← Chapters

အခန်း (၁၄၅-၁၄၆)

Vol. 15 Ch. 145-146

အခန်း (၁၄၅-၁၄၆)

Vol. 15 Ch. 145-146

အခန်း (၁၄၅) ဒုက္ခပေးတဲ့ကလေး

"ရပါတယ်။ ငါက လက်ဆောင်အဖြစ် မလိုချင်ပါဘူး။ မင်းတို့ဆီကပဲ ဝယ်ပါ့မယ်" လုံချန်းက ပြုံးလျက် ပြန်ပြောလိုက်သည်။

"ပုံမှန်ဆိုရင် ဒီလိုမြင်းမျိုးက ရွှေဒင်္ဂါး ၁၅ ပြားလောက်ပဲ တန်တာ။ ရော့... ဒါက မြင်းဖိုးအတွက် ရွှေဒင်္ဂါး ၃၀ ပါ" လုံချန်းက ပြောပြောဆိုဆိုနှင့် ရွှေဒင်္ဂါးအိတ်ငယ်လေးကို ကမ်းပေးလိုက်သည်။

"ပိုက်ဆံပေးဖို့ မလိုပါဘူး စီနီယာ။ ဒါကို မေရွှီနိုင်ငံနဲ့ စီနီယာတို့ကြားက ခင်မင်မှုအတွက် လက်ဆောင်လေးတစ်ခုအဖြစ်ပဲ သဘောထားပေးပါ" ထိုလူက ပြုံးလျက် ငြင်းဆိုသည်။

"ပထမအချက်အနေနဲ့ ငါက လက်ဆောင်တွေကို လက်မခံတတ်ဘူး။ ဒုတိယအချက်က ငါ့ရဲ့ခင်မင်မှုဆိုတာ အဲဒီလောက် ဝယ်ရလွယ်တာ မဟုတ်ဘူး။ တကယ်လို့ မင်းက ငါ့ပိုက်ဆံကို ဆက်ငြင်းနေမယ်ဆိုရင်တော့ မင်းလက်ခံလာတဲ့အထိ ငါ မင်းရဲ့အရိုးတွေကို ချိုးပေးရလိမ့်မယ်" လုံချန်းက လူကောင်ကြီးတစ်ယောက်လို ဟန်ကိုယ့်ဖို့ဖြင့် ပြုံးလျက် ပြောလိုက်သည်။ ထိုလူမှာ မှင်တက်သွားပြီး ခဏမျှ စဉ်းစားကာမှ လက်ခံရန် လှုပ်ရှားလိုက်သည်။

"အဲဒါမှ လိမ်မာတဲ့ကလေးပေါ့" လုံချန်းက ပြုံးပြီး အိတ်ကို ပစ်ပေးလိုက်ရာ ထိုလူက လှမ်းဖမ်းလိုက်သည်။

"ဒါနဲ့... မင်းတို့က မင်းတို့ရဲ့နိုင်ငံငယ်လေးနဲ့ အတော်ဝေးတဲ့နေရာကို ရောက်နေကြတာပဲ။ ဒီမှာ ဘာလာလုပ်ကြတာလဲ" လုံချန်းက သိလိုစိတ်ဖြင့် မေးလိုက်သည်။

"ဪ... ကျွန်တော်တို့က ဂိုဏ်းဝင်ခွင့်စာမေးပွဲအတွက် ရွှမ်နိုင်ငံကို သွားနေကြတာပါ။ ဒီလူငယ်လေးကတော့ မေရွှီနိုင်ငံရဲ့ ဒုတိယမင်းသား ပိုင်မင် ဖြစ်ပြီး၊ ဒီမိန်းကလေးကတော့ မေရွှီနိုင်ငံရဲ့ ပထမမင်းသမီး ပိုင်ယုပါ။ သူတို့နှစ်ယောက်စလုံး ရွှမ်နိုင်ငံမှာ ကျင်းပမယ့် ဂိုဏ်းဝင်ခွင့်စာမေးပွဲကို ဝင်ပြိုင်ကြမှာပါ" ထိုလူက ဘေးမှ မင်းသားနှင့် မင်းသမီးကို ကြည့်ကာ ပြုံးလျက် ရှင်းပြသည်။

