အခန်း (၁၃၇-၁၃၈)
Vol. 14 Ch. 137-138
အခန်း (၁၃၇) သူခိုး
"လငွေရောင်မြို့တော်ရဲ့ မြို့ရိုးတွေပဲ။ နောက်ဆုံးတော့ ရောက်ပြီ" မြို့နယ်နိမိတ်ကို မြင်လိုက်ရသောအခါ လုံချန်း ရေရွတ်လိုက်သည်။ သူသည် မြေပြင်သို့ ဆင်းသက်လိုက်ပြီး တောင်ပံများကို ဖျောက်လိုက်သည်။ ထို့နောက် လမ်းမကြီးပေါ်သို့ ပြန်တက်ကာ မြို့ထဲသို့ ခြေကျင် ဆက်လက် လျှောက်လှမ်းသွားသည်။
သူသည် သွေးစွန်းနေသောအဝတ်များကို လဲလှယ်ပြီးဖြစ်ကာ အခုဆိုလျှင် ပို၍သန့်ရှင်းသော ဝတ်စုံကို ဝတ်ဆင်ထားသည်။ လူအများ၏ အာရုံစိုက်မှုကို မခံချင်သဖြင့် လုံချန်းမျိုးနွယ်စု၏ ဝတ်ရုံရှည်ကိုတော့ ဝတ်မထားရန် ဆုံးဖြတ်ခဲ့သည်။ သူသည် မြို့ပြင်သို့ ရောက်နေပြီဖြစ်သလို သူ၏ရည်ရွယ်ချက်လည်း အောင်မြင်နေပြီဖြစ်၍ မည်သူက သူ့မည်သူမည်ဝါဖြစ်ကြောင်း သိသွားမည်ကို မစိုးရိမ်တော့ပေ။ ခဏမျှ လျှောက်ပြီးနောက် မြို့အဝင်ဝသို့ ရောက်ရှိလာသည်။ လုံချန်း ရောက်သွားချိန်တွင် ကုန်သည်လှည်းတစ်စီးမှာ မြို့ထဲဝင်ရန် ရှေ့တွင် အလှည့်စောင့်နေသဖြင့် သူလည်း လိုက်စောင့်နေလိုက်သည်။
"မြို့ထဲဝင်ဖို့ အခွန်ပေးရမယ်။ ကြေးဒင်္ဂါး ၅ ပြား" ပုပြတ်ဖိုင့်သော လူတစ်ယောက်သည် လှည်းပိုင်ရှင်ရှေ့တွင် ရပ်ကာ ပြောဆိုလိုက်သည်။
"ပေးစရာလိုမယ် မထင်ဘူး" လှည်းပိုင်ရှင်က ပြုံးလျက် သူ၏အိတ်ထဲမှ စာရွက်တစ်ရွက် ထုတ်ပြလိုက်သည်။
"ဒါက တော်ဝင်မိသားစုဆီက ခွင့်ပြုချက်ပဲ။ ငါတို့ ကုန်သည်အသင်းကို ဒီနိုင်ငံရဲ့ ဘယ်မြို့မှာမဆို ဝင်ခွင့်၊ ထွက်ခွင့်အခွန် ပေးစရာမလိုဘဲ သွားလာခွင့် ပြုထားတာ"
"ချီး... သွားတော့၊ ဝင်လို့ရပြီ" ဝတုတ်တုတ်လူက စိတ်ပျက်သောအမူအရာဖြင့် နှာခေါင်းရှုံ့ကာ ထိုလူကို အသံမာမာဖြင့် ပြောလိုက်သည်။
လှည်းပိုင်ရှင်သည် သူ၏လှည်းဆီသို့ ပြန်သွားပြီး ကင်းသမားများ၏ စောင့်ကြည့်မှုအောက်တွင် မြို့ထဲသို့ ဝင်သွားသည်။
"ဟင်း... အပိုငွေလေး ဘာလေး ရမလားလို့ အခွင့်အရေးစောင့်နေတာ၊ အဲဒီခွင့်ပြုချက်က အားလုံးကို ဖျက်ဆီးပစ်တာပဲ။ ဒီနေ့တော့ တကယ့်ကို ကံဆိုးတဲ့နေ့ပဲ။ တစ်နေကုန်လို့ မြို့ထဲဝင်တဲ့သူ တစ်ယောက်မှ မရှိသေးဘူး" ထိုကင်းသမားက ဒေါသတကြီး မှတ်ချက်ချလိုက်သည်။
