← Chapters

အခန်း (၃၇၉)

Vol. 26 Ch. 379

အခန်း (၃၇၉)

Vol. 26 Ch. 379

ကျောက်ယွီယန်သည် စပ်စုချင်စိတ်ဖြင့် သူမလုပ်လက်စများကို ရပ်လိုက်ပြီး လက်မှသဲများကို ခါထုတ်ကာ လျှောက်လာခဲ့သည်။ လူအုပ်ကြားထဲမှ တိုးဝှေ့ကြည့်လိုက်သောအခါ စိမ်းစိမ်းစိုစို အပုံကြီးတစ်ခုကို တွေ့လိုက်ရသည်။ သူမ ဘာမှန်း သေချာမသိသော်လည်း ပင်လယ်စာနှင့်တော့ မတူပေ။

ချင်းရှောင်းကောမှလွဲ၍ အုပ်စုထဲမှ ကျန်လူတိုင်းမှာ စိတ်ပျက်နေပုံရသည်။

"ဒီလောက် အကြာကြီး ဖမ်းတာကို ရေညှိတွေပဲ မိလာတာလား။ ပင်လယ်စာက နည်းနည်းလေးပဲ ပါတယ်"

ရှောင်ကျူးက သစ်သားပုံးထဲမှ ပင်လယ်ငါး အနည်းငယ်ကို ကြည့်ကာ စိတ်မကောင်းဖြစ်နေသည်။ သနားစရာပင်။ သွားကြားထိုးဖို့တောင် မလောက်ပေ။ ယွီလင်းကလည်း စိတ်ပျက်လက်ပျက်ဖြင့် ပိုက်ထဲမှ နောက်ဆုံးငါးကို ထုတ်ကာ ပုံးထဲသို့ ထည့်လိုက်သည်။ တစ်မနက်လုံး ပင်ပင်ပန်းပန်း လုပ်ခဲ့ရသော်လည်း ငါး (၅) ကောင်သာ မိခဲ့သည်။ ကျန်တာတွေကတော့ သူမ တစ်ခါမှမမြင်ဖူးသည့် အစိမ်းရောင် အရာများသာ ဖြစ်သည်။

"ရပါတယ်။ ငါက ရေညှိကြိုက်တယ်။ များများရလေ ပိုကောင်းလေပဲ!"

ရှောင်းကော၏ သဘောထားမှာ သူတို့နှင့် လုံးဝကွဲပြားသည်။ သူမက ရေညှိကို အလွန်ကြိုက်သည်။

ရေညှိသည် အာဟာရပြည့်ဝသည်။ ပင်လယ်မှော်မှလွဲလျှင် သူမ ရေညှိကို အကြိုက်ဆုံး ဖြစ်သည်။ စွပ်ပြုတ်ချက်ရန်၊ အသုပ်သုပ်ရန်နှင့် အစာသွပ်ရန်အတွက် အလွန်ပင် သင့်တော်လှသည်။ သူမ ဖြစ်ချင်သည့်အတိုင်းပင် ကွက်တိ ဖြစ်သွားတော့သည်။

ယွီလင်းနှင့် ရှောင်ကျူးတို့က ထိုစကားကို ကြားသောအခါ ရှောင်းကောက သူတို့ကို နှစ်သိမ့်နေသည်ဟု ထင်လိုက်ကြသည်။ သူတို့နှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ စိတ်ထဲတွင် တူညီသောအတွေး ရှိနေကြသည်။ အစ်မ ရှောင်းကောက မကြာခင် အိမ်ပြန်တော့မည်။ တစ်နေ့လုံး သက်ပြင်းချနေမည့်အစား ပျော်ပျော်ရွှင်ရွှင် လိုက်ပို့သင့်သည် မဟုတ်ပါလား။

သူတို့ကိုယ်သူတို့ ပြန်လည်အားပေးပြီးနောက် ရှောင်းကောကို ပြန်ကြည့်သောအခါ သူတို့၏ မျက်နှာတွင် ကျေနပ်ပျော်ရွှင်သော အမူအရာများ ရှိနေကြပြီ ဖြစ်သည်။

ရှောင်ကျူးက "ရေညှိက တကယ်ပဲ ပစ္စည်းကောင်းပဲနော်!" ဟု ဆိုသည်။

"ဟုတ်တယ်၊ ဟုတ်တယ်!"

