အခန်း (၁၀၁-၁၀၂)
Vol. 11 Ch. 101-102
အခန်း (၁၀၁) ငါတို့ အခုပဲ ထွက်ခွာချင်တယ်
တစ်ရက်တာ ရက်စက်စွာ သတ်ဖြတ်ခဲ့ပြီးနောက် စစ်မြေပြင်ရှိ မကောင်းဆိုးဝါးတိုင်းသည် သေဆုံးကာ မြေပြင်ပေါ်တွင် လဲလျောင်းနေကြပြီး သူတို့၏ သွေးများကြောင့် စစ်မြေပြင်တစ်ခုလုံး နီရဲနေတော့သည်။ လူအများအပြားမှာ ဤဘေးဒုက္ခမှ အသက်ရှင်ကျန်ရစ်သည့်အတွက် ဝမ်းသာအားရ အောင်ပွဲခံနေကြသည်။
"အားလုံးပဲ၊ ငါ ပြောစရာရှိတယ်" ဘုရင်မ မီယာက ကျယ်လောင်စွာ အော်ပြောသော်လည်း၊ သူမသည် စွမ်းအားတုံ့ပြန်မှုကြောင့် ဝိညာဉ်စွမ်းအင်ကို အသုံးမပြုနိုင်သဖြင့် သူမ၏ အသံမှာ အဝေးသို့ မရောက်ပေ။ အနီးနားရှိ လူအနည်းငယ်သာ ကြားရပြီး ကျန်ရှိနေသော လူအများစုမှာ ဘာဖြစ်နေမှန်း မသိကြပေ။
"အားလုံးပဲ နားထောင်ကြ" မာဇူးမားစ်က လူတိုင်း၏ အာရုံကို ရရှိစေရန် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။
"သရဲမျိုးနွယ်စုရဲ့ ဘုရင်မက စကားပြောချင်လို့ပါ။ ဒါပေမဲ့ သူမက စွမ်းအားတုံ့ပြန်မှုဒဏ် ခံနေရတာကြောင့် အဝေးမှာ ရပ်နေတဲ့သူတွေဆီ အသံမရောက်နိုင်ဘူး။ မင်းတို့က အရမ်းများနေတာကြောင့် အနားကို အကုန်တိုးလာရင်တောင် လူတိုင်းကြားရမှာ မဟုတ်ဘူး။ ဒါကြောင့် သူမပြောချင်တဲ့ စကားတွေကို ငါကပဲ မင်းတို့ဆီ ရောက်အောင် ပြောပြပေးမယ်" မာဇူးမားစ်က အော်ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် မာဇူးမားစ်" ဘုရင်မက ပြောသည်။
"မင်းတို့ရဲ့ အချိန်ကို အများကြီး မယူချင်ပါဘူး။ စကားအနည်းငယ်ပဲ ပြောချင်ပါတယ်" ဘုရင်မက ဆိုသည်ကို မာဇူးမားစ်က သူ၏ အသံအိုးကြီးဖြင့် ထပ်ဆင့် ပြောကြားပေးသည်။
"ပထမဆုံးအနေနဲ့ ဒီစစ်ပွဲမှာ ပါဝင်ခဲ့ကြတဲ့ မင်းတို့အားလုံးကို ကျေးဇူးတင်ချင်သလို၊ ဒီသမိုင်းဝင် တိုက်ပွဲကြီးမှာ အောင်ပွဲရခဲ့တဲ့အတွက်လည်း ဂုဏ်ယူပါတယ်။ ငါတို့ ဒီစစ်ပွဲကို နိုင်ခဲ့ပေမဲ့ ငါတို့ရဲ့ ရဲဘော်ရဲဘက် အများအပြားကိုလည်း ဆုံးရှုံးခဲ့ရတယ်။ ဒီနေရာကို ငါတို့ရဲ့ အမြတ်နိုးဆုံး သူရဲကောင်းတွေရဲ့ သုသာန်အဖြစ် သတ်မှတ်ပြီး သူတို့ကို ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ပေးကြဖို့ မျှော်လင့်ပါတယ်" ဘုရင်မ မီယာက ဆက်ပြောသည်။
