အခန်း (၃၈၃)
Vol. 26 Ch. 383
ကျွမ်းကျွမ်းသည် ဦးလေးဖြစ်သူကို မခွဲနိုင်သလို ချင်းရှောင်းကောလည်း ထို့အတူပင် ဖြစ်သည်။ မတွေ့ရသည်မှာ ကြာပြီဖြစ်သဖြင့် အချိန်ပေးကာ စကားစမြည် ပြောကြရဦးမည် မဟုတ်ပါလား။
ကျွမ်းကျွမ်း၏ တောင်းဆိုမှုကို သူမက အပြည့်အဝ ထောက်ခံပြီး ပြောလိုက်သည်။ "အစ်ကို နောက်ထပ် ရက်နည်းနည်းလောက် အနားယူသင့်တယ်"
ချင်းအန်းမင်မှာ အခက်တွေ့နေပုံရသည်။ သူကိုယ်တိုင်လည်း ရက်နည်းနည်း ထပ်နေချင်သော်လည်း ခေါက်ဆွဲဆိုင်တွင် ပင်ပင်ပန်းပန်း အလုပ်လုပ်နေကြမည့်သူများကို အားနာနေမိသည်။ အသေအချာ စဉ်းစားပြီးနောက် အခြေအနေကိုကြည့်၍ ဆုံးဖြတ်ရန်သာ သူ စိတ်ကူးလိုက်သည်။
ခေတ္တကြာလျှင် သူသည် သူတို့နှင့်အတူ ခရိုင်ထဲသို့ လိုက်သွားမည်။ အကယ်၍ ဆိုင်တွင် အလုပ်သိပ်မများပါက နောက်ထပ် ရက်နည်းနည်း အနားယူမည်။ အကယ်၍ အလုပ်များနေပါက ဆိုင်တွင် ချက်ချင်း အလုပ်ပြန်ဝင်တော့မည်။
ထမင်းစားပြီးနောက် သုံးယောက်သား မြည်းလှည်းဖြင့် ခရိုင်သို့ ထွက်လာခဲ့ကြသည်။
"ကျွမ်းကျွမ်း ဒိုင်ယာရီစာအုပ် ပါရဲ့လား?"
ခဏနေလျှင် ဆရာခုံး၏ အိမ်သို့ ပင်လယ်စာ သွားပို့ကြမည်။ တစ်ချိန်တည်းမှာပင် ကျွန်းသို့ မသွားမီက ပေးထားသော အိမ်စာများကိုလည်း ဆရာ့ထံ အပ်နှံရမည်ဖြစ်သည်။
"ပါပါတယ်!"
ကျွမ်းကျွမ်းသည် သူ၏ ကျောပိုးအိတ်လေးကို ပုတ်ပြရင်း အိမ်စာအတွက် ယုံကြည်မှုအပြည့် ရှိနေသည်။ ရှောင်းကောနှင့် ချင်းအန်းမင်တို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြသည်။
"ဒါဆို သွားကြစို့!"
လမ်းကြောင်းအရ သူတို့သည် ပထမဆုံး ခေါက်ဆွဲဆိုင်သို့ အရင်သွားမည်ဖြစ်ပြီး၊ ထို့နောက်မှ ဆရာခုံး၏ အိမ်သို့ သွားကြမည်ဖြစ်သည်။ နောက်ဆုံးမှ ခရိုင်ထဲမှ ထွက်ကာ အိမ်သို့ ပြန်ကြမည်ဖြစ်သည်။
ခေါက်ဆွဲဆိုင် အဝင်ဝတွင် ရူယီသည် တံခါးဝ၌ ရေဖျန်းနေသည်။ အဝေးမှပင် ရှောင်းကော၏ မြည်းလှည်းနှင့် လှည်းမောင်းနေသော ချင်းအန်းမင်ကို သူမ လှမ်းမြင်လိုက်သည်။
သူ့ကို မတွေ့ရသည်မှာ ကြာပြီဖြစ်သဖြင့် ရူယီသည် ရေဇလုံကို ချက်ချင်းချကာ ဆံပင်များကို သပ်ရပ်အောင် ပြုပြင်ပြီး အဝတ်အစားများကို ဖုန်ခါလိုက်သည်။ သူမကိုယ်သူမ ကြည့်ကောင်းပြီဟု သေချာမှ အပြင်သို့ထွက်ကာ သူတို့အလာကို စောင့်နေတော့သည်။
ဦးလေးရှု့က စာရင်းတွက်နေရင်း သူမကို မော့ကြည့်ကာ သူမ ဘာလုပ်နေသနည်းဟု ဇဝေဇဝါ ဖြစ်နေသည်။
လှည်းမောင်းနေရင်း ချင်းအန်းမင်က ရူယီကို မြင်သွားပြီး "ရူယီ တံခါးဝမှာ ရှိနေတယ်" ဟု လှည့်ပြောလိုက်သည်။ ရှောင်းကောက ဒါကို ကြားသောအခါ ပြုံးလိုက်ပြီး လှည်းလိုက်ကာကို မကာ အပြင်သို့ ထွက်လာသည်။ ပြီးနောက် သူတို့ဘက်ကို ကြည့်နေသော ရူယီကို လက်လှမ်းပြလိုက်သည်။
"အား!!! အစ်မရှောင်းကော!!"
