← Chapters

အခန်း (၁၄၁-၁၄၂)

Vol. 15 Ch. 141-142

အခန်း (၁၄၁-၁၄၂)

Vol. 15 Ch. 141-142

အခန်း (၁၄၁) အဲဒါက ငါ့မိသားစုလည်း ဖြစ်သွားနိုင်တယ်

လငွေရောင်မြို့တော်၏ လမ်းမများပေါ်တွင် ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်နေသည်။ အပြေးအလွှား သွားနေသော မိန်းကလေးတစ်ဦး၏ နောက်တွင် လငွေရောင်မြို့တော်၏ ဩဇာအရှိဆုံး မျိုးနွယ်စုခေါင်းဆောင်များ အပါအဝင် လူအုပ်ကြီးတစ်အုပ် လိုက်ပါနေကြခြင်းပင်။

ချင်ရို့သည် ထိုရင်းနှီးသော အရိပ်အယောင်ကို ရှာဖွေရန် အတော်ကြာအောင် ပြေးလွှားခဲ့သည်။ သူမ ထိုအရိပ်ကို မြင်လိုက်သည့် နေရာသို့ ရောက်သည်အထိ၊ ထိုထက်မက ဝေးရာသို့အထိ ပြေးသွားခဲ့သော်လည်း ထိုရင်းနှီးသော ပုံရိပ်ကို အစအနပင် မတွေ့ရတော့ပေ။

သူမသည် စိတ်ပျက်လက်ပျက်ဖြင့် ရပ်တန့်လိုက်သည်။ နောက်သို့ လှည့်ကြည့်လိုက်သောအခါ သူမ မှင်တက်သွားမိသည်။ လူအုပ်ကြီးမှာ သူမနောက်တွင် အမောတကော ရပ်နေကြပြီး နောက်ထပ်လူများလည်း ပြေးလာနေကြဆဲပင်။ သူမက ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်သောအခါ နောက်မှလိုက်လာသူများက ရှက်ကိုးရှက်ကန်း ပြုံးလိုက်ကြသည်။

"ဘာလို့ အားလုံးက ကျွန်မနောက် လိုက်လာကြတာလဲ" ချင်ရော့က မျက်နှာသေဖြင့် မေးလိုက်သည်။

"ဪ... သခင်မလေးရို့။ သခင်မလေးက နဂါးမြို့တော်က ကျုပ်တို့ ပင်မ မိသားစုကြီးရဲ့ အမွေခံလေ။ သခင်မလေးက ကျုပ်တို့ရဲ့ အမွန်မြတ်ဆုံး ဧည့်သည်ပဲ။ အခု မြို့ထဲမှာလည်း ရှုပ်ထွေးမှုတွေ ဖြစ်နေတော့ သခင်မလေး အခုလို အလောတကြီး ပြေးထွက်သွားတာကို မြင်တော့ တစ်ခုခု ဖြစ်ပြီလားဆိုပြီး ကျုပ်တို့ စိုးရိမ်သွားလို့ပါ။ မြို့ရဲ့ အခြေအနေနဲ့ သခင်မလေးရဲ့ ဘေးကင်းရေးကို စိတ်ပူတာကြောင့် ကျုပ်တို့ လိုက်လာခဲ့တာပါ။ စိတ်မရှိပါနဲ့ဦး" ချင်မျိုးနွယ်စုခွဲ ခေါင်းဆောင်က ချော့မော့၍ ရှင်းပြလိုက်သည်။

"စိုးရိမ်စရာ ဘာမှမရှိပါဘူး။ အားလုံးကို စိတ်ပူအောင် လုပ်မိတဲ့အတွက် တောင်းပန်ပါတယ်" ချင်ရို့က ပြောပြီး ချင်မျိုးနွယ်စု အိမ်တော်ဘက်သို့ ပြန်လျှောက်သွားသည်။ အခြားသူများလည်း နောက်မှ လိုက်ပါသွားကြပြန်ရာ ထူးဆန်းသော မြင်ကွင်းမှာ တကျော့ပြန် ဖြစ်ပေါ်လာပြန်သည်။

ထိုနေရာနှင့် အတော်လေး ဝေးသော အိမ်မြင့်တစ်လုံး၏ ခေါင်မိုးပေါ်တွင် လုံချန်းသည် တစ်ယောက်တည်း ထိုင်လျက် ချင်ရို့နှင့် လူအုပ်ကြီး ထွက်ခွာသွားသည်ကို စိုက်ကြည့်နေသည်။