"ဒုတိယအချက်ကတော့... နောက်တစ်လနေရင် ဒီအောင်ပွဲအတွက် ကြီးကျယ်တဲ့ အခမ်းအနားတစ်ခု ကျင်းပသွားမှာပါ။ စစ်ပွဲမတိုင်ခင်က ငါတို့ရဲ့ ပြည်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားခဲ့ရတာကြောင့် အစီအစဉ်တွေ ပြန်လုပ်ဖို့ အချိန်ယူရပါလိမ့်မယ်။ ဒါပါပဲ" ဘုရင်မ မီယာက သူမ၏ မိန့်ခွန်းကို အဆုံးသတ်လိုက်သည်။
"ကျေးဇူးတင်ပါတယ် မာဇူးမားစ်" ဘုရင်မ မီယာက သူမကို ကူညီပေးသည့်အတွက် မာဇူးမားစ်ကို ကျေးဇူးတင်လိုက်ပြန်သည်။
"ဒါအတွက် ကျေးဇူးတင်နေစရာ မလိုပါဘူး။ ငါတို့အားလုံးဟာ စည်းလုံးခြင်းရဲ့ အင်အားကို သင်ခန်းစာပေးခဲ့တဲ့ ဒီကြောက်စရာကောင်းတဲ့ စစ်ပွဲကနေ အသက်ရှင်လွတ်မြောက်လာခဲ့ကြတာပဲ။ တစ်ဦးကိုတစ်ဦး မကူညီဘဲနဲ့တော့ ဒီစည်းလုံးမှုကို ငါတို့ ဆက်ထိန်းထားနိုင်မှာ မဟုတ်ဘူး" မာဇူးမားစ်က ဘုရင်မကို ပြုံးလျက် ပြန်ပြောသည်။
"ဟွန့်... မင်းတို့က ငါတို့မျိုးနွယ်စုကို စစ်ကြေညာပြီး ငါတို့မျိုးဆက်ကို အမြစ်ဖြတ်ဖို့ လုပ်ခဲ့တုန်းကကော မင်းတို့ရဲ့ စည်းလုံးမှုတွေ ဘယ်ရောက်နေသလဲ" ခြင်္သေ့ဘီလူး မျိုးနွယ်စု ခေါင်းဆောင် ဘာလာက နှာခေါင်းရှုံ့ကာ ဆိုသည်။
"ဟွန့်... မင်းရဲ့ လူက ငါ့သမီးကို စော်ကားတာကိုး။ အဲဒီလူကို ငါ့ဆီ အပ်ပြီး အပြစ်ပေးခိုင်းမယ့်အစား မင်းက ကာကွယ်ပေးနေတာလေ။ ဒါကြောင့် ငါက မင်းကို အပြစ်ပေးခဲ့တာပေါ့" မာဇူးမားစ်က ဘာလာကို ဒေါသတကြီး စိုက်ကြည့်ကာ ပြန်ပြောသည်။
"ငါ့မျိုးနွယ်စုဝင်ကို ငါ ကာကွယ်မှာပေါ့။ အထူးသဖြင့် သူက မတရား စွပ်စွဲခံရတာဆိုရင် ပိုတောင် ကာကွယ်ရဦးမယ်" ဘာလာက မတုန်မလှုပ်သော လေသံဖြင့် ဆိုသည်။
"မင်းက ငါ့သမီးကို လူလိမ်လို့ ပြောနေတာလား" မာဇူးမားစ်က လေးနက်သောအသံဖြင့် ဘာလာကို စိုက်ကြည့်လိုက်သည်။
"ငါ..." ဘာလာက ပြန်ပြောရန် ပြင်လိုက်စဉ် ဘုရင်မက ကြားဖြတ် တားမြစ်လိုက်သည်။
