← Chapters

အခန်း (၁၄၉-၁၅၀)

Vol. 15 Ch. 149-150

အခန်း (၁၄၉-၁၅၀)

Vol. 15 Ch. 149-150

အခန်း (၁၄၉) မင်းက တုံးလှချည်လား

"ငါလား... ငါ့မှာ တံဆိပ်မပါလာဘူး။ ငါ့ကိုယ်ငါ အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်နေတဲ့ ဆေးပညာရှင်တစ်ယောက်လို့ မယူဆထားလို့ပဲ။ ဒါက ငါ့အတွက်တော့ ဝါသနာသက်သက်ပဲလေ" လုံချန်းက ပြုံးလျက် ပြန်ဖြေလိုက်သည်။

"ဪ... စီနီယာက တံဆိပ်ကို ဆောင်မထားဘူးလို့ ပြောတာလား။ သိချင်ရုံသက်သက်ပါ၊ စီနီယာက ဘယ်ဆေးပညာရှင်ခန်းမခွဲနဲ့ ဆက်နွှယ်နေတာလဲဟင်" ဆရာကြီးကုက သံသယဖြစ်ဖွယ် အမူအရာဖြင့် မေးလိုက်သည်။

လုံချန်းသည် အဖြေတစ်ခုကို စဉ်းစားရင်း စကားလုံးများမှာ ဆို့နင့်သွားမိသည်။ ဆေးပညာရှင်ခန်းမ၏ အဆင့်မြင့်ဌာနခွဲများ မည်သည့်နေရာတွင် တည်ရှိသည်ကို သူ ကောင်းကောင်းမသိသလို၊ အရှေ့ကလူက ဌာနခွဲအားလုံးအကြောင်း သိနေပါက သူ၏လိမ်ညာမှုမှာ ပေါ်သွားနိုင်သဖြင့် အမည်တစ်ခုကို လွယ်လွယ်နှင့် လုပ်မပြောရဲပေ။

"ငါလား... ငါက ဘယ်ဌာနခွဲနဲ့မှ အမြဲတမ်း ဆက်နွှယ်မနေဘူး။ ငါပြောသလိုပဲ ဒါက ငါ့အတွက် အသက်မွေးဝမ်းကျောင်း မဟုတ်ဘဲ ဝါသနာပဲ။ ငါရောက်နေတဲ့ ဒေသမှာရှိတဲ့ ဘယ်ဌာနခွဲမှာမဆို ငါ့ကိုယ်ငါ စမ်းသပ်တဲ့ အတွေ့အကြုံအနေနဲ့ အဆင့်မြှင့်တင်ရေး စာမေးပွဲတွေ သွားဖြေလေ့ရှိပေမဲ့ ဘယ်ဌာနခွဲမှာမှတော့ အခြေမချဘူး" လုံချန်းက သူ၏ ရွှေရောင်မျက်လုံးများဖြင့် ထိုလူကို စိုက်ကြည့်ကာ ယုံကြည်မှုအပြည့်နှင့် ပြန်ဖြေလိုက်သည်။

'ဒီရှင်းပြချက်က တစ်ခုခုတော့ မှားနေသလိုပဲ။ သူက အဆင့်မြင့်ဆေးပညာရှင်တစ်ယောက်လို့ ကြွားနေတာများလား။ ဒီလောက်သန်မာတဲ့ ကျင့်ကြံသူတစ်ယောက်အတွက်တော့ ဒါက တော်တော် အရှက်မရှိတဲ့ အပြုအမူပဲ၊ ဒါပေမဲ့ ဖြစ်နိုင်ခြေတော့ ရှိတာပဲ' ဆရာကြီးကုသည် သံသယအကြည့်ဖြင့် တွေးနေမိသည်။

"ဪ... အဲဒါကလည်း ဖြစ်နိုင်ပါတယ်။ ဒါနဲ့ စီနီယာ၊ ကျွန်တော်မှာ အခက်အခဲတစ်ခု ရှိနေလို့ပါ။ စီနီယာလို အဆင့်မြင့် ဆေးပညာရှင်တစ်ယောက်ပဲ ဒါကို ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော့်ကို ကူညီပေးနိုင်မလား" ဆရာကြီးကုက လုံချန်းကို တောင်းပန်သော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်သည်။

