← Chapters

အခန်း (၃၈၁)

Vol. 26 Ch. 381

အခန်း (၃၈၁)

Vol. 26 Ch. 381

ထိုအချိန်တွင် ချင်းအန်းမင်သည် တရှုံ့ရှုံ့ငိုနေတော့သည်။ သူ၏ ချစ်စရာကောင်းသော ညီမလေးနှင့် ဝဖြိုးသော တူလေးကို နောက်တစ်ခါ ပြန်မတွေ့ရတော့ဘူးဟု သူ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

သူ ပင်ပင်ပန်းပန်း စုဆောင်းထားသော ထင်းများကို ပစ်ချကာ ချင်းရှောင်းကောထံသို့ စိတ်လှုပ်ရှားစွာ ပြေးလာပြီး သူမကို တင်းကျပ်စွာ ဖက်လိုက်သည်။

"နောက်ဆုံးတော့ နင် ပြန်လာပြီပေါ့။ ငါ နင့်ကို အရမ်းသတိရနေတာ!"

ချင်းရှောင်းကောမှာ သူ ဤမျှအထိ တုံ့ပြန်လိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူမ၏ ရင်ထဲတွင် လှိုက်တက်လာကာ သူမလည်း သူ့ကို ပြန်ဖက်ပြီး သတိရကြောင်း ပြောရန် ပြင်လိုက်စဉ်မှာပင်၊ သူသည် သူမကို သနားညှာတာမှုမရှိဘဲ လွှတ်လိုက်ပြီး ကျွမ်းကျွမ်းထံသို့ ပြေးသွားတော့သည်။

သူမမှာ ကြားစခန်း ဘူတာရုံတစ်ခုကဲ့သို့ ခံစားလိုက်ရပြီး၊ တစ်ဖက်လူမှာ ခဏသာ ရပ်နားသွားခြင်း ဖြစ်သည်။ သူ၏ ပန်းတိုင်မှာ နောက်ဆုံးဘူတာဖြစ်သော ကျွမ်းကျွမ်းသာ ဖြစ်သည်။ ရှောင်းကော၏ ဆန့်တန်းထားသော လက်များမှာ လေထဲတွင် ကို့ယို့ကားယား ကျန်ရစ်ခဲ့သည်။ ဘယ်သူမှ မကြည့်ခင် သူမ၏လက်ကို အမြန်ပြန်ချလိုက်ပြီး ချင်းအန်းမင်၏ နောက်စေ့ကို မျက်စောင်းထိုး ကြည့်လိုက်သည်။

"ဦးလေး..."

"ကျွမ်းကျွမ်း..."

"ချစ်တဲ့ ဦးလေးကြီး..."

"ငါ့ရဲ့ တူရတနာလေး..."

သူတို့၏ စကားပြောသံများမှာ ချွဲနွဲ့နေရုံတင်မကဘဲ အပြုအမူများကလည်း ပို၍ပင် ပြင်းထန်နေသေးသည်။ စကားပြောနေရင်း သူတို့၏ ပါးချင်းမှာလည်း အမြဲ ပွတ်တိုက်နေကြသည်။

ဒါကို ကြည့်နေသော ကျန်တဲ့လူများမှာ ကြက်သီးတဖြန်းဖြန်း ထသွားကြသည်။ သူတို့သည် တိတ်တဆိတ် နောက်ဆုတ်ကာ ထိုသားအမိ (ဦးလေးနှင့်တူ) ထံမှ အကွာအဝေးတစ်ခု ထားလိုက်ကြသည်။

ရှောင်းကောမှာ ဤမြင်ကွင်းကို ကြည့်ရန်ပင် စိတ်မရှည်တော့ပေ။ သူမကတော့ တစ်ခါပဲ ဖက်တာ ခံရပြီး ကျွမ်းကျွမ်းမှာမူ အနမ်းပေါင်းများစွာနှင့် အဖက်ခံနေရသည်။ ထို့အပြင် သူက ထိုကလေးကို ဘယ်လောက်တောင် သတိရကြောင်း တဖွဖွ ပြောနေသေးသည်။ ဘာကြောင့် ဆက်ဆံရေးက ဒီလောက်တောင် ကွာခြားနေရသနည်း။