"ဪ... မင်းလည်း ဒီမှာ ရှိနေတာပဲလား" ကင်းသမားသည် သူ့ဆီသို့ လျှောက်လာသော လုံချန်းကို သတိထားမိသွားပြီး မျက်နှာပေးမှာ ချက်ချင်းပင် အေးစက်သွားသည်။
"ဒီမြို့ထဲဝင်ဖို့ အခွန် ကြေးဒင်္ဂါး ၂ ပြား ပေးရမယ်" ကင်းသမားက ပြုံးစစဖြင့် ပြောလိုက်သည်။
"ကျွန်တော့်မှာ အကြွေမပါဘူး။ ပြီးတော့ ဒီနိုင်ငံရဲ့ မြို့တိုင်းမှာ ဝင်ကြေးကို ဘုရင်ကြီး သတ်မှတ်ထားတာ ကြေးဒင်္ဂါး ၁ ပြားပဲ မဟုတ်လား။ တော်ဝင်မြို့တော် တစ်ခုပဲ ကြေးဒင်္ဂါး ပိုကောက်ခွင့်ရှိတာလေ" လုံချန်းက ထိုဝတုတ်တုတ် ကင်းသမားကို ကြည့်ကာ စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။
'ဟင်း... သူက ခြေကျင်လာတာဆိုတော့ အထူးအထွေ လူမျိုး မဟုတ်လောက်ပါဘူး။ ပိုကောက်လည်း ဘာမှမဖြစ်ပါဘူး' ကင်းသမားက လုံချန်းကို ကြည့်ကာ တွေးလိုက်သည်။
"အခွန်ငွေကို မြို့စောင့်တွေကပဲ ဆုံးဖြတ်တာ။ ဝင်ချင်ရင် ပေးရမယ်" ကင်းသမားက လှောင်ပြုံးဖြင့် ဆိုသည်။
"ဒါဆိုရင်ကော ကျွန်တော် ဝင်လို့ရမလား" လုံချန်းက ပြောရင်း အိတ်ထဲမှ ရွှေရောင်တံဆိပ်ပြား တစ်ခုကို ထုတ်၍ ကင်းသမားကို ပြလိုက်သည်။
"ဒါ... ဒါက ရွှေရောင်တံဆိပ်ပြားပဲ... နဂါးသင်္ကေတ... ဒါ အမြင့်မြတ်ဆုံး မျိုးနွယ်စုတွေထဲက တစ်ခုဖြစ်တဲ့ လုံမျိုးနွယ်စုရဲ့ တံဆိပ်ပြား မဟုတ်လား" အနားတွင် ရပ်နေသော အခြားကင်းသမားတစ်ဦးက ထိုတံဆိပ်ပြားကို မြင်သောအခါ အလန့်တကြား အော်လိုက်မိသည်။
"မှန်တယ်... ဒါပေမဲ့ ဒါက နဂါးမြို့တော်က လုံမျိုးနွယ်စုရဲ့ တိုက်ရိုက်အနွယ်ဝင်တွေကိုပဲ ပေးတာ မဟုတ်လား။ မျိုးနွယ်စုခွဲက လူတွေကိုတော့ ငွေရောင်တံဆိပ်ပြားပဲ ပေးတာလေ။ သူက တိုက်ရိုက်အနွယ်ဝင်လား" ဝတုတ်တုတ် ကင်းသမားက မယုံကြည်နိုင်စွာ အော်ပြောလိုက်သည်။
"မဟုတ်ဘူး... မဖြစ်နိုင်တာ။ မင်းက ငါ့ကို လူအထင်နေတာလား။ ငါ့ကို လှည့်စားလို့ရမယ် ထင်နေလား" ဝတုတ်တုတ် ကင်းသမားက လှောင်ရယ်လိုက်သည်။