"မင်းကို ငါ ဘာကူညီရမလဲ" လုံချန်းက သူ၏တောင်းဆိုချက်ကို သဘောလည်းမတူ၊ ငြင်းလည်းမငြင်းဘဲ မေးခွန်းဖြင့်သာ ပြန်ဖြေလိုက်သည်။ ဆရာကြီးကု၏ မျက်နှာပေါ်မှ သံသယအရိပ်အယောင်ကို မြင်လိုက်ရသဖြင့် သူ သတိထားရန် ဆုံးဖြတ်လိုက်သည်။

"ကျွန်တော် အဆင့် ၆ ဆေးလုံးဖြစ်တဲ့ ယန်ပြန်လည်ထူထောင်ရေး ဆေးလုံးကို ဖော်စပ်ဖို့ ကြိုးစားနေတာပါ။ စီနီယာ သိတဲ့အတိုင်း အဆင့် ၆ ဆေးလုံးလို့ သတ်မှတ်ခံရဖို့ဆိုရင် အနည်းဆုံး သန့်စင်မှု ၆၀ ရာခိုင်နှုန်း ရှိရပါမယ်။ အဆင့် ၆ ဆေးနည်းနဲ့ ဖော်စပ်ရင်တောင် လိုအပ်တဲ့ သန့်စင်မှုအဆင့် မရှိရင် အဆင့် ၆ ဆေးလုံးလို့ မခေါ်နိုင်ပါဘူး။ ကျွန်တော် ရာနဲ့ချီပြီး ကြိုးစားခဲ့လို့ ဆေးလုံးဖြစ်အောင်တော့ အောင်အောင်မြင်မြင် ဖော်စပ်နိုင်ခဲ့ပါတယ်၊ ဒါပေမဲ့ သန့်စင်မှုက ၆၀ ရာခိုင်နှုန်း မပြည့်ဘူး ဖြစ်နေတယ်။ ဒါက ရှေးဟောင်းဆေးနည်းမို့လို့ ညွှန်ကြားချက် တချို့လည်း ပျောက်ဆုံးနေတယ်၊ ဒါပေမဲ့ ဒါက အရမ်းအရေးကြီးလို့ ကျွန်တော် ဖော်စပ်နိုင်ဖို့ လိုအပ်နေပါတယ်။ ဘယ်လိုလုပ်ရင် အောင်မြင်နိုင်မလဲဆိုတာ စီနီယာ ပြောပြပေးနိုင်မလား" ဆရာကြီးကုက ပြုံးလျက် မေးလိုက်သည်။

"ယန်ပြန်လည်ထူထောင်ရေးဆေးလုံး ဟုတ်လား။ မင်းက မင်းရဲ့ ဇနီးသည်နဲ့ အိပ်ရာပေါ်မှာ အဆင်မပြေဖြစ်နေလို့လား" လုံချန်းက လှောင်ပြောင်သလို မျက်နှာဖြင့် လွှတ်ခနဲ ပြောလိုက်မိသည်။

"အဲဒီလို သဘောမျိုးပါပဲ" ဆရာကြီးကုက မျက်နှာ အနည်းငယ် နီမြန်းလျက် ပြန်ဖြေသည်။

"မင်းရဲ့ အမှားတွေကို ပြောပြပြီး ငါကူညီပေးနိုင်ပါတယ်၊ ဒါပေမဲ့ မင်းကိုယ်တိုင် သင်ယူနိုင်ဖို့နဲ့ တိုးတက်လာဖို့အတွက် မင်းကိုယ်တိုင်ပဲ ဖော်စပ်ရမယ်၊ ငါလုပ်ပေးမှာ မဟုတ်ဘူး။ မင်းဖော်စပ်တဲ့အခါ လုပ်ဆောင်နေတဲ့ အဆင့်တွေကို ငါ့ကို ပြောပြစမ်း" လုံချန်းက မျက်နှာဖုံးအောက်မှ ပြုံးလျက် မေးလိုက်သည်။

ဆရာကြီးကုသည် ဆေးလုံးဖော်စပ်ရာတွင် သူလုပ်ဆောင်ခဲ့သည့် အဆင့်များကို စတင်ရှင်းပြတော့သည်။ တစ်ခါတစ်ရံ လုံချန်း၏ အမူအရာကို အကဲခတ်ရင်း အဆင့်တိုင်းကို ဂရုတစိုက် ပြောပြသည်။ ခဏအကြာတွင် သူ ပြောပြ၍ ပြီးသွားသည်။

