← Chapters

အခန်း (၃၇၆)

Vol. 26 Ch. 376

အခန်း (၃၇၆)

Vol. 26 Ch. 376

"ဘာကိုလဲ"

"ပင်လယ်ပြင်ကိုပဲ ကျွန်မရဲ့ နောက်ဆုံးခရီး အနားယူရာနေရာအဖြစ် ရွေးချယ်ခဲ့တာလေ..."

ချင်းရှောင်းကောက တည်ငြိမ်စွာ ခေါင်းယမ်းလိုက်သည်။

"ဒါက တကယ်ကို ကောင်းတဲ့ အကြံပဲ။ မြေကြီးထဲမှာ မြှုပ်နှံခံရပြီး ပိုးကောင်တွေ အကိုက်ခံရတာ၊ မြေထဲမှာ ပုပ်ဆွေးသွားရတဲ့ ဒဏ်တွေကို ခံစားရတာထက် အများကြီး ပိုကောင်းပါတယ်။"

"ဟင်း၊ ကျွန်မရဲ့ အတွေးတွေက ထူးဆန်းနေမလားလို့ စိုးရိမ်နေတာ။"

ကျောက်ယွီယန်သည် သူမ၏ စိတ်ချင်းတူသော သူငယ်ချင်းကောင်းကို ရှာတွေ့သွားသလို ခံစားလိုက်ရသည်။ သူမသည် ရှောင်းကောကို အကြောင်းအရာများစွာ ပြောပြခဲ့ရာတွင် သူမ ဘာကြောင့် မီးသင်္ဂြိုဟ်ခံချင်ရသလဲ ဆိုသည့် အကြောင်းအရင်းလည်း ပါဝင်သည်။

မြေမြှုပ်သင်္ဂြိုဟ်ခြင်းမှာ ထုံးစံဖြစ်နေသော ဤခေတ်ကာလတွင် မီးသင်္ဂြိုဟ်ခြင်းမှာ ယုတ္တိမရှိသော အတွေးတစ်ခုကဲ့သို့ ဖြစ်နေသည်။ ကျောက်ယွီယန် ဤသို့ စတင်တွေးတောမိကတည်းက သူမ၏ အတွေးကို အခြားသူများက ကဲ့ရဲ့ရှုတ်ချမည်ကို စိုးရိမ်ခဲ့သည်။

သူမသည် သူမ၏ ဘဝတစ်ဝက်ကျော်ကို အလွန်ရိုးရှင်းလွန်းစွာ ဖြတ်သန်းခဲ့ရသည်။ စိတ်ထဲတွင်တော့ သူမသည် ပျံလွှားငှက်လေး တစ်ကောင်ကဲ့သို့ ဖြစ်ချင်ခဲ့သည်။ ကောင်းကင်ပြာနှင့် တိမ်ဖြူများကြားတွင် မပျံသန်းနိုင်ခဲ့လျှင်တောင် ကျယ်ပြောလှပသော ပင်လယ်ပြင်ကြီးထဲမှာပဲ လွတ်လပ်စွာ ကျင်လည်သွားချင်တော့သည်။

"အရာအားလုံးကို ထားခဲ့ဖို့ ရှင် တကယ်ပဲ စိတ်ပြတ်ရဲ့လား?"

ရှောင်းကောက သူမ၏ ရိုးသားပြီး တမ်းတမှုရှိသော မျက်နှာလေးကို ကြည့်ကာ ထူးဆန်းသလို ခံစားရသည်။ သူမသည် သေခြင်းတရားကို ဤမျှ တည်ငြိမ်စွာ ရင်ဆိုင်နိုင်သည်မှာ အမှန်ပဲလား?

