တန်သယ်လွမ်၏ ထွက်ဆိုချက်
Vol. 7 Ch. 64
“တရားစီရင်ရေးအဖွဲ့အပေါ် ယုံကြည်မှုအတွက် ခင်ဗျားတို့နှစ်ယောက်လုံးကို ကျေးဇူးတင်ပါတယ်။ ဒီအမှုကိုတာဝန်ယူရတဲ့ တရားသူကြီးအနေနဲ့ ခင်ဗျားတို့နှစ်ယောက်လုံး လက်ခံနိုင်မယ့် အဖြေတစ်ခုရလာအောင် အကောင်းဆုံးကြိုးစားသွားပါ့မယ်”
“တရားရုံးထဲရောက်လာတဲ့ လူတိုင်းကို အသိပေးလေ့ ရှိသလိုပဲ၊ အခြေအနေကိုပိုပြီး ရှင်းရှင်းလင်းလင်းသိရအောင် ခင်ဗျားတို့တစ်ယောက်ချင်းစီက ကိုယ့်ဘက်ကအဖြစ်အပျက်တွေကို အလှည့်ကျတင်ပြပေးရပါမယ်။”
“လိုအပ်ရင် ကျွန်တော့်အတွက်ရော ခင်ဗျားတို့အတွက်ပါ အချက်အလက်သက်သေတွေပိုမိုပြည့်စုံစေဖို့ ဒီကိစ္စနဲ့ပတ်သက်တဲ့ ကျွမ်းကျင်သူတွေကိုလည်း ဖိတ်ခေါ်ပြီး အကူအညီတောင်းကောင်း တောင်းပါလိမ့်မယ်”
“လုံလောက်တဲ့အချက်အလက်တွေ သက်သေတွေ ရပြီလို့ယူဆတဲ့အခါ စီရင်ချက်ချပါမယ်။ တခြားထူးခြားတဲ့အခြေအနေမရှိရင် အဲ့ဒီစီရင်ချက်က ချက်ချင်းအသက်ဝင်ပါလိမ့်မယ်”
“ကောင်းပြီလေ... တန်သယ်လွမ်... ဝမ်ရင်းကျဲရဲ့ ထွက်ဆိုချက်မတိုင်ခင် ခင်ဗျားအရင်စပြောဖို့ သင့်တော်မယ်ထင်တယ်။ အခု ခင်ဗျား စတင်ပြောနိုင်ပါပြီ”
ယန်ချင်းက တန်သယ်လွမ်ကို စတင်ရန် ညင်သာစွာလက်ဟန်ပြရင်း ပြောလိုက်၏။
“ကျေး... ဇူး... တင်... ပါ... တယ်... တရားသူကြီး... ယန်ချင်း”
တန်သယ်လွမ်က အသံတုန်တုန်ဖြင့် ပြောလိုက်သည်။
သူ၏ ဘဝတစ်လျှောက်လုံး မီးဖိုနောက်တွင်သာ အချိန်ဖြုန်းကာ သတ္တုစများနှင့်သာ စကားပြောလေ့ရှိသူဖြစ်ရာ၊ ဆိုင်၏ ပုံမှန်ဖောက်သည်များမှလွဲ၍ ပုံမှန်ဖောက်သည်မဟုတ်သည့် တခြားလူစိမ်းများနှင့် စကားပြောချိန်တွင် အမြဲတမ်းအခက်တွေ့လေ့ရှိ၏။
ငယ်စဉ်ကတည်းက ဤအတိုင်းဖြစ်ခဲ့ပြီး၊ ယခုလိုစိမ်းသက်လှသောနေရာသို့ ရောက်နေရခြင်းက သူ၏စိုးရိမ်ပူပန်မှုများကို ပိုမိုအထွတ်အထိပ်သို့ ရောက်သွားစေခဲ့သည်။
နတ်မိမယ်များကဲ့သို့လှပသော မော့ယွင်ရုနှင့် လော့မိန်လီတို့ ရှိနေခြင်းကလည်း အခြေအနေကို ပိုကောင်းမလာစေသည့်အပြင်၊ စိုးရိမ်လွယ်သော တန်သယ်လွမ်၏ ရင်ထဲသို့ ဆီလောင်းထည့်ပေးနေသကဲ့သို့ ပို၍ပင်အနေရခက်စေချေသည်။
ယန်ချင်းနှင့် ကျန်လူများက ဤအခြေအနေကို သတိပြုမိပြီး တန်သယ်လွမ်၏ လက်ရှိပုံစံကိုကြည့်ကာ သဘောကျနေမိကြသည်။
မော့ယွင်ရုက သူ့ကိုစိတ်သက်သာရာရစေရန် နှစ်သိမ့်သောအပြုံးလေးဖြင့် ပြုံးပြလိုက်သော်လည်း၊ ထိုအပြုံးကပင် သူ၏မျက်နှာကို သူနေ့စဉ်နှင့်အမျှရင်ဆိုင်နေရသော မီးဖိုကြီးထက်ပင် ပိုမိုနီရဲသွားစေခဲ့လေသည်။
“အဟမ်း...”
