← Chapters

တံငါသည်လင်းထျန်းလုံ

Vol. 7 Ch. 61

တံငါသည်လင်းထျန်းလုံ

Vol. 7 Ch. 61

သစ်ပင်အိမ်လေးထဲတွင် လေထုတစ်ခုလုံး အစိုင်အခဲဖြစ်သွားသကဲ့သို့ မွန်းကျပ်နေလေသည်။

ရှောင်လန်၏ မျက်နှာလေးမှာ တင်းမာနေခဲ့၏။ ပုံမှန်အားဖြင့် ကြည်လင်ပြီး သိမ်မွေ့သော သူမ၏ မျက်လုံးလေးများသည် ယခုအခါ ရေခဲလွှာများ ဖုံးအုပ်နေကာ သူမ၏ မွေးကင်းစကလေးငယ် အသွင်အပြင်နှင့် လုံးဝမလိုက်ဖက်လှသော အုံ့မှိုင်းမှိုင်း အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေလေသည်။

“ကျစ်... ဒီလိုအချိန်ကြီးမှ အဲ့အရာတွေကို ကိုင်ဆောင်ထားတဲ့ လူသားတွေက ဘာလို့ပေါ်လာရတာလဲ...”

သူမ၏ အတွေးများသည် ရေခဲကဲ့သို့ အေးစက်နေပြီး ရွံရှာမုန်းတီးမှုများနှင့် နက်ရှိုင်းသော စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေလေသည်။

သူမ စိုးရိမ်ပူပန်နေသည်မှာ သေချာပေါက် ထိုလူသားများ၏ အသက်အန္တရာယ် မဟုတ်ပေ။ အတိတ်ဘဝကို ဖြတ်သန်းခဲ့ဖူးသူပီပီ ဝိညာဉ်စွမ်းအင် ပြန်လည်နိုးထလာမှု၏ ကနဦးအဆင့်များတွင် လူသားများကြားရှိ ပြည်တွင်းရေး ပဋိပက္ခများနှင့် အမှောင်ထုသည် မိစ္ဆာသားရဲများပေးသော ခြိမ်းခြောက်မှုထက် များစွာ ပိုမိုတိုက်ရိုက်ကျပြီး ရက်စက်ကြမ်းကြုတ်ကြောင်းကို သူမ ကောင်းကောင်းကြီး သိထားလေသည်။

“မျိုးနွယ်တူမဟုတ်လျှင် သူတို့၏ စိတ်နှလုံးသည်လည်း ကွဲပြားလိမ့်မည်” ဟူသော ဆိုရိုးစကားမှာ များသောအားဖြင့် အတွင်းပိုင်းအကျည်းတန်မှုများကို ဖုံးကွယ်ရန် ဆင်ခြေတစ်ခုမျှသာ ဖြစ်ပေသည်။

သေဆုံးသူလူသားများထဲတွင် ထက်ဝက်ခန့်သည် မိစ္ဆာသားရဲများ၏ ပါးစပ်ပေါက်အတွင်း သေဆုံးခဲ့ရခြင်းမဟုတ်ဘဲ၊ မိမိတို့ မျိုးနွယ်တူများ၏ အကြံအစည်များ၊ သစ္စာဖောက်မှုများနှင့် လုယက်မှုများကြောင့်သာ ကျဆုံးခဲ့ရခြင်းဖြစ်သည်။

တရားဥပဒေစိုးမိုးမှုများ ပြိုလဲသွားချိန်တွင် လူ့သဘာဝအရ ဆိုးယုတ်မှုများသည်လည်း အဆမတန် ကြီးထွားလာတတ်သည်။

အတိတ်ဘဝကသာ သူမသည် ငယ်ရွယ်ပြီး ထက်မြက်ကာ အန္တရာယ်များမှ သီသီလေး လွတ်မြောက်ခဲ့ခြင်း မရှိပါက၊ သူမသည် လူယုတ်မာအချို့၏ မိစ္ဆာသားရဲများကို မျှားခေါ်ရန်အတွက် အသုံးပြုသည့် အစာအဖြစ် သို့မဟုတ် ထိုထက်ဆိုးရွားသည့် လူယုတ်မာများ၏ ကစားစရာတစ်ခုအဖြစ် အဆုံးသတ်သွားနိုင်ဖွယ်ရှိသည်။

