ချောမွေ့လွယ်ကူမည့် အမှုတစ်ခု၏ အလားအလာ
Vol. 7 Ch. 63
ယန်ချင်းသည် သူတို့ လက်ချောင်းယှက် ဆုတောင်းခြင်းနည်းစနစ်ကို လုံလောက်သော အချိန်တစ်ခုအထိ အသုံးပြုပြီးပြီဟု ကျေနပ်သွားသောအခါ၊ နောက်ထပ်အမှုတစ်ခု၏ အသေးစိတ်အချက်အလက်များကို အလျင်အမြန် စတင်ဖတ်ရှုလိုက်သည်။
ယင်းမှာ ဥက္ကာကြွေပန်းပဲဆိုင် ပိုင်ရှင် တန်ဖျင်ကို တစ်ကိုယ်တော်ကျင့်ကြံသူ ဝမ်ရင်းကျဲက တရားစွဲဆိုထားသောအမှုဖြစ်သည်။
တန်ဖျင်သည် ချွတ်ယွင်းချက်ရှိသော ထိပ်တန်းကောင်းကင်အဆင့်လက်နက်တစ်ခုကို ဝမ်ရင်းကျဲအား ရောင်းချခဲ့သည်ဟု စွပ်စွဲခံထားရသည်။
“ရွှေအမြုတေအထွတ်အထိပ်ကျွမ်းကျင်သူ ဝမ်ရင်းကျဲက တန်ဖျင်ဦးစီးတဲ့ ဥက္ကာကြွေပန်းပဲဆိုင်မှာ စိတ်ကြိုက်ဓားတစ်လက်ကို အပ်နှံခဲ့တယ်။”
“တန်ဖျင်ကိုယ်တိုင်ကလည်း ရွှေအမြုတေအထွတ်အထိပ်ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပေမဲ့၊ လော့မိန်လီရဲ့ စုံစမ်းစစ်ဆေးမှုအရ ဆိုင်ရှင်ဟာ နန်းတော်အဆင့်တဝက်ကို ရောက်နေတယ်လို့ ကြားသိရတယ်။”
“ဥက္ကာကြွေပန်းပဲဆိုင်က မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းလာခဲ့တာ ခုဆို နှစ်ပေါင်း ၁၀,၀၀၀ နီးပါး ရှိနေပြီ။ အဆင့် ၃ တိုင်းပြည်ဖြစ်တဲ့ မိုးကြိုးကြိုးကြာတိုင်းပြည်မှာ အလွန်နာမည်ကြီးတဲ့ ဆိုင်တစ်ဆိုင်ဖြစ်တယ်။”
“တော်ဝင်မိသားစုက တန်မိသားစုကို သူတို့ရဲ့ တော်ဝင်ပန်းပဲဆရာအဖြစ် ခန့်အပ်ဖို့ကြိုးစားခဲ့ပေမဲ့ မျိုးဆက်တိုင်းမှာ ငြင်းပယ်ခံခဲ့ရတာ တွေ့ရတယ်။”
“တော်ဝင်မိသားစုအနေနဲ့ ခနခနငြင်းပယ်ခံရပေမယ့် ဘယ်တော့မှ လက်တုံ့မပြန်ခဲ့ရတဲ့ တစ်ခုတည်းသောအကြောင်းရင်းက ၅ ဆက်မြောက်ဘုရင်နဲ့ အဲဒီအချိန်က ဥက္ကာကြွေပန်းပဲဆိုင်ရဲ့ ၄ ဆက်မြောက်အကြီးအကဲတို့ အကြား ထားရှိခဲ့တဲ့ ကတိကဝတ်တစ်ခုကြောင့်ပဲ။”
“ကတိကဝတ်ရဲ့ အသေးစိတ်အချက်အလက်တွေကတော့ - ဥက္ကာကြွေပန်းပဲဆိုင်က ဖန်တီးမှုအသစ်တွေလုပ်တဲ့အခါ တော်ဝင်မိသားစုကို ဦးစားပေးရမယ်၊ ပြီးတော့ တော်ဝင်မိသားစုကို နှစ်စဉ်သတ်မှတ်ထားတဲ့ လက်နက်အရေအတွက်တစ်ခု ပြည့်မီအောင် တပ်ဆင်ပေးရမယ်။”
