← Chapters

အခန်း (၁၃၉-၁၄၀)

Vol. 14 Ch. 139-140

အခန်း (၁၃၉-၁၄၀)

Vol. 14 Ch. 139-140

အခန်း (၁၃၉) ငါ သူတို့အားလုံးကို သတ်ပစ်မယ်

လှပသော လှည်းယာဉ်သည် သူတို့ရှေ့တွင် ရပ်တန့်သွားပြီး ကင်းသမားနှစ်ဦးလုံး မြင်းပေါ်မှဆင်းကာ ရှေ့မှ ကြောက်မက်ဖွယ်မြင်ကွင်းကို စိုက်ကြည့်နေကြသည်။

ထိုလှပသော လှည်းတံခါးများ ပွင့်လာပြီး အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ကျော့ရှင်းသည့် မိန်းကလေးတစ်ဦး ထွက်လာခဲ့သည်။

"ဘာဖြစ်နေတာလဲ။ ဘာလို့ ရပ်လိုက်တာလဲ" သူမက ရှေ့တွင်ရပ်နေသော ကင်းသမားများကို ကြည့်ကာ မေးလိုက်သည်။

"သခင်မလေး ရို့၊ ပြဿနာတက်နေပြီ။ ကျွန်တော်တို့ရှေ့မှာ အလောင်းတွေ အများကြီးပဲ။ ဝတ်စုံတွေကို ကြည့်ရရင် လငွေရောင်မြို့တော်ရဲ့ မြို့စောင့်တွေ ဖြစ်မယ်ထင်တယ်" ချင်မျိုးနွယ်စု၏ ကင်းသမားတစ်ဦးက သူမကို ရိုသေစွာ ပြောပြလိုက်သည်။

"ဟင်... " သူမက ရေရွတ်ရင်း ရှေ့သို့ လျှောက်သွားသည်။ ကြောက်မက်ဖွယ်မြင်ကွင်းကို သူမကိုယ်တိုင် မြင်လိုက်ရသောအခါ မျက်မှောင်ကြုတ်သွားမိသည်။ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အလောင်းအများအပြားမှာ ခန္ဓာကိုယ်အစိတ်အပိုင်းများ ပြတ်တောက်နေကြသည်။ မကြာမီ သူမ၏အာရုံမှာ မြို့အဝင်ဝနှင့် အနီးဆုံးနေရာတွင် လဲကျနေသော အလောင်းတစ်ခုအနားရှိ အရာတစ်ခုပေါ်သို့ ရောက်သွားသည်။ သူမသည် ကင်းသမားများ ခြံရံလျက် ရှေ့သို့ လျှောက်သွားလိုက်သည်။

သူမသည် အလောင်းများ ပြည့်နှက်နေသော မြေပြင်ကို ဖြတ်ကျော်ကာ မြို့အဝင်ဝသို့ လှမ်းသွားသည်။ သူမ၏ အာရုံကို ဆွဲဆောင်ခဲ့သော ပစ္စည်းရှိရာသို့ ရောက်သောအခါ ၎င်းကို ကောက်ယူလိုက်သည်။

"ဒါက... လုံမျိုးနွယ်စုပဲ" သူမက ရွှေရောင်တံဆိပ်ပြားကို ကြည့်ကာ စဉ်းစားဟန်ဖြင့် ရေရွတ်လိုက်သည်။ သူမသည် ထိုတံဆိပ်ပြားကို တင်းတင်းဆုပ်ကိုင်ကာ လှည်းဆီသို့ ပြန်လျှောက်လာခဲ့သည်။

"လမ်းပိတ်နေတဲ့ အလောင်းတွေကို ဖယ်လိုက်ကြ။ မြို့ထဲဝင်ရအောင်။ အနည်းဆုံးတော့ သူတို့ရဲ့ ကင်းသမားတွေ သေကုန်ပြီဆိုတာ အကြောင်းကြားပေးရမယ်" သူမက လှည်းအနားသို့ ရောက်သည်နှင့် အမိန့်ပေးလိုက်သည်။ သူမသည် လှည်းထဲသို့မဝင်မီ ထိုနေရာကို နောက်ဆုံးတစ်ခေါက် စဉ်းစားဟန်ဖြင့် ပြန်ကြည့်ပြီးမှ အတွင်းသို့ဝင်ကာ တံခါးပိတ်လိုက်တော့သည်။