ထို့ကြောင့် အတိတ်ဘဝက “ရေခဲဧကရီ” အဖြစ် ရိုသေလေးစားခံခဲ့ရသော်လည်း လူသားအများစုအပေါ် သူမ အမှန်တကယ်ပင် အကောင်းမြင်စိတ် မွေးမြူ၍မရနိုင်တော့ချေ။ ဤကစဉ့်ကလျားခေတ်ကြီးထဲတွင် ညစ်ပတ်နေသော အမှန်တရားမြောက်မြားစွာကို သူမကိုယ်တိုင် မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။

ယခုအချိန်တွင် သူမ အမှန်တကယ် ဂရုစိုက်မိသည့် တစ်ဦးတည်းသောသူမှာ အပြင်ဘက်ရှိ အန္တရာယ်များဆီသို့ ပြေးဝင်သွားသော ဧရာမငွေရောင်ဝံပုလွေကြီးသာ ဖြစ်သည်။ ဝံပုလွေဖေဖေသည် သူမအား မည်သည့်အခြေအနေမျိုးတွင်မဆို နွေးထွေးမှုကို ပေးစွမ်းနိုင်ခဲ့သည်။

“ဝံပုလွေဖေဖေ... ဖေဖေ ဘာမှမဖြစ်ရဘူးနော်... သတိထားမှဖြစ်မယ်...”

ပြင်းထန်လှသော ကူရာကယ်ရာမဲ့ ခံစားချက်ကြီးတစ်ခုက ရေခဲဒီရေလှိုင်းတစ်ခုကဲ့သို့ သူမအပေါ် ရိုက်ခတ်လာခဲ့သည်။

အတိတ်ဘဝမှ အတွေ့အကြုံများနှင့် အစွမ်းထက် စွမ်းရည်များကို ပိုင်ဆိုင်ထားသော်ငြား၊ ထိုအစွမ်းများမှာ ဤသေးငယ်သော ခန္ဓာကိုယ်လေးထဲတွင် တင်းကျပ်စွာ ချုပ်နှောင်ခံထားရပြီး လုံခြုံသော အသိုက်အမြုံလေးထဲမှနေ၍ ဆုတောင်းပေးရုံသာ တတ်နိုင်သည့် ဤခံစားချက်က သူမကို အလွန်အမင်း ခံစားရစေပြီး ဒေါသထွက်စေလေသည်။

ဘုန်း...

သူမ၏ ခံစားချက်များ ပြင်းထန်စွာ လှုပ်ရှားသွားသည်နှင့်အမျှ သူမ၏ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များသည် အထိန်းအကွပ်မဲ့စွာ ဆူပွက်လာခဲ့ပြီး ကုတင်ဘေးပတ်လည်တွင် ပါးလွှာသော ရေခဲလွှာတစ်ခုပင် ဖြစ်ပေါ်လာစေခဲ့သည်။

ဖောင်းမို့နေသော သူမ၏ လက်သေးသေးလေးများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူမ၏ ခန္ဓာကိုယ်လေးမှာလည်း ဒေါသနှင့် မကျေနပ်မှုများကြောင့် အနည်းငယ် တုန်ရီနေလေသည်။

“ကိုယ့်ကိုယ်ကိုယ် ဒေါသထွက်လိုက်တာ...”

သူမသည် မုန်းတီးစွာဖြင့် တွေးလိုက်မိ၏။

“ဂုဏ်သိက္ခာကြီးမားလှတဲ့ ရေခဲဧကရီက ဘာမှမလုပ်ပေးနိုင်ဘူးတဲ့… ကြည့်နေရုံကလွဲလို့...”

...ကီလိုမီတာ အနည်းငယ်အကွာရှိ တောင်ကြားထဲတွင်မူ….

