← Chapters

အခန်း (၃၈၀)

Vol. 26 Ch. 280

အခန်း (၃၈၀)

Vol. 26 Ch. 280

ချင်းရှောင်းကောသည် လမ်းတစ်လျှောက်လုံး နှုတ်ခမ်းမစေ့နိုင်အောင် ဖြစ်နေသည်။ ပျော်ရွှင်နေသော ကျွမ်းကျွမ်းမှာလည်း ပို၍ပင် ပျော်ရွှင်နေတော့သည်။

ရှောင်းကောသည် သူမ မျှော်လင့်ထားသည်ထက် ပိုမြန်ဆန်စွာ အိမ်သို့ ပြန်ရောက်ခဲ့သည်။ နေဝင်ပြီးမှသာ အိမ်ရောက်မည်ဟု သူမ ထင်ထားသော်လည်း၊ နေဝင်ဆည်းဆာ အလှကို မြင်ရသည်နှင့်တစ်ပြိုင်နက် မြင်းရထားသည် မက်မွန်ပွင့်ရွာအတွင်းသို့ ဆိုက်ရောက်လာခဲ့သည်။

ရထားထဲတွင် ထိုင်နေသော ရှောင်းကောသည် ရုတ်တရက် ရထားတုန်ခါသွားသည်ကို ခံစားလိုက်ရသော်လည်း စက္ကန့်ပိုင်းအတွင်း ပြန်လည်တည်ငြိမ်သွားသည်။

မြင်းရထားမောင်းသူက "လမ်းအလယ်မှာ ထင်းခွေပုံကြီး ထမ်းပြီး လမ်းလျှောက်လာတဲ့ ရွာသားတစ်ယောက်နဲ့ တိုးမိမလို့မို့လို့ ရထားကို ဘေးကနေ ကွေ့မောင်းလိုက်တာပါ" ဟု ရှင်းပြသည်။

"အင်းအင်း..."

ရှောင်းကောက အလေးအနက်မထားဘဲ အေးအေးလူလူပင် ပြန်ထူးလိုက်သည်။

ထိုအချိန်တွင် အချို့လူများမှာ အိမ်၌ ထမင်းချက်နေကြပြီး၊ အချို့မိသားစုများမှာမူ ထမင်းစားပြီး၍ အိမ်ရှေ့တွင် စကားပြောနေကြသည်။ မြင်းရထား ရောက်ရှိလာမှုသည် ရွာသားများ၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။ သူတို့သည် ရထားထဲတွင် မည်သူပါလာသနည်းဟု စူးစမ်းကြည့်ကြသော်လည်း၊ ရှောင်းကောသည် လူအာရုံစိုက်မခံရစေရန် လိုက်ကာကို မဖွင့်ဘဲ အိမ်ရှေ့အရောက်အထိ ငြိမ်သက်စွာ လိုက်ပါလာခဲ့သည်။

မြင်းရထားသည် အိမ်ရှေ့တွင် ရပ်လိုက်သည်။ ရှောင်းကော၏ ခြေထောက် မြေကြီးပေါ်ထိသည်နှင့်တစ်ပြိုင်နက် အိမ်ထဲမှ ခွေးလေးများက ဟောင်တော့သည်။ အိမ်ရှိ အခြားတိရစ္ဆာန်များကလည်း အသံစုံ အော်ကြလေသည်။ သူတို့၏ သခင် ပြန်ရောက်လာပြီဖြစ်ကြောင်း သိသည့်အလား အုတ်အုတ်ကျက်ကျက် ဖြစ်နေကြတော့သည်။

ဒါကို ကြားလိုက်ရသောအခါ ရှောင်းကောနှင့် ကျွမ်းကျွမ်းတို့မှာ မျက်ရည်ပင် ဝဲသွားကြသည်။ 'ရွှေအိမ် ငွေအိမ်ထက် ကိုယ့်အိမ်က အမြတ်ဆုံး' ဆိုသည်မှာ တကယ်ပင် မှန်လှသည်။

