အခန်း (၁၄၇-၁၄၈)
Vol. 15 Ch. 147-148
အခန်း (၁၄၇) သန့်စင်သော ဂုဏ်သတင်းကို ဖျက်ဆီးခြင်း
"ဘယ်အရိုးကို ချိုးချင်တာလဲ။ လက်ကို ပြောတာလား" လုံချန်းက တွမ်ရှု၏ လက်ပေါ်သို့ အင်အားဖြင့် နင်းချလိုက်ရာ အရိုးကျိုးသံနှင့်အတူ တွမ်ရှု၏ နာကျင်စွာ အော်ဟစ်သံကြီး ထွက်ပေါ်လာလေတော့သည်။
"ရပ်လိုက်စမ်း၊ သခင်လေးရှုကို လွှတ်လိုက်စမ်း။ ရှင် ဘယ်သူနဲ့ လာကစားနေမိလဲဆိုတာ မသိဘူးထင်တယ်။ အခုချက်ချင်း သူ့ကို မလွှတ်ပေးရင် ရှင် တစ်သက်လုံး နောင်တရသွားစေရမယ်" မိန်းကလေးက ကျယ်လောင်စွာ အော်ပြောလိုက်သည်။
လုံချန်းက သူမကို ကြည့်ကာ ပြုံးလိုက်သည်။ မျက်နှာဖုံးက မျက်နှာကို ဖုံးထားသော်လည်း သူမကို စိုက်ကြည့်နေသည့် သူ၏ မျက်လုံးများကိုတော့ အထင်းသား မြင်နေရသည်။ လုံချန်းသည် ရပ်နေရာမှ မျက်တောင်တစ်ခတ်အတွင်း ထိုမိန်းကလေး၏ ဘေးနားသို့ ရောက်ရှိသွားသည်။ သူမ တုံ့ပြန်ချိန်ပင် မရလိုက်ခင်မှာပင် လက်တစ်ဖက်က သူမ၏ လည်ပင်းဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။
လက်က သူမကို မထိမိခင်မှာပင် အားကောင်းသော အရှိန်အဝါတစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး မိန်းကလေးကို ဘေးသို့ တွန်းထုတ်လိုက်သည်။ လုံချန်း၏လက်မှာ ဟာလာဟင်းလင်း လေထုကိုသာ ဆုပ်ကိုင်မိလိုက်သည်။
မုတ်ဆိတ်ဖြူနှင့် အဘိုးအိုတစ်ဦးသည် လုံချန်းအနားတွင် ရပ်နေပြီး ထက်ရှသော အကြည့်များဖြင့် သူ့ကို စိုက်ကြည့်နေသည်။
"လေးစားအပ်တဲ့ ပုဂ္ဂိုလ်အနေနဲ့ ဆေးဖော်စပ်ခြင်းခန်းမထဲမှာ ဒီလိုဆူညံမှုတွေ ဖန်တီးတာဟာ ဘယ်လောက်ကြီးမားတဲ့ ပြစ်မှုလဲဆိုတာ သိရဲ့လား" မုတ်ဆိတ်ရှည်နှင့် အဘိုးအိုက လေးနက်သော အသံဖြင့် လုံချန်းကို ကြည့်ကာ မေးလိုက်သည်။
"မင်းက သူတို့ပြောနေကြတဲ့ ဌာနခွဲတာဝန်ခံ ဆရာကြီးကု ဖြစ်ရမယ်။ ဆရာကြီးကု... ငါ ဘာလုပ်နေလဲဆိုတာ ငါသိပါတယ်။ ဒီဆေးဖော်စပ်ခြင်းခန်းမက မောက်မာတဲ့ လူငယ်တွေကို ဘဝသင်ခန်းစာ ပေးနေတာပဲ။ တချို့လူတွေကို ဘယ်တော့မှ မစော်ကားမိဖို့ သူတို့ သင်ယူဖို့ လိုနေတယ်" လုံချန်းက ရယ်မောရင်း ပြန်ပြောလိုက်သည်။