"နှစ်ယောက်လုံး ရပ်ကြပါတော့။ အခုက ရန်ဖြစ်ရမယ့် အချိန်မဟုတ်ဘူး" ဘုရင်မ မီယာက သူတို့ကို တားလိုက်ပြီး ကျန်ရှိနေသော မျိုးနွယ်စု ခေါင်းဆောင်များကို ပြုံးလျက် ကြည့်ကာ "နင်တို့အားလုံး ဒဏ်ရာရထားကြတယ်။ ငါ့နောက်ကို လိုက်ခဲ့ကြပါ၊ နင်တို့ နန်းတော်ထဲမှာ အနားယူဖို့ ငါ စီစဉ်ပေးပါ့မယ်"
"အာယာ" ဘုရင်မက ခေါ်လိုက်သောအခါ မိန်းကလေးတစ်ဦး ရှေ့ထွက်လာပြီး သူမ၏ ပခုံးပေါ်သို့ ဝတ်ရုံတစ်ခု ခြုံပေးလိုက်သည်။ ဘုရင်မမှာ လက်နှစ်ဖက်လုံး ဆုံးရှုံးထားရသည်ကို မြင်သောအခါ လူတိုင်းက စိတ်မကောင်း ဖြစ်သွားကြရသည်။ ထိုသို့ လုပ်ခဲ့သူမှာ သူတို့ကို ကယ်တင်ခဲ့သည့် ကယ်တင်ရှင်ပင် ဖြစ်နေသည်။
"ကျေးဇူးပဲ။ ဒါနဲ့... ငါတို့ရဲ့ ဧည့်သည်တွေ နန်းတော်မှာ တည်းခိုဖို့အတွက် သေချာ ပြင်ဆင်ထားလိုက်ပါ" ဘုရင်မက ပြောပြီး ရှေ့သို့ ဆက်လျှောက်သွားသည်။
"ဟုတ်ကဲ့ပါ အရှင်မ" အာယာက ပြန်ဖြေသည်။
"ဟို... ဘုရင်မ မီယာ၊ ရွှီရဲ့ ရုပ်အလောင်းကို တန်ရှာ မျိုးနွယ်စုဆီ ပြန်သယ်သွားဖို့အတွက် စီစဉ်ပေးနိုင်မလား။ ငါ ရွှီကို ငါတို့ရဲ့ ကိုယ်ပိုင်မြေပေါ်မှာပဲ ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ပေးချင်လို့ပါ။ ကျယ်ကျယ်ဝန်းဝန်းရှိတဲ့ ရထားလုံးတစ်စီး စီစဉ်ပေးရင် ကျေးဇူးတင်မိမှာပါ။ ငါ ရွှီနဲ့အတူ မျိုးနွယ်စုဆီ ပြန်ရောက်ရင် အဲဒီအတွက် ကျသင့်ငွေကို ပြန်ပို့ပေးပါ့မယ်" တန်ရှာက ရပ်နေရင်း ပြောလိုက်သည်။
"အာ... ငါ စီစဉ်ပေးပါ့မယ်။ ဘာအတွက်မှ ငွေပေးစရာ မလိုပါဘူး။ နင်တို့က ငါတို့ကို ကူညီဖို့ လာခဲ့တာပဲ၊ ဒါက ဘာနဲ့မှ မလဲနိုင်တဲ့ အရာပါ" ဘုရင်မ မီယာက ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
"ကောင်းပါပြီ။ မင်းတို့ အရင်သွားနှင့်ကြပါ။ ငါ အဲဒါ အဆင်သင့်ဖြစ်တဲ့အထိ စောင့်ပြီးမှ ချက်ချင်း ထွက်ခွာတော့မယ်။ မင်းတို့ရဲ့ အောင်ပွဲခံပွဲကို မတက်ရောက်နိုင်တဲ့အတွက်လည်း တောင်းပန်ပါတယ်" တန်ရှာက ဆိုသည်။
"ဘာ အောင်ပွဲခံပွဲလဲ။ ငါလည်း အရမ်းပင်ပန်းပြီး ဒဏ်ရာတွေ နာနေလို့ အနားပဲ ယူချင်နေတာ။ အောင်ပွဲခံပွဲကတော့ ဘုရင်မ ပြောသလို နောက်တစ်လကျမှပဲ ရှိမှာပါ" ဘာလာက တန်ရှာကို ပြောလိုက်သည်။
