← Chapters

ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး ၆၀၀၀

Vol. 7 Ch. 69

ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး ၆၀၀၀

Vol. 7 Ch. 69

ယန်ချင်းသည် ဝမ်ရင်းကျဲ၏ ရုတ်တရက် ပြောင်းလဲမှုကို သတိပြုမိလိုက်သည်။

သူ၏ဝိညာဉ်အနှစ်သာရမှာ ယခင်ကထက် ပိုမိုသန့်စင်သွားပြီး၊ တည်ငြိမ်ကာ ပိုမိုသိပ်သည်းလာသည်ကိုပင် ယန်ချင်း အာရုံခံနိုင်ပေသည်။ ၎င်းသည် သူ၏ကိုယ်ပိုင်တာအိုကို ရှာဖွေရာတွင် ကောင်းမွန်သော အခြေခံအုတ်မြစ်တစ်ခု ဖြစ်လာပေမည်။

“ကောင်းပြီ... ယန်ချင်း... ငါ ဆက်လုပ်လို့ရမလား”

ဘေးတွင်ရပ်နေသော ယီကျဲက မေးလိုက်၏။

“အစကနေအဆုံးထိ မင်းရဲ့ပွဲပဲလေ။ ငါ့ထက်စာရင် မင်းနယ်ပယ်နဲ့ပိုဆိုင်နေပြီး အခုဆို အမှုကလည်း အခြေခံအားဖြင့် ပြေလည်သွားပြီဆိုတော့၊ ဒီကိစ္စမှာ မင်းရဲ့ဆုံးဖြတ်ချက်နဲ့ အကြံပြုချက်အတိုင်းပဲ သွားလိုက်မယ်”

ဒီကိစ္စတစ်ခုလုံးကို ယီကျဲ၏ပခုံးပေါ်သို့ လွှဲချရသည့်အတွက် အလွန်ဝမ်းသာနေသည့်အလား ယန်ချင်းက ပျင်းရိစွာဖြင့် ပြောလိုက်လေသည်။

“ကျင့်ကြံသူဝမ်... ခင်ဗျားဆီမှာ ကိုယ်ပိုင် ဝိညာဉ်ချည်နှောင်တဲ့ကျင့်စဉ်တစ်ခုခုရှိမရှိတော့ ကျွန်တော်မသိဘူး​။ တကယ်လို့ရှိတယ်ဆိုရင်တောင် အောင်မြင်နိုင်ခြေပိုများဖို့အတွက် အနည်းဆုံး လိမ္မော်ရောင်အဆင့်နဲ့ အထက်မှာရှိဖို့ လိုအပ်တယ်”

ယီကျဲက မေးလိုက်၏။

“အင်း... ကျွန်တော့်ဆီမှာတော့ မရှိပါဘူး။ မိသားစုဆီမှာတော့ ရှိကောင်းရှိနိုင်ပေမဲ့၊ ကျွန်တော့်လက်ရှိအခြေအနေနဲ့က အဲဒါတွေကိုရဖို့ဆိုတာ ခက်တယ်”

ဝမ်ရင်းကျဲက အနေရခက်စွာပြုံးရင်း ပြောလိုက်သည်။

“ခင်ဗျား လိုချင်တယ်ဆိုရင် တရားစီရင်ရေးအဖွဲ့ကနေ ခင်ဗျားကို ငှားပေးလို့ရပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အဲဒါက မပြည့်စုံတဲ့ကျင့်စဉ်တစ်ခုပါ။”

“ဒါပေမဲ့ မပြည့်စုံဘူးဆိုရင်တောင်မှ အဲဒါက ထိပ်တန်းဆင့်ရှိတဲ့ အပြာရောင်ကျင့်စဉ်တစ်ခုပဲ”

ယီကျဲက ပြောလိုက်၏။

“အပြာရောင်အဆင့်… ပြီးတော့ ထိပ်တန်းအဆင့်ကြီးတဲ့လား။ ကျွန်တော် အဲဒါကို တတ်နိုင်မယ်မထင်ဘူး။”

