လက်ချောင်းယှက်ဆုတောင်းခြင်း နည်းစနစ်
Vol. 7 Ch. 62
ယန်ချင်းသည် ညီအစ်ကို ၃ ယောက်၏ခန္ဓာကိုယ်ထဲသို့ အစိမ်းရောင် ချီစွမ်းအင်အချို့ကို ထည့်သွင်းပေးလိုက်၏။
မိနစ်အနည်းငယ်အကြာတွင် ညည်းတွားသံထွက်ပေါ်လာပြီး အရေပြားပေါ်ရှိအက်ကွဲကြောင်းများမှာ သာမန်မျက်စိဖြင့်ပင် မြင်နိုင်လောက်အောင် လျင်မြန်စွာပျောက်ကင်းသွားလေသည်။
ယန်ချင်းက သူတို့သတိပြန်လည်လာပြီး အသက်အန္တရာယ် မရှိတော့သည်ကို မြင်သောအခါမှသာ ကုသပေးခြင်းကိုရပ်တန့်လိုက်ပြီး ဘေးတွင်သာ ရပ်နေလိုက်သည်။
ရှန်တျန်က ပထမဆုံးသတိပြန်လည်လာသူဖြစ်ပြီး သူ၏နောက်တွင် ရှန်ရှီ၊ နောက်ဆုံးတွင် ရှန်တင်းတို့ အသီးသီးသတိရလာကြချေသည်။
အစပိုင်းတွင် သူတို့အားလုံးမူးဝေနောက်ကျိနေကြပြီး စကားပင်ကောင်းကောင်းမပြောနိုင်ကြချေ။ သူတို့၏ ခန္ဓာကိုယ်များသည် တန်နှင့်ချီ၍ လေးလံနေသလို ခံစားနေရပြီး အတွင်းကလီစာများ နာကျင်မှုကြောင့် မတ်မတ်ပင်မရပ်နိုင်တော့ပေ။
ယန်ချင်းက သူတို့ကိုကုသပေးခဲ့သည်မှာမှန်သော်လည်း သူတို့၏အသက်အန္တရာယ်မရှိစေရန်နှင့် ဒန်တျန်များ မပျက်စီးသွားစေရန်သာ ကုသပေးခဲ့ခြင်းပင်။
ကျန်သည့်ဒဏ်ရာများအတွက်မူ ရှန်ညီအစ်ကို ၃ ယောက်အနေဖြင့် ရွှေအမြုတေအဆင့်ကျင့်ကြံသူများ၏ အလိုအလျောက်ကုသနိုင်စွမ်းကို အသုံးပြု၍သော်လည်းကောင်း၊ သူတို့တွင်ရှိသော အခြားနည်းလမ်းများကို အသုံးပြု၍သော်လည်းကောင်း သဘာဝအတိုင်း ကိုယ်တိုင်ပြန်လည်ကုသကြရမည်သာ။
တစ်ကိုယ်တော်ကျင့်ကြံသူများအဖြစ် ဘဝတစ်လျှောက်လုံး အန္တရာယ်များနှင့် သေမင်းကို အန်တုရင်း နေထိုင်လာခဲ့ကြသူများပီပီ၊ သူတို့ထံတွင် ဆေးရည်များ၊ ဆေးလုံးများ၊ သို့မဟုတ် အသက်ကယ်ဆေးမြစ်များနှင့် ရတနာများကဲ့သို့သော ပြင်းထန်သည့်ဒဏ်ရာများကိုကုသရန် ကြိုတင်ပြင်ဆင်ထားသည့် နည်းလမ်းများရှိနေမည်မှာ သေချာသည်။
ယန်ချင်းမှာ သူတို့ကိုမကျေနပ်သေးသည့်အတွက် သူတို့၏ အရင်းအမြစ်များကို သက်သာအောင် ကယ်တင်ပေးမည့်အလုပ်မျိုးကို လုံးဝလုပ်ပေးမည်မဟုတ်ချေ။
“မင်းတို့အားလုံး သတိရလာပြီဆိုတော့ မင်းတို့ရဲ့ပြစ်ဒဏ်က ဒီနေ့ကစပြီး အသက်ဝင်ပြီ”