"ငါ့ရဲ့ ဆေးဖော်စပ်ခြင်းခန်းမက လူတွေကို သင်ခန်းစာပေးဖို့က မင်းရဲ့ တာဝန်မဟုတ်ဘူးလို့ ငါ ထင်တယ်" ဆရာကြီးကုက နာကျင်စွာ ညည်းတွားနေသော တုံရှုကို ကြည့်ရင်း လေးနက်သော မျက်နှာပေးဖြင့် ပြန်ပြောသည်။
"ဪ... ဆေးဖော်စပ်ခြင်းခန်းမက လူတွေမှာပဲ ဧည့်သည်ကို တိုက်ခိုက်ပိုင်ခွင့်ရှိပြီး၊ တခြားလူတွေမှာတော့ ပြန်ပြီး ခုခံပိုင်ခွင့် မရှိဘူးလို့ ဆရာကြီးကုက ယူဆနေတာလား" လုံချန်းက ပေါ့ပါးသော အသံဖြင့် ပြန်ပြောလိုက်သော်လည်း မျက်နှာဖုံးအောက်တွင်တော့ သူ မျက်မှောင်ကြုတ်နေမိသည်။ အဘယ်ကြောင့်ဆိုသော် ဤအဘိုးကြီး၏ ကျင့်ကြံမှုကို သူ မမြင်ရသောကြောင့်ပင်။ ထိုအချက်က တစ်ခုတည်းကိုသာ ညွှန်ပြနေသည်။ သူ၏ အဆင့်အမှန်မှာ ရွှေအမြုတေအဆင့်ထက် မြင့်မားနေသည်။ သူသည် စစ်မှန်သော မြေကမ္ဘာအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ လုံချန်းသည် ဤလူ၏ မြေကမ္ဘာအဆင့်အတွင်း အဆင့်အမှန်ကို မသိသော်လည်း အဆင့်နိမ့်တစ်ခု ဖြစ်ပါစေဟုသာ ဆုတောင်းနေမိသည်။ တကယ်လို့ သူက မြေကမ္ဘာအဆင့် အဆင့် ၈ အောက်မှာဆိုလျှင် လုံချန်း၏ ဟန်ဆောင်ထားသော မြေကမ္ဘာအဆင့် အဆင့် ၈ အရှိန်အဝါဖြင့် သူ့ကို လွှမ်းမိုးနိုင်ကောင်း လွှမ်းမိုးနိုင်လိမ့်မည်။
ဆရာကြီးကုသည် တွမ်ရှုနှင့် သူခုနက ကယ်တင်လိုက်သော မိန်းကလေးကို မေးခွန်းထုတ်သည့် လေသံဖြင့် ကြည့်လိုက်သည်။
"ဒီပုဂ္ဂိုလ် ပြောနေတာ အမှန်ပဲလား" သူက မိန်းကလေးကို စူးစမ်းသော အကြည့်ဖြင့် မေးလိုက်သည်။
"မဟုတ်ပါဘူး ဆရာကြီး။ သူက လုံးဝ လိမ်ပြောနေတာ။ သူက အပင်တွေ ဝယ်ချင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ခန်းမထဲကို ဝင်လာတာ။ ခန်းမထဲမှာ ကျွန်မတစ်ယောက်တည်း ရှိနေတာကို တွေ့တော့ ကျွန်မကို မလေးမစား လုပ်ပြီး မဖွယ်မရာတွေ လာထိကိုင်တာ။ သခင်လေးရှု အချိန်မီ ရောက်လာပြီး သူ့ကို တားဖို့ ကြိုးစားပေမဲ့ သူက ပြန်ပြီး ရက်ရက်စက်စက် တိုက်ခိုက်ခဲ့တာပါ။ ကျွန်မတို့ ကိုယ်ကိုကို ကယ်ဖို့ အစောင့်တွေကို ခေါ်ခဲ့ပေမဲ့ သူက အစောင့်တွေထက် သန်မာနေတော့ သူတို့ကိုလည်း နှိမ်နင်းလိုက်တာပဲ။ ဆရာကြီး ရောက်လာပြီး