"ငါ တစ်ခုလောက် မေးပါရစေ... မင်းက တုံးလှချည်လား" လုံချန်းက စိတ်ပျက်လက်ပျက် အသံဖြင့် မေးလိုက်သည်။

"ဘာ... ဘာဖြစ်လို့လဲခင်ဗျာ" ဆရာကြီးကုက ထိတ်လန့်သွားသော မျက်နှာပေးဖြင့် မေးလိုက်သည်။

"မင်းက အသက်ကြီးတဲ့အထိ ဒီလောက်ရိုးရှင်းတဲ့ အမှားလေးကိုတောင် ရှာမတွေ့သေးဘူးလား။ မင်းက အဆင့် ၅ လူသားအဆင့် ဆေးပညာရှင် ဖြစ်တာ သေချာရဲ့လား။ ဆေးပညာရှင်ခန်းမရဲ့ စံနှုန်းတွေက လူတိုင်းကို ဒီအဆင့်တွေ ပေးလိုက်ရလောက်အောင်အထိ နိမ့်ကျသွားပြီလား။ ဟင်း... ဒီလောက် တုံးအတဲ့ အမှားမျိုးကို ကြားရတာ တကယ်ကို နာကျင်စရာပဲ" လုံချန်း၏ အသံတွင် ဒေါသအရိပ်အယောင်များ သိသာစွာ ပါဝင်နေသည်။

အဘိုးအိုသည် ကလေးငယ်တစ်ဦးကဲ့သို့ လုံချန်း၏ ဆူပူကြိမ်းမောင်းမှုကို ခံနေရသဖြင့် မျက်နှာမှာ တစ်စတစ်စ နီမြန်းလာသည်။

"တောင်းပန်ပါတယ် စီနီယာ၊ ကျွန်တော်မျိုးက နားလည်နိုင်လောက်အောင် မထက်မြက်လို့ပါ။ ကျွန်တော့်ကို သင်ကြားပေးတဲ့အနေနဲ့ အမှားတွေကို ပြောပြပေးနိုင်မလား" အဘိုးအိုက ခေါင်းငုံ့ကာ ပြောလိုက်သည်။

"အနီရောင် သလင်းမြက်နဲ့ ကိုးယန်မြစ်တို့ကို တတိယမြောက် ပစ္စည်းတစ်ခု မထည့်ဘဲ ဘယ်တော့မှ မရောစပ်ရဘူး။ သူတို့က ပြင်းထန်တဲ့ တုံ့ပြန်မှု မရှိပေမဲ့၊ သူတို့ရဲ့ မကိုက်ညီမှုက ဆေးလုံးရဲ့ သန့်စင်မှုအဆင့်ကို ကျဆင်းစေနိုင်တယ်။ ဒါက ဒီလောက်ရိုးရှင်းတဲ့ သဘောတရားလေ။ ငါ့ရဲ့ ၅ နှစ်အရွယ် မြေးလေးမဟုတ်တဲ့ တခြားတစ်ယောက်ကို ဒီလိုရိုးရှင်းတဲ့ အကြောင်းအရာတွေ ပြောပြနေရတာ ငါ့ကိုယ်ငါတောင် မယုံနိုင်ဘူး" လုံချန်းက အဘိုးအိုကို စိုက်ကြည့်ရင်း ပြောလိုက်သည်။ လုံချန်း၏ စကားများကို သေချာစဉ်းစားပြီးနောက် ထိုလူ၏ အမူအရာ ပြောင်းလဲသွားသည်။ လုံချန်း၏ စကားများမှာ တကယ့်ကို ဖြစ်နိုင်ခြေရှိနေသည်ကို မြင်လိုက်ရသဖြင့် သူ မှင်တက်သွားမိသည်။

"စီနီယာ ကျွန်တော့်ကို လမ်းပြပေးပါဦး။ မှန်ကန်တဲ့ ရလဒ်ရဖို့အတွက် အဲဒီထဲမှာ ဘာကို ထည့်ပေးရမလဲ" ဆရာကြီးကုက တောင်းပန်သော အကြည့်ဖြင့် မေးလိုက်သည်။