"ကောင်းကင်ဘုံက လူတစ်ယောက်ရဲ့ အသက်ရှင်ခြင်းနဲ့ သေခြင်းကို အဆင်သင့်ဖြစ်မဖြစ်ပေါ် မူတည်ပြီး မဆုံးဖြတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အချိန်တန်ရင် ဘယ်သူမှ ရွေးချယ်ခွင့် မရှိကြဘူး။ နောင်တမရှိဘဲ ထွက်ခွာသွားနိုင်ဖို့ဆိုတာ လူတိုင်းအတွက် ခက်ခဲတဲ့အရာပဲ။"

"ဒါပေမဲ့ အခုတော့ ကျွန်မ အဆင်သင့် ဖြစ်နေပါပြီ။"

ထိုသို့ပြောပြီးနောက် ကျောက်ယွီယန်က ရှောင်းကောကို ကြည့်ကာ "ယွီလင်း သိသွားပြီလား?" ဟု မေးသည်။

"ဘာကိုလဲ?"

"ကျွန်မရဲ့ အခြေအနေလေ။"

"..."

ရှောင်းကော တစ်စက္ကန့်မျှ တိတ်ဆိတ်သွားပြီးမှ ခေါင်းငြိမ့်ပြလိုက်သည်။

"အင်း၊ သိသွားပြီ။"

ကျောက်ယွီယန်က ဂုဏ်ယူသော အမူအရာဖြင့် "သူမက ငါ့သမီးပဲလေ၊ တကယ်ကို တော်တဲ့ကလေးမလေးပဲ!" ဟု ဆိုသည်။

"ယွီလင်းက အရမ်းတော်ပါတယ်။ သခင်မ သူမဘေးမှာ ရှိနေပေးတာက ကျွန်မအတွက် ဘာမှ စိုးရိမ်စရာ မရှိတော့ပါဘူး။"

ရှောင်းကောက ပြုံးလျက် "ကြည့်ရတာ ကျွန်မရဲ့ ပုခုံးပေါ်မှာ တာဝန်တွေ အတော်လေး လေးနေပြီထင်တယ်" ဟု စနောက်လိုက်သည်။

"ဒါတွေက သခင်မကို ပြိုလဲသွားအောင် လုပ်မှာ မဟုတ်ပါဘူး။ ကျွန်မ သခင်မကို ယုံကြည်တယ်"

ထိုသို့ပြောပြီးနောက် ကျောက်ယွီယန်သည် သဲပေါ်တွင် လှဲချလိုက်သည်။ သူမက သက်သောင့်သက်သာ ခေါင်းယမ်းလိုက်ပြီး "အခုတော့ မျက်လုံးမှိတ်ပြီး ဘဝကို အေးအေးဆေးဆေး ခံစားဖို့ပဲ ကျန်တော့တယ်" ဟု ဆက်ပြောသည်။

သူမ မည်မျှ သက်သောင့်သက်သာ ရှိနေသည်ကို မြင်သောအခါ ရှောင်းကောလည်း သဲပေါ်တွင် လှဲချလိုက်သည်။ သူမ မျက်လုံးများကို မှိတ်ထားပြီး ပင်လယ်လေနှင့် လှိုင်းသံများကို တိတ်ဆိတ်စွာ ခံစားနေမိသည်။

"နောက်ဘဝကျရင်လည်း ကျွန်မ ယွီလင်းရဲ့ အမေပဲ ထပ်ဖြစ်ချင်သေးတယ်။ သခင်မနဲ့လည်း ပြန်ဆုံနိုင်ရင် အရမ်းကောင်းမှာပဲ။"

"ဘာလို့လဲ? ကျွန်မကို ကျေးဇူးပြန်ဆပ်မလို့လား?" ရှောင်းကောက ပြောပြီးနောက် ရယ်လိုက်သည်။

ကျောက်ယွီယန်ကလည်း ပြုံးလျက် "ဟုတ်တာပေါ့။ သခင်မရဲ့ ကျေးဇူးတွေကို ပြန်ဆပ်ဖို့လေ" ဟု ဆိုသည်။

ရှောင်းကောက နှာခေါင်းရှုံ့ကာ "ဒါဆိုရင်တော့ ကျွန်မ စောင့်နေမှာနော်။ နောက်ဘဝကျရင် ကျွန်မကို မသိချင်ယောင် မဆောင်နဲ့ဦး"

"ကောင်းပါပြီ! ဟားဟားဟား..."