သူတို့၏ စကားပြောဆိုမှုများကို ကြားပြီးနောက် ထိုလူငယ်နှစ်ဦးမှာ သူတို့ရှေ့မှ ပုဂ္ဂိုလ်သည် သူတို့ခမည်းတော်ကိုယ်တိုင်ပင် မိတ်ဆွေဖွဲ့ချင်လောက်သည့် သန်မာသော တည်ရှိမှုမျိုးမှန်း ရိပ်မိသွားကြသည်။ သူတို့သည် သူတို့၏ မောက်မာသော အမူအရာများကို ချက်ချင်းပြင်လိုက်ပြီး ရိုးရိုးသားသား ပြုမူလာကြသည်။

"တောင်းပန်ပါတယ် ဆရာကြီး။ ကျွန်တော် မောက်မာမိသွားပါတယ်။ ဆရာကြီးရဲ့ ခွင့်လွှတ်မှုကို တောင်းခံပါတယ်" မင်းသားငယ်က ခေါင်းငုံ့ကာ တောင်းပန်လိုက်သည်။ မင်းသမီးကတော့ ဘာမှမပြောဘဲ ခေါင်းငုံ့ထားဆဲပင်။

"ရပါတယ်၊ မင်းတို့က ငယ်သေးတာပဲ။ ငါလည်း ငယ်ငယ်တုန်းက အဲဒီလိုပဲ မောက်မာခဲ့တာ။ သွေးကြွတာက ပြဿနာမရှိပါဘူး။ ဒါပေမဲ့ မင်းတို့ရဲ့ မောက်မာမှုက မင်းတို့ကို ပြန်ပြီး မထိခိုက်ပါစေနဲ့။ တစ်တောင်ထက် မြင့်တဲ့တောင်တွေ ရှိသေးသလို ကျင့်ကြံမှုမှာလည်း အထွတ်အထိပ်ဆိုတာ မရှိဘူး၊ ကိုယ့်ထက် သန်မာတဲ့သူ အမြဲရှိနေမှာပဲ။ နှိမ့်ချမှုရှိရှိနဲ့ ကျင့်ကြံမှသာ တကယ့် လေးစားမှုနဲ့ နားလည်သဘောပေါက်မှုတွေကို ရရှိမှာ" လုံချန်းက လေးနက်သောလေသံဖြင့် ဆုံးမလိုက်သည်။ တကယ်တော့ လေးစားမှုဆိုသည်မှာ နှိမ့်ချမှုကြောင့် ရရှိခြင်းမဟုတ်ကြောင်း သူကိုယ်တိုင် အတွေ့အကြုံများအရ သိသော်လည်း၊ စီနီယာတစ်ယောက်အနေဖြင့် သူ၏ ပညာရှိမှုနှင့် ကြင်နာမှုကို ပြသရန် အပိုပြောလိုက်ခြင်းသာ ဖြစ်သည်။

"ဒါနဲ့... ဂိုဏ်းဝင်ခွင့်စာမေးပွဲနဲ့ ရွေးချယ်ရေးလုပ်ငန်းစဉ်တွေက လိုပါသေးတယ်၊ ဘာလို့ ဒီလောက် စောစောသွားကြတာလဲ" လုံချန်းက မေးလိုက်သည်။

"အချိန်လိုသေးတာ မှန်ပေမဲ့ မင်းကြီးက ဂိုဏ်းတွေအကြောင်းနဲ့ တခြားအရေးကြီးတဲ့ အချက်အလက်တွေကို သိရအောင် အစောကြီး သွားခိုင်းလိုက်တာပါ။ ပထမအဆင့်နိုင်ငံမှာ သွားပြီး ကျင့်ကြံတာက ဒုတိယအဆင့်နိုင်ငံဖြစ်တဲ့ မေရွှီမှာ ကျင့်ကြံတာထက် ပိုအကျိုးရှိမယ်လို့လည်း မင်းကြီးက ယူဆထားပါတယ်" ထိုလူက ရှင်းပြသည်။

"စိတ်ဝင်စားဖို့ကောင်းတဲ့ အကြံပေးချက်ပဲ၊ မင်းတို့ဘုရင်က စိတ်ဝင်စားဖို့ကောင်းပုံရတယ်" လုံချန်းက ချီးမွမ်းသလိုဖြင့် ရယ်မောလိုက်သည်။

"ဒါနဲ့ မင်းတို့ ဒီမှာ ဘယ်လောက်ကြာကြာ နေမှာလဲ"

"ဒီညတစ်ညပဲ နေမှာပါ။ မနက်ဖြန်မနက်မှာ ထွက်ပါမယ်"

