← Chapters

အခန်း (၁၃၃-၁၃၄)

Vol. 14 Ch. 133-134

အခန်း (၁၃၃-၁၃၄)

Vol. 14 Ch. 133-134

အခန်း (၁၃၃) သိုင်းကျမ်းဆောင်၏ တတိယထပ်

"ငါ ဘာတွေ လုပ်လိုက်မိတာလဲ" လုံချန်းသည် ပြီးခဲ့သောညက အဖြစ်အပျက်များကို သတိရသွားရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

"ဦးနှောက်ကတော့ ပြန်ရောက်လာပြီပဲ" ရွှင်းသည် လုံချန်း၏အနားတွင် ပေါ်လာပြီး သူ့ကို ပြုံးလျက် စိုက်ကြည့်နေသည်။

"ငါ့ရဲ့ ရမ္မက်ဆန္ဒတွေထဲမှာ ငါကိုယ်ငါ ပျောက်ဆုံးသွားခဲ့တာ" လုံချန်းက လေသံတိုးတိုးဖြင့် ဆိုသည်။

"နင် နောင်တရလား" ရွှင်းက သူ၏ ရွှေရောင်မျက်ဝန်းများကို စိုက်ကြည့်ရင်း မေးလိုက်သည်။

"စက္ကန့်ပိုင်းလောက်တောင် နောင်တမရပါဘူး" လုံချန်းက ငြိမ်သက်စွာ အိပ်ပျော်နေသော မိန်းကလေးများကို ခဏမျှ ကြည့်ရင်း ညင်သာစွာ ပြောလိုက်သည်။

"ဒါဆို မြို့တော်ကနေ ထွက်သွားပြီး မိုးကြိုးမြို့တော်ကို သွားမယ့် အစီအစဉ်တွေကို ဖျက်သိမ်းလိုက်ပြီလား" ရွှင်းက ပြုံးလျက် မေးသည်။

"လုံးဝမဟုတ်ဘူး။ အခုကတော့ ငါ့ရဲ့ ရမ္မက်ဆန္ဒတွေထဲမှာပဲ ပျောက်ဆုံးသွားခဲ့လို့ နောင်တမရတဲ့ ရလဒ်မျိုး ထွက်လာတာပါ။ ဒါပေမဲ့ တခြားစိတ်ခံစားချက်တွေကြောင့် ငါကိုယ်ငါ ပျောက်ဆုံးသွားတဲ့အခါ မိုက်မဲတဲ့အလုပ်တွေ လုပ်မိမလားဆိုတာ ငါမသိနိုင်ဘူး။ ငါ့မှာ ဒီမှာ မိသားစုရှိတယ်၊ သူတို့ ထိခိုက်တာမျိုး ဒါမှမဟုတ် ငါ့ရဲ့ အမှောင်ဘက်ခြမ်းကို သူတို့ မြင်သွားတာမျိုး ငါမဖြစ်စေချင်ဘူး" လုံချန်းက ကုတင်ပေါ်မှဆင်းကာ ရေချိုးခန်းဘက်သို့ လျှောက်သွားရင်း အေးအေးဆေးဆေး ပြောလိုက်သည်။

"အခြေအနေက အဲဒီလောက်အထိတော့ မဆိုးသေးပါဘူး။ နင် သူတို့ကို ထိခိုက်အောင် လုပ်မှာမဟုတ်ဘူးလို့ ငါ ထင်တယ်" ရွှင်းက ပြုံးလျက် ရေရွတ်လိုက်သည်။

"ဘေးကင်းတာက အကောင်းဆုံးပဲလေ" လုံချန်းက အိပ်ခန်းထဲမှ ထွက်ပြီး ဧည့်ခန်းထဲသို့ ဝင်ရင်း ဆိုလိုက်သည်။

"ဒါနဲ့... စကားမစပ်၊ နင်က တစ်ညလုံး ဟိုမိန်းကလေးတွေနဲ့ နင်ရဲ့ဆန္ဒတွေကို ဖြည့်ဆည်းခဲ့တာတောင် မဝသေးဘူးလား" ရွှင်းက လုံချန်း၏ ဓားကို ကြည့်ကာ အခြေအနေကို ပေါ့ပါးသွားအောင် စနောက်လိုက်သည်။

"နင်နဲ့ မဖြစ်ရသေးသရွေ့ ငါ ဘယ်လိုလုပ် ဝဦးမှာလဲ" လုံချန်းက ရွှင်းကို စိုက်ကြည့်ရင်း ရယ်မောကာ ပြောလိုက်သည်။

