← Chapters

ကြည်လင်သော နှလုံးသား

Vol. 7 Ch. 68

ကြည်လင်သော နှလုံးသား

Vol. 7 Ch. 68

ယီကျဲပြောသမျှကို ကြားလိုက်ရသောအခါ ဝမ်ရင်းကျဲ၏ စိတ်နှင့် လည်ချောင်းတို့ ခြောက်သွေ့သွားသလို ခံစားလိုက်ရသည်။

သူသည် သူရဲဘောကြောင်သူတစ်ယောက်မဟုတ်သော်လည်း၊ သူရည်ရွယ်ထားသည့်အရာကို မလုပ်နိုင်ခင်မှာပင် သေဆုံးသွားနိုင်သည့် အန္တရာယ်က သူ၏စိတ်ကို တွေဝေသွားစေခဲ့၏။

သူက သက်ပြင်းချရင်း အထက်သို့မော့ကြည့်လိုက်ရာ သူ၏အကြည့်များက မှုန်ဝါးသွားလေ၏။

"ဘယ်နှနှစ်တောင် ရှိသွားပြီလဲ။ အမေ့လက်ရာကို နောက်ဆုံးစားခဲ့ရတာ၊ အဖိုးကြီးဆီက အေးစက်စက်အကြည့်တွေ ခံခဲ့ရတာ၊ ပြီးတော့ အဖိုးဆီကနေ 'အပြာရောင်ဝက်သစ်ချတိုင်းပြည်ရဲ့ ရွှေလှံတံ' ဆိုတဲ့နာမည်ပြောင်ကို ဘယ်လိုရခဲ့သလဲဆိုတဲ့ သူရဲကောင်းဇာတ်လမ်းတွေကို နားထောင်ခဲ့ရတာတွေကနေ ဝေးကွာနေခဲ့တာ နှစ်၅၀လား၊ ၆၀လား၊ ၇၀လား ဒါမှမဟုတ် အဲဒီထက်တောင် ပိုကြာခဲ့ပြီလား"

"ဂုဏ်သိက္ခာနဲ့ တာဝန်သိစိတ်ဆိုတဲ့ စကားလုံးတွေနဲ့ထပ်တူကျတဲ့ ဝမ်မိသားစုရဲ့ နာမည်ကိုဖျက်ဆီးမိပြီး၊ နန်းတော်အဆင့်ကိုရောက်ဖို့ အခွင့်အရေးအများဆုံးရှိတဲ့ အသက်အငယ်ဆုံးစစ်သူကြီးလို့ ချီးကျူးခံခဲ့ရတဲ့ငါက... တစ်နေ့ကျတော့ ခေါင်းချစရာနေရာတောင်မရှိဘဲ ကမ္ဘာကြီးထဲမှာ လှည့်လည်သွားလာနေရတဲ့ လေလွင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ဘယ်သူကထင်ထားခဲ့မှာလဲ။"

"အဲဒီနေ့ကတည်းက ငါဖြတ်သန်းခဲ့ရတဲ့ ငရဲကျနေတဲ့နေ့ရက်ကနေ လွတ်မြောက်ဖို့ဆိုတာ သေခြင်းတရားပဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။"

“စတုတ္ထမင်းသား... ဘာလို့လဲ... ဘာလို့၊ ဘာလို့များ မဟူရာကျောက်စိမ်းဂိုဏ်းနဲ့ပူးပေါင်းပြီး ကိုယ့်တိုင်းပြည်ကို ပြန်ဆန့်ကျင်တဲ့သူလျှိုအဖြစ် အလုပ်လုပ်ခဲ့ရတာလဲ။”

“လူအများစုရဲ့ အိပ်မက်ထဲမှာသာမက်နိုင်တဲ့ ဘဝမျိုးနဲ့ အာဏာအားလုံးကို မင်းပိုင်ဆိုင်ထားခဲ့ရဲ့သားနဲ့၊ ဘာလို့ နန်းတော်အဆင့်ကျွမ်းကျင်သူ အနည်းဆုံး ၅ ယောက်လောက်ရှိတယ်လို့ နာမည်ကြီးပြီး၊ ရက်စက်ယုတ်မာတဲ့ ရာဇဝတ်ဂိုဏ်းတစ်ခုနဲ့ ပူးပေါင်းပြီး ကိုယ့်တိုင်းပြည်ကို သစ္စာဖောက်ဖို့ ဆုံးဖြတ်ခဲ့ရတာလဲ။”