လုံချန်းသည် သစ်ပင်ကို ကျောမှီကာ ထိုင်နေဆဲပင်။ သူသည် ဒီနေ့ လုပ်ဆောင်ခဲ့သမျှကို ပြန်တွေးရင်း မျက်နှာသေဖြင့် ရှေ့သို့ ငေးကြည့်နေမိသည်။ သူသည် အမိန့်အရ လုပ်ဆောင်ခဲ့ကြသော နောက်မှရောက်လာသည့် ကင်းသမားများအပါအဝင် သူသတ်ခဲ့သော လူတိုင်းကို မှတ်မိနေသည်။

"ငါ့ထဲက ဒီအရာရဲ့ လွှမ်းမိုးမှုအောက်မှာ ငါ အပြစ်မဲ့တဲ့လူတွေကို သတ်ခဲ့မိပြီ။ ငါ ဝမ်းနည်းသင့်တယ်၊ လူသတ်မိတဲ့အပေါ် ရွံရှာသင့်တယ်... ဒါပေမဲ့ ငါ ဘာမှမခံစားရဘူး။ နောင်တလည်း မရဘူး။ ငါက ငါဖြစ်နေသေးရဲ့လား။ ငါ့ဘဝက ဒီလိုပဲ ဖြစ်ရမှာလား။ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တဲ့ မိစ္ဆာတစ်ကောင်လို လူတွေကို သတ်နေရမှာလား။ ငါ... ငါ့ရဲ့ စိတ်ခံစားချက်တွေကိုတောင် မထိန်းချုပ်နိုင်တော့ဘူး။ ငါ့ကိုယ်ငါ ပျောက်ဆုံးနေသလို ခံစားရတယ်" လုံချန်းက ခေါင်းကို ကိုင်ကာ ရေရွတ်လိုက်သည်။

ရွှင်းသည် သူ၏အနားတွင် ပေါ်လာပြီး လုံချန်း၏ ဘေးချင်းကပ်လျက် မြေပြင်ပေါ်တွင် ထိုင်လိုက်သည်။

"ငါ... ရှုံးသွားပြီ။ ငါ့ရဲ့ ဒေါသကို ငါရှုံးသွားပြီ။ ငါ့ရဲ့ နှလုံးသားမိစ္ဆာကို ငါမထိန်းချုပ်နိုင်ဘူး" လုံချန်းက ရွှင်းကိုကြည့်ကာ ဝမ်းနည်းရိပ်သန်းသော အပြုံးဖြင့် ပြောလိုက်သည်။

"နင် ဘာတွေ ခံစားနေရလဲဆိုတာ ငါ နားလည်ပါတယ်။ လွန်ခဲ့တဲ့ အချိန်အတော်ကြာတုန်းကလည်း ဒီလိုမျိုး မတူညီပေမဲ့ ဆင်တူတဲ့ မြင်ကွင်းတစ်ခုကို ငါ မြင်ဖူးခဲ့တယ်။ ဒါပေမဲ့ နင် အဲဒါအတွက် စိတ်မကောင်းဖြစ်နေစရာ မလိုပါဘူး။ ကျင့်ကြံသူတစ်ယောက်ရဲ့ လမ်းစဉ်ဆိုတာ ကြီးမြတ်တဲ့လမ်းကို လျှောက်လှမ်းဖို့ ဆုံးဖြတ်လိုက်ကတည်းက သွေးချောင်းစီးမှုတွေနဲ့ ပြည့်နှက်နေတတ်တာပဲ။ အချို့လူတွေရဲ့ ကံကြမ္မာက သူတို့ကိုယ်တိုင်ထက် ပိုပြီး ကြီးမားကြတယ်။ သူတို့ ရောက်ရမယ့်ပန်းတိုင်ကို ရောက်ဖို့အတွက် လမ်းမှာ အဟန့်အတားဖြစ်သမျှ လူတိုင်းကို သတ်ပစ်ရလိမ့်မယ်" ရွှင်းက လုံချန်း၏ မျက်ဝန်းများကို စိုက်ကြည့်ရင်း ပြုံးလျက် ဆိုသည်။

"တကယ်လို့ သူတို့က သူတို့ရဲ့ ခရီးစဉ်ကို လက်လျှော့ဖို့ ဆုံးဖြတ်ရင်တောင်မှ အခြေအနေအရပ်ရပ်ကြောင့် ဒီသွေးလွှမ်းတဲ့ သံသရာထဲကို ပြန်ဆွဲသွင်းခံရပြီး သူတို့ရဲ့ ဘဝတွေက ပိုတောင် ဆိုးရွားသွားလိမ့်ဦးမယ်" သူမက အတိတ်ကို ပြန်သတိရဟန်ဖြင့် ကောင်းကင်ကို ကြည့်ကာ ညင်သာစွာ ပြောလိုက်သည်။