အမျိုးသမီးယန်က နှုတ်ခမ်းသပ်ကာ ကြည့်ရသည်မှာ ပျင်းစရာကောင်းလာပြီဟု တွေးလိုက်သည်။ သူမက ယန်ဖုန်းကို မျက်ရိပ်ပြကာ နှစ်ယောက်သား အိမ်ပြန်ရန် ပြင်ကြသည်။ ယန်ကျားမှာလည်း ရှောင်းဟူ၊ ရှောင်းဟွာတို့နှင့်အတူ မပြတ်နိုင်ဘဲ ထွက်ခွာသွားကြသည်။

ရှောင်းကောသည် သူမ၏ အိတ်ကိုကောက်ကိုင်ကာ ချင်းအန်းမင်နှင့် ကျွမ်းကျွမ်းတို့ကို ကျော်ဖြတ်လျှောက်သွားခဲ့သည်။ သူတို့ကို ထပ်မကြည့်ချင်တော့သဖြင့် တံခါးဖွင့်ကာ အိမ်ထဲသို့ ဝင်သွားတော့သည်။ တံခါးဖွင့်လိုက်သည်နှင့် ခွေးလေးနှစ်ကောင်က သူမကို ခုန်အုပ်ကြသည်။ ရှောင်းကောက သူတို့ခေါင်းကို ပွတ်ပေးလိုက်သည်။ နောက်တစ်ခဏတွင် ခွေးလေးများသည် အပြင်မှာရပ်နေသော ကျွမ်းကျွမ်းကို မြင်သွားပြီး သူ့ထံသို့ ပြေးသွားကြပြန်သည်။

ရှောင်းကော သက်ပြင်းချလိုက်မိသည်။ ခွေးတွေကလည်း ဘာလို့ ဒီလောက်တောင် နှလုံးသားမရှိရတာလဲ။

သူမသည် အကြည့်ကို ရုပ်သိမ်းကာ ခြံဝင်းကို ပြန်ကြည့်လိုက်သည်။ နှစ်လလောက်သာ ခွဲခွာသွားရသော်လည်း ဤမျှလောက်အထိ သတိရနေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ကျွန်းသို့ မသွားမီက ခြံဝင်းမှာ ဟာလာဟင်းလင်း ဖြစ်နေသေးသော်လည်း ယခုအခါ စိမ်းစိုပြီး နုနယ်သော ဟင်းသီးဟင်းရွက် အရွက်များက ဟင်းသီးဟင်းရွက် စိုက်ခင်းတစ်ခုလုံးကို ဖုံးလွှမ်းနေပြီ ဖြစ်သည်။

သူမ စိုက်ထားသော ဟင်းသီးဟင်းရွက်များမှာ ရင့်မှည့်နေပြီ ဖြစ်သည်။ အပင်တိုင်းမှာ သန်မာပြီး စားချင်စဖွယ် ကောင်းလှသည်။ ပဲပင်များ၊ ပုလင်းသီးများနှင့် သခွားသီးများမှာလည်း အညှောက်ထွက်ကာ နွယ်ပင်များပေါ်တွင် ကြီးထွားနေကြပြီ။ ဒါကို ကြည့်ရုံနှင့်ပင် သူမ အလွန် ပျော်ရွှင်မိသည်။ ဟင်းသီးဟင်းရွက်တွေ အကုန်လုံး ပြိုင်တူရင့်မှည့်လာချိန်တွင် နောက်ထပ် ရိတ်သိမ်းချိန်လ တစ်လ ဖြစ်လာမှာ အသေအချာပင်။

ဟင်းသီးဟင်းရွက်များကြားတွင် အထင်ရှားဆုံးမှာ ဆူးပါသော ပန်းပွင့်ရိုးတံ အပုံနှစ်ပုံ ဖြစ်သည်။ သေသေချာချာ ကြည့်လိုက်သောအခါ ကျန်းတန်းဟယ် စိုက်ထားခဲ့သော တရုတ်နှင်းဆီများမှာ အစိမ်းရောင် အကိုင်းအခက်များ ထွက်နေပြီ ဖြစ်သည်။ ၎င်းတို့ပေါ်တွင် ပန်းရောင်ဖျော့ဖျော့နှင့် အဝါရောင်ဖျော့ဖျော့ ပန်းငုံလေးများလည်း ရှိနေသည်။