ရူယီသည် အစကတော့ ဟန်ဆောင်ပန်ဆောင် ရှက်ပြနေသော်လည်း ရှောင်းကောကို မြင်လိုက်ရသည့်အခါတွင်မူ မထိန်းနိုင်တော့ဘဲ အော်ဟစ်ကာ ခုန်ပေါက်ရယ်မောတော့သည်။ သူမ၏ အသံကြောင့် ဆိုင်ထဲရှိ လူတိုင်း သတိပြုမိသွားကြပြီး ရှောင်းကောကို ကြိုဆိုရန် တန်းစီထွက်လာကြသည်။
ထိုစည်ကားသိုက်မြိုက်သော အခြေအနေကြောင့် လမ်းသွားလမ်းလာများနှင့် ဆိုင်ထဲရှိ လူများမှာ မြည်းလှည်းပေါ်တွင် မည်သည့် အရေးကြီးပုဂ္ဂိုလ် ပါလာသနည်းဟု ဝိုင်းဝန်း စူးစမ်းကြတော့သည်။
ရှောင်းကောသည် လှည်းထဲတွင် ထိုင်နေသော်လည်း လမ်းသွားလမ်းလာများ၏ အကြည့်ကို ခံစားနေရသဖြင့် လှည်းထဲသို့ အမြန်ပြန်ဝင်လိုက်သည်။ ချင်းအန်းမင် တစ်ယောက်တည်း အနေခက်နေမည် စိုးသဖြင့် မျက်နှာပြောင်လှသော ကျွမ်းကျွမ်းကို အပြင်သို့ တွန်းထုတ်လိုက်သည်။ တစ်ယောက်တည်း အနေခက်နေမည့်အစား နှစ်ယောက်အတူတူ ရင်ဆိုင်ရသည်က ပိုကောင်းသည် မဟုတ်ပါလား။
အပြင်သို့ တွန်းထုတ်ခံလိုက်ရသော ကျွမ်းကျွမ်းသည် ရှောင်းကောကို စိတ်မပျက်စေဘဲ သူတို့ကို စူးစမ်းနေသော လူအုပ်ကြီးကို တည်ငြိမ်စွာ ရင်ဆိုင်လိုက်သည်။ သို့သော် သူ၏ ဘေးရှိ ချင်းအန်းမင်မှာမူ ကလေးလောက် မျက်နှာမပြောင်သဖြင့် ရှက်သွေးဖြာနေတော့သည်။ သူသည် ကျွမ်းကျွမ်းကို ကြည့်ရင်း ဇက်ကြိုးကို ကျွမ်းကျွမ်းလက်ထဲ ထည့်ပေးကာ ရှောင်းကောရှိရာ လှည်းထဲသို့ ပြေးဝင်ပုန်းချင်စိတ် ပေါက်နေသည်။
ချင်းမိသားစုဝင်များမှာ အားလုံးကပင် အရှက်အကြောက် ကြီးပုံရသည်။ ကျွမ်းကျွမ်းကတော့ ထိုတည်ငြိမ်သော အမူအရာကို ကျန်းတန်းဟယ်ထံမှ အမွေဆက်ခံထားခြင်း ဖြစ်နိုင်သည်။ လူတွေက သူ့ကို ကြည့်လေလေ သူက ပိုပြီး တည်ငြိမ်လေလေ ဖြစ်ကာ ပြန်ပင် ပြုံးပြလိုက်သေးသည်။
နောက်ဆုံးတွင် ခေါက်ဆွဲဆိုင် အဝင်ဝသို့ ရောက်ရှိလာကြသည်။ လှည်းရပ်လိုက်သည်နှင့် ရူယီက လှည်းလိုက်ကာကို မကာ "အစ်မရှောင်းကော!!" ဟု ဝမ်းသာအားရ ခေါ်လိုက်သည်။
"..." ရှောင်းကောမှာ ကိုယ့်ကိုယ်ကိုယ် အားပေးနေရင်း ဆွံ့အသွားသည်။ ရူယီ၏ အပြုံးနှင့် သူမကို ကြည့်နေသော အစိမ်းသက်သက် မျက်နှာစိမ်းများစွာကို မြင်လိုက်ရသည့်အခါ အနေခက်လွန်းသဖြင့် ထိုင်ခုံအုံးကိုသာ လက်သည်းနှင့် ကုတ်နေမိတော့သည်။
ကြည့်နေကြသော လူအုပ်ကြီးသည် လိုက်ကာပွင့်သွားသည့်အခါ ရှောင်းကောကို မြင်ပြီး စိတ်ဝင်စားမှု ချက်ချင်းပျောက်ကာ မိမိတို့အလုပ် မိမိတို့ ပြန်လုပ်ကြတော့သည်။ စဉ်းစားကြည့်လျှင် မည်သည့် အရာရှိကြီးက မြည်းလှည်းကို စီးပါမည်နည်း။
"အစ်မရှောင်းကော!"