"မိန်းကလေးတစ်ယောက်ဆီကနေ ပုန်းနေတဲ့ ယောက်ျားတစ်ယောက်ရဲ့ မြင်ကွင်းကို နောက်တစ်ခါ ပြန်မြင်ရလိမ့်မယ်လို့ မထင်ထားဘူး" ရွှင်းက လုံချန်းအနားမှာ ပေါ်လာပြီး ရယ်မောရင်း ပြောလိုက်သည်။

"ငါ ပုန်းနေတာ မဟုတ်ဘူး" လုံချန်းက ရွှင်းကို ကြည့်ကာ ငြင်းလိုက်သည်။

"ဪ... ဒါဆို သူ နင့်ကို လှမ်းခေါ်တာ သေချာပေါက် ကြားသားနဲ့ ဘာလို့ မရပ်တာလဲ။ လျစ်လျူရှု ပြီးတော့တောင် ထွက်လာခဲ့သေးတယ်။ သူ ဒီကို လိုက်ပြေးလာတော့လည်း ခေါင်မိုးပေါ် တက်ပုန်းနေတယ်။ ဒါကို မိန်းကလေးဆီက ပုန်းတာလို့ မခေါ်ရင် ဘာခေါ်ရမလဲ" ရွှင်းက လှောင်ပြုံးဖြင့် ဆိုသည်။

"ငါ သူ့ဆီက ပုန်းနေတာ မဟုတ်ဘူး။ အခုအချိန်မှာ သူ့ကို မတွေ့ချင်သေးတာပဲ။ ငါ့ရဲ့ တံဆိပ်ပြား ပျောက်သွားပေမဲ့ ကံကောင်းတာက အဲဒီမှာ ငါ့နာမည် မပါဘူး။ အခုလို အချိန်မျိုးမှာ ငါ့ကို ဒီမြို့မှာ မြင်သွားရင် ငါက သံသယတရားခံ ဖြစ်သွားနိုင်တယ်" လုံချန်းက စဉ်းစားဟန်ဖြင့် ပြန်ဖြေလိုက်သည်။

"ဟင်း... အဲဒါ တစ်ခုတည်းသော အကြောင်းပြချက် မဟုတ်ဘူးလို့ ဘာလို့ ခံစားနေရပါလိမ့်" ရွှင်းက အတွေးနက်စွာဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။

"သွားရမယ့် အချိန်ရောက်ပြီ" လမ်းပေါ်တွင် လူသူကင်းမဲ့သွားသည်ကို မြင်သောအခါ လုံချန်း ခေါင်မိုးပေါ်မှ ခုန်ဆင်းလိုက်သည်။

လုံချန်းသည် မြို့ထဲတွင် တစ်နေ့တာ၏ ထက်ဝက်ခန့် လျှောက်လှမ်းခဲ့ပြီးနောက် လူနေအိမ်များ စတင်နည်းပါးလာသည်။ နေဝင်ရိုးရီ အချိန်တွင်မှ သူသည် မြို့အစွန်းသို့ ရောက်ရှိလာခဲ့သည်။

လုံချန်း ရှေ့သို့ ဆက်သွားနေစဉ် လူစုလူဝေးလေးတစ်ခုကို တွေ့လိုက်ရသည်။ သာမန်ဝတ်စုံဝတ်ထားသူ အများအပြားနှင့် ကင်းသမားအချို့ ရှိနေကြသည်။ ငိုကြွေးသံများကိုလည်း အတိုင်းသား ကြားနေရသည်။ သိလိုစိတ်ဖြင့် လုံချန်းသည် လေးနက်သော မျက်နှာဖြင့် ထိုလူအုပ်အနားသို့ တိုးသွားလိုက်သည်။ ထိုနေရာတွင် မြင်လိုက်ရသည့် မြင်ကွင်းက သူ့ကို များစွာ တုန်လှုပ်သွားစေသည်။

