အခန်း (၁၁၁-၁၁၂)
Vol. 12 Ch. 111-112
အခန်း (၁၁၁) မင်း သူ့ကို သတ်ခဲ့ရင်တောင်
"အဟမ်း... အမေ၊ ကျွန်တော် ဘယ်မှ ပျောက်မသွားတော့ပါဘူး။ အခုတော့ ကျွန်တော့်ကို လွှတ်ပေးလို့ ရပြီမလားဟင်" လုံချန်းက ထိုအနေအထားအတိုင်း မိနစ်အတော်ကြာအောင် ရှိနေပြီးနောက် သူ့အမေက လွှတ်ပေးမည့်ပုံ မပေါ်သဖြင့် မေးလိုက်သည်။
"သူ လွှတ်ပေးလိမ့်မယ် မထင်ဘူး။ သိလား... မင်းက တကယ့်ကို ပြဿနာကောင်လေးပဲ! ဒီ ၃ နှစ်အတွင်းမှာ မင်းအမေကို တော်တော်လေး စိုးရိမ်အောင် လုပ်ခဲ့တာ။ လွန်ခဲ့တဲ့ ၃ နှစ်ပတ်လုံး သူ့မျက်နှာပေါ်မှာ အပြုံးတစ်ခုမှ မတွေ့ခဲ့ရသလို သူ့မျက်လုံးထဲမှာ မျက်ရည်တွေကိုတော့ နေ့တိုင်းလိုလို မြင်ခဲ့ရတယ်"
"သူက တစ်နေ့တာရဲ့ အချိန်အများစုကို မင်းရဲ့အခန်းထဲမှာ မင်းအိပ်နေတာကို ကြည့်ရင်း ကုန်ဆုံးခဲ့တာ။ မင်းအခန်းထဲကနေ ထွက်ခဲသလို ဒီ ၃ နှစ်အတွင်း အိမ်ပြင်ကိုလည်း တစ်ခါမှ မထွက်ခဲ့ဘူး" လုံရန်က လေးလံသောအသံဖြင့် ဆိုလိုက်သည်။
"အမေ စိုးရိမ်အောင် လုပ်မိတဲ့အတွက် တောင်းပန်ပါတယ်" လုံချန်းက သူမကို ပြန်လည် တင်းတင်းကြပ်ကြပ် ဖက်ရင်း ပြောလိုက်သည်။
"မတောင်းပန်ပါနဲ့။ အမေ့ကို ဒီအတိုင်းလေးပဲ ဖက်ထားခွင့်ပေးပါ" စီမာကျီယီက ပြန်ဖြေသည်။
"ကျွန်တော် အခု တကယ်ပဲ အဆင်ပြေသွားပါပြီလို့ ကတိပေးပါတယ်" လုံချန်းက သူမကို ဖက်ထားရင်း မိသားစုမေတ္တာ၏ နွေးထွေးမှုထဲတွင် နစ်မျောနေတော့သည်။
နောက်ဆုံးတွင် သူမက လုံချန်းကို ရင်ခွင်ထဲမှ လွှတ်ပေးလိုက်သော်လည်း လုံချန်း၏ ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်ကာ သူ့မျက်လုံးများကို စိုက်ကြည့်နေဆဲ ဖြစ်သည်။
"ငါ့သားလေး ဘေးကင်းသွားလို့ နတ်ဘုရားတွေကို တကယ်ပဲ ကျေးဇူးတင်မိပါတယ်။ သား တစ်ခုခု အဆင်မပြေဘူးလို့ ခံစားရတိုင်း အမေ့ကို ပြောပြရမယ်နော်။ အမေ သားကို နောက်တစ်ခါ ထပ်ပြီး မဆုံးရှုံးချင်တော့ဘူး။ အမေ့နှလုံးသားက တတိယအကြိမ်မြောက်ဆိုရင်တော့ ခံနိုင်ရည်ရှိမှာ မဟုတ်တော့ဘူး" စီမာကျီယီက ပြောလိုက်သည်။ သူမ၏ မျက်လုံးထဲတွင် မျက်ရည်များ ရှိနေသော်လည်း လှပသော မျက်နှာထက်တွင်မူ စိတ်သက်သာရာရသွားသည့် အပြုံးတစ်ခု ပွင့်လန်းလာသည်။
"ကတိပေးပါတယ် အမေ" လုံချန်းက ပြုံးလျက် ဆိုသည်။