တိုက်ပွဲသည် အပြင်းထန်ဆုံး အခြေအနေသို့ ရောက်ရှိနေချေပြီ။

“ရှဲ...ဒိုင်း”

မီးပန်းများ တဟုန်းဟုန်းတောက်လောင်နေသော လက်နက်များမှနေ၍ ပူပြင်းလောင်ကျွမ်းနေသော မီးလုံးကြီးသုံးခုသည် အရပ်မျက်နှာအနှံ့သို့ ပန်းထွက်လာကာ ညကောင်းကင်ယံကို သွေးရောင်လွှမ်းစေသည့် သေမင်းကွန်ရက်တစ်ခုသဖွယ် ယှက်နွယ်သွားပြီး အရိပ်မီးတောက်ကျားသစ်ဘုရင်၏ လှုပ်ရှားနိုင်စွမ်းကို ကန့်သတ်လိုက်လေသည်။

ခေါင်းဆောင် ဟော်ကျန်း သည် ကျားသစ်ဘုရင် ယာယီ ထောင့်ကပ်သွားသည်ကို ကြည့်ရင်း အေးစက်စက် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ လေအေးများကြောင့် တောင့်တင်းနေသော ပါးပြင်ကို ပွတ်သပ်လိုက်ကာ လက်အောက်ငယ်သားများကို ကျယ်လောင်စွာ အားပေးစကား ဆိုလိုက်သည်။

“အလုပ်ဖြစ်တယ်ကွ... ဆက်လုပ်ထား၊ ဒီကောင့်ကိုဖမ်းနိုင်ရင် ငါတို့ တစ်သက်လုံး သက်သောင့်သက်သာ နေသွားလို့ရပြီ...”

ဤစကားများသည် တင်းမာနေသော အဖွဲ့ဝင်များကို ချက်ချင်းပင် ပို၍ စိတ်လှုပ်ရှားသွားစေခဲ့သည်။

သို့သော် ထိုအချိန်မှာပင် ဟော်ကျန်း၏ အဆင့်မြင့်မျက်မှန်ပေါ်ရှိ အပူချိန်ပြ ကိရိယာပေါ်တွင် ကျားသစ်ဘုရင်ကို ကိုယ်စားပြုသော စွမ်းအင်အစုအဝေးကြီးမှာ ရုတ်တရက် တွန့်လိမ်ကောက်ကွေးသွားပြီး၊ အနည်းငယ် သေးငယ်သော အရိပ်တစ်ခု ခွဲထွက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

“ဘာဖြစ်တာလဲ...”

သူ့နှလုံးသားထဲတွင် တုန်လှုပ်သွားခဲ့လေသည်။

သူ အမိန့်မပေးနိုင်မီမှာပင် မီးတောက်များကြားရှိ အရိပ်မီးတောက်ကျားသစ်ဘုရင်မှာ နားကွဲမတတ် ဟိန်းဟောက်လိုက်လေသည်။

သူ၏အောက်ရှိအရိပ်သည် အသက်ဝင်လာသကဲ့သို့ ဖြစ်သွားပြီး၊ သူ၏ စွမ်းအင်အရင်းအမြစ်နှင့် အရိပ်စွမ်းအင်များဖြင့် အတင်းအဓမ္မ ဖန်တီးထားသော အနည်းငယ် သေးငယ်သည့် အရိပ်ကျားသစ်ပုံရိပ်တစ်ခုက ရုတ်တရက် ပြေးထွက်လာလေသည်...

၎င်းမှာ အရိပ်ကိုယ်ပွားတစ်ခု ဖြစ်ပေသည်။

ဤအရိပ်ကိုယ်ပွားသည် ပူပြင်းလောင်ကျွမ်းနေသော မီးတောက်များကို လုံးဝဂရုမစိုက်ဘဲ တစ္ဆေတစ်ကောင်ကဲ့သို့ လူအုပ်စုထံ ခုန်အုပ်လိုက်သည်။

၎င်း၏ အနက်ရောင် လက်သည်းများသည် လက်နက်ကြီးအား ကိုင်တွယ်နေသော အဖွဲ့ဝင်တစ်ဦး၏ လည်ပင်းကို ချက်ချင်းပင် လှီးဖြတ်သွားခဲ့၏။

