← Chapters

အခန်း (၃၈၆)

Vol. 26 Ch. 386

အခန်း (၃၈၆)

Vol. 26 Ch. 386

အမျိုးသမီးယန် ပြန်သွားပြီးနောက် ချင်းရှောင်းကောသည် နွားများရှေ့တွင် တစ်ယောက်တည်း ရပ်နေမိသည်။ မသိလိုက်ဘာသာနှင့် ဤမျှအထိ ကြီးထွားလာသော နွားမကြီးများကို ကြည့်ရင်း သူတို့ နွားပေါက်လေးဘဝက အချိန်များကို သူမ မလွမ်းဘဲ မနေနိုင်တော့ပေ။

ထိုစဉ်က အရမ်းကောင်းခဲ့သည်။ မြက်တစ်ဆုပ်စာဆိုလျှင် သူတို့အတွက် အစာတစ်နပ် လုံလောက်သည်။ အခုတော့ သူတို့အတွက် အစာသယ်ရန် လှည်းတစ်စီးလုံး သုံးနေရပြီ။

အခု သူတို့က အရပ်ရှည်လာသလို အစားလည်း ပိုကြီးလာကြသည်။ ဗိုက်ထဲမှာ နွားပေါက်လေးပါ ရှိနေနိုင်သည်ဆိုတော့ တကယ်သာဆိုလျှင် မြက်လှည်း ဘယ်နှစ်စီးလောက် သူမ ဆွဲရပါမည်နည်း။

"ဟူး..."

ရှောင်းကောသည် နွားထိန်းအဖြစ် သူမ၏ အနာဂတ်အတွက် မစိုးရိမ်ဘဲ မနေနိုင်တော့ပေ။ နောင်ကျလျှင် သူမ၏ အချိန်များကို မြက်ရိတ်ခြင်း သို့မဟုတ် သူတို့အတွက် မြက်သွားရိတ်ခြင်းတို့ဖြင့်သာ ကုန်ဆုံးရတော့မည်။

မမျှော်လင့်ဘဲ ရှောင်းကော၏ ခန့်မှန်းချက်မှာ ကွက်တိမှန်သွားခဲ့သည်။ နောက်တစ်နှစ်တွင် ရှောင်းကောမှာ အနားယူရန် အချိန်ပင် မရှိတော့ပေ။ သူမသည် ဖိနပ်အစုံအလင်ကိုပင် ပေါက်ပြဲအောင် စီးခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် ယွီလင်းနှင့် ရှောင်းကျူးတို့၏ အကူအညီကြောင့် ဖိနပ်နှစ်ရံလောက်တော့ သက်သာသွားခဲ့သည်။ မိန်းကလေးများ ဘေးနားမှာ ရှိနေသဖြင့် အကြိမ်ကြိမ် သွားလာရသည်မှာ အနည်းငယ် ပို၍ ခံသာသွားစေသည်။

သို့သော် ဤအကြောင်းကို နောက်မှသာ ဆက်ပြောကြတာပေါ့။

နေခင်းတစ်ရေးနိုးပြီးနောက် ရှောင်းကောသည် စားပွဲတွင် တစ်ယောက်တည်း ထိုင်ကာ စာကို အာရုံစိုက် ရေးနေတော့သည်။ အိမ်ရောက်လျှင် ချက်ချင်း စာရေးရန် သူမ စီစဉ်ထားသော်လည်း အနည်းငယ် နောက်ကျသွားခဲ့သည်။

ကျန်းတန်းဟယ် မြို့တော်သို့ ဘေးကင်းစွာ ရောက်ပြီလားဆိုသည်ကို သူမ သိချင်နေမိသည်။

ဤစာကို ပို့ရန် အနည်းငယ် နောက်ကျသွားပြီဖြစ်သည်။ ကျန်းတန်းဟယ် စိတ်မဆိုးဖို့ပဲ သူမ မျှော်လင့်ရသည်။