"ဪ... အမေ မေ့သွားတယ်။ သားလေး ဗိုက်ဆာနေမှာပဲ။ အမေ အခုချက်ချင်း အစားအသောက်တွေ ယူလာခဲ့မယ်။ မဟုတ်ဘူး... သား အကြိုက်ဆုံး ဟင်းကို အမေကိုယ်တိုင်ပဲ သွားချက်ပေးမယ်။ ချက်ချင်း ပြန်လာခဲ့မယ်နော်" သူမက ပြောပြောဆိုဆိုဖြင့် တံခါးဆီသို့ အပြေးအလွှား သွားတော့သည်။
"မလိုပါဘူး..." လုံချန်းက သူမကို တားရန် ပြင်လိုက်သော်လည်း သူမက အခန်းထဲမှ ထွက်သွားနှင့်လေပြီ။
"သူ့သား နှစ်ပေါင်းများစွာကြာမှ နိုးလာလို့ သူ တော်တော်လေး စိတ်လှုပ်ရှားနေတာပါ" လုံရန်က လုံချန်း၏ ပုခုံးကို ပုတ်ရင်း ခပ်တိုးတိုး ဆိုလိုက်သည်။
"ကဲ... လူပျိုကြီး။ မင်း ခုမှ နိုးလာတာဆိုတော့ ဒါတွေကို မပြောသင့်ဘူးဆိုပေမဲ့ ကျီယီက ပြောပြတယ်။ မင်း မြောက်ပိုင်းသစ်တောက ပြန်လာပြီးချင်းမှာပဲ အခုလို သတိမေ့သွားတာလို့ ဆိုတယ်။ အံ့ဩစရာကောင်းတာက မင်းကို အဲဒီကို သွားဖို့ ခွင့်ပြုခဲ့တာ ငါဖြစ်နေတာပဲ။ ငါက ဘယ်တုန်းက မင်းကို မြောက်ပိုင်းသစ်တော သွားဖို့ ခွင့်ပြုခဲ့တာလဲဆိုတာ ပြောပြလို့ ရမလား" လုံရန်က မျက်နှာတွင် အပြုံးတစ်ခုဖြင့် မေးလိုက်သည်။
"ဒါက... ဒါက... တောင်းပန်ပါတယ် အဘိုး။ ကျွန်တော် အမေ့ကို လိမ်ပြောခဲ့တာပါ" လုံချန်းက ရှက်ကိုးရှက်ကန်း အမူအရာဖြင့် ဝန်ခံလိုက်သည်။
"သစ်တောထဲမှာ သားရဲတွေနဲ့ လက်တွေ့ လေ့ကျင့်ချင်လို့ သွားခဲ့တာပါ။ ဒါပေမဲ့ အမေက ခွင့်ပြုမှာ မဟုတ်ဘူးဆိုတာ သိသလို ခွင့်ပြုရင်တောင် သူ တော်တော်လေး စိုးရိမ်နေမှာလေ။ ဒါကြောင့်... အဘိုးက ခွင့်ပြုလိုက်ပြီး ကျွန်တော့်အတွက် အထူးအစောင့်အရှောက်တွေတောင် ထည့်ပေးလိုက်တယ်လို့ သူ့ကို လိမ်ပြောခဲ့တာပါ" လုံချန်းက လုံရန်ကို ရှင်းပြလိုက်သည်။
"လုံစုကို မင်း သတ်ခဲ့တာလား။ မင်း ပျောက်သွားတုန်းက မင်းကို လုပ်ကြံခဲ့တာ သူလား။ ငါ့အကူအညီမပါဘဲ မင်းကိုယ်တိုင် ကဲ့စားချေမယ်လို့ ပြောခဲ့တဲ့သူက သူလား။ မင်းက ရတနာခန်းမရဲ့ စမ်းသပ်မှုမှာ ဘယ်သူမှ မလုပ်နိုင်တဲ့ ပဉ္စမအဆင့်ကိုတောင် အောင်မြင်ခဲ့သူပဲ။ ဒါကြောင့် သူ့ကို တိုက်ခိုက်ဖို့ အခွင့်အရေးကောင်းသာ ရရင် မင်းမှာ သတ်နိုင်တဲ့ ခွန်အားရှိမယ်လို့ ငါ ခံစားမိတယ်" လုံရန်က တည်ငြိမ်သောအသံဖြင့် ဆိုလိုက်သည်။
"မင်း အဲဒီအစေခံကို သတ်ပြီး မြောက်ပိုင်းသစ်တောကို တန်းသွားခဲ့တာကလည်း တစ်ခုခု လျှို့ဝှက်ချက် ရှိမယ်လို့ ငါ ထင်နေတယ်" လုံရန်က ဆက်ပြောသည်။