"မင်း ဒီရွှေရောင်တံဆိပ်ပြားကို ဘယ်မှာ သွားတွေ့တာလဲ။ မင်းက လုံမျိုးနွယ်စုရဲ့ တိုက်ရိုက်အနွယ်ဝင် ဖြစ်စရာ အကြောင်းကို မရှိတာ။ လုံမျိုးနွယ်စုဆိုတာ ဒီနိုင်ငံမှာ အသန်မာဆုံးနဲ့ အချမ်းသာဆုံး မျိုးနွယ်စုတွေထဲက တစ်ခုပဲ။ သူတို့မှာ ဇိမ်ခံလှည်းတွေ အများကြီးရှိတယ်။ တိုက်ရိုက်အနွယ်ဝင်တိုင်းအတွက် တစ်စီးစီ ရှိတာ။ သူတို့ရဲ့ တိုက်ရိုက်သွေးနှောတဲ့ ကလေးတစ်ယောက်က ဒီကို ခြေကျင်လာစရာ အကြောင်း လုံးဝမရှိဘူး။ သူတို့ရဲ့ မျိုးနွယ်စုခွဲကလူတွေတောင် လှည်းနဲ့ပဲ သွားကြတာ။ မင်း လိမ်တဲ့အခါ အဲဒါကို ထည့်မစဉ်းစားမိဘူး ထင်တယ်၊ ဟုတ်လား... အမှန်အတိုင်းပြောစမ်း။ ဒီတံဆိပ်ပြားကို ဘယ်က ခိုးလာတာလဲ" ကင်းသမားက အရာအားလုံးကို သိနေသည်ဆိုသည့် အမူအရာဖြင့် နှာခေါင်းရှုံ့ကာ မေးလိုက်သည်။
'ငါသာ ဒီတံဆိပ်ပြားကို မူလပိုင်ရှင်ဆီ ပြန်ပို့ပေးနိုင်ရင် ဆုလာဘ်တွေ သေချာပေါက် ရမှာပဲ။ ငါ ချမ်းသာပြီ' ကင်းသမားက သူ့ဘာသာ တွေးကာ ပျော်နေသည်။
"ဪ... အဘိုးက မိသွားတာပဲ။ ကျွန်တော့်ရဲ့ အားနည်းတဲ့ ကျင့်ကြံမှုနဲ့ ဒီတံဆိပ်ပြားရဲ့ တကယ့်ပိုင်ရှင်ကို သတ်ပြီး ခိုးလာတာလေ" လုံချန်းက စိတ်ပျက်လက်ပျက်ဖြင့် ရွဲ့ပြောလိုက်သည်။
"မင်းက ငါ့ကို နောက်ပြောင်ရဲတယ်ပေါ့" ကင်းသမားက ဒေါသတကြီး ဟောက်လိုက်သည်။
"အမြင့်မြတ်ဆုံး မျိုးနွယ်စုရဲ့ တိုက်ရိုက်အနွယ်ဝင်ကို သတ်လိုက်တယ်လို့ မင်းက နောက်ပြောင်ရဲတယ်ပေါ့။ ငါတို့ လငွေရောင်မြို့တော်က အသန်မာဆုံး မျိုးနွယ်စုတောင် သူတို့ကို ရိုရိုသေသေ ဆက်ဆံရတာ၊ မင်းကတော့ ပြက်ရယ်ပြုရဲတယ်ပေါ့" ကင်းသမားသည် လုံချန်းကို ဒေါသတကြီး စိုက်ကြည့်ကာ အော်ဟစ်နေတော့သည်။
ဘာဖြစ်နေသည်ကို သိလိုသဖြင့် မြို့အဝင်ဝသို့ ကင်းသမားများ တဖြည်းဖြည်း စုရုံးရောက်ရှိလာကြသည်။
"ဒေါသမထွက်ပါနဲ့ဦး။ သူ ဘယ်လိုပဲ ရခဲ့ရခဲ့၊ အမြင့်မြတ်ဆုံး မျိုးနွယ်စုရဲ့ တံဆိပ်ပြားကို ထုတ်ပြခဲ့တာကတော့ အမှန်တရားပဲ။ အမြင့်မြတ်ဆုံး မျိုးနွယ်စုနဲ့ ပတ်သက်လာရင် အမှားမခံနိုင်လို့ ဒီကိစ္စကို သေချာ ကိုင်တွယ်ရမယ်။ သူ့ကို စစ်ဆေးဖို့အတွက် ခေါင်းဆောင်ဆီ ခေါ်သွားရအောင်။ ကိုယ့်သဘောနဲ့ကိုယ် မိုက်မဲတာတွေ မလုပ်ကြနဲ့" ဝတုတ်တုတ် ကင်းသမား၏ သူငယ်ချင်းဖြစ်သူက ကြားထဲမှ ဝင်ပြောလိုက်သည်။ ထိုကင်းသမားမှာ ဝတုတ်တုတ်လူနှင့် ဆန့်ကျင်ဘက်ဖြစ်ကာ အတော်လေး အရပ်ရှည်သည်။