“သို့သော် တော်ဝင်မိသားစုက လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကို ထောက်ပံ့ပေးရမယ့်အပြင် ကုန်ကျစရိတ်ကိုလည်း ပေါက်ဈေးအတိုင်း ပေးချေရမယ်။”
“အဲဒီအတွက် အပြန်အလှန်အနေနဲ့ ဥက္ကာကြွေပန်းပဲဆိုင်က တော်ဝင်မိသားစုဆီကနေတောင် သီးခြားလွတ်လပ်ခွင့်ကိုရရှိမှာဖြစ်ပြီး၊ သူတို့ကိုယ်တိုင်မဖြေရှင်းနိုင်တဲ့ ဘေးအန္တရာယ်တစ်ခုခုကြုံလာရင် တော်ဝင်မိသားစုက ဝင်ရောက်ကူညီပေးရမယ်ဆိုတာပဲ။”
“ဒီကတိကဝတ်က လွန်ခဲ့တဲ့ နှစ် ၄,၀၀၀ ကတည်းက တည်ရှိခဲ့ပြီး ဘုရင်တိုင်းနဲ့ တန်မိသားစုအကြီးအကဲတိုင်းက သစ္စာရှိရှိ စောင့်ထိန်းခဲ့ကြတယ်။”
“ဒီလိုဂုဏ်သတင်းမျိုးရှိတဲ့ ဆိုင်တစ်ဆိုင်က ချွတ်ယွင်းချက်ရှိတဲ့လက်နက်ကို ရောင်းချမယ်ဆိုတာ ယုံရခက်ခက်ပဲ။”
“နှစ်ပေါင်း ၁၀,၀၀၀ နီးပါး တည်ရှိလာခဲ့တယ်ဆိုကတည်းက ဒီနေ့ဒီအချိန်ထိ နာမည်ကြီးနေဖို့ဆိုတာ သူတို့ရဲ့ပန်းပဲပညာရပ်တွေကို အဆက်မပြတ် တိုးတက်အောင်လုပ်နေလို့ပဲ ဖြစ်ရမယ်။”
“လက်ရှိမျိုးဆက်ဆိုင်ရှင် တန်ဖျင်ဟာ ဒီဆိုင်ကိုဦးစီးခဲ့တဲ့ မဟာပန်းပဲဆရာတွေထဲမှာ အကောင်းဆုံးတွေထဲက တစ်ယောက်လို့တောင် လော့မိန်လီက ကြားခဲ့ရသေးတယ်။ သူ့ရဲ့ကျွမ်းကျင်မှုနဲ့ ပါရမီက ယခင်မျိုးဆက်အကြီးအကဲတွေထက် အများကြီးသာလွန်တယ်လို့လဲ ဆိုကြတယ်။”
“ဓားမှာ တကယ်ပဲ ပြဿနာရှိနေတာလား။ ဒါမှမဟုတ် ဓားပိုင်ရှင်ဝမ်ရင်းကျဲဆီမှာ ပြဿနာရှိနေတာလား။”
“ဒါပေမဲ့ လော့မိန်လီရဲ့မှတ်စုမှာတော့ သူနဲ့ပြောဆိုဆက်ဆံကြည့်ရသလောက် ဝမ်ရင်းကျဲဟာ ဖြောင့်မတ်မှန်ကန်တဲ့စိတ်ဓာတ်ရှိပြီး ပွင့်လင်းရိုးသားတဲ့လူတစ်ယောက်လို့ ထင်ရကြောင်း ရေးထားတယ်။”
“တစ်ကိုယ်တော်ကျင့်ကြံသူဖြစ်မလာခင်တုန်းက သူဟာ အဆင့် ၃ တိုင်းပြည်တစ်ခုက လူငယ်စစ်သူကြီးတစ်ယောက် ဖြစ်ခဲ့ဖူးတယ်။”
“ဒါပေမဲ့ သူတာဝန်ကျတဲ့နေရာမှာ မတော်တဆမှုတစ်ခုဖြစ်ပွားပြီး အဲဒီတိုင်းပြည်က မင်းသားတစ်ပါးက မတော်တဆမှု တစ်ခုကြောင့် သေဆုံးသွားခဲ့တယ်။”
“သူတို့မိသားစုက တော်ဝင်မိသားစုအပေါ် မျိုးဆက်အဆက်ဆက်သစ္စာရှိခဲ့တဲ့အတွက် ဘုရင်က သူတို့မိသားစုရဲ့ ကျေးဇူးကိုထောက်ထားပြီး သူ့အသက်ကို ချမ်းသာပေးခဲ့ပေမဲ့၊ အဲဒီတိုင်းပြည်ကနေ ဘယ်တော့မှပြန်မလာဖို့ ထာဝရပြည်နှင်ဒဏ်ပေးခဲ့တယ်။”
