မင်းက ငါတို့ထဲက တစ်ယောက်ပဲ
Vol. 7 Ch. 70
ယန်ချင်းက သူ၏ထိုင်ခုံပေါ်သို့ နောက်ပစ်ချလိုက်ရင်း ကျောနှင့်လည်ပင်းကို အကြောဆန့်လိုက်လေသည်။
"ဒီနေ့အတွက် အလုပ်သိမ်းဖို့ အမှုတစ်မှုပဲ ကျန်တော့တယ်။ ဒီအမှုတွေက တစ်ခါတလေ ကျင့်ကြံရတာထက်တောင် ငါ့ကိုပိုပြီး ပင်ပန်းစေတာပဲ။ နန်းတော်တရားရုံးကို ပြောင်းရမယ့်အချိန်ကို မစောင့်နိုင်တော့ဘူး၊ အဲဒီမှာဆို ဘဝကပိုလွတ်လပ်လိမ့်မယ်"
ယန်ချင်းက ထိုင်ခုံပေါ်တွင် ပျင်းရိစွာနောက်မှီချလျက် မျက်လုံးများကိုမှိတ်ကာ ညည်းတွားလိုက်၏။
"ရှင် အဆင့်တက်မယ့်အခမ်းအနားရောက်ဖို့ နီးသထက်နီးလာပြီနော်။ အဲဒီအတွက် စိတ်လှုပ်ရှားနေလား။”
“ တရားစီရင်ရေးအဖွဲ့အတွင်းကရော၊ အပြင်ကဧည့်သည်တွေရော သြဇာကြီးမားတဲ့ လူကြီးပိုင်းတွေ အများကြီး တက်ရောက်ကြမှာ။”
“ပွဲကြီးပွဲကောင်းတစ်ခု ဖြစ်လာမှာ ရှင်က အဲဒီပွဲရဲ့ ဇတ်လိုက်မင်းသားနော်။ အဲ့တော့ ရှင်က နက်နက်ရှိုင်းရှိုင်းထိရှစေမယ့် မိန့်ခွန်းတစ်ခုကိုလည်း ပြောရဦးမယ်"
မော့ယွင်ရုက ယန်ချင်း၏ မျှော်လင့်ချက်မဲ့နေဟန်ရှိသော မျက်နှာကိုကြည့်ကာ ခေါင်းယမ်းရင်း ပြောလိုက်သည်။ ရသမျှအခွင့်အရေးတိုင်းကိုအသုံးချပြီး တရားခွင်ကို သူ၏အိပ်ခန်းအဖြစ် ပြောင်းလဲပစ်တတ်သော သူမျိုးကို သူမ တစ်ခါမှမမြင်ဖူးခဲ့ချေ။
"ဟင့်အင်း... ငါ လုံးဝမစိုးရိမ်ပါဘူး။ အပြင်ကလူတွေ ငါ့ရဲ့တောက်ပတဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ ကြယ်ပွင့်လိုထွန်းလင်းနေတဲ့ စရိုက်လက္ခဏာတွေကို ခံစားသိရှိသွားဖို့ အကောင်းဆုံးအခွင့်အရေးပဲလေ။”
“ လောကကြီးကိုအံတုနိုင်တဲ့ အံ့မခန်းပါရမီရှင်တွေ ဘယ်တော့မှမရှားပါဘူးဆိုတာကို ပေါ်လွင်အောင်လုပ်ပေးနိုင်ခဲ့တဲ့အတွက်၊ တရားစီရင်ရေးအဖွဲ့က ငါ့ကို ဆုလာဘ်တွေအကြီးအကျယ် ပေးချင်ပေးလာနိုင်သေးတယ်။”