"သူ့ကို စစ်ဆေးနေစရာ မလိုပါဘူး၊ သူ တစ်နေရာရာက ခိုးလာတာ ဖြစ်မှာပေါ့။ ဒီသူခိုးကို အခုချက်ချင်း ဖမ်းလိုက်စမ်း" ဝတုတ်တုတ် ကင်းသမားက သူငယ်ချင်း၏ စကားကို နားမထောင်ဘဲ အမိန့်ပေးလိုက်သည်။
"ခင်ဗျားတို့ သိထားဖို့က... ကျွန်တော် စိတ်ကို အတတ်နိုင်ဆုံး ထိန်းထားတာပါ။ ဒီလို မိုက်မဲတဲ့ အကြောင်းပြချက်လေးနဲ့ ခင်ဗျားတို့ အားလုံးကို မသတ်ချင်လို့ ကျွန်တော့်ကို ဒေါသထွက်အောင် မလုပ်ဖို့ မျှော်လင့်ပါတယ်" လုံချန်းက ဒေါသစတင် ထွက်လာရင်း ပြောလိုက်သည်။ သူ၏ မျက်နှာမှ အပြုံးများ ပျောက်ကွယ်သွားပြီး ကင်းသမားများကို ရင်ဆိုင်လိုက်သည်။
"မင်း..." ဝတုတ်တုတ် ကင်းသမားမှာ ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းသွားသော်လည်း သူပြောမည့် စကားကို အသံတစ်သံက ဖြတ်ပြောလိုက်သည်။
"ဒီမှာ ဘာတွေ ဆူညံနေတာလဲ" လေးနက်သော အသံတစ်သံ ထွက်ပေါ်လာသည်။ လူများ လှည့်ကြည့်လိုက်ရာ မြို့ထဲမှ ထွက်လာသော ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။ သူသည် အပြင်တွင် ရပ်နေသော လူငယ်လေးကို ကြည့်လိုက်ပြီးနောက် ကင်းသမားများကို ကြည့်လိုက်သည်။
"ဒီမှာ ဘာဖြစ်နေတာလဲ" သူက ကင်းသမားများကို မေးလိုက်သည်။
"ခေါင်းဆောင် ဟန်" ကင်းသမားများသည် ထိုလူကို မြင်သောအခါ အသာအယာ ဦးညွှတ်လိုက်ကြသည်။ ဤလူမှာ လငွေရောင်မြို့တော်၏ ကင်းသမားခေါင်းဆောင် ဖြစ်သည်။
"ခေါင်းဆောင်ဟန်၊ ဒီကောင်က လုံမျိုးနွယ်စုရဲ့ တိုက်ရိုက်အနွယ်ဝင်အဖြစ် ဟန်ဆောင်နေတာပါ။ သူ မြို့ထဲကို အခွန်မပေးဘဲ ဝင်ဖို့အတွက် လုံမျိုးနွယ်စုရဲ့ ရွှေရောင်တံဆိပ်ပြားကို ထုတ်ပြတယ်။ ဒါပေမဲ့ လုံမျိုးနွယ်စုဝင်အဖြစ် ဟန်ဆောင်ဖို့ဆိုရင် တံဆိပ်ပြားတစ်ခုတည်းနဲ့ မလုံလောက်ဘူးဆိုတာ သူ မေ့နေပုံရတယ်။ သူ့မှာ လုံမျိုးနွယ်စုရဲ့ လှည်းလည်း မပါဘူး၊ ဒီကို ခြေကျင်လာတာ" ဝတုတ်တုတ် ကင်းသမားက မျက်နှာချိုသွေးကာ ရှင်းပြလိုက်သည်။
