ရတနာများ၏ အလားအလာ ၂ မျိုး
Vol. 7 Ch. 66
“သူ့ရဲ့ပန်းပဲဆရာအဆင့်ကို ကျွန်တော်ပြောပြရတာက ပွင့်လင်းမြင်သာမှုရှိစေဖို့ရယ်၊ နောက်ပြီး သူဆက်ပြောမယ့်စကားတွေအပေါ် ခင်ဗျားတို့ သံသယမဝင်စေဖို့ရယ်အတွက်ပါ။”
“သူ့ရဲ့အစီရင်ခံစာကို နားထောင်ပြီးတဲ့နောက်မှာတောင် သံသယရှိနေသေးရင်၊ ကျွန်တော်တို့ တစ်ခါတလေ ဆက်သွယ်လုပ်ကိုင်လေ့ရှိတဲ့ အပြင်ကသီးခြားပန်းပဲဆိုင်တချို့ဆီကို ကျွန်တော် လက်ရေးစာရေးပေးလိုက်မယ်။”
“ကျွန်တော့်ရဲ့ လက်ရေးစာနဲ့ဆိုရင် တိုင်ပင်ဆွေးနွေးခကြေးငွေ ကို လျှော့ပေါ့ပေးတာ ဒါမှမဟုတ် လုံးဝကင်းလွတ်ခွင့်ပေးတာမျိုး ရနိုင်ပါတယ်။”
“အဲဒီဆိုင်တွေမှာ အပြာရောင်အဆင့်ရှိတဲ့ ကျွမ်းကျင်လက်မှုပညာရှင်တွေ အများစုရှိတဲ့အတွက်၊ ဒီကိစ္စပြီးသွားလို့ ခင်ဗျားတို့အနေနဲ့ ဒုတိယအမြင်တစ်ခု ထပ်လိုချင်သေးရင်လည်း သူတို့က ဓားရဲ့ပြဿနာကို သေချာပေါက် ပြောပြနိုင်ပါလိမ့်မယ်။”
“ဒါတွေအားလုံးက ကျင့်ကြံသူ ဝမ်ရင်းကျဲရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်ပါတယ်”
ယန်ချင်းက ညင်သာစွာပြုံးရင်း ပြောလိုက်သည်။
“ရပါတယ် တရားသူကြီးယန်ချင်း... ကျွန်တော်ဒီကိုလာကတည်းက တရားစီရင်ရေးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို ယုံကြည်လို့ပါ။ ဒါပေမဲ့ ပန်းပဲဆိုင်တွေရဲ့ လိပ်စာတွေကို ရမယ်ဆိုရင်တော့ မငြင်းပါဘူး။”
“တရားစီရင်ရေးအဖွဲ့က ယုံကြည်စိတ်ချရတယ်လို့ သတ်မှတ်ထားတဲ့ ဆိုင်တချို့နဲ့ အဆက်အသွယ်ရှိတာက မကောင်းတဲ့ကိစ္စမှမဟုတ်တာ။”
“အထူးသဖြင့် ကျွန်တော့်လို တစ်ကိုယ်တော်ကျင့်ကြံသူအတွက်ဆိုရင် သတင်းအချက်အလက်တိုင်းက အရေးပါတဲ့အလုပ်မျိုးမှာဆိုရင် ပိုပြီးတောင် အသုံးဝင်ပါသေးတယ်”
ဝမ်ရင်းကျဲက အနေရခက်စွာပြုံးရင်း ပြောလိုက်၏။ သူသည် မျက်နှာအရေထူထူဖြင့်ပင် လက်ရေးစာကိုတောင်းရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ထိုဆိုင်များသည် တရားစီရင်ရေးအဖွဲ့၏ မျက်စိကျခြင်းကိုခံရရန်အတွက် သူတို့၏နယ်ပယ်တွင် အကောင်းဆုံးဖြစ်နေရမည်ကို သူကောင်းကောင်းသိသည်။
သူ့လိုလူမျိုးအတွက် ထိုဆိုင်များ၏တံခါးဝကို ဖြတ်ကျော်နိုင်ရန်ပင် ကြီးမားလှသောကံတရားနှင့် လုံလောက်သောအင်အား လိုအပ်မည်ဖြစ်သည်။
