ရွေးချယ်စရာများ
Vol. 7 Ch. 67
“လောလောဆယ် ခေါင်းထဲမှာပေါ်လာသလောက်တော့ နည်းလမ်းသုံးခုပဲ စဉ်းစားလို့ရသေးတယ်။ တခြားလူတွေဆိုရင် ထပ်ဖြည့်ပြောစရာတွေ ရှိကောင်းရှိနိုင်သလို၊ ဒါမှမဟုတ် ကျုပ်တွေးနေတာနဲ့ သိပ်မကွာတာမျိုးလည်း ဖြစ်နိုင်တယ်”
ယီကျဲက သူ၏အကြည့်ကို ဓားပေါ်မှမခွာဘဲ ပြောလိုက်၏။
အခွင့်အရေးရှိသည်ဟု ကြားလိုက်ရပြီး၊ တစ်ခုတည်းသာမကဘဲ သုံးခုတောင်ရှိသည်ဟု သိလိုက်ရသောအခါ ဝမ်ရင်းကျဲ၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပသွားသည်။
“ပထမနည်းလမ်းကတော့... ခင်ဗျားရဲ့လက်နက်ကို ဝိညာဉ်နိုးထဖို့လက္ခဏာပြနေတဲ့ တခြားလက်နက်တစ်ခုနဲ့ လဲလှယ်လိုက်ဖို့ပဲ။”
“ခင်ဗျားက ပန်းပဲဆရာတစ်ယောက်လည်းမဟုတ်သလို၊ နိုးထခါစဝိညာဉ်လေးတွေကို အာရုံခံနိုင်တဲ့ ဧကရာဇ်အာရုံကို ပိုင်ဆိုင်ထားတဲ့ နန်းတော်အဆင့်ကျင့်ကြံသူတစ်ယောက်လည်းမဟုတ်တဲ့အတွက်၊ အဖွဲ့အစည်းကြီးတစ်ခုခုနဲ့ လဲလှယ်ဖို့ အကြံပြုချင်တယ်။”
“ပထမဆုံးစဉ်းစားမယ့်စာရင်းထဲမှာ တရားစီရင်ရေးအဖွဲ့ကို ထည့်သွင်းစဉ်းစားမယ်လို့လဲ မျှော်လင့်ပါတယ်။”
“အကယ်လို့ ကျွန်တော်တို့နဲ့ လဲလှယ်ဖို့ဆုံးဖြတ်ခဲ့ရင်... ကျွန်တော်ကိုယ်တိုင် ဝမ်းမြောက်ဝမ်းသာ လဲလှယ်ပေးမှာဖြစ်ပြီး၊ တရားသူကြီးယန်ချင်း ဒါမှမဟုတ် တခြားတရားသူကြီးတစ်ယောက်ယောက်နဲ့ ခင်ဗျားရွေးချယ်တဲ့ နောက်ထပ်သက်သေတစ်ယောက်ယောက်က ဒီအပေးအယူအတွက် သက်သေအဖြစ် ဆောင်ရွက်ပေးနိုင်ပါတယ်”
ယီကျဲက စိတ်ရှည်လက်ရှည်ရှင်းပြရင်း အကြည့်ကိုအပေါ်သို့ပင့်လိုက်ရာ၊ ဝမ်ရင်းကျဲ၏ မျက်နှာပေါ်တွင် ပြုံးယောင်သန်းနေသောအမူအရာမှာ လမ်းတစ်ဝက်မှာတင် အေးခဲသွားသည်ကို မြင်လိုက်ရသည်။
“ကျန်တဲ့ နောက်ထပ် နည်းလမ်းနှစ်ခုကကော”
ဝမ်ရင်းကျဲက တောင့်တောင့်ကြီး မေးလိုက်၏။ သူ၏ဓားတွင် ဝိညာဉ်တစ်စိတ်တစ်ပိုင်းနိုးထနေပြီဆိုတာကိုသာ မသိခဲ့လျှင် ပထမနည်းလမ်းက သူ့အတွက်အဆင်ပြေနိုင်မည်ဖြစ်သည်။
ပထမနည်းလမ်းအရဆိုလျှင် ဓားအသစ်၏ဝိညာဉ် အပြည့်အဝနိုးထလာမည့်အချိန်ကို သူအကြာကြီးစောင့်ရပေမည်။
ဒါမှမဟုတ် ပိုဆိုးသည်မှာ သူ၏ကံကောင်းမှုတွေကဆက်တိုက်ဖြစ်လာပြီး ကျင့်ကြံသူတွေအဆင့်တက်နေတဲ့ နေရာတွေကိုပဲထပ်ရောက်သွားခဲ့ရင်၊ ဓားအသစ်ကလည်း အရင်ဓားဟောင်းလိုအဖြစ်မျိုး ထပ်ကြုံရမှာမဟုတ်ဘူးလား။