ရှောင်းကောကို အံ့သြစေသည်မှာ နှင်းဆီပန်းများ ဖြစ်သည်။ ပန်းများ ဤမျှမြန်မြန် ပွင့်လာလိမ့်မည်ဟု သူမ မထင်ထားပေ။ အဘိုးကြီး ပြောခဲ့သလိုပင် ပျိုးပင်များက သန်စွမ်းသဖြင့် တစ်နှစ်အတွင်းမှာပင် ပွင့်လာခဲ့သည်။ သို့သော် စံပယ်ပင် ကတော့ ကြီးထွားမှု နှေးလွန်းနေသည်။

ရှောင်းကောသည် ခြံဝင်းကို ကြည့်ရှုရင်း တိရစ္ဆာန်များကိုလည်း နှုတ်ဆက်လိုက်သည်။ "အမယ်လေး... မတွေ့ရတာ ကြာပြီ။ နင်တို့တွေ အတော်လေး ဝလာကြတာပဲ..."

ဝဖိုင်နေသော ကြက်နှင့် ဘဲများကို ကြည့်ပြီး ရှောင်းကော တံတွေးမဆီမဆိုင် မြိုချမိသည်။ ငရဲကြီးတော့မှာပဲ။ ကိုယ်တိုင်မွေးထားတဲ့ တိရစ္ဆာန်တွေကို မစားဘူးလို့ သူမ ကိုယ့်ကိုယ်ကိုယ် ကတိပေးထားတာလေ...

ကျန်ရစ်မနေခဲ့ဘဲ မြည်းကလေးကလည်း တစ်ဟီးဟီးနှင့် အော်နေသည်။ ရှောင်းကောမှာ ၎င်းကို ချက်ချင်း ချော့မော့လိုက်ရသည်။ သူက အသံ အရမ်းဆူလွန်းနေသောကြောင့် ဖြစ်သည်။ သူမ နားတောင် ကွဲတော့မလိုပင်။

"အို... နင်က ငါ့ကို အသတိရဆုံးပဲလား!"

ရှောင်းကောသည် ၎င်း၏ ခေါင်းကို ပုတ်ပေးရင်း ဝမ်းသာမိသည်။ ကိုင်ကြည့်လိုက်သောအခါ ၎င်းမှာလည်း ပိုဝလာသည်ကို သတိပြုမိသွားသည်။

"ငါမရှိတဲ့ အချိန်မှာ ဘာလို့ အိမ်က တိရစ္ဆာန်တွေ အကုန်လုံး ဝလာကြတာလဲ? ဒါက စိတ်ထင်လို့လား?"

ထိုအတွေးနှင့်အတူ မြက်စားနေသော နွားနှစ်ကောင်ကို ကြည့်လိုက်သောအခါ ၎င်းတို့မှာလည်း အတော်လေး ကြီးထွားလာသည်ကို တွေ့ရသည်။ သူမ မရှိခိုက် သူတို့တွေ ကောင်းကောင်း စားနေကြပုံရသည်။

အချိန်မှာ နောက်ကျနေပြီ ဖြစ်သဖြင့် ရှောင်းကော အလွန်ဗိုက်ဆာနေသည်။ အိမ်ကို အမြန်ပြန်ချင်သဖြင့် နေ့လယ်စာ မစားဘဲ လာခဲ့ခြင်း ဖြစ်သည်။ အိမ်နီးနားချင်းများထံမှ လွင့်ပျံလာသော ဟင်းနံ့များကို ရနေရသဖြင့် သူမ ပို၍ပင် ဗိုက်ဆာလာသည်။