ကျွန်မကို ဘေးတွန်းထုတ်လိုက်တဲ့ အချိန်မှာ သူက ကျွန်မကို တိုက်ခိုက်ဖို့ လုပ်နေတာပါ။ တကယ်လို့ ဆရာကြီး အချိန်မီ ရောက်မလာဘူးဆိုရင် ဒီမိစ္ဆာက ကျွန်မတို့ကို သတ်ပစ်မှာ" ထိုမိန်းကလေးသည် မျက်ရည်များ ဝဲလျက် ဆရာကြီးကုကို ကြည့်ကာ ကျယ်လောင်စွာ အော်ပြောတော့သည်။
လုံချန်းသည် မိန်းကလေး၏ စကားများကို ကြားသောအခါ အော်ဟစ်ရယ်မောလိုက်မိသည်။ အခြားလူများက သူ့ကို စိုက်ကြည့်နေကြသော်လည်း သူကတော့ ခဏမျှ အားရပါးရ ဆက်တိုက် ရယ်မောနေခဲ့သည်။
"ငါ့ဘဝတစ်လျှောက်မှာ အရှက်မရှိတဲ့ လူအများကြီးကို တွေ့ဖူးပါတယ်၊ ဒါပေမဲ့ မင်းလောက် အရှက်မရှိတဲ့သူမျိုးကိုတော့ တစ်ခါမှ မမြင်ဖူးသေးဘူး" လုံချန်းက ရယ်သံကို အနိုင်နိုင် ထိန်းလိုက်ပြီး သူ၏ ရွှေရောင်မျက်လုံးများဖြင့် မိန်းကလေးကို စိုက်ကြည့်ကာ ပြောလိုက်သည်။
"မင်းက ဆေးဖော်စပ်ခြင်းခန်းမထဲမှာ အကြမ်းဖက်ခဲ့တယ်၊ ပြီးတော့ မျက်နှာကိုလည်း ဖုံးထားတယ်။ ငါ့လူတွေရဲ့ စကားထက် မင်းစကားကို ဘာလို့ ယုံကြည်ရမလဲဆိုတာ ပြောစမ်းပါဦး" ဆရာကြီးကုက လုံချန်းကို ကြည့်ကာ မေးသည်။
"တကယ်လို့ ဆရာကြီးကု အနေနဲ့ ဒီနေ့ကို တစ်သက်လုံး နောင်တမရချင်ဘူးဆိုရင်တော့ အကြောင်းပြချက်တစ်ခုခုကို တွေးမိလိမ့်မယ်လို့ ငါ ယုံကြည်ပါတယ်" လုံချန်းက ရယ်မောရင်း ပြောလိုက်သည်။
"မင်းပြောတာ မှန်တယ်၊ ငါ စဉ်းစားလို့ရတဲ့ အကြောင်းပြချက် တချို့ ရှိပါတယ်။ ပထမဆုံးအနေနဲ့ ငါ မင်းရဲ့ ကျင့်ကြံမှုကို မမြင်ရဘူး။ အဲဒါက မင်း ကျင့်ကြံမှုကို ဖုံးကွယ်တဲ့ ရတနာတစ်ခုခု သုံးနေတာ ဒါမှမဟုတ် ငါ့ထက် အများကြီး ပိုသန်မာနေတာ တစ်ခုခုပဲ ဖြစ်ရမယ်။ မင်းက ဆေးဖော်စပ်ခြင်းခန်းမထဲမှာ တစ်ယောက်ယောက်ကို တိုက်ခိုက်ရဲတယ်ဆိုတော့ ဒုတိယအချက် ဖြစ်လိမ့်မယ်လို့ ငါ ယူဆတယ်" ဆရာကြီးကုက ပြုံးလျက် ပြောလိုက်သည်။ ထိုစကားကို ကြားသောအခါ မိန်းကလေးနှင့် တွမ်ရှုမှာ အကြီးအကျယ် တုန်လှုပ်သွားကြသည်။ သူတို့သည် မြေကမ္ဘာအဆင့် ကျင့်ကြံသူတစ်ဦးကို စော်ကားမိသွားပြီဆိုသည်ကို သိလိုက်ရသောကြောင့် ဖြစ်သည်။