ယန်ချင်းက တန်သယ်လွမ် သတိဝင်လာစေရန် ညင်သာစွာ ချောင်းဟန့်လိုက်၏။
“ဟဲဟဲဟဲ”
တန်သယ်လွမ်က စိုးရိမ်တကြီးရယ်မောရင်း ချွေးပြန်နေသောလက်ဝါးများကို သူ၏ဝတ်ရုံတွင် ပွတ်သပ်လိုက်သည်။
“စောစောက ပြောခဲ့သလိုပဲ ကျွန်တော့်နာမည်က တန်သယ်လွမ်ပါ။ ဥက္ကာကြွေပန်းပဲဆိုင်ရဲ့ ၁၇ ဆက်မြောက်အကြီးအကဲဖြစ်ပေမဲ့၊ ဆိုင်ကိုတော့ ၁၆ ဆက်မြောက်အကြီးအကဲဖြစ်တဲ့ ကျွန်တော့်အဖေကပဲ ဆက်လက်ဦးစီးနေဆဲပါ။”
“ကျွန်တော်တို့ရဲ့ မှတ်တမ်းတွေအရဆိုရင် စိနီယာဝမ်ရင်းကျဲက ကျွန်တော်တို့ဆိုင်မှာ စိတ်ကြိုက်ဓားတစ်လက်လုပ်ဖို့ အပ်နှံခဲ့ပါတယ်။”
“လွန်ခဲ့တဲ့ ၉ လက အပ်ခဲ့တာဖြစ်ပြီး ကျွန်တော့်အဖေကိုယ်တိုင် လက်ခံခဲ့တာပါ။ အဲဒီမှတ်တမ်းမိတ္တူကို အစ်မကြီးလော့မိန်လီဆီကို ကျွန်တော်ပေးပြီးသားပါ။”
“မှတ်တမ်းမှာ မြင်ရတဲ့အတိုင်းဆိုရင် စီနီယာဝမ်ရင်းကျဲက ဓားလုပ်ဖို့လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကို ကိုယ်တိုင်ယူလာပေးခဲ့ပါတယ်။ မှတ်တမ်းအရ ကျွန်တော့်အဖေက အဲဒီပါဝင်ပစ္စည်းတချို့ကို လက်ခအဖြစ်လက်ခံခဲ့တာကိုလည်း တွေ့ရပါတယ်။”
“ပါဝင်ပစ္စည်းတွေကတော့... ဆည်းဆာခရမ်းသတ္တု၊ ဝက်သစ်ချသား၊ နတ်ဆိုးရတနာ၊ လိမ္မော်ရောင်ဆီနှင်းသမင်ချို ၊ မဟူရာနဂါးကြေးခွံ၊ တန်ကန်းတောဝက်စွယ် နဲ့ နောက်ဆုံး ဓားရဲ့ကိုယ်ထည်အဖြစ် အသုံးပြုမယ့် ကောင်းကင်ရောင်စဥ်ကျောက်စိမ်းတို့ပဲ ဖြစ်ပါတယ်။”
“ဒီအရာတွေအားလုံးက ထိပ်တန်းကောင်းကင်အဆင့်ပါဝင်ပစ္စည်းတွေဖြစ်ပြီး၊ ဒါကြောင့်ပဲ ကျွန်တော့်အဖေက ဝိညာဉ်ကျောက်တုံးတွေအစား ဒီပစ္စည်းတွေကိုပဲ လက်ခအဖြစ် လက်ခံခဲ့တာပါ။”
“လွန်ခဲ့တဲ့ ၃ လလောက်ကဆိုတော့ ဒီနေ့ကနေ နောက်ကြောင်းပြန်တွက်ရင် လွန်ခဲ့တဲ့ ၆ လက... ကျွန်တော့်အဖေက အခုမြင်နေရတဲ့ မိုးမခရွက်ပုံစံဓားကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပါတယ်”
တန်သယ်လွမ်က ရှည်လျားစွာ ရှင်းပြလိုက်၏။ ဆိုင်အကြောင်းစတင်ပြောဆိုလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏စောစောက စိုးရိမ်ပူပန်မှုများအားလုံး လေထဲသို့ လွင့်ပျောက်သွားပုံရလေသည်။