သူမ အိမ်ထဲသို့ ပြန်ဝင်ကာ အိတ်ကို ချလိုက်သည်။ အိမ်ထဲသို့ ဝင်မည်အပြုတွင် ပင်လယ်စာများ အပြင်မှာ ကျန်ခဲ့သည်ကို သတိရသဖြင့် အပြင်သို့ ပြန်ထွက်လာခဲ့သည်။ အပြင်ရောက်သောအခါ ဖက်နေကြဆဲဖြစ်သော နှစ်ယောက်ကို ဂရုမစိုက်တော့ဘဲ ပင်လယ်စာပုံးများကို တစ်ဖက်တစ်လုံးဆွဲကာ အိမ်ထဲသို့ သယ်လာလိုက်သည်။

သူမ မဝင်မီ သူတို့နှစ်ယောက်ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။ "အခု... ဖက်ကြဦး။ ထမင်းစားဖို့ စိတ်ကူးရှိသေးလား ကြည့်ရသေးတာပေါ့"

အိုးထဲတွင် ဆန်နှင့် ရေ ရှိနေသည်။ ချင်းအန်းမင်က ကြိုထည့်ထားခြင်း ဖြစ်နိုင်သည်။ ရေနှင့် ဆန် အချိုးအစားကို ကြည့်ရသည်မှာ သူသည် ဆန်ပြုတ် လုပ်ရန် စိတ်ကူးထားပုံရသည်။ ရှောင်းကောသည် ရေတစ်ဇွန်းနှင့် ဆန်တစ်ဆုပ် ထပ်ထည့်လိုက်သည်။ ထို့နောက် အိုးကို အုပ်ကာ မီးမွှေးရန် ပြင်သည်။

သူမ ထိုင်လိုက်သောအခါမှ ထင်းမရှိသည်ကို တွေ့ရသည်။ အပြင်တွင် မြေပေါ်၌ ပွကျနေသော ထင်းပုံကို သတိရသွားသည်။ သို့သော် ဤအချိန်တွင် သူမမှာ လုံးဝ မလှုပ်ချင်တော့ပေ။ မည်သို့ပင်ဆိုစေကာမူ သူမ၏ ပင်ပန်းနေသော ခန္ဓာကိုယ်ကို တံခါးဝအထိ ဆွဲခေါ်သွားခဲ့သည်။ ထိုနှစ်ယောက်မှာ ကပ်နေကြတုန်းပင်။

"ဟေး..."

ချင်းအန်းမင်နှင့် ကျွမ်းကျွမ်းတို့က ပြုံးရွှင်သော မျက်နှာများဖြင့် လှည့်ကြည့်ကြသည်။ ဘာကူညီရမလဲဟု မေးနေသည့်အလားပင်။ သူတို့ကြားမှ နွေးထွေးသော အငွေ့အသက်ကို မဖျက်စီးချင်သော်လည်း သူမမှာ အခေါက်ခေါက်အခါခါ သွားလာနေရသဖြင့် သူတို့က သူမကို အာရုံစိုက်ရန် အချိန်တန်ပြီ ဖြစ်သည်။

"ရှင်တို့..."

ရှောင်းကောက သူတို့ မပြီးသေးဘူးလားဟု မေးချင်သော်လည်း သူတို့၏ စိတ်ရင်းမှန်သော မျက်နှာလေးများကို မြင်သောအခါ မမေးရက်တော့ပေ။ သူမ ပြုံးကာ "ဗိုက်ဆာနေပြီလား?" ဟုသာ မေးလိုက်သည်။ နှစ်ယောက်လုံးက ပြိုင်တူ ခေါင်းငြိမ့်ကြသည်။ သူတို့ တကယ်ပင် ဗိုက်ဆာနေကြသည်။

"ဒါဆို ထမင်းစားကြမယ်!"

ချင်းအန်းမင်က ပြောရင်း ကျွမ်းကျွမ်းနှင့်အတူ အိမ်ထဲသို့ လျှောက်လာသည်။

"ထင်းကရော..."

"ဟဲဟဲ... ငါတို့ ကောက်လိုက်ပါ့မယ်!"