သူ သတ်ခဲ့သော ကင်းသမားများ၏ အလောင်းများကို မြှုပ်နှံနေကြခြင်းဖြစ်သည်။ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် ကလေးငယ်များမှာ သူတို့ ချစ်မြတ်နိုးရသူများ၏ အလောင်းများကို ကြည့်ကာ ငိုကြွေးနေကြသည်။ မိန်းကလေးငယ်တစ်ဦးက ဖေဖေဟု ခေါ်ကာ ငိုနေသလို၊ အမျိုးသမီးတစ်ဦးမှာလည်း သူမ၏ ခင်ပွန်းအတွက် ရှိုက်ကြီးတငင် ငိုနေသည်။

ဘေးမှ ကင်းသမားများမှာလည်း သူတို့နှင့် အတူအလုပ်လုပ်ခဲ့သော သူငယ်ချင်းများ မြေမြှုပ်ခံနေရသည်ကို ကြည့်ကာ မျက်ရည်ကျနေကြသည်။ လုံချန်းသည် လေးလံသော စိတ်နှလုံးဖြင့် နောက်လှည့်ထွက်လာခဲ့သည်။ ဝမ်းနည်းရိပ်များက သူ့ကို ပြန်လည် လွှမ်းမိုးလာပြန်သည်။

"ဒါက သူတို့ မိသားစုတွေရဲ့ အမှားမဟုတ်ဘူး။ ဒါပေမဲ့ ငါသာ စိတ်ပျော့ခဲ့ရင် ငါ့ရဲ့ သင်္ချိုင်းပေါ်မှာ ငါ့မိသားစုက အခုလို ငိုနေရမှာ" လုံချန်းက လေးနက်သောလေသံဖြင့် ရေရွတ်လိုက်သော်လည်း သူ၏ မျက်ဝန်းထဲတွင်တော့ နာကျင်မှုကို မြင်နေရဆဲပင်။

လုံချန်းသည် မြို့ရိုးအနားသို့ လျှောက်သွားကာ တောင်ပံများကို အသုံးပြု၍ လငွေရောင်မြို့တော်မှ ထွက်ခွာခဲ့သည်။ သူသည် လမ်းမကြီးအတိုင်း မသွားတော့ဘဲ တောအုပ်ထဲသို့သာ တစ်ဖက်ပြန်ဝင်သွားခဲ့သည်။

လုံချန်းသည် ပိုမိုသန်မာသော သားရဲများနှင့် တိုက်ခိုက်ရင်း သူ၏ စိတ်မသက်မသာဖြစ်မှုကို ဖြေဖျောက်ရန် မျှော်လင့်ထားသည်။ ရွှေနိုင်ငံ၏ နယ်စပ်နှင့် နီးကပ်လာလေလေ သားရဲများ ပိုမိုသန်မာလာလေလေ ဖြစ်ကြောင်း လူတိုင်းသိကြသည်။ အကြောင်းမှာ နိုင်ငံတော်စစ်တပ်သည် မြို့တော်ဘေးကင်းရေးကိုသာ ပထမဦးစားပေးအဖြစ် ထားရှိပြီး နယ်စပ်ရှိ သားရဲများကို မြို့တော်နားကလောက် အမဲမလိုက်သောကြောင့် ဖြစ်သည်။

လုံချန်းသည် ဤတောအုပ်ထဲတွင် လေးနာရီကျော် ခရီးနှင်ခဲ့ပြီး တိုက်ပွဲအချို့ ဆင်နွှဲပြီးမှသာ စိတ်ထဲတွင် အနည်းငယ် သက်သာရာရလာသည်။ သူသည် ပုခက်ဆင်ကာ အနားယူလိုက်သည်။ ဥကို အစာကျွေးပြီးနောက် ညဘက်ကျင့်ကြံမှုကို စတင်ခဲ့သည်။ သူသည် သူ၏ အမည်မဲ့ ကျင့်စဉ်ကို အသုံးပြုကာ ၆ နာရီကြာ ကျင့်ကြံခဲ့သည်။

သူ၏ ကျင့်ကြံမှုအရှိန်မှာ အရင်ကထက် သိသိသာသာ မြန်လာသည်ကို လုံချန်း သတိထားမိလိုက်သည်။

'ဒါက ရွှင်းပြောတဲ့ သွေးပြောင်းလဲခြင်းကြောင့်လား။ ဒါအတိုင်းဆိုရင် ငါထင်ထားတဲ့ အချိန်ထက် စောပြီး နောက်ထပ် အဆင့်တစ်ခုကို တက်လှမ်းနိုင်မှာ သေချာတယ်' လုံချန်းက တွေးလိုက်သော်လည်း အကြောင်းရင်းကို စဉ်းစားမနေတော့ဘဲ ကျင့်ကြံခြင်း အပေါ်မှာသာ အာရုံစိုက်လိုက်သည်။