သို့သော် အခြေခံအားဖြင့် အဓိကအကြောင်းရင်းမှာ သူ၏ဓားကို လဲလှယ်ရမည့်အကြံအစည်ကို လုံးဝသဘောမကျသောကြောင့်ပင်။ ဓားပြုလုပ်ရန် ပါဝင်ပစ္စည်းများကို ရှာဖွေစဉ်က သူ၏ သွေး၊ ချွေးများဖြင့် ရင်းနှီးခဲ့ရခြင်းဖြစ်သည်။
ဓား၏ ဖန်တီးမှုတွင် သူပါဝင်ပတ်သက်နေသည်ဟု ခံစားရသည်။ ဓားအသစ်က လက်ရာပိုကောင်းနေလျှင်ပင် သူ့အတွက်တော့ ထပ်တူညီသောခံစားချက်မျိုး ရရှိမည်မဟုတ်ပေ။
ကလေးအများစုက သူတို့စတင်ကျင့်ကြံရာမှာသုံးခဲ့သော သစ်သားဓားလေးကို မည်မျှပင် ဟောင်းနွမ်းစုတ်ပြတ်နေပါစေ တခြားလူကို ဝေမျှမသုံးချင်ကြသလိုမျိုးပင်။ ဝမ်ရင်းကျဲမှာလည်း အတိအကျ ထိုသို့ခံစားနေရခြင်းဖြစ်၏။
အကယ်၍ ဓားကသာ လျှပ်စီးများကို မဆွဲဆောင်ခဲ့လျှင်၊ ပိုကောင်းတဲ့လက်ရာနဲ့ဖန်တီးထားတဲ့ ဓားနဲ့တောင် သူလဲလှယ်ဖို့ စဉ်းစားခဲ့မှာမဟုတ်ပေ။
ယီကျဲက သူ၏အတွေးများကို ဖတ်မိသည့်အလား အလျင်အမြန် ဆက်ပြောလေသည်။
“ဒုတိယနည်းလမ်းကတော့ ခင်ဗျားရဲ့ဓားကို လမိုက်ညနှင်းခဲထဲမှာ ချိတ်ပိတ်ထားဖို့ပဲ... အနည်းဆုံး သက်တမ်း ၁၀,၀၀၀ ရှိတဲ့ နှင်းခဲဆိုရင် ပိုကောင်းတယ်။ ခင်ဗျားရဲ့ဓားကို အထဲမှာ အနည်းဆုံး ၁၀ နှစ်လောက် ချိတ်ပိတ်ထားဖို့ လိုအပ်မယ်။”
“ဒါပေမဲ့ လမိုက်ညနှင်းခဲရဲ့သက်တမ်းက ပိုကြာလေလေ၊ ချိတ်ပိတ်ထားရမယ့်အချိန်က ပိုတိုလေပဲ။ နှင်းခဲက ဓားရဲ့အတုအယောင်ဝိညာဉ်ကို နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျသွားအောင် အတင်းအဓမ္မလုပ်ပစ်လိမ့်မယ်။”
“ အဲဒီလိုလုပ်မှ နောင်တစ်ချိန် တကယ့်ကောင်းကင်ကပ်ဘေးကို မဆွဲဆောင်ခင် သူ့ရဲ့စိတ်လှုပ်ရှားပြီး ဂနာမငြိမ်ဖြစ်နေတဲ့အခြေအနေကို ငြိမ်သက်သွားစေမှာ”
“ချိတ်ပိတ်လိုက်တာက သူ့ကိုငြိမ်သက်သွားစေပြီး ကောင်းကင်ကပ်ဘေးကြောင့်ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကို ငြိမ်သက်သွားစေလိမ့်မယ်။”
“ ဒါပေမဲ့ ဒီနည်းလမ်းကိုသုံးရင် ဆိုးကျိုးတွေလည်းရှိတယ်။ တစ်ချက်က... အဲဒီအချိန်အတွင်းမှာ ခင်ဗျားဓားရဲ့ဝိညာဉ် အရည်အသွေးပိုင်းပြောင်းလဲမှုလုံးဝရှိလာမှာမဟုတ်တော့ဘူး။”
“အတုအယောင်ဝိညာဉ်အခြေအနေကနေ ပြီးပြည့်စုံတဲ့ဝိညာဉ်တစ်ခုအဖြစ် ရုတ်တရက်ကြီး ပြောင်းလဲသွားမှာမဟုတ်ဘူး”
“ နောက်ထပ်ဆိုးကျိုးတစ်ခုကတော့ ချိတ်ပိတ်မှုအောင်မြင်ဖို့အတွက် ဓားကိုအချိန်အကြာကြီးချိတ်ပိတ်ထားဖို့ ဒါမှမဟုတ် သက်တမ်းရင့်တဲ့ လမိုက်ညနှင်းခဲတုံးကြီးထဲမှာ ချိတ်ပိတ်ထားဖို့ လိုအပ်တယ်။”
