← Chapters

အခန်း (၃၈၄)

Vol. 26 Ch. 384

အခန်း (၃၈၄)

Vol. 26 Ch. 384

သခင်မခုံးသည် တံခါးဆီသို့ ဖြည်းဖြည်းချင်း လျှောက်လာရင်း မေးလိုက်သည်။ သူမ အမြန်မလျှောက်ချင်သည်မဟုတ်ဘဲ ခန္ဓာကိုယ်က ခွင့်မပြုခြင်းဖြစ်သည်။ ဤသည်မှာ သူမ၏ အမြန်ဆုံး အရှိန်ပင် ဖြစ်သည်။

"ကျွန်တော်ပါ ကျွမ်းကျွမ်း... ကျွန်တော် ပြန်ရောက်ပြီ..."

ကျွမ်းကျွမ်းသည် တံခါးတွင် နားကပ်ကာ အထဲမှ အသံကို နားစွင့်နေသည်။ ထို့နောက် သူက ပျော်ရွှင်စွာ အော်ပြောလိုက်သည်။ ကျွမ်းကျွမ်း၏ အသံကို ကြားလိုက်ရသည်နှင့် သခင်မခုံးမှာ ခြေလှမ်းများကို ချက်ချင်း မြှင့်လိုက်တော့သည်။

ယိုင်နဲ့နဲ့ ကုလားထိုင်ပေါ်တွင် အနားယူနေသော ဆရာခုံးမှာလည်း အတူတူပင်။ သူ၏ ချစ်လှစွာသော တပည့်လေး ပြန်လာပြီဟု ကြားလိုက်ရသည်နှင့် သူသည် ရုတ်တရက် ထထိုင်လိုက်သည်။ တစ်ခဏအတွင်းမှာပင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး လန်းဆန်းတက်ကြွသွားသလို ခံစားလိုက်ရသည်။

"ကျွမ်းကျွမ်း..."

ဆရာခုံးသည် ဖိနပ်ကို အမြန်စီးလိုက်သည်။ သူသည် အလွန်စိတ်လှုပ်ရှားနေသဖြင့် သူ၏ နီမြန်းနေသော မျက်နှာကို မုတ်ဆိတ်မွေးများဖြင့်ပင် ဖုံးကွယ်မထားနိုင်တော့ပေ။ အပြင်သို့ ထွက်လာရင်း ကျွမ်းကျွမ်းကို ပြန်ထူးရန်လည်း မမေ့ခဲ့ပေ။

အဘွားအိုမှာ တံခါးကို အကြာကြီး စမ်းတဝါးဝါး လုပ်နေသော်လည်း ဖွင့်မရသေးသည်ကို မြင်သောအခါ သူက "မြန်မြန်ဖွင့်စမ်းပါ" ဟု မအောင့်နိုင်ဘဲ တိုက်တွန်းလိုက်သည်။

"သိပါတယ်!"

သခင်ခခုံးသည် တံခါးသော့ကို မျက်စိမှေးကာ ကြည့်လိုက်သည်။ သူမက အသက်ကြီးပြီး မျက်စိမှုန်နေပြီဖြစ်သဖြင့် သော့ပေါက်ကို ရှာရန် ခဲယဉ်းနေခြင်းဖြစ်သည်။

ဆရာခုံးက ခဏခဏ လာတိုက်တွန်းနေသဖြင့် သူမက သူ့ကို မကျေမနပ် ကြည့်လိုက်သည်။ စောစောလေးတင် ခေါင်းကိုက်ပြီး ရင်ဘတ်အောင့်နေတယ်လို့ ညည်းနေတဲ့သူက ဒါပဲလား? စောစောက အားအင်ကုန်ခမ်းနေသလို ဖြစ်နေတဲ့သူက ဒီလူပဲလား?

"ဆရာကြီး၊ ဆရာကတော်... အေးအေးဆေးဆေး လုပ်ပါ!"

ကျွမ်းကျွမ်းသည် တံခါးကြားမှ သခင်မခုံးကို လှမ်းမြင်နေရသည်။ သူမ အလောတကြီး ဖြစ်နေသည်ကို မြင်သောအခါ သူက အေးအေးဆေးဆေး လုပ်ရန် ချော့မော့ပြောဆိုလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက ချိုသာစွာ ပြုံးပြလိုက်သေးသည်။

တံခါးနောက်ကွယ်ရှိ သခင်မခုံးမှာ သူ၏ စကားကို ကြားရသည့်အခါ စိတ်သက်သာရာ ရသွားသည်။ ထိုခဏ၌ သူမ၏ လက်များ တုန်ယင်နေမှု ရပ်တန့်သွားပြီး မျက်စိမှာလည်း သေချာမြင်လာရသည်။ အားအင်များ ပြန်ပြည့်လာကာ သော့ပေါက်ကို ချက်ချင်း ရှာတွေ့သွားတော့သည်။