"လုံမျိုးနွယ်စုရဲ့ ရွှေရောင်တံဆိပ်ပြားလား" ထိုလူသည် မျက်မှောင်ကြုတ်ကာ လုံချန်းကို ကြည့်လိုက်လေသည်။
အခန်း (၁၃၈) သတ်ဖြတ်ခြင်း
"အဲဒီတံဆိပ်ပြားကို ငါ့ကိုပေး၊ ငါကိုယ်တိုင် စစ်ဆေးကြည့်မယ်။ ငါ အရင်က လုံမျိုးနွယ်စုရဲ့ တံဆိပ်ပြားတွေကို မြင်ဖူးတယ်" သူသည် လုံချန်း၏လက်ထဲမှ တံဆိပ်ပြားကို စိုက်ကြည့်ရင်း လက်ကမ်းကာ တောင်းဆိုလိုက်သည်။
"ခင်ဗျားတို့ကတော့ ကျုပ်အချိန်တွေကို ဖြုန်းနေကြတာပဲ" လုံချန်းက လေးနက်သောလေသံဖြင့် မှတ်ချက်ချလိုက်သော်လည်း တံဆိပ်ပြားကို သူ့ဆီသို့ လှမ်းပစ်ပေးလိုက်သည်။
ကင်းသမားခေါင်းဆောင်သည် တံဆိပ်ပြားကို ဖမ်းယူလိုက်ပြီး သေချာစွာ စတင်စစ်ဆေးတော့သည်။
"ဟင်း... အစစ်နဲ့တော့ တူသားပဲ။ အရင်က လုံမျိုးနွယ်စုရဲ့ တိုက်ရိုက်အနွယ်ဝင်တချို့ ဒီကိုလာဖူးတယ်၊ ကံကောင်းလို့ သူတို့ကို ငါနဲ့တွေ့ခွင့်ရခဲ့တယ်။ ဒါက ငါတောင်းဆိုလို့ သူတို့ပြခဲ့တဲ့ တံဆိပ်ပြားနဲ့ အတူတူပဲ။ ဒီတံဆိပ်ပြားက အစစ်ဖြစ်တာ သံသယဖြစ်စရာ မလိုဘူး" ခဏမျှ စစ်ဆေးပြီးနောက် သူက ပြောလိုက်သည်။
"ဒါပေမဲ့... မျိုးနွယ်စုရဲ့ တိုက်ရိုက်အနွယ်ဝင် ဘယ်သူမှ ဒီကို ခြေကျင်လာမှာ မဟုတ်တာလည်း အမှန်တရားပဲ။ ဒီတံဆိပ်ပြားကို ကိုင်ဆောင်နိုင်တဲ့သူတိုင်းမှာ သီးသန့်လှည်းတစ်စီး ရှိတယ်ဆိုတာ လူတိုင်းသိတဲ့ အချက်ပဲ။ မင်းမှာ မရှိတာကတော့ ထူးဆန်းနေတယ်။ ဘာလို့လဲ... တံဆိပ်ပြားကို ခိုးလို့ရပေမဲ့ လှည်းတစ်စီးလုံးကို ခိုးဖို့ကျတော့ မလွယ်လို့လား။ ဒါမှမဟုတ် မင်း တစ်နေရာရာမှာ ကောက်ရခဲ့တာလား" ခေါင်းဆောင်ဟန်က လုံချန်းကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
"မင်းက ဒီတံဆိပ်ပြားရဲ့ တကယ့်ပိုင်ရှင် မဖြစ်နိုင်ဘူး။ ဒီတံဆိပ်ပြားကို ငါ သိမ်းထားပြီး တကယ့်ပိုင်ရှင်ဆီ ပြန်ပေးလိုက်မယ်။ ကင်းသမားတွေ... ဒီလူလိမ်ကို စစ်ဆေးဖို့အတွက် ဖမ်းဆီးလိုက်ကြ။ ဟန်ဆောင်မှု၊ ခိုးမှုနဲ့ မြို့စောင့်တွေကို လိမ်လည်ဖို့ ကြိုးစားမှုတွေနဲ့ သူဟာ အပြစ်ရှိတယ်လို့ ငါ ယူဆတယ်။ စစ်ဆေးမေးမြန်းလိုက်ရင် အားလုံး ရှင်းသွားလိမ့်မယ်" ထိုလူက အမိန့်ပေးလိုက်ရာ ကင်းသမားများက လုံချန်းဆီသို့ စတင်လျှောက်လာကြသည်။
