ်ပယ်တစ်ပိုင်း (၇)ဦး...
လရောင်ထွန်းလင်းနယ်ပယ် အလယ်အလတ်သာ ရှိသေးသော အချိန်နှင့်နေရာလွတ် ဓားသူတော်စင် အတွက်မူ ၎င်းမှာ သေမိန့်အတိုင်းပင်။
ဤတိုက်ပွဲမှာ အစ်မကြီးချုံး၏ မျက်ရည်များကြားတွင် ပေါက်ကွဲထွက်လာခဲ့သည်။ အချိန်နှင့်နေရာလွတ် ဓားသူတော်စင်မှာ ဘယ်ညာ တိုက်ခိုက်ခဲ့သော်လည်း နောက်ဆုံးတွင် အင်အားချင်း မမျှတော့ပေ။
“ကြွက်တစ်အုပ်ပဲ...” အချိန်နှင့်နေရာလွတ် ဓားသူတော်စင်မှာ တစ်ကိုယ်လုံး သွေးချင်းချင်းနီလျက် လဲကျသွားပြီး အချိန်မြစ်လည်း ပျောက်ကွယ်သွားကာ မြေပြင်ပေါ် သနားစဖွယ် ထိုင်နေရတော့သည်။
လျို့ဝှက်ဓားအရှင်သခင်က ရုပ်ဆိုးလှစွာ ပြုံးလိုက်သည်။
“မင်းရဲ့ အချိန်နဲ့နေရာလွတ် ဓားအသိကို ငါ ယူလိုက်ပြီ...”
ဇွတ်...
ဓားတစ်လက်က အချိန်နှင့်နေရာလွတ် ဓားသူတော်စင်၏ နဖူးကို ထိုးဖောက်သွားရာ သွေးများ စီးကျလာပြီး သက်မဲ့နေသော သူ၏မျက်လုံးများမှာ အလင်းရောင် ကွယ်ပျောက်သွားကာ နေရာမှာတင် သေဆုံးသွားတော့သည်။
ဓားသူတော်စင် သေဆုံးသွားလေပြီ...
တုန်းဖန်လျူလီ ဝင်ရောက်ကူညီချင်သော်လည်း မုန့်ချင်ကျိုးက သူ့ကို တင်းတင်းကျပ်ကျပ် ဆွဲထားသည်။
“ဘာလို့လဲ။” တုန်းဖန်လျူလီ၏ မျက်လုံးများ နီမြန်းနေသည်။ သူ့တွင် ထိုအဖြစ်ဆိုးကို တားဆီးနိုင်သည့် အစွမ်းရှိသော်လည်း မုန့်ချင်ကျိုးက တားဆီးထားသဖြင့် ဘာမှမတတ်နိုင်ဘဲ မေးခွန်းထုတ်မိသည်။
အဲဒါ ရှင်ရဲ့ တပည့်လေ...
ရှင် ဘာလို့ ဒီလောက်အထိ သွေးအေးနိုင်ရတာလဲ။ ရှင့်တပည့် သေသွားတာကိုတောင် ဘာမှ မစိုးရိမ်ဘဲ ကြည့်နေနိုင်တယ်ပေါ့လေ။
“တောင်းပန်ပါတယ် ချင်ကျိုး၊ ရှင့်တပည့် အဖြစ်ဆိုးနဲ့ သေသွားတာ ကျွန်မရဲ့ အမှားပါ။ ဒါပေမဲ့ စိတ်ချပါ။ ဧကရီက သူ့အတွက် ကလဲ့စားချေပေးလိမ့်မယ်...” တုန်းဖန်လျူလီက ပြောလိုက်သည်။
သို့သော် သူ၏ မျက်ဝန်းများထဲတွင် စိတ်ပျက်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
နောက်ဆုံးတော့ သာမန်လူတစ်ယောက်အနေနဲ့ ကြောက်ရွံ့တာက သဘာဝပါပဲ။ ငါ့ရဲ့ မျှော်လင့်ချက်တွေ အရမ်းမြင့်နေခဲ့တာ ဖြစ်မှာပေါ့။ တခြားသူကို ငါ့ရဲ့ စံနှုန်းတွေနဲ့ပဲ အမြဲ တိုင်းတာနေခဲ့မိတာ။
တုန်းဖန်လျူလီ ခေါင်းခါလိုက်ပြီး အတွေးများစွာ ဝင်လာသော်လည်း ယနေ့တွင် မုန့်ချင်ကျိုး ဤမျှ သွေးအေးနေလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။
“မုန့်ချင်ကျိုး...”