"အောင်မလေး... ဆက်ပြီး အိပ်မက်မက်နေလိုက်။ ဒီက အမကြီးက လူကလေးတွေကို စိတ်မဝင်စားဘူး" ရွှင်းသည် မျက်နှာနီမြန်းသွားပြီး နောက်ထပ် ဘာမှပြန်မပြောတော့ဘဲ ပျောက်ကွယ်သွားတော့သည်။

"ဟား... ကြည့်ကြသေးတာပေါ့" လုံချန်းက တဟားဟား ရယ်မောရင်း ရေချိုးခန်းထဲ ဝင်သွားသည်။

ရေချိုးပြီးနောက် လုံချန်း ပြန်ထွက်လာသောအခါ ရွှယ်နှင့် မေတို့မှာ အိပ်ပျော်နေတုန်းပင်။ သူသည် ကုတင်ပေါ်သို့ တက်ကာ သူတို့နှစ်ဦးလုံးကို အသာအယာ နမ်းလိုက်ပြီးမှ ပြန်ဆင်းခဲ့သည်။ လုံချန်း အဝတ်အစားလဲပြီးသွားချိန်တွင်မှ ရွှယ်သည် အိပ်ချင်မူးတူး မျက်နှာလေးဖြင့် မျက်လုံးပွင့်လာသည်။

"ငါတို့ နောက်ကျသွားပြီ" လုံချန်း နိုးနေပြီဖြစ်ကြောင်း မြင်လိုက်ရသောအခါ ရွှယ်က အော်လိုက်သည်။ သူမ၏ အသံကြောင့် မေပါ နိုးလာသည်။

"ဘာနောက်ကျတာလဲ" လုံချန်းက ပြုံးလျက် မေးလိုက်သည်။

"သခင်လေးအတွက် စားစရာတွေ ယူလာပေးဖို့လေ" ရွှယ်က ပြောပြောဆိုဆို ကုတင်ပေါ်မှ အမြန်ဆင်းကာ အဝတ်အစားလဲတော့သည်။ မေသည်လည်း ကုတင်အစွန်းသို့ လျှောက်လာသော်လည်း တစ်စုံတစ်ခုကို သတိရသွားကာ ရှက်ပြုံးလေးဖြင့် ထိုနေရာမှာတင် ရပ်နေမိသည်။

"ရွှယ်... မေ့အတွက် အဝတ်အစားတွေ အရင်ယူလာပေးလိုက်ပါဦး။ သူ့ရဲ့ အဝတ်ဟောင်းတွေက..." လုံချန်းက သူမတို့၏ အခက်အခဲကို နားလည်သဖြင့် လေသံခပ်အေးအေးဖြင့် ပြောလိုက်သည်။ သူသည် ကြမ်းပြင်ပေါ်ရှိ ဆုတ်ပြဲနေသော အဝတ်စများကို ကြည့်လိုက်သည်။

ရွှယ်သည် အပြင်သို့ အမြန်ထွက်သွားပြီး မေ့အတွက် ဝတ်စုံအသစ်တစ်စုံ ယူလာပေးခဲ့သည်။

"ကျွန်မတို့ စားစရာတွေနဲ့ အခုချက်ချင်း ပြန်လာခဲ့ပါ့မယ်" ရွှယ်က မေနှင့်အတူ ထွက်သွားရင်း ပြောလိုက်သည်။

"မင်းတို့လည်း ဘာမှမစားရသေးဘူးပဲ။ မင်းတို့အတွက်ပါ တစ်ခါတည်း ယူလာခဲ့ကြ" သူတို့ အခန်းထဲမှ မထွက်မီ လုံချန်းက လှမ်းပြောလိုက်သည်။

မကြာမီမှာပင် မေနှင့် ရွှယ်တို့သည် စားပွဲပေါ်တွင် တင်ရန် ဗန်းကိုယ်စီဖြင့် ပြန်ရောက်လာကြသည်။

"အတူတူ စားကြရအောင်" လုံချန်းက ကုလားထိုင်တွင် ထိုင်ရင်း ပြောလိုက်သည်။

အစပိုင်းတွင် တွန့်ဆုတ်နေကြသော်လည်း နောက်ဆုံးတွင် သူတို့နှစ်ဦးလုံး ထိုင်ပြီး အတူစားကြသည်။ အားလုံး စားသောက်ပြီးသွားကြသောအခါ-