လုံချန်းသည် မျက်နှာဖုံးအောက်တွင် ပြုံးလိုက်မိပြီးမှ သက်ပြင်းချနိုင်တော့သည်။ ဤလူသည် သူ၏ ဟန်ဆောင် ကျင့်ကြံမှုအဆင့်ထက် အားနည်းသည်ကို သူ အတည်ပြုနိုင်လိုက်ပြီ ဖြစ်သည်။
"မင်းရဲ့ ခန့်မှန်းချက်က မှန်ပါတယ်" လုံချန်းက ရယ်မောရင်း သူ၏ မြေကမ္ဘာအဆင့် အဆင့် ၈ အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ အဘိုးအိုသည် ထိုအရှိန်အဝါကို ခံစားလိုက်ရသောအခါ မျက်မှောင်ကြုတ်သွားမိသည်။ သူသည် မြေကမ္ဘာအဆင့် အဆင့် ၁ သာ ရှိသေးသဖြင့် ဤအရှိန်အဝါ၏ အစစ်အမှန် အင်အားကို မခန့်မှန်းနိုင်သော်လည်း၊ ၎င်းသည် မြေကမ္ဘာအဆင့်၏ ထိပ်သီး သို့မဟုတ် ထိုထက် မြင့်မားသော ကျင့်ကြံသူတစ်ဦး၏ အရှိန်အဝါ ဖြစ်ကြောင်း သိလိုက်သည်။
"မင်းရဲ့ တပည့်ကို အမူအရာတွေ သင်ပေးသင့်တယ်၊ အထူးသဖြင့် မင်းနောက်က မိန်းကလေးပေါ့။ စီနီယာတစ်ယောက်ကို တိုက်ခိုက်တာက ဆိုးလှပြီ၊ အခုတော့ ငါ့ကို မဟုတ်မမှန် စွပ်စွဲဖို့အထိ လုပ်ရဲတယ်ပေါ့။ တကယ်လို့ ငါ့အစား တခြားလူဆိုရင် သူမရဲ့ခေါင်းက အခုလောက်ဆို ကြမ်းပြင်ပေါ် ရောက်နေလောက်ပြီ။ ငါက အရမ်း သဘောထားကြီးလို့သာ သူမ အခုထိ အသက်ရှင်နေတာ"
"စီနီယာ... စီနီယာ... ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ။ ကျွန်တော် တကယ့်ကို ကြီးမားလှတဲ့ အမှားကြီးကို လုပ်မိသွားပါတယ်" တွမ်ရှု၏ ဉာဏ်က အလုပ်အမြန် လုပ်သွားသည်။ လုံချန်း၏ ဒေါသက မိန်းကလေးအပေါ် ရောက်နေချိန်ကို အခွင့်ကောင်းယူကာ သူက မျက်ရည်များ ကျလျက် ခွင့်လွှတ်ရန် စတင် တောင်းပန်တော့သည်။
လုံချန်းက တုံရှု၏လက်ပေါ်မှ သူ၏ခြေထောက်ကို ဖယ်လိုက်ပြီး ဆရာကြီးကုထံသို့ လျှောက်သွားလိုက်သည်။
"ဒီမိန်းကလေးက ငါလိုချင်တဲ့ အပင်တွေကို ပေးဖို့ အားမနေခဲ့ဘူး... ငါ့ကို တစ်ချိန်လုံး ကျိန်ဆဲခဲ့တဲ့အပြင် ငါ့ရဲ့ သန့်စင်တဲ့ ဂုဏ်သတင်းကိုပါ ဖျက်ဆီးဖို့ ကြိုးစားခဲ့တယ်။ သူမကို သင့်တော်တဲ့ အပြစ်ပေးမှု မင်းပေးမလား၊ ဒါမှမဟုတ် ငါ့ဘာသာပဲ လုပ်ရမလား" လုံချန်းက ဩဇာပါသော အသံဖြင့် ဆရာကြီးကုကို စိုက်ကြည့်ကာ မေးလိုက်သည်။