ရှောင်းကောသည် ရထားပေါ်မှ ဆင်းပြီးနောက် ကျွမ်းကျွမ်းကို ကူတွဲဆင်းပေးလိုက်သည်။ သူမက သော့ထုတ်ပေးကာ "တံခါးကို ခဏနေမှ ဖွင့်ရအောင်။ မဟုတ်ရင် ခွေးတွေ ဝုန်းကနဲ ထွက်လာပြီး တစ်ယောက်ယောက်ကို လန့်သွားစေလိမ့်မယ်" ဟု ပြောလိုက်သည်။ အချိန်အတော်ကြာ မတွေ့ရသဖြင့် ခွေးလေးများ အလွန်စိတ်လှုပ်ရှားကာ အပြင်သို့ ပြေးထွက်ပြီး လူကို လန့်အောင်လုပ်မည်ကို သူမ စိုးရိမ်ခြင်း ဖြစ်သည်။

ကျွမ်းကျွမ်းက "နားလည်ပါပြီ!" ဟု ပျော်ရွှင်စွာ ခေါင်းငြိမ့်ပြပြီး တံခါးဝတွင် စောင့်နေသည်။ ရှောင်းကောက ရထားပေါ်မှ ပစ္စည်းများကို ချရန် ပြင်သည်။

သူမအတွက် အဆင်မပြေဖြစ်နေသည်ကို မြင်သောအခါ လိုက်ပို့ပေးသော ရွာသားက သစ်သားပုံးများကို ကူချပေးခဲ့သည်။

"ကျေးဇူးတင်ပါတယ်ရှင်။"

ရှောင်းကောသည် ပုံးများကို မနိုင်သော်လည်း လက်ထဲတွင် အိတ်တစ်အိတ် ပါနေသဖြင့် ချရန် အနည်းငယ် ခက်ခဲနေခြင်း ဖြစ်သည်။ ကူညီမည့်သူ ရှိနေသဖြင့် ကံကောင်းသွားသည်။

"ရပါတယ်ဗျာ။ တခြား ဘာမှမရှိတော့ရင် ကျွန်တော် သွားတော့မယ်။"

ထိုရွာသားသည် ရိုးသားသူတစ်ဦးဖြစ်ပြီး ဤခရီးစဉ်အပြင် အခြားပြီးအောင် လုပ်ရမည့် အလုပ်များလည်း ရှိသေးသည်။ အချိန်မရှိသဖြင့် သူသည် နားမနေဘဲ ချက်ချင်း ပြန်ရန် ပြင်သည်။

"ဟို... နေပါဦး။"

ရှောင်းကောက သူ့ကို တားကာ စိုးရိမ်တကြီး ပြောလိုက်သည်။

"မှောင်တော့မယ်လေ။ အခုမှ ပြန်ရင် နောက်မကျလွန်းဘူးလား? ဒီမှာပဲ တစ်ည အနားယူပြီး မနက်မှ ပြန်ပါလား။"

"ရပါတယ်၊ ကျွန်တော် ဒီနေ့ တံငါရွာကို ပြန်မှာ မဟုတ်ဘူး။"

ထိုရွာသားက ရယ်လျက် "မြို့နယ်ထဲမှာပဲ တစ်ည အိပ်လိုက်မယ်။ မနက်ကျရင် နှံစားသီးနှံအချို့ ဝယ်ဖို့ ရှိသေးလို့ပါ" ဟု ဆိုသည်။

ရှောင်းကောက နေမင်းကို ကြည့်လိုက်သောအခါ အချိန်ရသေးသည်ကို တွေ့ရသည်။ နေဝင်ဆည်းဆာ အလင်းတန်းများက မြေပြင်ပေါ်သို့ ဖြာကျနေသည်။ သူ အခုသွားလျှင် မြို့သို့ မကြာခင် ရောက်နိုင်မည် ဖြစ်သည်။

"ဒါဆိုရင်တော့ ဂရုစိုက်သွားပါဦး။"

"ဟုတ်ကဲ့ဗျာ..."

ရွာသားသည် ရထားပေါ်သို့ ပြန်တက်ကာ နှင်တံကို ဝေ့ယမ်းပြီး ထွက်ခွာသွားတော့သည်။

ကျွမ်းကျွမ်းသည် ရထားထွက်သွားသည်ကို ကြည့်ပြီးမှ သော့ဖြင့် တံခါးဖွင့်လိုက်သည်။ ရှောင်းကော အိမ်ထဲသို့ ဝင်ရန် ပြင်စဉ်မှာပင် အမျိုးသမီးယန်၏ အိမ်တံခါး ပွင့်လာခဲ့သည်။

"အို... ရှောင်းကော၊ ကျွမ်းကျွမ်းတို့ ပြန်လာကြပြီပဲ!"