ရှောင်းကော ပြုံးလျက် တွေးနေမိသည်။ သူ့ထံ စာမပို့ဖြစ်သည်မှာ ကြာပြီဖြစ်သဖြင့် သူ စိတ်ကောက်နေလောက်ပြီ။ ဘာပဲဖြစ်ဖြစ် အိမ်ရောက်လျှင် စာရေးပြီး အကြောင်းကြားမည်ဟု သူမ ကတိပေးခဲ့သည် မဟုတ်ပါလား။

ကျန်းတန်းဟယ်ကို သူမ ကောင်းကောင်း ချော့ရပေဦးမည်။

နောက်ဆုံးစာလုံးကို ရေးပြီးနောက် ရှောင်းကောသည် စုတ်တံကို ချလိုက်ပြီး မင်ခြောက်အောင် မှုတ်လိုက်သည်။ စာရွက်များကို သိမ်းဆည်းရင်း မသိလိုက်ဘဲ စာမျက်နှာ သုံးမျက်နှာအပြည့် ရေးမိသွားမှန်း သူမ သတိထားလိုက်မိသည်။ သို့သော်လည်း သူမအတွက် မလုံလောက်သေးသလို ခံစားရသည်။ သူ့ကို ပြောပြချင်သည့် အကြောင်းအရာများစွာ ကျန်ရှိနေသေးသည်။

ထိုသို့ တွေးမိသည်နှင့် ရှောင်းကော ဆွံ့အသွားသည်။ သူမ သူ့ကို ဤမျှအထိ သတိရနေမိသည်ကိုး။

အချင်းချင်း အကြောင်းအရာများကို မျှဝေခြင်းသည် ချစ်သူနှစ်ဦး ချစ်ခြင်းမေတ္တာ ဖော်ပြရန် အကောင်းဆုံးနည်းလမ်းဟု ဆိုကြသည်။ ရှောင်းကောနှင့် ကျန်းတန်းဟယ်အတွက်လည်း ထိုနည်းအတိုင်းပင်။

ထိုအချိန်တွင် ချင်းအန်းမင်နှင့် ကျွမ်းကျွမ်းတို့၏ အခန်းထဲမှ နိုးလာသံ ကြားလိုက်ရသည်။ ရှောင်းကောသည် စာကို စာအိတ်ထဲသို့ အမြန် ထည့်လိုက်သည်။ မနက်ဖြန် ကျွမ်းကျွမ်းနှင့် ချင်းအန်းမင်တို့ကို ခရိုင်ထဲသို့ ပို့သည့်အခါ စာပို့စခန်းတွင် စာဝင်ပို့မည်ဟု ဆုံးဖြတ်လိုက်သည်။

နောက်တစ်နေ့ နံနက်။

ရှောင်းကောနှင့် ကျန်နှစ်ယောက် ခရိုင်သို့ ထွက်လာခဲ့ကြသည်။ ချင်းအန်းမင်သည် မနက်ခင်း အလုပ်မရှုပ်မီ ဆိုင်သို့ ရောက်ရမည်ဖြစ်ပြီး ကျွမ်းကျွမ်းမှာလည်း မနက်ခင်း အတန်းတက်ရမည် ဖြစ်သည်။

အလုပ်ရှုပ်သော နေ့တစ်နေ့ စတင်ခဲ့ပြီ ဖြစ်သော်လည်း ၎င်းက အခြားသူများအတွက်သာ ဖြစ်သည်။ မြို့နယ်ထဲသို့ တစ်ခေါက် သွားရသည်မှအပ ရှောင်းကောတွင် အခြား အစီအစဉ် မရှိပေ။

"အစ်ကို... ကျွန်မတို့ သွားတော့မယ်နော်။"

"အေး အေး... သွားကြ။ ငါ နောက်နှစ်ရက်နေရင် ပြန်လာခဲ့မယ်။"

"ဟုတ်ကဲ့... သိပါပြီ။"

ရှောင်းကောသည် သူမလက်ထဲက အထုပ်ကို သူ့ထံ ကမ်းပေးလိုက်ပြီး သူ အထဲဝင်သွားသည်ကို ကြည့်ကာမှ ထွက်လာခဲ့သည်။

"မေမေ..."