ယွီလင်းကလည်း ဝင်ထောက်ခံသည်။ ထိုအစိမ်းရောင်အရာမှာ ရေညှိဖြစ်ကြောင်း ခုမှသိရသော်လည်း ၎င်းကို ချီးမွမ်းရန်အတွက်တော့ သူမ ဝန်မလေးပေ။

ရှောင်းကောက ခေါင်းငြိမ့်ပြကာ ဘေးပတ်ဝန်းကျင်မှ လူအုပ်ကို မရည်ရွယ်ဘဲ ကြည့်မိသွားသည်။

"ဘုရားရေ... ငါ ပိုက်ထဲက ပစ္စည်းတွေကို စစ်နေတာနဲ့ ပင်လယ်စာကောက်ဖို့ လွတ်သွားပြီပဲ။ ဒါက အခွင့်အရေးကောင်းကြီးပဲကို"

ရှောင်းကောက လူအုပ်ထဲသို့ ကြည့်ကာ ကျောက်ယွီယန်ကို မျက်ရိပ်ပြလိုက်သည်။ ကျောက်ယွီယန်ကလည်း ချက်ချင်းနားလည်ကာ ပင်လယ်စာများကို စကောက်တော့သည်။ တစ်ယောက်တည်း လုပ်ရန်မှာ မလောက်ငသဖြင့် ရှောင်းကောက ကျွမ်းကျွမ်းနှင့် ရှောင်ကျူးတို့ကိုပါ တိတ်တဆိတ် ဝိုင်းကူခိုင်းလိုက်သည်။ သူမကိုယ်တိုင်ကမူ ပိုက်ကို အေးအေးလူလူ သိမ်းနေဟန်ဆောင်ကာ လူအုပ်အကြည့်မှ လွတ်အောင် ဖြည်းဖြည်းချင်း ရွှေ့သွားပြီးနောက် ပင်လယ်စာများကို အပီအပြင် ကောက်ယူတော့သည်။

ဘေးပတ်ဝန်းကျင်မှ လူများမှာ ယွီလင်းက ရေညှိများကို စနစ်တကျ ခွဲခြားနေသည်ကို စိတ်လှုပ်ရှားစွာ ကြည့်နေကြတုန်းပင်။

"ဟင်း... ဒီလောက်များတဲ့ ရေညှိတွေကို ဘယ်လိုကုန်အောင် စားရမလဲ"

ယွီလင်းမှာ သူမတစ်ယောက်တည်းသာ ရေညှိများ သိမ်းဆည်းရန် ကျန်တော့သည်ကို သတိမထားမိပေ။ သူမက ရေညှိ၏ ကောင်းကျိုးများကိုလည်း တစ်ယောက်တည်း ရေရွတ်နေမိသည်။

ထိုသို့ဖြင့် ရှောင်းကောတို့ အုပ်စုမှာ ပင်လယ်စာများကို အများအပြား ရရှိလိုက်ကြသည်။ အခြားရွာသားများ ကမ်းခြေတွင် ပစ္စည်းစကောက်ရန် ပြင်ကြသောအခါ သူတို့မှာ ဆွံ့အသွားကြသည်။ ဘာမှ ကောင်းကောင်းကန်ကန် မကျန်တော့သောကြောင့် ဖြစ်သည်။ ရှောင်းကောတို့မှာတော့ ပင်လယ်စာပုံးများကို တင်ထားသော လှေကလေးကို ထမ်းကာ ပျော်ပျော်ရွှင်ရွှင်ပင် အိမ်သို့ ပြန်လာခဲ့ကြသည်။