"ဒါတွေက အမှန်ပဲလား။ မင်း သူ့ကို ဝန်ဆောင်မှုပေးဖို့ ငြင်းဆန်ခဲ့ပြီး မဟုတ်မမှန် စွပ်စွဲခဲ့တာလား။ ငါ့ကို လိမ်ဖို့ ကြိုးစားရင်တော့ မင်းရဲ့အဆုံးသတ်က မကောင်းဘူးလို့ ငါ ကတိပေးတယ်" ဆရာကြီးကုက ရက်စက်သော မျက်နှာပေးဖြင့် မိန်းကလေးကို ကြည့်လိုက်သည်။ မိန်းကလေးမှာ ကြောက်လန့်တကြား နောက်သို့ တစ်လှမ်းဆုတ်လိုက်မိသည်။
"ကျွန်မ... ကျွန်မ တောင်းပန်ပါတယ်... ကျွန်မ လိမ်ခဲ့တာပါ.... ကျေးဇူးပြုပြီး ကျွန်မကို မသတ်ပါနဲ့... " သူမသည် ဒူးထောက်ကျလျက် အော်ဟစ် အသနားခံလေတော့သည်။
အခန်း (၁၄၈) ဆေးပညာရှင် အဆင့်
"ကျွန်မ... ကျွန်မ တောင်းပန်ပါတယ်... ကျွန်မ လိမ်ခဲ့တာပါ.... ကျေးဇူးပြုပြီး ကျွန်မကို မသတ်ပါနဲ့... " သူမသည် ဒူးထောက်ကျလျက် အော်ဟစ် အသနားခံလေတော့သည်။
"ဒီလိုကိစ္စမျိုး လုပ်ရဲတယ်ပေါ့ ဟုတ်လား။ သူ့ကို မလေးမစား လုပ်တာ ထားပါဦး၊ မြေကမ္ဘာအဆင့် ကျင့်ကြံသူတစ်ယောက်ကိုတောင် မဟုတ်မမှန် စွပ်စွဲရဲတယ်လား။ မင်းက ဆေးဖော်စပ်ခြင်းခန်းမမှာ အကြာကြီး အလုပ်လုပ်ခဲ့လို့သာပေါ့၊ မဟုတ်ရင် မင်းကို ငါကိုယ်တိုင် သတ်ပစ်လိုက်ပြီ။ မင်းရဲ့ လုပ်သက်ကို ထောက်ထားတဲ့အနေနဲ့ရော၊ ဆေးဖော်စပ်ခြင်းခန်းမထဲမှာ သွေးမြေမကျချင်တာကြောင့်ရော ငါ မင်းကို တခြားအပြစ်ပေးမယ်။ သူ့ရှေ့မှာ ၁၀ ကြိမ် ဒူးထောက်ဦးတိုက်ပြီး ခွင့်လွှတ်ဖို့ တောင်းပန်ပါ။ ပြီးရင် ဒီနေရာကနေ ထာဝရ ထွက်သွားတော့၊ ဆေးဖော်စပ်ခြင်းခန်းမကိုလည်း ဘယ်တော့မှ ပြန်မလာနဲ့။ ဒီအချိန်ကစပြီး မင်းဟာ ဆေးဖော်စပ်ခြင်းခန်းမရဲ့ ယုံကြည်မှုကို သစ္စာဖောက်ပြီး ခန်းမရဲ့ ဂုဏ်သတင်းကို ဖျက်ဆီးခဲ့တဲ့ မိန်းကလေးအဖြစ် လူသိရှင်ကြား ဖြစ်သွားစေရမယ်" ဆရာကြီးကုက ဒေါသတကြီးဖြင့် မိန်းကလေးကို ကြည့်ကာ ပြောလိုက်သည်။
"စီနီယာ... ကျွန်တော်မျိုး ပေးလိုက်တဲ့ အပြစ်ပေးမှုအပေါ် စိတ်ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်။ သူမ လုပ်ခဲ့တဲ့ ပြစ်မှုနဲ့စာရင် မလေးလံပေမဲ့ သူမကို ထပ်ပြီး မနာကျင်စေပါနဲ့လို့ ကျွန်တော်မျိုး တောင်းဆိုချင်ပါတယ်။ သူမက ကြီးမားတဲ့ အမှားကို လုပ်ခဲ့တာ မှန်ပေမဲ့ အသတ်ခံရတာမျိုးတော့ မမြင်ချင်ပါဘူး" ဆရာကြီးကုက တိုးညင်းသော လေသံဖြင့် ပြောလိုက်သည်။