ရှောင်းကောက သူမကို ပြန်ပြုံးပြလိုက်သည်။ ခွဲခွာခြင်းဆိုသည်မှာ နောက်တစ်ကြိမ် ပိုကောင်းမွန်စွာ ပြန်လည်ဆုံတွေ့နိုင်ရန်အတွက်သာ ဖြစ်သည်။

နေလယ်စာစားချိန်တွင် ယွီလင်းနှင့် ကျောက်ယွီယန်တို့ မထွက်သွားတော့ကြောင်း သိလိုက်ရသောအခါ ရှောင်ကျူးမှာ အလွန်ပင် စိတ်လှုပ်ရှားသွားသဖြင့် ထမင်းစားပွဲကိုပင် မှောက်မတတ် ဖြစ်သွားသည်။ သူမက အမှန်ပဲလားဟု ထပ်ခါတလဲလဲ မေးနေတော့သည်။

သူတို့အားလုံးက ခေါင်းငြိမ့်ပြကြမှ သူမ ယုံကြည်တော့သည်။ သူမ၏ လှပသော မျက်လုံးလေးများ မှေးသွားသည်အထိ ပြုံးလျက် "ဒါဆို တကယ်ကောင်းတာပဲ! ငါတို့ သုံးယောက် အတူတူ နေလို့ရပြီပေါ့!" ဟု ပြောသည်။

ယွီလင်း၏ မျက်လုံးထဲတွင် အပြုံးရိပ်တစ်ခု ဖြတ်ပြေးသွားပြီး ခေါင်းငြိမ့်ကာ "ဟဲဟဲ၊ ဟုတ်တာပေါ့!" ဟု ပြန်ဖြေသည်။

ယွီလင်းနှင့် ကျောက်ယွီယန်တို့မှာလည်း ကန့်ကွက်စရာ မရှိပေ။ ရှောင်ကျူးမှာ ယခုအချိန်တွင် အလွန်ပင် အထီးကျန်နေရှာသည်။ သူတို့သည်လည်း ဤသနားစရာ ကောင်းသော မိန်းကလေးငယ်လေးနှင့်အတူ အချိန်ပိုပေးချင်ကြသည်။

မွန်းလွဲပိုင်းတွင် ရှောင်းကောသည် ရွာသူကြီးဝမ်၏ အိမ်သို့ သွားရန် ပြင်ဆင်ခဲ့သည်။ သူမသည် မည်သူ့ကိုမှ အဖော်မခေါ်ဘဲ တစ်ယောက်တည်း သွားရန် စီစဉ်ထားသည်။ ယခု ယွီလင်းနှင့် ကျောက်ယွီယန်တို့သည် တံငါရွာတွင် နေထိုင်ရန် ဆုံးဖြတ်လိုက်သဖြင့် လုပ်စရာကိစ္စများစွာ ရှိလာသည်။ သူမသည် ရွာသူကြီးထံသွား၍ အခြေအနေကို ရှင်းပြကာ ထိုမိန်းကလေးများကို ကူညီစောင့်ရှောက်ပေးရန် အကူအညီတောင်းလိုခြင်း ဖြစ်သည်။

"အမေ၊ သားလည်း လိုက်မယ်!"

ဤတစ်ကြိမ်တွင်တော့ ရှောင်းကော သဘောတူလိုက်သည်။ လိုက်ခွင့်မပေးလျှင် ကျွမ်းကျွမ်းတစ်ယောက် ငိုနေမည်မှာ အသေအချာပင်။

သားအမိနှစ်ယောက် အတူတူ တစ်ခုခုလုပ်ရသည်မှာ ကြာပြီဖြစ်သဖြင့် ကျွမ်းကျွမ်းမှာ အလွန်ပျော်နေခဲ့သည်။ လမ်းတစ်လျှောက်တွင် သူက တိမ်များနှင့် ပင်လယ်ပြင်ကို ကြည့်ကာ သူမကို မေးခွန်းများ တတွတ်တွတ် မေးနေသဖြင့် အလွန်ပင် စည်ကားနေတော့သည်။ လမ်းတစ်ဝက်တွင် သူက ဘယ်သွားနေတာလဲဟု မေးသည်။

"အမေ၊ ကျွန်တော်တို့ ဘယ်သွားနေတာလဲ?"