"ဪ... ကောင်းမွန်တဲ့ ခရီးစဉ်ဖြစ်ပါစေ။ တကယ်လို့ ရွှမ်နိုင်ငံမှာ ပြဿနာ တစ်ခုခုရှိရင် ဘယ်ဂိုဏ်းကိုမဆို သွားပြီး ငါလွှတ်လိုက်တာလို့ ပြောလိုက်။ သူတို့ ကူညီပေးပါလိမ့်မယ်" လုံချန်းက ပြုံးလျက် လိမ်ညာပြောဆိုလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဆရာကြီး။ ဪ... ဒါနဲ့ ကျွန်တော် ဆရာကြီးရဲ့ နာမည်ကို မသိရသေးပါဘူး။ သိခွင့်ရှိမလားခင်ဗျာ" ထိုလူက ဖားယားသော မျက်နှာပေးဖြင့် မေးလိုက်သည်။

"ငါက လောကရေးရာတွေမှာ မပတ်သက်တာ ကြာပြီဆိုတော့ ဒီလောကမှာ ငါ့တည်ရှိမှုက မရှိသလောက်ပါပဲ။ ဒါပေမဲ့ ငါ့ရဲ့ လူငယ်ဘဝတုန်းကတော့ ငါ့ကို လုံချန်းလို့ ခေါ်ကြတယ်" လုံချန်းက မျက်နှာဖုံးအောက်မှ ပြုံးလျက် ပြောလိုက်သည်။

"ဪ... ဆရာကြီး ချန်းပေါ့။ ကျွန်တော် မှတ်ထားပါ့မယ်"

"ကောင်းပြီ၊ ငါ သွားတော့မယ်။ မင်းတို့ ထွက်သွားရင် အဲဒီမြင်းကို ထားခဲ့ဖို့ မမေ့နဲ့ဦး" လုံချန်းက ပြောပြီး ထရပ်ကာ ထွက်လာခဲ့သည်။

"စိတ်ချပါ ဆရာကြီး။ အဲဒီမြင်းက ဆရာကြီးပိုင်သွားပါပြီ။ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်"

"တကယ်ကို စိတ်ထားကောင်းတဲ့သူပဲ။ ဒီလောက်သန်မာတာတောင် တကယ့်ကို နှိမ့်ချမှုရှိတယ်။ မာန်မာန လုံးဝမရှိဘူး" ထိုလူက ကောင်တာအနားတွင် ရပ်နေသော လုံချန်းကို ကြည့်ကာ ပြုံးလျက် ရေရွတ်လိုက်သည်။

"အကြီးအကဲ ရွမ်၊ အဲဒီလူက တကယ်ပဲ အဲဒီလောက် သန်မာတာလား" မင်းသမီး ဘေယုက လုံချန်း ဒုတိယထပ်သို့ တက်သွားသည်ကို ကြည့်ကာ မေးလိုက်သည်။

"အရမ်းသန်မာတာပေါ့ မင်းသမီး။ မင်းသမီး ထင်ထားတာထက်ကို ပိုသန်မာတယ်။ မင်းသမီးရဲ့ ခမည်းတော်ထက်တောင် သန်မာတာ သေချာတယ်။ သူက မြေကမ္ဘာအဆင့် ထိပ်သီးပညာရှင် ဒါမှမဟုတ် အဲဒီထက်တောင် မြင့်နိုင်သေးတယ်" အကြီးအကဲ ရွမ်က လေးနက်စွာ ပြန်ဖြေလိုက်သည်။

"ဒီလောက် သန်မာတဲ့သူက ဒုတိယအဆင့်နိုင်ငံမှာ ဘာလာလုပ်တာလဲ။ ပြီးတော့ ဘာလို့ မျက်နှာဖုံး စွပ်ထားတာလဲ"

"အဲဒီလို အစွမ်းထက်တဲ့သူတွေရဲ့ အတွေးနဲ့ လုပ်ရပ်နောက်ကွယ်က အကြောင်းရင်းတွေကို ကျုပ်တို့ သိဖို့ မလိုပါဘူး။ ကျုပ်တို့ သိထားရမှာက သူတို့လိုလူတွေကို ဘယ်တော့မှ မစော်ကားမိဖို့ပဲ"