တံခါးဖွင့်လိုက်သောအခါ သူမသည် ပြေးထွက်သွားသော ဆရာခုံးကို ပို၍ပင် အထင်သေးသွားသည်။ ကျွမ်းကျွမ်းက လေးနှစ်သားလေးပဲ ရှိသေးတာတောင် ချော့မော့တတ်သေးသည်။ ဆရာခုံးမှာမူ အသက်ကြီးနေပြီဖြစ်သော်လည်း ထိုကဲ့သို့ စကားမျိုး ဘာလို့ မပြောတတ်ရသနည်း။

တံခါးမပွင့်မီလေးတွင် ချင်းရှောင်းကောက ချင်းအန်းမင်ကို နောက်သို့ အသာအယာ ဆွဲထုတ်လိုက်သည်။ အစကတော့ ချင်းအန်းမင် ဘာလို့လဲဟု မသိသော်လည်း ချက်ချင်းပင် နားလည်သွားသည်။ ရှောင်းကော သူ့ကို ဆွဲလိုက်သဖြင့် သူ အလွန်ဝမ်းသာသွားသည်။ မဟုတ်လျှင် သူ အတိုက်ခံရပြီး လဲကျသွားပါက အရှက်ကွဲစရာ ဖြစ်ပေလိမ့်မည်။

တံခါးပွင့်လာသည်နှင့် ကျွမ်းကျွမ်းက လက်နှစ်ဖက်ကို ဆန့်တန်းကာ အသင့်အနေအထား ပြင်ထားသည်။ ဆရာနှင့် ဆရာကတော်က သော့ကိုပင် မထုတ်ရသေးမီ သူတို့ရှေ့က လူကောင်လေးကို ဝိုင်းဖက်လိုက်ကြတော့သည်။

သူတို့ ပထမဆုံး ပြောလိုက်သော စကားမှာ သူ ပြန်ရောက်ကတည်းက အကြားရဆုံး စကားပင် ဖြစ်သည်။

"ငါတို့ မြေးလေးကို အရမ်း သတိရနေတာ!"

ဆရာကတော်နှင့် ဆရာခုံးတို့သည် ကျွမ်းကျွမ်းကို တံခါးဝမှနေ၍ လှေကားခြေရင်းအထိ ဖက်ရန် လုနေကြတော့သည်။ ချင်းအန်းမင်က ရှောင်းကောကို အသာတို့ပြီး မျက်ရိပ်ပြကာ မေးလိုက်သည်။

"ဒါ ပညာရှိကြီးရဲ့ အိမ်ဆိုတာ သေချာရဲ့လား?"

ရှောင်းကောက ခိုင်မာစွာ ခေါင်းငြိမ့်ပြလိုက်သည်။

ဆရာကတော်နှင့် ဆရာခုံးတို့မှာ ဘေးက လူနှစ်ယောက်ကို သတိပင်မထားမိကြပေ။ သုံးယောက်သား သူတို့ကမ္ဘာလေးထဲတွင် နစ်မြောနေကြသည်။ သက်ကြီးဇနီးမောင်နှံမှာ ကျွမ်းကျွမ်းကိုသာ ကြည့်မဝ ဖြစ်နေကြသည်။

"မြေးလေးက ဖြူဖြူဖွေးဖွေးနဲ့ ဝဝတုတ်တုတ်လေး၊ မင်္ဂလာရုပ်လေးအတိုင်းပဲ။"

"မင်း ဘာသိလို့လဲ? ယောင်္ကျားလေးဆိုတာ ဒီလိုပုံစံမှ ချစ်ဖို့ကောင်းတာ! ပြီးတော့ ကြီးလာရင် ခန္ဓာကိုယ်က အရပ်ရှည်လာပြီး ပိန်သွားမှာပဲ!"

"ရှင်ပြောတာ ဟုတ်တယ်။ ကျွမ်းကျွမ်း အရပ်ရှည်လာတယ်လို့ မထင်ဘူးလား?"

"ဟုတ်တယ်၊ ရှည်လာတယ်။ မြေးလေးက တကယ့် ရတနာလေးပဲ။ မြန်မြန်... ငါ့ကို ဖက်ပါဦး။ သတိရလွန်းလို့။ ကျွမ်းကျွမ်းလေးကို မြင်ရမှ ငါ ထမင်း တစ်ပန်းကန် ပိုစားနိုင်မှာ!"