"ငါ မင်းတို့ကို ပြောစရာရှိတယ်" လုံချန်းက လေသံတိုးတိုးဖြင့် ဆိုလိုက်သည်။

"ဘာလဲ သခင်လေး" ရွှယ်က လုံချန်း၏ မျက်ဝန်းများကို စိုက်ကြည့်ရင်း မေးသည်။

"ပထမဆုံးအနေနဲ့... ငါ့ကို သခင်လေးလို့ ခေါ်စရာမလိုတော့ဘူး။ ငါတို့ရဲ့ ပတ်သက်မှုက အဲဒီထက် အများကြီး ပိုနက်ရှိုင်းသွားပြီလေ... နောက်ပြီး ငါ မြို့ကနေ အချိန်အတော်ကြာ ထွက်သွားလိမ့်မယ်။ အမေ့ကိုတော့ မပြောနဲ့ဦး၊ ငါက အတွေ့အကြုံတွေကတစ်ဆင့် ကျင့်ကြံခြင်းတွေ သန်မာလာအောင် ခရီးထွက်မလို့။ ငါ မကြာခင် ပြန်လာခဲ့ပါ့မယ်။ အချိန်အတိုင်းအတာတစ်ခုအထိ မင်းတို့ကို မတွေ့ရတော့မှာ မှန်ပေမဲ့ သိပ်မကြာခင်မှာပဲ ငါ သေချာပေါက် ပြန်လာခဲ့မယ်။ တခြားသူတွေကို ပြောရင် ငါ့ကို တားကြမှာစိုးလို့ မပြောတာ၊ ဒါပေမဲ့ မင်းတို့ကိုတော့ မသွားခင် အသိပေးချင်လို့။ ဒါကို မင်းတို့ နှစ်ယောက်ကြားမှာပဲ လျှို့ဝှက်ထားပေးပါ" လုံချန်းက သူတို့၏ မျက်ဝန်းများကို ကြည့်ကာ ညင်သာစွာ ပြောလိုက်သည်။

သူတို့နှစ်ဦးလုံး လုံချန်းကို မှင်တက်စွာ ကြည့်နေကြသော်လည်း မျက်နှာတွင် ဝမ်းနည်းရိပ်များဖြင့် တိတ်တဆိတ် ခေါင်းညိတ်ပြကြသည်။

"ငါ့ရဲ့ ခရီးရှည်အတွက် ဘယ်သူမှမသိအောင် စားနပ်ရိက္ခာအချို့ ပြင်ဆင်ပေးနိုင်မလား။ ငါ့ဝင်းထဲကိုပဲ အကုန်ယူလာခဲ့ပေးပါ။ ငါလည်း တခြားလိုအပ်တာတွေ ပြင်ဆင်လိုက်ဦးမယ်" လုံချန်းက ပြောရင်း ထရပ်ကာ အပြင်သို့ ထွက်လာခဲ့သည်။

သူသည် သူ၏ဝင်းထဲမှ ထွက်လာပြီး သိုင်းကျမ်းဆောင် ဆီသို့ ဦးတည်လိုက်သည်။

"ငါ ဝိညာဉ်အခြေတည်အဆင့်ကို ရောက်ကတည်းက ကျမ်းဆောင်ထဲကနေ ဝိညာဉ်အဆင့် သိုင်းပညာတစ်ခု ရွေးချယ်ခွင့် ရှိခဲ့တာ။ ကံမကောင်းစွာနဲ့ပဲ အဲဒါကို ယူဖို့ အချိန်ရော အခွင့်အရေးရော မရှိခဲ့ဘူး။ ငါ ဒီမှာ ရှိနေတုန်း အချိန်ကို အကောင်းဆုံး အသုံးချရမယ်" လုံချန်းသည် သိုင်းကျမ်းဆောင်၏ အဝင်ဝတွင် ရပ်ရင်း ရေရွတ်လိုက်သည်။

သူသည် သိုင်းကျမ်းဆောင်ထဲသို့ ဝင်လိုက်ရာ ပထမထပ်တွင် စာအုပ်စင်များအနား၌ သိုင်းကျမ်းများကို ဖတ်နေကြသော လူအများအပြားကို တွေ့လိုက်ရသည်။ သူတို့အားလုံးမှာ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများဖြစ်ကြောင်း လုံချန်း မြင်နိုင်သည်။ ကျမ်းဆောင်အုပ်ချုပ်သူ အကြီးအကဲမှာ တံခါးနှင့် မီတာအနည်းငယ်အကွာရှိ ကုလားထိုင်တွင် ထိုင်နေသည်။

"သခင်လေး ရောက်လာပြီပဲ" လုံချန်း ဝင်လာသည်ကို မြင်သည်နှင့် အကြီးအကဲ ကန်းသည် ချက်ချင်း ထရပ်လိုက်သည်။ အရင်ကဆိုလျှင် သူ ဤသို့ လုပ်လိမ့်မည်မဟုတ်သော်လည်း လုံချန်းမှာ ပြန်လည်ကောင်းမွန်လာရုံသာမက ပါရမီရှင်တစ်ဦးဖြစ်ကြောင်း ထပ်မံသက်သေပြနိုင်ခဲ့သဖြင့် သူက ရိုရိုသေသေ ဆက်ဆံရမည်ဖြစ်သည်။