“ဘယ်လိုပဲဖြစ်ဖြစ် ဓားက အရမ်းနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားမှာဖြစ်လို့ နှင်းခဲထဲကနေ ပြန်ထုတ်လိုက်ရင်တောင် ပြန်နိုးထလာဖို့ နှစ်နဲ့ချီပြီး အချိန်ယူရနိုင်တယ်။”
“ခင်ဗျားအသုံးပြုရမယ့်အချိန်နဲ့ အားထုတ်မှုက လက်နက်သစ်တစ်ခုကို ဝိညာဉ်နိုးထလာအောင်လုပ်ရတာနဲ့ ဘာမှကွာခြားမှာမဟုတ်ဘူး”
“နောက်ဆုံးနည်းလမ်းကတော့... အလွယ်ဆုံးဖြစ်ပေမဲ့ အသက်အန္တရာယ်တော့ရှိမယ်။ အဲဒီဓားနဲ့အတူ ခင်ဗျားရဲ့အသက်ကိုပါ စွန့်စားလိုက်ရုံပဲ”
ယီကျဲက သူ့ပခုံးကိုတွန့်ကာ ဂရုမစိုက်သည့်မျက်နှာထားဖြင့် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။ အသက်စွန့်ရမည့်ကိစ္စကို ရာသီဥတုအခြေအနေပြောနေသလိုမျိုး၊ ဒါမှမဟုတ် ခရီးရှည်မထွက်ခင် သေးပေါက်ဖို့လိုမလိုပြောနေသလိုမျိုး ပေါ့ပေါ့ပါးပါး ပြောနေခြင်းပင်။
“ကျွန်တော့်အသက်ကို စွန့်စားရမယ်”
ဝမ်ရင်းကျဲက အူကြောင်ကြောင်မျက်နှာပေးဖြင့် မေးလိုက်၏။ သူသည် လမ်းဆုံးကိုရောက်နေသူတစ်ယောက်နှင့် တူနေသည်။
ယီကျဲ၏ ပထမနည်းလမ်းကို ကြားကတည်းက ကျန်တဲ့နည်းလမ်းတွေလည်း သိပ်ကောင်းမှာမဟုတ်သလို လွယ်ကူမှာမဟုတ်ဘူးဆိုတဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာခံစားချက်မျိုး သူ့မှာရှိနေခဲ့ပြီးသားပင်ဖြစ်သည်။
သို့သော် စိတ်ဓာတ်ကျစရာ၊ 'မကြားခဲ့ရရင် ကောင်းမယ်' လို့ တွေးမိစရာ ရွေးချယ်စရာတွေကြားထဲမှာမှ ဖြစ်နိုင်ချေရှိတဲ့နည်းလမ်းတစ်ခုခုတော့ သေချာပေါက်ရှိရန် သူ့မသိစိတ်က မျှော်လင့်နေမိသေးသည်။
သို့သော် အလွယ်ဆုံးနည်းလမ်းကပင် သူ့အသက်ကို စွန့်စားရမည်ဟုပြောနေပြီး၊ ဘယ်လိုစွန့်စားရမလဲဆိုတာကိုတောင် သူမမေးရဲတော့ချေ။
ကျန်တဲ့ရွေးချယ်စရာနှစ်ခုကို ပြန်စဉ်းစားကြည့်ရင်...
အရင်ကဆူးခင်းလမ်းလို့ထင်ခဲ့သော ပထမနည်းလမ်းမှာ ပန်းခင်းလမ်းလိုဖြစ်လာပေပြီ။
ဒုတိယနည်းလမ်းအရ လမိုက်ညနှင်းခဲတုံးတစ်တုံး ဘယ်လောက်တန်သလဲ သူမသိပေမဲ့၊ ဝိညာဉ်ချိတ်ပိတ်နိုင်စွမ်းရှိေူာ အရာတစ်ခုမှာ ရွှေအမြုတေအထွတ်အထိပ် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက် တတ်နိုင်သည့်ပမာဏထက် ကျော်လွန်သွားပေမည်။
ထိုအပြင် ဝိညာဉ်က နှစ်နဲ့ချီပြီး မနိုးထလာနိုင်တဲ့အချက်လည်း ရှိသေးသည်။ သူ့၏ 'ကြီးမားလှတဲ့ ကံကောင်းမှု' တွေနဲ့ဆိုရင် သူ့အတွက် ရာစုနှစ်နဲ့ချီပြီး ကြာသွားနိုင်သည်ဟု ခံစားနေရသည်။