သူမ လှုပ်မလာသည်ကို မြင်သောအခါ ရူယီက ထပ်ခေါ်ပြန်သည်။
"...ရူယီ။"
ရှောင်းကောသည် ကို့ယို့ကားယား ရယ်လိုက်ပြီး ရူယီ၏ ပါးစပ်ကို ပိတ်ထားချင်စိတ် ပေါက်သွားသည်။ မတွေ့ရတာ ကြာလို့လား မသိ၊ ရူယီ၏ အသံမှာ ပိုကျယ်လာသလိုပင်။
ရူယီက သူမကို လှည်းပေါ်မှ ဆွဲချလိုက်ရာ ရှောင်းကောမှာ လူအုပ်၏ ဝိုင်းခြင်းကို ခံလိုက်ရပြီး ဆိုင်ရှေ့တွင်ပင် မေးခွန်းများ ဗလပွနှင့် ရင်ဆိုင်ရတော့သည်။
"အစ်မရှောင်းကော... ဘယ်တုန်းက ပြန်ရောက်တာလဲ?"
"အစ်မရှောင်းကော... အပန်းဖြေစခန်းက ပျော်စရာကောင်းလား?"
"အစ်မရှောင်းကော... အပန်းဖြေစခန်းမှာ ဘာတွေရှိလဲ?"
"ဘာလို့ အကြာကြီး သွားနေတာလဲ?"
"အစ်မရှောင်းကော... အစ်မက ပိုဖြူလာသလားလို့?"
"ဟုတ်တယ်၊ ဟုတ်တယ်... ကျွမ်းကျွမ်းလည်း ပိုဝလာတယ်!"
ရှောင်းကောမှာ စာကလေး အုပ်ကြီးကြား ရောက်နေသကဲ့သို့ သူမ၏ နားထဲတွင် ဆူညံပွက်လောရိုက်နေတော့သည်။ သူတို့က မေးခွန်းတွေ အများကြီး မေးနေကြသဖြင့် ဘာကို ဖြေရမှန်းပင် မသိတော့ပေ။
"ခဏလေး!"
ရှောင်းကောက မအောင့်နိုင်တော့ဘဲ အသံကိုမြှင့်ကာ တားလိုက်သည်။ လူအုပ် ငြိမ်သွားမှ သူမက ပြန်မေးလိုက်သည်။
"နင်တို့အားလုံး ဒီမှာဆိုရင် ဆိုင်ထဲမှာ ဘယ်သူရှိလဲ?"
"အာ!"