အဝေးမှနေ၍ ရူးသွပ်နေသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ အစ်မကြီးချုံးက ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် မုန့်ချင်ကျိုးအပေါ် အမုန်းတရားနှင့် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်သွား၏။
စစ်မြေပြင်၏ နှစ်ဖက်စလုံးမှ သန်းနှင့်ချီသော ကျင့်ကြံသူများသည် ဓားသူတော်စင် သေဆုံးသွားမှု၏ ရိုက်ခတ်မှုကြောင့် မှင်တက်နေကြရာ မည်သူမျှ အစ်မကြီးချုံးကို သတိမထားမိကြပေ...
“မုန့်ချင်ကျိုး... နင့်ကို ငါ သတ်ပစ်မယ်။”
အစ်မကြီးချုံးမှာ ဝိညာဉ်ပူးနေသကဲ့သို့ ရူးသွပ်စွာ ရေရွတ်နေသည်။ “အဘိုးကြီး... အဘိုးကြီး လူမှားကြည့်မိခဲ့တာပဲ။ အဘိုးကြီးရဲ့ ဆရာက... လုံးဝကို သူရဲဘောကြောင်တဲ့သူပဲ။ ဒီလိုလူမျိုးက အဘိုးကြီးရဲ့ ဆရာဖြစ်ဖို့ ဘယ်လိုများ ထိုက်တန်မှာလဲ။”
“သူက အဘိုးကြီးကို သေအောင် လုပ်ခဲ့တာ။ ပြီးတော့ အင်အားစု (၇)ခု... ဧကရီ၊ သူတို့ အားလုံးက အဘိုးကြီးကို သတ်တဲ့သူတွေပဲ။ ကျွန်မ ကလဲ့စားချေပေးမယ်...”
“ကျွန်မ နှစ်ပေါင်း သုံးသောင်းတောင် စောင့်ခဲ့ရတာ...”
“နှစ်ပေါင်း သုံးသောင်းတောင်...”
ဤမြင်ကွင်းက ဘိုးဘေးကြီး တောက်တီးနှင့် အခြားသူများကို အံ့အားသင့်စွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိစေသည်။ သူတို့၏ အမူအရာများမှာ အလွန်ပင် ထူးဆန်းနေပြီး ဒီမိန်းမ ရူးသွားပြီလားဟူ၍ မေးနေသကဲ့သို့ပင်။
ငါတို့ သူ့ကို ဆက်တိုက်ရဦးမှာလား။
တိုက်နေစရာလား။ သူ ငါတို့ဘက်ကို ပြန်လှည့်တော့မှာကို မမြင်ဘူးလား။
ဟား။ တံငါသည် အမြတ်ထုတ်ရတော့မယ်။ မဟာမိတ်တွေက ရန်သူ ဖြစ်သွားကြပြီ။ စိတ်ဝင်စားစရာပဲ...
လျို့ဝှက်ဓားအရှင်သခင်က ရုတ်တရက် အံ့သြတုန်လှုပ်စွာ အော်ဟစ်လိုက်သည်။ “အချိန်နဲ့နေရာလွတ် ဓားသူတော်စင်က အတုကြီးလား။”
လူတိုင်း၏ အကြည့်များမှာ စုပြုံသွားကြရာ သေဆုံးသွားသော အချိန်နှင့်နေရာလွတ် ဓားသူတော်စင်၏ ခန္ဓာကိုယ်နှင့် တာအိုများမှာ အလင်းစက်များအဖြစ် ပြောင်းလဲသွားပြီး အစအနမကျန် ပျောက်ကွယ် သွားသည်ကို မြင်လိုက်ရသည်။
“လခွမ်းတဲ့မှ” လျို့ဝှက်ဓားအရှင်သခင် မှင်တက်သွားသည်။ သူက အချိန်နှင့်နေရာလွတ် ဓားအသိအတွက် ထိုမျှအထိ အပင်ပန်းခံ တိုက်ခိုက်ခဲ့ရသော်လည်း ချက်ပြီးသားဘဲက ပျံထွက်သွားသည်ကို မြင်လိုက်ရ သကဲ့သို့ ဖြစ်သွားသည်။
“အမ်...” အစ်မကြီးချုံး၏ ရူးသွပ်နေသော မျက်လုံးများမှာ ရုတ်တရက် ကြည်လင်သွားပြီး သူ၏ အငိုမှာလည်း ရုတ်ချည်း ရပ်တန့်သွားကာ ရှိုက်သံများအဖြစ် ပြောင်းလဲသွားသည်။
အစ်မကြီးချုံး၏ သွေးရောင်လွှမ်းနေသော မျက်လုံးများ ပြန်လည်ပျောက်ကွယ်သွားပြီး သူ၏ ခေါင်းကို ဇဝေဇဝါဖြင့် ကုတ်လိုက်သည်။
ဓားသူတော်စင်သခင်က မသေဘူးလား။
“ဟမ်..” တုန်းဖန်လျူလီ မှင်တက်သွားပြီး သူဘေးက မုန့်ချင်ကျိုးကို လှည့်ကြည့်လိုက်ရာ...