လုံချန်းသည် သူရရှိသော အခန်းထဲသို့ဝင်ကာ တံခါးပိတ်လိုက်သည်။

"တစ်ညတည်းဖို့ ငွေဒင်္ဂါး နှစ်ပြားတောင်ပဲ။ သာမန်မိသားစုတစ်စု တစ်လလုံး ရှင်သန်နိုင်တဲ့ ပမာဏပဲ။ ဈေးကြီးပေမဲ့ သားရဲလိုက်ရုံနဲ့ ပိုက်ဆံရှာနိုင်တဲ့ ကျင့်ကြံသူတွေအတွက်တော့ ဘာမှမဟုတ်ပါဘူး" လုံချန်းက မျက်နှာဖုံးကို ချွတ်လိုက်ရင်း ရေရွတ်လိုက်သည်။ မျက်နှာဖုံး ချွတ်လိုက်မှပဲ သူ အနည်းငယ် သက်သောင့်သက်သာ ခံစားလိုက်ရသည်။

"မျက်နှာဖုံးကို အကြာကြီး စွပ်ထားရတာ မသက်သာဘူးပဲ" သူက ခုတင်ပေါ်မှာ ထိုင်လိုက်သည်။

"ဪ... ဒါဆို ဘာကများ သက်သောင့်သက်သာ ရှိတာလဲ၊ ဒုက္ခပေးတဲ့ ကလေးတွေရှိတယ်လို့ ကြွားရတာလား" ရွှင်းက ပေါ်လာပြီး ရယ်မောကာ မေးလိုက်သည်။

"ငါက ကြွားတာ မဟုတ်ဘူး။ ငါ့မှာ တကယ်ပဲ ဒုက္ခပေးတဲ့ ကလေးတစ်ယောက် ရှိတာပဲ။ အခု ငါ့ရှေ့မှာ ရပ်နေတာ သူ မဟုတ်လို့လား" လုံချန်းက ပြုံးလျက် ပြန်ဖြေသည်။

"ဟင်... ဘယ်သူလဲ" ရွှင်းက ဇဝေဇဝါဖြင့် ပတ်ဝန်းကျင်ကို ကြည့်ပြီးမှ တစ်ခုခုကို သတိပြုမိသွားသည်။

"နင် ငါ့ကို ကလေးလို့ ခေါ်လိုက်တာလား" သူမက စိတ်ကောက်သလိုဖြင့် ပါးလေးနှစ်ဖက်ကို ဖောင်းလိုက်သည်။

"မဟုတ်ပါဘူး၊ ငါ တခြားတစ်ယောက်ကို ပြောတာပါ"

"ဟင်... ဟုတ်လား။ ဘယ်သူ့ကို ပြောတာလဲ" ရွှင်း၏ မျက်နှာမှာ အနည်းငယ် ပြန်လည် ပုံမှန်ဖြစ်သွားသည်။

"ငါက စီနီယာတစ်ယောက်လို ဟန်ဆောင်ရတာကို အတော်သဘောကျသွားပြီ။ ကောင်းကင်ဖုံးလွှမ်းခြင်းဆိုတဲ့ ပညာရပ်က တကယ်ကို ပျော်ဖို့ကောင်းတာပဲ" လုံချန်းက စကားလမ်းကြောင်း လွှဲလိုက်သည်။

"ဒါပေါ့... အဲဒီ မဟာလူသားရဲ့ မှတ်ဉာဏ်ထဲမှာ ရှိသမျှက ထိပ်တန်းပညာရပ်တွေပဲလေ" ရွှင်းက ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။

"ငါ့ကို တခြား အသုံးဝင်တဲ့ ပညာရပ်တစ်ခုလောက် ထပ်သင်ပေးလို့ ရမလား"

"မရဘူး... သင်ပေးခွင့် မရှိသလို သင်ပေးနိုင်ရင်တောင် အခု မသင်ပေးသေးဘူး။ နင့်မှာ လေ့ကျင့်စရာတွေ အများကြီး ရှိသေးတာပဲ။ ဆေးဖော်စပ်ခြင်း အသိပညာတွေလည်း ရထားပြီး တစ်ခါမှ မလေ့ကျင့်ရသေးဘူး။ ဝိညာဉ်စွမ်းအားနဲ့ ခန္ဓာကိုယ် ကျင့်ကြံမှုတွေကိုလည်း အာရုံစိုက်ရဦးမယ်။ ပြီးတော့ နင့်ရဲ့ စိတ်မိစ္ဆာကို ထိန်းချုပ်ဖို့လည်း သင်ယူရဦးမှာ။ ရှိတာတွေကိုတောင် အနိုင်နိုင် ဖြစ်နေတာကို အများကြီး ထပ်မယူပါနဲ့ဦး" ရွှင်းက လေးနက်သော မျက်နှာပေးဖြင့် လုံချန်းကို ဆုံးမလိုက်လေတော့သည်။