“အဲဒီအချိန်ကတည်းက သူဟာ တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်အဖြစ် အသက်ရှင်နေထိုင်လာခဲ့ပြီး၊ ပါရမီအရမ်းကောင်းပေမဲ့ ဘယ်ဂိုဏ်း၊ ဘယ်တိုင်းပြည်၊ ဘယ်မျိုးနွယ်စုကိုမှ မဝင်ခဲ့ဘူး။”
“အထီးကျန်စွာနေထိုင်ခြင်းကပဲ သူ့ရဲ့အတွက် အပြစ်ဖြေခြင်းနဲ့ ဝန်ချတောင်းပန်ခြင်းတစ်မျိုး ဖြစ်နေပုံရတယ်။”
“သူထမ်းပိုးထားတဲ့ တာဝန်ယူမှုစိတ်ဓာတ်က တော်တော်လေး ကြီးမားတာပဲ။ ငါကောက်ချက်ချရသလောက်တော့ ဒီအမှုက ရှင်းလင်းပြတ်သားပြီး အလွယ်တကူအဆုံးသတ်နိုင်မယ့် အမှုဖြစ်ပုံရတယ်”
ယန်ချင်းက စိတ်ထဲတွင် မျှော်လင့်ချက်ရောင်ခြည်များသန်းလာရင်း တွေးလိုက်သည်။
ယီကျဲသည် တံခါးနားတွင်ရပ်လျက် ဝမ်ရင်းကျဲနှင့် ဥက္ကာကြွေပန်းပဲဆိုင်ပိုင်ရှင်တို့ကို အထဲသို့ဝင်လာရန် ခေါ်နေပြီဖြစ်သည်။
ခဏအကြာတွင် ယီကျဲ အထဲသို့ဝင်လာပြီး၊ သူ၏နောက်တွင် အသက် ၂၀ ကျော်အရွယ်ခန့်ရှိမည့် လူငယ်တစ်ဦး ပါလာသည်။
သူသည် ခန္ဓာကိုယ်တောင့်တင်းကာ ပယင်းရောင်မျက်လုံးများနှင့် အညိုရောင်ဆံပင် ရှိသည်။ သူ၏ အရေပြားမှာ နေလောင်ထားသကဲ့သို့ ညိုမည်းနေသည်။
သူသည် ကြွေကျနေသောအပြာရောင်ဥက္ကာခဲတံဆိပ် ရိုက်နှိပ်ထားသည့် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ၏ခြေလှမ်းများသည် ခန္ဓာကိုယ်၏အစိတ်အပိုင်းတိုင်းကို အပြည့်အဝထိန်းချုပ်ထားနိုင်သူတစ်ဦးကဲ့သို့ တည်ငြိမ်နေသည်။
ထို့အပြင် ထိုလူငယ်၏ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေသော ချီစွမ်းအင်များသည် ဆူပွက်နေသောမီးဖိုကြီးတစ်ခုကဲ့သို့ ဖြစ်နေသည်ကို ယန်ချင်း အာရုံခံမိလိုက်သည်။ ၎င်းသည် လူငယ်ကျင့်ကြံနေသော ကျင့်စဉ်၏ရလဒ်ဖြစ်မည်ဟု ယန်ချင်း ယူဆလိုက်သည်။
“ဒီလိုကြမ်းတမ်းတဲ့ချီစွမ်းအင်တွေ သူ့ကိုယ်ထဲစီးဆင်းနေတာကို ခံနိုင်ရည်ရှိဖို့အတွက် သူ့မှာထူးခြားတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ ရှိရမယ်။”
“ဒါပေမဲ့ ဒီတစ်ယောက်ကဘယ်သူလဲ။ သူ့ဝတ်ရုံကိုကြည့်ရင် ဥက္ကာကြွေပန်းပဲဆိုင်က အဖွဲ့ဝင်တစ်ယောက်ဆိုတာ သိနိုင်ပေမဲ့၊ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က အခြေတည်အဆင့် ၁၀ မှာပဲ ရှိသေးတော့ သူက ဆိုင်ရှင်တော့ သေချာပေါက် မဟုတ်ဘူး”