အဲဒီလောက်အကြာကြီး သူစောင့်နိုင်မယ်ဆိုရင် တရားစီရင်ရေးအဖွဲ့ဆီ လာနေမှာမဟုတ်ဘဲ တန်ဖျင် တံခါးပိတ်ကျင့်ကြံခြင်းကနေ ထွက်လာမယ့်အချိန်ကိုပဲ ဆက်စောင့်နေလိုက်မည်ဖြစ်၏။
"အခြေအနေတွေကို ကြည့်ရတာ... ငါ့ဂုဏ်သိက္ခာပေါ်က အမည်းစက်ကို ဆေးကြောပစ်ချင်တဲ့ ငါ့မျှော်လင့်ချက်က မဖြစ်နိုင်တော့ဘူးထင်တယ်”
ဝမ်ရင်းကျဲက မျှော်လင့်ချက်မဲ့နေသောမျက်နှာထားဖြင့် ကိုယ့်ကိုယ်ကိုယ်တိုးတိုးလေး ရေရွတ်လိုက်ရာ၊ သူ၏ကျယ်ပြန့်သောပခုံးကြီးများမှာ ယခင်ကထက်ကျုံ့ဝင်ပြီး တွဲကျသွားသလို ထင်ရလေသည်။
"ဝမ်ရင်းကျဲ... တခြားလူသာဆိုရင်တော့ တတိယနည်းလမ်းကို ကျွန်တော်အကြံပေးမှာမဟုတ်ဘူး။ ဒါပေမဲ့ ခင်ဗျားအတွက်တော့ အဲဒါက အကောင်းဆုံးနည်းလမ်းဖြစ်မယ်လို့ ထင်တယ်။”
“ရွှေအမြုတေအထွတ်အထိပ်ကျွမ်းကျင်သူတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ လုံလောက်နေသင့်တဲ့အချိန်မှာ ဘယ်အရာကများ ခင်ဗျားကို ဒီလောက်အရေးတကြီးဖြစ်စေပြီး ထိပ်တန်းကောင်းကင်အဆင့်လက်နက်တစ်ခုကို အသည်းအသန် လိုအပ်နေစေသလဲဆိုတာတော့ ကျွန်တော်မသိဘူး”
“ ဒါပေမဲ့ အဲဒါက အောင်မြင်နိုင်ခြေကို တတ်နိုင်သမျှတိုးမြှင့်ချင်လောက်အောင် အန္တရာယ်လည်းများသလို အရေးလည်းကြီးတဲ့ ကိစ္စတစ်ခု ဖြစ်ရမယ်”
ယီကျဲက မေးလိုက်၏။
"ဟုတ်ပါတယ်... ကျွန်တော့်အသက်နဲ့တင် အောင်မြင်နိုင်မယ်ဆိုရင်၊ ကျွန်တော့်အသက်ကို အကြိမ်တစ်ရာမက စတေးဝံ့ပါတယ်”
ဝမ်ရင်းကျဲက သူ့မျက်လုံးထဲတွင် တိုက်ခိုက်လိုသောမီးတောက်များ တောက်လောင်နေလျက် လက်သီးကိုတင်းတင်းဆုပ်ကာ ပြတ်သားစွာ ပြောလိုက်သည်။
ထိုမီးတောက်သည် ကလဲ့စားချေလိုသောစိတ်ကြောင့် ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ၊ ဘာပဲဖြစ်လာဖြစ်လာ မဖြစ်မနေလုပ်ဆောင်ရမည့်တာဝန်တစ်ခုကို ထမ်းဆောင်လိုသောစိတ်ကြောင့် ဖြစ်ပေါ်လာသည့် သန့်စင်သောမီးတောက်တစ်ခုနှင့် တူနေသည်။
ယီကျဲသည် ထိုအကြည့်မျိုးကို ကောင်းကောင်းကြီးသိသည်။ တရားစီရင်ရေးအဖွဲ့တွင် အတွေ့အကြုံရှိသော အခြားစစ်ဆေးရေးမှူးများနှင့် တရားသူကြီးများလည်း ထိုအကြည့်ကို မှတ်မိကြမည်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူတို့အလုပ်လုပ်သက်ကြာလာသည်နှင့်အမျှ ထိုကဲ့သို့သော တာဝန်သိစိတ်မျိုးကို ပြုစုပျိုးထောင်လာခဲ့ကြသောကြောင့်ဖြစ်ပြီး၊ ယခု ဝမ်ရင်းကျဲ၏ မျက်လုံးများထဲတွင်လည်း ထိုအကြည့်မျိုး ရှိနေလေသည်။.