တန်သယ်လွမ်က အမှုအသေးစိတ်အချက်အလက်များပါဝင်သော အဖြူရောင်ကျောက်စိမ်းပြားမှတ်တမ်းကို ရှင်းပြနေစဉ်၊ လော့မိန်လီက ဓားကို ယန်ချင်းထံ စစ်ဆေးရန် ကမ်းပေးလိုက်သည်။
ယန်ချင်းသည် သူ၏လက်ထဲရှိဓားကိုကြည့်ကာ မလေးစားဘဲမနေနိုင်တော့ပေ။ ဓားသည် ၄၄ လက်မ ရှည်လျား၏။ ရွှေရောင်စပျစ်နွယ်ပင်များနှင့် သေးငယ်သောအရွက်လေးများ ပုံဖော်တန်ဆာဆင်ထားသော အနက်ရောင်ဓားအိမ်ထဲတွင် ထည့်သွင်းထားသည်။
လိမ္မော်ရောင်ဆီးနှင်းသမင်ချိုဖြင့် ပြုလုပ်ထားပြီး လိမ္မော်ရောင်အနည်းငယ်သန်းနေသော ဖြူဖွေးသည့်ဓားရိုးနှင့် ဓားအိမ်၏လက်ရာကို ကြည့်ရုံဖြင့် ဤဓားကိုဖန်တီးခဲ့သူသည် သူ၏ နှလုံးသားနှင့်ဝိညာဉ်တစ်ခုလုံးကို နှစ်မြှုပ်ကာဖန်တီးခဲ့ကြောင်း သိနိုင်ပေသည်။
သူက ဓားကို အိမ်ထဲမှညင်သာစွာဆွဲထုတ်လိုက်ရာ၊ ချောမွေ့သွယ်လျပြီး ညင်သာစွာကွေးညွှတ်နေသော ဓားသွားတစ်ခုကို မြင်တွေ့လိုက်ရ၏။
သတ္တုထက် ဖန်သားအစစ်ဖြင့်ပြုလုပ်ထားသကဲ့သို့ ထင်ရသည်။ ဓားသွားသည် တိမ်လွှာလိုဖြူနေပြီး ရွှေရောင်အလင်းတန်းများက တိမ်တိုက်တစ်ခုမှတစ်ခုသို့ ကူးခတ်နေသကဲ့သို့ ဓားသွားပေါ်တွင် စီးဆင်းနေပေသည်။
ဓားအသွားသည် တုံးနေပုံရသော်လည်း သေချာကြည့်မှသာမြင်နိုင်မည့် မှေးမှိန်သောခရမ်းရောင်အလွှာပါးလေးတစ်ခုက ဓားအသွားကို ရစ်ပတ်ထားလေသည်။
ယန်ချင်းသည် ဓား၏ထက်မြက်မှုကို မြည်းစမ်းကြည့်သည့်အလား သူ၏သွယ်လျသောလက်ချောင်းဖြင့် ဓားသွားပေါ်သို့ပွတ်ဆွဲလိုက်ရာ၊ ဝမ်ရင်းကျဲနှင့် တန်တယ်လွန်းတို့မှာ အံ့အားသင့်စွာ ကြည့်နေမိကြ၏။
ဤဓား မည်မျှထက်မြက်ကြောင်း သူတို့နှစ်ယောက်စလုံး ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ဖူးသည်။
၎င်းသည် အဆင့်နိမ့်ကောင်းကင်အဆင့်သတ္တုများကိုဖြစ်စေ၊ ရွှေအမြုတေအဆင့်အစောပိုင်းကျွမ်းကျင်သူတစ်ဦးကိုဖြစ်စေ ထောပတ်ကို ဓားဖြင့်လှီးသကဲ့သို့ အလွယ်တကူထက်ပိုင်းခွဲပစ်နိုင်စွမ်း ရှိပေသည်။
၎င်းသည် ဓားဖန်တီးရာတွင်အသုံးပြုခဲ့သော ခရမ်းရောင်ဆည်းဆာသတ္တုကြောင့် ဖြစ်ပေါ်လာသည့် ခရမ်းရောင်အလွှာပါး၏ အာနိသင်ကို ထည့်မတွက်ရသေးခင်က ပမာဏပင်ဖြစ်၏။