“သူတို့နဲ့ပူးပေါင်းပြီး မင်းဘာကို လိုချင်ခဲ့တာလဲ။ ဂိုဏ်းက ဘာလို့ မင်းကိုသတ်ဖို့ ဆုံးဖြတ်ခဲ့တာလဲ။”

“အဲ့ဒါက တော်ဝင်မိသားစုကလွဲရင် တခြားနန်းတော်အဆင့်ကျွမ်းကျင်သူရှိတဲ့ တစ်ခုတည်းသောမိသားစုဖြစ်တဲ့ ငါတို့မိသားစုကို ဘုရင်နဲ့ မျက်နှာပျက်အောင် လုပ်ချင်ရုံသက်သက်ပဲလား၊ ဒါမှမဟုတ် တခြားအကြံအစည်တွေ ရှိနေသေးတာလား။”

“မင်းသားနဲ့ပတ်သက်ခဲ့တဲ့ လူတွေထဲကတစ်ယောက်ဖြစ်တဲ့ မဟူရာကျောက်စိမ်းဂိုဏ်းက အမှုဆောင်တစ်ယောက်ဖြစ်တဲ့ 'မီးခိုးရောင်မြွေပါ' ကို ဆယ်စုနှစ်ချီပြီး ခြေရာခံလိုက်ခဲ့ပြီးတဲ့နောက် ဒီမေးခွန်းတချို့ရဲ့အဖြေကို ရလိမ့်မယ်လို့ ငါထင်ခဲ့တာ။ ဒါပေမဲ့ သူ့ကိုမမေးရခင်မှာပဲ ငါသေသွားခဲ့ရင်တော့...”

“ထိပ်တန်းကောင်းကင်အဆင့်လက်နက်တစ်ခုမှမပါဘဲ သူ့ရဲ့အနားကပ်ဖို့တောင် ငါစွန့်စားလို့မရဘူး။”

“ဘေးမှာ ရွှေအမြုတေအဆင့်နောက်ဆုံးအဆင့်ကျွမ်းကျင်သူတွေ ဝန်းရံနေပြီး၊ အမှုဆောင်တစ်ယောက်ဖြစ်တဲ့အတွက် သူ့ရဲ့စွမ်းအားကလည်း အဲဒီအဆင့် ဒါမှမဟုတ် အဲဒီထက်တောင် ပိုသန်မာနိုင်တယ်။”

“ငါ့မိသားစုရဲ့ အရှက်ရမှုကိုဆေးကြောပြီး၊ တစ်ချိန်ကအိမ်လို့ ခေါ်ခဲ့ဖူးတဲ့တိုင်းပြည်ကို ကူညီဖို့ ငါ့မှာတကယ်ပဲ ကံမပါခဲ့တာလား။”

“အရမ်းစိတ်ပျက်စရာ ကောင်းတာပဲ အဖိုး... အဖိုးသာ ကျုပ်နေရာမှာဆိုရင် ဘယ်လိုလုပ်မလဲ။”

ဝမ်ရင်းကျဲသည် တိတ်ဆိတ်စွာရပ်လျက် စဉ်းစားနေရင်း၊ သူ၏စိတ်အာရုံက ရိုးရှင်းသောအတိတ်နေ့ရက်များဆီသို့ လွင့်မျောသွားလေသည်။

.....................................................................................................

လူနှစ်ယောက် မြင်းယှဉ်စီးလာကြသည်။ တစ်ယောက်က ခန္ဓာကိုယ်တောင့်တင်းပြီး သန့်စင်သောအဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် အသက်ကြီးကြီးလူတစ်ယောက်ဖြစ်ကာ၊ အမြီးတွင်အနီရောင်အမွေးများရှိသော မြင်း ကို စီးနှင်လာသည်။

သူ၏ဘေးတွင် အသက် ၉ နှစ်ခန့်အရွယ် ကလေးငယ်တစ်ယောက်ကလည်း အရွယ်အစားပိုသေးငယ်သော်လည်း ပုံစံတူမြင်းမျိုးကို စီးနင်းလာ၏။