"မြန်မြန်... မြန်မြန်လာစမ်း။ ရှောင်းဟူ၊ စားနေတာ ရပ်လိုက်တော့။ ကျွမ်းကျွမ်း ပြန်ရောက်လာပြီဟေ့!"

ယန်အမျိုးသမီးသည် လက်ထဲတွင် ပေါက်စီတစ်လုံးကို ကိုင်လျက် စိတ်လှုပ်ရှားစွာ အော်ဟစ်ရင်း ရှောင်းကောထံသို့ ပြေးလာသည်။

"မမလေး... ဖြည်းဖြည်း လာပါဦး..."

ရှောင်းကောက အမျိုးသမီးယန်၏ ဗိုက်ကို ကြည့်ပြီး ထိတ်ထိတ်လန့်လန့် ပြောလိုက်ရသည်။ သူမ၏ အော်ဟစ်သံကို ကြားရသည်မှာ လွမ်းစရာလည်း ကောင်းသလို ရယ်လည်း ရယ်ချင်စရာ ဖြစ်သည်။ ဗိုက်က အတော်လေး ပူနေပြီဖြစ်သော်လည်း သူမက ခုန်ပေါက်ပြေးလွှားနေဆဲပင်။

"အမလေး... ညည်းကို သတိရလိုက်တာ!"

အမျိုးသမီးယန်သည် ရှောင်းကောကို ဖက်ကာ ရယ်မောငိုကြွေးရင်း အပြစ်တင်တော့သည်။ ရှောင်းကော တစ်ယောက် အဝေးသို့ အကြာကြီး သွားနေပြီး ပျော်လွန်းသဖြင့် သူတို့ကို လုံးဝ မေ့သွားသည်ဟု ညည်းတွားနေတော့သည်။

အမျိုးသမီးယန်သည် ငိုနေရင်းနှင့်ပင် လက်ထဲမှ ပေါက်စီကို ပါးစပ်ထဲသို့ အတင်းထိုးထည့်ရန်လည်း မမေ့ပေ။ ဒါကို မြင်သောအခါ ရှောင်းကောမှာ ဆွံ့အသွားရသည်။ မတွေ့ရသည်မှာ အတန်ကြာပြီဖြစ်ရာ သူမ၏ အစားအသောက် အာသီသမှာ ပို၍ပင် ကြီးထွားလာပုံရသည်။

"မမလေး... ကျွန်မလည်း သတိရပါတယ်..."

ရှောင်းကောသည် သူမကို ခပ်ဖွဖွလေးသာ ပြန်ဖက်ရဲသည်။ အမျိုးသမီးယန်ကဲ့သို့ သူမက အားမပါရဲပေ။ ဗိုက်ကို ထိခိုက်မည် စိုးသဖြင့် သူမ၏ ကျောကိုသာ ဂရုတစိုက် ပုတ်ပေးနေမိသည်။ ရှောင်းကော အဝေးသို့ မသွားမီက အမျိုးသမီးယန်၏ ဗိုက်မှာ ဤမျှ မကြီးသေးပေ။

အမျိုးသမီးယန် ငိုယိုအပြစ်တင်နေစဉ်မှာပင် ရှောင်းဟူနှင့် ရှောင်းဟွာတို့ အိမ်ထဲမှ ပြေးထွက်လာကြသည်။ တံခါးဖွင့်ရုံရှိသေးသော ကျွမ်းကျွမ်းကို ထိုနှစ်ယောက်က အတင်းဝင်လုံးကြသဖြင့် အားလုံး မြေကြီးပေါ်တွင် လူးလှိမ့်နေကြတော့သည်။

"ကျွမ်းကျွမ်း... ကျွမ်းကျွမ်း၊ အစ်ကိုရှောင်းဟူ မင်းကို အရမ်း သတိရတာပဲ..."

"ကျွမ်းကျွမ်း... အစ်မ ရှောင်းဟွာလည်း ဖက်ချင်တယ်..."