"နင်သာ ဒီအမွေအနှစ်ကို မရခဲ့ဘူးဆိုရင် နင်က သာမန်ဘဝမျိုးနဲ့ ရှင်သန်နိုင်တဲ့ အခွင့်အရေး ရှိကောင်းရှိနိုင်မှာပါ။ ကျရှုံးသွားတဲ့ ပါရမီရှင်တစ်ယောက်အနေနဲ့ မျိုးနွယ်စုရဲ့ ကဲ့ရဲ့တာကို ခံရနိုင်ပေမဲ့ နင့်ရဲ့ မိသားစုအပေါ် ကပ်ဘေးတစ်ခု ကျရောက်မလာမချင်း နင့်ဘဝက သွေးထွက်သံယိုတွေ ကင်းဝေးနေမှာပါ။ အဲဒီအချိန်ကျရင်တော့ နင့်ရဲ့ အားနည်းချက်အတွက် ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲရင်း သူတို့ အသတ်ခံရတာကို ဒီအတိုင်း ထိုင်ကြည့်နေရမှာပေါ့။ ဒါပေမဲ့ နင်က သာမန်လူ မဟုတ်ဘူး။ နင်က ကောင်းကင်ယံထက်မှာ ရပ်တည်ဖို့ ကံပါလာတဲ့သူ။ ဒီလက်စွပ်ကို တွေ့လိုက်ကတည်းက နင့်ရဲ့ ကံကြမ္မာမှာ သွေးစွန်းဖို့ ပါလာပြီးသားပဲ" ရွှင်းက လုံချန်းလက်ရှိ လက်စွပ်ကို ကြည့်ကာ ဆက်ပြောသည်။

"ဒါဆို ငါက လူသတ်သမား ဖြစ်ရမှာလား။ မိစ္ဆာတစ်ကောင် ဖြစ်ရမှာလား။ အဲဒါ ငါ့ကံကြမ္မာလား" လုံချန်းက သူမ၏ မျက်ဝန်းများကို စိုက်ကြည့်ကာ မေးလိုက်သည်။

"လောကကြီးတစ်ခုလုံးကို ဆန့်ကျင်တဲ့ မိစ္ဆာတစ်ကောင် ဖြစ်ရမယ်လို့ ငါ မပြောပါဘူး။ လောကကြီးတစ်ခုလုံးကို သတ်ဖြတ်ရမယ်လို့လည်း မဆိုလိုပါဘူး။ ဒါပေမဲ့... နင့်ရဲ့ ရန်သူတွေနဲ့ နင့်လမ်းကို ပိတ်ဆို့တဲ့သူတွေအတွက်တော့ နင်က မိစ္ဆာတစ်ကောင် ဖြစ်ရမယ်။ ကြီးမြတ်ခြင်းဆီ သွားတဲ့လမ်းကို ပိတ်ဆို့တဲ့သူတွေကို နင် သတ်ဖြတ်ရမယ်။ နင့်ရဲ့ ပန်းတိုင်နဲ့ နင့်ကြားမှာ ရပ်နေတဲ့သူတွေကို နင် သတ်ပစ်ရမယ်။ ဒါက ရက်စက်တဲ့ ကမ္ဘာကြီးလေ။ မသေချင်ရင် သတ်ရလိမ့်မယ်" ရွှင်းက ပြတ်သားသော မျက်ဝန်းများဖြင့် ပြောလိုက်သည်။

"နင် လူသားတွေရဲ့ ယုတ်မာတဲ့ စိတ်နှလုံးကို မြင်ဖူးပြီးပြီ၊ ဒါပေမဲ့ သူတို့တင် မဟုတ်ဘူး။ ဒီကမ္ဘာမှာ ဘယ်သူမှ ကောင်းတာ ဆိုးတာ မရှိပါဘူး၊ အားလုံးက ကိုယ်ကျိုးစီးပွားအတွက်ပဲ။ လူတွေက နင့်ကို ဒါမှမဟုတ် နင့်မိသားစုကို ထိခိုက်အောင် လုပ်ဖို့ ကြိုးစားတဲ့အခါ အဲဒါက သူတို့ရဲ့ ကိုယ်ကျိုးအတွက်ပဲ။ အဲဒီအခါမှာ နင်က သူတို့ နင့်ဆီက အရာအားလုံး လုယူသွားတာကို ငြိမ်ကြည့်နေမှာလား။ ဒါမှမဟုတ် နင့်ရဲ့ လက်နက်ကို ကိုင်စွဲပြီး သူတို့အားလုံးကို သတ်ပစ်မှာလား" ရွှင်း၏ အသံမှာ ပိုမိုပြင်းထန်လာသည်။