အခန်း (၁၄၆) ငါကပဲ မလေးမစား လုပ်နေတာလား

"နင့်မှာ ရှိတာတွေကိုတောင် အနိုင်နိုင် ဖြစ်နေတာကို အများကြီး ထပ်မယူပါနဲ့ဦး" ရွှင်းက လေးနက်သော မျက်နှာပေးဖြင့် လုံချန်းကို ဆုံးမလိုက်သည်။

"နင်ပြောတာလည်း ဟုတ်သလိုပဲ။ ငါ့မှာ ရှိပြီးသားအရာတွေကို အရင်သင်ယူဖို့ လိုအပ်တယ်။ အထူးသဖြင့် ဆေးဖော်စပ်ခြင်းပညာပေါ့၊ အဲဒါက ငါ့ရဲ့ အနာဂတ်ကျင့်ကြံမှုအတွက် တကယ်ကို အထောက်အကူဖြစ်မှာ" လုံချန်းက အဆင့်မြင့်ဆေးလုံးတွေကို ဖော်စပ်ပြီး သကြားလုံးကဲ့သို့ စားနေမည့် သူ့ကိုယ်သူ စိတ်ကူးယဉ်ရင်း ပြုံးလျက် ပြောလိုက်သည်။

"ငါ ဆုံးဖြတ်လိုက်ပြီ၊ ဆေးဖော်စပ်ခြင်းပညာကိုလည်း စပြီး လေ့ကျင့်တော့မယ်။ ဆေးဖော်စပ်ခြင်းခန်းမကို သားရဲတွေ သွားရောင်းတဲ့အခါ ဝိညာဉ်သစ်သီး၊ ဆေးဖက်ဝင်အပင်တွေနဲ့ တခြား ဆေးဖော်စပ်တဲ့ ပစ္စည်းတွေကိုပါ တစ်ခါတည်း ဝယ်ခဲ့မယ်" လုံချန်းက တောက်ပသော အပြုံးဖြင့် ပြောလိုက်သည်။

ရွှင်းသည် လုံချန်းကို ကြည့်ကာ စိတ်ပျက်လက်ပျက်ဖြင့် သူမ၏ နဖူးကို လက်ဝါးဖြင့် ရိုက်လိုက်ပြီး ပျောက်ကွယ်သွားတော့သည်။

လုံချန်းသည် ကုတင်ပေါ်တွင် တစ်ဝက်တစ်ပျက် နားနေပြီးနောက် ညနေစောင်းတွင် ရေမိုးချိုးကာ ကျင့်ကြံခြင်းကို စတင်လိုက်သည်။ သူသည် သုံးနာရီကြာ အနားမယူဘဲ ကျင့်ကြံပြီးနောက် စိတ်မိစ္ဆာကို အသုံးပြု၍ ခန္ဓာကိုယ်ကျင့်ကြံခြင်းကို ဆက်လုပ်သည်။ စုစုပေါင်း ငါးနာရီကြာ ကျင့်ကြံပြီးနောက် သူ ရပ်နားလိုက်သည်။ ထို့နောက် သိုလှောင်လက်စွပ်ထဲမှ ဥကို ထုတ်ကာ စွမ်းအားများ ကျွေးလိုက်သည်။

"သိလား ကောင်လေး... မင်းကို ငါကျွေးခဲ့တဲ့ ဝိညာဉ်စွမ်းအား စုစုပေါင်းကို တိုင်းတာကြည့်မယ်ဆိုရင် နျူကလီးယားပေါက်ကွဲမှု ဖြစ်စေနိုင်လောက်တဲ့အထိ များနေပြီ။ မင်းက ငါစိတ်ကူးထားသလိုမျိုး အံ့ဩဖို့ကောင်းတဲ့ကောင်လေး ဖြစ်ပါစေလို့ ငါ မျှော်လင့်ပါတယ်" လုံချန်းက ပြုံးလျက် ရေရွတ်လိုက်သည်။

လုပ်စရာရှိသည်များကို အကုန်လုပ်ပြီးနောက် ဥကို သိုလှောင်လက်စွပ်ထဲ ပြန်ထည့်လိုက်သည်။ သူသည် ခုတင်ပေါ်သို့ ပြန်လှဲကာ အိပ်ပျော်သွားတော့သည်။ သက်သောင့်သက်သာ အိပ်စက်ပြီးနောက် မွန်းလွဲပိုင်းတွင် နိုးလာခဲ့သည်။