ယန်ချင်း၏ အေးစက်စက်အသံက အသက်ရှင်နေသေးသည့်အတွက်အံ့အားသင့်လျက် အသိစိတ်ကိုပြန်လည်စုစည်းရန် ကြိုးစားနေကြသော ညီအစ်ကို ၃ ယောက်၏ အထက်မှ ထွက်ပေါ်လာ၏။
သို့သော် လေးစက္ကန့်မျှသာ အသက်ရှင်အောင်တောင့်ခံနိုင်ခဲ့သည်ကို သတိရလိုက်ချိန်တွင် သူတို့၏ စိတ်အခြေအနေမှာ ချက်ချင်းပင် ထိုးကျသွားလေတော့သည်။ ယန်ချင်း၏ အသံကို ကြားလိုက်ရသောအခါ သူတို့တစ်ကိုယ်လုံးတုန်ရီသွားကြပြီး စိုးရိမ်တကြီးမော့ကြည့်လိုက်ကြသည်။
ရှန်တျန်ဆိုလျှင် ရှက်ရွံ့မှုနှင့် ကြောက်ရွံ့မှုတို့ကြောင့် ခေါင်းကိုငုံ့ထားလိုက်မိချေသည်။ ယနေ့ ဒီနေရာသို့ဝင်လာစဉ်က သူ၏ ပါရမီနှင့်အတွေ့အကြုံများအရ တရားစီရင်ရေးအဖွဲ့မှ အကာအကွယ်ပေးထားသော အိမ်မွေးငှက်များကဲ့သို့ ကျင့်ကြံသူများကို ယှဉ်နိုင်စွမ်းရှိသည်ဟု ယုံကြည်ထားခဲ့၏။
သို့သော် လွန်ခဲ့သောစက္ကန့်ပိုင်းမှ အတွေ့အကြုံများက ညီအစ်ကို ၃ ယောက်စလုံးကို အိပ်မက်မှ ရက်စက်ကြမ်းကြုတ်စွာနှိုးလိုက်လေသည်။ သူတို့တွင်ရှိသမျှ မာနတရားအားလုံးသည် လက်ညှိုးတစ်ချောင်းတည်းဖြင့် သနားညှာတာမှုကင်းမဲ့စွာ ချေမှုန်းခံလိုက်ရပြီ ဖြစ်လေသည်။
“ငါတို့က လက်ညှိုးတစ်ချောင်းကိုတောင် မယှဉ်နိုင်ခဲ့တာလား...”
ရှန်တျန်က ကိုယ့်ကိုယ်ကိုယ်သိမ်ငယ်စွာခေါင်းယမ်းရင်း စိတ်ထဲမှ တွေးလိုက်လေသည်။
“ရှန်ရှီ၊ ရှန်တင်းနဲ့ ရှန်တျန်... သဘောတူထားတဲ့အတိုင်း ငါရဲ့တိုက်ခိုက်မှုအတွင်းမှာ မင်းတို့က ၁၀ စက္ကန့်အထိ သတိလည်အောင်မနေနိုင်ခဲ့တဲ့အတွက် မင်းတို့ရဲ့ပြစ်ဒဏ်ကို ၂ နှစ် ထပ်တိုးလိုက်ပြီ။ အခုမင်းတို့က အလုပ်ကြမ်းပြစ်ဒဏ်ကို ၁၂ နှစ်ထိ ကျခံရမယ်”
“စောစောက ငါပြောခဲ့သလိုပဲ မင်းတို့ရဲ့အလုပ်ကို သေချာလုပ်ပါ။ မင်းတို့ကို ပုံမှန်စောင့်ကြည့်ပြီး တာဝန်ပြီးမြောက်မှုကို အမှတ်ပေးအကဲဖြတ်နေမယ်။”
“အကဲဖြတ်မှုမှာ ၁၀ မှတ်မှာ ၇ မှတ်အောက်ရခဲ့ရင် ပြစ်ဒဏ်နောက်ထပ် ၆ လ ထပ်တိုးပြီး အပြစ်ပေးခံရမယ်”
“ကျန်ဟူ... သူတို့ကို ပြစ်ဒဏ်နဲ့ပြန်လည်ထူထောင်ရေးရုံးကို ခေါ်သွားပေးလိုက်။”