"မင်း ဆန္ဒရှိရင် သူ့ကို နန်းတော်ထဲ ခဏ ခေါ်ထားလို့ရတယ်နော်" ဘုရင်မက အကြံပေးသည်။
"ရပါတယ်၊ မလိုပါဘူး" တန်ရှာက တိုက်ရိုက်ပင် ငြင်းပယ်လိုက်သည်။
"အင်း... ကောင်းပါပြီ" ဘုရင်မက ပြောပြီး နန်းတော်သို့ လျှောက်သွားရာ အားလုံးက သူမနောက်သို့ လိုက်ပါသွားကြပြီး တန်ရှာ တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။
နှစ်နာရီအတွင်းမှာပင် ရထားလုံးတစ်စီး ရောက်လာပြီး တန်ရှာသည် ရွှီ၏ ရုပ်အလောင်းနှင့်အတူ ထွက်ခွာသွားတော့သည်။ တန်ရှာမျိုးနွယ်စု စစ်တပ်မှာမူ ရထားလုံးနောက်မှ ခပ်မှန်မှန် လိုက်ပါသွားကြသည်။
လေးနာရီခန့် ကြာပြီးနောက် လုံချန်းသည် စစ်ပွဲဖြစ်ပွားခဲ့ရာ စစ်မြေပြင်သို့ ပြန်ရောက်လာသည်။ သူ ကြည့်လိုက်သည့် နေရာတိုင်းတွင် သွေးများနှင့် မကောင်းဆိုးဝါး အလောင်းများကိုသာ တွေ့ရသည်။ သရဲမျိုးနွယ်စု စစ်တပ်နှင့် အခြားစစ်တပ်အချို့က ထိုအလောင်းများကို တစ်နေရာတည်းတွင် စုပုံနေကြသည်။ မျိုးနွယ်စု စစ်သည်တော်များ၏ အလောင်းများကိုမူ မတွေ့ရတော့သဖြင့် သူတို့ကို ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ပြီးပြီဟု လုံချန်းက ခန့်မှန်းလိုက်သည်။
နာရီအနည်းငယ်အတွင်းမှာပင် အလောင်းပေါင်း သောင်းချီကို သင်္ဂြိုဟ်ပေးနိုင်သည့် စစ်သည်တော်များ၏ လျင်မြန်သော လုပ်ဆောင်ချက်ကို လုံချန်းက အံ့ဩနေမိသည်။
"မျိုးနွယ်စု ခေါင်းဆောင်တွေ အကုန် ဘယ်ရောက်ကုန်ပြီလဲ" လုံချန်းက စစ်မြေပြင်တွင် တွေ့ရသော မူလန်မျိုးနွယ်စုဝင် စစ်သည်တစ်ဦးကို မေးလိုက်သည်။
"စီ... စီနီယာ... သူတို့အားလုံး သရဲမျိုးနွယ်စုရဲ့ နန်းတော်ဆီကို သွားကြပါပြီ" ထိုစစ်သည်မှာ မကောင်းဆိုးဝါး ဧကရာဇ်ကို သတ်ခဲ့သူ လုံချန်း သူ့ရှေ့တွင် ရပ်နေသည်ကို မြင်သောအခါ ထိတ်လန့်သွားသော်လည်း ချက်ချင်း အသိဝင်ကာ ပြန်ဖြေလိုက်သည်။
"တန်ရှာ မျိုးနွယ်စုက စစ်သည်တွေကိုကော ဘာလို့ ဒီမှာ မတွေ့ရတာလဲ" လုံချန်းက ထပ်မေးသည်။
"သူတို့က သူတို့ခေါင်းဆောင်နဲ့အတူ စောစောကပဲ ထွက်သွားကြပါပြီ" စစ်သည်က ဖြေသည်။