"ကောင်းပြီ" လုံချန်းက စကားတစ်ခွန်းတည်းသာ ပြန်ပြောလိုက်သည်။
'ဘုန်း... ဘုန်း... ဘုန်း...' လုံချန်း စိတ်မပြောင်းခင်မှာပင် ထိုမိန်းကလေးသည် လုံချန်း၏ ရှေ့တွင် ကြမ်းပြင်နှင့် နဖူးတိုက်၍ ဦးချသံများ ထွက်ပေါ်လာသည်။ သူမသည် ၁၀ ကြိမ်တိတိ ဦးချပြီးနောက် မျက်ရည်များ၊ ဖူးရောင်နေသော နဖူးနှင့်အတူ ထရပ်ကာ အောက်ထပ်လှေကားဆီသို့ အမြန်ပြေးဆင်းသွားတော့သည်။
"ကျွန်တော်တို့ ဆေးဖော်စပ်ခြင်းခန်းမမှာ စီနီယာ ဒီလို ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့အတွက် တောင်းပန်ပါတယ်။ နောက်မှ ပြန်ပြီး အစားထိုး ကူညီပေးပါ့မယ်" အဘိုးအိုက အခြေအနေကို ပေါ့ပါးသွားစေရန် ပြုံးလျက် ပြောလိုက်သည်။
"တတိယထပ်ကို သွားကြရအောင်။ အဲဒီမှာ စီနီယာ လိုအပ်တဲ့ အပင်တွေအကြောင်းကို အေးအေးဆေးဆေး စကားပြောလို့ ရတာပေါ့" ဆရာကြီးကု၏ ဖိတ်ခေါ်မှုကို လုံချန်းက သဘောတူလိုက်ပြီး တွမ်ရှုကို ထားရစ်ကာ တတိယထပ်သို့ လိုက်သွားခဲ့သည်။
လုံချန်းနှင့် ဆေးဖော်စပ်ခြင်းခန်းမ၏ ဌာနခွဲတာဝန်ခံ ဆရာကြီးကုတို့သည် တတိယထပ်ရှိ ထိုင်ခုံများတွင် မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။
"ကဲ... စီနီယာ၊ ဘယ်လိုပစ္စည်းတွေ လိုအပ်ပါသလဲ" ဆရာကြီးကုက မေးသည်။
"၁၀ နှစ်သက်တမ်းရှိတဲ့ ဂျင်ဆင်း၊ အနှစ်၂၀ သက်တမ်းရှိတဲ့ အနက်ရောင် ဆောင်းနှင်းပန်း၊ ၅ နှစ်အောက် ပွေးကိုင်း၊ ၁၀ နှစ်သက်တမ်းရှိတဲ့ ပိုင်ကျူး၊ ဝိညာဉ်ဂျင်း၊ လတ်ဆတ်တဲ့ ဖူလင်..." လုံချန်းသည် သူ၏ အစောပိုင်း ဆေးဖော်စပ်မှု လေ့ကျင့်ခန်းများတွင် အသုံးပြုနိုင်မည့် အပင်နှင့် သစ်သီး အမည်များကို ဆက်တိုက် ပြောပြနေသည်။ သူ၏ ဆေးဖော်စပ်ခြင်းဆိုင်ရာ အသိပညာမှာ အတော်လေး ကောင်းမွန်နေပြီဖြစ်သဖြင့် မည်သည့်အပင်များ ရယူရမည်ကို ဆုံးဖြတ်ရန် လွယ်ကူနေသည်။
"...နောက်ဆုံးအနေနဲ့ ၅၀ နှစ်သက်တမ်းရှိတဲ့ ကန်းချောင်တစ်ခုပဲ" လုံချန်းက ပြောပြီးနောက် အသက်ကို ဝဝရှူလိုက်သည်။