"ဟင်? မင်းက ဝလာသလိုပဲနော်။"

"ဟုတ်ပ၊ ဟုတ်ပ။"

ကျွမ်းကျွမ်းသည် အသက်ရှူပေါက်ရအောင် သူတို့နှစ်ယောက်ကို အတင်းတွန်းဖယ်လိုက်ရသည်။ သူ အသက်ကို ပြင်းပြင်းရှူကာ "အစ်ကိုရှောင်းဟူ၊ အစ်မရှောင်းဟွာ၊ ကျွန်တော်လည်း သတိရပါတယ်!" ဟု ပြောလိုက်သည်။

ရှောင်းဟူက ထိုစကားကို ကြားသောအခါ ဝမ်းနည်းသလို ဖြစ်သွားပြီး နှုတ်ခမ်းဆူကာ မျက်တောင်တဖျပ်ဖျပ်နှင့် ငိုတော့သည်။

"မင်းတို့ အကြာကြီး သွားနေတော့ ငါ့မှာ ပျင်းလိုက်တာ... ကစားဖော်လည်း မရှိ၊ စကားပြောဖော်လည်း မရှိနဲ့၊ အရမ်း ခံစားရတာပဲ..."

သားအမိနှစ်ယောက်မှာ တကယ်ကို တစ်ပုံစံတည်းပင်။ ရှောင်းဟူနှင့် အမျိုးသမီးယန်တို့သည် ပြိုင်တူပင် စကားပြောနေကြတော့သည်။

ရှောင်းဟူ စကားမဆုံးခင်မှာပင် အမျိုးသမီးယန်က ဆက်ပြောသည်။

"နင် အကြာကြီး သွားနေတော့ ငါ့မှာ ပျင်းလိုက်တာ... ကစားဖော်လည်း မရှိ၊ စကားပြောဖော်လည်း မရှိနဲ့၊ အရမ်း ခံစားရတာပဲ..."

"နေပါဦး!"

ကျွမ်းကျွမ်းနှင့် ရှောင်းကောတို့ အဝေးမှနေ၍ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့သားအမိက ဘယ်လိုတောင် တစ်သားတည်း ကျနေရသနည်း။

သားအမိနှစ်ယောက်၏ မွန်းကြပ်လွန်းသော အချစ်များကြားတွင် မေ့လဲတော့မည့်ဆဲဆဲမှာပင်၊ အိမ်ထဲမှ ထွက်လာသော ယန်ဖုန်းနှင့် ယန်ကျားတို့က သူတို့ကို ကယ်တင်လိုက်ကြသည်။ ယန်ဖုန်းက သူဆွဲထုတ်လိုက်သော ဇနီးသည်ကို ကြည့်ကာ "တို့မိသားစုတော့ ဒီစကားတွေကို နားပူနေပြီ" ဟု အားနာစွာ ပြောသည်။

ရှောင်းကောက သူ့ကို ကြည့်လိုက်သည်။ ပထမတော့ သူဘာပြောသည်ကို သူမ နားမလည်သော်လည်း၊ နောက်မှ အမျိုးသမီးယန် ပြောနေကျ စကားများကို ဆိုလိုခြင်းဖြစ်ကြောင်း သတိရသွားသည်။

ယန်ကျားက ရှောင်းဟူကို ဆွဲထုတ်ရင်း ဝင်ပြောခဲ့သည်။ "မရီးနဲ့ ရှောင်းဟူက မင်းတို့သွားကတည်းက တစ်နေ့ကို အဲဒီစကားကို အကြိမ်ရှစ်ရာလောက် ပြောနေတာ။ ကျွန်တော်တို့ နားထဲမှာ အသားမာတွေတောင် တက်နေပြီ"

"ဒီညီအစ်ကိုနှစ်ယောက်လည်း တစ်ယောက်ကိုတစ်ယောက် ကောင်းကောင်း သိနေကြတာပဲ" ဟု ရှောင်းကောနှင့် ကျွမ်းကျွမ်းတို့ ရယ်မောလိုက်ကြသည်။ အုပ်စုထဲတွင် တစ်ဦးတည်းသော တည်ငြိမ်သူ ရှောင်းဟွာမှာမူ ခေါင်းယမ်းနေတော့သည်။

အတော်လေး ကြာမှ အမျိုးသမီးယန်နှင့် ရှောင်းဟူတို့ စိတ်ငြိမ်သွားကြသည်။

"ခုနက ထမင်းစားနေတုန်း အပြင်မှာ အုတ်အုတ်ကျက်ကျက် ဖြစ်နေလို့လေ။ မင်းအစ်ကို တိရစ္ဆာန်တွေကို အစာကျွေးနေတာပဲ ထင်နေတာ" အမျိုးသမီးယန်က ပေါက်စီကို ကုန်အောင်စားပြီးမှ ပြောလိုက်သည်။

"ကျွန်မ အစ်ကို အိမ်မှာ ရှိလား?"