"အကြီးအကဲကန်း... ကျွန်တော် သိုင်းပညာတစ်ခု ရွေးမလို့ လာတာပါ" လုံချန်းက အကြီးအကဲကို ပြုံးလျက် နှုတ်ဆက်လိုက်သည်။

"ဒါပေါ့၊ ရွေးလို့ရတာပေါ့! သခင်လေး လာမယ့်အချိန်ကို ကျွန်တော် စောင့်နေတာ။ သခင်လေး ဝိညာဉ်အခြေတည်အဆင့်ကို ရောက်နေတာ အားလုံးသိနေတာတောင် ဝိညာဉ်အဆင့် သိုင်းကျမ်းလာရွေးတာ နောက်ကျနေသေးတယ်။ အခုလို ရောက်လာတာ ကောင်းပါတယ်။ သခင်လေးနဲ့ သင့်တော်မယ့် ဝိညာဉ်အဆင့် သိုင်းကျမ်းရွေးဖို့ ကျွန်တော် ကူညီပေးရမလား" အကြီးအကဲကန်းက ဖော်လံဖားသော အပြုံးဖြင့် မေးလိုက်သည်။

"ရပါတယ် အကြီးအကဲကန်း၊ ကျွန်တော့်ဘာသာပဲ ရွေးလိုက်ပါ့မယ်" လုံချန်းက အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။

"ရတနာဆောင်မှာလို သိုင်းကျမ်းဆောင်မှာက သိုင်းကျမ်းရွေးဖို့ စမ်းသပ်ချက်တွေ မရှိဘူး မဟုတ်လား။ ကျွန်တော် ဖတ်ကြည့်ပြီးမှ ရွေးလိုက်ပါ့မယ်"

"ဒါပေါ့၊ သခင်လေး ဆန္ဒအတိုင်းပါပဲ။ ထပ်တိုင်းမှာ အတားအဆီးတွေ ရှိပါတယ်။ ဒုတိယထပ် အဝင်က အတားအဆီးကိုတော့ သခင်လေး အလွယ်တကူ ဖြတ်နိုင်မှာပါ။ အဲဒီမှာ ဝိညာဉ်အဆင့် သိုင်းကျမ်းတွေကို တွေ့ရပါလိမ့်မယ်။ အချိန်ယူပြီး ရှာပါ၊ ဒါပေမဲ့ သိုင်းကျမ်း တစ်ခုပဲ ရွေးချယ်ခွင့် ရှိပါတယ်" အကြီးအကဲကန်းက ကျမ်းဆောင်၏ ဘေးတစ်ဖက်ရှိ အတားအဆီးတစ်ခုကို ညွှန်ပြရင်း ပြုံးလျက် ဆိုသည်။ ထိုအတားအဆီး၏ အနောက်တွင် လှေကားထစ်များကို တစ်ဝက်တစ်ပျက် မြင်နေရသည်။

လုံချန်းသည် ထိုအတားအဆီးဆီသို့ လျှောက်သွားလိုက်သည်။

"သခင်လေး သိထားပြီးသား ဖြစ်မှာပါ၊ ဒါပေမဲ့ ကျွန်တော် ထပ်သတိပေးပါရစေ။ တတိယထပ် အဝင်က အတားအဆီးကိုတော့ သွားမထိပါနဲ့၊ မဟုတ်ရင် ဒဏ်ရာရသွားပါလိမ့်မယ်။ အဲဒါကို ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေပဲ ဖြတ်နိုင်တာမို့လို့ပါ" အကြီးအကဲကန်းက လှမ်းပြောလိုက်ပြီးနောက် သူ၏ကုလားထိုင်တွင် ပြန်ထိုင်လိုက်သည်။

"စာအုပ်တွေ ဒီလောက်အများကြီး ရှိလိမ့်မယ်လို့ မထင်ထားဘူး" ဒုတိယထပ်ရှိ စာအုပ်များကို မြင်လိုက်ရသောအခါ လုံချန်း အာမေဍိတ်သံ ထွက်သွားသည်။

'ဒီထပ်မှာ လူတစ်ယောက်မှ မရှိဘူးပဲ။ အင်း... ဝိညာဉ်အခြေတည်အဆင့် ကျင့်ကြံသူတိုင်းက ဝိညာဉ်အဆင့် သိုင်းကျမ်းကို ရွေးပြီးသား ဖြစ်နေမှာပေါ့'

ဒုတိယထပ်ရှိ စာအုပ်များကို ဂရုမစိုက်ဘဲ လုံချန်းသည် တတိယထပ် အဝင်ဝရှိ အတားအဆီးဆီသို့ တည့်တည့် လျှောက်သွားလိုက်လေသည်။