ထိုလူ၏မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားမှုများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားကာ ကြက်သေသေသွားပြီး အသံတစ်ချက်ကလေးပင် မထွက်လိုက်နိုင်ဘဲ လဲကျသွားလေတော့သည်။

ဤရုတ်တရက် အပြောင်းအလဲကြောင့် အခြား လက်နက်ကြီးကိုင်ဆောင်သူ နှစ်ဦးမှာ တစ်ခဏမျှ တွေဝေသွားပြီး အထိတ်တလန့် ဖြစ်သွားခဲ့ကြသည်။

ဤတစ်စက္ကန့်မျှ အချိန်ပိုင်းလေးကပင် သူတို့အတွက် အားနည်းချက်တစ်ခု ဖြစ်သွားခဲ့ချေပြီ။

အရိပ်မီးတောက် ကျားသစ်ဘုရင်၏ အဓိကခန္ဓာကိုယ် လှုပ်ရှားလာခဲ့လေသည်။ သူသည် ပူပြင်းသော အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားကာ မီးတောက်ကွန်ရက်ကိုဖြတ်ကျော်ပြီး လူသားများဆီသို့ အဆုံးမဲ့ဒေါသနှင့် သတ်ဖြတ်လိုစိတ် အာရုံများဖြင့် ပြေးဝင်သွားလေတော့သည်။

“ဂါးး...အားးး”

ကျားသစ်ဘုရင်၏ ဟိန်းဟောက်သံနှင့် လူတစ်ဦး၏ စူးရှသောအော်သံတို့သည် တစ်ပြိုင်နက်တည်းနီးပါး ထွက်ပေါ်လာပြီး နောက်ထပ် အဖွဲ့ဝင်တစ်ဦးမှာ ချက်ချင်းပင် အပိုင်းပိုင်း အစစ ဖြစ်သည်အထိ စုတ်ဖြဲခံလိုက်ရလေသည်။

မျက်စိတစ်မှိတ်အတွင်း အဖွဲ့ဝင်နှစ်ဦး ဆုံးရှုံးသွားသော်လည်း ဟော်ကျန်း၏ မျက်နှာပေါ်တွင် ကြီးမားသော ဝမ်းနည်းပူဆွေးမှုများ ဖြစ်ပေါ်မလာဘဲ၊ စိတ်လှုပ်ရှားမှုတစ်ခုသာ ပေါ်ထွက်လာခဲ့သည်။

“ငါတို့ ကံကောင်းတာပဲ... ဒီကောင်က တကယ်ကို ထပ်ပြီးသန်မာလာပြန်ပြီ၊ ဒီကောင့်ကို ဖမ်းနိုင်ရင်တော့ တစ်သက်လုံး ထိုင်စားလို့ ရပြီ...”

သူ၏ဘေးရှိ လူဝကြီးနှင့် လူပိန်ကြီးတို့သည်လည်း လောဘတကြီးဖြစ်နေသည့် အမူအရာများဖြင့် ပြုံးလိုက်ကြလေသည်။

“ငပိန်၊ သူ့ကို အာရုံလွှဲထား... ငဝ၊ အရှေ့ကနေ ခံတိုက်ဖို့ ပြင်ထား...”

ဟော်ကျ်န်းသည် အလျင်အမြန် အမိန့်ပေးလိုက်ပြီး သူကိုယ်တိုင်ကလည်း တစ်ပြိုင်နက်တည်း ပြေးထွက်သွားလေသည်။

ခဏအကြာတွင် ပြင်းထန်သော လက်ပစ်ဗုံးတစ်လုံးသည် သာမန်သူသားများအား တိုက်ခိုက် သတ်ဖြတ်နေသော အရိပ်မီးတောက်ကျားသစ်ဘုရင်၏ အောက်သို့ တိကျစွာ လိမ့်ဝင်သွားခဲ့၏။

ဘုန်း...