"အလုပ်လုပ်ဖို့ အချိန်တန်ပြီ" လုံချန်းက ရေရွတ်ရင်း အဝတ်အစားများ ဝတ်ဆင်ကာ မျက်နှာဖုံးကို တပ်လိုက်သည်။ သူသည် အခန်းထဲမှထွက်ကာ တည်းခိုခန်းမှ ထွက်လာခဲ့သည်။ မေရွှီတော်ဝင်မိသားစု၏ ရထားလုံးနှင့် မြင်းများ မရှိတော့သော်လည်း သူပြောခဲ့သည့်မြင်းကို ချန်ထားခဲ့သည်ကို တွေ့ရသဖြင့် သူ ပြုံးလိုက်မိသည်။

လုံချန်းသည် မြင်းဇောင်းသို့ လျှောက်သွားသည်။ ထိုမြင်းအနားတွင် ရပ်ပြီး ထိတွေ့ရန် ကြိုးစားသော်လည်း မြင်းက ငြင်းဆန်နေသည်။

"မင်းက တော်တော်လေး ဇောင်းကြွတဲ့ကောင်ပဲ" လုံချန်းက ပြုံးလျက် ရေရွတ်ရင်း သူ၏ မြေကမ္ဘာအဆင့် အရှိန်အဝါကို ဖြည်းဖြည်းချင်း ထုတ်လွှတ်လိုက်ရာ မြင်းမှာ နောက်ဆုံးတွင် အညံ့ခံသွားတော့သည်။

"ဒီမြင်းကို ငါယူသွားလို့ ရပြီမလား" လုံချန်းက မြင်းဇောင်းစောင့်ကို မေးလိုက်သည်။

"ဟုတ်ကဲ့ပါ ဆရာကြီး။ ဒီမြင်းကို ယူလာတဲ့ ဧည့်သည်တွေ မထွက်ခွာခင် ကတည်းက ဒီမြင်းဟာ ဆရာကြီးပိုင်တယ်လို့ ပြောသွားခဲ့ပါတယ်" အစောင့်က လုံချန်းကို ကြည့်ကာ ပြန်ဖြေသည်။

"ငါ့အတွက် ခဏလောက် ထိန်းပေးထားပါဦး၊ မကြာခင် ပြန်လာယူမယ်" လုံချန်းက ပြုံးလျက် ပြောပြီး ထွက်ခွာလာခဲ့သည်။

ခဏမျှ လျှောက်လာပြီးနောက် ဆေးဖော်စပ်ခြင်းခန်းမ၏ အဝင်ဝသို့ ရောက်ရှိလာသည်။ သူ အထဲသို့ ဝင်လိုက်သည်နှင့် လူတိုင်း၏ အာရုံစိုက်မှုကို ခံလိုက်ရပြန်သည်။

"ဆရာကြီး ဘာများ ကူညီပေးရမလဲခင်ဗျာ" ဆေးဖော်စပ်ခြင်းခန်းမ ဝတ်စုံဝတ်ထားသူ တစ်ဦးက လုံချန်းအနားသို့ လာကာ မေးလိုက်သည်။

"ငါ ဝိညာဉ်သစ်သီးတွေ၊ ဆေးဖက်ဝင်အပင်တွေနဲ့ တခြား ဆေးဖော်စပ်တဲ့ ပစ္စည်းတွေကို ဝယ်ချင်လို့ပါ" လုံချန်းက ပြောလိုက်သော်လည်း မျက်နှာဖုံးကြောင့် သူ၏ အမူအရာကို မမြင်ရပေ။

"ဪ... ဟုတ်ကဲ့ပါ။ ပစ္စည်းတွေဝယ်ဖို့ ဒုတိယထပ်ကို သွားရပါမယ်။ ကျွန်တော် လမ်းပြပေးပါ့မယ်" ထိုလူက လုံချန်းကို ကြည့်ကာ ပြုံးလျက် ပြောသည်။ လုံချန်း၏ ပုံစံမှာ သံသယဖြစ်ဖွယ် ကောင်းနေသော်လည်း ဆေးဖော်စပ်ခြင်းခန်းမမှ ဝန်ထမ်းများမှာ ကျွမ်းကျင်စွာ လေ့ကျင့်ထားသူများ ဖြစ်သဖြင့် ပညာရှင်ဆန်စွာ ပြုမူကြသည်။