သူကလည်း သန့်စင်သောအဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး၊ မျက်လုံးများက အရောင်လဲ့နေကာ စိတ်လှုပ်ရှားသောအပြုံးဖြင့် ခေါင်းကိုဟိုဟိုဒီဒီ လှည့်ပတ်ကြည့်ရှုနေသည်။

ကလေးငယ်နှင့် အဘိုးအိုတို့၏ မျက်လုံးများ၊ ပါးရိုးများစသည့် မျက်နှာသွင်ပြင်အချို့က ဆင်တူနေကြသည်။ ကြည့်လိုက်ရုံဖြင့် သူတို့ကဆွေမျိုးတွေမှန်း သိသာလှပေသည်။

“အဖိုး... သားကို အနီရောင်လှံဓားတောအုပ်ကို ခေါ်လာပေးလို့ ကျေးဇူးတင်ပါတယ်။ သားအဖေ့ကို ခေါ်သွားပေးဖို့ ခဏခဏပူဆာတာတောင်၊ သူက နေ့တိုင်း ဒိုင်းနဲ့ဓား သိုင်းကွက်တွေပဲကျင့်ခိုင်းပြီး သားကိုထပ်ခါတလဲလဲ အရိုက်ခံရအောင် လုပ်နေတာ အဲဒီအဖိုးကြီးစုတ်က...”

ကလေးငယ်က ဒေါသတကြီးလက်သီးဆုပ်လိုက်သော်လည်း၊ တောအုပ်ကိုကြည့်လိုက်ချိန်တွင် သူ၏အမူအရာက စိတ်လှုပ်ရှားမှုဆီသို့ ပြန်လည်ပြောင်းလဲသွားပြန်သည်။

ထိုတောအုပ်သည် သာမန်အားဖြင့်ကြည့်လျှင် ရိုးရိုးတောအုပ်နှင့်တူသော်လည်း၊ သစ်ပင်များ၏ ထိပ်ဖျားကိုကြည့်လိုက်လျှင် ကျယ်ပြန့်သောဓားပုံစံများ ဖြစ်ပေါ်နေသည်ကို တွေ့ရမည်ဖြစ်သည်။

ထို့ကြောင့်ပင် ဤတောအုပ်ကို အနီရောင်လှံဓားတောအုပ်ဟု အမည်ပေးထားခြင်းဖြစ်၏။

တခါက ဓားကျင့်ကြံသူတစ်ဦးသည် ဤတောအုပ်ထဲတွင် သူ၏ဓားတာအိုကို တိုးတက်အောင်ကျင့်ကြံခဲ့ပြီး၊ သူ၏တာအိုသက်ဝင်လာသောအခါ သစ်ပင်များကို အနီရောင်လှံဓားပင်များအဖြစ် ပြောင်းလဲသွားစေခဲ့သည်ဟု ကောလာဟလများ ရှိလေသည်။

ထိုကောလာဟလများ မှန်၊ မမှန်ဆိုသည်ကို မည်သူမျှမသိကြသော်လည်း၊ သေချာသည်မှာ ဤတောအုပ်သည် အပြာရောင်ဝက်သစ်ချတိုင်းပြည်အတွင်းရှိ အကြမ်းတမ်းဆုံးဝိညာဉ်သားရဲအချို့ နေထိုင်ရာနေရာဖြစ်သည် ဆိုခြင်းပင်။

"ဟဲဟဲဟဲ... အဖိုးက သူ့ကိုမင်းအတွက် ခေါင်းလေးဘာလေး ခေါက်ပေးရအုံးမလား ရင်းကျဲလေး"

အဘိုးအိုက သူ၏မြေးလေးကို အချစ်ပိုစွာကြည့်ရင်း ညင်သာသောအပြုံးဖြင့် မေးလိုက်၏။ မိမိအဖေ အရိုက်ခံရမည့်အလားအလာကို ကြားလိုက်ရသောအခါ ကလေးငယ်၏မျက်လုံးများက စောစောကထက်ပင် ပိုမိုတောက်ပသွားလေသည်။

သို့သော် ခဏအကြာတွင် သူ၏ချောမွေ့သောမေးစေ့ကိုကိုင်ကာ တွေးတောနေဟန်ဖြင့် ခေါင်းယမ်းလိုက်ပြီး သက်ပြင်းချလိုက်သည်။