ချင်းအန်းမင်က ထင်းကို သတိရသွားပြီး ခဏရပ်လိုက်သည်။ သူက ကျွမ်းကျွမ်းကို ကူကောက်ခိုင်းသည်။ သူတို့နှစ်ယောက်ကို တွေ့ရတာ ဝမ်းသာလွန်းသဖြင့် သူ ထင်းခွေလာတာကိုပင် မေ့နေခဲ့ခြင်း ဖြစ်သည်။

"ဟားဟား"

ရှောင်းကော သက်ပြင်းချကာ လှည့်ထွက်လာခဲ့သည်။ သူမမှာ ထင်းကောက်ရန်ပင် ပျင်းနေမိသည်။ အိမ်ပြန်ရောက်ပြီဖြစ်သဖြင့် သူမ၏ ခန္ဓာကိုယ်မှာ ထူးထူးခြားခြား လျော့ရဲပြီး ပျင်းရိနေခြင်း ဖြစ်နိုင်သည်။ စောစောက အိတ်တွေ သိမ်းနေစဉ်မှာပင် အိပ်ရာကို မြင်လိုက်ရသဖြင့် လှဲအိပ်ချင်သွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ဗိုက်ဆာနေမှုက သူမကို ဆက်လှုပ်ရှားနိုင်ရန် ခွန်အား ပေးနေခြင်း ဖြစ်သည်။

မီးဖိုချောင်သို့ ပြန်ရောက်သောအခါ သူမ ဖယောင်းတိုင်တစ်တိုင် ထွန်းလိုက်ပြီး သယ်လာသော ပင်လယ်စာများကို ခွဲခြားတော့သည်။ ပုံးနှစ်ပုံးထဲတွင် ရေညှိများ အများအပြား ပါရှိသည်။

ရေညှိသည် ကျန်းမာရေးအတွက် ကောင်းမွန်သလို အလွန်လည်း အရသာရှိသည်။ ၎င်းကို ပုံစံအမျိုးမျိုးဖြင့် ချက်ပြုတ်နိုင်သည်။ အသုပ်သုပ်ခြင်း၊ အစာသွပ်ခြင်း၊ စွပ်ပြုတ်ချက်ခြင်းနှင့် ဆီပြန်ချက်ခြင်းတို့ ပြုလုပ်နိုင်သည်။ ခေါက်ဆွဲဆိုင်တွင်လည်း ခေါက်ဆွဲထဲသို့ ထည့်နိုင်သည်။

ရှောင်းကောသည် ရေညှိများကို သုံးပုံ ပုံလိုက်သည်။ တစ်ပုံမှာ ယန်အမျိုးသမီးအတွက်၊ တစ်ပုံမှာ ဆရာ ကုန်း အတွက်နှင့် ကျန်တစ်ပုံမှာ ခေါက်ဆွဲဆိုင်အတွက် ဖြစ်သည်။ ပင်လယ်စာကိုလည်း သုံးပုံ ဝေလိုက်သည်။ ပင်လယ်စာမှာ အစကတည်းက နည်းသဖြင့် သူမအတွက် မချန်တော့ဘဲ ရေညှိအချို့ကိုသာ သူမအတွက် ထားလိုက်သည်။

ရှောင်းကော ပင်လယ်စာများ ဝေနေစဉ် ချင်းအန်းမင်နှင့် ကျွမ်းကျွမ်းတို့က မီးမွှေးကာ သူမကို ဘေးမှနေ၍ တိတ်တဆိတ် ကြည့်နေကြသည်။

"အမေ... ဘာဟင်းချက်မှာလဲ?"

"ရေညှိသုပ်လေ။"

"ဟင်?!"