“ပြီးတော့ သူတို့စလုပ်ရမယ့် လုပ်အားပေးအစီအစဉ်တွေ၊ ပြစ်ဒဏ်ကာလတစ်လျှောက်လုံး သူတို့ကိုစောင့်ကြည့်အကဲဖြတ်မယ့် ဝန်ထမ်းတွေချထားပေးရေးတွေကို အကြီးအကဲစီမံခန့်ခွဲသူကို ဆုံးဖြတ်ပေးဖို့ ပြောလိုက်ပါ”
“မော့မော့... စစ်ဆေးရေးမှတ်တမ်းမိတ္တူတစ်စောင်ကို ကျန်ဟူဆီကို ပေးလိုက်။ အဲဒါမှ သူက စီမံခန့်ခွဲသူဆီ ဆက်ပေးလို့ရမှာ”
“ကျုံးချွမ်... ခင်ဗျားရစရာရှိတာတွေရဖို့အတွက် လျော်ကြေးနဲ့ ပြန်လည်ရယူရေးရုံးကို ကျန်ဟူက လမ်းညွှန်ခေါ်သွားပေးပါလိမ့်မယ် အဲဒီရုံးက ပြစ်ဒဏ်နဲ့ပြန်လည်ထူထောင်ရေးရုံးနဲ့ ကပ်လျက်ရှိနေတာမို့ သူသွားတဲ့အခါ ခင်ဗျားပါ တစ်ခါတည်းလိုက်သွားလို့ရတယ်”
“ဒါတွေနဲ့အတူ မြေကမ္ဘာစပျစ်နွယ်စားသောက်ဆိုင်ပိုင်ရှင် ကျုံးချွမ်နဲ့ ရှန်ညီအစ်ကိုများအကြား ဖြစ်ပွားခဲ့တဲ့ မြေကမ္ဘာစပျစ်နွယ်စားပွဲဖျက်ဆီးမှုနဲ့ လျော်ကြေးအမှုကို ပိတ်သိမ်းကြောင်း ကြေညာလိုက်တယ်”
ယန်ချင်းက အဆက်မပြတ်ဆက်တိုက်ပြောဆိုလိုက်ပြီး တရားသူကြီးသစ်သားတူကို ခေါက်ချလိုက်လေသည်။
“ကျေးဇူးတင်ပါတယ် တရားသူကြီးယန်ချင်း”
ကျုံးချွမ်က ရိုသေစွာဦးညွှတ်ရင်း ပြောလိုက်၏။ အရာအားလုံးက သူမျှော်လင့်ထားသည်နှင့် တခြားစီဖြစ်သွားခဲ့ပြီး အထူးသဖြင့် အဆုံးသတ်တွင် ပို၍ပင်ကွာခြားသွားလေသည်။
တရားစီရင်ရေးအဖွဲ့၏ တံခါးပေါက်ကို ဖြတ်သန်းဖူးသူများသာလျှင် ဤချောင်းမြောင်းနေသောသားရဲကြီးမှာ မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်းကို သိနိုင်ကြမည်မှာ အမှန်ပင်။
သူသည် ရှန်ညီအစ်ကိုများကဲ့သို့ တရားစီရင်ရေးအဖွဲ့ကို အထင်မသေးခဲ့သော်လည်း၊ ယခုလောက်အထိလည်း သတိထားကြောက်ရွံ့ခဲ့ခြင်းမရှိပေ။
“တကယ်ကို ဝပ်တွားနေတဲ့ကျားတွေနဲ့ ပုန်းအောင်းနေတဲ့နဂါးတွေ ပြည့်နှက်နေတဲ့ နေရာပဲ”
ကျုံးချွမ်က စိတ်ထဲမှ လေးနက်စွာတွေးလိုက်ချေသည်။
တစ်ဖက်တွင်မူ ရှန်ညီအစ်ကိုများမှာ သနားစရာကောင်းလောက်ပင် သူတို့၏ ခြေထောက်များမှာ မွေးကင်းစနွားကလေးများကဲ့သို့ ယိုင်နဲ့နေကြသည်။ ဟန်ချက်မပျက်စေရန် အချင်းချင်း အပြန်အလှန်မှီတွယ်ထားကြရပေသည်။
စိတ်ပိုင်းဆိုင်ရာအရလည်း တုန်လှုပ်နေကြပြီး ယခုအခါ အလုပ်ကြမ်းပြစ်ဒဏ် ၁၂ နှစ်ကို ကျခံရတော့မည်ဖြစ်ရာ ထိုပြစ်ဒဏ်ပြီးဆုံးသည်အထိ အသက်ရှင်နိုင်ပါ့မလားဆိုသည်ကိုပင် မသေချာတော့ပေ။