"ဆရာကတော်... ကျွန်တော်လည်း ဆရာကတော်ကို သတိရနေတာ။ ကျွန်တော်လည်း ဆရာကတော်ကို မြင်မှ ထမင်း တစ်ပန်းကန် ပိုစားနိုင်မှာပါ။"

"အို... ဆရာကြီးက ပိုတောင် သတိရသေးတယ်! ငါ့လိပ်ပြာ လွင့်ထွက်သွားသလိုပဲ ခံစားနေရတာ၊ အခု ကျွမ်းကျွမ်းကို မြင်မှ လိပ်ပြာပြန်ကပ်တော့တယ်။"

"ဆရာကြီး... ကျွန်တော်လည်း ညတိုင်း သတိရလွန်းလို့ အိပ်လို့တောင် မပျော်ဘူး!"

"ငါ့ရဲ့ တပည့်ကောင်းလေးကတော့ ငါ့ကို အချစ်ဆုံးပဲ!"

ဆရာခုံးမှာ သူ၏ ဇနီးက ကျွမ်းကျွမ်းကို အမြဲတမ်း သိမ်းပိုက်ထားသဖြင့် မကျေမနပ် ဖြစ်နေပြီး ကျွမ်းကျွမ်း၏ အချစ်ကို ရရန် ပြိုင်ဆိုင်နေတော့သည်။ ဆရာကတော်ခုံးက နှာခေါင်းရှုံ့ကာ သူ့ကို ကြည့်လိုက်သည်။

"ရှင်က သူ့ကို သတိရတယ် ဟုတ်လား? ကျွန်မက ပိုသတိရတာ!"

"ငါက ပိုသတိရတာ!"

"ကျွန်မက ပိုပိုပြီး သတိရတာ!"

"ငါက မင်းထက် ပိုသတိရတာ!"

"ကျွန်မက ပိုသတိရတာ!"

"..."

ဆရာကတော်ခုံးမှာ ဒေါသထွက်ပြီး အံကြိတ်ထားရသည်။ ဤအဘိုးကြီးက သူမကို တမင် လာဆန့်ကျင်နေခြင်းဖြစ်သည်။ သူက စကားတိုင်းမှာ 'ပို' ဆိုတာကို ထည့်ပြောနေသည်။ သူမမှာ ပြောစရာ စကားတောင် ကုန်တော့မည်!

ကျွမ်းကျွမ်းမှာ နှစ်ဖက်စလုံး စိတ်မကောက်စေရန် တစ်ယောက်ချင်းစီကို ချော့မော့ပြောဆိုလိုက်ရာ နှစ်ဖက်လုံး ငြိမ်ကျသွားတော့သည်။

ဘေးမှ ကြည့်နေသော လူနှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

"ငါတို့ ပြန်သွားကြရင် ကောင်းမလား?"

အတော်ကြာမှ ဆရာကတော်ခုံးက ရှောင်းကောကို အားနာစွာ လှည့်ကြည့်လိုက်သည်။ ထိုအခါမှ သူတို့ရှေ့တွင် သူစိမ်းယောင်္ကျားတစ်ယောက် ရှိနေသည်ကို သတိပြုမိသွားကြသည်။

"ဆရာကတော်... ဒါက ကျွန်မရဲ့ အစ်ကို ချင်းအန်းမင် ပါ။"

"နေကောင်းပါရဲ့လား ဆရာကတော်။"

အစကတော့ ချင်းအန်းမင်မှာ သူ လာတာ ရုတ်တရက် ဆန်သွားမည်ကို စိုးရိမ်နေသော်လည်း ယခုတော့ အပိုတွေ စိုးရိမ်နေမှန်း သိလိုက်ရသည်။ ဆရာခုံးနှင့် ဆရာကတော်တို့မှာ သူတို့၏ ဂုဏ်ပုဒ်များထက် ပို၍ များစွာ ဖော်ရွေကြသည်။ ဂုဏ်ပုဒ်တွေကို ဖယ်ထားလျှင် သူတို့မှာ မြို့စွန်က သာမန် ဇနီးမောင်နှံကဲ့သို့ ရိုးသားပြီး ကြင်နာတတ်ကြသည်။

သခင်မခုံးက သူတို့ကို အိမ်ထဲသို့ အမြန်ဖိတ်ကာ ရေနွေးကြမ်း အေးအေးလေး တိုက်သည်။

"အပူသက်သာအောင် ဒါလေး အမြန်သောက်လိုက်ကြဦး။"

ရှောင်းကောက ကျေးဇူးတင်စကားပြောကာ ရေနွေးကြမ်းကို တစ်ငုံတည်းနှင့် ကုန်အောင် သောက်လိုက်သည်။

ယခုအချိန်တွင် ရာသီဥတုမှာ အလွန်မပူတော့သော်လည်း အပူရှိန်ကတော့ လျော့မတွက်သင့်ပေ။ ထို့အပြင် နေပူထဲတွင် အကြာကြီး ပါလာသော ငါးခြောက်နှစ်ကောင်မှာလည်း ယခုဆိုလျှင် ခြောက်သွေ့နေပြီ ဖြစ်သည်။

"ဒါနဲ့ အစ်ကို..."