"အင်း... စီနီယာ လိုချင်တဲ့ အပင်အများစုကတော့ ရှိပါတယ်၊ ဒါပေမဲ့ အကုန်လုံးတော့ မဟုတ်ဘူး။ စီနီယာ ပြောသွားတဲ့ အပင်တချို့က အတော်လေး ရှားပါးပြီး ကျွန်တော်တို့ ဌာနခွဲမှာ မရှိဘူး။ တခြားဌာနခွဲတွေဆီကနေ လှမ်းမှာပေးရပါလိမ့်မယ်"
"ရပါတယ်။ မရှိတဲ့အရာတွေကိုတော့ ထားလိုက်ပါတော့၊ ငါက ဒီမှာ အကြာကြီး နေမှာမဟုတ်ဘူး။ ငါ့ရဲ့ ခရီးစဉ်အတွင်းမှာ တခြား ဆေးဖော်စပ်ခြင်းခန်းမ ခွဲတွေကနေပဲ ဝယ်လိုက်ပါ့မယ်" လုံချန်းက ပြုံးလျက် ပြောလိုက်သည်။
"စီနီယာရဲ့ နားလည်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါနဲ့... စီနီယာကလည်း ဆေးပညာရှင် တစ်ယောက်လား။ ကျွန်တော် အဲဒီလို ခံစားနေရလို့ပါ" ဆရာကြီးကုက ပြုံးလျက် မေးလိုက်သည်။
"ခရီးသွားရင်း ပျင်းလာတဲ့အခါမျိုးမှာ ဆေးဖော်စပ်တာမျိုး တချို့တော့ လုပ်ဖြစ်ပါတယ်" လုံချန်းက အေးအေးဆေးဆေးပင် ပြန်ဖြေသည်။
"စီနီယာ ဝယ်နေတဲ့ အပင်အများစုက အဆင့်နိမ့် ဆေးဖော်စပ်မှုတွေမှာ သုံးတာများတယ်နော်။ တပည့်အတွက် ဝယ်ပေးတာလား" ဆရာကြီးကုက စဉ်းစားဟန်ဖြင့် မေးသည်။
"ဪ... မင်းပြောတာ မှန်ပါတယ်။ ငါ ပြန်ရောက်ရင် ငါ့မြေးလေးကို ဆေးဖော်စပ်နည်း သင်ပေးမလို့ စဉ်းစားထားတာ။ ဒီနေ့မနက်မှ ဒီအတွေးက ဝင်လာတာနဲ့ လိုအပ်တဲ့ ပစ္စည်းတွေ လာဝယ်တာပဲ။ ငါ ပြန်ရောက်တဲ့အခါ ငါ့ဆီက ဆေးဖော်စပ်ခြင်းခန်းမ ခွဲမှာလည်း ဝယ်လို့ရပေမဲ့၊ အခြေခံ အပင်လေးတွေအတွက်နဲ့ မင်းတို့ရဲ့ အကြီးအကဲတွေကို သွားပြီး မနှောင့်ယှက်ချင်လို့ပါ" လုံချန်းက အသက်ကြီးသူတစ်ဦး၏ လေသံဖြင့် ပြုံးလျက် ပြောလိုက်သည်။
"ဪ... တကယ်ကို ကြင်နာတတ်တာပဲ။ စီနီယာ့မြေးလေးက အခု ဘယ်နှစ်နှစ်ရှိပြီလဲ"
"ဒီနှစ်ဆိုရင် ၅ နှစ် ပြည့်ပြီ" လုံချန်းက ပြောလိုက်သည်။
"အိုး... ကောင်းတာပေါ့! ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဆေးဖော်စပ်နည်း သင်ပေးတာဆိုတော့ သူက အနာဂတ်မှာ ထူးချွန်တဲ့ ဆေးဖော်စပ်သူ ဖြစ်လာမှာ သေချာပါတယ်" ဆရာကြီးကုက ပြုံးလျက် ချီးမွမ်းသည်။
"ကွမ်ကျိ " သူက ကျယ်လောင်စွာ လှမ်းခေါ်လိုက်သည်။ ခဏအကြာတွင် ဆေးဖော်စပ်ခြင်းခန်းမ ဝတ်စုံဝတ်ထားသူတစ်ဦး ဝင်လာခဲ့သည်။