သူတို့အားလုံး အာမေဍိတ်သံ ထွက်လာပြီး ငှက်ကလေးများ ပျံသွားသလို လူစုခွဲသွားကြသည်။ ဆိုင်ထဲတွင် လူတွေ ထမင်းစားနေကြဆဲ ဖြစ်သည်ကို သူတို့ ခုမှ သတိရကြခြင်းဖြစ်သည်။
ဆိုင်ထဲတွင် တစ်ယောက်တည်း ကျန်ခဲ့သော ဦးလေးရှု့မှာ သနားစရာပင်။ သူ အပြင်ထွက်မည်အပြုတွင် ဖောက်သည်များက တားလိုက်သဖြင့် အော်ဒါယူခြင်း၊ ငွေရှင်းခြင်း၊ ချက်ပြုတ်ခြင်းနှင့် ဟင်းပွဲချခြင်း အားလုံးကို သူ တစ်ယောက်တည်း လုပ်နေရသည်။ သူသည် လူရှစ်ယောက်စာလောက် ခွဲစိတ်နိုင်ရန်ပင် ဆုတောင်းနေမိတော့သည်။
လူအုပ်စုခွဲသွားမှ လေဝင်လေထွက် ကောင်းသွားတော့သည်။ ရူယီက ရှောင်းကောကို ဆွဲကာ "ဟဲဟဲ... သူတို့ ဆိုင်ထဲမှာ နေပါစေ။ ကျွန်မ အစ်မနဲ့ စကားပြောမယ်" ဟု ပြုံးကာ ဆိုသည်။
လူတွေ အကုန်ထွက်သွားမှ ကျွမ်းကျွမ်းနှင့် ချင်းအန်းမင်တို့သည် ပွယောင်းသွားသော ဆံပင်နှင့် အဝတ်အစားများကို ပြန်ပြင်လိုက်ကြသည်။ သူတို့မှာ တကယ်ပင် ဆွံ့အမိသည်။ သူတို့နှစ်ယောက်လုံး ဒီမှာ ရပ်နေသည်ကို ဘယ်သူမှ မမြင်ကြဘူးလား? အကယ်၍ သူတို့သာ အလျှင်အမြန် ရှောင်မထွက်ခဲ့ပါက လူတွေနင်းမိပြီး မုန့်ပြား ဖြစ်သွားနိုင်လောက်သည်။
ဘေးနားရှိ မြည်းကလေးကလည်း ခေါင်းကို ခါယမ်းနေသည်။ အကယ်၍ ၎င်းသာ စကားပြောတတ်ပါက ဆဲဆိုနေလောက်ပြီ ဖြစ်သည်။
ရှောင်းကောသည် အားနေသော ရူယီနောက်သို့ လိုက်သွားခဲ့သည်။ ကျွမ်းကျွမ်းနှင့် ချင်းအန်းမင်တို့က သစ်သားပုံးများကို သယ်ကာ နောက်မှ ကပ်လိုက်လာကြသည်။ လေးယောက်သား စည်ကားနေသော ရှေ့ခန်းကို ဖြတ်ကာ နောက်ဖေးခြံဝင်းသို့ ရောက်လာကြသည်။
"ဒါက ပင်လယ်စာလား?"
ရူယီသည် ပင်လယ်စာကို ပထမဆုံး မြင်ဖူးခြင်းဖြစ်သည်။ သူမက ရုပ်အလွန်ဆိုးသော ငါးတစ်ကောင်ကို စူးစမ်းစွာ ကိုင်ကြည့်ပြီး "ပင်လယ်ထဲက ငါးတွေက ဘာလို့ ဒီလောက် ရုပ်ဆိုးရတာလဲ?" ဟု နှာခေါင်းရှုံ့ကာ မေးခဲ့သည်။
ငါးတိုင်းမှာ မျက်လုံးနှစ်လုံးနှင့် ပါးစပ်တစ်ပေါက် ပါသည်ဆိုသော်လည်း ပင်လယ်ငါးများက ဘာကြောင့် ဤမျှ ကြည့်မကောင်းရသနည်း။ ရှေးဟောင်းစာအုပ်များထဲက မိစ္ဆာများနှင့်ပင် တူနေတော့သည်။
"သူတို့က ကြည့်မလှပေမဲ့ ငါးအရိုးနည်းပြီး အသားက အရမ်းနုတယ်။ ဒီရေညှိကိုတော့ အအေးသုပ် သုပ်စားလို့ရသလို၊ အာလူးခေါက်ဆွဲနဲ့လည်း ချက်စားလို့ရတယ်။ အရမ်း အရသာရှိတယ်"
ရေညှိကို ခေါက်ဆွဲထဲတွင် ထည့်စားနိုင်သည်ဟု ကြားသောအခါ ရူယီ စိတ်ဝင်စားသွားသည်။ သူမသည် ငါးကို ပုံးထဲသို့ ပြန်ပစ်ထည့်လိုက်ပြီး ဘေးက ရေညှိကို ကောက်ယူကာ စူးစမ်းတော့သည်။