"အလုပ်ချိန်လျှော့ပေးတာ၊ အမှုအရေအတွက်လျှော့ပေးတာ၊ လစာနဲ့ခံစားခွင့်တွေတိုးပေးတာ၊ အိပ်ရာလိုမျိုးသုံးလို့ရတဲ့ အဆင့်မြင့်ထိုင်ခုံတစ်လုံးပေးတာ၊ ပြီးတော့ ငါ့စံအိမ်နဲ့ရထားလုံးမှာ ရေးဆွဲထားတဲ့အစီအရင်တွေကို အဆင့်မြှင့်တင်ပေးတာမျိုး ဆုချလိမ့်မယ်လို့ ငါ မျှော်လင့်နေတာ။"
"အချိန်ကို ပြောင်းလဲနိုင်တဲ့ အစီအရင်တွေ... အဲဒါကိုဖန်တီးနိုင်ဖို့က ငါ့ရဲ့ အိပ်မက်တစ်ခုပဲ။ အချိန်ဆိုတာက အကြောင်းမဲ့သက်သက် အကြီးမြတ်ဆုံး တာအိုတွေထဲကတစ်ခုအဖြစ် သတ်မှတ်ခံထားရတာမဟုတ်ဘူးလေ။”
“ဒီနှစ်တွေတစ်လျှောက်လုံး စမ်းသပ်လေ့လာခဲ့တာတောင်မှ ရေခဲတောင်ရဲ့ ထိပ်ဖျားလောက်ကိုတောင် ငါမသိသေးတာ။”
"အဲဒီအစီအရင်တွေနဲ့ ကမ္ဘာကြီးကို ပိုကောင်းတဲ့နေရာတစ်ခုဖြစ်လာအောင် ငါဘယ်လောက်တောင် လုပ်ချင်နေလဲ သိလား"
ကမ္ဘာကြီးကိုမကယ်တင်နိုင်၍ စိတ်ဒုက္ခရောက်နေသော သူရဲကောင်းတစ်ဦး၏မျက်နှာထားမျိုးဖြင့် ယန်ချင်းက သက်ပြင်းချလိုက်လေသည်။
ယန်ချင်း၏အမူအရာနှင့် စကားများကြောင့် မော့ယွင်ရုမှာ မျက်ခုံးများပင့်တက်သွားကာ အကြောဆွဲသွားသလိုပင် ဖြစ်သွားရ၏။
"ကမ္ဘာကြီးကို ပိုကောင်းတဲ့နေရာတစ်ခုဖြစ်အောင် လုပ်မယ်တဲ့လား။ အားလုံးက သိနေပြီးသားကို၊ သူကိုယ်တိုင်လည်း တစ်ခါမကဝန်ခံထားပြီးသားကိစ္စကို ဘယ်လိုများမျက်နှာပြောင်တိုက်ပြီး ဒီစကားမျိုး ပြောထွက်ရတာလဲ။”
“အဲဒီအစီအရင်တွေကို သူစိတ်ဝင်စားနေတဲ့ တစ်ခုတည်းသောအကြောင်းရင်းက စံအိမ်နဲ့ရထားလုံးထဲမှာ အချိန်တွေကိုနှေးကွေးသွားအောင်လုပ်ပြီး ပိုအိပ်ချင်လို့လေ။ ကမ္ဘာကြီးကိုကယ်တင်မယ့် ရည်မှန်းချက်တဲ့လား၊ အောင်မလေး...ပြောရဲလိုက်တာ"
မော့ယွင်ရုက စိတ်ထဲမှ လှောင်ပြောင်တွေးလိုက်ချေသည်။
"မော့မော့... လွန်ခဲ့တဲ့လအနည်းငယ်လောက်ကတည်းက ငါ့ရဲ့တရားရုံးလက်ထောက်အဖြစ် လာလုပ်ပေးနေရလို့ မင်းရဲ့စစ်ဆေးရေးမှူးအဖွဲ့နဲ့ ခွဲနေခဲ့ရတာ၊ အခု ပြန်ဆုံရတော့မယ့်အချိန် နီးလာပြီဆိုတော့ ဘယ်လိုခံစားရလဲ"
ယန်ချင်းက ပျင်းရိစွာ မေးလိုက်သည်။