“ကျေးဇူးပါပဲ အဖိုး... ဒါပေမဲ့ အဖိုးသာ သူ့ကိုရိုက်လိုက်ရင် သူက လေ့ကျင့်ရေးမှာ သားအပေါ် ပိုပြီးရက်စက်လာမယ်လို့ ခံစားရတယ်။ သူက အရှုံးကိုလက်ခံနိုင်တဲ့သူ မဟုတ်ဘူး။”

“တစ်ခါတုန်းက ကျောက်တုံး၊ကတ်ကြေး၊ စက္ကူကစားတာ သားနိုင်သွားလို့ ရှက်ရမ်းရမ်းပြီး အဖေက၊ သားကို ကျောက်တုံးကြီးတစ်တုံးကို စက္ကူပါးပါးလေးတစ်ရွက်နဲ့ ဖြတ်ခိုင်းဖူးတယ်။”

“အဲဒီတုန်းက သားအသက်က ၄ နှစ်ပဲ ရှိသေးတာလေ။ သားမလုပ်နိုင်တော့... သူက သားကို ဝိညာဉ်သားရဲတွေရှိတဲ့ မြင်းတင်းကုပ်ကို သွားရှင်းခိုင်းတယ်။”

“အဲဒီအကောင်တွေကို သားကြောက်မှန်း သိရက်နဲ့ လုပ်တာ။ အဲဒီအကောင်တွေက သားကို တစ်ခါတလေ ရိုက်ကြသေးတယ်။ ကိုယ့်ကလေးကို ဘယ်လိုလူမျိုးကများ အဲဒီလို လုပ်ရက်တာလဲ”

ကလေးငယ်က မခံချင်စိတ်ဖြင့် ဒေါသတကြီး ပြောလိုက်လေသည်။

ထိုဇာတ်လမ်းကို နားထောင်နေသော အဘိုးအို၏ မျက်လုံးများက တစ်ခုခုကိုသတိရသွားသကဲ့သို့ ခေတ္တမျှအေးခဲသွားပြီးနောက် အနေရခက်စွာ ရယ်မောလိုက်၏။

“အဖိုး... ဝေလကျောက်တုံးတိုင်းပြည်ရဲ့ နာမည်ကျော် ကျောက်ဖြူမြင်းတပ်ကြီးကို တစ်ယောက်တည်း ထိုးဖောက်ဝင်ရောက်ပြီး၊ တပ်ရင်းတစ်ခုလုံး၊ တပ်စခန်းနဲ့ ခံတပ်အတော်များများကို ဘယ်လိုဖြိုခွင်းခဲ့သလဲဆိုတာ မင်းကို ပြောပြရမလား”

အဘိုးအိုက သူ့မုတ်ဆိတ်ကိုပွတ်သပ်ကာ ဂုဏ်ယူဝင့်ကြွားသောအပြုံးဖြင့်ပြောရင်း ရင်ကော့လိုက်လေသည်။

“တကယ်လား အဖိုး”

ကလေးငယ်က သူ၏အဘိုးကို လေးစားကြည်ညိုစွာစိုက်ကြည့်ရင်း၊ မျက်လုံးများက ကြယ်လေးများလို တောက်ပသွားချေသည်။

ဤသို့ဖြင့် အဘိုးနှင့်မြေးနှစ်ယောက်သည် အနီရောင်လှံဓားတောအုပ်ဆီသို့ ခရီးဆက်လာခဲ့ကြသည်။

အဘိုးဖြစ်သူက သွားရည်များစင်ထွက်မတတ်၊ စိတ်အားထက်သန်စွာဖြင့် သူ၏ဇာတ်လမ်းကို အသက်ဝင်အောင်ပြောပြနေပြီး၊ မြေးဖြစ်သူကလည်း ထက်သန်သောမျက်နှာထားဖြင့် အားလုံးကို နားထောင်နေလေသည်။

မိနစ် ၃၀ အကြာ...