"သေချာ ကြိတ်ထားတဲ့ လင်းဇီးမှုန့် နည်းနည်း ထည့်လိုက်ရင် အောင်မြင်လိမ့်မယ်" လုံချန်းက ပြုံးလျက် ပြန်ဖြေသည်။

"ဒီလောက် ရိုးရှင်းတာလား" ထိုလူက သံသယဖြင့် မေးသည်။

"ငါ့စကားကို သံသယရှိနေတာလား။ မင်းလိုလူတစ်ယောက်ကို လိမ်ပြောဖို့ ငါ့မှာ အကြောင်းရှိတယ် ထင်လို့လား။ မင်း ငါ့ကို မယုံရင် ငါထွက်သွားတဲ့အခါ စမ်းကြည့်လိုက်ပေါ့" လုံချန်းက ဒေါသသံဖြင့် ပြောလိုက်သည်။

"ကျွန်တော် စီနီယာ့ကို ဘယ်တော့မှ သံသယမရှိပါဘူး။ ကျွန်တော့်ရဲ့ အခက်အခဲကို ဖြေရှင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" ဆရာကြီးကုက ကျေးဇူးတင်သော အပြုံးဖြင့် ပြောလိုက်သည်။

ရုတ်တရက် အစေခံအချို့သည် လက်ထဲတွင် အိတ်များဖြင့် အခန်းထဲသို့ ဝင်လာကြသည်။ သူတို့သည် အိတ်များကို လုံချန်းအနားတွင် ချထားခဲ့ပြီး အသံတိတ် ထွက်သွားကြသည်။ ဝန်ထမ်းတစ်ဦးလည်း ဝင်လာပြီး ကြီးမားသော ဆေးမီးဖိုတစ်လုံးကို ကိုင်ဆောင်လာခဲ့သည်။

"ဒီဆေးမီးဖိုက ဘာအတွက်လဲ" လုံချန်းက သိလိုစိတ်ဖြင့် မေးလိုက်သည်။

"ဒါက စီနီယာ့ရဲ့ မြေးလေးအတွက် ကျွန်တော် ပေးတဲ့ လက်ဆောင်ပါ။ သူက ဆေးပညာကို သင်ယူတော့မှာဆိုတော့ ကောင်းမွန်တဲ့ ဆေးမီးဖိုတစ်လုံး လိုအပ်မှာ သေချာပါတယ်။ စီနီယာ့ရှေ့က ဆေးမီးဖိုကတော့ အထက်ဌာနကနေ ကျွန်တော်တို့ဆီ အခုလေးတင် ပို့လိုက်တဲ့ ဝိညာဉ်အဆင့် ရတနာ တစ်ခုပါ။ ဒါကို တွမ်မျိုးနွယ်စု ခေါင်းဆောင်က လွန်ခဲ့တဲ့ အချိန်အတော်ကြာကတည်းက မှာထားတာပါ၊ ဒါပေမဲ့ အခုတော့ ဒါကို သူ့ကို ပေးဖို့ မလိုတော့ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဆေးပညာရှင်ခန်းမမှာ ဆူညံပွက်လောရိုက်အောင် လုပ်ခဲ့တဲ့ သားဖြစ်သူအတွက် ဒါက သူ့အတွက် အပြစ်ပေးမှုပဲ။ အဲဒါက သူတို့ကို သင်ခန်းစာတစ်ခု ပေးလိမ့်မယ်" ဆရာကြီးကုက လုံချန်းကို ပြုံးလျက် ပြောလိုက်လေတော့သည်။