ကျွမ်းကျွမ်းက ချောကျိကျိ ရေညှိမျက်နှာပြင်ကို သူ၏ လက်ညှိုးလေးဖြင့် တို့ကြည့်ကာ "အဲဒါက စားလို့ကောင်းလို့လား?" ဟု စူးစမ်းစွာ မေးသည်။

"စားလို့ကောင်းသလို အာဟာရလည်း ရှိတယ်"

ရှောင်းကောက ပြောရင်း ရေညှိအပြားကြီးတစ်ခုကို ဓားဖြင့်လှီးကာ ကျွမ်းကျွမ်းကို ပေးလိုက်သည်။

"ဒါကို ယူပြီး သွားဆေးလိုက်ဦး။"

ကျွမ်းကျွမ်းက ရေညှိကို ယူကာ သွားဆေးတော့သည်။

ချင်းအန်းမင်က ရှောင်းကော၏ ဘေးတွင် ရပ်နေသည်။ ကျွမ်းကျွမ်း ထွက်သွားပြီးနောက် သူက စိုးရိမ်တကြီး မေးသည်။

"နင်တို့ ဘာလို့ ဒီလောက်တောင် နောက်ကျမှ ပြန်ရောက်တာလဲ?"

"အချိန်က ခန့်မှန်းရ ခက်လို့ပါ။ ငါတို့ မနေ့က တစ်နေ့ကတည်းက ထွက်လာတာ။ ပြီးတော့ ကျွမ်းကျွမ်းနဲ့အတူ တံငါရွာမှာ နှစ်ရက်လောက် ထပ်နေလိုက်သေးတယ်။ အဲဒီမှာ ငါးလည်း နည်းနည်းပါးပါး ဖမ်းခဲ့ကြတယ်လေ။"

ခရီးသွားတဲ့အခါ အစီအစဉ်တွေက အမြဲ ပြောင်းလဲတတ်သည် မဟုတ်ပါလား။

"ဒါနဲ့ အစ်ကို ဘာလို့ အိမ်မှာ ရောက်နေတာလဲ?"

ဒါက ရှောင်းကော သိချင်နေသော အပိုင်း ဖြစ်သည်။ ကြိုးပေါ်က အဝတ်လှန်းထားသည်ကို ကြည့်ခြင်းအားဖြင့် သူ ပြန်ရောက်နေသည်မှာ အတန်ကြာပြီ ဖြစ်ပုံရသည်။

"အဲဒါက... ဘာမှမဟုတ်ပါဘူး။"

ချင်းအန်းမင်က ထစ်ထစ်ငေါ့ငေါ့နှင့် ရှင်းမပြနိုင် ဖြစ်နေသည်။ သူသည် အလွန်အားနာနေသဖြင့် သူမကို တည့်တည့်ပင် မကြည့်ရဲပေ။

"ဘာဖြစ်လို့လဲ?"

သူ ဘာမှမပြောသည်ကို မြင်သောအခါ ရှောင်းကောက မျက်မှောင်ကြုတ်ကာ "နင် မပြောရင် မနက်ဖြန် ရူယီ ကို သွားမေးလိုက်မှာနော်" ဟု တမင် ပြောလိုက်သည်။

"ဟာ... မဟုတ်တာ၊ မဟုတ်တာ။"

ချင်းအန်းမင်မှာ ပျာပျာသလဲ ဖြစ်သွားပြီး ရှောင်းကောကို အလိုလို ဆွဲထားမိသည်။ ဘယ်သူကြည့်ကြည့် တစ်ခုခု ဖြစ်နေသည်မှာ အသိသာကြီးပင်။ ရှောင်းကောမှာ သူမ၏ ခန့်မှန်းချက်ကို ပို၍ပင် သေချာသွားသည်။ သူမ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။"ဘာဖြစ်တာလဲ ပြော"

ချင်းအန်းမင်မှာ အတော်ကြာအောင် ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေပြီးမှ ရှက်ကိုးရှက်ကန်းနှင့် ပြောလိုက်သည်။"ငါ့ ခါး နည်းနည်း နာသွားလို့လေ။ အဲဒါကြောင့် အိမ်မှာ ရက်နည်းနည်းလောက် အနားယူဖို့ ပြန်လာတာ"

"ဘယ်နှစ်ရက်လဲ?"

"တစ်လလောက်..."

"တစ်လ?"

"... တစ်လထက် နည်းနည်း ပိုတယ်"

"တစ်လထက် ပိုတယ်?"

"နှစ်လတော့ မကျော်ပါဘူး။ တကယ်ပါ!"

All Chapters