ယန်ချင်း၏ လက်ရေးစာက သူ့အတွက် ဖြတ်လမ်းတစ်ခုလို ဖြစ်နေမည်ဖြစ်ရာ၊ အရေထူထူဖြင့်တောင်းဆိုရမည်ဆိုလျှင်ပင် သူ ဝမ်းမြောက်ဝမ်းသာ လက်ခံမည်သာ။
“ဟားဟားဟား... ရတာပေါ့၊ အဲဒီလိုလည်း လုပ်လို့ရပါတယ်”
ယန်ချင်းက သဘောကျစွာ ပြောလိုက်သည်။
“ယီကျဲ... ကျေးဇူးပြုပြီး စလိုက်ရအောင်”
ယန်ချင်းက ဓားကို ‘ပုံမှန်ထက်’ ပိုမိုအသေးစိတ်စစ်ဆေးနေသော ယီကျဲကို အနှောင့်အယှက်ပေးရင်း ပြောလိုက်သည်။
ယီကျဲလည်း အပြင်လောကသို့ ပြန်လည်သတိဝင်လာပြီး သူ၏ရွာဖွေတွေ့ရှိမှုများကို စတင်မျှဝေရန် တစ်မိနစ်ခန့် အချိန်ယူလိုက်ရ၏။
“လက်ရာကိုကြည့်ရတာ... ပန်းပဲဆရာက ပါဝင်ပစ္စည်းတွေရဲ့မျှခြေ ကိုရရှိအောင် အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့တယ်ဆိုတာ ငါပြောနိုင်တယ်။”
“ဒီဓားကိုဖန်တီးရာမှာ အသုံးပြုထားတဲ့ပါဝင်ပစ္စည်းတစ်ခုချင်းစီကို အရာမထင်အောင်ပေါင်းစပ်ထားပြီး၊ ပါဝင်ပစ္စည်းတစ်ခုနဲ့ တစ်ခု ဂုဏ်သတ္တိတွေက တခြားအရာတွေကို ဖုံးကွယ်လွှမ်းမိုးသွားတာမျိုးမဖြစ်စေဘဲ တစ်ခုရဲ့သတ္တိက နောက်တစ်ခုကို ပိုကောင်းလာစေဖို့ သိမ်မွေ့တဲ့မျှခြေတစ်ခုကိုရရှိအောင် ဖန်တီးပေးထားတယ်။”
“မဟာလက်မှုပညာရှင်တစ်ယောက်ရဲ့ အဓိကပန်းတိုင်တွေထဲကတစ်ခုက... ရတနာတစ်ခုလုံးနဲ့ယှဉ်ရင် အဲဒီပါဝင်ပစ္စည်းလေးက ဘယ်လောက်ပဲသေးငယ်အရေးမပါနေပါစေ၊ အသုံးပြုထားတဲ့ ပါဝင်ပစ္စည်းအားလုံးဆီကနေ အကောင်းဆုံးဂုဏ်သတ္တိတွေကို ဆွဲထုတ်နိုင်ဖို့ပဲ။”
“လက်ရာမြောက်တဲ့ ရတနာတစ်ခုဆိုတာ ပါဝင်ပစ္စည်းတွေအားလုံးရဲ့ ဂုဏ်သတ္တိတွေကို ကောင်းကောင်းဖော်ပြနိုင်ပြီး၊ အချင်းချင်းလွှမ်းမိုးသွားတာ၊ ဟန့်တားသွားတာမျိုးမရှိဘဲ တစ်သားတည်းပေါင်းစပ်သွားတာမျိုးကို ခေါ်တာ။”
“ဒီဓားရဲ့ အရည်အသွေးကို ကြည့်ရင်... ပန်းပဲဆရာက အဲဒီမျှခြေကို အောင်မြင်အောင်လုပ်နိုင်ခဲ့တယ်ဆိုတာ ငါပြောနိုင်တယ်။”
“ဒီအချက်လေးတစ်ခုတည်းကို အောင်မြင်တာကတင်... သူဟာ လက်မှုပညာရှင်သန်းပေါင်းများစွာက တစ်သက်လုံးလျှောက်လှမ်းခွင့်မရနိုင်တဲ့ လမ်းစဥ်တစ်ခုပေါ်ကို ခြေချလိုက်နိုင်ပြီဆိုတဲ့ အဓိပ္ပာယ်ပဲ။”
“တကယ့်ကို လှပသေသပ်တဲ့ဖန်တီးမှုတစ်ခုပဲ။ ငါ ဒီလမ်းစဥ်ပေါ်ကို ပထမဆုံးခြေလှမ်းစတင်ခဲ့တုန်းက ကမ္ဘာကြီးဘယ်လိုပြောင်းလဲသွားသလဲဆိုတာ မှတ်မိနေသေးတယ်...”