ဆရာခုံး၏ အိမ်သို့ ရောက်ခါနီးတွင် ကျွမ်းကျွမ်းက သူမ၏ လက်မောင်းကို ရုတ်တရက် လှုပ်ခါလိုက်သည်။

"အင်း... ဘာလို့လဲ?"

ရှောင်းကောက သူ့ကို ထူးဆန်းသလို ကြည့်လိုက်ပြီး အကြောင်းရင်းကို စိတ်ထဲက ခန့်မှန်းနေမိသည်။

"သားလည်း တစ်ရက် နှစ်ရက်နေရင် ပြန်လာမှာ။"

"ဘာလို့ ပြန်လာမှာလဲ?"

"အနားယူဖို့ပေါ့။ မဟုတ်ရင် ဦးလေးက ဘာလို့ ပြန်လာမှာလဲ?"

ကျွမ်းကျွမ်း၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေပုံကို ရှောင်းကော ဘယ်လိုပြောရမှန်း မသိတော့ပေ။ သူမ ရယ်ရခက် ငိုရခက် ဖြစ်သွားကာ "ဦးလေးက အနားယူဖို့ ပြန်လာတာလို့ ဘယ်သူပြောလဲ? ပြီးတော့ သားက ကျောင်းတက်ရဦးမှာလေ။ ငါးရက်နေမှ ပြန်လာရမှာ" ဟု ဆိုလိုက်သည်။

"ဟော... ဒါဆို ဦးလေးက ဘာလို့ ပြန်လာမှာလဲ?"

ကျွမ်းကျွမ်းက ရှောင်းကော၏ မျက်နှာနားသို့ တိုးကပ်ကာ ကလေးသံလေးဖြင့် သနားစရာကောင်းအောင် မေးရှာသည်။

ရှောင်းကောက သူ့မျက်နှာကို မညှာမတာ တွန်းထုတ်လိုက်ပြီး "ဦးလေးက ကောက်ပဲသီးနှံတွေ ရိတ်သိမ်းဖို့ ပြန်လာတာ။ သားကရော အဲဒါတွေ လုပ်မှာလား?" ဟု ပြောလိုက်သည်။

"လုပ်မှာပေါ့... လုပ်မှာပေါ့..."

ကျွမ်းကျွမ်းက ဤအကြောင်းကို လက်လျှော့လိမ့်မည်ဟု ရှောင်းကော ထင်ထားသော်လည်း ရိတ်သိမ်းရမည်ဟု ပြောလိုက်သည့်အခါ သူက ပို၍ စိတ်အားထက်သန်သွားသည်။

"သားလည်း ရိတ်သိမ်းတာ ကူချင်တယ်။ သားက အခု ကလေးကြီး ဖြစ်နေပြီ။ လယ်အလုပ်တွေ ကူလုပ်ပေးနိုင်တယ်" ဟု ကျွမ်းကျွမ်းက ကျောကို ဆန့်ကာ ဆိုသည်။ တကယ်တော့ သူက လူကြီးဖြစ်နေပြီဟု ပြောမလို့ ကြံသော်လည်း လူကြီးဖြစ်ရန် အလှမ်းဝေးသေးမှန်း သိသဖြင့် မပြောရဲပေ။

"ရပါတယ်။ ဦးလေးနဲ့ မေမေနဲ့ဆိုရင် တစ်မနက်တည်းနဲ့ အပြီးလုပ်နိုင်ပါတယ်"

"မေမေနဲ့ ဦးလေးကို မပင်ပန်းစေချင်ဘူး..."

ကျွမ်းကျွမ်း၏ လေသံကြောင့် ရှောင်းကောမှာ ကြက်သီးပင် ထသွားသည်။

ရှောင်းကောသည် ကျွမ်းကျွမ်းကို သံသယဖြင့် ကြည့်လိုက်ပြီး "သူ ဘာလို့ ရှောက်ယိ လိုမျိုး ပြုမူနေရတာလဲ?" ဟု တွေးနေမိသည်။

"မေမေ..."

"..."