“ ပြီးတော့ တရားစီရင်ရေးအဖွဲ့အပေါ် အခုထက်ပိုပြီး ဝန်မပိစေချင်တော့ဘူး။ ဓားနဲ့ပတ်သက်ပြီး ရှင်းပြပေးတာတွေ၊ အကြံပေးတာတွေအတွက်တင် ဘယ်တော့မှ ဆပ်လို့မကုန်နိုင်တဲ့ ကျေးဇူးကြွေးအကြီးကြီး တင်နေပါပြီ”

ဝမ်ရင်းကျဲက ခါးသီးစွာ ပြောလိုက်လေသည်။

တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်ဖြစ်လာခဲ့ပြီးနောက်၊ ဝမ်မိသားစု၏ အငယ်ဆုံးမျိုးဆက်အဖြစ် ဘာလုပ်ရမှန်းမသိလောက်အောင် အရင်းအမြစ်များ ပေါများနေခဲ့သည့် အချိန်များနှင့် မတူတော့ဘဲ သူ၏အရင်းအမြစ်များမှာ အလွန်ပင် ကြပ်တည်းနေခဲ့သည်။

အရင် အချိန်ဆိုလျှင် သူ မျက်စိကျသမျှအရာအားလုံးကို ရနိုင်ခဲ့သော်လည်း၊ အခုတော့ ဘာကဦးစားပေးလဲ၊ ဘာကမဟုတ်ဘူးလဲဆိုတာကို သူကိုယ်တိုင် ဆုံးဖြတ်ရတော့သည်။

သူ၏စုဆောင်းထားသမျှအများစုကို ဓားဖန်တီးရာတွင်အသုံးပြုခဲ့ရသည့်အပြင်၊ မဟူရာကျောက်စိမ်းဂိုဏ်း၏ အမှုဆောင်ဖြစ်သူ မီးခိုးရောင်မြွေပါ၏ သတင်းအချက်အလက်များရှာဖွေခြင်းနှင့် ခြေရာခံခြင်းတို့တွင်လည်း အသုံးပြုခဲ့ရသည်။

တကယ်တမ်းဆိုရလျှင် ဓားထက် ထိုသတင်းအချက်အလက်ရှာဖွေရာတွင် သူပို၍ပင်အကုန်အကျ များခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မီးခိုးရောင်မြွေပါသည် အလွန်အမင်းသတိကြီးသူဖြစ်ပြီး သူ၏ခြေရာကို ခြေရာခံရန်မဖြစ်နိုင်သလောက်နီးပါး ခက်ခဲသောကြောင့်ပင်။

ဝမ်ရင်းကျဲအနေဖြင့် အချိန်ဆယ်စုနှစ်ချီ၍ မှားယွင်းသောသတင်းအချက်အလက်များနောက်သို့ လိုက်ခဲ့ရပြီး၊ များပြားလှသောအရင်းအမြစ်များကိုအသုံးပြုကာ သူ၏လမ်းကြောင်းများကို အရိပ်အမြွက်မျှသိရရုံသာ ရှိခဲ့သည်။

သူ၏အားထုတ်မှုနှင့် အချိန်များအားလုံးအတွက် သူရရှိခဲ့သမျှမှာ လုံခြုံရေးအထပ်ထပ်ချထားသော နေရာတစ်ခုရှိ အချိန်တိုလေးတစ်ခုမျှသာ ဖြစ်လေသည်။

ဤအခြေအနေများကြောင့် ဝမ်ရင်းကျဲသည် အပြာရောင်အဆင့်ကျင့်စဉ်တစ်ခုကို သူဘယ်လိုများတတ်နိုင်ပါ့မလဲဆိုတာကို မသိတော့ချေ။