"ငါ သူတို့အားလုံးကို သတ်ပစ်မယ်" လုံချန်းက ရွှင်းကို ကြည့်ကာ ပြန်ဖြေလိုက်သည်။

"အဲဒါပဲပေါ့၊ တစ်စုံတစ်ယောက်ကို ကာကွယ်ဖို့ သတ်တာက မဆိုးပါဘူး... ကိုယ့်ကို ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်ဖြစ် တခြားနည်းနဲ့ ဖြစ်ဖြစ် ထိခိုက်အောင် လုပ်မယ့်သူတွေကို သတ်တာကလည်း မမှားပါဘူး။ အဲဒီလူတွေက အရင်မှားတာလေ။ နင်က မြို့ထဲဝင်ချင်ရုံပဲ၊ ဒါပေမဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်အမှား၊ သူတို့ရဲ့ လောဘနဲ့ လုံမျိုးနွယ်စုကို ဖားချင်တဲ့ ဆန္ဒတွေက နင့်ကို တိုက်ခိုက်ဖို့ ဖြစ်လာစေတာ။ နင် သူတို့အားလုံးကို သတ်ပစ်လိုက်တာကို ငါ ဝမ်းသာတယ်၊ မဟုတ်ရင် နင်က သခင်ကြီးရဲ့ အမွေအနှစ်နဲ့ မထိုက်တန်ဘူး။ နင်က ထျန်းရှန်ရဲ့ ညီလေးဖြစ်ဖို့ မထိုက်တန်ဘူး။ ပြီးတော့ အရေးကြီးဆုံးက နင်သာ လူသတ်တာကို ရှောင်နေပြီး ဒီလို အားနည်းတဲ့ စိတ်ဓာတ်မျိုး ထားနေမယ်ဆိုရင် ဒီရက်စက်တဲ့ ကမ္ဘာကြီးမှာ ကြာကြာ အသက်ရှင်မှာ မဟုတ်ဘူး" ရွှင်းက ဆက်ပြောလိုက်သည်။

"နင်က နင့်ရဲ့ နှလုံးသားမိစ္ဆာ လွှမ်းမိုးမှုအောက်မှာ ကင်းသမားတွေ အကုန်သတ်လိုက်တာကို လွန်သွားတယ်လို့ ထင်နေပေမဲ့ အဲဒါက လိုအပ်ချက်တစ်ခုပဲ။ ရန်သူဆိုတာ အမိန့်အရ လုပ်တာပဲဖြစ်ဖြစ် အသက်ရှင်လျက် ချန်မထားသင့်တဲ့အတွက် နှလုံးသားမိစ္ဆာက နင့်ကို ကူညီလိုက်တာလို့တောင် ငါ ပြောချင်တယ်။ ရက်စက်မှုမရှိဘဲ၊ ကြောက်ရွံ့မှုကို မဖန်တီးဘဲနဲ့ နင် တန်ဖိုးထားရတဲ့အရာတွေကို ကာကွယ်ဖို့ ခွန်အားကို နင် ရမှာမဟုတ်ဘူး" ရွှင်းက နူးညံ့သော အပြုံးဖြင့် လုံချန်းကို စိုက်ကြည့်ရင်း ဆိုသည်။

လုံချန်းသည် သူမ၏ မျက်နှာကို ကြည့်ကာ အနည်းငယ် ပြုံးလိုက်မိသည်။ သူ၏ နှလုံးသားမှာ ပို၍ ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။ သူသည် ရွှင်း၏ မျက်နှာကို ထိရန် လက်လှမ်းလိုက်သော်လည်း သူ၏လက်မှာ ဘာကိုမှ မထိဘဲ လေထဲမှာသာ ဖြတ်သွားတော့သည်။

"နင် ငါ့ကို လက်တွေ့ကမ္ဘာမှာ ထိလို့မရဘူးလေ။ ငါက တကယ့်လူသားမှ မဟုတ်တာ" ရွှင်းက ပြုံးလျက် ပြောသော်လည်း သူမ၏ မျက်ဝန်းထဲတွင် ဝမ်းနည်းရိပ် အနည်းငယ် တွေ့လိုက်ရသည်။

"အခုတော့ မဟုတ်သေးဘူးပေါ့..." လုံချန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။

"ဟေး... နင် ဒီမှာ တစ်နေကုန် ထိုင်နေတော့မှာလား။ ငါတို့ သွားရမယ့် ပန်းတိုင် ရှိသေးတယ်လေ။ ဒီမှာ ထိုင်ပြီး အချိန်ဖြုန်းနေဖို့ တစ်နေကုန် အားနေတာ မဟုတ်ဘူးနော်" ရွှင်းက ရယ်မောရင်း ပြောလိုက်လေသည်။