ရှောင်းကော ကျွမ်းကျွမ်းကို ဇဝေဇဝါ ကြည့်လိုက်သည်။ ခဏကြာမှ သူမက "ကျွမ်းကျွမ်း... သားက ချစ်စရာကောင်းအောင် လုပ်ချင်ရင် အရင်ဆုံး ပြုံးပြရတယ်လေ" ဟု ဆိုလိုက်သည်။

ကျွမ်းကျွမ်း၏ တည်ကြည်နေသော မျက်နှာလေးမှာ ချက်ချင်းပင် ပျက်သွားတော့သည်။ ဟုတ်သားပဲ... ရှောက်ယိ ပြောခဲ့တဲ့ အပြုံးအကြောင်းကို သူ ဘယ်လိုများ မေ့သွားရတာလဲ။

စကားပြောနေရင်း ဆရာခုံး၏ အိမ်သို့ ရောက်လာကြသည်။ ရှောင်းကော မြည်းလှည်းကို ရပ်လိုက်ပြီး တစ်ဖက်က အိတ်ကိုသယ်ကာ နောက်တစ်ဖက်ဖြင့် သူ့ကို လှည်းပေါ်မှ ဆင်းရန် ကူညီပေးလိုက်သည်။

"ကျွမ်းကျွမ်း... စာကို ကြိုးစားသင်နော်။ မေမေ ငါးရက်နေရင် လာကြိုမယ်။"

"ဟုတ်ကဲ့!"

ရှောင်းကောက ခေါင်းငြိမ့်ကာ "လိမ္မာတယ်" ဟု ပြုံး၍ ချီးကျူးလိုက်သည်။

သူ့အတွက် အခုအချိန်မှာ အရေးကြီးဆုံးက စာသင်ဖို့ဖြစ်ကြောင်း ကျွမ်းကျွမ်း နားလည်ပါသည်။ သူ လိမ်လိမ်မာမာနှင့် စာကို အာရုံစိုက်သင်ခြင်းက မေမေ့ပခုံးပေါ်က ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးနိုင်မည့် အကောင်းဆုံးနည်းလမ်း ဖြစ်သည်။

လယ်အလုပ် ကူလုပ်ဖို့ကတော့ နောက်တစ်နှစ်လောက် စောင့်တာ ပိုကောင်းပါလိမ့်မည်။ ထိုအခါကျလျှင် သူ အရပ်ရှည်ပြီး သန်မာလာမည်ဖြစ်ကာ မေမေ့ကို ကောင်းကောင်း ကူညီနိုင်ပေလိမ့်မည်။

သူ့ကို အပ်နှံပြီးနောက် ရှောင်းကော နှုတ်ဆက်ကာ ထွက်လာခဲ့သည်။ သူမသည် စာပို့စခန်းသို့ အပြေးအလွှား သွားပြီး စာကို အချိန်မီ ပို့နိုင်ခဲ့သည်။ စာပို့သမားက စာကို သိမ်းဆည်းလိုက်သည်ကို မြင်မှ သူမ စိတ်အေးသွားတော့သည်။

စာပို့ပြီးပြီဆိုမှတော့ ရောက်မည့်အချိန်ကို စောင့်ရုံသာ ရှိတော့သည်။ သူ့ထံသို့ အလွန်နောက်ကျပြီးမှ မရောက်ဖို့ဘဲ သူမ ဆုတောင်းရသည်။ ကျန်းတန်းဟယ်လည်း စိတ်အေးအေးထားပြီး စိုးရိမ်မနေဖို့ မျှော်လင့်ရသည်။ သူမ စာရေးရန် တမင်မေ့နေခြင်း မဟုတ်ဘဲ နည်းနည်းလေး နောက်ကျမှ သတိရသွားခြင်းသာ ဖြစ်သည်။

အိမ်ပြန်ရောက်သောအခါ အမျိုးသမီးယန်မှာ တံခါးဝတွင် တစ်ယောက်တည်း ထိုင်ကာ သက်ပြင်းချနေသည်ကို တွေ့လိုက်ရသည်။ သူမသည် သစ်တော်သီးချဉ်လေးတစ်လုံးကို ကိုင်ထားပြီး သူမခြေရင်းတွင် အသီးအနှစ်ဖတ်တစ်ခု ရှိနေသည်။