နှစ်ပေါင်း ၁၀,၀၀၀ ကျော် ရပ်တည်လာခဲ့သောသူတို့မိသားစုပင်လျှင် ရတနာတိုက်ထဲတွင် အပြာရောင်အဆင့်ကျင့်စဉ် ၄ ခုထက်မနည်းရှိပြီး၊ထိုအရာများကို အဖိုးတန်ဆုံးရတနာများအဖြစ်သတ်မှတ်ကာ အစီအရင်ပေါင်းများစွာဖြင့် ဝန်းရံထားလေသည်။

၎င်းတို့ရှိရာနေရာကို မိသားစုခေါင်းဆောင်နှင့် အမြင့်ဆုံးအကြီးအကဲများသာ ဝင်ခွင့်ရှိလောက်အောင် လျှို့ဝှက်စွာစောင့်ကြပ်ထား၏။

သူလက်ရှိကျင့်ကြံနေသော ရွှေနဂါးပျံကျင့်စဥ်သည် သူတို့မိသားစုတွင်ရှိသော အပြာရောင်အဆင့်ကျင့်စဉ် ၄ ခုထဲမှ တစ်ခုဖြစ်ပေသည်။

“ကျွန်တော် အရင်ဆုံး ပြောပြပါရစေဦး... ပြီးမှ လိုချင်လား မလိုချင်ဘူးလားဆိုတာ ခင်ဗျား ဆုံးဖြတ်ပါ။ အဲဒီဝိညာဉ်ချည်နှောင်တဲ့ကျင့်စဉ်ကို ကျွမ်းကျင်အောင်လေ့ကျင့်ဖို့ ခင်ဗျားမှာ အချိန်အများဆုံး ၄ လ ရလိမ့်မယ်။”

“ဘာလို့လဲဆိုတော့ အဲဒီ ၄ လပြည့်သွားတာနဲ့ ခင်ဗျားက အဲဒီကျင့်စဉ်နဲ့ပတ်သက်တာအားလုံးကို မေ့သွားလိမ့်မယ်။ အဲဒီကျင့်စဉ်ကနေရရှိလာတဲ့ ထိုးထွင်းသိမြင်မှုတွေအပါအဝင် အားလုံးက ခင်ဗျားရဲ့ မှတ်ဉာဏ်ထဲကနေ အပြီးတိုင် ဖျက်ပစ်ခံရလိမ့်မယ်။”

“ ဒါပေမဲ့ အဲဒီကနေရလာတဲ့ ရုပ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးတွေကတော့ ကျန်နေခဲ့မှာပါ။”

“ ကျွန်တော်တို့က ကျင့်စဉ်ကိုငှားရမ်းပေးရုံသက်သက်ပဲဖြစ်လို့၊ သတ်မှတ်ထားတဲ့အချိန်တစ်ခုရောက်ရင် အသုံးပြုသူရဲ့မှတ်ဉာဏ်ထဲကနေ သူ့အလိုလိုဖျက်ပစ်မယ့် စနစ်တစ်ခု ထည့်သွင်းထားတယ်။”

“ကျင့်စဉ်ငှားရမ်းတဲ့အတွက် ကျွန်တော်တို့ကောက်ခံမယ့် ဈေးနှုန်းက မူလဈေးနှုန်းရဲ့ သုံးပုံတစ်ပုံပဲ ဖြစ်မယ်။ ထိပ်တန်းအပြာရောင်အဆင့်ကျင့်စဉ်တစ်ခုရဲ့ ပေါက်ဈေးက ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံး ၁၈,၀၀၀ လောက်ရှိတယ်။”

“ဒါကြောင့် ခင်ဗျားက ၆,၀၀၀ ပဲ ပေးရလိမ့်မယ်။ တကယ်လို့ ခင်ဗျားမတတ်နိုင်ဘူးဆိုရင်၊ တရားစီရင်ရေးအဖွဲ့အတွက် တာဝန်တွေထမ်းဆောင်ပေးပြီး အလုပ်လုပ်ပေးတာမျိုးလို တခြားနည်းလမ်းတွေနဲ့ ပေးချေလို့ရပါတယ်။”

