← Chapters

သွေးမျိုးဆက် အဆင့်တက်ခြင်း၊ ငွေပြာဘုရင် မွေးဖွားလာပြီ(၂)

Vol. 7 Ch. 66

သွေးမျိုးဆက် အဆင့်တက်ခြင်း၊ ငွေပြာဘုရင် မွေးဖွားလာပြီ(၂)

Vol. 7 Ch. 66

ကောင်းကင်ယံရှိ အေးစက်သောလမင်းသည် ရှင်းပြ၍မရနိုင်သော စွမ်းအားတစ်ခု၏ ဆွဲဆောင်မှုကို ခံလိုက်ရပုံရလေသည်။ ၎င်းမှထုတ်လွှတ်နေသော လရောင်သည် ရေကဲ့သို့ ရုတ်တရက်သိပ်သည်းလာပြီး လင်းထျန်းလုံအပေါ် လွှမ်းခြုံလာခဲ့လေသည်။

သူ၏ ခန္ဓာကိုယ်အတွင်းရှိ နာကျင်မှုသည်လည်း ချက်ချင်းပင် အမြင့်ဆုံးသို့ ရောက်ရှိသွားပြီး သူ၏ ကျောရိုးမှနေ၍ …

“ဂျွတ်”

သွားဖြင့်ကြိတ်နေသကဲ့သို့ အသံများထွက်ပေါ်လာကာ နောက်တစ်စက္ကန့်တွင် အရိုးများ လုံးဝကြေမွသွားတော့မည့်အလား ဖြစ်နေလေသည်။

“အာဝူး...” သူသည် အလွန်အမင်း နာကျင်မှုများကို ဖိနှိပ်ထားဟန်ရသော တိုးညင်းသည့် ညီးညူသံကို ထုတ်ဖော်လိုက်မိသော်လည်း သူ၏ ရေခဲပြာရောင် ဝံပုလွေမျက်လုံးများထဲတွင်မူ ပြတ်သားသော စိတ်ဆန္ဒများ ထင်ဟပ်နေလေသည်။

ထိုအချိန်တွင် စနစ်၏ စွမ်းအား ဝင်ရောက်စွက်ဖက်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်အတွင်း၌ ပဋိပက္ခဖြစ်နေသော စွမ်းအားသုံးခုကို အတင်းအဓမ္မ ဆွဲထုတ်လိုက်ပြီးနောက်၊ လရောင်နှင့် စနစ်၏ စွမ်းအင်တို့၏ ပေါင်းစပ်မှုအောက်တွင် ထူးခြားဆန်းကြယ်သော ပေါင်းစပ်မှုနှင့် ပြန်လည်တည်ဆောက်မှု ဖြစ်စဉ်တစ်ခုကို စတင်လိုက်လေသည်။

သူ၏ ကျောရိုးသည် အမှန်တကယ်ပင် ကြေမွသွားခဲ့သော်လည်း ကျိုးကြေသွားသော အရိုးများ လွင့်စင်သွားခြင်း မရှိပေ။ ထိုအစား ၎င်းတို့ကို ငွေပြာရောင်အလင်းတန်းတစ်ခုက လွှမ်းခြုံထားပြီး ပြန်လည်ပုံဖော်ပေးနေလေသည်။

စိတ်ကူး၍တောင်မရနိုင်သော နာကျင်မှုနှင့် အားနည်းမှုတို့က သူ့ကို လွှမ်းခြုံသွားပြီး သူ၏ ဧရာမဝံပုလွေခန္ဓာကိုယ်ကြီးသည် ခဏအတွင်း ပျော့ခွေကြသွားတော့သည်။

သို့သော်လည်း ချက်ချင်းဆိုသလိုပင် ခမ်းနားထည်ဝါသော ငွေပြာရောင် အလင်းတန်းများ တောက်ပနေသည့် အသစ်စက်စက် သွေးတစ်စက်သည် ပြန်လည်ပုံဖော်ထားသော ရိုးတွင်းခြင်ဆီ၏ ဗဟိုချက်မှနေ၍ မွေးဖွားလာခဲ့သည်။

“ဝှစ်...”