"သူ့ကို သတ်ဖို့ အခွင့်အရေး ရှာနေစရာ မလိုပါဘူး။ သူက သတ်ရခက်တဲ့သူမှ မဟုတ်တာ။ ဒါနဲ့... အဘိုး တကယ့်အမှန်တရားကို သိချင်တာ သေချာလား" လုံချန်းက ပြုံးလျက် မေးလိုက်သည်။
"အမှန်တရားက အရေးမကြီးပါဘူး။ မင်း သူ့ကို သတ်ခဲ့ရင်တောင် ဘယ်တော့မှ ဝန်မခံနဲ့။ တစ်မျိုးနွယ်စုလုံးက မင်းကို ဆန့်ကျင်ရင်တောင် မင်းရဲ့အဘိုးက မင်းဘက်က ကာကွယ်ပေးမယ်" လုံရန်က တိုးညှင်းသော်လည်း ခိုင်မာသောအသံဖြင့် ဆိုလိုက်သည်။
"ကျေးဇူးတင်ပါတယ် အဘိုး" လုံချန်းက ရင်ထဲမှ အစစ်အမှန် ပျော်ရွှင်သွားကာ ပြုံးလျက် ပြောလိုက်သည်။
"ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး။ မင်းအမေကိုပဲ ကောင်းကောင်း စောင့်ရှောက်ပေးပါ။ သူက မင်းအဖေ လုပ်ကြံခံရတာ အပါအဝင် ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ အခက်အခဲတွေ အများကြီး ရင်ဆိုင်ခဲ့ရတာ။ မင်းက သူ ပြုံးနိုင်ဖို့ တစ်ခုတည်းသော အကြောင်းပြချက်ပဲ" လုံရန်က ဝမ်းနည်းသောအမူအရာဖြင့် တံခါးဘက်သို့ ကြည့်ကာ ပြောလိုက်သည်။
"ဒီနေ့တော့ ဒီခန်းမကြီးက စားသောက်ခန်းမ ဖြစ်တော့မယ့်ပုံပဲ။ ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ ဒါက ပျော်စရာကောင်းတဲ့ အခါသမယပဲလေ" လုံရန်က ပြုံးစစဖြင့် ဆိုသည်။
"မင်းရဲ့ အစစ်အမှန် ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်လဲ။ ရတနာခန်းမရဲ့ စမ်းသပ်မှုကို အောင်မြင်သလို မြောက်ပိုင်းသစ်တောကိုတောင်... လေ့ကျင့်ဖို့ သွားရဲတယ်ဆိုတော့လေ" လုံရန်က အကဲခတ်သလို မေးလိုက်သည်။
" 'ဝိညာဉ်အခြေပြုခြင်းအဆင့်ရဲ့ တစ်နေရာရာမှာပါပဲ" လုံချန်းက မျက်နှာတစ်ချက်မပျက်ဘဲ လိမ်ပြောလိုက်သည်။
"ဘယ်အဆင့်လဲ" လုံရန်က ထပ်မေးသည်။
"ပဉ္စမအဆင့်ပါ"
"အံ့ဩစရာပဲ၊ အကြီးအကဲယန်က မင်း ရတနာခန်းမရဲ့ ဒုတိယထပ် အတားအဆီးကို ဖြတ်ကျော်နိုင်ခဲ့တယ်လို့ ပြောတုန်းက ငါ ဒီလိုမျိုး ဖြစ်နိုင်မယ်လို့ တွေးခဲ့မိပေမဲ့ အပြည့်အဝ ယုံကြည်ဖို့တော့ ခက်နေခဲ့တာ။ ဒါနဲ့... မင်း ဘယ်လိုလုပ်လိုက်တာလဲ။ မင်း နာလန်ပြန်ထူတဲ့ အချိန်ကနေ သတိမေ့သွားတဲ့ အချိန်အထိက ရက်ပိုင်းလေးပဲ လိုတာလေ။ ဒီလောက် မြန်မြန်ဆန်ဆန် ဘယ်လိုလုပ်ပြီး အဲဒီအဆင့်ကို ရောက်သွားတာလဲ" လုံရန်က အံ့ဩတကြီး မေးလိုက်သည်။