ဟေး။ သူ ဘယ်ရောက်သွားတာလဲ...
သူ့ဘေးတွင် ရပ်နေသော မုန့်ချင်ကျိုးမှာ ယခုအခါ မည်သည့်နေရာမှာမှ ရှာမတွေ့တော့ပေ။
ထိုအခိုက်အတန့်တွင်။
စစ်မြေပြင်တစ်ခုလုံးကို လွှမ်းခြုံလျက် ရှေးဟောင်းခေတ်ဆီမှ လာသလို ဝေးကွာလှသော သက်ပြင်းချသံ တစ်ခု ပဲ့တင်ထပ်လာ၏။
မုန့်ချင်ကျိုးက မျက်မမြင်တုတ်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး အခြားလက်တစ်ဖက်ဖြင့် လက်ကိုင်ကို ဆုပ်ကိုင်ကာ ဆွဲထုတ်လိုက်သည်။
ချွမ်...
ဓားသံမှာ နဂါးဟိန်းသံကဲ့သို့ ထွက်ပေါ်လာပြီး ပေထောင်ချီမြင့်သော လှိုင်းလုံးကြီးများကို မြင့်တက်၍ သွားစေကာ ကောင်းကင်နှင့် မြေကြီး၏ ကြည်လင်သော လေထုကို နှစ်ပိုင်း ပိုင်းဖြတ်လိုက်တော့သည်။
ဝူး..
ပိုမို၍ ကျယ်ဝန်းလှသော အချိန်နှင့်နေရာလွတ်မြစ်ကြီးက ဘုရင်တစ်ပါး၏ လမ်းကြောင်းကဲ့သို့ ဟိန်းဟောက်လျက် နေရာလွတ် အတားအဆီးကို ထိုးဖောက်လာသည်။ မျက်လုံးကို အနက်ရောင် ပိုးသားဖြင့် စည်းထားပြီး သုံးပေရှည်သော ဓားကို ကိုင်ဆောင်ထားသည့် လူငယ်တစ်ဦးမှာ တည်ငြိမ်စွာ လမ်းလျှောက်လာသည်။
ဤပုံရိပ်မှာ အချိန်၏ အရိပ်အယောင်များဖြင့် ဖုံးလွှမ်းနေပြီး အခြားသော အချိန်နှင့် နေရာလွတ် တစ်ခုတွင် တည်ရှိနေသကဲ့သို့ပင်။ ဤသမိုင်းကြောင်းထဲတွင် ရှိနေသည်ဟုပင် မထင်ရပေ။
“ချင်ကျိုး...” တုန်းဖန်လျူလီ၏ ဦးနှောက်ထဲတွင် အတွေးပေါင်း သောင်းခြောက်ထောင် ပေါက်ကွဲသွားပြီး စိတ်များ ရှုပ်ထွေးကာ မျက်ဝန်းများ ဗလာဖြစ်လျက် နှုတ်ခမ်းနီလေးမှာ အနည်းငယ် ပွင့်ဟသွား၏။
အမြဲ တည်ငြိမ်ပြီး ရင့်ကျက်လှသော မဟာကျင်းတိုင်းပြည်၏ ဂုဏ်သိက္ခာကြီးမားလှသည့် ဧကရီမှာ ယခုအခါ အရှိန်အဝါများ ပျောက်ဆုံးသွားသည်အထိ ထိတ်လန့်သွားရပြီ ဖြစ်သည်။