အိမ်အပြန်လမ်းတွင် ရွာသူကြီးဝမ်နှင့် ရွာသားတစ်ဦးတို့ တံခါးဝတွင် စောင့်နေသည်ကို တွေ့လိုက်ရသည်။ သူတို့ဘေးတွင် မြင်းရထားတစ်စီး ရပ်ထားသည်။ ပျော်ရွှင်နေသော အငွေ့အသက်များ ချက်ချင်း ပျောက်ကွယ်သွားသည်။ အဘယ်ကြောင့်ဆိုသော် ရှောင်းကော ထွက်ခွာရမည့်အချိန် ရောက်ပြီဖြစ်ကြောင်း အားလုံး သိလိုက်ကြသောကြောင့် ဖြစ်သည်။

ကျွမ်းကျွမ်းမှာလည်း တစ်ခုခု ထူးခြားနေသည်ကို သိသဖြင့် သူ၏ အပြုံးကို ရုပ်သိမ်းကာ လှေကလေးကို တိတ်တဆိတ် ဝိုင်းသယ်ပေးသည်။

"သခင်မ... ကျွန်တော်တို့ အခု ထွက်လို့ရပါပြီ။"

ရွာသူကြီးက ရှေ့သို့တိုးကာ မှုန်မှိုင်းနေသော ပတ်ဝန်းကျင်ကို ဖြတ်၍ ပြောလိုက်သည်။

"ကောင်းပါပြီ၊ ပစ္စည်းတွေ သိမ်းပြီးရင် ထွက်ခဲ့ပါ့မယ်။"

ရှောင်းကောက ပြုံးလျက် ပြန်ဖြေလိုက်သည်။

လှေကလေးကို ခြံထဲရှိ ဘေးကင်းသော နေရာတွင် ထားပြီးနောက် ပင်လယ်စာများကို ဝေခဲ့သည်။

"အစ်မ ရှောင်းကော... ဒါတွေအားလုံး သယ်သွားပါလား။ ကျွန်မတို့က စားချင်တဲ့အချိန် အချိန်မရွေး ဖမ်းလို့ရတာပဲ။"

ရှောင်ကျူးက ပုံးသုံးပုံးလုံးကို မြင်းရထားပေါ် တင်ပေးချင်သော်လည်း ရှောင်းကောက တားလိုက်သည်။

"အစ်မ အများကြီး မလိုပါဘူး။ ရေညှိတွေ အများကြီးပါတဲ့ ဒီပုံးတစ်ပုံးပဲ ပေးပါ။"

ရှောင်းကောအတွက်တော့ ရေညှိက ပင်လယ်စာထက် ပို၍ ဆွဲဆောင်မှု ရှိနေသည်။

"မဖြစ်ပါဘူး၊ ရေညှိက ပင်လယ်စာလောက် မကောင်းဘူးလေ။"

ထိုသို့ဖြင့် သူတို့ သုံးဦးမှာ ပုံးအားလုံးကို မြင်းရထားပေါ်သို့ အတင်းတင်ကြပြန်သည်။

ထိုအခါ ရှောင်းကောက ပင်လယ်စာအပြည့်ပါသော ပုံးတစ်ပုံးကို သူတို့အတွက် ချန်ထားပေးခဲ့ပြီး သူမအတွက်မူ ရေညှိပါသော ပုံးနှစ်ပုံးကိုသာ ယူလိုက်သည်။

"ကဲ... တော်ပြီ၊ တော်ပြီ။ ထပ်ပြီး ငြင်းမနေကြနဲ့တော့။ ဒါကို ရှင်တို့ပဲ ယူထားပါ။ မပုပ်ခင် မြန်မြန်ကုန်အောင် စားကြနော်။ နောက်လည်း ခဏခဏ လာမှာပါ။ အဲဒီကျရင် အတူတူ ပင်လယ်စာတွေ ထပ်ဖမ်းကြတာပေါ့"

သူတို့ သုံးဦးမှာ ရှောင်းကော၏ စကားကို ကြားသောအခါ ပြုံးလိုက်ကြသည်။ ရှောင်ကျူးနှင့် ယွီလင်းတို့မှာ ငယ်ရွယ်သူများဖြစ်သဖြင့် မျက်ရည်များ ချက်ချင်း ဝဲလာကြသည်။ ကျောက်ယွီယန်မှာမူ စိတ်လှုပ်ရှားမှုကို ထိန်းထားသော်လည်း သူမ၏ ကျန်းမာရေး အခြေအနေကြောင့် ဤတစ်ခေါက် ခွဲခွာပြီးလျှင် ပြန်ဆုံနိုင်ပါဦးမည်လားဟု တွေးတောနေမိသည်။