အမျိုးသမီးယန်သည် မျက်စိမှိတ်ထားလျှင်ပင် ရှောင်းကော၏ မြည်းခွာသံကို ခွဲခြားနိုင်သည်။ ရှောင်းကော လှည်းမရပ်မီမှာပင် ယန်အမျိုးသမီးက တင်ပါးကို ပုတ်ကာ စိတ်လှုပ်ရှားစွာ ထရပ်လိုက်သည်။

"ရှောင်းကော... ပြန်လာပြီလား..."

"ဟုတ်ကဲ့... အစ်မကြီး ကျွန်မကို စောင့်နေတာလား?"

တကယ်တော့ ရှောင်းကောအတွက် မေးရန်ပင် မလိုပေ။ မကြာသေးမီက ယန်အမျိုးသမီးမှာ နေ့တိုင်း ရောက်လာနေသည် မဟုတ်ပါလား။

"ဟဲဟဲ... စောင့်နေတာပေါ့!"

အမျိုးသမီးယန်က သူမနောက်သို့ လိုက်ဝင်လာရင်း "စောစောက နင့်အိမ်ရှေ့မှာ မြင်းလှည်းနှစ်စီး ရပ်ပြီး နင့်ကို လာရှာသွားသေးတယ်" ဟု ပြောသည်။

"ဘယ်တုန်းကလဲ?"

"စောစောလေးတင်ပဲ။"

"အဲဒီအချိန်က ငါ နင့်အိမ်ရှေ့မှာ စောင့်နေတုန်း မြင်းလှည်းနှစ်စီး ရောက်လာတာ။ ကြည့်ရတာ အရမ်း တန်ဖိုးကြီးမယ့်ပုံပဲ။ လှည်းပေါ်က ဆင်းလာတဲ့ လူကလည်း အရမ်းကို ချောတာပဲ၊ နင့်ရဲ့ ကျန်းတန်းဟယ်လိုမျိုးပဲ။ ဒါပေမဲ့ သူက ကျန်းတန်းဟယ်ထက် ပိုပြီး နုနယ်ပျော့ပျောင်းတဲ့ပုံစံရှိပြီး ထူးခြားတဲ့ ဆွဲဆောင်မှုရှိတယ်။"

အမျိုးသမီးယန်သည် ထိုလူကို ဖော်ပြရန် စကားလုံး ရှာမရဘဲ စဉ်းစားနေသည်။ ရုတ်တရက် အတွေးတစ်ခု ရသွားပြီး လက်ခုပ်တီးကာ "ဒါနဲ့... ယဉ်ကျေးသိမ်မွေ့ပြီး လူကြီးလူကောင်းဆန်တယ်ဆိုတဲ့ စကားလုံးက သူ့အတွက် အသင့်တော်ဆုံးပဲ။ ဝတ်ရုံဖြူကြီး ဝတ်ထားပြီး လက်ထဲမှာ ယပ်တောင်လေးတစ်ချောင်း ခတ်နေတာ... အရမ်းကို ကြည့်ကောင်းတာပဲ..."

"အစ်မကြီးက အကဲခတ် တော်သားပဲ။"

ရှောင်းကောက အမျိုးသမီးယန်ကို ပြုံး၍ စနောက်လိုက်သည်။ စကားငါးခွန်းပြောလျှင် လေးခွန်းက သူ၏ ရုပ်ရည်ကို ချီးကျူးနေခြင်း ဖြစ်သည်။ အကြာကြီး နားထောင်ပြီးမှ သူမကို လာရှာသူမှာ ချောမောသော အမျိုးသားတစ်ဦး ဖြစ်ကြောင်း သူမ သိလိုက်ရသည်။

"ဟေး... ဘယ်သူပြောလဲ? သူတို့ထဲက တစ်ယောက်နာမည်က ကျားပေါင်လို့ ခေါ်တာလည်း ငါ သိသေးတယ်" ဟု ယန်အမျိုးသမီးက မကျေမနပ်ဖြစ်ကာ သူမသိသော နောက်ဆုံးသဲလွန်စကို ပြောလိုက်သည်။

"ကျားပေါင်?!"