"ဪ... ဒါဆို တခြား ခေါင်းဆောင်တွေကော။ သူတို့လည်း ထွက်သွားကြပြီလား"
"မဟုတ်ပါဘူး၊ သူတို့ကတော့ ဘုရင်မနဲ့အတူ နန်းတော်ထဲကို ဝင်သွားကြပါတယ်"
"ကောင်းပြီ" လုံချန်းက ခေါင်းညိတ်ပြလိုက်ပြီး နန်းတော်ရှိရာသို့ ပျံသန်းသွားသည်။ သူသည် မျိုးနွယ်စု နယ်နိမိတ်ကို အလွယ်တကူ ဖြတ်ကျော်ကာ နန်းတော်ရှေ့တွင် ဆင်းသက်လိုက်သည်။
'ဒါကို မလုပ်ရသေးဘဲနဲ့တော့ ငါ စိတ်အေးအေးနဲ့ ထွက်သွားနိုင်မှာ မဟုတ်ဘူး' လုံချန်း တွေးတောရင်း နန်းတော်အတွင်းသို့ ဝင်ရောက်သွားတော့သည်။
အခန်း (၁၀၂) အကြောင်းပြချက်
လုံချန်းသည် နန်းတော်အတွင်းရှိ အစေခံများထံမှ လမ်းမေးကာ လျှောက်လှမ်းလာခဲ့သည်။ မည်သူမျှ သူ့ကို တားဆီးရန် မဝံ့ရဲကြသော်လည်း အစေခံအများစုမှာ လုံချန်း နန်းတော်ထဲသို့ ရောက်ရှိနေကြောင်းနှင့် သူသွားနေသည့် ဦးတည်ရာကို ဘုရင်မထံ ချက်ချင်း သတင်းပို့ကြသည်။
"သူ ဘာလုပ်ချင်နေတာလဲ..." ဘုရင်မ မီယာသည် စဉ်းစားရခက်စွာဖြင့် ခေါင်းထဲတွင် အတွေးများ ရှုပ်ထွေးနေပြီး ဟိုဟိုဒီဒီ လျှောက်နေမိသည်။
'တစ်ယောက်ယောက်ကို သူ့နောက် လိုက်ခိုင်းရမလား၊ ဒါမှမဟုတ် ငါကိုယ်တိုင်ပဲ သွားကြည့်ရမလား။ မဟုတ်သေးဘူး၊ သူလုပ်ချင်တာ လုပ်ပါစေ၊ အဲဒီ ကပ်ဘေးနဲ့ တူတဲ့သူနဲ့ ငါ ထပ်ပြီး မပတ်သက်ချင်တော့ဘူး' သူမသည် စိတ်လျှော့လိုက်ကာ ပလ္လင်ပေါ်တွင် ပြန်ထိုင်လိုက်ပြီး လုံချန်းကို ရန်မစဘဲ သူလုပ်ချင်ရာ လုပ်ခွင့်ပေးရန် အစေခံများကို အမိန့်ပေးလိုက်သည်။
လုံချန်းသည် အခန်းတံခါးတစ်ခန်းကို ခေါက်လိုက်ရာ မကြာမီမှာပင် တံခါးပွင့်လာသည်။
"စီ... စီနီယာ လုံချန်း" အစေခံတစ်ဦးက တံခါးဖွင့်ပေးရင်း အံ့ဩသွားသည်။
"မင်းရဲ့ သခင် ဘယ်မှာလဲ" လုံချန်းက မေးလိုက်သည်။
"သူ အထဲမှာ အနားယူနေပါတယ်။ ကျွန်တော် သွားသတင်းပို့ပေးပါ့မယ်" အစေခံသည် အထဲသို့ အပြေးအလွှား ဝင်သွားသည်။ လုံချန်းသည်လည်း အခန်းထဲသို့ လိုက်ဝင်သွားခဲ့သည်။
"သခင်၊ စီနီယာ လုံချန်း ရောက်နေပါတယ်" အစေခံက အခန်းမကြီးထဲမှ လှမ်းအော်ပြောလိုက်သည်။