"ဘာမှတော့ မထူးခြားပါဘူး။ ကျွန်မတို့က အလုပ်ဆင်းချိန် ဒါမှမဟုတ် နေ့လယ်စာစားချိန်တိုင်း နေ့တိုင်းတွေ့နေကြတာပဲ။သူတို့က တခြားနေရာကို ပြောင်းသွားတာမှမဟုတ်တာ။”
“ဒါပေမဲ့ တရားခွင်ထဲမှာ သူတို့နဲ့အတူတူ ရှိမနေရတာကိုတော့ လွမ်းမိတယ်။"
"အပြောင်းအလဲအနေနဲ့ ပုံမှန်လူတွေရှိတဲ့ ပုံမှန်တရားခွင်မျိုးမှာ နေရရင် ကောင်းမှာပဲ"
မော့ယွင်ရုက အပြစ်ကင်းစင်သောမျက်နှာထားဖြင့် ပြောလိုက်၏။
"ပုံမှန်ဆိုတာ ဘာအဓိပ္ပာယ်လဲ၊ ငါတို့က ပုံမှန်မဟုတ်ဘူးလို့ မင်းက ပြောချင်တာလား မော့မော့…"
ယန်ချင်းက သူ၏ ပျင်းရိသောကိုယ်နေဟန်ထားကို မတ်မတ်အနေအထားသို့ ရုတ်တရက်ပြင်လိုက်ပြီး၊ မှားယွင်းစွာ စွပ်စွဲခံရသူတစ်ယောက်၏ မျက်နှာထားဖြင့် မော့ယွင်ရုကို စိုက်ကြည့်ကာ သူ၏စားပွဲခုံကို လက်ဖြင့်ထုလိုက်လေသည်။
"ဟုတ်တယ်... အဲဒါကိုပဲ ကျွန်မ ပြောချင်တာ။ ကျွန်မတို့ဆီမှာ အလုပ်နည်းနည်းပဲလုပ်ရအောင် ဘယ်လိုညဏ်နီညဏ်နက်တွေ ထုတ်ရမလဲဆိုတာကိုပဲ အားနေ ကြံစည်နေတဲ့ လူတစ်ယောက်ရှိတယ်။”
“ရယ်စရာကောင်းတာက အဲဒီလိုလုပ်လေ သူက အလုပ်ပိုလုပ်ရလေဖြစ်နေပြီး၊ ဘယ်တော့မှလည်း အမှတ်မရှိဘူး။”
“ ပြီးတော့ ဒီအဖွဲ့ထဲမှာ တစ်ယောက်တည်းသော ပုံမှန်လူလို့ ကျွန်မထင်ခဲ့တဲ့ ခေါင်းဆောင်စစ်ဆေးရေးမှူးကလည်း ပုံမှန်မဟုတ်ဘူး ဆိုတာ နောက်မှသိလိုက်ရတာ။”
“သူ့အထက်လူကြီးလိုပဲ သူကလည်း အထက်လူကြီးကို ဒုက္ခရောက်အောင် ဘယ်လိုတွန်းရမလဲဆိုတာကိုပဲ တစ်နေ့ကုန် အကြံထုတ်နေတယ်။ နောက်ဆုံးကျတော့ သူ့အထက်လူကြီးနဲ့အတူတူ အပြစ်ပေးခံရတာပဲ အဖတ်တင်တယ်။”
“အဲဒီလိုအပြစ်ပေးခံရလို့ ဘယ်လောက်ပဲဒုက္ခရောက်ရောက် သူက သူ့အထက်လူကြီးကိုပြဿနာတက်အောင် အဲဒီလိုအကြံအစည်မျိုးကိုပဲ ထပ်ခါတလဲလဲလုပ်နေတုန်းပဲ။”
“အဲဒါအပြင် ဝိုင်ချက်ဖို့ဆိုရင် အလုပ်ပျက်ခံတာအပါအဝင် ကျန်တာအားလုံးကို ဘေးဖယ်ထားတတ်တဲ့ သူ့အကျင့်ကို ထည့်တောင်မပြောရသေးဘူး။”
"ပြီးတော့ စားချင်စိတ်ကို အရာအားလုံးထက်ရှေ့တန်းတင်တဲ့ နောက်ထပ်လူတစ်ယောက်လည်း ရှိသေးတယ်။”