သူတို့အတွက် အလုံခြုံဆုံးအလုပ်မှာ မိုင်းတွင်းအလုပ်သမားများအဖြစ် လုပ်ကိုင်ရခြင်းဖြစ်သော်လည်း သူတို့၏ပြစ်ဒဏ်အချိန်ဇယားအရ မိုင်းတွင်းတွင် ၆ လသာ လုပ်ကိုင်ရမည်ဖြစ်ပေသည်။
“ငါတို့ အကောင်းဆုံးကြိုးစားပြီး တစ်ရက်ချင်းစီကို ကျော်ဖြတ်သွားဖို့ပဲ ရှိတော့တယ်”
ရှန်ရှီက ပြောလိုက်ရာ သူ၏ ညီများကလည်း သဘောတူညီစွာ ခေါင်းညိတ်ပြလိုက်ကြလေသည်။
“ကျွန်တော်တို့ ရိုင်းစိုင်းမှုတွေရှိခဲ့ပေမဲ့ အသက်ကိုချမ်းသာပေးပြီး ကုသပေးခဲ့တဲ့ကျေးဇူးအတွက် ကျေးဇူးတင်ပါတယ် တရားသူကြီးယန်ချင်း ကျွန်တော်တို့ရဲ့ ပြစ်ဒဏ်ကို အစွမ်းကုန်အကောင်းဆုံး ပြီးမြောက်အောင် ကြိုးစားသွားပါ့မယ်”
ရှန်ရှီက သူ၏ ညီများနှင့်အတူ လဲကျမတတ်ဦးညွှတ်ရင်းကြိုးစားကာ ပြောလိုက်၏။
“မင်းတို့ရဲ့ပြစ်ဒဏ် ပြီးဆုံးသွားတဲ့အချိန်မှာ သတိထားဆင်ခြင်တတ်မှုနဲ့ စိတ်သစ်လူသစ်တွေ ဖြစ်လာဖို့ ငါမျှော်လင့်ပါတယ်။”
“မြင်ရသမျှအရာတိုင်းက ထင်သလိုမဟုတ်တတ်သလို၊ မြင်ရတဲ့လူတိုင်းကလည်း မြင်ရသလိုမဟုတ်ကြဘူး ကိုယ့်ရဲ့ အလားအလာအပြည့်အဝ ကြီးထွားလာပြီး အသက်ရှင်ချင်တယ်ဆိုရင် ဆင်ခြင်တုံတရားရှိတတ်ဖို့က တစ်ခါတလေမှာ မရှိမဖြစ်လိုအပ်တဲ့ လက်နက်တစ်ခုပဲ။”
“မင်းတို့ ပြစ်ဒဏ်ကျခံနေစဉ်အတွင်း တရားစီရင်ရေးအဖွဲ့မှာ ဖြတ်သန်းရမယ့်အချိန်တွေက မင်းတို့ရဲ့အမြင်ကျယ်မှုနဲ့ ရှုထောင့်တွေကိုချဲ့ထွင်ဖို့ အထောက်အကူဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”
ယန်ချင်းက သက်ပြင်းချရင်း ပြောလိုက်လေသည်။
ပေါ့ဆမှုနှင့် မာနထောင်လွှားမှုတို့သည် သူကိုယ်တိုင်ပင် နေ့စဉ်ရက်ဆက်သတိပေးနေရသော အန္တရာယ်များဖြစ်ပြီး၊ ၎င်းသည် အကယ်ဒမီ၏တင်းကျပ်သော တားမြစ်ချက်များထဲတွင် တစ်ခုအပါအဝင်ဖြစ်၏။
တရားစီရင်ရေးအဖွဲ့ကြီး စတင်အားကောင်းလာပြီး တိုးတက်လာစအချိန်များတွင် လူငယ်စစ်ဆေးရေးမှူးအများစုသည် သူတို့ကိုယ်သူတို့ ထူးခြားသောလူသားများဟုသတ်မှတ်ကာ တခြားသူများကို အထင်သေးပြီး မာနတွေထောင်လွှားနေခဲ့ကြသည်။