ရှောင်းကော ထိုနာမည်ကို ကြားသည်နှင့် မည်သူလာသည်ကို သိလိုက်သည်။

ဟုတ်ပါသည်။ သူက ကျောက်စိမ်းကဲ့သို့ ယဉ်ကျေးသိမ်မွေ့သူ ဖြစ်သည်။ ပညာတတ်ပုံစံ ပေါက်သော်လည်း အတွင်းစိတ်ကတော့ အလွန် လည်သူ ဖြစ်သည်။ ဆိုင်ရှင်စုမှလွဲ၍ ဤဖော်ပြချက်နှင့် ကိုက်ညီသူ မရှိပေ။

"သူတို့ ဒီမှာရှိတုန်းက ဘာပြောသွားသေးလဲ?"

ရှောင်းကော၏ အထင်သေးခြင်းကို မခံရစေရန် ယန်အမျိုးသမီးက ကတိပြုထားသဖြင့် ထိုလူ၏ ရုပ်ရည်ကို မေ့ထားကာ စောစောက အဖြစ်အပျက်ကို အသေအချာ ပြန်စဉ်းစားလိုက်သည်။

"အင်း... တခြားတော့ ဘာမှ မပြောပါဘူး။ နင် ဘယ်တော့ ပြန်လာမလဲပဲ မေးတာ။ ငါကလည်း ပြောရခက်တယ်လို့ ပြောလိုက်တယ်။ သူတို့က မနက်ဖြန် ပြန်လာခဲ့မယ်လို့ ပြောပြီး ထွက်သွားကြတာပဲ။"

ရှောင်းကော ခေါင်းငြိမ့်လိုက်သည်။ သူမသည် စုချန်ရှန်းကို အတော်လေး အံ့သြမိသည်။ ဤနွားမကြီး ကိုယ်ဝန်ရရုံရှိသေး၊ သူက အချိန်ကိုက် ရောက်လာခဲ့သည် မဟုတ်ပါလား။

ဤခေတ်တွင် လျှို့ဝှက်ကင်မရာများ မရှိသည်က ကံကောင်းသည်။ မဟုတ်လျှင် တစ်ဖက်လူက သူမ၏ နွားတင်းကုပ်ထဲမှာ ကင်မရာ တပ်ထားလားဟုပင် သူမ ထင်မိပေလိမ့်မည်။ မဟုတ်လျှင် သူ ဘယ်လိုလုပ် အချိန်ကိုက် ရောက်လာနိုင်ပါမည်နည်း။

မသမာသော ကုန်သည်သည် တကယ့်ကို မသမာသော ကုန်သည်ပင်။ သူသည် ပိုက်ဆံရမည့် မည်သည့် အခွင့်အရေးကိုမှ လက်လွှတ်မခံပေ။

ရှောင်းကောသည် ဤလူကို တကယ်ပင် အထင်ကြီးမိသည်။

"သူ ဘာလို့ ချမ်းသာတာလဲ၊ ဘာလို့ ဒီလောက် ကြွယ်ဝတာလဲ၊ ဘာလို့ ဒီလောက် အောင်မြင်တာလဲဆိုတာ မဆန်းတော့ဘူး။"

အရာအားလုံးတွင် အကြောင်းရင်း ရှိစမြဲပင်။

"နင် အဲဒီ ချောတဲ့လူကို ဘယ်လို သိတာလဲ?"

"သိပါတယ်။ ဒါပေမဲ့ သိပ်တော့ မရင်းနှီးဘူး။"

ရှောင်းကောသည် သူနှင့် စီးပွားရေးလုပ်ရန် တကယ်ပင် စိုးရိမ်မိသည်။ သူမက သူကဲ့သို့ မတော်ပေ။ သူမတွင် အကြံဉာဏ်အချို့ ရှိသော်လည်း သူက အလေးအနက်ထားမည် မဟုတ်သည်မှာ သေချာလှသည်။

All Chapters