ရှောင်းကောက ရယ်မောကာ သူ၏ နှာခေါင်းလေးကို ဆွဲညှစ်ပြီး "သားကတော့လေ... တစ်ယောက်ယောက်က လာရောင်းစားရင်တောင် သိမှာမဟုတ်ဘူး" ဟု စလိုက်သည်။

"ဟင်းဟင်း၊ အမေက သားကို အဲလိုမလုပ်ပါဘူး။"

ရှောင်းကောက ရယ်လျက် သူ၏ ခေါင်းကို ပုတ်ပေးကာ "ရွာသူကြီးဆီ သွားမလို့လေ။ အစ်မ ယွီလင်းနဲ့ သူ့အမေက တံငါရွာမှာ ခဏလောက် နေပြီး အစ်မ ရှောင်ကျူးနဲ့အတူ နေဖို့ ဆုံးဖြတ်လိုက်ကြလို့" ဟု ရှင်းပြသည်။

ကျွမ်းကျွမ်းက ထိုစကားကို ကြားသောအခါ ခေါင်းလေးစောင်းကာ "ခဏလောက်လား?" ဟု မေးသည်။

"အင်း၊ ဟုတ်တယ်။"

ရှောင်းကောက အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သည်။ ထို့နောက် ကျွမ်းကျွမ်း၏ ထူးဆန်းသော အမူအရာကို ကြည့်ရင်း သူမသည် သူ့ကို အခြေအနေအားလုံး မရှင်းပြရသေးကြောင်း သတိရသွားသည်။

"ကျွမ်းကျွမ်း၊ အမေ သားကို အစ်မ ယွီလင်းနဲ့ အဒေါ် ကျောက်ယွီယန်တို့ အကြောင်း ပြောပြလို့ ရမလား?"

"ရပါတယ်!"

ရှောင်းကောသည် ရွာသူကြီးအိမ်သို့ ဆက်မသွားသေးဘဲ ကျွမ်းကျွမ်းနှင့်အတူ နေရာတစ်ခုတွင် ထိုင်ကာ အကြောင်းစုံကို ရှင်းပြခဲ့သည်။ ဇာတ်လမ်းကို နားထောင်ပြီးနောက် ကျွမ်းကျွမ်းမှာ မထိန်းနိုင်ဘဲ ငိုကြွေးတော့သည်။ ရှောင်းကောက ဘာဖြစ်လို့လဲဟု မမေးရသေးမီမှာပင် သူက သူမ၏ ရင်ခွင်ထဲသို့ ခုန်ဝင်လာသည်။

သူက ရှိုက်ကြီးတငင်နှင့် "အမေ... သားကို ထားမသွားပါနဲ့နော်။ ဘယ်တော့မှ အဲဒီလို မလုပ်ပါနဲ့" ဟု ပြောသည်။

ရှောင်းကော ခဏမျှ ဆွံ့အသွားပြီးနောက် သူ၏ခေါင်းကို စိတ်မကောင်းစွာ ပုတ်ပေးရင်း ပြောလိုက်သည်။ "အင်းပါ၊ အမေ ကတိပေးပါတယ်"

ကျွမ်းကျွမ်းသည် သူမ၏ စကားကို ကြားမှ ဖြည်းဖြည်းချင်း ငိုသံတိတ်သွားသည်။ သူက သူမကို မော့ကြည့်သည်။ အကယ်၍ တစ်နေ့နေ့တွင် သူ၏ မိခင်သာ သူ့ကို ထားသွားခဲ့မည်ဆိုလျှင် သူ တကယ်ပဲ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ ဒါကို တွေးရုံနှင့်တင် သူ ထပ်ငိုချင်လာသည်။

"အမေ..."