သူသည် ကျင့်ကြံမှုကို နောက်ထပ် တစ်နာရီခန့် ဆက်လုပ်ပြီးနောက်မှ ခဏမျှ အိပ်စက်လိုက်သည်။

နောက်တစ်နေ့တွင် လုံချန်း နိုးလာပြီး တောအုပ်ထဲ ဖြတ်သန်းသွားလာရင်း တစ်နေ့လုံး ရက်စက်သော ရွှေအဆင့် သားရဲများကို တစ်ကောင်ပြီးတစ်ကောင် တိုက်ခိုက်ခဲ့သည်။ ညဘက်တွင်တော့ ဥကို အစာကျွေးပြီး ကျင့်ကြံခဲ့သည်။ ဤသို့ဖြင့် ၁၀ ရက်မြောက်သောအခါ လုံချန်းသည် တောအုပ်ထဲမှ နောက်ဆုံးတွင် ထွက်လာနိုင်ခဲ့ပြီး နောက်ထပ်မြို့တစ်မြို့၏ နယ်နိမိတ်ကို မြင်လိုက်ရသည်။

"နောက်ဆုံးတော့ တောထဲက ထွက်လာနိုင်ပြီ။ ပြီးခဲ့တဲ့ ၁၀ ရက်အတွင်း တိုက်ပွဲတွေကတော့ တကယ်ကို အကျိုးရှိခဲ့တယ်။ ငါ့ရဲ့ ခန္ဓာကိုယ်ခွန်အားကို ပိုထိန်းချုပ်လာနိုင်သလို ကျင့်ကြံမှုမှာလည်း အဆင့်တက်ခဲ့တယ်။ အခုဆိုရင် ငါက ရွှေအမြုတေအဆင့် အဆင့် ၉ ကို ရောက်နေပြီ။ နောက်ထပ် လနည်းနည်းလောက်ဆိုရင် ငါ့ရဲ့ ၁၆ နှစ်ပြည့် မွေးနေ့ရောက်တော့မယ်။ အဲဒီမတိုင်ခင် နောက်ထပ် အဆင့်တစ်ခုကို ထပ်တက်နိုင်ရင်တော့ တကယ့်ကို အံ့ဩဖို့ ကောင်းမှာပဲ" လုံချန်းက ပြုံးလျက် ရေရွတ်ရင်း မြို့ဆီသို့ လျှောက်သွားလေတော့သည်။

အခန်း (၁၄၂) မြေကမ္ဘာအဆင့် အဆင့် ၅

"နောက်ဆုံးတော့ တောထဲက ထွက်လာနိုင်ပြီ။ ပြီးခဲ့တဲ့ ၁၀ ရက်အတွင်း တိုက်ပွဲတွေကတော့ တကယ်ကို အကျိုးရှိခဲ့တယ်။ ငါ့ရဲ့ ခန္ဓာကိုယ်ခွန်အားကို ပိုထိန်းချုပ်လာနိုင်သလို ကျင့်ကြံမှုမှာလည်း အဆင့်တက်ခဲ့တယ်။ အခုဆိုရင် ငါက ရွှေအမြုတေအဆင့် အဆင့် ၉ ကို ရောက်နေပြီ။ နောက်ထပ် လနည်းနည်းလောက်ဆိုရင် ငါ့ရဲ့ ၁၆ နှစ်ပြည့် မွေးနေ့ရောက်တော့မယ်။ အဲဒီမတိုင်ခင် နောက်ထပ် အဆင့်တစ်ခုကို ထပ်တက်နိုင်ရင်တော့ တကယ့်ကို အံ့ဩဖို့ ကောင်းမှာပဲ" လုံချန်းက ပြုံးလျက် ရေရွတ်ရင်း မြို့ဆီသို့ လျှောက်သွားလေသည်။