လုံချန်းသည် ထိုလူနောက်သို့ လိုက်လာကာ ဒုတိယထပ်သို့ ရောက်ရှိလာသည်။

"ဆရာကြီး လိုအပ်တဲ့ အပင်တွေနဲ့ ဆေးတွေကို ဟိုမှာ ရနိုင်ပါတယ်။ မမလေး မီယာက ဆရာကြီးကို ကူညီပေးပါလိမ့်မယ်" ထိုလူက ဒုတိယထပ်ရှိ ခန်းမကြီး၏ ရှေ့တွင် လူတစ်ယောက်နှင့် စကားပြောနေသော မိန်းကလေးကို ညွှန်ပြပြီးနောက် အောက်ထပ်သို့ ပြန်ဆင်းသွားသည်။ လုံချန်းသည် ထိုမိန်းကလေးထံသို့ လျှောက်သွားလိုက်သည်။

"ခွင့်ပြုပါဦး၊ ငါ ဝိညာဉ်သစ်သီးတချို့နဲ့ ဆေးဖက်ဝင်အပင်တွေကို ဝယ်ချင်လို့ပါ" လုံချန်းက သူမအနားသို့ ရောက်သောအခါ ဩဇာပါသော အသံတုဖြင့် ပြောလိုက်သည်။

ထိုမိန်းကလေးသည် လုံချန်းကို ခဏမျှသာ တစ်ချက်ကြည့်ပြီးနောက် သူမရှေ့မှ လူကိုသာ အာရုံပြန်စိုက်လိုက်သည်။

"ကျွန်မ အရေးကြီးတဲ့ ဧည့်သည်နဲ့ စကားပြောနေတာ မမြင်ဘူးလား။ ခဏစောင့်ဦး၊ မကြာခင် ရှင်လိုချင်တဲ့ အပင်တွေကို ကျွန်မ လုပ်ပေးမယ်" ထိုမိန်းကလေးက လုံချန်းကို လှည့်ပင်မကြည့်ဘဲ စိတ်တိုသောလေသံဖြင့် ပြောလိုက်သည်။

"ငါ အလျင်လိုနေတယ်" လုံချန်းက စိတ်ပျက်လက်ပျက်ဖြင့် ထပ်ပြောလိုက်သည်။

"အဲဒါ ဘာဖြစ်လဲ၊ ကျွန်မ မအားသေးဘူး" သူမက သူ့ကို လှည့်မကြည့်ဘဲ ဆက်ပြောနေဆဲပင်။

"ဆေးဖော်စပ်ခြင်းခန်းမက ဧည့်သည်တွေကို ဒီလိုပဲ ဆက်ဆံတာလား။ ဒီနေရာက ဒီလောက် မကောင်းတဲ့ နာမည်ကျော်ကြားမှုမျိုး ရှိနေတာ ငါ မသိခဲ့ဘူးပဲ" လုံချန်း၏ အသံတွင် မကျေနပ်မှုများ သိသာစွာ ပါဝင်နေသည်။

"ရှင်..." ထိုမိန်းကလေးသည် လုံချန်း၏ စကားကို ကြားသောအခါ ဒေါသထွက်သွားသည်။

"ခင်ဗျား... ခင်ဗျားက တကယ်ကို မလေးမစား လုပ်နေတာပဲ" မိန်းကလေးနှင့် စကားပြောနေသော လူက နောက်ဆုံးတွင် ဝင်ပြောလိုက်သည်။ သူသည် အသက် ၂၀ ကျော်ခန့်ရှိပုံရပြီး ချမ်းသာသော မိသားစုမှ ဖြစ်ပုံရသည်။

"ဪ... ငါကပဲ မလေးမစား လုပ်နေတာလား" လုံချန်းက ရယ်မောရင်း ပြန်မေးလိုက်သည်။

"ခင်ဗျားရဲ့ ရိုင်းစိုင်းတဲ့ လေသံကို ကျွန်တော် လုံးဝ သဘောမကျဘူး။ အခုချက်ချင်း ဒီနေရာကနေ ထွက်သွားပါ၊ ကျွန်တော်တို့ ခင်ဗျားကို ဝန်ဆောင်မှု မပေးနိုင်ဘူး" ထိုလူက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

"ငါ့ကို ထွက်သွားခိုင်းရအောင် မင်းက ဘာကောင်လဲ။ ဒီဆေးဖော်စပ်ခြင်းခန်းမရဲ့ တာဝန်ခံကို ခေါ်လိုက်စမ်း" လုံချန်းက ဩဇာပါသော အသံဖြင့် ပြောလိုက်သည်။