ရွှစ်

ဓားမြှောင်များနှင့် ပိုတူပြီး သတ္တုလိုတောက်ပနေသောခွာများရှိသည့် မီးခိုးရောင်သမင်တစ်ကောင်ကို မြားတစ်စင်းက ဖောက်ထွင်းဝင်ရောက်သွားလေသည်။

“လက်ဖြောင့်လိုက်တာ ရင်းကျဲလေးက။ မင်းကို မုဆိုးကောင်းတစ်ယောက် ဖြစ်လာအောင် လုပ်ပေးလို့ရသေးတာပဲ။”

“ ကဲ... အခု မြန်မြန်သွားပြီး အဲဒီသံခွာသမင်ရဲ့အစိတ်အပိုင်းတွေကို ဖြတ်ယူလိုက်တော့။ သားရေကနေစပြီး ဘယ်အစိတ်အပိုင်းကိုမှ အလဟဿ မဖြစ်စေနဲ့"

အဘိုးအိုက ဘေးမှနေ၍ပြောလိုက်ရာ၊ ရင်းကျဲက သူ၏သားကောင်ကို ကျင့်သားရနေသောတိကျမှုဖြင့် စတင်ခွဲခြမ်းစိတ်ဖြာလေတော့သည်။

ရင်းကျဲ တစ်ဝက်လောက်လုပ်ပြီးသွားချိန်တွင် မမျှော်လင့်ထားသောအခြေအနေတစ်ခု ဖြစ်ပေါ်လာ၏။

သစ်ပင်များကို တုန်ခါသွားစေပြီး၊ တချို့သစ်ပင်များဆိုလျှင် ကျိုးပဲ့လုမတတ် အက်ကွဲသံများထွက်ပေါ်လာစေသည့် ကျယ်လောင်သောဟိန်းဟောက်သံကြီးတစ်ခုက သူတို့ရှိနေသောနေရာတစ်ဝိုက်တွင် ပဲ့တင်ထပ်သွားလေသည်။

မကြာမီ မြေကြီးက တုန်ခါလာပြီး၊ တစ်စုံတစ်ရာက အရာအားလုံးကို ဖျက်ဆီးပစ်မည့်အင်အားဖြင့် ရူးသွပ်စွာပြေးဝင်လာသကဲ့သို့ ခံစားလိုက်ရသည်။

ထိုကြောက်မက်ဖွယ်ကောင်းသောအရာက ဘာလဲဆိုတာကိုသိရန် ရင်းကျဲ အချိန်အကြာကြီးစောင့်စရာ မလိုခဲ့ပေ။

တောင်ငယ်တစ်လုံးစာလောက်နီးပါးကြီးမားသော အကောင်ကြီးတစ်ကောင်က သစ်ပင်များကို မြက်ပင်ပေါက်လေးများလို နင်းချေရင်း သူတို့ဆီသို့ အလျင်အမြန်ပြေးဝင်လာသည်ကို သူမြင်လိုက်ရသည်။

“ရင်းကျဲလေး... အဖိုးဘေးကနေ တစ်လှမ်းမှ မခွာနဲ့”

အဘိုးအိုက တည်ငြိမ်စွာပြောရင်း သူ၏မြေးလေးအရှေ့သို့ ဝင်ရပ်လိုက်ရာ၊ သူ၏လက်ထဲတွင် ရွှေရောင်လှံတစ်လက် ပေါ်လာလေသည်။ လှံတွင် ဟိန်းဟောက်နေသောနဂါးပုံစံ ရေးထွင်းထားပြီး၊ လှံသွားတွင် အနီရင့်ရောင်အလွှာပါးလေးတစ်ခု ဖုံးအုပ်နေသည်။

သူက သူတို့ဆီသို့ပြေးဝင်လာသော သားရဲကြီးကို တည်ငြိမ်ရဲရင့်စွာမျက်နှာမူလျက် မတ်မတ်ရပ်နေလေသည်။

ရင်းကျဲ သေချာမြင်လိုက်ရပြီဖြစ်သည်။ ၎င်းသည် သတ်ဖြတ်လိုသည့်အရှိန်အဝါ များဝန်းရံနေသည့် ဧရာမအနီရောင်ကျားကြီးတစ်ကောင် ဖြစ်လေသည်။

ထိုအရှိန်အဝါမျိုးကို သူ၏ဖခင်၊ ဖခင်၏လုပ်ဖော်ကိုင်ဖက်များနှင့် စစ်တပ်ထဲတွင်ရှိသော မိသားစုဆွေမျိုးများထံတွင် သူမြင်ဖူးထားသဖြင့် ရင်းကျဲ မှတ်မိနေသည်။