ယီကျဲ၊ ယန်ချင်းနှင့် ကျန်လူများသည် ထိုကိစ္စမှာ ဝမ်ရင်းကျဲနေထိုင်ခဲ့သည့် တိုင်းပြည်မှ မင်းသား၏သေဆုံးမှုနှင့် သူပြည်နှင်ဒဏ်ခံရသည့်အကြောင်းရင်းနှင့် ဆက်စပ်နေမည်ကို ချက်ချင်းရိပ်မိလိုက်ကြသည်။
ယီကျဲကလည်း စပ်စုချင်စိတ်မရှိသလို၊ ယန်ချင်းကလည်း ထိုနည်းတူပင်။ ၎င်းတို့သည် သူတို့တိုင်းပြည်၏ပြည်တွင်းရေးကိစ္စများသာဖြစ်သည်။ သို့သော် ဝမ်ရင်းကျဲက ဖွင့်ဟပြောဆိုရန်ဆုံးဖြတ်ခဲ့လျှင်လည်း သူတို့အနေဖြင့် နားထောင်ပေးပြီး အကြံဉာဏ်ပေးရန် ဝန်လေးမည်မဟုတ်ပေ။
သို့သော် ဝမ်ရင်းကျဲ၏ နှုတ်မှထွက်သောစကားများနှင့်အမူအရာများအရ သူသည် လိုအပ်သည်ထက်ပိုပြောမည့်လူစားမျိုးမဟုတ်ကြောင်း၊ အထူးသဖြင့် တော်ဝင်မိသားစုနှင့်ပတ်သက်သည့် ကိစ္စများတွင် ပို၍ပင်နှုတ်ဆိတ်နေမည်ဖြစ်ကြောင်း သိသာလှသည်။
သူသည် စစ်သူကြီးတစ်ယောက် မဟုတ်တော့သော်လည်း၊ စစ်တပ်မိသားစုမှဆင်းသက်လာသူပီပီ တိတ်ဆိတ်ခြင်းနှင့် သစ္စာစောင့်သိခြင်းတို့မှာ ကလေးဘဝကတည်းက အသွေးအသားထဲတွင် စီးဆင်းနေမည်မှာ သဘာဝပင်။
မပြောသင့်သည်များကို ပြောရမည့်အစား သေရမည်ကို ရွေးချယ်လိမ့်မည်ဖြစ်၏။ ထိုကဲ့သို့သောလူမျိုးထံမှ စိတ်ဝင်စားစရာအချက်အလက်များထွက်လာမည်မဟုတ်သလို၊ စကားပြောရာတွင်လည်း အလွန်အစောင့်အစည်းကြီးမည်သာ ဖြစ်လေသည်။
မော့ယွင်ရုသည် ဝမ်ရင်းကျဲကို စိတ်ဝင်တစားဖြင့်စိုက်ကြည့်နေရင်း ဂနာမငြိမ်ဖြစ်နေချေသည်။ သူမ၏နှုတ်ခမ်းများမှာ တစ်ခုခုမေးရကောင်းနိုးနိုး၊ မမေးရကောင်းနိုးနိုး စဉ်းစားနေသည့်အလား ပွင့်လိုက်ပိတ်လိုက်ဖြစ်နေသည်။
ယန်ချင်းက ထိုအားလုံးကိုကြည့်ရင်း ခေါင်းယမ်းလိုက်၏။
“မော့မော့ရဲ့ စပ်စုချင်တဲ့စရိုက်က သူမကို ဒုက္ခပေးနေပြန်ပြီထင်တယ်။ ဒီလောက်စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းကြီး သူ့ရှေ့မှာရှိနေတာကို ဒီအချိန်ထိ တောင့်ခံထားနိုင်တာကိုပဲ အံ့ဩရမယ်။”
“ တစ်ခါတလေ သူမ တရားသူကြီးဖြစ်လာရတဲ့ တကယ့်ရည်ရွယ်ချက်ကိုတောင် သံသယဝင်လာပြီ”
ယန်ချင်းက စိတ်ထဲမှတိတ်တဆိတ်တွေးရင်း သူ၏အကြည့်ကို ဝမ်ရင်းကျဲထံ ပြန်ရွှေ့လိုက်သည်။
မော့ယွင်ရုက တစ်ခုခုမှားယွင်းနေကြောင်း ခံစားလိုက်ရသကဲ့သို့ ခေါင်းကိုအမြန်လှည့်ကြည့်လိုက်သော်လည်း ယန်ချင်း၏အကြည့်ကို စက္ကန့်ပိုင်းလေးအလိုတွင် လွတ်သွားခဲ့ချေသည်။
"ဒါဆိုရင်... ခင်ဗျားက ဘာအတွက်ပဲဖြစ်ဖြစ် အသက်ကိုစတေးဖို့ဆုံးဖြတ်ထားပြီးပြီဆိုရင်တော့ တတိယနည်းလမ်းက ခင်ဗျားအတွက် သေချာပေါက်အသင့်တော်ဆုံးပဲ"