ယန်ချင်းက ထိုလူငယ်ကိုစိုက်ကြည့်ရင်း နားမလည်နိုင်သည့်အမူအရာဖြင့် တွေးလိုက်ပြီး၊ အဖွဲ့၏နောက်ဆုံးတွင် လိုက်ပါလာသူထံသို့ အကြည့်ကို ရွှေ့လိုက်သည်။
သူ၏အကြည့်သည် ဦးခေါင်းနောက်တွင် ဆံထုံးထုံးထားသော ဆံပင်စိမ်းရင့်ရောင်နှင့် အမျိုးသမီးတစ်ဦးထံ ကျရောက်သွားသည်။ သူမ၏ ဆံပင်အရောင်သည် ယန်ချင်းထက်ပိုမိုရင့်ပြီး အနက်ရောင်သန်းနေသည်။
ဤအရောင်အဆင်းသည် သူမ၏ မျက်လုံးများတွင်လည်း ထင်ဟပ်နေပြီး စိမ်းဖန့်ဖန့်မျက်လုံးများကို ပိုင်ဆိုင်ထားသည်။
သူမထံတွင် ညီငယ် ၅ ယောက်ကိုစောင့်ရှောက်နေသော အစ်မကြီးတစ်ယောက်ကဲ့သို့ ရင့်ကျက်ပြီးနူးညံ့သိမ်မွေ့သော ဆွဲဆောင်မှုမျိုး ရှိနေသည်။
သူမ၏ အလှတရားသည် စမ်းရေပေါက်လေးတစ်ခုကဲ့သို့ စိတ်အေးချမ်းဖွယ်ကောင်းလှသည်။
သူမ၏ အသွင်အပြင်တစ်ခုလုံးက နူးညံ့မှုနှင့်ပြုစုပျိုးထောင်တတ်မှုတို့ကို ဖော်ပြနေပြီး၊ ထို့ကြောင့်ပင် ဆံထုံးကိုထိန်းထားရန် အသုံးပြုထားသော အရောင်တင်ထားသည့်အရိုး ၃ ချောင်းက သူမ၏ ကိုယ်နေဟန်ထားနှင့် ဆန့်ကျင်ဘက်ဖြစ်ကာ ထင်ရှားနေခြင်းဖြစ်သည်။
သူမသည် အနီနှင့်အပြာတစ်ဝက်စီပါသော ဝတ်ရုံကို ဝတ်ဆင်ထားသည်။သူမ၏ အမည်မှာ လော့မိန်လီဖြစ်ပြီး စစ်ဆေးရေးမှူးတစ်ဦးဖြစ်ကာ ဤအမှုကိုတာဝန်ယူထားသူ ဖြစ်သည်။
သူမသည် ယန်ချင်း၏ အကြည့်ကိုသတိပြုမိသွားပြီး နူးညံ့စွာပြုံးပြလိုက်ကာ ခေါင်းကိုဘေးသို့ယမ်းပြရင်း ထိုလူငယ်ကို လက်ညှိုးထိုးပြလိုက်သည်။
“ကိုယ်စားလှယ် တစ်ယောက်ပေါ့လေ”
ယန်ချင်းက လော့မိန်လီ၏ အသံတိတ်အချက်ပြမှုကို နားလည်လိုက်ပြီး စိတ်ထဲမှ တွေးလိုက်သည်။
ဆိုင်ရှင်တန်ဖျင် ဘယ်ရောက်နေသလဲဆိုသည့်မေးခွန်းများ ထွက်ပေါ်လာတော့မည့်အဖြစ်ကို သူအလျင်အမြန်ဖယ်ရှားလိုက်ပြီး ဤအမှု၏ အခြားတစ်ဖက်ကိုသာ အာရုံစိုက်ရန် ဆုံးဖြတ်လိုက်သည်။
လူငယ်၏ အနောက်တည့်တည့်တွင် အသက် ၄၀ ကျော်အရွယ် လူလတ်ပိုင်းတစ်ဦး ရှိနေသည်။ သူ၏ ဆံပင်များကို အပေါ်တွင် ဆံထုံးထုံးထားပြီး ဘေးဘက်တွင် မီးခိုးရောင်ဆံပင်ဖြူအချို့ ရှိနေသော်လည်း ၎င်းကပင် သူ့ကိုပို၍ဆွဲဆောင်မှုရှိစေသည်။