“ သူက အစားအသောက်အတွက်ဆိုရင် မလုပ်နိုင်တာဘာမှမရှိဘူး၊ သူ့ကျန်းမာရေးနဲ့ အသက်အန္တရာယ်ထက်တောင် အစားအသောက်က ပိုအရေးကြီးနေသေးတယ်။"
"နောက်တစ်ယောက်က အပြင်ပန်းကြည့်ရင် နူးညံ့သိမ်မွေ့ပေမဲ့၊ အတွင်းစိတ်ထဲမှာတော့ သူမရဲ့နူးညံ့တဲ့အခြမ်းနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့ ကြောက်စရာကောင်းပြီး ရက်စက်တဲ့အခြမ်းတစ်ခုရှိနေတဲ့ အမျိုးသမီးပဲ။”
“ တစ်ခါတလေ ဘယ်ဘက်အခြမ်းက သူမအစစ်လဲ၊ ဘယ်အခြမ်းက ဟန်ဆောင်ထားတာလဲဆိုတာကိုတောင် ကျွန်မ မခွဲခြားနိုင်ဘူး။”
"ပြီးတော့ တိုက်ခိုက်ရတာကိုရူးသွပ်တဲ့ လူငယ်လေးတစ်ယောက်ရှိတယ်။ သူက တိုက်ခိုက်ရတာကိုပဲ နှစ်သက်တယ်ဆိုရင် တစ်မျိုးပေါ့။”
“ ဒါပေမဲ့ အဲဒီလူက ဘာအကြောင်းကြောင့်မှန်းမသိဘဲ၊ သူနိုင်တဲ့ပွဲတွေထက် သူအပြတ်အသတ်ရှုံးနိမ့်တဲ့ တိုက်ပွဲတွေကို ပိုပြီးသဘောကျနေတယ်။ တကယ်တော့ သူက တိုက်ပွဲတစ်ခုမှာ အပြတ်အသတ်နိုင်သွားရင်တောင် စိတ်ဓာတ်ကျနေတတ်သေးတာ။”
"အခု ဒီလိုထူးဆန်းတဲ့လူတွေချည်း စုနေတဲ့အဖွဲ့ရဲ့ နောက်ဆုံးအဖွဲ့ဝင်... သူက တစ်နေ့လုံး သူ့ရဲ့လှံကို သူ့ရဲ့ဆွေမျိုးရင်းချာတစ်ယောက်လိုသဘောထားပြီး စကားတွေပြောနေတတ်သလို၊ လှံကိုတောင် အစာကျွေးဖို့ ကြိုးစားနေသေးတယ်။"
" ယန်ချင်း... ရှင်နဲ့ ရှင့်အဖွဲ့က ထူးဆန်းတဲ့သူတွေချည်း စုနေတဲ့အဖွဲ့ပဲ။ ရှင့်တို့ရဲ့တွေးခေါ်ပုံကို ကျွန်မ ဘယ်တော့မှလိုက်မမီနိုင်ဘူး၊ ရှင့်တို့နဲ့အမီလိုက်ဖို့က အမြဲတမ်း အတားအဆီးတစ်ခုလိုဖြစ်နေတယ်။”
“ ကျွန်မ ခံစားခဲ့ရသမျှအတွက် တရားစီရင်ရေးအဖွဲ့က ကျွန်မကို စိတ်ပိုင်းဆိုင်ရာ အာမခံ ပေးသင့်တယ်။ ရှင့်တို့အားလုံးကြောင့် ကျွန်မ အတွင်းနတ်ဆိုး မဝင်လာဘူးဆိုရင်ပဲ ကံကောင်းလှပြီ။”
" ထူးဆန်းတဲ့လူတွေချည်းပဲရှိတဲ့ ရှင်တို့အဖွဲ့က ဘယ်လိုလုပ် သွားစုမိကြတာတုန်း"
မော့ယွင်ရုက သိချင်စိတ်ကိုမထိန်းနိုင်ဘဲ မေးလိုက်လေသည်။