"ရှင်ကရော ဘယ်သူမို့လို့လဲ။ ဆရာကြီးကုက ရှင့်ကို မောင်းထုတ်ဖို့ ကိုယ်တိုင် ထွက်လာလိမ့်မယ် ထင်နေတာလား။ သခင်လေးရှုက ဆရာကြီးကုဆီမှာ ဆေးပညာ သင်နေတဲ့ တပည့်ရင်းပဲ။ သူ့ရဲ့စကားဟာ ဆရာကြီးကုရဲ့ စကားပဲ၊ ဒီခန်းမရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ပဲ" ထိုမိန်းကလေးက ဒေါသတကြီးဖြင့် လုံချန်းကို ကြည့်ကာ ပြောလိုက်သည်။

"ဟင်း... ငါက ပြဿနာမတက်ဘဲ ဒီမြို့ကနေ ထွက်သွားချင်တာ၊ ဒါပေမဲ့ ငါ့ကံကြမ္မာက အဲဒီလို မဟုတ်ပုံရဘူး။ မင်းတို့ ငါ့ကို ဘယ်လိုများ မောင်းထုတ်မလဲဆိုတာ ကြည့်ရသေးတာပေါ့" လုံချန်းက ပြုံးလျက် ပြောလိုက်သည်။ သူသည် အနားရှိ ထိုင်ခုံတစ်ခုတွင် ဝင်ထိုင်လိုက်ကာ စိတ်ဝင်တစား ကြည့်နေသည်။

"ခင်ဗျားရဲ့ စိန်ခေါ်မှုကို ကျွန်တော် လက်ခံလိုက်မယ်" တွမ်ရှု က လုံချန်းထံသို့ လျှောက်လာပြီး လည်ပင်းကော်လာကို ဆွဲမရန် လက်ကို ဆန့်ထုတ်လိုက်သည်။ သူ မမျှော်လင့်ထားဘဲ လုံချန်းက သူ၏ ညာလက်ကို လှုပ်ရှားလိုက်ရာ ခန်းမတစ်ခုလုံးတွင် ကျယ်လောင်သော အသံတစ်ခု ပဲ့တင်ထပ်သွားသည်။ တွမ်ရှုသည် လေထဲသို့ လွင့်စင်သွားကာ အဝေးသို့ ကျသွားတော့သည်။ သူ၏ ညာဘက်ပါးပြင်မှာ နီရဲလာပြီး လက်ဝါးရာကြီး ထင်ကျန်ကာ ရောင်ကိုင်းလာသည်။

"အစောင့်တွေ... တစ်ယောက်ယောက်က ဆေးဖော်စပ်ခြင်းခန်းမထဲမှာ အကြမ်းဖက်နေတယ်" ထိုမိန်းကလေးက ကျယ်လောင်စွာ အော်ဟစ်လိုက်သဖြင့် အစောင့်များ ရောက်လာကြသည်။ သူတို့အားလုံး လုံချန်းကို ဖမ်းဆီးရန် ပြေးဝင်လာကြသည်။

"ရှင့်ရဲ့ အရိုးတွေကို မချိုးခင် သခင်လေးရှုကို ဒူးထောက်တောင်းပန်ခိုင်းရမယ်" သူမက အစောင့်များ လုံချန်းကို တိုက်ခိုက်နေသည်ကို ကြည့်ကာ အဆိပ်ပြင်းသော မျက်နှာပေးဖြင့် ပြောလိုက်သည်။ သို့သော် ခဏချင်းတွင်ပင် အစောင့်အားလုံးမှာ လုံချန်း၏ လက်ချက်ဖြင့် မျက်တောင်တစ်ခတ်အတွင်း ကြမ်းပြင်ပေါ်တွင် လဲကျသွားသဖြင့် သူမ၏ ကမ္ဘာကြီး ပြောင်းပြန်ဖြစ်သွားတော့သည်။ နာကျင်စွာ ညည်းတွားသံများ ခန်းမတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။

"ဘယ်အရိုးကို ချိုးချင်တာလဲ။ လက်ကို ပြောတာလား" လုံချန်းက တွမ်ရှု၏ လက်ပေါ်သို့ အင်အားဖြင့် နင်းချလိုက်ရာ အရိုးကျိုးသံနှင့်အတူ တွမ်ရှု၏ နာကျင်စွာ အော်ဟစ်သံကြီး ထွက်ပေါ်လာလေတော့သည်။

All Chapters