“အဟမ်း... ယီကျဲ၊ မင်းပန်းပဲဆရာတစ်ယောက်ဖြစ်လာတဲ့ ခရီးစဉ်အကြောင်းဇာတ်လမ်းတွေ နားထောင်ဖို့ ငါတို့ဒီကိုရောက်နေတာမဟုတ်ဘူး။ လက်ရှိကိစ္စကိုပဲ အာရုံစိုက်စမ်ပါ။ ကျွတ်စ်... ဘယ်လောက်တောင်အချွဲပိုပြီး ဟန်ဆောင်ကောင်းတဲ့ကောင်လဲ။”
“ငါ့ရဲ့သူရဲကောင်းဇာတ်လမ်းတွေ ပြောပြချင်တဲ့အချိန်တိုင်း သူကအမြဲတမ်း ပထမဆုံးဝင်နှောင့်ယှက်တတ်ပြီး၊ အခုကျတော့ သူကိုယ်တိုင် အဲဒီလိုလာလုပ်နေတယ်။”
“တခြားလူအဲဒီလိုလုပ်တုန်းကကျတော့ အဆုံးအစမရှိ လှောင်ပြောင်ခဲ့ပြီး၊ ကိုယ်တိုင်ကျတော့ အဲဒီလိုလုပ်ရက်တယ်ဆိုတော့ သူ့မျက်နှာက ဘယ်လောက်တောင်အရေထူနေမလဲ။ တချို့လူတွေများနော်...”
ယန်ချင်းက ယီကျဲကို အထင်သေးလှောင်ပြောင်သည့်အကြည့်ဖြင့်ကြည့်ရင်း ရွဲ့စောင်းကာ ပြောလိုက်သည်။ ယီကျဲမှာ ရှက်ရွံ့သွားပြီး သွားကြိတ်ကာ ယန်ချင်းကို လက်စားချေလိုသောအကြည့်ဖြင့် ပြန်လည်စိုက်ကြည့်လိုက်လေသည်။
“ကောင်းပြီလေ” သူက တိုးတိုးလေး ခပ်ပြင်းပြင်း ရေရွတ်လိုက်၏။
“အင်း... ကျင့်ကြံသူ ဝမ်ရင်းကျဲ... ဒီကိစ္စကို ဘယ်လိုစပြောရမလဲတော့ မသိဘူး။ ခင်ဗျားရဲ့အခြေအနေကတော့ လူတွေရဲ့အမြင်အပေါ်မှာပဲ မူတည်တယ်။”
“ကျွန်တော့်ဘက်ကကြည့်ရင်တော့ ဒါကိုအပြုသဘောဆောင်တဲ့ အရာတစ်ခုလို့မြင်ပေမဲ့၊ တခြားသူတွေအမြင်မှာတော့ ခင်ဗျားက ကမ္ဘာပေါ်မှာ ကံအဆိုးဆုံးလူ... ဒါမှမဟုတ် ကံအကောင်းဆုံးလူပဲ”
ယီကျဲက ဝမ်ရင်းကျဲကို လူထူးဆန်းလိုကြည့်ရင်း ပြောလိုက်သည်။
“ဗျာ... ဘာကို ပြောချင်တာလဲ” ဝမ်ရင်းကျဲက ယီကျဲ၏စကားများကို ကောင်းကောင်းနားမလည်နိုင်သဖြင့် မေးလိုက်၏။
“ဘယ်လို ရှင်းပြရမလဲ... ခင်ဗျားတို့သိတဲ့အတိုင်း အပြာရောင်အဆင့် လက်မှုပညာရှင်တစ်ယောက် ဖြစ်လာဖို့ဆိုတာ ဧကရာဇ်အဆင့်ရတနာတစ်ခု ဖန်တီးနိုင်ရမယ်။”
“ ဒါမှမဟုတ် နောက်တစ်နည်းကတော့ ခင်ဗျားရဲ့ ဓားနဲ့ သက်ဆိုင်နေတဲ့ကိစ္စပေါ့... အဲဒါက ဧကရာဇ်အဆင့်ရတနာ ဖြစ်လာနိုင်တဲ့အလားအလာရှိတဲ့ ရတနာတစ်ခုကို ဖန်တီးနိုင်တာပဲ။”