"ကံကောင်းလို့ပဲ ထင်ပါတယ်။ ကျွန်တော် နာလန်ပြန်ထူလာတဲ့အခါ ကျွန်တော့်ခန္ဓာကိုယ်ထဲမှာ ဆေးဖက်ဝင် အဆီအနှစ်တွေ အများကြီး သိုလှောင်နေတာကို တွေ့လိုက်ရတယ်။ ကျင့်ကြံနေစဉ်မှာ အဲဒါတွေကို အကုန်သုံးလိုက်လို့ အဲဒီအဆီအနှစ်တွေ ကုန်သွားတဲ့အချိန်မှာ ဝိညာဉ်အခြေတည်ခြင်း ပဉ္စမအဆင့်ကို မသီမတင် ရောက်သွားခဲ့တာပါ" လုံချန်းက ပြန်ဖြေသည်။
"ဟင်း... ဖြစ်နိုင်တယ်။ ဆေးလုံးတွေမှာ သန့်စင်တဲ့ ဝိညာဉ်စွမ်းအင်တွေ ပါတဲ့ အပင်တွေ ပါတာကိုး။ အရင်က ဆေးတွေ အာနိသင်မပြတာက အဲဒီအဆီအနှစ်တွေကြောင့် ဖြစ်မယ်။ အဲဒါတွေက အလဟဿ မဖြစ်ဘဲ မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ သိုလှောင်နေတာပေါ့။ မင်း မတော်တဆဖြစ်ပြီး ၄ နှစ်အတွင်း ငါတို့တိုက်ကျွေးခဲ့တဲ့ ရာနဲ့ချီတဲ့ ဆေးတွေက မင်းကို ပိုမြင့်တဲ့ အဆင့်ကို ရောက်အောင် လုံလောက်တဲ့ စွမ်းအင်တွေ ပေးနိုင်တာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ပဉ္စမအဆင့်အထိ ရောက်တာကတော့ တကယ်ကို အံ့ဩစရာပဲ။ မင်းရဲ့ ပါရမီကြောင့် အခုလို အဆင့်ကို ရောက်တာဖြစ်ပြီး အဆီအနှစ်တွေက မင်းကို ကူညီပေးရုံပဲလို့ ငါ ခံစားရတယ်" လုံရန်က စဉ်းစားတွေးတောလျက် ဆိုသည်။
"ပြန်လာပြီနော်" ပျော်ရွှင်နေသောအသံနှင့်အတူ တံခါးပွင့်လာပြီး စီမာကျီယီ ဝင်လာသည်။ သူမနောက်တွင် အစားအသောက်များ သယ်လာသော ရွှယ်နှင့် မေတို့ ပါလာကြသည်။
မကြာမီမှာပင် အစားအသောက်များကို စားပွဲပေါ်တွင် ခင်းကျင်းလိုက်ကြသည်။
"အဘိုး မစားဘူးလား" လုံချန်းက ထွက်ပေါက်ဆီသို့ လျှောက်သွားသော လုံရန်ကို ကြည့်ကာ မေးလိုက်သည်။
"ငါ စားပြီးပြီ။ မင်းတို့ပဲ စားကြတော့။ ငါကတော့ မင်း ကျန်းမာလာတဲ့အတွက် မနက်ဖြန်ညကျရင် ကျင်းပမယ့် စားသောက်ပွဲကြီးအတွက် ပြင်ဆင်စရာရှိတာ သွားပြင်လိုက်ဦးမယ်။ လူတွေ အများကြီး ဖိတ်ရဦးမှာ" လုံရန်က ပျော်ရွှင်စွာဖြင့် ထွက်သွားသည်။
"အမေရော စားပြီးပြီလား" လုံချန်းက စီမာကျီယီကို ကြည့်ကာ မေးလိုက်သည်။
"အမေလည်း စားပြီးပြီ။ ဒါတွေ အားလုံးက သားအတွက်ပဲ" စီမာကျီယီက ပြုံးလျက် ဆိုသည်။
လုံချန်းက စီမာကျီယီကို ကြည့်လိုက်ရာ သူမနောက်က ရွှယ်နှင့် မေတို့က ခေါင်းခါပြနေသည်ကို မြင်လိုက်ရသည်။ လုံချန်းက သူတို့ ဆိုလိုသည်ကို နားလည်သွားသဖြင့် ပြုံးလိုက်မိသည်။