ခေါင်းဆောင်သည် လုံချန်းကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်။
လုံချန်းသည် တော်တော်လေး ဒေါသထွက်နေပြီဖြစ်သည်။ အခြေအနေက ဤအတိုင်းသာ ဆက်သွားနေလျှင် သူ၏ဒေါသကို ထိန်းချုပ်နိုင်တော့မည်မဟုတ်ဟု သူခံစားနေရသည်။ သူသည် အစီအစဉ်သစ်တစ်ခုကို ဆုံးဖြတ်လိုက်သည်။ ဤစိတ်အနှောင့်အယှက်ပေးသော လူများနှင့် ရင်ဆိုင်နေမည့်အစား အခြားနည်းလမ်းဖြင့် မြို့ကို ဖြတ်ကျော်သွားခြင်းက ပိုလွယ်ကူမည်ဟု သူတွေးလိုက်သည်။ နောက်မှ ကောင်းကင်မိစ္ဆာတောင်ပံကို အသုံးပြုကာ မြို့ရိုးကို ကျော်ဖြတ်ရန် သူ ဆုံးဖြတ်လိုက်သည်။
"ကျုပ်တံဆိပ်ပြားကို ပြန်ပေးနိုင်မလား။ ကျုပ် မြို့ထဲ မဝင်တော့ဘူး။ ပြန်လှည့်သွားတော့မယ်" လုံချန်းက ခေါင်းဆောင်ဟန်ကို ကြည့်ကာ ပြောလိုက်သည်။
"ဟားဟား... မင်းက တကယ်ပဲ ပြန်လှည့်သွားလို့ရမယ် ထင်နေတာလား။ အခု မိသွားပြီဆိုမှ ထွက်ပြေးချင်တာလား။ ငါထင်ထားတာ မှန်တယ်ဆိုတာ မင်းကိုယ်တိုင် သက်သေပြလိုက်တာပဲ။ မင်းက လူလိမ်ပဲ။ ဒီရာဇဝတ်သားကို ငါတို့မြို့စောင့်တွေရဲ့ ခွန်အားကို ပြလိုက်စမ်း။ သူ့ကို အမြန်ဖမ်းလိုက်ကြ" သူက ပြုံးလျက် အမိန့်ပေးလိုက်သည်။
လုံချန်းကို အစောကတည်းက တားဆီးခဲ့သည့် ဝတုတ်တုတ် ကင်းသမားသည် ရက်စက်သော မျက်နှာပေးဖြင့် လုံချန်းဆီသို့ ဦးစွာ ပြေးဝင်လာသည်။
လုံချန်း၏ နှလုံးသားမိစ္ဆာသည် လုံချန်း၏ စိတ်ကမ္ဘာအတွင်း၌ ပြုံးလျက် အထက်သို့ စိုက်ကြည့်နေသည်။ လုံချန်း၏ မျက်ဝန်းများမှာ ဒေါသရိပ်များ ပြည့်နှက်နေပြီး ပို၍ ပြင်းထန်လာသည်။ နောက်ဆုံးတွင် လုံချန်း စိတ်ကို မထိန်းနိုင်တော့ပေ။ ဘာမှစဉ်းစားမနေတော့ဘဲ သူ၏ တောင်ဖြိုဓားကို ထုတ်ကာ သူ့ထံ ပြေးလာသော ကင်းသမား၏ လက်ဆီသို့ ဝေ့ယမ်းလိုက်သည်။ ထို့နောက် ဓားဦးတည်ရာကို ချက်ချင်းပြောင်းကာ အခြားတစ်ဖက်သို့ ထပ်မံ ဝေ့ယမ်းလိုက်ပြန်သည်။