“ရတနာတစ်ခုဖန်တီးတဲ့အခါ အဆင့်နိမ့်ပါဝင်ပစ္စည်းတွေကို အသုံးပြုထားပေမဲ့၊ လက်မှုပညာရှင်က သူ့ရဲ့နယ်ပယ်မှာအရမ်းပါရမီပါလွန်းလို့ သူ့ရဲ့ သန့်စင်တဲ့ကျွမ်းကျင်မှုသက်သက်နဲ့တင် အဲဒီရတနာရဲ့အလားအလာကို မြှင့်တင်ပေးနိုင်တယ်။”
“အဲဒီလိုရတနာမျိုးက သူ့ရဲ့အလားအလာအပြည့်အဝကို ဖော်ထုတ်နိုင်ဖို့အတွက် အဆင့်မြင့်ပါဝင်ပစ္စည်းတစ်ခုလောက် ထည့်ပေါင်းလိုက်ဖို့ပဲ လိုအပ်လေ့ရှိတယ်။”
“လက်မှုပညာရှင်က ဒီအချက်ကိုရည်ရွယ်ပြီး ရတနာကို ဖန်တီးခဲ့တာဖြစ်လိမ့်မယ်။ ရိုးရိုးရှင်းရှင်းပြောရရင်... အဲဒီရတနာဟာ အဆင့်မြှင့်တင်ဖို့လိုအပ်တဲ့ ဒီဇိုင်းတွေနဲ့နေရာလွတ်တွေကို ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်နေတဲ့ မပြီးဆုံးသေးတဲ့ထုတ်ကုန်တစ်ခုလို့ ဆိုလို့ရတယ်။”
“လိုအပ်နေတာက ပြီးပြည့်စုံသွားဖို့အတွက် အဆင့်မြင့်ပါဝင်ပစ္စည်းတစ်ခုတည်းပဲ”
“ပြီးတော့ နောက်ထပ်ထူးခြားတဲ့ ရတနာအလားအလာတစ်မျိုး ရှိသေးတယ်။ အဲဒါက အခုခင်ဗျားရဲ့ဓား ပါဝင်နေတဲ့အမျိုးအစားပဲ။”
“ အဲဒီအမျိုးအစားက အဆင့်မြှင့်တင်ဖို့အတွက် နောက်ထပ်အဆင့်မြင့်ပါဝင်ပစ္စည်း မလိုဘူး”
“ခင်ဗျားရဲ့ဓားက ထိပ်တန်းကောင်းကင်အဆင့် လက်နက်တွေထဲမှာတောင် အထွတ်အထိပ်အဆင့်မှာ ရှိနေတာ။ ဒါပေမဲ့ တခြားကောင်းကင်အဆင့်လက်နက်တွေနဲ့ မတူဘူး။”
“အဲဒီမတူညီတဲ့အချက်ကပဲ သူ့ကိုဧကရာဇ်အဆင့်အလားအလာ ရှိစေတာ။”
“ခင်ဗျားရဲ့ဓားက အတုအယောင် လက်နက်ဝိညာဉ် တစ်ခုကို မွေးဖွားပေးလိုက်တာပဲ။ ခု သူက သက်မဲ့လက်နက်တစ်ခုအဖြစ်ကနေ ပိုးအိမ်ကိုဖောက်ထွက်ပြီး မွေးရာပါဝိညာဉ်အဖြစ်တစ်ခု မွေးဖွားလာဖို့ ကြိုးစားနေတာ”
“ခင်ဗျားက ကံအဆိုးဆုံး၊ ဒါမှမဟုတ် ကံအကောင်းဆုံးလူလို့ ကျွန်တော်ပြောခဲ့ရတဲ့ အကြောင်းရင်းက... ကံတရားရဲ့ထူးဆန်းတဲ့ အလှည့်အပြောင်းတစ်ခုကြောင့် ခင်ဗျားက လူတွေကောင်းကင်ကပ်ဘေး ခံယူတော့မယ့် နေရာတွေကိုချည်း အမြဲတမ်း ရောက်ရောက်သွားလို့ပဲ”
“အသိစိတ်ရှိတဲ့ ရတနာတိုင်းက လျှပ်စီးကောင်းကင်ကပ်ဘေးကို ခံယူကြရတယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ဓားမှာက ဝိညာဥ် ရှိလည်းရှိနေသလို၊ မရှိဘူးလို့လည်းပြောလို့ရတဲ့ ထူးခြားတဲ့အခြေအနေတစ်ခုကို ရောက်နေတာ။”