"အမေ မလိမ်ပါနဲ့။ လာ... ကျွန်တော်နဲ့အတူ စားပါ။ အမေ မစားရင် ကျွန်တော်လည်း မစားတော့ဘူး" လုံချန်းက ပြောလိုက်ရာ စီမာကျီယီက သူ့ကို ခဏမျှ ကြည့်နေပြီးနောက် ထိုင်လိုက်သည်။ သူတို့နှစ်ဦး အတူတူ စားသောက်နေကြစဉ် ရွှယ်နှင့် မေတို့က ဘေးမှ လိုအပ်သည်များကို ပြုစုပေးနေကြသည်။ လုံချန်းသည် ထိုအခိုက်အတန့်တွင် အလွန်ပျော်ရွှင်နေပြီး ရံဖန်ရံခါ ပြုံးနေသည်ကိုလည်း တွေ့ရတော့သည်။
အခန်း (၁၁၂) လွန်ခဲ့တဲ့ သုံးနှစ်အတွင်း ဘာတွေဖြစ်ခဲ့တာလဲ
သူတို့ စားသောက်ပြီးသောအခါ လုံချန်းသည် သူ့အမေနှင့်အတူ ကိုယ့်ခြံဝင်းဆီသို့ ပြန်လျှောက်လာခဲ့သည်။ သူတို့နောက်တွင် ရွှယ်နှင့် မေတို့က လိုက်ပါလာကြသည်။
"အမေ သွားနားတော့လေ။ ကျွန်တော် ကြားသလောက်ဆိုရင် အမေ ပြီးခဲ့တဲ့ နှစ်တွေမှာ ကောင်းကောင်း မနားခဲ့ရဘူးဆို" လုံချန်းက စီမာကျီယီ၏ ခြံဝင်းအနားသို့ ရောက်သောအခါ ပြောလိုက်သည်။
"အမေ နားဖို့မလိုပါဘူး။ ငါ့သားလေးက အကြာကြီးနေမှ ပြန်ကောင်းလာတာကို၊ အမေက သားနဲ့ အချိန်ပိုကုန်ဆုံးချင်သေးတာ" စီမာကျီယီက သူမ၏ လှပသော မျက်နှာထက်တွင် အပြုံးတစ်ခုဖြင့် ဆိုသည်။
"မရဘူး၊ အမေ နားဖို့လိုတယ်။ ကျွန်တော်က ဘယ်မှ ပျောက်မသွားပါဘူး၊ အမေ အချိန်မရွေး လာတွေ့လို့ရအောင် ကျွန်တော်က ကျွန်တော့်ခြံထဲမှာပဲ ရှိနေမှာပါ" လုံချန်းက ပြုံးလျက် ဆိုလိုက်သည်။
"ဒါပေမဲ့..." သူမက တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း လုံချန်းက ကြားဖြတ်ပြောလိုက်သည်။
"ဒါပေမဲ့ မရှိဘူး။ အခု သွားနားတော့၊ ကျွန်တော်တို့ စကားပြောဖို့ အချိန်တွေ အများကြီး ကျန်ပါသေးတယ်" လုံချန်းက ပြုံးလျက် ဆိုသည်။
"ကောင်းပါပြီလေ" သူမက စိတ်မပါသလို ပြောကာ သူမ၏ ခြံဝင်းဆီသို့ လျှောက်သွားသည်။
"ရွှယ်နဲ့ မေ" သူမက ရုတ်တရက် လှည့်ကြည့်ကာ လှမ်းခေါ်လိုက်သည်။
"ဟုတ်ကဲ့ အရှင်မ" သူတို့နှစ်ဦးစလုံးက အမြန်ပင် သူမအနားသို့ လျှောက်သွားကြသည်။ သူမက သူတို့ကို တံခါးဝအထိ ခေါ်သွားပြီး လုံချန်းနှင့် အတော်ဝေးသော နေရာရောက်မှ ရပ်လိုက်သည်။
"သူက နင်တို့ကို လွန်ခဲ့တဲ့ သုံးနှစ်အတွင်းက အဖြစ်အပျက်တွေအကြောင်း မေးကောင်းမေးလိမ့်မယ်။ လွန်ခဲ့တဲ့ သုံးနှစ်က ' သူမနဲ့ ပတ်သက်တဲ့ ကိစ္စတွေကိုတော့ လုံးဝ ထည့်မပြောကြနဲ့နော်" သူမက သူတို့အနားသို့ တိုးကာ တိုးတိုးလေး မှာကြားလိုက်သည်။