ထိုခရမ်းရောင်အလွှာပါးသည် ပြင်းထန်သောတိုက်စားမှုနှင့် ဖျက်ဆီးမှုစွမ်းရည်များကို ပိုင်ဆိုင်ထားသည်။
ရွှေအမြုတေအဆင့် အစောပိုင်းကျွမ်းကျင်သူတစ်ဦးသည် ထိုသတ္တုဖြင့်ပြုလုပ်ထားသော လက်နက်၏ခုတ်ရှခံရပါက၊ တိုက်ခိုက်သူ၏ ချီစွမ်းအင်ပါဝင်မှုကို ထည့်မတွက်လျှင်ပင်၊ ပျောက်ကင်းရန် လနှင့်ချီ၍ တံခါးပိတ်ကျင့်ကြံကုသရမည့် ဒဏ်ရာမျိုးကို ရရှိသွားမည်သာဖြစ်ချေသည်။
ရွှေအမြုတေအထွတ်အထိပ်ကျွမ်းကျင်သူဖြစ်သော ဝမ်ရင်းကျဲကိုယ်တိုင်ပင်လျှင် ဒဏ်ရာမရဘဲ ထိုဓားသွားပေါ်သို့ လက်ဖြင့်ပွတ်ဆွဲရဲရန် မိမိကိုယ်ကိုယ်ယုံကြည်မှုမရှိပေ။
ယန်ချင်း၏လက်ချောင်းများ ပြတ်ရှသွားမည်ဟု သူတို့ထင်ထားခဲ့သော်လည်း၊ ထိုသို့ဖြစ်မလာခဲ့ဘဲ သူတို့ဘယ်တော့မှမေ့နိုင်မည်မဟုတ်သော မြင်ကွင်းတစ်ခုကိုသာ မြင်တွေ့လိုက်ရလေသည်။
ယန်ချင်း၏လက်ချောင်းဖြတ်သွားသော နေရာတိုင်းတွင် မီးပွားများထွက်ပေါ်လာ၏။ သူ၏လက်ချောင်းလှုပ်ရှားမှုတိုင်းက ဓားကိုသွေးပေးနေသကဲ့သို့ ဖြစ်နေသည်။
“တကယ့်ကို ထူးချွန်ပြောင်မြောက်တဲ့ ဓားပဲ။ ငါတောင် ငါ့လက်နက်တိုက်ထဲ သိမ်းထားချင်စိတ် ပေါက်လာပြီ။ ယီကျဲ... ရော့ ဒီအမှုအတွက် မင်းရဲ့ကျွမ်းကျင်မှု လိုအပ်လိမ့်မယ်”
ယန်ချင်းက ပြောရင်း ဓားကိုဓားအိမ်ထဲပြန်ထည့်ကာ ယီကျဲထံပစ်ပေးလိုက်သည်။ ဓားကိုမြင်လိုက်ရချိန်တွင် ယီကျဲ၏မျက်နှာပေါ်၌ ဝမ်းသာသွားသည့်အရိပ်အယောင်များ ခေတ္တမျှပေါ်လာပြီးနောက် ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေသည်။
“ဆက်ပြောပါ ဆိုင်ရှင်တန်သယ်လွမ်”
ယန်ချင်းက ပြောလိုက်၏။
ယန်ချင်း၏ ခဏတာအစွမ်းပြမှုကြောင့် လွင့်မျောသွားသောအတွေးများကို ပြန်လည်စုစည်းရန် သူ့အနေဖြင့် အချိန်အနည်းငယ်ခန့် ယူလိုက်ရသည်။
“ဟုတ်ကဲ့... ကျွန်တော်ပြောခဲ့သလိုပဲ ကျွန်တော့်အဖေက ၃ လအတွင်းမှာ ဓားကိုအပြီးသတ်ဖန်တီးနိုင်ခဲ့ပြီး စီနီယာဝမ်ရင်းကျဲကို လာယူဖို့ခေါ်ခဲ့ပါတယ်။”