"မွေးရာပါ ချည်နှောင်ထားတဲ့ သက်စောင့်အသက်သွေးရတနာတွေအကြောင်း ခင်ဗျား ကြားဖူးမှာပါ။ ဒါပေမဲ့ မကြားဖူးသေးရင်လည်း ပြောပြရရင်... အဲဒါတွေက လူတစ်ယောက်မွေးကတည်းက ချည်နှောင်ထားတဲ့ရတနာတွေပဲ”
“ ကလေးရဲ့ဝိညာဉ်တစ်စိတ်တစ်ပိုင်းကို ရတနာက အာဟာရဖြည့်တင်းပေးသလို၊ ရတနာကိုလည်း ကလေးရဲ့ဝိညာဉ်က အာဟာရဖြည့်တင်းပေးတယ်။ အင်အားကြီးမားတဲ့ မိသားစုကြီးတွေနဲ့ မျိုးနွယ်စုတော်တော်များများက သူတို့ရဲ့အတော်ဆုံးမျိုးဆက်တွေကို ကာကွယ်ဖို့ ဒီနည်းလမ်းကို သုံးလေ့ရှိကြတယ်။”
“ အကျိုးသက်ရောက်မှုကြီးမားဖို့အတွက် ရတနာက အနည်းဆုံး လောကလွန်အဆင့်မှာ ရှိဖို့လိုအပ်တယ်။ လောကလွန်အဆင့်ဆိုတာ ခင်ဗျားသိတဲ့အတိုင်း နယ်မြေအဆင့် ကျွမ်းကျင်သူတစ်ယောက်ရဲ့စွမ်းအားကို ထုတ်ဖော်နိုင်စွမ်း ရှိတယ်။"
"ချည်နှောင်မှု ပြီးမြောက်သွားတဲ့အချိန်ကစပြီး အဲဒီရတနာက သူနဲ့ချည်နှောင်ထားတဲ့ကလေးနဲ့ ခွဲခြားလို့မရတော့ဘူး။ သူတို့နှစ်ခုကို ခွဲထုတ်ဖို့ကြိုးစားတာမှန်သမျှကို ရတနာကချက်ချင်း တုံ့ပြန်တိုက်ခိုက်လိမ့်မယ်။”
“ပြီးတော့ ပိုင်ရှင်သေဆုံးသွားရင် ရတနာကလည်းအတူတူ ပျက်စီးသွားလိမ့်မယ် ရတနာရဲ့ဝိညာဥ်နဲ့ ပိုင်ရှင်ရဲ့အသက်က တိုက်ရိုက်ကိုဆက်စပ်သွားတာ။”
“ တစ်ယောက်ကိုတစ်ခုခုဖြစ်ရင် နောက်တစ်ယောက်ကိုလည်း သက်ရောက်မှုရှိတယ်။ အန္တရာယ်ပိုင်းမှာတင်မကဘူး၊ ကျင့်ကြံခြင်းအဆင့်လိုမျိုး တခြားအပိုင်းတွေမှာပါ သက်ရောက်တယ်။”
“ကလေးရဲ့ဝိညာဉ်က လောကလွန်အဆင့်ရတနာ ဒါမှမဟုတ် ပစ္စည်းတစ်ခုခုနဲ့ ချည်နှောင်ခံလိုက်ရတဲ့အချိန်ကစပြီး သူတို့က နယ်မြေအဆင့်ရဲ့ တံခါးဝကိုထိုးထွင်းသိမြင်နိုင်စွမ်း ရရှိသွားကြပြီ။”
“အဲဒီအဆင့်ကိုရောက်ဖို့ အချိန်နဲ့အရင်းအမြစ်လောက်ပဲ လိုအပ်တော့ပြီး၊ လမ်းခုလတ်မှာကြုံရမယ့်အခက်အခဲတွေအားလုံး ဖယ်ရှားခံလိုက်ရပြီဖြစ်လို့ အတားအဆီးကြီးကြီးမားမားမရှိတော့ဘဲ ချောချောမွေ့မွေ့ နဲ့ နယ်မြေအဆင့်အထိ ဆက်ကျင့်ကြံနိုင်ပြီ။”
"ဒါပေမဲ့ အဲဒီလိုလုပ်တာက အန္တရာယ်လည်းရှိတယ်။ တချို့အတွက်တော့ အဲဒီအန္တရာယ်တွေက အမြတ်ထွက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ရတနာနဲ့ချည်နှောင်ထားတဲ့ကလေးဟာ ရတနာရဲ့ တာအိုရဲ့ လွှမ်းမိုးမှုကိုအကြီးအကျယ် ခံရလိမ့်မယ်။”
“သူတို့ဝိညာဉ်က ရတနာနဲ့ချည်နှောင်ခံလိုက်ရကတည်းက သူတို့အတွက်ရွေးချယ်မှုက ပြီးဆုံးသွားပြီဖြစ်လို့၊ ဘယ်တာအိုက သူတို့နဲ့ ကိုက်ညီလဲဆိုတာကိုရှာဖွေဖို့ အခွင့်အရေး ဘယ်တော့မှရတော့မှာမဟုတ်ဘူး။”