အခန်း (၁၅၀) တွမ်မျိုးနွယ်စု

"ဒါက စီနီယာ့ရဲ့ မြေးလေးအတွက် ကျွန်တော်မျိုး ပေးတဲ့ လက်ဆောင်ပါ။ သူက ဆေးပညာကို သင်ယူတော့မှာဆိုတော့ ကောင်းမွန်တဲ့ ဆေးမီးဖိုတစ်လုံး လိုအပ်မှာ သေချာပါတယ်။ စီနီယာ့ရှေ့က ဆေးမီးဖိုကတော့ အထက်ဌာနကနေ ကျွန်တော်တို့ဆီ အခုလေးတင် ပို့လိုက်တဲ့ ဝိညာဉ်အဆင့် ရတနာတစ်ခုပါ။ ဒါကို တွမ်မျိုးနွယ်စု ခေါင်းဆောင်က လွန်ခဲ့တဲ့ အချိန်အတော်ကြာကတည်းက မှာထားတာပါ၊ ဒါပေမဲ့ အခုတော့ ဒါကို သူ့ကို ပေးဖို့ မလိုတော့ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဆေးပညာရှင်ခန်းမမှာ ဆူညံပွက်လောရိုက်အောင် လုပ်ခဲ့တဲ့ သားဖြစ်သူအတွက် ဒါက သူ့အတွက် အပြစ်ပေးမှုပဲ။ အဲဒါက သူတို့ကို သင်ခန်းစာတစ်ခု ပေးလိမ့်မယ်" ဆရာကြီးကုက လုံချန်းကို ပြုံးလျက် ပြောလိုက်သည်။

"ဟားဟားဟား... ငါ သဘောကျတယ်" ဆရာကြီးကု၏ စကားကို ကြားသောအခါ လုံချန်းက မရယ်ဘဲ မနေနိုင်တော့ပေ။

အဘိုးအိုက ထရပ်ပြီး ဆေးဖိုကို လှမ်းကိုင်လိုက်သည်။

"ဒါကို ကောင်းကင်နဂါး ဆေးမီးဖိုလို့ ခေါ်ပါတယ်။ စီနီယာ့မြေးလေး ဆေးပညာ စတင်လေ့လာတဲ့အခါ အများကြီး အထောက်အကူပြုပါလိမ့်မယ်။ စီနီယာ့အနေနဲ့ ဒီထက်အများကြီး ပိုကောင်းတဲ့ ဆေးဖိုတွေ ပေးနိုင်မှာ သိပေမဲ့ ဒါလေးကို လက်ဆောင်အဖြစ် ပေးပါရစေ" ဆရာကြီးကုက ထိုဆေးဖိုကို လုံချန်းရှေ့သို့ ချပေးလိုက်သည်။

"ဒီလက်ဆောင်ကို ငါ လက်ခံပါတယ်။ ငါ့မြေးလေးအစား ဒီလို အဖိုးတန်တဲ့ လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်" လုံချန်းက ပြုံးလျက် ပြန်ပြောသည်။

လုံချန်းက လက်ကို တစ်ချက်ဝေ့ယမ်းလိုက်ရာ အခန်းထဲရှိ ဆေးဖက်ဝင်အပင်အိတ်များနှင့် ဆေးဖိုမှာ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

'အဆင့်မြင့်နိုင်ငံက လာတဲ့သူဆိုတော့လည်း ထုံးစံအတိုင်း သိုလှောင်ရတနာ ပါတာပေါ့' ဆရာကြီးကုက လုံချန်းကို ကြည့်ရင်း တွေးလိုက်မိသည်။

"ဒါတွေအားလုံးအတွက် ဘယ်လောက်ကျသင့်လဲ" လုံချန်းက မေးသည်။

"ဒါတွေက အဆင့်နိမ့်အပင်တွေဆိုတော့ စီနီယာ့အတွက် အများကြီး မကျသင့်ပါဘူး။ အားလုံးပေါင်းမှ ရွှေဖြူဒင်္ဂါး ၂ ပြားပဲ ကျသင့်ပါတယ်။ ဒါပေမဲ့ စီနီယာက ကျွန်တော်မျိုးကို အများကြီး ကူညီခဲ့တဲ့အတွက် ခန်းမရဲ့ အမြတ်ကို ဖယ်ထားပြီး ရင်းနှီးရတဲ့ အရင်းဈေးအတိုင်းပဲ ရောင်းပေးပါ့မယ်။ ရွှေဖြူဒင်္ဂါး ၁ ပြားနဲ့ ရွှေဒင်္ဂါး ၆၀ ပဲ ပေးပါ၊ ဒါမှမဟုတ် ရွှေဒင်္ဂါး ၁၆၀ ပေးလည်း ရပါတယ်။ စီနီယာ အဆင်ပြေသလိုသာ ပေးပါ"

"ကောင်းပြီ" လုံချန်းက သဘောတူပြီး ငွေပေးချေလိုက်သည်။

"ဪ... ဒါနဲ့၊ ငါ ဒီမြို့ကိုလာတုန်းက သားရဲတချို့က မိုက်မိုက်မဲမဲနဲ့ ငါ့လမ်းကို လာပိတ်လို့ ငါ သူတို့ကို သတ်ပစ်ခဲ့တယ်။ အပုပ်ခံထားမယ့်အစား ဆေးဖော်စပ်ရာမှာ သုံးလို့ရအောင် ယူလာခဲ့တယ်လို့ တွေးမိလို့။ မင်းတို့ သားရဲအလောင်းတွေ ဝယ်တယ်မလား?"