ထိုအရှိန်အဝါမျိုးမရှိသူဆိုလို့ သူ့အဘိုးတစ်ယောက်တည်းသာရှိပြီး၊ ဘာကြောင့်လဲဆိုတာကို သူအမြဲတမ်း သိချင်နေခဲ့ဖူးသည်။

ကျားကြီး၏အကြည့်သည် သူ့ကိုသတိထားစောင့်ကြည့်နေသော ရင်းကျဲလေးထံသို့ ကျရောက်သွား၏။ ထိုအကြည့်အောက်တွင် ရင်းကျဲ ချက်ချင်းအေးခဲသွားပြီး၊ မကြာမီ သူအော့အန်လာကာ အသက်ရှူကျပ်လာလေတော့သည်။

သွေးများနှင့် သတ်ဖြတ်ခြင်းသမုဒ္ဒရာထဲတွင် နစ်မြုပ်နေသလို သူခံစားလိုက်ရသည်။ အသက်ရှူသွင်းလိုက်တိုင်း သွေးတွေထဲမှာနစ်မွန်းနေသလိုခံစားရပြီး၊ သူ၏အတွင်းထဲရှိ အရာအားလုံးက ကြိတ်ချေဖိညှစ်ခံနေရသလို ဖြစ်နေချေသည်။

အဘိုးအိုက နှာခေါင်းရှုံ့လိုက်ပြီး သူ၏ဝတ်ရုံလက်ကို ဝှေ့ယမ်းလိုက်ရာ၊ ရင်းကျဲ ခံစားနေရသောညှဉ်းပန်းနှိပ်စက်မှုများ ရပ်တန့်သွားလေသည်။ ထို့နောက် သူဆက်တိုက်ချောင်းဆိုးလိုက်ပြီးနောက် သတိပြန်လည်လာသော်လည်း၊ ထိုကျားကြီးကို ထပ်မကြည့်ရဲတော့ချေ။

“ရင်းကျဲလေး... အောက်ကိုငုံ့မကြည့်နဲ့။ ရှေ့ကိုကြည့်ပြီး မင်းခံစားနေရတာတွေကို မရှောင်လွှဲနဲ့။ မင်းအားနည်းနေတယ်၊ ကြောက်ရွံ့နေတယ်၊ တုန်လှုပ်နေတယ်။ အဲဒီလိုဖြစ်တာ မှားယွင်းတဲ့ကိစ္စ မဟုတ်ဘူး။”

“ အဲဒီခံစားချက်တွေကိုလက်ခံပြီး ရင်ဆိုင်လိုက်တာက မင်းကို ချက်ချင်းကြီးသန်မာလာစေမှာမဟုတ်ပေမဲ့၊ မင်းကိုယ်မင်းနဲ့ မင်းရောက်နေတဲ့အခြေအနေကို လက်ခံနိုင်တဲ့ ကြည်လင်တဲ့နှလုံးသားတစ်ခုကို ပေးစွမ်းလိမ့်မယ်။”

“ အဲဒီအထဲမှာ ခွန်အားရှိတယ်၊ လွတ်လပ်မှုရှိတယ်။ အဲဒီကြောင်ကြီးက မင်းဆီကနေ အဲဒါကိုလုယူသွားခွင့် မပေးနဲ့။ မင်းခံစားရတဲ့ခံစားချက်တွေကို ရင်ဆိုင်လိုက်၊ လက်ခံလိုက်၊ ပြီးတော့ မင်းဘာလုပ်နိုင်မလဲဆိုတာကို ဆုံးဖြတ်လိုက်။”

“ အဲဒါက မင်းကို တိုက်ခိုက်ဖို့ပဲဖြစ်ဖြစ်၊ ပုန်းဖို့ပဲဖြစ်ဖြစ်၊ ပြေးဖို့ပဲဖြစ်ဖြစ်၊ အကူအညီတောင်းဖို့ပဲဖြစ်ဖြစ်၊ ကြည်လင်တဲ့ရည်ရွယ်ချက်တစ်ခုနဲ့ ပြုမူနိုင်အောင် ကူညီပေးလိမ့်မယ်။”