သူသည် မြို့ထဲသို့ဝင်ရန် ပုံမှန်နည်းလမ်းကိုပင် အသုံးပြုခဲ့သည်။ တရားဝင်အဝင်ဝမှ မဝင်ဘဲ ဝိညာဉ်အာရုံဖြင့် လူသူကင်းမဲ့သော နေရာကို ရှာဖွေကာ ကောင်းကင်မိစ္ဆာတောင်ပံကို အသုံးပြု၍ မြို့ရိုးကို ကျော်ဖြတ်ဝင်ရောက်ခဲ့သည်။ ဤမြို့၏ အမည်မှာ မြူခိုးကြွေ ဖြစ်သည်။ ၎င်းသည် ရွှေနိုင်ငံ၏ အစွန်အဖျားတွင် ရှိသောမြို့ဖြစ်ပြီး ဟွမ်းကျိနိုင်ငံ၏ နယ်စပ်သို့ သွားရန် တစ်ရက်ခရီးသာ လိုတော့သည်။

"စည်ကားနေတဲ့ လမ်းမတွေပေါ်မှာ ပြန်လျှောက်ရတာ တကယ်ကို စိတ်ချမ်းသာဖို့ ကောင်းတာပဲ" လုံချန်းက လူအများဖြင့် ပြည့်နှက်နေသော မြို့လမ်းမမြင်ကွင်းကြောင့် အနည်းငယ် ပြန်လည်လန်းဆန်းလာကာ ရေရွတ်လိုက်သည်။ လမ်းမများပေါ်တွင် စကားပြောသံ၊ ရယ်မောသံများ နေရာအနှံ့ ပဲ့တင်ထပ်နေသည်။ လုံချန်းသည် မြူခိုးကြွေမြို့၏ အဓိကလမ်းမကြီးအတိုင်း ဆက်လျှောက်လာခဲ့သည်။ ဆိုင်ကြီးများစွာကို တွေ့ရသော်လည်း နေရာတစ်ခုက သူ၏အာရုံကို ဖမ်းစားလိုက်သည်။

"ဆေးဖော်စပ်ခြင်းခန်းမ" ဟူသော စာလုံးများကို လှပစွာ ထွင်းထုထားသည့် ဆိုင်းဘုတ်ကြီးမှာ ခန်းမအဝင်ဝတွင် ချိတ်ဆွဲထားသည်။

ဆေးဖော်စပ်ခြင်းခန်းမသည် ဤနိုင်ငံရှိ လူတိုင်းနီးပါး သိထားကြသော နေရာဖြစ်သည်။ ၎င်းသည် အနီးအနားရှိ နိုင်ငံအားလုံးတွင် ဩဇာအကြီးမားဆုံး အဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်ပြီး ထင်ရှားသော မြို့တိုင်းတွင် ဌာနခွဲတစ်ခုစီ ရှိသည်။ ၎င်းသည် ကြောက်မက်ဖွယ်ကောင်းသော အင်အားစုတစ်ခုဖြစ်သော်လည်း မိမိတို့နှင့် တိုက်ရိုက်မသက်ဆိုင်လျှင် ပြင်ပလောကရေးရာများတွင် ဝင်ရောက်စွက်ဖက်လေ့ မရှိပေ။

ဆေးဖော်စပ်ခြင်းခန်းမတွင် ထိပ်တန်း ဆေးဆရာ အများအပြား ရှိကြသည်။ ရွှေနိုင်ငံ၏ အတော်ဆုံးဆေးဆရာ ဆရာကြီးချန် ပင်လျှင် နဂါးမြို့တော်ရှိ ဆေးဖော်စပ်ခြင်းခန်းမ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ အင်အားကြီးသော နိုင်ငံများရှိ ခန်းမခွဲများတွင်မူ ပို၍အဆင့်မြင့်သော ဆေးဆရာများ ရှိကြသည်ဟု ဆိုကြသည်။

ဆေးဖော်စပ်ခြင်းခန်းမ၏ ဇစ်မြစ်ကိုတော့ မည်သူမျှ သေချာမသိကြပေ။ အရာအားလုံးမှာ လျှို့ဝှက်ချက်ဖြစ်နေသည်။ ဗဟိုဌာနချုပ် ဘယ်မှာရှိသည်ကိုပင် မည်သူမျှ မသိဘဲ အင်ပါယာနိုင်ငံကြီး တစ်နိုင်ငံတွင် ရှိမည်ဟုသာ အကြမ်းဖျင်း ခန့်မှန်းထားကြသည်။