“သူက ရှေ့ဆက်တိုးဖို့မသေချာတဲ့ လမ်းဆုံလမ်းခွတစ်ခုမှာ ရောက်နေတယ်။ ပုံမှန်အားဖြင့် ရတနာတစ်ခုက ဖန်တီးပြီးတာနဲ့တစ်ပြိုင်နက် ဝိညာဉ်တစ်ခုကို ချက်ချင်းမွေးဖွားပေးနိုင်တယ်။”
“ဒါပေမဲ့ အဲဒါက ရွှေရောင်အဆင့်နဲ့ ခရမ်းရောင်အဆင့်လက်မှုပညာရှင်တွေ ဖန်တီးတဲ့ရတနာတွေမှာပဲ ဖြစ်လေ့ဖြစ်ထရှိတာ။ ပြီးတော့ နိုးထလာဖို့ အလားအလာရှိတဲ့ရတနာတွေလည်း ရှိသေးတယ်။”
“ဒါပေမဲ့ အဲဒါက အချိန်ယူရပြီးရှည်လျားခက်ခဲတဲ့ ခရီးစဉ်တစ်ခုပဲ။ ရတနာအများစုက ဒီနည်းလမ်းနဲ့ပဲ သူတို့ရဲ့အသိစိတ်ကို နိုးထလာကြတာများတယ်။”
“ဒါပေမဲ့ ခင်ဗျားက ကောင်းကင်ကပ်ဘေးကျရောက်မယ့်နေရာတွေကို သွားလာနေတာကြောင့် ခင်ဗျားရဲ့လက်နက်က ဘာတွေဖြစ်နေမှန်းနားမလည်ခင်မှာပဲ အိပ်မောကျနေရာကနေ ‘နိုးထ’ လာခဲ့ပုံရတယ်။”
“အဲဒီကောင်းကင်ကပ်ဘေးတွေက ဓားအတွက်တော့ နှစ်နဲ့ချီပြီးအချိန်ယူဖွင့်ရမယ့် တံခါးကိုတွန်းဖွင့်လိုက်သလို ကျယ်လောင်တဲ့ဟိန်းဟောက်သံကြီးတွေ ဖြစ်နေခဲ့တာကိုး။”
“ဒါပေမဲ့ ဝိညာဉ်က အပြည့်အဝနိုးထလာတာမဟုတ်သလို၊ ပြီးပြည့်စုံတဲ့ဝိညာဉ်လည်း မဟုတ်သေးဘူး။ သူက ‘အတုအယောင် လက်နက်ဝိညာဉ်’ အခြေအနေမှာပဲ ရှိနေသေးလို့ အစပိုင်း ကောင်းကင်ကပ်ဘေးတွေက သိပ်မပြင်းထန်ခဲ့တာ။”
“ခင်ဗျားသာ ကောင်းကင်ကပ်ဘေးခံယူမယ့်သူမရှိတဲ့ နေရာတွေကိုသွားခဲ့မယ်ဆိုရင် သူက ပြန်အိပ်ပျော်သွားလိမ့်မယ်။”
“ဒါပေမဲ့ ခင်ဗျားဖြတ်သွားတဲ့နေရာတိုင်းမှာ ကောင်းကင်ကပ်ဘေးခံယူမယ့်သူတွေ ရှိနေပုံရပြီး၊ အဲဒါက လက်နက်ဝိဉာဉ်ကို ပိုပိုပြီးလှုံ့ဆော်ပေးနေသလိုဖြစ်ကာ နောက်ဆုံးမှာ ခင်ဗျားကြုံတွေ့ခဲ့ရသလို ဓားက မြေကြီးမှာအတင်းအဓမ္မကျောက်ချတဲ့ အခြေအနေထိ ကြီးထွားလာခဲ့တာပဲ”
“ဝမ်ရင်းကျဲ... ခင်ဗျားမှာ ရူးသွပ်လောက်အောင်ကောင်းတဲ့ ကံတရား ရှိတာပဲ”
ယီကျဲက ရယ်မောရင်း ဆက်ပြောသည်။
“မိုးကြိုးတွေပစ်ချခံရတာကနေတစ်ဆင့် ဓားက လျှပ်စီးတွေက သူ့ကိုပိုသန်မာလာစေတယ်ဆိုတာကို အလိုလိုသိမြင်သွားတယ်။ ဒါကြောင့်လည်း စောစောက သူကအတင်းအဓမ္မ ကျောက်ချခဲ့တာပေါ့။”