“ မင်း ဘာပဲလုပ်လုပ်... မင်းရဲ့လုပ်ရပ်တွေက နောက်ဆံမတင်းပဲ ကြည်လင်တဲ့ရည်ရွယ်ချက်တစ်ခုရဲ့ လမ်းညွှန်မှုအောက်မှာ ရှိနေလိမ့်မယ်။”

“ပြင်းပြတဲ့စိတ်ဆန္ဒနဲ့လုပ်ဆောင်တဲ့သူရဲ့ လုပ်ရပ်နဲ့၊ ဟိုမရောက်ဒီမရောက်တွေဝေနေတဲ့သူရဲ့ လုပ်ရပ်ကြားမှာ ကွာခြားချက်ရှိတယ်။”

“အန္တရာယ်များတဲ့အခြေအနေတွေကနေ အသက်ရှင်လွတ်မြောက်ဖို့ဆိုတာ အဲဒီသိမ်မွေ့တဲ့ကွာခြားချက်လေးတွေအပေါ်မှာ မူတည်တယ်။ ဘယ်ခြေလှမ်းကိုပဲ လှမ်းလှမ်း... မင်းရဲ့စိတ်နဲ့ကိုယ်တစ်ခုလုံး အဲဒီအထဲမှာနှစ်မြှုပ်ပြီး လှမ်းရမယ်။”

“ နောက်ထပ် ဘာပဲဖြစ်လာဖြစ်လာ၊ အရေးကြီးတာက မင်းရဲ့တကယ့်အစစ်အမှန်ကိုယ်ကျင့်တရားကို ရင်ဆိုင်ပြီး လုပ်ခဲ့တယ်ဆိုတာပဲ”

“အဖိုးရဲ့ ဘဝတစ်လျှောက်လုံး အဲဒီလိုပဲ နေထိုင်လာခဲ့တာ။ အဖိုးဘဝရဲ့မုန်တိုင်းတွေကို မျက်လုံးပြူးပြူးကျယ်ကျယ်ဖွင့်ပြီး ရင်ဆိုင်ခဲ့တယ်။”

“တိုက်ခိုက်တဲ့အခါ ဘာကိုမှချန်မထားဘဲ အစွမ်းကုန်တိုက်ခိုက်ခဲ့သလို၊ ထွက်ပြေးတဲ့အခါမှာလည်း ပြတ်ပြတ်သားသားပြေးခဲ့တယ်။”

“အဖိုးလုပ်တဲ့ လုပ်ရပ်တိုင်းကို ကြည်လင်တဲ့နှလုံးသားနဲ့ ရင်ဆိုင်တယ်။ ရင်းကျဲလေး... မင်းရဲ့ကြည်လင်တဲ့နှလုံးသားကို ရှာဖွေပါ။”

“အခု အဖိုးရဲ့နှလုံးသားက အဖိုးမြေးကိုခြောက်လှန့်တဲ့ ဒီကြောင်ကြီးကို ချေမှုန်းပစ်ဖို့ ပြောနေသလိုမျိုးပေါ့”

အဘိုးအိုက တွေဝေသွားသောမျက်နှာထားဖြစ်နေသည့် ရင်းကျဲကို အနည်းငယ်ပြုံးပြလိုက်ရာ၊ ရင်းကျဲ၏မျက်လုံးများ ပြန်လည်ကြည်လင်လာပြီး သားရဲကြီးကို စိုက်ကြည့်လိုက်လေသည်။

"သားက အားနည်းတော့ ထွက်မပြေးနိုင်ဘူး၊ မတိုက်ခိုက်နိုင်ဘူး။ ဒါပေမဲ့ သား အမြဲတမ်းအားနည်းနေမှာ မဟုတ်ပါဘူး။”

“ အခုလောလောဆယ် ဘာမှမလုပ်နိုင်သေးတဲ့အတွက် အဖိုးကိုပဲ အားကိုးပါရစေ”

ရင်းကျဲက လက်သီးကိုဆုပ်ကာ ပြောလိုက်၏။

အဘိုးအိုက ကျေနပ်စွာခေါင်းညိတ်ပြလိုက်ပြီးနောက်၊ သားရဲကြီးထံသို့ ရဲဝံ့စွာပြေးဝင်သွားလေသည်။