"ဟင်း..."

ရှောင်းကောသည် ကျွမ်းကျွမ်း အရွယ် ကလေးများမှာ သေခြင်းတရားကို နားမလည်နိုင်သေးကြောင်း သိသည်။ ဒါကို တွေးရုံနှင့်ပင် သူတို့မှာ ဝမ်းနည်းတတ်ကြသည်။ သူမကိုယ်တိုင်လည်း ငယ်စဉ်က မိဘများ သူမကို ထားသွားမည့်အရေးကို တွေးမိတိုင်း အကြာကြီး ငိုခဲ့ဖူးသည်ကို သတိရမိသည်။

စိတ်ငြိမ်သွားပြီးနောက် ရှောင်းကောနှင့် ကျွမ်းကျွမ်းတို့သည် ကိုယ်ပေါ်မှ သဲများကို ခါထုတ်ကာ ရွာသူကြီးအိမ်သို့ ဆက်လျှောက်ခဲ့ကြသည်။ သူတို့ ရောက်သွားသောအခါ ရွာသူကြီးသည် လူတစ်စုနှင့် တစ်ခုခု ဆွေးနွေးနေသည်။ ထိုလူများမှာ အမျိုးသားများ ဖြစ်သဖြင့် ရှောင်းကောက အနားသို့ မသွားဘဲ ရွာသူကြီး၏ဇနီးနှင့်အတူ အနောက်ခန်းတွင် စောင့်နေလိုက်သည်။

မကြာမီ ရွာသူကြီး ဝင်လာပြီး "သခင်မ... စောင့်ခိုင်းမိတဲ့အတွက် တောင်းပန်ပါတယ်" ဟု အားနာစွာ ပြောသည်။

"ရပါတယ်" ရှောင်းကောက ပြုံးလျက် ခေါင်းယမ်းပြသည်။ သူ ထိုင်လိုက်ပြီးနောက် သူမက "ကျွန်မ ဒီကိုလာတာက ရွာသူကြီးကို အကူအညီ တစ်ခုလောက် တောင်းချင်လို့ပါ" ဟု စကားစလိုက်သည်။

ရှောင်းကောသည် ကျောက်ယွီယန်နှင့် သူမ၏သမီးတို့ တံငါရွာတွင် နေထိုင်မည့်အကြောင်းနှင့် ကျောက်ယွီယန်၏ ကျန်းမာရေး အခြေအနေကို အသေးစိတ် ရှင်းပြလိုက်သည်။

ရွာသူကြီး၏ဇနီးမှာ စိတ်နုသူတစ်ယောက် ဖြစ်သဖြင့် ကျောက်ယွီယန်တို့ သားအမိအကြောင်း ကြားရသောအခါ စိတ်မကောင်းဖြစ်ကာ မျက်ရည်ဝဲလာသည်။ ရွာသူကြီးကတော့ တိတ်ဆိတ်စွာ ခေါင်းငြိမ့်ရင်း ကတိပေးခဲ့သည်။ "မစိုးရိမ်ပါနဲ့ သခင်မ၊ သူတို့ရဲ့ အခြေအနေကို ကျွန်တော် နားလည်ပါတယ်။ သူတို့ရဲ့ ထမင်းသုံးနပ်ကို ကျွန်တော် ဂရုစိုက်ပေးပါ့မယ်"

"အဲဒီလို မဟုတ်ပါဘူး။"

ရှောင်းကောက ခေါင်းယမ်းကာ ပြောလိုက်သည်။ "သူတို့က ရှင်တို့နှစ်ယောက်ကို အမြဲ ဒုက္ခပေးနေရင် မကောင်းဘူးလေ။ ပြီးတော့ ကျောက်ယွီယန်ရဲ့ အခြေအနေကလည်း ခန့်မှန်းရခက်တယ်။ တစ်ပတ်၊ တစ်လ ဒါမှမဟုတ် နောက်ထပ် လဝက်လောက်အထိ ကြာနိုင်တယ်။ ဒါကြောင့် သူတို့အတွက် ချက်ပြုတ်စရာ အိုးခွက်ပန်းကန်တွေနဲ့ စားစရာအချို့ကို ပြင်ဆင်ပေးနိုင်မလားလို့ပါ။ အသင့်အတင့် ရှိရင် ရပါပြီ။ သူတို့ အခြေကျသွားရင်တော့ သူတို့ဘာသာ ဝယ်ယူကြပါလိမ့်မယ်"