ဆေးဖော်စပ်ခြင်းခန်းမမှ ဆေးဆရာများသည် ဆေးဖက်ဝင်အပင်များ၊ ဝိညာဉ်သစ်သီးများ၊ တွင်းထွက်ပစ္စည်းများနှင့် အခြားအရာများကို အသုံးပြုကာ ကျင့်ကြံမှုမြှင့်တင်ရန်၊ ဒဏ်ရာကုသရန်၊ အဆိပ်ဖြေရန်နှင့် ခန္ဓာကိုယ်သန့်စင်သန်မာစေရန်အတွက် ဆေးလုံးများနှင့် ဆေးရည်များကို ဖော်စပ်ရာတွင် ကျွမ်းကျင်ကြသည်။

ဆေးဖော်စပ်ခြင်းခန်းမသည် အဓိကအားဖြင့် လုပ်ငန်းနှစ်ခု လုပ်ဆောင်သည်။ ပထမမှာ ဆေးဆရာများ ဖော်စပ်ထားသော ဆေးလုံးများကို ရောင်းချခြင်းဖြစ်သည်။ ဒုတိယလုပ်ငန်းမှာ အဝယ်လုပ်ငန်း ဖြစ်သည်။ ဆေးဖက်ဝင်အပင်များ၊ တွင်းထွက်ပစ္စည်းများနှင့် သားရဲအစိတ်အပိုင်းများ အစရှိသည့် ဆေးဖော်စပ်ရာတွင် အသုံးပြုနိုင်သမျှ အရာအားလုံးကို ဝယ်ယူသည်။

လုံချန်း လုပ်ချင်သည်မှာလည်း အတိအကျပင် ဖြစ်သည်။ သူ၏ ခရီးတစ်လျှောက် သတ်ခဲ့သော သားရဲအလောင်းများကို ရောင်းချချင်ခြင်း ဖြစ်သည်။ သန်မာသော သားရဲအလောင်းများသည် ဆေးဖော်စပ်ခြင်း နည်းများစွာတွင် မရှိမဖြစ်လိုအပ်သော ရတနာများဖြစ်သည်။ သားရဲ ပိုသန်မာလေ၊ ဆေးစွမ်း ပိုထက်လေဖြစ်သည်။ ထို့ကြောင့် ဆေးဖော်စပ်ခြင်းခန်းမသည် မုဆိုးများထံမှ သားရဲအလောင်းများကို ဝယ်ယူလေ့ရှိသည်။ ဤသို့ဖြင့် ခန်းမအတွက် လိုအပ်သော ကုန်ကြမ်းများ ရရှိသလို၊ ပတ်ဝန်းကျင်ရှိ သားရဲအရေအတွက်နှင့် အန္တရာယ်ကိုလည်း ထိန်းချုပ်ပြီးသား ဖြစ်သွားသည်။

"ငါ့ရဲ့ အသက်အရွယ်က တကယ့်ပြဿနာပဲ" လုံချန်းက အသေအချာ စဉ်းစားရင်း ရေရွတ်လိုက်သည်။ သူ၏ သိုလှောင်လက်စွပ်ထဲရှိ များပြားလှသော သားရဲအလောင်းများကို ရောင်းရန် သူက အသက်ငယ်လွန်းနေသည်။ အသက်အမှန်နှင့် သိုလှောင်လက်စွပ်ကို ထုတ်ပြလိုက်လျှင် မလိုလားအပ်သော အာရုံစိုက်မှုများကို ရရှိသွားနိုင်သည်။ ဆေးဖော်စပ်ခြင်းခန်းမ၏ နောက်ခံကိုလည်း မသိသဖြင့် ထိုနေရာတွင် ပြဿနာမတက်ချင်ပေ။

"ငါ့ရဲ့ ဘယ်သူဖြစ်ကြောင်းကို ဖုံးကွယ်ဖို့အတွက် ပိုကြီးမားတဲ့ ဆူညံမှုတစ်ခုကို ဖန်တီးရမှာပဲ" လုံချန်းက တစ်ခုခုကို တွေးမိရင်း ပြုံးလိုက်သည်။