“ သူတို့က ရတနာရဲ့တာအိုမှာ ပါရမီမပါဘူးဆိုရင် များသောအားဖြင့် ရတနာရှိနေတဲ့အဆင့်မှာပဲ တစ်ဆို့သွားတတ်ကြပြီး၊ အဲဒီအကန့်အသတ်ကို ကျော်လွန်ပြီး ကြီးထွားလာနိုင်မယ့် တစ်ခုတည်းသော အခွင့်အရေးက ရတနာကိုယ်တိုင် သူ့ကိုယ်သူ အဆင့်မြှင့်တင်နိုင်မှပဲ ရလိမ့်မယ်။”
“ ဒါပေမဲ့ သူတို့ချည်နှောင်ထားတဲ့ ရတနာရဲ့တာအိုနဲ့ အလွန်လိုက်ဖက်ညီလောက်အောင် ပါရမီပါတဲ့သူတွေလည်း ရှိတယ်။”
“အဲဒီလိုလူတွေကတော့ သူတို့ရဲ့ရတနာအကန့်အသတ်ကိုကျော်လွန်ပြီး ကိုယ်တိုင်လည်း အဆင့်မြင့်တက်သွားနိုင်သလို၊ ရတနာကိုလည်း သူတို့နဲ့အတူကြီးထွားလာအောင် တွန်းအားပေးနိုင်ကြတယ်။”
"အနောက်ဘက်ထင်းရှူးလေညင်းတောင်ကြား ကိုအုပ်ချုပ်နေတဲ့ အဆင့် ၁ မိသားစုဖြစ်တဲ့ ချွေ့ မိသားစုရဲ့ခေါင်းဆောင် ချွေ့လျန်က သူနဲ့တစ်သက်တာချည်နှောင်ထားတဲ့ အသက်သွေးရတနာရဲ့ အကန့်အသတ်ကိုကျော်လွန်သွားခဲ့တဲ့ ဥပမာတွေထဲက တစ်ခုပဲ။"
"ကျွန်တော် ဒါတွေအားလုံးကို ပြောပြနေရတဲ့အကြောင်းရင်းက တတိယနည်းလမ်းမှာ အလားတူလုပ်ဆောင်ရမယ့်အရာတွေ ပါဝင်နေလို့ပဲ။”
“ ခင်ဗျားက ခင်ဗျားရဲ့ဝိညာဉ်နဲ့ ဝိညာဥ်အနှစ်သာရ ရဲ့တဝက်ကို ဓားရဲ့အတုအယောင်ဝိညာဉ်နဲ့ ချည်နှောင်ရလိမ့်မယ်။ အဲဒါ့အပြင် ခင်ဗျားက ဓားသိုင်းစိတ်ဆန္ဒ ကို ထိတွေ့နိုင်နေပြီဆိုတာ ကျွန်တော်သိတယ်။”
“အဲဒီစိတ်ဆန္ဒအတက်အကျလေးကို သူ့ဘာသာထုတ်လွှတ်နိုင်တဲ့အထိ ခင်ဗျားရဲ့စိတ်ဆန္ဒကို အတုအယောင်ဝိညာဉ်ဆီကို ဆက်တိုက်ကျွေးမွေးပြီး အာဟာရဖြည့်တင်းပေးရလိမ့်မယ်”
“ ခင်ဗျားဓားရဲ့ အတုအယောင်ဝိညာဉ်က ရင့်ကျက်မှုမရှိသေးဘဲ မပြည့်စုံသေးတဲ့အတွက်၊ ခင်ဗျားရဲ့စိတ်ဆန္ဒနဲ့ ဝိညာဥ်အနှစ်သာရကို သူ့ရဲ့အခြေခံကိုခိုင်မာအောင်လုပ်ဖို့ အသုံးပြုရမယ်။ အဲဒါမှ သူ့ရဲ့ကြီးထွားမှုကို အရှိန်မြှင့်တင်ပေးနိုင်မှာ”
"ခင်ဗျားရဲ့ဝိညာဉ်နဲ့ ဝိညာဥ်အနှစ်သာရထက်ဝက်ကို ဆုံးရှုံးရတာက ခင်ဗျားခံစားရမယ့် အနာကျင်ဆုံးအရာတွေထဲက တစ်ခုဖြစ်လိမ့်မယ်”
“ ပြီးတော့ အဲဒါက ခင်ဗျားရဲ့ခန္ဓာကိုယ်ကို အားနည်းတဲ့အခြေအနေမှာ ကျန်ရစ်စေခဲ့ပြီး ခင်ဗျားရဲ့ အလားအလာတွေကိုလည်း ထိခိုက်သွားစေလိမ့်မယ်။ ပြီးတော့ အဲဒါကို ပြန်လည်ကုစားဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ”
“ အကယ်လို့ ပမာဏနည်းနည်းလေးဆိုရင်တော့ ဝိညာဉ်အာဟာရဖြည့်တင်းတဲ့ ကျင့်စဉ်တွေကို နှစ်အနည်းငယ်လောက်ကျင့်ကြံလိုက်ရင် အလွယ်တကူ ပြန်ကောင်းသွားနိုင်တယ်။”