"ရတာပေါ့၊ ရတာပေါ့။" ရွာသူကြီးက လိုလိုလားလားပင် ခေါင်းငြိမ့်သည်။ "ဒါကို ကျွန်တော့် တာဝန် ထားလိုက်ပါ။"

"ကြိုတင်ပြီး ကျေးဇူးတင်ပါတယ်။"

ရှောင်းကောက ပြုံးလျက် ကျေးဇူးတင်လိုက်သည်။ ကျောက်ယွီယန်သည် စိတ်ဓာတ်ကြံ့ခိုင်စွာ နေထိုင်မည်ဆိုလျှင် ပို၍ အသက်ရှည်နိုင်ကြောင်း ကျွန်းပေါ်ရှိ သမားတော်က ပြောခဲ့ဖူးသည်။ သူမ တစ်နေ့ထက်တစ်နေ့ ကျန်းမာလာသည်ကို ကြည့်လျှင် မျှော်လင့်ထားသည်ထက် ပို၍ အသက်ရှည်နိုင်ပေသည်။

သူတို့သည် ဤနေရာတွင် အခြေချလိုသဖြင့် သာမန်ဘဝအတိုင်း နေထိုင်နိုင်ရန် ကြိုးစားသင့်သည်။ ရွာသူကြီးကို အမြဲ အလုပ်ရှုပ်အောင် မလုပ်သင့်ပေ။ ထို့ကြောင့် ကိုယ်တိုင်ချက်ပြုတ် စားသောက်ခြင်းက ပို၍ အဆင်ပြေစေမည် ဖြစ်သည်။

"ဒီငွေကို လက်ခံပေးပါ။"

ရှောင်းကောက သူမ၏ အိတ်ကပ်ထဲမှ ငွေစ (၁၅) တေးကို ထုတ်၍ စားပွဲပေါ် တင်လိုက်သည်။

"ဒါတော့ မဖြစ်ဘူးလေ။" ရွာသူကြီးနှင့် ဇနီးဖြစ်သူက အထပ်ထပ် ငြင်းဆန်ကြသည်။ သူမ၏ ငွေကို သူတို့ ဘယ်လိုလုပ် လက်ခံနိုင်မည်နည်း?

"လက်ခံလိုက်ပါ။ ရှင်တို့ကို အင်အားရော ငွေပါ အကုန်အကျ မခံစေချင်လို့ပါ။ ပြီးတော့ ကျွန်မတို့ ရောက်ကတည်းက ရှင်တို့ ဇနီးမောင်နှံရဲ့ နွေးထွေးတဲ့ ဧည့်ဝတ်ကျေပွန်မှုကိုလည်း ကျေးဇူးတင်လို့ ဒီငွေလေးကို လက်ဆောင်အဖြစ် ပေးတာပါ"

ရှောင်းကောသည် ယဉ်ကျေးစွာဖြင့် နားဝင်အောင် ပြောလိုက်သည်။ လက်ရှိ ရှောက်နိုင်ငံ၏ လူနေမှုစံနှုန်းအရ ငွေ (၁၅) တေးဆိုသည်မှာ သာမန်လူတစ်ယောက်အတွက် အနည်းဆုံး တစ်နှစ်စာ လုံလောက်သော ပမာဏ ဖြစ်သည်။ အိုးခွက်ပန်းကန်နှင့် အစားအစာများ ဝယ်ပြီးလျှင်ပင် ငွေအမြောက်အမြား ကျန်ရှိနေဦးမည် ဖြစ်သည်။

All Chapters