“စီနီယာဝမ်ရင်းကျဲက ကျွန်တော့်အဖေနဲ့အတူ ဓားကိုစစ်ဆေးကြည့်ပြီး ပြဿနာမရှိတာတွေ့ရတော့ အလွန်ကျေနပ်သွားခဲ့ပါတယ်။ ကျေးဇူးဆပ်တဲ့အနေနဲ့ နောက်ထပ်ပါဝင်ပစ္စည်းတချို့ကိုတောင် ကျွန်တော့်အဖေကို ထပ်ပေးခဲ့ပါသေးတယ်။”
“အဲဒီနောက် သူပြန်သွားပြီး၊ အဲဒီနေ့မှာပဲ ကျွန်တော့်အဖေလည်း တံခါးပိတ်ကျင့်ကြံခြင်း ဝင်သွားခဲ့ပါတယ်။”
“အဲဒီဓားကိုဖန်တီးရာကနေ သူအများကြီးရိတ်သိမ်းခွင့်ရလိုက်ပြီး၊ နန်းတော်အဆင့်ဆီသွားမယ့် အတားအဆီးတွေပါးလွှာသွားပြီလို့ ခံစားရတဲ့အထိ ထိုးထွင်းသိမြင်မှုတွေ ရခဲ့ပါတယ်။”
“ကျွန်တော့်အဖေက ရွှေအမြုတေအထွတ်အထိပ်အဆင့်မှာ တစ်ရာစုနီးပါးလောက် တစ်ဆို့နေခဲ့တာမို့ ဒီဘဝမှာနန်းတော်အဆင့်ကိုရောက်ဖို့ဆိုတာ လက်လျော့လုနီးပါး ဖြစ်နေခဲ့တာပါ။”
“ဒါကြောင့် အခွင့်အရေးလည်းရလာရော ကျန်တဲ့ကိစ္စအားလုံးကို ဘေးဖယ်ထားပြီး အဆင့်တက်ဖို့ကိုပဲ အာရုံစိုက်လိုက်တာပါ”
“သူ တံခါးပိတ်ကျင့်ကြံတော့မယ့်အကြောင်းကို တော်ဝင်မိသားစုကိုတောင် အသိမပေးခဲ့ဘဲ ပြဿနာတွေအားလုံးကို ကျွန်တော့်ဆီ ပုံချသွားခဲ့တာပါ”
တန်သယ်လွမ်က စကားအဆုံးတွင် မကျေမနပ်ဖြစ်နေသောမျက်နှာထားဖြင့် ပြောလိုက်လေသည်။
“အဲဒီအချိန်ကတည်းက သူတံခါးပိတ်ကျင့်ကြံနေခဲ့တာ အခုဆို ၆ လမြောက်ထဲကို ရောက်နေပါပြီ။လွန်ခဲ့တဲ့ ၃ လက စီနီယာဝမ်ရင်းကျဲ ပြန်ရောက်လာပြီး ဓားမှာပြဿနာရှိတယ်လို့ ပြောပါတယ်။”
“ဒါပေမဲ့ အဲဒီပြဿနာကိုဖြေရှင်းပေးဖို့ ကျွန်တော့်အဖေက မရှိဘူးလေ။ ဆိုင်ကို ကျွန်တော်တို့ သားအဖနှစ်ယောက်တည်းကပဲ ဦးစီးတာဖြစ်ပြီး၊ ကောင်းကင်အဆင့်လက်နက်တွေကို ဖန်တီးနိုင်တာ သူတစ်ယောက်တည်းပဲ ရှိတာပါ။”
“အဲဒီတော့ ကောင်းကင်အဆင့်လက်နက်တစ်ခုရဲ့ ပြဿနာကိုဖြေရှင်းဖို့ဆိုတာ ကျွန်တော့်အနေနဲ့ အဆင့်မမီပါဘူး။”
“ကျွန်တော့်အဖေရဲ့ လက်ရှိအခြေအနေကို ပြောပြခဲ့ပါတယ်။ သူကလည်း နားလည်ပေးပြီး ကျွန်တော့်အဖေ တံခါးပိတ်ကျင့်ကြံခြင်းကနေ ထွက်လာမယ့်အချိန်ကို စောင့်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။”
“ဒါပေမဲ့ ၃ လကြာတဲ့အထိ သူထွက်မလာသေးဘူးဆိုတာ ကျွန်တော်တို့ လုံးဝမျှော်လင့်မထားခဲ့ပါဘူး။ သူကလည်း အရေးကြီးတဲ့အဆင့်ကို ရောက်နေတာမို့ ကျွန်တော်တို့က သွားနှောင့်ယှက်လို့လည်း မရဘူးလေ။”