လင်းထျန်းလုံ၏ ရေခဲပြာရောင် မျက်လုံးများထဲရှိ အနက်ရှိုင်းဆုံးနေရာမှ ငွေပြာရောင် အလင်းတန်းတစ်ခုသည် ရုတ်တရက် လင်းလက်သွားပြီး နောက်ဆုံးတွင် ရေခဲပြာရောင်နှင့် ငွေရောင် ယှဉ်တွဲတည်ရှိနေသော ငွေပြာရောင် ဒေါင်လိုက်မျက်၀န်းတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။

အရောင်မတူညီသော အမွှာမျက်၀န်းများမှာ လျှို့ဝှက်ဆန်းကြယ်ပြီး ထူးခြားလှပေသည်။

ကျယ်ပြန့်သော လရောင်သည် ၎င်း၏ကိုယ်ပိုင်အိမ်ကို ရှာတွေ့သွားသကဲ့သို့ သူ၏ခန္ဓာကိုယ်ထဲသို့ ရူးသွပ်စွာ စီးဝင်လာခဲ့သည်။

ပြန်လည်ပုံဖော်နေဆဲ ကျောရိုးသည် ချက်ချင်းပင် အကောင်းအတိုင်းဖြစ်သွားပြီး အရင်ကထက် ပိုမိုကြံ့ခိုင်လာကာ သတ္တုကဲ့သို့ ငွေပြာရောင် အလင်းတန်းများ တောက်ပနေလေသည်။

အစောကပိုင်းက အားနည်းနေသည့် သူ၏ ခန္ဓာကိုယ်သည်လည်း အားပြန်ပြည့်လာခဲ့သည်။

သူ၏ ခန္ဓာကိုယ်မှာ အနည်းငယ် သေးငယ်သွားခဲ့သော်လည်း ယခုအခါ ခန္ဓာကိုယ်မှ ကြံ့ခိုင်မှု၊ ပြီးပြည့်စုံမှုနှင့် ပေါက်ကွဲထွက်မည့် ခွန်အားတို့ ပေါင်းစပ်ထားသည့် အမြင့်ဆုံး အလှတရားတစ်ခုကို ထုတ်လွှတ်နေလေသည်။

သူ၏ နဖူးပေါ်တွင် ငွေရောင်အလင်းတန်းများ စုစည်းသွားပြီး နောက်ဆုံးတွင် လရောင်ဖြင့် ဖွဲ့စည်းထားသော မှိတ်တုတ်မှိတ်တုတ် တောက်ပနေသည့် အစွယ်ပုံစံ သရဖူတစ်ခု အဖြစ်သို့ ပြောင်းလဲသွားလေသည်။

“အာဝူး...”

အကြီးကျယ်ဆုံးသော ခမ်းနားထည်ဝါမှုများ ပါဝင်ပြီး တိမ်တိုက်များကို ထိုးဖောက်သွားသည့် ဝံပုလွေဟိန်းဟောက်သံကြီးတစ်ခုသည် သူ၏ ပါးစပ်မှနေ၍ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်... ၎င်းမှာ နာကျင်နေသော အော်ဟစ်သံ မဟုတ်တော့ဘဲ ပြန်လည်မွေးဖွားလာခြင်း၏ ကြေညာချက်တစ်ခုပင် ဖြစ်လေသည်။

ပိုမိုမြင့်မားသော သွေးမျိုးဆက်မှ မြစ်ဖျားခံလာသည့် ခမ်းနားထည်ဝါသော ဖိအားကြီးတစ်ခုသည် သူ့ကိုဗဟိုပြု၍ ဒီရေလှိုင်းတစ်ခုကဲ့သို့ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားလေသည်။

ဤသည်မှာ တိုက်ခိုက်ရေးအဆင့်၏ ဖိအားမဟုတ်ဘဲ သွေးမျိုးဆက်၏ သန့်စင်သော ဖိနှိပ်မှုတစ်ခုပင် ဖြစ်လေသည်။

ချက်ချင်းဆိုသလိုပင် ဝံပုလွေအုပ်စုတစ်ခုလုံး၏ စွမ်းအင်များ ပေါက်ကွဲသွားခဲ့သည်။ နှင်းဝံပုလွေများအားလုံး မည်သည့်နေရာတွင် ရောက်နေပါစေ သူတို့၏ သွေးမျိုးဆက်မြစ်ဖျားခံရာမှ ခေါ်နေသည့် အသံတစ်ခုနှင့် အဆင့်တက်သွားခြင်းကို ခံစားလိုက်ကြရသည်။

သူတို့သည် ခေါင်းများကို ကောင်းကင်သို့မော့ကာ အထိန်းအကွပ်မဲ့ ဟိန်းဟောက်လိုက်ကြပြီး သူတို့၏ အသံများထဲတွင် အလွန်အမင်း ဝမ်းမြောက်ပျော်ရွှင်မှုများ၊ ရိုသေလေးစားမှုနှင့် ကျိုးနွံမှုများ ပြည့်နှက်နေလေသည်။

ပဲ့တင်ထပ်နေသော ဝံပုလွေဟိန်းဟောက်သံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး ထျန်စန်းတောအုပ်ကြီး တစ်ခုလုံး၏ ညတစ်ညကို တုန်လှုပ်သွားစေခဲ့သည်။