ထိုကာလများအတွင်းတွင် စစ်ဆေးရေးမှူးများနှင့် တရားသူကြီးများ၏ သေဆုံးနှုန်းမှာ အမြင့်ဆုံးဖြစ်ခဲ့လေသည်။
ထိုကာလသည် တရားစီရင်ရေးအဖွဲ့အတွက် မှောင်မိုက်သောကာလများထဲမှ တစ်ခုဖြစ်ခဲ့ပြီး၊ လူအင်အားလစ်လပ်မှုများကိုဖြည့်ဆည်းရန် သက်ကြီးကျင့်ကြံသူများက ထိုတာဝန်များကို ဝင်ရောက်ထမ်းဆောင်ခဲ့ရကာ၊ အကယ်ဒမီက ပြဿနာကို ဖြေရှင်းမည့်နည်းလမ်းကို ရှာဖွေခဲ့ရချေသည်။
ထိုနည်းလမ်းများထဲမှတစ်ခုမှာ အကျဉ်းသားများနှင့် သေရေးရှင်ရေးတိုက်ပွဲများ ဆင်နွှဲစေခြင်းဖြစ်လေသည်။ ဤအခန်းကဏ္ဍအတွက် ရွေးချယ်ခံရသော အကျဉ်းသားများသည် တိုက်ခိုက်ရေးနှင့် ကောက်ကျစ်စဉ်းလဲမှုတွင် အကောင်းဆုံးများဖြစ်ကြ၏။
သူတို့လက်ချက်ဖြင့် ဒုက္ခရောက်ခဲ့ရသော ကျောင်းသားများမှာ ထိုအတွေ့အကြုံများကြောင့် သူတို့၏ မာနထိခိုက်ခဲ့ရပြီး သူတို့၏ ဘဝကိုပင် ပြန်လည်ဆင်ခြင်သုံးသပ်စေခဲ့သည်။
အခြားနည်းလမ်းတစ်ခုမှာ အလုပ်သင်အစီအစဉ်ဖြစ်ပြီး၊ ကျောင်းသားများကို တည်းခိုခန်းများ၊ စားသောက်ဆိုင်များတွင် စားပွဲထိုးများအဖြစ် အလုပ်လုပ်စေကာ ထိုကာလအတွင်း သူတို့၏ စရိုက်လက္ခဏာများကို တရားသူကြီးများက တိတ်တဆိတ်အကဲဖြတ်ကြခြင်းဖြစ်ပေသည်။
အထင်ကြီးစရာကောင်းလောက်အောင်ပင် မိမိကိုယ်ကိုဘဝင်မြင့်မှုများ လုံးဝပျောက်ကွယ်မသွားသော်လည်း၊ ယခင်ကထက်စာလျှင်မူ သိသိသာသာ လျော့ကျသွားခဲ့ချေပြီ။
ကျန်ဟူသည် သူ၏ပုခုံးပေါ်တွင် ရွှေလင်းယုန်ဝိညာဉ်ပုံရိပ်လေး နားခိုလျက် ကျုံးချွမ်နှင့် ရှန်ညီအစ်ကို ၃ ယောက်ကို အပြင်သို့ ခေါ်ဆောင်သွားတော့သည်။
မော့ယွင်ရုက တရားခွင်စစ်ဆေးမှုမှတ်တမ်းများပါဝင်သော အဖြူရောင်ကျောက်စိမ်းပြားတစ်ခုကို သူ့အားကမ်းပေးလိုက်ပြီး နောက်ထပ်မိတ္တူတစ်စောင်ကို ယန်ချင်းထံပေးလိုက်ရာ၊ ယန်ချင်းက ၎င်းကို သူ၏စားပွဲပေါ်ရှိအစီအရင်မှတစ်ဆင့် အထက်လူကြီးများထံသို့ ပေးပို့လိုက်သည်။
“နောက်ထပ် ဘယ်အမှုကို ကိုင်တွယ်ရမလဲ။ ဒီနေ့က တစ်ခုပြီးတစ်ခုပဲ။ ယီကျဲ... နောက်လာမယ့်အမှုက ပိုလွယ်ကူတဲ့အမှုဖြစ်လာဖို့ ငါနဲ့အတူတူ လက်ချောင်းတွေယှက်ပြီး ဆုတောင်းပေးပါဦး”