သူသည် လူသူမရှိသော လမ်းကြားထဲသို့ ဝင်ကာ 'လှည့်စားခြင်း မျက်နှာဖုံးကို အသုံးပြု၍ သူ၏မျက်နှာကို အခြားတစ်ယောက်အဖြစ် ပြောင်းလဲလိုက်သည်။ ထို့နောက် မျက်နှာဖုံးရောင်းသော ဆိုင်တစ်ဆိုင်သို့ သွားကာ မျက်နှာတစ်ခုလုံးကို ဖုံးကွယ်နိုင်သည့် ပုံစံအမျိုးမျိုးရှိသော မျက်နှာဖုံး ၃ ခုကို ဝယ်ယူခဲ့သည်။ ထို့နောက် လူသူကင်းမဲ့သော လမ်းကြားသို့ တစ်ဖန်ပြန်ဝင်ကာ လှည့်စားခြင်းမျက်နှာဖုံး၏ အစွမ်းကို ရပ်တန့်လိုက်ပြီး ခုနကဝယ်လာသော ရိုးရိုးမျက်နှာဖုံးကို ဝတ်ဆင်လိုက်သည်။ အဝတ်အစားများကိုလည်း ပိုမိုခမ်းနားသော ဝတ်စုံသို့ လဲလှယ်လိုက်သည်။

လုံချန်း မျက်နှာဖုံးစွပ်ပြီး လမ်းပေါ်သို့ လျှောက်လာသောအခါ လူအများ၏ အကြည့်များကို ဆွဲဆောင်မိတော့သည်။ လုံချန်း၏ ပတ်ဝန်းကျင်သို့ ပြန့်လွင့်နေသော အရှိန်အဝါကြောင့် အနားရှိလူများမှာ ကြောက်ရွံ့ထိတ်လန့်မှုကို ခံစားနေကြရသည်။

လုံချန်းသည် ကောင်းကင် ဖုံးလွှမ်းခြင်း ပညာရပ်ကို တစ်ဖန်ပြန်သုံးထားခြင်း ဖြစ်သည်။ ဤပညာရပ်သည် သူ၏ ကျင့်ကြံမှုအဆင့်ကို ဟန်ဆောင်နိုင်ရုံသာမက၊ သူထုတ်လွှတ်သော အရှိန်အဝါကိုပါ အစစ်အမှန်ကဲ့သို့ ထင်ယောင်ထင်မှား ဖြစ်စေနိုင်သည်။ ၎င်းသည် ရွှင်း သင်ပေးထားသော အထူးပညာရပ်ဖြစ်ပြီး အဆင့်အမှန်ထက် နှစ်ဆင့်နိမ့်သည်မှ တစ်ဆင့်မြင့်သည်အထိ ဖော်ပြနိုင်သည်။ လုံချန်းသည် ယခုတစ်ကြိမ်တွင် သူ၏ ဟန်ဆောင်ကျင့်ကြံမှုကို အသုံးချရန် ဆုံးဖြတ်လိုက်သည်။ သူသည် ဟန်ဆောင်ထားသော မြေကမ္ဘာအဆင့် အရှိန်အဝါကို တမင်တကာ ထုတ်လွှတ်ထားလိုက်သည်။

"ဟားဟား... နင်ကတော့ ကြွားရတာ တကယ်ဝါသနာပါတာပဲ။ မြေကမ္ဘာအဆင့် အဆင့် ၅ ကျင့်ကြံသူတစ်ယောက် ဖြစ်ရတာ ဘယ်လိုနေလဲ" ရွှင်းက လုံချန်းအနားမှာ ဝဲပျံရင်း ရယ်မောကာ မေးလိုက်သည်။

"အတုကြီးဆိုပေမဲ့ တော်တော်တော့ ကောင်းသားပဲ။ မကြာခင် ငါ တကယ်လည်း ရောက်တော့မှာပါ။ ဒါကို လေ့ကျင့်ခန်းဆင်းတယ်လို့ပဲ သဘောထားလိုက်ပါ" လုံချန်းက ပြုံးလျက် ပြန်ပြောသော်လည်း မျက်နှာဖုံးအောက်တွင် ဖြစ်၍ မည်သူမျှ မမြင်ရပေ။ လုံချန်း လမ်းတစ်လျှောက် ခဏမျှ လျှောက်လာပြီးနောက်...

"ခဏလောက် ရပ်ပါဦး" လုံချန်းက အသံကို နိမ့်ပြီး လေးနက်သောလေသံဖြင့် လူတစ်ယောက်ကို လှမ်းတားလိုက်လေတော့သည်။

All Chapters