အခန်း (၁၃၄) အချမ်းသာဆုံး သခင်လေး

ဒုတိယထပ်နှင့် ထိုနေရာတွင်ရှိသော စာအုပ်များကို ဂရုမစိုက်ဘဲ လုံချန်းသည် တတိယထပ် အဝင်ဝရှိ အတားအဆီးဆီသို့ တည့်တည့် လျှောက်သွားရန် ဆုံးဖြတ်လိုက်သည်။

အတားအဆီးကို အလွယ်တကူ ဖြတ်ကျော်ပြီးနောက် သူသည် တတိယထပ်တွင် ရောက်ရှိသွားသည်။ ထိုနေရာတွင်လည်း လူသူကင်းမဲ့နေပြီး စာအုပ် နှစ်အုပ်သာ ရှိတော့သည်။

"ဒီမှာ စာအုပ် နှစ်အုပ်ပဲ ရှိတာလား။ မဟုတ်လောက်ပါဘူး၊ ငါ့အရင် လူတွေ ယူဖတ်နေကြလို့ ဖြစ်မှာပါ" လုံချန်း ရေရွတ်လိုက်သည်။

"နတ်ဘုရား ဓားဝင်္ကပါ" လုံချန်းသည် စာအုပ်နှစ်အုပ်ထဲမှ တစ်အုပ်ကို ကောက်ယူပြီး ခေါင်းစဉ်အား ဖတ်လိုက်သည်။

"ရန်သူကို တိုက်ခိုက်ဖို့ ပျံသန်းနိုင်တဲ့ ဓားငါးလက်နဲ့ ဝင်္ကပါတစ်ခု တည်ဆောက်တာလား။ ကောင်းတဲ့ ပညာရပ်ပဲ၊ ဒါပေမဲ့ ဓားတွေဝယ်ဖို့နဲ့ ဒီပညာရပ်အတွက် သင့်တော်အောင် ပြင်ဆင်ဖို့ အရင်းအမြစ်တွေ အများကြီး လိုအပ်မှာပဲ" လုံချန်းက ၎င်း၏ ဖော်ပြချက်ကို ဖတ်ရင်း ရေရွတ်လိုက်သည်။

သူသည် နောက်စာအုပ်တစ်အုပ်ဆီသို့ လျှောက်သွားပြီး ဖတ်ရှုလိုက်ပြန်သည်။

"အင်း... ငါ ဒီနှစ်အုပ်လုံးကို ယူသွားလို့ ရပေမဲ့ မျှတအောင်လို့ မျိုးနွယ်စုအတွက် တစ်အုပ်တော့ ချန်ထားခဲ့သင့်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါက တစ်အုပ်ကိုပဲ သဘောကျတာလေ" လုံချန်းက ပြောရင်း စာအုပ်နှစ်အုပ်ထဲမှ တစ်အုပ်ကို ရွေးချယ်ကာ သူ၏ သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်သည်။

"ငါက သာမန် ရွှေအမြုတေအဆင့် ကျင့်ကြံသူထက် ပိုသန်မာတာဆိုတော့ ဖြစ်နိုင်ရင်..." သူသည် စတုတ္ထထပ် အဝင်ဝကို မသေချာသော မျက်နှာဖြင့် ကြည့်လိုက်သည်။ နောက်ဆုံးတွင်တော့ သူ စမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။

သူသည် အတားအဆီးဆီသို့ လျှောက်သွားပြီး ထိလိုက်သော်လည်း သူ၏ ခန္ဓာကိုယ်တစ်ခုလုံး စူးရှသော လျှပ်စစ်ဓာတ်ရသလို ခံစားလိုက်ရသဖြင့် လက်ကို ချက်ချင်း ပြန်ရုပ်လိုက်ရသည်။ သူသည် ထိုအကြံကို လက်လျှော့လိုက်ပြီး ဒုတိယထပ်သို့ ပြန်ဆင်းလာခဲ့သည်။

ဒုတိယထပ်တွင် သူနှစ်သက်သော သိုင်းကျမ်းတစ်ခုကို မွှေနှောက်ရှာဖွေ ရွေးချယ်ပြီးနောက် ပထမထပ်သို့ ပြန်ဆင်းလာခဲ့သည်။

ကျမ်းဆောင်အကြီးအကဲမှာ လုံချန်း ဒုတိယထပ်မှ ပြန်ဆင်းလာသည်ကို မြင်သောအခါ တစ်ဖန် ထရပ်လိုက်ပြန်သည်။