"ဟမ့်... ထူးဆန်းတဲ့လူတွေ တဲ့လား။ မင်း ဘာသိလို့လဲ။ ငါတို့က ထူးခြားတဲ့စိတ်ဝင်စားမှုတွေရှိပြီး အဲဒါတွေကိုထုတ်ပြဖို့မကြောက်တဲ့၊ ကိုယ့်ကိုယ်ကိုယ်ရိုးသားတဲ့ ပါရမီရှင်တွေ စုစည်းထားတဲ့အဖွဲ့တစ်ခုပါကွ။”
“ ဒါ့အပြင် ငါတို့က အဖွဲ့တစ်ဖွဲ့တည်းမှာ ရွှေအမြုတေနှစ်ယောက်နဲ့ ရွှေအမြုတေထိပ်ဆုံးအဆင့်နှစ်ယောက်ရှိတဲ့ ရှားရှားပါးပါးအဖွဲ့တွေထဲက တစ်ဖွဲ့ပဲ။”
“ ငါတို့လို အင်အားကြီးတဲ့အဖွဲ့တွေက ရှားပါးသလို၊ ရွှေအမြုတေကျင့်ကြံသူက ခရမ်းရောင်အမြုတေကျင့်ကြံသူကို အနိုင်ယူခဲ့တဲ့ မှတ်တမ်းမျိုးရှိတဲ့အဖွဲ့လည်း မရှိသလောက်ရှားတယ်။ ယီကျဲရဲ့ တိုက်ခိုက်ရေးကျွမ်းကျင်မှုကို မင်း ကိုယ်တိုင်ကိုယ်ကျ ကြုံဖူးတယ် မဟုတ်လား။”
"မင်းပြောခဲ့တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ရှင်းပြရရင်... ယီကျဲက အထက်လူကြီးတွေတောင် သူ့ဝိုင်တွေကို ကြိုတင်စာရင်းပေးဝယ်ယူရတဲ့ အကောင်းဆုံးဝိုင်ချက်သူတွေထဲက တစ်ယောက်ပဲ။”
“ဖုန့်ရှင်းက ဘယ်နေရာမှာပဲဖြစ်ဖြစ် အရည်အသွေးမြင့်ပါဝင်ပစ္စည်းတွေကို အနံ့ခံရှာဖွေနိုင်တယ်။”
“စားသောက်ဆိုင်တွေက သူ့ကို အမည်ပျက်စာရင်းထဲ ခဏခဏ သွင်းလိုက်ထုတ်လိုက် လုပ်နေရတဲ့အကြောင်းရင်းရှိတယ်။ တချို့ပါဝင်ပစ္စည်းတွေကို သူကနေတစ်ဆင့်ပဲ ရနိုင်လို့လေ။”
"လော့မိန်လီက အနီးအနားတစ်ဝိုက်မှာ အကောင်းဆုံး သားရဲထိန်းကျောင်းသူတွေထဲက တစ်ယောက်ဖြစ်ပြီး၊ နှစ်အနည်းငယ်အတွင်း ရွှေရောင်အဆင့်ထိန်းကျောင်းသူတစ်ယောက် သေချာပေါက်ဖြစ်လာလိမ့်မယ်။”
“ အဲဒီကောက်ကျစ်တဲ့ တခြားအဖွဲ့တွေက သူမကိုလုယူဖို့ ဘယ်နှကြိမ်တောင် ကြိုးစားခဲ့ကြသလဲဆိုတာ မင်း သိပါတယ်။”
"ကျန်းဟူက ရွှေအမြုတေအဆင့်ပဲ ရှိသေးပေမဲ့ ဘယ်ရွှေအမြုတေကျွမ်းကျင်သူနဲ့မဆို ယှဉ်ပြိုင်တိုက်ခိုက်နိုင်တယ်။”
“ အဲဒီလိုအရိုက်ခံရတာတွေက သူ့ကို အထူးသဖြင့် ပိုသန်မာတဲ့ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ ရှင်သန်နိုင်စွမ်းအမြင့်ဆုံး လူတစ်ယောက်ဖြစ်လာစေခဲ့တာပဲ။ အဲဒါကြောင့် သူက အချိန်ပိုင်းနည်းပြတစ်ယောက် ဖြစ်နေတာပေါ့။”