“ကျွန်တော်တို့ဆီမှာ တာဝန်အမျိုးအစားတွေ၊ လိုအပ်ချက်တွေ၊ ရရှိမယ့်အခကြေးငွေနဲ့ ခက်ခဲမှုအဆင့်တွေပါဝင်တဲ့ တာဝန်စာရင်းတစ်ခု ရှိတယ်။”

“ ဘယ်တာဝန်ကိုယူမလဲဆိုတာ ခင်ဗျားဆုံးဖြတ်နိုင်သလို၊ ဒီနေရာတစ်ခုတည်းကနေ ရွေးချယ်စရာမလိုဘဲ တိုက်ကြီးတစ်ခုလုံးမှာရှိတဲ့ ကျွန်တော်တို့ရဲ့ ဘယ်ရုံးခွဲကနေမဆို ယူလို့ရတယ်။”

“ခင်ဗျား အောင်မြင်စွာပြီးမြောက်တဲ့အလုပ်တွေကနေရမယ့် အခကြေးငွေထဲကနေ ငွေပမာဏကို ကျွန်တော်တို့ နှုတ်ယူသွားမယ်။”

“ပြီးတော့ ခင်ဗျားဆီမှာရှိတဲ့ ရတနာတွေ၊ ပါဝင်ပစ္စည်းတွေကိုလည်း ငွေပေးချေမှုပုံစံတစ်ခုအနေနဲ့ ကျွန်တော်တို့ လက်ခံပါတယ်။ ပါဝင်ပစ္စည်းတွေနဲ့ပေးချေဖို့ ဆုံးဖြတ်မယ်ဆိုရင် ကျွန်တော်တို့က သီးခြားအကဲဖြတ်သူတစ်ယောက်ကိုခေါ်ပြီး ဈေးဖြတ်ခိုင်းပါမယ်။”

“ဒါ့အပြင်... ဒီကာလအတွင်းမှာ ခင်ဗျားအသုံးပြုနိုင်ဖို့ ငှားရမ်းလို့ရတဲ့ ကျင့်ကြံခြင်းစံအိမ်တစ်ခုလည်း ကျွန်တော်တို့ဆီမှာ ရှိပါတယ်။”

“ အဲဒီမှာ ခင်ဗျားရဲ့အာရုံစူးစိုက်မှုကို အထောက်အကူပြုမယ့်၊ အောင်မြင်နိုင်ခြေကိုတိုးစေမယ့် အစီအရင်တွေနဲ့ ရတနာတွေတပ်ဆင်ထားပြီး လုံခြုံရေးလည်း အပြည့်အဝရှိပါတယ်။”

“ ခင်ဗျားက အားနည်းနေတဲ့အခြေအနေမှာ ရှိနေမှာဖြစ်လို့ လုံခြုံတဲ့နေရာတစ်ခုရှာဖို့က မရှိမဖြစ်လိုအပ်သလို၊ ပြင်းထန်တဲ့နာကျင်မှုတွေကို ခံစားနေရတဲ့ကြားကနေ အာရုံစူးစိုက်နိုင်အောင် ကူညီပေးမယ့် နေရာတစ်ခုလည်းဖြစ်ပါတယ်။”

“ စံအိမ်ရဲ့ တစ်လငှားရမ်းခကတော့ အလယ်အလတ်အဆင့်ဝိညာဉ်ကျောက်တုံး ၁,၀၀၀ ပါ။”

“ဒါပါပဲ... အခု ခင်ဗျား ဆုံးဖြတ်ချက် ချနိုင်ပါပြီ”

ယီကျဲက ဓားကို ယန်ချင်း၏ စားပွဲပေါ်သို့ ပြန်တင်လိုက်ရင်း တည်ငြိမ်စွာ ပြောလိုက်လေသည်။