"ဟုတ်ကဲ့... ဝယ်ပါတယ်ခင်ဗျာ" ဆရာကြီးကုက ဇဝေဇဝါဖြင့် ဖြေလိုက်သည်။

"ကောင်းပြီ၊ ဒါဆို ရော့..." လုံချန်း ပြောလိုက်သည်နှင့် ခန်းမအတွင်း၌ သားရဲအလောင်း ရာပေါင်းများစွာ ပေါ်လာတော့သည်။ ခန်းမက အတော်လေး ကျယ်ဝန်းသဖြင့် ထိုမျှများပြားသော အရေအတွက်ကို ဆန့်သော်လည်း မြင်ကွင်းမှာတော့ အတော်လေး တုန်လှုပ်စရာ ကောင်းနေသည်။

"ဒီမှာ ရွှေအမြုတေအဆင့် သားရဲ ၇၃ ကောင်နဲ့ အဆင့်အမျိုးမျိုးရှိတဲ့ ဝိညာဉ်အဆင့် သားရဲ ၁၅၃ ကောင် ရှိပါတယ်။ ရွှေအမြုတေအဆင့် သားရဲတွေအတွက် ရွှေဒင်္ဂါး ၂၆၇၈ ပြား ကျသင့်ပြီး၊ ဝိညာဉ်အဆင့် သားရဲတွေအတွက် ၁၅၃၀ ပြား ကျသင့်ပါတယ်။ စုစုပေါင်း စီနီယာ ရမှာကတော့ ၄၂၀၈ ပြားပါ" ဆရာကြီးကုက တွက်ချက်ပြီးနောက် ပြောလိုက်သည်။

"သူတို့ကို သတ်ဖို့ ငါဖြုန်းလိုက်ရတဲ့ စက္ကန့်ပိုင်းတွေနဲ့စာရင်တော့ သိပ်မတန်သလိုပဲ၊ ဒါပေမဲ့ ရပါတယ်" လုံချန်းက ဈေးနှုန်းကို ကြားသောအခါ ပြောလိုက်သည်။

ထိုလူက ပြုံးလျက် လုံချန်းကို ငွေလွှဲပေးလိုက်သည်။ လုံချန်းသည် ရွှေဖြူဒင်္ဂါး ၄၂ ပြားနှင့် ရွှေဒင်္ဂါး ၈ ပြားကို ရရှိခဲ့သည်။ သူ၏ ယခင်ရှိပြီးသား ငွေများနှင့် ပေါင်းလိုက်သောအခါ လုံချန်းတွင် စုစုပေါင်း ရွှေဖြူဒင်္ဂါး ၅၈ ပြားနှင့် ရွှေဒင်္ဂါး ၅၈ ပြား ရှိသွားပြီ ဖြစ်သည်။

လုံချန်းနှင့် ဆရာကြီးကုတို့ ခဏမျှ ဆက်လက် စကားပြောပြီးနောက် လုံချန်းက နှုတ်ဆက်၍ ထွက်ခွာလာခဲ့သည်။

လုံချန်းသည် ဆေးပညာရှင်ခန်းမမှ ထွက်ကာ တည်းခိုခန်းသို့ ပြန်လာခဲ့သည်။ တည်းခိုခန်းအနီးသို့ ရောက်သောအခါ လူအချို့ ထိုနေရာတွင် စောင့်နေသည်ကို တွေ့လိုက်ရသည်။ သူ့ကို ဤတည်းခိုခန်းလိပ်စာ ပေးခဲ့သည့် လူနှင့်အတူ အသက် ၆၀ ခန့်ရှိသော အစိမ်းရောင်ဝတ်စုံနှင့် ဆံပင်ဖြူအဘိုးအို တစ်ဦးလည်း ပါဝင်သည်။ ထိုအဘိုးအိုမှာ ရွှေအမြုတေအဆင့် အဆင့် ၁၀ တွင် ရှိနေသဖြင့် လုံချန်းက သတိထားလိုက်မိသည်။