“စီနီယာဝမ်ရင်းကျဲကလည်း သူ့ကိစ္စနဲ့သူ အချိန်အရမ်းကပ်နေတော့၊ ကျွန်တော်က ကူညီပေးချင်ပေမဲ့ မကူညီနိုင်ခဲ့ဘူး။ အဲဒါနဲ့ ကျွန်တော်တို့ယုံကြည်ရတဲ့ ကြားခံတစ်ခုခုကိုအသုံးပြုဖို့ ဆုံးဖြတ်လိုက်ကြပြီး တရားစီရင်ရေးအဖွဲ့ကို ရွေးချယ်လိုက်တာပါ။”
“တရားသူကြီးယန်ချင်း... ကျွန်တော့်အဖေကလည်း အလုပ်မလုပ်နိုင်၊ ကျွန်တော်ကလည်း ဒီကိစ္စကိုကိုယ်တိုင်ဖြေရှင်းနိုင်လောက်အောင် အတွေ့အကြုံမရှိတဲ့အတွက် အားကိုးစရာမရှိတော့လို့ ဒီကိစ္စမှာ တရားသူကြီးရဲ့လမ်းညွှန်မှုနဲ့ အကူအညီကို နှိမ့်ချစွာတောင်းခံပါတယ်”
တန်သယ်လွမ်က နှိမ့်ချစွာဦးညွှတ်ရင်း ပြောလိုက်၏။
ယန်ချင်းသည် ထိုလူငယ်လေးကို မသနားမိဘဲမနေနိုင်တော့ချေ။ သူသည် ပြင်ဆင်ချိန် မရလိုက်ခင်မှာပင် ခြေချစရာနေရာမရှိသော မီးတောက်ထဲသို့ ပစ်ချခံလိုက်ရခြင်းဖြစ်သည်။
ဘိုးဘေးများက သွေး၊ ချွေး၊ မျက်ရည်များရင်းကာ တည်ဆောက်ခဲ့သောအမွေအနှစ်ကို မိမိလက်ထက်တွင်မပြိုကွဲစေရန် ကြိုးစားရခြင်းမှာ မလွယ်ကူလှပေ။
အထူးသဖြင့် ရွှေအမြုတေအဆင့်ကျွမ်းကျင်သူများနှင့် တခြားသြဇာကြီးမားသူများအကြား နာမည်ကြီးပြီး အဆင့် ၄ အဖွဲ့အစည်းတစ်ခုလောက်နီးပါးရှိသော အဖွဲ့အစည်းတစ်ခုကို အခြေတည်အဆင့်လေးသာရှိသေးသည့် တန်သယ်လွမ်ကဲ့သို့ လူငယ်လေးတစ်ယောက်က ဦးဆောင်နေရခြင်းမှာ ပို၍ပင်ခက်ခဲပေမည်။
မိမိကိုယ်မှလွဲ၍ အားကိုးစရာဘယ်သူမှမရှိသည့် အခြေအနေတွင် ထိုတာဝန်ကိုထမ်းပိုးရခြင်းမှာ လွယ်ကူသောအလုပ်တစ်ခုတော့ မဟုတ်ချေ။
ဘေးမှရပ်နေသော ဝမ်ရင်းကျဲမှာလည်း ထိုအကြောင်းကိုကြားသောအခါ သက်ပြင်းချလိုက်မိတော့သည်။
တခြားအချိန်သာဆိုလျှင် သူတစ်နှစ်လောက်ပင် စိတ်ရှည်လက်ရှည်စောင့်ဆိုင်းပေးနိုင်သော်လည်း၊ ယခု သူဖြေရှင်းရမည့်ကိစ္စမှာ အချိန်နှင့်အပြေးအလွှား လုပ်ဆောင်ရမည့်ကိစ္စ ဖြစ်နေသည်။
ထိုကိစ္စအောင်မြင်နိုင်ခြေကို တိုးမြှင့်ရန်အတွက် အနည်းဆုံး ထိပ်တန်းကောင်းကင်အဆင့်လက်နက်တစ်ခု လိုအပ်နေသည် မဟုတ်ပါလား။