"ကဲ... မငိုကြနဲ့တော့။ လိမ္မာအောင်နေပြီး ကျန်းကျန်းမာမာ နေကြနော်။ အစ်မ ခဏခဏ လာလည်မယ်လို့ ကတိပေးပါတယ်။"

ရှောင်းကောက မျက်ရည်ဝဲနေသော မိန်းကလေးနှစ်ဦးကို ဖက်ကာ နှစ်သိမ့်ပေးလိုက်သည်။

နေမဝင်မီ အိမ်အရောက် ပြန်ချင်သဖြင့် ရှောင်းကောမှာ အချိန်မဆွဲရဲပေ။ မိန်းကလေးနှစ်ဦးကို နှစ်သိမ့်ပြီးနောက် အထုတ်ဆွဲကာ ထွက်ခွာရန် ပြင်ခဲ့သည်။ မထွက်ခွာမီ ရှောင်းကောက ကျောက်ယွီယန်ကို ကြည့်လိုက်သည်။ သူတို့နှစ်ဦးမှာ စကားမဆိုဘဲ ခေါင်းငြိမ့်ကာ နှုတ်ဆက်လိုက်ကြသည်။ ကျောက်ယွီယန် နောက်တစ်ခါ ပြန်လာချိန်အထိ ရှိနေပါဦးမလားဆိုသည်ကို ရှောင်းကောလည်း မသေချာပေ။

ထိုသို့တွေးမိသောအခါ ရှောင်းကော စိတ်မကောင်းဖြစ်ရသည်။ မျက်ရည်များ ပြန်ကျလာမည် စိုးသဖြင့် ချက်ချင်းသုတ်ကာ မြင်းရထားပေါ် တက်လိုက်သည်။ ကျွမ်းကျွမ်းကလည်း အခြားသူများကို နှုတ်ဆက်နေသည်။ နောက်ဆုံးတွင် သူက ကျောက်ယွီယန်ကို လေးလေးနက်နက် ခေါင်းငြိမ့်ပြရာ သူမထံမှ အပြုံးတစ်ခု ရရှိလိုက်သည်။ ထိုအခါမှ သူသည် မျက်နှာလေး နီမြန်းကာ မြင်းရထားထဲသို့ ဝင်လာတော့သည်။

"ကျွန်မတို့ သွားပြီနော်! ဘာကိစ္စပဲရှိရှိ လာရှာလို့ ရတယ်၊ ကျွန်မ ချက်ချင်း လာခဲ့မယ်!"

ရှောင်းကောက မြင်းရထားထဲမှ ကိုယ်ကို အပြင်သို့ ထုတ်ကာ စိုးရိမ်တကြီး မှာကြားခဲ့သေးသည်။

"နားလည်ပါပြီ!"

ရှောင်ကျူးနှင့် ယွီလင်းတို့မှာ ရှိုက်သံများကို အသာထိန်းကာ ရှောင်းကော ထွက်ခွာသွားသော ဘက်သို့ လက်ဝေ့ယမ်း နှုတ်ဆက်နေကြသည်။

ကျောက်ယွီယန်က မြင်းရထားလေး ဝေးရာသို့ ထွက်ခွာသွားသည်ကို ကြည့်ကာ မျက်လုံးများ မှေးမှိန်သွားပြီး စိတ်ထဲမှ တိုးတိုးလေး နှုတ်ဆက်လိုက်သည်။

"နှုတ်ဆက်ခဲ့ပါတယ်..."

မြင်းရထားပေါ်တွင် ကျွမ်းကျွမ်းက ရှောင်းကောကို လှမ်းခေါ်ခဲ့သည်။ ရှောင်းကောက သူ မခွဲနိုင်ဖြစ်နေသည်ဟု ထင်ကာ နှစ်သိမ့်ရန် ပြင်လိုက်သော်လည်း ကျွမ်းကျွမ်းက "အမေ... အဒေါ်ယွီယန်က အမေ့ကို ပေးခိုင်းလိုက်တဲ့ အရာတစ်ခု သားအိတ်ထဲမှာ ရှိတယ်" ဟု ဆိုသည်။

"အဒေါ်ယွီယန်က ပေးခိုင်းလိုက်တာလား?"