အလွန်ကြီးမားလှသော ကိန်းဂဏန်းများကို ကြားလိုက်ရသောအခါ ဝမ်ရင်းကျဲ၏ မေးရိုးများ ပြုတ်ကျမတတ် ဟသွားချေသည်။

အထက်တန်းအဆင့်ဝိညာဉ်ကျောက်တုံး ၆,၀၀၀ တဲ့လား…သူတစ်ခါမှမကိုင်ဖူးတဲ့ ပမာဏဖြစ်ပြီး၊ သူအများဆုံးစုဆောင်းနိုင်ခဲ့ဖူးသည်မှာ အထက်တန်းအဆင့်ဝိညာဉ်ကျောက်တုံး ၁၀၀ မျှသာဖြစ်သည်။ ၎င်းသည်ပင်လျှင် နေ့စဉ်နှင့်အမျှ အသက်အန္တရာယ်နှင့်ရင်ဆိုင်ရသော၊ သေလုမျောပါးဖြစ်ခဲ့ရသော ခရီးစဉ်များမှ ၃ နှစ်ကြာအောင် စုဆောင်းခဲ့ရသည့် ပမာဏဖြစ်သည်။

ယခုတော့ သူက အဲဒီပမာဏရဲ့ အဆ ၆၀ ကို ပေးရတော့မည်ဖြစ်၏။ အဲဒီကြွေးမြှီးတွေကိုဆပ်ဖို့ အချိန်ဘယ်လောက်ကြာမလဲ၊ ဒါမှမဟုတ် ကြွေးကျေတဲ့အထိ သူအသက်ရှင်နိုင်ပါ့မလားဆိုတာကို တွေးပြီး မစိုးရိမ်ဘဲ မနေနိုင်တော့ချေ။

“ချမ်းသာတဲ့ ကုန်သည်အဖွဲ့အစည်းတွေလောက် အခကြေးငွေမများပေမဲ့၊ ကျွန်တော်တို့ပေးတဲ့ အခကြေးငွေကလည်း မဆိုးပါဘူး။ ပြီးတော့ ကျွန်တော်တို့ဆီမှာ တာဝန်တွေက ဘယ်တော့မှမပြတ်ဘူး။”

“တာဝန်အမျိုးအစားတွေကလည်း အဆုံးမရှိသလောက် များပြားတဲ့အတွက် ခင်ဗျားဘယ်လိုအလုပ်မျိုး လုပ်ချင်လဲဆိုတာ ရွေးချယ်စရာ ဘယ်တော့မှရှားမှာမဟုတ်ဘူး။”

“ ခင်ဗျားရဲ့လက်ရှိကျွမ်းကျင်မှုအဆင့်နဲ့ဆိုရင် တာဝန်တစ်ခုတည်းကနေ အလယ်အလတ်အဆင့်ဝိညာဉ်ကျောက်တုံး ၅၀,၀၀၀ လောက်အထိ ရနိုင်တဲ့အလုပ်တွေကို ရနိုင်မယ်လို့ ကျွန်တော်ယုံကြည်တယ်။”

“ပြီးတော့ အဲဒီလိုတာဝန်မျိုးတွေကလည်း နည်းနည်းလေးမဟုတ်ဘူး... အန္တရာယ်ကလည်း အဲဒီလောက်ပဲ ကြီးမားမှာပေါ့လေ”

ယန်ချင်းက ဝမ်ရင်းကျဲ၏ အတွေးများကိုဖတ်မိသည့်အလား ညင်သာစွာ ပြောလိုက်သည်။

ယန်ချင်း၏ စကားများကြောင့် ဝမ်ရင်းကျဲ၏ စိုးရိမ်ပူပန်မှုများ လျော့ကျသွားပုံရပြီး တွန့်ချိုးနေသောနဖူးပြင်က အနည်းငယ် ပြေလျော့သွားလေသည်။