"လင်းလေးနဲ့ ပတ်သက်တဲ့ ကိစ္စကို ပြောတာလား အရှင်မ" ရွှယ်က အသံတိုးတိုးဖြင့် မေးလိုက်သည်။
"ဟုတ်တယ်။ ငါ နင်တို့ကို ကြိုမှာထားတာ။ သူ့ကို အဲဒီအကြောင်းတွေ မပြောနဲ့။ သူက သူမအကြောင်း ဘာမှမသိသေးတာမို့ ဘာမှမသိဘဲ အေးအေးဆေးဆေး နေသွားတာက သူ့အတွက် ပိုကောင်းတယ်" သူမက အဝေးတွင် ရပ်ကာ ပတ်ဝန်းကျင်အလှကို ကြည့်နေသော လုံချန်းကို လှမ်းကြည့်ရင်း တိုးတိုးလေး မှာနေပြန်သည်။
"ဟုတ်ကဲ့ပါ အရှင်မ" သူတို့နှစ်ဦးစလုံးက ခေါင်းငြိမ့်ကာ ပြိုင်တူ ဖြေလိုက်ကြသည်။
"သွားကြတော့။ သူ့အနားမှာနေပြီး သေချာ ဂရုစိုက်ပေးလိုက်ကြဦး" သူမက တံခါးဖွင့်ကာ အခန်းထဲသို့ ဝင်သွားတော့သည်။ ရွှယ်နှင့် မေတို့လည်း လုံချန်းရှိရာသို့ ပြန်လျှောက်လာခဲ့ကြသည်။
"အမေက ဘာတွေပြောနေတာလဲ" လုံချန်းက အပြုံးနုနုဖြင့် မေးလိုက်သည်။
"ဪ... ဘာမှမဟုတ်ပါဘူး။ အသေးအဖွဲ ကိစ္စလေးတွေပါ" ရွှယ်က မျက်နှာသေဖြင့် ပြန်ဖြေသည်။
"ဪ... အေး။ အဲဒါဆို သွားကြစို့" လုံချန်းက သူ့ခြံဝင်းဆီသို့ စတင် လျှောက်လှမ်းလိုက်သည်။
'သူတို့ပြောနေတဲ့ လင်းဆိုတာ ဘယ်သူလဲ။ ပြီးတော့ လွန်ခဲ့တဲ့ သုံးနှစ်က ဘာတွေ ဖြစ်ခဲ့တာလဲ။ အမေ အရင်ကလည်း အဲဒီနာမည်ကို တစ်ခါ ပြောဖူးသလိုပဲ' လုံချန်းက လျှောက်လှမ်းနေရင်း တွေးနေမိသည်။
စီမာကျီယီက လုံချန်းနှင့် အတော်ဝေးဝေးတွင် သွားပြောခဲ့ခြင်း ဖြစ်သော်လည်း လုံချန်းကမူ သူမ၏ တိုးတိုးလေး ပြောသံများကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။ လုံချန်းသည် သူ၏ သိုင်းဝိညာဉ်ကို ဖွဲ့စည်းပြီးကတည်းက အာရုံခံစားမှုများသည် ပုံမှန်ထက် ပို၍ ကောင်းမွန်နေသည်ကို သတိပြုမိထားသည်။ သာမန်လူတစ်ယောက် မကြားနိုင်သောအရာများကို သူ ကြားနိုင်နေခြင်းဖြစ်သည်။ အကြောင်းရင်းကိုတော့ သူလည်း ဝေခွဲမရသေးပေ။
သူ့အမေက လင်းအကြောင်း ပြောနေသည်ကို ကြားလိုက်ရသဖြင့် လုံချန်းမှာ တစ်လမ်းလုံး ထိုအကြောင်းကိုသာ စဉ်းစားလာမိသည်။
နောက်ဆုံးတွင် လုံချန်းသည် သူ့ခြံဝင်းထဲသို့ ရောက်ရှိသွားပြီး ရွှယ်နှင့် မေတို့ကလည်း နောက်မှ လိုက်ဝင်လာကြသည်။
သူက ကုလားထိုင်ပေါ်တွင် ထိုင်လိုက်ပြီး ရွှယ်နှင့် မေကိုလည်း သူ့ရှေ့က ကုလားထိုင်တွေမှာ ထိုင်ရန် ပြောလိုက်သည်။ သူတို့လည်း ချက်ချင်း ထိုင်လိုက်ကြသည်။