"ဘာ... ဘာပြောတယ်... ငါ အခုပဲ လာခဲ့မယ်" အထဲမှ ပျာပျာသလဲ အသံထွက်ပေါ်လာသည်။
မကြာမီမှာပင် ခြင်္သေ့ဘီလူး မျိုးနွယ်စု ခေါင်းဆောင် ဘာလာသည် အစေခံ၏ နောက်မှ အခန်းပြင်သို့ ထွက်လာသည်။
"အာ... စီနီယာ လုံချန်း။ စောင့်ခိုင်းထားမိလို့ တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ထိုင်ပါဦး" ဘာလာသည် ဒဏ်ရာရထားသော ခန္ဓာကိုယ်ဖြင့်ပင် လုံချန်းရှိရာသို့ အလျင်အမြန် လျှောက်လာခဲ့သည်။
"အပြင်အထိ ထွက်လာပြီး ဒုက္ခခံနေစရာ မလိုပါဘူး။ ဒါပေမဲ့ ထွက်လာပြီဆိုတော့လည်း ထိုင်ကြတာပေါ့။ ကျုပ် ခင်ဗျားနဲ့ အရေးကြီးတဲ့ ကိစ္စတစ်ခု ပြောစရာရှိတယ်" လုံချန်းက အေးဆေးစွာ ပြောရင်း အစေခံကို တစ်ချက် ကြည့်လိုက်သည်။
"ဪ... ရတာပေါ့။ မာ့ဇ်... ငါတို့ စကားပြောနိုင်ဖို့ ခဏလောက် အပြင်ထွက်ပေးဦး" ဘာလာက အစေခံကို ပြောလိုက်ရာ အစေခံလည်း အခန်းထဲမှ ထွက်သွားတော့သည်။
"ရော့... ဒါ ခင်ဗျားကို ပြန်ပေးချင်လို့ပါ။ ကျုပ်ကို ခဏပေးသုံးခဲ့တဲ့အတွက် ကျေးဇူးပဲ၊ တကယ့်ကို အသုံးဝင်ပါတယ်" လုံချန်းက မကောင်းဆိုးဝါး မျိုးနွယ်စုကို ရှာဖွေစဉ်က အသုံးပြုခဲ့သည့် လမ်းညွှန်အိမ်မြှောင်ကို ဘာလာထံ ပြန်ပေးလိုက်သည်။
"မင်း... မင်း မကောင်းဆိုးဝါး မျိုးနွယ်စုဆီ ရောက်ပြီး ပြန်လာတာလား။ တကယ့်ကို မြန်လှချည်လား။ သူတို့အားလုံး သေကုန်ကြပြီလား" ဘာလာက အံ့ဩတုန်လှုပ်စွာ မေးလိုက်သည်။
"ခင်ဗျားက ကျုပ်ကို တွေ့သမျှလူကို အလကားနေရင်း သတ်ဖြတ်နေတဲ့သူလို့ ထင်နေတာလား။ ကျုပ်က ဘာလို့ မကောင်းဆိုးဝါး မျိုးနွယ်စု တစ်ခုလုံးကို အမြစ်ဖြတ်ရမှာလဲ" လုံချန်းက ပြုံးလျက် ပြန်ပြောသည်။
"အာ... မဟုတ်ပါဘူး၊ ငါ ဆိုလိုတာက အဲဒီပစ္စည်းက ဘယ်လို အထောက်အကူ ဖြစ်သွားသလဲလို့ သိချင်ရုံတင်ပါ" ဘာလာက ချက်ချင်းပင် ရှင်းပြလိုက်သည်။
"ဒါပေါ့... ကျုပ် ရှာနေတဲ့ မကောင်းဆိုးဝါး ဧကရာဇ်ကို ရှာဖို့ အများကြီး ကူညီပေးခဲ့တယ်။ သူက မကောင်းဆိုးဝါး တောအုပ်ဘက်ကို ထွက်ပြေးမယ်ဆိုတာ ကျုပ် သိနေတာလေ။ ဒါနဲ့ ခင်ဗျား မမေးခင် ကြိုပြောထားမယ်... ဟုတ်တယ်၊ သူ သေသွားပြီ" လုံချန်းက ပြုံးလျက် ဆိုသည်။