"သခင်လေး ရွေးလိုက်တဲ့ သိုင်းကျမ်းကို ကျွန်တော် ကြည့်လို့ရမလား" အကြီးအကဲကန်းက မေးသည်။ လုံချန်းက သူ ဒုတိယထပ်မှ ရွေးလာသော စာအုပ်ကို ပြုံးလျက် ချက်ချင်း ကမ်းပေးလိုက်သည်။ အမည်ကို ဖတ်ပြီးနောက် အကြီးအကဲကန်းက စာအုပ်အား လုံချန်းထံ ပြန်ပေးလိုက်သည်။ လုံချန်းသည် ဘာမှထပ်မပြောဘဲ ကျမ်းဆောင်ထဲမှ ထွက်လာခဲ့ရာ အကြီးအကဲကန်း တစ်ယောက်တည်း စဉ်းစားခန်း ဝင်လျက် ကျန်ရစ်ခဲ့တော့သည်။

လုံချန်းသည် နောက်ထပ် အမေဖြစ်သူ၏ ဝင်းထဲသို့ သွားခဲ့သည်။ သူသည် ခရီးထွက်မည့်အကြောင်းကို အစအနပင် မဟဘဲ ပုံမှန်အတိုင်း စကားပြောခဲ့သည်။

မိခင်ဖြစ်သူနှင့် နာရီဝက်ခန့် အချိန်ကုန်ဆုံးပြီးနောက် လုံချန်း ထွက်လာခဲ့သော်လည်း ဝင်းထဲမှ မထွက်မီ အမေ့ကို နောက်ဆုံးတစ်ခေါက် ပြန်ကြည့်ရန် မမေ့ခဲ့ပေ။ စီမာကျိယီသည် တစ်ခုခု ထူးဆန်းနေသည်ဟု ခံစားရသော်လည်း ဘာကြောင့်လဲဆိုသည်ကိုတော့ နားမလည်ခဲ့ပေ။

ထို့နောက် လုံချန်းသည် အကြီးအကဲချုပ် အိမ်တော်ဆီသို့ လျှောက်သွားသည်။ အကြီးအကဲချုပ် လုံမူသည် မျိုးနွယ်စုနှင့် အဖွဲ့ဝင်များအတွက် သုံးစွဲသည့် ငွေကြေးကိစ္စအားလုံးကို စီမံခန့်ခွဲသူဖြစ်သည်။

"အကြီးအကဲချုပ်" လုံချန်း ရောက်သွားချိန်တွင် အကြီးအကဲချုပ်က ဝင်းထဲမှ ထွက်လာသည်နှင့် ကြုံလိုက်ရသည်။

"ကောင်လေး... ဒီကို ဘာလာလုပ်တာလဲ" အကြီးအကဲချုပ်က လုံချန်းကို ကြည့်ကာ ပြုံးလျက် လျှောက်လာသည်။

"အဘိုးဆီက တစ်ခုခု လာယူတာပါ" လုံချန်းက ပြုံးလျက် ဆိုသည်။

"ဘာလိုချင်လို့လဲ" အကြီးအကဲချုပ် လုံမူက ဇဝေဇဝါဖြင့် မေးသည်။

"အဘိုးက လုံမျိုးနွယ်စု အိမ်တော်ရဲ့ ငွေကြေးကို စီမံတာ မဟုတ်လား" လုံချန်းက မေးလိုက်သည်။

"ဟုတ်တယ်လေ၊ အဘိုး စီမံတာပေါ့" အကြီးအကဲချုပ်က ခေါင်းညိတ်သည်။

"မျိုးနွယ်စုရဲ့ သခင်လေးတိုင်းက သူတို့ရဲ့ ရာထူးအလိုက် ငွေကြေးဌာနကနေ လစဉ် သုံးစွဲဖို့ ငွေရကြတယ် မဟုတ်လား။ မျိုးနွယ်စုခေါင်းဆောင်ရဲ့ မြေးတွေဆိုရင် တစ်လကို ရွှေဒင်္ဂါး ၂၀ ရတယ်မလား" လုံချန်းက ပြုံးလျက် စုံစမ်းလိုက်သည်။

"အဲဒါ မှန်ပါတယ်" အကြီးအကဲချုပ်က ထပ်မံ ခေါင်းညိတ်သည်။

"ဒါဆို ကျွန်တော် လိုချင်တာက မျိုးနွယ်စုကနေ ကျွန်တော် ရသင့်ရထိုက်တဲ့ ရွှေဒင်္ဂါးတွေပါ။ ကျွန်တော် ပြီးခဲ့တဲ့ ခုနစ်နှစ်လုံးလုံး မုန့်ဖိုးမယူခဲ့တာ အဘိုးသိတာပဲ မဟုတ်လား" လုံချန်းက ပြုံးလျက် မေးလိုက်သည်။