[ စနစ် အသိပေးချက်။ ။ ဂုဏ်ယူပါတယ် ပိုင်ရှင်။ မျိုးတူပဲ့တင်ထပ်သံ (ခရမ်းရောင်)၊ ဝံပုလွေပြာသွေးမျိုးဆက် (ခရမ်းရောင်) နှင့် မီးတောက်အရိပ် သွေးမျိုးဆက် (ခရမ်းရောင် · လွန်ကဲအဆင့်လုနီးပါး) တို့ကို အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့ပြီး အမြင့်ဆုံး စွမ်းရည်ဖြစ်သော [ ငွေပြာရောင် သွေးမျိုးဆက် (ရွှေရောင် · ဘုရင်အဆင့်)ကို နိုးထစေခဲ့သည်။ ]

[ စနစ် အသိပေးချက်။ ။ သင့်အဆင့်သည် ပြန်လျော့ကျသွားပြီး အဆင့် ၂၁ (လွန်ကဲအဆင့်) တွင် တည်ငြိမ်သွားခဲ့သည်။ ]

[ စနစ် အသိပေးချက်။ ။ ပိုင်ရှင်သည် အရည်အသွေးမြင့် ပင်ကိုစွမ်းရည် အများအပြားကို ပိုင်ဆိုင်ထားကြောင်း တွေ့ရှိရသည်။ စနစ်၏ ပင်ကိုစွမ်းရည် အရည်အသွေး အကဲဖြတ်သည့် ဒေတာစနစ်ကို အဆင့်မြှင့်တင်လိုက်ပြီး သင့်အတွက် အထူးခွင့်ပြုချက်များ ဖွင့်ပေးလိုက်သည်။ ]

ထို့နောက် ချက်ချင်းပင် လင်းထျန်းလုံ၏ အသိစိတ်ထဲတွင် ပွင့်လင်းမြင်သာမှုရှိပြီး ပိုမိုအသေးစိတ်ကျသော စနစ်မျက်နှာပြင်တစ်ခု ပွင့်လာခဲ့သည်။ ၎င်းမှာ သာမန် အသိပေးချက်များ မဟုတ်တော့ဘဲ သော့နှင့်ဖွင့်ထားသော စွယ်စုံကျမ်းသေတ္တာထဲမှ အချက်အလက်များကဲ့သို့ အသေးစိတ်ကျနေခဲ့လေသည်။

[ ပင်ကိုစွမ်းရည် အရည်အသွေး ၊ အသေးစိတ် ရှင်းလင်းချက် ]

· [ စိမ်းပြာရောင် ] ။ ။ ကြေးအဆင့် - အခြေခံ ခွန်အား၊ ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်း၏ စမှတ်။

· [ အဖြူရောင် ] ။ ။ ငွေအဆင့် - ခိုင်မာသော အခြေခံအုတ်မြစ်၊ ယုံကြည်စိတ်ချရသော အဖော်။

· [ ခရမ်းရောင် ] ။ ။ ခြေလှမ်း၀က်ပါရမီရှင်အဆင့် - ကြီးမားသော စွမ်းအား၏ သင်္ကေတ၊ တိုက်ပွဲ၏ လမ်းကြောင်းကို ပြောင်းလဲနိုင်စွမ်းရှိ။

· (ခရမ်းရောင် · ပါရမီရှင်အဆင့်) ။ ။ လွန်ကဲအဆင့်များထဲတွင် အကောင်းဆုံး၊ နက်ရှိုင်းသော အလားအလာများကို ပိုင်ဆိုင်ထားပြီး ဘုရင်အဆင့်ဆီသို့ လှမ်းတက်ရန် သော့ချက်။

· [ ရွှေရောင် ] ။ ။ ဘုရင်အဆင့် - ဧကရာဇ်၏ သန္ဓေသားလောင်း၊ ယုံကြည်နိုင်လောက်စရာမရှိသော စွမ်းအားများ ပါဝင်။

· (ရွှေရောင် · ဧကရာဇ်အဆင့်) ။ ။ ဧကရာဇ်အဆင့်များထဲတွင် ရတနာတစ်ခု၊ ပြိုင်ဘက်ကင်း စွမ်းအားများကို ပိုင်ဆိုင်ထားပြီး ဒဏ္ဍာရီအဆင့်၏ တံခါးဝသို့ ရောက်ရှိနေ။

· [ အနီရောင် ] ။ ။ ခြေလှမ်း၀က်ဒဏ္ဍာရီလာအဆင့် - ဒဏ္ဍာရီပုံပြင်များ၏ အခန်းကဏ္ဍတစ်ခု၊ ၎င်း၏ တည်ရှိမှုသည်ပင်လျှင် ဥပဒေသတစ်ခုဖြစ်လာ။