ချင်းအန်းမင်က နားလည်စွာ ခေါင်းငြိမ့်ပြပြီး ပုံးကို စားပွဲပေါ် တင်လိုက်သည်။

"ရေညှိ..."

ဆရာကတော်ခုံးက ရေညှိကို မြင်သောအခါ အံ့သြဝမ်းသာစွာ ယူကြည့်သည်။

သူမ အကြိုက်ဆုံးအစားအစာမှာ ရေညှိဖြစ်သည်။ လွန်ခဲ့သော နှစ်ရက်ကပင် သူမ ၎င်းအကြောင်း ပြောနေခဲ့ခြင်းဖြစ်သည်။ ယနေ့တွင် ရရှိလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

"ရေညှိက ကျန်းမာရေးအတွက် ကောင်းတယ်လို့ ထင်လို့ အများကြီး သယ်လာပေးတာပါ" ရှောင်းကောက ရှင်းပြလိုက်သည်။ ဆရာခုံးတို့ ဇနီးမောင်နှံမှာ အသက်ကြီးနေပြီဖြစ်သဖြင့် အသားကို သိပ်မစားချင်ကြတော့ပေ။ ထို့ကြောင့် သတ်သတ်လွတ် စားခြင်းက သူတို့အတွက် ပိုသင့်တော်မည်ဖြစ်သည်။

အစကတော့ ပင်လယ်စာ နည်းနည်းပဲပါပြီး ရေညှိတွေ အများကြီး ပါလာသဖြင့် မရိုးသားဘူးဟု ထင်မည်ကို ရှောင်းကော စိုးရိမ်နေခဲ့သော်လည်း အလကားပင်။ ရေညှိသည် ဆရာခုံးတို့ ဇနီးမောင်နှံ အလိုအပ်ဆုံးအရာ ဖြစ်နေသည်။

ဆရာကတော်ခုံးမှာ အလွန်ဝမ်းသာသွားခဲ့သည်။ သူမက ရှောင်းကောကို ရှင်းပြသည်မှာ မကြာသေးမီက ဆရာခုံးမှာ ခံတွင်းပျက်နေကြောင်း၊ သူ စားချင်သည်မှာ ရေညှိသုပ် တစ်မျိုးတည်းသာ ဖြစ်ကြောင်း ပြောပြသည်။ သို့သော် ရေညှိကို ဘယ်မှာ ရှာရမည်နည်း။ သူမ ဈေးသို့ အကြိမ်ကြိမ် သွားသော်လည်း ရှာမတွေ့ခဲ့ပေ။

သို့သော် ဆရာခုံးကတော့ အတင်းစားချင်နေသည်။ သူသည် အသက်ကြီးသော်လည်း အစားအသောက် အလွန် ဂျီးများသူဖြစ်သည်။ အကယ်၍ သူ စားချင်တာ မရပါက အနည်းဆုံး တစ်နှစ်လောက်အထိ ထိုအကြောင်းကို တွားတွားပြီး ညည်းညူနေတတ်သည်။

နောက်ဆုံးနည်းလမ်းအနေဖြင့် မြို့တော်ရှိ သူတို့သားထံသို့ ရေညှိအချို့ ပို့ပေးရန် စာရေးဖို့ စဉ်းစားနေခဲ့ခြင်းဖြစ်သည်။ စာမရေးရသေးမီမှာပင် ရှောင်းကောက ရေညှိများ ယူလာပေးသဖြင့် သူတို့ ဇနီးမောင်နှံ အလိုရှိရာနှင့် ကွက်တိ ဖြစ်သွားတော့သည်။

"ကောင်းပြီ! အဲဒီ အဘိုးကြီးတော့ ငါ့ကို မညည်းညူတော့ဘူးပေါ့။"

ဆရာကတော်ခုံးက ပြောလိုက်ရာ ဘေးမှာ ကျွမ်းကျွမ်းကို စနောက်နေသော ဆရာခုံးမှာ ချက်ချင်း မျက်နှာနီသွားတော့သည်။

"ဘယ်အဘိုးကြီးလဲ?"