“ကြွေးမြှီးအားလုံးကို အပြီးဆပ်ရမယ့် နောက်ဆုံးသတ်မှတ်ရက်ရှိလား တရားသူကြီး”

ဝမ်ရင်းကျဲက မေးလိုက်၏။

“အမှန်အတိုင်းပြောရရင် သတ်မှတ်ထားတာမရှိပါဘူး။ ဒါပေမဲ့ ကျန်ရှိနေတဲ့ကြွေးမြှီးအပေါ်မှာ နှစ်စဉ်အတိုးနှုန်း ၁ ရာခိုင်နှုန်းကောက်ခံပါတယ်။ အဲဒါက ခင်ဗျားအနေနဲ့ ရိုးသားစွာနဲ့ ကြိုးကြိုးစားစား ဆပ်ဖြစ်အောင်လို့ပါ။”

“ အဲဒါကလွဲရင် ကျန်တာက ခင်ဗျား ဘယ်တာဝန်ကိုယူမလဲ၊ တစ်လကို ဒါမှမဟုတ် တစ်နှစ်ကို ဘယ်လောက်ဆပ်မလဲဆိုတာ ခင်ဗျားကိုယ်တိုင် ဆုံးဖြတ်ဖို့ပါပဲ။”

“အို... ဟုတ်သားပဲ၊ ယီကျဲ ပြောဖို့ကျန်ခဲ့တာ တစ်ခုရှိသေးတယ်။ တာဝန်တစ်ခုပြီးသွားတိုင်း ရလာတဲ့အခကြေးငွေအားလုံးကို ကြွေးဆပ်ဖို့အတွက် အပြည့်အဝဖြတ်ခိုင်းမလား၊ ဒါမှမဟုတ် ရာခိုင်နှုန်းတစ်ခုလောက်ပဲ ဖြတ်ခိုင်းမလားဆိုတာ ခင်ဗျား ဆုံးဖြတ်လို့ရတယ်။”

“အနည်းဆုံးပေးရမယ့် ပမာဏကတော့ ၃၀ ရာခိုင်နှုန်းပါ။ ဒါကလွဲရင် တခြားဘာမှ မရှိတော့ပါဘူး”

ယန်ချင်းက စိတ်ရှည်လက်ရှည် ရှင်းပြလေသည်။

ဝမ်ရင်းကျဲသည် ခေတ္တမျှတိတ်ဆိတ်သွားပြီးနောက်၊ သက်ပြင်းချကာ ပေါ့ပါးသောအပြုံးတစ်ခုကို ပြုံးလိုက်၏။

“ထိပ်တန်းအပြာရောင်အဆင့်ကျင့်စဉ်တစ်ခုကို သင်ယူခွင့်ရဖို့အတွက် အထက်တန်းအဆင့်ကျောက်တုံး ၆,၀၀၀ တည်းပါ။ လူအများစုက ဒီလိုအခွင့်အရေးမျိုးကို အိပ်မက်ပဲ မက်နိုင်တာ”

ကြီးမားလှသောကြွေးမြီ၏ ဖိအားအောက်တွင် သူ၏စိတ်ဓာတ်ကို မြှင့်တင်ရန်ကြိုးစားရင်း ဝမ်ရင်းကျဲက သူ့ကိုယ်သူ တိုးတိုးလေး ပြောလိုက်လေသည်။

“ဒီစည်ကမ်းချက်တွေကို ကျွန်တော် သဘောတူပါတယ်။ အပြာရောင်အဆင့်ကျင့်စဉ်ကိုရော၊ ကျင့်ကြံခြင်းစံအိမ် ငှားရမ်းမယ့်ဝန်ဆောင်မှုကိုရော ကျွန်တော် လက်ခံပါတယ်”

သူသည် ကျင့်ကြံခြင်းစံအိမ်ကိုပါ ငှားရမ်းရန် ဆုံးဖြတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏လက်ရှိ ကိုယ်ပိုင်စံအိမ်တွင် အခြေခံအကျဆုံးအရာများသာ ရှိသောကြောင့်ဖြစ်သည်။