"ဒီစာရင်းထဲက အပင်တွေအားလုံးကို ယူလာခဲ့။ ပြီးတော့ ဒီနေ့မှ အထက်ဌာနက ပို့လိုက်တဲ့ အရာကိုပါ တစ်ခါတည်း ယူလာခဲ့ပါ" ဆရာကြီးကုက စာရင်းကို ပေးရင်း ပြောလိုက်သည်။
ထိုလူက ဘာမှမပြောဘဲ အပြင်သို့ ပြန်ထွက်သွားသည်။ ဆရာကြီးကု ပြောလိုက်သော အထက်ဌာနက ပို့လိုက်သည့် အရာမှာ ဘာဖြစ်နိုင်သနည်းဟု လုံချန်း တွေးမိသော်လည်း မမေးတော့ရန် ဆုံးဖြတ်လိုက်သည်။ လုံချန်းနှင့် ဆရာကြီးကုတို့သည် ခဏမျှ ဆက်လက် စကားပြောနေကြသည်။
"စီနီယာ... ကျွန်တော်မျိုး မေးခွန်းတစ်ခု မေးလို့ရမလား။ သိချင်ရုံသက်သက်ပါ၊ စီနီယာရဲ့ ဆေးပညာရှင် အဆင့်က ဘယ်လောက်လဲဟင်။ အတော်လေး မြင့်တဲ့အဆင့် ဖြစ်မှာပဲ" ဆရာကြီးကုက လုံချန်းကို ကြည့်ကာ ရုတ်တရက် မေးလိုက်သည်။
"ငါလား... မင်းတို့ခေါ်တဲ့အတိုင်းဆိုရင်တော့ အဆင့် ၉ ဝိညာဉ်အဆင့် ဆေးဖော်စပ်သူ လို့ ပြောရမှာပေါ့" လုံချန်းက ပြန်ဖြေလိုက်သည်။ သို့သော် သူက စကားတစ်ခွန်းကိုတော့ တမင် ချန်လှပ်ထားလိုက်သည်၊ ထိုစကားမှာ သီအိုရီအရဟူသော စကားပင်။ လုံချန်းသည် အခုထက်ထိ သီအိုရီဗဟုသုတသာ ရှိသေးသဖြင့် တကယ့် ဆေးဖော်စပ်သူအစစ် မဟုတ်သေးပေ။
ဆရာကြီးကုသည် ထိုစကားကို ကြားသောအခါ အံ့အားသင့်လွန်းသဖြင့် ထိုင်ခုံမှပင် ထရပ်လိုက်မိသည်။
"အဲဒီလောက်ကြီး မကောင်းလှပေမဲ့၊ ဒါက ငါ့ရဲ့ အဆင့်ပါပဲ" လုံချန်းက ဆရာကြီးကု၏ မျက်နှာပေးကို ကြည့်ကာ သဘောကျလျက် ပြန်ပြောလိုက်သည်။
ဆရာကြီးကု၏ မျက်နှာမှာ ထူးဆန်းသွားပြီး ဘာမှမပြောဘဲ ပြန်ထိုင်လိုက်သည်။
"ဒါဆို မင်းရဲ့အဆင့်ကရော ဘယ်လောက်လဲ" လုံချန်းက မေးလိုက်သည်။
"စီနီယာနဲ့ မတူပါဘူး၊ ကျွန်တော့်ကတော့ အဆင့် ၅ လူသားအဆင့် ဆေးဖော်စပ်သူ ပါပဲ။ ကျွန်တော့်တစ်သက်လုံး ဒီအဆင့်မှာပဲ ရှိနေလိမ့်မယ်လို့ ထင်ပါတယ်" ဆရာကြီးကုက စိတ်ပျက်လက်ပျက်ဖြင့် ပြောသည်။
"စီနီယာ့ရဲ့ တရားဝင် ဆေးဖော်စပ်သူအဆင့် တံဆိပ် လေးကို ကျွန်တော်မျိုးကို ပြလို့ရမလား။ ဒီလောက် မြင့်မားတဲ့ အဆင့်ရှိတဲ့ ပညာရှင်မျိုးနဲ့ တစ်ခါမှ မဆုံဖူးလို့ အဆင့်မြင့်တံဆိပ်က ဘယ်လိုပုံစံမျိုးလဲဆိုတာ သိချင်လို့ပါ" ဆရာကြီးကုက တောင်းဆိုသော အကြည့်ဖြင့် မေးလိုက်လေတော့သည်။