“သူက ဘာမှသေချာမသိသေးဘဲ တွားသွားနေတဲ့ကလေးလေးတစ်ယောက်လို သူ့အလိုလိုသိစိတ်သက်သက်နဲ့ပဲ လုပ်နေတာ။”
“ဒါပေမဲ့ အဲဒီလျှပ်စီးတွေက သူ့ရဲ့ တကယ့်ကောင်းကင်ကပ်ဘေးစစ်စစ်တွေမဟုတ်ဘဲ တခြားလူတွေဆီကနေ ကပ်စားနေတာဖြစ်လို့ အန္တရာယ်သိပ်မများသလို၊ တကယ့်ကောင်းကင်ဘေးဒဏ်ကနေရလာမယ့် အကျိုးကျေးဇူးကိုလည်း အပြည့်အဝ မရဘူး။”
“တဖြည်းဖြည်းချင်း ပြောင်းလဲလာတယ်ဆိုတာ မှန်ပေမဲ့ အပြည့်အဝမနိုးထသေးဘူးဆိုတာကိုက တကယ့်အန္တရာယ်ပဲ။ သူ့ရဲ့အသိစိတ်တစ်စိတ်တစ်ပိုင်းကို အချိန်မတိုင်ခင်နိုးထလာအောင်လုပ်နိုင်ခဲ့တာက ခင်ဗျားရဲ့ကံကောင်းမှုပဲ။”
“ဒါပေမဲ့ အဲဒါကပဲ ခင်ဗျားရဲ့ကံဆိုးမှုလည်း ဖြစ်နေပြန်တယ်။ ဘာလို့လဲဆိုတော့ တခြားလူဆီက ကောင်းကင်ကပ်ဘေးကို နောက်ထပ်ဆွဲငင်မိတဲ့အခါ၊ အခု သူရောက်နေတဲ့စိတ်လှုပ်ရှားလွယ်တဲ့အခြေအနေကြောင့် သူ့ရဲ့ တကယ့်ကောင်းကင်ကပ်ဘေးစစ်စစ်ကို ဆွဲခေါ်မိသွားလိမ့်မယ်”
“အခုလက်ရှိအခြေအနေမှာ တကယ့်လျှပ်စီးပစ်ချမှုသာ ကျရောက်လာရင် သူအပြည့်အဝ မကြီးထွားနိုင်ခင်မှာတင် အပြီးတိုင်ဖျက်ဆီးခံရလိမ့်မယ်။”
“ဖန်တီးထားတာ တစ်နှစ်တောင်မပြည့်သေးတဲ့ ဝိညာဉ်အတုလေးအနေနဲ့ တကယ့်ကောင်းကင်ကပ်ဘေးစစ်စစ်ကို ခံနိုင်ရည်ရှိလောက်အောင် သူက မသန်မာသေးဘူး”
ယီကျဲက စကားအဆုံးတွင် သက်ပြင်းချရင်း ပြောလိုက်လေသည်။
ဝမ်ရင်းကျဲသည် ခုနက ကြားလိုက်ရသည်များကို မယုံကြည်နိုင်လောက်အောင် မျက်လုံးများ ပြူးကျယ်သွား၏။ သူကြုံတွေ့ခဲ့ရသမျှအရာအားလုံးက သူ၏လက်နက် နိုးထလာခြင်းကြောင့်ဖြစ်မည်ဟု သူတစ်ခါမှမတွေးမိခဲ့ပေ။
လက်နက်တွင်အသုံးပြုထားသော ပါဝင်ပစ္စည်းတစ်ခုခုက သဘာဝအလျောက် မိုးကြိုးကိုဆွဲငင်နေခြင်းဖြစ်မည်ဟုသာ ထင်ထားခဲ့သည်။
ယီကျဲက ဓားဝိညာဥ်နိုးထလာခြင်းဖြစ်ကြောင်း ပြောလိုက်ချိန်တွင် သူအလွန်ဝမ်းသာသွားခဲ့သော်လည်း၊ မကြာမီကျရောက်လာတော့မည့် ပျက်စီးခြင်းအန္တရာယ်အကြောင်းကို သိလိုက်ရချိန်တွင်မူ မျှော်လင့်ချက်မဲ့ခြင်း တွင်းနက်ကြီးထဲသို့ ပြုတ်ကျသွားခဲ့ချေပြီ။
“ဒါဆို... အဖေက...”