ရှောင်းကောက အံ့သြတကြီး မေးရင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

"သူ ဘယ်မှာလဲ?"

"ရှောင်းကော! ရှောင်းကော! ကျွမ်းကျွမ်း! ကျွမ်းကျွမ်း!"

ရှောင်းကော စကားဆုံးသည်နှင့်တစ်ပြိုင်နက် ချင်းအန်းမင်၏ အားမရှိသော အသံကို အဝေးမှ ကြားလိုက်ရသည်။ ယန်အမျိုးသမီးက အပြင်ဘက်တွင် ရပ်နေသဖြင့် ချင်းအန်းမင်ကို အရင်ဆုံး မြင်လိုက်ရသည်။

မြင်လိုက်ရသည်မှာ အသေးအကြီး စုံလင်လှသော ထင်းချောင်းပုံကြီးတစ်ခု သူတို့ထံသို့ ပြေးလာနေခြင်း ဖြစ်သည်။ ဟုတ်ပါသည်၊ ထင်းပုံကြီးက ပြေးလာနေခြင်း ဖြစ်သည်။ သေသေချာချာ ကြည့်လိုက်သောအခါမှ ထင်းပုံကြားထဲတွင် ဝှက်နေသော ဖြူဖွေးသည့် သွားများပါသည့် ခေါင်းတစ်ခုကို တွေ့ရသည်။

ရှောင်းကော၏ ပထမဆုံး တုံ့ပြန်မှုမှာ စိတ်သက်သာရာရသွားခြင်း ဖြစ်သည်။ ချင်းအန်းမင်သည် သူမ မှာထားသည့်အတိုင်း သွားများကို သေသေချာချာ တိုက်ပြီး ဂရုစိုက်နေပုံရသည်။

ချင်းအန်းမင်သည် ရှောင်းကောကို မြင်သောအခါ ငိုချင်သွားသည်။ ပထမအချက်မှာ သူမကို သတိရခြင်းဖြစ်ပြီး၊ ဒုတိယအချက်မှာ ဤကာလအတွင်း သူသည် မလွယ်ကူလှသောကြောင့် ဖြစ်သည်။ ညနေပိုင်း ထမင်းချက်ရန် ပြင်သောအခါ အိမ်တွင် ထင်းကုန်နေသဖြင့် သူ ထွက်ခွေခြင်း ဖြစ်သည်။

တောင်နောက်ဘက်တွင် ထင်းခွေရန် စီစဉ်ထားသော်လည်း လွန်ခဲ့သော ရက်အနည်းငယ်က ထိုနေရာတွင် မြွေများ တွေ့ရသည်ဟု ရွာသားများက ပြောသဖြင့် သူ နေရာပြောင်းလိုက်ရသည်။ သူသည် တွားသွားသတ္တဝါများကို တကယ်ပင် ကြောက်တတ်သူ ဖြစ်သည်။

ထင်းခွေပြီးအပြန် လမ်းတွင် မြင်းရထားတစ်စီးနှင့် တိုးသည်။ သူက လမ်းဖယ်ပေးရန် ပြင်သော်လည်း ရထားမောင်းသူကလည်း သူနှင့် တစ်ဖက်တည်းသို့ ကွေ့လိုက်သဖြင့် သူ ထိတ်လန့်သွားခဲ့သည်။ သူ ပင်ပင်ပန်းပန်း ခွေထားသော ထင်းများ မြေပေါ်သို့ ပြုတ်ကျကုန်သည်။ သူက မြေပေါ်မှ ထင်းများကို ကုန်းကောက်နေစဉ် နောက်မှလာသော မြင်းရထားကို မေ့သွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် မြင်းရထားမောင်းသူမှာ ကျွမ်းကျင်သဖြင့် အချိန်မီ ကွေ့လိုက်နိုင်ခြင်း ဖြစ်သည်။ မဟုတ်ပါက မြင်းခွာများက သူ့ကို နင်းသွားမည်မှာ အသေအချာပင်။

All Chapters