သူ၏ကျင့်ကြံခြင်းအဆင့်က လုံလောက်ပြီဟုထင်ခဲ့သောကြောင့် အစွမ်းထက်သောအစီအရင်များကိုအသုံးမပြုဘဲ ခြိုးခြံချွေတာခဲ့သည်။

ထို့အပြင် အစွမ်းထက်အစီအရင်များ လည်ပတ်ရန် ဝိညာဉ်ကျောက်တုံးအပိုတွေလည်းမရှိသလို၊ ကျွမ်းကျင်အစီအရင်သခင်တစ်ယောက်ကိုငှားရမ်းရန် အရင်းအမြစ်လည်း မရှိခဲ့ပေ။

ထို့ကြောင့် အထူးသဖြင့် သူအားနည်းနေမည့်အခြေအနေတွင် ဝမ်ရင်းကျဲအနေဖြင့် မစွန့်စားရဲတော့ချေ။

အကယ်၍ ကံအဆိုးဆုံးအခြေအနေနဲ့ကြုံပြီး၊ သူအားနည်းနေချိန်တွင် လေလွင့်ကျင့်ကြံသူတချို့ သူ့စံအိမ်ထဲ ဖောက်ထွင်းဝင်ရောက်လာပြီး သူ့ကိုဖမ်းမိသွားခဲ့ရင် ဘယ်လိုလုပ်မလဲ။

၎င်းသည် ကျင့်ကြံခြင်းလောကတွင်၊ အထူးသဖြင့် တစ်ကိုယ်တော်ကျင့်ကြံသူများအကြားတွင် မကြာခဏဖြစ်ပွားလေ့ရှိသော ကိစ္စဖြစ်သည်။

သူတို့၏စံအိမ်များတွင် လုံခြုံရေးအားနည်းသောကြောင့် လေ့လွင့်ကျင့်ကြံသူများ၏ ပစ်မှတ်ထားခြင်းကို မကြာခဏခံရလေ့ရှိသည်။

ထိုအုပ်စုများသည် ဒဏ်ရာရနေသော တစ်ကိုယ်တော်ကျင့်ကြံသူများကို သူတို့၏စံအိမ်များအထိ ခြေရာခံလိုက်လာကြပြီး၊ စံအိမ်ကိုဖောက်ထွင်းကာ အထဲရှိပစ္စည်းအားလုံးကို လုယူကြရုံသာမက၊ ကျင့်ကြံသူကိုပါ အဆုံးစီရင်လေ့ရှိကြသည်။

ထို့ကြောင့်ပင် ဝါရင့်တစ်ကိုယ်တော်ကျင့်ကြံသူတချို့သည်၊ ဖောက်သည်များ သူတို့၏ အဆောက်အအုံအတွင်း ရှိနေသရွေ့ လုံခြုံရေးကိုအပြည့်အဝ အာမခံပေးသော အင်အားကြီးတည်းခိုခန်းများနှင့် စံအိမ်များတွင်သာ အထူးအဖွဲ့ဝင်အဖြစ်နေထိုင်ရခြင်းကို နှစ်သက်ကြခြင်း ဖြစ်လေသည်။

“ကောင်းပြီလေ... ဝမ်ရင်းကျဲနဲ့ ဥက္ကာကြွေပန်းပဲဆိုင်တို့ရဲ့ အမှုကို ပိတ်သိမ်းကြောင်း ကြေညာရတဲ့အတွက် ဝမ်းသာပါတယ်။ ယီကျဲ... ဝမ်ရင်းကျဲနေထိုင်ဖို့နဲ့ သူလိုအပ်တာတွေအားလုံးကို မင်း စီစဉ်ပေးလိုက်ပါ”