အခန်း (၁၄၀) ရင်းနှီးနေသော ကျောပြင်

"ဟေး... နင် ဒီမှာ တစ်နေကုန် ထိုင်နေတော့မှာလား။ ငါတို့ သွားရမယ့် ပန်းတိုင် ရှိသေးတယ်လေ။ ဒီမှာ ထိုင်ပြီး အချိန်ဖြုန်းနေဖို့ တစ်နေကုန် အားနေတာ မဟုတ်ဘူးနော်" ရွှင်းက ရယ်မောရင်း ပြောလိုက်သည်။

လုံချန်းသည် ထရပ်လိုက်ပြီး မြို့ဘက်သို့ ဦးတည်လျှောက်လှမ်းခဲ့သည်။ ခဏမျှ လျှောက်ပြီးနောက် လငွေရောင်မြို့တော်၏ နယ်နိမိတ်သို့ ရောက်ရှိလာသည်။ သို့သော် ယခုတစ်ကြိမ်တွင်တော့ သူသည် မြို့၏ တရားဝင် အဝင်ဝသို့ မသွားဘဲ ဝေးရာသို့ ရှောင်ထွက်ခဲ့သည်။ သူသည် မြို့ရိုးအနားသို့ ချဉ်းကပ်ကာ တစ်ဖက်ခြမ်းတွင် လူသူရှိမရှိကို သူ၏ ဝိညာဉ်အာရုံဖြင့် စစ်ဆေးလိုက်သည်။

မြို့ရိုးတစ်ဖက်တွင် လူအချို့ ရှိနေသည်ကို ခံစားမိသဖြင့် ထိုနေရာမှ ဖြတ်ကျော်ရန် အစီအစဉ်ကို လက်လျှော့ပြီး ရှေ့သို့ ဆက်လျှောက်ခဲ့သည်။ သူသည် ဝိညာဉ်အာရုံဖြင့် ဆက်လက်စစ်ဆေးနေရင်း နောက်ဆုံးတွင် မြို့ရိုးတစ်ဖက်ခြမ်း၌ လူသူကင်းမဲ့သော နေရာတစ်ခုကို ရှာတွေ့သွားသည်။

"ကောင်းကင်မိစ္ဆာတောင်ပံ" သူ ရေရွတ်လိုက်သည်နှင့် သူ၏နောက်ကျောတွင် ဝိညာဉ် စွမ်းအင်ဖြင့် ဖွဲ့စည်းထားသော တောင်ပံနှစ်ဖက် ပေါ်လာသည်။ တောင်ပံတစ်ဖက်မှာ ကတ္တရာစေးကဲ့သို့ နက်မှောင်နေပြီး အခြားတစ်ဖက်မှာမူ ရွှေရောင်တောက်ပနေသည်။ လုံချန်းသည် လေထဲသို့ ပျံတက်ကာ မြို့ရိုးကို အလွယ်တကူ ကျော်ဖြတ်ပြီး တစ်ဖက်ခြမ်းသို့ ဆင်းသက်လိုက်သည်။

သူသည် လငွေရောင်မြို့တော်၏ လမ်းမများအတိုင်း လျှောက်လှမ်းကာ ခရီးကို ဆက်ခဲ့သည်။ ခဏအကြာတွင် မြို့၏ အဓိကလမ်းမကြီးဟု ထင်ရသော လမ်းကျယ်ကြီးတစ်ခုသို့ ရောက်ရှိလာသည်။ လမ်း၏ ဝဲယာနှစ်ဖက်တွင် ဆိုင်ခန်းအများအပြား ရှိသော်လည်း အားလုံးမှာ ပိတ်ထားကြသည်။ မိမိတို့ကိုယ်ကို ယုံကြည်မှုရှိပြီး ခွန်အားကြီးသော ဆိုင်အချို့နှင့် နေရာအချို့သာ ဖွင့်လှစ်ထားသော်လည်း လာရောက်သူ တစ်ဦးမှ မရှိပေ။ အမှန်တကယ်တော့ တစ်မြို့လုံးမှာ လူသူကင်းမဲ့နေသလိုပင်။ လုံချန်း မြင်တွေ့နေရသော မြို့ထဲကင်းလှည့်နေသည့် ကင်းသမားအချို့မှလွဲ၍ သာမန်အရပ်သားတစ်ဦးတစ်ယောက်မှ အပြင်မှာ မရှိကြပေ။

လုံချန်း ရှေ့သို့ ဆက်လျှောက်လာရာ နောက်ဆုံးတွင် သာမန်လူတစ်ယောက်ကို တွေ့လိုက်ရသဖြင့် သူ့ဆီသို့ လျှောက်သွားလိုက်သည်။