“ ပြီးတော့ အဲဒီကလေးက သူ့ရဲ့တာအိုကို ရှာတွေ့သွားပြီလို့ ငါထင်တယ်။ သူ့ရဲ့ချီစုဆောင်းမှုလုံလောက်သွားပြီဆိုရင် နန်းတော်အဆင့်ကိုဖောက်ထွက်ဖို့ဆိုတာ အချိန်ကာလတစ်ခုပဲ လိုတော့တာ။”
"ငါတို့အဖွဲ့ရဲ့ နောက်ဆုံးအဖွဲ့ဝင်အတွက်ကတော့... အင်း... သူမဘက်ကနေ ငါကာကွယ်မပြောပေးနိုင်ဘူး၊ သူမက တကယ်ကိုထူးဆန်းတယ်။”
“ ဒါပေမဲ့ သူမက ရွှေအမြုတေအဆင့် နောက်ဆုံးအဆင့်မှာပဲ ရှိနေသေးတာတောင်၊ သူမရဲ့ ဝိညာဉ်ပင်လယ်က ငါ့ဝိညာဉ်ပင်လယ်ကို ယှဉ်နိုင်လုနီးပါးဖြစ်နေတဲ့ တစ်ယောက်တည်းသောလူပဲ။”
“ အကြီးအကဲစုန့်ပြောတာကတော့ သူမက ရတနာတွေနဲ့ ထူးခြားတဲ့ဆက်နွှယ်မှုရှိတယ်တဲ့... အဲဒါက သူမရဲ့အပြုအမူတွေကို ရှင်းပြနိုင်တဲ့အကြောင်းရင်း ဖြစ်နိုင်တယ်။”
"ဒါပေမဲ့ ကိုယ့်လက်နက်နဲ့ကိုယ် တစ်ခါတလေ စကားမပြောတဲ့သူ ဘယ်သူရှိလို့လဲ။ ငါကိုယ်တိုင်တောင် ငါ့ခြံနောက်ဖေးမှာစိုက်ထားတဲ့ ဝါးပင်တွေနဲ့ စကားတွေ ပြောနေေသးတာပဲလေ။”
“ သူတို့က အကောင်းဆုံး နားထောင်ပေးတဲ့သူတွေပဲ။ ငါ့ရဲ့တစ်နေ့တာအကြောင်းတွေကို သူတို့ကိုပြောပြပြီးရင် ငါ အမြဲတမ်း စိတ်သက်သာရာရသွားတယ်။"
"ဒါပေမဲ့ မော့မော့... အကုန်လုံးကို သိမ်းကြုံးမပြောသင့်ဘူးနော်။ မင်းကလည်း ပုံမှန်လူတစ်ယောက်ရဲ့ပြယုဂ်တော့ မဟုတ်ပါဘူး စပ်စုတဲ့ခွေးပေါက်လေးရ။”
“ မင်းရဲ့ဝင်ငွေတစ်ဝက်လောက်ကို တိုက်ကြီးတစ်ခုလုံးမှာပြန့်နှံ့နေတဲ့ ထူးဆန်းတဲ့ကောလာဟလတွေ၊ စိတ်ဝင်စားစရာဇာတ်လမ်းတွေကို ဝယ်ဖို့ သတင်းအချက်အလက်အဖွဲ့အစည်းတွေဆီမှာ သုံးပစ်နေတယ်ဆိုတာ ငါ မသိဘူးထင်နေလား။"
"ဟဲဟဲဟဲ... မင်းကို ငါ့ရဲ့တရားရုံးလက်ထောက်အဖြစ် ခန့်အပ်ခဲ့ရတဲ့ အကြောင်းရင်းတစ်ခုရှိရမယ်ဆိုတာ မင်းသိသင့်တယ်။”
“ ငါက တာဝန်ထမ်းဆောင်ရာမှာ ပြိုင်ဘက်ကင်းတဲ့ပါရမီရှင် လမ်းညွှန်ဆရာတစ်ယောက်ဖြစ်နေလို့ဆိုတာထက် တခြားအကြောင်းရင်းတွေလည်း ရှိရမယ်”