"ဟားဟား... အဲဒါကို လိုချင်တာလား။ ခုနစ်နှစ်ဆိုတော့... ၈၄ လပေါ့။ ဒါဆိုရင် မင်းက ရွှေဒင်္ဂါး ၁၆၈၀ ရရမှာပေါ့" အကြီးအကဲချုပ်က ပြုံးလျက် တွက်ပြသည်။

"ဟုတ်ပါတယ်" လုံချန်းက ခေါင်းညိတ်သည်။

"ဒီခုနစ်နှစ်အတွင်းမှာ မင်းကို တိုက်ခဲ့တဲ့ ဆေးဝါးတွေရဲ့ တန်ဖိုးက အဲဒီထက် အများကြီး ပိုများတယ်ဆိုတာ မင်းသိမှာပါ" အကြီးအကဲချုပ်က တဟားဟား ရယ်လိုက်သည်။

"အဲဒါက သီးခြားကိစ္စလေ အဘိုးရဲ့။ တကယ်လို့ ကျွန်တော့် ဝမ်းကွဲတွေထဲက တစ်ယောက်ယောက် နေမကောင်းဖြစ်ရင် မျိုးနွယ်စုက ဆေးပေးမှာလား၊ ဒါမှမဟုတ် သူ့ရဲ့ လစဉ်မုန့်ဖိုးထဲက နှုတ်မှာလား။ ဒီနှစ်ခုက သုံးစွဲပုံချင်း မတူသလို သီးခြားစီပဲလေ" လုံချန်းက သွားဖြဲပြရင်း ပြန်ပြောလိုက်သည်။

"ကောင်းပါပြီ လူကလေးရာ၊ မင်းရသင့်တာကို အဘိုးပေးပါ့မယ်။ ပမာဏက များပေမဲ့ တစ်နေ့နေ့ မင်းပြန်ကောင်းလာရင် လိုရမယ်ရ သုံးလို့ရအောင် မင်းရဲ့ တစ်လ ရွှေဒင်္ဂါး ၂၀ မုန့်ဖိုးကို အဘိုးက လတိုင်း သီးသန့် စုပေးထားတာ" အကြီးအကဲချုပ်က လုံချန်းကို ကြည့်ကာ ရယ်မောရင်း ဆိုသည်။

"အဘိုးနဲ့ လိုက်ခဲ့" အကြီးအကဲချုပ်က ပြောရင်း တစ်နေရာသို့ ဦးတည်လျှောက်သွားသည်။ လုံချန်း အနောက်မှ လိုက်သွားရာ ငွေကြေးဌာနသို့ ရောက်ရှိသွားသည်။ အကြီးအကဲချုပ်က အတွင်းသို့ ဝင်သွားပြီး မိနစ်အနည်းငယ်အကြာတွင် အိတ်ငယ်တစ်အိတ် ကိုင်ကာ ပြန်ထွက်လာသည်။

"ဒီထဲမှာ အဖြူရောင်ရွှေဒင်္ဂါး ၁၆ ပြားနဲ့ ရွှေဒင်္ဂါး ၈၀ ပါမယ်။ မင်းသိတဲ့အတိုင်း အဖြူရောင်ရွှေဒင်္ဂါး တစ်ပြားက ရွှေဒင်္ဂါး တစ်ရာနဲ့ ညီမျှတော့ စုစုပေါင်း ရွှေဒင်္ဂါး ၁၆၈၀ ပေါ့" အကြီးအကဲချုပ်က ပြုံးလျက် ပြောပြီး အိတ်ကို လုံချန်းထံ ကမ်းပေးလိုက်သည်။

လုံချန်းသည် အိတ်ကိုဖွင့်ကာ စစ်ဆေးလိုက်သည်။ စိတ်ကျေနပ်သွားသောအခါ အကြီးအကဲချုပ်ကို ကျေးဇူးတင်စကား ဆိုလိုက်သည်။

"ဒါနဲ့ အစ်မ ရွှယ်ယင်းရော တံခါးပိတ်ကျင့်ကြံတာ ပြီးပြီလား" လုံချန်းက မေးလိုက်သည်။

"မပြီးသေးဘူး။ သူ့ဆီက ဘာလိုချင်လို့လဲ" အကြီးအကဲချုပ်က ဇဝေဇဝါဖြင့် မေးသည်။

"ဘာမှမဟုတ်ပါဘူး၊ သိချင်လို့ မေးကြည့်တာပါ" လုံချန်းက အေးအေးဆေးဆေး ပြောပြီး ထွက်ခွာလာခဲ့သည်။