ရှောင်းကော စပ်စုချင်သွားသည်။ ဘာလို့ သူမကို ကိုယ်တိုင်မပေးဘဲ ကျွမ်းကျွမ်းကို ပေးခိုင်းရသနည်း။

ကျွမ်းကျွမ်းက အိတ်ထဲမှ အဝတ်နှင့် ထုပ်ထားသော လက်ဖဝါးခန့် အရွယ်အစားရှိသည့် အရာတစ်ခုကို ထုတ်ပေးသည်။ ရှောင်းကော ကိုင်ကြည့်သောအခါ ကျောက်ခဲတစ်ခဲကဲ့သို့ ခံစားရသည်။

"ဒါကြောင့် သားက ကိုယ့်အိတ်ကိုယ် သိမ်းမယ်လို့ ဇွတ်ပြောနေတာကိုး။ လျှို့ဝှက်ချက်လေး ဝှက်ထားတာပဲ"

ကျွမ်းကျွမ်းက ရှက်ကိုးရှက်ကန်း ပြုံးကာ "အဒေါ်ယွီယန်က အမေ့ကို မပြောခိုင်းဘူးလေ။ ဒါက အံ့အားသင့်စရာဖြစ်အောင် အမေ ထွက်သွားတော့မှ ပေးပါတဲ့။ ဒါက ယောကျ်ားလေးတစ်ယောက်အနေနဲ့ သား ပေးထားတဲ့ ကတိပဲလေ!" ဟု ဆိုသည်။

ရှောင်းကောက အဝတ်ကို အမြန်ဖြေကြည့်လိုက်သောအခါ သူမ တစ်ချိန်က မေ့လျော့နေခဲ့ပြီး တမ်းတခဲ့ဖူးသော 'အလင်းထွက်ကျောက်' ဖြစ်နေသည်!

"ဒါကို အဒေါ်ယွီယန်က သားကို ဘယ်တုန်းက ပေးတာလဲ?"

"မနေ့က မွန်းလွဲပိုင်းမှာ ပေးတာပါ"

"သူမ ဘာများ မှာလိုက်သေးလဲ?"

ကျွမ်းကျွမ်းက သေသေချာချာ စဉ်းစားပြီးမှ "တခြားတော့ ဘာမှ မပြောပါဘူး။ ဒါက သူ ဟိုးအရင်ထဲက သိမ်းထားတဲ့ ပစ္စည်းတဲ့။ အမေ့ကို မစိုးရိမ်နဲ့၊ ယူထားလို့ ရပါတယ်လို့ပဲ ပြောတယ်"

ရှောင်းကော သက်ပြင်းတစ်ချက် ချလိုက်သည်။ ရှေးရှေးတုန်းကတည်းက ဆိုလျှင် ကျွန်းပေါ်တွင် မြေအောက်ခန်း ဆောက်နေစဉ်ကတည်းက သူမ တိတ်တဆိတ် ဝှက်ထားခဲ့ခြင်း ဖြစ်နိုင်လား။ ဒါကို သူမ ယူထားသင့်လား။ ရှောင်းကော ဝေခွဲမရ ဖြစ်နေသည်။ ဒါက နိုင်ငံပိုင်ပစ္စည်း ဖြစ်သဖြင့် သူမ မယူသင့်ပေ။ သို့သော် ညဘက်တွင် သူမဘာသာ သုံးမည်ဆိုလျှင် မည်သူမှ သိမည် မဟုတ်သလို၊ ကျောက်ခဲလေး တစ်လုံးသာ ဖြစ်သဖြင့် အဆင်ပြေနိုင်ပါသည်။

သေချာ စဉ်းစားပြီးနောက် ရှောင်းကောမှာ စိတ်အေးလက်အေးဖြင့် လက်ခံလိုက်သည်။

ဤခရီးစဉ်မှာ တကယ်ကို အကျိုးအမြတ်များလှပေသည်။

All Chapters