ထိုစက္ကန့် အနည်းငယ် အတွင်းမှာပင် တုန်းဖန်လျူလီ၏ စိတ်ထဲ၌ မုန့်ချင်ကျိုးနှင့် တွေ့ဆုံခဲ့ပုံ၊ သိကျွမ်းခဲ့ပုံနှင့် အတူရှိခဲ့ပုံ အမှတ်တရများမှာ ပြိုးပြိုးပြက်ပြက် ဖြတ်ပြေးသွားသည်။
မုန့်ချင်ကျိုး ပြောခဲ့ဖူးသည့် စကားများကိုလည်း သူ၏နားထဲတွင် ပဲ့တင်ထပ်နေသည်။
“ငါ့ရဲ့ တစ်သက်တာ ရည်မှန်းချက်က ပူပန်မှုကင်းတဲ့ သာမန်လူတစ်ယောက် ဖြစ်ဖို့ပဲ။”
“မင်းပြောတာ နေကိုးစင်း လောင်ကျွမ်းနှလုံးသားကြာပန်းလား။ အဲဒါက မုတ်ဆိတ်ဖြူနဲ့ အဘိုးကြီး တစ်ယောက် ပေးသွားတာ။”
“ဒါက ငါ့ရဲ့တပည့် ချန်ယွမ် ဓားသူတော်စင်ပါ...”
“နှစ်ပေါင်း တစ်ရာကြာရင် လောကကြီးမှာ ကိုယ်တစ်ယောက်တည်း ကျန်ခဲ့မှာကို ကြောက်တယ်၊ လျူလီ... ကိုယ် မင်းနဲ့အတူ အချိန်တွေကို ကုန်ဆုံးချင်တယ်...”
....
“လူလိမ်...” တုန်းဖန်လျူလီ နောက်သို့ ယိုင်နဲ့နဲ့ ဆုတ်လိုက်ရပြီး ရင်ဘတ်မှာ ပြင်းထန်စွာ နိမ့်ချီမြင့်ချီ ဖြစ်နေသည်။ သူသည် နှုတ်ခမ်းကို သွေးထွက်သည်အထိ ကိုက်ထားမိ၏။
တုန်းဖန်လျူလီက စစ်မြေပြင်တစ်ခုလုံးကို တိတ်ဆိတ်သွားစေသော ထိုပုံရိပ်ကို မော့ကြည့်ရင်း မေးလိုက်သည်။
“ရှင်က တကယ်တမ်း ဘယ်သူလဲ။”
မုန့်ချင်ကျိုးသည် ခပ်တိုးတိုး သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ “ကိုယ်က အချိန်နဲ့နေရာလွတ် ဓားသူတော်စင်ပါ။ ချန်ယွမ်ဆိုတာက... ကိုယ့်ရဲ့ ကိုယ်ပွားတွေထဲက တစ်ခုပါပဲ။”
တုန်းဖန်လျူလီက အမှန်တရားကို ရိပ်မိနေသော်လည်း မုန့်ချင်ကျိုး ကိုယ်တိုင်ပြောသည်ကို ကြားလိုက်ရသည့်အခါ သူ၏နှလုံးသားမှာ ပြင်းထန်စွာ တုန်ခါသွားရသည်။
အချိန်နဲ့နေရာလွတ် ဓားသူတော်စင်က မုန့်ချင်ကျိုး ဖြစ်နေတယ်...
ဒါဆို...