သူ၏မျက်လုံးများသည် နက်ရှိုင်းပြီး ငြိမ်းချမ်းနေသော်လည်း ထက်မြက်မှုနှင့်လျင်မြန်မှုတို့ကို ဖုံးကွယ်ထားသည်။ သူသည် အရပ်ရှည်ပြီးပိန်သွယ်ကာ ယနေ့မှအသစ်ဝတ်ဆင်ထားသကဲ့သို့ ဖြောင့်တန်းပြီးသပ်ရပ်နေသော မီးခိုးရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။
သူ၏ အရှိန်အဝါသည် ကျောက်တုံးထဲသို့စိုက်ဝင်နေသော လှံဖြောင့်တစ်လက်နှင့် တူသည်။ သူ့ထံတွင် လှံတစ်လက်၏ထက်ရှမှုနှင့် ကျောက်တုံးတစ်တုံး၏တည်ငြိမ်မှုတို့ နှစ်မျိုးစလုံး ပေါင်းစပ်ပါဝင်နေသည်။
အဖွဲ့သည် ယန်ချင်း၏ အရှေ့သို့ မကြာမီရောက်ရှိလာပြီး ယီကျဲက ယန်ချင်း၏ ဘေးသို့ သွားရပ်လိုက်သည်။
လော့မိန်လီက တည်ငြိမ်စွာရှေ့သို့ထွက်လာပြီး ကျက်သရေရှိစွာဦးညွှတ်အရိုအသေပေးလိုက်ရာ ဘေးရှိလူငယ်လေးမှာ မရည်ရွယ်ဘဲတံတွေးမြိုချလိုက်မိပြီး ရှက်ရွံ့မှုကြောင့် နားရွက်များပင် နီရဲသွားသည်။
“စစ်ဆေးရေးမှူးလော့မိန်လီက ချွတ်ယွင်းချက်ရှိတဲ့ ကောင်းကင်အဆင့်ဓားတစ်လက် ရောင်းချမှုနဲ့ ဥက္ကာကြွေပန်းပဲဆိုင်ကို တရားစွဲဆိုထားတဲ့ တစ်ကိုယ်တော်ကျင့်ကြံသူ ဝမ်ရင်းကျဲကို တင်ပြပါတယ်။”
“ဒါပေမဲ့ ဆိုင်ရှင်တန်ဖျင်ဟာ ရှောင်လွှဲလို့မရတဲ့ အခြေအနေတွေကြောင့် တရားခွင်ကိုကိုယ်တိုင် လာရောက်နိုင်ခြင်းမရှိတဲ့အတွက် သားဖြစ်သူ တန်သယ်လွမ်က ကိုယ်စားလှယ်အဖြစ် တက်ရောက်လာပါတယ်”
လော့မိန်လီက တိုးညှင်းစွာ ပြောလိုက်သည်။
“ဆိုင်ရှင်တန်ဖျင် ကိုယ်တိုင်မလာရောက်နိုင်တဲ့ အခြေအနေတွေက ဘာများလဲ”
ယန်ချင်းက မေးလိုက်သည်။
“သူက လွန်ခဲ့တဲ့ ၄ လကတည်းက တံခါးပိတ်ကျင့်ကြံနေခဲ့ပြီး အခုအရေးကြီးတဲ့အချိန်ကို ရောက်နေပါတယ်။ ကျွန်မကိုယ်တိုင် အတည်ပြုခဲ့ပြီး မှန်ကန်ကြောင်း သက်သေပြနိုင်ပါတယ်။”
“ဒါက ဒီအမှုကို တရားစီရင်ရေးအဖွဲ့ဆီ ရောက်လာရတဲ့အကြောင်းရင်းပါပဲ။”
“ဝမ်ရင်းကျဲက ဆိုင်ကိုသွားပြီး ပြဿနာတက်တဲ့အချိန်မှာ တန်ဖျင်က တံခါးပိတ်ကျင့်ကြံနေပြီဖြစ်ပြီး၊ သူ၏သား တန်သယ်လွမ်ကလည်း ဒီကိစ္စကိုဖြေရှင်းဖို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိသလို သူ့အဖေ ဘယ်တော့တံခါးပိတ်ကျင့်ကြံခြင်းကနေ ထွက်လာမလဲဆိုတာကိုလည်း မသိတဲ့အတွက် ဒီကိစ္စကို တရားစီရင်ရေးအဖွဲ့ဆီ ယူလာဖို့ဆုံးဖြတ်ခဲ့တာပါ။”