"ကဲ... လွန်ခဲ့တဲ့ သုံးနှစ်အတွင်း ငါမသိလိုက်ရတဲ့ ထူးခြားတဲ့ အဖြစ်အပျက်တွေအကြောင်း ပြောပြကြဦး။ အစကနေ စပြောနော်" လုံချန်းက သူတို့ကို ပြုံးကြည့်ရင်း ဆိုလိုက်သည်။
"ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာ အဖြစ်အပျက်တွေ အများကြီး ရှိခဲ့ပါတယ် သခင်လေး။ ကျွန်မတို့ မိသားစုအကြောင်းကနေ အရင်စပြောပါ့မယ်။ အဆင့်မြင့်အကြီးအကဲ လုံဟွာရဲ့ သားကြီးက လွန်ခဲ့တဲ့ သုံးနှစ်က မြောက်ပိုင်းသစ်တောကို သွားရင်း ပျောက်ဆုံးသွားခဲ့ပါတယ်။ အဆင့်မြင့်အကြီးအကဲ ကိုယ်တိုင် သစ်တောထဲအထိ သွားရှာပြီး စုံစမ်းခဲ့ပေမဲ့ လုံစုကို ဘယ်မှာမှ ရှာမတွေ့ခဲ့ပါဘူး။ သူ သစ်တောထဲဝင်သွားတာကို မြင်လိုက်တဲ့သူတွေ ရှိပေမဲ့ ပြန်ထွက်လာတာကိုတော့ ဘယ်သူမှ မမြင်လိုက်ကြဘူး။ သူ့ရဲ့ ရထားလုံးမောင်းသမားကတောင် လုံစု ပြန်ထွက်မလာတော့ဘူးလို့ ပြောပါတယ်" ရွှယ်က လုံချန်းကို ကြည့်ကာ ပြောပြသည်။
"ပြီးတော့ သခင်လေး ထူးထူးဆန်းဆန်း သတိမေ့မြောသွားတဲ့ သတင်းကလည်း တစ်မြို့လုံးကို ပျံ့နှံ့သွားခဲ့ပါတယ်။ မိသားစုက သခင်လေးကို ကုသပေးဖို့ နာမည်ကြီး ဆေးဆရာအားလုံးကို ဖိတ်ခေါ်ခဲ့ပေမဲ့ ဘယ်သူမှ မအောင်မြင်ခဲ့ကြဘူး။ သခင်လေးကို နိုးလာအောင် ကုသပေးနိုင်တဲ့သူကို ဆုလာဘ်တွေ ပေးမယ်လို့တောင် ကြေညာခဲ့ပေမဲ့ ဘာမှ ထူးမလာခဲ့ပါဘူး" ရွှယ်က ဆက်ပြောသည်။
"နောက်ပြီးတော့ မနှစ်က သခင်လေးရဲ့ ဦးလေးကြီးရဲ့သား သခင်လေး လုံကျန့် က ဝိညာဉ်အခြေပြုခြင်း အဆင့် ၅ ကို အောင်အောင်မြင်မြင် ချိုးဖျက်နိုင်ခဲ့ပြီး ရတနာခန်းမရဲ့ စမ်းသပ်မှုကို အောင်မြင်လို့ ဝိညာဉ်အဆင့် ရတနာတစ်ခု ရခဲ့ပါတယ်။ ဦးလေးကြီးက သူ့သားကို လက်ရှိမျိုးဆက်မှာ ဒီလိုစွမ်းဆောင်နိုင်တဲ့ အငယ်ဆုံးသူအဖြစ် နာမည်တပ်ချင်ခဲ့ပေမဲ့ မျိုးနွယ်စုခေါင်းဆောင်က ဘာအကြောင်းပြချက်မှ မပေးဘဲ ငြင်းပယ်ခဲ့ပါတယ်"
"နောက်ဆုံးတစ်ခုကတော့ လွန်ခဲ့တဲ့ လအနည်းငယ်က ဒီနိုင်ငံရဲ့ တတိယမင်းသားက အကြီးအကဲချုပ် မူရဲ့ သမီးဖြစ်တဲ့ သခင်မလေး ရွှယ်ရင်းကို လက်ထပ်ချင်တယ်လို့ ကမ်းလှမ်းခဲ့ပေမဲ့ သခင်မလေး ရွှယ်ရင်းက ငြင်းလိုက်ပါတယ်။ တတိယမင်းသားကတော့ သူမရဲ့ စိတ်ကို ရဖို့အတွက် အခုထိ လက်ဆောင်တွေ ပေးနေတုန်းပါပဲ၊ ဒါပေမဲ့ သခင်မလေးကတော့ အဲဒီလက်ဆောင်တွေကို ဖွင့်တောင်မကြည့်ဘဲ အမြဲတမ်း ပြန်ပို့လေ့ရှိပါတယ်" ရွှယ်က လုံချန်းကို ကြည့်ကာ ပြောပြလိုက်သည်။