ဆရာခုံးသည် ထို 'အဘိုးကြီး' မှာ သူဖြစ်ကြောင်း တစ်ယောက်ယောက် သိမလားဟု အသာအယာ လှည့်ကြည့်လိုက်သည်။ မည်သူမှ သတိမထားမိကြောင်း သေချာမှ သက်ပြင်းချနိုင်တော့သည်။ သို့သော် သူ ပါးစပ်မပိတ်ရသေးမီ ကျွမ်းကျွမ်း၏ ပြုံးနေသော အကြည့်နှင့် တိုးသွားတော့သည်။

ဆရာခုံး၏ မျက်နှာမှာ ထပ်မံ နီမြန်းသွားပြန်သည်။ ကဲ... သွားပြီ။ ပညာရှိကြီးဆိုတဲ့ သူ၏ ဂုဏ်သိက္ခာတွေတော့ အကုန် ပျက်ကုန်ပြီ...

မွန်းတည့်ချိန်တွင် ရှောင်းကောတို့ ပြန်ရန် ပြင်သော်လည်း သက်ကြီးဇနီးမောင်နှံ၏ သနားစရာကောင်းသော မျက်နှာများကို မြင်ရသည့်အခါ သူမ တွန့်ဆုတ်သွားသည်။ သူတို့ သရုပ်ဆောင်နေမှန်း သိသော်လည်း သူမ သနားမိသည်။ သူမ တွန့်ဆုတ်နေသည်ကို မြင်သောအခါ ဆရာခုံးတို့က ပို၍ပင် အားတက်ကာ သူတို့ ဘယ်လောက် အထီးကျန်ကြောင်း၊ ကျွမ်းကျွမ်းကို ဘယ်လောက် သတိရကြောင်း ညည်းညူပြတော့သည်။

နောက်ဆုံးတွင် သူတို့၏ စေတနာကို မငြင်းသာတော့ဘဲ နေ့လယ်စာ စားရန် နေခဲ့ကြသည်။ ကျွမ်းကျွမ်းသည်လည်း သူ၏ ဒိုင်ယာရီစာအုပ်ကို ဆရာခုံးထံ အပ်နှံလိုက်သည်။ သူကတော့ သိပ်မစိုးရိမ်သော်လည်း ရှောင်းကောမှာမူ စိတ်လှုပ်ရှားနေမိသည်။ ဒါက ကျွမ်းကျွမ်း၏ ပထမဆုံး အားလပ်ရက် အိမ်စာဖြစ်သဖြင့် ဆရာခုံး၏ စံနှုန်းကို မှီပါ့မလားဟု သူမ စိုးရိမ်နေခြင်းဖြစ်သည်။

အိမ်စာ စစ်ဆေးနေစဉ် သူတို့နှစ်ယောက်မှာ စာကြည့်ခန်းထဲတွင် ရှိနေကြပြီး၊ ရှောင်းကော၊ ဆရာကတော်ခုံးနှင့် ချင်းအန်းမင်တို့မှာ အပြင်ခန်းတွင် ကျန်ခဲ့သည်။ အထဲတွင် ဘာဖြစ်နေသလဲဆိုသည်ကို မသိရပေ။

စိတ်မအေးနိုင် ဖြစ်နေသော ရှောင်းကောမှာ ကျွမ်းကျွမ်း ပျော်ရွှင်သော မျက်နှာဖြင့် ထွက်လာမှသာ စိတ်အေးသွားတော့သည်။ သူ အောင်မြင်သွားပုံရသည်။ ဘယ်လောက်တောင် ဝမ်းသာစရာ ကောင်းသလဲ။

"ဒါဆို ကျွန်မတို့ ပြန်ပါဦးမယ်။"

"အင်း... ပြန်ကြတော့။"

ဆရာခုံးက ခေါင်းငြိမ့်ပြပြီး ကျွမ်းကျွမ်းကို ကြည့်ကာ ပြောလိုက်သည်။ "နောက်ရက်တွေမှာ ကောင်းကောင်း အနားယူလိုက်ဦး။ စိတ်ရွှင်လန်းလာမှ ကျောင်းပြန်လာခဲ့ပေါ့"

"ဟုတ်ကဲ့ပါ ဆရာကြီး!"

ကျွမ်းကျွမ်းက ပြုံးကာ ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် ဆရာကတော်ခုံးကို ကြည့်ကာ ပြောလိုက်သည်။ "နှုတ်ဆက်ပါတယ် ဆရာကတော်... ကျွန်တော် ဆရာတို့ နှစ်ယောက်လုံးကို သတိရနေမှာပါ..."

All Chapters