"ဒီနေ့ မြို့ထဲမှာ ဘာလို့ လူသူကင်းမဲ့နေတာလဲ" လုံချန်းက ထိုလူအနားရောက်သောအခါ မေးမြန်းလိုက်သည်။

"လူကလေးရာ... မင်း အပြင်မှာ ဘာထွက်လုပ်နေတာလဲ။ ပြီးတော့ ဒီလောက်ကြီးမားတဲ့ အဖြစ်အပျက်ကို ဘယ်လိုဖြစ်လို့ မသိရတာလဲ။ မင်းမိဘတွေက မင်းကို အပြင်မထွက်ဖို့ မပြောကြဘူးလား" ထိုလူက ဇဝေဇဝါဖြင့် မေးလိုက်သည်။

"ဘာဖြစ်လို့လဲခင်ဗျ" လုံချန်းက ဘာမှမသိသလို ဟန်ဆောင်ကာ မေးလိုက်သည်။

"ဒီနေ့ ငါတို့ လငွေရောင်မြို့တော်ရဲ့ မြို့စောင့်တွေ မြို့ပြင်မှာ အသတ်ခံလိုက်ရတယ်။ ကင်းသမားခေါင်းဆောင်တောင်မှ အဲဒီမိစ္ဆာရဲ့ လက်ချက်နဲ့ ရက်ရက်စက်စက် အသတ်ခံလိုက်ရတာ။ ဒါကိုလုပ်တဲ့ မိစ္ဆာကို အခုထိ မမိသေးဘူး။ သူက မြို့ထဲကို ရောက်နေပြီလား၊ ဒါမှမဟုတ် တောထဲကို ပြန်ပြေးသွားပြီလား မသိရဘူး။ လူတွေကတော့ တော်တော်လေး ထိတ်လန့်နေကြတာပေါ့" ထိုလူက လုံချန်းကို ကြည့်ကာ ပြောပြသည်။ လုံချန်း၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသော်လည်း ချက်ချင်းပင် ပြန်ထိန်းလိုက်သည်။

"ဒါဆို အဘိုးကရော ဘာလို့ အပြင်ထွက်လာတာလဲ? အဲဒီမိစ္ဆာကို မကြောက်ဘူးလား" လုံချန်းက အနည်းငယ် ပြုံးလျက် မေးလိုက်သည်။

"ငါ့သမီးလေး နေမကောင်းလို့သာ အပြင်ထွက်လာရတာပါကွယ်။ သူ ဖျားနေလို့ သမားတော် တွမ်မူကို သွားပင့်တာ၊ ဒါမှမဟုတ် ဆေးနည်းနည်းပါးပါး ဝယ်ရမှာ။ ငါ့ရဲ့ ကြောက်စိတ်ကြောင့် သမီးလေးကို အပင်ပန်းမခံနိုင်ဘူး။ သူ့ဘေးကင်းဖို့အတွက်ဆိုရင် ဘယ်လိုအန္တရာယ်မျိုးမဆို ငါရင်ဆိုင်ဖို့ အဆင်သင့်ပဲ။ ပြီးတော့ အန္တရာယ်ကလည်း အဲလောက်ကြီး မရှိနိုင်ပါဘူး။ တစ်မြို့လုံးက သတိကြီးကြီးနဲ့ စောင့်ကြည့်နေကြတာဆိုတော့ လူသတ်သမားက ပြေးသွားလောက်ပါပြီ။ ကင်းသမားတွေကလည်း နေရာအနှံ့မှာ ရှိနေသလို၊ ငါတို့မြို့ရဲ့ အသန်မာဆုံး ကျင့်ကြံသူတွေလည်း မြို့ထဲမှာ ရှိနေကြတာပဲ။ တကယ်လို့ တစ်ခုခုဖြစ်လာရင် သူတို့က ကူညီကြမှာပေါ့။ လူသတ်သမားက မြို့ထဲကို ဝင်ရဲမှာ မဟုတ်ပါဘူး" ထိုလူက ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်သည့်အနေဖြင့် လုံချန်းကို ပြောပြလိုက်သည်။

"ဪ... ပြောပြတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အဘိုးရဲ့ သမီးလေးလည်း အမြန်နေကောင်းပါစေလို့ ဆုတောင်းပေးပါတယ်" လုံချန်းက ပြုံးလျက် ပြောလိုက်သည်။