ကြီးမားသော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာပြီး ဖုန်မှုန့်များ လိပ်တက်သွားလေသည်။ ၎င်းသည် ကျားသစ်ဘုရင်ကို တိုက်ရိုက် မထိခိုက်စေနိုင်သော်လည်း သေဆုံးသွားသော အဖွဲ့ဝင်၏ လက်နက်ကြီးများအတွင်းရှိ လောင်စာကို ပေါက်ကွဲသွားစေခဲ့သည်။

“ဘုန်း...”

ပို၍ ကြီးမားသော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာခဲ့သည်။ မီးတောက်များသည် အသက်ဝင်လာသကဲ့သို့ တွန့်လိမ်လှုပ်ရှား ပြန့်ကားလာပြီး ဟော့ကျိန်း၏ မီးထိန်းချုပ်မှု စွမ်းရည်အောက်တွင် ကြီးမားကြမ်းတမ်းပြီး ဟိန်းဟောက်နေသော ဧရာမ မီးနဂါးကြီးအဖြစ် ပြောင်းလဲသွားကာ အရိပ်မီးတောက်ကျားသစ်ဘုရင်ကို ပြင်းထန်စွာ တိုး၀င်တိုက်ခိုက်တော့သည်။

“အာဝူး...”

အရိပ်မီးတောက်ကျားသစ်ဘုရင်သည် နာကျင်မှုနှင့် ဒေါသများရောယှက်နေသော ဟိန်းဟောက်သံတစ်ခုကို ထုတ်ဖော်လိုက်သည်။

သူ၏ လှပသော အမွေးများသည် ပြင်းထန်စွာ လောင်ကျွမ်းသွားပြီး လေထုထဲတွင် လောင်ကျွမ်းနေသော အနံ့များ ပြည့်နှက်သွားလေသည်။

ဟော်ကျန်းသည် အခွင့်အရေးကို အရယူကာ သူ၏ လက်ဖဝါးမှနေ၍ အပြင်းအထန် လည်ပတ်နေပြီး မီးစွမ်းအားများအား အစွမ်းကုန်ဖိသိပ်ထားသော ပူပြင်းသည့် မီးကွင်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။ မီးကွင်းသည် စူးရှသော လေချွန်သံနှင့်အတူ ပျံသန်းသွားကာ ကျားသစ်ဘုရင်ကို ကြမ်းတမ်းစွာ ရစ်ပတ်လိုက်ပြီး ထိတွေ့လိုက်သည်နှင့် ပေါက်ကွဲသွားလေတော့သည်။

“ဘုန်း…”

ပေါက်ကွဲမှုလှိုင်းလုံးကြီးကြောင့် မီတာတစ်ရာအတွင်းရှိ သစ်ပင်များမှ အရွက်များ တုန်ခါကြွေကျလာပြီး ဖုန်မှုန့်များ၊ မီးခိုးငွေ့များဖြင့် ပြည့်နှက်သွားလေသည်။

“အခုပဲ... ငဝ...”

ဟော်ကျန်းက အော်ဟစ်လိုက်သည်။

ခွန်အားစွမ်းရည်နိုးထလာသူ လူဝကြီးသည် ဟော်ကျန်း၏အမိန့်ပေးသံကို လက်ခံရရှိသည်နှင့် ကြွက်သားများ ဖောင်းကြွလာကာ ဟိန်းဟောက်လိုက်သည်။

ထို့နောက် လေးလံသော တောင်ခွဲဓားကြီးကို ကိုင်ဆောင်ကာ မီးခိုးငွေ့များကြားမှ မှုန်ဝါးဝါးမြင်နေရသော ကျားသစ်ပုံရိပ်ဆီသို့ လူသားတင့်ကားတစ်စီးအလား ပြေးဝင်သွားပြီး အပြင်းအထန် ခုတ်ချလိုက်လေသည်။

အလွန်ပြင်းထန်လှသော ခုတ်ချက်တစ်ချက်ပင်။ ၎င်းတို့၏ အကြံအစည်ကြီး အောင်မြင်ခါနီးလာပြီ ဖြစ်သည်။

All Chapters