ယန်ချင်းက လေးနက်သောမျက်နှာထားဖြင့် ပြောလိုက်ပြီး ယနေ့ကျရောက်နေသောကျိန်စာကို ချေဖျက်ရန်ကြိုးပမ်းသည့်အနေဖြင့် သူ၏ လက်ချောင်းများကို ယှက်လိုက်၏။ဒီကိစ္စတွေအားလုံးက လဲ့ဝေယွမ်လုပ်ထားတာဟု သူအခိုင်အမာ ယုံကြည်နေဆဲပင်။
တရားစီရင်ရေးအဖွဲ့အတွက် သူ၏ ချီစွမ်းအင်နောက်ဆုံးတစ်စက်အထိ ကုန်ခန်းသွားစေမည့် ကိစ္စမျိုးကို အဲဒီအဖိုးကြီးကမလုပ်ဘူးဟု ယန်ချင်း ဘယ်တော့မှယုံမည်မဟုတ်ပေ။
ယီကျဲက ယန်ချင်းကိုလျစ်လျူရှုကာ အထင်သေးစွာ နှာခေါင်းရှုံ့လိုက်လေသည်။ သို့သော် ယန်ချင်းတစ်ယောက် ဒုက္ခရောက်နေသည်ကို အလွန်းအမင်း ဝမ်းသာနေသည်။
သို့သော် ယီကျဲ၏ မျက်လုံးများထဲမှ ထူးဆန်းသောအရောင်လက်သွားမှုကို ယန်ချင်းက သတိထားမိလိုက်ချေသည်။
“ယီကျဲ မင်း… မင်း အဲဒီလိုပဲလုပ်ချင်တာ သေချာလား။ ကိုယ့်အထက်လူကြီးကို ဗြောင်ကျကျလှောင်ပြောင်နေတာပဲ။”
“ကောင်းပြီလေ... မင်းသာ ကူပြီး ဆုတောင်းပေးရင် နောက်ပိုင်း လဲ့ဝေယွမ် ငါတို့အတွက် ပြင်ဆင်ထားသမျှအလုပ်တွေရဲ့ လေးပုံသုံးပုံကို ငါကြိုးကြိုးစားစားလုပ်ပေးပါ့မယ်လို့ ကတိပေးတယ်”
ယန်ချင်းက အလျှော့ပေးသည့်လေသံဖြင့် ပြောလိုက်လေသည်။
“လေးပုံသုံးပုံ... မင်းကလား… ငါသိတဲ့ ကောက်ကျစ်တဲ့လူလည်ကြီးကလေ”
ယီကျဲက လုံးဝမယုံကြည်ဘဲ လှောင်ပြောင်သည့်လေသံဖြင့် ပြန်ပြောလိုက်၏။
“ကောင်းပြီ... တစ်ဝက်... ငါ တစ်ဝက် လုပ်မယ်”
သူ၏ အလိမ်အညာကို ဖော်ထုတ်ခံလိုက်ရသဖြင့် ယန်ချင်းက ရှက်ရွံ့စွာ ပြောလိုက်လေသည်။ ယီကျဲကမူ သူ့ကိုဖောက်ထွင်းမြင်နိုင်မည့်အလား အတန်ကြာ စိုက်ကြည့်နေ၏။
“အပြောနဲ့ အလုပ်ညီတာ သေချာပါစေ”
ယီကျဲက ပြောရင်း စိတ်မပါ့တပါဖြင့် သူ၏လက်ချောင်းများကို ယှက်လိုက်လေသည်။
“မော့မော့... မင်းလည်း လုပ်။ ပြီးတော့ မလုပ်ဘူးလို့မငြင်းခင် မင်းငါ့ကိုအကြွေးတင်နေတယ်ဆိုတာ သတိရဦး”
ယန်ချင်းက ကုန်သည်တစ်ယောက်ကဲ့သို့ အမြတ်ထုတ်လိုသောအပြုံးဖြင့် ပြောလိုက်လေသည်။
ငြင်းဆိုရန်ပြင်နေသော မော့ယွင်ရုသည် သူ့ကိုပြန်လည်စိုက်ကြည့်လိုက်ပြီးနောက်၊ သူမလည်း ခေတ်အဆက်ဆက် သက်သေပြခဲ့ပြီးဖြစ်သော လက်ချောင်းယှက်ဆုတောင်းခြင်းနည်းစနစ်ကိုအသုံးပြုကာ ကျိန်စာချေဖျက်ရေးအဖွဲ့ထဲသို့ ဝင်ရောက်လာရတော့သည်။