"ကျေးဇူးပါပဲကွယ်" ထိုလူက ပြောပြီး ရှေ့သို့ ဆက်လျှောက်သွားသည်။

လုံချန်းသည် မြို့၏ အခြားတစ်ဖက်သို့ ခြေကျင်ခရီး ဆက်ခဲ့သည်။ သူသည် ဝိညာဉ်အာရုံကို အသုံးပြုကာ ကင်းသမားများ ရှိသည့်နေရာကို ရှောင်ကွင်းသွားသည်။ ရှောင်ကွင်း၍ မရသည့် အခြေအနေမျိုးတွင်တော့ အပြစ်ကင်းစင်သူ တစ်ယောက်လို ဟန်ဆောင်ခဲ့သည်။ ကောင်းကင်ဖုံးလွှမ်းခြင်း ပညာရပ်ကို အသုံးပြုကာ သူ၏ ကျင့်ကြံမှုအဆင့်ကို လူအများမြင်နိုင်စေရန် ဝိညာဉ်အခြေတည်အဆင့် ဒုတိယအဆင့်အထိ လျှော့ချထားလိုက်သည်။

သူ၏ ငယ်ရွယ်သော အသက်အရွယ်နှင့် နိမ့်ပါးသော ကျင့်ကြံမှုအဆင့်ကြောင့် ကင်းသမားများက သူ့ကို အနည်းငယ်မျှပင် သံသယမဝင်ကြပေ။ လုံချန်း ကင်းသမားများနှင့် တွေ့တိုင်း ဘာလို့အပြင်ထွက်ရသလဲဟု အမေးခံရသော်လည်း သူသည် အပြစ်ကင်းစင်သော မျက်နှာပေးဖြင့် အကြောင်းပြချက် အမျိုးမျိုး ပေးခဲ့သည်။ ဤသို့ဖြင့် သူသည် မြို့၏ အလယ်ဗဟိုသို့ ရောက်ရှိလာခဲ့သည်။

လငွေရောင်မြို့တော်တွင် ဤမြို့၏ ခေါင်းဆောင်များဟု သတ်မှတ်ခံရသည့် အားကောင်းသော မျိုးနွယ်စု အနည်းငယ် ရှိကြသည်။ သူတို့သည် အမြင့်မြတ်ဆုံး မိသားစုများ၏ အဆင့်အတန်းနှင့် အလှမ်းဝေးသော်လည်း ဤမြို့တွင်တော့ အတော်လေး ဩဇာကြီးမားကြသည်။ ချင်မျိုးနွယ်စု၏ မျိုးနွယ်စုခွဲမှာ ဤမြို့ရှိ ထင်ရှားသော မိသားစုများထဲမှ တစ်ခုဖြစ်သည်။

ချင်ရို့သည် မိသားစုမကြီး၏ အရေးကြီးသော စီးပွားရေးကိစ္စတစ်ခုအတွက် ဤမျိုးနွယ်စုခွဲသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ သူမသည် မြို့စောင့်များ အသတ်ခံရခြင်းကို ပထမဆုံး တွေ့ရှိခဲ့သူလည်း ဖြစ်သည်။ သူမသည် မျိုးနွယ်စုခွဲဆီသို့ သွားကာ အကြောင်းကြားခဲ့ပြီး အရာအားလုံးကို သူတို့အား ကိုင်တွယ်ခိုင်းခဲ့သည်။ သူမကိုယ်တိုင်တော့ ဤကိစ္စတွင် ပါဝင်ပတ်သက်ရန် မရည်ရွယ်ဘဲ မြို့ရှိ အာဏာရှိသူများ စိတ်ကြိုက် ကိုင်တွယ်ကြရန် လွှတ်ထားခဲ့သည်။ သူမသည် လုံချန်း၏ ရွှေရောင်တံဆိပ်ပြားကို မိမိထံတွင်သာ သိမ်းထားခဲ့ပြီး မျိုးနွယ်စုခွဲ ခေါင်းဆောင်ကိုလည်း ဘာမှ မပြောခဲ့ပေ။

သူမသည် မိသားစုကြီးမှ လာသူဖြစ်သလို အရေးကြီးသော အမွေခံတစ်ဦးလည်း ဖြစ်သဖြင့် မျိုးနွယ်စုခွဲ အိမ်တော်တွင် အကောင်းဆုံး အခန်းကို ပေးထားသည်။ ထိုအခန်းမှာ အတွင်းပိုင်း အလှဆင်မှုများ လှပပြီး အဖိုးတန် ပရိဘောဂများ ပြည့်စုံသည်။ ထိုအခန်းမှာ အိမ်တော်၏ ပထမထပ်တွင် ရှိပြီး မြို့၏ လမ်းမများကို လှမ်းမြင်ရသည်။