သူက ဘယ်တုန်းကမှ ပညာရှိ တစ်ယောက် မဟုတ်ခဲ့ဘူး။ ဒဏ္ဍာရီထဲကလို အရာရာကို ကြိုသိနေတဲ့ ပရောဟိတ်တစ်ယောက် မဟုတ်ဘူး။
သူက အမြဲတမ်း ကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့တာပဲ။ ဓားသူတော်စင်တစ်ယောက်အနေနဲ့ သာမန် ဘဝလေးမှာ နေထိုင်ချင်ခဲ့တာ။
တုန်းဖန်လျူလီ၏ နှလုံးခုန်သံများ မြန်လာပြီး မျက်နှာလေးမှာ ရင့်မှည့်နေသော မက်မွန်သီးတစ်လုံးကဲ့သို့ နီမြန်းလာကာ အလွန်ပင် လှပနေတော့သည်။
“ရှင်က ပညာရှိ မဟုတ်ရင် ရှုဘုရင် ပုန်ကန်မယ့်အကြောင်းကို ဘယ်လို သိခဲ့တာလဲ။” တုန်းဖန်လျူလီက ထပ်မေးလိုက်သည်။
မုန့်ချင်ကျိုး ဇဝေဇဝါဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
ပညာရှိ ဟုတ်လား...
နားမလည်သော်လည်း တုန်းဖန်လျူလီတွင် ယခုအခါ မေးခွန်းများစွာ ရှိနေသည်ကို သူ သိသဖြင့် ပြန်မမေးတော့ပေ။
“အချိန်နဲ့နေရာလွတ် တာအို...” မုန့်ချင်ကျိုးက တည်ငြိမ်စွာ ပြောလိုက်သည်။
စကားလုံး သုံးလုံးတည်းဖြင့်သာ သူ့ကို ခန့်မှန်းခိုင်းလိုက်ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်လည်း မည်သို့ရှင်းပြရမည်ကို မသိသောကြောင့်ပင်။
ထိုစဉ်က ဇာတ်လမ်းကို ကြိုတင်ခန့်မှန်းနိုင်ခဲ့သည်မှာ သူ၏သရုပ်မှန် ဖော်ထုတ်ခံရလိမ့်မည်ဟု မမျှော်လင့်ခဲ့သောကြောင့် ဖြစ်သည်။ သာမန်လူ တစ်ယောက်က အနာဂတ်ကို ကြိုဟောခြင်းကို အလွန်ဆုံး ဆိုလျှင် အရူးတစ်ယောက် သို့မဟုတ် ထူးဆန်းသော စွမ်းရည်ရှိသူ တစ်ယောက်အဖြစ်သာ မြင်ကြလိမ့်မည်ဖြစ်ရာ စုံစမ်းစစ်ဆေးခံရမည် မဟုတ်ပေ။
ယခုမူ သူ၏ သရုပ်မှန် ပေါ်သွားပြီဖြစ်ရာ အခြေအနေက ကွဲပြားသွားပြီဖြစ်ပြီး သံသယဝင်စရာ ဖြစ်လာပေလိမ့်မည်။
တုန်းဖန်လျူလီ ခေါင်းညိတ်လိုက်ပြီး ဆက်မေးသည်။
“ရှင် တကယ်ပဲ မျက်စိမမြင်တာလား။”
“ပြီးတော့... ရှင် ကျွန်မနဲ့အတူ အချိန်တွေ ကုန်ဆုံးချင်တယ်လို့ ပြောခဲ့တာ တကယ်ပဲလား။”
“ကျွန်မရှေ့မှာ ရှိနေတာက ရှင့်ရဲ့ ပုံစံအမှန်လား။ ဒါမှမဟုတ် ဖုံးကွယ်ပြီး ဟန်ဆောင်နေတာလား...”
ထိုအချက်များမှာ တုန်းဖန်လျူလီအတွက် အရေးအကြီးဆုံး မေးခွန်းများပင်။
မုန့်ချင်ကျိုးက တည်ငြိမ်စွာ ပြောလိုက်သည်။
“ပထမအချက်က ကိုယ် မျက်စိမမြင်တာ အမှန်ပဲ။ လုံးဝကို ကွယ်နေတာ။”
“ဒုတိယအချက်က ကိုယ် ရင်ထဲကလာတဲ့ ကတိတစ်ခုပဲ ပေးဖူးတယ်။ အဲဒါသာ မဟုတ်ဘူးဆိုရင် ကောင်းကင်နဲ့ မြေကြီး၊ နတ်ဘုရားတွေ ကိုယ့်ကို အပြစ်ပေးပါစေ....”
“တတိယအချက်က မင်းရဲ့ အရှေ့မှာ ရှိနေတာက ကိုယ့်ရဲ့ ပုံစံအမှန်ပဲ။ အသွေးအသားနဲ့ တည်ရှိနေတဲ့ လူသားတစ်ယောက်...”