“ဒါပေမဲ့ ရွှေအမြုတေအဆင့်ကျွမ်းကျင်သူတစ်ယောက်အတွက်တော့ တဝက်တိတိဆုံးရှုံးသွားတာကို ပြန်ကုစားဖို့ဆိုတာ အနည်းဆုံး ရွှေရောင်အဆင့်ရှိတဲ့ရတနာတွေနဲ့ ဝိညာဉ်ကျင့်စဉ်တွေကို မသုံးဘဲနဲ့တော့ လုံးဝမဖြစ်နိုင်ဘူး။”
“ ဒီလိုအခြေအနေမျိုးမှာ ခင်ဗျားရဲ့ ဓားသိုင်းစိတ်ဆန္ဒကို ဓားဆီကျွေးမွေးရတာက ပုံမှန်ထက်အများကြီးပိုပြီး ပင်ပန်းခက်ခဲလိမ့်မယ်။ ပြီးတော့ ခင်ဗျားရဲ့စိတ်ဆန္ဒကြောင့် အတုအယောင်ဝိညာဉ်ကို မတော်တဆမထိခိုက်မိစေဖို့လည်း သတိထားရလိမ့်မယ်။”
"ပန်းတိုင်ကတော့ လျှပ်စီးကောင်းကင်ကပ်ဘေး ကျရောက်လာတဲ့ အချိန်အတွက် ကြိုတင်ပြင်ဆင်နိုင်ဖို့ အတုအယောင်ဝိညာဥ်ကို ခင်ဗျားဆီကနေ တတ်နိုင်သမျှသင်ယူခွင့်ပေးဖို့ပဲ။”
“ အဲဒီအချိန်ကစပြီး သူ့ရဲ့လမ်းကြောင်းက ခင်ဗျားနဲ့ ခင်ဗျားသိထားသမျှ အရာတွေအပေါ်မှာ အခြေခံသွားလိမ့်မယ်။”
"ဒါပေမဲ့ အကုန်လုံးက ဆိုးနေတာတော့ မဟုတ်ပါဘူး။ အကယ်လို့ ခင်ဗျားက ဓားရဲ့အတုအယောင်ိဝညာဥ်ကို ပြီးပြည့်စုံသွားတဲ့အထိ အောင်မြင်အောင် ပြုစုပျိုးထောင်နိုင်ခဲ့မယ်ဆိုရင်၊ သူက ခင်ဗျားရဲ့မပြည့်စုံတဲ့ဝိညာဉ်နဲ့ ဝိညာဥ်အနှစ်သာရတွေကို အလိုအလျောက် ပြန်လည်ကုစားပေးလိမ့်မယ်။”
“ ပြီးတော့ သူက ခင်ဗျားရဲ့အနှစ်သာရနဲ့ ပြုစုပျိုးထောင်ခံခဲ့ရတာဖြစ်လို့ သူဟာ ခင်ဗျားရဲ့တစ်သက်တာချည်နှောင်ထားတဲ့ အသက်သွေးလက်နက် ဖြစ်လာတဲ့အခါ မကိုက်ညီမှုပြဿနာတွေ လုံးဝရှိလာမှာမဟုတ်ဘူး။”
“ ခင်ဗျားရဲ့အသက်နဲ့ ဓားဟာ အဲဒီအချိန်ကစပြီး ခွဲခြားလို့မရအောင် ဆက်စပ်သွားလိမ့်မယ်။ အကယ်လို့ ကောင်းကင်ဘေးဒဏ်ကိုရင်ဆိုင်ရင်း သူပျက်စီးသွားခဲ့ရင် ခင်ဗျားလည်း သေရလိမ့်မယ်။”
“ ဒါပေမဲ့ သူအသက်ရှင်ကျန်ရစ်ပြီး အဲဒီကောင်းကင်ကပ်ဘေးကနေ သူ့ဝိညာဉ် ဆင့်ကဲပြောင်းလဲသွားခဲ့မယ်ဆိုရင်တော့၊ ဝိညာဉ်ပိုင်းဆိုင်ရာတိုးတက်မှုကနေ ခင်ဗျားလည်း အကျိုးအမြတ်တွေရရှိမှာဖြစ်လို့ နန်းတော်အဆင့်ဆီသွားမယ့် ခင်ဗျားရဲ့လမ်းကြောင်းက ပွင့်သွားလိမ့်မယ်။”
“ဓားဘာပဲရရ ခင်ဗျားလည်းအဲဒါကိုရမယ်၊ ခင်ဗျားဘာပဲရရ ဓားလည်းအဲဒါကိုရမယ်။ ကောင်းတာရော ဆိုးတာရော အားလုံးပဲ”
"ကဲ ဝမ်ရင်းကျဲ... ခင်ဗျားလုပ်ချင်တဲ့အရာကို မလုပ်နိုင်ဘဲ အသက်ရှင်လျက် ပြန်မထွက်လာနိုင်တဲ့အန္တရာယ် ရှိနေတယ်ဆိုရင်တောင် ဒီဓားနဲ့အတူ အဆုံးထိ အရာအားလုံးကို စတေးဖို့ ဆန္ဒရှိလား... ဒါမှမဟုတ် တခြားရွေးချယ်စရာတွေကို ပြန်စဉ်းစားချင်သေးလား"
ယီကျဲက လေးနက်စွာ မေးလိုက်လေသည်။