"ဟင်း... ဒီလူကလေးကတော့ လောလောဆယ် ဒီမျိုးနွယ်စုထဲမှာ အချမ်းသာဆုံး သခင်လေး ဖြစ်နေမှာပဲ" အကြီးအကဲချုပ် လုံမူက ရယ်မောရင်း ထွက်သွားလေတော့သည်။

လုံချန်း မိမိ၏ ဝင်းထဲသို့ ပြန်ရောက်သောအခါ အစားအသောက် အမြောက်အမြား ပြင်ဆင်ထားသော ရွှယ်နှင့် မေတို့ကို တွေ့လိုက်ရသည်။

"ဝိုး... တော်လိုက်ကြတာ" လုံချန်းက သူတို့ကို ကြည့်ပြီး ပြုံးလျက် ဆိုလိုက်သည်။

"သခင်လေး... ဘယ်အချိန် ထွက်သွားမှာလဲ" မေက ဝမ်းနည်းနေသော မျက်နှာပေးဖြင့် လုံချန်းကို ကြည့်ကာ မေးသည်။

"မနက်ဖြန် မနက်ပေါ့။ အားလုံး အဆင်သင့် ဖြစ်နေပြီ" လုံချန်းက သူမ၏ မျက်ဝန်းများကို ကြည့်ကာ ညင်သာစွာ ဆိုလိုက်သည်။

"ဝမ်းနည်းမနေကြနဲ့ဦး၊ ငါ မကြာခင် ပြန်လာမှာပါ။ ပြီးတော့ မင်းတို့နဲ့ အတူရှိဖို့ ဒီညတစ်ညလုံး ရှိသေးတယ်လေ" သူတို့၏ ညှိုးငယ်နေသော မျက်နှာများကို မြင်သောအခါ လုံချန်းက နှစ်သိမ့်လိုက်သည်။ သူသည် သူတို့အနားသို့ လျှောက်သွားပြီး သူတို့၏ ခါးလေးများကို ဖက်ကာ အနားသို့ ဆွဲခေါ်လိုက်သည်။

"အခု မင်းတို့ နှစ်ယောက်လုံးက ငါ့အပိုင်တွေပဲ၊ ငါ့အမေလည်း ဒီမှာ ရှိနေတာပဲ။ ငါ သေချာပေါက် အမြန်ပြန်လာခဲ့ပါ့မယ်" လုံချန်းက သူတို့၏ နားထဲသို့ တိုးတိုးလေး ကပ်ပြောလိုက်လေသည်။

သာယာပျော်ရွှင်စရာကောင်းသော နောက်ထပ်ညတစ်ည ကုန်ဆုံးသွားပြီး မနက်စောစောသို့ ရောက်ရှိလာသည်။ လုံချန်းသည် ကုတင်ပေါ်တွင် ထထိုင်လိုက်ပြီး အိပ်ပျော်နေသော သူတို့နှစ်ဦးကို ကြည့်လိုက်သည်။

သူတို့၏ လှပသော အိပ်ပျော်နေသည့် မျက်နှာလေးများကို အကြာကြီး စိုက်ကြည့်ပြီးနောက် လုံချန်းသည် ကုတင်ပေါ်မှ ဆင်းကာ သိုလှောင်လက်စွပ်ထဲမှ စာတစ်စောင်ကို ထုတ်၍ အနားရှိ စားပွဲပေါ်တွင် တင်ထားလိုက်သည်။ သူသည် အိပ်ခန်းထဲမှ ထွက်လာပြီး အစားအသောက်အားလုံးကို သိုလှောင်လက်စွပ်ထဲ ထည့်လိုက်သည်။ သူ၏ အဝတ်အစား၊ ငွေကြေးနှင့် တခြားပစ္စည်းများကိုတော့ အစောကတည်းက ထည့်ထားပြီးသားဖြစ်သည်။ လုံချန်းသည် ရေချိုးခန်းထဲသို့ ဝင်ကာ တံခါးပိတ်လိုက်သည်။

သူ၏ မျက်နှာက တည်ကြည်သွားသည်။ သူ၏ ရွှေရောင်မျက်ဝန်းများသည် ကြယ်တာရာများကဲ့သို့ မှောင်မိုက်သွားပြီး လုံချန်းက သူ၏ ညာလက်ကို ဝေ့ယမ်းလိုက်ရာ ရေချိုးခန်းအတွင်း၌ ဟင်းလင်းပြင် အက်ကြောင်း တစ်ကြောင်း ပေါ်လာသည်။ လုံချန်းသည် ထိုအက်ကြောင်းကို လက်ဖြင့် ချဲ့လိုက်ပြီး အတွင်းသို့ ဝင်ကာ အိမ်တော်မှ ပျောက်ကွယ်သွားလေတော့သည်။

All Chapters