ချင်ရို့သည် ခဏမျှ အနားယူပြီးနောက် ထိုတံဆိပ်ပြားကို ကြည့်ကာ အိမ်တော်၏ ဝရံတာသို့ ထွက်လာပြီး မြို့လမ်းမများကို ကြည့်လိုက်သည်။ သူမ မြင်လိုက်ရသည်မှာ လူသူကင်းမဲ့နေသော လမ်းမကြီးသာဖြစ်သည်။ သူမ ပတ်ဝန်းကျင်ကို ဝေ့ကြည့်နေရင်း လမ်း၏ အဝေးဆုံး ထောင့်စွန်းရှိ အရာတစ်ခုက သူမ၏ အာရုံကို ချက်ချင်း ဆွဲဆောင်လိုက်သည်။

သူမသည် လူတစ်ယောက်၏ ကျောပြင်ကို မြင်လိုက်ရသည်။ ထိုသူမှာ သူမနှင့် ဝေးရာသို့ လျှောက်သွားနေခြင်းဖြစ်သည်။ ထိုကျောပြင်မှာ ရင်းနှီးနေသလို သူမ ခံစားရသည်။ မကြာသေးမီကမှ မြင်ဖူးထားသည့် ကျောပြင်မျိုး ဖြစ်နေသည်။ လုံမျိုးနွယ်စု စုဝေးပွဲတွင် လက်ထဲ၌ ကြောက်မက်ဖွယ် ဓားတစ်စင်းကို ကိုင်ဆောင်ကာ တတိယမင်းသားကို ရင်ဆိုင်ခဲ့စဉ်က တောင်တစ်လုံးလို မားမားမတ်မတ် ရပ်နေခဲ့သည့် ထိုသူ၏ ကျောပြင်နှင့် တူနေသည်။ သူ၏ ခွန်အားဖြင့် လူတိုင်းကို အံ့အားသင့်စေခဲ့သော ထိုလူ...။

"ရပ်ပါဦး" သူမ အစွမ်းကုန် အော်ဟစ်လိုက်သော်လည်း ထိုအရိပ်မှာ ရပ်တန့်မသွားပေ။ အကွာအဝေးကြောင့် သူမ၏အသံမှာ သူရှိရာသို့ မရောက်ဟု သူမ ခံစားလိုက်ရသည်။ သူမသည် အခန်းထဲမှ အမြန်ထွက်ကာ အိမ်တော်အပြင်ဘက်သို့ အပြေးထွက်သွားတော့သည်။

ချင်မျိုးနွယ်စုခွဲ ခေါင်းဆောင်သည် ယနေ့ဖြစ်ရပ်များနှင့် ပတ်သက်၍ မည်သို့ကိုင်တွယ်ရမည်ကို ဆွေးနွေးရန် ထင်ရှားသော မျိုးနွယ်စုခေါင်းဆောင် အားလုံးကို ဖိတ်ကြားထားသည်။ မိသားစုခေါင်းဆောင် အားလုံးမှာလည်း သူတို့၏ အခြွေအရံများနှင့်အတူ ရောက်ရှိလာကြသည်။ သူတို့ အားလုံး အစည်းအဝေးခန်းမထဲသို့ ဝင်ကာ တံခါးပိတ်ရန် ပြင်နေစဉ်မှာပင် မိန်းကလေးတစ်ဦး အပြေးအလွှား ထွက်သွားသည်ကို မြင်လိုက်ရသည်။ သူမ၏ နောက်တွင် ကင်းသမားနှစ်ဦးကလည်း လိုက်ပါပြေးလွှားနေကြသည်။

ချင်မျိုးနွယ်စုခွဲ ခေါင်းဆောင်သည် ထိုမိန်းကလေးကို မှတ်မိသဖြင့် အမြင့်မြတ်ဆုံး မျိုးနွယ်စု၏ အမွေခံတစ်ဦးကို ဤမျှအပြေးအလွှား ဖြစ်စေသည့် အကြောင်းအရင်းကို သိလိုသဖြင့် နောက်မှ လိုက်သွားခဲ့သည်။ ချင်မျိုးနွယ်စုဝင်များ ထိုမိန်းကလေးနောက် လိုက်သွားသည်ကို မြင်သောအခါ အခြားမျိုးနွယ်စု ခေါင်းဆောင်များလည်း လိုက်ပါလာကြတော့သည်။

လငွေရောင်မြို့တော်၏ လမ်းမများပေါ်တွင် ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ အပြေးအလွှား သွားနေသော မိန်းကလေးတစ်ဦး၏ နောက်တွင် လငွေရောင်မြို့တော်၏ ဩဇာအရှိဆုံး မျိုးနွယ်စုခေါင်းဆောင်များ အပါအဝင် လူအုပ်ကြီးတစ်အုပ် လိုက်ပါနေကြလေတော့သည်။

All Chapters