“နှစ်ဖက်စလုံးက ဒီကိစ္စကို လိုလိုလားလား သဘောတူခဲ့ကြပြီး တရားရုံးရဲ့ဆုံးဖြတ်ချက်ကို အပြည့်အဝ နာခံကြပါလိမ့်မယ်”
လော့မိန်လီက စိတ်ရှည်လက်ရှည်ရှင်းပြပြီးနောက် နောက်သို့တစ်လှမ်း ဆုတ်လိုက်သည်။
“ကျေးဇူးတင်ပါတယ် မိန်လီ ကောင်းပြီလေ… ဝမ်ရင်းကျဲနဲ့ ဆိုင်ရှင်တန်သယ်လွမ်… တရားရုံးရဲ့ဆုံးဖြတ်ချက်ကို မလိုက်နာရင်ဖြစ်ဖြစ်၊ တရားခွင်လုပ်ငန်းစဉ်တစ်ခုလုံးကို လမ်းညွှန်ထားတဲ့ စည်းမျဉ်းတွေကို ချိုးဖောက်တဲ့အပြုအမူမျိုး လုပ်ရင်ဖြစ်ဖြစ် ခံရမယ့်ပြစ်ဒဏ်တွေကို လော့မိန်လီက ခင်ဗျားတို့နှစ်ယောက်လုံးကို အသိပေးထားပြီးပြီလို ထင်ပါတယ်”
“ဒီအမှုကိုဆက်သွားချင်တာ သေချာပြီလား။ စိတ်ပြောင်းပြီး ကိုယ့်ဘာသာဖြေရှင်းဖို့ဆုံးဖြတ်မယ်ဆိုရင် အချိန်မီပါသေးတယ်”
ယန်ချင်းက ညင်သာစွာ မေးလိုက်သည်။ စောစောက ရှန်ညီအစ်ကိုများနှင့် ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများကြောင့် ယန်ချင်းအနေဖြင့် သတိထားဆင်ခြင်ရန် မတတ်နိုင်တော့ပေ။
“ဥက္ကာကြွေပန်းပဲဆိုင်နဲ့ ၁၇ ဆက်မြောက်အကြီးအကဲကိုယ်စား၊ ကျွန်တော် တန်သယ်လွမ်က တန်မိသားစုရဲ့ဂုဏ်သိက္ခာကိုတိုင်တည်ပြီး တရားရုံးရဲ့ဆုံးဖြတ်ချက်ကို လိုက်နာပါ့မယ်လို့ ကတိပြုပါတယ်”
တန်သယ်လွမ်က တရားခွင်တစ်ခုလုံးပဲ့တင်ထပ်သွားလောက်အောင် ကျယ်လောင်သောအသံဖြင့် လေးနက်စွာ ပြောလိုက်သည်။
“ကျွန်တော်လည်း ဒီကမိတ်ဆွေလေးနည်းတူ၊ တရားရုံးရဲ့ဆုံးဖြတ်ချက်နဲ့ လုပ်ငန်းစဉ်တွေကို လိုက်နာပါ့မယ်လို့ ကတိပြုပါတယ်။ ဘယ်လိုပဲအဆုံးသတ်ပါစေ ဝမ်းမြောက်စွာ လက်ခံပါ့မယ်။”
“ကျွန်တော့်နာမည်က သိပ်အရေးမပါလှပေမဲ့၊ ကျွန်တော်ဝမ်ရင်းကျဲက ပေးထားတဲ့ကတိတွေကို ကိုယ့်အသက်လိုပဲ တန်ဖိုးထားပါတယ်”
ဝမ်ရင်းကျဲက တိုးညှင်းစွာ ပြောလိုက်သည်။
အသံမှာတိုးသော်လည်း လူတိုင်းက သူ၏အသံထဲမှ ယုံကြည်ချက်ကို ခံစားသိရှိနိုင်ကြသည်။
ယန်ချင်းက သူတို့ကိုခေါင်းညိတ်ပြလိုက်ပြီး စိတ်ထဲတွင် အလွန်ဝမ်းသာသွားသည်။
“ဒါက ချောမွေ့လွယ်ကူမယ့် အမှုတစ်ခုဖြစ်နိုင်တယ်။ လက်ချောင်းယှက်ဆုတောင်းခြင်းနည်းစနစ်… မင်းက မင်းကိုယုံကြည်တဲ့သူကို နောက်တစ်ကြိမ် ကယ်တင်လိုက်ပြန်ပြီ”