သူ၏လှံကိုရှေ့သို့ရမ်းလိုက်သည်နှင့်တစ်ပြိုင်နက် ဧရာမရွှေနဂါးကြီးတစ်ကောင်၏ခေါင်း ပေါ်လာပြီး၊ နားကွဲမတတ်ဟိန်းဟောက်သံကြီးတစ်ခုနှင့်အတူ ကျားကြီးဆီသို့ ပြေးဝင်သွားရာ ကျားကြီးမှာ ကြောက်လန့်တကြား အမြီးကုပ်၍ ထွက်ပြေးရန်ကြိုးစားလေတော့သည်။

သို့သော် အချိန်နှောင်းသွားခဲ့ချေပြီ။ ကျားကြီး၏ရင်ဘတ်တွင် ဧရာမအပေါက်ကြီးတစ်ခုပွင့်သွားပြီး၊ ရှေ့ခြေထောက်များမှာလည်း တိုက်ခိုက်မှုကြောင့် အစအနပင်မကျန်တော့အောင် ပျက်စီးသွားလေသည်။

ကျားကြီးသည် ကျယ်လောင်သောအသံကြီးနှင့်အတူ မြေကြီးပေါ်သို့ လဲကျသွား၏။ အသံထွက်အောင်ကြိုးစားသော်လည်း သွေးများအန်ကျလာပြီး၊ ပြတ်တောင်းတောင်းအသက်ရှူသံများမှလွဲ၍ ဘာအသံမှထွက်မလာတော့ချေ။

သူတို့ထက် အဆပေါင်းများစွာကြီးမားသော ထိုသားရဲကြီးသည် တစ်ချက်တည်းသောတိုက်ခိုက်မှုဖြင့် သေဆုံးသွားသည်ကို မြင်လိုက်ရသောအခါ ရင်းကျဲမှာ မယုံနိုင်အောင် ဖြစ်သွားလေသည်။

"အဖိုးက အရမ်းကြမ်းတာပဲ"

ရင်းကျဲက သူ၏အဘိုးကို ကိုးကွယ်စရာမြင်ကွင်းတစ်ခုလို စိုက်ကြည့်ရင်း အော်ဟစ်လိုက်လေတော့သည်။

........................….

“ကြည်လင်တဲ့ နှလုံးသားနဲ့ ပြုမူပါ တဲ့လား အဖိုး...”

ဝမ်ရင်းကျဲက ပိုမိုကြည်လင်လာသောမျက်လုံးများဖြင့် ကိုယ့်ကိုယ်ကိုယ်ပြုံးရင်း ရေရွတ်လိုက်သည်။

သူသည် ယခင်ကလူနဲ့ လုံးဝမတူတော့ဘဲ၊ သူ၏ကိုယ်အတွင်း အရာအားလုံးကိုချုပ်နှောင်ထားသော ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုကို ဖယ်ရှားပစ်လိုက်နိုင်သူတစ်ဦးနှင့် တူသွားချေပြီ။

“ကျုပ် လုပ်မယ်။ တတိယနည်းလမ်းကို ရွေးချယ်တယ်”

ဝမ်ရင်းကျဲက ဦးညွှတ်ကာ တည်ငြိမ်စွာ ပြောလိုက်လေသည်။

“အကယ်လို့ ငါကျရှုံးသွားခဲ့ရင်လည်း အဲဒါက ပြီးသွားတာပဲ။ ဒါပေမဲ့ မဟူရာကျောက်စိမ်းဂိုဏ်းကိုနှိမ်နင်းဖို့ ငါ့နေရာမှာအစားထိုးနိုင်မယ့် ငါ့ထက်အရည်အချင်းရှိတဲ့လူတွေ တိုင်းပြည်ထဲမှာ အများကြီးရှိပါတယ်။”

“ ငါမလုပ်နိုင်ရင် တခြားလူလုပ်နိုင်တာပဲလေ။ တခြားလူကိုအားကိုးတာကလည်း ခွန်အားတစ်မျိုးပဲ မဟုတ်လား အဖိုး"

ဝမ်ရင်းကျဲက သူ၏မျက်နှာပေါ်ရှိတင်းမာမှုများ လျော့ကျသွားပြီး ညင်သာစွာပြုံးရင်း စိတ်ထဲမှ တွေးလိုက်လေသည်။

All Chapters