· (အနီရောင် · ဒဏ္ဍာရီလာအဆင့်) ။ ။ ဒဏ္ဍာရီအဆင့်၏ အမြင့်ဆုံး ထိတ်ခေါင်၊ အယူအဆတစ်ခု၊ သမိုင်းကြောင်း၏ အထွတ်အထိတ်။

“သြော်... ဒါကြောင့်ကိုး... ဘုရင်အဆင့်တဲ့လား... အရမ်းအားကောင်းနေတာ အံ့သြစရာမရှိပါဘူး...” လင်းထျန်းလုံ သဘောပေါက်သွားပြီး သူ အသစ်ရရှိထားသော စွမ်းအားများဆီသို့ လှမ်းကြည့်လိုက်သည်။

[ ငွေပြာရောင် သွေးမျိုးဆက် (ရွှေရောင် · ဘုရင်အဆင့်) ] ဖော်ပြချက်။ ။ အာဏာ၊ ခွန်အားနှင့် လရောင်တို့ကို ပေါင်းစပ်ထားသော ဝံပုလွေပြာသွေးမျိုးဆက်၏ ဘုရင်များသာ နိုးထနိုင်သည့် အမြင့်ဆုံး သွေးမျိုးဆက်။ လက္ခဏာရပ်များ -

၁။ အာဏာစက်။ ။ စနစ်မှအသိအမှတ်ပြုထားသော မျိုးနွယ်တူ အဖွဲ့ဝင်များနှင့် အားကောင်းသော နှောင်ကြိုးများ ဖန်တီးနိုင်သည်၊ စွမ်းရည်အကျိုးသက်ရောက်မှုများကို မျှဝေခံစားနိုင်သည်။ အကျိုးသက်ရောက်မှု - သင့်အမိန့်အောက်ရှိ နှင်းဝံပုလွေအုပ်စု၏ စွမ်းရည်အားလုံး ၅၀% တိုးလာမည်။ (မူလ မျိုးတူပဲ့တင်ထပ်သံထက် ပိုမိုအားကောင့်သည့် ပေါင်းစပ်ထားသော အကျိုးသက်ရောက်မှု)

၂။ [ ဘုရင်၏သွေး ]။ ။ ငွေပြာရောင်သွေး၊ ခုခံနိုင်စွမ်းတွင် ပြိုင်ဘက်ကင်းသည်။ အကျိုးသက်ရောက်မှု - ကိုယ်ပိုင် စွမ်းရည်အားလုံးသည် ၂၅% တိုးလာမည်။ (မူလ ဝံပုလွေပြာသွေးမျိုးဆက်ထက် အနည်းငယ် နိမ့်သော်လည်း ပိုမိုညီမျှမှုရှိသည်)

၃။ ငွေပြာရောင်လမင်း။ ။ လမင်း၏ စွမ်းအင်များနှင့် လိုက်လျောညီထွေဖြစ်နိုင်သည်။ ငွေရောင်အလင်းတန်းများ ရောက်ရှိရာ နေရာတိုင်း ဘုရင်၏ ပိုင်နက်ဖြစ်လာမည်။ အကျိုးသက်ရောက်မှု - ငွေပြာရောင်လမင်း၏ ပုံရိပ်ယောင်ကို ဆင့်ခေါ်နိုင်သည်။ လရောင် (သို့မဟုတ် အလင်းပုံရိပ်ယောင်) အောက်တွင် ရှိနေချိန်၌၊ အာဏာစက်၏ လွှမ်းမိုးမှုအောက်တွင်ရှိသော အဖွဲ့ဝင်အားလုံး၏ တိုက်ခိုက်ရေးစွမ်းအားသည် ၁၅% ထပ်မံ တိုးလာမည်။

“ကိုယ်ပိုင် စွမ်းရည်အချို့ကို စတေးပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ အုပ်စုလိုက် စွမ်းရည်မြှင့်တင်မှုတွေနဲ့ အားကောင်းတဲ့ သဘာ၀ အထောက်အပံ့တွေကို ရယူလိုက်နိုင်တာပဲ...” လင်းထျန်းလုံ အလျင်အမြန် အကဲဖြတ်လိုက်သည်။

“ဒီတစ်ချီတော့... အကျိုးအမြတ် အကြီးကြီး ရလိုက်တာတင်မကဘူး၊ လုံးဝကို ပြန်လည်မွေးဖွားလာသလိုပဲ...”

ယခုမှစ၍ သူသည် နှင်းဝံပုလွေဘုရင်မျှသာ မဟုတ်တော့ဘဲ... ငွေပြာဘုရင် ဖြစ်လာခဲ့ချေပြီ။

All Chapters