ယန်ချင်းက တရားသူကြီးသစ်သားတူကိုခေါက်ကာ အမှုပြီးဆုံးကြောင်း အချက်ပြလိုက်သည်။

ထိုခေါက်သံကြောင့် တန်သယ်လွမ်တစ်ယောက် တခြားတန်မျိုးဆက်အကြီးအကဲများနှင့် အောင်ပွဲခံနေသော စိတ်ကူးယဉ်ကမ္ဘာထဲမှ လက်တွေ့လောကသို့ ပြန်လည်ရောက်ရှိလာလေတော့သည်။

“ဟင်... ပြီးသွားပြီလား”

တန်သယ်လွမ်က သူ့ခေါင်းကိုနောက်ဘက်မှကုတ်ရင်း သိုးလေးတစ်ကောင်ကဲ့သို့ ရှက်ရွံ့စွာရယ်မောရင်း မေးလိုက်၏။

သူ၏စိတ်ကူးယဉ်ပျော်ရွှင်မှုများထဲတွင် နစ်မြုပ်နေသဖြင့် သူ့ကိုယ်သူပင် မေ့လျော့နေခဲ့ချေပြီ။

“ဟုတ်တယ်... ပြီးသွားပြီ။ အားလုံး ပြေလည်သွားပြီဆိုတော့ ခင်ဗျား အိမ်ပြန်လို့ရပါပြီ”

ယန်ချင်းက ပြုံးရင်း ပြောလိုက်သည်။

တန်သယ်လွမ်က ခေါင်းညိတ်လိုက်ပြီးနောက်၊ လော့မိန်လီက ဝမ်ရင်းကျဲထံ ပြန်ပေးနေသောဓားကို နှမြောတသစွာ စိုက်ကြည့်နေမိသည်။

သူ၏အမြင်တွင် ဤဓားသည် ဝမ်ရင်းကျဲအတွက် ရတနာတစ်ပါးဖြစ်သကဲ့သို့၊ သူတို့ဆိုင်အတွက်လည်း ရတနာတစ်ပါးဖြစ်ပေသည်။

မျိုးဆက်၁၇ ဆက်တိုင်တိုင် တန်မိသားစုအကြီးအကဲများ၏ အိပ်မက်သည် နောက်ဆုံးတွင် အမှန်တကယ်ဖြစ်လာခဲ့ပြီ မဟုတ်ပါလား။

၎င်းကို မြင်လိုက်ရသောအခါ သူစိတ်လှုပ်ရှားစွာ ခံစားလိုက်ရပြီး၊ အထူးသဖြင့် သူ၏ဖခင်ကို ဤသတင်းသွားပြောပြချင်စိတ်များ တဖွားဖွားပေါ်ပေါက်လာလေသည်။

“ကျွန်တော့်ကိစ္စတွေ ပြီးသွားရင် ခင်ဗျားတို့ဆိုင်ဘက်ကို သေချာပေါက် ဝင်လာခဲ့ပါ့မယ်။ ခင်ဗျားအဖေကိုလည်း ဒီဓား ပြပေးမယ်လေ”

ဝမ်ရင်းကျဲက တန်သယ်လွမ်၏ အကြည့်ကို နားလည်စွာပြုံးရင်း ပြောလိုက်၏။

“ကျေးဇူးတင်ပါတယ်”

တန်သယ်လွမ်က မျက်ရည်မကျမိစေရန် အတတ်နိုင်ဆုံးကြိုးစားရယ်မောရင်း ပြောလိုက်သည်။

ထို့နောက် သူတို့နှစ်ယောက် အပြင်သို့ထွက်သွားကြရာ ယီကျဲက အနောက်မှလိုက်သွားပြီး၊ အလုပ်ချိန်ပြီးလျှင် ဘယ်နေရာမှာတွေ့ကြမည်ဆိုသည်ကို ဝမ်ရင်းကျဲအား ညွှန်ကြားချက်အချို့ ပေးလိုက်လေတော့သည်။

All Chapters