မည်သူမျှ ဘာဖြစ်သွားသည်ကို မသိလိုက်မီမှာပင် လုံချန်းသည် ဓားကို ကိုင်ဆောင်လျက် ငြိမ်သက်စွာ ရပ်နေပြီဖြစ်သည်။ သူ့ဆီသို့ လှမ်းလာသော လက်မှာ ခန္ဓာကိုယ်မှ ပြတ်တောက်ကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။ သို့သော် ထိုမျှနှင့် မပြီးသေးဘဲ ထိုကင်းသမား၏ ဦးခေါင်းမှာလည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြန်သည်။ နောက်ဆုံးမှသာ သူ၏ ခန္ဓာကိုယ်မှာ လဲကျသွားပြီး သွေးများ နေရာအနှံ့ စီးကျလာတော့သည်။ လုံချန်းသည် ရှေ့သို့တိုးကာ မြင်မြင်သမျှလူအားလုံးကို သတ်ပစ်ချင်သော်လည်း သူ၏ နောက်ဆုံးကျန်ရှိသော အသိစိတ်ဖြင့် သတ်ဖြတ်လိုစိတ်ကို ထိန်းချုပ်ရန် ကြိုးစားနေသည်။ သူသည် ဓားကိုကိုင်ကာ သူ၏အတွင်းစိတ်တိုက်ပွဲကို နွှဲနေသည်။ အကယ်၍ တစ်စုံတစ်ယောက်ကသာ သူ့ကို ယခုအချိန်တွင် ထပ်မံတိုက်ခိုက်လျှင် သူ သတ်ဖြတ်လိုစိတ်ကို ရှုံးနိမ့်သွားပြီး ဤနေရာရှိ လူအားလုံးကို သတ်ဖြတ်မိတော့မည်ဖြစ်ကြောင်း သူသိနေသည်။ သူသည် မိမိကိုယ်မိမိ အတတ်နိုင်ဆုံး တားဆီးနေရင်း ဤလူများ မိုက်မိုက်မဲမဲ ထပ်မလုပ်ဖို့ မျှော်လင့်နေမိသည်။
ထိုနေရာရှိ လူအားလုံးမှာ ဤမြင်ကွင်းကို ကြည့်ကာ ထိတ်လန့်တုန်လှုပ်လျက် ခြေလှမ်းများ ရပ်တန့်သွားသော်လည်း အားလုံးက သူတို့၏ လက်နက်များကို အသီးသီး ထုတ်လိုက်ကြသည်။ ကင်းသမားခေါင်းဆောင်သည် မျက်မှောင်ကြုတ်လျက် လုံချန်းကို စိုက်ကြည့်လိုက်သည်။
"သူက ငါတို့လူကို သတ်ရဲတယ်ပေါ့။ ဒီမြို့ကို ကာကွယ်ကြစမ်း။ သူ့ကို ဒီနေရာမှာတင် အခုချက်ချင်း သတ်ပစ်ကြ။ ဒါဟာ အမိန့်ပဲ" ခေါင်းဆောင်ဟန်က ဒေါသတကြီး ဟိန်းဟောက်ကာ အမိန့်ပေးလိုက်သည်။ ကင်းသမားများသည် အမိန့်အတိုင်း လက်နက်ကိုယ်စီဖြင့် လုံချန်းဆီသို့ ပြေးဝင်လာကြတော့သည်။
လုံချန်းသည် သူ၏ရှေ့တွင် ဖြစ်ပျက်နေသည်ကို ကြည့်ရင်း ဒေါသများ ပိုမိုပြင်းထန်လာသည်။ သူ့ကို တိုက်ခိုက်နေသော ကင်းသမားများကို ကြည့်ကာ မိမိကိုယ်မိမိ ထိန်းချုပ်နေခြင်းကို လက်လျှော့လိုက်တော့သည်။
သူသည် ဓားကို တင်းတင်းဆုပ်ကိုင်ကာ မူလနေရာမှ စတင်လှုပ်ရှားလိုက်သည်။ ဒေါသစိတ်ကြောင့် သူသည် အရှိန်အပြည့် သုံးလိုက်ရာ ကျင့်ကြံမှုအဆင့်နိမ့်သော ကင်းသမားများအဖို့ သူ့ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ရန်ပင် ခက်ခဲသွားသည်။ လုံချန်း၏ တိုက်ခိုက်မှုအောက်တွင် ကင်းသမားများ၏ အလောင်းများမှာ တစ်ခုပြီးတစ်ခု မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