"မင်းတို့က ဘယ်သူတွေလဲ" လုံချန်းက အစိမ်းရောင်ဝတ်စုံနှင့်လူကို စိုက်ကြည့်ကာ မေးလိုက်သည်။

"ကျွန်တော်က တွမ်ကွမ်လီပါ။ တွမ်မျိုးနွယ်စုရဲ့ အကြီးအကဲပါ" ထိုလူက လေးနက်သော မျက်နှာပေးဖြင့် ဖြေသည်။

"ဪ... ဒီမြို့ကို ရောက်ကတည်းက မင်းတို့ တွမ်မျိုးနွယ်စုအကြောင်း ကြားရတာ ဒါနဲ့ဆို နှစ်ခါရှိပြီ။ ပထမတစ်ခါကတော့ ဒီတည်းခိုခန်းလိပ်စာပေးတဲ့ မင်းနောက်က လူဆီကနေပဲ၊ ကြယ်ကြွေတည်းခိုခန်းကို မင်းတို့ ထိန်းချုပ်ထားပြီး ဒီနေရာရဲ့ လုံခြုံရေးကို တာဝန်ယူထားတယ်လို့ ကြားရတယ်။ ဒုတိယတစ်ခါကတော့ မင်းရဲ့သား တွမ်ရှုကြောင့်ပဲ။ ပထမတစ်ခေါက်က အထင်ကြီးစရာ ကောင်းပေမဲ့ ဒုတိယတစ်ခေါက်ကတော့ စိတ်ပျက်စရာပဲ။ အခု မင်းဖန်တီးမယ့် တတိယမြောက် အထင်အမြင်က ဘယ်လိုမျိုး ဖြစ်မလဲဆိုတာ ငါ သိချင်မိသား" လုံချန်းက သူတို့ကို ပြုံးလျက် ကြည့်လိုက်သည်။

"ကျွန်တော်က စီနီယာ့ကို ပြဿနာလာရှာတာ မဟုတ်ပါဘူး။ ကျွန်တော့်သားရဲ့ မိုက်မဲမှုအတွက် ဆရာကြီးကို လာပြီး တောင်းပန်တာပါ။ သူ အမှားလုပ်ခဲ့ပေမဲ့ အိမ်ပြန်ရောက်တဲ့အခါ အကြောင်းစုံ ပြောပြပါတယ်။ သူ့မျက်နှာကို ကြည့်ရုံနဲ့တင် သူလုပ်ခဲ့တဲ့ မိုက်မဲမှုအတွက် နောင်တရနေတာ သိသာပါတယ်။ အဲဒါကို ကြားကြားချင်းပဲ ဆရာကြီးရဲ့ ခွင့်လွှတ်မှုကို တောင်းခံဖို့ ကျွန်တော်မျိုး ချက်ချင်း လာခဲ့တာပါ" တွမ်ကွမ်လီက အနည်းငယ် ဦးညွှတ်ကာ ပြောသည်။

"ရပါတယ်။ နောက်ဆိုရင်တော့ သူ့ကို သတိနဲ့ သွားလာဖို့ ပြောလိုက်ပါ။ လူတိုင်းက ငါ့လို သဘောထားမကြီးဘူး" လုံချန်းက ဂရုမစိုက်ဟန်ဖြင့် ပြန်ပြောလိုက်သည်။

"ဆရာကြီးရဲ့ စေတနာစကားကို မှတ်သားထားပါ့မယ်။ ဆရာကြီး... ကျွန်တော် ဆရာကြီးအတွက် လက်ဆောင်တစ်ခု ယူလာခဲ့ပါတယ်။ ဒီလက်ဆောင်ကို ရွေးချယ်ဖို့ တစ်နေ့လုံး အချိန်ပေးခဲ့ရပါတယ်"

"ငါ မင်းသားကို ရိုက်ခဲ့တာ လွန်ခဲ့တဲ့ နာရီပိုင်းကမှလေ။ မင်းက မနေ့ကတည်းက လက်ဆောင်ရွေးနေတယ်ဆိုတော့ မင်းက အနာဂတ်ကို ကြိုမြင်နေတာလား" လုံချန်းက ဇဝေဇဝါဖြင့် မေးလိုက်သည်။