“ဥပမာ - မင်းကလည်း ငါတို့ထဲကတစ်ယောက် ဖြစ်နေလို့ဆိုတာမျိုးပေါ့”
ယန်ချင်းက မကောင်းဆိုးဝါးဆန်ဆန် ပြုံးရင်း ပြောလိုက်ချေသည်။
"ရှင်... ရှင် ဘယ်လိုလုပ် သိတာလဲ"
မော့ယွင်ရုက အံ့အားသင့်ကာ ဆွံ့အသွားသောမျက်နှာထားဖြင့် မေးလိုက်ပြီး၊ တုန်လှုပ်မှုနှင့်စိုးရိမ်မှုတို့ကြောင့် သူမ၏အသံက အနည်းငယ်ကျယ်လောင်သွားလေသည်။
"မင်းက တရားသူကြီးတွေ၊ စစ်ဆေးရေးမှူးတွေအပြည့်ရှိတဲ့ နေရာတစ်ခုမှာ အလုပ်လုပ်နေတာလေ၊ တချို့ကိစ္စတွေကိုစုံစမ်းဖို့ဆိုတာ မခက်ပါဘူး။”
“ အို... ဟုတ်သားပဲ... မင်းဖောက်သည်လုပ်နေတဲ့ သတင်းအဖွဲ့အစည်းဆယ်ခုကျော်ထဲက၊ မင်းဆက်သွယ်နေတဲ့ သတင်းပွဲစားတစ်ယောက်က ခန်ဟွေ့လန်ရဲ့ သူငယ်ချင်းဖြစ်နေတယ်။”
“ သူတို့ အတူတူသောက်နေကြတုန်း အဲဒီလူက စကားချော်သွားတာ။ နောက်တော့ တာဝန်သိတဲ့သူငယ်ချင်းတစ်ယောက်အနေနဲ့ ခန်က ငါတို့ကို ပြန်ဖောက်သည်ချတာလေ။”
“ အဲဒါကိုကြားရတော့ ငါအတော်အံ့ဩသွားတာ။ မင်းနားမှာအမြဲတမ်းရှိနေတဲ့သူတစ်ယောက်အနေနဲ့ မင်းရဲ့ပုံမှန်မဟုတ်လက္ခဏာတွေကို မြင်နေရတာပဲလေ"
မော့ယွင်ရု၏မျက်နှာ ရှက်ရွံ့မှုကြောင့် နီရဲသွားသည်ကိုမြင်သောအခါ ယန်ချင်းက ပို၍အပြစ်ကင်းဟန်ဆောင်ကာ ကောက်ကျစ်စွာ ရယ်မောလိုက်လေသည်။
"နောက်အမှုတစ်ခုကို ဆက်သွားလို့ရမလား"
မော့ယွင်ရုက သွားကြိတ်ရင်း ပြောလိုက်ကာ၊ အောင်ပွဲခံရယ်မောနေသော ယန်ချင်းထံမှ သူမ၏မျက်နှာကို လွှဲဖယ်လိုက်၏။
"ဒီလူက တကယ်ကို လူတွေကိုဒေါသထွက်အောင်လုပ်ပြီး ထိုးချင်စိတ်ပေါက်လာအောင်လုပ်နိုင်တဲ့ ပါရမီပါတာပဲ"
မော့ယွင်ရုက စိတ်ထဲမှတွေးလိုက်ရာ သူမ၏မျက်လုံးထဲတွင် အန္တရာယ်ရှိသောအရောင်တစ်ချက် လက်သွားချေသည်။
ယန်ချင်းက သူမကို ထပ်မံစနောက်ခြင်းဖြင့် ကံတရားကို သွေးတိုးမစမ်းတော့ဘဲ၊ ယနေ့အတွက် နောက်ဆုံးအမှုဖြစ်သော လက်ရှိကိစ္စကိုသာ အလျင်အမြန် အာရုံစိုက်ရန် ဆုံးဖြတ်လိုက်လေတော့သည်။