လမ်းတွင် ရှေ့ခန်းမှ မိန်းကလေးအချို့ တစ်ယောက်ပြီးတစ်ယောက် ပြေးလာကြကာ ရှောင်းကောကို ဝိုင်းမေးကြပြန်သည်။ ရှောင်းကောက ရေအိုးဘေးတွင် ရပ်ကာ ပင်လယ်ပြင်နှင့် ကျွန်းပေါ်က အလှအပများကို အကျဉ်းချုပ် ပြောပြလိုက်သည်။ ၎င်းက သူတို့၏ သိချင်စိတ်ကို ပြေပျောက်စေသလို အချိန်ကိုလည်း ချွေတာရာ ရောက်သည်။
ဘာပဲဖြစ်ဖြစ် မြည်းလှည်းပေါ်တွင် ပင်လယ်စာ တစ်ပုံး ကျန်နေသေးသည်။ ရှောင်းကောသည် ၎င်းတို့ မပုပ်ခင် လတ်လတ်ဆတ်ဆတ် ပို့ပေးချင်နေသည်။
ကျွမ်းကျွမ်းမှာလည်း ထိုမိန်းကလေးများ၏ လက်တွင်းမှ မလွတ်ပေ။ သူ၏ ပါးလေးများမှာ အဆွဲခံရလွန်းသဖြင့် နီရဲနေတော့သည်။ သူ ထွက်လာသည့်အခါတွင် မျက်နှာတစ်ခုလုံး ရဲတောက်နေသည်။
နောက်ဆုံးတွင် ချင်းအန်းမင်လည်း သူတို့နှင့်အတူ လိုက်လာခဲ့သည်။ ရူယီက သဘောကောင်းစွာဖြင့် သူ့ကို ရက်နည်းနည်း ထပ်နားခွင့်ပေးလိုက်သည်။ မကြာသေးမီက ဆိုင်တွင် အလုပ်သိပ်မများသဖြင့် သူတို့ဘာသာ ကိုင်တွယ်နိုင်သည်ဟု ဆိုသည်။ ထိုအခါမှသာ ချင်းအန်းမင်သည် စိတ်အေးလက်အေးနှင့် ရှောင်းကောတို့နောက်သို့ လိုက်လာခဲ့သည်။
သုံးယောက်သား ရူယီနှင့် အခြားသူများကို နှုတ်ဆက်ကာ ဆရာခုံး၏ အိမ်သို့ ရောက်ရှိလာကြသည်။
ဒါက ချင်းအန်းမင်အတွက် ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်သဖြင့် သူ အလွန် စိတ်လှုပ်ရှားနေသည်။ အကယ်၍ ရှောင်းကောသာ သူ့ကို ဆွဲမထားပါက သူ ဆရာခုံးကို မတွေ့ဘဲ ပြန်ပြေးလောက်ပြီ ဖြစ်သည်။
ပညာရှိကြီးနှင့် တွေ့ရမည်ကို တွေးပြီး သူ တုန်ရင်နေမိသည်။ သူ မလာခဲ့သင့်ဘူးဟုပင် တွေးနေမိသည်။ သူသည် ပုံးကို ချလိုက်ပြီး ရှောင်းကောနှင့် ကျွမ်းကျွမ်းတို့ကို စောင့်ရန် မြည်းလှည်းရှိရာသို့ ပြန်သွားတော့သည်။
ကျွမ်းကျွမ်းသည် သူ၏ အိတ်လေးကို လွယ်ကာ တံခါးဝသို့ ပျော်ရွှင်စွာ ပြေးသွားခဲ့သည်။ ရှောင်းကော၏ ခွင့်ပြုချက်ကို ရယူပြီးနောက် သူ တံခါးကို ခေါက်လိုက်သည်။ သူသည် ဆရာနှင့် ဆရာကတော်ကို မြင်ချင်ဇောဖြင့် စိတ်မရှည်နိုင် ဖြစ်နေသည်။
ခြံဝင်းအတွင်း အရိပ်အောက်တွင် အနားယူနေသော သက်ကြီးရွယ်အို ဇနီးမောင်နှံသည် တံခါးခေါက်သံ ကြားသောအခါ စူးစမ်းစွာ ကြည့်လိုက်ကြသည်။ သူတို့ထံသို့ ဧည့်သည် လာခဲလှသည်။ ဤအချိန်ကြီးတွင် မည်သူဖြစ်နိုင်သနည်း။
"ကျွန်မ သွားဖွင့်လိုက်မယ်"
ဆရာကတော်က ထရန် ပြင်နေသော ဆရာခုံးကို တားလိုက်သည်။ သူမသည် ယပ်တောင်ကို ချလိုက်ပြီး တံခါးဆီသို့ လျှောက်သွားကာ မေးလိုက်သည်။
"ဘယ်သူလဲ?"