ခေါင်းဆောင်ဟန်သည် လုံချန်း၏ အရှိန်နှင့် ခွန်အားကို မြင်သောအခါ စတင်ကြောက်ရွံ့လာသည်။ လုံချန်း၏ မြင်နိုင်ရန်ခက်ခဲသော လှုပ်ရှားမှုများနှင့် ကင်းသမားများကို အလွယ်တကူ သတ်ဖြတ်နေပုံမှာ သူ့ကို ထိတ်လန့်သွားစေသည်။ ကလေးတစ်ယောက်လို ထင်ရသော ထိုသူမှာ အမှန်တကယ်တော့ လူ့အယောင်ဆောင်ထားသော မိစ္ဆာတစ်ကောင်ဖြစ်ကြောင်း သူ သဘောပေါက်သွားသည်။
သူသည် အရာအားလုံးကို ထားခဲ့ကာ မြို့ထဲသို့ အနောက်ပြန် ပြေးတော့သည်။ သို့သော် သူ မြို့ထဲသို့ တစ်လှမ်းမျှ မလှမ်းနိုင်မီမှာပင် အနောက်မှ ဓားတစ်စင်းက သူ၏ နှလုံးသားကို ထိုးဖောက်သွားတော့သည်။
လုံချန်းသည် သူ၏ နှလုံးသားထဲမှ ဓားကို ပြန်ဆွဲထုတ်လိုက်ပြီး နောက်တစ်ကြိမ် ထပ်မံ ထိုးစိုက်လိုက်ကာမှ ဓားကို အပြီးတိုင် ပြန်ထုတ်လိုက်သည်။ သူသည် နောက်သို့ လှည့်ကြည့်လိုက်ရာ အလောင်းများ ပြည့်နှက်နေပြီး သွေးစွန်းနေသော မြေပြင်ကို ခဏမျှ ငေးကြည့်နေမိသည်။ သူ၏ ဒေါသများ စတင်လျော့ပါးသွားချိန်တွင် ထိုနေရာ၌ပင် ကြောင်တောင်တောင် ရပ်နေမိသည်။
အသိစိတ်များ ပြန်လည်တည်ငြိမ်လာသောအခါ လုံချန်းသည် အရှိန်အပြည့်ဖြင့် လမ်းမကြီးပေါ်မှ ဝေးရာသို့ ပြေးထွက်သွားတော့သည်။ သူသည် ပတ်ဝန်းကျင်ရှိ တောအုပ်ထဲသို့ တစ်ဖန် ပြန်ဝင်သွားခဲ့သည်။ သူသည် သစ်ပင်တစ်ပင်ကို မှီကာ မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး ရှေ့သို့ စိုက်ကြည့်ရင်း သူလုပ်ခဲ့သမျှ အရာများကို စတင်တွေးတောနေမိသည်။
ဆယ်မိနစ်ခန့် ကုန်ဆုံးသွားသောအခါ လှပသော လှည်းတစ်စီးသည် လငွေရောင်မြို့တော်၏ အဝင်ဝသို့ လာနေသည်ကို မြင်လိုက်ရသည်။ မြင်းစီးကင်းသမား နှစ်ဦးမှာ လှည်းကို ကာကွယ်ရန်အတွက် အရှေ့မှ ဦးဆောင်လာကြသည်။
ထိုလှပသော လှည်းသည် သူတို့ရှေ့တွင် ရပ်တန့်သွားပြီး ကင်းသမားနှစ်ဦးလုံးမှာ မြင်းပေါ်မှ ဆင်းကာ ရှေ့မှ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို စိုက်ကြည့်နေကြလေတော့သည်။