"မယုံနိုင်စရာပဲ" ဘာလာမှာ ဆွံ့အလျက် ရေရွတ်မိသည်။
"ကဲ... ကျုပ်တို့ စကားလမ်းကြောင်း လွဲနေပြီ။ ကျုပ် ဒီကို လာတာက ခင်ဗျားရဲ့ အကာအကွယ်အတွက် ဘုရင်မကို ပေးခဲ့တဲ့ ရတနာလုံး အကြောင်း ပြောဖို့ပါ" လုံချန်းက ပြုံးလျက် ဆိုလိုက်သည်။
"အဲဒါ... အဲဒါက ဘာဖြစ်လို့လဲ" ဘာလာက အနည်းငယ် ထိတ်လန့်သွားသော လေသံဖြင့် မေးသည်။
"အဲဒီရတနာလုံးဟာ ထျန်းရှန် ကျင့်ကြံခဲ့တဲ့ ရတနာလုံး မဟုတ်ဘူးဆိုတာ ကျုပ်တို့ နှစ်ယောက်လုံး သိကြတာပဲ။ ခင်ဗျား ဘာလို့ လိမ်ခဲ့တာလဲ၊ ပြီးတော့ တကယ့် ရတနာလုံးက ဘယ်မှာလဲ" လုံချန်းက မေးလိုက်သည်။
"ဒါက... အမှန်အတိုင်း ပြောရရင် ငါ လိမ်ချင်လို့ လိမ်ခဲ့တာ မဟုတ်ပါဘူး။ ဘုရင်မကို မလိမ်ချင်ပေမဲ့ ငါ့မှာ ရွေးချယ်စရာ မရှိလို့ပါ" ဘာလာက စိတ်မကောင်းသော မျက်နှာဖြင့် ဆိုသည်။
"ဘာကို ဆိုလိုတာလဲ။ ခင်ဗျား အစစ်ကို မပေးခဲ့တာ အကြောင်းပြချက် ရှိလို့လား"
"မှန်ပါတယ်၊ မပေးချင်လို့ မဟုတ်ဘဲ ငါ့ဆီမှာ အစစ်က မရှိလို့ပါ။ စီနီယာ ထျန်းရှန် ဒီကမ္ဘာကနေ ပျောက်ကွယ်သွားပြီးနောက်မှာ အဲဒီရတနာလုံးဟာ သူနဲ့အတူ ပျောက်ကွယ်သွားခဲ့တယ်။ ငါတို့ရဲ့ သမိုင်းမှတ်တမ်းတွေအရ ငါတို့ ဘိုးဘေးတွေက အဲဒီရတနာလုံး ထားတဲ့ ဘုရားကျောင်းဆီ သွားကြည့်တဲ့အခါမှာ နေရာက ဟာလာဟင်းလင်း ဖြစ်နေခဲ့တယ်လို့ ရေးထားတယ်။ အဲဒါ ဘယ်ရောက်သွားလဲဆိုတာ ငါတို့လည်း မသိဘူး" ဘာလာက လေးနက်စွာ ရှင်းပြသည်။
"ဒါဆို ခင်ဗျားတို့ဆီမှာ ရတနာလုံး သုံးလုံး ရှိခဲ့တာပေါ့၊ ထျန်းရှန် ကျင့်ကြံခဲ့တဲ့ တစ်လုံးက သူ ပြန်သွားတဲ့အချိန်မှာ ပျောက်သွားတာလား။ အဲဒီနေရာမှာ တစ်စုံတစ်ရာ အကျိုးအပဲ့တွေများ တွေ့ခဲ့သေးလား" လုံချန်းက စဉ်းစားရင်း မေးသည်။
"ဘယ်အကျိုးအပဲ့မှ မရှိပါဘူး၊ လုံးဝကို ဟာလာဟင်းလင်း ဖြစ်နေတာပါ။ ပြီးတော့ ငါတို့ဆီမှာ ရတနာလုံး သုံးလုံး မရှိခဲ့ပါဘူး၊ စီနီယာ ထျန်းရှန် မရောက်လာခင်က ငါတို့ဆီမှာ နှစ်လုံးပဲ ရှိတာပါ။ ဘုရင်မ မီယာကို ပေးလိုက်တဲ့ ရတနာလုံးက ဘယ်က ရသလဲဆိုတာကိုတော့ ငါ ဖြေပေးနိုင်ပါတယ်။ အဲဒါက ငါတို့ရဲ့ အရင် မျိုးနွယ်စုခေါင်းဆောင် ခရီးထွက်ရာကနေ ပြန်လာတဲ့အခါ ယူလာခဲ့တဲ့ အရာပါ" ဟု ဘာလာက အသေးစိတ် ပြောပြလိုက်သည်။