တန်သယ်လွမ်၏ မျက်လုံးများတွင် မျက်ရည်များဝဲတက်လာပြီး သူကြားလိုက်ရသည့်စကားများကို ထပ်ခါတလဲလဲ ရေရွတ်နေမိသည်။
ဝိညာဉ်မွေးဖွားနိုင်သော လက်နက်တစ်ခုကို တစ်နေ့နေ့တွင်ဖန်တီးနိုင်ရန်ဆိုသည်မှာ တန်မျိုးဆက်အကြီးအကဲများ၏ ဘဝတစ်သက်တာ ရည်မှန်းချက်ဖြစ်သည်။သို့သော် နှစ်ပေါင်း ၁၀,၀၀၀ ကျော်အတွင်းတွင် တစ်ကြိမ်မျှ အောင်မြင်ခဲ့ခြင်းမရှိပေ။
သို့သော် ယနေ့တွင်တော့...
သူ၏ စိတ်လှုပ်ရှားမှုကြောင့် သူ၏ ဖခင်ဖန်တီးခဲ့သောလက်နက်သည် ဝိညာဉ်နိုးထလာခြင်းဖြစ်ပြီး ၎င်းသည် ကံဆိုးမှုတွင်ကံကောင်းခြင်းတစ်ခုဖြစ်ကြောင်း ယီကျဲပြောပြီးနောက်ပိုင်း ဆက်ပြောသမျှစကားများကို သူလုံးဝမကြားတော့ချေ။
ယခင်မျိုးဆက် ၁၅ ဆက်မှ အကြီးအကဲများက သူ၏ဖခင်ကျောကိုပုတ်ကာ အောင်ပွဲခံရယ်မောနေကြသည်ကိုပင် သူခံစားလိုက်ရသလို ရှိသည်။
၎င်းသည် သူနှင့်သူ၏ဖခင်၊ ထို့အပြင် ယခင်ဥက္ကာကြွေပန်းပဲဆိုင်အကြီးအကဲတိုင်း လက်ဆင့်ကမ်းခဲ့သော ဘဝတစ်သက်တာအိပ်မက်များထဲမှ တစ်ခုဖြစ်ပေသည်။
သူ၏ဖခင်သည် ထိုအိပ်မက်ထဲတွင် အလွန်အမင်းနစ်မြုပ်နေခဲ့သဖြင့် မိသားစုဘဝကိုပင် မထူထောင်ခဲ့ဘဲ၊ ရွှေအမြုတေအဆင့်သို့ရောက်ရှိပြီး အသက် ၁,၀၀၀ ကျော်မှသာ တန်သယ်လွမ်ကို ရရှိခဲ့ခြင်းဖြစ်သည်။
ကျင့်ကြံခြင်းအဆင့် မြင့်မားလေလေ ကလေးရရန် ခက်ခဲလေလေဖြစ်သောကြောင့် သူ့ဖခင်မှာ မျိုးဆက်မကျန်ရစ်နိုင်မည့် အန္တရာယ်နှင့်ပင် ရင်ဆိုင်ခဲ့ရသည်။
၎င်းသည် တန်သယ်လွမ်တစ်ယောက်တည်းသာ တစ်ဦးတည်းသောသားအဖြစ် ရှိနေရခြင်း၏ အကြောင်းရင်းဖြစ်သည်။ တန်ဖျင်အနေဖြင့် နောက်ထပ်ကလေးတစ်ယောက်ရရန် မဖြစ်နိုင်တော့ပေ။
“သူ့ကိုကယ်ဖို့ ကျွန်တော်တို့လုပ်နိုင်တာ တစ်ခုခုရှိသေးလား”
ဘေးတွင်ရပ်နေသော ဝမ်ရင်းကျဲက အဖြေတစ်ခုခုရနိုင်မလားဆိုသည့် နောက်ဆုံးမျှော်လင့်ချက်မီးတောက်လေးကို တရားစီရင်ရေးအဖွဲ့အပေါ်ပုံအပ်ကာ အသနားခံသည့်လေသံဖြင့် မေးလိုက်လေသည်။