"ဒီလက်ဆောင်က ကျွန်တော့်သားကိစ္စကြောင့် မဟုတ်ပါဘူး။ ဆရာကြီး ဒီမြို့မှာ ရှိနေတာကို မနေ့ကတည်းက ကျွန်တော် သိထားပြီးသားပါ။ ဆရာကြီးအကြောင်း ကြားကတည်းက တွေ့ဆုံဖို့ ဆုံးဖြတ်ထားခဲ့တာပါ။ သင့်တော်တဲ့ လက်ဆောင်ကို ရှာဖွေဖို့ တစ်နေ့လုံး အချိန်ကုန်သွားခဲ့တာပါ။ ဆရာကြီးဆီ လာဖို့ ပြင်နေတုန်းမှာပဲ ဒီကိစ္စကို သတင်းရလိုက်တာပါ" တွမ်ကွမ်လီက ရှင်းပြသည်။

"ဪ... ဒါနဲ့ ဘာလက်ဆောင် ယူလာတာလဲ။ တစ်နေ့လုံး အချိန်ပေးရတယ်ဆိုတော့ အတော်ကောင်းမှာပဲ"

"ဒါလေးပါ... ဒါက ဆရာကြီးအတွက် အောင်ပန်းလွှာအဖြစ်ရော၊ ကျေးဇူးတင်လွှာအဖြစ်ပါ ပေးအပ်ချင်တာပါ" တွမ်ကွမ်လီက အိတ်တစ်အိတ်ကို ကမ်းပေးလိုက်သည်။

"ဆေးလုံးလား" အိတ်ကို ဖွင့်ကြည့်သောအခါ ဆေးလုံးတစ်လုံးကို တွေ့သဖြင့် လုံချန်းက မေးလိုက်သည်။

"ဒါကို အသက်ကယ်ဆေးလုံးလို့ ခေါ်ပါတယ်။ အဆင့် ၈ လူသားအဆင့် ဆေးလုံးဖြစ်ပြီး ဘယ်လို ဒဏ်ရာမျိုးကိုမဆို ကုသနိုင်တယ်လို့ ဆိုကြပါတယ်။ ပထမအဆင့်နိုင်ငံတွေမှာရှိတဲ့ ဒဏ္ဍာရီလာ အသက်ပေးဆေးလုံးတွေလောက် အံ့ဩဖို့မကောင်းပေမဲ့ ဒါကလည်း အရမ်းအသုံးဝင်ပြီး ရှားပါးပါတယ်"

"အတော်လေး ကောင်းတဲ့ ဆေးလုံးပဲ..." လုံချန်းက မိမိဘာသာ ရေရွတ်လိုက်သည်။

"ကောင်းပြီ၊ မင်းရဲ့ လက်ဆောင်ကို ငါသဘောကျတယ်။ အနာဂတ်မှာ ငါပြန်လာတဲ့အခါ မင်းကို ဒီထက်ကောင်းတဲ့ လက်ဆောင်တစ်ခု ပြန်ပေးမယ်။ အခုတော့ ငါထွက်သွားဖို့ လိုနေပြီ၊ နောက်ကျနေပြီမို့လို့ မင်းတို့ သွားလို့ရပါပြီ"

"ဒါပေါ့... ဆရာကြီးကို အချိန်မနှောင့်ယှက်ပါရစေနဲ့။ ကျွန်တော်တို့ ပြန်ပါတော့မယ်" တွမ်ကွမ်လီက ပြုံးလျက်ပင် နှုတ်ဆက်ကာ သူ့လူများနှင့်အတူ ထွက်သွားတော့သည်။

လုံချန်းသည် သူတို့ထွက်သွားသည်ကို ကြည့်နေပြီးနောက် မြင်းဇောင်းသို့သွားကာ ဒုတိယအဆင့် ဝိညာဉ်မြင်းကို စီး၍ မြို့အပြင်ဘက်သို့ အမြန် ထွက်ခွာလာခဲ့လေတော့သည်။

အလွန်ဝေးကွာသော နေရာတစ်ခုတွင်... အင်ပါယာတစ်ခု တည်ရှိနေသည်...

All Chapters