"ဪ... ပြောပြတဲ့အတွက် ကျေးဇူးပဲ။ ကျုပ် သွားတော့မယ်" လုံချန်းက မတ်တတ်ရပ်လိုက်သည်။
"မင်း ဒါကို ဘုရင်မကို သွားပြောမှာလား" ဘာလာ စိုးရိမ်တကြီး မေးသည်။
"အဲဒီ မိန်းကလေးကို ပြောပြနေဖို့ ကျုပ်မှာ ဘာအကြောင်းမှ မရှိပါဘူး" လုံချန်းက ပြုံးလျက်ပင် အပြင်သို့ ထွက်လာခဲ့သည်။
လုံချန်းသည် ထွက်ပေါက်ရှိရာသို့ လျှောက်သွားရင်း တွေးတောနေမိသည်။
'ဒီကမ္ဘာမှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေတာပဲ။ ကံဆိုးတာက ငါ့မှာ ဒါတွေကို လိုက်စဉ်းစားနေဖို့ အချိန်မရှိတာပဲ။ ကျင့်ကြံခြင်းကသာ အရေးကြီးဆုံးပဲ' လုံချန်း ရေရွတ်လိုက်သည်။
'ငါ တန်ရှာမျိုးနွယ်စုဆီ အခု ပြန်ရင်တောင်မှ မနက်ဖြန်မှပဲ ဟင်းလင်းပြင် ခရီးသွားခြင်းကို သုံးလို့ရမှာဆိုတော့ အချိန်ကုန်ဦးမယ်။ အေးလေ... ဒီနန်းတော်ထဲမှာလည်း ကျင့်ကြံဖို့ ကောင်းတဲ့နေရာ တစ်ခု ရှိသားပဲ' လုံချန်းသည် နန်းတော်၏ အနောက်ဘက်သို့ လျှောက်သွားပြီး အရင်က ရေခဲရတနာလုံးနှင့် ဟင်းလင်းပြင် ရတနာလုံးကို တွေ့ခဲ့သော ဘုရားကျောင်းအတွင်းသို့ ဝင်လိုက်သည်။
'အခုတော့ အစောင့်တွေ မရှိတော့ဘူးပဲ။ ရတနာလုံးတွေ မရှိတော့တော့ မီယာက ဒီနေရာကို ကာကွယ်ဖို့ မလိုတော့ဘူးလို့ ထင်သွားပုံရတယ်။ သူမ ပေးထားတဲ့ ရတနာလုံးက အရင်နေရာကို ပြန်ရောက်နေပြီဆိုတာ သိဖို့ ဘယ်လောက်တောင် ကြာဦးမလဲ မသိဘူး' လုံချန်းသည် ကျောင်းတော်အတွင်းရှိ ရေခဲနိယာမ ရတနာလုံးကို တစ်ချက် ကြည့်လိုက်သည်။ သို့သော် ထိုအရာမှ သူ ဘာမှ ရနိုင်မည်မဟုတ်ကြောင်း သိသဖြင့် ဂရုမစိုက်တော့ပေ။
သူသည် မြေပြင်ပေါ်တွင် ထိုင်လိုက်ကာ သူ၏ သိုလှောင် လက်စွပ်အတွင်းမှ ဥကို ထုတ်ယူလိုက်ပြီး ဝိညာဉ်စွမ်းအင်များ စတင် တိုက်ကျွေးလိုက်သည်။ အားလုံး ပြီးစီးသွားသောအခါ လုံချန်းသည် နောက်ထပ်တစ်ကြိမ် ကျင့်ကြံခြင်းကို စတင်လိုက်တော့သည်။