"အော်... မင်းသားကျူးက သူမကို လိုချင်နေတာလား။ စိတ်ဝင်စားဖို့ကောင်းသားပဲ။ သူ့အတွက်တော့ တော်တော်လေး ကံဆိုးတာပဲ..." လုံချန်းက လုံရွှယ်ရင်းနှင့် ပထမဆုံး တွေ့ဆုံခဲ့ပုံနှင့် သူတို့၏ ပထမဆုံး အနမ်းအကြောင်းကို တွေးရင်း တိုးတိုးလေး ရေရွတ်လိုက်မိသည်။
"နောက်ထပ် ဘာရှိသေးလဲ" လုံချန်းက သူ့စကားကို ရုတ်တရက် ရပ်လိုက်ကာ ထပ်မေးသည်။
"ကျွန်မတို့ မျိုးနွယ်စုထဲမှာ ဖြစ်ခဲ့တဲ့ ထူးထူးခြားခြားတွေကတော့ ဒါပါပဲ သခင်လေး။ ဒါတွေအပြင် သခင်လေးရဲ့ ဝမ်းကွဲအချို့ ဝိညာဉ်အခြေပြုခြင်း အဆင့် ၄ ကို ရောက်သွားတာမျိုးတွေ ရှိပေမဲ့ ပြောလောက်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး" ရွှယ်က ဆိုသည်။
"အခု နဂါးမြို့တော်ထဲမှာ ဖြစ်ခဲ့တဲ့ အဓိက အဖြစ်အပျက်တွေကို ကျွန်မ ပြောပြပါ့မယ်" မေက ပြုံးလျက် ဝင်ပြောသည်။
"ပြောပါဦး" လုံချန်းက သူမကို ကြည့်ကာ ဆိုသည်။
"လွန်ခဲ့တဲ့ သုံးနှစ်အတွင်းမှာ ဘုရင့်မိသားစုထဲမှာ အပြောင်းအလဲကြီးတွေ ဖြစ်ခဲ့ပါတယ်။ တစ်နိုင်ငံလုံးကို တုန်လှုပ်သွားစေတဲ့ ကိစ္စတွေ အများကြီး ဖြစ်ခဲ့တာပါ" မေက စဉ်းစားတွေးတောနေသော အမူအရာဖြင့် ဆိုသည်။
"ဥပမာ ဘာတွေလဲ" လုံချန်းက စူးစမ်းလိုသော အကြည့်ဖြင့် မေးလိုက်သည်။
"အိမ်ရှေ့မင်းသားက ဘာကြောင့်ရယ်မှန်း မသိဘဲ ထီးနန်းဆက်ခံခွင့်ကို စွန့်လွှတ်လိုက်တယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီကိစ္စကြောင့် ဘုရင့်မိသားစုအတွင်းမှာ ဂယက်တွေ အကြီးအကျယ် ထသွားခဲ့တာပေါ့" ရွှယ်က ပြောလိုက်သည်။
"မတရားဘူး။ သခင်လေးကို ပြောပြရမယ့် အလှည့်က ငါလေ" မေက သူမ၏ ချစ်စရာကောင်းသော အသံဖြင့် ကန့်ကွက်လိုက်သည်။
"အေးပါ... အေးပါ။ နင်ပဲ ပြောတော့" ရွှယ်က အားနာသလို ပြုံးလျက် ဆိုသည်။
မေက ပြုံးလိုက်ပြီး လုံချန်းကို ပြန်ကြည့်လိုက်ရာ လုံချန်းမှာ အတွေးနက်နေသည်ကို တွေ့လိုက်ရသည်။
'အိမ်ရှေ့မင်းသားက ဒီလို ဆုံးဖြတ်ချက်မျိုး ချလိုက်တယ်လား။ ဘုရင့်မိသားစုထဲမှာတော့ မုန်တိုင်းကြီးတစ်ခု တိုက်ခတ်တော့မယ့်ပုံပဲ' လုံချန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။
"ကဲ... ဆက်ပြောပါဦး" လုံချန်းက သူတို့ကို ပြန်ကြည့်ကာ ပြောလိုက်တော့သည်။